❝ လွှမ်းမိုး ❞
၁၉၈၀ ၊ ဆောင်းတစ်ည ။
“ မရှယ်လီ ၊ မရှယ်လီ "
“ မရှယ်လီ ၊ မရှယ်လီ "
ခြံထိပ်ဆီမှ ငယ်သံပါအောင် အော်ခေါ်နေကြသော အသံများကြောင့် အိပ်မှုန်စုံမွှားဖြင့် ကျွန်တော်တို့လင်မယား အိမ်ယာမှ ထလိုက်ကြရသည် ။ ကျွန်တော့်ခြံမှာ လှိုင်မြို့နယ် ၊ ၅၈ - လမ်းမှ မီတာ ၁၀၀ ခန့်ရှည်သော ကိုယ်ပိုင်လမ်းဖြင့် ဝင်ရသည့် ခြံဖြစ်သောကြောင့် ညဘက်ခြံထိပ်ဂိတ်တံခါး ပိတ်ထားလျှင် ဝင်ရန်မလွယ်တော့ပါ ။အသံကုန် အော်နိုင်မှသာ ခြံထဲက ကျွန်တော်တို့ကြားနိုင်ရုံမျှသာရှိပါသည် ။ထို့ကြောင့် ညဘက်တွင် ကျွန်တော်တို့အိမ်သို့ ဧည့်သည်များ လာလေ့မရှိပါ ။
မိတ်ဆွေ အပေါင်းအသင်း ကဗျာဆရာ ၊ စာရေးဆရာများကတော့ ခြံတံခါးပေါ် ကျော်တက်ပြီး သံဆူးကြိုးကို ဖြဲပြီး ဝင်တတ်ကြပါသည် ။ သို့သော် ခြစ်ရာ ရှရာ ဒဏ်ရာဗရပွနှင့် မောင်မင်းကြီးသားများကို ဆေးထည့်ပေးရခြင်း ၊ “မဝသေးဘူး ၊ မဝသေးဘူး ” ဟု ဂျီကျနေသော သကောင့်သားများအတွက် အရက်နှင့်ထမင်း စီစဉ်ပေးရခြင်းတည်းဟူသော ဒုက္ခတို့ကို ကျွန်တော့်ဇနီးက ဒိုင်ခံဖြေရှင်း ပေးရှာပါသည် ။
ယခုဘယ်သူတွေနည်း ၊ သေချာသည် ။ ဇနီးသည်၏ ဧည့်သည်များသာ ဖြစ်ပါလိမ့်မည် ။
သို့ဖြင့် လင်မယားနှစ်ယောက် ခြံထိပ်အထိ လျှောက်ခဲ့ရသည် ။ တံခါးတွင် The Professionals တီးဝိုင်းခေါင်းဆောင် ကိုဇာနည်စံထွန်းနှင့် လူငယ်တစ်ဦး ။ မော်လမြိုင်စတိတ်ရိုးတစ်ခုသို့ သူတို့၏ Professionals တီးဝိုင်းနှင့် အင်္ဂလိပ် သီချင်းများ လိုက်ပါသီ ဆို ပေးရန် ကျွန်တော့် ဇနီးအား လာရောက်ခေါ်ကြခြင်း ဖြစ်ပါသည် ။ နောက်နေ့ နံနက် မော်လမြိုင်သို့ သွားရမည် ဖြစ်သောကြောင့်ညဉ့်နက်သန်းခေါင်ကြီးမှာ အရေးပေါ် ရောက်လာခြင်းဖြစ်သည် ။
ဇာနည်စံထွန်း မိတ်ဆက်ပေးသဖြင့် သူနှင့်အတူပါလာသော လူငယ်ကို “ လွှမ်းမိုး ” ဟု သိလိုက် ရသည် ။ ထိုစဉ်က သူကလည်း အဆိုတော်ဖြစ်ခါစ သိပ်မကျော်ကြား မအောင်မြင်သေး ။ သို့ သော် သူ၏သီချင်းတစ်ပုဒ်ကို မူ ကျွန်တော်ကြားဖူး ၊ နှစ်သက်ဖူးနေပါပြီ ။
“ အို ... ဗုဒ္ဓဘုရား ... ဟောလေသည်မှာ ... လူတိုင်းဟာ ... အရူး ...
