Saturday, December 25, 2021

ရှိန်းဆာယာပို‌မောက် ချိုပေါက်တဲ့ ငတေ


 ❝ ရှိန်းဆာယာပို‌မောက်  ချိုပေါက်တဲ့ ငတေ ❞


တစ်နေ့ ညကိုးနာရီကျော် ဆယ်နာရီခန့်တွင် သူတော်ငတေ သည် ငထီး အား လာခေါ်သည် ။ သူတော်ငတေသည် ငထီး အား သူ့ ဖိုရုံခန်း ထဲ ခေါ်သွား၏ ။


“ ငထီး ၊ ဘဘ မရှိတုန်း ငါ့တပည့် ဘဘနေရာမှာ စောင့်အိပ်ပေးရမယ်နော် ။ မင်းတို့ သုံးယောက် က လွဲပြီး ဘဘ မရှိတုန်း အခန်းထဲကို ဘယ်သူမှ မဝင်စေနဲ့ ။ ဘဘ ညောင်စောင်း မှာ လည်း မင်း က လွဲပြီး ဘယ်သူမှ တက် မအိပ်ရဘူးနော် ”


“ မှန်ပါ ဘဘ ၊ စိတ်ချပါ ”


“ အေး ... ငါ ပြန်မလာမချင်းနော် ”


“ ဟုတ်ကဲ့ပါ ဘဘ ”


“ အေး . . ကောင်းပြီ ၊ ငါ့တပည့် မင်းမကြောက်တတ်ပါဘူးနော် ”


“ မကြောက်ပါဘူး ဘဘ ”


သူတော်ငတေ က သက်မတစ်ချက်ကို ပြင်းပြင်းချလိုက်သည် ။


“ အဲဒါကြောင့်လည်း မင်းကို ငါ ရွေးခေါ်တာ ။ ငါ့တပည့် သုံးယောက်ထဲမှာ ဟိုကောင် နှစ်ကောင်ကတော့ ဆေးဆရာ ၊ မျက်လှည့်ဆရာ ပဲ လုပ်ချင်ကြတယ် ဆိုတော့ စိတ်မချရဘူး ။ နေဆန်း နဲ့ ဒေါင်းသိန်း တို့က တကယ်တမ်းကျတော့ ကြောက်တတ်ကြတယ် ”


“ ဟုတ်ကဲ့ ”


“ ဘဘ မင်းတို့ နဲ့ မခွဲခွာမီ ဒီအရပ်မှာ လောကီတက္ကသိုလ်ကြီး တစ်ခု တည်ထောင်ချင်သေးတယ်ကွယ် ။ အဲဒါ... ဘဘ ပါရမီကို ဖြည့်နိုင်မယ့် သူတွေကလည်း မင်းတို့သုံးယောက်ပဲ ဘဘ မြင်တယ် ”


“ ဟုတ်ကဲ့ ”


“ မင်း က မှော်ဆရာ လုပ်ချင်တဲ့ လူဆိုတော့ ကြောက်တတ် လို့ ဘယ်ဖြစ်မလဲနော် ”


“ ဟုတ်ကဲ့ပါ ၊ ကျွန်တော် မကြောက်တတ်ပါဘူး ဘဘ ၊ စိတ်ချပါ ”


“ အေး ... ငါ့တပည့်ကို ဘဘ စိတ်ချပါတယ် ။ ဒီမှာ ဘဘ ပြမယ် ။ ဘဘ နေရာမှာပဲ ဘဘ ပြန်မလာမချင်း မင်းအိပ် ။ ဘဘ ရဲ့ ဒီကိုယ်ရုံ အဝတ်ထုပ်ကို ဒီမှာ ထားခဲ့မယ် ။ တကယ်လို့ ဘဘ မရှိတုန်း ညတစ်ည မှာ ဘဘ အခန်းထဲ ကို ဘာကောင်တွေ ဘယ်လို ပုံသဏ္ဌာန်မျိုး နဲ့ ဝင်လာလာ ဒီ ဘဘ အဝတ်ထုပ် နဲ့ ပစ်သာ ပေါက်လိုက် ၊ ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ”


ဘုန်းကြီး မေးမေး ၊ လူ မေးမေး ၊တစ်ရပ်တစ်ကျေး က ဆေးတောင်း ပယောဂပြဖို့ လာကြတဲ့ လူတွေ ကိုလည်း ဘဘ နက္ခတ် နဲ့ ယှဉ်ပြီး ဆေးဖော်စရာ ရှိလို့ တောဝင်သွားတယ် ပြောလိုက် ။ ဘယ်လောက်ကြာမလဲ ၊ ဘယ်တော့ ပြန်လာမလဲမေးရင် မသိဘူး ။ ပြောမထားခဲ့ဘူးပဲပြော ။ ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ”


