“ မိန်းမခရာ ၊ အပျိုပျံသင်း ၊ ရွှေရင်စိမ်းစိမ်းကို ၊
လက်ထိကျိန်းတယ်လို့ ၊ မသိမ်းဘဲလွှတ်ခဲ့သည် ...”
◾ ဦးတိုး
❝ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ်ဘုရားရေ ❞
ဆောင်းလေညှင်း က တဟူးဟူး တိုက်ခတ်နေပါသည် ။
“ အိုးဘို ” လှေဆိပ် သို့ ဦးရွှေမောင်ကြီး တို့ ဆိုက်ရောက်ချိန်တွင် အရှေ့ လောကဓါတ် မှ ရောင်နီများဖြာသန်း လာပေပြီ နီမြန်းသော နံနက်ခင်း ၏ အလင်းရောင် နုတို့ ဖြင့် ကျွန် အရှင် နှစ်ပါး တို့အား ဆီးကြိုကြည်းနေသည်ဟု ထင်မှတ်ရပါသည် ။ မြောက်လေပြေ အသွေးတွင် ခြုံကြိုခြုံကြား မှ သယ်ယူဆောင်လာသည့် ခဝဲပန်းရနံ့ တို့က ရှုရှိုက်သူတို့ အား လန်းဆန်းစေခဲ့ပါသည် ။
အလေ့ကျ သဘာဝအလျောက်ပေါက်ရောက်တတ်သော ခဝဲရိုင်းပင်လေးတို့ အချိန်မှန် ပွင့်ဖူး သီးကင်းတတ်ပုံ တို့ကို အကြောင်းပြု၍ ရှေးစာဆိုစစ်လျင် ထောင်မှူးရှင်ထွေးညို စပ်ဆို ရေးသားခဲ့သည့် ခဝဲပန်း နှင့် တန်ဆောင်မုန်းလ ဘွဲ့ ကို ဦးရွှေမောင်ကြီး မှတ်မိသလောက် ရွတ်ဆိုမိပါသည် ။
ရွှေငုံခဝဲ ၊ ပွင့်ကျော်မြဲသား
နှင်းပွဲပျဉ်းနီ ၊ သန်းပြီကြွမှု့
ဆောင်းသို့လုံဥ ၊ ရတုသာတုန်း
တန်ဆောင်မုန်း ဟု ။
ပတ်ဝန်းကျင် သာယာမှုတို့ အောက်တွင် မင်းတရားကြီးဘုရား လည်း နှစ်ခြိုက်စွာ စက်တော်ခေါ်လျက်
ရှိပါသည် ၊ နိုးသည်အထိ စောင့်ဆိုင်းနေရပါလျှင် ရွှေနန်းတော်မြို့ တွင်း အဝင်အထွက် လွတ်လပ်မည် မဟုတ်သည်ကို သိရှိသော ဦးရွှေမောင်ကြီး သည် မင်းတရားကြီးဘုရာအား အသာအယာ နှိုးတော် မူလိုက်ပါသည် ။
မင်းတရားကြီးဘုရား အား ရွှေနန်းတော်ကြီး ဆီ သို့ ပြန်လည် ပို့ဆောင်ပေးတော်မူရန် ညက အသင့် ရှိနေရစ်သော မြင်းများ ပေါ် သို့ ကုန်းနှီး ကို လှေတော်သား ကိုရင်အောင် အား တပ်ဆင်ခိုင်းလိုက်ပါသည် ။ မင်းတရားကြီးဘုရား လည်း ရွှေတချောင်းရေ ဖြင့် မျက်နှာသစ်တော် မူပြီးနောက် ဦးရွှေမောင်ကြီး နှင့်အတူ နန်းတွင်း သို့ ပြန်လည် ဝင်ရောက်တော် မူပါလေသည် ။ ဦးရွှေမောင်ကြီး လည်း အိပ်ချင်သော စိတ်များ ကို ချိုးနှိမ်မျိုသိပ်လျက် မင်းတရားကြီး အမိန့်တော်ဖြင့် သမားတော်ဦးခဲ အား ဆင့်ခေါ်ရန် မြင်း ကို ဆက်လက် အပြင်းနှင်းခဲ့ရပါသည် ။ မြင်းစီးရင်းပင် ငိုက်ငိုက်သွားရသည့် အတွက် မြင်း ပေါ်မှ လိမ့် မကျစေရန် အတော် သတိထား သွားရပါသည် ။ ငိုက်သည့် ဒဏ် ကို ကာကွယ်နိုင်ရန် လမ်းတွင် တွေ့ရှိသော ရေတွင်း အတွင်း ဝင်၍ လုံခလေး ထံမှ ရေပုံး ကို ခေတ္တ တောင်းယူ ငှားရမ်းပြီး မျက်နှာ သစ်ပါသည် ။ ရေအေးအေးဖြင့် မျက်နှာသစ်ပေးပါမှ အတော်လေး လန်းဆန်းလာပါသည် ။
ဦးရွှေမောင်ကြီး လည်း မြင်း ကို ဆက်လက် စီးနင်းသွားရာ မကြာမီ သမားတော် ဦးခဲ နေထိုင်ရာ မလွန်
ရပ်ကွက် အတွင်း သို့ ဆိုက်ရောက်လာပါသည် ။ ဦးရွှေမောင်ကြီး ဦးခဲ အိမ် ဆိုက်ရောက်ချိန် သမားတော်
ဦးခဲ မှာ အိပ်ရာမှ မနိုးသေး၍ အနှိုးခိုင်း မှ ထ လာပါလေသည် ။ ဦးရွှေမောင်ကြီး ကို မြင်လျှင် မြင်ခြင်း
သမားတော်ဦးခဲ က မေးလိုက်သည် ။
“ အသို့သော အကြောင်း ချင်းရပ်နှင့် လာဘိသနည်း ငမောင်ကြီး ရေ့၊ အကြောင်းထူးရှိပါ၏ လော ”
“ မင်းတရားကြီးဘုရား ၏ အမိန့်တော်ဖြင့် ရွှေနန်းတော် သို့ ဆင့်ခေါ်ရန် စေလွှတ်လိုက်သည့် အကြောင်းနှင့် လာခဲ့ခြင်းပေဘဲ ငခဲ ရဲ့ ”
“ ကောင်းလှပြီဗျား ၊ ရွှေနန်းတော် သို့ မဆင့်ခေါ်လည်း သည်နေ့ ရောက်ရှိ ခစားရမည့် နေ့မှန်း မသိဘဲ
မေ့လျော့နေဟန် တူပြီ ငမောင်ကြီး ရဲ့”
“ ဟာ - ဟုတ်ပေသားကဘဲ ၊ သည်နေ့ အဖိတ်နေ့ မှန်း ငါ့ တို့ မသိကြရသည်မို့ ခုလို အပင်ပမ်းခံ လာရောက်နေစရာတောင် မလိုဘူး ၊ ခု ချိန်ထိ ငါ့ မှာ တမှေးမှ မမှိတ်ရသေး ၊ မင်းတရားကြီးဘုရား နောက်တော်ပါး က ခစား လိုက်ပါ နေရတာ အိပ်ချင်စိတ်တောင် ခုထိ မပြေဘူး ကိုရင်ငခဲ ရာ ”
“ သေလိုက်စမ်းပါ့ ဝန်ကြီးဆယ်ယောက် ဆို သည်လို ကြိမ်တွယ်လိုက်ပေါ့ ငမောင် ရာ ၊ ကိုယ် အသုံးမကျလို့ ကိုယ့်ဟာကိုယ် ပမ်းတာ ရင်နှစ်ခြမ်း ကွဲရုံ မကလို့ အသဲပင် ကျွမ်းပါစေ ၊ ဒို့ သမားတော်ကြီးများ အစုံအညီ ခစားရမည့်နေ့ ဆိုတာ တသီတင်းပတ် မှ သည် တရက်တည်း ရှိနေသည်ဟာဘဲ ငမောင်ကြီး ရယ် ”
“ ငါတို့ ကြိမ်ဆဲလို့ ဝန်ကြီးတွေ သေပေမဲ့ တို့များ က ဝန်ကြီးဖြစ်မှာ မဟုတ်ပေဘူး ၊ သမားတော်ကြီး ဆယ်ယောက် သေရင်တော့ နင့် စည်းစိမ် နဲ့ အိုးအိမ် ကို ငါ က သိမ်းပိုက်ရမယ်ဗျား ၊ နင် မသေသမျှ ငါတော့ အေးအေး နေရမယ် မထင်ပါဘူး ၊ ဘာဘဲ အလိုရှိတသည် ဖြစ်စေ နင် နဲ့ပတ်သက်လာရင်တော့ မင်းတရားကြီး ဘုရား က ငါ့ ဘဲ အရင် ထောင်းမှာ ”
“ သည်ဟာမျိုး ထင်ပါရဲ့၊ အောင်သွယ်ကောင်း လို့ အုတ်ကျောင်း ဆောက်ရ ဆိုတာလေ ၊ အရပ် က ခဲ နဲ့
ဝိုင်း ထုကြလို့ အုတ်တိုက် တလုံးစာ ရသွားတဲ့ အောင်သွယ်မျိုး ပ ”
ဦးရွှေမောင်ကြီး နှင့် သမားတော်ကြီးဦးခဲ တို့မှာ သူငယ်ချင်း ပီပီ ရင်းရင်းနှီးနှီး တောင်စဉ်ရေမရ
လျှောက်ပြောကြရင်း နံနက်စာ ကို အတူ စားသောက်ကြပါလေသည် ။
စားသောက်ပြီးစီးသည့် နောက် မင်းတရားကြီး ထံတော်ပါး သမားတော်ဦးခဲ ရောက်ရှိလေမှ တာဝန် ကျေပွန်မည် ဖြစ်သည့် ဦးရွှေမောင်ကြီး မှာ ဦးခဲ အား အဝတ်အစားများ အမြန် လဲလှယ်စေပြီး သူ နှင့် အတူ မြင်းတစီး ဖြင့် လိုက်ပါရန် ခေါ်ဆောင်သွားပါလေသည် ။
လမ်းတွင် မြင်းစီး ရင်း ယမန်နေ့ ညက အဖြစ်အပျက်များကို ဦးခဲ အား တလုံးမကျန် ဦးရွှေမောင်ကြီး က ပြောပြလေသည် ။ မိစပ် က ဒုတိယ ကနောင်မောင်တော် ဟု မင်းတရားကြီး အား ကင်ပွန်းတပ်လိုက်သည် ကို မခံချင်စိတ် ဖြစ်ပေါ်၍ သမားတော်ငခဲ နှင့် တိုင်ပင်ရန် အခေါ်တော် ရှိခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြပါသည် ။
ဦးရွှေမောင်ကြီး နှင့် ဦးခဲ တို့ရွှေနန်းတော်ကြီး ထဲ ရောက်ရှိချိန်တွင်နံနက်ညီလာခံ စချိန် နှင့်တိုက်ဆိုင်နေပါသည် ။ ဦးရွှေမောင်ကြီး သည် သမားတော်ဦးခဲ အား ပန်းခုံတော် အုတ်တိုက်တွင်းသို့ ပို့ဆောင်ခဲ့ပြီးမှ နံနက်ညီလာခံသဘင် ဆင်ယင်ကျင်ပသည့် မှန်နန်းဆောင် တွင်းသို့ ဝင်ရောက် ဖူးမျှော်ပါသည် ။ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ကို ညီလာခံသဘင် ပြုလုပ်နေဆဲ ဖြစ်၍ မြင်တော် မူသော်လည်း မမေးသေးဘဲ ညီလာခံ ဆက်လက်ကျင်းပ ပြုလုပ်ပါသည် ။ သီတင်းပတ် အတွင်း ညီလာခံ နောက်ဆုံးရက် ဖြစ်သည့်အတွက် အဘိတ်နေ့ ညီလာခံကို ဌာနဆိုင်ရာ ဝန်ကြီး ဝန်လေး အတွင်းဝန် စသည်ဖြင့် စုံညီစွာ တက်ရောက်ကြရပေသည် ။ တသီတင်းပတ် အတွင်း လုပ်ဆောင်ချက်များ တင်ပြ ညိုနှိုင်းချက်များ တောင်းခံဖြည့်စွက်ချက်များ ကို ပြုလုပ်ကြရပါသည် ။ နံနက်ညီလာခံ မှ တင်ပြလာသော အချက်အလက်များ ပြဿနာများ ကို နေ့ညီလာခံ တွင် ဆုံးဖြတ်ကြရပေမည် နေ့ညီလာခံ တွင် မပြီးပြတ်ပါ က ညညီလာခံ တွင် ဆက်လက် လုပ်ဆောင်ရရိုး ထုံးစံရှိပါသည် ။
