Tuesday, December 28, 2021

အစာအိမ်ရောဂါ


 

❝ အစာအိမ်ရောဂါ ❞

ယခုတစ်ခေါက် ရွာကို ပြန်ရောက်သည့် နေ့မှာပဲ ဆွေမျိုးထဲက အသုဘ တစ်ခုနဲ့ တိုးနေသည် ။ ရွာလယ် လမ်းဆုံလမ်းခွမှာ မြို့ကားကြီး ရပ်ပေး၍ ကားပေါ်မှ ခုန်ချလိုက်ချိန်မှာပင် မျက်နှာသုတ်ပဝါ အဖြူ ကို ဦးခေါင်း ပေါ်မှာ ခေါက်တင်ပြီး လမ်းလျှောက်လာသော ကျွန်တော့် အဒေါ် ကို တွေ့လိုက်ရသည် ။ ကျွန်တော် လာမယ် ဆိုတာကို မသိ၍ ကျွန်တော့် ကို လာ ကြိုတာ မဖြစ်နိုင်သဖြင့် ဒေါ်လေး ဘယ်ကို သွားမလို့လဲ ဟု နှုတ်ဆက် လိုက်ပါသည် ။ မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ အံ့သြဝမ်းသာသည့် မျက်နှာဖြင့် ကျွန်တော့် ကို ကြည့်နေပါသည် ။

“  ဟဲ့ .. ငစိုး ပါလား ... လာမယ်ဆိုတာ အကြောင်းမကြား ဘာမကြားနဲ့  ... နင့် ဦးကြီး ဦးအောင်တင် ဆုံးပြီ ၊ ဒီနေ့ အသုဘ ချမယ် ၊ ငါ အခု အသုဘ သွား ပို့မလို့ "

“ ဟင် "

ကျွန်တော့် ပါးစပ် က ဟင်ခနဲ အသံ ထွက်သွားသည် ။ ဆုံးပြီဆိုသည့် ဦးအောင်တင် ၏ အမေ နှင့် ကျွန်တော့် ဘွားတို့ ညီအစ်မ တစ်ဝမ်းကွဲ တော်သည် ။ သို့ဖြစ်၍ ဒေါ်လေး နှင့် ဦးအောင်တင် တို့ မောင်နှမ နှစ်ဝမ်းကွဲ ဖြစ်မည် ။ ကျွန်တော် နှင့် ဆိုပါမူ တူဝရီး သုံးဝမ်းကွဲ ခန့် တော်ပေလိမ့်မည် ။

ဦးကြီး အောင်တင် သည် ကျွန်တော်တို့ ရွာ မှာ ဩဇာတိက္ကမ ရှိသူ ဖြစ်၍ ကျွန်တော်တို့ မိသားစု အပါအဝင် တစ်ရွာလုံး က အတင်းအဓမ္မ ဆွေမျိုးတော်ခြင်း ခံရသူ ဖြစ်သည် ။ ဆစတကခေတ် ၊ ပပကခေတ် မှ စ၍ ကျေးရွာသမဝါယမခေတ် တိုင်အောင် ဥက္ကဌ တာဝန် ကို ထမ်းဆောင်ခဲ့သူ ဖြစ်၍ ရပ်သူ ရွာသားတိုင်း က အလေးထားနေရ သူလည်း ဖြစ်သည် ။

ဒီနေ့ အသုဘ ချမည် ဆိုတော့ ရပ်ရွာထုံးစံအတိုင်း ခေါင်းပိတ် ပြီး ဖြစ်၍ အလောင်း ကို မြင်ခွင့် မရတော့ သော်လည်း အသုဘပို့ မှီလိုက် လို့ တော်ပါသေးရဲ့ ဟု တွေးမိပြီး ဒေါ်လေး နှင့်အတူ အသုဘ ပို့ရန် လိုက် သွားပါသည် ။ ခရီးရောက် မဆိုက် ကြုံကြိုက်ခြင်းဖြစ်၍ ခရီးသွား ပုံစံဖြင့်ပင် အသုဘ ပို့ရန် လိုက်သွားရတော့သည် ။ ခရီးဆောင် လွယ်အိတ် ။ ဆွဲအိတ်တွေက တိုးလို့ တွဲလောင်း ၊ ဂျင်းဘောင်းဘီ နဲ့ ကင်မရာ နဲ့ နေကာမျက်မှန် နဲ့ ဆိုတော့ ကျွန်တော့် ကို မသိသူများက ကျေးရွာ သမဥက္ကဌကြီး ၏ ဈာပန သတင်းယူရန် လာသော သတင်းထောက် ဟု ထင်သွားနိုင်ဖွယ် ရှိသည် ။

ဒေါ်လေး နှင့် ကျွန်တော် တို့ အသုဘ အိမ်ရှေ့သို့ ရောက်သွားသော အချိန်မှာပင် ကွယ်လွန်သူ ၏ မိသားစု အပါအဝင် အတင်းအဓမ္မ ဆွေမျိုး တော်ထားကြသူတို့ ၏ စုပေါင်း ငိုကြွေးသံကြီး နှင့် အတူ ကြေးစည် နှက်သံ တစ်ချက် ထွက်ပေါ်လာသည် ။ အသုဘ ချတော့မည် ဆိုသည့် အချက်ပေး သင်္ကေတ ဖြစ်သည် ။ တတိယ ကြေးစည် နှက်သံ နှင့် အတူ ခေါင်းတလား တင်ထားသည့် ဝါးထမ်းစင် ကို ကောက်ထမ်း ကြပြီး အလောင်း အိမ် မှ စ ထွက်လေသည် ။ ဒေါ်လေး နှင့် ကျွန်တော်တို့ လည်း ကျေးရွာ သမဝါယမ ဥက္ကဌကြီး ၏ ဆွေမျိုး စာရင်းဝင်များဖြစ်၍ အလောင်းထမ်းသူ တို့၏ နောက်မှ ကပ်ပြီး လိုက်ပါခွင့် ရသူများ ကြားတွင် ရောဝင် လိုက်ပါခဲ့ကြသည် ။ ကျွန်တော့် ကို မသိသူ ရွာခံသား အချို့က အခွင့်အရေးသမား ထင်ပြီး မနာလိုသည့် မျက်လုံးများဖြင့် ကြည့်ကြသည် ။ ဒေသထုံးစံ အရ မျက်နှာကြီး အသုဘ မို့ ဆိုင်း နဲ့ ဗုံ နဲ့ ချသည် ဆိုသော်လည်း နှဲ မပါ  ၊ လင်ကွင်း မပါဘဲ ပတ်မကြီး တစ်လုံးတည်း ကိုသာ အဆက်မပြတ် တီးနေ သဖြင့် ( ဒိန်းဒိန်းဗေဗေထီ ) ဟုသာ သံမှန် ထွက်နေသည် ။ ( အဖေရေ .. စာရင်း ကွာနေတဲ့ ငွေငါးရာ ကို သမီး စိုက် လျှော်လိုက်ပါ့မယ် အဖေ ရဲ့ .. ဟဲ့ .. ဟဲ့ .. ဟဲ့ ဟီး ဟီး ) ဟု အော်ငိုလိုက်သော သမဆိုင် စာရေးမ ( ကျွန်တော့် နှမ လေးဝမ်းကွဲ ) ၏ ငိုချင်း ချသံကြီး နဲ့ စည်းဝါး မကိုက် ဖြစ်နေသည် ။ ရန်ကုန် က တချို့ အသုဘတွေ လို လေမှုတ်ကိရိယာ ဘင်ခရာ အစုံအလင် ဖြင့် ( လဝန်းလေးနဲ့ တူတယ် မေ့ကိုလားကွယ် ... အသည်းစွဲ နေပါသတဲ့ သူ ညာတယ် ) မလုပ်နိုင်သဖြင့် အသုဘ ပို့ရတာ ဖီလင် မလာ ဖြစ်နေသည် ။

ကျွန်တော် က ရန်ကုန် မှာ နေသော်လည်း ရွာက လာကြသည့် ကုန်သည်ပွဲစား ၊ ဘုရားဖူးဧည့်သည် ၊ ဆေးကု လူနာများမှ တစ်ဆင့် ရပ်သတင်း ရွာသတင်း တွေကို ကြားနေခဲ့ရသည် ။ ဦးကြီး အောင်တင် တို့ မိသားစုတွေ စားဝတ်နေရေး ပြေလည်ပြီး အိမ်ကြီး ရခိုင် နှင့် တင့်တင့်တယ်တယ် ဖြစ်နေကြပြီ ဟူ၍ လည်းကောင်း ၊ ည တစ်ည လူခြေ တိတ်ချိန်မှာ အိမ် ကို ခဲပေါက်ခံ ရသည် ဟူ၍ လည်းကောင်း ၊ အမူးသမားတစ်ယောက် က အိမ်ရှေ့က လာဆဲခြင်း ခံရသည် ဟူ၍ လည်းကောင်း ၊ ကျေးရွာ ကောင်စီ ညှိနှိုင်း အစည်းအဝေး မှ အပြန်မှာ အမည်မသိသူ တစ်ဦး က အမှောင်ရိပ် မှ ချောင်းရိုက်တာ ခံရသည် ဟူ၍ လည်းကောင်း ၊ အဆိုးအကောင်း အကျိုးအကြောင်း အစုံအလင်ကို ကြားသိခဲ့ရသည် ။

၁၉၇၅ - ခုနှစ် လောက်ကဟု ထင်ပါသည် ။ ကျွန်တော် ရွာ ကို တစ်ခေါက် ရောက်ခဲ့သေးသည် ။ မြို့ကားကြီး က သမဆိုင်ရှေ့မှာ ရပ်ပေး၍ ကားပေါ်က ဆင်းလိုက်ပါသည် ။ သမဆိုင်ရှေ့ က ကုက္ကိုပင် မှာ မညီမညာရေးပြီး ကပ်ထားသည့် ကြော်ငြာ စာရွက် တစ်ရွက်ကို တွေ့ရသည် ။ ( သကြား တစ်ဆယ်သား မဲပေါက်ထားကြသူများ ယနေ့ နောက်ဆုံး ထားပြီး ထုတ်ယူကြပါ ) ဟူ၍ ဖြစ်သည် ။ မဲပေါက်ထားသူများ ဖြစ်ဟန်တူသည့် အမျိုးသမီးများ နှင့် ကလေးများ ကုန်ဝယ် စာအုပ်ကလေးတွေ ကိုယ်စီ ကိုင်ပြီး သမဆိုင် ရှေ့မှာ တန်းစီ နေကြသည် ။ ကုန်ဝယ်စာအုပ် မပါသည့် အဘွားအို တစ်ဦးကမူ သတ္တုချိုင့်ကလေး တစ်လုံးကို ကိုင်ပြီး ကုက္ကိုပင် ခြေရင်း မှာ ထိုင်နေသည် ။ အသက် ခုနှစ်ဆယ် ခန့် ရှိပြီဖြစ်သည့် ထို ဘွားအို သည် ကျွန်တော့် ကို မမှတ်မိသော်လည်း ကျွန်တော် က ဘွားအို ကို မှတ်မိနေသေးသည် ။ ရွာ အရှေ့ပိုင်းက ရခိုင် လက်သမားကြီး ဦးအောင်မြသာ ၏ ဇနီး အဘောင်ချေ ဖြစ်သည် ။ ဤ အဘွားအို ကို ရွာသူရွာသားတွေက အဘောင်ချေ ( ရခိုင် လို အဘွားလေး ) ဟု ခေါ်ကြခြင်း ဖြစ်သည် ။ အဘွားအို သည် မျှော်လင့်ချက် တစ်ခုဖြင့် သမဆိုင် အတွင်းသို့ ငေးမော ကြည့်ရှုနေသည် ။ မကြာမီ အတွင်းမှာပင် သမဆိုင် ထဲ မှ ဦးကြီး ဦးအောင်တင် ထွက်လာတာ ကို တွေ့ရသည် ။ အဘွားအို သည် ထိုင်ရာမှ အားယူထပြီး ဦးကြီး အောင်တင်ကို ရှိခိုး ဦးတင် မတတ် တောင်းပန်စကားတစ်ခုကို ပြောလေသည် ။

“ အိမ် က အဘိုးကြီး အစာအိမ် ရောဂါကြောင့် ထမင်း မစားနိုင်လို့ပါ မောင်အောင်တင် ရယ် ... နွားနို့လေး နဲ့ ရောပြီး တိုက်ချင်လို့ တစ်ဆယ်သား လောက် ရောင်းပါကွယ် ...”

“ မရောင်းနိုင်ပါဘူး ဆိုနေ ... ဒီဘွားကြီး တော်တော် အပြောရ ခက်နေပါလား ... ဟေ့ကောင် မောင်နီ မဲ မပေါက်တဲ့သူ ဘယ်သူ့ကို မှ မရောင်းနဲ့နော် ... ”

ဦးကြီးအောင်တင် သည် မဲ မပေါက်သည့် အဘွားအို ကို သကြား တစ်ဆယ်သား မရောင်းနိုင်ကြောင်း ကြိမ်းမောင်း ပြောဆိုရုံသာမက ဆိုင်ထဲက သကြား ချိန်နေသူကိုပါ လှမ်းအော်ပြီး အမိန့် ပေးလိုက်သေးသည် ။ ရန်ကုန် က လာသော ကျွန်တော့် ကို ဆိုင်ရှေ့မှာ ရပ်နေတာ မြင်တွေ့သွားသောအခါ ( နင် ဘာလာလုပ်တာလဲ ) ဟု ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး သူ့ အိမ်ဘက်သို့ ဆက်လျှောက်သွားလေသည် ။ ရန်ကုန် မှာ နေသည့် တူသား တစ်ယောက် ကိုပင် သိပ် အမှုမထားသည့် ပုံမျိုး ပြသွားလေသည် ။ သကြား တစ်ဆယ်သား မျှ ဝယ်ချင်ရှာသည့် အဘွားအို ခမျာမှာတော့ ကျောခိုင်း ထွက်သွားသည့် ဦးကြီးအောင်တင် ၏ နောက်ကျော ကို ကြည့်ပြီး ရပ် ကျန်နေခဲ့ ရပါတော့သည် ။

သမဆိုင် ပတ်ဝန်းကျင် က ကြားရသည့် သတင်းစကားအရ သိရသည်မှာ ကျေးရွာ ခွဲတမ်းအရ သကြား တစ်အိတ် ရောက်လာသည် ဟု ဆိုသည် ။ သကြား တစ်ပိဿာ ကို သမဆိုင် ရောင်းဈေး တစ်ဆယ်ကျပ် သာ ဖြစ်သည် ။ မှောင်ခိုက နှစ်ဆယ့်ငါးကျပ် ပေးပြီး ဆိုင်ရှေ့မှာပင် ထိုင်ဝယ်နေသည် ။ ကျွန်တော် ဘာမှ စဉ်းစားမနေတော် သကြား တစ်ဆယ်သား ကို နှစ်ကျပ်ပြားငါးဆယ် ပေးဝယ်ပြီး အ‌ဘောင်ချေ ၏သတ္တုချိုင့်လေး ထဲသို့ ထည့်ပေးလိုက်ပါသည် ။ ကျွန်တော် ဘယ်သူ့ သား ဘယ်သူဘယ်ဝါ ဆိုတာ သိသွားသောအခါ အဘောင်ချေ သည် ကျွန်တော့် လက် ကို ဆုပ်ကိုင်ပြီး သာဓု အကြိမ်ကြိမ် ခေါ်နေပါသည် ။

အဲဒီနှစ် က နောက်ဆက်တွဲ ကြားရသည့် ဦးကြီး အောင်တင် ၏ သတင်းတစ်ခု မှာ... လယ်ယာ စိုက်ပျိုးရေး အတွက် မြို့နယ်မှ ချပေးသည့် ဓာတ်မြေသြဇာအိတ် တချို့ ကို မှောင်ခို ထုတ်ရောင်းပြီး တချို့ တစ်ဝက် ကိုသာ လယ်သမားများ သို့ ဦးရာလူ စနစ်ဖြင့် ရောင်းချသည်ဟု သိရသည် ။ ဓာတ်မြေသြဇာ မရလိုက်သည့် လယ်သမားတစ်ဦး က အရက်မူးမူး ဖြင့် ဦးကြီးအောင်တင် ကို ချဲလင်း ခေါ်သည် ။ အမူးသမား ကို ရှေ့တန်းရဲကင်း စခန်းက လာဖမ်းပြီး ယာယီ အချုပ်မှာ တစ်ည သိပ်ထားလိုက်သည် ဟု သတင်းစကား ကြားသိရသည် ။ ဦးကြီး နှင့် နီးနီးကပ်ကပ် မနေရ၍ ဦးကြီး ၏ အကြောင်းစုံ ၊ သတင်းစုံကို အကုန်အစင် မသိရသဖြင့် သိသမျှ ကြားသမျှ တွေကိုသာ သူ့ အသုဘ လိုက်ပို့ရင်း အမှတ်ရနေမိခြင်း ဖြစ်သည် ။

ရွာအပြင် သုဿန်သို့ ရောက်သောအခါ ဦးအောင်တင် ၏ အလောင်း ကို ရွာမျက်နှာဖုံး ၊ ဘုရား ဒါယကာ ကျောင်းဒါယကာကြီးများ မြှုပ်နှံထားရာ အုတ်ဂူတွေ အနီးမှာ အသာအယာ ချလိုက်ကြသည် ။ အလောင်း မြေမြှုပ်တော့မည် ဖြစ်၍ ဒေသ ထုံးစံအရ သက်ဆိုင်သူတို့က သေသူ နှင့် ပတ်သက်သည့် လွမ်းမောဖွယ်ရာလေးများကို ထုတ်ဖော် ပြောဆိုပြီး ပြောငို ငိုကြသည် ။ ( ကိုအောင်တင်ရေ... လက်တိုဂျင် ဆယ်ဘူး ကို ကျွန်မ ဘယ်လို ခွဲတမ်း ချရမလဲတော့ ဟော့ ဟော့ ) ဟူ၍ လည်းကောင်း ၊ ( တာဝန်ကျေ စပါး ရောင်းသူ လယ်သမားဦးကြီးတွေ ကို ဒေါင်းခေါင်းလိမ်းဆီ အပ်ချည်လုံး တွေ လွတ်လွတ်လပ်လပ် ရောင်းပေးမယ်လို့ ထပြောပါဦး အဖေ ရဲ့ ဟဲ့ ဟဲ့ ... ) ဟူ၍ လည်းကောင်း ၊ ပြောငိုကြရာ ကြားရသူတို့ မျက်ရည် မဆည်နိုင်အောင် ဖြစ်ကြရသည် ။

ကွယ်လွန်သူ ၏ မိသားစု နှင့် ဆွေတွေမျိုးတွေ အားရအောင်  ၊ ငိုပြီးကြသည့် အခါမှာတော့ ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်အနီးက သူကြီးဦးရွှေဆိုင် ၏ အုတ်ဂူအနီးမှာ အသင့် တူးထားသည့် တွင်းသို့ ချ၍ မြေဖို့ လိုက်ကြပြီး အန္တိမဈာပန ဖြင့် သူ့ ဘဝဇာတ် ကို သိမ်းလိုက်ကြပါတော့သည် ။

သုဿန် မှ အပြန်တွင် ဦးကြီး အောင်တင် ၏ အကြောင်း တချို့ကို ဒေါ်လေး က ပြောပြသည် ။ သမ စာရင်း မှာ ငွေ ကွာနေတာကိုမြို့နယ် က မသိသေး ဟု ဆိုသည် ။ နေထိုင်မကောင်း ဖြစ်လာတော့ ဆေးဖိုးဝါးခ လို၍ သမ ငွေ ကို အကြိမ်ကြိမ် ဆွဲသုံးရာမှ ပြန် မထည့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုပါသည် ။

“ ဦးကြီး က ဘာ ရောဂါနဲ့ ဆုံးတာလဲ ဒေါ်လေး ရဲ့”

“ အစာအိမ် ရောဂါတဲ့ ကွယ်... မစားနိုင် မသောက်နိုင် နဲ့ တချောင်ချောင် ဖြစ်နေတာ တစ်နှစ်လောက် ရှိပြီ "

“ အော်... အစာအိမ် ရောဂါပဲကိုး”

ကျွန်တော့် ပါးစပ်က အော်... ဟု အသံ ထွက်သွားသော်လည်း ကျွန်တော် မအံ့သြမိပါ ။ အဘယ့်ကြောင့်ဆိုသော် ယခု ဆယ်စုနှစ်တွေ အတွင်းမှာ အစာအိမ် ရောဂါတွေ အဖြစ် များကြပြီး အသေအပျောက်နှုန်း တွေ တိုးပွားလာနေ၍ ဖြစ်ပါသည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၁၉၉၄ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Sunday, December 26, 2021

အမှားအယွင်း


 

❝ အမှားအယွင်း ❞

“  တူ ... တူ ...  ”

“ ဟယ်လို အမိန့် ရှိပါရှင် ...  ”

“ ဟုတ်ကဲ့  ...  ကျွန်မ ဆရာစိုး နဲ့ စကား ပြောချင်လို့ပါ ...  ”

တစ်ဖက် မှ မိန်းကလေး သံကြောင့် ဒေါ်မိမိတင် ၏ စိုးရိမ်ပူပန်မှုများ ဒေါသ အဖြစ် ပြောင်းကာ ငယ်ထိပ်သို့ တက်ဆောင့်လေတော့သည် ။

“ ဆရာစိုး မရှိပါဘူး ...  ”

ထိန်းထားသည့် ကြားထဲမှ လေသံ က မာကျောနေသည် ။

“ ဆရာ ဘယ် အချိန်လောက်များ ပြန်ရောက်မလဲ သိပါရစေရှင် ...  ”

“ ဒါတော့ မပြောတတ်ပါဘူး ရှင် ...  ”

ဖုန်းခွက် ကို ဆောင့်ကာ ချလိုက်မိသည် ။ သည် မိန်းကလေးက ဘယ်ကလဲ ၊ ဘယ်သူလဲ ၊ သားလေး နဲ့ ဘယ်လို ပတ်သက်သလဲ ဟုပါ တစ်ဆက်တည်း တွေးနေမိသည် ။

ဒီလိုပါပဲ ။ မိန်းကလေး တစ်ယောက် သားလေးထံ ဖုန်းဆက်တိုင်း သူမ ပူပန်သောကတွေ ပွားနေကျ ။ အမှန်တော့ သူမ ချစ်မြတ်နိုးစွာ သားလေး ဟု ခေါ်သည့် စိုးမောင်မောင် မှာ အချိန်တန် အရွယ်ရောက် ရုံမျှ မက အရွယ်လွန်ကာ အသက်သုံးဆယ် အရွယ် ကို အတော်လေး စွန်းနေပြီ ဖြစ်သည် ။ သို့သော် မိခင် တို့ ၏ ထုံးစံအတိုင်း မိမိ ၏ သားကလေး ကို ကလေး ဟုသာ မြင်သေးသည် ။ သူမ မှာ သားသမီး လေးယောက် ရှိသော်လည်း သား ကတော့ တစ်ဦးတည်း သာ ပါ သဖြင့် သည် သားကလေး ကို သာ စုပုံပြီး အားကိုးကာ ချစ်နေရသည် ။ ထို့ကြောင့် ဒီ သားကလေး ကို အိမ်ထောင်ပြု မသွားစေချင်ပေ ။ ကလေးတွေ ရဲ့ အဖေ မရှိတော့ ကတည်းက သူမ တို့ အိမ်၏ စီးပွားရေးအခြေအနေ အတော်လေး ယိုင်နဲ့ နေခဲ့သည် ။ သားလေးဘွဲ့ရပြီး အလုပ်ဝင် မှသာ ပြန်လည်ကာ အသက်ရှူ ချောင်လာခဲ့သည် ။ ထို့ကြောင့်လည်း သားလေး မိန်းမ ယူပြီး သူမတို့ ကို ပစ်သွားမှာ သူမ သေမလောက် ကြောက်သည် ။

သားလေးကလည်း လိမ္မာရှာပါသည် ။ ငယ်စဉ်ကတည်းက ရည်းစားထားသည် ဟု တစ်ခါမှ မကြားဖူးခဲ့ ။ သား မိန်းမ ယူလို့ မေမေ နဲ့ မတည့်ရင် မေမေ စိတ်ဆင်းရဲမှာ စိုးလို့ ဘယ်တော့မှ မိန်းမ မယူဘူးဟု မကြာ မကြာ ဆိုတတ်သည် ။ သူ ဘယ်လို ပြောပြော မိန်းကလေးများနှင့် ရောရောနှောနှော နေတတ်သော သူ့ အကျင့်ကြောင့် သူမ ရင်ထဲက ပူပန်သောကတွေ ကတော့ ပျောက်ပျက် မသွားပါ ။ ထို ပူပင်မှုများက သား ကို မိန်းကလေး တစ်ဦးဦး နှင့် တွေ့ရတိုင်း ဒါမှမဟုတ် သား ထံ မိန်းကလေး တစ်ဦးဦး ဖုန်းဆက်တိုင်း ပိုမို အုံကြွလာတတ်မြဲ ဖြစ်သည် ။

အခုလည်း သက်ပြင်း တချချဖြင့် သားအလာ ကို မျှော်နေမိသည် ။ သားလေး လာမှ ဖုန်းဆက်တာ ဘယ်သူလဲ ဟု မေးရမည် ။ ဟော ... ဟိုမှာ လာနေပါပြီ ။ သူမ ၏ ချစ်လှစွာသော သားကလေး ။

“ မေမေ နေကောင်းရဲ့လား ...  ”

သားလေး က သူမ အပါးတွင် ဝင်ထိုင်ရင်း မေးနေကျ အတိုင်း မေးသည် ။

“ မေမေ နေကောင်းပါတယ်ကွယ်  ...  သားရော ပင်ပန်းနေပြီလား ... ဒီနေ့ အိမ်ပြန်နောက်ကျတယ်နော် ”

“ ဟုတ်တယ် မေမေ ရေ ... အလုပ်တွေ မပြတ်တာနဲ့ နောက်ကျသွားတာ ... မနက်ဖြန် ဘော့စ် ရောက်မယ်ဆိုတော့ သူ လာရင် အားလုံး အဆင်သင့် ဖြစ်အောင် လုပ် ထားရတယ်လေ ... ”

သားလေး တို့ ကုမ္ပဏီပိုင်ရှင် က သြစတြေးလျနိုင်ငံ တွင် နေထိုင်သူ မြန်မာလူမျိုး တစ်ဦး ဖြစ်သည် ။ သား က ကုမ္ပဏီ ၏ စီမံခန့်ခွဲအုပ်ချုပ်သူ ဆိုတော့လည်း အလုပ်များရှာပေမပေါ့  ။

“ ဪ ... ဒါနဲ့ စောစောက သား ကို မိန်းကလေး တစ်ယောက် ဖုန်းဆက်တယ် ...  ဘယ်သူလဲ ဆိုတာတော့ မေမေ မေးမထားလိုက်မိဘူး ... ”

ပြောရင်းမှ သား ၏ မျက်နှာအရိပ်အကဲ ကို စိုးရိမ်စွာ ကြည့်နေမိသည် ။ သား က ...