◾◾◾◾◾
သည့်နောက်ပိုင်းတွင်တော့ သူနှင့်ကျွန်တော်တို့ မိသားစုမှာ ထဲထဲဝင်ဝင် ရင်းနှီးချစ်ခင်ဖြစ်ကြတော့သည် ။
တီးဝိုင်းအလုပ်များ အားလပ်သည့်ရက် များတွင်ကျွန်တော်တို့ခြံထဲသို့တစ်နေ့လုံးလာပြီး သစ်ပင်ကြီးတွေအောက် မှာ ဖျာတစ်ချပ်ခင်းလျက် ဂစ်တာတစ်လုံးနှင့် သီချင်းရေးေနတတ်သည် ။ သူ့ဘေးတွင် ကျွန်တော့် သားသမီးလေးများ ၊ တူ - တူမငယ်လေးများ ဝိုင်းဝိုင်းလည်လျက် ။ ကလေးများ၏ တစ်ယောက်တစ်ပေါက် တောင်းဆိုမှုများကို အလိုလိုက်ပြီး ၊ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြရှာသည် ။ ကလေးတွေကလည်း သူ့ကို ကျွန်တော်တို့ခေါ်သည့်နာမည်ရင်းအတိုင်း “ ဦးစိုးစိုး ၊ ဦးစိုးစိုး ” ဖြစ်နေကြပါပြီ ။
ကျွန်တော့် ဇနီး က အားနာစွာဖြင့် ဝင်ဟန့်သည် ။
“ ဟဲ့ ၊ ဟိုမှာ သီချင်းရေးနေတာ ၊ မနှောင့်ယှက်ကြနဲ့ ၊ သွားကြစမ်း ၊ဝေးဝေးသွားနေကြစမ်း ”
“ မ... မလုပ်ပါနဲ့ ။ မ... မ , မရှယ်လီရာ ၊ ကိတ် ကိစ္စမရှိပါဘူး ”
စိတ်လှုပ်ရှားလာလျှင် စကားထစ်တတ်သော သူ့ ကြောင့် ကျွန်တော်တို့ မကြာခဏ ရယ်ကြရသည် ။ ကျွန်တော့်ဇနီး က မေးလေ့ရှိသည် ။
“ ဟဲ့... စိုးစိုးရဲ့ ၊ သီချင်းဆိုတဲ့အခါကျတော့ နင် က ဘာကြောင့် မထစ် တာလဲ "
“ ဟာဗျာ... အစ်မ... ရှယ်... ရှယ်လီကလည်း "
ထပ်ရယ်ကြရပြန်သည် ။
လွမ်းတယ် စိုးစိုး ရေ ...
◾◾◾◾◾
လွှမ်းမိုး သည် ကလေးများကို ချစ်တတ်သလို မိန်းမများ ကိုလည်း အလွန် ချစ်တတ်ပါ၏ ။ သူ့တွင် အချစ်တွေ ဘယ်တော့မှ ကုန်ခန်းဟန်မတူ ။ ရည်းစား အလွန်များသော သူ့ကို ကျွန်တော့်ဇနီး က တစ်ခါ မေးဖူးသည် ။
“ စိုးစိုးရယ် ။ တစ်ခါတလေ နင့် ရည်းစားတွေကို လူမှားပြီး မခေါ်မိဘူးလား ”
“ မမှားဘူး အစ်မ ၊ သူတို့ အားလုံးကို “ အချစ် ” လို့ပဲ ခေါ် တယ် ”
“ နင့် ကိုယ် နင် ကျတော့ရော ”
“ ကိုကို ”
“ ခွေးကောင်လေး ”
ကျွန်တော့် ဇနီးခမျာ ထိုမျှသာ ထောပနာပြုနိုင်ရှာတော့သည် ။ သူကတော့ မချိုမချဉ် ပြုံးလျက် ။ ပိုင်ပါပေ့ကွယ် ။ အားကျလိုက်တာ ။
ရည်းစား တစ်ယောက် ရတိုင်း သီချင်းတစ်ပုဒ်ရေးသည် ။
“ မနှင်းဆီ ... မနှင်းဆီရေ ... ”
“ နီနီ ... ညိုညို ခေါ်တယ် ... ကောင်မလေး ... နှစ်ယောက်ရှိတယ် .. ကျွန်တော်သီဆိုပါတယ် .. ဂီတပွဲတစ်ခုမှာတွေ့တယ် ... ”