မင်းတုံးမင်းတရားကြီးဘုရား လက်ထက်တွင် သီတင်းနေ့တိုင်း ညီလာခံရသည်မို့ အဘိတ်နေ့ညီလာခံများ သည် များသောအားဖြင့် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများ ပါဝင်လေ့ ရှိပါသည် ၊ ညီလာခံ စဲသည်နှင့် မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ကို မေးမြန်းရာ ပန်းခုံတော်အုတ်တိုက် မှာ သမားတော် ဦးခဲ အား အစောင့်ထားခဲ့လေကြောင်း တင်လျှောက်သည်၌ မင်းတရားကြီး လည်း ပန်းခုံတော်အုတ်တိုက် သို့ ကြွမြန်းတော် မူပါလေသည် ။ မင်းတရားကြီးဘုရား ကြွမြန်းရာသို့ ဦးရွှေမောင်ကြီး လည်း အလိုက်သိစွာ နှင့် နောက်ပါးမှ ခစားတော် မမူဘဲ နေရစ်ခဲ့ပေသည် ။
မင်းတရားကြီးဘုရား လည်း ပန်းခုံတော်အုတ်တိုက် သို့ ကြွမြန်းလာချိန် သမားတော်ကြီး လည်း
ဆီးကြိုတော်မူပြီး “ အမိန့်တော်မြတ် ကြောင့် အခစားတော် ရောက်ရှိတော် မူကြောင်းပါ မင်းတရားကြီးဘုရား ”
“ အိမ်း ခေါ်တော် ရှိလိုက်ရခြင်း မှာလည်း ငါ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ငယ်ကျွန်ရင်း သမားတော်ကြီး
ငခဲ အား ယုံကြည်စိတ်ထားသဖြင့် အားကိုးတော် မူရသောကြောင့်ပေဘဲ ”
“ မှန်လှပါ ကျွန်တော်မျိုးကြီး မှာ မင်းတရားကြီးဘုရား အမှုတော် ကို သစ္စာရှိစွာ နှင့် ထမ်းရွက်ခဲ့သူ ဖြစ်ပါသည် ဘုရား ၊ ကျွန်တော်မျိုးကြီး အသက်စည်းစိမ် နှင့် အိုးအိမ် တို့ သည်ပင် မင်းတရားကြီးဘုရား အတွက် စွန့်လွှတ်ရန် အသင့် ရှိပါသည်ဘုရား ”
“ သည်လို အရးအခင်းကြောင့် မဟုတ်ပေဘူး သမားတော်ကြီးငခဲ ရဲ့ ၊ ငါ ကိုယ်တော်မြတ်ကြီး မှာ ငခဲ ပညာစွမ်းဖြင့် အကူအညီ ရယူလိုသော အကြောင်းချင်းရာ ရှိ၍ ဆင့်ခေါ်ခြင်း ဖြစ်ရပေသည် သမားတော်ကြီး ရဲ့”
“ အလို ရှိရာ ကို မိန့်တော်မူပါ မင်းတရားကြီးဘုရား ၊ ကျွန်တော်မျိုး အနေဖြင့် ပြုလုပ်၍ ဖြစ်သည်ကိစ္စ မှန်သမျှ
မင်းတရားကြီးဘုရား အတွက် ထိန်ချန်ထားချက် ရှိမည် မဟုတ်ကြောင်း အသက်ပေး တင်လျှောက်ဝံ့ကြောင်းပါဘုရား ”
“ သည်လို ငခဲ ရဲ့ ငါ့ ညီတော် ကနောင်အိမ်ရှေ့စံ အကြောင်း ငါ ကောင်းကောင်း သိသည်ပ ၊ ခြေခါး က အစ အူမ အထိ ဆိုသလို ငါ ကိုယ်တော်မြတ်ကြီး သိတော်မူတယ်လို့ ထင်မှတ်ယုံကြည်နေ တဲ့ ညီညီအိမ်ရှေ့စံ အကြောင်း ကို ငါ ကိုယ်တော်မြတ်ကြီး ယမန်နေ့ ည က ဆန်းပြားသည့် ပြောင်းလွှဲမှုများ ကို သိခဲ့ရသည်ပ ”
“ အမိန့် ရှိတော်မူပါဘုရား ထို ဆန်းပြားသည့်ပြောင်းလွှဲမှုများသည် အသို့သော အချင်းအရာများ
ဖြစ်ပါသည်ဘုရား ”
“ ပြည်ကြီးပျော်ဘွယ်အရပ် မှ မိစပ်ကြီး ဆိုလျှင် သမားတော်ကြီး ငခဲ သိမည် ထင်ပေသဗျ ၊ မယ်မင်း ဆီ
ရောက်ခဲ့လေတော့ မှ ပြောင်းလဲမှု အကြောင်း ငါ ကိုယ်တော်မြတ်ကြီး ကြားရပေတော့သည် ငခဲ ရဲ့”
“ ထို အပြောင်းအလွှဲများ ကို မင်းတရားကြီးဘုရား အားကျတော် မူတယ်လို့ မိန့်ဆိုတော်မူလိုပါသည်ဘုရား”
“ ဘယ်နှယ် အားမကျဘဲ နေပါမည်လဲ ငခဲ ရယ် ၊ သည်လို ဖြစ်စေရအောင် ငခဲ ဘဲ ဆောင်ရွက် ပေးတော်မူတယ် မှတ်သဟဲ့ ”
“ မှန်လှပါ ကျွန်တော်မျိုးကြီး ပင် ဆေးတော် စီရင်ပေးတော်မူရပါသည် ဘုရား ”
“ အိမ်း သည်လို ဆေးတော်မျိုး တလက် ငါ ကိုယ်တော်မြတ်ကြီး အတွက် စီရင်ပီး ဆက်ရမယ် ဗျာ ၊
မြန်မြန် စီရင်ပြီး ဆက်သပေတော့ ”
“ သည်ဆေးတော် ဆက်သရေး အတွက် လွယ်မရောင် နှင့် ခက်ခဲရတတ်ပါသည် ဘုရား ၊ အချိန်တော် အနည်းဆုံး ( ၆ ) လ ကြာပါမည် မင်းတရားကြီးဘုရား ( ၆ ) လ နှင့် မအောင်မြင်ပါလျှင် တနှစ် အထိ ကြာရှိတတ်ပါသည်ဘုရား”
“ ညီညီ အတွက် ဆက်သသည့် ဆေးတော် တုန်းက ဘယ်လောက် ကြာသလဲ ငခဲ ရဲ့ သည်လောက်တောင်
ကြာလေသည်လား ”
“ မှန်လှပါ ကနောင်ကိုယ်တော်ကြီး အတွက် ဆေးတော် စီရင်ချိန်မှာ အခါတော်သင့်လှသည်ဖြစ်၍ ၆ လ နှင့် အောင်မြင်ပါသည်ဘုရား ”
“ သည်ထက် မြန်အောင် ကြံစည်၍ မဖြစ်ပေဘူလား ငခဲ ရဲ့ ငွေ နဲ့ ရွှေ နဲ့စက်ပြီး အသုံးပြု စီရင်လို့ကော မရပေဘူးလား ငခဲ ရဲ့”
“ ဥစ္စာပစ္စည်းများ နှင့် စက်၍ အလဲအလှယ် ပြု မရနိုင်ကြောင်းပါ မင်းတရားကြီးဘုရား အခါတော်သင့်ပါမှသာ
၆ လ နှင့် ရနိုင်ကြောင်းပါဘုရား ”
“ သဟာဖြင့် ရှိစေတော့ဗျား ဆေးတော်စီရင်ဘို့ ဘဏ္ဍာတိုက်တော်မှ အလိုရှိသမျှသမားတော်ကြီး
ထုတ်ယူသုံးစွဲခွင့် ရှိစေဗျား”
“ ဆေးဘိုးဝါးခ ကုန်ကျရန်ကြောင်းမရှိပါ မင်းတရားကြီးဘုရား ၊ ကျွန်တော်မျိုးကြီး ကို မင်းတရားကြီးဘုရား
အလိုရှိတော်မူသော အရွယ်တော် ကိုသာ အမိန့်တော်မူပါဘုရား ”
“ အလို - တယ်ပီး ထူးခြားလှပါကလား ဟရို့၊ ငါ ကိုယ်တော်မြတ် အလိုရှိရာ အရွယ်အစား ဖြစ်အောင် နင် စီရင်ပေးနိုင်တယ် ဟုတ်စ ”
“ မှန်လှပါ ပြုလုပ်ပေးနိုင်ကြောင်းပါဘုရား ခန္ဓဗေဒကျမ်း နဲ့ ဘေသဇ္ဇ ဆေးကျမ်း အလိုအရ အရွယ်တော် ကို
ရှိသင့်သည် ထက် ပိုမိုပါလျှင်လည်း ဘေးမကင်းတတ်ပါ ၊ အသက်အန္တရာယ်ပင် စိုးရိမ်ရပါသည်ဘုရား -
ရောက်သင့်သည့် နေရာထက်လဲ ပို၍ မရောက်နိုင်ပါ ၊ မြင်း ဇက် နွား လက် လူ ချက် ဟု ဆေးပညာ
အလိုအရ ထိုနေရာများထက် ပို၍ မရောက်ရှိ နိုင်ပါ ၊ လိုသည်ထက် ပိုမို ပြုလုပ်ပါက ထိုသူ ကို သေဆေးကျွေးသည် နှင့် မခြားဘဲ အာရုံကြောများ ပြတ်၍ အသက်သေဆုံးရမည် အမှန်ပါ မင်းတရားကြီးဘုရား ”
“ သဟာဖြင့် ငါ့ ညီတော်ကနောင် အိမ်ရှေ့စံ ဘယ်လို ပြုမူသလဲ သူ့ ရဲ့ လုပ်နည်းလုပ်ဟန် သိရမှ
ပိုမို ကောင်းမည် ထင်ပါ့ ငခဲ ရ ”
“ ဆေးတော်စီရင်ရမည့် သူ ၏ အရပ်အမောင်း နှင့် လိုက်၍ ပြုလုပ်လျှင် အသင့်လျော်ဆုံးပါ ဘုရား ၊ အရပ်ရှည်သူ
ရှည်သင့်ပေသည် ၊ အရပ်ပုသူ မှာလည်း သူ့ အထွာနှင့် သူ သာ ကောင်းပါသည် ဘုရား ၊ ကနောင်အိမ်ရှေ့စံ
ကိုယ်တော်ကြီးမှာ သူ့ အထွာ နှင့် လက်နှစ်သစ် အစွန်းထွက် အတိုင်းအတာ ပေးပါသည် ဘုရား ”
“ သည်လို ဆိုလျှင် သင့်မြတ်လှပေသည် ၊ သမားတော်ကြီး ရေ့ ငါ ကိုယ်တော်မြတ် အတိုင်း
အတာ ကို လည်း ယခုပင် ပေးရမည်လား ”
“ သင့်မြတ်လှပါသည် ဘုရား ၊ သည် ပုရပိုက် ပေါ် ရေးသားပေးတော်မူပါ ၊ အလျား နှင့် လုံးပါတ် ကို မင်းတရားကြီးဘုရား အနှစ်သက်ဆုံး နှင့် ဘေးအကင်းဆုံး အရွယ်တော် ဖြစ်စေပါလျှင် ကျွန်တော်မျိုးကြီး ဆောလျင်စွာ ဆေးတော် ပြုစုပါမည်ဘုရား ”
မင်းတရားကြီးဘုရား လည်း သမားတော်ကြီးငခဲ ဆက်သသော ပုရပိုက် နှင့် ကန့်ကူဆံ ကိုင်ကာ စဉ်းစားရင်း ရေးလိုက်ဖျက်လိုက် နှင့် သုံးလေးကြိမ်မျှလောက် ပြုလုပ်ပြီးသည့် နောက်မှ ပုရပိုက် ကို သမားတော်ကြီး လက်သို့ ပေးအပ်လိုက်ရင်း ...