“ သဲသဲ ဖြစ်မယ် ထင်တယ် ...  မနက်ဖြန် ဘော့စ် ကို ကြိုဖို့ အချိန်ပေးဖို့ ဆက်တာ ဖြစ်လိမ့်မယ် ...  ကိစ္စ မရှိပါဘူး ...  ခဏနေမှ သား ပြန်ဆက်လိုက်မယ် ... ” ဟု ဆိုသည် ။

သဲသဲ ဆိုတာက သား ၏ စက္ကထရီ ဖြစ်သည် ။ အဲဒီ ကောင်မလေး ကို သူမ တစ်ခါ တွေ့ဖူးသည် ။ သူမ ၏ သွက်လက်ရဲတင်း သည့် အသွင်သဏ္ဌာန် နှင့် ခေတ်လွန်နေသော ဝတ်စားဆင်ယင်မှုများကို သတိရလိုက်သည် ။ အဲဒီ ကောင်မလေး ကို များ မတော်လို့ ချွေးမတော်နေရရင်  ...  စိတ်မသက်သာစွာ ခေါင်းကို ခါယမ်းလိုက်မိသည် ။

“ မေမေ ဘာတွေများ ခေါင်းခါနေရတာလဲ ... ဘာလဲ သားကို စိတ်ပူနေပြန်ပြီလား ... အလကား သွေးတွေတိုးနေဦးမယ် ... မေမေ့ကို သား လူပျိုကြီး လုပ်ပါ့မယ် လို့ ကတိပေးထား ပြီးပြီပဲဗျာ ... မေမေ သား ကို မယုံဘူးလား ... ပြော ”

“ မေမေ သားလေး ကို ယုံပါတယ်ကွယ် ... ဒါပေမယ့် လူ့စိတ် ဆိုတာ ပြောရခက်တယ် မဟုတ်လား.. တော်ကြာ မိန်းမလည်တွေ နဲ့ တွေ့သွားရင် မေမေ ရင် ကျိုးရမှာ ...  ”

“ သား ဒီတစ်သက် ဘယ်မိန်းကလေး ကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး ... အဲဒါကိုတော့ မေမေ ရဲရဲသာ ယုံထား ... ကဲ သား ရေသွားချိုးလိုက်ဦးမယ် ...  ”

“ အေး ... အေး ...  ”

သားလေး ၏ နှုတ်ဖျားမှ သည်လို စကားမျိုး ကြားရတော့လည်း ဒေါ်မိမိတင် ရင်အေးရပါသည် ။ အိမ်ထဲ ဝင်သွားသော သားလေး ၏ ကျောပြင် ကိုကြည့်ရင်း သူမ သားလေး အပေါ်မှာ တရားရဲ့ လား ဟု တွေးနေမိ ပြန်သည် ။ သူလည်း အချိန်တန် အရွယ်ရောက်သူတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြုချင် ရှာမှာပါပဲ ။ အမေ ကို ချစ်လွန်းလို့ သာ ငဲ့ညှာနေရရှာတာ နေမှာ ။ ဒါပေမယ့် သူမ ရဲ့ အတ္တတွေ က သားလေး အိမ်ထောင်ပြုများ ပြုသွားရင် ဆိုတဲ့ အတွေးကို တောင် လက်မခံနိုင်ဘဲ ဖြစ်နေသည် ။ သားလေး ၏ ဒီတစ်သက် မိန်းမမယူတော့ဘူး ဆိုတဲ့ စကား မှန်ပါစေ ဟုသာ အတ္တ လွန်ကဲစွာ ဆုတောင်းနေမိတော့သည် ။

*   *    *    *    *

“ တူ ... တူ ...  ”

သားလေး မရှိပါဘူး ဆိုမှ ဖုန်းတွေက လာပဲလာနိုင် လွန်းသည် ။ ပြီးတော့ မိန်းကလေးသံတွေချည်း ။ သမီးတွေကလည်း အလုပ်သွားနေကြသည် မို့ ဒီ ဖုန်းတွေ ကို မကိုင်ချင်ပါဘဲ နှင့် ကိုင်နေရသည် ။

သားလေး က သူ့ ဘော့စ် နှင့်အတူ အခြားမြို့ကြီးများ ရှိ ကုမ္ပဏီရုံးခွဲများ ထံ လိုက်သွားရသည် ။ သွားစဉ်က တစ်ပတ်ခန့်သာ ကြာမည် ဟု ပြောသွားသော်လည်း မော်လမြိုင် ရှိ ရုံးခွဲ တွင် ပြဿနာ တစ်ခု ရှိသဖြင့် ရက် အနည်းငယ် ထပ်ကြာမည်ဟု မနေ့က ဖုန်းဆက် ပြောသည် ။

“ ဟယ်လို အမိန့်ရှိပါ ”

“ ဪ ဆရာစိုး တို့ အိမ်ကလား မသိဘူး.…. ”

“ ဟုတ်ပါတယ် ...  ဆရာစိုး ပြန်မရောက်သေးပါဘူး ... ဘယ်နေ့ ပြန်ရောက်မလဲဆိုတာကိုလည်း မသိပါဘူး ...  ဒါပဲ သိချင်တာ မဟုတ်လား ...  ”

“ ဟုတ် ... ဟုတ်ကဲ့ ...  ”

တစ်ဖက်မှ ကမန်းကတန်း ဖုန်းချသွားသည် ။

ခုံပေါ်တွင် ဆောင့်ကြီးအောင့်ကြီး ထိုင်ချကာ စိပ်လက်စ ပုတီးကို ပြန်ကိုင်လိုက်သည် ။ သို့သော် ဒေါသ က ရုတ်တရက် မပြေနိုင် ။

“ တူ ..တူ ... ”

“ လာပြန်ပြီ ဒီဖုန်းက ... ”

ပါးစပ်မှ မကျေမနပ် ရေရွတ်လိုက်မိသည် ။

“ ဟယ်လို ... ”

“ စိုး တို့ အိမ်ကလား ဟင် ... ”

အသံ က ယောက်ျားလေး သံ မို့ အတော် စိတ်သက်သာရာ ရသွားသည် ။

“ ဟုတ်ပါတယ်ကွယ် ... ဘာကိစ္စ ရှိလို့ပါလဲ ... ”

ဒေါ်မိမိတင် ၏ အသံက လွန်စွာ စိတ်ရှည်ချိုသာနေသည် ။ သား ကို စိုး ဟုပင် ခေါ်သည် ဆိုတော့ အတော်ရင်းနှီးသူ ဖြစ်ပေမည်  ။ ငယ်သူငယ်ချင်း ထဲက တစ်ယောက်ယောက် များလား ။

“ ဟိုဒင်းလေ ... စိုး ပြန် မရောက်သေးဘူးလားလို့ ဆက်ကြည့်တာပါ ... ”

“ ပြန် မလာသေးဘူးလို့ မနေ့က ဖုန်းဆက်တယ်ကွယ့် ... တစ်ပတ်လောက်တော့ ကြာမယ် ထင်တယ် ...  အတိအကျတော့ မသိဘူးကွယ့် ... .ဒါနဲ့ သား က ဘယ်သူများလဲ မသိဘူး ... ”

သူ မသိသော သား သူငယ်ချင်း တစ်ယောက်ယောက်များလား ဟု မေးလိုက်မိသည် ။

“ ကျွန်တော် သက်ဦး ပါ အန်တီ ... စိုး ပြောထားလား မသိဘူး ... ”

“ သားလေး ကတော့ တစ်ခါမှ ပြောသံ မကြားမိဘူး ... အန်တီ မေ့နေလို့လည်း ဖြစ်ချင် ဖြစ်မှာပါ ...  ဟင်း ဟင်း အသက် က ကြီးလာပြီ လေ ...  သားလေး နဲ့ ကျောင်းနေဖက် သူငယ်ချင်း ပဲလား ... ”

ဒေါ်မိမိတင် ၏ လေသံ နှင့် စကားလုံးများကို ကြားရပါက ကိစ္စရှိ၍ ဖုန်းဆက်တိုင်း အအော်ခံနေရသော မိန်းကလေးများ ဘယ်လောက် စိတ်ဆိုးလိုက်မလဲ ။

“ မဟုတ်ပါဘူး ... စိုး မပြောရသေးဘူး ထင်တယ် ။ ကျွန်တော် က စိုး ရဲ့ ချစ်သူ ပါ ... "

ဒေါ်မိမိတင် ကိုယ့် နား ကို ကိုယ် မယုံနိုင်အောင် ဖြစ်သွားသည် ။

“ ဘာရယ် ... အန်တီ ကို မနောက်ပါနဲ့ သားရယ် ”

“ အန်တီ မယုံရင် စိုး လာတော့ မေးကြည့်ပါ ... ကျွန်တော် တို့ ချစ်နေကြတာ ကြာပြီ ... ”

လိုင်း ပြတ်တောက်သွားသော ဖုန်းခွက် ကို ကြည့်ရင်း ငိုင်တွေနေမိသည် ။ မိန်းကလေးများ နှင့် ရောနှောပေါင်းသင်းသော်လည်း စိတ် မဝင်စားရသော အကြောင်း အရင်း ကို သဘောပေါက် လာရသည် ။ တစ်ခါတစ်ရံ ဟန် အမူအရာ နွဲ့တတ်သော်လည်း မိန်းကလေးများ ကြားတွင် ကြီးပြင်းရသောကြောင့် ဟုသာ ယူဆပြီး ပေါ့ပေါ့ဆဆ သာ သဘော ထားခဲ့သည် ။ သား အိမ်ထောင် ပြုသွားမှာ စိုးရိမ်ပြီး မိန်းကလေးများနှင့် တရင်း တနှီး နေတတ်ခြင်း ကိုသာ အရေးထားပြီး ပူပင်နေခဲ့မိသည် ။ အခုတော့ ဘယ်လို လုပ်ရပါ့  ။

နောက်ဆို သား ထံ ယောက်ျားလေး တစ်ယောက် ဖုန်းဆက်တိုင်း သူမ ရင်ပူရတော့မည် ထင်သည် ။

◾ ကျွန်း

📖 မဟေသီမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၀၀ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Saturday, December 25, 2021

ရှိန်းဆာယာပို‌မောက် ချိုပေါက်တဲ့ ငတေ


 ❝ ရှိန်းဆာယာပို‌မောက်  ချိုပေါက်တဲ့ ငတေ ❞


တစ်နေ့ ညကိုးနာရီကျော် ဆယ်နာရီခန့်တွင် သူတော်ငတေ သည် ငထီး အား လာခေါ်သည် ။ သူတော်ငတေသည် ငထီး အား သူ့ ဖိုရုံခန်း ထဲ ခေါ်သွား၏ ။


“ ငထီး ၊ ဘဘ မရှိတုန်း ငါ့တပည့် ဘဘနေရာမှာ စောင့်အိပ်ပေးရမယ်နော် ။ မင်းတို့ သုံးယောက် က လွဲပြီး ဘဘ မရှိတုန်း အခန်းထဲကို ဘယ်သူမှ မဝင်စေနဲ့ ။ ဘဘ ညောင်စောင်း မှာ လည်း မင်း က လွဲပြီး ဘယ်သူမှ တက် မအိပ်ရဘူးနော် ”


“ မှန်ပါ ဘဘ ၊ စိတ်ချပါ ”


“ အေး ... ငါ ပြန်မလာမချင်းနော် ”


“ ဟုတ်ကဲ့ပါ ဘဘ ”


“ အေး . . ကောင်းပြီ ၊ ငါ့တပည့် မင်းမကြောက်တတ်ပါဘူးနော် ”


“ မကြောက်ပါဘူး ဘဘ ”


သူတော်ငတေ က သက်မတစ်ချက်ကို ပြင်းပြင်းချလိုက်သည် ။


“ အဲဒါကြောင့်လည်း မင်းကို ငါ ရွေးခေါ်တာ ။ ငါ့တပည့် သုံးယောက်ထဲမှာ ဟိုကောင် နှစ်ကောင်ကတော့ ဆေးဆရာ ၊ မျက်လှည့်ဆရာ ပဲ လုပ်ချင်ကြတယ် ဆိုတော့ စိတ်မချရဘူး ။ နေဆန်း နဲ့ ဒေါင်းသိန်း တို့က တကယ်တမ်းကျတော့ ကြောက်တတ်ကြတယ် ”


“ ဟုတ်ကဲ့ ”


“ ဘဘ မင်းတို့ နဲ့ မခွဲခွာမီ ဒီအရပ်မှာ လောကီတက္ကသိုလ်ကြီး တစ်ခု တည်ထောင်ချင်သေးတယ်ကွယ် ။ အဲဒါ... ဘဘ ပါရမီကို ဖြည့်နိုင်မယ့် သူတွေကလည်း မင်းတို့သုံးယောက်ပဲ ဘဘ မြင်တယ် ”


“ ဟုတ်ကဲ့ ”


“ မင်း က မှော်ဆရာ လုပ်ချင်တဲ့ လူဆိုတော့ ကြောက်တတ် လို့ ဘယ်ဖြစ်မလဲနော် ”


“ ဟုတ်ကဲ့ပါ ၊ ကျွန်တော် မကြောက်တတ်ပါဘူး ဘဘ ၊ စိတ်ချပါ ”


“ အေး ... ငါ့တပည့်ကို ဘဘ စိတ်ချပါတယ် ။ ဒီမှာ ဘဘ ပြမယ် ။ ဘဘ နေရာမှာပဲ ဘဘ ပြန်မလာမချင်း မင်းအိပ် ။ ဘဘ ရဲ့ ဒီကိုယ်ရုံ အဝတ်ထုပ်ကို ဒီမှာ ထားခဲ့မယ် ။ တကယ်လို့ ဘဘ မရှိတုန်း ညတစ်ည မှာ ဘဘ အခန်းထဲ ကို ဘာကောင်တွေ ဘယ်လို ပုံသဏ္ဌာန်မျိုး နဲ့ ဝင်လာလာ ဒီ ဘဘ အဝတ်ထုပ် နဲ့ ပစ်သာ ပေါက်လိုက် ၊ ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ”


ဘုန်းကြီး မေးမေး ၊ လူ မေးမေး ၊တစ်ရပ်တစ်ကျေး က ဆေးတောင်း ပယောဂပြဖို့ လာကြတဲ့ လူတွေ ကိုလည်း ဘဘ နက္ခတ် နဲ့ ယှဉ်ပြီး ဆေးဖော်စရာ ရှိလို့ တောဝင်သွားတယ် ပြောလိုက် ။ ဘယ်လောက်ကြာမလဲ ၊ ဘယ်တော့ ပြန်လာမလဲမေးရင် မသိဘူး ။ ပြောမထားခဲ့ဘူးပဲပြော ။ ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ”


“ ကဲ ... ဒါဆို ဘဘ မှာတာတွေ အားလုံး မှတ်မိပါတယ်နော် ”


“ ဟုတ်ကဲ့ ၊ မှတ်မိပါတယ် ဘဘ ”


“ ကဲ ... ဒါဆို ဘဘ သွားပြီ ”


ထိုသို့ ပြောပြီး သူတော်ငတေ သူ့ အခန်းထဲ က ထွက်သွားလေသည် ။


ထိုညသည် တပေါင်းလကွယ်နေ့ ည ဖြစ်၏ ။


သူတော်ငတေ ၏ အခန်းကို ငထီး စောင့်အိပ်ပေးနေရသော သုံးရက်မြောက် ညတွင် အိပ်မက်ရှည်ကြီး အထူးအဆန်းတစ်ခုကို မြင်မက်လေသည် ။


သူတော်ငတေ သည် သူ အိပ်နေသောကျောင်းပေါ် ညကြီးမင်းကြီး တက်လာပြီး သူ့ကို တိတ်တိတ်လာနှိုးသည် ။ သူ စိတ်အချရဆုံး ဆေးဆရာကြီး ဖြစ်လာမည့် ဒေါင်းသိန်း နှင့် မျက်လှည့်ဆရာကြီး ဖြစ်လာကြမည့် နေဆန်း တို့ကိုပင် အသိမပေးဘဲ သူ့ ကို လာခေါ်၏ ။ သည်လိုနှင့် တောကြီးတစ်ခုထဲ ခေါ်သွားသည် ။ မှောင်လိုက်သည်မှာ ပိန်းပိန်းပိတ်နေ၏ ။ မိမိ ၏ လက်ညှိုး ကို ထောင်၍ ကြည့်မိရာ မိမိ လက်ညှိုး ပင် မမြင်ရ ။ ရှေ့က သွားနေသော သူတော်ငတေ ကိုလည်း မည်မည်း အရိပ် တစ်ခု ပမာသာ မြင်နေရသည် ။ ထိုအခါ ငထီး ကြောက် စိတ်ဝင်လာ၏ ။ ထို့ကြောင့် ...


“ မှောင်လိုက်တာ ဘဘ ”


ဟု နှုတ်က ထွက်သွားမိသည် ။


“ သိပ် မှောင်တယ်လို့ ငါ့ တပည့် ထင်သလား ”


“ ဟုတ်ကဲ့ ၊ သိပ် မှောင်ပါတယ် ဘဘ ”


“ ဒီထက် မှောင်တာကောကွယ် ၊ ရှိဦးမလား ”


“ မရှိတော့ဘူး ထင်ပါတယ် ဘဘ ”


“ ဟဲ .. ဟဲ .. ဒီထက် အဆတစ်ရာ ၊ အဆတစ်ထောင် ၊ အဆတစ်သောင်း ၊ အဆတစ်သိန်းမက မှောင်တာ ရှိသေးတယ် ငါ့ တပည့် ”


“ ဘယ်မှာလဲ ဘဘ ”


“ ကိလေသာရာဂ တို့ရဲ့ အမှောင် ကို ပြောတာကွယ့် ။ ကိလေသာ ဟာ ဘယ်လောက် မှောင်သလဲ ဆိုရင် “ သန်းခေါင်လကွယ် ၊ တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း ၊ အပြည့်ဖုံးသည့် ၊ မိုးလုံးတိမ်တိုက် ၊ လျှပ်မကြိုက်သား ၊ အမိုက်အပြား ၊ အင်လေးပါးထက် ၊ နင်ကားရာထောင် ၊ မကမှောင်၏ ” လို့ မန်လည်ဆရာတော်ကြီး ရေးထားခဲ့တာပဲ ။ မမှားနိုင်ပါဘူးနော် ”


“ မှန်ပါ ”


“ အခု အဘ စိတ်ဟာလည်း ကိလေသာ အမှောင် ကျနေတယ် ငါ့တပည့် ”


သူတော်ငတေ ၏ စကားကို ငထီး အံ့သြသွားသည် ။ သူ့ စိတ် ကို ဘယ်လို ကိလေသာအမှောင် ကျနေပါလိမ့် ။ သူတော်ငတေ က အသံတုန်တုန်ယင်ယင် နှင့် ဆက်ပြော၏ ။


“ ကိလေသာ ဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုရင် မုဒုလက္ခဏဇာတ် မှာ မိဖုရား ရဲ့ ကိုယ်ဝတ်လေး မသပ်မရပ် ဖြစ်နေတာ ကို လှစ်ခနဲ မြင်လိုက်ရုံနဲ့ ဈာန်ရနေတဲ့ ရသေ့ တောင် ဈာန် လျှောကျသွားတယ် ဆို မဟုတ်လား ။ မိဖုရားကိုမှ မမြင်ရရင် သေတော့ မလောက် ဖြစ်နေတာ ။ သူ ကျင့်ကြံအားထုတ်ထားတဲ့ ကမ္မဌာန်းတရားတွေ ဆိုတာလည်း ဘယ်ဆီ ရောက်ကုန်တယ် မသိဘူးတဲ့ ။ “ ကိလေသာကျား ၊ ခြံကို လွှားသော် ၊ စိတ်နွားလန့်ဖျပ် ၊ တန့်မရပ်တည်း ” လို့ ဆိုတယ်လေ ။ “ ဆင်ပြောင်မုန်အိုင် ၊ ချွန်းမနိုင်သို့ တိမ်းယိုင်မူးဝေ ၊ ဣနြေလည်း ၊ ပျက်လေချက်ချင်း ၊ ခဏချင်းဖြင့် ၊ တိမ်းတိမ်းမမျှ ၊ ကြက်သီးထလျက် ၊ ရာဂစုတေ ၊ တောတစ္ဆေကို ၊ လွတ်စေဖျန်းဖျန်း ၊ ကမ္မဋ္ဌာန်းလည်း ” ဘယ်ဆီရောက်ကုန်မှန်းတောင် မသိဘူးတဲ့ ”


“ မှန်ပါ ”


“ မင်း တို့ ငါတို့ လို လူဝတ်ကြောင်တွေကို မပြောနဲ့ ၊ ရသေ့ ရဟန်းတွေတောင် ကိလေသာ ရာဂ နဲ့ တွေ့လာရင် မရှောင်လွှဲနိုင်ကြဘူး ။ ဘုရားလက်ထက်တော် အခါတုန်းက တောနေ ရဟန်းတစ်ပါး ဟာ မျောက်မ နဲ့ အဗြဟ္မစရိယအကျင့် ကို ကျင့်နေတယ် ။ အဲဒါကို မသိတဲ့ နောက် ရဟန်း တစ်ပါး က ငါ့ အရှင်တော့ တောထဲ သွားပြီး တရားအားထုတ်နေတာ ကြာပြီ ။ ဘယ်လို တရားထူးများ ရနေပါလိမ့်လို့ စုံစမ်းဖို့ သွားတော့ တောနေ ရဟန်း က ဆွမ်းခံကြွနေချိန်ဆိုတော့ ကျောင်းသင်္ခမ်းမှာ မရှိဘူး ။ ဒါနဲ့ အာဂန္တုရဟန်း က ကျောင်းနား ရောက်သွားတော့ မျောက်မ က အာဂန္တု ရဟန်း ကို ကျောင်းနေ ရဟန်း ထင်ပြီး မဖွယ်မရာ အပြုအမူတွေ နဲ့ ကြိုဆိုတော့တာကိုး ။ ဒါနဲ့ အာဂန္တုရဟန်း ကလည်း ဒါ ဘယ်လို သဘောပါလိမ့် ဆိုပြီး ဆွမ်းခံကြွနေတဲ့ ကျောင်းနေရဟန်း အလာကို တစ်နေရာက ချောင်းကြည့်နေတယ်တဲ့ ။ ကျောင်းနေရဟန်း လည်း လာရော နေ့စဉ် ကျောင်းနေ ရဟန်း နဲ့ မေထုန်အမှု ကို ပြုနေတဲ့ မျောက်မ က မဖွယ်မရာ အပြုအမူတွေ နဲ့ ကြိုဆိုပြီး ကျောင်းနေ ရဟန်း နဲ့ မေထုန်မှုကို ပြုကြတယ်တဲ့ ။ အဲဒါကို အာဂန္တုရဟန်း က ဘုရားရှင် ကို လျှောက်တော့ ဘုရားရှင် က တတိယသိက္ခာပုဒ် ကို ပညတ်တော်မူတယ် ။ ကြောင်မ ၊ ခွေးမ ၊ ကြက်မ ၊ မြွေမ စတဲ့ တိရစ္ဆာန်တွေနဲ့တောင် မေထုန်အမှုကို မပြုရဘူးပေါ့ကွယ် ။


ကိလေသာရာဂစိတ်များ သောင်းကျန်းလာ ရင် အင်မတန် ကြောက်စရာ ကောင်းတယ် ။ “ ကိလေသာဟူ ၊ မိုက်သွေးဆူက ၊ လူသောခွေးသော ၊ ကျွန်ကျေးသောဟု ၊ သဘောမမြင် ၊ မဆင်ခြင်ဘဲ ၊ အမြင်မဖြောင့် ၊ မျိုးမစောင့်ဘူး... တဲ့ ”


သူတော်ငတေ ဤနေ့ဤရက် မှ ဤစကားမျိုးတွေ ကို ဘာကြောင့် ပြောလာပါလိမ့် ဟု ငထီး တွေးလာသည် ။ သူတို့ ရွာသူရွာသားတွေ မှာလည်း စမ်းချောင်း ၊ စမ်းအိုင်များ၌ အဝတ်ဗလာ ဖြင့် ရေချိုးတတ်ကြသော အလေ့အထ ရှိလေရာ တောထဲတောင်ထဲ ဆေးမြစ်သွားရှာရင်း သူတော်ငတေ သည် ရွာသူတစ်ယောက်ယောက် ၏ အဝတ်မဲ့ ရေချိုးနေသည်ကို မြင်ခဲ့ရာမှ သူ ပြောသော ကိလေသာ ရာဂစိတ်တွေ ဝင်လာနေ၍ ဤစကားတွေ ကို ဆက်တိုက်ကြီး ပြောနေသလား ဟု တွေးမိလိုက်သည် ။ သို့သော် သူတော်ငတေ ၏ စကား ကား မဆုံးနိုင်သေး...