“ ကဲ ... ဒါဆို ဘဘ မှာတာတွေ အားလုံး မှတ်မိပါတယ်နော် ”


“ ဟုတ်ကဲ့ ၊ မှတ်မိပါတယ် ဘဘ ”


“ ကဲ ... ဒါဆို ဘဘ သွားပြီ ”


ထိုသို့ ပြောပြီး သူတော်ငတေ သူ့ အခန်းထဲ က ထွက်သွားလေသည် ။


ထိုညသည် တပေါင်းလကွယ်နေ့ ည ဖြစ်၏ ။


သူတော်ငတေ ၏ အခန်းကို ငထီး စောင့်အိပ်ပေးနေရသော သုံးရက်မြောက် ညတွင် အိပ်မက်ရှည်ကြီး အထူးအဆန်းတစ်ခုကို မြင်မက်လေသည် ။


သူတော်ငတေ သည် သူ အိပ်နေသောကျောင်းပေါ် ညကြီးမင်းကြီး တက်လာပြီး သူ့ကို တိတ်တိတ်လာနှိုးသည် ။ သူ စိတ်အချရဆုံး ဆေးဆရာကြီး ဖြစ်လာမည့် ဒေါင်းသိန်း နှင့် မျက်လှည့်ဆရာကြီး ဖြစ်လာကြမည့် နေဆန်း တို့ကိုပင် အသိမပေးဘဲ သူ့ ကို လာခေါ်၏ ။ သည်လိုနှင့် တောကြီးတစ်ခုထဲ ခေါ်သွားသည် ။ မှောင်လိုက်သည်မှာ ပိန်းပိန်းပိတ်နေ၏ ။ မိမိ ၏ လက်ညှိုး ကို ထောင်၍ ကြည့်မိရာ မိမိ လက်ညှိုး ပင် မမြင်ရ ။ ရှေ့က သွားနေသော သူတော်ငတေ ကိုလည်း မည်မည်း အရိပ် တစ်ခု ပမာသာ မြင်နေရသည် ။ ထိုအခါ ငထီး ကြောက် စိတ်ဝင်လာ၏ ။ ထို့ကြောင့် ...


“ မှောင်လိုက်တာ ဘဘ ”


ဟု နှုတ်က ထွက်သွားမိသည် ။


“ သိပ် မှောင်တယ်လို့ ငါ့ တပည့် ထင်သလား ”


“ ဟုတ်ကဲ့ ၊ သိပ် မှောင်ပါတယ် ဘဘ ”


“ ဒီထက် မှောင်တာကောကွယ် ၊ ရှိဦးမလား ”


“ မရှိတော့ဘူး ထင်ပါတယ် ဘဘ ”


“ ဟဲ .. ဟဲ .. ဒီထက် အဆတစ်ရာ ၊ အဆတစ်ထောင် ၊ အဆတစ်သောင်း ၊ အဆတစ်သိန်းမက မှောင်တာ ရှိသေးတယ် ငါ့ တပည့် ”


“ ဘယ်မှာလဲ ဘဘ ”


“ ကိလေသာရာဂ တို့ရဲ့ အမှောင် ကို ပြောတာကွယ့် ။ ကိလေသာ ဟာ ဘယ်လောက် မှောင်သလဲ ဆိုရင် “ သန်းခေါင်လကွယ် ၊ တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း ၊ အပြည့်ဖုံးသည့် ၊ မိုးလုံးတိမ်တိုက် ၊ လျှပ်မကြိုက်သား ၊ အမိုက်အပြား ၊ အင်လေးပါးထက် ၊ နင်ကားရာထောင် ၊ မကမှောင်၏ ” လို့ မန်လည်ဆရာတော်ကြီး ရေးထားခဲ့တာပဲ ။ မမှားနိုင်ပါဘူးနော် ”


“ မှန်ပါ ”


“ အခု အဘ စိတ်ဟာလည်း ကိလေသာ အမှောင် ကျနေတယ် ငါ့တပည့် ”


သူတော်ငတေ ၏ စကားကို ငထီး အံ့သြသွားသည် ။ သူ့ စိတ် ကို ဘယ်လို ကိလေသာအမှောင် ကျနေပါလိမ့် ။ သူတော်ငတေ က အသံတုန်တုန်ယင်ယင် နှင့် ဆက်ပြော၏ ။


