Tuesday, December 29, 2020

ချစ်ရသည်က အသက်ထက်ဆုံး


 စန္ဒရား တင်ကိုကို ( Pianist Tin Ko Ko ) တီးခတ်ထားတဲ့

ချစ်ရသည်ကအသက်ထက်ဆုံး သီချင်း မှာ ဖြည့်စွက် သီဆိုထားတာပါ ။

     နောက်တက်လာတဲ့ စန္ဒရားဆရာထဲမှာ လက်သံ လက်ကွက် ကောင်းပါတယ် ။ နှလံုးသားနဲ့ တီးခတ်သူရယ်လို့ ထင်မှတ်ပါတယ် ။


°°°°°°°  °°°°°°  °°°°°°  °°°


  ❝ ချစ်ရသည်က အသက်ထက်ဆုံး ❞


တေးရေး     ကိုသန်းလှိုင်


     ကြင်နာရသည် က ဘ၀ တစ်လျှောက်လုံး ချစ်ရသည်က အသက်ထက်ဆုံး ချမ်းမြမြ စမ်းလနှယ်တစ်နှုန်း ချစ်သူမျက်နှာ ရွှင်ကြည် တစ်ပြုံးပြုံး မြင်ပါရ အေးမြမြ ဘဝင်မှာ သာကြည်ရွှင်မဆုံး ဒါလီကြော့ဆုံး သည်းအူနှလုံး ခွဲယူခြွေသုံး ပြုံးမော့မော့ သာသာထွေးထွေး ဖေးဖေးမမ ယုယဘယ်မဆုံး မဟာကပ်ကမ္ဘာ စကြာဝဠာ တစ်ခုလုံး ချစ်ရသည်က အသက်ထက်ဆုံး


     ပျူပျူငှာငှာ မေတ္တာရည်ညွှန်း အသင်္ချာချစ်ခွန်း ညွန်းကာဆိုရသေးသက်ညှာ ငယ်ချစ်ထွေး ပျံ့ပျူးဆာယာ အေးရိပ်သာ မကွာမှီအုံး ရာသက်လုံး ( ပန်းဦးနွယ်ညှာ မေတ္တာသီကုံး ကျမ်းစူးရွယ်ကာ သစ္စာချည်ထုံး ) ချမ်းပူအတူမခွဲ လက်တွဲယှဉ်ကာ ကြင်နာမိုးမဆုံး ကြင်နာမိုးမဆုံး မပြယ်လေသည့် သည်နှောင်ထုံး ဖုန်းမျက်ဖြေ လှနွယ် ဂမုန်း ချစ်ရသည်က အသက်ထက်ဆုံး


သူတို့အကြောင်းလည်း သိသင့်တာပဲ


 

❝ သူတို့အကြောင်းလည်း သိသင့်တာပဲ ❞

ယောက်ျားလေး‌ေတွအကြောင်းပြောရင် ချန်ထားလို့ မရတာကတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားတွေအကြောင်းပဲ ။မိန်းကလေးတွေဟာ မိန်းမစိတ်ပေါက်နေတဲ့ယောက်ျားလေးများနဲ့ အလွန်ရင်းနှီးလွယ်ကြတယ် ။ ခင်မင်လွယ်ကြတယ် ။ ခပ်နွဲ့နွဲ့ သွား ၊ ခပ်ချွဲချွဲ ပြောနေပေမယ့် သူတို့ဟာ ယောက်ျားတွေပဲဆိုတာ မေ့မထားသင့်ပါဘူး ။ သိနေပါလျက်နဲ့ မေ့ထားမယ်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်နိုင်ပါတယ် ။

မိန်းကလေးအတော်များများဟာ မိန်းမစိတ်ပေါက်နေတဲ့ ဂေးတွေကို ယောက်ျားလေးတွေကို “ ယောက်ျား ” ရယ်လို့ သဘောမထားတဲ့အတွက် သူတို့ဟာ မိန်းကလေးများနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်စားလို့ရနေကြတာပါ ။ အများဆုံးလုပ်တာကတော့ ဆံပင်မိတ်ကပ် အလှပြင်လုပ်ငန်းပါပဲ ။

လေးလေး သတိထားမိသလောက်ကတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားလေးများဟာ မကြားဝံ့ မနာသာ စကားပြောဖို့ ဝန်မလေးကြပါဘူး ။ ဒီတော့ သူတို့နဲ့ရင်းနှီးခင်မင်နေတဲ့မိန်းကလေးများဟာ အကြားအာရုံအရ စိတ်လှုပ်ရှားမှုနဲ့ မရိုးသားမှုတွေ ဖြစ်ကြတာ သေချာတယ် ။

ဒီတော့

စိတ်ရဲ့ကြည်လင်မှုနဲ့ ရိုးသားမှုဟာ ထိပါးတိုက်စားခြင်းခံထားရတဲ့ ကမ်းနားသစ်ပင်လို ဖြစ်ကြရတယ် ။ အချိန်မရွေးပြိုလဲနိုင်တယ် ။

သူတို့ဟာ သူတို့ကိုယ်သူတို့ တကယ့်မိန်းကလေးတစ်ယောက် နေရာကနေပြီး ပြောဆိုတတ်ကြတယ် ။

“ ဘယ်သွားတာလဲ ”

“ ကိုကိုက ခေါ်လို့လေ ၊ ကိုကို့ကို သွားတွေ့တာ ၊ ပါးတွေကြည့်ပါလား ၊ သနပ်ခါးပျက်လာတာ မမြင်ဘူးလား ”

ဆိုတဲ့ စကားမျိုးနဲ့ နိဒါန်းပျိုးပြီး ဖိုမကိစ္စတွေကို ပြောလေ့ရှိကြတယ် ။ ဒါကြောင့် လေးလေးက မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျားလေးတွေနဲ့ ရောရောနှောနှောနေရင် စိတ်ရဲ့ကြည်လင်မှုနဲ့ရိုးသားမှုဟာ ထိပါးတိုက်စားခြင်းခံထားရတဲ့ ကမ်းနားသစ်ပင်လို ဖြစ်တတ်တယ်လို့ပြောတာ ။

မိန်းမစိတ်ပေါက်နေတဲ့ယောက်ျားများဟာ ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်အပြောအဆို လေကတော့ တစ်လေတည်းပါပဲ ။

တစ်ချို့ကျတော့ မိန်းကလေးတွေက သူတို့ကိုတကယ့်မိန်းမလို ဆက်ဆံ ၊ သူစိမ်း ယောက်ျားတစ်ယောက်ဆိုတာကိုပါမေ့နေကြတဲ့အတွက် ပြဿနာပေါ်ရတာတွေလည်း ရှိတယ် ။ ဒီတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားများနဲ့ ပတ်သက်လို့သူတို့ဟာ ဘယ်လိုပဲ ဝတ်ဝတ် ၊ ဘယ်လိုပဲ ပြောပြော ၊ ဘယ်လိုပဲနေနေ ယောက်ျားဟာ ယောက်ျားပဲဆိုတဲ့ သတိနဲ့ ဆက်ဆံဖို့ သတိပေးချင်တယ် ။

◾ ကံချွန်

     အပျိုစင်တို့ သိဖို့ ယောက်ျားတို့အကြောင်း ( ၁ )
     

Thursday, December 24, 2020

နေညိုလျှင် မေပျိုနွမ်းတယ်


 

  ❝ နေညိုလျှင် မေပျိုနွမ်းတယ်  ❞

မင်းသမီးကြီး ခင်သန်းနုနှင့် ရုပ်ရှင်ဇာတ်ကား လေးငါးကားမျှသာ တွဲဖက် ရိုက်ကူးဖူးသော်လည်း ကျွန်တော်နှင့် မောင်နှမလို ခင်မင်ခဲ့ကြပါသည် ။ ကျွန်တော်ကား ပေါ့ပေါ့ ပါးပါး ပေါပေါလောလော ဆက်ဆံတတ်သောကြောင့် လားတော့မသိ ။ ကျွန်တော်နှင့် တွဲဖက်ဖူးသူ သရုပ်ဆောင်များ ကျွန်တော့်ကို ခင်မင်သွားတတ်သည်ချည်းသာ ။

စတွေ့စ ဇာတ်ကားများမှာတော့ကျွန်တော်၏ ပွင့်လင်းသော ၀သီကြောင့် ကျွန်တော့်ကို ခပ်ချဉ်ချဉ် ဖြစ်တတ်ကြပါသည် ။ နောက်တော့လည်း ထို “ ချဉ်ဖတ် ” သည်ပင် ငါးပိရည်ကောင်းကောင်းနှင့် တွေ့သွားသလို ကျွန်တော့်ကို အချစ်ပိုသွားတတ်ကြပါသည် ။ ( ရိုးရိုးပြောတာပါ )

အစ်မကြီး ခင်သန်းနုလည်း ၎င်းအတိုင်းပါပဲ ။ ပထမဆုံး သူနှင့်တွဲဖက်ရသည့်ဇာတ်ကား ' မမ ' ( ငြိမ်းကျော်၏ ဝတ္ထု ) ရိုက်ကူးကြတော့ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့ရှိ တောင်ကတုံးလေးတစ်ခုပေါ်က ထုံးဖြူဖြူ စေတီလေးအနီးမှာ ။ နေကလည်း ပူပါဘိသနဲ့ ။ ဇာတ်ဝင်ခန်းက ချစ်သူနှစ်ဦး ဘုရားဖူးရင်း ရှေ့ရေးတွေ တိုင်ပင်ကြခန်း ။ ဤတွင် ကျွန်တော်က သူ့ကို “ မမ ” ၊ “ မမ ” ၊ “ မမ ”  ဟုတမင်တကာ တွတ်ထိုးရသည့် ဒိုင်ယာလော့ ( ခ် ) ပါဝင်သည် ။ ( ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ဟူသော ကြာသပတေးနံ စကားလုံးများသည် ပါးစပ်ပိတ်ပြီးမှ လေလုံးကို ထုတ်ရသောကြောင့် အရှိန်ပြင်းပါသည် ) ထိုအခါ ကျွန်တော် သောက်ထားသော အရက်နံ့သည် မင်းသမီးထံသို့ အလုံးလိုက် အလုံးလိုက် ထိမှန်သွားပုံရပါ၏ ။

ထိုအခါ သူက ...

“ ဟိုး.. ဟိုး ပြန်ရိုက် မယ် ”

“ ဘာပြုလို့တုန်း "

“ မင်းသား ပါးစပ်က အရက်နံ့ရလို့ ဖီလင်မလာဘူး "

ထိုစဉ်က ကျွန်တော်သည် တက်သစ်စ မင်းသား ဖြစ်ပါသည် ။ အသက်ကလည်း ( ၂၀ ) ကျော်မျှသာ ရှိသေးသည် ။ ဟိုးတစ်ပတ် ( မေဂျာနယ် ) မှာ ရေးခဲ့ဖူးသလို အနံ့အသက်ကိုလည်း အလွန်ဂရုထားချိန်ပါ ။ ထို့ကြောင့် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါသွားမိ၏ ။ သူက ထိုစဉ် ခုနှယ်ခါ မေသန်းနုတို့ အနေလောက် ။ ပြီးတော့သူက အိမ်ထောင်သည် ။ အရွယ်ရင့် ။

ကျွန်တော်လည်း အရှိုက်ကိုထိုးသည့် စကားလုံးကို ပြန်၍ လွှတ်ပြောလိုက်ရာ “ မရိုက်တော့ဘူး ” ဟု စိတ်ဆိုးပြီးတောင်ခါးပန်း ဇရပ်ကလေးဆီ ဆင်းသွားပါတော့၏ ။ နေကလည်းပူ အရိပ်ကလည်းမရှိ ၊ စက်သမားလေးများလည်း ထမင်းဆာလှပြီ ။ ဒါရိုက်တာကလည်း စိတ်လျော့ခိုင်းသည် ။မင်းသားကြီး မြင့်နိုင် ( သူက မမနှင့် အိမ်ကသဘောတူသူ သူဌေးသား ) ခမျာမှာလည်းအနောက်တိုင်းဝတ်စုံကြီးဖြင့် ချွေးတဒီးဒီးကျနေရှာပြီ ။

နောက်ဆုံး သူ ( ခင်သန်းနု ) ၏ မိတ်ကပ်သေတ္တာထဲမှ အကောင်းဆုံး ၊ အကောင်းစား ရေမွှေးပုလင်းလေးထုတ် ၊ ပါးစပ်နှင့် မျက်နှာကိုဆွတ်ဖျန်း ၊ ( မရိုသေ့စကား တစ်ကိုယ်လုံး ခြေထောက်ပါမကျန် ရေမွှေးဆွတ် ) ပြီး တောင်ခါးပန်းဆီ ဆင်းလာခဲ့တော့၏ ။

ဟိုဘက် လှည့်ထိုင်နေသော မမနုအား ကျွန်တော်က နောက်နားကပ်ပြီး “ မမ ” “ မမ ” “ မမ ” ဟု ကျီစယ်သံပြုသောအခါ ...
“ ခွေးလေး ခုမှ ” ဟု ဆိုလျက် သူနှင့် ကျွန်တော် လက်တွဲပြီး ရိုက်ကွင်းဆီ ပြန်လာခဲ့ကြပါတော့သည် ။ ( အစ်မကြီးရေ ရေမွှေးကိစ္စ ခုမှဖွင့်ပြောတာ ခွင့်လွှတ်ပါ )

ထိုမှ နောက်ပိုင်း ဒေါ်ခင်သန်းနုသည် ကျွန်တော့်အပေါ် မောင်နှမလို ခင်မင်သွားပါတော့၏ ။ နောင်သော် “ မောင်လေး ” “ ကောင်လေး ” ဟုပင် မခေါ်တော့ဘဲ “ ကိုဗလကြီး ” ဟုပင် တရင်းတနှီး သုံးနှုန်းလာပါတော့သည် ။

°°°°°°°  °°°°°°°  °°°°°°  °°°°°°

“ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ” ဆိုရမလားမသိ ။ သူနှင့် ကျွန်တော် နောက်ဆုံး တွဲဖက်သရုပ်ဆောင်ခြင်းအဖြစ် ( ၁၉၈၉ ) တွင် “ ခုနစ်စဉ်အလွမ်း ” ဇာတ်ကားရိုက်ကူးဖြစ်၏ ။ ၀တ္ထုမင်းလူ ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ၊   မင်းသားသုမောင် ၊ ဇာတ်ပို့ မောင်ရူပ ၊ ဇာတ်လမ်းမှတ်တမ်း အာယု ( မောင် ) ကိုလည်း ရှားပါးစွာ ထိုတစ်ကားတည်းမှာပဲ ညီအစ်ကိုငါးယောက် ဆုံဖြစ်ဖူးသလို ၊ မောင်ဝဏ္ဏ ၊ ကျွန်တော် နှင့် ခင်သန်းနု တို့ အကယ်ဒမီ ရကြသည် ။ ( ၁၉၉၁ )

ဤတွင်လည်း ကျွန်တော်နှင့် ဒေါ်ခင်သန်းနုတို့ ပြဿနာတစ်ခု တက်ရပြန်ပါသည် ။ သူသည် ရိုက်ကွင်းပေါ်သို့ နောက်ကျမှ ရောက်လာပြီး စောစောစီးစီး ရိုက်ကွင်းမှ ပြန်ရန် ဟန်ပြင်တတ်ခြင်း ဖြစ်သည် ။ သူနှင့် ကျွန်တော်က ရင်းနှီးပြီးသားမို့ မ ‌ေထာင်းသာလှသော်လည်း မောင်ဝဏ္ဏ ခမျာမှာ ခင်သန်းနု နှင့် ပထမဆုံးအကြိမ်နဖူးတွေ့ဒူးတွေ့ တွေ့ရခြင်းဖြစ်သည် ။ မင်းသမီးများ၏ အထောကို မောင်ဝဏ္ဏသိသော်လည်း ခင်သန်းနု အထာကို‌ေတာ့ကျွန်တော်လောက် သိမည်မဟုက်ပါ ။ ပြီးတော့ ရိုးရိုးပြောကြကြေး ။ ထိုကာလတွင် ကျွန်တော်သည် ဟိုယခင် ' မမ ' ရိုက်ကူးစဉ်က သူ့အရွယ် သူ့အနေအထားမှာ ရောက်နေပြီး သူက အရွယ်လွန်စပြုနေပါပြီ ။ ထို့ကြောင့် ရိုက်ကွင်းမှာ သူ့ကို စောင့်ရသည့် အလုပ် ၊ သူ စောစောပြန်သွားမည့် အဖြစ်တို့ကို ကျွန်တော် မခံမရပ်နိုင်ပါ ။
ကျွန်တော်ကလည်း ကလေးဆန်စွာ မာနတက်နေကြောင်း ဝန်ခံပါ၏ ။ ထို့ကြောင့် ရိုက်ကွင်းပေါ်မှ ညနေလေးနာရီလောက် ( ရိုက်ကူးကောင်းနေစဉ် ) သူ ပြန်သွား
လေတိုင်း “ ဒီမိန်းမ သိပ်အလိုမလိုက်နဲ့ဗျာ ” ဟု ကျွန်တော်က မောင်ဝဏ္ဏကို ရင့်ရင့်သီးသီးပင် ပြောမိပါသည် ။ မောင်ဝဏ္ဏကတော့ ထုံးစံအတိုင်း သွားကလေး ဖြီးပြီး “ နေပါစေကွာ ” ဟု သာဆိုပါ၏ ။ ထိုအကျိတ်အခဲသည် ကျွန်တော့်ရင်ထဲ တနံု့နံု့ဖြစ်နေပါသည် ။ ပြီးတော့ ထိုဇာတ်ကား ရိုက်ကူးစဉ်က ကျွန်တော်က အရက် မသောက်သဖြင့် နှုတ်ဆွံ့နေတာလည်း ဖြစ်နိုင်ပါသည် ။

တစ်နေ့သော် တွဲဖက် မင်းသားကြီး ဇော်လင်းနှင့် ထိုးကြိတ် ၊ကျွန်တော် ထွက်ပြေး ၊ ဇော်လင်းက သေနတ်နှင့်ပစ် ၊ ပေသုံးဆယ်လောက် မြင့်သော တောင်ကမူလေးပေါ်မှ သေနတ်မှန် ပြုတ်ကျ ။ ထိုအခန်းရိုက်ကူးတော့ မောင်ဝဏ္ဏ ခွင့်ပြုချက်ယူပြီး ကျွန်တော် အရက်နည်းနည်း ရဲဆေးတင်သောက်ရပါသည် ။ ( အရက်
မသောက်သော ဦးဇော်လင်းကိုယ်တိုင် ဝယ်တိုက်ခဲ့တာ မှတ်မိနေ၏ ။ )

သည်လိုနှင့် ညပိုင်း ကျွန်တော်နှင့် ခင်သန်းနတို့ ဇာတ်ဝင်ခန်းဆက်သော် ကျွန်တော် အရှိန်မသေသေးပါ ။ သူက ညခန်းများကျတော့လည်းညဉ့်နက်သန်းခေါင်တိုင် စိတ်ရှည်လက်ရှည် ရိုက်ပေးပြန်ပါသည် ။ ကျွန်တော်လည်း ညနေက အရှိန်လေးနှင့် နှုတ်ရဲလျှာရဲ ဖြစ်နေလေရာ ... သူ ရိုက်ကွင်းမှ စောစော ပြန်သွားတတ်သည့် ကိစ္စကို ပွင့်လင်းစွာပင် ပြောဆိုမိပါတော့သည် ။ အားမနာပါ ။

ထိုအခါကျမှ ဒေါ်ခင်သန်းနုက ကိုသုမောင် ခေါင်းကို အသာအယာ ပုတ်လျက် စကားဆိုပါသည် ။

“ ဪ .. ကိုဗလကြီးက ယောက်ျားသားဆိုတော့ မိန်းမသူတွေရဲ့ သဘာဝကို ဘယ်နားလည်ပါ့မလဲ ။ ကိုယ့်မောင်နှမ လုပ်ဖော်ကိုင်ဖက်ချင်း ပြောပြထားမယ်မှတ်ထားကွယ့် ။ မိန်းမဆိုတာ အသက်လေးဆယ်ကျော်ရင် ညနေပိုင်းနေစောင်းတာနဲ့ကိုယ်ရောစိတ်ပါ ကျဆင်းတတ်တယ် ။ တစ်ကိုယ်လုံး အကြောအခြင်တွေ လျော့ပါးကုန်ကြတယ် ။ အဲဒီအချိန်မှာ ရုပ်ရှင်ရိုက်ရင် ကြည့်မကောင်းဘူး ။တင်းတင်းရင်းရင်း မရှိဘူး ။ အိုက်တင်လည်း ကျတယ် ။ ဒါကြောင့် မနု စောစောပြန်တာပါ ။ အဲ .. ခုလို ညပိုင်းမျိုးကျတော့ ပြန်ပြီးလန်းဆန်းလာပြန်ရော ။ ကိုဗလကြီးတို့ ဘယ်လောက်ရိုက် မလဲ ။ မိုးအလင်းရိုက် မနု ရိုက်ပေးပါ့မယ် "

သူ့စကားဆုံးသောအခါ ကျွန်တော် စိတ်မကောင်းဖြစ်သွားရပေါ့ ။ သူ့ကွယ်ရာမှာ အပြစ်ဆိုမိသည်များကိုလည်း နောင်တရသွား၏ ။ အားနာသွား၏ ။ အမျိုးသမီး သရုပ်ဆောင်တို့၏ ဘဝကိုလည်း နားလည်သွား၏ ။

ခုနှယ်ခါ ဤစာစုကို ရေးနေချိန်တွင်မူကား လေးဆယ်ကျော်အရွယ်လွန် အမျိုးသမီးများ အားလုံးကို စာနာမိနေလေသည် ။ အထူးသဖြင့် ရုပ်ရည်အလှအပကိုယ်ကာယဖြင့် လုပ်ကိုင် စားသောက်ရသော အနုပညာရှင်များသည် မိမိ၏ အလုပ်ကို မိမိ သတိကြီးစွာထား၍ လေးစားကြရမည်ဟု အလေးအနက် ထားမိပါသည် ။