“ ကိလေသာ ရာဂ နဲ့ ထိတွေ့သွားတဲ့ သုယောနန္ဒီဇာတ် မင်းရွာ က ဘုရားပွဲ မှာတောင် ပြသွားတာ ငါ့ တပည့် မှတ်မိမှာပါ ။ မိန်းမ မှန်သမျှ သူနဲ့ပဲ ပေါင်းဖော်ရမယ် ။ တခြားတစ်ပါး ဘယ်ယောက်ျား နဲ့ မှ မပေါင်းဖော်ရဘူး ။ နန်းထဲ ရှိသမျှ ယောက်ျားတွေ ကိုလည်း အကုန် ခုတ်သတ်ပစ်မယ် ဆိုပြီး ဓား နဲ့ လိုက်တဲ့ မင်းသားလေ ။ သမီးအရင်းခေါက်ခေါက် ရဲ့ ပကတိ ကိုယ်ကာယ ကို မြင်ရလို့ ပြစ်မှားဖို့ လိုက်တဲ့မင်းကြီး ၊ ဇာတ်နိပါတ်တော်တွေ ထဲမှာ ကိလေသာ ရာဂ နဲ့ ပတ်သက်တာတွေ ၊ မှားကြတာတွေ အများကြီးပါပဲ ငါ့တပည့် ”


“ မှန်ပါ ”


“ လူတွေဟာ ကိလေသာကာမ ကို မစွန့်နိုင်ကြသလို ဝိဇ္ဇာဇော်ဂျီတွေတောင် ကိလေသာကာမ ကို မစွန့်နိုင်ကြလို့ သူယောင်မယ်လေးတွေနဲ့ ပျော်ပါးကြတယ် ဆိုတာ မင်းတို့ ကို ဘဘ အရင်က ပြောပြဖူးပါတယ် ။ “ နာဂရဌာယီ ၊ မဟိရူဟ ၊ မြတောင်အသင် ၊ ငှက်ပျောပင် နှင့် အဆင်တူမော် ၊ နော်နော်ဟတ္တ ၊ ယူဆတွက်ဖွယ် ၊ ကိုးဆယ့်ကိုးတောင် ၊ အမြင့်ဆောင်သား ” လို့ သူယောင်ပင် ကို ချီးပတဲ့ လင်္ကာလေ ၊ မှတ်မိမှာပါ ။ သူယောင်မယ်လေး ဆယ့်နှစ်နှစ်ဝင် ကညာစင် ရဲ့ ကိုယ်ခန္ဓာ အချိုးအဆစ်တွေ ရဲ့ အလှ ၊ မုဒုလက္ခဏာဆရာကြီး လို “ နှစ်ဆူလဝန်း ၊ ဝိဒေကျွန်းမှ ၊ ပေါ်ထွန်းသောယောင် ၊ သလင်းတောင်ဝယ် ၊ အရောင်ပေါင်းစု ၊ စောမုဒုတို့ ၊ စိမ်းလွင်ညိုညို ၊ ဝါးပင်ပျိုသို့ ၊ စီးယိုထွတ်လျှမ်း ၊ မြစ်ငယ်ကမ်းကို ၊ ဖုံးလွှမ်းသောယောင် ၊ ယှက်မြှောင်မွေးညင်း ၊ ရှိုက်ကာကွင်းသား ၊ ဆင်ဦးကင်းထွတ် ၊ ပုံတူခပ်သို့ ၊ ရဟဿက္ခ ၊ သမန်းချသို့ ” ဆိုသလို အပေါ်အောက်တော့ သူ ယောင်မယ်လေးတွေ ရဲ့ အလှကို စုံစုံစေ့စေ့ မပြထားပေမယ့် တစ်ခါ ပျော် ပါးရင် ဝိဇ္ဇာဇော်ဂျီတွေ တောင် သုံးလေးလလုံးလုံး အိပ်ပျော်သွားကြ ၊ မေ့မြောသွားကြတယ် တဲ့ ။ ကိလေသာ ကာမဂုဏ်တို့ရဲ့ စွမ်းအား ကြီးမားပုံကို ရေးသားထားခဲ့ကြတာလေ ။ ကြောက်စရာ မကောင်းပေဘူးလား ”


“ ဟုတ်ကဲ့ ၊ ကြောက်စရာကောင်းပါတယ် ဘဘ ”


“ အိမ်း... ကြောက်စရာကောင်းတဲ့ အဲဒီ ကာမဂုဏ် အာရုံ ကို ဝိဇ္ဇာဇော်ဂျီတွေ တောင် ရှောင်လွှဲမရနိုင်ဘူး ဆိုတော့ ဘဘတို့ မင်းတို့ ကကော ရှောင်လွှဲလို့ ရနိုင်ပါ့မလား ”


ငထီး မှာ မှောင်ကြီးမည်းကြီး တောကြီးမျက်မည်း လကွယ်နေ့ ညကြီးထဲ ဤစကားတွေ ကို သူ့ဆရာ သူတော်ငတေ က ပြောလာသောအခါ အကြောက်ကြီး ကြောက်လာပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်နေသည် ။ ဧကန္တ သူတော်ငတေ သည် ဆေးမြစ်ရှာရင်း စမ်းချောင်း ၊ စမ်းပေါက် တစ်နေရာရာ၌ ရွာသူတစ်ယောက်ယောက် အဝတ် မပါဘဲ ရေချိုးနေသည်ကို မုချမြင်လာရ၍ ရာဂစိတ် ပွင့်နေသော ဤစကားတွေ ကို ပြောပြီဟု အတပ် ထင်လိုက်သည် ။


သို့သော် သူတော်ငတေ ၏ စကားကား မရပ်သေး ။


“ အေး ... ကာမဂုဏ်အာရုံ ကို မလွှဲမသွေ ခံစားရတော့မယ့် ရာဂအမှောင်ထဲ မမျှော်လင့်ဘဲ ကျရောက်သွားကြတဲ့ သမာဓိ ၊ သမထလည်း ကျင့်ထားတဲ့ ပုဂ္ဂိုလ်များကတော့ ဝိဇ္ဇာဇော်ဂျီများ လို တစ်ဆင့်နိမ့်ကျတဲ့ ဘဝ ကို အရင်ကူးပြောင်းကြရလိမ့်မယ် ။ ဝိဇ္ဇာဇော်ဂျီတွေ ဟာ သူတို့ဆေးတောင်ဝှေး နဲ့ သူယောင်မယ်လေး ကို တို့ထိ အသက်သွင်းပြီး ပျော်ပါးမယ့်အစား အသက်ရှိတဲ့ လူမများ ထဲက တစ်ဦးတစ်ယောက်နဲ့ ပျော်ပါးမယ် ဆိုရင်တော့ ငါ့တပည့် ဘယ်လို ဖြစ်သွားမယ် ထင်လဲ ”


“ မသိပါ ဘဘ ”


“ ဝိဇ္ဇာဇော်ဂျီတွေ ဟာ လူမ နဲ့ သာ ပျော်ပါးရင် မူလ ဇော်ဂျီဝိဇ္ဇာ ဘဝ ကို ပြန် မရနိုင်တော့ဘူး ။ အဲဒါကြောင့် တစ်ဆင့်နိမ့် တဲ့ အသက်မဲ့ သူယောင်မယ် ကို အသက်သွင်းပြီး ပျော်ပါးရတာ ၊ လူတွေမှာတော့ သူရဲ့ ကျင့်ကြံအားထုတ်ထားတဲ့ သမထ အစွမ်းတွေ မပျောက်ပျက်သွားအောင် ဆိုရင် တစ်ဆင့်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝ ကို သွားကြရလိမ့်မယ် ။ ဒါကို ဝဋ်ဝင်တယ် လို့ မြောက်ပိုင်း သမထသမားတွေ က ခေါ်ကြတယ် ။ ဂမ္ဘီရပညာ ရဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ် တစ်ခုပါပဲ ။ တိုင်ကွယ် ၊ ဖနောင့်ပေါက် ၊ တစ်တွေ့ခုန် ၊ နှစ်တွေ့ခုန် ၊ ထဘီခြုံ ၊ အရိပ်ဖျောက်ပြီး တိရစ္ဆာန်ဘဝ ရောက်သွားတဲ့ စုန်းကဝေအတတ် ထက်တော့ အများကြီး အဆင့်မြင့်တယ် ။ သူက ကုသိုလ်လည်း မဖြစ်ဘူး ။ အကုသိုလ်လည်း မဖြစ်ဘူး ။ ရာဂဘီလူးကြီး ဝင်လာလို့ အခိုက်အတန့် ကာမဂုဏ်အာရုံ ကို သွားဝင်စားတာ ၊ ကာမဂုဏ်စိတ် ပျောက်တာနဲ့ သူ့ မူလ ဘဝထဲ သူ ပြန်လာနိုင်တယ် ။ ထုံဝင်တာတော့ ထုံဝင်တာပဲ ။ ဒါပေမယ့် ကိလေသာရာဂစိတ် နဲ့ ဝင်ရတာမို့ နိမ့်ကျတယ် ။ သူ့ ပင်ကို ရှိတဲ့ အစွမ်းထက် ပိုပြီး ဖြစ်လာစရာ မရှိဘူး ။ အဗြဟ္မစရိယ တစ်ခုကိုပဲ ကိလေသာစိတ် နဲ့ ဝင်တဲ့ ထုံကိုး ။ အဲဒါကြောင့် မဂ်ဖိုလ် ကိုလည်း အနှောင့်အယှက် မပေးနိုင်ဘူးလို့ ဘဘ ပြောရမှာပဲ ။ လင် နဲ့ သား နဲ့ ကာမသုခလ္လိကနုယောဂ ကမှ မထွက်နိုင်တာ ”


ငထီး မှာမူ သူတော်ငတေ ၏ စကားကို နားလည် တစ်ချက် ၊ နားမလည် တစ်ချက် နှင့် မှောင်ကြီးမည်းမည်း ထဲ သူတော်ငတေ အရိပ်နောက်သာ လိုက်နေရ၏ ။


သည်လိုနှင့် တစ်ယောက်ဖက်လောက် ရှိသော သစ်ပင်တစ်ပင်ရင်းသို့ ရောက်လာကြသောအခါ သူတော်ငတေ က...


“ မင်း ဒီဘက်မှာ နေ ၊ ငါ ပင်စည် ဟိုဘက်သွားမယ် ။ ရော့... လို့ ငါက ပေးတဲ့အခါ ငါ့လက်ထဲက ပစ္စည်းကို မင်း လှမ်းယူလိုက်ပါ ”


ဟု ပြောပြီး သစ်ပင် ၏ တစ်ဖက်ပင်စည် ကို ကွယ်သွားသည် ။


“ ရော့.. ယူထားလိုက် ”


ဟူသော သူတော်ငတေ အသံကို ကြားသဖြင့် လှမ်းကြည့်လိုက်ရာ သူတော်ငတေ ၏ ကိုယ်ကို မမြင်ရဘဲ အဝတ်ထုပ် လှမ်းပေးနေသော လက် နှင့် မျက်နှာ ကို သာ မြင်ရလေသည် ။ စောစောက ပိန်းပိတ်အောင် မှောင်နေသော်လည်း ယခုကား လင်းလင်းထင်းထင်း ၊ သူတော်ငတေ ၏ မျက်နှာမှာလည်း ပီပီပြင်ပြင် ။ သို့သော် ငထီး အကြီးအကျယ် တုန်လှုပ် ထိတ်လန့်သွားသည်မှာ သူတော်ငတေ ၏ ခေါင်းပေါ်တွင် ချိုကြီး နှစ်ချောင်း ။


သူတော်ငတေ လှမ်းပေးနေသော ကိုယ်ဝတ်ထုပ်ကို လှမ်းယူလိုက်စဉ်၌ပင် ငထီး သည် လန့်ဖျပ်ပြီး နိုးလာလေသည် ။ ဤ ထူးဆန်းသော အိပ်မက်ကို သူ ဘာကြောင့် မက်ပါလိမ့်ဟု အမျိုးမျိုး တွေးတောရင်း မိုးလင်းသွားလေသည် ။


ညနေစောင်းကြီးတွင် ငထီး သည် ခါတိုင်းကဲ့သို့ပင် ညစာ ထမင်းစားရန် ရွာထဲ ဝင်လာသည် ။ ရွာဖျား က သူ့ ဦးကြီးတစ်ယောက် ၏ အိမ်နား ရောက်သောအခါ သူ့ ဦးကြီး နှင့် သူ့ နှမဝမ်းကွဲ များ သူ့တို့ နွားတစ်အုပ်ကို အိမ်ရှေ့ ကောက်ရိုးစင်အောက် ဝရုန်းသုန်းကား နှင့် မောင်းသွင်းနေကြ သည်ကို တွေ့ရသည် ။


အမှန်မှာ ဤရာသီ၌ သူတို့ရွာ ရှိ နွားတွေမှာ နေခင်းနေ့လယ် တွင် ရွာပြင်၌သာ လွှတ်ထားကြခြင်း ဖြစ်၏ ။ ညနေ ရောက်မှ နွားရေတိုက်ပြီး နောက်နှစ် စပါးကောင်းအောင် လယ်ယာကွက်များတွင် နောက်ချေး ချရန် သိပ်ထားလေ့ရှိကြသည် ။ ယခု နွားတွေ ကို ရွာထဲ သွင်းနေကြသည်မှာ တော ကောင် ( ကျား ) များ အရိပ်အယောင် ကို တွေ့ကြရ၍ လားဟု လှမ်းမေးလိုက်၏ ။ ဤသည်ကို သူ့ဦးကြီး က ..


“ ဒီကောင်လေး ဟာ ပေါက်တတ်ကရ ဘာတွေ လာပြောနေတာလဲ ”


ဟု ဟောက်သဖြင့် ဆက် မမေးရဲတော့ဘဲ သူတို့ အိမ်ဘက် ထွက်လာ လေသည် ။


သူတို့ အိမ်နား ရောက်သောအခါမှာလည်း သူ့ အဖေ နှင့် သူ့ အစ်ကိုများ က ဦးကြီးတို့အိမ်သားများ နည်းတူ နွားအုပ် ကို အိမ်နောက်ဘက် ကောက်ရိုးစင်အောက် မောင်းသွင်းကာ ဝရုန်းသုန်းကား ဖြစ်နေကြသည်ကို တွေ့ရပြန်သည် ။ ထိုအခါမှာလည်း ငထီးက..


“ အဖေ ဘာဖြစ်လို့လဲ ။ ခါတိုင်းလို နွားတွေကို လယ်ပြင်မှာ ချည်မထားဘူးလား ”


ဟု မေးမိပြန်၏ ။ ထိုအခါ သူ့ အဖေ က...


“ တစ်ရွာလုံး နွားတွေ ကို ရွာပြင်မှာ ထားလို့ မရဘူးကွ ။ ဘယ်ရွာ က ဘယ်လူ့ နွားမှန်းလဲ မသိဘူး ။ နွားသိုးဖြူကြီး တစ်ကောင် သောင်းကျန်းနေတာ သုံးလေးရက် ရှိပြီ ။ နွားထီးတွေ ကို လိုက်ဝှေ့ နွားမတွေ ကို မြင်လိုက် နဲ့ ခုဆို နွားမတွေ လည်း အကုန် မြိုင်ထ ကုန်ကြပြီ ။ အဲဒါကြောင့် ရွာ ထဲ သွင်း နေကြရတာ ”


ဟု ပြန်ပြောသည် ။ ထိုအခါတွင်မှ စောစောက သူ့ ဦးကြီး သည် သူ့သမီးများ ရှေ့ သူ့အား အဖြစ်မှန်ကို မပြောလိုက်ခြင်း ဆိုတာ ငထီး သဘောပေါက်သွားသည် ။ ထမင်းစားပြီး ကျောင်း အပြန် လမ်းမှာလည်း အိမ်တိုင်း လိုလို က လူတွေ နွားအုပ်သွင်း၍ ပြောဆိုနေသံကို ကြားခဲ့ရသည် ။


“ မကြုံဖူး ၊ မကြားဖူးပါဘူးဗျာ ။ သောင်းကျန်းလိုက်တဲ့ နွားသိုးဖြူကြီး ၊ ဘယ်ရွာ ၊ ဘယ်အရပ်က မှန်းလည်း မသိဘူး ။ ရွာက နွားသိုးကြီးတွေလည်း ဒီကောင့်ကို တစ်ကောင် မှ ပြိုင် ဝှေ့ မခတ်နိုင်ကြဘူး ။ နွားမတွေလည်း အကုန် ကျိုးနာကုန်တော့မယ် ။ ဒီအတိုင်းဆို သူကြီး ကို အမိန့်ထုတ်ခိုင်းပြီး ပစ်သတ် ပေါ်စားလိုက်ကြဖို့ ကောင်းနေပြီ ”


သူ့ ဆရာ သူတော်ငတေ ၏ ညောင်စောင်းတွင် အိပ်နေရင်း ခုနစ်ရက်မြောက်သော တစ်ည သန်းခေါင်ကျော်အချိန် တွင် ငထီးသည် ထူးဆန်းသော အိပ်မက် တစ်ခုကို မြင်မက် ပြန်သည် ။ သူ့ ဆရာ နှင့် သူ တောထဲ ဆေးမြစ်ရှာသွားကြရင်း သူယောင်တောထဲ ရောက်သွားကြသည် ။ လှလိုက်ကြသည့် သူယောင်မလေးများ ၊ လေအဝှေ့တွင် သူယောင်ပင်ပေါ် ၌ ယိမ်းထိုးလှုပ်ရှားကာ ကခုန် နေကြသည် ။ သူ့ ဆရာ ငတေ သည် ဝိဇ္ဇာဇော်ဂျီ ဖြစ်သွားပြီး သူယောင်မယ်များနှင့် ပျော်ပါးရန် သူယောင်ပင်စည် ကို ဖက်တက်နေသည် ။ ဘယ့်နှယ်... ဆရာ ဝိဇ္ဇာဇော်ဂျီ ဖြစ်ပါလျက် ဘာကြောင့် ပျံမတက်ဘဲ ပင်စည်ကို ဖက်တက်နေရပါလိမ့်ဟု တွေးမိပြီး ကြည့်နေစဉ် သူတော်ငတေခေါင်းမှ ချိုကြီးနှစ်ချောင်း ထွက်လာပြီး နွားဖြူကြီး ဖြစ်ကာ ပင်စည်ရင်း၌ လဲကျသွားသည် ။


ထိုအချိန်မှာပင် ငထီး လည်း အိပ်ရာက လန့်နိုးလာ၏ ။ မျက်လုံးဖွင့်ကြည့်သောအခါ နွားဖြူကြီး တစ်ကောင် အခန်းထဲ ရောက်နေသည်ကို မြင်လိုက်ရ သလိုပင် ။ ငထီး သည် ကြောက်ကြောက်ရွံ့ရွံ့ နှင့် စမ်းမိစမ်းရာ စမ်းလိုက်မိရာ သူ့ ဆရာငတေ ၏ ဘေးနားက အဝတ်ထုပ်ကို စမ်းမိလိုက်သည် ။ ထိုအခါ ပိုလန့်ပြီး အဝတ်ထုပ် နှင့် နွားဖြူကြီးကို ပစ်ပေါက်လိုက်ရာ...


“ ငါ့ တပည့် ငထီး ၊ နိုးသွားပြီလား ”


ဟူသော အသံကို ကြားလိုက်ရပြီး သူ့ဘေးတွင် ရပ်နေသော သူတော်ငတေ ကို တွေ့ရလေသည် ။


အိပ်မက် လား ၊ တကယ်ဖြစ်ပျက်နေတာ လား ဆိုသည်ကို ငထီး မှာ ဇဝေဇဝါ ဖြစ်သွားသည် ။ နှစ်ည မြင်မက်သော အိပ်မက်နှင့် တစ်နေ့က သူ့ အဖေ ၊ သူ့ ဦးကြီး တို့ နွားသွင်းနေကြသည် ကို တွေ့ကြုံခဲ့ရသဖြင့် စိတ်စွဲကာ ထင်ယောင်ထင်မှား မြင်မိလိုက်သလား ဆိုသည်ကိုလည်း ငထီး ကား တွေးမရ ။ သူ ညောင်စောင်းပေါ် က ထလိုက်ရာ သူတော်ငတေ က ညောင်စောင်းပေါ် ဝင်ထိုင်သည် ။


“ ငါ့တပည့် ၊ မင်း ကျောင်းပေါ် တက်အိပ်တော့ ။ မနက်ကျရင် ဒေါင်းသိန်း ကို လွှတ်လိုက် ။ ငါ ကိုယ်လက်တွေ နာလာတယ် ။ ဆေးလိမ်း ခိုင်းရမယ် ”


ဟု ပြောပြီး ညောင်စောင်းပေါ် သူတော်ငတေ လှဲချလိုက်သောအခါ ငထီး သည် ကျောင်းပေါ် တက်လာ သည် ။ ငထီး ကား မိုးလင်းသည် အထိ ပြန် အိပ်မပျော်တော့ ။


လေးငါးရက် ကြာ၍ သူတော်ကတေ လည်းစိတ် ကြည်ကြည်လင်လင် ရှိနေသော တစ်ညနေမှာ ငထီး ကသူ့ ဆရာညောင်စောင်းတွင် ခုနစ် ရက် တိတိ အိပ်စောင့်ပေးခဲ့ရစဉ်က မြင်မက်ခဲ့ရသော အိပ်မက် နှင့် အဖြစ်အပျက် ကို သူတော်ငတေ အား ပြောပြရာ ...


“ ပေါက်တက်ကရ ၊ မှော်ဆရာကြီး ပြောတာ နဲ့ ငတေ ပဲ နွားသွား လုပ်ရမလို ဖြစ်နေပြီ ။ မင်း မဟုတ်တရုတ် ဘယ်သူ့မှ လျှောက်မပြောပါနဲ့ကွာ ။ ငါ က သူ များ အရူးတွေသာ ကုဖို့ ဆေးရှိတာ ။ ငါ့ တပည့် အရူး ကို ကုဖို့ ဆေး မရှိတော့ဘူး ” ဟု ရယ်ဖြဲဖြဲနှင့် ပြောလိုက်လေ၏ ။


◾ ဝေယံလင်းခေါင်


📖 ဂမ္ဘီရမဂ္ဂဇင်း

     ၂၀၀၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


www.facebook.com/aung.naingoo.3726613


.

Friday, December 10, 2021

ချစ်ကြသည် ဆိုရာဝယ်


 ❝  ချစ်ကြသည် ဆိုရာဝယ်  ❞ 


ကိုအဏ္ဏဝါ ၏ ဆွေမျိုးသားချင်းထဲက သင်္ဘောသားတစ်ယောက် နိုင်ငံခြားမှာ နေမကောင်း ဖြစ်၍ မြန်မာနိုင်ငံ ကို ပြန်ရောက်လာသည် ။ ရောက်လျှင် ရောက်ချင်းပင် ပုဂ္ဂလိက ဆေးရုံတစ်ရုံ ကို တင်လိုက်ရသည် ။ ရောဂါလက္ခဏာ က မောသည် ၊ အသက်ရှူ ကျပ်သည် ဟု ဆိုသည် ။ အသားတွေ ဝါပြီး ခြေဖဝါး၊ လက်ဖဝါးတွေ ဖြူနေသည် ။


ပုဂ္ဂလိက ဆေးရုံကြီး က သမားတော်ကြီးတွေက ဂရုတစိုက် ကုသပေးကြသည် ။ နောက်ဆုံးပေါ် ခေတ်မီစမ်းသပ် ကိရိယာတွေကို အသုံးပြုပြီး ရောဂါရှာဖွေ ကြသည် ။ တန်ဖိုးအများ ဆုံးနှင့် အကောင်းဆုံးဆေးဝါးတွေ ကို တိုက်ကျွေး၍ နေ့ညမပြတ် စောင့်ကြပ် ကုသပေးနေကြသည် ။ လူနာရှင် ကလည်း ရောဂါပျောက်ကင်းမည် ဆိုလျှင် ကုန်ချင်သလောက် ကုန်ပါစေ ဆိုပြီး လိုလေသေး မရှိအောင် အကုန်အကျ ခံ၍ ပံ့ပိုးပေးနေသည် ။ သွေးတစ်ပုလင်း ကို ခြောက်ထောင်၊ ဆေးတစ်ပုလင်း ကို တစ်သောင်း နှစ်ထောင် အကုန်ခံ၍ ထိုးသွင်းနေ သည် ။ ဆေးရုံပေါ်မှာ တစ်လ၊ ရက်နှစ်ဆယ် သာ ကြာသွားသည် ဘာ ရောဂါဆိုတာ ကို အဖြေရှာ မရနိုင်သေး၍ ဆက်လက် စမ်းသပ်နေရသည် ။


ပုဂ္ဂလိက ဆေးရုံကြီး တွင် ကုန်ကျစရိတ် အတော်များ သည် ။ အခန်းခ က တစ်နေ့ ကို နှစ်ထောင့်ငါးရာကျပ်။ အနီးကပ်ပြီး နေ့ညမပြတ် ပြုစုမည့် သူနာပြု ဆရာမ ငှားခက နေ့ တစ်ထောင်၊ ည တစ်ထောင်။ အထူးကု ဆရာဝန်ကြီး တွေ နေ့စဉ်လာရောက် စစ်ဆေးလျှင် စာအိတ်ကလေးထဲမှာ အရွက်ကြီး တစ်ရွက် ထည့်ပြီး သူနာပြု ဆရာမလေးက တစ်ဆင့် ကန်တော့ရတာက တစ်ထောင် ဆိုတော့ နေ့စဉ် ပုံမှန် ကုန်ကျ စရိတ်က ငါးထောင့်ငါးရာကျပ် ရှိသည် ။ လူနာအတွက် နေ့စဉ်လိုအပ်သည့် ဆေးဝါး နှင့် အစားအစာ အပြင် လူနာ ကို လာရောက်ကြည့်ရှုကြသည့် မိသားစုတွေ လာစရိတ် ပြန်စရိတ်နှင့် စားသောက်စရိတ်ပါ ဆိုလျှင် တစ်နေ့ ကို သောင်းဂဏန်း အထက်မှာ ချည်း ကုန်ကျနေသည် ။


လူနာသင်္ဘောသား သည် ကိုအဏ္ဏဝါ နှင့် ညီအစ်ကို တော်စပ်သူ ဖြစ်၍ လူနာ ၏ ဇနီး သည် ကိုအဏ္ဏဝါ ခယ်မ တော်စပ်သည် ။ ကိုအဏ္ဏဝါ့ ခယ်မ သည် သူ့ လင် ကို အလွန်ချစ်သည် ။ လင် ကို ချစ်လွန်း၍ လင် ၏ အသက်ကို ငွေ နဲ့ စက်ပြီး လုယူနေခြင်း ဖြစ်သည် ။ သူ့ မှာ ရှိသမျှ စီးပွား ကုန်ချင် ကုန်သွားပါစေ၊ သူ့ လင် အသက်ရှင် နေလျှင် ကျေနပ်ပြီ ဆိုပြီး ငွေတွေပုံအော ကုသနေခြင်း ဖြစ်သည် ။ သွေး တစ်ပုလင်းကို ခြောက်ထောင်ကျပ် ဖြင့် သွေးပုလင်းပေါင်း လေးဆယ်ကျော် သွင်းရသည် ။ ဆေးတစ်ပုလင်း ကို တစ်သောင်း နှစ်ထောင်နှန်းဖြင့် ဆေးပုလင်းပေါင်း တစ်ဆယ်ကျော် သွင်းရသည် ။ နှစ်လကျော် အတွင်းမှာ အထွေထွေ ကုန်ကျစရိတ် သိန်းနှစ်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ဘာ ရောဂါဆိုတာကို တိကျသည့် အဖြေရှာ မတွေ့သေး ဖြစ်နေသည် ။ သွေးအား နည်းနည်းလာ၍ သွင်းလိုက်သည့် သွေးတွေ ခန္ဓာကိုယ် အတွင်း မှာ ပျောက်ပျောက် သွားသဖြင့် သွေးကင်ဆာ လား ဆိုတော့လည်း မဟုတ်ဟု ဆိုသည် ။


သွေးကင်ဆာ မဟုတ် ဆိုသည့် အတွက် ကိုအဏ္ဏဝါ ၏ ခယ်မ အရမ်း ဝမ်းသာ သွားသည် ။ သူ့ ယောက်ျား မသေနိုင်တော့ဘူးဆိုသည့် အတွေးဖြင့် ပျော်နေသည် ။ ပိုက်ဆံတွေ ပုံအောပြီး လိုလေသေးမရှိ ပြုစုကုသသည် ။ လူနာကလည်း စိတ်ဓာတ် တက်ကြွပြီး ဝ၀ဖြိုးဖြိုး စိုစိုပြည်ပြည် ပြန်ဖြစ်လာသည် ။ မကြာမီ ဆေးရုံက ဆင်းရတော့မည် ဖြစ်၍ နိုင်ငံခြား က သင်္ဘောကုမ္ပဏီ ကို အကြောင်းကြားပေးပါ ဟု ကိုအဏ္ဏဝါ ကို မေတ္တာရပ်ခံသည် ။


ကိုအဏ္ဏဝါ မှာ ကိုယ့်စရိတ် နဲ့ ကိုယ် နိုင်ငံခြား ကို တယ်လီဖုန်း ခေါ်ပြီး လူမမာ အလုပ် လုပ်ခဲ့သည့် သင်္ဘောကုမ္ပဏီ က မန်နေဂျာ ကို စကားပြောရ သည် ။ သင်္ဘောသား ကျန်းမာလာပြီဖြစ်၍ မကြာမီ သင်္ဘော ပြန်လိုက်နိုင်တော့မည် ဖြစ်ကြောင်း၊ ဦးစားပေး၍ အလုပ်ပြန် ခန့်ထားပေးပါရန် မေတ္တာရပ်ခံ တောင်းပန်ပါကြောင်း ပြောရသည် ။


ဆေးကုသခံယူ၍ ကုန်သွားသော ပိုက်ဆံ တွေကို အမြန်ဆုံး ပြန်ရအောင် လင်တော်မောင် ကို အမြန်ဆုံး သင်္ဘော ပြန်လိုက်ခိုင်းဖို့ အတွက် ကိုအဏ္ဏဝါ ၏ ခယ်မ ဆန္ဒတွေ ပြင်းပြနေသည် ။ လင် ကို တအား ပြုစုယုယသည် ။ ချစ်ဟန်တွေ တအားပြသည် ။ ငှားထားသည့် သူနာပြု ဆရာမလေးတောင် အားကျလာ၍ လင် ယူချင်စိတ် ပေါက်လာသည် ဟု ထင်ရသည် ။