“ ကိလေသာ ဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုရင် မုဒုလက္ခဏဇာတ် မှာ မိဖုရား ရဲ့ ကိုယ်ဝတ်လေး မသပ်မရပ် ဖြစ်နေတာ ကို လှစ်ခနဲ မြင်လိုက်ရုံနဲ့ ဈာန်ရနေတဲ့ ရသေ့ တောင် ဈာန် လျှောကျသွားတယ် ဆို မဟုတ်လား ။ မိဖုရားကိုမှ မမြင်ရရင် သေတော့ မလောက် ဖြစ်နေတာ ။ သူ ကျင့်ကြံအားထုတ်ထားတဲ့ ကမ္မဌာန်းတရားတွေ ဆိုတာလည်း ဘယ်ဆီ ရောက်ကုန်တယ် မသိဘူးတဲ့ ။ “ ကိလေသာကျား ၊ ခြံကို လွှားသော် ၊ စိတ်နွားလန့်ဖျပ် ၊ တန့်မရပ်တည်း ” လို့ ဆိုတယ်လေ ။ “ ဆင်ပြောင်မုန်အိုင် ၊ ချွန်းမနိုင်သို့ တိမ်းယိုင်မူးဝေ ၊ ဣနြေလည်း ၊ ပျက်လေချက်ချင်း ၊ ခဏချင်းဖြင့် ၊ တိမ်းတိမ်းမမျှ ၊ ကြက်သီးထလျက် ၊ ရာဂစုတေ ၊ တောတစ္ဆေကို ၊ လွတ်စေဖျန်းဖျန်း ၊ ကမ္မဋ္ဌာန်းလည်း ” ဘယ်ဆီရောက်ကုန်မှန်းတောင် မသိဘူးတဲ့ ”


“ မှန်ပါ ”


“ မင်း တို့ ငါတို့ လို လူဝတ်ကြောင်တွေကို မပြောနဲ့ ၊ ရသေ့ ရဟန်းတွေတောင် ကိလေသာ ရာဂ နဲ့ တွေ့လာရင် မရှောင်လွှဲနိုင်ကြဘူး ။ ဘုရားလက်ထက်တော် အခါတုန်းက တောနေ ရဟန်းတစ်ပါး ဟာ မျောက်မ နဲ့ အဗြဟ္မစရိယအကျင့် ကို ကျင့်နေတယ် ။ အဲဒါကို မသိတဲ့ နောက် ရဟန်း တစ်ပါး က ငါ့ အရှင်တော့ တောထဲ သွားပြီး တရားအားထုတ်နေတာ ကြာပြီ ။ ဘယ်လို တရားထူးများ ရနေပါလိမ့်လို့ စုံစမ်းဖို့ သွားတော့ တောနေ ရဟန်း က ဆွမ်းခံကြွနေချိန်ဆိုတော့ ကျောင်းသင်္ခမ်းမှာ မရှိဘူး ။ ဒါနဲ့ အာဂန္တုရဟန်း က ကျောင်းနား ရောက်သွားတော့ မျောက်မ က အာဂန္တု ရဟန်း ကို ကျောင်းနေ ရဟန်း ထင်ပြီး မဖွယ်မရာ အပြုအမူတွေ နဲ့ ကြိုဆိုတော့တာကိုး ။ ဒါနဲ့ အာဂန္တုရဟန်း ကလည်း ဒါ ဘယ်လို သဘောပါလိမ့် ဆိုပြီး ဆွမ်းခံကြွနေတဲ့ ကျောင်းနေရဟန်း အလာကို တစ်နေရာက ချောင်းကြည့်နေတယ်တဲ့ ။ ကျောင်းနေရဟန်း လည်း လာရော နေ့စဉ် ကျောင်းနေ ရဟန်း နဲ့ မေထုန်အမှု ကို ပြုနေတဲ့ မျောက်မ က မဖွယ်မရာ အပြုအမူတွေ နဲ့ ကြိုဆိုပြီး ကျောင်းနေ ရဟန်း နဲ့ မေထုန်မှုကို ပြုကြတယ်တဲ့ ။ အဲဒါကို အာဂန္တုရဟန်း က ဘုရားရှင် ကို လျှောက်တော့ ဘုရားရှင် က တတိယသိက္ခာပုဒ် ကို ပညတ်တော်မူတယ် ။ ကြောင်မ ၊ ခွေးမ ၊ ကြက်မ ၊ မြွေမ စတဲ့ တိရစ္ဆာန်တွေနဲ့တောင် မေထုန်အမှုကို မပြုရဘူးပေါ့ကွယ် ။


ကိလေသာရာဂစိတ်များ သောင်းကျန်းလာ ရင် အင်မတန် ကြောက်စရာ ကောင်းတယ် ။ “ ကိလေသာဟူ ၊ မိုက်သွေးဆူက ၊ လူသောခွေးသော ၊ ကျွန်ကျေးသောဟု ၊ သဘောမမြင် ၊ မဆင်ခြင်ဘဲ ၊ အမြင်မဖြောင့် ၊ မျိုးမစောင့်ဘူး... တဲ့ ”