   ◾ သုမောင်

[ သတင်းဂျာနယ် ၊ အတွဲ ၂ ၊ အမှတ် ၁၀ ။
နိုဝင်ဘာ ၃ ရက် ၊ ၁၉၉၉ ခုနှစ် ]
       

Wednesday, December 16, 2020

ဝါသနာကိုမတားနဲ့ ရှင်မရာ


 

❝ ဝါသနာကိုမတားနဲ့ ရှင်မရာ ❞

ယောက်ျားများဟာ မိန်းမကို အချစ်ဆုံးပဲ ၊ စိတ်အဝင်စားဆုံးပဲလို့တော့ တရားသေတွက် မထားလေနဲ့ ၊ မှတ်ထင်မထားလေနဲ့ ။ တချို့ယောက်ျားလေးများဟာ မိန်းမထက် သူတို့ ဝါသနာကို စိတ်ဝင်စားတတ်တာ ရှိသေးတယ် ။

သမီးရည်းစား ချိန်းထားပြီးမှ ဘောပွဲရှိလို့ မလာဖြစ်တာတို့ ၊ စတိတ်ရှိုး သွားနေလို့ မလာဖြစ်တာတို့ ဆိုတာ ချစ်သူထက် ဝါသနာကို ဦးစားပေးတဲ့ သဘောပေါ့ ။ ဝါသနာတွေက အမျိုးမျိုးပဲ ။

အားကစား ဝါသနာပါသူ
ဂီတ ဝါသနာပါသူ
စာပေ ဝါသနာပါသူ

အဲသလို ဝါသနာတစ်ခုခု ရှိနေသူကို ရည်းစားထားမိပြီဆိုတာနဲ့ စဉ်းစား ။ သူ့ဝါသနာကို ကိုယ်ကရော စိတ်ဝင်စားသလား ။ ဝါသနာ ပါနိုင်မလား ဆိုတာ ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ကို ချစ်ရေးဆိုလာကတည်း က ၊ ကိုယ်က ချစ်ရေးမပြန်ခင်ကတည်းက သူ့ဝါသနာကို သိထားနိုင်ရင်တော့ ကောင်းတာပေါ့ ။ ဝါသနာ မတူရင်ချစ်ရေးဆိုကတည်းက ၊ ကိုယ်က ချစ်ရေးမပြန်ခင်ကတည်းက လက် မခံလေနဲ့ ။ ရည်းစားဖြစ်ပြီးမှ ဝါသနာချင်းမတူရင်လည်း လက်ထပ်ဖို့ စဉ်းစားပေတော့ ။

သူ့ဝါသနာကို မသိဘဲလက်ထပ်ပြီးခါမှ သူက ကိုယ့်ကို ဂရုမစိုက်ရင်တစ်သက်လုံး စိတ်ဆင်းရဲရမယ်လေ ။ ယောက်ျားတွေမှာ
ဝါသနာ တစ်ခုခုရှိထားပြီဆိုရင် ချစ်သူဘဝမှာသာမိန်းကလေးကို ဦးစားပေးချင်ပေးမယ် ။ အဲ ရပြီးပြီဆိုလို့ကတော့ မိန်းမကို အိမ်မှာခေါက်ထားပြီး သူတို့ဝါသနာကို ရှေ့တန်းတင်တော့တာပဲ ။ အိမ်မှာ စားစရာမရှိရင်နေ ဝါသနာပါတာကို မလုပ်ရရင် မနေနိုင်ဘူးဆိုတဲ့ ယောက်ျားမျိုးတွေ ထိရှိတယ် ။

ယောက်ျားတစ်ယောက်ရဲ့ ဝါသနာဟာ

လောင်းကစားလို
အရက်လို
အပျော်အပါးလို

ဆိုးကျိုးကို ဦးတည်တဲ့ဝါသနာမျိုးဆိုလို့ ကတော့ အဲဒီ အိမ်ထောင်ဟာ သာယာစိုပြည်တဲ့ အိမ်ထောင်လုံးဝမဖြစ်နိုင်တော့ပါဘူး ။ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါမှာ ကိုယ်လိုချင်တဲ့ မိန်းမကို ရပြီးတဲ့အတွက် ဝါသနာပါတာကို ပိုပြီးဦးစားပေးသွားတတ်ကြတယ် ။ တချို့အသောက်အစား ဝါသနာပါတဲ့သူများ " ရှင် မိန်းမနဲ့အရက် ဘယ်သူ့ချစ်သလဲ ၊ အရက်ဖြတ်မလား ၊ မိန်းမဖြတ်မလား  " ဆို မေးလာရင် အရက် ချစ်တယ် ၊ မိန်းမ ဖြတ်မယ် ဆိုတဲ့ လူစားမျိုးတောင် ရှိပါသေးတယ် ။

လောင်းကစား ဝါသနာပါလို့ မိန်းမကို ပေါင်ပြီး ဖဲရိုက်တဲ့ ယောက်ျားမျိုးတောင် လေးလေးတို့ တွေ့ဖူးတယ် ။ယုံတမ်းစကား မဟုတ်ဘူး ၊ တကယ်ပြောတာ ။ အပေါင်ခံထားတဲ့သူက ဖဲဝိုင်းထဲမှာသာ သွေးဆူနေကြတုန်းမို့ အပေါင်ခံထားလိုက်ပြီး နောက်ရက် မှာယောက်ျားက လာမရွေးတော့ တစ်ရက်က နှစ်ရက် ၊ နှစ်ရက်က သုံးရက် ထမင်းကျွေးထားရတာ မတတ်နိုင်လို့ ပြန်ခေါ်ပေးလိုက်ရတာတွေ ကြားဖူးတယ် ။ တကယ် ။

အဲ အဆိုးဆုံးကတော့ မိန်းမရှုပ်တာ ပွေတာ ဝါသနာပါတဲ့ ယောက်ျားကို ယူမိတဲ့ မိန်းမပဲ ။

မိန်းမတွေမှာကလည်း

မုန့်ကိုသာ ဝေစားနိုင်မယ်
အချစ်ကိုတော့ ဝေမစားနိုင်ဘူး

ဆိုတဲ့စိတ်မျိုး ရှိကြတာဆိုတော့ ယောက်ျားက မိန်းမရှုပ်ပြီ ဆိုတာနဲ့ ငိုမယ့်သာ ပြင်ပေတော့ပဲ ။

ယောက်ျားတွေရဲ့ဝါသနာဟာကိုယ် ခွင့်လွှတ်နိုင်တဲ့ ဝါသနာလား ။ အားကစားလို ၊အနုပညာလို ၊ ကိုယ်နဲ့ စိတ်တူကိုယ်တူ ဝါသနာတူဖြစ်နိုင်မယ့်ဟာလား ကွဲကွဲပြားပြား ကြိုသိထားရရင် ရေရှည်အတွက် စိတ်အေးရမယ်လေ ။

ဝါသနာဆိုတာကဖျောက်ဖျက်လို့ ရသား ။

ဘာဝါသနာမျှ မပါပါဘူးဆိုတဲ့ ယောက်ျားဟာ မရှိသလောက်ပါပဲ ။ တချို့က ကိုယ်ဝါသနာပါနေတာကို ဝါသနာပါမှန်း မသိဘူး ။ ဆိုကြပါစို့ ။ စီးပွားရေးဝါသနာပါတဲ့လူ ။ အဲဒီ ဝါသနာမျိုးကိုတော့ရုတ်တရက်ဆို မသိကြဘူး ။ အချိန်ကြာမှ သိရတာ ။ ကိုယ်နဲ့ရပြီးတဲ့အခါ ကိုယ့်ဂရုစိုက်ဖို့ထက် “ ငွေ ” ရဖို့သာ ဂရုစိုက်နေ ၊ ငွေနောက်သာလိုက်နေ ၊ ငွေတွေပဲ ချမ်းသာသည်ထက် ချမ်းသာ ၊ အဲသလို စီးပွားရေး  ဝါသနာပါသူများကို ရမိရင်လည်းအထိုက်အလျောက်တော့ ကသိကအောင့် ဖြစ်ရတာပဲ ။ အိမ်ထောင်ရေး သာယာမှုမှာ လစ်ဟင်းတာပါပဲ ။

ဒါကြောင့် ကိုယ်ရွေးချယ်မယ့် ယောက်ျားလေးရဲ့ ဝါသနာကိုလည်း ကြိုတင်သိထားသင့်တယ်လို့ လေးလေးက ပြောတာပါ ။
ယောက်ျားလေးများဟာ အိမ်ထောင်ကျပြီးရင် မိန်းမထက်ဝါသနာကို ဦးစားပေးတတ်ကြတယ်ကွဲ့ ။

◾ ကံချွန်

     အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၁ )


Thursday, December 10, 2020

မြိန်ရာဟင်းကောင်း


 ❝  မြိန်ရာဟင်းကောင်း  ❞

    

လောကဘံု၌ ဖြစ်လာကြသော လူအပေါင်းတို့သည် နေ့စဉ်ရက်ဆက် မနေမနား သွားလာ လုပ်ကိုင်လျက် ကြီးလေးလှစွာသော လူ့ကိစ္စကြီးကို ပင်ပန်း ကြီးစွာဖြင့်ဆောင်ရွက် နေကြရသည်မှာ စင်စစ်အားဖြင့် ဆိုသော် စိတ်နှလုံး သာယာရွှင်လန်းခြင်းကို ရရှိရန် မျှော်လင့်ကြခြင်းကြောင့်ဖြစ်လေသည် ။ 


မည်သူမဆို ရေထဲ၌ ကျွဲနွားနှင့်အတူဖက်၍ လယ် ထွန်ယက် စိုက်ပျိုးမှုကို ပြုရခြင်း ၊ ငွေရင်း ကြေးရင်း ကြီးစွာ ထုတ်လျက် ကုန်သွယ်ခြင်း အတတ်ပညာကိုရင်းနှီးစိုက်ထုတ်လျက် လုပ်ကိုင်ရခြင်းတို့မှာ အရိပ်လိုလျှင် နေပူမှ ေစာင့်ရသည် ဆိုဘိသကဲ့သို့ ရှေ့အဘို့ရာ စိတ်ပူပန်ရခြင်းမှ လွတ်ကင်းကြရအောင် ကြိုတင်ပြင် ဆင်နေကြခြင်းဖြစ်ပေသည် ။


 ဤသို့ဖြစ်သဖြင့် မျက် မြင်အားဖြင့် လူတို့သည်စိတ်နှလုံးသာယာရွှင်လန်းခြင်း အဖြစ်သို့ရောက်၍ ရပ်တန့်ရသည် မရှိ ။ လူ့ဘဝ၌ မိမိနေရသော အချိန်ကာလကုန်၍ သေမင်းလက်သို့ ပါရသည့်တိုင်အောင် ကိုယ်မအား လက် မအား ဆောင်ရွက်သွားကြရသည်မှာ လူတို့၏ အလိုဆန္ဒသည် အဆုံးသတ်တတ်သော အရာမဟုတ် ။ ဆန္ဒက အဆုံးမသတ်သမျှ ကာလပတ်လုံး စိတ်နှလုံး ငြိမ်းချမ်း သာယာခြင်းကို မရနိုင်ကြသောကြောင့် ဖြစ်လေသည် ။ ထိုကြောင့် အချုပ်မှာအလိုဆန္ဒသာလျှင်ဖြစ်သည်ဟုဆိုထိုက်ပေသည် ။


လက်ထဲတွင် ငွေတသိန်းမျှလောက် ရှိပြီးဖြစ်သော်လည်း အလိုဆန္ဒက တကုဋေလောက်သို့ရောက်၍နေသောသူမှာ လယ်တကွက် နွားတရှဉ်းမျှ ရှိသော်လည်း ၊ လယ်နှစ်ကွက်နွားနှစ်ရှဉ်းသို့ မရောက်သော လယ်သမားလောက် စိတ်၏ ချမ်းသာခြင်းကိုမရနိုင် ။ ထိုငွေတသိန်း၏ပိုင်ရှင်သည် ထိုလယ်သမားလောက် စိတ်၏ ချမ်းသာခြင်းနှင့် မပြည့်စုံ ဖြစ်ရလေသည် ။ ဖြစ် ရ ‌ေသာ ဘဝ၏ အကျိုးကျေးဇူးသည် စိတ်၏ချမ်းသာခြင်းကိုသာ အမှီပြုသည်ဖြစ်သောကြောင့် ထိုသူ၏ ဘ၀သည် လယ်သမားလောက် မကောင်းဟု ဆိုရချေမည် ။ လောကကြီး၌ ခဲဘွယ် ဘောဇဉ် ချို ၊ ချဉ်ရသာ နတ်သုဒ္ဓါ ပင်ဖြစ်လင့်ကစား သုံးဆောင်သောသူကိုသာ အမှီပြု၍ဖြစ်သောကြောင့် တခါတရံချဉ်ပေါင်ရေကြိုမျှလောက် အရသာမရှိ ဖြစ်တတ်လေသည် ။ ထို့ကြောင့် မြိန်ရာသာလျှင် ဟင်းကောင်း သည်ဖြစ်ကြောင်းကို သတိမူသင့်သည် ။


၃၁ - ၇ - ၁၉၃၂


ဇေယျ

တောင်းစားတာတောင် ငတ်ဦးမယ်


 

  ❝  တောင်းစားတာတောင် ငတ်ဦးမယ်  ❞

ကံကလည်း မွဲ ၊ ဉာဏ်ကလည်း မပါ ၊ ဝီရိယကလည်း မရှိဆိုလျှင် တောင်းစားတာတောင် ငတ်ဦးမယ် ။ ကံရဲ့ နောက်ထောက်ကျောခံကလည်း ကောင်းမှ ၊ အားလည်း ရှိမှ အကျိုးပေးအောင်လည်း လုပ်တတ်မှ အကျိုးဆိုတာ ပေးလာနိုင်တာပဲ ။

အကြောင်းတွေစုံအောင် လုပ်ထားမှ အကျိုးဆိုတာပေါ်လာနိုင်တာပဲ ။ အကျိုးဆိုတာ ပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘူး ။

   ◾ အရှင်ဇနကာဘိဝံသ

.

Tuesday, December 8, 2020

မောင်စိန်၀င်း ( ပုတီးကုန်း )


 ❝   မောင်စိန်ဝင်း ( ပုတီးကုန်း )  ❞ 


ပုတီးကုန်းမှ မောင်စိန်ဝင်းဆိုသော ကောင်လေးသည် ပုတီးကုန်းတွင် ကျောင်းနေရာမှ ကြို့ပင်ကောက်ကျောင်းသို့ ရောက်လာသည် ။ ပုတီးကုန်းမှ ကြို့ပင်ကောက်သို့ ယာယီ ရွေ့လာသော မောင်စိန်ဝင်းသည် ကြို့ပင်ကောက်တွင် ရှိနှင့်နေသော ကိုတင်ဦး ( ကဗျာဆရာ မောင်လွမ်းဝေ ) နှင့် မိတ်ဆွေဖြစ်ကြသည် ။


“ ကိုတင်ဦး ... ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေ ဖတ်ကြည့်စမ်းပါ "


မောင်စိန်ဝင်းက ကဗျာရေး ဝါသနာပါသည် ။ တစ်ချိန်တစ်ခါတွင် ကဗျာဆရာ ဖြစ်ရန် ကြိုးစားအားသစ် နေသူဖြစ်သည် ။ သူရေးထားသော ကဗျာများကို ကဗျာဆရာ ဖြစ်နှင့်ပြီးသော မောင်လွမ်းဝေကို ပြသည် ။ ထိုစဉ်က မောင်လွမ်းဝေက ဂုရုကွေးတို့နှင့် ခေတ်ပြိုင်ကဗျာဆရာ ရှုမဝ သွေးသောက် မဂ္ဂဇင်း များတွင် ကဗျာရေးနေပြီ ။


“ မဆိုးဘူး မောင်စိန်ဝင်းဆက်ရေးကွာ မင်းမှာ လက်စလက်န့်ရှိတယ် ၊ ဖြစ်ကို ဖြစ်ရမယ် "


ကိုတင်ဦး ( မောင်လွမ်းဝေ ) က အားပေးတော့ မောင်စိန်ဝင်းလေးပျော်သွားသည် ။ ကြို့ပင်ကောက်မှာက သက်နိုင် ( ကြို့ပင်ကောက် ) ဆိုသော ကဗျာဆရာလည်း ရှိနှင့်နေပြီ ။ မောင်စိန်ဝင်းလေးအတွက် ပို၍ ကံကောင်းထောက် မသည်ကား ကြို့ပင်ကောက် အ.ထ. က မှ အထက်တန်းပြဆရာ ဦးရွှေမှိုင်း ကိုယ်တိုင်က ( ရွှေငယ်မှိုင်း ) အမည်ဖြင့် ကဗျာဆရာ ဖြစ်နှင့်နေခြင်းပင်တည်း ။ ရွှေငယ်မှိုင်းမှသည် မောင်လွမ်းဝေတို့ ၊ သက်နိုင်တို့ ဆင့်ပွားဖြစ်ထွန်းလာရသလို မောင်လွမ်းဝေတို့ သက်နိုင်တို့မှ မောင်စိန်ဝင်း ဆင့်ပွားဖြစ်ထွန်းလာတော့မည် ။ ကဗျာဆရာ ဖြစ်ချင်သော မောင်စိန်ဝင်းတစ်ယောက် ကဗျာစာပေနှင့်ပတ်သက်၍ ရေခံမြေခံ ဘူမိနက်သန် မှန်လှသော ကြို့ပင်ကောက်တွင် ကျောင်းပြောင်းနေခဲ့မိခြင်းမှာ ကံကောင်းပေစွ ။


ပုတီးကုန်းတွင်သာ ဆက်နေခဲ့ပါကကဗျာဆရာ ဖြစ်ချင်မှဖြစ်မည် ။ ဖြစ်သည့်တိုင် ကာလတာရှည် ကြာလိမ့်ဦးမည် ။ ကြို့ပင်ကောက်ကဲ့သို့ အဆင်ပြေနိုင်ဖို့ မလွယ် ။ မောင်လွမ်းဝေ နှင့် ဂုရုကွေးက ခေတ်ပြိုင်ရေးဖော်များ ပီပီ အလွန်ခင်မင် ရင်းနှီးသည် ။ မည်မျှ ရင်းနှီးသနည်းဆိုသော် ကောင်းတိုင်ပင် ဆိုးတိုင်ပင်ဆိုးတူကောင်းဖက် ပွင့်ပွင့်လင်းလင်း ရင်းနှီးကြသည် ။


“ ဟေ့ လူကြီး ကိုယ့်ကောင်လေး တစ်ယောက် ကဗျာတွေ ရေးနေတယ် ။ ကဗျာလေးတွေ ကောင်းတယ် ။ ယူခဲ့ရမလား "


ထိုစဉ်က ဂုရုကွေးက မဂ္ဂဇင်းတစ်စောင်တွင် ကဗျာအယ်ဒီတာ ။ ကဗျာရေးနည်း ဆောင်းပါးတွေ ရေးနေသည် ။ ကဗျာပွဲခင်းသာကဏ္ဍပင် မဖွင့်ရသေး ။ ထိုမဂ္ဂဇင်း၏ ဦးရဲလွင်နှင့် တာဝန်ခံအယ်ဒီတာ ရွှေလင်းသက်ဝေတို့၏ အကြံပေးချက်အရ ကဗျာအယ်ဒီတာ ဝင်လုပ်စ ပူပူနွေးနွေးသာ ရှိသေးသည် ။


“ ယူခဲ့လေဗျာ ခင်ဗျားကောင်းတယ်ဆိုရင်ကျွန်တော်စိတ်ချတယ် ။ ယူသာယူခဲ့... ကျွန်တော်ကလည်း မဂ္ဂဇင်းအတွက် ကဗျာကောင်းလေးတွေမျှော်နေတာ အတော်ပဲ... "


မောင်စိန်ဝင်းသည် ရေးစကပင် ကဗျာလေးတွေ လှသည် ။ ကဗျာကို ပီပီပြင်ပြင်နှင့် ရင်ထဲရှိအောင် ‌ေရးနိုင်သည် ။ ဤသို့ဖြင့် မောင်စိန်ဝင်း ( ပုတီးကုန်း ) တစ်ယောက် ယင်းမဂ္ဂဇင်း၏ လက်ရွေးစင် ကဗျာဆရာ တစ်ယောက်ဖြစ်လာသည် ။


နဂိုသူများမှာ နကိုင်းထွက်လွယ်သည် ။ နဂိုရှိမှ နကိုင်းထွက်သည်ဟု ရှေးလူကြီးများ ဆိုရိုးပြုခဲ့သည် မဟုတ်ပါလော ။ ဤနည်းဖြင့် မောင်စိန်ဝင်းနှင့် ဂုရုကွေးတို့ ခင်မင်ရင်းနှီးခဲ့ကြသည် ။ ကဗျာရှင်နှင့် ကဗျာအယ်ဒီတာ ရင်းနှီးပုံမျိုးထက် ကဗျာဆရာချင်း ရင်းနှီးသလို အချိန်တိုတိုအတွင်း ခင်မင်ရင်းနှီးသွားကြသည် ။


မောင်စိန်ဝင်းလေးသည် တဖြည်းဖြည်းနှင့် မောင်စိန်ဝင်းလတ် ဖြစ်လာသည် ။လူပျိုပေါက်စမှ လူပျိုပီပီပြင်ပြင် ဖြစ်လာသည် ။ ကြို့ပင်ကောက်ကျောင်းမှ ဆယ်တန်းအောင်ပြီး စက် မှုတက္ကသိုလ်သို့ ရောက်လာသည် ။ စက် မှုတက္ကသိုလ်ကျောင်းသား ဘဝတွင် ကဗျာလုံးချင်းစာအုပ်ကလေးများ ထုတ်၍ ကဗျာဆရာ ဖြစ်နေပြီ ။ သောကခြေရာ ကဗျာများမှာ စက် မှုကျောင်းသားဘဝမှ မောင်စိန်ဝင်း ထုတ်ခဲ့သော ကဗျာစာအုပ် ဖြစ်သည် ။ ကိုယ့်ငွေနှင့်ကိုယ်စိုက်ထုတ်ပြီး ကျောင်းတွေမှာ ရောင်းကာ ရောင်းရငွေကို ပျော်ပျော်ပါးပါး လက်ဖက်ရည်သောက်ပစ်ကြသည် ။ ထိုစဉ်က စီးပွားရေးအရအရှုံးအမြတ် မတွက်ကြ ။ ရေးချင်သည် ။ ရေးသည် ။ ထုတ်သည် ။ ရောင်းသည် ။ ကျေနပ်ပြီ.. ဒါပါပဲ ။


“ ဂုရုကြီး ... အားတယ်မဟုတ်လား... ”


တစ်နေ့၌ ဂုရုကွေး နေထိုင်ရာ တောင်ဥက္ကလာပ အိမ်ကလေးသို့ မောင်စိန်ဝင်းနှင့် ရေးဖော်တစ်စု ရောက်လာသည် ။ ထိုအုပ်စုထဲတွင် တစ်နေ့သောအခါ ( နွမ်ဂျာသိုင်း ) ဖြစ်လာမည့် ကောင်လေးတစ်ယောက်လည်း ပါလာသည် ။


“ စာရေးနေတဲ့ အလုပ်ကလွဲလို့ ဘာအလုပ်မှ မရှိတာ မင်းသိသားပဲ ။ ငါအမြဲတမ်း အားနေတယ် ။ ဘာလုပ်ပေးရမလဲ ။ မင်းအတွက် မိန်းမခိုးပေးရမလား ။ ဒါမျိုးတွေလည်း ရတယ်နော် .. ငါခိုးပေးလို့ ရသွားတဲ့ အတွဲတွေ ကလေးတောင် ရနေပြီ "


ဂုရုကွေး၏ ဟာသကို ဒီကောင်တွေ အုပ်စု ပွဲကျသွားသည် ။ သူနှင့်ပါလာသော ငတိတချို့မှာ ခုကတည်းက ရယ်ရနေပြီဟု ဂုရုကွေးကို စိတ်ချသွားပုံရသည် ။


“ ကဲ...ငါ ဘာလုပ်ပေးရမလဲ.. ပြော.."