ဆေးရုံပေါ်မှာ ရက်တွေ ကြာလာတော့ သူနာပြု ဆရာမလေးကလည်း သူ့ လူနာကိုရော ၊ လူနာ၏ ဇနီးကိုပါ သံယောဇဉ်တွယ်နေပြီဖြစ်သည် ။ အကျွေးအမွေး အပေးအကမ်း ရက်ရောသည့် သင်္ဘောသား လူနာလင်မယား ကို ဆရာမလေး က အစ်ကိုလို တစ်မျိုး၊ အစ်မလို တစ်ဖုံ ချစ်ခင်နေမိခြင်း ဖြစ်သည် ။ အပျိုလေးတန်မဲ့ မရှက်မကြောက် ၊ မရွံမရှာ လှန်လှော်၍ ဆေးကြော ပွတ်သပ်၊ ကိုင်တွယ်ပြုစုယုယ တတ်သော ဆရာမလေး ကို လူနာကရော လူနာ့ ဇနီး ကပါ ညီမလေးအရင်း လို ချစ်ခင် နေကြတာကတော့ မဆန်းပါဟု ပြောရမလို ဖြစ်နေသည် ။


လူနာတွေကို နေ့စဉ်အလှည့်ကျ လှည့်လည် စစ်ဆေးကြသည့် ဆရာကြီး ၊ ဆရာမကြီးတွေကလည်း လက်ဆောင် ပစ္စည်းတွေ တထောကြီးဖြင့် ရက်ရက်ရောရော ကန်တော့တတ်သည့် သင်္ဘောသား လူနာ နှင့် လူနာ၏ ဇနီးကို တအား ချစ်ကြပါသည် ။ လူနာ နှင့် လူနာ၏ ဇနီးကလည်း အားပေးစကား အပြောကောင်းသည့် ဆရာကြီးတွေ နှင့် ဆရာမကြီးတွေ ကို အရမ်းရမ်းကို ချစ်ခင်လေးစားနေလေသည် ။


ဆေးရုံ ပေါ် မှာ နှစ်လ ကျော် သုံးလ နီးပါး ကြာပြီး ပိုက်ဆံ သိန်း နှစ်ဆယ် ကျော်ကျော် သိန်းသုံးဆယ် နီးပါး ကုန်သွားသောအခါ လူနာ၏ အခြေအနေ ကောင်းမွန် သက်သာလာသည် ။ မိသားစုတိုင်ပင်ဆုံးဖြတ်ပြီး ဆေးရုံမှ ပြန်ဆင်းခဲ့ကြသည် ။ သားလေး နှစ်ယောက် နှင့် သမီးလေး ကို ရှင်ပြုနားသ မင်္ဂလာအလှူ လုပ်သည် ။ အလှူ ပြီး၍ ရှင်တွေ လူ မထွက်ရသေးခင်မှာ ပင် အမော ပြန်ဖောက် လာသည် ။ သွေးတိုင်းကြည့် သောအခါ သွေးအားအလွန် နည်းနေတာ တွေ့ရပြန်သည် ။ အခြေအနေ မဟန်၍ ဆေးရုံ ကိုပင် ပြန် တင်လိုက်ရသည် ဆေးရုံပေါ်မှာ ပင် အစာ မဝင်၊ ရေ မဝင်ဖြစ်လာသည် ။ ဆရာဝန်ကြီးတွေ နှင့် သူနာပြု ဆရာမလေးတို့ ကတော့ အားပေးစကား ပြောကြားကြပါသည်။ သို့သော် တစ်နေ့တခြား အခြေအနေ ဆိုးလာ၍ ဆေးရုံမှ ပြန်ဆင်းခဲ့ရတော့သည် ။ အိမ်ရောက်ပြီး လေးငါးရက်လောက် အကြာမှာ ကိုအဏ္ဏဝါ ၏ ညီ သင်္ဘောသား ကွယ်လွန်သွားလေသည် ။


အသုဘ သဂြိုဟ်သည့် နေ့ ညနေမှာ သူနာပြုဆရာမလေး ပျာယီးပျာယာ ရောက်လာသည်။ သတင်းစာမှာ ပါသည့် နာရေးကြော်ငြာ ကို အခုမှ ဖတ်မိ၍ ချက်ချင်း ထလာခဲ့ကြောင်း၊ အသုဘ လိုက်မပို့လိုက်ရ၍ စိတ်မကောင်း ဖြစ်မိကြောင်း ပြောပြီး မျက်ရည်သုတ်သည် ။


“ ညီမလေး အစ်ကို ရဲ့ အသက် ကို မမ ငွေ နဲ့ စက်ပြီး လုခဲ့တာ၊ ကုခဲ့တာ သိန်းနှစ်ဆယ် ကျော်ပါတယ် ညီမလေးရယ်။ နောက်ဆုံးတော့ ဖွတ် မရ ဓားမ ဆုံးတဲ့ အဖြစ်ပါပဲကွယ်၊ ဟယ် ... ဟယ် ... အယ် ...။ ဘာ ရောဂါ ဆိုတာကိုတောင် သူ သိမသွားရှာတာကို မမ ရင် အနာဆုံးပဲကွဲ့၊ ဟဲ.. ဟဲ... ဟီး... အီး ”


သူနာပြု ဆရာမလေး သည် တစ်စုံတစ်ခုကို ပြောသင့်မပြောသင့် ချင့်ချိန်ရင်း ချီတုံချတုံ ဖြစ်နေပုံရသည် ။ လူနာလည်း သေသွားပြီမို့ မထူးတော့ဘူးဆိုပြီး ဖွင့်ပြော လိုက်သည် ။


“ ဆရာဝန်ကြီးတွေရော ကျွန်မတို့ ပါ အစ်ကို ရဲ့ ရောဂါ ကို သိနေကြတယ် မမ ရဲ့ ။ အစ်ကို့ ကိုရော မမ ကိုပါ ချစ်လို့ ၊ သနားလို့ ဖွင့် မပြောရက်တာနဲ့ မပြောဘဲ နေခဲ့ကြတာ ”


“ ဟင် ... ဘာ ... ဘာ ... ရောဂါတဲ့ လဲ ”


“ သွေးကင်ဆာ ... အစ်မ ရဲ့ ”


ကိုအဏ္ဏဝါ ၏ ခယ်မ သည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး ထိုင်နေသည့် သူနာပြု ဆရာမလေး ၏ မျက်နှာကို စားတော့ဝါးတော့မတတ် စူးစိုက်ကြည့်လိုက်သည် ။


“ ဪ .. ဟော... လက်စသတ်တော့ ညည်းတို့ က ငါ့ ယောက်ျား သေမယ် ဆိုတာကို သိလျက်သား နဲ့ အချိန် ဆွဲပြီး အမှည့်ခြွေ ခြွေနေခဲ့ကြတာကိုး ။ ငါ့ ယောက်ျား မလွဲမသွေ သေမယ် ဆိုတာကို ငါ ကြိုတင်သိရင် တစ်ပြားမှ အကုန်မခံ တော့ဘူးပေါ့ ။ သူ မသေနိုင်ဘူး ထင်လို့ အကုန်အကျ ခံခဲ့တာ ။ ကျန်းမာလာရင် သင်္ဘော ပြန်လိုက်ခိုင်းလို့ ရတယ် ဆိုပြီး အကုန်အကျ ခံခဲ့တာပေါ့ ။ အခုတော့ ဖွဲပုံပေါ်မှာ ဆီး သွားသလို တစ်ပြားမှ မကျန်တော့ဘူး ။ ဒီ အသက် အရွယ်ကျမှ သင်္ဘောသား နောက် တစ်ယောက် ရဖို့ ဆိုတာလည်း မလွယ်တော့ဘူး ။ ဘာ လုပ်ကိုင် စားရမှန်းလည်း မသိတော့ဘူး ။ အဲဒါ ညည်းတို့ အပြစ် ။ ငါ့ ကို ချစ်သလေး သနားသလေး နဲ့ ပြောပြီး ငါ့ ကို မွဲပြာကျအောင် လုပ်ခဲ့ကြတာ ညည်းတို့ တွေပဲ ။ ညည်းတို့ တရားခံပဲ ဟင်း ... ဟင်း ... ဟီး .. "


ကိုအဏ္ဏဝါ ၏ ခယ်မ က မျက်လုံးကြီးပြူးပြီး ဒေါသတကြီး အော်ဟစ်ကြိမ်း မောင်းနေ၍ သူနာပြုဆရာမလေး ကြောက်လန့်ပြီး ထွက်ပြေးသွား လေတော့သည် ။


◾ အဏ္ဏဝါစိုးမိုး


📖 ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း

      အမှတ် ၁၄၂

      စက်တင်ဘာလ၊ ၂၀၀၁ ခုနှစ်


 koaungnaingoo.blogspot.com


.

Monday, December 6, 2021

မလွဲရင်မနေနိုင်တာကလွဲလို့ 01


 လူ ဟူသော ဝေါဟာရ စကားလုံး အသုံးအနှုန်း သည် တော်တော်လေးကျယ်ပြန့်ပါသည် ။ လူ တစ်ယောက် လူ တစ်ဦး ဖြစ်လာဖို့ရာ အတော်လေး ခဲယဉ်းလှပါသည် ။ အချို့ဆို လူ့ လောက ထဲ ဝင်လာပြီး လူ ဖြစ်မည် မှ မကြံသေး ။ မိခင် ၊ ဖခင် စိတ် မရှိသော လူများ ၏ လက်ချက် နှင့် လူ့ လောကကြီး မှ ဆောလျှင်စွာ ထွက်ခွာသွားရသည် ။ လူ ဖြစ်ခွင့် မကြုံလိုက်ရ ။ တော်တော်လေး သနားစရာ ကောင်းပါသည် ။


ကျွန်တော် ယခုကဲ့သို့ စာရေးနိုင် ၊ ဟာသသရုပ်ဆောင် အဖြစ် သရုပ်ဆောင်နိုင်ခြင်းများ သည် ကျွန်တော် ၏ မိခင် နှင့် ဖခင် လူ စိတ် မွေးခဲ့၍ ကျွန်တော် လူဖြစ်ခွင့်ရလိုက်သည် ဟု ဆိုလျှင် မှားအံ့ မထင် ။ ဟော .. လူ ဖြစ်လာပြန်တော့လည်း တစ်စုံတစ်ခု ချို့ယွင်းနေလျှင် လူရာ မဝင် ၊ လူတော မတိုးရပြန်တော့ ။ ဆရာဝန် ဖြစ်တာလည်း လူပါပဲ ။ စာရေးဆရာ ဖြစ်တာလည်း လူပါပဲ ။ ကြုံရာကျဘမ်း လုပ်ကိုင် စားသောက်နေရတာလည်း လူ ပါပဲ ခင်ဗျ ။


အဲ.. အဲဒီ လူတွေထဲကမှ ဆွဲထုတ်ပြပြီး ရေးချင်တာက အလွဲများ နှင့် လူတွေ အကြောင်းပါ ။ လှိုင်သာယာ ကနေပြီး ရန်ကုန် မြို့ပေါ်မှာ အလုပ် လာလုပ်သည့် လူတစ်ယောက် သည် သူ့ ထမင်းချိုင့် နှင့် သူ တစ်နေ့ တစ်ထောင့်ငါးရာ ရပါသည် ။ ညနေ အလုပ် က ပြန်လျှင် ထမင်းဖိုး နှင့် ကားခ နုတ် ၊ အနည်းလေး ရှစ်ရာ နှင့် ကိုးရာ လောက်ပဲ ကျန်ပါသည် ။ တစ်ခါတလေ အလုပ် မရှိလျှင် စရိတ် ဆုံး ။ ထမင်းဖိုး ဆုံး ပေါ့ ။


အဲ .. ခု ကျွန်တော် တင်ပြမည့်အကြောင်းအရာ ကတော့ ကျွန်တော်တို့ ၏ ပတ်ဝန်းကျင် ၊ ကျွန်တော်တို့၏ ကျေးဇူးရှင် ( ကျွန်တော့် ဘာသာ သတ်မှတ်တာပါ ) ၊ ဗီဒီယိုရိုက်ကူးရေး စက်အဖွဲ့ ၊ ကင်မရာမင်း အပါအဝင် မီးထိုးမှန်ထိုး တွေပေါ့ ။ ရုပ်ရှင်ဗီဒီယိုသမားတွေ အခေါ်အဝေါ် ကတော့ ဂဲလ်ဖာ ဟူ၏ ။ ရန်ကုန်ဈေး တစ်မျိုး ၊ နယ်ဈေး တစ်မျိုး ၊ ရှူတင်ထမင်း စားရသည် ။ အနည်းလေး လေး ငါးထောင် ရသည် ။ တစ်နေ့ တစ်ဂျူတီ ပြောပါတယ် ။


ဇာတ်ကားတစ်ကား ပြီးတိုင်း မင်းသား ၊ မင်းသမီးတွေ က မုန့်ဖိုး ပေးကြသေးသည် ။ သည်တော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံလည်း ရ ၊ ဝမ်းလည်း ဝ ၊ နယ်ပေါင်းစုံလည်း ရောက် ၊ မင်းသား ၊ မင်းသမီး အစုံ နှင့်လည်း မြင်ဖူး တွေ့ဖူးရ ဘယ်လောက်များ ကံကောင်း လိုက်သည့် လူတွေလဲ ။


အဲဒီထဲမှာမှ မိမိဘာသာ မိမိ ကံကိုဆေးရောင်ခြယ် ၊ ဆေးရောင်ဆိုးသူက ရှိသေး ။ တစ်နေ့တာ ပင်ပင်ပန်းပန်း ရထားသော ငွေ ကို အရက် သောက် ၊ ဖဲ ရိုက် ၊ ဘောလုံး လောင်း ၊ နှစ်လုံးသုံးလုံး ထိုး ၊ တစ်ခါတစ်ရံ ကြေးစားမိန်းမ နှင့် ခေါ် အိပ် ၊ သည်တော့ အဲဒီလို လူမျိုးသည် ဆင်းရဲခြင်း ဟူသော သံသရာဝဋ် အတွင်း မလွတ်ကင်းနိုင်ကြပုံ ဆိုသလိုမျိုးပေါ့ ။


ကဲ... လူတွေ အကြောင်း ကျွန်တော်လက်လှမ်း မီသလောက်ကြားဖူးနားဝ ရှိသလောက်လေး ရေးလိုက်တာပါ ။ ခုချိန်ကစပြီး လူတွေထဲက လူဖြစ်သည့် ကင်မရာမင်း ၊ စက်အဖွဲ့ ၊ ဂဲလ်ဖာ များ၏ အလွဲလေးတွေ …… ။


◾ ကျော်ထူး


📖 မလွဲရင်မနေနိုင်တာကလွဲလို့ 


koaungnaingoo.blogspot.com


.

Sunday, December 5, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 09


 “ အိုသာအိုသည် ၊ လူပျိုသာရကဲ ၊ ဘိုးအိုမီးလန် ၊ သူငယ်ပြန်သည် ၊ ဆယ်တန်သူ့ထက်ကဲလိမ့် ... ” 


          ◾ မန်လည်ဆရာတော်


❝ တံလျှပ်  ကို ရေထင်၍ ❞


တဏှာပေမ သမုဒယ တို့သည် မင်းတရားကြီးဘုရား အား လောဘ နှင့် ဒေါသ တို့ကို ဖြစ်ပွားစေခဲ့ပါလေသည် ။


မင်္ဂလာတရား ကို အလိုရှိသော သူတော်စင် တို့သည် ပစ္စုပ္ပန်တည့်တည့် ကိုသာ ရှုလေ့ရှိမှန်း ဘဝရှင်မင်းတရားကြီးဘုရား သိပါသည် ။ သို့ သိပင် သိ ငြားသော်လည်း အတိတ် ကို အတိတ် တွင် မထားနိုင်ခဲ့သဖြင့် ထိုအတိတ် မှ အရိပ် ၏ ဖမ်းစားမှုကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော်မကျ ဖြစ်နေရပါသည် ။


ဘောင်းတော်ညိမ့် လျှင် စိတ်တော် သိ ကြရသည့် ဝန်ကြီးများ ၊ အတွင်းဝန်များ ၊ လက်စွဲတော်ကြီးများ သည် မင်းတရားကြီးဘုရား ၏ အလို ဆန္ဒတော်တို့ကို အစွမ်းကုန် ကြိုးစား ဖြည့်စွမ်းကြဘို့ သူ့ ထက် ငါ

အလုအယက် လုံးပမ်းနေကြပါသည် ။ ထိုအဖြစ်မျိုးကို မလိုလားကြသော ကင်းဝန်မင်းကြီး ဦးကောင်း နှင့်

ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့က လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား မင်းတရားကြီး ဘုရား ကို သတိတော်  မဆက်ရကောင်းလား ဟု ကြီမ်းမောင်း မာန်မဲနေကြပါသည် ။ စီးသော ရေကို ဆည်တန့်သည့်

ကန်သင်း သဘော နှင့် ဆူပူကြိမ်းမောင်းနေကြရပေမင့် ပညာရှိကြီးများ ပီပီ မင်းကြီးဦးကောင်း ရော ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့ပါ တားဆီး၍ ရမည် မဟုတ်ကြောင်း ကိုတော့ သိကြပါသည် ။


အနုသယ ကို ကိလေသာ က အပယ်ခံသည့် အဖြစ်ကား ရင်နင့်စရာ ကောင်းလှသည်ဟု ပညာရှိ

ဝန်ကြီးများ သိရှိကြသော်လည်း ပြင်းပြစွာ တောက်လောင်မြိုက်ဆဲဖြစ်သော  ကိလေသာ အပူမီး ကို

ရုတ်ခြည်း အေးငြိမ်းစေရန် မတတ်နိုင်ကြသေးပါ ။ တဖြည်းဖြည်းမှ အခါအခွင့်ကို ကြည့်၍ တင်လျောက်

ကြရန် တိုင်ပင်ထားကြပါလေသည် ။ အရိပ်သုံးပါး နားမလည်ပါ က မရဏလမ်း သို့ အချိန်မရွေး

ဖြတ်လမ်းက မြန်နိုင်သည့် အခါသမယပင် ဖြစ်ပါလေသသည် ။


ပင်းတလဲစား ဦးရွှေမောင်ကြီး လည်း ကင်းဝန်မင်း နှင့် ရွှေပြည်ဝန်ကြီး တို့ မကြာမကြာ မင်းတရားကြီးဘုရား  အတွက်နှင့် ပက်သက်၍ ဆူပူကြိမ်းမောင်းခြင်းခံရသည်က တကြောင်း ၊ ၎င်း ကိုယ်တိုင် စောင့်ရှောက် ထိန်းသိမ်းနေရသည့် ဆောင်တော်ကူးမှတ်တမ်းတွင် ပါဝန်နေသော မိဖုရားများ အဆောင်တော်ကူး ရက်များ  ပျက်ကွက် တိမ်းချောက်လာခဲ့သည်မှာ ၂ - လကျော် သုံးလ နီးပါးမျှ ရှိနေသည်ဟု တကြောင်းကြောင့်  မင်းတရားကြီးဘုရားအား တင်လျှောက် စူးစမ်းတော် မူရန် အခါအခွင့် ကို စောင့်နေဆဲတွင် နေ့ညီလာခံ အနားယူရာ ပန်းခုံတော် အုတ်တိုက်သို့ မင်းတရားကြီး ဝင်ရောက် ခစားပါလေသည် ။


မင်းတရားကြီးဘုရား အပါးတော် ရောက်ရှိပြီးနောက် ခြေတော်ဦးခိုက်ခါ ရွှေနားတော်သို့ တင်လျှောက်ပါသည် ။


“ မှန်လှပါ မင်းတရားကြီးဘုရား၏ ညစဉ်အဆာင်တော် ကူးမှတ်တမ်းအရ မိဖုရားများ၏ အဆောင်တော်သို့ မကြွချီမူဘဲ ရှိနေခဲ့သည်မှာ ရက်လပင်အတန်ငယ်ကြာညောင်း၍  ပျက်ကွက်ခြင်းရှိခဲ့သည်တို့ကို ကျွန်တော်မျိုးကြီး အား အလှည့်ကျ မိဖုရားများ အမေးတော် ရှိနေကြောင်းပါဘုရား ” 


“ ဟုတ်ပေသဗျ ၊ ဟုတ်ပေသဗျ ငါကိုယ်တော် မြတ်ကြီးရွှေစိတ်တော်တွင်းဝယ် ထူးခြားသည့် ချဉ်ခြင်းအာသာဓါတ်ကြောင့် မိဖုရားများ အဆောင်တော် နှင့် လမ်းစပြတ် နေရခြင်းပေကပဲ ငမောင်ကြီးရဲ့ ” 


“ မိဖုရားကြီးများ ရွှေနားတော် သို့  မည်သို့သော အကြောင်း ပြချက် ကို ကျွန်တော်မျိုးကြီး တင်ကြား

လျှောက်ထားရပါမည် မင်းတရားကြီးဘုရား ” 


“ သည်လိုပ ငမောင်ကြီးရ ငါ ကိုယ်တော်မြတ် စိတ်ဝမ်းတော်ဝယ် သိန္နီမင်းသမီးလေး ကိုသာ စွဲလမ်းတော် မူမိသည်ကြောင့် သိန္နီမင်းသမီးတော် နဲ့ ပဲ မွေ့လျော်နေမိတယ် ၊ ငမောင်ကြီး ရယ့် သိန္နီမင်းသမီးလေး ဟာ  အသက်ပင် ငယ်သော်လဲ ငါ ကိုယ်တော်မြတ်ကြီး အလိုတော်လိုက် အကြိုက်ဆောင်နိုင်ပေသဟဲ့ ” 


“ မှန်တော်မူပါသည်ဘုရား ၊ စိမ်းပေါင်းမုန့် နှင့် မုန့်ပျားသလက် တို့သည် ဆန့်မှုန့်ညက်ချည်းဖြင့် ပြုလုပ်ထားကြပါသည်ဘုရား ၊ ထို့အတူ  သုံးဆယ်နှစ် ကောဋ္ဌာသ အစုအဝေး ချင်း တူသည့် မိန်းမသားချင်းများ ဖြစ်ပါ၍ သိန္နီမင်းသမီးလေးဘုရား နှင့် အသျှင် ၏ မိဖုရားကြီး များလည်း တူညီကြောင်း ရွှေနားတော်   ဆက်သပါသည်ဘုရား ” 


“ ပြောမယုံ ကြုံဘူးမှ သိမဗျ ၊ ငမောင်ကြီး ရာ နင်က ငါ ကိုယ်တော်မြတ်ကြီး ကို တရားပြနေသည် ထင်ပ ” 


“ သည်းခံတော်မူပါဘုရား ၊ ကျွန်တော်မျိုးကြီး ဘဝရှင် မင်းတရားကြီးဘုရား ကို ကျောင်းထိုင် ကျမ်းတတ်ဆရာတော်ဘုရားကြီး ကို စာသင်ပြ ပေးနေသည့် ကျောင်းသားသူငယ်သဘောမျိုး မဟုတ်ရကြောင်းပါ ဘုရား ၊ ကျွန်တော်မျိုးကြီး တင်လျှောက်ရခြင်းမှာလည်း မိဖုရားကြီးများ ၏ မျက်မိန့်တော် ရှမည်ကို စိုးရိမ်နှောင်းလို့  ကြောင့်ကြတော် မူမိသည်ကြောင့်ပါဘုရား ” 


“ သဟာလိုဖြင့်  ရှိပေစေတော့ ၊ နင်မသိသေးသည် ဆိုသည်လဲ ပြောရမည်ပ ၊ လက်ထက်မင်္ဂလာပွဲ ဆင်နွှဲကာနီး  ညီတော်မင်းနန် ကို မြတ်စွာဘုသခင်ကိုယ်တော်မြတ်ကြီး ဂရုဏာထားတော်မူ၍ ချွတ်တော်မူရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး  မျောက်မကြီး ကို ပြပြီး သတို့သမီး ဘဒ္ဒကလျာဏီမင်းသမီးလေး နဲ့ သည် မျောက်မ ဘယ်သူက လှသနည်း  ညီတော် ဟု အမေးတော် ရှိသည့်အတွက် ညီတော်  မင်းနန်စိတ်ဝယ် ဘုရားသခင်အပေါ်  စိတ်တော်ခုသွားသည်ဘဲ ငမောင်ကြီးရဲ့ ”  


“ မှန်လှပါ လူ့လောကဝယ် အလှကြွယ်သည် ဟု တင်စားနေရသည့် ဘဒ္ဒကလျာဏီမင်းသမီးလေး နှင့် မျောက်မ  နှိုင်းယှဉ်ပြသသည့် အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးအပေါ် ညီတော်မင်းနန် စိတ်ကွက်ရခြင်း ဖြစ်ပါသည်ဘုရား ” 


“ အိမ်း - အဲသည်အချိန် က ညီတော်မင်းနန် ဟာ ကလျာဏီမင်းသမီး ထက် ချောသည် ၊ လှသည် များ ကို မမြင်ဘူးသေးကဘဲ ငမောင်ကြီး ရဲ့ ၊ သဟာကြောင့် မျောက်မ နှင့် နှိုင်းရက်လေခြင်းဟု စွဲထင်တော်မူသည်ကို သိရှိလေတဲ့ မြတ်စွာဘုရားသခင် ဟာ ညီတော် မင်းနန် ကို နတ်ပြည် ခြောက်ထပ်ဆွမ်းခံခေါ် သွားတော်မူသည့် အခါကျမှ နတ်သမီးတွေကို  မြင်တွေ့တဲ့ ညီတော်မင်းနန် ဟာ နတ်သမီးတွေ ရဲ့ အလှကွန်ယက် မှင်သက်မိပြီး တွေဝေငေးနေတဲ့အခါ မေးတော်မူတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို “ ဘဒ္ဒကလျာ ဟာ သည် နတ်သမီးများ နှင့် တုယှဉ်ပါလျှင် မျောက်မကြီး လိုသာ ဖြစ်ပါသည်ဘုရား ” ဟု တင်လျှောက်သည့် ပုံပမာအတိုင်း ငါ့ မိဖုရား တွေကိုလဲ သိန္နီမင်းသမီးလေး နှင့် ယှဉ်နှိုင်းကြည့်မိသည့် အကြောင်းအချက်ကြောင့် ဆောင်တော်ကူးရက် ပျက်ကွက်ရသည်ပ ငမောင်ကြီးရ ” 


မင်းတရားဘုရားလည်း ဦးရွှေမောင်ကြီး အား စိတ်ရှည်လက်ရှည် ရှင်းလင်းမိန့်တော်မူပါသည် ။ ကြားရသည့်စကားများကို  ဦးရွှေမောင်ကြီး လည်း သက်ပြင်းချရင်း ငြိမ်သက်စွာ နားထောင်ရန်မှတပါး အခြားမရှိပါ ။ မိကျောင်းမင်း  ရေကင်းပြသည့် အလား ၊ ဆရားတော်ကို စာချမိသော ကျောင်းသား သူငယ် ကဲ့သို့  နှုတ်ဆိတ်နေရပါလေသည် ။ မင်းတရားကြီးဘုရား  ဖြစ်ပျက်နေပုံ အလုံးစုံကို ရိပ်စားမိကြသော ပါးနပ်လိမ်မာလှကြသည့် မိဖုရားဖြစ်သော စိန်တုန်းမိဖုရား နှင့် ဆင်ဖြူမရှင် အလယ်နန်းမတော်ကြီး တို့ ခေါင်းချင်းရိုက် တိုင်ပင်နေသည် တို့ကိုလည်း ဦးရွှေမောင်ကြီး စဉ်းစားမိလာပါတော့သည် ။


စိန်တုန်းမိဖုရားကြီး ၏ အမြင်တွင် ဘဝရှင် မင်းတရားကြီးဘုရား သည် ရတနာပုံနေပြည်တော် နှင့် မင်းတရားကြီးဘုရား စိုးပိုင် အုပ်ချုပ်နေသော နယ်ပယ်ဒေသများမှ လာရောက်ဆက်သကြသော မင်းသမီးများ ၊ ကိုယ်လုပ်တော်မောင်းများ ၊ မြို့စား နယ်စား ၊ သူဌေး သူကြွယ် တို့၏  သမီးများအားလုံးတို့သည် ကုမ္မာရီ အရွယ်  ( ၁၆ ) နှစ်ကျော်တွေ ချည့်သာ ဖြစ်နေပေသည် ။ ယခု သိန္နီစော်ဘွားကြီးလာရောက်ဆက်သသည့် မင်းသမီးလေးမှာ တခြားတပါးသော  မိန်းမှများနှင့်  ရုပ်ရည်ရှုပကာ မည်သို့မျှ မထူးခြား ၊ မကွာခြားသောလည်း အရွယ်တော်မှာ  ကွာခြားနေပေသည် ။ ဂေါရီအရွယ်နှင့် ကုမ္မာရီဖြစ်နေပါသည် ။ ကုမ္မာရီများ သည် အသက်အရွယ်  အနည်းငယ်ကြီးလာသည့် အတွက် စဉ်းစားတတ်လာပေသည် ။ အရှက်လည်း ရှိမည် ၊ အကြောက်လည်း ရှိမည် ။ ဂေါရီအရွယ် သည် ကလေးမျှပင် ဖြစ်၍ အရှက်မရှိနိုင် ၊ မစဉ်းစားတတ်၍ စိုးရိမ်စိတ်ကြောက်လန့်စိတ်ကလည်း  ကင်းပေမည် ။ ထိုသို့နုငယ် သူကလေးများကို  ကြိုက်သလို ပုံစံသွင်းယူလျှင် လွယ်ကူပေမည် ။ သည်အကြောင်းများကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်တွင် ထူခြားသည်ဟု ထင်မှတ်တော်မူပေသည် ။ ထိုသို့ ထင်မှတ်တော်မူနေသည့် စိတ်ထားကို ကွဲပြားခြားနားသွားရန် ပြသနိုင်ဘို့ တခြားနည်းလမ်းများထက်   လွယ်ကူသော နည်းလမ်းမှာ ဂေါရီအရွယ်တိုင်း ဂေါရီ အတွေ့အထိ ဂေါရီအနူးအညံ့မျိုးရှိသည် ဆိုသည်ကို  ထင်ရှားသိတော်မူစေရန် ဂေါရီအရွယ် သမီးတော်လေးများကို ချည့်ဆက်သလေမှသာ မင်းတရားကြီးဘုရား သိန္နီ မင်းသမီးလေး အပေါ် စွဲလမ်းတမ်းတစိတ်လျော့ပါးသွားပေမည် ။ သည်အကြောင်းများကြောင့် မိဖုရားကြီးနှစ်ပါးတို့သည် နီးစပ်သော ရင်းနှီးသည့်  နောက်တော်ပါးများ လက်စွဲတော်ကြီးများတို့နှင့် တိုင်ပင်၍ ဂေါရီအရွယ်များ ဆက်သတော်မူရန် ကြံစည်နေကြခြင်းဖြစ်ပါလေသည် ။


သိန္နီမင်းသမီးလေး အပါးမှာပင် ရစ်တဝဲဝဲ အစွဲကြီးစွဲနေတော်မူသော ရောဂါတော်ကို ကုစားရန်အတွက် ငယ်ရွယ်နုနယ်သည့် သမီးကညာ ဆက်ရေး ပြဿနာ တရပ်ပေါ် ပေါက်လာပါသည် ။ ရွှေနန်းတော်ကြီးနှင့် နီးစပ်သော ဩဇာတိက္ကမ ရှိသူတို့သည် အသစ်အသစ်သော သမီးကညာဆက်သနိုင်ဘို့အရေးသည် ယခုအချိန်တွင်  သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကိစ္ခထူးတရပ်ဖြစ်နေပါတော့သည် ။


တောကျွမ်းသော မုဆိုးတဦးသည် တောမြိုင်၏ အလယ်တွင် သူလိုချင်သော သားကောင်အား ကြိုက်ရာ လက်နက်ဖြင့် ဖြိုခွင်းကာ ရယူနိုင်သလို ရေမြေ သနင်းပြည့်ရှင်မင်း ဖြစ်သော မင်းတရားကြီးသည် လူ့သောက အတွင်းဝယ် သူလိုချင်သော အချစ်သားကောင်တို့၏  နှလုံးသားများကို အာဏာလက်နက်ဖြင့် ပစ်ခွင်းကာ  သားကောင်ရင်ကိုခွဲ၍ အသဲယူနိုင်သည်ဟု နားလည်ပြီးဖြစ်ကြပါလေသည် ။ ထို့ကြောင့်ပင် ရွှေညာဏ်ရှင် မိဖုရားကြီးများသည် မင်းတရားကြီးဘုရားအား ပရိယာယ်ဆင်၍ လမ်းသစ်ကို ညွှန်ပြ ကြချင်းဖြစ်ပါလေသည် ။


( ၂ )


မိုးတဖွဲဖွဲ ရွာသွန်းနေသော နေ့ဖြစ်၏ ။ တသုန်သုန်တိုက်ခတ်လျက်ရှိသော လေညှင်းညှင်းအောက်တွင်

ရတနာပုံနေပြည်တော်သည်  တိတ်ဆိတ်ငြိမ် သက်လျက်ရှိ၏ ။ လေဆော့သဖြင့် နန်းမြို့တွင်းမှ

အုန်းပင်ပျို တို့၏ အုန်းလက်ငယ်တို့သည် ဘယ်ယိမ်းညာယိုင်ကာ လေနုလှိုင်းနှင်းအတူ

လွင့်ပါးလှုပ်ရှားနေပါလေသည် ။  မိုးရေစိုစွတ်သဖြင့်  သစ်ပင်တိုင်းမှ အရွက်အဖူးအညွှန့်တို့သည် လမ်းဆန်းစိမ်းစို  သာယာနေသလိုပင် ရှိလာပါသည် ။


မိုးတစိမ့်စိမ့် တဖွဲဖွဲရွာသွန်းနေချိန်ပင် ဖြစ်လင့်ကစား မြင်းဒုန်းစိုင်းကာ နန်းမြို့တွင်းသို့

ဝင်ရောက်လာသော  မြင်းစီးသမားနှစ်ယောက်မှာ  ရွှေနန်းတော်ကြီးအတွင်း  ဝင်ရောက်ရမည့် တံခါးနီတော်အဝတွင်  ရပ်တန့်သွားပါသည် ။ တခါးနီတော် မှာ တခုတည်းသော အတွင်းသစ်တပ်မြို့သံခါး ဖြစ်၍ အစောင့်အကျပ် ထူထပ်လှသလို အစစ်အဆေး အမေးအမြန်းလည်း စေ့စပ်သေချာလှပါသည် ။ တံခါးမှူးဆီမှ ကျေနပ်ခွင့်ပြုချက်ရမှသာ နန်းတော်ကြီးအနီး ချည်းကပ်နိုင်ပေမည် ဝင်ရောက်နိုင်ပေမည် ။


မြင်းသည်တော်နှစ်ဦး မှာ လက်ဆောင်ပဏ္ဏာတော်  ဆက်အဖွဲ့၏ ရှေ့တော်ပြေးများ ဖြစ်ကြပါသည် ။ ပဏာဆက်အဖွဲ့  ဆိုက်ရောက်လာကြမည့် သတင်းတို့ကို  ရွှေနားတော်တင်ရန်အတွက် ရှေ့ပြေးအဖြစ် ရောက်ရှိလာကြခြင်းဖြစ၍  တံခါးနီတော်မှ  ဝင်ခွင့်ပေးလိုက်ပါသည် ။


မြင်းစီးယောက်ျား နှစ်ဦး အနက် တဦးမှာ ယခင်ကတည်းက နန်းမြို့အတွင်း နေထိုင်

ဝင်ထွက် သွားလာဘူးသူ ဖြစ်၍ အခက်အခဲမရှိဘဲ သူရဲဝန်  ဦးလုံး ရှိရာသို့ မေးမြန်းစုံစမ်းပြီး ယူဆောင်လာခဲ့သော သူ့တို့သခင် ၏ သဝဏ်လွှာကို သွားရောက်ပေးဆက်လိုက်ပါသည် ။

သူရဲဝန်မင်း ကလည်း သဝဏ်လွှာ ကို ဖတ်ရင်း ပြုံးလာပါသည် ။


“ ကဲ - ရှေ့တော်သို့  ယခု ဝင်ရောက်၍ တင်လျှောက်တော်မူမဗျာ ။  ကျုပ်နှင့်တပါတည်း သင်တို့ နှစ်ဦးပါ အခစားဝင်ကြသည်ပ ” 


ပြောရင်း ဦးလုံး က ဦးဆောင် ထွက်ခွာ သွားပါလေသည် ။ မင်းတရားကြီးဘုရား လည်း ဘောင်းတော်ဆောင် တွင် အနှိပ်တော်ဆက် ခံယူနေချိန်ဖြစ်ပါလေသည် ။  ဦးလုံး လည်း အဖေါ် နှစ်ယောက်နှင့်အတူ မင်းတရားကြီးဘုရား အား  ခစားရင်း လျှောက်တင်လေသည် ။


“ ဘဝရှင်မင်းတရားကြီးဘုရား ထံတော်မှောက်သို့ လက်ဆောင်ပဏ္ဏာတော် နှင့် သမီးကညာ ဆက်သရန် အမြင့်မြို့စားကြီး ဆိုက်ရောက်လာပါတော့မည့် အကြောင်း ရွှေနားတော်တင်လျှောက်ပါသည် မင်းတရားကြီးဘုရား” 


“ အမြင့် မြို့စားကြီး နဲ့ သက်ဆိုင်ရာ အဖွဲ့သားများ ရှေ့တော်သို့ ဝင်ရောက်ခွင့်ရှိစေဗျား” 


မင်းတရားကြီးဘုရား ပြန်ကြားတော်မူချက် အရ ဦးလုံး လည်းဆက်လက် တင်လျှောက်ပါသည် ။


“ မှန်လှပါ မိုးသက်လေများ ကျရောက်နေသည့်အတွက် ပဏ္ဏာတော်ဆက်အဖွဲ့ မှာ ဧရာမြစ်အနောက်ဘက် အာလောင်ဆိပ်ကမ်းဘက် တွင်  မိုးလေအငြိမ် စောင့်စားရင်း နားနေကြောင်းပါဘုရား” 


“ လေမိုးများ ငြိမ်သက်ချိန်စောင်းဆိုင်းပြီး မှ ကူးလာကြမည့်အကြောင်း နားတော်လျှောက်နှင့်ရန် မြင်းသည်တော်များသာ ရောက်ရှိလာကြောင်းပါဘုရား” 


“ သည်နှယ်ဖြင့်  အချိန်မဲ့အခါမဲ့တွင်မှ ရောက်ရှိလာကြမည့် ပဏ္ဏာတော် ဆက်အဖွဲ့အား လိုလေသေး မရှိစေရန် ငလုံး ပင် စီစဉ်ဆောင်ရွက်ပေးစေဗျား ” 


“ ဗျာဒိတ်တော်မြတ်အတိုင်း  စီမံ  ဆောင်ရွက်တော်မူပါမည် ဘဝရှင်မင်းတရားကြီးဘုရား ၊ ဂေါဝန်ဆိပ်ကမ်းသို့လည်း အကြိုတော်လွှတ်၍  ဆိုက်ကပ်လာမည့် ပဏ္ဏာတော်ဆက်အဖွဲ့လှေတော်ကိုလည်း သွားရောက်၍ ကျွန်တော်မျိုးကြီးကိုယ်တိုင် ကြိုဆိုပါမည်ဘုရား ” 


“ သဟာဖြင့် အမြင့်မြို့စားကြီး နှင့် နောက်တော်ပါ အဖွဲ့သားများ ကို နင့် အိမ်မှာဘဲ ဧည့်ဝတ်ပြုလိုက်ပါ ငလုံး ၊ သည်ညတာကို နန်းတွင်းရုပ်စုံအဖွဲ့ကို  ခေါ် ယူဖြေဖျော်စေရန် အမိန့်တော် မှတ်လိုက်တော်မူသဗျ ” 


“ ဝမ်းမြောက်လှပါသည် မင်းတရားကြီးဘုရား အမြင့်မြို့စားနှင့် အဖွဲ့သားများကိုလည်း

မင်းတရားကြီးဘုရား ဂရုဏာတော်ရှိသည့်အတိုင်း  ရုပ်စုံပွဲဖြင့်  ဧည့်ခံ၍ ပြုစုလိုက်ပါမည်ဘုရား ” 


“ ကောင်းလှသည်ဗျား ခရီပန်းလာရှာလာသူများကို လိုသ၍ ပြုစု ယုယပေးပါမှ အပန်းပြေပေမပေါ့ ငလုံး ရဲ့ အမြင့်မြို့ က လှည်းတတန် လှေတတန်နဲ့ လာရသည့် ခရီးကလဲ ပြင်းပေမဗျ ” 


“ မှန်လှပါ လှည်း ဖြင့် သုံးည နှင့် ၄ - ရက် ခရီးနှင်ပြီးမှ နေပြည်တော်  အနောက်ဘက် အာလောင်ရွာဆိပ်ကမ်း သို့ ရောက်ရှိနိုင်ပါသည်ဘုရား ” 


“ ငါကိုယ်တော်မြတ်ကြီး သည်  လွန်ခဲ့သော ဆယ့်ငါးနှစ်လောက် ဆီ က  မြင်းတော် နှင့် ရောက်ဖူးသည်ဗျ ၊ ခရီးတော် ဝေးရုံမကဘဲ သွားရေးလဲ ခက်ခဲသည့်နေရာတွေကဘဲ  ငလုံးရဲ့ ၊ ကဲ - နင် ဧည့်သည်တွေ ဝတ်ပြုဘို့ အစီအစဉ်  ပြုချေပေရော့ ” 


“ ဗျာဒိတ်တော်များ အတိုင်းပါဘုရား ” 


ဦးလုံး နှင့် မြင်းသည်တော် နှစ်ဦးလည်း မင်းတရားကြီးအား ကန်တော့လျက် ပြန်လည်ထွက်ခွာ သွားကြပါသည် ။ ထိုအခိုက်ဝယ် လောကတခွင်လုံး အမှောင်မိုးတို့  စိုးမိုးနေပါသည် ။ မိုးဖွဲမိုးပေါက် တဖျောက်တဖျောက်အောက်တွင်  ဦးလုံး တို့လည်း မြင်းကိုယ်စီစီးလျက် ရွှေနန်းမြို့တံခါးဆီသို့ ထွက်ခွာသွားကြပါသည် ။


(၃)


နံနက်ညီလာခံ စဲပြီးသည့်နောက်  ဦးရွှေမောင်ကြီး လည်း မည်သည့် တာဝန်မျှ မရှိသည်ဖြစ၍ တိုင်းတာမင်းကြီးဦးဖိုး အိမ်သို့  စစ်တုရင်ကစားကြရန် လိုက်ပါသွားပါသည် ။ တိုင်းတာမင်းကြီးဦးဖိုး ၏  နေအိမ်တော်မှာ တောင်ဥယျာဉ်တော် အဆုံး မင်္ဂလာ ရေကန်တော် ၏ အရှေ့တောင်ဘက် ကပ်လျက် ရှိသည်ဖြစ၍ ရွှေနန်းတော်နှင့် အနီးဆုံးဖြစ်ပါသည် ။ ( ဝန်ကြီးများ ၏ အိမ်များ အားလုံးထက် တိုင်းတာမင်းကြီးဦးဖိုး ၏ အိမ် သည် ရွှေနန်းတော်ကြီး နှင့် အနီးဆုံးဖြစ်ပါသည် ။ နေအိမ် နီးကပ် သလောက်လည်း တိုင်းတာမင်းကြီးဦးဖိုး မှာ ရှင်ဘုရင် ကို မျက်နှာလို မျက်နှာရ အလုပ်ဆုံး ဖြစ်ပါသည် ။ ထိုသည် ကို အကြောင်းပြု၍  သူတို့ ဝန်ကြီး အချင်းချင်း တိုင်းတာမင်းကြီး အား မကြားတကြား ဖြင့် သခင်အပါး ကပ်ဟောင်သည့် ခွေးဝဲစားတိုင်းတာ ဟု ပျက်ရယ်ပြုကြပါသည် ) ။


တိုင်းတာမင်းကြီး နှင့်  ဦးရွှေမောင်ကြီး တို့မှာ စစ်တုရင်ကစားရာတွင် လက်ညီလှသည်ဖြစ်၍ အကျိတ်အနယ် ကစားရလေ့ ရှိပါသည် ။ သူတို့နှစ်ယောက် စစ်တုရင်ကစားကြသည် ဟု အသံကြားကြသည် ဆိုပါလျှင် အနီးအပါးမှ  ဝါသနာ ပါရှိသူများ လာရောက်ကြည့်ရှု အတု ခိုးကြရသည့်အဖြစ်မျိုး ရောက်အောင် ကစားရာတွင် ကျွမ်းကျင်ကြပါသည် ။


အကျိတ်အနယ် ကစားကြရင်း က တိုင်းတာမင်းကြီး တွင် ရထားတစီး သာ ကျန်တော့၍  ဦးရွှေမောင်ကြီး မှာလည်း ဆင်တကောင် နှင့် စစ်ကဲ သာ ရှိပေတော့သည် ။ ဆင် - စစ်ကဲ နှင့် ရထား အကျိတ်အနယ် ကြဲရသည့် အဖြစ်မျိုးမှာ စစ်တုရင်ကစား ကျွမ်းကျင်သူများ အတွက် စိတ်ဝင်စားဖွယ် ကောင်းသလို  အူအသဲ တုန်ဘွယ်လည်း ဖြစ်ပါသည် ။  လောင်းကြေး မှာ မျက်နှာတွင် ထုံးခွေတမ်းပင်  ဖြစ်သော်လည်း သူတို့ ၏ အနိုင်မခံ အရှုံးမပေးသည့်  စိတ်ဓါတ်ကြောင့်  နဘေး ပရိသတ်မှာ တအုန်းအုန်း တဝုန်းဝုန်း သူ့ဘက် ကိုယ့်ဘက် အပြိုင်အားပေးနေကြပါသည် ။


ကင်းဝန်မင်းကြီး ဦးကောင်း က  ဦးရွှေမောင်ကြီး ဘက်မှ  နေလျက် အားပေးနေပါသည် ။  ခန်းပတ်မင်းကြီး နှင့် ရွှေပြည်ဝန်ကြီး  ဦးဘိုးလှိုင် တို့မှာ တိုင်းတာမင်းကြီး ဘက်မှ  အားပေးပါသည် ။ လူငယ်ပိုင်းမှလည်း ကြိုက်နှစ်သက်ရာ  ဘက်မှ အားတက်သရော ကူညီမြှေက်ပင့်ပေးနေကြပါသည် ။ ထိုစဉ် ဘဝရှင် မင်းတရားကြီးဘုရား ထံမှ ဦးရွှေမောင်ကြီး အား ချက်ချင်းအခစားဝင်ရန်  လာရောက် ခေါ်

ငင်သူ  မင်းစေလုလင် ရောက်ရှိလာသဖြင့် ဦးရွှေမောင်ကြီး က ပြောလိုက်သည် ။


“ တိုင်းတာမင်း တို့မှာ အကြံပိုင်လိုက်ပုံကတော့ မပြောပြချင်ပါဘူး မင်းကြီးတို့ဗျား ၊ ထုံးအခွေခံခါနီးတော့မှ မင်းတရားကြီးဘုရား နဲ့  ချိတ်ဆက်လုပ်ထားပီး ကျုပ် ကို  အခေါ် တော်ခိုင်းလိုက်လေသည်ဗျ ။ အမိန့်တော် ဆိုတော့  သွားရပေဦးမည်ပ ” 


“ အံမယ်လေး - မလေး  ကိုရင်ရွှေမောင် က သည်လို ပြောသာ  ကျုပ် ကို စော်ကားသည်ပ ၊ ကိုရင် ဘယ်လောက် သတ္တိရှိသည်လဲ ၊  ကျုပ် နှင့် စည်းစိမ်ချင်း ထပ်ပြီး  ပွဲဆက်ထိုးချင်သဗျ ” 


“ သည်းခံပါ တိုင်းတာမင်းကြီး ရဲ့ ၊ မင်းကြီးစည်းစိမ်ကိုလဲ အကျွန် မယူလိုပါ  အကျွန် အနေနဲ့ မင်းကြီးကို ထုံးသားရရုံနဲ့ဘဲ  ကျေနပ်ပါသည်ဗျ ”  


“ ကိုရင်ရွှေမောင် က  ဝါကြွားလှချည့် ၊ ကဲပါ ကြိုက်ကြေးထပ်ပြီး  တပွဲလောက်  စမ်းချင်သည်ပ ” 


အမျက်တော် ရှခံမည့်မအရေးမို့  အကျွန်  သွားဦးမည်ပ ၊  မင်းကြီး မကျေနပ်သေးသည် ထင်မိပါက မင်းကြီးရှိ စည်းစိမ်အပြင်  အိမ်သူ နဲ့ သမီး ပါ အဆစ်ထည့် ကြေးတိုက်ပီး  နောက်များမှ တပွဲတလမ်း စမ်းကြသည်ပ ” 


ဦးရွှေမောင်ကြီး လည်း ပြောဆိုရယ်မောရင်း  မင်းလုလင် နှင့် အတူ ဦးရွှေမောင်ကြီး စကား ကြားရသည့်အတွက်  စိတ်ဆိုးမာန်ဆိုး နှင့်  စစ်တုရင်ခုံကြီး ကို  ကိုင်ပေါက်ပစ်လိုက်ခါ တောက်ခေါက်ရင်း အံအားသင့်နေသော  စစ်တုရင်ပွဲကြည့်  နေသူများဘက် လှည့်ခါ  ကင်းဝန် အား ပြောကြားလိုက်ပါသည် ။


“ သည် ကိုရင်ရွှေမောင် တော့  နောက် ကျုပ် နှင့် စစ်တုရင်ထိုးရမှာ  ကြောက်သွားအောင် ကျုပ် အစွမ်းပြ

နှိမ်ထားမှဖြစ်ပေတော့မယ် ဦးကောင်းရဲ့ ” 


“ ဟုတ်ပေသည်ပ  မှတ်လောက်  သားလောက်အောင် ဆုံးမပေးပါမှ  သည် သူငယ် ငြိမ်သွားပေမည်ပေါ့  ခုတော့ ကိုဖိုး က အလျော့ပေးနေလို့လား မသိဘူး ကျုပ်တို့ မြင်ရသည့် အကြိမ်တိုင်း ကိုဖိုး မျက်နှာပေါ် ထုံးအပြည့်နဲ့  ချည့်ဘဲ ” 


ကင်းဝန်မင်း စကား အစတွင်  အနည်းငယ် ပြုံးယောင်သန်းလာသော ဦးဖိုး မျက်နှာတွင် ဦးကောင်း စကားဆုံး ကျမှ

သူ့ ဘက် လှည့်လာသည် ကို  ရိပ်မိသည့် အတွက် ပြန်ပြောလိုက်သည် ။


“ လာပြန်ပလား ကိုရင်ကောင်း က  သည်သူငယ် ကို ကျုပ် က  ဂရုမစိုက်လောက် အမှုမထားလောက်သည်ဟု အထင်မှတ်ပီး  ပေါ့ပေါ့တန်တန် ကစားသည်မို့  ထုံး အတို့ခံရသည်ပါ ”  


“ အော် သည်လိုလား ကိုရင်ဖိုး သည်လောက်တောင် အကြိမ်ကြိမ် ပေါ့ပေါ့တန်တန် သဘောထားနေသည့် အတူတူ  တသက်လုံးဘဲ  အလျှော့ပေးလိုက်ရင် ပီးသည်ပ  ကိုရင်ဖိုး ရယ် ” 


“ သင်း က ဝါကြွားလွန်းသောကြောင့်  ဆုံးမချင်သည် ကိုကောင်း ရဲ့  အလိုလိုက် အမိုက်စော်ကားဆိုသည်နှယ်ပ ” 


“ သဟာတောင် ကိုရင်ဖိုး က  စည်းစိမ်ချင်း ထပ်ပီး  အလိုလိုက်သေးသည်မို့  ကြေးစပ်နေသည်လား ” 


“ ဘယ်လိုဗျ ကိုရင်ကောင်း  ကျုပ် တကယ်ပြောနေသည် ကို သရော်သည်လား ကိုရင်ကောင်း

စမ်းချင်သပ ဆိုရင်  ကြိုက်ကြေးထပ်ပြီး ခု ကိုင်ပါ့ ” 


“ ကိုဖိုး ကလဲ ဒေါသကြီးလှချေလား ၊ လောင်းကစားခြင်း ဆိုသည်ဟာ ဘုရားလဲ မကြိုက် ၊ သံဃာလဲ မကြိုက်သည့် အလုပ် ဖြစ်သည်မို့  ကျုပ်တော့ မလောင်းရဲပါဘူး ၊  လောင်းကစားလေ့သူပီပီ လောင်းကစား သရဲနှင့်သာ  လောင်းပေရော့  တိုင်းတာမင်းကြီး ရဲ့ ” 


ကင်းဝန်မင်းကြီးဦးကောင်း ၏  စပ်ဖြဲဖြဲ မျက်နှာလေး နှင့် ပြောစကားကြောင့် ဘေးမှ ပရိသတ်များ

ရယ်မော လေ တိုင်းတာမင်းကြီး ဒေါသ ထလေ - တိုင်းတာမင်းကြီး ဒေါသ ထလေ ပရိသတ်များ

တဝါးဝါးနှင့် ညာ၍ ရယ်လေဖြစ်နေပါသည် ။


မင်းတရားကြီးဘုရား အပါးတော်သို့  ဦးရွှေမောင်ကြီး ရောက်ရှိသွားချိန်တွင် ဘမယာဿနဆောင် သည် အခစား  ဝင်ရောက်လာကြသူများ နှင့်  ပြည့်လု့ ခမန်းရှိနေပါသည် ။  မြင်တွေ့နေကျ မျက်နှာများ မဟုတ်သည်ကို  သတိပြုမိသော ဦးရွှေမောင်ကြီး အနေဖြင့် ဝေးလံသော  ဒေသမှ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြောင်း  အလိုလို  နားလည်လာ ရပါလေသည် ။ မင်းတရားကြီးဘုရား အပါးအနီး ကပ်ခစားနေကြသော သူများအား  ဂရုစိုက်ကြည့်ပါမှ သရဲဝန်  ဦးလုံး နှင့် အတူ  အမြင့်မြို့စားကြီး ကို မြင်တွေ့ရပြီး အမြင့်မြို့စား နှင့်အတူ ပါသူများ  ဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည် ။


ဦးရွှေမောင်ကြီး  ရောက်ရှိပြီး  မရှေးမနှောင်းပင် စိန်တုန်းမိဘုရားကြီး အခစားဝင်ရောက်လာပါသည် ။

မင်းတရားကြီးဘုရား လည်း  စိန်တုံးမိဖုရားကြီး ကို  ရှုစားတော် မူရင်းက မိန့်တော်မူသည်မှာ -


“ ကိုယ်တော်မြတ်ကြီး ကို သည်က အမြင့်  မြို့စားကြီး ပ  လက်ဆောင်ပဏ္ဍာတော်များ နှင့်တကွ  သမီးကညာပါ ဆက်သရန် ရောက်ရှိလာသည်ပ စုစု ရဲ့ ” 


“ မောင်မောင်ဘုရား ဘုန်းတော်ကံတော် ကြောင့် လက်ဆောင်ပဏ္ဍာများ နှင့် သမီးတော် လာရောက် ဆက်သကြသည် ကို ကြားသိရတော်မူ၍ ဝမ်းမြောက်လှကြောင်းပါ  မောင်မောင်ဘုရား ” 


“ အဲသည် သမီးတော်လေး ကို  ရွှေနန်းတွင်း ဓလေ့ထုံးတမ်းများ နှင့်  အပြောအဆို အနေအထိုင်များ

သင်ကြားပြသပေရန် စုစုကြီး ဆီ အပ်နှံတော်မူလိုသည်အတွက် အခေါ်တော် လွှတ်ရခြင်းပေကပဲ ” 


“ မောင်မောင်ဘုရား  အလိုတော်ရှိသည့်အတိုင်း သင်ကြားပြသပေးပါမည် ဘုရား ” 


“ သဟာဖြင့် ယခုပင် စုစုကြီး နဲ့အတူ အမြင့် သမီးတော်လေး ကို  ခေါ်ယူသွားပေတော့ ၊ စုစုကြီး ကဘဲ ကြည့်ရှုပြီး   လိုအပ်သည့်  လက်ဝတ် တံဆာဒွာရာများ ကိုလည်း  ရွှေတိုက်တော် မှ ထုတ်ယူပေးသနားတော်မူပါဘိ ” 


“ အမိန့်တော် အတိုင်း ဆောင်ရွက် ပါမည် မောင်မောင်ဘုရား ” 


 မိဖုရားကြီး လည်း ခြေတော်  ဦးခိုက်ခါ သမီးတော်လေး အား ခေါ်ဆောင်၍ ထွက်ခွါသွားပါတော့သည် ။ မင်းတုန်းမင်းကြီးဘုရား လည်း  ဦးလုံး နှင့် အမြင့်မြို့စားကြီး ဆက်သသည့် သမီးတော်လေး ကို  နန်းတွင်းရှိ  အစဉ်အလာပါရှိသည့်အတိုင်း ရွှေနန်းတော်အသုံးအနှုန်း ဓလေ့ထုံးစံ များကို သင်ကြားနိုင်ရည် အပ်နှံ ထားလိုက်ကြောင်း မိန့်တော်မူနေပါသည် ။ မင်းတရားကြီးဘုရား နှင့် ရပ်ရေးရွာရေးနယ်ပယ် ဒေသ အကြောင်းများ ပြောဆို လျှောက်တင်ကြပြီးနောက် ဦးလုံး နှင့် အမြင့်မြို့စားကြီး တို့ အဖွဲ့လည်း ပြန်လည် ထွက်ခွာသွားကြပါတော့သည် ။


ဘမယာသန ခန်းဆောင်အတွင်းရှိ  ဧည့်ပရိသတ်များ ထွက်ခွါသွားတော်မူလေတော့မှ

မင်းတရားကြီးဘုရား အပါးတော် တွင် ခစားလျက်ရှိသည့် ဦးရွှေမောင်ကြီး အား အမေးရှိတော် မူပါသည် ။


“ ငမောင်ကြီး ရဲ့ နင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဆောင်တော်ကူး မှတ်တမ်း ထဲ တွင်  သိန္နီ

မင်းသမီးလေး ကို  နေ့စဉ် အလှည့် ပေးပြီး တခြား မိဖုရားတပါး နှင့်  တွဲဖက် အလှည့်ပေးတော်မူရင် ကောင်းလေမလား လို့  အကြံတော် ဆက်စမ်း ” 


“ ကျွန်တော်မျိုးကြီး မတင်လျှောက်တတ်သည်မို့  မင်းတရားကြီးဘုရား အလိုရှိရာ မိန့်တော်မူပါ ၊

ဆောင်တော်ကူးမှတ်တမ်းတင်ရန်  ကျွန်တော်မျိုးကြီး အသင့်ရှိ ကြောင်းပါဘုရား ” 


“ သည်နှယ်ဖြင့် သိန္နီမင်းသမီးလေး ကို  နေ့စဉ် စာရင်းတင်ရန် နှင့် မှတ်တမ်း တွင် ပါရှိသော အဆောင်ရ

နန်းရ  မိဖုရားရွှေတိုက် စာရင်းဝင် မိဖုရားများ နဲ့ တွဲဖက်၍ တနေ့တပါးကျ စာရင်း ပြုလုပ်စေဗျား ” 


“ မှန်လှပါ ဘယ်ကဲ့သို့ စတင်၍  မိဖုရားများ ကို အဦးအစထားရှိရမည် ကို မိန့်တော်မူပါဘုရား ” 


“ အဆောင်တော်ကူး ရက် စတင် ပျက်ကွက်ခဲ့သည့် နေ့ က အလှည့်ကျသည့် မိဖုရား ကို ဦးစားပေးခါ သိန္နီ

နှမတော်လေး နှင့် တွဲဘက်စေဗျား ” 


“ သင့်မြတ်တော်မူ၍ တရားမျှတလှကြောင်းပါ  မင်းတရားကြီးဘုရား ကျွန်တော်မျိုးကြီး ယနေ့ပင် စာရင်းသစ် ဖွင့်၍  အချိန်မနှောင်းမီ  မင်းတရားကြီးဘုရား ရွှေလက်တော်  အရောက် ဆက်သတော်မူပါမည်ဘုရား ” 


“ ကောင်းသည်ဗျ ကောင်းသည်ဗျ ၊  ငမောင်ကြီး စာရင်းကို ယနေ့ ဆက်သစေဗျား ” 


မင်းတရားကြီးဘုရား ဆိုမိန့်တော်မူပြီးနောက် မျက်နှာတော် လွှဲသွားပါသဖြင့် ဦးရွှေမောင်ကြီး လည်း ဦးခိုက်ကန်တော့ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ပါတော့သည် ။


( ၄ )


ဘဝရှင် မင်းတရားကြီးဘုရား  ဆောင်တော်ကူးရက်များ  ဖေါက်လွှဲဖေါက်ပြန် ဖြစ်နေသည်တို့ကို အဆောင်ရနန်းရ  မိဖုရားကြီးများ အထဲတွင် မင်းတရားကြီးဘုရား အား  ပြောရဲဆိုရဲသည့် ဆင်ဖြူမရှင် မိဖုရား ရွှေနားတော် သို့ ပေါက်ကြားသွားပါသည် ။ ဆင်ဖြူမရှင် အလယ်နန်းမတော် မိဖုရားမှာ ဘကြီးတော်မင်းတရားကြီး နှလုံးသား ကို စားသုံးပြီး အရူးလုံးလုံးဖြစ်အောင် ပြုမူခဲ့သည့် နန်းမတော်မယ်နု မှ  ဆင်းသက်လာသော  အနွယ်ဝင် သမီးမိဖုရား ဖြစ်ပါသည် ။ ဘမျိုးဘိုးတူ ဆိုသည့်အတိုင်း မင်းတုန်းမင်းတရားကြီးဘုရား ကို ချွဲလွန်းနွဲ့လွန်းသည် ဟု  ရွှေနန်းတွင်းသူ နန်းတွင်းသားတိုင်း သိကြပါသည် ။


စိတ်မာန်လည်း အလွန်ကြီး၍  နေရာတကာတိုင်းတို့တွင် အနိုင်ယူလိုသော စိတ်ထားရှိသည်ဖြစ်ပါသည် ။ အခွင့်အရေး  ရယူနိုင်ရန်  မင်းတရားကြီးဘုရား အလိုလိုက်၍  အကြိုက်ဆောင်ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီးကို မှီသော   မိဖုရား တပါး မှ မရှိပါ ။ ဆင်ဖြူမရှင်မိဖုရားကြီး သည် မင်းတရားကြီး ဘုရားအား မျက်နှာလို မျက်နှာရ ပြုလုပ်ဆောင်ရွက်ပေးသည်နှင့် အမျှ ရရှိလာသော အခွင့်အရေးနှင့် မျက်နှာသာပေး အရေးယူချင်းတို့ကိုလည်း အထူးခံခဲ့ရပေသည် ။  ထိုသို့  မင်းတရားကြီးဘုရား  မြှောက်စားတော်မူ၍ အရာခပ်သိမ်းသော ကိစ္စများကို တိုင်းတာမင်းကြီး  ဦးဖိုး တို့လို မင်းလိုလိုက် မင်းကြိုက်ဆောင်တတ်သော ဝန်ကြီးဝန်လေး များက သတင်းထူး ရှိပါက တင်လျှောက်တတ်လေ့ ရှိသဖြင့် အချို့သောကိစ္စဝိစ္စများကို ဘဝရှင်  မင်းတရားကြီးဘုရားထက် ဆင်ဖြူမရှင်မိဖုရားကြီး က အရင်ဦးပြီး သိနေတတ်ပါသည် ။


ဆင်ဖြူမရှင် မိဖုရားကြီး သည် မင်းတရားကြီးဘုရား အလိုတော်လိုက် အကြိုက် ကို ဆောင်ပေးသဖြင့်

ရရှိလာသော  အခွင့်အရေး နှင့် အာဏာများ ကို တပ်မက်တွယ်တာမှန်း မသိ  တပ်မက်တွယ်တာလာခဲ့ပါသည် ။ (မင်းတုန်းမင်းတရားကြီးပေးအပ်သော အခွင့်အရေး နှင့် အာဏာစည်းစိမ် တို့ ယစ်မူးရမှန်း အရသာခံစားရမှန်း သိနေသော ဆင်ဖြူမရှင် မိဖုရား သည် မင်းတုန်းမင်းတရားကြီးဘုရား မမာတော် မူချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း   ပြုလုပ်သည် ဟု တချို့ ရာဇဝင်ဆရာများ စွပ်စွဲခဲ့ပါသည် ။  သားတော်များ နှင့် မိဖုရားများ ။ ဝန်ကြီးဝန်လေး နှင့်    အရေးပါသူများ ကိုလည်း ဆင်ဖြူမရှင် မိဖုရား က ရနောင်မောင်တုတ် တို့အား သုတ်သင်ရန် စောင်းပါးရိပ်ခြေ အကြံပေးခဲ့သည်ဟုလည်း  ရှေးသူတို့  ပြောကြပါသည် ။  - စာရေးသူ )


အာဏာ နှင့် စည်းစိမ် ကို မက်မောသူ သည် အာဏာ နှင့်  စည်းစိမ် တည်မြဲရေး အတွက် ကျင့်ကြံအားထုတ်ကြသည် မှာ  ဓမ္မတာပင် ဖြစ်ပါသည် ။  မင်းတရားကြီးဘုရား သည် သန္နီမင်းသမီးလေး အား စွဲလမ်း တမ်းတနေသည့်အတွက် ဆင်ဖြူမရှင် မိဖုရားကြီး သည် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော်မူခြင်း ဖြစ်ပါသည် ။ အကယ်၍သာ မင်းတရားကြီးဘုရား သည်  သိနီ္နမင်းသမီးလေး အား အဆောင်အနန်း တို့  ပေးသနားပြီး  မြှောက်စားလိုက်တော်မူခဲ့ပါလျှင် အသက်ငယ်သော မိဖုရားကလေး နှင့် ပြဿနာပေါ် ပေါက် ရှင်းလင်း နေရမည်ကို   စိုးရိမ်ပါသည် ။ ဆင်ဖြူမရှင်မိဖုရား လည်း အမြင့်မြို့စား ဆက်သသော သမီးတော်လေး စိန်တုန်းမိဖုရား ထံ အပ်နှံ၍  ရွှေနန်းတွင်းသုံး အလေ့အထများ ၊ အပြောအဆို အနေအထိုင်မှ စ၍ ကျွမ်းကျင်မှု ရှိ မရှိ  မကြာမကြာ  စုံစမ်းလေ့ရှိပါသည် ။ ရွှေနန်းတွင်း အလေ့အထ ၊ အယဉ်အကျေး ၊ အဖွယ်အရာများကို  ရွှေနန်းတော်နှင့် အဆက် ကင်းပြတ်နေသူများ ရွှေနန်းတွင်းသို့  အရောက်အပေါက် လုံးဝ မရှိသူများ အဘို့ အရာရာတိုင်းတို့တွင်  ထူးဆန်းနေသဖြင့် ချက်ချင်း တတ်မြောက်ရန် မလွယ်ကူပါ ။ အထူးသဖြင့် မိဖုရားလောင်းများ အဘို့  သာ၍ပင် ခက်ခဲပါလေသည် ။ ဘဝရှင် မင်းတရားကြီးဘုရား အလိုတော်လိုက်၍  အကြိုက် ကို

ဆောင်ရွက်ပေးရေး ကိစ္စမှာ လွယ်မယောင်နှင့် ခက်   တိမ်မယောင်နှင့် နက်သောပြဿနာဖြစ်နေပါတော့သည် ။


ဘဝရှင် မင်းတရားကြီးဘုရားသည်  ကာမစည်းစိမ် ခံစားစံစားရာတွင်  သူ မတူအောင် ကျွမ်းကျင်ပါသည် ။ ထိုသို့ သူ မတူအောင် ကျွမ်းကျင်စွာ  ခံစားစံစားတတ်သော  မင်းတရားကြီးဘုရား တွက် ပျော်တော်ဆက်ရန် သင်တန်း မပေးလျှင် မဖြစ်နိုင်ပါ ၊ ထိုသည်တို့ကြောင့်  မင်းတုန်းမင်း တရားကြီးဘုရား လက်ထက်ကျမှ မိဖုရား ဆယ်အိမ်ခေါင်း စနစ် အသုံးပြုလာခြင်းဖြစ်ပါသည် ။ ( မြန်မာမင်းဆက် အားလုံးထဲတွင် မင်းတုန်းမင်းတရားကြီး  လက်ထက်တော် တခုတည်းတွင်သာ ဆယ်ပါးခေါင်း  မိဖုရားကြီး ခန့်အပ်ထားရှိခဲ့ခြင်း ဖြစ်ပါသည် ) ။  တခုသော ညနေခင်း အချိန်တွင် စိန်တုန်းမိဖုရားကြီး အဆာင်တော် သို့ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရား ရောက်ရှိလာပြီး ...


“ ညီမတော် ရေ့ ၊ အမြင့်စား သမီးတော်လေး ကို  မိဖုရား တို့ တတ်အပ်သိအပ်သော ပညာရပ်များ ပြည့်စုံ လုံလောက်ရန် အချိန်တော် မည်မျှလောက် ကြာမည်ထင်သည်လဲ ညီမတော် ရဲ့ ” ဟု အမေးတော် ရှိလိုက်သည် ။


“ မှန်လှပါ ဆင်ဖြူမရှင် မမဘုရား ၊  အတတ်ပညာ ကုန်လုံကြွယ်ဝသည်  မဆိုသာသေးသည်လဲ

မင်းတရားကြီးဘုရား အပျော်တော်ဆက်ရန်  ဖြစ်နိုင်ကောင်းသည် ထင်မိပါသည် မမဘုရား ” 


“ သည်နှယ်ဖြင့် ညီမတော်ကိုယ်တိုင်  မောင်မောင်ဘုရား ကို  သည်ညတာ အမြင့်မင်းသမီးလေး နှင့် စံစားစေဘို့ ကြွလာတော်မူဘို့ အကြောင်း ရွှေနန်းတော်သွင်းစေချင်တယ် ညီမတော်စိန်တုန်း ရဲ ” 


“ ညီမတော် တင်လျှောက် ကြည့်ပါမည် မမဘုရား ၊ သဟာပေမင့် မမဖုရား တင်လျှောက်သည်လောက် အရေးတော်ရမည် မထင်မိပါ ” 


“ မဖုရားလည်း  အညီအတူ  ရွှေနားတော်သွင်းမည်ပ ၊ ညပွဲတော် စားသုံးတော်မူပြီးချိန် တင်လျှင် ကောင်းသည်  သဘော ရှိသည်မို့  ညီမတော်  စိန်တုန်း လည်း လာခဲ့  စေချင်သည်ပ ” 


“ ကောင်းလှပါသည် မမဘုရား ၊ အမြင့်သမီးတော် လုံခလေး ၏  ရုပ်ရည်သည် သိန္နီ သမီးတော်လေးလောက် အသားမဝါသော်လည်း ချောပုံလှပုံ သာသည်ဟု ညီမတော် ယုံမှတ်မိပါသည် မဖုရား ” 


“ မဖုရား လည်း သည်နှယ် ထင်သည်ပ ညီမတော် ရဲ့ ၊ ညိုချော  အပြောသွက်လျှင် မင်းတရားကြီးဘုရား

စွဲမက်တော်မူမည်ထင်ပ  စိန်တုန်း ညီမတော်ရဲ့ ” 


“ အပြောလည်း သွက်ပါသည် ၊ ပြုံးရယ်လျှင်လည်း သမင်မျက်လုံး ကဲ့သို့ မျက်လုံးတော်လေးများက အရောင်ထွက်လာတတ်ပါသည် ၊ သဟာပေမင့်  စိတ်ဆတ်ဟန်တော့  ရှိပါ၍ မကြာမကြာ  သတိတော်ပေး ဆက်ရပါသည် မမဖုရား ” 


“ ကောင်းလှပါပြီ ညီမတော်စိန်တုန်း ရေ့ မမဘုရား အမှာတော်ရှိသည့်အချိန်သာ ရောက်အောင် လာပေရော ” 


ဆင်ဖြူမရှင် မိဖုရားကြီး လည်း စိန်တုန်းမိဖုရားကြီး နှင့် မင်းတရားကြီးဘုရား အား အမြင့်သမီးတော်လေး နှင့်  အပျော်တော်ဆက်ရေး အတွက်  တိုင်ပင် နှီးနှော၍  အဆောင်တော် အလယ်နန်းမ သို့  ပြန်လည် ကြွချီသွားတော်မူပါလေသည် ။  စိန်တုန်းမိဖုရားကြီး လည်း  အမြင့်မင်းသမီးလေး

ရှိရာသို့  သွားတော်မူပြီး  မင်းတရားကြီး ဘုရား အား မည်ကဲ့သို့  ပြုစုယုယရမည် ဆိုသည်တို့ကို နောက်ဆုံးပိတ်အဖြစ် မှာကြား သွန်သင်တော် မူပါလေသည် ။


အမြင့်သမီးလေး အတွက် ဝတ်ဆင်ရန်အရောင် အသွေးစသည်တို့ကို  စိန်တုန်းမိဖုရားကြီး ကိုယ်တိုင် ရွေးချယ်ပေးပါသည် ။ ဘဲဖြူရွှေရေးစက် အနားပါထမီ ကြည်ပြာရောင် နှင့် လက်ရင်းလက်ဖျား အနားချုပ်ရိုး ရွှေဇာသတ်  ထိုင်မသိမ်းတရုပ်ဖဲကြီး  အင်္ကျီလက်ကြပ် ကြည်ပြာရောင် တူညီဝတ်စုံကို ဝတ်ဆင်စေရန် ရွေးချယ်ပေးပါလေသည်  ရွှေကျင်ခတ်ပုဝါပြာနုရောင် ပေါ် တွင် ဝတ်လစ်စလစ်ပုံများ ပန်းချီဆွဲထားသည့် ပုဝါနုနုကို  ခြုံရန်လည်း ညွှန်ပြပေးပါသည် ။


ဆံတော်ရှင် မယ်ခင် ကို လည်း စိန်တုန်း မိဖုရားကြီး ကိုယ်တိုင် အမြင့်သမီးလေး အတွက် အထူးတလည် လုံးတင်ဆံထုံးဆင်ယင် ထုံးဖွဲ့တော်မူရန်လည်း အမိန့်တော် ရှိပါလေသည် ။


သနပ်ခါးတော်ဆက် ရှင်ထွေး ကိုလည်း  မင်းတရားကြီးဘုရား  နှစ်သက်တော်မူသည့် တန့်ကြည့်တောင် ထွက် သနပ်ခါးမွှေး အပွေးထူထူ ကို ပုံတောင်ပုံညာ  ကျောက်ပြင်ဖြင့် သွေး၍ ဆက်သရန်လည်း

မှာကြားပြန်ပါလေသည် ၊ ဘယက်တန်ဆာ ဒွါတရာ များ ကိုလည်း စူးနိုင်ရှနိုင်သော အရာပစ္စည်းများ လုံးဝ မဝတ်ဆင်စေရန်လည်း သတိပေးပါလေသည် ။


စိန်တုန်းမိဖုရား လည်း အစစ ပြည့်စုံလုံလောက်အောင် စီမံပြီးစီးသည့်နောက် ဆင်ဖြူမရှင် မိဖုရား နှင့်အတူ မင်းတရားကြီးဘုရား ထံသို့  အခစား ဝင်ကြပါသည် ။


မင်းတရားကြီးဘုရား လည်း ညစာ ပွဲတော်ကြပြီးနောက် (၅ - နာရီ သာသာ)  နံ့သာဖြူနန်းတော် တွင် လေညှင်းခံရင်း နားနေအပမ်းဖြေတော်မူရာသို့ ကြွချီလာသော မိဖုရားကြီး နှစ်ပါး မြင်တော်မူသော မင်းတရားကြီးဘုရား လည်း  အမေးတော် ရှိပါလေသည် ။


“ သည်က  စုစုကြီး တို့  မလာစဘူး အလာထူး သည်က လျှောက်တင်တော်မူရန်  ရှိသည်ထင်ပ ” 


“ မှန်လှပါ မင်းတရားကြီးဘုရား အပမ်းတော်  ဖြေစေဖို့ ပျော်တော်ဆက်သရန်  အမြင့်မင်းသမီးလေး မှာ အဆင်သင့် ရှိနေကြောင်း မောင်မောင်ဘုရား  ရွှေနားတော် တင်လျောက်ရခြင်းပါ ” 


ဆင်ဖြူမရှင်  အလယ်နန်းမတော်ကြီး ၏  တင်လျောက်ချက် အပြီးတွင် မင်းတရားကြီးဘုရား လည်း

ပြုံးတော်မူရင်း -


“ သည်နှယ်ဖြင့် မောင်မောင်ဘုရား  အလိုတော် ရှိတဲ့အခါ ခေါ် မိန့်တော်မူမည်ပ နန်းမတော်ကြီး ရဲ့ ” 


မင်းတရားကြီးဘုရား ပြန်လည် မိန့်မြွက်ချက်အဆုံးတွင် စိန်တုန်း မိဖုရားကြီး သည် -


“ သည် အမြင့်သမီးလုံခလေး ကို  မောင်မောင်ဘုရား အပျော်ဆက်ရန် အဝတ်တော်များပင်လဲလှယ် နေပြီဖြစ်ပါသည်ဘုရား မှုံနံ့သစေခါ ဆင်ယင်ထုံးဖွဲ့ပြီးစီးလျက် အဆင်သင့် ရှိနေကြာင်းပါ  မောင်ကြီးဘုရား ” 


ဘဝရှင် မင်းတုန်းမင်းတရားကြီး သည်  အနည်းငယ် စဉ်းစားရင်း အားနာဟန် ရှိနေပါသည် ၊ မင်းတရားကြီးဘုရား သည် တဘက်သား ကို  လိုက်လျောတတ်သော သဘောရှိကြောင်း မိဖုရားများ နှင့် ရွှေနန်းတွင်းသူ နန်းတွင်းသား တိုင်း သိရှိနေကြသဖြင့် အားနာပါးနာ ဖြစ်သွားစေရန် ရည်သန်လျက် ဆင်ဖြူမရှင်  မိဖုရားကြီးကပင် ...


“ မောင်မောင်ဘုရား ကြွတော် မူလာလျှင် မည်ကဲသို့ ကြိုတော်မူ၍ မည်ကဲ့သို့  မောင်တော်ဘုရား ကို ပျော်တော်ဆက်ရမည် ကို  အမြင့်မင်းသမီးလေး က အားတက်သရော  လေ့လာစူစမ်းနေသည်ကို  မဖုရား လဲ သိရှိပါသည်ဘုရား ” ဟု တင်လျှောက်လိုက်သည့်အတွက်  မင်းတုန်းမင်းတရားကြီးဘုရား  အတန်ငယ် ငြိမ်သက်စွာ စဉ်စားရင်း  ခေါင်းတော်ညိမ့်လျက် ...