သူတော်ငတေ ဤနေ့ဤရက် မှ ဤစကားမျိုးတွေ ကို ဘာကြောင့် ပြောလာပါလိမ့် ဟု ငထီး တွေးလာသည် ။ သူတို့ ရွာသူရွာသားတွေ မှာလည်း စမ်းချောင်း ၊ စမ်းအိုင်များ၌ အဝတ်ဗလာ ဖြင့် ရေချိုးတတ်ကြသော အလေ့အထ ရှိလေရာ တောထဲတောင်ထဲ ဆေးမြစ်သွားရှာရင်း သူတော်ငတေ သည် ရွာသူတစ်ယောက်ယောက် ၏ အဝတ်မဲ့ ရေချိုးနေသည်ကို မြင်ခဲ့ရာမှ သူ ပြောသော ကိလေသာ ရာဂစိတ်တွေ ဝင်လာနေ၍ ဤစကားတွေ ကို ဆက်တိုက်ကြီး ပြောနေသလား ဟု တွေးမိလိုက်သည် ။ သို့သော် သူတော်ငတေ ၏ စကား ကား မဆုံးနိုင်သေး...


“ ကိလေသာ ရာဂ နဲ့ ထိတွေ့သွားတဲ့ သုယောနန္ဒီဇာတ် မင်းရွာ က ဘုရားပွဲ မှာတောင် ပြသွားတာ ငါ့ တပည့် မှတ်မိမှာပါ ။ မိန်းမ မှန်သမျှ သူနဲ့ပဲ ပေါင်းဖော်ရမယ် ။ တခြားတစ်ပါး ဘယ်ယောက်ျား နဲ့ မှ မပေါင်းဖော်ရဘူး ။ နန်းထဲ ရှိသမျှ ယောက်ျားတွေ ကိုလည်း အကုန် ခုတ်သတ်ပစ်မယ် ဆိုပြီး ဓား နဲ့ လိုက်တဲ့ မင်းသားလေ ။ သမီးအရင်းခေါက်ခေါက် ရဲ့ ပကတိ ကိုယ်ကာယ ကို မြင်ရလို့ ပြစ်မှားဖို့ လိုက်တဲ့မင်းကြီး ၊ ဇာတ်နိပါတ်တော်တွေ ထဲမှာ ကိလေသာ ရာဂ နဲ့ ပတ်သက်တာတွေ ၊ မှားကြတာတွေ အများကြီးပါပဲ ငါ့တပည့် ”


“ မှန်ပါ ”


“ လူတွေဟာ ကိလေသာကာမ ကို မစွန့်နိုင်ကြသလို ဝိဇ္ဇာဇော်ဂျီတွေတောင် ကိလေသာကာမ ကို မစွန့်နိုင်ကြလို့ သူယောင်မယ်လေးတွေနဲ့ ပျော်ပါးကြတယ် ဆိုတာ မင်းတို့ ကို ဘဘ အရင်က ပြောပြဖူးပါတယ် ။ “ နာဂရဌာယီ ၊ မဟိရူဟ ၊ မြတောင်အသင် ၊ ငှက်ပျောပင် နှင့် အဆင်တူမော် ၊ နော်နော်ဟတ္တ ၊ ယူဆတွက်ဖွယ် ၊ ကိုးဆယ့်ကိုးတောင် ၊ အမြင့်ဆောင်သား ” လို့ သူယောင်ပင် ကို ချီးပတဲ့ လင်္ကာလေ ၊ မှတ်မိမှာပါ ။ သူယောင်မယ်လေး ဆယ့်နှစ်နှစ်ဝင် ကညာစင် ရဲ့ ကိုယ်ခန္ဓာ အချိုးအဆစ်တွေ ရဲ့ အလှ ၊ မုဒုလက္ခဏာဆရာကြီး လို “ နှစ်ဆူလဝန်း ၊ ဝိဒေကျွန်းမှ ၊ ပေါ်ထွန်းသောယောင် ၊ သလင်းတောင်ဝယ် ၊ အရောင်ပေါင်းစု ၊ စောမုဒုတို့ ၊ စိမ်းလွင်ညိုညို ၊ ဝါးပင်ပျိုသို့ ၊ စီးယိုထွတ်လျှမ်း ၊ မြစ်ငယ်ကမ်းကို ၊ ဖုံးလွှမ်းသောယောင် ၊ ယှက်မြှောင်မွေးညင်း ၊ ရှိုက်ကာကွင်းသား ၊ ဆင်ဦးကင်းထွတ် ၊ ပုံတူခပ်သို့ ၊ ရဟဿက္ခ ၊ သမန်းချသို့ ” ဆိုသလို အပေါ်အောက်တော့ သူ ယောင်မယ်လေးတွေ ရဲ့ အလှကို စုံစုံစေ့စေ့ မပြထားပေမယ့် တစ်ခါ ပျော် ပါးရင် ဝိဇ္ဇာဇော်ဂျီတွေ တောင် သုံးလေးလလုံးလုံး အိပ်ပျော်သွားကြ ၊ မေ့မြောသွားကြတယ် တဲ့ ။ ကိလေသာ ကာမဂုဏ်တို့ရဲ့ စွမ်းအား ကြီးမားပုံကို ရေးသားထားခဲ့ကြတာလေ ။ ကြောက်စရာ မကောင်းပေဘူးလား ”