“ စာပေ ဟောပြောပွဲ ဖိတ်ချင်လို့... ”


“ ဟိုက်... ရှာလပတ်ရည်... ဒါလေးများ ပြောနေရသေးတယ် အခုလိုက်ခဲ့ ရမှာလား  "


“ မဟုတ်သေးဘူး .. ဒီလို ဒီလို... ပြဿနာလေးတွေ နည်းနည်းရှိတယ် "


“ မင်းတို့ဟာ ဟောတောင်မ ‌ေဟာ ရသေးဘူး . .ပြဿနာက ရှိနေပြီလား ”


မောင်စိန်ဝင်းက အဖြစ်မှန်ကို ရင်းနှီး ပွင့်လင်းစွာ ရှင်းပြသည် ။ သူတို့၏ လက်ရှိ ပါမောက္ခချုပ် ဒေါက်တာ ( ... ) က စာပေ ဟောပြောပွဲ မလုပ်ချင် ။ကျောင်းသားတွေ ပူဆာသောကြောင့်သာ ခွင့်မပြုချင် ပြုချင်ဖြင့် ခွင့်ပြုခြင်းဖြစ်သည် ။


စက် မှု ကျောင်းသားတွေက ကြိုက်သည့် စာရေးဆရာ တစ်ယောက်ဖိတ် ၊ စက် မှု ကျောင်းသူတွေက ကြိုက်သည့်စာရေးဆရာမ တစ်ယောက်ဖိတ်... ဆရာ တစ်ယောက် ၊ ဆရာမ တစ်ယောက် နှစ်ယောက်ဟောရမည် ။


" သိတဲ့အတိုင်း ကျွန်တော်တို့ အုပ်စုက ကွေးကြီး ပရိသတ်မို့ ကြွေးကြီးကို ဆန္ဒပြုကြတယ် ။ ကောင်မလေးတွေကတော့ ယုဝတီခင်စိန်လှိုင်တဲ့ ။ အဲဒါ ပြဿနာက ပါမောက္ခချုပ်က မြန်မာစာနယ်ဇင်းတွေ မဖတ်ဘူး ။ အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်တယ်.. ။


“ အီကြာကွေးဆိုတော့ သူဘာပြောသလဲ... ”


“ သူသိတာ အီကြာကွေးကို မုန့်ပဲသိတယ် ။ ကွေးကြီးနာမည်ကျွန်တော်တို့က ဆန္ဒပြုတော့ မင်းတို့ဟာ ကြံကြံဖန်ဖန် လူစင်စစ်က မုန့်နာမည်နဲ့ စာရေးဆရာပါလား … ဘာတွေ ဟောမှာလဲ... ငါ့ကျောင်းမှာရှုပ်ရှုပ်ယှက်ယှက်တွေ ဟောလို့ မဖြစ်ဘူးနော်တဲ့ ... ကျွန်တော်တို့က ကျွန်တော်တို့ ဆရာကြီးဟောတာ ရယ်စရာဟာသတွေ ဟောမှာပါလို့ အာမခံမှအင်တင်တင်နဲ့ ခွင့်ပြုတယ် ။ ဆိုလိုတာက ကွေးကြီးကို ကျွန်တော်တို့က အထင်ကြီးလို့ ဖိတ်ပေမယ့်ပါမောက္ခချုပ်က လုံးဝ အထင်မကြီး ဘူး ။ အဲဒါ ကြိုသိထားဖို့ ပြောထားတာ... ”


ဟိုက်ရှာလပတ်ရည်... လုံးဝ အထင်မကြီးဘူး ဆိုပါလား... ကောင်းဟောင်းဟောင်းလေစွ ။


“ အထင် စမောတယ်ပေါ့ကွာ... အဲဒါ ကောင်းပါတယ်... အထင်ကြီးပြီး ကြီးသလို ဖြစ်မလာလို့အထင်သေးခံရတာထက် စာရင် စောစောကတည်းကအထင်သေးခံရတာ ပိုကောင်းတယ်....”


သို့ဖြင့် စက် မှုတက္ကသိုလ်တွင် ဂုရုကွေး ဟောဖြစ်သွား သည် ။ ထိုစဉ်က ယုဝတီခင်စိန်လှိုင်မှာ လုံးချင်းတွေ အဆက် မပြတ် ရေးကာ ထိုဝတ္ထုတွေကို  ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ရိုက်ရသဖြင့် စူပါ ဖြစ်နေသော ၊ အလွန်စန်း တက်‌ေန‌ သော ကာလဖြစ်သည် ။


ဂုရုကွေးကား အားလုံး သိကြသည့်အတိုင်း မဂ္ဂဇင်းများတွင် ဟိုစပ်စပ် ၊ ဒီစပ်စပ် မဖြစ်ညစ်ကျယ် လျှောက်နေသောစာရေးဆရာသာဖြစ်သည် ။ စူပါစာရေးဆရာမဟုတ် စပ်စပ် စပ်စပ် စာရေးဆရာ ၊မဖြစ်ညစ်ကျယ် ဟာသ ဆရာ ။


ပါမောက္ခချုပ်က ဝတ္တရားအရ ဧည့်ခံရသော်လည်း ဂုရုကွေးအပေါ်၌ ဟက်ဟက်ပက်ပက် မရှိကြောင်း သတိထားမိသည် ။ လက်ဖက်ရည် သုံးဆောင်ပါဆရာ ။ ဒါပဲပြောပြီး ခင်စိန်လှိုင်နှင့် စကားပြောနေသည် ။ ဂုရုကွေးဘက်သို့ ပြန်လှည့်မလာတော့ ။


ထိုဟောပြောပွဲကား မရည်ရွယ်ဘဲ ပြိုင်ပွဲဆန်နေသည် ။ ကျောင်းသူများက သူတို့ဆန္ဒပြုထားသော ခင်စိန်လှိုင်ကို သာစေချင်သည် ။ မောင်စိန်ဝင်းတို့က သူတို့ဆန္ဒပြုထားသော ဂုရုကွေးကို သာစေချင်သည် ။ ခင်စိန်လှိုင်က ထိုပွဲသို့ သူ့သားငယ်လေးကို ခေါ်လာသည် ။ ကလေးက ချစ်စရာ ဘောင်းဘီရှည်လေး ဝတ်ထားသည် ။


“ စက် မှု ကျောင်းသူများမျှော်လင့် စောင့်စားနေကြတဲ့ နာမည်ကျော် စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်က ခင်စိန်လှိုင် နှင့်တိုင်းရင်းသား သရုပ်ဖော်ဝတ္ထုများအကြောင်း ဟောပြောပါတော့မယ် ”


စက် မှုတက္ကသိုလ် ခန်းမကြီးတွင် လက်ခုပ်သံများ ဟိန်းထွက်သွားသည် ။မိန်းကလေးများ၏ လက်ခုပ်သံက အကျယ်ဆုံး ၊ အများဆုံး ၊ အမြည်ဆုံးဖြစ်သည် ။ ခင်စိန်လှိုင်နှင့် ဂုရုကွေးတို့မှာ ပွဲပေါင်းများစွာ အတူတွဲလျှက် ဟောလာကြသော ဟောဖော်ဟောဖက် များ ဖြစ်သည် ။ စက် မှုပွဲတွင်ကား ခင်စိန်လှိုင် အထူးကြိုးစားဟောပါသည် ။ အလွန်ကောင်းမွန်၍ မှတ်သားစရာလည်း များပါသည် ။


ထူးခြားချက်ကား ကရင်လူမျိုးဘဝ သရုပ်ဖော် ဝတ္ထုများအကြောင်းပြောပြီး ကရင်သီချင်းဆိုသည် ။ ရှမ်းလူမျိုးဘဝ သရုပ်ဖော်ဝတ္ထု အကြောင်းပြောပြီး ရှမ်းသီချင်းဆိုသည် ။ အလားတူပင် ကချင် ၊ ချင်း ၊ မွန် ၊ ရခိုင် ဘဝသရုပ်ဖော် ဝတ္ထုတွေအကြောင်း ဆက်ဟောပြီး ၊သက်ဆိုင်ရာသီချင်းများကို ဆိုပြသည် ။ အလုံးစုံသွားသောအခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သီချင်းကို ဆိုသည် ။ မြန်မာသီချင်း ဖြစ်သည် ။


“ သားရေ.. စင်ပေါ် ခဏကြွခဲ့ပါဦးကွယ် ”


ကလေးငယ်ကို လှမ်းခေါ်သည် ။ ကလေးငယ်က ဘောင်းဘီရှည်ထဲတွင် အသင့်ထည့်လာသော ဘာဂျာထုတ်၍ မှုတ်ပေးသည် ။ မိခင်ကသီချင်းဆို သားငယ်က ဘာဂျာဖြင့် အထောက်အကူပေး ။ အဆင်ပြေလှသည် ။ ြမိ ု င်ဆိုင်လှသည်။ ဟာမိုနီ ဖြစ်လှသည် ။ ကျောင်းသူများ၏ လက်ခုပ်သံများ အတောမသတ် ညံသွားသည် ။ တချို့ကျောင်းသူများမတ်တတ်ရပ်၍ လက်ခုပ်တီးကြသည် ။


မည်သို့ပင် ဖြစ်စေ ။ နှစ်ယောက်တည်း နွှဲရသော တူးမင်းရှိုးတွင် ခင်စိန်လှိုင်က အမှတ်ပေါင်းများစွာဖြင့် ဂုရုကွေးရှေ့ရောက်သွားသည် ။ ထိုပွဲတစ်ပွဲလုံး သူ့ပွဲဖြစ်သွားကြောင်း ထင်ရှားသည် ။


မောင်စိန်ဝင်းတို့ အုပ်စု မျက်နှာလေးတွေ အငယ်သား ဖြစ်နေသည် ။အတ္ထုပ္ပတ္တိ ဖတ်နေချိန်အထိ ဂုရုကွေး ဘယ်ကစ၍ ဘယ်လိုဝင်ရမှန်း စဉ်းစားမရသေး ။ ဆရာအီကြာကွေး ဟောပြော ကြွပါဆိုတော့မှ ခေါင်းထဲတွင် လင်းခနဲ ဖြစ်သွားသည် ။ မိုက်ကရိုဖုန်းရှိရာသို့ လျှောက်လာစဉ် ကျောင်းသား ပရိသတ်၏ လက်ခုပ်သံများ ညံသွားသည် ။ ကျောင်းသူပရိသတ်က လက်ခုပ်မတီးကြ ။


“ ဆရာမကြီးက သီချင်းတွေဆိုသွားတော့ ကျွန်တော်လည်း သီချင်းဆိုဖို့ အကြံရလာတယ် ။ ဟောပြောချက်ကို သီချင်းနဲ့ စဖွင့်ရမယ် ။ ကျွန်တော်ဆိုမယ့် သီချင်းက နိုင်ငံရေးခေါင်းဆောင်ကြီး တစ်ဦးကို ဂုဏ်ပြုထားတဲ့ ( အရှေ့ဆီက အနီ ) ဆိုတဲ့ သီချင်းပါပဲ... တရုတ်လိုဆိုပါ့မယ် ”


ဤသို့လျှင် ပဏာမခံပြီးနောက် ထိုစဉ်က ရန်ကုန်တွင် ရုံတင်နေသော အာရာဒါးနားကုလားကားမှ


“ ပွတ်တေလား ... မတ်စကားနား ပြားမေလား ... ဒီဝါးနား .. လိအာ.. ကျဲလိအာ ကို ကျဲလိအာ.. ကျဲလိအာ... ”


ကုလားသီချင်းကို ကုလားသံနှင့်အပီ ဆိုပြီး အဲဒါ တရုတ်သီချင်းပါပဲ ဟုနောက်လိုက်ရာ ခန်းမတစ်ခုလုံး ရယ်သံများ အတောမသတ် ဖြစ်သွားသည် ။ ပါမောက္ခချုပ် ရယ်သံကိုပါ နောက်ဘက် မှ ကြားရသည် ။


“ အေးကွ... ကွေးကွေးကြီး.. ဒါမှ တို့ကွေးကြီး... ”


တော်တော်နှင့် ပြန်မငြိမ်သော ရယ်သံများကြားတွင် မောင်စိန်ဝင်း၏ အော်သံကို ကြားရသည် ။ ထို့နောက်ကား ... ဂုရုကွေး၏ ထုံးစံအတိုင်း ၊အားကြိုးမာန်တက်အပြတ်အသတ်ကြဲရာ ပွဲစမှ ပွဲဆံုး ရယ်သံ တအုန်းအုန်းဖြင့် စည်စည်ညံသွားသည် ။


“ဆရာ့ကို ကျွန်တော် ဒါလောက်ရယ်ရမယ် မထင်ဘူး……. ကျွန်တော်ရော ကျောင်းသားတွေပါ အလွန်ပျော်ရ၊ အလွန်ရယ်ရပါတယ်။ နောက်ကို ကျွန်တော့်ကျောင်းကို နှစ်တိုင်း လာလာဟောပေးပါဆရာ...”


ပါမောက္ခချုပ်၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သောစကား...။ မည်သို့ပင်ဖြစ်စေ အီကြာကွေးဆိုသော သတ္တဝါမှာ မုန့်အီကြာကွေးလိုပင် စားကောင်းဝါးကောင်း နှင့် အရသာရှိလှကြောင်း ပါမောက္ခချုပ် သိသွားလေပြီ။


မောင်စိန်ဝင်းနှင့် အပေါင်းပါ ကဗျာအုပ်စု မြောက်ကြွမြောက်ကြွ ဖြစ်နေကြသည်။ ဂုရုကွေးကို ကျောင်းကင်တင်းသို့ ခေါ်သွားပြီး စားစား ကြိုက်ရာစားဟု တစ်ဝကျွေးကြသည်။


°°°°°   °°°°°°°   °°°°°°°   °°°


ကဗျာနှင့် စကားပြေမှာ မတူပေ ။ နှစ်မျိုးစလုံး သူ့နည်းသူ့ဟန်ဖြင့် ခက်ကြသည်ချည်း။ ကဗျာကောင်း တစ်ပုဒ်ရဖို့အားစိုက်ကြိုးစားရသည် ။


ကဗျာဆရာကောင်း ဖြစ်ဖို့မလွယ် ။ထို့အတူ စကားပြောကောင်းသော စာရေးဆရာကောင်း ဖြစ်ဖို့လည်း မလွယ် ။ ကဗျာဆရာသည်များသောအားဖြင့်

ကဗျာဆရာသာ ဖြစ်၍ စာရေးဆရာဖြစ်မလာ ။ စာရေးဆရာသည်လည်း စာရေးဆရာသာ ဖြစ်၍ ကဗျာဆရာ ဖြစ်မလာ ။


မောင်စိန်ဝင်းက ထူးခြားသူ ဖြစ်သည် ။


ပထမဆုံး သူစဖြစ်တာက ကဗျာဆရာ ၊ ကဗျာတွေ ရေးနေရာမှ စကား‌ေြပကိုပါ တွဲရေးလာသည် ။ ကဗျာတွင် အောင်မြင်သလို စကားပြေတွင်လည်း အောင်မြင်သည် ။ မောင်စိန်ဝင်းသည်ကဗျာဆရာသာမက စာရေးဆရာပါ ဖြစ်လာသည် ။


စာရေးခြင်းနှင့် စကားပြောခြင်း ( ဟောပြောခြင်း ) တို့မှာလည်း တစ်ဘာသာဖြစ်သည် ။ စာရေးကောင်းတိုင်း ၊ ကဗျာရေးကောင်းတိုင်း စကားပြော မကောင်းတတ်ကြ ။ စကားပြောကောင်းတိုင်းလည်း စာရေးကောင်း ၊ ကဗျာရေးကောင်း မဖြစ်ကြ ။ စာရေးရော ၊ အပြောပါ စွယ်စုံရသူ ဟူ၍ အတော် ရှားသည် ။


မောင်စိန်ဝင်းကား စာရေးကောင်းရုံသာမကအပြောအဟောလည်း ကောင်းသည် ။


စက် မှုတက္ကသိုလ်တွင် ကျွန်တော့်ကို ဟောဖို့ လာဖိတ်သော မောင်စိန်ဝင်းနှင့်နောက်ပိုင်း မောင်စိန်ဝင်းတို့ အံ့ဩစရာကောင်းအောင် လုံးဝ ကွဲပြားခြားနားသွားသည် ။ ကျွန်တော့်ကို လာဖိတ်တုန်းက ကဗျာဆရာ ပေါက်စ ၊ စက် မှုတက္ကသိုလ်မှ ကဗျာဝါသနာရှင်များစုစည်း၍ ကဗျာစာအုပ်ကလေးများ ထုတ်နေစ ၊ ဝတ္ထုတိုလေးတွေ စမ်းသပ်ရေးသားနေစ ... ။


ကျွန်တော်နှင့် နှစ်အနည်းငယ်ကွဲကွာနေသော ကာလအတွင်း မောင်စိန်ဝင်း တစ်ယောက် တစ်ရိပ်ရိပ် တက်လာသည် ။ ကဗျာဆရာ မောင်စိန်ဝင်း ၊ စာရေးဆရာ မောင်စိန်ဝင်း၊ ထိုမှ.. ကဗျာဆရာ ဝတ္ထုတွင်ပါ စူပါမောင်စိန်ဝင်း .. ။ စာဖတ်ပရိသတ် အသည်းစွဲ ဖြစ်လာသော မောင်စိန်ဝင်း ။


“ မင်းနာမည်နောက်... ပုတီးကုန်းကြီး ဖြုတ်လိုက်စမ်းပါကွာ... မောင်စိန်ဝင်းသက်သက်ပဲ လုပ်စမ်းပါ "


ကလောင်နာမည်နှင့် ပတ်သက်ပြီးကျွန်တော်က ဝေဖန်တော့ မောင်စိန်ဝင်းက ပြုံးထေ့ထေ့ လုပ်၍... ကိုယ့်မြို့ ကိုယ် ဂုဏ်ယူတာပဲ ဂုရုကြီးလည်း တစ်ချိန်က ဓနုဖြူ ကျော်ထွန်း လုပ်ခဲ့တယ် မဟုတ်လား ။ နောက် မှ အီကြာကွေး ဆိုပြီး ကလောင်ထပ်ခွဲတာပဲ.. "


"အေး... မင်းလည်း မောင်စိန်ဝင်း ( ပုတီးကုန်း ) နဲ့ အတည်အခန့်တွေ ရေးရာကနေ နံပြားဆိုပြီး ဟာသ ဖို့ကောင်းတယ် ”


သည်တော့ မောင်စိန်ဝင်း တဟားဟားရယ်သည် ။ ကျွန်တော့် ဦးနှောက်က အနုအလှ ၊ သမုဒယတွေပဲ ထွက်တယ် ။ ဂုရုကြီး ဦးနှောက်လို သွတ်သွတ်သွတ်တွေ ဟိုက်ရှာလပတ်ရည်တွေ မထွက်ဘူး ဟုပြောသည် ။ ကိုယ့်ကို ဟောပြောပွဲလာဖိတ်သော လူငယ်တစ်ယောက် လျှမ်းလျှမ်းတောက်အောင်မြင်သောအခါ ဝမ်းသာရသည် ။ ထို့ထက် အတူတွဲ၍ ဟောပြော

ရသောအခါမျိုး၌ ဝမ်းသာရသည် ။ မောင်စိန်ဝင်းသည် အရေးအသားတွင်သာ

ကြိုးစားသည် မဟုတ် ။ အဟောအပြောတွင်လည်း ပရိသတ် သည်းခြေခိုက်

အောင် ကြိုးစားသည် ။


မောင်စိန်ဝင်းနှင့် ကျွန်တော် မြန်မာပြည်အနှံ့အပြားလှည့်၍ ပွဲပေါင်းများစွာ ဟောခဲ့သည့်အနက် မမေ့နိုင်သော အမှတ်တရ ဖြစ်ရသော ပွဲအချို့ရှိသည် ။ ( ဥပမာ ) ပျဉ်းမနား စာပေဟောပြောပွဲ ။ သည်ပွဲက မောင်စိန်ဝင်းနှင့် ကျွန်တော်သာမက ချစ်ဦးညိုလည်းပါသည် ။ သုံးယောက်ပေါင်းလောင်းကျော်သည့်ပွဲ ။ မြတ်ခိုင်က တစ်နေရာက ကူးလာပြီး ဟောဖို့ ရှိသည် ။ သူအချိန်မီရောက် မလာ ။ ရောက်လာပါက ထိုနှစ်ပျဉ်းမနားပွဲသည် လေးယောက်ပေါင်းလောင်းကျော်ပွဲ ဖြစ်မှာသေချာသည် ။