“ သည်လိုဆိုလျှင်  မောင်မောင်ဘုရား အမြင့်သမီးလေးထံ  သွားလိုက်မည်ပ ၊ အမြင့်သမီးလေး ကို စိန်တုန်းအဆောင်တော် တွင် မောင်မောင်ဘုရား တွေ့ဆုံနိုင်ရန်  စီစဉ်ထားနှင့်ပေတော့  စုစုကြီးများဗျား ” 


မင်းတုန်းမင်းတရားကြီးဘုရား မိန့်တော်မူပြီးသည်နှင့်  မိဖုရားကြီးနှစ်ပါး လည်း  ကြည်လင်သော အသံများနှင့်  ပြိုင်တူတင်လျှောက်ပါလေသည် ။ “ မောင်မောင်ဘုရား  မိန့်တော်မူသည့်အတိုင်း ပြည့်စုံစေပါမည်ဘုရား ” 


( ၅ )


သက်ကြီးခေါင်းချ ကြက်တွင်သံသည်  အထက်မိုးကောင်းကင်သို့  ပဲ့တင်ထပ်သွားပါသည် ။ လမိုက်သောည

ရက်ဖြစ်၍ မဲမှောင်နေသော အာကာသတခွင်တွင် ဟိုတစု သည်တစုဖြင့် တလက်လက်

အရောင်ထွက်နေသော ကြယ်စုကလေး တို့သာ  မြင်ရပါသည် ။


မင်းတရားကြီးဘုရား လည်း  မိဖုရားကြီးများ တိုက်တွန်းနှိုးဆော်တော်မူသည့်အတွက် အားနာမှု ဖက်ခါ သိန္နီမင်းသမီးလေး အဆောင်တော် ကူးသန်းနေကျချိန်တွင် သည်နေ့အဘို့ အမြင့်မင်းသမီးလေး ထံ

ကြွမြန်းတော်  မူခဲ့ခြင်း ဖြစ်ပါလေသည် ။


စိန်တုန်းမိဖုရားကြီး စံမြင်းရာ  အနောက်တော်ကြီး ရှိ  တောင်ဆောင်တော် သို့  ဝင်ရောက်တော် မူပါသည် ။ မင်းတရားကြီးဘုရား ကြွလာတော်မူမည့် အချိန်ကို  စောင့်ကြိုနေတော်မူသော စိန်တုန်းမိဖုရားကြီး လည်း မင်းတရားကြီးဘုရား ကို မြင်တော်မူသည် ဆိုလျှင်ပင် လျောင်းတော်မူရာ သလွန်ထက်မှ ဆင်းတော်မူပြီး လက်အုပ်ချီလျက် ကြာခြည်ယံအတွင်း ရှိ  သလွန်တော်ပေါ် စံစားတော်မူရန် တင်လျှောက်ပါသည် ။ မင်းတရားကြီးဘုရား  ထိုင်တော်မူပြီး၍  လက်ဖျစ်တတွတ်လောက်သော အချိန်ပိုင်းလေးအတွင်း အမြင့်မင်းသမီးလေး ရောက်ရှိလာပါသည် ။  ရွှေတိုင်တော် ( ရွှေပိန်းချဖရောင်းတိုင် )  အရောင်အောက်တွင် တွေ့မြင်ရသော  အမြင့်သမီးတော် အား  မင်းတရားကြီးဘုရား သည်  အခိုက်အတန့် စိမ်းစိမ်း

ရှုစားတော်မူရင်း  တပ်မက်စိတ်တို့  ယိုဖိတ်လာပါသည် ။ အမြင့်သမီးတော် မှာ  အသက်ပင် ငယ်ရွယ်သူ ဖြစ်သော်လည်း အလုံးအရပ်တော် မှာ  သိန္နီသမီးတော် ထက် အနည်းငယ် ဖွံ့ထွားဟန် တူပါသည် ။

အသားတော်မှာ ညိုသယောင် ရှိပေမင့် နုညက်ပုံ ရပါလေသည် ။


ဆင်ဖြူမရှင် မိဖုရား ၏ မျက်နှာပုံလို  ရှိသည် မှန်သော်လည်း  ခြေတော်ဦးခိုက်စဉ် တွေ့မြင်ရသည့် မျက်နှာတော် နုနုငယ်တွင် ခွက်ချိုင့်သော ပါးမို့နှစ်ဘက်ဘရှိသည့်အတွက်  မင်းတရားကြီးဘုရာ းသည် ဆင်ဖြူမရှင် မိဖုရားကြီး ထက် ပိုမိုကြက်သရေတော်  ရှိပေသည်ဟု စိတ်တော်တွင်းမှ ယှဉ်နှိုင်းမိပါသည် ။

ရှည်လျားသွယ်တန်းသည့်  ပေါင်တန်းတော်လေးများကြောင့် ကြွားကြွားဝင့်ဝင့်ဘရှိသော  စိန်တုန်းမိဖုရား ထက် ပိုမိုဟန် တူပါသည် ။


ကားသော တင် ကျဉ်သော ခါး ရှိသည့် တောင်နန်းဒေဝီ အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားခေါင်ကြီး ထက် အမြင့်သမီးတော် တွင်  မို့မောက်သော ရင် ရှိသည် ဖြစ်၍  တောင်နန်းမတော်  အဂ္ဂမဟေသီ  စကြာဒေဝီ မိဖုရားကြီး ထက်  သာလွန်တင့်တယ်ဟန်  ရှိပါသည် ။ ( တောင်နန်းဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး တွင် သားသမီး  ထွန်းကားခဲ့ပါ ) ။


သောက်ရှုးကြယ်အလား  စူးရှပြောင်လက်သော မျက်လုံးတော်များ အောက်ရှိ  ဖြောင့်စင်းသေးသွယ်ပေါ် လွင်သော  နှာတံတော် ရှိပါသည်  ပိပြားပါးလွှာသော  နှုတ်ခမ်းသား အစုတွင် ပြည်တန်ပတ္တမြားသွေး လို နီမြန်းတော် မူနေပြန်သည့် အမြင့်သမီးတော် သည်  မျက်နှာတော်  အချောအလှဆုံး ဖြစ်သော သရစိန်းမိဖုရားကြီး ထက်  ပိုမို သာလွန်လှပနေပြန်ပါလေသည် ။


ရော့ရဲ အိတွဲကျလျက်နေသည့် ၊ ( ရင်စည်း သို့မဟုတ် ရှေးခေတ် ချွေးခံ ) အတွင်းမှ ပြည့်ဝင်းသော အမောက်အမို့တို့မှာ နိမ့်တုံ  မြင့်တုံ နှင့်  ပုဇွန်ဆိပ်ငယ်လို ခုန်နေသည်ကို သတိပြုမိသော မင်းတရားကြီးဘုရား ရွှေစိတ်ဝယ် ဂရုဏာမိုးသွန်းဖြိုးတော့်မည်နှယ် ကြင်နာဆပွားနေမိပါသည် ။


မင်းတရားကြီးဘုရား သည် ဥမ္မာဒန္တီ အလှကို  မြင်တွေ့မိ၍  ဆင်တော်ပေါ် က ဂျွန်းပြန်ကျရသည့် သိဝိမင်းကြီး ကဲ့သို့၎င်း ၊ ပပဝတီ ကို  မြင်ရုံမျှဖြင့်  စွဲလမ်းတပ်မက်ခါ  ချစ်ဒုက္ခ အမျိုးမျိုး ခံရတော်မူရှာသော အလောင်းတော် ကုသမင်းကြီး ကဲ့သို့၎င်း ၊  ထေရ်ရဝါရ သူတော်စင်ရဟန်းကြီး  ဥပက သည်

မဆာဝါ ၏ အလှကွန်ယက် ဝဲဂယက် မှ မထွက်နိုင်အောင်  သမုဒယနှောင်ကြိုးဖြင့် ချုပ်နှောင်ရစ်ပတ်ခြင်းခံ ကျရသည့်  အဖြစ်တို့သည်  ယခု အမြင့်သမီးတော်လေး ကို  ရှုမြင်ရသော မင်းတရားကြီး

ဘဝ ဖြင့် ခြားနားတော့မည် မဟုတ်ကြောင်း ကို  စဉ်းစားမိပါသည် ။ ထို စဉ်းစားမိရင်း  ပြုံးတော်မူရာက မင်းတရားကြီးဘုရား သည်  သလွန်တော်အောက် တွင်  ခြေတော်ဦးခိုက်  ခစားနေသည့် အမြင့်မင်းသမီး

ရွှေလက်တော်ဆွဲတော်မူပြီး  သလွန်ပေါ် တက်စေရန်  မိန့်တော်မူစကား မြွက်ကြားပါသည် ။


“ သည် က အမြင့်မင်းသမီးနှမတော်လေး မောင်ကြီးဘုရား နှင့် သလွန်တော်ပေါ် အတူစံစားတော်မူမည်ပ ” 


သလွန်တော်ပေါ် သို့ တက်၍  ခပ်ခွာခွာ ထိုင်ရင်း အမြင့်သမီးတော်လေး မှာ ခေါင်းငုံ့ရင်း ခစားနေပါသည် ။ မျက်နှာတော် မြင်ရသည်မှာလည်း  ရှက်သွေးများ ဖြာလျက် အသားတော်များပင် တုန်နေပါသည် ။ မင်းတရားကြီးဘုရား  အမြင့် သမီးတော်လေး ကို  ရွှေလက် ဆွဲ၍  သလွန်တော်ပေါ် တင်လိုက်သည် ဆိုကတည်းက အနားတွင်  ခစားလျက်ရှိနေသည့် စိန်တုန်းမိဖုရားကြီး နှင့် အဆောင်တော် တွင်း မှ အထိန်းတော် အချော့တော်  မမများ အားလုံး တယောက်ပြီး  တယောက် အလျိုလျို ပျောက်ကွယ်ကုန်ကြပါသည် ။


ဘဝရှင်မင်းတရားကြီးဘုရား အပါး  အမြင့်သမီးတော် မှ တပါး  အခြား မည်သူ တဦးတယောက် မျှ မရှိတော့ပါ ၊ မင်းတရားကြီးဘုရား လည်း အမြင့်သမီးလေး ၏  လက်တော်နှစ်ဘက် ကို  ဆွဲယူဆုပ်နယ်လိုက်ပါမှ အမြင့်သမီးလေး ၏  ရွှေလက်တော်နှစ်ဘက်မှာ စမ်းကျ သီတာရေ တမျှအေးစက်နေသည်ကို တွေ့ရှိရပါသည် ။  ထို့ကြောင့်  မင်းတရားကြီးဘုရား သည် ငယ်စဉ်တောင်ကျေးကလေးဘဝ စလင်းမင်းသမီး နှင့်  နှစ်ကိုယ်တူ မေတ္တာမျှစဉ် အချိန်ကာလမှ  အဖြစ်အပျက်တို့ကို ပြန်လည် အမှတ်ရလာပါသည် ၊  ချစ်ချင်းမေတ္တာ တို့၏  အစေစားခံ  ဘဝမှ တဖြည်းဖြည်းချင်း ပြောင်းလွှဲလာသော မင်းတရားကြီးဘုရား သည် ၊  ချစ်ချင်းမေတ္တာ တို့ ကို  စေစားနိုင်သူ ဖြစ်အောင်နိုင်လာခဲ့သည် မှန်သော်လည်း ငယ်ချစ်ဟောင်း ကို အနှစ်တသောင်း မမေ့ကောင်း ဆိုသည့် စကား အလာတော် ရှိသည့်အတိုင်း စလင်းမင်းသမီးလေး နှင့်  ချစ်ကျွမ်းဝင် ရင်းနှီးခဲ့ပုံတို့ကို  ယနေ့တိုင်အောင် တွေးမိတိုင်း တသသနှင့် မမေ့နိုင့်ခဲ့ပါ ။


ထို မေ့မရသော စိတ် ၏ ဖြစ်ပေါ် ခံစားမှုနှင့် ယခု အမြင့်သမီးတော်လေးနှင့် တွေ့ကြု့ရသည့် ခံစားမှုတို့သည် ထပ်တူထပ်မျှ ဖြစ်လေရော့သလားဟုပင် မင်းတရားကြီးဘုရား သံသယ ရှိတော်မူလာပါလေသည် ။   သံသယစိတ်တို့ကြောင့် ပီတိစိတ်များ ဖြစ်ပေါ် ခံစားလာရသည် အတွက် မင်းတရားကြီးဘုရား ရွှေစိတ်တော်ဝယ် ကြည်နူးမိပါတော့သည် ။


“ နှမတော်လေး ရွှေနန်းတော်ကြီးပေါ် နေရသည်မှာ ပျော်တော်မူရဲ့လား နှမတော်လေးရဲ့ ” မင်းတရားကြီး ဘုရား အမိန့်တော် ရှိသည့်စကားကို အမြင့်မင်းသမီးလေး က နှုတ်မှပြန်လည် အဖြေကြားသော်လည်း ခေါင်းညိမ့်၍  အဖြေပေးပါသည် ။  မင်းတရားကြီးဘုရားလည်း စကားဖြင့် တုံ့ပြန်မတင် လျှောက်သည် ကို  မကျေနပ်နိုင်ဘဲ အမြင့်သမီးတော်လေး အား  ပွေ့၍  ပေါင်ပေါ် တင်တော်မူလိုက်ရင်း ...


“ မောင်ကြီးဘုရား မျက်နှာတော် မော်လို့  ဖူးစမ်းပါ့ နှမတော်လေး ငဲ့ ၊  သည်က နှမတော် ကို ရွှေမေတ္တာ ပိုတော်မူသည်ဗျ ”  


“ ဘဘဘုရား မျက်နှာတော် မော်ဖူးရန် မဝံ့ ကြောင်းပါဘုရား ” 


“ ကိုယ်တော်မြတ် ကို ဘဘ လို့  မခေါ် တော်မူလိုက်ပါနှင့် ၊ မောင်ကြီးဘုရား လို့ဘဲ ခေါ် စမ်းပ

နှမတော်လေးဗျား ” 


“ ဘဘဘုရား အလိုတော်အတိုင်း  ခေါ် တော်မူပါမည် ဘဘဘုရား ” 


အမြင့် သမီးတော်လေး ရှက်တော်မူ၍  စကားများ မှားတော် မူနေသည် ကို မင်းတရားကြီးဘုရား

သဘောတော်ကျ စိတ်ဝမ်းတော် ကြည်နူးလှသဖြင့် ဟက်တမော ရယ်ရင်း -


“ သည်က နှမတော်လေးကဖြင့် ဘဘုရားလို့  မခေါ် တော်မူလိုသည်မှ  ဘဘဘုရားချင်း နှုတ်ခွန်းတော်ထပ်ပြီး မိန့်တော်မူပေသည် က  မောင်ကြီးဘုရား ကို ချစ်တော်မူဟန်   ရှိသည်ပ နှမတော်လေးရဲ့ ” 


မင်းတရားဘုရား  ကျီစယ်တော်မူသော်လည်း အမြင့်သမီးတော်လေးမှာ မင်းတရားကြီးဘုရား ရင်ခွင်တွင်း ဦးခေါင်းသိုဝှက်ထားပြီး  တိတ်ဆိတ်ငြိမ်လျက်ရှိနေပါတော့သည် ။ အမြင့်သမီးတော်လေး မှာ ချွေးများ စိုရွဲနေအောင် ကြောက်အားတော် ပိုနေဟန် ရှိပါလေသည် ။


မင်းတရားကြီးဘုရား လည်း  ကြာခြည်ရံ အတွင်းမှာ လှောင်အိုက်နေသည် ဟု မှတ်ထင်တော် မူ၍ ကြာခြည်ရံ အပြင် သို့  ထွက်တော်မူလိုစိတ် ရှိလျှင် ထွက်ကြရန် မိန့်တော်မူသော်လည်း ရှက်သည့်အတွက် ခေါင်းခါရမ်း ငြင်းပယ်တော်မူပါသည် ။


တောကျွမ်းသော မုဆိုး သည်   တော်ကောင် ကို ပစ်ခတ်သတ်ဖြတ်တတ်ရုံသာမက ခြေရာခံ၍လည်း လိုက်တတ်ပါသည် ။ ထိုအတူ  ခြေရာခံနိုင်သလို  ပစ်ခတ်သတ်ဖြတ်ပြီးသည့်နောက် လှီးချွတ်ဖြတ်တောက်ရာတွင်လည်း  စနစ်ကျ မှန်ကန်စွာ ပြုလုပ်တတ်ပါသည် ။ သို့မှသာ လိုအပ်သော အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်နိုင်ပေသည် မဟုတ်ပါလား ။


ဘဲဖြူရွှေရေးစက် အနားပါ  မိုးကောင်းကင် ကြည်ပြာရောင် ထမီလေး မှာ မည်သည့်အချိန်က သလွန်တော်အောက် ကျရောက်သွားသည် ကို အမြင့်သမီးတော်လေး မသိရှိလိုက်သော်လည်း နာကျင်မှုဝေဒနာ ခံစားလာရသည်ကိုတော့ သိလာပါသည် ။ သို့ဖြစ်၍  သွေးရူးသွေးတန်း ဖြင့် လုပ်မိလုပ်ရာကို လုပ်လိုက်လေသည် ။


“ အမလေး- မလေး ၊ လွှတ်စမ်းပါ့   လုံခလေးရ ၊ အမလေးလေး ” 


မင်းတရားကြီးဘုရား ပြင်းပြစွာ  အော်ဟစ်သံ ကြားရပါ ရပါသည် ။ မင်းတရားကြီး ၏ အောင်မြင် ခန့်ညားသော အသံတော် မှာ ရောင်ရမ်းအော်ဟစ်စဉ် အခိုက်အတန့်တွင်ပင် ကြည်လင်ပြတ်သားလှပါသည် ။ မင်းတရားကြီးဘုရား  ယအော်ဟစ်ညည်းညူသံ ကြားကြသော  စိန်တုန်းမိဖုရားကြီး နှင့် အထိန်းတော် အချော့တော်ကြီး များသည်  ကြာချည်ဆောင် အတွင်း သို့  အမောတကာ ပြေးလာကြပါသည် ။ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ ကို  လှစ်သင့် မသင့်  စဉ်းစား မနေတော့ဘဲ  ကြာချည်ရန် ကို မ ၍ အတွင်းသို့ ဝင်ရောက်သွားသည် တွင် မှောက်ရက် ငိုနေသော အမြင့်သမီးလေး နှင့် ရင်ဘတ်တော် ကို လက်ဖြင့် ဖိထားလျက် ဆောင့်ကြောင့်ထိုင်နေသာ  မင်းတရားကြီးဘုရား ကို တွေ့ရပါသည် ။


မင်းတရားကြီးဘုရား ရင်ဘတ်တော် ကို ဖိထားသော လက်ျာလက်ဖဝါး အောက် သို့ သွေးများ ယိုစီးလာသည် ကို တွေ့မြင်ရသည် ၌  စိန်တုန်းမိဖုရားကြီး လည်း ထိတ်လန့်တော် မူသွားပါသည် ။


“ မောင်မောင်ဘုရား ဘယ်သို့သော အကြောင်းရပ်ဖြင့် ရင်ဘတ်တော် မှ သွေးများ ယိုစီးလာတော်မူသည်လဲ ” 

စိုးရိမ်တကြီးဖြင့် မေးမြန်းတော်မူသော စိန်တုန်းမိဖုရားကြီး တင်လျောက်ချက်ကို ...


“ ကိုယ်တော်မြတ် ကို  အမြင့်သမီးတော် က  နာကျင်တော် မူ၍ ယောင်ယမ်းကိုက်လိုက်တော်မူသည့် အတွက်

ရင်ဘတ်တော် ပေါက်ပြဲသွားရသည်ပ စုကြီး ရ ” 


“ သယ့် မောင်မောင်ဘုရား  အလိုတော် ကို  ဆန့်ကျန်တော်မူရုံမျှမကဘဲ  မောင်မောင်ဘုရား ကို အနာတော် ရစေတဲ့  သည် သူငယ်မ ကို အပြစ်ဒဏ်ပေးတော်မူပါ မောင်မောင်ဘုရား ” 


“ စုစုကြီး ရဲ့ သည်ဟာကိုတော့ဖြင့် အပြစ်ပေးရန်  မသင့်လျော်ပေဘူး ၊  သူ့ ခမျာမှာလည်း မောင်မောင်ဘုရား ပြုလုပ်သည့်  နာကျင်မှုကြောင့် သွေးလန့်ပီး ယောင်ရမ်းကိုက်ခဲ လိုက်ခြင်းဖြစ်ပေမှာဘဲ စုစုရယ် - သည်းခံလိုက်ပါ့ ” 


“ ညီး ကို မောင်မောင်ဘုရား အား  မည်ကဲ့သို့  အပျော်တော် ဆက်ရမည် ကို သင်ကြားပေးထားခဲ့ပါလျက်ကနဲ့ သည်နှယ် ပြုမူပေသည်ကြောင့် ထီး နဲ့ မတန် နန်း မဆန်လှသည်ဘဲ ” 


“ ခွင့်လွတ်တော်မူပါ မမဖုရား ဖုရား ကျွန်မလည်း မင်းတရားကြီးဘုရား အလိုလိုက် အကြိုက်ဆောင်ပါသည် ။ မင်းတရားကြီးဘုရား ပြုမူချက်မှာ  ရှည်ကြာစွာ လက်ခံရန် မစွမ်းသာပါသဖြင့် သတိတော် ကင်းကွာ၍  မင်းတရားဘုရား ဘဘ ရင်ဘတ်တော် ကို  ယောင်ယမ်းငုံခဲ့မိပါသည်ဘုရား ” 


“ မောင်မောင်ဘုရား ကိုဘာကြောင့်  ဘဘ ဘုရားလို့ခေါ် သည်လဲ နန်းဓလေ့ အတတ်ပညာများ ကို တတ်မြောက်အောင် သင်ကြားပေးထားပါရက် နဲ့ သည်လောက် ထိုင်းပါလျှင် ထီနန်း နှင့် မတန်ပလေ ” 


စိန်တုန်းမိဖုရားကြီး လည်း  မင်းတရားကြီးဘုရား အဝတ်တော်များ ပြန်လည် ဝတ်ဆင်ပေးရင်း

အမြင့်မင်းသမီးလေး ကို  ဆူပူမာန်မဲနေပါသည် ။ မင်းတရားကြီးဘုရား  ရင်ဘတ်တော် မှ ကိုက်ခံရသော

ဒဏ်ရာမှ သွေးများကို အဝတ်ဖြူစဖြင့် သုတ်သင်ပေးနေပါသည် ။


အမြင့်သမီးလေး မှာ မျက်စိမျက်နှာ ပျက်လျက်နှင့် သူမ ၏ အဝတ်အစများ ကို ပြန်လည် ဆင်မြန်းနေပါသည် ။


“ မောင်မောင်ဘုရား အနာပေါက်ကု သမားတော်ဦးရှင်း ကို  အပင့်ခိုင်းချေမှ သင့်တော်မည် ထင်ကြောင်းပါ ဘုရား ” 


“ အချိန်မတော်ကြီး သွားရောက်ချေပင့်လောက်သည့်  အနာလည်း  မဟုတ်သော်ကြောင့် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော် မမူပါနဲ့  စုစု ရဲ့ သည်ည အတွက် ဆံဝါးဖတ် မံ၍ ကြပ်စီးထားလျှင် ပြီးနိုင်သည်ပ စုစု ငဲ့ ” 


မင်းတရားကြီး မိန့်တော်မူ စကားကြားသည်နှင့်  စိန်တုံးမိဖုရားကြီး လည်း ဆန်တဆုပ်လောက် ယူခိုင်းရန် အမြင့်သမီးတော်လေး ဘက် လှည့်ကြည့်လိုက်သည်၌ အမြင့်သမီးတော်လေး အား မတွေ့ရတော့ပါ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ  အပြင် ထွက်၍ အပျိုတော်ကြီးများ ရှိရာသို့  သွားရောက်၍ ဆန် အနည်းငယ်မျှ ယူဆောင်ခဲ့ရန် ခိုင်းစေလိုက်ပါသည် ။


စိန်တုန်းမိဖုရားကြီး စေခိုင်းလိုက်သည့် ဆန် ရရှိသဖြင့် ဆန် တဆုတ်စာ ကို   မိဖုရားကြီး ကိုယ်တော်တိုင် ဝါး ၍ မင်းတရားကြီးဘုရား အနာအုံရန်  ကြာခြည်ရံ အတွင်း ဝင်သွားသည်တွင် အမြင့်သမီးတော်လေး ကိုယ်တိုင် မင်းတရားကြီးဘုရား အား ကြပ်စီးပေးနေသည် ကို  တွေ့ရှိရပါသည် ။  မိဖုရားကြီး အံဩဟန်ဖြင့် ကြည့်နေသည်ကို  မြင်တော်မူသည့်  မင်းတရားကြီးဘုရား သည်  “ အမြင့်သမီးတော်လေး က လိမ္မာသည် ဗျ စုစုကြီး ရဲ့ သူခမျာ ဆန် ကို  ယူလာတော်မူပြီး ကိုယ်တိုင် ဝါး၍ အုံပေးသည်ဗျ ” 


“ မှန်လှပါ အမိုက်အမဲလေး ကိုတော့ ဆုံးမပေးတော်မူ မှ သင့်တော်မည် ထင်မိကြောင်း ရွှေနားတော် လျောက်ပါသည် ဘုရား ” 


စိန်တုန်းမိဖုရားကြီး က  တင်လျှောက်သည်တွင် မင်းတရားကြီးဘုရား လည်း  ပြုံးရယ်တော်မူရင်း ...


“ လုံခမလေး  လိမ္မာရေးခြား ရှိလာစေရန် မောင်တော်ဘုရား ကိုယ်တိုင်  ကြိုးစားရမယ်ဗျ ။

သည် အရေးအတွက် စိတ်လေးနေတော်မူပါနဲ့  စုစု ရဲ့ ” 


“ မောင်ကြီးဘုရား ပေးလိုသည့် အပြစ်တော် ကို ခံယူရန်  အသင့်ရှိကြောင်းပါဘုရား ” ဟု အမြင့်မင်းသမီးလေး လျေက်တင်သည် ၌ မင်းတရားကြီးဘုရား လည်း အမြင့်သမီးတော်လေး နားသို့ ကပ်၍  လေသံဖြင့် တီးတိုးပြောလိုက်သည်ကို  စိန်တုန်းမိဖုရားကြီး မြင်လိုက်ပါသည် ။


မိဖုရားကြီးများ ပစ်လွှတ်လိုက်သော  မျှားချက် သည် မင်းတရားဘုရား အား  စူးဝင်လိုက်ရသည် ကိုတော့ မင်းတရားကြီးဘုရား သိရှာမည် မထင်ပါ ။ သို့ဖြစ်၍ တံလျှပ် ကို ရေထင်၍ ရွှေသမင် အလိုက်မှားတော့မည် ကို ကြံရာပါ မိဖုရားကြီး များ နားလည်သဘောပေါက်ကြပါတော့သည်တကား ။


( ၆ )


နံနက်ညီလာခံသဘင် သို့ တက်ရောက်ရန် လာသော ဦးရွှေမောင်ကြီး မှာ အရှေ့တော်ကြီးအတွင်း မင်းတရားကြီးဘုရား အမိန့်တော်ဖြင့် ဆင့်ခေါ် တော် မူ၍  ရောက်ရှိလာသော သမားတော်ကြီး   ဦးစံဝင်း နှင့် ဦးရှင်း တို့ကို တွေ့ရှိရပါသည် ။ သမားတော်ကြီးများထံ ချဉ်းကပ် စုံစမ်းသော်လည်း မင်းတရားကြီးဘုရား ဆေးတော် ဆက်ရန် လာရောက်ရမည်ကို  ဆင့်ခေါ် သည့် အတွက် အမြန် လိုက်ပါလာခြင်း ဖြစ်ကြောင်းမှ တပါး  အခြား မသိရ၍  ဦးရွှေမောင်ကြီး လည်း စဉ်းစားမိပါသည် ။  သမားတော်ဦးရှင်း နှင့် ဦးစံဝင်း တို့သည်  အနာပေါက် ကုရာတွင် ကျော်ကြား သည့် သမားတော်ကြီး များ  ဖြစ်ကြပါသည် ။ မင်းတရားကြီးဘုရား မည်သို့သော အနာတော်  ပေါက်ရလေသနည်း ။ ယမန်နေ့ ည ကညီလာခံတွင် အခစားဝင်ခဲ့သည့် အချိန်တိုင်အောင် ကောင်းမွန်စွာ ကျန်းမာစွာ ရှိနေပေသည် ။ မင်းတရားကြီးဘုရား အနာတော်အတွက်  ဆေးတော်ဆက်ရန် ဆင့်ခေါ် သည်ကိုလည်း  သမားတော်ကြီးများက ခိုင်မာစွာ ပြောကြားနေသည့် အတွက်  မင်းတရားကြီး ဆေးတော်ဆက်ရန် ဝင်ရောက်ကြမည့် သမားတော်ကြီးများနှင့်အတူ လိုက်ပါကြည့်ရှုရန် စောင့်စားနေပါသည် ။


မင်းတရားကြီးဘုရား နံနက်ပွဲတော်စား ကြပြီးနောက် သမားတော်ကြီးများ ဆေးတော် ဆက်ရန်

ဝင်ကြသည်တွင် ဦးရွှေမောင်ကြီး လည်း လိုက်ပါသွားခဲ့ပါသည် ။ ဆေးတော် ဆက်ကြရမည့်

သမားတော်ကြီး နှစ်ဦး လည်း  မင်းတရားကြီး အနာတော် ကို စစ်ဆေးကြည့်ရှုကြပါသည် ။  အနာ ကို

ကြည့်ရှုကြသူ သမားတော်ကြီး နှစ်ဦးစလုံး တဦးမျက်နှာ တဦးကြည့်လျက် အံ့ဩနေကြဟန်

ရှိသော်လည်း မင်းတရားကြီးဘုရား အား မည်သို့မျှ မတင်လျှောက်ဝံ့ကြ  မစူးစမ်းဝံ့ ကြဘဲ ရှိနေသဖြင့်

ဦးရွှေမောင်ကြီး ကပင် အလိုက်သိစွာ ကြားမှဝင်၍  –


“ မှန်လှပါ မင်းတရားကြီးဘုရား ၊  သမားတော်ကြီးများ အနေဖြင့်  အနာမသိ ဆေးမရှိ ၊ အနာမပိုင် ဆေးမကိုင် နှင့် ဆိုစကားအရ  အနာ ဖြစ်ရသည့် ဇစ်မြစ် ကို သိလိုကြဟန် တူကြောင်းပါဘုရား ” 


“ ဟုတ်ပေသဗျ ၊ သည် အနာက လူ ကိုက် သည့် အနာပေဘဲ သမားတော်ကြီးများ ဗျား ၊ ယမန့်နေ့ညဉ့် သန်းခေါင် အချိန်က အကိုက်ခံရခြင်းပ ” 


ဦးရွှေမောင်ကြီး ရော သမားတော်ကြီးများ ပါ အံ့အားသင့်နေကြပါသည် ။ ဆက်လက် မေးမြန်းစုံစမ်းရန်လည်း မင်းတရားကြီးဘုရား အနေဖြင့် ဖြေလိုမည်လည်း မထင်မိ ။ မေးမြန်းရန်ကလည်း အနာဖြစ်ရခြင်း အကြောင်းအရာမှာ ပြည့်စုံလုံလောက်နေပြီဖြစ်၍ ငြိမ်သက်စွာ လုပ်ဆောင်သင့်သည်ကို ဆက်လက် လုပ်ဆောင်နေကြပါသည် ၊ အနာပေါ် သို့ဆေးတော်တင် အဝတ်စီး ပေးကြပြီး မင်းတရားကြီးဘုရား အား  ခြေတော်ဦးခိုက်၍ ရှောင်ရန်  အစာ ၊  ပွဲတော် တည်ရမည့် ဓါတ်စာ တို့ကို တင်လျှောက်၍ သမားတော်ကြီးများ ပြန်လည် ထွက်ခွာသွားကြပါသည် ။


ဦးရွှေမောင်ကြီး တယောက် ထည်း  ကျန်နေရစ်လေတော့မှ  မင်းတရားကြီးဘုရား ကို ဦးခိုက်ပြီးလျှင် -


“ သည် အနာ မည်သူပြုမူ၍  မင်းတရားကြီးဘုရား  ခံစားရရှိသည်ကို  မိန့်တော်မူပါ ၊ သည် တရားခံ ကို ကျွန်တော်မျိုးကြီး  စစ်မေး အပြစ်တော်မူပါမည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း အဖြစ်အပျက်များ ကို  စဉ်းစားမိသည့်အတွက်ပင်  ဖြစ်မည်လားမသိ ပြုံးတော်မူပါသည် ။ ၎င်းနောက်  လျောင်းတော်မူရာ သလွန်ညောင်စောင်း ဘေး  ရွှေကလပ် ပေါ် တွင် တင်ထားသည့် သမားတော်ငခဲ  ဆက်သခဲ့သည့် အင်္ဂဝုဒ္ဓိ ဆေးတော် ထည့်သည့်  စဉ့်ဘူး ကို လက်ညိုးထိုးပြတော်မူပြီး မိန့်တော်မူလိုက်သည် မှာ ...