“ ဟုတ်ကဲ့ ၊ ကြောက်စရာကောင်းပါတယ် ဘဘ ”


“ အိမ်း... ကြောက်စရာကောင်းတဲ့ အဲဒီ ကာမဂုဏ် အာရုံ ကို ဝိဇ္ဇာဇော်ဂျီတွေ တောင် ရှောင်လွှဲမရနိုင်ဘူး ဆိုတော့ ဘဘတို့ မင်းတို့ ကကော ရှောင်လွှဲလို့ ရနိုင်ပါ့မလား ”


ငထီး မှာ မှောင်ကြီးမည်းကြီး တောကြီးမျက်မည်း လကွယ်နေ့ ညကြီးထဲ ဤစကားတွေ ကို သူ့ဆရာ သူတော်ငတေ က ပြောလာသောအခါ အကြောက်ကြီး ကြောက်လာပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်နေသည် ။ ဧကန္တ သူတော်ငတေ သည် ဆေးမြစ်ရှာရင်း စမ်းချောင်း ၊ စမ်းပေါက် တစ်နေရာရာ၌ ရွာသူတစ်ယောက်ယောက် အဝတ် မပါဘဲ ရေချိုးနေသည်ကို မုချမြင်လာရ၍ ရာဂစိတ် ပွင့်နေသော ဤစကားတွေ ကို ပြောပြီဟု အတပ် ထင်လိုက်သည် ။


သို့သော် သူတော်ငတေ ၏ စကားကား မရပ်သေး ။


“ အေး ... ကာမဂုဏ်အာရုံ ကို မလွှဲမသွေ ခံစားရတော့မယ့် ရာဂအမှောင်ထဲ မမျှော်လင့်ဘဲ ကျရောက်သွားကြတဲ့ သမာဓိ ၊ သမထလည်း ကျင့်ထားတဲ့ ပုဂ္ဂိုလ်များကတော့ ဝိဇ္ဇာဇော်ဂျီများ လို တစ်ဆင့်နိမ့်ကျတဲ့ ဘဝ ကို အရင်ကူးပြောင်းကြရလိမ့်မယ် ။ ဝိဇ္ဇာဇော်ဂျီတွေ ဟာ သူတို့ဆေးတောင်ဝှေး နဲ့ သူယောင်မယ်လေး ကို တို့ထိ အသက်သွင်းပြီး ပျော်ပါးမယ့်အစား အသက်ရှိတဲ့ လူမများ ထဲက တစ်ဦးတစ်ယောက်နဲ့ ပျော်ပါးမယ် ဆိုရင်တော့ ငါ့တပည့် ဘယ်လို ဖြစ်သွားမယ် ထင်လဲ ”


“ မသိပါ ဘဘ ”


“ ဝိဇ္ဇာဇော်ဂျီတွေ ဟာ လူမ နဲ့ သာ ပျော်ပါးရင် မူလ ဇော်ဂျီဝိဇ္ဇာ ဘဝ ကို ပြန် မရနိုင်တော့ဘူး ။ အဲဒါကြောင့် တစ်ဆင့်နိမ့် တဲ့ အသက်မဲ့ သူယောင်မယ် ကို အသက်သွင်းပြီး ပျော်ပါးရတာ ၊ လူတွေမှာတော့ သူရဲ့ ကျင့်ကြံအားထုတ်ထားတဲ့ သမထ အစွမ်းတွေ မပျောက်ပျက်သွားအောင် ဆိုရင် တစ်ဆင့်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝ ကို သွားကြရလိမ့်မယ် ။ ဒါကို ဝဋ်ဝင်တယ် လို့ မြောက်ပိုင်း သမထသမားတွေ က ခေါ်ကြတယ် ။ ဂမ္ဘီရပညာ ရဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ် တစ်ခုပါပဲ ။ တိုင်ကွယ် ၊ ဖနောင့်ပေါက် ၊ တစ်တွေ့ခုန် ၊ နှစ်တွေ့ခုန် ၊ ထဘီခြုံ ၊ အရိပ်ဖျောက်ပြီး တိရစ္ဆာန်ဘဝ ရောက်သွားတဲ့ စုန်းကဝေအတတ် ထက်တော့ အများကြီး အဆင့်မြင့်တယ် ။ သူက ကုသိုလ်လည်း မဖြစ်ဘူး ။ အကုသိုလ်လည်း မဖြစ်ဘူး ။ ရာဂဘီလူးကြီး ဝင်လာလို့ အခိုက်အတန့် ကာမဂုဏ်အာရုံ ကို သွားဝင်စားတာ ၊ ကာမဂုဏ်စိတ် ပျောက်တာနဲ့ သူ့ မူလ ဘဝထဲ သူ ပြန်လာနိုင်တယ် ။ ထုံဝင်တာတော့ ထုံဝင်တာပဲ ။ ဒါပေမယ့် ကိလေသာရာဂစိတ် နဲ့ ဝင်ရတာမို့ နိမ့်ကျတယ် ။ သူ့ ပင်ကို ရှိတဲ့ အစွမ်းထက် ပိုပြီး ဖြစ်လာစရာ မရှိဘူး ။ အဗြဟ္မစရိယ တစ်ခုကိုပဲ ကိလေသာစိတ် နဲ့ ဝင်တဲ့ ထုံကိုး ။ အဲဒါကြောင့် မဂ်ဖိုလ် ကိုလည်း အနှောင့်အယှက် မပေးနိုင်ဘူးလို့ ဘဘ ပြောရမှာပဲ ။ လင် နဲ့ သား နဲ့ ကာမသုခလ္လိကနုယောဂ ကမှ မထွက်နိုင်တာ ”