“ ရန်ကုန်မှာ မီးသွေးမော်တော် ၊ မီးသွေးကားတွေ ခုတစ်လော အဝင်ကြဲနေလို့ မီးသွေးဈေး နည်းနည်းမြောက်သွားတယ် ”


ကျွန်တော့်မှာ စာရေးရင်း တစ်ဖက် မှ မမာမကျန်း ဖြစ်နေသော အဒေါ် အပျိုကြီးကိုပါ ချက်ပြုတ်ကျွေးမွေးနေရသည် ။ ဝတ်ကြီးဝတ်ငယ်ပြုစုနေရသည် ။ စာရေးချိန် ၊ မြို့ထဲထွက်ချိန်တွင်စာရေးဆရာ ၊ ဈေးသွားချိန် ၊ ချက်ပြုတ်ချိန် ၊ လျှော်ဖွပ်ချိန်တွင် အိမ်ရှင်မ ၊ စာပေဟောပြောပွဲတွေ လိုက်ဟောချိန်တွင် စာဟောဆရာ ၊ လူတစ်ကိုယ်တည်းက အသွင်မတူသော ဘဝသုံးမျိုးကို ဒလက်လည်သလို လည်နေရသော ကာလ ၊ အလုပ်အမျိုးမျိုးကို ဇယ်ဆက်သလို လုပ်နေရသောအချိန် ၊ အိမ်မှာ ဆန်ကုန်လျှင် ကိုယ်ပဲပူရသည် ။ ဆီကုန်လျှင်လည်း ကိုယ်ပဲယူရသည် ။ ထင်းကုန်နေလျှင်လည်း ကိုယ်ပဲ ပူရသည် ။ အမျိုးစုံကို ရင်ဝယ်ပိုက်၍ တစ်ယောက်တည်း ပျဉ်းမနားသို့ ထွက် မလာခင်မှာ အိမ်တွင် မီးသွေးကုန်လုလု ဖြစ်နေသည် ။ အချို့ ကို အစောင့်ထားခဲ့သော တပည့်လေးအား မီးသွေးတစ်ပိဿာ ၊ နှစ်ပိဿာ လိုသလို ဝယ်ချက်ဖို့ ပိုက်ဆံပေးထားခဲ့ရသည် ။


“ ရန်ကုန်မှာ မီးသွေးမြောက်နေတော့ ဂုရုကြီး ဘာလုပ်ချင်လို့လဲ "


“ ဒီလိုကွ ၊ ဒီပျဉ်းမနားမှာ မီးသွေးဈေးငါစုံစမ်းကြည့်တာ ရန်ကုန်နဲ့ ဘာမှ မဆိုင်ဘူး ။ အတော်သက်သာတာပဲ "


“ ရန်ကုန်မှာက သယ်ယူပို့ဆောင်တဲ့ စရိတ်ခ ရှိတယ်လေ... ဘယ်ပစ္စည်းမဆို အဝင်နည်းရင် ဈေးမြောက် မှာပဲ ”


“ အဲဒီမြောက်တဲ့ဈေးကို ငါက လိုက် မမီတာ ခက်နေတယ် ။ အပြန်မှာ မီးသွေး တစ်အိတ်လောက် ဝယ်သွားရကောင်းမလားလို့ ငါစဉ်းစားကြည့်တယ်..."


မီးသွေးဆိုသည်နှင့် တီကိုဆားနှင့် တို့သလို မောင်စိန်ဝင်း တွန့်သွားသည် ။


“ မီးသွေးလောက် မည်းတာ မီးသွေးလောက်ပေရေတာ အမှုန်အမွှားကျတာ မီးသွေးပဲရှိတယ် ။ အပ်ပါးနဲ့ ပြန်ရမှာ ခင်ဗျားမီးသွေးအိတ်ကို အပ်ပါးက ဘယ်အတင်ခံမယ် "


“ လပ်ဂိတ်တွဲက တင်မယ်ကွာ ရတာပဲ ”


“ ဒါလောက်လည်း ပင်ပမ်းခံမနေပါနဲ့ ဂုရုကြီး မီးသွေးတစ်အိတ်မဟုတ်ဘူး ။ နှစ်အိတ် ။ ရန်ကုန်ရောက်ရင် ကျွန်တော် ဝယ်ကန်တော့မယ် ။ မီးသွေးသယ်ဖို့ စိတ်ကူးကြီး ဖျောက်လိုက်ပါတော့.. ”


သူက ဖျောက်လိုက်ပါဆိုမှ ကျွန်တော့်တွင် ဖျောက် မရဘဲ အိမ်တွင် ဖင်ကပ်သာသာကျန်ခဲ့သော မီးသွေးအိတ်ကို မြင်ယောင်နေသည် ။ ပျဉ်းမနားမြို့လယ်က ဓမ္မာရုံတွင် စာပေဆွေးနွေးပွဲလုပ်သည် ။ ဆွေးနွေးပွဲတွင် သူတို့‌ေြပာသော စာပေအကြောင်းထက် ကျွန်တော့်ခေါင်းထဲက မီးသွေးအကြောင်းက လွှမ်းမိုးကြီး စိုးနေသည် ။


စာပေအကြောင်းဆွေးနွေးဘဲ မီးသွေးအကြောင်း ဆွေးနွေးလျှင် မည်မျှ ကောင်းချေမည်နည်း ။


“ ကိုနှင်းခိုင် ... ခဏဗျာ.. ပြောစရာရှိတယ်... ”


စာပေဆွေးနွေးပွဲ ကျွန်တော့်အလှည့်အပြီးတွင် ပရိသတ်ထဲမှ မောင်နှင်းခိုင်ကို ဓမ္မာရုံအဝသို့ ခေါ်ထုတ်ခဲ့ရသည် ။ မောင်နှင်းခိုင်နှင့် ကျွန်တော်က ကဗျာဆရာ ဘ၀ ကတည်းက အလွန်ရင်းနှီးကြသော သူငယ်ချင်းတွေ ဖြစ်သည် ။ သူ့ဇနီး စမ်းသီတာ ( ကလော ) ကလည်း ကျွန်တော်နှင့် ရင်းနှီးနေတာ ကြာပါပြီ ။ မောင်နှင်းခိုင် နှင့် အိမ်ထောင်မကျခင် ကလောတွင်နေစဉ်က ကျွန်တော်၏ ကဗျာများကို နှစ်သက်သော သူ့သူငယ်ချင်းမ တစ်ယောက်က စမ်းသီတာတို့အိမ်တွင် ထမင်းကျွေးခဲ့ဖူးသည် ။


“ပြော ဂုရုကြီး ကျွန်တော် ဘာလုပ်ပေးရမလဲ ”


မောင်နှင်းခိုင်က တီတိုး‌ေမးသဖြင့်ကျွန်တော်ကလည်း တီးတိုးပင် ဖြစ်ရပ်အကျဉ်းချုပ်ကို ပြောပြသည် ။


“ စိတ်ချ ဒါ့အတွက် မပူနဲ့ သပ်သပ်ရပ်ရပ် သားသားနားနားလေးဖြစ်အောင်ကျွန်တော် ဖန်တီးပေးမယ်... "


သို့နှယ် ကတိပေးပြီး မောင်နှင်းခိုင် ဓမ္မာရုံပေါ်မှ ဆင်းသွားသည် ။ ဆွေးနွေးပွဲရှိရာသို့ ကျွန်တော်ပြန်လာတော့ မောင်စိန်ဝင်းက


“ ခင်ဗျားတို့ နှစ်ယောက် ဘာတွေ တိုင်ပင်နေတာလဲ... တိုးတိုး တိုးတိုးနဲ့ ၊ ဒီက မြင်ရတယ်နော်... ”


“ မင်းနဲ့ မဆိုင်ပါဘူးကွာ.. ချစ်ဦးညိုနဲ့လည်း မဆိုင်ပါဘူး ။ ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပါ "


ညနေစောင်းတွင် မောင်နှင်းခိုင်နှင့် စမ်းသီတာတို့ကျွန်တော်တို့ တည်းခိုရာသို့ လာ၍ ကျွန်တော့်ကို လက်ဆောင် ပစ္စည်းတစ်ခုပေးသည် ။ ပြာနုရောင် မြွေရေခွံလက်ဆွဲအိတ် တစ်လုံး ၊ အိတ်က အသစ်ကလေး ၊ ဆွဲပိတ်ထား  သောဇစ်ကကြေးဝါရောင်ပြောင်ပြောင်...


ရေဆင်းဟောပြောပွဲတွင် မြတ်ခိုင်ရောက်လာသဖြင့် သူပါ ဝင်ဟောသည် ။ ပျဉ်းမနားသကြားစက်ပွဲနှင့် မြို့မပွဲတွင် ကျွန်တော်တို့ သုံးယောက်တည်း ဟောကြရသည် ။ ရထားကို လိုက်ပို့တော့ မောင်နှင်းခိုင်က သူ့လက်ဆောင် အပြာရောင် အိတ်ကလေးကို ဆွဲပြီး တွဲပေါ်အထိပို့ပေးသည် ။ ကျွန်တော်နှင့် မောင်စိန်ဝင်း ဘေးချင်းကပ်ယှဉ်ထိုင်မည့် ထိုင်ခုံနှစ်လုံးပေါ်မှပစ္စည်းတင်သော စင်ပေါ်တွင် အိတ်ကလေးကို တင်ပေးသည် ။


“ ကိုင်း... ရထားထွက်တော့မယ်... ။ နောက်နှစ်လည်း လာခဲ့ဦး "


“ အဆင်ပြေရင် လာခဲ့မယ် သူငယ်ချင်း ”


ရထားထွက်လာပြီး မကြာခင်ပြဿနာစသည် ။ ရထားအလှုပ်တွင် မောင်စိန်ဝင်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည် ။


" ဘာဖြစ်တာလဲကွ .. ပွင့်ကောင်းငံပြာရည်မခပ်မိလို့လား ”


“ မဟုတ်ဘူး ဂုရုကြီး... ခေါင်းပေါ်ကို ဘာတွေလဲ မသိဘူး ။ တဖွားဖွားကျနေတယ် ... "


“ ရထားက ဖုံတွေ ဖြစ်မှာပေါ့ ”


“ ဘယ်က ဖုံရမှာလဲ .. ဒါအထက်တန်းတွဲ ၊ အပ်ပါးသီးသန့်တွဲ ၊ ခင်ဗျားအိတ်ကို ကျွန်တော် မသင်္ကာဘူး ။ ချပြီး ဖွင့်ရှာရမယ် ”


“ မလုပ်ပါနဲ့ကွာ .. အထဲမှာ ဘိန်းလည်းမပါဘူး ။ မောင်နှင်းခိုင်နဲ့ မစမ်းသီတာ လက်ဆောင်ပေးလိုက်တာပါ ။ မုန့်ပဲသရေစာ တစ်ခုခု ဖြစ်ပါလိမ့်မယ် .. "


" ဟော.. ဟော.. ပြောရင်းဆိုရင်း ထပ်ကျလာပြန်ပြီ ။ မလိုချင်ဘူး ။ရှာမှ ဖြစ်တော့မယ် ... "


အတန်တန် တားနေသည့်ကြားမှ မောင်စိန်ဝင်း အိတ်ကို ဆွဲချပြီး ဇစ်ကို ဖွင့်ကြည့်သည် ။ အတွင်းမှာ အဝတ်အစားလည်း မဟုတ် ၊ မုန့်ပဲသရေစာလည်းမဟုတ် ၊ သူ လုံးဝထင်မထားတာကို တွေ့ရသဖြင့်


“ ဟိုက် ရှာလပတ်ရည် ဂုရုကြီးကတော့ တကယ့်ကို စံနမူနာပါပဲ ဒါကြောင့် ခေါင်းပေါ်ကို တဖွားဖွား ကျတာကိုး .. ”


ဘေးက ခရီးသည်တွေ မမြင်ခင် ဇစ်ကို ကမန်းကတန်း ဆွဲစေ့ပြီးစင်ပေါ် ပြန်တင်သည် ။ ပြီးနောက် စိတ်မသက် မသာသံဖြင့် ညည်းသည် ။


“ မီးသွေးများ ပင်ပန်းခံပြီး ရန်ကုန်အထိ သယ်ရတယ်လို့ ။ ကျွန်တော်ကတော့ အိမ်ရောက်တာနဲ့ ခေါင်းလျှော်ပစ်ရတော့မှာပဲ... ”


“ ငါက ခေါင်းတုံးဆံတောက်ဆိုတော့ လျှော်စရာ မလိုဘူး ။ အေးအေးဆေးဆေးပဲ. . ။ ခေါင်းက ရေလောင်းချိုးလိုက်တာနဲ့ ပြီးတယ် ”


ကျွန်တော်၏ ဘ၀ အခြေအနေကို သိနေသော မောင်စိန်ဝင်းက ပျဉ်းမနားကမီးသွေးကို ရန်ကုန်ရောက်အောင် ကြံဖန်သယ်သော ကျွန်တော့်ကို အပြစ်မတင်တော့ဘဲ တဟားဟားတဝါးဝါး ရယ်နေသည် ။


“ နွမ်ဂျာပါတဲ့ ပွဲတစ်ပွဲကျရင် အဲဒီအကြောင်း ထည့်ဟောဗျာ ။ ပရိသတ်က ကျိန်းသေ ပွဲကျမယ် ...”


နွမ်ဂျာသိုင်းက စက် မှုတက္ကသိုလ်တွင် ခင်မင်ရင်းနှီးခဲ့သည် ။ ဒီငနဲကလည်း ခေသူမဟုတ် ၊ အဟောကောင်း အပြောကောင်း ၊ ပွဲထိန်းကောင်း ၊ ပရိသတ် တဝါးဝါး ပွဲကျအောင် ဟောတတ်သည် ။ အချစ်ဝတ္ထုစာနု ၊ စာနွဲ့တွေ ရေးသော စာရေးဆရာက ဟာသကို ပီပြင်အောင်ပြောတတ်သူ ဟူ၍ သူတစ်ယောက်ပဲ ကျွန်တော်တွေ့ဖူးသည် ။


ပြောတတ်ပေမပေါ့ ။ နွမ်ဂျာသိုင်းဖြစ်မလာမီ တစ်ခြားကလောင် အမည်တစ်မျိုးဖြင့် ဆရာသော်တာဆွေ အဟိတွင် ဟာသ ဝတ္ထုတိုတွေ ရေးခဲ့သည် မဟုတ်ပါလား ... ။


အီကြာကွေး


သောကြာစာစောင်


အမှတ် ( ၄၃၇ ) ၊ ဒီဇင်ဘာလ ၊ ၁၉၉၉ ခုနှစ်


အမှတ် ( ၄၃၈ ) ၊ ဖေဖော်ဝါရီလ ၊ ၂၀၀၀ ပြည့်နှစ်


Saturday, December 5, 2020

အချစ်ကို ဘယ်လို ‌ေြပာရမယ်

 
   ❝  အချစ်ကို ဘယ်လိုပြောရမယ် ❞ 


တေးရေး   သောင်းတင်ဌေး


      မြစ်ယမုံခြား သေလာရိုးမ ဆီးရံခစေ မုန်တိုင်းရယ်ထန် အဆန်ခရီး တက် မစုံ ရွက် မပါ မင်းရှိရာ အလာဝယ် နေပူကြဲတာကြုံတယ် မိုးက သည်းလာ တစ်ဖုံကွယ် နှင်းဖွဲတွေကျ ဒီကာလကို မေ့ပြီလားကွယ် မောင်ရှာပေးလာဖူးတဲ့ ပန်းသဇင်တွေ နှင်းတွေ အပြေးကြားမယ် အတွေးမှားကာ ချစ်နေသူရယ် ‌ဪ မေ့လွယ် မုန်းလွယ် ခက်လိုက်တာ မေ့အပြုံးရယ်က မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်

      ခုတော့ ခုတော့ မြကြိုးခက် လှမျိုးယှက်ကာ စိမ်းနေသူရယ် မြရွက် မြရိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွှတ်စေချင်သော်လည်း စိမ်းကားသူက မြပဝါကိုခြုံ မိုးအဆုံးမြေအဆုံး ရှောင်ခွါပုန်းတော့ကွယ် ရှာလေ ဝေးပြီအချစ်ရယ် ဖွေရှာသူ မောပြီမို့ ကိုယ့်ချစ်သူ ဘယ်မှာရှိတယ် တိုင်တည်ပါရစေ နော်ကွယ် ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်း သတင်းပေးပါလားကွယ်

      မိုးမြေရေလှိုင်း ပန်းတိုင်း သက်သေထားပါ့မယ် ကြယ်လစုံသော ညဉ့်လွှာရုံဝယ် ချစ်သူလာမယ့် လမ်းက ပန်းတွေကြဲ အမြဲမျှော်နေမယ် တစ်လောကလုံး မုန်းချင် မုန်းပါစေကွယ် ချစ်တဲ့သူ ပြုံးနေသမျှ မောင့်ဘ၀ ကျေနပ်နေပါ့မယ် ဒါတွေ ညည်းညှာ မယုံရင် ကြယ်စုံရံခ ဖိုးရွှေလကို မေးပါ အချစ်ဦးရယ်

      ( ကြယ်တွေလတွေ ခွန်းဆက်ရတာ နှမြောမိတယ် ရေစက်ရယ်ကြုံ ဘဝရယ် ဖီလာသွား အများနဲ့ ကိုယ့်မှာမတူတယ် လွမ်းမျိုးမေတ္တာ ကုဋေ ကုဋာကြွယ် ကြယ်ရောင်မဖြာ ဪ သော်တာ မလှပြန်တော့ တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ ညအမှောင်မှာကွယ် သည်လို ညခင်းမျိုးမယ် လမင်းကြီး ခရီးလွန်နေပြီကွယ် အချစ်ကို ဘယ်လိုပြောရမယ် အချစ်ကို ဘယ်လိုပြောရမယ် )


°°°°°   °°°°°°   °°°°°°  °°°°°°


۝ တီးလုံး သီးသန့်


ဟင်္သာတထွန်းရင် သီဆိုထားတဲ့ 

အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/qqv5xXuVkKBWCQ


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/tkc9nsrTLDxjWw


°°°°°°  °°°°°°°  °°°°°°°  °°°°°


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်

( ရေဒီယို မှာ လွှင့်တဲ့ သီချင်း )


https://yadi.sk/d/awIPBjnDrAqQXw


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/BxRWhE1fncnwsQ


သောင်းတင်ဌေး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/ckEqzG6dMTsd7g


ကိုတင်လှိုင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/rdmThe-GMW0f4w


ဟင်္သာတ ထွန်းရင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/B1OySchkbNMfTA


လွှမ်းမိုး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/u9W55L8pJcBKkA


ခင်ညွန့်ရီ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/n8KkrJUYmEbFNQ


အောင်သူ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/H8j5PTZtuTB5KA


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/GovCCJV1sKJ9uw


Friday, December 4, 2020

ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ


❝ ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ ❞


ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးဖြစ်ဖို့အတွက် ရိုး , ရမယ် ၊ အ , ရမယ်လို့

ဆိုလိုတာ မဟုတ်ဘူးနော် ။ ထုံထုံထိုင်းထိုင်း အူတူတူအတတ ဖြစ်ဖို့ မလိုပါဘူး ။


ယောက်ျားလေးတွေဟာ ခေတ်မီတဲ့ မိန်းကလေးတွေကို အထင်သေးတာမဟုတ်ဘူးနော် ။ သရုပ်ပျက်တဲ့မိန်းကလေးကိုသာအထင်သေး တာပါ ။ ခေတ်မီတာနဲ့ သရုပ်ပျက်တာဟာ ကွဲပြားပါတယ် ။ အသိဉာဏ်ရှိတဲ့ မိန်းကလေးဟာ ခေတ်မီပေမယ့် သရုပ်မပျက်ပါဘူး ။ အပြောအဆို ၊ အနေအထိုင် အဝတ်အစား သူ့နေရာနှင့်သူ အံဝင်အောင် ပြောဆိုနေထိုင် ဝတ်စားတတ်တယ် ။


ရှင်းအောင်လို့ ဥပမာပြောပြရရင်တော့ မိန်းကလေးတစ်ယောက် အားကစားကွင်းထဲမှာ ဘောင်းဘီတို ဝတ်တာဟာ အထင်သေးစရာ မဟုတ်ပေမယ့် ဧည့်ခန်းထဲမှာဘောင်းဘီတိုနဲ့နေရင် ၊ ဈေးကို ဘောင်းဘီတိုနဲ့ လာရင်အထင်သေးစရာဖြစ်သွားပြီ ။ ခေတ်မီတာလို့ မမြင်တော့ဘူး ။ သရုပ်ပျက်သွားပြီပေါ့ ။ စဉ်းစားချင့်ချိန်ပြီး သူ့နေရာနဲ့သူ အံဝင်အောင် မဝတ်လို့ပေါ့ ။ ဘောင်းဘီတိုက အဓိကမဟုတ်ဘူး ။ သူ့နေရာနဲ့သူ ဝတ်သင့် မဝတ်သင့်ခွဲခြားတတ်တာက အဓိက ။


ဝတ်စားဆင်ယင်ပြောဆိုနေထိုင်တဲ့ဆီမှာ


အခြေအနေ


အချိန်အခါ


နေရာဒေသ


နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရင် ခေတ်မီတဲ့ မိန်းကလေး ၊ တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်မယ် ။


နောက်ပြီး ငယ်တဲ့မိန်းကလေးများ


ကလက်တာနဲ့ သွက်တာဟာလည်း ရောထွေးနေကြတယ် ။ မကွဲပြားဘူး ။ သွက်တာဟာ လူအထင်သေးစရာ မဖြစ်ပေမယ့် ၊ ကလက်တာဟာ လူအထင်သေးစရာဖြစ်တယ်ကွဲ့ ။ ကိုယ့်ဝတ်စား