“ သည် ဆေးတော် ကို အောင်မြင် ချောမောစွာ နှင့် ဆက်သနိုင်လျှင် ငခဲ အတွက် ဆုတော် လာဘ်တော်များ
ပေးသနားတော်မူမဗျား ”
မင်းတရားကြီးဘုရား လည်း မိန့်တော်မူရင်း နေရာမှ ထတော် မူသဖြင့် သမားတော်ကြီးငခဲ လည်း
ခြေတော်ဦးခိုက်ရင်း ...
“ ကျွန်တော်မျိုးကြီး ကြိုးစား၍ ဆေးတော် ကို အမြန် ပြီးမြောက် အောင်မြင်စေရန် စီရင်၍ ဆက်သပါမည် မင်းတရားကြီးဘုရား ”
ပန်းခုံတော် မှ ထွက်တော်မူသော မင်းတရားကြီးဘုရား အား တင်လျှောက်လိုက်ပါသည် ။
( ၂ )
တခုသော နံနက်ခင်းပိုင်း တွင် ဘီးရိုးလှည်း တစီး သည် ရွှေနန်းတော် မြို့ရိုး အတွင်း ရှိ ပင်းတလဲစား ဦးရွှေမောင်ကြီး အိမ်တော်ဝင်း အတွင်း ဝင်ရောက်လာလေသည် ။ နံနက်စာ စားရန် ပြုနေသော ပင်းတလဲစားကြီး သည် မစားသေးဘဲ ဘီရိုလှည်း ဆီသို့ ကြည့်နေမိပါသည် ။ ထိုသို့ ကြည့်နေဆဲ ဘီရိုလှည်း အတွင်းမှ စဉ့်ဘူးငယ် တခု ကို ပိုက်လျက် ဆင်းလာသော သမားတော်ဦးခဲ ကို မြင်ရသည့် အတွက် ဝမ်းသာ အဲ့လဲ ခရီးဦးကြို ပြုသည့် အနေနှင့် ဦးခဲ ရှိရာသို့ ဆင်းသွားပါလေသည် ။
“ စောလှချည်လား သူငယ်ချင်းရာ ၊ ဘယ်ကို သွားမည့်ရည်ရွယ်ချက် ဖြင့် လာပေသနည်း ဆိုစမ်းပါ့ ”
“ တခြားသွားစရာ မရှိပါဘူး ငမောင် ရာ ၊ မင်းတရားကြီးဘုရား ထံ သွားဘို့ဘဲ ၊ သဟာ့ပေမင့် မြို့ဝင် တံခါး မှာ အိပ်ဖန်တော်သား တယောက် နှင့် တွေ့ရ၍ စုံစမ်းကြည့်လိုက်တော့ နင် အိမ်ပြန် အိပ်သည် ဟု သိရ၍
ဝင်လာခဲ့ချင်းပေပေါ့ ငမောင် ရာ ”
“ သည်လိုဆိုရင်လဲ မင်းတရားကြီး ထံပါး အခစား ဝင်ရင် ကျုပ်ပါ အတူ လိုက်စေချင်တဲ့ သဘောနှင့် အခေါ်လာသည် ထင်ပါ့ ”
“ အတူ လိုက်လိုလဲ အတူ သွားကြဘို့ပ ၊ နေရစ်ချင်သေးရင်လဲ သူငယ်ချင်း သဘောပေဘဲ ၊ ငါ့ အနေနဲ့ကတော့ နံနက်စာ ပွဲတော် မတည်မီ ဆေးတော် ဆက်သရမည် ငမောင်ကြီး ရ ”
“ အလို - အဘယ်သို့သော ရောဂါကြောင့် ဆေးတော် ဆက်ရမည်လဲ ငခဲ ရဲ့၊ မနေ့ကပင် မင်းတရားကြီးဘုရား ထံ ငါ အိမ်ပြန်ခွင့် တောင်းလေတော့ မင်းတရားကြီးဘုရား ကပင် ငခဲ ဆေးတော် အစားများသွားလေသလား ငမောင်ကြီး ရဲ့ လို့ ကြည့်စားတော် မူသေးသဟ ”
“ ဒါလို မဟုတ်ပေဘူး ၊ နင် တကယ် မသိသမို့ မေးသည်လား ငမောင်ကြီး ”
“ မသိရိုး အမှန်ပါ ငခဲ ရာ မင်းတရားကြီးဘုရား အရေးကိစ္စ နှင့် ပက်သက်ပြီး ဘယ်တုန်းကများ နင့် ကို ငါ သရော်ပြောင်ဘူးသည်လဲ ငခဲ ရဲ့”
“ သဟာဖြင့် နင် မေ့လို့သာ ဖြစ်ရမည်ပ ၊ ငါ ယခု ဆက်သရမည့် ဆေးတော် သည် ထွားဆေးကြီး ပ ”
“ ငါ့ အပြစ်ပ သူငယ်ချင်း ရ ၊ ငါ တကယ် မေ့နေမိပါ သဟ ငခဲ ရ ၊ သည် အကြောင်း ကို မင်းတရားကြီးဘုရား
မသိပါစေနှင့် ”
“ အေးပ - ငမောင်ကြီး ရ သည်ဟာလဲ ငါ့ တို့ နင် တို့ ကိုယ်ရေးမှ မဟုတ်မူဘဲ အမှတ်ရချင် မှ ရပေမပေါ့ ၊ ငါ ကိုယ်တိုင်ကလဲ မင်းတရားကြီးဘုရား အတွက် တာဝန်ပေးအပ် ခန့်ထားသည့် တပည့်တပန်း က အချိန့်စေ့ ရောက်ကြောင်း ပြောကြားလေမှ ဆေးတော် စီရင်ရသည် ငမောင်ကြီး ရ ၊ နှစ်ရှည်လများ ကြာတော့လဲ တာဝန်လစ်ဟင်းရသည့် အတွက် မဟုတ်ပေမင့် ကိစ္စများမြောင် လူတို့ဘောင် အတွင်း
ရုန်းကန်လှုပ်ရှားရသသူများ အဖို့ မေ့လျော့ပေမည်ပ ”
သဘာဝ ကျလှသော ငခဲ စကားကြောင့် ဦးရွှေမောင်ကြီး ခမျာလည်း ပြုံးရယ်လာနိုင်ခါ “ ငါ့ တို့ မင်း တို့ တတွေ ဟာ မင်းတရားကြီးဘုရား ၏ လက်စွဲတော်ကြီးများ ဖြစ်ကြသော်လည်း အရာရာတိုင်းမှာ မင်းတရားကြီးဘုရား အတွက် အလိုတော်ရှိသည် ဖြစ်ချင်မှ ဖြစ်ပေမည် ဆိုသော အသိကြောင့် ထမ်းရွက်သင့်သော တာဝန်ထက် ပိုမို မထမ်းရွက်မိဘို့ သတိရှိရ သည် မို့ မေ့သင့်သည့် ကိစ္စများမေ့ရသည် ပ ငခဲ ရ”
“ ဟုတ်လိုက်လေ သူငယ်ချင်း ရယ် ဒါမှသာ သစ္စာရှိသည် ။ ငယ်ကျွန်တော် ပီသပေမည်ပ - သဟာကြောင့် ငါ လည်း အလိုတော် ရှိမှသာ ပေးအပ်သည့် တာဝန်ကို ဦးလည်မသုန် ထမ်းရွက်ပေးသည်ပ - မင်းလိုလိုက် မင်းကြိုက်ဆောင်ရွက် သသူများ သည် မင်းမှုထမ်းကောင်း မဆိုသင့်ကြောင်း ငါ့ အမိ အဘ တို့ သင်ကြားခံ့ခြင်းလည်း ရှိခဲ့သည် ငမောင် ရဲ့”
သူငယ်ချင်းနှစ်ယောက် လည်း စိတ်ဝမ်းကြည်နူးခြင်း အပြည့် ဖြင့် တဦး နှင့် တဦး ဘက်လှဲတကင်း ပြုခါ နံနက်စာ အတူတကွ ထိုင်၍ စားသောက်ကြပါသည် ။
( ထိုမှန်ကန်သော စိတ်ထား ( ဖေါ်လံဖား ကင်းသည် ) မင်းမြှောင်စိုးကပ် စိတ်ဓါတ် မရှိသည့် အတွက် မင်းတုန်းမင်းတရားကြီး ဘဝနတ်ထံ ပြန်လွန်တော် မူပြီးသည့်နောက် ဦးရွှေမောင်ကြီး ကွက်မျက်ခြင်း ခံရသည့် တိုင်အောင် သီဘောမင်း နှင့် စုဘုရားလတ် တို့ ဆက်လက် မြှောက်စားခြင်းကို ခံခဲ့ရပေသည် ။ )
သူငယ်ချင်း နှစ်ယောက်လည်း လက်ရေတပြင်စီး စားသောက်ကြပြီးနောက် မင်းတရားကြီးဘုရား ထံ
ခစားရန် ထွက်ခွာသွားတော်မူကြပါလေသည် ။
မင်းတရားကြီး ထံတော် အပါး ခစားရောက်ရှိသည်တွင် မင်းတရားကြီးဘုရား ကပင် “ ငမောင်ကြီး နဲ့ သမားတော်ကြီး ငခဲ တို့ပါကလား အလို စဉ့်ဘူးကြီး နဲ့ ဘာတွေများပေလဲ ”
“ မှန်လှပါ မင်းတရားကြီးဘုရား အစီရင်ခိုင်းသည့် ဆေးတော်ပါ ဘုရား ၊ အောင်မြင်ပြီးစီးပါ သဖြင့် ပေးဆက်တော်မူရန် လာရောက်ခဲ့ရခြင်းပါဘုရား ”
“ ငါ ကိုယ်တော်မြတ် အတွက် ဆေးတော် ရကြောင်း ကြားသိရသောကြောင့် ဝမ်းမြောက်တော် မူပေသဗျ ”
“ ဆေးတော် စီရင်ရာတွင်လည်း တကြိမ်တခါတည်း ဖြင့် အောင်မြင်တော် မူ၍ ဘုရား ကျွန်တော်မျိုးကြီး လည်း
ဝမ်းမြောက်တော် မူပါသည် မင်းတရားကြီးဘုရား ”
“ သည် ဆေးတော် ကို မည်ကဲ့သို့ မှီဝဲရမည် ကို တင်လျှောက်စမ်းဘိ ငခဲ ရ ၊ ဘယ်အချိန် သောက်သုံး
ရမည်လဲ - ငါ ကိုယ်တော် တိုင် မြှော်လင့်ထားသည် မှာ အတော်ကြာပေပြီ မဟုတ်လား ”
“ ကျွန်တော်မျိုးကြီး ပေးဆက်တော် မူသော ဆေးအညွန်း အတိုင်းသာ သုံးဆောင်တော် မူပါ မင်းတရားကြီးဘုရား ”
( ထို ဆေးနည်း မှာ ယခု တိုင်အောင် စာရေးသူ လက်ဝယ် ရှိပါသေးသည် ၊ ထုတ်ဖေါ်ရန် သင့် မသင့် စဉ်းစား ချိန်ဆရန် လိုအပ်သည် ဟု ထင်မြင်မိသဖြင့် စားသုံးပုံ နှင့် ဆေးဖေါ်ပုံ ကို အခိုက်အတန့် အား ဖြင့် လျှို့ဝှက်ထားပါသေးသည် ။ )
“ ဆေးတော် သောက်သုံးတော်မူပြီးသည့် နောက် အကျိုးအကြောင်း ဘယ်တော့မှ သိရမည်လဲ ငခဲ ရ ”
“ မှန်လှပါ ။ ဆေးတော် ကို အညွှန်းအတိုင်း သုံးစွဲတော် မူပြီးသည့်နောက် သုံးရက်မြောက် သော အချိန်ကာလ မှ စ၍ တန်ခိုးတော် ပြပါလိမ့်မည် ။ ဤ ဆေးတော် သည် ချိန်ဆ ပြုပြင် စီရင်ထားသည်ကြောင့် ဘေးအန္တရာယ် ဖြစ်စရာ အကြောင်း မရှိပါ မင်းတရားကြီးဘုရား”
“ နင့် ဆေးတော် အတွက် လက်ဝတ်တော် ပတ္တမြားလက်စွပ် တကွင်း ၊ ရွှေစင်တဆယ် ( ပိဿာ ) နှင့် ငွေချိန်တရာ ပေးသနားတော်မူတယ်ဗျား ။ ငါ ကိုယ်တော်မြတ် စိတ်တိုင်းကျ တကယ် ဖြစ်လာပြီဆိုရင် ထပ်မံ မြှောက်စားတော်မူမဗျား ...”