“ နင် အရေးယူ အပြစ်ပေးချင်သည် ဆိုပ ၊ ငခဲဆေးတော် ဟာ  တရားခံ အစစ်အမှန် ပါ ၊ တောက်  –  မိစပ် ထံ

မသွားမီ အချိန် က သည် ဆေးတော်သာ စားသုံးထားပြီးသား ဆိုရင် ငမောင်ကြီး ရ ” 


           ပြီးပါပြီ


◾ချစ်စိန်လွင်


📖ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း


koaungnaingoo.blogspot.com


.

လွှမ်းမိုး


 ❝   လွှမ်းမိုး  ❞


၁၉၈၀ ၊ ဆောင်းတစ်ည ။


“ မရှယ်လီ ၊ မရှယ်လီ "


“ မရှယ်လီ ၊ မရှယ်လီ "


ခြံထိပ်ဆီမှ ငယ်သံပါအောင် အော်ခေါ်နေကြသော အသံများကြောင့် အိပ်မှုန်စုံမွှားဖြင့် ကျွန်တော်တို့လင်မယား အိမ်ယာမှ ထလိုက်ကြရသည် ။ ကျွန်တော့်ခြံမှာ လှိုင်မြို့နယ် ၊ ၅၈ - လမ်းမှ မီတာ ၁၀၀ ခန့်ရှည်သော ကိုယ်ပိုင်လမ်းဖြင့် ဝင်ရသည့် ခြံဖြစ်သောကြောင့် ညဘက်ခြံထိပ်ဂိတ်တံခါး ပိတ်ထားလျှင် ဝင်ရန်မလွယ်တော့ပါ ။အသံကုန် အော်နိုင်မှသာ ခြံထဲက ကျွန်တော်တို့ကြားနိုင်ရုံမျှသာရှိပါသည် ။ထို့ကြောင့် ညဘက်တွင် ကျွန်တော်တို့အိမ်သို့ ဧည့်သည်များ လာလေ့မရှိပါ ။


မိတ်ဆွေ အပေါင်းအသင်း ကဗျာဆရာ ၊ စာရေးဆရာများကတော့ ခြံတံခါးပေါ် ကျော်တက်ပြီး သံဆူးကြိုးကို ဖြဲပြီး ဝင်တတ်ကြပါသည် ။ သို့သော် ခြစ်ရာ ရှရာ ဒဏ်ရာဗရပွနှင့် မောင်မင်းကြီးသားများကို ဆေးထည့်ပေးရခြင်း ၊ “မဝသေးဘူး ၊ မဝသေးဘူး ” ဟု ဂျီကျနေသော သကောင့်သားများအတွက် အရက်နှင့်ထမင်း စီစဉ်ပေးရခြင်းတည်းဟူသော ဒုက္ခတို့ကို ကျွန်တော့်ဇနီးက ဒိုင်ခံဖြေရှင်း ပေးရှာပါသည် ။


ယခုဘယ်သူတွေနည်း ၊ သေချာသည် ။ ဇနီးသည်၏ ဧည့်သည်များသာ ဖြစ်ပါလိမ့်မည် ။


သို့ဖြင့် လင်မယားနှစ်ယောက် ခြံထိပ်အထိ လျှောက်ခဲ့ရသည် ။ တံခါးတွင် The Professionals တီးဝိုင်းခေါင်းဆောင် ကိုဇာနည်စံထွန်းနှင့် လူငယ်တစ်ဦး ။ မော်လမြိုင်စတိတ်ရိုးတစ်ခုသို့ သူတို့၏ Professionals တီးဝိုင်းနှင့် အင်္ဂလိပ် သီချင်းများ လိုက်ပါသီ ဆို ပေးရန် ကျွန်တော့် ဇနီးအား လာရောက်ခေါ်ကြခြင်း ဖြစ်ပါသည် ။ နောက်နေ့ နံနက် မော်လမြိုင်သို့ သွားရမည် ဖြစ်သောကြောင့်ညဉ့်နက်သန်းခေါင်ကြီးမှာ အရေးပေါ် ရောက်လာခြင်းဖြစ်သည် ။


ဇာနည်စံထွန်း မိတ်ဆက်ပေးသဖြင့် သူနှင့်အတူပါလာသော လူငယ်ကို “ လွှမ်းမိုး ” ဟု သိလိုက် ရသည် ။ ထိုစဉ်က သူကလည်း အဆိုတော်ဖြစ်ခါစ သိပ်မကျော်ကြား မအောင်မြင်သေး ။ သို့ သော် သူ၏သီချင်းတစ်ပုဒ်ကို မူ ကျွန်တော်ကြားဖူး ၊ နှစ်သက်ဖူးနေပါပြီ ။


“ အို ... ဗုဒ္ဓဘုရား ... ဟောလေသည်မှာ ...  လူတိုင်းဟာ ...  အရူး ...


      ◾◾◾◾◾


သည့်နောက်ပိုင်းတွင်တော့ သူနှင့်ကျွန်တော်တို့ မိသားစုမှာ ထဲထဲဝင်ဝင် ရင်းနှီးချစ်ခင်ဖြစ်ကြတော့သည် ။


တီးဝိုင်းအလုပ်များ အားလပ်သည့်ရက် များတွင်ကျွန်တော်တို့ခြံထဲသို့တစ်နေ့လုံးလာပြီး သစ်ပင်ကြီးတွေအောက် မှာ ဖျာတစ်ချပ်ခင်းလျက် ဂစ်တာတစ်လုံးနှင့် သီချင်းရေး​ေနတတ်သည် ။ သူ့ဘေးတွင် ကျွန်တော့် သားသမီးလေးများ ၊ တူ - တူမငယ်လေးများ ဝိုင်းဝိုင်းလည်လျက် ။ ကလေးများ၏ တစ်ယောက်တစ်ပေါက် တောင်းဆိုမှုများကို အလိုလိုက်ပြီး ၊ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြရှာသည် ။ ကလေးတွေကလည်း သူ့ကို ကျွန်တော်တို့ခေါ်သည့်နာမည်ရင်းအတိုင်း “ ဦးစိုးစိုး ၊ ဦးစိုးစိုး ” ဖြစ်နေကြပါပြီ ။


ကျွန်တော့် ဇနီး က အားနာစွာဖြင့် ဝင်ဟန့်သည် ။


“ ဟဲ့ ၊ ဟိုမှာ သီချင်းရေးနေတာ ၊ မနှောင့်ယှက်ကြနဲ့ ၊ သွားကြစမ်း ၊ဝေးဝေးသွားနေကြစမ်း ”


“ မ... မလုပ်ပါနဲ့ ။ မ... မ , မရှယ်လီရာ ၊ ကိတ်  ကိစ္စမရှိပါဘူး ”


စိတ်လှုပ်ရှားလာလျှင် စကားထစ်တတ်သော သူ့ ကြောင့် ကျွန်တော်တို့  မကြာခဏ ရယ်ကြရသည် ။ ကျွန်တော့်ဇနီး က မေးလေ့ရှိသည် ။


“ ဟဲ့... စိုးစိုးရဲ့ ၊ သီချင်းဆိုတဲ့အခါကျတော့ နင် က ဘာကြောင့် မထစ် တာလဲ "


“ ဟာဗျာ... အစ်မ... ရှယ်... ရှယ်လီကလည်း "


ထပ်ရယ်ကြရပြန်သည် ။


လွမ်းတယ် စိုးစိုး ရေ ...


     ◾◾◾◾◾


လွှမ်းမိုး သည် ကလေးများကို ချစ်တတ်သလို မိန်းမများ ကိုလည်း အလွန် ချစ်တတ်ပါ၏ ။ သူ့တွင် အချစ်တွေ ဘယ်တော့မှ ကုန်ခန်းဟန်မတူ ။ ရည်းစား အလွန်များသော သူ့ကို ကျွန်တော့်ဇနီး က တစ်ခါ မေးဖူးသည် ။


“ စိုးစိုးရယ် ။ တစ်ခါတလေ နင့် ရည်းစားတွေကို လူမှားပြီး မခေါ်မိဘူးလား ”


“ မမှားဘူး အစ်မ ၊ သူတို့ အားလုံးကို  “ အချစ် ”  လို့ပဲ ခေါ် တယ် ”


“ နင့် ကိုယ် နင် ကျတော့ရော ”


“ ကိုကို ”


“ ခွေးကောင်လေး ”


ကျွန်တော့် ဇနီးခမျာ ထိုမျှသာ ထောပနာပြုနိုင်ရှာတော့သည် ။ သူကတော့ မချိုမချဉ် ပြုံးလျက် ။ ပိုင်ပါပေ့ကွယ် ။ အားကျလိုက်တာ ။


ရည်းစား တစ်ယောက် ရတိုင်း သီချင်းတစ်ပုဒ်ရေးသည် ။


“ မနှင်းဆီ ... မနှင်းဆီရေ ... ”


“ နီနီ ... ညိုညို ခေါ်တယ် ... ကောင်မလေး ...  နှစ်ယောက်ရှိတယ် ..  ကျွန်တော်သီဆိုပါတယ် ..   ဂီတပွဲတစ်ခုမှာတွေ့တယ် ... ”


“ ဘာကြောင့်လဲဟယ်  ... မအေးရယ် ... ချစ်လို့ပါကွယ် ... ”


“ သိပ်ချစ်ရတဲ့ .... ပင်န်စီရယ် ... စိတ်ညစ်ရတဲ့ ပင်န်စီရယ် ... အိပ်ပျက်ရတဲ့ ပင်န်စီရယ် ..  ကွယ်  ... "


ဟုတ်နေတာပါပဲလား ။ သည်တော့လည်း ၁၉၆၅ ခုနှစ်က မန္တလေးတက္ကသိုလ်တွင် ကျွန်တော်ရေးခဲ့သော ဒွေးချိုးတစ်ပိုင်းတစ်စကို သွားသတိရမိသည် ။


ချစ်ချစ် မုန်းမုန်း

လုံးလုံးဆုံးတယ် မထင်နဲ့ဦး ။


ရင်မှာ ခံစားလာသမျှကို

လက်က ဖန်ဆင်းနိုင်တာမို့

အနုပညာသမားဆိုတာလေ

ဘယ်အခါမှ အရှုံးမရှိဘူး ။


အလဲ့ ၊ ကျွန်တော်လည်း ဟုတ်နေခဲ့ဖူးတာပါပဲလား ။


      ◾◾◾◾◾


မှတ်မှတ်ရရ ၊ ၁၉၈၂ ခုနှစ်


သူတို့၏ Professionals တီးဝိုင်းက မကွေးတိုင်း မီးသတ်ရန်ပုံငွေ စတိတ်ရှိုး လုပ်နေသည်ဆို၍ မန္တလေး သို့ ခရီးယာယီရောက်နေသော ကျွန်တော် က မကွေး သို့ လိုက်သွားသည် ။ မကွေးလေယာဉ်ကွင်း ထဲတွင် နွားအုပ်များ ဝင်နေသည်ကို မောင်းထုတ်နေရသောကြောင့် လေယာဉ် က မြို့ ပတ်ဝဲနေရသဖြင့် စိတ်လည်း ညစ်ရ ရယ်လည်း ရယ်ခဲ့ရသည် ကိုလည်း မှတ်မိနေသေးသည် ။


သူတို့ တည်းခိုရာ ကိုရောက်တော့ ကိုဇာနည်စံထွန်း ခေါင်းဆောင်သောအုပ်စုကို တွေ့လိုက်ရ သည် ။ လွှမ်းမိုး ၊ ကိုင်ဇာ ၊ စိုင်းနေဝန်း ၊ ဂျော်နီ ၊ အသံတုရဲမင်းထိုက် စသောအမျိုးသားအဆိုတော်များ နှင့် လူရွှင်တော်များ ၊ ကျွန်တော့်ဇနီး နှင့်အတူ နော်လီဇာ ၊ ရုပ်ရှင်မင်းသမီး မွှေး ၊ ဟာသမယ် မသန်းရွှေ တို့နှင့် ဇွတ် အဆိုတော် နာမည် တပ်ပြီး လွှမ်းမိုး ခေါ်လာသော ရုပ်ရှင်မင်းသမီး ပေါက်စလေး တစ်ယောက် ကိုပါ တွေ့လိုက်ရသည် ။


မကွေး ပွဲက ၂ ည ဖြစ်ပါသည် ။ တစ်ညတွင် မြို့ခံ အဆိုတော်ကလေးမလေး တစ်ယောက်က ဧည့်သည် အဆိုတော် အဖြစ် ဝင်ဆိုသည် ။ ထူးခြားလိုက်သည့် အသံ ။ နောင်တွင် ထိုဂါဝန်လေး နှင့် ကလေးမ သည် “ နီနီဝင်းရွှေ ” ဟူ၍ ဖြစ်လာသောအခါ ကျွန်တော် မအံ့ဩတော့ပါ ။


ထို မကွေး ပွဲစဉ်ကာလတွင်း မှာပင် ကျွန်တော်တို့ လင်မယား “ မွဲဆေး " ဖော်မိခဲ့ကြပါသည် ။ ဤ Professional အဖွဲ့ နှင့် အဆိုတော်များကို မြစ်ကြီးနား တွင် စတိတ်ရှိုးပွဲသွင်းမည် ဟု အကြံဆိုး ရကြပါသည် ။ ဤသည်ကြောင့်ပင် နောင်သော အခါ၌ လွှမ်းမိုး ၏ ဘဝထဲတွင် ကျွန်တော်တို့ လင်မယား က အရေးပါသော ဇာတ်ပို့များ ဖြစ်လာခဲ့ကြရပါ၏ ။


မကွေး မှ မန္တလေး သို့ ရောက်ခဲ့ကြပြီး မန္တလေး မှ မြစ်ကြီးနား သို့ ခရီးဆက်ရာတွင် အဆိုတော် များကို လေယာဉ် နှင့် ပို့ ရပြီး တီးဝိုင်းသမားများ ၊ စက်ပစ္စည်းများ နှင့် ကျွန်တော်တို့ ကမူ စရိတ်သက်သာစေရန် မီးရထား ဖြင့် ချီတက်ခဲ့ရသည် ။ ကျပ်ညပ်သိပ်လျက် ၊ မောပန်းနွမ်းနယ်လျက် ၊ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၍ မဆုံး ။


မြစ်ကြီးနား တွင်အမျိုးသားသီးသန့် ၊ အမျိုးသမီးသီးသန့် တည်းခိုခန်းများတွင် ခွဲထားရ၏ ။ သို့သော် လွှမ်းမိုး ကား မင်းသမီးငယ် နှင့်သာ အတူ နေတော့၏ ။


သည်တော့လည်း သီချင်းတိုက်ရန် အချိန်ကျလျှင် ကိုယ်တော်မြတ်လေး ကို သွား ပင့်ရ၏ ။ မင်းသမီးငယ်လေး ကတော့ ကျွန်တော့် အသံ ကြားလျှင်ခေါင်းမြီးခြုံ၍ အိပ်နေလေ့ရှိ၏ ။ ကျွန်တော်ကလည်း ထိုမင်းသမီးငယ်ထက် ပို၍ သရုပ်ဆောင် ကောင်းပါသည် ။ သိသိကြီး နှင့် မသိဟန်ဆောင်ရာ တွင် ကျွန်တော်လည်း အကယ်ဒမီ ရလောက်ပါသည် ခင်ဗျား ။


သီချင်းတိုက်ချိန် မမှန်မှုကြောင့် တစ်ရက်တွင် ပြဿနာတက်တော့၏ ။ နော်လီဇာ ရှိနေချိန်တွင် လွှမ်းမိုး က ရောက် မလာ ။ လွှမ်းမိုး ရောက်လာသော အခါတွင်မူ နော်လီဇာ က ပျောက်သွားတတ်သည် ။


သို့ဖြင့် လွှမ်းမိုး နှင့် နော်လီဇာ တို့ ရန်ဖြစ်ကြ၏ ။ ပွဲသွင်း ကန်ထရိုက် ကျွန်တော်တို့ လင်မယားကား ဖျန်ဖြေရ ၊ ချော့မော့ရ နှင့် ဖတ်ဖတ်မော ။ ဒေါသကြီးနေကြသော အဆိုတော် နှစ်ယောက်ကြားတွင် ဟာသမယ်မသန်းရွှေကြီး က ကြားထဲက ခံလိုက်ရသည် ။ နော်လီဇာ ပစ်ပေါက်လိုက်သော မီးချောင်းထွန်း သည့် ဘက်ထရီအိုး က လွှမ်းမိုး ကို မထိဘဲ နံရံကို သွားမှန်ပြီး အက်စစ်တွေ ဖိတ်စဉ်ကုန်သည် ။ ထိုနေ့မနက် ကမှ မြစ်ကြီးနားဈေး မှ ဝယ်လာခဲ့သော မသန်းရွှေ ၏ ဦးထုပ်အသစ်စက်စက်ကြီး ဆန်ခါပေါက် ကျသွားသည် ။


စာရင်းချုပ်ရသော် ထို မြစ်ကြီးနားစတိတ်ရှိုး တွင် မင်းသစ် တို့လင်မယား နှင့် ရှယ်ယာဝင်သူ မြစ်ကြီးနားမှ ကိုထင်ပေါ် ၊ မခင်သန်း တို့ လင်မယား ခွက်ခွက်လန်အောင် ရှုံးကြပါလေ၏ ။


လွှမ်းမိုး ကတော့ မြစ်ကြီးနား တွင် မိန်းမ ထပ်ရပြန်လေပြီ ။


အရှုံးထဲက အမြတ်ပေါ့ ကွယ် ။  ဟွန့်  ။


   ◾◾◾◾◾


အောင်သွယ် မလုပ်ရပါဘဲ နှင့် အောင်သွယ်စာရင်း ဝင်သွားသော ကျွန်တော်တို့ လင်မယားသည် လွှမ်းမိုး တို့ မောင်နှံ ခေတ္တ ကွန်းခိုနေသော ဝင်ဒါမီယာ ထဲမှ တိုက်ခန်းသို့ မကြာခဏ ရောက်သွားလေ့ရှိပါသည် ။


ရောက်သွားတိုင်း မိန်းကလေး က သူ၏ မသိသား ဆိုးရွားမှုများ ကို တိုင်ရှာသည် ။ ကျွန်တော်တို့ ဒေါသဖြစ်ကြရ၏ ။ သူ့ ကိုလည်း ပစ်ပစ်ခါခါ ပြောဖြစ်ကြ၏ ။ ကရုဏာဒေါသနှင့်လည်း ဆုံးမမိကြ၏ ။ သူကား မတုန်မလှုပ် ။ကျွန်တော်တို့၏ ဆုံးမစကားတို့သည် သူ၏ ဘယ်ဘက် နား မှ ဝင်၍ ညာဘက် နား မှ ထွက်သွားသည် ဟုသာ ကျွန်တော် ထင်ပါ၏ ။


နောက်ပိုင်းတွင် သူတို့ နှစ်ယောက်စလုံး နှင့် ကျွန်တော်တို့ ဖြည်းဖြည်းချင်း ဝေးသွားကြရသည် ။


   ◾◾◾◾◾


မကြာမီ သူတို့ နှစ်ယောက် ကွဲကြပြီဟု သတင်းရသည် ။ မင်းသမီးငယ်က တစ်နေ့တခြား အောင်မြင်လာသည် ။ လွှမ်းမိုး ကလည်း ရုပ်ရှင်မင်းသား လုပ်နေပြီဟု သတင်းရသည် ။


ထို “ ပန်းသီတဲ့ကြိုး ” ဇာတ်ကားကို ရိုက်နေစဉ်  ဗိုလ်ချုပ်လမ်းပေါ်တွင် ဟိုင်းလပ်ကားပက်လက် ပေါ်မှ နေ၍ “ အစ်ကိုမင်းသစ် ” ဟု ကျွန်တော့် ကို အော်ဟစ်နှုတ်ဆက်သွားသည် ။ လူချင်းကား အေးအေးဆေးဆေး  မတွေ့ရသေး ။ ထို ဇာတ်ကား အောင်မြင်သည် ဟု ကြားရ၍ ကျွန်တော်တို့ မုဒိတာ ပွားရသည် ။


အချိန်အတန်ကြာမှ လူချင်းဆုံဖြစ်ကြသည် ။ ဆုံကြရပုံက သိပ်မလှ ။


အနော်ရထာလမ်း တစ်လျှောက် ဧရာမ ဆိုင်ကယ်ကြီးတစ်စီးကို သူစီးလာသည် ။ လမ်းဘေးမှ လူငယ်တစ်ယောက်က လှမ်းနောက်သည် ။ ဝုန်းခနဲ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းပြီး ထို လူငယ်နောက် တစ်ဟုန်ထိုးလိုက်သည် ။ သူ က ကရာတေး ခါးပတ်နက် ။ ကျွန်တော် မနေသာတော့ ။


“ စိုးစိုး ၊ မလုပ်နဲ့ ”


တုံ့ခနဲ သူ ရပ်သွားသည် ။ ကျွန်တော့်ကို မြင်သောအခါ တွေသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည် ။


“ ဒီလို လုပ်လို့မရဘူး  စိုးစိုး ။ မင်းက အဆိုတော် ၊ရုပ်ရှင်မင်းသား ။ ပရိသတ်ဆိုတာ celebrity တွေကို ချစ်ရင်လည်း စတတ်တယ် ။ မုန်းရင်လည်း နောက်တတ်တယ် ။ အဲ့ဒါကို လမ်းဘေးအထိ လိုက်ရှင်းတဲ့အလုပ်မျိုး မင်းလုပ်လို့ မရတော့ဘူး "


“ ဟုတ်ကဲ့ပါ အစ်ကို ၊ ကျေးဇူးတင်ပါတယ်ဗျာ ”


     ◾◾◾◾◾


၃၃ လမ်းရှိ ကျွန်တော်၏ ကျူရှင်ခန်း အပေါ်ထပ်တွင် ကျယ်ဝန်းလှသော ထပ်ခိုးကြီးတစ်ခု ရှိပါသည် ။ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပန်းချီဆရာများအထူးသဖြင့် အညာသားများ နားခိုရာ တည်းခိုခန်းကြီး တစ်ခုသဖွယ် ဖြစ်နေပါသည် ။ ထိုစဉ်က အနုပညာလောကကို တိုးဝင်စသာရှိသေးသော ကဗျာဆရာ ဒါရိုက်တာ ပိုင်သ ၊ ပန်းချီရွှေစိုးဟန် တို့၏ အနုပညာဘုံရိပ်သာလေးတစ်ခု ဖြစ်ပါချေ၏ ။ တစ်ခါတစ်ရံ ပိုင်သ ၏ ညီငယ်ဖြစ်သူ မန္တလေး မှ “ ဆူး ” ဆိုသော လူငယ်လေးလည်း ရောက်လာတတ်ပါ၏ ။ သီချင်းရေးသော ထိုကလေးနှင့် လွှမ်းမိုးတို့ ချိတ်ဆက် မိသွားသောအခါ ဂန္တဝင်ခေတ်ပေါ်သီချင်းတစ်ပုဒ် မွေးဖွားလာ၏ ။


“ မိုးစက်တင်လေ ”


     ◾◾◾◾◾


ထိုအတောအတွင်း ကွယ်လွန်ချိန်အထိ သူ သစ္စာရှိစွာ ပေါင်းသွားသော နောက်ဆုံး မိန်းကလေး နှင့်အိမ်ထောင်ကျသွားကြောင်း သတင်းရသည် ။ လွှမ်းမိုး ငြိမ်သွားပြီ ဟု အားလုံး စိတ်ချမ်း သာကြရသည် ။


ကျွန်တော်တို့ မိသားစု ပြင်ဦးလွင် သို့ ပြောင်းသွားသော အခါတွင်မူ မြန်မာသံစဉ်လိုင်းဘက် သို့ ကူးလာသော သူ့ သီချင်းများကို အလွမ်းပြေ နားထောင်ကြရ၏ ။ သို့သော် ...


“ ကားအက်ဆီးဒင့်ဖြစ်ပြီး လွမ်းမိုးဆုံးပြီ ” ဟူသော သတင်းကိုကြားရသော အခါတွင်ကား ကျွန်တော်တို့မိသားစု အံ့ဩခြင်းကြီးစွာဖြင့် ကြေကွဲကြရသည် ။ သင်္ခါရတွင် ဂီယာ ( Gear ) ပါဟန် မတူ ။ သေမင်းသည် စုံလုံးကန်းနေ၏ ။အသက်အရွယ်အရ တန်းစီပြနေကြသူများကိုပင် ရှေ့ နှင့် နောက် မှား၍ ရွေးချယ်တတ်  သေးသည် ။ လွှမ်းမိုး သေပြီး မင်းသစ် ကျန်ရစ်ခဲ့၏ ။


မကြာမီသော အချိန်တိုလေး တစ်ခုအတွင်းမှာပင် ကျွန်တော့်ထက်ငယ်ရွယ်သူများ ဆုံးပါးကုန်ကြသည် ။ ၀သုန် ၊ သုမောင် ၊ မောင်ဝဏ္ဏ ၊ မောင်မောင်သိုက် နှင့် ကိုသန်းအုန်း ( မိုးဝေ ) ၊ ကျန်ရစ်ခဲ့သော ကျွန်တော့် မှာ သူတို့ကို အားနာ၍ မဆုံး ။


အခုတော့ သံသရာခရီး ဆက်သွားသော လွှမ်းမိုး နှင့် ဆူး တို့ကိုလည်းသူတို့၏ သီချင်းနှင့်သာ ကျွန်တော်လွမ်းနေရတော့သည် ။


“ ကြုံရင်ပြောလိုက်ပါ့ ... ငှက်ငယ်တွေရယ် ငါ့ဘ၀ရဲ့ညတွေ ... အရုဏ်ကျင်းလင်းစေ သံသာလေကမ်းက  ...  မိုးစက်တင်လေ  ...


  ◾  မင်းသစ်


  📖   လွမ်းရတဲ့ သူတွေ


koaungnaingoo.blogspot.com


.