ငထီး မှာမူ သူတော်ငတေ ၏ စကားကို နားလည် တစ်ချက် ၊ နားမလည် တစ်ချက် နှင့် မှောင်ကြီးမည်းမည်း ထဲ သူတော်ငတေ အရိပ်နောက်သာ လိုက်နေရ၏ ။


သည်လိုနှင့် တစ်ယောက်ဖက်လောက် ရှိသော သစ်ပင်တစ်ပင်ရင်းသို့ ရောက်လာကြသောအခါ သူတော်ငတေ က...


“ မင်း ဒီဘက်မှာ နေ ၊ ငါ ပင်စည် ဟိုဘက်သွားမယ် ။ ရော့... လို့ ငါက ပေးတဲ့အခါ ငါ့လက်ထဲက ပစ္စည်းကို မင်း လှမ်းယူလိုက်ပါ ”


ဟု ပြောပြီး သစ်ပင် ၏ တစ်ဖက်ပင်စည် ကို ကွယ်သွားသည် ။


“ ရော့.. ယူထားလိုက် ”


ဟူသော သူတော်ငတေ အသံကို ကြားသဖြင့် လှမ်းကြည့်လိုက်ရာ သူတော်ငတေ ၏ ကိုယ်ကို မမြင်ရဘဲ အဝတ်ထုပ် လှမ်းပေးနေသော လက် နှင့် မျက်နှာ ကို သာ မြင်ရလေသည် ။ စောစောက ပိန်းပိတ်အောင် မှောင်နေသော်လည်း ယခုကား လင်းလင်းထင်းထင်း ၊ သူတော်ငတေ ၏ မျက်နှာမှာလည်း ပီပီပြင်ပြင် ။ သို့သော် ငထီး အကြီးအကျယ် တုန်လှုပ် ထိတ်လန့်သွားသည်မှာ သူတော်ငတေ ၏ ခေါင်းပေါ်တွင် ချိုကြီး နှစ်ချောင်း ။


သူတော်ငတေ လှမ်းပေးနေသော ကိုယ်ဝတ်ထုပ်ကို လှမ်းယူလိုက်စဉ်၌ပင် ငထီး သည် လန့်ဖျပ်ပြီး နိုးလာလေသည် ။ ဤ ထူးဆန်းသော အိပ်မက်ကို သူ ဘာကြောင့် မက်ပါလိမ့်ဟု အမျိုးမျိုး တွေးတောရင်း မိုးလင်းသွားလေသည် ။


ညနေစောင်းကြီးတွင် ငထီး သည် ခါတိုင်းကဲ့သို့ပင် ညစာ ထမင်းစားရန် ရွာထဲ ဝင်လာသည် ။ ရွာဖျား က သူ့ ဦးကြီးတစ်ယောက် ၏ အိမ်နား ရောက်သောအခါ သူ့ ဦးကြီး နှင့် သူ့ နှမဝမ်းကွဲ များ သူ့တို့ နွားတစ်အုပ်ကို အိမ်ရှေ့ ကောက်ရိုးစင်အောက် ဝရုန်းသုန်းကား နှင့် မောင်းသွင်းနေကြ သည်ကို တွေ့ရသည် ။


အမှန်မှာ ဤရာသီ၌ သူတို့ရွာ ရှိ နွားတွေမှာ နေခင်းနေ့လယ် တွင် ရွာပြင်၌သာ လွှတ်ထားကြခြင်း ဖြစ်၏ ။ ညနေ ရောက်မှ နွားရေတိုက်ပြီး နောက်နှစ် စပါးကောင်းအောင် လယ်ယာကွက်များတွင် နောက်ချေး ချရန် သိပ်ထားလေ့ရှိကြသည် ။ ယခု နွားတွေ ကို ရွာထဲ သွင်းနေကြသည်မှာ တော ကောင် ( ကျား ) များ အရိပ်အယောင် ကို တွေ့ကြရ၍ လားဟု လှမ်းမေးလိုက်၏ ။ ဤသည်ကို သူ့ဦးကြီး က ..