“ ဝမ်းမြောက်လှကြောင်းပါ ဘုရား ။ ကျွန်တော်မျိုးကြီး တတ်ကျွမ်းသော ပညာဖြင့် မင်းတရားကြီးဘုရား အတွက် ပူဇော်ခြင်း ဖြစ်ပါသဖြင့် ဆုတော်လာဘ်တော်များ ကို မမြှော်လင့်ကြောင်းပါ မင်းတရားကြီးဘုရား ”
ဘဝရှင်မင်းတရားကြီးဘုရား လည်း သမားတော် ဦးခဲ တင်လျှောက်ချက် ကို ပြုံး၍ နားဆင်တော် မူရင်း ဦးရွှေမောင်ကြီး ဘက်သို့ လှည့်၍ အမိန့်တော် မှတ်တော်မူပါလေသည် ။
“ ဟဲ့ ငမောင်ကြီး ... ငါ ပေးသနားတော်မူတဲ့ ရွှေတော် ငွေတော်များ ကို ဘဏ္ဍာတိုက် မှ ထုတ်ယူပြီး
သမားတော် ငခဲ အိမ် အရောက် ပို့ပေးတော် မူစေဗျား”
မင်းတရားကြီးဘုရား မျက်နှာတော် လွှဲတော်မူသွားသဖြင့် ဦးရွှေမောင်ကြီး နှင့် သမားတော်ကြီး ဦးခဲ တို့လည်း
မင်းတရားကြီးဘုရား အား ဦးခိုက်လျက် ထွက်ခွာတော် မူခဲ့ကြပါသည် ။
( ၃ )
မင်းတုန်းမင်းတရားကြီးဘုရား သည် နံနက်ညီလာခံ ကျင်းပပြုလုပ်ရာ ညီလာခံ ခန်းမဆောင်မှ အရှေ့ဘက်ရှိ ပထမ ဇေတဝန်ဆောင်တော်ထဲတွင် မိဖုရားကြီးများ ၊ အခြွေအရံ သင်းပင်းများနှင့် စကားပြောနေသခိုက် ဦးရွှေမောင်ကြီး ဆိုက်ရောက်သွားပါသည် ။ ရှမ်းစော်ဘွား နှင့် တူသူ တဦး နှင့် ရှမ်းမငယ် ချောချော တယောက် ၊ ရှမ်းအမှုထမ်း တချို့ ပါရှိသော ဧည့်သည်တော် အဖွဲ့ တဖွဲ့လည်းခစားလျက် ရှိနေပါသဖြင့် ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ကို တိတ်ဆိတ်စွာ နှင့် ခစားနေပါသည် ။ မင်းတရားကြီးဘုရား လည်း ဧည့်သည်တော်များဘက် လှည့်ရင်း ...
“ သိန္နီစော်ဘွားကြီး ရပ်ရွာနယ်ပယ် အေးချမ်းသာယာသည်များ ကြားရသည့်အတွက် ကိုယ်တော်မြတ်ကြီး
စိတ်ဝယ် ကြည်နူးခြင်း ဖြစ်မိပေသည်ဗျား ”
“ ကမ္ဗောဇ ရှမ်းပြည် တလွှားရှိ စော်ဘွားအားလုံး တို့ ၏ သစ္စာတော် ခံယူထားရှိသော ဘဝရှင် မင်းတရားကြီးဘုရား ၏ နေပြည်တော် သည် လက်နက်လူသူအင်အား တောင့်တင်းလှသည့်အတွက် နယ်ရှင် ၊ ပယ်ရှင်များကိုပါ လိုလားလေးစားလာရခြင်း ဖြစ်ရပါသည် ။ ထိုသည်အတွက် မင်းတရားကြီးဘုရား ဘုန်းရိပ် ကံရိပ် ခိုလှုံကြရသူများ နယ်ပယ်များ အေးချမ်းရခြင်း ဖြစ်ကြောင်းပါဘုရား ”
“ သင့်မြတ်လှပေတယ် ... စော်ဘွားကြီး ကိုလည်း ဘွဲ့တံဆိပ်တော်များ အပ်နှင်းပြီး ဆုတော်လာဘ်တော်များ ပေးသနားတော်မူရမယ်ဗျ”
စော်ဘွားကြီး ကို မိန့်တော်မူပြီးသည် နှင့် တဆက်တည်း မင်းတရားကြီးဘုရား သည် ဦးရွှေမောင်ကြီး ဘက် သို့
လှည့်လျက် ...
“ ငမောင်ကြီး နားတော်ခံ မင်းထင်ကျော်ခေါင် ကို ဆင့်ဆို၍ နေ့ညီလာခံသဘင် တွင် သိန္နီစော်ဘွားကြီး နှင့် သမားတော်ကြီး ငခဲ ကို ဘွဲ့တံဆိပ်နာမတော်များ ခတ်နှိပ် ချီးမြှင့် သူကောင်းပြု၍ ဆုတော်လာဘ်တော်များ ပေးသနားရမည် ကို အစီအစဉ်ပြုပါ ... သမားတော် ငခဲ ထံလည်း ငမောင်ကြီး ပင်အချိန်မှီ မြင်းလျင် လွှတ်၍ အကြောင်းကြားပါဘိ ”
“ ဗျာဒိတ်တော်မြတ် အတိုင်းပါ ဘုရား ” ဟု ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား အား ဦးခိုက်လျက် ဘွဲ့အပ်နှင်းရေး ကို စီစဉ်ဆောင်ရွက်ဖို့ ရှေ့တော် မှ ထွက်လာခဲ့ပါသည် ။ ဦးရွှေမောင်ကြီး အနေဖြင့် သူငယ်ချင်း ရောင်းရင်း ငခဲ ဘွဲ့တံဆိပ်တော် ထပ်မံ ချီးမြှင့်ခံရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါသည် ။
xxxxx xxxxx xxxxx
သမားတော် ဦးခဲ ဘွဲ့ ခြီးမြှင့်ရေး တွင် အခက်အခဲ တွေ့ရှိရကြောင်း နားတော်ခံမင်းထင်ခေါင် က ဦးရွှေမောင်ကြီး အား ညည်းညည်းညူညူနှင့် ပြောကြားပါသည် ။ “ ကိုရင် ရွှေမောင်ကြီး ရ သမားတော် ဦးခဲ အတွက် ဘွဲ့တံဆိပ် ဂုဏ်ထူးတော် ချီးမြှင့် ပေးသနားတော်မူဘို့က ခက်နေကပြီဘဲ ၊ ရွှေနန်းတော်အတွင်း အမှုထမ်းဘို့ ဘုရင်သမားတော် အဖြစ် အသိအမှတ် ရ ကတည်းက ဘိသက္ကရာဇရာဇ ဘွဲ့ ကို အပ်နှင်းရပေသဗျ ၊ နောက် တဆင့် ထက် တဆင့် တက်ပြီး ပညာသိဒ္ဒိ ဆိုသည့် အမြင့် ဆုံး ဆေးပညာဘွဲ့ထူး ကို ချီးမြှင့်တော် မူပြီးသားကဘဲ ”
“ ကျုပ် လဲ မှတ်မိပါတယ် မင်းတရားကြီးဘုရား အလိုတော် အရ သူငယ်နာ အထူးကု အဖြစ် အသိအမှတ် ပြုပြီး
ဘေသဇ္ဇပါရဂူ ဘွဲ့ ခြီးမြှင့်တော် မူသည်ကို သိသည်ပ နားတော်ခံကြီး ရ”
“ ဟုတ်လိုက်လေ ကိုရင်ရွှေမောင်ကြီး ရဲ့ အဆင့်ဆင့်ဘွဲ့တွေ တမျိုးပီး တမျိုး ရထားသည်က တကြောင်း ၊ အမြင့်ဆုံး ဆေးပညာဘွဲ့ အထွဋ်ထိပ်ဘွဲ့ထူးမျိုး ရရှိပြီး သသူ ကို ကျုပ်တို့ က ဘယ်လို နောက်ထပ် ဘွဲ့တံဆိပ်နာမံတော် ခတ်နှိပ်ရပေမယ် ဆိုက ကိုရင်ရွှေမောင်ကြီး ဘဲ အကြံပေးစမ်း ပ ”
“ သည်လို ဆိုရင်ဗျာ ရွှေလွှတ်တော် မှတ်တမ်း ရွှေဘုံ နိဒါန်း ဗြဲတိုက်တော် မှတ်တမ်း တွေ ကို ကြည့်ရှုစစ်ဆေး
ဘွဲ့ပေးခြီးမြင့်ပုံ ကို လေ့လာလိုက်ရင် ပြီးစီးနိုင်မည် ထင်ရသည်ပ နားခံတော် မင်းထင်ကျော်ခေါင်ကြီး ရယ် ”
“ ကျုပ် ကိုယ်တိုင် အပြန်အလှန် စစ်ဆေးပြီးကပြီမို့ ကိုရင် ရွှေမောင်ကြီး ဆီ အကူအပံ့ ယူရသည်ပ ကုန်းဘောင်ခေတ် တခတ်လုံးတွင်လည်း သည် လို အမြင့်ဆုံး ဘွဲ့ထူး ကို နှစ်ကြိမ် ခြီးမြင့်ခြင်း မရှိခဲ့ဘူးသေးပါ ယုတ်စွအဆုံး ရာဇဝင် တွင် မရှိသေးသမို့ မည်သို့မျှ မကြံတတ် မစီရင်တတ်အောင် ဖြစ်ရခြင်းကြောင့် ကိုရင်ရွှေမောင်ကြီး ထံမှ အကူအပံ ယူလိုသည်ကြောင့် အကြံတော်သစ် တောင်းခံရခြင်းပေကပဲ ”