ဆင်ယင်မှု ၊ ကိုယ့်အခြေအနေ ၊ ကိုယ့်အလုပ်အကိုင်နဲ့ အံဝင်ဖို့လိုတယ် ။ စင်ပေါ်က တေးသံရှင်က စကတ်ဝတ်ပြီး နားကွင်းတစ်ဘက်တည်း ဆွဲတာနဲ့ ကိုယ်က အကြော်ရောင်းရင်း ၊ မုန့်ဟင်းခါးရောင်းရင်း  အဲသလို လိုက်လုပ်ရင် သွက်တာမဟုတ်တော့ဘူး ။ ကလက်တာ ဖြစ်သွားရော ။


တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်ဖို့အတွက် ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ အသိဉာဏ်ရှိရမယ် ။

ယောက်ျားလေးတွေဟာ ဘဝတစ်သက်တာ အိမ်ထောင်ဖက်အဖြစ် ရွေးတော့မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးကို ရွေးတာပါပဲ ။


 ◾  ကံချွန် 


  📖 အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း ( ၁ )

Wednesday, December 2, 2020

အမှား နှစ်မျိုး ရှောင်ရေး


 ❝  အမှားနှစ်မျိုးကို ရှောင်ရေး  ❞


အလုပ်တာဝန်တစ်ခုကို ဆောင်ရွက်ရာမှာဖြစ်စေ ၊ ပြဿနာတစ်ရပ်ကို ဖြေရှင်းရာမှာဖြစ်စေ ၊ ရည်မှန်းချက်ပန်းတိုင် ရှိရသည် ။ တစ်နည်းဆိုသော် ရရှိရန်သတ်မှတ်ထားသော အကျိုးတရားရှိရသည် ။ ထိုအကျိုးတရားကို ရရှိအောင်လုပ်ဆောင်ရာတွင် အချိန်ကာလနှင့်ပတ်သက်၍ အချိန်ကိုက် လှုပ်ရှားနိုင်ရန် လိုအပ်သလို နေရာဒေသအလိုက် အခြေ အနေအလိုက် ကိုက်ညီရန်လည်း အရေးကြီး၏ ။


နေရာဒေသ အလိုက်ဖြစ်ရပ်၏ အခြင်းအရာအခြေအနေ အလိုက် လုပ်ထိုက်သည်ထက် ပိုမို လွန်ကဲစွာ ပြုလျှင် အမှားပင် ဖြစ်၏ ။ ဝီရိယရှိတိုင်း ၊ ကြိုးစားတိုင်း ၊ အားစိုက်ခွန်စိုက် လုပ်တိုင်း ကောင်းကျိုးရသည်မဟုတ် ၊ အပ်နှင့် ထွင်ရမည့်အရာကို အပ်နှင့်ထွင်မှသာ အကျိုးရှိ၏ ။ စေတနာပို၍ ပုဆိန်ဖြင့်ပေါက်လျှင် အကျိုးပျက်၏ ။ ထို့ကြောင့် ရှေးလူကြီးသူမများက လက်တွေ့ဘဝမှ ရရှိသော အသိဉာဏ်ကို အခြေပြုပြီး ပိုလွန်းသော အမှားနှင့်ပတ်သက်၍ “ အပ်နှင့်ထွင်ရမည့်အရာကို ပုဆိန်ဖြင့်ပေါက်သည် ” ဟု ရှုတ်ချခဲ့ကြသည် ။


လူ့လောကတွင် နေ့စဉ်နှင့်အမျှ ဤအမှားမျိုး များကို သတိမထားလျှင် ကျူးလွန်မိကြ၏ ။ စေတနာဖြင့် လုပ်သည်ပင် ဖြစ်သော်လည်း မှားလျှင် အကျိုးယုတ်၏ ။ စာရေးသူ ကျောင်းဆရာ လုပ်ခဲ့စဉ်က အတွေ့အကြုံ တစ်ခု ရှိခဲ့၏ ။ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးသည် သမီးရီးစားပင် တိတိကျကျဖြစ်သေးသည်မဟုတ် ၊ လူငယ်တို့စိတ်ကူး

ရုံမျှသာရှိဦးမည် ၊ အခြားအဖော်များလည်း အတူပါသွားကြပါ၏ ။ အချိန်ကျလျှင် ပြန်လာကြမည်သာ ဖြစ်ပါသည် ။ သို့သော် တာဝန်ရှိသူ ဆရာများက စိုးရိမ်လွန်၍ စက်ဘီးများဖြင့် လိုက်သွားကြသည် ။ ကျောင်းသားကြီး များကိုလည်း ခေါ်သွားသည် ။


ဆရာများနှင့် ကျောင်းသားကြီးများလိုက်လာကြသည်ကို မြင်သော် အတူပါသွားသော အ​ေဖာ်များကအထိတ်တလန့် ဖြစ်ကြသည် ။ ကာယကံရှင် ကျောင်း သား နှင့် ကျောင်းသူတို့မှာလည်း ကြောက်လွန်းလှ၍ တောင်ပေါ်သို့ တက်ပြေးပုန်းအောင်းကြသည် ။ ဆရာများနှင့်ကျောင်းသားများက လိုက်လံရှာဖွေကြသည် ။ ခဏအကြာတွင် သတင်းပြန့်၍ မိန်းကလေး၏ အစ်ကိုများပါ တုတ်ဆွဲ ၊ ဓားဆွဲ ရောက်လာကြသည် ။ပုန်းအောင်းနေရာမှ လှမ်းမြင် နေရသော ယောက်ျားလေး နှင့် မိန်းကလေးမှာ ပိုပြီးကြောက်ရွံ့  တုန်လှုပ်မိကြသည် ။ ပုန်းအောင်းနေရာမှလည်း ထွက် မလာရဲတော့ပါ ။


ရှာသူများမှာ ကြာသည်နှင့်အမျှ ပို၍ စိတ်ဆိုးလာကြသည် ။ အစ်ကိုများကလည်း တွေ့လျှင်ရိုက် မည် ၊ ခုတ်မည်ဟု ကြိမ်းမောင်းနေကြသည် ။ ဤသို့ဖြင့် မိုးချုပ်ပြီး မှောင်သွားသည် ။ ရှာဖွေသူများ လက်လျော့၍ ပြန်ကြသည် ။ ကျောင်းသူနှင့်ကျောင်းသား မှာ ပြန်မလာဝံ့တော့၍ တကယ်ပင်ထွက်ပြေးကြရသည် ။ အရေးယူမှု လွန်ကဲသော အမှားကြောင့် ငယ်ရမည့် အမှုသည် ကြီးကြယ်သွားရခြင်းဖြစ်၏ ။


တစ်ဆိတ်ကို တစ်အိတ် လုပ်ခြင်း ၊ လွယ် သော ကိစ္စကို ခက်အောင်ပြုခြင်း ၊ လိုအပ်သည်ထက်ပိုမိုလွန်ကဲစွာ အကျယ်ချဲ့ပြီးလုပ်ဆောင်ခြင်းတို့သည် လွဲမှားခြင်းများပင် ဖြစ်၏ ။ ဝန်နှင့်အား ၊ မြားနှင့်လေး ဆိုသကဲ့သို့ မှန်ကန်စွာတွေးခေါ် မြော်မြင်နိုင်ခြင်း မရှိသည့် ညံ့ဖျင်းမှုသာ ဖြစ်၏ ။ ထိုလုပ်ရပ်မျိုးကို ရှေးလူကြီးသူမတို့ စက်ဆုပ်ခဲ့ကြသည် ။ထို့ကြောင့် “ ကလိန်စေ့ငြမ်းဆင်သည် ” “ ​ေလျှာမွေးသောမသာကို ဗာရာဏသီချဲ့ငိုသည် ” ဟု သရော်ရှုတ်ချကြသည် ။ တိုက်တာဘုရား ၊ ပုထိုး ကြီးကျယ်သောအဆောက်အအုံများကို တက်ရောက်ပြုပြင်ရန်အတွက် ငြမ်းဆင်၍ တက်ရသည် ။ ကလိန်စေ့ ဆိုသည်မှာ သေးသေးငယ်ငယ်မျှသာရှိ၏ ။ ထိုကလိန်စေ ပေါ်သို့ တက်ရောက်ရန် ငြမ်းဆင်နေသူမှာ ပြက်ရယ်ပြု စရာသာဖြစ်၏ ။ ထိုနည်းတူပင် နေ့လမစေ့ခင် သားလျော ( သားပျက် ) ကျသည်ကို စွန့်ပစ်လိုက်ရန်သာ သင့်ပါလျက် ကြီးကျယ်စွာ  ဈာပန အခမ်းအနားကျင်းပပြီး ငိုချင်းသည်ငှား၍ ငိုစေသည် ။ ငိုချင်းသည် ကလည်း “ ဗာရာဏသီရယ်မှလေး -” အစချီပြီး ငိုကြွေးပူဆွေးကြသည် ။ အမြင်မတော်သော အကျယ်ချဲ့မှုပင်ဖြစ်၏ ။


လုပ်ဆောင်မှု ဟူသမျှသည် သူ့ နေရာနှင့် သူ ၊ သူ့အကြောင်းနှင့်သူ ကိုက်ညီရုံမျှသာ ကောင်း၏ ။ပုရွက်ဆိတ်ကို အုတ်နီခဲဖြင့် ထုသတ်နေခြင်းသည်သတ္တဝါနှင့်လက်နက် မမျှ၍ အမြင်မတော်ပါ ။ လုပ်ဆောင်သူအတွက်လည်း မလိုအပ်ပါဘဲ ခွန်အားများကို ပိုပြီး အသုံး ချနေရ၍ မှားယွင်း၏ ။ ထိုနည်းတူပင် ကြက်ဥပြုတ်ကို တင်းပုတ်ဖြင့် ထုခွဲလျှင်လည်း

စားရတော့မည်မဟုတ်ပါ ။ ထိုသို့လွန်ကဲသော အမှားများနှင့်ပတ်သက်၍ ရှေးလူကြီးများက “ ခရုခါးတောင်းကျိုက်ဖမ်းသည် ” “ နှံပြည်စုတ် အမြှောက်နှင့်ပစ်သည် ” ဟု ဆိုရိုးစကားများထားခဲ့၏ ။ နောင်လာနောက်သားတို့ မှတ်သားရှောင်ရှားနိုင်ရန် သရော်ပြီး ဖော်ပြသည့်စကားပုံများ ဖြစ်ပါ၏ ။


အကြောင်းကိစ္စဟူသမျှမှာပင် လွန်ကဲလျှင် မကောင်းပါ ။ စည်းကမ်းရှိခြင်း ၊စည်းကမ်းကို လိုက်နာခြင်းမှာကောင်းပါ၏ ။ သို့သော် လိုက်နာသင့် လိုက်နာနိုင်သည်ထက် တင်းကြပ်လွန်းသော စည်းကမ်းများသည်ကား အကျိုး ပျက်၏ ။ မခံမရပ်နိုင်သည့် အဆုံးတွင် ဖောက်ဖျက်ကျူးလွန်မှုများပေါ် ပေါက်လာတတ်သည် ။ ထို့ ကြောင့် “ တင်းလွန်းလျှင်ပြတ်သည် ” ဟု စကားပုံ ဆိုထုံးပြုခဲ့ကြ၏ ။  


အချို့ မိဘများသည်သားသမီးကို လွန်လွန်ကဲကဲ တင်းကြပ်စွာ ချုပ်ချယ်ကြသည် ။ ချီးမွမ်းစရာရှိလျှင် အသိအမှတ်မပြုသော်လည်း အပြစ်ရှိလျှင်တော့ ကြီးကြီးငယ်ငယ် ခွင့်မလွှတ် ။ ဆုံးမအပြစ်ပေးရာတွင်လည်း ငေါက်ရုံနှင့်ပြီးရမည်ကို ရိုက်နှက်၏ ။ ရိုက်ရာတွင်လည်း တစ်ချက်နှင့် ပြီးသင့်သော အပြစ်ကို ဒေါသအလျှောက်အတိုင်းထက်အလွန် ရိုက် မိတတ်၏ ။ တင်းကြပ်လွန်းစွာ ချုပ်ချယ်ခံရသူ သားသမီး တို့မှာ လိမ္မာသည် ရှား၍ မလိမ္မာသည်သာများ၏ ။ တင်းလွန်းသောကြောင့် ပြတ်ခြင်းဖြစ်၏ ။


လိုအပ် သည်ထက် ပိုလွန်သမျှမှာ အမှားသာ ဖြစ်၏ ။ “ လှစေလိုလို့ သွားချောင်တိုက် ၊ရေစီးကမ်းပြို လိုက် ” ဟူသော ဆိုရိုးစကားသည် လှချင်လွန်း၍ မလှမပ ဖြစ်ရသည်ကိုပြညွှန်ထား၏ ။ “ ပြင်ဖန်များသော် ဘုရားရွှေကူမျောက်နှင့်တူ ” ဟူ

သော စကားပုံသည်လည်း စေတနာပို၍ လိုအပ်သည်ထက်ပိုပြီး ပြုပြင်လွန်းသောကြောင့် ပျက်ယွင်း သွားရသည်ကို ဖော်ပြထားခြင်းဖြစ်၏ ။ “ လူမှာအဝတ် တောင်းမှာအကွပ် ” ဆိုသကဲ့သို့ အဝတ်အဆင်သည် လှပတင့်တယ် စေပါ၏ ။

သို့သော် အဆန်းထွင်၍ ပြင်လွန်းလျှင် အဆင်တန်ဆာကြောင့်ပင် အလှပျက်၏ ။ စိန်ရွှေတန်ဆာဆင်လျှင် လှမည်ထင်၍ တစ်ကိုယ်လုံး ခြေအစ ခေါင်းအဆုံး စိန်ရွှေ အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းအောင် ဝတ်ဆင်ထားလျှင် လှတော့မည်မဟုတ်ပါ ။


မျက်ခုံးဆွဲခြင်း ၊ မျက်ရစ်ဆွဲခြင်း ၊ မျက်ခွံ ချယ်ခြင်း ၊ နှုတ်ခမ်းဆိုးခြင်း ၊ ပါးနီလိမ်းခြင်း စသည်တို့ကို လိုအပ်ရုံပြုလျှင် လှသော်လည်းလွန်မင်းစွာပြုလျှင်ကား မလှရုံမက ကြောက်စရာပင်ဖြစ်နေ၏ ။ အငင်မတတ်လျှင် ပန်းလျက်နှင့် မရသကဲ့သို့ အဆင်မတတ်လျှင်ဆန်းလျက်နှင့်မလှပါ ။


လွန်ကဲသောအလှများ နှင့်ပတ်သက်၍ စကားပုံများတွင် ထောင့်စုံအောင် လမ်းညွှန်ပြခဲ့သည် ။


“ ဓားထက်လွန်းပဲ့ ၊ လှံချွန်လွန်းလျှင်ကျိုး ”


“ ဆင်ချည်ကြိုးနှင့် ကြက်ကိုချည်သော်မမြဲ ” စသည်တို့မှာ လုပ်သင့်သည်ထက် ပိုလွန်းသော အမှားနှင့် ထိုအမှားကြောင့် အကျိုးယုတ်ခြင်းကိုပြ၏ ။ အချို့က လွန်သောအမှားကို “ စေတနာနှင့် မှားတာပဲဗျာ ” ဟု ဆင်ခြေဖြင့် ဖြေသိမ့်ကြ၏ ။ သို့သော် အမှားသည် အမှားသာဖြစ်၏ ။ သားဖြစ်သူသည် ဖခင်အပေါ် စေတနာစိတ်ဖြင့် ဖခင်၏ နဖူးတွင် ကိုက်နေ

သော မှက်ခြင်ကို တင်းပုတ်ဖြင့်ထု၏ ။ စေတနာနှင့်ပါဟု ဆိုသော်လည်း သေသောဖခင်မှာ ပြန်မရှင်နိုင်တော့ပါ ။


ထို့ ကြောင့် မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ၊ မလွန်အောင် မမှားအောင်သတိထားသင့်သည် ။ နေရာဌာနအလိုက် ကိုက်ညီအောင် လုပ်ဆောင်ရမည် ။ ပိုလွန်းလျှင်မှားသကဲ့သို့ ​ေလျာ့လွန်းလျှင်လည်းမှားသည် ။ 


သားသမီးကို လွန်ကဲစွာ တင်းကြပ်လွန်းလျှင် မှားသကဲ့သို့ အလိုလိုက်လွန်းလျှင်လည်း မှား၏ ။ လိုက်နာ သင့်သည့် စည်းကမ်းကို လိုက်နာစေရမည် ။ ဆုံးမသင့်သည်ကို ဆုံးမရ မည် ။ အပြစ်ပေးသင့်သည်ကို အပြစ်ပေးရမည် ။ နေရာတကာမှာ ခွင့်လွတ်လွန်းလျှင် စည်းပျက်ကမ်းပျက် ဖြစ်သွားတတ်၏ ။

အချို့သောမိဘများသည် သားသမီးကို ချစ်သည့် စိတ်ဖြင့်ပြောသမျှယုံ၏ ။ တောင်းဆိုသမျှကိုလိုက်လျော၏ ။ အပြစ်ရှိသော်လည်း ရိုက်ရန်ဝေး၍ ဆိုရုံမျှ မဆိုရက် ၊ ပြောရုံမျှ မပြောရက် ။ ထို့ ကြောင့် တစ်ဆင့်ထက်တစ်ဆင့်တက်၍ ဆိုးလာတတ်ပြီး နောက်ဆုံးတွင် အဖတ်ဆည်မရအောင် ဖြစ်တတ်သည် ။ လျော့လွန်းခြင်း အမှားကြောင့်အကျိုးယုတ်ရခြင်းဖြစ်၏ ။ ထို့ကြောင့် ရှေးလူကြီးများက “ လျော့လွန်းလျှင်ပတ် ” ဟု ဆိုရိုးစကား ထားခဲ့ခြင်းဖြစ်၏ ။


နေရာဒေသအလိုက် ၊ လုပ်ငန်း၏ အခြေအနေ အလိုက် ကိုက်ညီမှုမရှိဘဲ လျော့နည်းနေလျှင်လည်းမှား၏ ။ အပ်နှင့် ထွင်ရမည့်အရာကို ပုဆိန်ဖြင့် ပေါက်သော် အရေးပျက်သကဲ့သို့ ပုဆိန်နှင့်ပေါက်ရမည်ကို အပ်ဖြင့်ထွင်လျှင်လည်း အကျိုးမပြီးနိုင်ပါ ။ ဓားကို ထက်သည်ထက်ပို၍ လွန်ကဲစွာ သွေးလျှင် ပဲ့ သကဲ့သို့ သွေးသင့်သွေးအပ်သလောက် မသွေးလျှင်လည်း အသုံးပြု၍ ရမည်မဟုတ်ပေ ။


အဝတ်အဆင်ကို လိုအပ်သည်ထက်ပို၍ ပြင်လွန်းလျှင်လည်း မလှသကဲ့သို့ လိုအပ်သလောက်သပ်ရပ်တင့်တယ်အောင် ပြင်ဆင်ခြင်းမရှိ ၊ ပစ်စလက်ခတ်နေလွန်းလျှင်လည်း တင့်တယ်ခြင်းကင်း၍ မြင်သူတကာစိတ်ပျက်စရာ ဖြစ်တတ်သည် ။


ထို့ ကြောင့် လုပ်ငန်းတိုင်း နေရာတိုင်းမှာ တင်းလွန်းခြင်း ၊ ပိုမိုလွန်ကဲခြင်း စသည်တို့သည် မှားသကဲ့သို့ လျော့လွန်းခြင်းသည်လည်း မှားယွင်း၏ ။ လွန်သောအမှားကို ရှောင်အပ်သကဲ့သို့ နည်းသောအမှားကိုလည်း ရှောင်ရှားရမည်ဖြစ်သည် ။


နေ့စဉ်နှင့်အမျှ ဖြစ်သည့်ကိစ္စများမှစ၍ လွန်သောအမှားနှင့် လျော့နည်းသော အမှားများကို သတိထားသင့်သည် ။ သူငယ်ချင်း မိတ်ဆွေများနှင့်ဆက်ဆံရာမှာအကန့်အသတ်မရှိ ၊ စည်းလွတ် ဘောင်လွတ်သည်အထိ ရင်းနှီးမှု လွန်ကဲပါက မကြာမီ ပြဿနာနှင့်ကြုံရတတ်သည် ။ သို့သော်ထိုက်သင့်သည့် ရင်းနှီးချစ်ခင်မှု ၊ ပွင့်လင်းမှု ၊ ယုံကြည်စိတ်ချမှု မရှိဘဲ ခပ်စိမ်းစိမ်းနေလျှင်လည်း လူမှုဆက်ဆံရေးတွင် အဆင် ပြေမည် မဟုတ်ပေ ။


အစာအာဟာရ စားသုံးခြင်းသည် လူ၏ အသက်ရှင်သန်ရေးအတွက် အရေးကြီးသော်လည်း စားသင့်စားထိုက်သည်ထက် ပိုမိုလွန်ကဲစွာစားလျှင် “ အစားမတော် တစ်လုတ် ” ဆိုသကဲ့သို့ ဒုက္ခဖြစ်တတ်၏ ။ စားသင့်သည်ထက် လျော့နည်းပြီး စားပါကလည်း အာဟာရယုတ်လျော့၍ အသက်ရှည်မည်မဟုတ်ပေ ။


မည်သည့်ကိစ္စ ၊ မည်သည့်အလုပ်တာဝန်မှာဖြစ်စေ  လုပ်ဆောင်ရာတွင် လွန်ကဲသော အမှားများနှင့်လျော့နည်းသော အမှားများရှိ၏ ။ အချိန်ကာလအလိုက် နေရာဒေသအလိုက် ၊အကြောင်းအရာ အခြေအနေအလိုက်ကိုက်ညီမှန်ကန်အောင် ဆောင်ရွက်ရန် လိုသည် ။ လွန်ကဲသော အမှားနှင့် လျော့နည်းသော အမှားများကို ရှောင်ရှားနိုင်ရန် သတိထားပြီး ကောင်းကျိုးရအောင် ကြိုးစားကြရမည် ဖြစ်ပေသည် ။


     လယ်တွင်းသားစောချစ် 


     စကားပုံမှပေးသော အတွေးအမြင်


Tuesday, November 17, 2020

ကြီးရင်မှီ ငယ်ရင်ချီ


 ❝  ကြီးရင်မှီ ငယ်ရင်ချီ  ❞


လေးလေးတို့ မြန်မာမှာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ပြည့်စုံတဲ့ အစဉ်အလာ အလေ့အထ အဆိုအမိန့်တွေရှိပြီးသားကွဲ့ ။ ကိုယ့်လူမျိုး ကိုယ့်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အမှားအယွင်းကင်းဖို့ ပြောဆိုထားခဲ့တဲ့ အဆိုအမိန့်တွေကို ငါ့တူမများ သိထားသင့်တယ် ။


အလွန်ကျယ်ဝန်းတဲ့အကြောင်းအရာကို တို့များ တစ်ဆင့်ချင်း လေ့လာကြည့်ကြတာပေါ့ ။ ကဲ " အရွယ်ကိစ္စ ” ကိုစပြီး ဆွေးနွေးကြရအောင် ။ မိန်းကလေးများအတွက်ပြောထားခဲ့တဲ့ရှေးစကားရှိတယ် ။

ဒါကတော့


ကြီးရင်မှီ

ငယ်ရင်ချီ


ဆိုတဲ့စကားပဲ ။ ကိုယ့်ထက်အသက်ကြီးတဲ့သူ ယူတော့ မှီခို အားထားရသတဲ့ ။ ကိုယ့်ထက် အသက်ငယ်လူကိုယူရင် ကိုယ်က ချီနေရမယ်တဲ့ ။ သူက ကိုယ့်ကိုမှီခိုအားထားနေမယ်ဆိုတဲ့ သဘောပေါ့ ။ ဒါက မိန်းကလေး​ေတွ အတွက် ပြောထားတာ ။ ဒီတော့ ဆက်စဉ်းစားရမှာက ကြီးတဲ့ယောက်ျားယူရမယ်ဆိုတာတော့ ဟုတ်ပါပြီ ။ ကိုယ့်ထက် အသက်ဘယ်လောက်ကြီးတဲ့ယောက်ျားကိုယူရမလဲလို့ မေးစရာဖြစ်လာတယ် ။ အဲဒီအသက်အရွယ် ပိုင်းခြားမှုအတွက်ကိုတော့ မိန်းကလေးများ သိထားဖို့ ဆိုမိန့်ထားတာ မရှိဘူး ။ မရှိရတဲ့အကြောင်းရင်းက အိမ်ထောင်ရေးကိစ္စမှာ ယောက်ျားလေးက စတင်မှာဖြစ်ပြီး မိန်းကလေးက ကိုယ်နှစ်သက်လာရင် လက်ခံဖို့ စောင့်စားရွေးချယ်ရမှာကိုး ။ ဒီတော့ မိန်းကလေးက စတင်တဲ့ အလေ့မရှိတဲ့အတွက် အသက်အရွယ်ကို ရွေးဖို့ စာဆိုကို ယောက်ျားလေးအတွက် ရှေးလူကြီးများက ထားခဲ့ကြတယ် ။ အဲဒီ စာချိုးကတော့


" ဟဲ့ မိန်းမယူမယ်ဆိုရင် ဒွေးချိုးလေးတိုးနည်းနဲ့ယူ ” တဲ့ ။


လေးလေးတို့ ငယ်ငယ်က လူကြီးများပြောဖူးတဲ့စကား ။


ဒွေးချိုးလေးတိုးနည်း ဆိုတာကတော့ ယောက်ျားလေးက အသက် သုံးဆယ်ဆိုရင် သူရွေးချယ်ရမယ့် မိန်းကလေးရဲ့ အသက်က ဒွေးချိုး ဆိုတဲ့အတွက် ယောက်ျားလေး အသက်သုံးဆယ်ကို နှစ်ပိုင်းပိုင်း ဆယ့်ငါး ။ အဲဒီဆယ့်ငါးကို လေးတိုး ၊ ဆယ့်ကိုးနှစ်ပေါ့ ။ အဲဒါ အသက်သုံးဆယ်ရွယ် ယောက်ျားလေးယူသင့်တဲ့ မိန်းကလေးရဲ့ အသက်ပဲ ။


ယောက်ျားလေးက အသက် နှစ်ဆယ့်ရှစ်နှစ်ဆိုရင် အဲဒါကို ထက်ဝက်ပိုင်းတော့ ဆယ့်လေး ၊ ဆယ့်လေးကို လေးတိုးတော့ ၁၈ နှစ် ၊ အဲဒီဆယ့်ရှစ်နှစ်ဟာ အသက်နှစ်ဆယ်ရှစ်နှစ်အရွယ် ယောက်ျားလေး ယူသင့်တဲ့အသက်အရွယ်ပဲ ။


အသက်ငါးဆယ်ရွယ်လူကြီးတစ်ယောက်ကအိမ်ထောင်ပြုတော့မယ်ဆိုရင် ငါးဆယ်ရဲ့ တစ်ဝက်နှစ်ဆယ့်ငါးကို လေးပေါင်း ။ ၂၉နှစ်ပေါ့ ။ အဲဒီထက်အသက်ငယ်တဲ့ မိန်းကလေးကို အိမ်ထောင်ပြုမယ်ဆိုရင်တော့ " နွားအိုမြက်နုကြိုက် ” လို့ ပြောတော့တာပဲ ။ ယောက်ျားလေးနဲ့ မိန်းကလေးရဲ့ အသက်ကွာခြားမှုကို ဆုံးဖြတ်ပေးထားတဲ့ ယူသင့်တဲ့အရွယ် အပိုင်းအခြား ဒွေးချိုးလေးတိုး နည်းကို သေသေချာချာ လေ့လာကြည့်ရင် ဘဝတစ်လျှောက်လုံးအတွက် အဆင်ပြေအောင် သတ်မှတ်ပေးထားတယ်ဆိုတာ တွေ့ရမှာပဲ ။


လေးလေးတို့ မြန်မာမှာ မိန်းကလေး တစ်ယောက်ရဲ့အိမ်ထောင်ပြုသင့်တဲ့အရွယ်ကို ၁၈နှစ်ပြည့်မှအိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်တယ်လို့ သတ်မှတ်ထားတယ်နော် ။ အဲဒီ အိမ်ထောင်ပြုသင့်တဲ့အရွယ်ဆိုတာက အပျိုဖြစ်တဲ့ အရွယ်နဲ့ မဆိုင်ဘူးကွဲ့ ။


အပျိုဖြစ်တာကတော့ သူ့သွေးသားကျန်းမာရေး အရ ၁၄ နှစ်နဲ့ အပျိုဖြစ်ချင် ဖြစ်မယ် ။ ၁၆နှစ်မှာ အပျိုဖြစ်ချင်လည်း ဖြစ်မယ် ။ အဲ ၁၂ နှစ်မှာ အပျိုဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ ။ အဲဒါက တစ်ကဏ္ဍ ။


အသက် ၁၈ နှစ်မှာမှ အိမ်ထောင်ပြုဖို့အရွယ်ရောက်တယ်လို့ သတ်မှတ်ရတာက ဘဝအတွေ့အကြုံအရ စဉ်းစားဆင်ခြင်နိုင်စပြုတဲ့ အရွယ်ဖြစ်မှ အိမ်ထောင်ပြုသင့်တယ်လို့ သတ်မှတ်ပေးထားတာပဲ ။ ၁၈ နှစ်ထက် ငယ်သေးတဲ့အရွယ်မှာ စဉ်းစားဆင်ခြင်မှုမပါဘဲ ရူးရူးမိုက် မိုက်ဆုံးဖြတ်တာ ၊ ယောက်ျားလေးပြောသမျှအဟုတ်မှတ်လက်ခံတာတို့ ဖြစ်နိုင်တာကိုး ။ ၁၈ နှစ်ဆိုတော့အထိုက်အလျောက် စဉ်းစားနိုင်ပြီ ။


အဲသလို ၁၈ နှစ်ပြည့်ပြီးတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတော့မယ်ဆိုရင် ယောက်ျားလေးက အသက်၂၈နှစ် ရှိသင့်တယ်ဆိုတဲ့ စကားကို ဆက်စဉ်းစားကြည့် ။ အသက် ၂၈ နှစ်ဆိုတာ ပညာစုံလို့ စီးပွားရေးလောကထဲ ဝင်နေပြီဖြစ်တဲ့ အရွယ်ပဲ ။ အဲဒီအရွယ်ရောက်လို့မှ စီးပွားရေးအနည်မထိုင်သေးဘဲ မရေမရာနဲ့ ယောင်ချာချာဖြစ်နေမယ်ဆိုရင် လက်ထပ်ဖို့ သင့် မသင့် ဆုံးဖြတ်ဖို့ လွယ်သွားပြီလေ ။ ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုတဲ့စကားအရ အိမ်ထောင်ပြုရမယ့် အရွယ်ကို ဒုတိယအရွယ် သတ်မှတ်ပေးထားတာပေါ့ ။


မိန်းကလေးကလည်း စဉ်းစားဆင်ခြင်နိုင်တဲ့အရွယ် ၊ ယောက်ျားလေးကလည်း စီးပွားရှာနိုင်တဲ့အရွယ်ကို အိမ်ထောင်ပြုသင့်တဲ့ အရွယ်လို့ သတ်မှတ်ပေးထားတာ ဘေးဖယ်ပြီး ၁၆ နှစ် ၊ ၁၇ နှစ်နဲ့ ခိုးရာလိုက် ၊ ရုံးတက်လက် မှတ်ထိုးတော့ ကျွန်မ အသက် ၁၈ နှစ် ပြည့်ပါပြီဆိုပြီးလိမ် ။ အဲသလိုသက်တူရွယ်တူ ငယ်ငယ်လေးတွေနဲ့ ယူကြတော့ ဘာဖြစ်သလဲဆိုတော့ နှစ်ဘက် မိဘများရဲ့ အိမ် တစ်လှည့်စီကပ်စားရတာပေါ့ ။


အဲသလို ကပ်စားဖို့ရာမလွယ်တဲ့သူများမှာတော့ ယောက်ျားအယူကောင်းလို့ ဈေးဗန်းခေါင်းပေါ်ရွက်ရတဲ့ကိန်းဆိုက်ရော ။ အမယ် ဒါကိုပဲ ကျေနပ်နေကြသေးတာ ။ မောင်တစ်ထမ်းမယ်တစ်ရွက်တဲ့လေ  ။ အဲဒါက ရခါစကိုး ။ 


အိမ်ထောင်သက် ကြာလာတော့ မောင်က မထမ်းတော့ဘူး ၊ မယ်ပဲရွက်ရတော့တယ် ။ တစ်သက်လုံး ဈေးရောင်းကျွေးပေရော့ ။


တစ်ချို့ ယောက်ျားလေးများကတော့ အစကတည်းက ဈေးရောင်းတတ်တာ ရှာယူကြတယ် ။ သူဌေးသမီးကို မရရင် ယောက်ျား လေးတွေရဲ့ ဒုတိယပစ်မှတ်က ဈေးသည်ပဲ ။ ထားပါတော့လေ ။


လေးလေးအဓိကပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်ဖက် ရွေးချယ်ရာမှာ


ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားရှိထားလေတော့ အဲဒီစကားရဲ့ အဓိပ္ပါယ် ၊ရည်ရွယ်ချက်တွေကို ပြောပြတာပါ ။ ငါ့တူမများအတွက် အထောက်အကူပြုရတာပေါ့ ။


   ◾  ကံချွန် 


   📖  အပျိုစင်တို့သိဖို့ယောကျာ်းတို့အကြောင်း ( ၁ ) 

Friday, November 13, 2020

ဦးသန်းရွှေ နှင့် အီးတီ


 

❝  ဦးသန်းရွှေနှင့် အီးတီ  ❞

မြန်မာ့သမိုင်းတွင် ဘိုးတော်ဘုရားမင်းလက်ထက်သည် တန်ခိုးဩဇာ အလွန်ထက် မြက်ခဲ့သော ကာလဟု ဆိုနိုင်သည် ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ် သို့မဟုတ်မင်းဆက်တစ်ဆက်တွင် ထိုမင်းတစ်ပါးသည်အဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်း ၊ အဘယ်ကြောင့် တန်ခိုးဩဇာ လွှမ်းမိုးနိုင်ခဲ့သနည်း ဆိုသည်ကိုလည်း ပြန်ပြောင်းလေ့လာ သုံးသပ်လေ့ရှိကြသည် ။ မြန်မာမင်းတို့သည် လုပ်ဆောင်နိုင်စွမ်း ၊ အခြေအနေများက ထောက်ပံ့နိုင်စွမ်းများကြောင့် အောင်မြင်ခဲ့သည်ဆိုခြင်းထက် ဗေဒင် ၊ နတ် ၊ ယတြာ ၊ ရှေ့ဖြစ်ဟောစသည်တို့ကြောင့် အောင်မြင်ခဲ့ကြောင်း အယူသီးခဲ့ကြခြင်းမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်သို့ တိုင်ခဲ့ကြောင်း လေ့လာသုံးသပ်မိပါသည် ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာနိုင်ငံသည်ဗြိတိသျှတို့ လက်ထဲမှလွတ်လပ်ရေးကို ရယူခဲ့သည် ။ ၁၉၄၈ ခုနှစ် ပထမဆုံး နှစ်သစ်ဖြစ်သည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးရန်ဗြိတိသျှတို့က ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းလှသည် ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့ ၊ ၄ နာရီ မိနစ် ၂၀ အချိန် ဖြစ်သည် ။ အမှန်မှာ ဗြိတိသျှတို့၏  လန်ဒန်က သတ်မှတ်ပေးလိုက်သည့် အချိန်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၊ ည ၉ နာရီ မိနစ် ၅၀ အချိန်ဖြစ်သည် ။ သို့သော်မြန်မာနိုင်ငံသားတို့က ထိုအချိန်ကို ဗေဒင်ကိန်းခမ်းအရ တွက်ချက်ကြည့်လိုက်သည့်အခါ အချိန်မှာအပုပ်ချိန်ဖြစ်နေပြီး ၊ အခါမကောင်းဟု သတ်မှတ်ကာ နောက်တစ်နေ့သို့ ပြောင်းခဲ့ခြင်း ဖြစ်သည် ။

ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ကြရသည့် နိုင်ငံအများစုသည်လွတ်လပ်ရေး ရမည်ဟု ဆိုလိုက်လျှင် အမြန်ဆုံး ရယူလိုကြသည် ။ မြန်မာနိုင်ငံကား တစ်ရက်ဆိုင်းရသည့်အကြောင်းရင်း များစွာရှိသည် ။ မြန်မာတို့ အမှန်တကယ် လွတ်လပ်ရေး အရယူလိုသည့် နေ့မှာ ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်သော်လည်း ၊ ဗြိတိသျှတို့က ၃ ရက်နေ့တွင် ပေးပြီး ၊ မြန်မာတို့က ၄ ရက်နေ့ ရွှေ့ရသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ရသည်မှာ ဗေဒင်ကိန်းခန်းများအရပင် ဖြစ်သည် ။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ်အိုင်စတိုင်းဘတ်ကမြန်မာနိုင်ငံတွင် ဗေဒင်ကိန်းခန်းနှင့် ကိန်းဂဏန်းများအရ လုပ်ဆောင်တတ်ခြင်းမှာ အခြားနိုင်ငံများအဖို့ နားလည်ချင်မှ နားလည်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံသားတို့အတွက် မူ ဤအဖြစ်များသည် မထူးဆန်းသောကိစ္စများ ဖြစ်သည်ဟုရေးသားထားသည် ။

ဘိုးတော်ဘုရားလက်ထက်တွင်လည်း မည်သည​့်အခမ်းအနားလုပ်သည်ဖြစ်စေ ဗေဒင်ဆရာများ၏ အကြံပေးချက်အတိုင်း လိုက်လံလုပ်ဆောင်လေ့ရှိကြောင်း မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေးသားခဲ့သည် ။ သို့သော် ဗေဒင်ယတြာလုပ်တိုင်း အောင်မြင်ခဲ့သည်တော့ မဟုတ်ပေ ။မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း စိန်ခေါ်မှုပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည် ။ အထူးသဖြင့် စီးပွားရေး အောင်မြင်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးများကို အထူးအလေးပေး ဆောင်ရွက်ရင်းက လှော်ရင်းနစ်ပြီး ၁၉၆၂ ခုနှစ်တိုင်သွားပြီး စစ်တပ်က အာဏာသိမ်းသည့် ဘဝသို့ ရောက်သွားခဲ့ရသည် ။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့်နေ့မှာ ၁၉၆၂ ခုနှစ် ၊ မတ်လ ၂ ရက်နေ့ ၊ နံနက် ၈ နာရီ မိနစ် ၅၀ အချိန် ဖြစ်သည် ။ ထိုအချိန်သည်ကား အခါတော်ပေးများကြောင့် လုပ်ဟန်မတူပေ ။ အာဏာသိမ်း စစ်ခေါင်းဆောင်များသည် ထိုစဉ်က ကွန်မြူနစ်ယောင်ယောင် ၊ ဆိုရှယ်လစ်ယောင်ယောင်များ ဖြစ်နေကြသောကြောင့် အယူသီး အစွဲအလမ်းများ သိပ်မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မှအာဏာတည်မြဲရေးအတွက် နတ်ကိုး ဗေဒင်ကိုးများ ဖြစ်သွားခဲ့ကြရခြင်း ဖြစ်သည် ။ ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ရာစုလေးပုံတစ်ပုံခန့် စိုးမိုးအုပ်ချုပ်သွားခဲ့သူ ဖြစ်သည် ။ မြန်မာနိုင်ငံကို သူတို့ချမှတ်သည့် လမ်းစဉ်သည် ဆိုရှယ်လစ်လမ်းစဉ် ဖြစ်သော်လည်း မြန်မာ့နည်း မြန်မာ့ဟန် ဗုဒ္ဓနည်းကျသဘောတရားများကိုလည်း သွတ်သွင်းပြီးသူကိုယ်တိုင် ဗေဒင်ကိုး ၊ နတ်ကိုးဘဝသို့ ရောက်သွားခဲ့ရသည် ။ သို့သော် ၁၉၈၇ ခုနှစ် ၊ စက်တင်ဘာ ၅ ရက်နေ့တွင် နောက်ဆုံးအာဏာကိုစွန့်လွှတ်သွားခဲ့ရသည်သာ ဖြစ်သည် ။

မြန်မာနိုင်ငံသည် ဒုတိယအကြိမ် စစ်တပ်ကအာဏာသိမ်းမှုအပြီး တပ်မတော် စစ်ခေါင်းဆောင်များကြားတွင်လည်းအဆင့်ဆင့် အာဏာသိမ်းပိုက် မှုများ ဖြစ်ပွားခဲ့သည် ။ ဗိုလ်ချုပ်ကြီးစောမောင်နောက်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာပြီး အန္တရာယ်ရှိနေသော ဗိုလ်ချုပ်ခင်ညွန့်ပါ ဖယ်ရှားခြင်း ခံလိုက်ရသည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်လာချိန်တွင် အခါတော်ပေးများက ဇနီးဖြစ်သူအား ဗိုလ်ချုပ်မှူးကြီးသည် တစ်ချိန်က မင်းတစ်ပါးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို အုပ်စိုးရမည့် မင်းဆက်သစ်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည် ။ ဗိုလ်ချုပ်မှူးကြီး၏ အခါတော်ပေးများထဲတွင် ထင်ရှားသူတစ်ဦးမှာ အီးတီ ဖြစ်သည် ။ အီးတီသည်စကားမပြောနိုင်သော်လည်း ယခင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ပင်လျှင် မြန်မာနိုင်ငံသို့ရောက်လာပြီး အီးတီထံမှ အကြံဉာဏ် ယူရသည်ဟုဆိုသည် ။ အီးတီ၏ ဟောကြားချက်အရ သက်ဆင်သည် သေကိန်းမြင်သည်ဆိုသောကြောင့် နိုင်ငံမှ ခေတ္တရှောင်ခဲ့​သေးသည် ။ အီးတီသည် စကားမပြောနိုင် ၊ လေသံသဲ့သဲ့သာ ပြောဆိုသည်ဆိုသော်လည်း သူ၏ အစ်မဖြစ်သူက ကြားမှ ဘာသာပြန်ကာ ပြောဆိုပေးခြင်းဖြင့် ဟောကြားခြင်းဖြစ်သည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အလွန်အလေးထား ယုံကြည်ကိုးကွယ်ခြင်းခံရသည့် အီးတီဆိုသည်မှာ အသက် ၄ဝ ဝန်းကျင်ခန့် ရှိပြီဖြစ်သည် ။ ဒါရိုက်တာစတီဗင်စပီးဘတ် ရိုက်ကူးသည့် ET ဇာတ်ကားထဲကအတိုင်း သူ့စကားလည်း လူမသိ ၊ လူ့စကားလည်း သူမသိဆိုသည့် ET ကို ရည်ညွှန်းပြီး မြန်မာတို့က အီးတီဟု ခေါ်ဆိုကြခြင်းဖြစ်သည် ။

ယင်း အမျိုးသမီးကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အခါတော်ပေး ၊ အကြံပေး ဖြစ်နေခြင်းမှာလည်း အတော်ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည် ။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည်ပင် အီးတီ ထံ လာတွေ့ပြီးမှ မန်စီးတီးဘောလုံးကလပ်ကို ဝယ်ယူခဲ့သည် ဆိုခြင်းကြောင့် မြန်မာ့အီးတီ၏ အစွမ်းကား သေးငယ်လှသည်ဟု ယူဆရန်အကြောင်းမရှိပေ ။ အထူးသဖြင့် မြန်မာ့ခေါင်းဆောင်ပိုင်းကကိုးကွယ်ခြင်းခံရသူဆိုလျှင် မင်းပေါက်စိုးပေါက်ပြီး ထိပ်တန်းရောက်သွားရသလို ၊ ထိုထိပ်ပိုင်း ခေါင်းဆောင်များ အရာကျသွားလျှင် ချောင်ထိုးခံရခြင်း ၊ ဖမ်းဆီးအရေးယူခံရသည့်အစဉ်အလာများလည်း ရှိခဲ့ကြောင်း တွေ့ရသည် ။ ဥပမာ ဗိုလ်ချုပ်ခင်ညွန့် အလွန်ယုံကြည်ခြင်းခံရသည့် ဘိုးတော်သန်းလှ အရာကျကာ ထောင်ထဲထည့်ခြင်း ခံရပုံမျိုးဖြစ်သည် ။ Daily Telegraph သတင်းစာတိုက်မှ သတင်းထောက်တစ်ဦးသည် အီးတီနှင့် တွေ့ဆုံခွင့်ရရန်ကံအားလျော်စွာအခွင့်အရေး ရရှိခဲ့သည် ။ သူနှင့်တွေ့ဆုံခွင့်ရရန်အတွက် နှစ်ရက်ခန့် ကြိုတင်ရက်ချိန်းယူခဲ့ရသည် ။ သူတို့ လက်ခံတွေ့ဆုံမည့်သူများသည် နေ့စဉ်ဆိုသလို စာအုပ်ထဲတွင် ပြည့်နေတတ်သည် ။ အစိုးရဝန်ကြီးကိုယ်စား လာရောက်တွေ့ဆုံမေးမြန်းသည့် အင်ဒိုနီးရှားသံအမတ်ကြီးပင် ထိုစာရင်းတွင် ပါဝင်သည် ။ အီးတီ၏ အစ်မဖြစ်သူ ပြောပြချက်အရ အာရှမှသံတမန်ကြီးများ ၊ အတွင်းရေးမှူးများသည် သူတို့အတွက် ဖောက်သည်များ ဖြစ်ကြကြောင်းသိရ သည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ထူးခြားသော ဖြစ်စဉ်များမှာအတိတ်တဘောင်ဖြင့် မင်းနေပြည်တော်ကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည် ။ မင်းရူး ရူးနေသောသူ ဖြစ်သောကြောင့် မင်းဆိုသည်မှာ တိုင်းသစ်ပြည်သစ် တည်သည်ကို အကြောင်းပြုပြီး ရန်ကုန်မှနေပြည်တော်သို့ အုပ်ချုပ်ရေးမြို့ကြီးကို ပြောင်းရွှေ့ခဲ့သည် ။ နေပြည်တော်သို့ ပြောင်းရွှေ့ပြီး မကြာမီ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် နာဂစ်မုန်တိုင်းဒဏ်အကြီးအကျယ်ခံရပြီး ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည် ။ ထိုအဖြစ်က သူ့ကို ပိုပြီးဗေဒင်ယတြာများကို ယုံကြည်သွားစေခဲ့သည် ။ မြန်မာနိုင်ငံတွင် ထင်ရှားသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည့်အရေးတော်ပုံကြီးသည် ၁၉၈၈ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်  ဖြစ်ပေါ်ခဲ့ခြင်းကို အစွဲပြုပြီး ခေါ်ဆိုခြင်းဖြစ်သည် ။ ထိုအရေးတော်ပုံမှ ၈၈ မျိုးဆက် များ ပေါ်ထွက်လာခဲ့သည် ။ ၈၈ ခုနှစ် အင်းဝမင်းဆက်တွင် ထူးခြားသော ဖြစ်ရပ်များ ဖြစ်ခဲ့သောကြောင့် စစ်အစိုးရသည် ရှစ်ပူးခြင်းကို အလွန်ထိတ်လန့် တုန်လှုပ်ကာ ယင်းမျိုးဆက် များကို နှိမ်နင်းခဲ့ကြောင်းလည်းတွေ့ရသည် ။ မြန်မာနိုင်ငံ စစ်အစိုးရခေတ်ကို ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ ခုနှစ်က စတင်လိုက်သည်မှာ ၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိဂုံးချုပ်ခဲ့သောကြောင့် အဆုံးသတ်ခဲ့ရသည်ဟု ဆိုနိုင်သည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီး၏ ဩဇာအာဏာသည် လက်ရှိအစိုးရအပေါ်တွင် မည်မျှသော အတိုင်းအတာအထိ လွှမ်းမိုးထားဆဲဖြစ်သည်ကိုကား နားလည်ရခက်လှသည် ။ သူထူထောင်ခဲ့သောပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၊ သူမွေးထား ကျွေးထားခဲ့သော ခရိုနီများ ၊ သူထူထောင်ခဲ့သောနေပြည်တော်သစ်ကြီးကြောင့် သူ့ဩဇာအာဏာသည် ဘုန်းမီးနေလ တောက်နေလိမ့်ဦးမည်ဟု ယူဆစရာရှိသည် ။ သူ့ကို အနားယူလိုက်ပြီဟု ပြောသော်လည်း အဆောင်အယောင် ၊ အခမ်းအနား ၊ ခံစားခွင့်များ အပြည့်အဝသာမက လျှံနေအောင် ပေးထားပြီး သက်တော်စောင့်အဖြစ် ဗိုလ်မှူးချုပ်စိုးရှင် နှင့် ဗိုလ်ချုပ်နေဝင်း ( ယခင်ဗိုလ်ချုပ်ကြီးနေဝင်းမဟုတ် ) တို့ကို ဆက်လက်ထားပေးထားခဲ့သည် ။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးလက်သပ်မွေးခဲ့သော တပည့်
ရင်းကြီးများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးအောင်သောင်းတို့၏ လက်ရင်းတပည့် ဗိုလ်ချုပ်ကျော်ဝင်းကပါ ဗိုလ်ချုပ်မှူးကြီးကို ဆက်လက်စောင့်ရှောက်ပေးနေခဲ့သည် ။

ပြည်သူတို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လက်ရှိသမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရနောက်ကွယ်တွင် ကြိုးကိုင်ထားဆဲဖြစ်သည်ဟု ယုံကြည်နေကြသည် ။ ဗိုလ်ချုပ်ခင်ညွန့်၏ အင်တာဗျူးတစ်ခုတွင် ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က ယခင်ဗိုလ်ချုပ်ကြီးနေဝင်းကို သွားရောက်တွေ့ဆုံပြီး အကြံဉာဏ်တောင်းခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့လိုက်ရသည် ။ တစ်နည်းအားဖြင့်အာဏာသိမ်း စစ်ခေါင်းဆောင်ထဲတွင် အတွေ့အကြုံများစွာရှိသည့် စီနီယာတစ်ဦးထံသို့ တပည့်ရင်းဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်က သွားရောက်အကြံတောင်းရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းက မိမိတို့ စီနီယာများကို တိုင်ပင်ပါ ။ သူတို့ထံမှ အကြံဉာဏ်ယူပါ ။ သူတို့ကို နေရာပေးပြီး လုပ်ပါဟုသာ ညွှန်ကြားခဲ့ကြောင်း တွေ့ရသည် ။ ဗိုလ်ချုပ်ခင်ညွန့် သည်ပင် ဦးနေဝင်းအရှိန်အဝါဖြင့် နဝတအစိုးရအဖွဲ့ တွင် နေရာကောင်းကောင်း ရခဲ့ခြင်းဖြစ်သည် ။ မြန်မာ့တပ်မတော်မှ ဘောင်းဘီချွတ်များသည် နိုင်ငံရေးထဲသို့ ပါတီထောင်ကာရောက်လာကြပြီး နိုင်ငံတော်သမ္မတအထိ တာဝန်ယူထားကြသောကြောင့် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးသည် ရှေ့မတိုးနောက် မဆုတ် ဖြစ်ခဲ့ရသည့်အပြင် နောက်ကြောင်း ပြန်လှည့်သွားမည်ကိုပင် စိုးရိမ်နေရသည့်အနေအထားတွင် ရှိသည် ။ ယင်းတို့ထဲတွင် နှစ်ကာလပေါင်းများစွာ နေရာယူထားပြီး ကြွယ်ဝချမ်းသာနေကြသော တပ်မတော်ခေါင်းဆောင်များနှင့် အငြိမ်းစားများ၏ အရေးသည် သူတို့အပေါ်တွင် အကာအကွယ် ပေးမထားနိုင်သည့် ဒီမိုကရေစီ အစိုးရမျိုးသာ တက်လာလျှင်ဆိုသည့်အနေအထားကို တွေးပူမိကြမည်မှာ သေချာသည် ။ သို့ဖြစ်ရာစစ်တပ်၏ အခန်းကဏ္ဍကို လုံးဝနေရာမပေးသော အစိုးရမျိုးများ တက် မလာရေးအတွက်လည်း ဗိုလ်ချုပ်များနှင့် သူတို့ အသိုင်းအဝိုင်းများအားလုံး နိုင်ငံရေးအရလည်းကောင်း ၊ စစ်ရေးအရလည်းကောင်း အဆုံးစွန် အောက်လမ်း ၊ အထက်လမ်း နတ်ကတော် ဗေဒင်ဆရာများ အစွမ်းအားလုံးသုံးပြီး တိုင်းပြည်ကို ပိတ်ဖုံးကာကွယ်နေမည်ကလည်း သေချာလှတော့သည် ။

◾  တင်ညွန့်

📖  ဦးသန်းရွှေ၏ ယတြာများ

Friday, November 6, 2020

ာ်ျားတွေ


 

❝  မယားကြောက်တဲ့ ယောက်ျားတွေ ❞

ကိုယ့်မိန်းမကို ကြောက်တဲ့ ယောက်ျားတွေကို လေးလေးတို့ ယောက်ျားချင်း  “ မ-ယ-က ” လို့ ခေါ်တယ်ကွဲ့ ။ မယားကြောက်ပေါ့ကွယ် ။ ငါ့တူမများအနေနဲ့ မိန်းမကြောက်တဲ့ ယောက်ျား​ေတွ အကြောင်းလည်း သိထားသင့်တယ် ။ 

ကိုယ်ချစ်တဲ့သူကို ရပြီးတာနဲ့ လုံးဝ ဂရုမစိုက်တော့သူ ရှိသလို ချစ်သည် ဖြစ်စေ ၊ မချစ်သည် ဖြစ်စေ ၊ ရပြီးခါမှ " ဒီမယ်ကိုအဝှာ ” ဆိုလိုက်တာနဲ့ ခင်ဗျာဆို ရှေ့ရောက်လာတဲ့ လူလည်း ရှိတာပါပဲ။ အဲသလိုယောက်ျားမျိုးတွေ အကြောင်းလည်း ငါ့တူမများ သိထားဖို့ လိုဘယ်။

မိန်းမကြောက်တဲ့ ယောက်ျားများကို  “ ခင်ဗျားမိန်းမကို ဒီလောက် ကြောက်ရသလား” ဆို မေးကြည့် ။ ဘယ်တော့
ကြောက်တယ်လို့ ဝန်မခံပါဘူး ။ “ ဟီးဟီးကြောက်လို့ မဟုတ်ပါဘူးကွ ချစ်လို့ ” လို့ ပြောကြတာပါပဲ ။ ယောက်ျားတွေ မိန်းမကြောက်တာနဲ့ ပတ်သက်လို့ ပုံပြင်တစ်ခု ပြောပြချင်တယ် ။

ဟိုးရှေးရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အလုပ်မှာ ဝင်ဝင်ပြီးစွက်ဖက်နေသတဲ့ ။စီးပွားရေးကိစ္စမှာပဲ ဖြစ်ဖြစ် ၊ လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ် မိန်းမတွေ ဆုံးဖြတ်မှ ပြီးကြရသတဲ့ ။

ယောက်ျားတွေဟာ တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့  “ ငါ ငါ့ မိန်းမတိုင်ပင်လိုက်ဦးမယ်  ငါ့မိန်းမဆီ ခွင့်တောင်းလိုက်ဦးမယ် ”

ဆိုတဲ့ စကားတွေဟာ ပြောရိုးပြောစဉ်လို ဖြစ်နေသတဲ့ ။ အဲဒီလို ဖြစ်နေတာတွေကို ရှင်ဘုရင်ကြီးက သိပ်မကျေနပ်ချင်ဘူး ။ ဒါကြောင့် တစ်ရက် မှာတော့ ညီလာခံမှာ မေးတယ် တဲ့ ။

“ ဝန်ကြီးများ ”

“ ဘုရား ”

“ ငါ့တိုင်းပြည်မှာ မိန်းမ မကြောက်တဲ့သူများ ရှိသေးရဲ့လား ”

အဲသလိုမေးတော့ ဝန်ကြီးတွေ ဆိတ်ဆိတ်နေကြသတဲ့ ။

ဘယ်သူမျှ မဖြေဘူး ။ အတော်ကြာမှ ဝန်ကြီးတစ်ပါးက

“ အရှင်ဘုရား တိတိကျကျ သိလိုတော်မူပါက ကျွန်တော်မျိုးကြီး စီစဉ်ပေးပါ့မယ် ဘုရား ”

“ ဘယ်လိုများ စီစဉ်မှာတုံး ၊ ဝန်မင်းရဲ့ အစီအမံကို လျှောက်တင်စမ်းပါဦး ”

“ မှန်လှပါ ၊ ကျွန်တော်မျိုးကြီး မဏ္ဍပ်အဖြူ တစ်ခုနဲ့ မဏ္ဍပ်အနီတစ်ခု ဆောက်ပါ့မယ်ဘုရား ၊ ဆောက်ပြီးတာနဲ့ မောင်းကြေးနင်းခတ်လို့ မိန်းမ မကြောက်သူများ မဏ္ဍပ်အဖြူထဲ ဝင်ရမယ် ။ မိန်းမကြောက်တဲ့ သူများကတော့ မဏ္ဍပ်အနီထဲဝင်ရမယ်လို့ အမိန့်တော်ပြန်ပါ့မယ် ။ အဲဒီအခါမှာ မဏ္ဍပ်ဖြူ ထဲဝင်လာတဲ့ မိန်းမ မကြောက်သူများကို အရှင်မင်းကြီး မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ် ဘုရား ”

လို့ လျှောက်ထားလိုက်သတဲ့ ။ ဘုရင်မင်းမြတ်လဲ ဝန်ကြီးရဲ့ အစီအမံကို သဘောကျတာနဲ့ ကောင်းပြီဝန်မင်း ၊ ခုချက်ချင်း စီစဉ်လော့လို့ ခွင့်ပြုလိုက်တာပေါ့ ။ ဒါနဲ့ဝန်ကြီးဟာ နန်းဆောင်က
လှမ်းကြည့်ရင် မြင်သာတဲ့နေရာမှာ မဏ္ဍပ်အဖြူတစ်ဆောင်နဲ့ အနီတစ်ဆောင်ကို ထိုးလို့ မိန်းမ မကြောက်သူများ မဏ္ဍပ်အဖြူမှာ လာစုရမယ် ၊ မိန်းမ ကြောက်သူများကတော့ မဏ္ဍပ်အနီထဲမှာ လာခိုရမယ်လို့ ကြေညာမောင်းခတ်လိုက်သတဲ့ ။

အဲသလို ကြေညာမောင်းခတ်သံကြားရင်ပဲ ယောက်ျားတွေက တစ်ဖွဲဖွဲနဲ့ ရောက်လာကြတယ် ။ ဘုရင်ကြီးကလည်း စောင့်ကြည့်နေတာပေါ့ ။ မဏ္ဍပ်ဖြူထဲမှာ ဘယ်သူတွေ ဝင်လေမလဲလို့ ၊ လာသမျှ ယောကျာ်းတွေဟာ မဏ္ဍပ်အနီထဲချည်း ဝင်ဝင်သွားကြသတဲ့ ။ အတော့်ကို ကြာမှ ရှားရှားပါးပါး ယောက်ျားတစ်ယောက်ဟာ မဏ္ဍပ်ဖြူထဲမှာဝင်ပြီးကုပ်ချောင်းချောင်းနဲ့ ရပ်နေသတဲ့ ။ အဲသလို ဝင်ရပ်တာလဲမြင်ရော ဘုရင်ကြီးက မိန်းမ မကြောက်တဲ့ ယောက်ျားတစ်ယောက်တော့ တွေ့ပြီဟဆိုပြီး ဝမ်းသာအားရနဲ့

“ အို ဝန်မင်း ၊ ဟိုမယ် မိန်းမ မကြောက်တဲ့ ယောက်ျားတစ်ယောက်တော့ တွေ့ပါပေါ့လား ၊ ရှေ့တော်သွင်းစမ်း ၊ ဆုတော်လာဘ်တော်များ ပေးရအောင် ”

ဆိုပြီး မင်းမြတ်ကရှေ့တော်သွင်းဖို့ မိန့်လိုက်သတဲ့ ။ ဒီအခါ ဝန်ကြီးများကလည်း မဏ္ဍပ်အဖြူထဲကလူကို ဘုရင်မင်းမြတ်ရဲ့ ရှေ့တော်ခေါ်သွင်းလာရတာပေါ့ ။ ရှေ့တော်မှောက် ရောက်တဲ့အခါ

“ မောင်မင်း ”

“ ဘုရား”

“ မောင်မင်းကတော့ မိန်းမ မကြောက်ဘူးပေါ့၊ ဟုတ်စ ”

“ ကြောက်ပါတယ် ဘုရား ”

“ ဟဲ့ ကြောက်တယ်ဆို ဘာလို့ မဏ္ဍပ်အနီထဲ မသွားဘဲ မဏ္ဍပ်အဖြူထဲဝင်ရပ်နေရတာလဲ ။ငါကိုယ်တော်မြတ် အမိန့်တော် ထုတ်ထားတာ မသိဘူးလား ”

“ မှန်လှပါဘုရား ၊ ကျွန်တော်မျိုး သိပါတယ် ၊ အပြစ်ပေးလျှင်လဲ  ခံရပါမည် ၊ ကျွန်တော်မျိုး မှန်ရာကို သံတော်ဦးတင်ပါမည် ၊ အရှင်မင်းကြီးက မိန်းမကြောက်သူများ မဏ္ဍပ်အနီအတွင်း ဝင်ရမည်ဟု အမိန့်တော်မှတ်ထားသော်လည်း ကျွန်တော်မျိုးမိန်းမက လူရှုပ်သည့်နေရာ မနေရဘူးဟု မှာလိုက်သောကြောင့် လူရှင်းသည့် မဏ္ဍပ်ဖြူတွင်း ဝင်ရကြောင်းပါ ဘုရား ”

လို့လျှောက်လိုက်သတဲ့ ။

ပုံပြင်ကတော့ အဲဒါပါပဲ ။ ယောက်ျားများ မိန်းမကြောက်ပြီဆိုတော့လည်း ဘုရင့်အမိန့်တော်တောင်ဖီဆန်ပြီး ကြောက်ကြတာ ။

မယားကြောက်သူများနဲ့ ပတ်သက်တဲ့ စာချိုးတွေတောင် ရှိသေးတယ် ။

“ မိန်းမရှိခိုး သွားမကျိုး ၊

မိန်းမရိုသေ အသက်ရှည် ”

သတဲ့ ။ ယောက်ျားတွေ မိန်းမကြောက်တာက ချစ်ကြောက်ကွဲ့ ။ ဒါကြောင့် ချစ်လို့ဆိုပြီး ဆင်ခြေပေးကြတာပေါ့ ။ ကြောက်တာက နှစ်မျိုးရှိတယ်လေ ။ ချစ်ကြောက်ရယ် ၊ ရွံကြောက်ရယ် ။ မြွေတို့ ၊ ကြွက်တို့ ၊ ဖားတို့ ၊ ဖွတ်တို့ကို ကိုင်ရမှာ ကြောက်တာက ရွံကြောက် ။

ရွံကြောက်က လုံးဝကို မထိမတို့ချင်တဲ့ အကြောက် ။ ချစ်ကြောက်နဲ့ဆန့်ကျင်ဘက်ပဲ ။ ချစ်ကြောက်က ကြောက်ပေမယ့် အမြဲထိတွေ့နေချင်တဲ့ အကြောက် ။ ချစ်ကြောက်သမားများက ကြောက်ရတာကို ပီတိ ဖြစ်နေတာ ။

မယားကြောက်သူ အတော်များများရဲ့ ထူးခြားမှုကတော့ မျက်ရည် လွယ်တာပဲ ။ ချစ်သူဘဝမှာ ချိန်းတွေ့လို့ အဆင်မပြေမှု တစ်ခုခုတွေ့တိုင်း သူကချည်း ဦးအောင် ငိုနေပြီဆိုရင် သေချာပြီ ၊ အဲဒီကောင် ကိုယ်နဲ့ရလို့ကတော့ “ မယက ” ဖြစ်မှာပဲ ။

ငါ့တူမများသတိထားဖို့က ကိုယ့်ကိုကြောက်တဲ့ ယောကျာ်းယူမယ်ဆိုရင် အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လူမှုရေး မှာ ကိုယ်က ဦးဆောင်နိုင်တဲ့အရည်အချင်းရှိမှ ဖြစ်မယ် ။ မိန်းမက စီမံခန့်ခွဲနိုင်စွမ်းရှိမှ ဖြစ်မယ် ။ ဘာလို့လဲဆိုတော့ သူက ကိုယ်ခိုင်းတာလောက်ပဲ လုပ်မှာကိုး ။ ကိုယ်ကလည်း ဦးမဆောင်နိုင် ၊ သူကလည်းဦးမဆောင်တတ်ဖြစ်နေရင် အဲဒီအိမ်ထောင်ဟာ ဘယ်လိုမှ သာယာစိုပြည်မှုရှိမှာ မဟုတ်ဘူး ။ တိုးတက် မှာ မဟုတ်ဘူး ။ အဲသလို စုံတွဲက ပေါက်ဖွားမယ့် သားသမီးတွေဟာလည်း ကိုယ်ရည်ကိုယ်သွေးညံ့တဲ့ အူတူတူ အတတ သားသမီး အစွမ်းအစမရှိတဲ့ သားသမီးလေးတွေ များလာတာပဲ အဖတ်တင်တယ် ။ ဒီတော့ ငါ့တူများ စဉ်းစား ။

မယားကြောက်တဲ့ ယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးမယ်ဆိုရင် ကိုယ်ထူထောင်မယ့် အိမ်ထောင်မှာ ကိုယ်က ဦးဆောင်နိုင်တဲ့ အင်အားရှိရဲ့လားလို့ ။

ယောက်ျားကို နိုင်ရတယ်ဆိုတာ ဂုဏ်ယူစရာလို့ ထင်နေရင် အဲဒီ ဂုဏ်ကိုရဖို့ အိမ်ထောင်ရေးတာဝန်အားလုံး ကိုယ်ကယူရလိမ့်မယ်နော ။ လေးလေးရဲ့ အယူအဆကို ပြောရရင်တော့ ဘယ်သူ့ကို ဘယ်သူကမျှ နိုင်ဖို့မလိုပါဘူး ။ ဆိုးတူကောင်းဘက်ဘဝကို ထူထောင်ဖို့ စိတ်တူကိုယ်တူ တိုင်ပင်ရုန်းကန်ဖို့ပဲ လိုတယ်လို့မြင်တယ် ။

အိမ်ထောင်ပြုတာပဲဟာ ၊ အားကစားလုပ်တာလည်း မဟုတ် ၊ လောင်းကစား လုပ်တာလည်း မဟုတ် ။ ပြီးတော့ ချစ်လို့ယူခဲ့ကြတာ ။

ရန်သူတွေလည်း မဟုတ် ။ တစ်ယောက်ကို တစ်ယောက်ကြောက်ဖို့လည်း မလိုဘူး ။ နိုင်ဖို့လည်း မလိုဘူး ။ ချစ်ဖို့ပဲ လိုတယ်လေ နော့ ။

   ◾  ကံချွန်

   📖  အပျိုစင်တို့သိဖို့ ယောကျာ်းတို့အကြောင်း ( ၁ )

Tuesday, November 3, 2020

ကျွန်ုပ်ခံရ ချစ်ဒုက္ခ


 

  ❝  ကျွန်ုပ်ခံရ ချစ်ခုက္ခ  ❞

ကျွန်ုပ်သည် “ အိမ်ထောင်ရေးကျမ်း ” ကို အဘယ်ကြောင့် ရေးလိုသည် ၊ ရေးရသည်၏ အကြောင်းရင်းများကို အထက်တွင် ဖော်ပြပြီးခဲ့ပေပြီ ။ ထိုဖော်ပြပြီးခဲ့သည့် အကြောင်းရင်းများထက် ပို၍ အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိပေသေး၏ ။

ကျွန်ုပ်ကား အသက် ၅၀ ရှိပေပြီ ။ အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်၏ ။ အိမ်ထောင်လည်း ၃ - ၄ ဆက် ပြောင်းခဲ့ရပြီ ။ ကျွန်ုပ်၏ အိမ်ထောင်ရေး အဆက်ဆက် တစ်သက်တာဘဝတွင် ချမ်းမြကြည်သာ အဆင်ပြေပါသည်ဟု ပြောပလောက်အောင် တစ်ကြိမ်တစ်ခါမျှ မတွေ့ရ ။ သို့မတွေ့ရသည်များမှာ ' ကံ ' ကိုချည်း ချရန်မဟုတ် ။ အတိတ်ကံလည်း ရှိချင်ရှိပေမည် ။ ပစ္စုပ္ပန်ကံဟု ခေါ်ထိုက်သောပစ္စက္ခ လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျ၍လည်းဖြစ်နိုင်သည် ။ ကျွန်ုပ်၏ ပတ်ဝန်းကျင် အခြေအ​ေန အကျိုးအကြောင်းတို့ကြောင့်လည်း ဖြစ်နိုင်သည် ။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တစ်ဘဝလုံးတွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒုက္ခသောကအမျိုးမျိုးတို့ကို ကုန်း၍ ရုန်း၍ ခံခဲ့ရသည်များကို ဖော်ပြခြင်းသည် ကျွန်ုပ်၏ချို့တဲ့ချက် ၊ချွတ်ယွင်းချက် များကိုလည်း မခြွင်းမချန် ရေးပြလိုသည် ။

သို့မှသာ နောင်လာနောက်သား နှောင်းလူများကို ကျွန်ုပ်တွေ့ကြုံ  ခံစားခဲ့ရသည့် အဖြစ်ဆိုးမျိုးမှ လွတ်ကင်းအောင် တတ်နိုင်သမျှ ရှောင်ကြည်နိုင်ပေမည် ။ သို့ရှောင်ကြည်နိုင်သဖြင့်အိမ်ထောင်ရေးသုခ ရသင့်သလောက် ရကြပါဘိမူကား ကျွန်ုပ်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်ထုတ်ရေးသားရကျိုးနပ်ပေပြီဟု ထင်မှတ်ယုံကြည်မိပေသည် ။

၄င်းပြင် ကျွန်ုပ်၏ အိမ်ထောင်ရေး သင်ခန်းစာများကို ဝတ္ထုရေးလျှင်
လည်း ဖြစ်ပါ၏ ။ ဆောင်းပါးလည်း ရေးနိုင်ပါ၏ ။

သို့သော် ဝတ္ထုဟူသည် ဇာတ်လိုက် များကိုအသားပေး၍ရေးမြဲဖြစ်သည် ။ ဇာတ်လိုက်ပြောသမျှသည် အဟုတ် ၊ ဇာတ်လိုက်လုပ်သမျှသည် အမှန် ၊ ဇာတ်လိုက်ကြံသမျှသည် အကောင်းချည်း ရေးရမြဲဖြစ်ရာ ဤသို့ရေးလျှင် စာဖတ်သူများ တကယ့်ဖြစ်စဉ်, တကယ့်ဘဝကို မသိဘဲနေမည် ။ သို့အမှန်ကို မသိရလျှင် အဘယ်မှာလျှင် သင်ခန်းစာရပါတော့အံ့နည်း ။

ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် ဝတ္ထု သဘောကို အနည်းငယ် ဖော်ပြလိုပေသည် ။ ဝတ္ထုဟူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဇာတ်လိုက်ကို အသားပေးကာ ရေးသားမြဲဖြစ်သဖြင့် ဇာတ်လိုက်နှင့် ပဋိပက္ခပြုသူမှန်သမျှမှာ လူကြမ်း ( ဗီလိန် ) လုပ်၍ ရေးရသည် ။

ဥပမာ ဇာတ်လိုက် ကျားနှင့်မတို့ မညားအောင်ဖျက်ဆီးသည့် မိဘများမှာ လူကြမ်း ( ဗီလိန် ) တွေ ဖြစ်ကြရသည် ။

တကယ့်ဖြစ်စဉ်များမှာမူ မိဘသည် ဗီလိန်မဟုတ်ပါပေ ။ မိဘဟူသည် သားသမီးကို ဘုရားသခင်၏မေတ္တာတော်မျိုးဖြင့် ချစ်၏ ။ ၄င်းပြင် မိဘများသည် ပျိုခဲ့ အိုခဲ့ဖူးပြီဖြစ်ရာ အိမ်ထောင်ရေးအတွက် လူငယ်တွေထက် ပို၍သိ၏ ။ ဗဟုသုတရှိ၏ ။ သို့ပါလျက် ဇာတ်လိုက်ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့် မိဘမှာ ဗီလိန် ဖြစ်ရရှာသည် ။

အမှန်မှာကား အကယ်၍ အိမ်ထောင်ဘက်ပြုမည့်သူကို မိဘက သဘောမတူဖြစ်ငြားအံ့ ၊ သဘောမတူနိုင်လောက်သည့် အကြောင်းရင်း လုံလောက်အောင် ရှိပေမည် ။

ဤနေရာတွင် ရှေးစကားပုံမှာ ဘယ်တော့မှ ရိုးမည်မဟုတ်သော စကားပုံပင်ဖြစ်၏ ။

“ ဆင်စီး၍ မြင်းရံသည်ကိုသာ မြင်လိုသည် ”

“ ဆင်နင်း၍ မြင်းကန်သည်ကို မမြင်လို ”

ဤစကားပုံအတိုင်း မိဘသည် သားသမီးကို မိမိကိုယ်တိုင်ထက်ပို၍ ချစ်တတ် ကြင်နာတတ်မြဲဖြစ်ရာ ဝတ္ထုထဲက ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့်ကျေးဇူးရှင် မိဘနှစ်ပါးမှာ လူကြမ်းတွေဖြစ်ကြရသည် ။ မိဘကို တော်လှန်ပုန်ကန်သော လူငယ်များမှာ ဇာတ်လိုက်ဟီးရိုးတွေ ဖြစ်ကုန်ကြသည် ။

ထိုကဲ့သို့သော ဝတ္ထုပြီသသည့်ဝတ္ထုများကို လူငယ်များဖတ်ရှုအားကျကာ မိဘကို တော်လှန်ပုန်ကန်ကြ၏ ။ မိဘ၏စကား ပျားပမာချိုပါလျက် တမာလိုခါးကြ၏ ။

ဝတ္ထုထဲတွင်ကား “ မိဘကိုတော်လှန်သော လူငယ်များ ပျော်ပါးရွှင်ပျစွာ နေကြရလေသတည်း ” ဟုရေးမည်ဖြစ်သော်လည်း တကယ့်ဖြစ်စဉ်မှာကား ထိုသားသမီးတို့သည် ဆင်းရဲခြင်းကြီးစွာနှင့် တွေ့ရလေသတည်းသာ ဖြစ်ပေလိမ့်မည် ။

ထို့ကြောင့် ကျွန်ုပ်၏ အိမ်ထောင်ရေးဖြစ်စဉ် ဝတ္ထုအသွင်မရေးဘဲ “ ကျမ်း ” အဖြစ် ရေးသားခြင်းဖြစ်၏ ။ သို့ရေးမှလည်း အပြစ်အနာချွတ်ယွင်း လွဲချော်ရာများကို တိတိကျကျ ဖော်ပြနိုင်မည် ဖြစ်သတည်း ။

   ◾ ရန်အောင်

   📖  အိမ်ထောင်ရေး အဘိဓမ္မာ

Thursday, October 29, 2020

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၂ )


 “ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၂ ) ”


    မဆလ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်ကြီးနေဝင်း  လက်ထက်က “ ဒို့လူတွေ  ရှိသေးလား ”  ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ် ။  “ ဒို့လူတွေ ” ဆိုတာက  သူတပ်ရင်းမှူး လုပ်ခဲ့တဲ့  အမှတ် ( ၄ ) ဗမာ့သေနပ်ကိုင်တပ်ရင်းမှာ သူနဲ့ အတူတာဝန်ထမ်း ခဲ့ကြတဲ့  သူ့တပည့်ရင်း အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး နေဝင်း ကာကွယ်ရေး ဦးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၄၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့  ဗမာ့တပ်မတော်ရဲ့  ထိပ်ပိုင်း တပ်မှူးကြီးတွေ  ( ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို  တဦးချင်းဖြစ်စေ ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး “ ဒို့လူတွေ  ” နဲ့   အစားထိုးခဲ့ပါတယ် ။


    အခု နအဖစစ်အာဏာရှင်  ဗိုလ်ချုပ်မှူးကြီးသန်​းရွှေ လက်ထက် မှာလည်း  သူ  ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ၊  ဧပြီလက စပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ “ သူ့လူတွေ ” နဲ့  အစားထိုးနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ တာ  တွေ့ရှိရပါတယ် ။  အခုလက်ရှိ သူ့ဘေးမှာ ဝန်းရံထားသူအများစုဟာ  သူ တပ်ရင်းမှူး ၊  ဗျူဟာမှူး ၊ တပ်မမှူး ၊  တိုင်းမှူးနဲ့

ဒုတိယကာကွယ်ရေးဦးစီးချုပ်  စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူ့တပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ ၊ သူကိုယ်တိုင်  ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ။


     OTS အပတ်စဉ် ( ၉ ) သင်တန်းဆင်း အရာရှိတဦးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ဟာ ခလရ ( ၁ ) ၊  ခမရ ( ၁ဝ၁ ) ၊ တပ်မ

(၈၈) ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ ) စတဲ့  တိုက်ခိုက်ရေးတပ်တွေမှာ  တာဝန်အဆင့်ဆင့်ကို  ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက် မှာ ထူးချွန်အောင်မြင်တဲ့ တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး ။ ၁၉၈ဝ ခုနှစ်လောက်က တပ်မ ( ၈၈ ) တပ်မမှူးဘဝနဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို  ထမ်းဆောင်နေစဉ်  တပ်မ ( ၈၈ )ကို ဗကပ ( ၈၁၅ ) စစ်ဒေသ ( ယခု ဦးစိုင်းလင်း ၏ မိုင်းလား  အပစ်ရပ်အထူးဒေသ ) လက်အောက်ခံ တပ်တွေကပြင်းပြင်းထန်ထန် ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  တပ်မ ( ၈၈ ) လက်အောက်ခံ  အမှတ် ( ၃ ) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်ပါကျဆုံးခဲ့ရပြီး စစ်သည်တွေနဲ့ မိသားစုအများအပြားသေဆုံးခဲ့ရဘူးပါတယ်  ။


     ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့  စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့ အတွက် အရေးယူမခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့  မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော်

မတီဝင်အဖြစ်တောင်  ချီးမြှင့်မြှောက်စားတာကို  ခံခဲ့ရပါတယ် ။ ၁၉၈၃  ခုနှစ်မှာ   နတခ တိုင်းမှူးနဲ့  ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ  ရာထူးတွေကိုပါ ချီးမြှင့်ခံခဲ့ရပြီး  ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်က အသက် ( ၅၂ ) နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ရာထူး   အဆင့် ( ၂ ) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ်   ဖြစ်လာတဲ့အပေါ် မဆလတပ်မတော်  ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ   မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့  အားလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြရတယ်လို့ ဆိုပါတယ် ။


ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ စစ်မတိုက်တတ်ပေမဲ့ “ လက်ဘက်တော့ ကောင်းကောင်း ထုပ်တတ်တယ် ” ဆိုတဲ့  လူစားထဲမှာ ပါပုံရပါတယ် ။  သူက  အရာရှိပေါက်စဘဝနဲ့  ကက /  ပြည် ၊ မပခ နဲ့ တပ်မဟာ ( ၁ ) တို့မှာ နယ်လှည့်  စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း    နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေေကြောင့် လူတွေရဲ့  စိတ်ဓာတ်သဘောသဘာဝနဲ့ နိုင်ငံရေး အလားအလာတချို့ကို ကြိုတင်တွက်ချက်  ခန့်မှန်းနိုင်ပြီး  လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းရှိကြောင်း သိရှိရပါတယ် ။


     ဒါပေမဲ့ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံး အရေးအခင်းကာလမှာတော့  စစ်အာဏာရှင်ကြီး  ဦးနေဝင်းနဲ့ သမီးကြီး  ဗိုလ်မှူး စန္ဒာဝင်းတို့က  ဗိုလ်ချုပ်သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် ကို  ရှေ့တန်းတင် ပွဲ ထုတ်လာတဲ့အတွက် ဗိုလ်ချုပ်သန်းရွှေ ရဲ့ စိတ်ထဲမှာ ဦးနေဝင်းမိသားစုနဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့အပေါ်   အငြိုးအတေးတွေ စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ် ။  ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာလအတွင်း  စစ်အာဏာရှင်ကြီး ဦးနေဝင်းက  ဗိုလ်ချုပ်ကြီး  စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ကို    သူ့ရဲ့အိမ်တော်မှာ  ခေါ်ယူတွေ့ဆုံပြီး  စစ်တပ်နဲ့အာဏာသိမ်းဖို့ ၊  စစ်အာဏာသိမ်းကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က   ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးချုပ်တင်ဦး  တို့ကိုအတွင်းရေးမှူး ( ၁ ) နဲ့ ( ၂ ) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင် တဦးအဖြစ်နဲ့သာ  ထည့်သွင်းခဲ့ပြီး အရေးပါတဲ့  စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို  ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက် ၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ  ကြီးကြပ်စေခဲ့တာကြောင့်  ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့ အပေါ် အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ် ။


     ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ မကျေနပ်မှုတွေကို  ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က   နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး  ဗိုလ်ချုပ်ကြီးသန်းရွှေ ကို နဝတစစ်ကောင်စီရဲ့  ဒုတိယဥက္ကဌအဖြစ်  ခန့်အပ်တာဝန်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုအကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ပြည့်နှစ်  အစောပိုင်းရောက် မှ ဗိုလ်ချုပ်ကြီး သန်း

ရွှေကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ် ။ ဒါပေမယ့် အ ငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ခြေလှမ်းအမှားကို  စောင့်ဆိုင်းရင်း ဆင်ကြံကြံ  နေခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နေရာတကာ သူ့လက် သူ့ခြေ ဖြစ်နေတဲ့  ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း သိပ်ကြည့်မရပေမဲ့   စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံး အရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာသိမ်းဖို့  အခြေအနေတွေပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ  ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ အချိုသတ် ဆက်ဆံထားဖို့  ဆုံးဖြတ်ခဲ့ပုံရပါတယ် ။


     ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ  ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ  တစညပါတီ    အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲပြီးရင် တပ်မတော်က စစ်တပ်လျားကို ပြန်မယ်လို့  အာချောင်မိခဲ့ပါတယ် ။  ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ  NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ   ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့   သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ ကိစ္စနဲ့ NLD ပါတီကို  အာဏာလွှဲပေးဖို့ ကိစ္စတွေအပေါ်အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ် ။ NLD ပါတီက သူတို့ အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ၊  ဗိုလ်မှူးကြီးနဲ့အထက်တပ်မတော် အရာရှိကြီးတွေကို  ဖယ်ရှားသန့်စင်ပစ်ဖို့  စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှုတွေ ကိုလည်းပြုလုပ်ခဲ့ကြပါတယ် ။


     ဘေးကျတ်နံကျတ် အခြေအနေတွေနဲ့  ရင်ဆိုင်လာရတဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ  သောက်လာခဲ့ရာက နောက်ဆုံးမှာ  စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ အကွက်ကောင်းကိုချောင်းနေတဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို  တလုံးမှ  ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ  ထုတ်လွှင့်ခိုင်းခဲ့ပြီး   ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ် ။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ကျော်ဝင်း  (နောင်  အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်

ကြီး ) ဦးဆောင်တဲ့  သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဆေးထောက်ခံစာ   ရေးခိုင်းခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းသန်းရွှေဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့  စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို   အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင်  စစ်တိုင်းမှူးတဦးချင်းစီရဲ့  သဘောထားကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။


    အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့   ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  သူကိုယ်တိုင် လက် မှတ်ရေးထိုးထားတဲ့ နဝတ ကြေ ငြာချက်အမှတ်  ၈ / ၉၂ ကို  ၁၉၉၂ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက်နေ့ ရက်စွဲနဲ့  ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း  ကြေ ငြာခဲ့ပါတယ် ။  “ နိုင်ငံတော်၏  မြားမြောင်ကြီးလေးလှသော  အလုပ်တာဝန်များ၏

ဒဏ်ကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်၏  ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချို့ယွင်းလာ သဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြု ထောက်ခံ တင်ပြလာပါသည် ။ အထက်ပါ ဆရာဝန်ကြီးများ၏ အကြံပြုထောက်ခံချက်ကို

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး  ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေ ငြာအပ်ပါသည် ။ ” ဆို ပြီး  ဗိုလ်ချုပ်ကြီးသန်း‌ရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်  ကို   ပညာသားပါပါ ဖယ်ရှားပစ်ပြီး အာဏာသိမ်းခဲ့ပါတယ် ။  နဝတ အတွင်းရေးမှူး ( ၁ )  ဗိုလ်ချုပ်ခင်ညွန့် ကလည်း  အဲဒီနေ့ ရက်စွဲနဲ့   နဝတ ကြေ ငြာချက် အမှတ် ၉ / ၉၂ ကို  ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌနေရာကို ယခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆက်လက် တာဝန်ယူ သွားမှာဖြစ်ကြောင်း ကြေ ငြာခဲ့ပါတယ် ။ ( တကယ်တော့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ  ဧပြီလ ( ၂၂ ) ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ် ။ )


       ဒီဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။ သူ့ အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေးနေရာယူဖို့ ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ်ထောက်လှမ်း ရေးအကြီးအကဲ  ဗိုလ်ချုပ်ခင်ညွန့် နဲ့   ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဟာ   ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနဲ့ထိုးခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့  ဗိုလ်ချုပ်ခင်ညွန့် တို့ကို  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဇနီး   ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်ဆဲ ခဲ့တာကိုလည်း အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။


     ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့  တပြိုင်နက် သူ့ရဲ့ အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ်ကတော့ စစ်ရုံးချုပ်နဲ့   ဗိုလ်ချုပ်ခင်ညွန့် ရဲ့  စစ်ထောက်လှမ်းရေးဌာန တွေမှာ  “ သူ့လူတွေ ”  ကို နေရာချထားလာခြင်း  ဖြစ်ပါတယ် ။ သူ တပ်မ ( ၈၈ ) တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး ( ဒုတိယတန်း ) အဖြစ်နဲ့ သူ့လက်အောက် မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဒုဗိုလ်မှူးကြီး ကျော်ဝင်း  ( မန္တလေး  အမှတ် ( ၁ ) စစ်ထောက်လှမ်းရေးတပ်မှူး ) ကို   မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ  ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ  ဗိုလ်ချုပ်ခင်ညွန့် ကို  ထိမ်းချုပ်နိုင်ဖို့  စတင်ကြိုးပမ်းခဲ့ပါတယ် ။


ဒါ့အပြင်  မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့်  ဗိုလ်ချုပ်မှူးကြီး စောမောင်က  အပြစ်ပေးတဲ့အနေနဲ့  စစ်ရုံးချုပ်ကနေ  ယာယီ  နှင်ထုတ်ထားတဲ့ သူ့တပည့်ရင်း ဗိုလ်ချုပ်တင်ဦး ( အတွင်းရေးမှူး ၂ ) နဲ့  ဗိုလ်မှူးကြီး ခင်မောင်သန်း ( စစ်ဦးစီးမှူး  ပထမတန်း ) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ် ။  ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ ( ၁၁ ) တပ်မမှူးအနေ နဲ့    ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က  သူ့ အနီးမှာ ခေါ်ယူထားပြီး  စစ်ရုံးချုပ်ကနေ တပ်မ ( ၁၁ )ကို ကွပ်ကဲစေခဲ့ပါတယ် ။ သူ့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ ( ၁၁ ) မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့    လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ် ။


     ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ  နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့ မှာ  တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ်မကြိုင် ရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး ။  ဗိုလ်မှူးဆန်းဆင့်  က စစ်ရာထူးခန့်ချုပ်   ဗိုလ်ချုပ်ဆန်းဆင့် ။ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း  က ခြေလျင်လည်းမဆင်း ။ စစ်လည်းမတိုက်ရဘဲ  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံးချုပ်စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်း ဖြစ်လာကြကြောင်း တင်ပြလိုက်ရပါတယ် ။



ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု                                           

သုတေသန နှင့် မှတ်တမ်းတင်ဌာန