“ ဒီကောင်လေး ဟာ ပေါက်တတ်ကရ ဘာတွေ လာပြောနေတာလဲ ”


ဟု ဟောက်သဖြင့် ဆက် မမေးရဲတော့ဘဲ သူတို့ အိမ်ဘက် ထွက်လာ လေသည် ။


သူတို့ အိမ်နား ရောက်သောအခါမှာလည်း သူ့ အဖေ နှင့် သူ့ အစ်ကိုများ က ဦးကြီးတို့အိမ်သားများ နည်းတူ နွားအုပ် ကို အိမ်နောက်ဘက် ကောက်ရိုးစင်အောက် မောင်းသွင်းကာ ဝရုန်းသုန်းကား ဖြစ်နေကြသည်ကို တွေ့ရပြန်သည် ။ ထိုအခါမှာလည်း ငထီးက..


“ အဖေ ဘာဖြစ်လို့လဲ ။ ခါတိုင်းလို နွားတွေကို လယ်ပြင်မှာ ချည်မထားဘူးလား ”


ဟု မေးမိပြန်၏ ။ ထိုအခါ သူ့ အဖေ က...


“ တစ်ရွာလုံး နွားတွေ ကို ရွာပြင်မှာ ထားလို့ မရဘူးကွ ။ ဘယ်ရွာ က ဘယ်လူ့ နွားမှန်းလဲ မသိဘူး ။ နွားသိုးဖြူကြီး တစ်ကောင် သောင်းကျန်းနေတာ သုံးလေးရက် ရှိပြီ ။ နွားထီးတွေ ကို လိုက်ဝှေ့ နွားမတွေ ကို မြင်လိုက် နဲ့ ခုဆို နွားမတွေ လည်း အကုန် မြိုင်ထ ကုန်ကြပြီ ။ အဲဒါကြောင့် ရွာ ထဲ သွင်း နေကြရတာ ”


ဟု ပြန်ပြောသည် ။ ထိုအခါတွင်မှ စောစောက သူ့ ဦးကြီး သည် သူ့သမီးများ ရှေ့ သူ့အား အဖြစ်မှန်ကို မပြောလိုက်ခြင်း ဆိုတာ ငထီး သဘောပေါက်သွားသည် ။ ထမင်းစားပြီး ကျောင်း အပြန် လမ်းမှာလည်း အိမ်တိုင်း လိုလို က လူတွေ နွားအုပ်သွင်း၍ ပြောဆိုနေသံကို ကြားခဲ့ရသည် ။


“ မကြုံဖူး ၊ မကြားဖူးပါဘူးဗျာ ။ သောင်းကျန်းလိုက်တဲ့ နွားသိုးဖြူကြီး ၊ ဘယ်ရွာ ၊ ဘယ်အရပ်က မှန်းလည်း မသိဘူး ။ ရွာက နွားသိုးကြီးတွေလည်း ဒီကောင့်ကို တစ်ကောင် မှ ပြိုင် ဝှေ့ မခတ်နိုင်ကြဘူး ။ နွားမတွေလည်း အကုန် ကျိုးနာကုန်တော့မယ် ။ ဒီအတိုင်းဆို သူကြီး ကို အမိန့်ထုတ်ခိုင်းပြီး ပစ်သတ် ပေါ်စားလိုက်ကြဖို့ ကောင်းနေပြီ ”


သူ့ ဆရာ သူတော်ငတေ ၏ ညောင်စောင်းတွင် အိပ်နေရင်း ခုနစ်ရက်မြောက်သော တစ်ည သန်းခေါင်ကျော်အချိန် တွင် ငထီးသည် ထူးဆန်းသော အိပ်မက် တစ်ခုကို မြင်မက် ပြန်သည် ။ သူ့ ဆရာ နှင့် သူ တောထဲ ဆေးမြစ်ရှာသွားကြရင်း သူယောင်တောထဲ ရောက်သွားကြသည် ။ လှလိုက်ကြသည့် သူယောင်မလေးများ ၊ လေအဝှေ့တွင် သူယောင်ပင်ပေါ် ၌ ယိမ်းထိုးလှုပ်ရှားကာ ကခုန် နေကြသည် ။ သူ့ ဆရာ ငတေ သည် ဝိဇ္ဇာဇော်ဂျီ ဖြစ်သွားပြီး သူယောင်မယ်များနှင့် ပျော်ပါးရန် သူယောင်ပင်စည် ကို ဖက်တက်နေသည် ။ ဘယ့်နှယ်... ဆရာ ဝိဇ္ဇာဇော်ဂျီ ဖြစ်ပါလျက် ဘာကြောင့် ပျံမတက်ဘဲ ပင်စည်ကို ဖက်တက်နေရပါလိမ့်ဟု တွေးမိပြီး ကြည့်နေစဉ် သူတော်ငတေခေါင်းမှ ချိုကြီးနှစ်ချောင်း ထွက်လာပြီး နွားဖြူကြီး ဖြစ်ကာ ပင်စည်ရင်း၌ လဲကျသွားသည် ။