“ ဘာကြောင့်လဲဟယ် ... မအေးရယ် ... ချစ်လို့ပါကွယ် ... ”
“ သိပ်ချစ်ရတဲ့ .... ပင်န်စီရယ် ... စိတ်ညစ်ရတဲ့ ပင်န်စီရယ် ... အိပ်ပျက်ရတဲ့ ပင်န်စီရယ် .. ကွယ် ... "
ဟုတ်နေတာပါပဲလား ။ သည်တော့လည်း ၁၉၆၅ ခုနှစ်က မန္တလေးတက္ကသိုလ်တွင် ကျွန်တော်ရေးခဲ့သော ဒွေးချိုးတစ်ပိုင်းတစ်စကို သွားသတိရမိသည် ။
ချစ်ချစ် မုန်းမုန်း
လုံးလုံးဆုံးတယ် မထင်နဲ့ဦး ။
ရင်မှာ ခံစားလာသမျှကို
လက်က ဖန်ဆင်းနိုင်တာမို့
အနုပညာသမားဆိုတာလေ
ဘယ်အခါမှ အရှုံးမရှိဘူး ။
အလဲ့ ၊ ကျွန်တော်လည်း ဟုတ်နေခဲ့ဖူးတာပါပဲလား ။
◾◾◾◾◾
မှတ်မှတ်ရရ ၊ ၁၉၈၂ ခုနှစ်
သူတို့၏ Professionals တီးဝိုင်းက မကွေးတိုင်း မီးသတ်ရန်ပုံငွေ စတိတ်ရှိုး လုပ်နေသည်ဆို၍ မန္တလေး သို့ ခရီးယာယီရောက်နေသော ကျွန်တော် က မကွေး သို့ လိုက်သွားသည် ။ မကွေးလေယာဉ်ကွင်း ထဲတွင် နွားအုပ်များ ဝင်နေသည်ကို မောင်းထုတ်နေရသောကြောင့် လေယာဉ် က မြို့ ပတ်ဝဲနေရသဖြင့် စိတ်လည်း ညစ်ရ ရယ်လည်း ရယ်ခဲ့ရသည် ကိုလည်း မှတ်မိနေသေးသည် ။
သူတို့ တည်းခိုရာ ကိုရောက်တော့ ကိုဇာနည်စံထွန်း ခေါင်းဆောင်သောအုပ်စုကို တွေ့လိုက်ရ သည် ။ လွှမ်းမိုး ၊ ကိုင်ဇာ ၊ စိုင်းနေဝန်း ၊ ဂျော်နီ ၊ အသံတုရဲမင်းထိုက် စသောအမျိုးသားအဆိုတော်များ နှင့် လူရွှင်တော်များ ၊ ကျွန်တော့်ဇနီး နှင့်အတူ နော်လီဇာ ၊ ရုပ်ရှင်မင်းသမီး မွှေး ၊ ဟာသမယ် မသန်းရွှေ တို့နှင့် ဇွတ် အဆိုတော် နာမည် တပ်ပြီး လွှမ်းမိုး ခေါ်လာသော ရုပ်ရှင်မင်းသမီး ပေါက်စလေး တစ်ယောက် ကိုပါ တွေ့လိုက်ရသည် ။
မကွေး ပွဲက ၂ ည ဖြစ်ပါသည် ။ တစ်ညတွင် မြို့ခံ အဆိုတော်ကလေးမလေး တစ်ယောက်က ဧည့်သည် အဆိုတော် အဖြစ် ဝင်ဆိုသည် ။ ထူးခြားလိုက်သည့် အသံ ။ နောင်တွင် ထိုဂါဝန်လေး နှင့် ကလေးမ သည် “ နီနီဝင်းရွှေ ” ဟူ၍ ဖြစ်လာသောအခါ ကျွန်တော် မအံ့ဩတော့ပါ ။
ထို မကွေး ပွဲစဉ်ကာလတွင်း မှာပင် ကျွန်တော်တို့ လင်မယား “ မွဲဆေး " ဖော်မိခဲ့ကြပါသည် ။ ဤ Professional အဖွဲ့ နှင့် အဆိုတော်များကို မြစ်ကြီးနား တွင် စတိတ်ရှိုးပွဲသွင်းမည် ဟု အကြံဆိုး ရကြပါသည် ။ ဤသည်ကြောင့်ပင် နောင်သော အခါ၌ လွှမ်းမိုး ၏ ဘဝထဲတွင် ကျွန်တော်တို့ လင်မယား က အရေးပါသော ဇာတ်ပို့များ ဖြစ်လာခဲ့ကြရပါ၏ ။
မကွေး မှ မန္တလေး သို့ ရောက်ခဲ့ကြပြီး မန္တလေး မှ မြစ်ကြီးနား သို့ ခရီးဆက်ရာတွင် အဆိုတော် များကို လေယာဉ် နှင့် ပို့ ရပြီး တီးဝိုင်းသမားများ ၊ စက်ပစ္စည်းများ နှင့် ကျွန်တော်တို့ ကမူ စရိတ်သက်သာစေရန် မီးရထား ဖြင့် ချီတက်ခဲ့ရသည် ။ ကျပ်ညပ်သိပ်လျက် ၊ မောပန်းနွမ်းနယ်လျက် ၊ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၍ မဆုံး ။
မြစ်ကြီးနား တွင်အမျိုးသားသီးသန့် ၊ အမျိုးသမီးသီးသန့် တည်းခိုခန်းများတွင် ခွဲထားရ၏ ။ သို့သော် လွှမ်းမိုး ကား မင်းသမီးငယ် နှင့်သာ အတူ နေတော့၏ ။
သည်တော့လည်း သီချင်းတိုက်ရန် အချိန်ကျလျှင် ကိုယ်တော်မြတ်လေး ကို သွား ပင့်ရ၏ ။ မင်းသမီးငယ်လေး ကတော့ ကျွန်တော့် အသံ ကြားလျှင်ခေါင်းမြီးခြုံ၍ အိပ်နေလေ့ရှိ၏ ။ ကျွန်တော်ကလည်း ထိုမင်းသမီးငယ်ထက် ပို၍ သရုပ်ဆောင် ကောင်းပါသည် ။ သိသိကြီး နှင့် မသိဟန်ဆောင်ရာ တွင် ကျွန်တော်လည်း အကယ်ဒမီ ရလောက်ပါသည် ခင်ဗျား ။
သီချင်းတိုက်ချိန် မမှန်မှုကြောင့် တစ်ရက်တွင် ပြဿနာတက်တော့၏ ။ နော်လီဇာ ရှိနေချိန်တွင် လွှမ်းမိုး က ရောက် မလာ ။ လွှမ်းမိုး ရောက်လာသော အခါတွင်မူ နော်လီဇာ က ပျောက်သွားတတ်သည် ။
သို့ဖြင့် လွှမ်းမိုး နှင့် နော်လီဇာ တို့ ရန်ဖြစ်ကြ၏ ။ ပွဲသွင်း ကန်ထရိုက် ကျွန်တော်တို့ လင်မယားကား ဖျန်ဖြေရ ၊ ချော့မော့ရ နှင့် ဖတ်ဖတ်မော ။ ဒေါသကြီးနေကြသော အဆိုတော် နှစ်ယောက်ကြားတွင် ဟာသမယ်မသန်းရွှေကြီး က ကြားထဲက ခံလိုက်ရသည် ။ နော်လီဇာ ပစ်ပေါက်လိုက်သော မီးချောင်းထွန်း သည့် ဘက်ထရီအိုး က လွှမ်းမိုး ကို မထိဘဲ နံရံကို သွားမှန်ပြီး အက်စစ်တွေ ဖိတ်စဉ်ကုန်သည် ။ ထိုနေ့မနက် ကမှ မြစ်ကြီးနားဈေး မှ ဝယ်လာခဲ့သော မသန်းရွှေ ၏ ဦးထုပ်အသစ်စက်စက်ကြီး ဆန်ခါပေါက် ကျသွားသည် ။
စာရင်းချုပ်ရသော် ထို မြစ်ကြီးနားစတိတ်ရှိုး တွင် မင်းသစ် တို့လင်မယား နှင့် ရှယ်ယာဝင်သူ မြစ်ကြီးနားမှ ကိုထင်ပေါ် ၊ မခင်သန်း တို့ လင်မယား ခွက်ခွက်လန်အောင် ရှုံးကြပါလေ၏ ။
လွှမ်းမိုး ကတော့ မြစ်ကြီးနား တွင် မိန်းမ ထပ်ရပြန်လေပြီ ။
အရှုံးထဲက အမြတ်ပေါ့ ကွယ် ။ ဟွန့် ။
◾◾◾◾◾
အောင်သွယ် မလုပ်ရပါဘဲ နှင့် အောင်သွယ်စာရင်း ဝင်သွားသော ကျွန်တော်တို့ လင်မယားသည် လွှမ်းမိုး တို့ မောင်နှံ ခေတ္တ ကွန်းခိုနေသော ဝင်ဒါမီယာ ထဲမှ တိုက်ခန်းသို့ မကြာခဏ ရောက်သွားလေ့ရှိပါသည် ။
ရောက်သွားတိုင်း မိန်းကလေး က သူ၏ မသိသား ဆိုးရွားမှုများ ကို တိုင်ရှာသည် ။ ကျွန်တော်တို့ ဒေါသဖြစ်ကြရ၏ ။ သူ့ ကိုလည်း ပစ်ပစ်ခါခါ ပြောဖြစ်ကြ၏ ။ ကရုဏာဒေါသနှင့်လည်း ဆုံးမမိကြ၏ ။ သူကား မတုန်မလှုပ် ။ကျွန်တော်တို့၏ ဆုံးမစကားတို့သည် သူ၏ ဘယ်ဘက် နား မှ ဝင်၍ ညာဘက် နား မှ ထွက်သွားသည် ဟုသာ ကျွန်တော် ထင်ပါ၏ ။
နောက်ပိုင်းတွင် သူတို့ နှစ်ယောက်စလုံး နှင့် ကျွန်တော်တို့ ဖြည်းဖြည်းချင်း ဝေးသွားကြရသည် ။
◾◾◾◾◾
မကြာမီ သူတို့ နှစ်ယောက် ကွဲကြပြီဟု သတင်းရသည် ။ မင်းသမီးငယ်က တစ်နေ့တခြား အောင်မြင်လာသည် ။ လွှမ်းမိုး ကလည်း ရုပ်ရှင်မင်းသား လုပ်နေပြီဟု သတင်းရသည် ။
ထို “ ပန်းသီတဲ့ကြိုး ” ဇာတ်ကားကို ရိုက်နေစဉ် ဗိုလ်ချုပ်လမ်းပေါ်တွင် ဟိုင်းလပ်ကားပက်လက် ပေါ်မှ နေ၍ “ အစ်ကိုမင်းသစ် ” ဟု ကျွန်တော့် ကို အော်ဟစ်နှုတ်ဆက်သွားသည် ။ လူချင်းကား အေးအေးဆေးဆေး မတွေ့ရသေး ။ ထို ဇာတ်ကား အောင်မြင်သည် ဟု ကြားရ၍ ကျွန်တော်တို့ မုဒိတာ ပွားရသည် ။
အချိန်အတန်ကြာမှ လူချင်းဆုံဖြစ်ကြသည် ။ ဆုံကြရပုံက သိပ်မလှ ။
အနော်ရထာလမ်း တစ်လျှောက် ဧရာမ ဆိုင်ကယ်ကြီးတစ်စီးကို သူစီးလာသည် ။ လမ်းဘေးမှ လူငယ်တစ်ယောက်က လှမ်းနောက်သည် ။ ဝုန်းခနဲ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းပြီး ထို လူငယ်နောက် တစ်ဟုန်ထိုးလိုက်သည် ။ သူ က ကရာတေး ခါးပတ်နက် ။ ကျွန်တော် မနေသာတော့ ။
“ စိုးစိုး ၊ မလုပ်နဲ့ ”
တုံ့ခနဲ သူ ရပ်သွားသည် ။ ကျွန်တော့်ကို မြင်သောအခါ တွေသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည် ။
“ ဒီလို လုပ်လို့မရဘူး စိုးစိုး ။ မင်းက အဆိုတော် ၊ရုပ်ရှင်မင်းသား ။ ပရိသတ်ဆိုတာ celebrity တွေကို ချစ်ရင်လည်း စတတ်တယ် ။ မုန်းရင်လည်း နောက်တတ်တယ် ။ အဲ့ဒါကို လမ်းဘေးအထိ လိုက်ရှင်းတဲ့အလုပ်မျိုး မင်းလုပ်လို့ မရတော့ဘူး "
“ ဟုတ်ကဲ့ပါ အစ်ကို ၊ ကျေးဇူးတင်ပါတယ်ဗျာ ”
◾◾◾◾◾
၃၃ လမ်းရှိ ကျွန်တော်၏ ကျူရှင်ခန်း အပေါ်ထပ်တွင် ကျယ်ဝန်းလှသော ထပ်ခိုးကြီးတစ်ခု ရှိပါသည် ။ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပန်းချီဆရာများအထူးသဖြင့် အညာသားများ နားခိုရာ တည်းခိုခန်းကြီး တစ်ခုသဖွယ် ဖြစ်နေပါသည် ။ ထိုစဉ်က အနုပညာလောကကို တိုးဝင်စသာရှိသေးသော ကဗျာဆရာ ဒါရိုက်တာ ပိုင်သ ၊ ပန်းချီရွှေစိုးဟန် တို့၏ အနုပညာဘုံရိပ်သာလေးတစ်ခု ဖြစ်ပါချေ၏ ။ တစ်ခါတစ်ရံ ပိုင်သ ၏ ညီငယ်ဖြစ်သူ မန္တလေး မှ “ ဆူး ” ဆိုသော လူငယ်လေးလည်း ရောက်လာတတ်ပါ၏ ။ သီချင်းရေးသော ထိုကလေးနှင့် လွှမ်းမိုးတို့ ချိတ်ဆက် မိသွားသောအခါ ဂန္တဝင်ခေတ်ပေါ်သီချင်းတစ်ပုဒ် မွေးဖွားလာ၏ ။
“ မိုးစက်တင်လေ ”
◾◾◾◾◾
ထိုအတောအတွင်း ကွယ်လွန်ချိန်အထိ သူ သစ္စာရှိစွာ ပေါင်းသွားသော နောက်ဆုံး မိန်းကလေး နှင့်အိမ်ထောင်ကျသွားကြောင်း သတင်းရသည် ။ လွှမ်းမိုး ငြိမ်သွားပြီ ဟု အားလုံး စိတ်ချမ်း သာကြရသည် ။
ကျွန်တော်တို့ မိသားစု ပြင်ဦးလွင် သို့ ပြောင်းသွားသော အခါတွင်မူ မြန်မာသံစဉ်လိုင်းဘက် သို့ ကူးလာသော သူ့ သီချင်းများကို အလွမ်းပြေ နားထောင်ကြရ၏ ။ သို့သော် ...
“ ကားအက်ဆီးဒင့်ဖြစ်ပြီး လွမ်းမိုးဆုံးပြီ ” ဟူသော သတင်းကိုကြားရသော အခါတွင်ကား ကျွန်တော်တို့မိသားစု အံ့ဩခြင်းကြီးစွာဖြင့် ကြေကွဲကြရသည် ။ သင်္ခါရတွင် ဂီယာ ( Gear ) ပါဟန် မတူ ။ သေမင်းသည် စုံလုံးကန်းနေ၏ ။အသက်အရွယ်အရ တန်းစီပြနေကြသူများကိုပင် ရှေ့ နှင့် နောက် မှား၍ ရွေးချယ်တတ် သေးသည် ။ လွှမ်းမိုး သေပြီး မင်းသစ် ကျန်ရစ်ခဲ့၏ ။
မကြာမီသော အချိန်တိုလေး တစ်ခုအတွင်းမှာပင် ကျွန်တော့်ထက်ငယ်ရွယ်သူများ ဆုံးပါးကုန်ကြသည် ။ ၀သုန် ၊ သုမောင် ၊ မောင်ဝဏ္ဏ ၊ မောင်မောင်သိုက် နှင့် ကိုသန်းအုန်း ( မိုးဝေ ) ၊ ကျန်ရစ်ခဲ့သော ကျွန်တော့် မှာ သူတို့ကို အားနာ၍ မဆုံး ။
အခုတော့ သံသရာခရီး ဆက်သွားသော လွှမ်းမိုး နှင့် ဆူး တို့ကိုလည်းသူတို့၏ သီချင်းနှင့်သာ ကျွန်တော်လွမ်းနေရတော့သည် ။
“ ကြုံရင်ပြောလိုက်ပါ့ ... ငှက်ငယ်တွေရယ် ငါ့ဘ၀ရဲ့ညတွေ ... အရုဏ်ကျင်းလင်းစေ သံသာလေကမ်းက ... မိုးစက်တင်လေ ...
◾ မင်းသစ်
📖 လွမ်းရတဲ့ သူတွေ
koaungnaingoo.blogspot.com
.
No comments:
Post a Comment