ဦးရွှေမောင်ကြီး လဲ နားတော်ခံ မင်းထင်ကျော်ခေါင် ထံမှ မည်သို့မှ မကြံတတ်အောင် ငခဲ အတွက် ဘွဲ့တံဆိပ်တော် ချီးမြှင့်စရာ မရှိသလောက် ဖြစ်နေရသည်ကို ကြားသိရသည့်အတွက် ဂုဏ်ယူချင်စိတ်များ ပင် ပေါ်ပေါက်လာရပါသည် ။ ဘွဲ့တံဆိပ်တော် ခြီးမြင့်ရေး အတွက် ကျွမ်းကျင်လိမ္မာလှသူ မင်းထင်ကျော်ခေါင် ပင် မဖြေရှင်းနိုင်သည့် ပြဿနာ ကို မင်းတရားကြီးဘုရားထံ တင်ပြနေလျှင်လည်း မင်းတရားကြီးဘုရား ကိုယ်တိုင် မဖြေရှင်းနိုင်ဘဲ ဖြစ်နေမည်ကို ဦးရွှေမောင်ကြီး အတတ် သိပါလေသည် ၊ မိမိ နှင့် နားတော်ခံ မင်းထင်ကျော်ခေါင် တို့က ဝတ္တရားအရ လျှောက်တင်ပြန်ပါကလည်း မိမိတို့ နှစ်ယောက် အား ပြန်လည် တာဝန်ပေးမည် ဖြစ်ပါသည် ။ မင်းတရားကြီးဘုရား သည် မင်းကျင့်တရားဆယ်ပါး နှင့် အညီ အုပ်ချုပ်သူ ဖြစ်သဖြင့် ဌာနဆိုင်ရာ ပိုင်ရာ တို့ ထံမှသာ ကိစ္စတခု ကို အပြီးတိုင် ဆုံးဖြတ်လေ့ ရှိကြောင်း ဦးရွှေမောင်ကြီး သိရှိနားလည်ပြီး ဖြစ်ပါသည် ။
ငခဲ အား ဘွဲ့ခြီးမြှင့်ဘို့ အရေးအခင်းမှာ မပြီးမပြတ် ဖြစ်နေပါက မင်းတရားကြီးဘုရား ရွှေစိတ်တော် ငြို အလိုတော် မကျ ဖြစ်နေမည်လည်း စိုးနှောင့်ရသည် မို့ နားခံတော် မင်းထင်ကျော်ခေါင် အကြံပြုသည့်အတိုင်း ပညာ သိဒ္ဒိဘွဲ့ နှစ်ထပ်ကွမ်း ပေးရန် ဆုံးဖြတ်လိုက်ကြသည် ။
နေ့ညီလာခံ အခမ်းအနားတွင် ပင် ဘဝရှင်မင်းတရားကြီး ကိုယ်တော်တိုင် သမားတော်ကြီး ငခဲ အား ထူးထွေဆန်းပြားသည့် ဘေသဇ္ဇ အတတ် တွင် တဘက်ကမ်းခတ် တတ်မြောက်သူ ဖြစ်သည့် အတွက် ပညာ သိဒ္ဒိ ကျော်ခေါင် (ပညာ သိဒ္ဒိကျော်ခေါင် ) ဘွဲ့တံဆိပ်နာမံတော် ခပ်နှိပ် ချီးမြှင့်တော် မူရကြောင်း မိန့်တော်မူရင်း ဘွဲ့ချီးတော် မူပါလေသည် ။ ငခဲ ရရှိ သော အဘိုးတန်ပစ္စည်း အမြောက်အများ ကိုလည်း လှည်းနှစ်စီးဖြင့် တိုက်ပို့ရပေမည် ။
နှမတော် နှင့် လက်ဆောင် ပဏ္ဏာများ ဆက်သတော် မူသော စော်ဘွား အားလည်း ဘွဲ့တံဆိပ်တော် နှင့် ပတ္တမြားလက်ဝတ်တော် စသော ပိတ်အုပ် နှင့် ကတ္တီပါစ စိန့်တိုင်းပြည် ဖြစ် ဖဲကြီးလိပ် ပိုးစအုပ် အခြား ဆုတော် လပ်တော် အများအပြား ပါဝင်လေသည် ။
သိန္နီစော်ဘွား ဆက်သသော နှမတော် မှာ ရုပ်ရည်ချောမောလှပ ရိုးမှန်သော်လည်း အသက်အရွယ် နုငယ် လွန်းပုံ ရပါလေသည် ။ ကုမ္မာရီ မဖြစ်မှီ ဂေါရီ အရွယ် ၁၂ နှစ် သာ ရှိပေဦးမည် ဟု ဦးရွှေမောင်ကြီး အပါအဝင် မှုးကြီးမတ်ရာ သေနာပတိကြီး များ အားလုံးလို ကပင် မှန်းဆပါလေသည် ။
ညီလာခံသဘင် နှင့် ဘွဲ့အခမ်းအနား ပြီးစီးသည်နှင့် ငခဲ ကို ပစ္စည်းများ စုဆောင်းပေးအပ်သည် တွင် “ ငမောင်ကြီး သည်နေ့ည တို့များ ငယ်ပေါင်းကြီးဘော်များတွေ နှင့် ရင်းနှီးသသူတွေ အားလုံး စုရုံးပြီး ပျော်ပျော်ပါးပါး သောက်စားကြဘို့ ငါ့ အိမ် လာခဲ့ စေချင်သကွာ”
“ မင်းတရားကြီးဘုရား ထံတော် အခွင့် ပန်ပြီး လျှောက်ထားလို့ လာခွင့် ပေးခဲ့ရင် လာခဲ့မဗျ ” ဦးရွှေမောင်ကြီး လည်း ငခဲ ဘိတ်မန္တက ပြုချက် ကို ခြွင်းချက် ဖြင့် လက်ခံလိုက်ပါသည် ။ မင်းတရားကြီးဘုရား အား အကျိုးအကြောင်း ပြောပြလျှောက်တင်သည်တွင် သွားခွင့်ပြုတော်မူ လိုက်ပါသည် ။ ဦးရွှေမောင်ကြီး လည်း နန်းမြို့တံခါး မပိတ်မှီ မြင်း စီး၍ သမားတော်ငခဲ အိမ် ရှိရာ မလွန်ရပ် သို့ သွားရောက် ပါတော့သည် ။
ဦးရွှေမောင်ကြီး ဆိုက်ရောက်ချိန်တွင် သမားတော်ဦးခဲ အိမ်မှ ထမင်းစားပွဲ တွင် မင်းပရိသတ် အတော် စုံလင်နေပေပြီ ၊ ကနောင်အိမ်ရှေ့စံ ကိုယ်တော်ကြီး သားတော်များ ဖြစ်သော ထန်းတပင်မင်းသား ၊ မလွန်မင်းသား တို့လည်း ပါဝင်ကြပေသည် ။ မြို့ဝန် ဦးသာအို ၊ လှေသင်းတွင်း ဝန်မင်း ၊ ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် စသော ဦးခဲ နှင့် ရင်းနှီးသော အပေါင်းအသင်း များသာ ဖြစ်ကြပါလေသည် ။ အရပ်သူ အရပ်သားများ အတွက်လည်းအငြိမ့်ပွဲ တခုလည်း ကျင်းပ ပေးပါသည် ။
အကျွေးအမွေး များလည်း စုံလင်လှပါလေသည် ။ အသားကင် အမျိုးမျိုး အကြော် - အကင် - အလှော် - အပြုတ် - အပါင်း စသည့်ချက်ပြုတ်နည်း မျိုးစုံနှင့် အသားစုံ တို့ ကို တသီးတခြားစီ ဒေါင်းလန်းကြီးများဖြင့် အပြည့်အမောက် ထည့်ထားပါသည် ။ သောက်စရာ ယမကာ များတွင်လည်း သင်္ဘောအရက် ၊ ချက်အရက် ၊ ထန်းရည် ၊ ပေရည် ၊ ကဇော် စသည်တို့ကို ဘူးများ ၊ ပုလင်းများ ၊ ဝါးကျည် များဖြင့် အလိုရှိ သလို သောက်သုံးနိုင်ရန် ပြင်ဆင်ထားပါသည် ။ နှီးဖလားများဖြင့် ခပ်၍ အလိုရှိ သလို အဆင်သင့် သောက်သုံး နိုင်ရန် ဧည်းခန်းဒေါင့်တိုင်း ရှိ စင်များပေါ်တွင် တင်ထားပါသည် ။
ဦးရွှေမောင်ကြီး လည်း ဆင်ဝင်မှ ထွက်လျက် အငြိမ့်ပွဲ ကို ကြည့်ရင်း စိတ်လွတ်ကိုယ်လွတ် နှင့် သောက်စားပျော်ပါးနေပါသည် ။ ရွှေပြည်ဝန်ကြီး လည်း ဦးရွှေမောင်ကြီး ကို ကြည့်လျက် ကနောင်အိမ့်ရှေ့စံ ကိုယ်တော်ကြီး အား နံနက်ခင်းပိုင်း မှ စစ်ဘုရင်ထိုးပွဲ အကြာင်း လျှောက်ထား ပြောကြားနေပါသည် ။ သမားတော် ဦးခဲ လည်း ဘေးမှ ထိုင်ရင်း တိတ်ဆိတ်စွာ နားထောင်နေပါသည် ။
ဦးရွှေမောင်ကြီး ၏ မထိတထိ နှင့် ကျီစယ်ချက် ကို မခံမရပ် နိုင်သော တိုင်းတာမင်းကြီး ဦးဖိုး စစ်တုရင် ခုံ ကို ချေထောက် ကန်ကျောက်ပစ်ပုံ ပြောပြရာ ကနောင် အိမ်ရှေ့ ကိုယ်တော်ကြီး မှာ လက်ခုပ်လက်ဝါး တီးခတ်တော် မူရင်း တဟားဟား နှင့် ရယ်မောတော်မူလေသည် ။ မင်းကြီး ဦးကောင်း လည်း ဦးရွှေမောင်ကြီး ထွက်ခွာ သွားပြီး နောက်မှ တိုင်းတာ မင်း ကို ဆက်လက်၍ ထိုးပုံတွေကိုလည်း အသေးစိပ် တင်လျောက်နေပါသေးသည် ။
ကနောင် အိမ်ရှေ့စံ ကိုယ်တော်ကြီး သည် ပျော်ရွှင်ရွှတ်နောက်တတ်သူ ပီပီ ပျော်ရွှင်ရွှတ်နောက်ပုံ စကား ကြားရလျှင် အားရတော် မူလေ့ရှိပါသည် ။ ဦးဖိုး ကို သာသာ နှင့် အနိုင် စကား စစ်ထိုးနိုင်သူ ဦးရွှေမောင်ကြီး အား ခေါ်တော်မူ၍ ...
“ ငမောင်ကြီး နောက်တခါ တိုင်းတာမင်းကြီး ဦးဖိုး နှင့် နင် တို့ စစ်တုရင် ထိုးကြမယ်လို့ ချိန်းဆိုရင် ငါ ကိုယ်တော်မြတ်ကြီး ကိုလဲ အကြောင်းကြား လျှောက်တင်ပါ့ ၊ ငါ ကိုယ်တော်တိုင် လာရောက်
ရှုစားတော်မူမဗျား ”
“ မှန်လှပါ အခိုက်အတန့် မှာတော့ ကျွန်တော်မျိုးကြီး နဲ့ စစ်တုရင်ထိုး ဘို့ ဦးဖိုး အမှန် ငြင်းဆိုပါလိမ့်မည် ဘုရား ၊ တလကိုးသီတင်းလောက် ရှိပါလျှင် သူ စိတ်ပြေချောတဲ့ အခါကြမှ ကျွန်တော်မျိုးကြီး ချိန်းဆိုလို့ ရပါလိမ့်မည်ဘုရား ”
“ အိမ်း ... သူ နဲ့ ငမောင်ကြီး တို့ စစ်တုရင် ထိုး တာ ကြည့်လို့ ကောင်းသလို စကား စစ်ထိုးတာလဲ
နားထောင် လို့ ကောင်းတဲ့ အကြောင်း မကြာ မကြာ ပြောဘူးသည်ပ ”
“ ကျွန်တော်မျိုးကြီး က သူ့ ကို မရိ လျှင် သူ က ကျွန်တော်မျိုးကြီး ကို ကျီစယ်လေ့ ရှိပါသည် ဘုရား ၊
စိတ်ဆိုးအောင် ကျီစားမိပြန်ရင် လဲ တလကိုးသီတင်း တော့ စိတ်ကောက်ရိုး ထုံးစံလို ဖြစ်နေပါသည်ဘုရား ”
“ လူကြီး ဆိုတော့ သူတို့ က နေရာတကာ အနိုင်ယူလိုတဲ့ သဘောပ ငမောင် ရာ ၊ ယုတ်မာတဲ့ စိတ်ထားတော့ ရှိပုံ မရပါဘူး ”
“ ကနောင်ကိုယ်တော်ကြီး မိန့်တော်မူသည့် အတိုင်းပါဘုရား ၊ ကျွန်တော်မျိုးကြီး ကလဲ အမြဲတမ်း
အနိုင် ယူနေပါက နောင် ကစားဘို့ ခေါ်မရမည် စိုး၍ အရှော့ပေးရသည်များကို သူ မသိတော်မူဘဲ
ဂုဏ်ရောက်လေ့ ရှိပါသည်ဘုရား ”
စကားတပြောပြော နှင့် သောက်ကြစားကြရာ သက်ကြီးခေါင်းချချိန် ရောက်သည်တွင် အိမ်ရှင် ဦးခဲ နှင့် ရွှေပြည်ဝန်ကြီး နှစ်ပါးသာ အရက် မသောက် တတ်ကြ၍ ကျန်လူ အားလုံး တုံးလုံး ပက်လက်နှင့်လဲနေကြပါသည် ။ ဦးရွှေမောင်ကြီး နှင့် ကနောင် ကိုယ်တော်ကြီး တို့မှာ တဦး နှင့် တဦး ဖက်လျက် ဆင်ဝင်ထက်တွင် လဲနေကြပါလေသည် ။ ရွှေပြည်ဝန်ကြီး က ဦးခဲ အား ကနောင်ကိုယ်တော်ကြီး ကို ဘယ်လို ပြန်ပို့ရမည် ကို မေးစမ်းနေပါသည် ။ ဦးခဲ က အရေးမကြီးကြောင်း ။ သူ့ အိမ် တွင် သိပ်ထားလျှင် ဖြစ်နိုင်ကြောင်း ။ ကနောင်ကိုယ်တော်ကြီး မှာ သူ့ အိမ် တွင် မကြာမကြာ လာရောက် သောက်စားတတ် ၊ အိပ်စက်တော် မူတတ်ကြောင်း ပြောပြမှ ရွှေပြည်ဝန်ကြီး လည်း ခေါင်းတညိမ့်ညိမ့် နှင့် ကျေနပ်သွားပါသည် ။
အငြိမ့်ပွဲ မှာ သမားတော် ဦးခဲ ချီးမြှင့်ထားတော်သော ဆုတော်လာဘ်တော်များ ကြောင့် အစွမ်းကုန် ကပြ အသုံးတော်ခံနေသည် ၊ ပရိသတ်မှာလည်း ဩဘာသံမစဲဘဲ အော်ဟစ်အားပေးနေကြပါသည် ။ နံနက်လင်းလျှင် ဦးရွှေမောင်ကြီး မှာ အရက်နာ ကျနေသေးသဖြင့် ခေါင်း မထူနိုင်သေးပါ ။ ထို့ကြောင့် ဦးခဲ ၏ ဘီရိုလှည်း ဖြင့် နန်းမြို့တွင်း မှ သူ့ အိမ် သို့ ပြန်ပါလေသည် ၊ အိမ် ရောက်ပြီး ရေမိုးချိုးကာ ပြန်အိပ်ပါလေသည် ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဦးရွှေမောင်ကြီး အား သူ ၏ အမှာစကား အရ ငယ်ကျွန်လက်ဆွဲ ငဗိုက်ပြဲ လာရောက်၍ မရဲ တရဲ နှိုးပါသည် ။
ဦးရွှေမောင်ကြီး လည်း ငဗိုက်ပြဲ နှိုးလာလျှင် လာချင်း အိပ်ချင်သော စိတ်များကို မျိုသိပ်ခါ ဝတ္တရားမပျက် ညီလာခံ တက်ရန် ပြင်ဆင်ရပေမည် ။ ဦးရွှေမောင်ကြီး အိပ်ရာမှ ထချိန် သည် နေမွန်းတည့်လုနီး အချိန်ဖြစ်ပါသည် ။ တံပူ ဖြင့် သွားများ ကို တိုက်၍ မျက်နှာသစ်ပြီး အဝတ်အစားလဲလှယ်နေစဉ် ထမင်း အပြင်ခိုင်းကာ တက်သုတ်ရိုက် စားပါတော့သည် ။
ဦးရွှေမောင်ကြီး နန်းတော် အတွင်း ရောက်၍ နေ့ညီလာခံ အချိန် အနည်းငယ် လိုသေး၍ မင်းတရားကြီးဘုရား စံနေတော်မူရာ ဘောင်းတော်ဆောင်တွင် အခစား ဝင်ပါသည် ။ မင်းတရားကြီးဘုရား လည်း အခစား ဝင်လာသော ဦးရွှေမောင်ကြီး အား ...
“ ငမောင်ကြီး ငါ ကိုယ်တော်မြတ်ကြီး အား သိန္နီစော်ဘွား ဆက်သတော်မူသည့် နှမတော်လေး ကို ရွှေနန်းတော်အတွင်း မှာ ရှိသည့် မြောက်ဥယျာဉ်တော် ဗုတ်တလုတ်ရေကန် စသည်တို့ကို လိုက်လံ ပြသရမည် နေ့ညီလာခံစဲချိန် တွင် တောင်ဥယျာဉ်တော် ရေကြည့်နန်းဆောင်တော် မှ ငါ ကိုယ်တော်မြတ်ကြီး အား စောင့်စားဖူးမြှော် စေရမည် ကို ငမောင်ကြီး အစီအစဉ် ပြု၍ လိုက်လံ ပြသရမည်ဗျား”
“ မှန်လှပါ ဘဝရှင်မင်းတရားကြီးဘုရား ကျွန်တော်မျိုးကြီး အသျှင့်မိဖုရားလေး အား မည်သည့် မိဖုရားကြီး ထံမှ ခေါ်တော်မူရမည် ကို အမိန့်တော် ရှိတော်မူပါမည့် အကြောင်း တင်လျှောက်ပါသည်ဘုရား”
“ ဟုတ်ပေသဗျ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီး အထံတော်တွင် ရွှေနန်းတော်ကြီး ထုံးတမ်း စဉ်လာ တတ်သိစရာများ ကို သင်ကြားဆုံးမပေးရန် အပ်နှံထားသည်ပ ငမောင်ကြီး အား ငါ အမိန့်တော် မှတ်၍ ပြသရမည်ကို တင်လျှောက်ခါ အချော့တော် အချီတော် နှစ်ပါး ထည့်ပေးရမည်ကိုလည်း ပြောပ ၊ ငမောင်ကြီး ကလည်း ရေကန်တော် ဥယျာဉ်တော်များ အကြောင်း နှမတော်လေး ကို ရှင်းလင်း တင်လျှောက်ကြားရမည် ”
“ ဗျာဒိတ်တော်မြတ် အတိုင်းပါဘုရား” ဦးရွှေမောင်ကြီး မင်းတရားကြီးဘုရား အမိန့်တော် အတိုင်း ဆောင်ရွက်ရန် ဆင်ဖြူမရှင် မိဖုရားကြီးဘုရား ၏ အလယ်နန်းမဆောင် သို့ လှမ်းကြွပါလေသည် ။ မင်းတရားကြီးဘုရား အမိန့်တော်ရှိလိုက်သည့် အတိုင်း အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီး ကို တင်လျှောက်သည်တွင် အချီတော် အချော့တော် နှစ်ယောက် နှင့် အတူ ဦးရွှေမောင်ကြီး နောက်သို့ မင်းသမီးလေး ကို ထည့်လိုက်ပါလေသည် ။
ဦးရွှေမောင်ကြီး လည်း မြောက်ဥယျာဉ်တော် အတွင်း သို့ လိုက်လံ ပြသရင်း သားတော် သမီးတော်များ
ကစားရာ ဂူများ လိုဏ်များ ပါ မကျန် ပို့ဆောင် ပြသပါသည် ။ တခုစီလဲ ရှင်းလင်းလျှောက်ထား၍
ရှုစားစေပါသည် ။ မြောက်ဥယျာဉ်တော် အတွင်း စုံစေ့အောင် ပြပြီးသည့်နောက် တောင်ဥယျာဉ်တော် အတွင်းသို့ ခေါ်ဆောင်သွားပါသည် ။ နေ့ညီလာခံ စဲချိန်တွင် မင်းတရားကြီးဘုရားအား တောင်ဥယျာဉ်တော်အတွင်း ဖူးမြော်ရန် အမိန့်တော် ပါရှိလာကြောင်း မင်းသမီးလေး အား တင်လျှောက်ပါသည် ။
တောင်ဥယျာဉ်တော် အတွင်းမူ ကျောက်ဂူ လိုဏ်ခေါင်းများ အရောက်တွင် မင်းသမီးလေး ရွှေစိတ်တော်
ကြည်နူး၍ သီချင်းပင် ရှမ်းသံဝဲဝဲလေးဖြင့် သီဆိုပါသည် ။ ဦးရွှေမောင်ကြီး လည်း သီချင်းသံ ကြားရစဉ်