ထိုအချိန်မှာပင် ငထီး လည်း အိပ်ရာက လန့်နိုးလာ၏ ။ မျက်လုံးဖွင့်ကြည့်သောအခါ နွားဖြူကြီး တစ်ကောင် အခန်းထဲ ရောက်နေသည်ကို မြင်လိုက်ရ သလိုပင် ။ ငထီး သည် ကြောက်ကြောက်ရွံ့ရွံ့ နှင့် စမ်းမိစမ်းရာ စမ်းလိုက်မိရာ သူ့ ဆရာငတေ ၏ ဘေးနားက အဝတ်ထုပ်ကို စမ်းမိလိုက်သည် ။ ထိုအခါ ပိုလန့်ပြီး အဝတ်ထုပ် နှင့် နွားဖြူကြီးကို ပစ်ပေါက်လိုက်ရာ...


“ ငါ့ တပည့် ငထီး ၊ နိုးသွားပြီလား ”


ဟူသော အသံကို ကြားလိုက်ရပြီး သူ့ဘေးတွင် ရပ်နေသော သူတော်ငတေ ကို တွေ့ရလေသည် ။


အိပ်မက် လား ၊ တကယ်ဖြစ်ပျက်နေတာ လား ဆိုသည်ကို ငထီး မှာ ဇဝေဇဝါ ဖြစ်သွားသည် ။ နှစ်ည မြင်မက်သော အိပ်မက်နှင့် တစ်နေ့က သူ့ အဖေ ၊ သူ့ ဦးကြီး တို့ နွားသွင်းနေကြသည် ကို တွေ့ကြုံခဲ့ရသဖြင့် စိတ်စွဲကာ ထင်ယောင်ထင်မှား မြင်မိလိုက်သလား ဆိုသည်ကိုလည်း ငထီး ကား တွေးမရ ။ သူ ညောင်စောင်းပေါ် က ထလိုက်ရာ သူတော်ငတေ က ညောင်စောင်းပေါ် ဝင်ထိုင်သည် ။


“ ငါ့တပည့် ၊ မင်း ကျောင်းပေါ် တက်အိပ်တော့ ။ မနက်ကျရင် ဒေါင်းသိန်း ကို လွှတ်လိုက် ။ ငါ ကိုယ်လက်တွေ နာလာတယ် ။ ဆေးလိမ်း ခိုင်းရမယ် ”


ဟု ပြောပြီး ညောင်စောင်းပေါ် သူတော်ငတေ လှဲချလိုက်သောအခါ ငထီး သည် ကျောင်းပေါ် တက်လာ သည် ။ ငထီး ကား မိုးလင်းသည် အထိ ပြန် အိပ်မပျော်တော့ ။


လေးငါးရက် ကြာ၍ သူတော်ကတေ လည်းစိတ် ကြည်ကြည်လင်လင် ရှိနေသော တစ်ညနေမှာ ငထီး ကသူ့ ဆရာညောင်စောင်းတွင် ခုနစ် ရက် တိတိ အိပ်စောင့်ပေးခဲ့ရစဉ်က မြင်မက်ခဲ့ရသော အိပ်မက် နှင့် အဖြစ်အပျက် ကို သူတော်ငတေ အား ပြောပြရာ ...


“ ပေါက်တက်ကရ ၊ မှော်ဆရာကြီး ပြောတာ နဲ့ ငတေ ပဲ နွားသွား လုပ်ရမလို ဖြစ်နေပြီ ။ မင်း မဟုတ်တရုတ် ဘယ်သူ့မှ လျှောက်မပြောပါနဲ့ကွာ ။ ငါ က သူ များ အရူးတွေသာ ကုဖို့ ဆေးရှိတာ ။ ငါ့ တပည့် အရူး ကို ကုဖို့ ဆေး မရှိတော့ဘူး ” ဟု ရယ်ဖြဲဖြဲနှင့် ပြောလိုက်လေ၏ ။


◾ ဝေယံလင်းခေါင်


📖 ဂမ္ဘီရမဂ္ဂဇင်း

     ၂၀၀၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment