Friday, December 10, 2021

ချစ်ကြသည် ဆိုရာဝယ်


 ❝  ချစ်ကြသည် ဆိုရာဝယ်  ❞ 


ကိုအဏ္ဏဝါ ၏ ဆွေမျိုးသားချင်းထဲက သင်္ဘောသားတစ်ယောက် နိုင်ငံခြားမှာ နေမကောင်း ဖြစ်၍ မြန်မာနိုင်ငံ ကို ပြန်ရောက်လာသည် ။ ရောက်လျှင် ရောက်ချင်းပင် ပုဂ္ဂလိက ဆေးရုံတစ်ရုံ ကို တင်လိုက်ရသည် ။ ရောဂါလက္ခဏာ က မောသည် ၊ အသက်ရှူ ကျပ်သည် ဟု ဆိုသည် ။ အသားတွေ ဝါပြီး ခြေဖဝါး၊ လက်ဖဝါးတွေ ဖြူနေသည် ။


ပုဂ္ဂလိက ဆေးရုံကြီး က သမားတော်ကြီးတွေက ဂရုတစိုက် ကုသပေးကြသည် ။ နောက်ဆုံးပေါ် ခေတ်မီစမ်းသပ် ကိရိယာတွေကို အသုံးပြုပြီး ရောဂါရှာဖွေ ကြသည် ။ တန်ဖိုးအများ ဆုံးနှင့် အကောင်းဆုံးဆေးဝါးတွေ ကို တိုက်ကျွေး၍ နေ့ညမပြတ် စောင့်ကြပ် ကုသပေးနေကြသည် ။ လူနာရှင် ကလည်း ရောဂါပျောက်ကင်းမည် ဆိုလျှင် ကုန်ချင်သလောက် ကုန်ပါစေ ဆိုပြီး လိုလေသေး မရှိအောင် အကုန်အကျ ခံ၍ ပံ့ပိုးပေးနေသည် ။ သွေးတစ်ပုလင်း ကို ခြောက်ထောင်၊ ဆေးတစ်ပုလင်း ကို တစ်သောင်း နှစ်ထောင် အကုန်ခံ၍ ထိုးသွင်းနေ သည် ။ ဆေးရုံပေါ်မှာ တစ်လ၊ ရက်နှစ်ဆယ် သာ ကြာသွားသည် ဘာ ရောဂါဆိုတာ ကို အဖြေရှာ မရနိုင်သေး၍ ဆက်လက် စမ်းသပ်နေရသည် ။


ပုဂ္ဂလိက ဆေးရုံကြီး တွင် ကုန်ကျစရိတ် အတော်များ သည် ။ အခန်းခ က တစ်နေ့ ကို နှစ်ထောင့်ငါးရာကျပ်။ အနီးကပ်ပြီး နေ့ညမပြတ် ပြုစုမည့် သူနာပြု ဆရာမ ငှားခက နေ့ တစ်ထောင်၊ ည တစ်ထောင်။ အထူးကု ဆရာဝန်ကြီး တွေ နေ့စဉ်လာရောက် စစ်ဆေးလျှင် စာအိတ်ကလေးထဲမှာ အရွက်ကြီး တစ်ရွက် ထည့်ပြီး သူနာပြု ဆရာမလေးက တစ်ဆင့် ကန်တော့ရတာက တစ်ထောင် ဆိုတော့ နေ့စဉ် ပုံမှန် ကုန်ကျ စရိတ်က ငါးထောင့်ငါးရာကျပ် ရှိသည် ။ လူနာအတွက် နေ့စဉ်လိုအပ်သည့် ဆေးဝါး နှင့် အစားအစာ အပြင် လူနာ ကို လာရောက်ကြည့်ရှုကြသည့် မိသားစုတွေ လာစရိတ် ပြန်စရိတ်နှင့် စားသောက်စရိတ်ပါ ဆိုလျှင် တစ်နေ့ ကို သောင်းဂဏန်း အထက်မှာ ချည်း ကုန်ကျနေသည် ။


လူနာသင်္ဘောသား သည် ကိုအဏ္ဏဝါ နှင့် ညီအစ်ကို တော်စပ်သူ ဖြစ်၍ လူနာ ၏ ဇနီး သည် ကိုအဏ္ဏဝါ ခယ်မ တော်စပ်သည် ။ ကိုအဏ္ဏဝါ့ ခယ်မ သည် သူ့ လင် ကို အလွန်ချစ်သည် ။ လင် ကို ချစ်လွန်း၍ လင် ၏ အသက်ကို ငွေ နဲ့ စက်ပြီး လုယူနေခြင်း ဖြစ်သည် ။ သူ့ မှာ ရှိသမျှ စီးပွား ကုန်ချင် ကုန်သွားပါစေ၊ သူ့ လင် အသက်ရှင် နေလျှင် ကျေနပ်ပြီ ဆိုပြီး ငွေတွေပုံအော ကုသနေခြင်း ဖြစ်သည် ။ သွေး တစ်ပုလင်းကို ခြောက်ထောင်ကျပ် ဖြင့် သွေးပုလင်းပေါင်း လေးဆယ်ကျော် သွင်းရသည် ။ ဆေးတစ်ပုလင်း ကို တစ်သောင်း နှစ်ထောင်နှန်းဖြင့် ဆေးပုလင်းပေါင်း တစ်ဆယ်ကျော် သွင်းရသည် ။ နှစ်လကျော် အတွင်းမှာ အထွေထွေ ကုန်ကျစရိတ် သိန်းနှစ်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ဘာ ရောဂါဆိုတာကို တိကျသည့် အဖြေရှာ မတွေ့သေး ဖြစ်နေသည် ။ သွေးအား နည်းနည်းလာ၍ သွင်းလိုက်သည့် သွေးတွေ ခန္ဓာကိုယ် အတွင်း မှာ ပျောက်ပျောက် သွားသဖြင့် သွေးကင်ဆာ လား ဆိုတော့လည်း မဟုတ်ဟု ဆိုသည် ။


သွေးကင်ဆာ မဟုတ် ဆိုသည့် အတွက် ကိုအဏ္ဏဝါ ၏ ခယ်မ အရမ်း ဝမ်းသာ သွားသည် ။ သူ့ ယောက်ျား မသေနိုင်တော့ဘူးဆိုသည့် အတွေးဖြင့် ပျော်နေသည် ။ ပိုက်ဆံတွေ ပုံအောပြီး လိုလေသေးမရှိ ပြုစုကုသသည် ။ လူနာကလည်း စိတ်ဓာတ် တက်ကြွပြီး ဝ၀ဖြိုးဖြိုး စိုစိုပြည်ပြည် ပြန်ဖြစ်လာသည် ။ မကြာမီ ဆေးရုံက ဆင်းရတော့မည် ဖြစ်၍ နိုင်ငံခြား က သင်္ဘောကုမ္ပဏီ ကို အကြောင်းကြားပေးပါ ဟု ကိုအဏ္ဏဝါ ကို မေတ္တာရပ်ခံသည် ။


ကိုအဏ္ဏဝါ မှာ ကိုယ့်စရိတ် နဲ့ ကိုယ် နိုင်ငံခြား ကို တယ်လီဖုန်း ခေါ်ပြီး လူမမာ အလုပ် လုပ်ခဲ့သည့် သင်္ဘောကုမ္ပဏီ က မန်နေဂျာ ကို စကားပြောရ သည် ။ သင်္ဘောသား ကျန်းမာလာပြီဖြစ်၍ မကြာမီ သင်္ဘော ပြန်လိုက်နိုင်တော့မည် ဖြစ်ကြောင်း၊ ဦးစားပေး၍ အလုပ်ပြန် ခန့်ထားပေးပါရန် မေတ္တာရပ်ခံ တောင်းပန်ပါကြောင်း ပြောရသည် ။


ဆေးကုသခံယူ၍ ကုန်သွားသော ပိုက်ဆံ တွေကို အမြန်ဆုံး ပြန်ရအောင် လင်တော်မောင် ကို အမြန်ဆုံး သင်္ဘော ပြန်လိုက်ခိုင်းဖို့ အတွက် ကိုအဏ္ဏဝါ ၏ ခယ်မ ဆန္ဒတွေ ပြင်းပြနေသည် ။ လင် ကို တအား ပြုစုယုယသည် ။ ချစ်ဟန်တွေ တအားပြသည် ။ ငှားထားသည့် သူနာပြု ဆရာမလေးတောင် အားကျလာ၍ လင် ယူချင်စိတ် ပေါက်လာသည် ဟု ထင်ရသည် ။