မသိမသာ ပြုံးမိပါသည် ။ ဂေါရီ အရွယ် ရောက်ရုံမျှဖြင့် မိဖုရား ဖြစ်လာ၍ ကလေးစိတ် မကုန်သေးသော အဖြစ်ကို ဦးရွှေမောင်ကြီး နားလည်သွားပါသည် ။ အချော့တော် နှင့် အထိမ်းတော် မမများ ကိုပင် သီချင်း ဆိုရန် မိန့်တော်မူနေပါသေးသည် ။ တောင်ဥယျာဉ်အတွင်းရှိ ရေကြည့်စံနန်းတော် ပေါ်သို့ မင်းသမီးလေး အား ပို့ဆောင်ပေးပြီးနောက် ဦးရွှေမောင်ကြီး လည်း မလှမ်းမကမ်း မှ ခစားနေပါသည် ။
မင်းတရားကြီးဘုရား လည်း မရောက်တော် မူလာသေးသည် နှင့် ရေကြည်စံနန်းတော်လေး တဘက်အစွန်း အီတာလျံ ကျောက်ဖြူသား တို့ နှင့် ပြီးစီးသည့် သလွန်တော်ပေါ် တွင် မင်းသမီးလေး စံတော်မူရင်း ရွှေငါး ငွေငါး လေးများကို ရှုစားတော်မူနေပါသည် ။
ပဒုမ္မာ ကြာဖက်ကြီးများ ပေါ် သို့ တက်ချည်ဆင်းချည် နှင့် ရေထဲတွင် မြူးထူးပျော်ပါးနေသည့် ဖားကလေးများ ကိုလည်း တွေ့မြင်ရ၍ မင်းသမီးကလေး သည် ရွှင်မြူးနေပါသည် ။ အချီတော်ကြီးများ ဆက်သသော ရွှေဖလားကြီး အတွင်း မှ ငါးစာများကို နိုက်ယူပစ်ခတ် ကျွေးမွေးကာ အပျော်ကြီး ပျော်နေပါသည် ။ နေရောင်ခြည် အင်အားကြောင့် ပွင့်ကား ဝေဆာလာသော ပဒုမ္မာကြာဖြူ ပွင့်ကြီးများမှာလည်း အမွှေးရနံ ကို ထုံသင်းစေပါသည် ။ ညင်းလေသွဲ့သဖြင့် တနွဲ့နွဲ့ တယိုင်ယိုင် အိကာ လှုပ်ရှားနေသော ပွင့်ကြာချပ် တို့ကို ရေစို တဝက်မဆို နှင့် ဖြန်းပက်နေသကဲသို့ ရှိနေသည်ကို မြင်ရသူအား လှုပ်ရှားစေပါသည် ၊ အသဲယားစေပါသည် ။
ရေကြည့်စံနန်းတော် တခိုတွင် အလျှိုလျှို နှင့် ကြာဝတ်မှုံ အရည်အသွေး ကို သောက်သုံးလို၍ ပျံဝဲနေသော လိပ်ပြာစုံတွဲ ပိတုန်းမောင်နှံစုံတို့သည်လည်း ဖို - မ သံပေးနေသယောင် မောင်နှံစုံ ယှဉ်တွဲ၍ ပျော်ပွဲကြီးခံနေသည်တို့ကို မြင်နေရသော မိဖုရားလေး စိတ်တော် တွင် ခံစားမှု ရှိနေပြန်ပါသည် ။ မကြာ မတင်သော ကာလတွင် သူမ ၏ ကာမပိုင်လင်သား ဖြစ်သော မင်းတရားကြီးဘုရား ကြွလာတော် မူမည် ကို တွေးမိသော မင်းသမီးလေး ၏ စိတ်တွင် မလှုပ်ရှားစဘူးသော စိတ် လှုပ်ရှားခြင်းမျိုး များ ဖြစ်ပေါ်လာရပြန်ပါသည် ။
ဘဝရှင်မင်းတရားကြီး နှင့် နောက်တော်ပါ လူပျိုတော်သား မင်းခယောကျာ်းများ ပါ အခမ်းအနားဖြင့် ကြွချီတော်မူ လာသည် ကို ရေကြည့်နန်းတော် အစွန်းမှ ငါးစာ ဆက်သနေသော အချီအချော့တော်ကြီး များ မြင်တော် မူ၍ မင်းသမီးလေး ကို တင်လျှောက်ကြရာ မင်းသမီးကလေး မှာ ရှက်စနိုး အမူအရာဖြင့် ထိုင်ရ မလို ထရ မလို ရှိနေသည်ကြောင့် ရေကြည့်စံနန်း အဝမှ ကြိုဆိုရန် အကြံတော် ပေးဆက်ကြသည်ကြောင့် မင်းသမီးလေး သည် ကြိုဆိုရန် ရှက်ရှက်နှင့် နန်းဝ သို့ ထွက်လျက်နေပါသည် လက်အုပ်ချီရင်း ခေါင်းငုံ့စင်းရင်းဖြင့် ကြိုဆိုနေရှာသည်ကို မြင်ရသော အထိန်းတော် အချော့တော်ကြီးများ ပင် သနားသလို ရှိနေကြပါသည် ။
“ ကိုင်း မောင်မင်းများ ငါ ကိုယ်တော်မြတ် မိမိထံပါး ရောက်လို့ လာချေပြီ ၊ အထိန်းတော် အချော့တော်ကြီးများ နှင့် ရေကြည်စံနန်းတော် အဝမှပင် ကြိုဆိုနေပေပြီ ၊ မောင်မင်းတို့ သင့်တော်ရာနေရာမှ ခစားကြပေရော့ ”
မင်းတရားကြီး ဘုရားလည်း နောက်တော်ပါများ ကို အနားတွင် မခစားစေလိုသော ဆန္ဒဖြင့် နှင်လွှတ်နေသည်ကို ဦးရွှေမောင်ကြီး နှင့် အပျိုတော်ကြီးများ ပါ အလိုက်သိစွာ ခြေတော်ဦးခိုက်ရင်း ရှောင်ရှားပေးကြရန် ထွက်ခွာခဲ့ကြပါသည် ။ မင်းတရားကြီးဘုရား လည်း ထွက်ခွာသွားသော ဦးရွှေမောင်ကြီး နှင့် အထိန်းတော် လှမ်းလင့်၍ ကြည့်တော်မူရင်း သည်လို မှ သင့်ပေမည်ဟု စိတ်တော်တွင်း မှ အောက်မေ့ရင်း ပြုံးနေပါသည် ၊ ရေကြည်နန်းတော် ဝင်လျှင် ငံလင့်ကြိုဆိုနေရှာသော မင်းသမီးလေး လက်တော်ဆွဲရင်း “ မောင်ကြီး ဘုရား ကို စောင့်နေရသည်မှာ ကြာပီလား မိမိ ငဲ့၊ ရပ်တော်မူ၍ ညောင်းတော်မူလာရော့မယ်ပေါ့ ” ဟု ခေါ်ရင်း ကျောက်သားသလွန် ပေါ် ပြောင်းရွေ့ စံနေတော်မူပါသည် ။
မင်းတရားကြီးဘုရား လည်း မင်းသမီးလေး ရှက်စနိုး ဖြစ်နေသည်မှန်း ရိပ်စားမိသည့် အတွက် အရှက်တော်မှ ပြေစေလိုသော သဘောဖြင့် အတူယှဉ်တွဲစံနေသော မင်းသမီးလေး ကို ရွှေလက်တော် ဆွဲလျက် မင်းတရားကြီးဘုရား ရင်ခွင်တွင် ဝင်၍ အထိုင်ခိုင်းပါလေသည် ။
မင်းတရားကြီးဘုရား လည်း မင်းသမီးလေး ရွှေစိတ်တော် ပြောင်းလွှဲ၍ အတင့်ရဲ လာစေရန်
ရည်သန်လျက် ၊ “ ပျော်တော်မူပါရဲ့လား မိမိ ငဲ့ အလိုရှိရာ မှန်သမျှ သည်နှုတ်တော် က မြွက်ဟလိုက်ပါက
မြန်မကြာ လိုတာ ရစေမည်ပ ” မိန့်သံချိုချို ဖြင့် စတင် မိန့်ဆိုတော် မူလိုက်သော်လည်း တိတ်ဆိတ်မြဲ
တိတ်ဆိတ်လျက်ပင် ။
မင်းတရားကြီးဘုရား ထူးခြားသော အဆင်းသဏ္ဍာန်ကြန်အင်လက္ခဏာ တို့ဖြင့်ပြည့်စုံသော မင်းသမီးလေး ကို
ရှုစားရင်း ကြင်နာဆပွား သနားချစ်ခင်တော် မူလာမိပါသည် ၊ နုညက်ဝင်းဝါသော မင်းသမီးလေး
လည်ဂုတ်တော်လေးမှ တွဲရ ရွှဲ ကျလျက် ရှိသော မွှေးညင်း နုနုစိမ်းကလေးတို့သည် မင်းတရားကြီးဘုရား
သက်ပြင်းမှုတ်ထုတ်လိုက်တိုင်း လေဝယ်လွင့်ပါးလှုပ်ရှားနေပါသည် ။
ကြက်သရေအပေါင်း တို့ ၏ သခင် မြတ်နိုးချင်း တို့ ၏ အပေါင်းအရှင် ဖြစ်လေမည်လားဟုပင် သံသယစိတ်ဓါတ် ဝင်ရောက်လာအောင်ပင် မင်းတရားကြီးဘုရား ရွှေစိတ်တော် တို့ကို လှုပ်ရှားလာစေပါသည် ၊ မင်းသမီးလေး ၏ မျက်နှာတော် ကို အဝေးမှသာ ရှုစားမြင်ခဲ့ဘူးလျက် ယခုမှာ အနီးကပ်ရှုစားမြင် တွေ့မိပါရသည်တွင် ခြောက်ဆယ် ကျော်သော မိဖုရားကြီးအပေါင်း တို့ကိုပင် မေ့ချင်လာပါတော့သည် ။ ရှက်ရွံတော်မူချင်း အတွက် မျက်နှာတော် အငုံ့သား နှင့် ကြုံ့ကြုံ့ကလေး နေရှာသော မင်းသမီးလေး ကို မင်းတရားကြီးဘုရား က
“ ကျန်းမာတော်မူပါစ မိမိ ငဲ့ ရွှေမျက်နှာတော် အို ဘာ အလိုတော်မကျ ဖြစ်ရသည်လဲ ”
မင်းသမီးလေး သည် နဖူးတွေ့ ဒူးတွေ့ မတွေ့ဘူးသေးသမို့ ရှက်အားတော် ပိုပြီး ဘာကို ဘယ်ကဲ့သို့ လျှောက်တင်ရမည် ကို မသိပဲ ခပ်မဆိတ် နေတော်မူပါသည် ၊ တိတ်ဆိတ်ညိမ်သက်ခြင်းတို့သည် မင်း မိဖုရား နှစ်ပါးတို့ အကြား လွှမ်းမိုး ခြယ်လှယ်နေပါလေသည် ။ မင်းသမီးလေး ၏ စိတ်တွင် မင်းတရားကြီးဘုရား သည် ကျန်းမာတော် မူလို့သာ သည် ဥယျာဉ်တော် သို့ ထွက်တော်မူလာနိုင်ခြင်း ကို သိပါရက်ကယ် နှင့် အမေးတော် ရှိနေပါသည် ။ သည် အမေး ကို မည်သို့ ဖြေဆိုရမည်ကို မဝေခွဲတတ်အောင် ဖြစ်နေရပေသည် ။
ပြင်ပလောကတွင် ဆိတ်ညိမ်ခြင်းတို့ စိုးမိုးနေသည် ကို ဖြစ်သော်လည်း မင်းတရားကြီးဘုရား မှာ ယုယကြင်နာသော စိတ်ထားဖြင့် မင်းသမီးလေးကိုယ်တော်လေး ကို ကိုင်ဖျစ်ရင်း ...