ဆေးရုံပေါ်မှာ ရက်တွေ ကြာလာတော့ သူနာပြု ဆရာမလေးကလည်း သူ့ လူနာကိုရော ၊ လူနာ၏ ဇနီးကိုပါ သံယောဇဉ်တွယ်နေပြီဖြစ်သည် ။ အကျွေးအမွေး အပေးအကမ်း ရက်ရောသည့် သင်္ဘောသား လူနာလင်မယား ကို ဆရာမလေး က အစ်ကိုလို တစ်မျိုး၊ အစ်မလို တစ်ဖုံ ချစ်ခင်နေမိခြင်း ဖြစ်သည် ။ အပျိုလေးတန်မဲ့ မရှက်မကြောက် ၊ မရွံမရှာ လှန်လှော်၍ ဆေးကြော ပွတ်သပ်၊ ကိုင်တွယ်ပြုစုယုယ တတ်သော ဆရာမလေး ကို လူနာကရော လူနာ့ ဇနီး ကပါ ညီမလေးအရင်း လို ချစ်ခင် နေကြတာကတော့ မဆန်းပါဟု ပြောရမလို ဖြစ်နေသည် ။


လူနာတွေကို နေ့စဉ်အလှည့်ကျ လှည့်လည် စစ်ဆေးကြသည့် ဆရာကြီး ၊ ဆရာမကြီးတွေကလည်း လက်ဆောင် ပစ္စည်းတွေ တထောကြီးဖြင့် ရက်ရက်ရောရော ကန်တော့တတ်သည့် သင်္ဘောသား လူနာ နှင့် လူနာ၏ ဇနီးကို တအား ချစ်ကြပါသည် ။ လူနာ နှင့် လူနာ၏ ဇနီးကလည်း အားပေးစကား အပြောကောင်းသည့် ဆရာကြီးတွေ နှင့် ဆရာမကြီးတွေ ကို အရမ်းရမ်းကို ချစ်ခင်လေးစားနေလေသည် ။


ဆေးရုံ ပေါ် မှာ နှစ်လ ကျော် သုံးလ နီးပါး ကြာပြီး ပိုက်ဆံ သိန်း နှစ်ဆယ် ကျော်ကျော် သိန်းသုံးဆယ် နီးပါး ကုန်သွားသောအခါ လူနာ၏ အခြေအနေ ကောင်းမွန် သက်သာလာသည် ။ မိသားစုတိုင်ပင်ဆုံးဖြတ်ပြီး ဆေးရုံမှ ပြန်ဆင်းခဲ့ကြသည် ။ သားလေး နှစ်ယောက် နှင့် သမီးလေး ကို ရှင်ပြုနားသ မင်္ဂလာအလှူ လုပ်သည် ။ အလှူ ပြီး၍ ရှင်တွေ လူ မထွက်ရသေးခင်မှာ ပင် အမော ပြန်ဖောက် လာသည် ။ သွေးတိုင်းကြည့် သောအခါ သွေးအားအလွန် နည်းနေတာ တွေ့ရပြန်သည် ။ အခြေအနေ မဟန်၍ ဆေးရုံ ကိုပင် ပြန် တင်လိုက်ရသည် ဆေးရုံပေါ်မှာ ပင် အစာ မဝင်၊ ရေ မဝင်ဖြစ်လာသည် ။ ဆရာဝန်ကြီးတွေ နှင့် သူနာပြု ဆရာမလေးတို့ ကတော့ အားပေးစကား ပြောကြားကြပါသည်။ သို့သော် တစ်နေ့တခြား အခြေအနေ ဆိုးလာ၍ ဆေးရုံမှ ပြန်ဆင်းခဲ့ရတော့သည် ။ အိမ်ရောက်ပြီး လေးငါးရက်လောက် အကြာမှာ ကိုအဏ္ဏဝါ ၏ ညီ သင်္ဘောသား ကွယ်လွန်သွားလေသည် ။


အသုဘ သဂြိုဟ်သည့် နေ့ ညနေမှာ သူနာပြုဆရာမလေး ပျာယီးပျာယာ ရောက်လာသည်။ သတင်းစာမှာ ပါသည့် နာရေးကြော်ငြာ ကို အခုမှ ဖတ်မိ၍ ချက်ချင်း ထလာခဲ့ကြောင်း၊ အသုဘ လိုက်မပို့လိုက်ရ၍ စိတ်မကောင်း ဖြစ်မိကြောင်း ပြောပြီး မျက်ရည်သုတ်သည် ။


“ ညီမလေး အစ်ကို ရဲ့ အသက် ကို မမ ငွေ နဲ့ စက်ပြီး လုခဲ့တာ၊ ကုခဲ့တာ သိန်းနှစ်ဆယ် ကျော်ပါတယ် ညီမလေးရယ်။ နောက်ဆုံးတော့ ဖွတ် မရ ဓားမ ဆုံးတဲ့ အဖြစ်ပါပဲကွယ်၊ ဟယ် ... ဟယ် ... အယ် ...။ ဘာ ရောဂါ ဆိုတာကိုတောင် သူ သိမသွားရှာတာကို မမ ရင် အနာဆုံးပဲကွဲ့၊ ဟဲ.. ဟဲ... ဟီး... အီး ”


သူနာပြု ဆရာမလေး သည် တစ်စုံတစ်ခုကို ပြောသင့်မပြောသင့် ချင့်ချိန်ရင်း ချီတုံချတုံ ဖြစ်နေပုံရသည် ။ လူနာလည်း သေသွားပြီမို့ မထူးတော့ဘူးဆိုပြီး ဖွင့်ပြော လိုက်သည် ။


“ ဆရာဝန်ကြီးတွေရော ကျွန်မတို့ ပါ အစ်ကို ရဲ့ ရောဂါ ကို သိနေကြတယ် မမ ရဲ့ ။ အစ်ကို့ ကိုရော မမ ကိုပါ ချစ်လို့ ၊ သနားလို့ ဖွင့် မပြောရက်တာနဲ့ မပြောဘဲ နေခဲ့ကြတာ ”


“ ဟင် ... ဘာ ... ဘာ ... ရောဂါတဲ့ လဲ ”


“ သွေးကင်ဆာ ... အစ်မ ရဲ့ ”


ကိုအဏ္ဏဝါ ၏ ခယ်မ သည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး ထိုင်နေသည့် သူနာပြု ဆရာမလေး ၏ မျက်နှာကို စားတော့ဝါးတော့မတတ် စူးစိုက်ကြည့်လိုက်သည် ။


“ ဪ .. ဟော... လက်စသတ်တော့ ညည်းတို့ က ငါ့ ယောက်ျား သေမယ် ဆိုတာကို သိလျက်သား နဲ့ အချိန် ဆွဲပြီး အမှည့်ခြွေ ခြွေနေခဲ့ကြတာကိုး ။ ငါ့ ယောက်ျား မလွဲမသွေ သေမယ် ဆိုတာကို ငါ ကြိုတင်သိရင် တစ်ပြားမှ အကုန်မခံ တော့ဘူးပေါ့ ။ သူ မသေနိုင်ဘူး ထင်လို့ အကုန်အကျ ခံခဲ့တာ ။ ကျန်းမာလာရင် သင်္ဘော ပြန်လိုက်ခိုင်းလို့ ရတယ် ဆိုပြီး အကုန်အကျ ခံခဲ့တာပေါ့ ။ အခုတော့ ဖွဲပုံပေါ်မှာ ဆီး သွားသလို တစ်ပြားမှ မကျန်တော့ဘူး ။ ဒီ အသက် အရွယ်ကျမှ သင်္ဘောသား နောက် တစ်ယောက် ရဖို့ ဆိုတာလည်း မလွယ်တော့ဘူး ။ ဘာ လုပ်ကိုင် စားရမှန်းလည်း မသိတော့ဘူး ။ အဲဒါ ညည်းတို့ အပြစ် ။ ငါ့ ကို ချစ်သလေး သနားသလေး နဲ့ ပြောပြီး ငါ့ ကို မွဲပြာကျအောင် လုပ်ခဲ့ကြတာ ညည်းတို့ တွေပဲ ။ ညည်းတို့ တရားခံပဲ ဟင်း ... ဟင်း ... ဟီး .. "


ကိုအဏ္ဏဝါ ၏ ခယ်မ က မျက်လုံးကြီးပြူးပြီး ဒေါသတကြီး အော်ဟစ်ကြိမ်း မောင်းနေ၍ သူနာပြုဆရာမလေး ကြောက်လန့်ပြီး ထွက်ပြေးသွား လေတော့သည် ။


◾ အဏ္ဏဝါစိုးမိုး


📖 ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း

      အမှတ် ၁၄၂

      စက်တင်ဘာလ၊ ၂၀၀၁ ခုနှစ်


 koaungnaingoo.blogspot.com


.

No comments:

Post a Comment