“ မောင်တော်ကြီး ဟာ ဘီလူးသဘက် ပမာ ကြောက်စရာကောင်းသည် လဲ မဟုတ်ပါကလား မိမိ ရာ ၊ ခုလို နှုတ်ဆိတ်တော် မူလေပြန်တော့ မောင်တော်ကြီး စိတ်ပင်ပမ်းလှသည် မိမိ ရယ် ” ပြောရင်း ဆိုရင်း မင်းသမီးလေး ကို ပွေ့ဖက်ထားရာ မှ ကိုယ်တော် နံဘေး သို့ အသာအရာ ချရင်း မတ်တပ် ရပ်ပါသည် ။
အတွင်းစိတ်တို့မှာ လှုပ်ရှားရသောကြောင့် ကိုယ်တော်မှာလည်း ဂဏာမငြိမ် ဖြစ်လာရသည်မို့ လမ်းလျှောက်ရန် ထခြင်း ဖြစ်ပါသည် ။ ရေကြည့်နန်းတော် အတွင်း အရှေ့မှ အနောက်သို့ မင်းတရားကြီးဘုရား ရွှေစိတ်တော် ယောက်ယက်ခတ်နေသည့် အတွက် စင်္ကြံ လျှောက်ပါလေသည် ။ ထို အပြုမူကို မြင်ရသော မင်းသမီးလေး မှာ မင်းတရားကြီးဘုရား ရွှေစိတ်တော် အလိုတော် မကျ ဖြစ်သည်ဟု ထင်မှတ်မိရှာပါသည် ။
မိမိ ၏ နောင်တော် သိန္နီစော်ဘွားကြီး က မိမိ အား မင်းတရားဘုရားကြီး ထံ အလိုကြိုက် အလိုက်ဆောင်လျှင် မိမိ ဖြစ်လိုရာ ဖြစ်နိုင်မည် ။ စေတလုံး ကို အပိုင် ရနိုင်ပေသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော် မကျခဲ့လျှင် သေလမ်းသို့ပင် မြန်းရပေလိမ့်မည် ဟူသော မှာကြားထားရှိခဲ့သော စကားတို့ကို သတိရလာသဖြင့် မင်းတရားကြီးဘုရား ရွှေစိတ်တော် မငြိုစေရန် တောင်းပန်လေမှ သင့်ပေမည်ဟု တွေးမိသဖြင့် မင်းတရားကြီးဘုရား စင်္ကြန်ကြွချီရာသို့ သွားရန် မင်းသမီးလေး သည် ကျောက်ဖြူသား သလွန်တော်ပေါ် မှ ဆင်း၍ ရပ်လိုက်ပါသည် ။
မင်းတရားကြီးဘုရား စင်္ကြန်ကြွတော်မူရာ သို့ လျှောက်သွားတော် မူပြီးမှ မင်းတရားကြီးဘုရား ကို ဆီး၍ ဖက်လိုက်ပါသည် ။ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် စွန့်စား လိုက်ရသော်လည်း မင်းသမီးကလေး မှာ
ရှက်စိတ်တို့ကိုတော့ မပယ်ရှားနီုင်သေးပါ ၊ ထိုကြောင့် နီမြန်းနေသော မျက်နှာတော်ကလေး ကို မင်းတရားဘုရား ၏ ရင်ခွင်တော် အတွင်းတွင် မြုပ်သွင်းထားပါလေသည် ။
မင်းတရားကြီးဘုရား လည်း ရှောင်တခင် ပြောင်းလဲလာသော မင်းသမီးလေး ၏ အပြုအမူကြောင့်
ဝမ်းမြောက်ဝမ်းသာ ဖြစ်လာပါသည် ။ “ မှာထား အလားသင့်” ဆိုသည့်အတိုင်း မညွတ်ခင် က ဆွတ်ချင်လှသော မင်းတရားကြီး ဘုရား မှာ မင်းသမီးလေး ကို ပွေ့ဖက်ဖျစ်ညစ်ရင်း နီမြန်းသော ပါးအစုံ၏ ဖေါဌဗ္ဗါရုံ ကို ပိုင်ပိုင်ကြီး သောက်သုံးလိုက်လေသည် ။
အတွေ့ထူးလှသော မင်းသမီးလေး ကြောင့် ကိုယ်တော်တွင် ရာဇအိန္ဒြေ ပင် ပျက်တော်မူမည် စိုးမိ၍ ကိုယ်တော် ကို နောက်သို့ အနည်းငယ် ခပ်ရို့ရို့ ဆုတ်တော်မူပါသည် ။
မင်းသမီးလေး မှာ လည်း တသက်တာတွင် မကြုံဘူး မတွေ့ဘူးသေးသည့် အရသာထူးကြောင့် ရှက်ရ ကြောက်ရမည် ကိုပင် မေ့ပျောက်သလို ဖြစ်သွားခါ မင်းတရားကြီး ဘုရားထံပါး ဇွတ်တိုးကပ်အသွား မင်းတရားကြီးဘုရား ကလည်း နောက်ဆုတ်တော် မူ၍ မျက်နှာလွှဲတော်မူသည်ကို မြင်ရှာပါသည် ၊ မင်းသမီးကလေး စိတ်တွင် မင်းတရားကြီး ဘုရား ရွှေစိတ်တော်ငြိုး အလိုတော် မကျ ဖြစ်သွားပြီလား ဟု စိုးနှောင်ပူပန်တော် မူရင်း ငေးငိုင်ကာ ကြည့်နေမိပါသည် ။
မင်းတရားကြီးဘုရား တွင် ထူးသော ဖဿ အတွေ့ဓါတ် ရစ်ပတ်နှောင်ဖွဲ့ခြင်း ခံရသည့်အတွက် နုနယ်စဉ်အခါက တွေ့ကြုံခံစားရဘူလေသော တွေ့ကြုံခံစားမူမျိုး ကို ယခုတဖန် ပြန်လည်ခံစားနေရပါသည် ။ ရွှေစိတ်တော်ဝယ် ကြည်နူးမူကို အရင်းပြု၍ ဖြစ်ပေါ်လာရသည်မို့ သဲလှိုက်ရင်ဖို မှုတို့ကပင် အတိတ်ဆီသို့ မင်းတရားကြီးဘုရား အား ပြန်လည် ခေါ်ဆောင်သွားသည့်ပမာ ရွှေစိတ်တော်သည် လေကဲ့သို့ ပေါ့ပါးလာရပါသည် ။
နုနယ်ပျိုမြစ်သူတို့ ၏ အထိအတွေ့ သည် ဘဝ ကို စိုပြေလန်းဆန်းစေသည် ဟု ပင် မင်းတရားကြီးဘုရား မှတ်ထင်တော် မူမိပါသည် ။ ထိုသို့ မှတ်ထင်မိ စေတသိက် ကပင် မင်းတရားကြီးဘုရား အား အတိတ်သို့ ခေါ်ဆောင်သွားပါသည် ။ အနှစ် နှစ်ဆယ်ကျော်ကာလ မိဖုရား ဖြစ်မည့် ရွှေရင်သိမ်းသစ် စလင်းမင်းသမီးလေး နှင့် ချစ်ကြိုက်စဉ် ဘဝ က ...
“ တင့်လှပေဟန် ၊ ဘက်မရန်တည့် ၊ ခြောက်တန်နတ်ရွာ ၊ ဘုံကလာသို့ ၊ ပြာပြာလတ်လတ် ၊ မွတ်မွတ်ညက်ညက် ၊ ရွန်းရွန်းစက်မျှ ၊ ဝင်းဝင်းလက်ရောင်ရွှေ ၊ အခေါင်ပေတည့် တောင်နေနတ်ဟန် မြတ်သစ်ကြန်နှင့် ”
ချီ သည့် တောင်ငူဘုရင် နတ်ရှင်နောင် ရေးသီစပ်ဆိုတော် မူခဲ့သည့် ရူပကလျာဘွဲ့ ဖြင့် လူပျို လှည့်ခဲ့သည့် အဖြစ်ကို မြင်ယောင်စေခဲ့ပါသည် ။ ငယ်ချစ်ဦးမို့ ရူးခဲ့ရသည် ဆိုသည့် အတိုင်း စလင်းမင်းသမီးလေး ၏ ညို့ဓါတ် ကွန်ယက်အတွင်း သက်ဆင်းခဲ့ရသည့် ခံစားမှု တို့ သည် ကိုယ်တော့် ဘဝတကွေ့ဝယ် မေ့မရစကောင်းသော အရာတို့ ဖြစ်ပေသည် ။
ထိုစဉ်က မင်းတုန်းမင်းသားလေး ၏ သက်တော်မှာ ဆယ့်သုံးနှစ် မျှပင် ရှိပါသေးသည် ။ မင်းသား နှင့် သက်တူရွယ်တူ ရှိသော စလင်းမင်းသမီးကလေး မှာ နတ်သူဇာတမျှ လှသွေးတက်ကြွစ ဂေါရီရွယ် မေတ္တာတော် ကူးရှက် ခဲ့သည် တို့မှာ သတ္တလောက တွင် အလိုလားအပ်ဆုံးသော ဆုထူး ကို ဆွတ်ခူးရသည် ဟုပင် ထင်မိခဲ့ရပါလေသည် ။ ရွှေနန်းစည်းစိမ်ထက် ခင်မင်တွယ်တာ ထိုက်သော လောကစည်းစိမ် သုခ တခု ဟု ပင် မင်းသားကလေး ထင်မှတ် စွဲလမ်းခဲ့ရပေသည် ။ အတိတ်တို့ ၏ အရိပ် ထုံးနှောင်ဖွဲ့မှု သည် မင်းတရားကြီးဘုရား အား ချောက်ချား စေပါတော့သည် ။ ချောက်ချားခြင်း မှ မြစ်ဖျားခံလာသော ဖေါက်ပြားသော စိတ်ကို မင်းတရားကြီးဘုရား ထိန်းချုပ် တားဆီးတော် မူဆဲ -
မင်းသမီးလေး ငေးငိုင်ကာ ရပ်ကြည့်နေတော် မူရင်း က မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော် မကျ ဖြစ်ရလေမည် ကို အစိုးရိမ်ကြီး စိုးရိမ်တော်မူရှာသည့် အတွက် မင်းတရားကြီးဘုရား အား ခွင့်လွှတ်ပါရန် တောင်းပန်တိုးလျှိုးစေဘို့ အတွက် မင်းတရားကြီး ထံ တိုးကပ်ခါ ဖက်ပါတော့သည် ။
မင်းတရားကြီးဘုရား လည်း ပြန်လည် ပွေ့ဖက်တော် မူပါလေသည် ။ သို့ ပွေ့ဖက်ထားခြင်း ခံရသည်ကိုပင် အားမလို အားမရဖြစ်၍ ပိုမို တိုးကပ်လိုသော ဆန္ဒ နှင့် မင်းသမီးလေး မှာ ရှေ့သို့ တိုးကပ်ပါသည် ။ သည်ထက် တိုးကပ်၍ မရပါ ၊ တိုးကပ်ဖက်ဘို့ ကြိုးစားလေတော့ မှ မင်းသမီးလေး သည် ရှေ့သို့ တိုး၍ မရတော့ဘဲ တစုံတခု က တားဆီး ခုခံနေသဖြင့် မိမိ အနား သို့ တိုးကပ်မှု ကို မလိုလား၍ ယခုကဲ့သို့ ပြုမူနေသလား ဟု စဉ်စားမိပါသည် ။
ထိုကြားမှ တားဆီး ခုခံနေတော့သည့် အရာသည် အဘယ်သို့ အရာသည် အဘယ်သို့သော အကြောင်းနှင့် သူမ အား ဟန့်တား ထားရပါသနည်း ။
“ သည် ဒူးတော် ကို ဖယ်ပေးတော် မူပါ ဘုရား ” ပြောရင်း လက်ဖြင့် တွန်းဖယ်သည် တွင် မင်းတရားကြီးဘုရား လည်း ကိုယ်တော် ကို အနည်းငယ် ရို့လျက် မင်းသမီးလေး နားသို့ လေသံ တိုးတိုး ဖြင့်ပြောလိုက်သည်၌ မင်းသမီးကလေး သည် ရှမ်းစကား ဖြင့် “ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ်ဘုရားရေ ” ထိတ်လန့်သော အာမေဋ္ဋိတ် အသံ ကြားလိုက်ရပြီး မင်းတရားကြီးဘုရား ပွေ့ဖက်ထားသော လက်အတွင်း ညွှတ်ခွေမေ့မျော ပျော့ကျသွားပါလေသည် ။
◾ချစ်စိန်လွင်
📖 ကုန်းဘောင်ခေတ်ေဆာင်ကြာမြိုင်မှတ်တမ်း
အပိုင်း ( ၅ ) ❝ တံလျှပ် ကို ရေထင်၍ ❞ ကို ဆက်လက် တင်ပေးပါမည် ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment