❝ စိန်ဓားမြှောင် ဇာတ်လမ်း ❞
ကျွန်တော် ကိုင်ရမည့် ဆေးရုံ မှာ ခပ်သေးသေး ဖြစ်လေသည် ။ ဆေးသမားများ ၏ “ ဘို ” လေသံဖြင့်ဆိုလျှင် 50 Bedded Hospital ဟုခေါ်၏ ။ အတွင်း လူနာ ၅ဝ လက်ခံနိုင်သော ဆေးရုံ ဖြစ်သည် ။ မြန်မာစာ ရုံးသုံး ဖြစ်လာသည် တမုံ့၌ ကျွန်တော့် ဌာနဆိုင်ရာ အကြီးအကဲ တို့က ထို ဆေးရုံမျိုး ကို “ ခုတင် ၅ဝ လုံး ဆံ့ ဆေးရုံ ” ဟု ပြောဆို ရေးသားကြ၏ ။ တစ်ခါက မဂ္ဂဇင်းတစ်ခု တွင် ဆရာတက်တိုး ရေးသားခဲ့သည့် “ အရမ်း ဘာသာ မပြန်နှင့် ” ဟူသော ဆောင်းပါး ကို ဖတ်ဖူးလေရော့လား မသိ ။ မြန်မာစာ ကို ဒိုးလိုမွှေ ရေလိုနှောက်ကာ နိုင်နင်းစွာ ပြန်ဆိုထား၏ ။
“ ခုတင် ၅ဝ လုံး ဆံ့ ဆေးရုံ ” ပြောရသည်မှာ အလွန် ပါးစပ်ဝင်သော စကားဖြစ်သည် ။ စစ်ဘက် ကမှ တော်သေး၏ ။ သူတို့ ဆေးရုံများကို ဥပမာ လူနာ ၁၀၀ လက်ခံနိုင်သည့် ဆေးရုံ ဆိုလျှင် “ ခုတင် ၁၀၀ ဆေးရုံ ” ဟု ရိုးရိုးကလေး ရေးသားထားသည် ။
မည်သို့ ရှိစေ ၊ ကျွန်တော့် “ ခုတင် ၅ဝ လုံး ဆံ့ ဆေးရုံ ” ကလေး တည်နေရာမှာ ခရိုင်မြို့ကြီး မဟုတ်သဖြင့် များစွာမှ စည်ကားလှသည်ဟု မဆိုနိုင်ပါချေ ။ မြို့က မကြီးသဖြင့် ကျွန်တော့် ဆေးရုံ ၏ ခုတင် ၅ဝ လုံး သည်လည်း လူနာ အပြည့် ရှိသည် ဟု မကြုံခဲ့ရ ။ ကျွန်တော့် မိတ်ဆွေ စစ်ဘက် က ဗိုလ်ကြီးဆရာဝန် ၏ ခုတင် ၄၀ ဆေးရုံကလေး နှင့် ကွာ မှ ကွာတော့သည် ။ သူ့ ဆေးရုံကလေး တွင် လူနာ အမြဲ အပြည့် ရှိပြီး တစ်ခါတစ်ရံတွင် ခုတင် ၆ဝ ကျော် မျှ ဖြစ်နေရုံ မျှမက အချို့ လူမမာများ မှာ နင်းခင်း ကြမ်းပြင် မှာပင် ထားရသေးသည် ။ သူ့ ဆေးရုံ က လူနာရှုပ် အလုပ်ရှုပ်ပြီး ပျော်စရာ ကောင်း၍ ကျွန်တော့် ဆေးရုံ မှာ လူနာကလေး ဆယ့်လေးငါးဦး သာ ရှိသည် ဖြစ်လေရာ လူနာ နည်း အလုပ် နည်း ဖြစ်လျက် ပျင်းရိဖွယ်ရာ ကောင်းချေ၏ ။
ကျွန်တော် သည် အလွန် စဉ်းစားသူဖြစ်သည် ။ နွား မှာ ဦးချို ရှိ၍ မြင်း မှာ ဘာကြောင့် ချို မပေါက်သည် ကိုပင် တွေးတော ငေးမောသူ ဖြစ်၏ ။ ယခု ကျွန်တော်တို့ မြို့တွင် စစ်သား နှင့် အရပ်သား နှိုင်းစာလိုက်က ကျွန်တော် တို့ အရပ်သားလူထု က များပြားသည် ။ သို့သော် လူမမာချင်း မှာ သူတို့ ရဲဘော် ဆေးရုံ က များနေ၏ ။ “ တို့ အရပ်သားတွေ က ပြဒါးပြာများ စားနေကြ၍ ကျန်းမာ ကြသလား ” ဟု တွေးမိရအောင်ပင် ကျွန်တော့် ဆေးရုံမှာ လူနာ နည်းချေသည် ။ စဉ်းစား၍ မရသဖြင့် ဗိုလ်ကြီးဆရာဝန် နှင့် စကားစပ်ကာ မေးရ၏ ။
“ သူငယ်ချင်း ရ ၊ တို့ စစ်ဆေးရုံ ဆိုတာက စစ်သားတွေ နေမကောင်းတဲ့ အခါ တက်ကြတာကွ ၊ မင်းတို့ ပြည်သူ့ဆေးရုံ ဆိုတာက အရပ်သားတွေ အဖို့ရယ် ၊ အေး ... စစ်သားတစ်ယောက် အဖို့ ဆေးရုံ တက်ရတယ် ဆိုတာဟာ ကျန်းမာရေးကြောင့် အနား ပေးတာပဲကွ ၊ အဲ.. မင်းတို့ အရပ်သားတွေ ကျတော့ ဆေးရုံတက်တယ် ဆိုတာ “ ဝမ်းရေးပူဆာ မနေသာဘူး မောင်ရင် ၊ တကယ့် ကို မခံမရပ်နိုင်အောင် ရောဂါရမှ မလွှဲသာလို့ တက်ရတာ ”
ထိုအခါ မြင်း ချို မပေါက်သည့် ဆရာ ကျွန်တော့် မှာ သဘောပေါက်သွားသည် ။ “ အိမ်း ” ဟု ဝန်ခံလိုက်ရ၏ ။
ဤသို့ အလုပ် နည်းပါးသော ဆေးရုံ ကလေး၌ နေရသည်မှာ ကျွန်တော့်အဖို့ တစ်နည်းအားဖြင့် အကျိုး ရှိ၏ ။ ညနေတိုင်း လွတ်လပ်စွာ “ ဂေါက်သီး ” ရိုက်နိုင်ခြင်း ဖြစ်သည် ။ ရိုက်တတ်စလည်း ဖြစ်၍ ညနေတိုင်လျှင် မနေနိုင် ။ ကျွန်တော့် ထမင်းချက်ကြီး ၏ သားကလေး ကို ဂေါက်သီးအိတ် ထမ်းစေကာ ကွင်းသို့ ဆင်းလေ့ ရှိ၏ ။
ယနေ့လည်း ထုံးစံ အတိုင်းပင် ဂေါက်သီး ကစားရန် စစ်ဆေးရုံ က ဗိုလ်ကြီး နှင့် ချိန်းဆိုထားသည် ။ ဝီစကီတမ်း အလောင်းအစား ပါ၏ ။ “ အရှုံးအနိုင် ဟူသည် ပဓာန မဟုတ် ၊ ယှဉ်ပြိုင်ခြင်း သာလျှင် အဓိက ” ဟူသည့်အတိုင်း ကျွန်တော် ကလည်း ကျွန်တော် နိုင်မည် သေချာလွန်း၍ လောင်းလိုက်သည် ။ ထို့ကြောင့် ဂေါက်သီးအိတ်နှင့် ဂေါက်ရိုက်ဖိနပ် ကို လွယ်စေကာ သူငယ်အား ဂျစ်ကားပေါ်တွင် ထိုင်စောင့်စေရင်း ကျွန်တော် က အိတ်ဆောင် စီးကရက်ဘူး အတွင်းသို့ ငါးဆယ်ဝင်ဘူး မှ စီးကရက်များ ဖြည့်ထည့်နေ၏ ။ ထိုအခိုက် အိမ်အတွင်းသို့ အပြေးအလွှားဝင်လာသော ခြေသံနှင့်အတူ “ ဒေါက်တာ ၊ အို ... ဒေါက်တာ ” ဟု အမောတကော ခွန်းဆင့် ခေါ်သံကို ကျွန်တော် အထိတ်တလန့် ကြားလိုက်ရလေသည် ။ ဤတွင် စိန်ဓားမြှောင်ဇာတ်လမ်း ပေါ်လာခြင်းဖြစ်၏ ။
°°°°° °°°°° °°°°°
ခွန်းဆင့်၍ ခေါ်လိုက်သူမှာ ကျောင်းဆရာ မောင်ထူး ဖြစ်သည် ။ သူ့ ရင်ဘတ်ရှပ်အင်္ကျီ တွင် သွေး နှင့်တူသော အနီစက် အနီပြောက်များ တွေ့ရ၏ ။ ကျွန်တော် မျက်လုံးပြူးပြလိုက်သကဲ့သို့ သူ ကလည်း အရေးတကြီး ပြောသည် ။
“ ဒေါက်တာ ၊ ကျွန်တော့် ကျောင်းသား တစ်ယောက် ဓားထိုး ခံရလို့ ”
“ ဝှေး ၊ ဘယ်မှာလဲ ဒီ ကျောင်းသား ”
“ ဆေးရုံ ကို ကျွန်တော် လာပါတယ် ဒေါက်တာကြီး ၊ အခု ဆေးရုံထဲ ရောက်နေပါပြီ ”
“ ကဲ လာ ”
ကျွန်တော် ရောက်သွားသောအခါ ကျောင်းသားကြီး နှင့် တူသူ တစ်ဦး က ၁၇ နှစ် အရွယ်ခန့် ကျောင်းသားတစ်ယောက် အား ပွေ့ထားသည်ကို တွေ့ရသည် ။ ကျောင်းသားငယ် ၏ မျက်နှာ နှင့်တကွ ရင်ဘတ် တစ်ခုလုံး မှာ သွေးဖြင့် ချင်းချင်း နီ နေ၏ ။
“ ကျွန်တော် သဘောထားကြီးပါတယ်ဗျာ သေရဲပါတယ် ၊ သေအောင်ပဲ ထိုးလိုက်ပါတော့လား ၊ အလို လေးလေး ... ”
ဒဏ်ရာရသူ လူငယ် က ဤသို့ ပါးစပ်မှ တဖွဖွ ပြောနေသည် ။ ဆရာကိုထူး က “ ဟိတ်.. ဖယ်ကြ ရှားကြ ၊ တကတည်းမှပဲ ၊ ရှုပ်လိုက်ကြတာကိုး ” ဟု အုံနေသော ကျောင်းသားကြီးငယ် အပေါင်းကို မောင်းလေကာမှပင် ကျွန်တော် လည်း သူငယ် ၏ အပါး ဝင်ကပ်နိုင်တော့၏ ။
“ ဟ ဗိုလ်သံချောင်း ပါလား ”
ဓားထိုး ခံရသူ ကျောင်းသားငယ်အား ကျွန်တော် သိလေသည် ။ ကျွန်တော့် ဆေးစပ်သမား ( ကွန်ပေါင်ဒါ ) ကြီး ၏ သား ဖြစ်၏ ။ အစိုးရကျောင်း ရှစ်တန်း တွင် ပညာ သင်နေသူ ဖြစ်သည် ။ သံချောင်း ဆိုသည်မှာ သူ့ မိဘများက ခေါ်သော ငယ်နာမည် ဖြစ်၍ ကျွန်တော် ကလည်း ထိုအတိုင်း ခေါ်သည် ။ တစ်ခါတစ်ရံ “ ဗိုလ် ” ထည့် ထည့်ခေါ်၏ ။ ကျောင်းအမည် ကား ခင်မောင်ချစ် ဖြစ်၍ သူ ပိုင် အမည်များလည်း ရှိသေးသည် ။ ကျွန်တော့် အား သူရေးသည့် ကဗျာတစ်ပုဒ် ကို တစ်ခါက လာ ပြဖူးရာ ကဗျာ အဆုံးတွင် ခင်မောင်ချစ် ( ဝါ ) ချစ်ကို ( ဝါ ) ဒါလီ ဟု ရေးထိုးထားသည်ကို တွေ့ရ၏ ။
“ အန်ကယ် ၊ ဒုက္ခ မရှာပါနဲ့တော့ အန်ကယ် ရယ် ၊ ကျေးဇူးတင်လှပါပြီ ၊ ကျွန်တော် သေဝံ့ပါတယ် အန်ကယ် ရဲ့ ”
ကောင်ကလေး သည် မျက်လုံး ပေကလပ် ပေကလပ် လုပ်ရင်း ကျွန်တော့် အား နားငြီးစေသည့် စကားများ ဆိုနေသည် ။ ပြုံးရသေး၏ ။ ထိုအခိုက် သူ့ အမေ ကွန်ပေါင်ဒါကတော်ကြီး ဒေါ်ရွှေသက် ဝင်လာသည် ။ ညင်ညင်သာသာ မဟုတ်ချေ ။ ရင်ဘတ် စည်တီး ငိုကြီးချက်မ နှင့် ဖြစ်၏ ။ သား ၏ သတင်းကို ကြားသဖြင့် ထမင်း ချက်ရာမှ ကသောကမျော ပြေးလာရှာဟန် တူသည် ။ ဦးခေါင်း က ဆံပင်များမှာ နောက်ကျောပြင်တွင် ဖွာရာကြဲလျက် ဖရိုဖရဲ ဖြစ်နေ၏ ။
“ အမယ်လေး ရယ်မှလေး ၊ ကျုပ်သားကလေး သေများ သေပြီလား ၊ ကိုမောင်ထိန် ရေ ၊ ကိုမောင်ထိန် ရဲ့ ”
တီးနေသော ရင်ဘတ်စည်နှင့် စည်းကျ ဝါးကျ ပါးစပ်က ငိုကြီးချက်မ အော်လေသည် ။ “ ကိုမောင်ထိန် ရေ ၊ ကိုမောင်ထိန် ရဲ့ ” ဆိုသည်မှာ ဆေးရုံ အလုပ်ဆင်းပြီး ဖြစ်သဖြင့် မြို့ဘက် ထွက်သွားသော သူ့ယောက်ျား ကို တမ်းတလိုက်ခြင်း ဖြစ်၏ ။ မိန်းမကြီး သည် ကျွန်တော့် လက်ထဲမှ သူ့ သားငယ် ကို လုမည်ပင် တကဲကဲ ပြုသေးသည် ။ ခါတိုင်းဆိုလျှင် ကျွန်တော့် ကို အလွန်ကြောက်သော မိန်းမကြီး ။ ကျွန်တော် ရှိသည့် နေရာ ဆိုလျှင် တမင်တကာ ရှောင်ကွင်း သွားသော မိန်းမကြီး ။ ယခုမူ သား ချစ်ဇော မွှန်ထူလျက် လုမည် ကြံရွယ်၏ ။
ဆေးရုံကြီး ဝင်းထဲ ရှိ အမျိုးသမီးတိုင်း က ကျွန်တော့် ကို ကြောက် ကြသည် ။ မကြောက်ဘဲ မနေနိုင် ။ ကျွန်တော် က မျက်စိ နှင့် မတွေ့လျှင် မတွေ့သည့် အတိုင်း ၊ လူရှေ့သူရှေ့ မရှောင် ပြောချလေ့ ရှိသည် ။ ပြောသည် ဆိုခြင်းမှာကား သူ့တို့ ကောင်းစားရေး ၊ ဆေးရုံ ကောင်းမွန်ရေး အစရှိ၍ အားလုံး ကောင်းဖို့ ပြောရ ငေါက်ရခြင်း ဖြစ်၏ ။ နေ့စဉ် အမှိုက်သရိုက် လှည်းကျင်း ရမည် ၊ ထဘီများ လှန်းချင်သည့် နေရာ မလှန်းရ ၊ အလုပ်လုပ်နေသော လင်ကို ကိစ္စ မည်မျှ အရေးကြီးကြီး ထဘီရင်ရှားကြီး နှင့် လာ မတွေ့ရ ၊ နှပ်ချေးတွဲလောင်း နှင့် ကလေးအရွယ် လူမမယ်များ ကို အိမ်မှာ ဆော့သည် ဆိုပြီး အဖေ လုပ်သူ နှင့် ဆေးရုံသို့ မထည့်လိုက်ရ ။ ထို့ကြောင့် ဆေးရုံဝင်းထဲ က မိန်းမတွေသည် ကျွန်တော့် ကို ကြောက်ကြလေသည် ။
“ သားလေး ဘယ်မှာ ထိသွားသလဲ ၊ ဟင်... အလိုလေး ၊ ဘုရား ကယ်ပါ ၊ ဆရာဝန်ကြီး ရယ် ကယ်တော်မူပါဦး ၊ အို ... ကို မောင်ထိန် ရေ ။ ကိုမောင်ထိန် ရဲ့ ၊ အမယ်မင်း ၊ သူကလဲနော် ”
အဘိုးကြီး ကိုမောင်ထိန် လည်း ရောက်လာသည် ။ အဘွားကြီး က တမ်းတလိုက်၍ မဟုတ် ။ သူ့ ဖာသာ သား သတင်း ကြားသဖြင့် ရောက်ရာအရပ်က ခပ်သုတ်သုတ် လှည့်ပြန်လာခြင်းဖြစ်သည် ။ အဘိုးကြီးသည် ခပ်ဆိတ်ဆိတ်ပင် ရှိ၏ ။ မျက်နှာမှာမူ မသာယာလှချေ ။ ကျွန်တော် ဒဏ်ရာ ကို ဆေးထည့် ဆေးထိုး ပတ်တီးစည်းပေး ၊ ဘာပေးလုပ်နေသည် ကို ကတ်ကြေးယူပေးခြင်း ၊ ဂွမ်းယူပေးခြင်း စသဖြင့် ဝင်ရောက် ကူညီ၏ ။ ကျွန်တော့် ဆေးရုံတွင် ကူဖော် ဆရာဝန် တစ်ယောက် ရှိသေးသည် ။ သူ့ မှာ ဆေးရုံဝင်း ထဲတွင် နေစရာ အိမ် မရ၍ မြို့တွင်း ၌ အိမ်ငှား နေရရှာသည် ။ တာဝန် လွတ်ချိန်၌ ဆေးရုံတွင် အရေးကြီးသော လူနာ ရောက်လာက သူ့ ကို သွားခေါ်ရသည် ။
ဗိုလ်သံချောင်း ဒဏ်ရာမှာ မကြီးလှပါချေ ။ ဘယ်ဘက်လက်မောင်း တံတောင်ဆစ် အောက်နားတွင် အပေါ်ယံ အရေပြား၌ ဓားပြတ်ရာတစ်ခု ၊ ဘယ်ဘက်ပခုံးသားတွင် ဓားထိုးရာ ( Stab wound ) တစ်ချက်သာ ရှိသည် ။
ပခုံးသား ( Trapezius ) ကို တစ်လက်မ နီးပါး ခန့် စူးဝင်သွား၏ ။ အရေးကြီးသည့် သွေးကြောများ ထိလေသလား ဟု ကျွန်တော် က သေချာဂနစွာ ကြည့်ရသည် ။ လူနာချော က အနည်းငယ် လှန်လှောလိုက်ရုံဖြင့် မေ့မယောင် ဖြစ်သွား၏ ။
“ သား ၊ သား ၊ အို သား ၊ ဟင် ... ကိုထိန်မောင်ရဲ့ ၊ ဂါတ် သွား တိုင်ချေတော့လေ ။ အမယ်လေး ၊ အလိုလေး ”
အဘွားကြီး သည် ငိုကြီးချက်မ အော်ပြန်လေသည် ။ မြောသွားလေသော လူနာချော က ထိုအခါမှ အမေ့ ကို ပြောလိုက်၏ ။
“ ဂါတ် ကိုဖြင့် သွား မတိုင်လိုက်ပါနဲ့ မေမေ ရယ် ၊ သား ထိုက် နဲ့ သား ကံသာ ရှိပါစေတော့ ၊ ဘဝ ဝဋ်ကြွေးကို မေမေ ”
ကျွန်တော့် စိတ်တွင် “ ဟ ဖိုးသံချောင်းက အတော်သဘောထား ကြီးပါလား ” ဟု ချီးကျူးမိရင်း...
“ ဟေ့ မင့် ဓား နဲ့ ထိုးတာ ဘယ်သူလဲ ကွ ” ဟု မေးလိုက်မိ၏ ။ ဖိုးသံချောင်း နှုတ်လေးနေစဉ်တွင် ..
“ သူ့ ကို ထိုးတာ စိန်ဓားမြှောင် ဆရာဝန်ကြီး ” ဟု အနားက ဝိုင်းကြည့်နေကြသည့် ကျောင်းသားကလေးများထဲမှ နှစ်ယောက် က ပြိုင်တူ လို ဖြေလိုက်ကြသည် ။ ကျောင်းသားကလေးများ မှာ သူတို့ကျောင်းစကား နှင့် ကျွန်တော့် အား ပြောခြင်း ဖြစ်သည် ဟု ကျွန်တော် သိ၏ ။ နားမလည် ဆိုရာတွင် စိန်ဓားမြှောင် ဘွဲ့ ရ ကျောင်းသား သို့မဟုတ် ကျောင်းသူ တစ်ယောက် ယောက် က ထိုးလိုက်ခြင်း ဖြစ်မည်ကိုမူ တွေးမိ၏ ။ ရယ်ချင်သလိုလိုပင် ဖြစ်လာသည် ။
“ ဟ ... မစိန်ညွန့် အမှုမှာ ပါတဲ့ စိန်ဓားမြှောင် လား ”
“ မဟုတ်ဘူး ဆရာဝန်ကြီး ၊ စိန်ဓားမြှောင် ဆိုတာ ကိုခင်မောင်ချစ် တို့ အတန်း က မခင်စိန် ရယ် ၊ ဓားခင်စိန် လို့လဲ ခေါ်တယ် ”
“ ဝှေး ကျားခင်စိန် လို့သာ ငါ ကြားဖူးပါတယ် ၊ ခင်အုံးမြင့်ကြီး လေကွယ် ”
ကျောင်းသားကလေးများက ကလေးပီပီ လူနာ ကို ရှေ့မှာထား၍တအား ရယ်ကြ၏ ။ ကျောင်းဆင်းချိန်၌ ကျောင်းသားတစ်ယောက် ဓားထိုး ခံရ၍ ဆေးရုံသို့ ပွေ့ယူလာရာတွင် သုံးတန်း လေးတန်း ကအစ ကျောင်းသားအုပ်သည် ဆွမ်းတော်ကြီးခံသကဲ့သို့ တသီကြီး သောသောညံအောင် လိုက်ပါလာကြသည် ။ ကျွန်တော် ပြောလိုက်သမျှကိုလည်း အားပါးတရ ရယ်ကြသဖြင့် သံချောင်း ၏ အမေ သည် ကျွန်တော့် အား “ ဘယ်လို ဆရာဝန်ပါလိမ့် ” ဟု အမြင် ကပ်ကောင်း ကပ်ပေမည် ။ သို့သော် သံချောင်း ဒဏ်ရာက မပြင်းထန်လှ ။ မျက်နှာတွင် သွေးလူးနေသော်လည်း ဒဏ်ရာ မရှိသဖြင့် ရုပ်ဆင်းပျက်ခြင်း မဖြစ်နိုင် ။ ထို့ကြောင့် အရေးကြီး ဒဏ်ရာ ဟု မခေါ်လောက် ။ သို့သော် ပခုံး က ဒဏ်ရာကိုမူ သုံးချက် ချုပ်ပေးလိုက်ရ၏ ။ ပိုမို ကောင်းမွန်စေရန် ဆေးရုံ မှာ သုံးလေးရက်လောက်နေဖို့ လည်း ပြောရသည် ။ ကို မောင်ထိန် ကို ဆွဲလားလွဲလား လုပ်၍ “ ဂါတ်သွားစို့ ” ဟု တကဲကဲ ဆွဲနေသည် ။ ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေ ဟန် ကို သရုပ်ဖော်နေ၏ ။
ဆရာထူး တို့ က “ ကျွန်တော်တို့ အရေးယူပါ့မယ် ဒေါ်ဒေါ် ၊ ဂါတ်လဲ တိုင်ပြု မနေပါနဲ့တော့ ” ဟု တောင်းပန်ကြသည် ။ သားငယ် သံချောင်း ကပါ “ မေမေ ဂါတ် မသွားရဘူး ” ဟု ခေါင်းခါနေပြန်သဖြင့် အမေ သည် သား အား ဆဲရေးတိုင်းထွာ လိုက်၏ ။
“ ဟဲ့ ... နင့် မယားမို့ ခံရမှာတဲ့လား ”
°°°°° °°°°° °°°°°
ဂေါက်သီး မရိုက်နိုင်တော့ပါပေ ။ မိုးချုပ်ပိုင်းတွင်မူ ကလပ်သို့ ရောက်သွားသေး၏ ။ ဗိုလ်ဆရာဝန် နှင့် တွေ့ရသည် ။ သူက ကျွန်တော် နှင့် ဝီစကီတမ်း ဂေါက်သီး မကစားလိုက်ရသည်ကိုပင် “ နာလိုက်လေခြင်း ” ဟု လက်ဖျား တခါခါ ပြောသေး၏ ။ ကျွန်တော် က “ သည်ကောင် သူနိုင်မယ် ထင်နေတုန်း ” ဟု နောက်နေ့ ကို မျှော်၍ ဝမ်းသာမိသည် ။ ဂေါက်သီး အစား ဘိလိယက် ထိုးမည် ဆို၍ ထိုးရ၏ ။ အရှုံးအနိုင် သည် အဓိက မဟုတ် ၊ သူ က အမှတ်ကျော ငါးဆယ် တောင်းသည် ။ ကျွန်တော် ကလည်း ယှဉ်ပြိုင်နိုင်ခြင်းသာ အဓိက ဟု ငါးဆယ် မပေး လို ။ ဝီစကီ တမ်း ဟု ဆိုနေသည် ။ အခန်းတွင်းရှိ ပရိသတ် ကို ရှုံးသူက တိုက်ရမည် ဖြစ်၏ ။ “ သူတို့ စစ်တပ်အရာရှိရိပ်သာ ငါ လိုက် သောက်ပေါင်းလဲ များပြီလေ ၊ ငါပဲ တိုက်ပါ့မယ် ” ဟု စိတ်လျှော့လိုက်ပြီး မာကာ ဆုံးဖြတ်သည့်အတိုင်း သူ က တစ်ရာ့ငါးဆယ် ၊ ကျွန်တော် က နှစ်ရာ ထိုးရန် သဘောတူလိုက်ရ၏ ။
မိမိ ထက် ညံ့သူ နှင့် ထိုးရသဖြင့် ကျွန်တော့် လက် က “ တွေ့ ” လှချေသည် ။ နောက်ဆုံးအပြီး တစ်မှတ်အလိုတွင်ပင် အနီ ကို တိုက်၍ ကျွန်တော့် အဖြူလုံး ကို မရနိုင်မှန်း သိသိကြီး နှင့် ကျင်းသို့ သွင်းရာ လက်တွေ့သည့် နေ့ ဖြစ်ရကား အနီလုံး သည် ဘောင် ကို ထိကာ ခါးကျင်း ထဲ ဝင်သွား၏ ။ ထိုသို့ဖြင့် ကျွန်တော် သည် “ နိုင်ခြင်းအဓိက ” ဝီစကီ ကို ထမင်းစားပြီးခဲ့သော်ငြားလည်း “ အစာပိတ် ” ဟု အောင်သေအောင်သောက် သောက်ပြီးစဉ် သကာလ ရွှင်အားရစွာ အိမ်သို့ပြန်ခဲ့သည် ။
အိမ်တွင် ဓားထိုးမှု ဖြစ်သော ကျောင်းအုပ်ဆရာကြီး မောင်ဘတိုး ဘီအေ ဘီအီးဒီ ၊ ကျောင်းဆရာ ကိုထူး ၊ ကိုအုံးမောင် တို့ အပြင် ဦးစောမောင် ဆိုသူတို့ ရောက်ရှိနေသည်ကို တွေ့ရ၏ ။ မြို့က ငယ်သဖြင့် ကျွန်တော့် အား လူတိုင်း လိုလို သိသည် ။ ခင်လည်း ခင်သူ များ၏ ။ ကျောင်းဆရာကြီး မောင်ဘတိုး နှင့်ဆိုလျှင် ပို၍ ခင်သည် ။ ခင်ပုံမှာ ၎င်း မောင်ဘတိုး ဘီအေ အောင်အပြီး ဘီအီးဒီ တက်နေစဉ် သူတို့ တက္ကသိုလ်ဆေးရုံ ၌ ကျွန်တော် က ဆရာရောဘတ် ခွင့်ယူသော အခါကာလမျိုး ၌ ဝင်ရောက် လုပ်ကိုင်ပေးဖူးသောကြောင့် ထိုစဉ် ကပင် သိကျွမ်းခင်မင်နေသူ ဖြစ်၏ ။ ထိုအချိန်က ကျွန်တော် သည် ဆရာဝန် မြီးကောင်ပေါက်ကလေးပင် ဖြစ်သည် ။
“ ရောက်နေတာ ကြာပြီလား ဘာလား ” မေးပြီး ကျွန်တော်က “ ဆိုစမ်း ကိုဆရာတိုး ” ဟု စကား စလိုက်ရသည် ။ ဆရာကြီးတို့ ကလည်း “ မကြာသေးဘူး ၊ ညာဖူးပြောရင်း ” “ ဟောဒါက ဘယ်သူ ဘယ်ဝါ ” ဟု ကျွန်တော့် ကို ဦးစောမောင် နှင့် မိတ်ဆက်ပေး၏ ။
“ ညနေက မောင်ခင်မောင်ချစ် ကို ဓား နဲ့ ထိုးတယ် ဆိုတဲ့ ကျောင်းသူ မခင်စိန်ကလေး ရဲ့ အဖေ ပေါ့ ” ဟု ပြောသည် ။
“ ဟာ ဟုတ်လား ၊ ဝမ်းသာသဗျို့ ” ဟု ကျွန်တော် က ဦးစောမောင် နှင့် မြင်ဖူးတွေ့ဖူးနေပြီး အသိ မဖြစ်သေးသည်မှာ ယခုဖြစ်လာရပြီ ဖြစ်သဖြင့် ဝမ်းသာကြောင်း ပြောသည်ကို ဆရာတိုး က “ ဓားနှင့်ထိုးသည် ကို ဝမ်းသာသည် ” ဟု သဘောပေါက် နေကြ၍ ကြောင် သွားကြသေး၏ ။ ကျွန်တော် က ရှင်းပြကာမှ ရယ်ကြသည် ။ ဦးစောမောင် သည် ကျွန်တော် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပုံကို မြင်သောအခါ ဝမ်းသာသွားဟန် တူ၏ ။ သူ့ သမီး ကိစ္စတွင် ကျွန်တော် သည် ဒဏ်ရာ ကို ကြည့်ရှု ကုသရသူ ဆရာဝန် ဖြစ်၍ အရေးပါလှသည် ။ ထို အရေးပါသူ ကျွန်တော် သည် ကျွန်တော် ၏ တပည့် ဆေးစပ်သမား ဦးမောင်ထိန့် သား ဓားထိုးခံသည့် အမှု၌ သူ့ တပည့်ဘက်က လိုက်ချိမ့်မည် ဟု ဦးစောမောင် ပူပန်နေပုံ ရ၏ ။ ကျွန်တော် နှင့် တွေ့ကာမှပင် လူတစ်မျိုးပါပဲလား ဟူသည့် အမြင် နှင့် ရွှင်ရွှင်ပျပျ ဖြစ်သွားပုံမျိုး ပြောင်းလဲလာသည် ။
“ ဒဏ်ရာ တော်တော်ကလေး များသလား ဒေါက်တာ ”
ပြန်ဖြေရာတွင် ကျွန်တော် စဉ်းစဉ်းစားစား ဖြေရသည် ။ စဉ်းစဉ်းစားစား ဖြေသည် ဆိုရာ၌ ကျွန်တော် က “ ဒဏ်ရာမှာ ပြောပလောက်အောင် မရှိပါ ” ဟု ကျွန်တော့် အမြင်အတိုင်း ဖြေလိုက်လျှင် တရားခံဘက်က “ တို့ အရေးမကြီးဘူးဟေ့ ”ဟု ကခုန်ချေက တစ်ဖက် က ဒေါပွမည် ။ “ ဆရာဝန်ကြီး က ပြောတယ် ၊ ဒဏ်ရာက မပြောပလောက်ဖူးတဲ့ဟေ့ ” ဆိုလျှင်လည်း ကျွန်တော် ပါ မကောင်း ဖြစ်မည် ။ ထို့ကြောင့် ဖိုးသံချောင်း ဒဏ်ရာသည် မကြီးမငယ် အလယ်အလတ် ဟု ပြောလိုက်ရ၏ ။
ဓားထိုးသူ ဘက်က ဆရာများပါ ဝိုင်းဝန်းပြီး တရားစွဲလား ၊ ဂါတ်သွားလား မလုပ်ရန် ကျွန်တော့်ကို တောင်းပန်ကြသည် ။ ကျွန်တော် က “ ဟာခင်ဗျားတို့ လူလွဲနေပြီ ၊ ကျုပ်က သူ့ မိဘ မှ မဟုတ်ဘဲ ၊ သူ့ မိဘ ကို သွားပြောကြဗျ ” ဟု ပြောသောအခါ “ ဟာ ဒေါက်တာရယ် ၊ မိန်းမကြီး ပါးစပ် ကြောက်လွန်းလို့ပါ ” ဟု ပျာပျာသလဲ ဆိုကြ၏ ။ ကျွန်တော့်အား တောင်းပန်သည့် အဓိပ္ပာယ်မှာ သံချောင်း မိဘများသည် ကျွန်တော့်တပည့်များ ဖြစ်သည် ။ ကျွန်တော် ပြောလျှင် ရသည် ဆိုသော သဘော ဖြစ်၏ ။ သား ဗိုလ်သံချောင်း အလိုကို လိုက်၍လောမသိ ၊ အမှုမှာ ဂါတ် မရောက်ပါချေ ။ ရောက်မည်လည်း မထင် ။ သို့သော် ကျွန်တော့် ထံ ရောက်လာသည် ။
ဖြစ်ပွားပုံမှာ ခင်စိန် နှင့် ခင်မောင်ချစ် ခေါ် မောင်မောင်သံချောင်း တို့ သည် အစိုးရ အထက်တန်းကျောင်းကြီး ၏ အဋ္ဌမ ဆိုသည့် ရှစ်တန်း၌ ပညာရင်နို့ ကို သောက်စို့နေသူများ ဖြစ်ကြ၏ ။ သံချောင်း က ခင်စိန် ကို ပိုးပန်းနေသည် ဟု ဆိုလေသည် ။ မကြာခဏ အချစ် ကို တင်စားထားသော ကဗျာများ ရေးသားတင်ဆက်သည် ဟု သိရ၏ ။ တင်ဆက်သည် ဆိုသော်လည်း ကိုယ်တိုင် မဟုတ်ပါချေ ။ ခင်စိန် ၏ စာသင်ခုံထဲ ထည့်ထားခြင်းဖြင့် လည်းကောင်း ၊ စာတိုက်မှ တစ်ဆင့်လည်းကောင်း ရည်းစားစာ ပေးသည် ဖြစ်၏ ။
အခင်းဖြစ်ပွားသော နေ့ကမူ သံချောင်း အား မည်သူက ချောက်တွန်းလေသည် မသိ ။ သံချောင်း သည် ခင်စိန်အား နောက်တစ်ခုံကျော် မှနေ၍ စက္ကူသေးသေးကလေးများ လုံးကာ လုံးကာ ပစ်ပေါက်နေလေသည် ။ အတန်း ဆရာလည်း ရှိ၏ ။ သို့သော်လည်း အတန်းဆရာကိုထူး သည် အတန်းသားများအား “ အသံတိတ်သင်ခန်းစာ ” ဟူ၍ မိမိတို့ နှစ်သက်သည့် ကျောင်းစာကို စိတ်ထဲမှ ဖတ်မှတ်နေစေပြီး သူကလည်း သူနှစ်သက်ရာ စာအုပ်တစ်အုပ်ကို ငြိမ်သက်စွာ ဖတ်ရှုနေသည် ။ ထိုအချိန်မှာ ကျောင်းဆင်းခါနီး ဖြစ်သည့် နောက်ဆုံး အချိန်ပင် ဖြစ်၏ ။ ခင်စိန် သည် သူ့နောက်ကျော ကို တစ်စုံတစ်ယောက် က ထိုသို့ စက္ကူလုံးကလေးများ ဖြင့် ပစ်ပေါက်နေသည်ကို သိသောအခါ နောက်သို့ လှည့်ကြည့်သည် ။ ထိုအခါ မောင်ဖိုးသံချောင်း သည် သူ ဘာမှ မသိသည့် သဘော ဖြင့် အနီးရှိ ကျောင်းသားများ နှင့် စကားလက်ဆုံ ကျနေဟန်မျိုး လုပ်နေ၏ ။ သို့သော်လည်း “ မှင် ” မရှိသူ ဖြစ်၍ ခင်စိန် က “ သံချောင်း ” လက်ချက်မှန်း တထစ်ချ သိလိုက်လေသည် ။ ဒေါသဖြင့် ဆတ်ဆတ်တုန်နေသဖြင့် အတန်းဆရာ ကို တိုင်ရမည်ကိုပင် သတိမရ ။ ထိုအခိုက် ကျောင်းဆင်းခေါင်းလောင်း ထိုးသဖြင့် ဆရာကိုထူး အခန်းတွင်းမှ သုတ်ခနဲ ထွက်သွားသည် ။ ခင်စိန် သည် အိတ်ထဲမှ မောင်းချဓား ကို ထုတ်၍ ဖွင့်လျက် သံချောင်း ဆီသို့ ပြေးပြီး တအားထိုးလိုက်တော့၏ ။ ပထမအချက် မှာ သံချောင်း ပခုံး ကို ထိပြီး နောက်တစ်ချက် မှာ ကြောက်လန့်တကြား ကာကွယ်လိုက်သော ဗိုလ်သံချောင်း ၏ လက်မောင်း ကို ခတ်သွားလေသည် ။ ထို့နောက် ကျောင်းသားများ က ဝင် ဖျန်ဖြေကြသဖြင့် ဗိုလ်သံချောင်း ခမျာ ကိုကံကောင်း ဖြစ်သွားသည်ဟု သိရ၏ ။
ကြားပုံ သတင်းအရ ခင်စိန် သည် ကျောင်းသူကျောင်းသားများ က ပေးထားသော “ စိန်ဓားမြှောင် ” ဘွဲ့နှင့် အလွန်မှ အပ်လှချေသည် ။ သတ္တိခဲ ဆတ်ဆတ်ကြဲမကလေး ဖြစ်၏ ။ ရုပ်ကလည်း အတော်ပင် ပြေပြစ်သော ကလေးမကလေး ပင် ဖြစ်သည် ။ ဖိုးသံချောင်း က အနှီလို သူငယ်မ ကိုမှ သွားရောက် စမိသည် ။ အလွန် အူ သော သံချောင်း ဖြစ်၏ ။ သံချောင်း ကလည်း သံချောင်း ပါပေ ။ ပညာသင်ချိန် ပညာ ကို ကောင်းကောင်း မလိုက် ။ အပျိုမကလေး များ နောက်သို့သာ လိုက်၏ ။ ဆံပင် ဖြီးထားသည် ကပင် အမောက် ကလေး ဘာလေး နှင့် ကျွန်တော် ကြည့်၍ နည်းနည်းကလေးမျှ မရ ။ တစ်ခါတစ်ရံ ဆေးရုံ လာလာပြီး ပတ်တီး တောင်းကာ သူ့ ညာလက်ကောက်ဝတ် ကို စည်းပတ်ထားသေးသည် ။ ပုံသဏ္ဌာန် က လူဆိုးတွေ နှင့် ထိုးကြိတ်ခဲ့ရသော ဇာတ်လိုက်ဟန် ဖြစ်၏ ။ ပညာကလေး လက်တစ်မမှ မရှိသေးဘဲလျက် အပျို စာပေးချင်သည့် သံချောင်းအား ခင်စိန် က ဓား နှင့် မထိုးလျှင် ကျွန်တော် ကပင် လူကြီး အနေနှင့် ထိုးကြိတ်၍ ဆုံးမသင့်သေးသည် ။
ကျောင်းအုပ်ကြီး ကိုတိုး က “ မောင်ခင်မောင်ချစ် ကလဲ လွန်တယ် ၊ မခင်စိန် ကလဲ ဒီလို လုပ်ဖို့ မကောင်းဘူး ၊ တကယ်ဆို အတန်းဆရာကို တိုင်ပေါ့ ” ဟု ဆရာကြီး လေဖြင့် ပြောလိုက်၏ ။
နှစ်ယောက်စလုံး လွန်၍ နှစ်ယောက်စလုံးအား ကျောင်းထုတ်လိုက်လေမည်လား ဟု သမီး အတွက် ရတက်မအေးသော ဦးစောမောင် က “ ဒီတစ်ခါ တော့ သည်းခံပါဦး ဆရာကြီး ၊ ကျွန်တော့် သမီး အတွက် ကျွန်တော် တောင်းပန်ပါတယ် ၊ နောက်ပြီး ဟို သူငယ် လဲ မိုက်မဲသေးတဲ့ အရွယ် မို့ တစ်ကြိမ်တစ်ခါ အဖြစ် ခွင့်လွှတ်ပါ ဆိုတာ ကျွန်တော် ကပဲ မေတ္တာရပ်ခံပါရစေ ” ဟု ဆရာကိုတိုး ကို ဦးတည် ပြောရင်းက ကျွန်တော့် ကိုကြည့်ပြီး အနူးအညွှတ် အကျိုးအနွံ စကား ဆိုရှာသည် ။ ကျွန်တော် သည် ဤကဲ့သို့ လူတစ်ဖက်သား က အသနားခံ သကဲ့သို့ ကြည့်နေလျှင် မျက်နှာ ဘယ်လို လုပ်ထားရမှန်း မသိသူဖြစ်၏ ။ ထို့ကြောင့် ဆရာကိုထူး ဘက် လှည့်ကာ “ မဲ ” လိုက်သည် ။
“ ဆရာထူး အတန်းက အသံတိတ် သင်ခန်းစာ လို့ ၊ အင်း ထူးပေါ့ ဆန်းပေါ့ဗျာ ၊ နို့ ဆေးရောင်စုံ တို့ ၊ မြင်ကွင်းကျယ် တို့ ကော မရှိဘူးလား ”
ဆရာထူး ပါးစပ်ကြီး ပြဲသွား၏ ။ ဆရာကြီးတိုး သည် ဆရာလေးထူး အား မျက်စောင်းတစ်ချက် ထိုးလိုက်သည် ။ ထို့နောက် “ ကိုထူး ၊ နောင်ကို ကျောင်းသားရော ကျောင်းသူ ပါ ဘယ်သူမှ ခဲတံချွန်ဓား ကအစ မကိုင်ရဘူး ဆိုတာပြောပါ ၊ ကျုပ် လဲ အမိန့်ထုတ်မယ် ” ဟု ပြောလိုက်၏ ။ ကိုစောမောင် က ကြားဝင်၍ “ အဲ အဲ အကောင်းဆုံးပဲ ၊ ဟုတ်တယ် ဆရာကြီး ၊ ကျွန်တော် လဲ ကျွန်တော့် သမီး ဓားမပြောနဲ့ ၊ ပင်အပ်တောင် မကိုင်စေရဘူးဆိုတာ ကတိပေးပါတယ် ” ဟု ပြောလေသည် ။
ကျွန်တော် သည် ကိုထူး ကို အားနာသွားသည်မှာ မှန်၏ ။ သို့သော်လည်း သူတစ်ပါးတွေ အနားမှာ စကားများနေသည် ဆိုလျှင် တုံဏှိဘာဝေ ဆိတ်ဆိတ်နေနိုင်သူ မဟုတ်ပေ ။ ထို့ကြောင့် “ ခွဆံဆံ ” ( “ ခွဆံ ” ဆိုသော်လည်း ကုသိုလ်ထူးသည်မှာ မည်သူကမျှ ကျွန်တော့် အား ခွပြောသူ ၊ ဘုကျသူ ဟု မထင်ကြပေ ) စကား ဝင်ပြောလိုက်မိသည် ။
“ အို ... ဦးစောမောင် နှယ် ၊ မိန်းကလေးတွေ ဓားကိုင်တာ အဆန်းလုပ်လို့ ၊ သူတို့ မမွေးခင်ကတည်း ကိုက ဒီ ဓား ကိုင်တဲ့အကျင့် ပါနေတဲ့ဟာ ၊ ကိုင်ပေစေပေါ့ ”
ဆရာဝန် ကို ကလန်ကဆန် ပြန်ပြောသူက ရှားသည် ။ ထို့ကြောင့် ဆရာတိုး တို့ လူစုက ပြုံးနေ၏ ။
“ တကယ်ပြောတာ ကိုယ့် ဆရာတို့ ၊ မိန်းကလေးတွေဟာ သန္ဓေပိုးမတည်ခင် မိခင် ရဲ့ ဗိုက်ထဲ က အိုဗရီ ( Ovary ) ထဲမှာ အမပိုးဘဝ ( Egg Cells ) အဖြစ် ရှိစဉ်ကိုက ဒီလိုပဲ ဓားမြှောင် ကိုင်လေ့ ကိုင်ထ ရှိကြတယ် ။ အဲ ယောက်ျားသုက်ပိုး စပန်း ( Sperm ) ကပ်လာရင် ဓားမြှောင် နဲ့ တွက်လွှတ်တာပဲ ”
ကျွန်တော့် စကားမှာ ပညာသား ပါနေသဖြင့် အားလုံးက ဝိုင်း၍ “ လင်းတော်မူပါဦး ” ဆိုကြသည် ။
မပြောလျှင် မဖြစ်တော့ပေ ။ ရှင်းရလင်းရပေမည် ။ လူ ဘယ်သို့ ဘယ်ပုံ ဖြစ်လာသည် ၊ မည်သို့ သန္ဓေ တည် သည် ဆိုသည့်အကြောင်း ဖြစ်၍ လူ ဟူသည်ကား ကကြီးက စ အန်ရမည် ဖြစ်၏ ။
“ ဖေဖေ ၊ ကျွန်တော် ဘယ်က လာသနည်း ” ဟု ရှာရှာဖွေဖွေ မေးလာသည့် သားငယ်ကိုမူ “ ဟယ် မင့် အမေ မေးပေါ့ ” ဟု ပြောလိုက်၍ ရသည် ။ ဤဆရာ တစ်စုကို မူကား အော်ထုတ်၍ မရနိုင်တော့ ။ ကျွန်တော်က စကား လွန်ခဲ့ချေပြီ ။ ခွကျသည်မှာ ကျွန်တော့် မိန်းမသည် ဧည့်သည်တွေ ပြန်လျှင် “ လေကြောကလည်း ရှည်တော်မူရန်ကောတော် ” ဟု ထောမနာမည်ပင် ဖြစ်၏ ။ လင့် အကြောင်း သောကြာသား မှန်း ကအစ သိနေသူ ဖြစ်၍ ညဉ့်နက်သည့်တိုင် သဲသဲမဲမဲကြီး မအိပ်ဘဲ ထိုင်စောင့်မည့်မိန်းမ မဟုတ်သဖြင့် လေပန်းရန် စိတ်ဖြောင့်သည် ။
ဗဟုသုတ ရှာမှီးချင်သူ အာစရိယနွယ်ဝင် တို့အား အိုဗရီ အမ ပိုးဥအိတ် က စ ပြောရသဖြင့် အတော်ပင် ပါးစပ် ဝင်၏ ။
အိုဗရီ သည် မိန်းမ တိုင်း၌ ရှိသော အကျိတ်အိတ်ကလေးပင် ဖြစ်သည် ။ အကျိတ်ကလေး ၏ လုပ်ငန်းဆောင်တာ မှာ အံ့သြဖွယ်ရာ ကောင်းလှသဖြင့် အချို့ကမူ “ ပြဇာတ်မင်းသမီးကလေး လိုပဲ ” ဟု ပင် တင်စားကြလေသည် ။
မိန်းကလေး တစ်ယောက် ပဋိသန္ဓေ တည်နေချိန်က စ၍ ထို အိုဗရီ ပါရှိခဲ့လေသည် ။ မွေးဖွားလာ၍ မိန်းမသား က အပျိုကလေး မဖြစ်သေးမီ၌ ထို အိုဗရီ သည် အလုပ် မလုပ်သေးချေ ။ သူ့ အခန်း မရောက်သေးသဖြင့် ခန့်ခန့်ကြီး အိပ်နေသော ပြဇာတ်မင်းသမီး နှင့် တူ၏ ။ တစ်ဖန် မိန်းကလေး က ဆယ့်သုံးလေးနှစ် ရောက်၍ အပျိုပေါက် ဖြစ်လာသည်တွင်ကား အိုဗရီ သည် တကယ့် ပြဇာတ်မင်းသမီး အလား ကော့ကန်ကားနေအောင် သူ့ အခန်း ကို နိုင်နင်းစွာ ကပြတော့သည် ။
အချိန်တန် အရွယ်ရောက်၍ မီးယပ် စ လာသော ကာလသည် ဇာတ်မင်းသမီး အိုဗရီထွက် ကရပြီကို ပြသော ခရာသံ ဖြစ်၏ ။ အကျိတ် ၏ လုပ်ငန်းဆောင်တာ ဖြစ်သော်လည်း ကကြိုးကကွက်များ မှာ အံ့ဖွယ်သရဲ ဖြစ်လေသည် ။
အိုဗရီ သည် ရင်သပ်ရှုမောဘွယ် ကောင်းလှသော သဘာဝဒြပ်များ ကို ထုတ်လုပ်၏ ။ ထိုဒြပ်များကြောင့်ပင် မိန်းကလေး မယ်နှပ်ချေး သည် မူယာပို သည့် မိန်းမပျို ဖြစ်လာရ၏ ။ ကလေးမ ၏ တင်သည် ထို အိုဗရီ အကျိတ် ၏ ထုတ်လုပ်သော ဒြပ်တွေဖြင့် ကား လာသည် ။ ရင် သည် မောက်ဖြိုးကာ အလှကျက်သရေ တိုးဝေပြည့်လျှမ်းစေ၏ ။ ကလေးငယ်မ ၏ မူဟန်များ ကိုလည်း လွင့်ပါးပျောက်ကွယ်စေပြီး လူကြီးမကလေး ဟန်ဖြစ်သော ရှက်ခြင်း ၊ ရွံ့ခြင်း ၊ မဲ့ခြင်းစသော အသွင်ကို ဆောင်သည် ။ ယောက်ျားကလေးများ ရှေ့တွင် လမ်းမလျှောက်တတ် သကဲ့သို့ပင် ဖြစ်စေဘိ၏ ။ ထို့ကြောင့် အိုဗရီ ၏ လုပ်ငန်း သည် မျက်လှည့်ပွဲကောင်း တစ်ခု ထက်ပင် အံ့သြဖွယ် ကောင်းသည် ဟု ကျွန်တော် ဆိုချင်သည် ။ လင် ယူချင်စိတ် ပေါ်လာစေသည်မှာလည်း အိုဗရီ ၏ လက်ချက်ပင် ဖြစ်၏ ။
အိုဗရီ ၏ စွမ်းအင် ကို ကောင်းစွာ မဆင်ခြင်မိသေးသော ဆေးကျောင်းသား ဘဝကမူ ကျွန်တော်တို့ သည် အိုဗရီကို ထိုမျှ အထင် မကြီးမိကြချေ ။ ၄င်း သည် မိန်းမများ ၏ ဆီးစပ် အတွင်း တင်ပါးဆုံ အရိုးကွင်း တစ်ဖက်စီ တွင် တည်ရှိကြ၏ ။ အပျိုအရွယ် ငယ်သေးစဉ်၌ ထို အကျိတ်ငယ် အဆင်း သည် ပန်းနုရောင် ရှိ၍ နူးညံ့ပျော့ပျောင်းလေသည် ။
မိန်းမကြီး ဖြစ်၍ လင်ယူ သားမွေး ကလေးတွေ များလာသောအခါ၌ကား အကျိတ်ကလေး သည် ဖျော့တော့သော အဆင်းကိုဆောင်၍ အနာရွတ်များ ထဘိသကဲ့သို့ ကြမ်းတိကြမ်းထော် မာကျောထူထဲနေချေ၏ ။ ထို အကျိတ်အိတ် ကပင် မိန်းမ တစ်ယောက် လူလားမြောက်လာသည့် ကာလ၌ ပဋိသန္ဓေ ရစေ သော အမပိုးဥ ( Egg Cells ) များ ထုတ်လုပ်လေသည် ။ အမပိုးဥ ဆိုသည်မှာ အိုဗရီ အိတ်ထဲတွင် မွေးကတည်းက ထို မိန်းမ အဖို့ တစ်သက်စာ သန္ဓေ ပေးရမည့် အမပိုးဥများ အလုံအလောက် ပါရှိခဲ့ပြီး ဖြစ်၏ ။ သို့သော်လည်း ဥကလေးများ သန္ဓေပေးနိုင်လောက်အောင် မိန်းကလေး ငယ်ရွယ်စဉ်၌ အိုဗရီ က အိတ်ထဲတွင် ထိန်းသိမ်းပေးထားရလေသည် ။
အပျို ဖြစ်လာချိန်၌ ပိုးမဥကလေးများ ရင့်လာကြ၏ ။ အိုဗရီ သည် ထို ရင့်လာသော ဥကလေးများ ကို ရွေးချယ်၍ တစ်လ လျှင် တစ်ကြိမ် ကျ သန္ဓေရစေခြင်း အလို့ငှာ သူ့ အိတ်တွင်း မှ ထုတ်ထုတ်ပေးလေ့ ရှိသည် ။ ဤ လုပ်ငန်း ကို အိုဗျူလေးရှင်း ( Ovulation ) ဟုခေါ်ကြ၏ ။ “ မိတ်လွှတ်ခြင်း ” ဟု ခေါ်ရပေမည် ။ သားရဲတိရစ္ဆာန် တို့ ၏ ကာလ ကို မိတ်လိုက်ကာလ ၊ အင်္ဂလိပ်လို ( Heat ) ဟု ခေါ်၏ ။
လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ထိုသို့သော မိတ်လွှတ်ချိန် ( ဝါ ) မိတ်လိုက် ကာလတွင် ကာမဆန္ဒ ဖြည့်စွမ်းခြင်း ရှိက သန္ဓေ ရကြသည်သာ ဖြစ်လေသည် ။ မိန်းမတို့ ၌ အိုဗျူလေးရှင်း “ မိတ်လွှတ်ခြင်း ” သည် ဓမ္မတာရာသီလာခြင်း နှင့် တခြားစီ ဖြစ်၏ ။ မိတ်လွှတ်ခြင်း မှာ အိုဗရီ ၏ အလုပ်ဖြစ်၍ ၊ ရာသီလာခြင်း မှာ သားအိမ် ၏ လုပ်ငန်း ဖြစ်လေသည် ။ သားအိမ် သည် ပဋိသန္ဓေ မရှိလေသမျှ ကာလပတ်လုံး တစ်လ လျှင်တစ်ကြိမ် ( သွေးဆုံးသည့် ကာလ မပါ ) ရာသီသွေးများ လွှတ်လိုက်သည်သာ ဖြစ်၏ ။ ထို့ကြောင့် ရှေးက ဆေးပညာမှာ ဘိုးအေ ခေါ်လောက်သော “ ဟစ်ပိုခရက် ” ကြီးများသည် ရာသီသွေးပေါ်ခြင်းကို “ သားအိမ် က သန္ဓေသား မရသဖြင့် ငိုကြွေးခြင်း ၊ မီးယပ်သွေးသည် သားအိမ် ၏ မျက်ရည် ” ဟုပင် ဆိုစမှတ်ရှိခဲ့၏ ။
မိန်းမလား မြောက်ပြီ ဖြစ်သော မိန်းကလေးတို့ ၏ အိုဗရီ သည် မွေးလာကတည်းက ဆောင်ကြဉ်းလာခဲ့သော အမပိုးဥ ( Egg Cells ) များထဲမှ ရင့်လာသော ပိုးဥ တစ်လတစ်ကြိမ် မိတ်လွှတ် ပြသည်ကို ဖော်ပြခဲ့ပြီး ဖြစ်သည် ။ သို့သော် ထို မိတ်လွှတ်ပြခြင်း၌ မိန်းကလေး က အပျို ၊ အိမ်ထောင်မကျသေး သူ ဆိုပါမူ “ လွှတ် လွှတ် ” သည်ပဲ ရှိမည် ။ သန္ဓေ မရနိုင် ။ သန္ဓေ ရရန် အဖို ပိုး ( Sprem ) များ လို၏ ။ အဖိုပိုး နှင့် အမဥ နဖူးစာ ဆုံကြမှသာ သန္ဓေရသည် ဖြစ်လေရာ နက်နက်နဲနဲ နောက်ဖက်ကို ပြန်လှန် သုံးသပ် ကြည့်လျှင် ကျွန်တော် တို့ “ လူ ” ဖြစ်လာရေး၌ “ ရွှေနဖူးစာ ” က နှစ်ကြိမ် ဆုံဖို့ လိုသည်ကို တွေ့ရလေသည် ။ ပထမဦးစွာ အဖေ နှင့် အမေ က နဖူးစာ ဆုံရန် လို၏ ။ ဒုတိယ အဖေ့ပိုး နှင့် အမေ့ပိုးဥမ ဆုံစည်းရန် လို၏ ။ ရွှေနဖူးစာ ဆုံကြရန်မှာ အဖေသည် အမေ့ အား ပိုးပန်းရသေး သကဲ့သို့ အဖိုပိုးစပန်း သည် အမပိုး ပိုးဥမ ကို ရစ်ရလေသည် ။ ပိုး နှစ်ကောင် ဖူးစာဆုံခြင်း ကို “ သြဇာရခြင်း ” ၊ အင်္ဂလိပ်လို ( Fertilize ) ဖြစ်ခြင်း ဟု ခေါ်၏ ။ အဖေ နှင့် အမေ သည် မည်သည့် အရပ် မည်သည့် ဌာန ၌ ရွှေနဖူးစာ ဂဟေစပ်ကြသည် ကို မသိရသော်ငြားလည်း အဖိုပိုး နှင့် အမပိုးဥ မှာ ဖလိုပီယံ ပြွန် (Fallopian Tube) ထဲမှာ တွေ့ဆုံကြလေသည် ။ ဖလိုပီယံ ပြွန် ဆိုသည်မှာ အိုဗရီ နှင့် သားအိမ် ကို ဆက်သွယ်ထားသော ပြွန်ချောင်း ဖြစ်၏ ။ အမပိုးဥမ တို့ ရှိုး ပြရာ ဌာနကြီး ဖြစ်၏ ။ မော်လမြိုင် ကမ်းနားလမ်းကြီး နှင့် တူလှလေသည် ။ ဘာကြောင့် ၄င်း ကို ဖလိုပီယံပြွန် ဟု ခေါ်သနည်း ဆိုမူ အီတလီပြည်သား အခွဲအစိတ်သမား တစ်ယောက်ဖြစ်သူ “ ဂါဖရဲရီလို ဖလိုပီယို ” ( Gabriello Fallopio ) ကို အစွဲပြု ခေါ်ဝေါ်ခြင်း ဖြစ်သည် ။ ၁၆ ရာစု နှစ်လောက် က ဖြစ်သည် ။ ဖလိုပီယို က စတင် တွေ့ရှိသူ ဖြစ်ခြင်းကြောင့် ဖလိုပီယံ ပြွန် ဟု သမုတ်ထားခြင်း ဖြစ်၏ ။ ( ကျွန်တော် စတင် တွေ့ရှိပါမူ ကျွန်တော့် ပြွန် ဖြစ်ရမည် မလွဲပေ ။)
အိုဗရီအိတ် က အမပိုးဥကလေး များ တစ်လလျှင် တစ်ကြိမ် ၊ တစ်ကြိမ်လျှင် တစ်ဥ မည်သို့ မည်ပုံ “ မိတ်ပြ ” လွှတ်သည်ကလည်း ဥပမာ ပေးလျှင် အမေ က သမီး ဖြစ်သူအား “ နင် အရွယ် ရောက်ပြီ ၊ လင်ရှာထွက်တော့ ” ဟု အတင်း အိမ်မှ နှင် ထုတ်သကဲ့သို့ ဖြစ်၏ ။ ရယ်လည်း ရယ်စရာ ကောင်းသည် ။ အမေ က လင် ရှာ ခိုင်းလျှင် သမီး သည် အိမ်မှာ မနေသာတော့ဘဲ ( မော်လမြိုင်သူ ဆိုပါမူ ကမ်းနားလမ်း ၊ မန္တလေးတွင် ကျုံးထိပ် ၊ ရန်ကုန် ဆိုပါက မြင်းပွဲ ဂရင်းစတင်း သို့ ) ထွက်ခဲ့ရပေမည် ။ အမပိုးဥကလေး ကား ဖလိုပီယံပြွန် ထဲ သို့ လာခဲ့ရလေသည် ။ အိုဗရီ အိတ် ထဲ က ထွက်လာပုံမှာ အမပိုးဥကလေးများ သည် အိုဗရီ အိတ် ထဲတွင် နေကြသည်မှာ ( Follicle ) ခေါ် ရေပလုံကလေး နှင့် ဖြစ်၏ ။
သူ့ အလှည့် ကျရောက်ပြီ ဆိုသည်တွင် ထိုရေပလုံကလေး က အိုဗရီ အိတ်ထဲရှိ အရည်ကြည် ၏ ရေမျက်နှာပြင်ပေါ်သို့ တက်လာသည် ။ ထို့နောက် ရေပလုံကလေး ပေါက်သွားတော့၏ ။ ထိုအခါ ပိုးဥမ သည် ဖလိုပီယံပြွန် အတွင်းသို့ ခုန် တက်လိုက်လေသည် ။ ထို ပြွန်ထဲတွင် လမ်းသလား ၍ ချစ်သူ စပန်း ကို စောင့်၏ ။ အညှီ ရှိရာ ယင်အုံသည် ဆိုသည့်အတိုင်း ( အိမ်ထောင်ကျပြီး သူများကို ဆိုလိုသည်) ပိုးဥမ သို့ စပန်းမောင်များ အများအပြားပင် လာကြ၏ ။
စပန်းမောင်များ အသက အသက လာကြ ရစ်ကြ သော်လည်း ပိုးဥမ သည် အကောင်တိုင်း ကို လက်မခံချေ ။ မြွေဟောက်လို လျှာနှစ်ခွ မဟုတ် ။ ထို့ ကြောင့် တစ်ကောင်ဆို တစ်ကောင်တည်း သာလက်ခံ၏ ။ တစ်ကောင်တည်း သော စပန်းမောင် ကို လက်ခံရာ၌ လူ မိန်းမ ထက်ပင် ပိုးဥမ သည် ဇီဇာ ကြောင်သေးသည် ။ ကြုံကြုံလှီလှီ ၊ ပုံပန်းပျက်ပျက် ၊ စွေကန်းကန်း စပန်းကောင်မျိုး ဆိုလျှင် အနားကပ် မခံချေ ။ ကျားကျားလျားလျား သန်စွမ်းကျန်းမာသည့် စပန်းချော တစ်ကောင်တည်း ကိုသာ အနားကပ်ခွင့် ပေး၏ ။ စပန်း မပီသသည့် စပန်းမျိုး ၊ မျက်နှာကြော မတည့်သည့်အကောင်မျိုး ဆိုလျှင် ပိုးဥမသည် ( Tiny Projection ) ခေါ် အစွယ်ကလေး များဖြင့် ကပ်လာသော စပန်းကောင် အား ထိုးသတ်ချေမှုန်းပစ်လေသည် ။ စိန်ဓားမြှောင်ခင်စိန် ၏ မောင်းချဓားမျိုး ပိုးဥမ တွင် ရှိ၏ ။
“ ဒါ့ကြောင့် ကျွန်တော် ပြောတာဗျ ၊ မိန်းကလေးတွေ ဟာ သန္ဓေ မတည်ရခင် အမပိုးဥဘဝ ကတည်းက ဓားမြှောင် ကို အကျင့် ပါနေကြတာ ”
ကျွန်တော် က စကား ကို အဆုံးသတ်၏ ။ အားလုံးကသဘောကျ ကြလေသည် ။ ကျောင်းဆရာ ကိုအုန်းမောင်က ဆိုလျှင် “ အလွန်ကောင်းတဲ့ ဗဟုသုတ ၊ ငါ ဘယ်လိုဖြစ်လာပါလိမ့်ဆိုတာ အခုမှ သိရတော့တယ် ” ဟု လက်ဖျောက်တီး၍ ပြောသေးသည် ။
စိန်ဓားမြှောင် ဇာတ်လမ်း သည် ဤနေရာတွင် နိဋ္ဌိတံပါချေပြီ ။ သို့သော် သကောင့်သားများ က ဇာတ်လမ်း ကို “ စိန်ဓားမြှောင် လာပြီ ” အထိ ဆက်ဟောရန် တောင်းပန်ကြ၏ ။ အိမ်ထဲ ရှိ မိန်းမ ကမူ မျက်စောင်း ထိုးလှချေရော့မည် ။
“ အဲ ... အမပိုးဥ ဟာ ကြိုက်နှစ်သက်တဲ့ စပန်းကောင် နဲ့ တွေ့ရင် ”
ကျွန်တော် က စကားကို ရပ်ထားကာ ကိုစောမောင် အား ကြည့်လိုက်မိသည် ။ ကိုယ့်ဆရာ သည် စိတ်ဝင်စားခြင်း ပြင်းထန်စွာဖြင့် ငေး လျက်ရှိ၏ ။
“ ပြောပါ ဒေါက်တာ ”
အဲ ... နှစ်သက်တဲ့ စပန်းကောင် တွေ့ရင် အင်း ... သူ့မှာ ရှိတဲ့ အချွန်အတက်ကလေးတွေ နဲ့ မထိုးတော့ဘဲ စပန်းကောင် အဝင်လွယ်အောင် အားတောင် လျော့ပေးလိုက်သေးသဗျ ၊ သဘော တူသူကို ကြည်ဖြူတာပေါ့လေဗျာ ”
ထိုသို့ဖြင့် စပန်းကောင် နှင့် ပိုးဥမ တို့ ပေါင်းမိကြခြင်း သည် သန္ဓေတည်ခြင်း အစ ပင်ဖြစ်၏ ။ ပိုးဥမ သည် စပန်းရွေးချယ်ရာ ၌ ကျန်းမာသန်စွမ်းသည့် စပန်း ကိုသာ ရွေးချယ်သည် ။ ပုံပန်းမကျသည့် စပန်း ကို ရွေးချယ်မိက ပုံပျက် သန္ဓေသားရ၍ ကလေးပင်မွေးလာတတ်သည်ဖြစ်၏ ။
“ ကျန်တဲ့ စပန်း တွေ ကကော ဒေါက်တာ ”
“ ဟာ မစွံတဲ့ စပန်း တွေ သေတာပေါ့ဗျ ၊ အကုန် သေကုန်တာဘဲ ”
“ အမြွှာ မွေးတာ ကတော့ ဘယ်လိုလဲ ဒေါက်တာ ”
ဆရာတိုး က သူတို့ အထဲ ပညာအရှိဆုံး ပီပီ လေးနက်သော မေးခွန်း ထုတ်ပြလိုက်လေသည် ။ တစ်လ လျှင် တစ်ခါ ၊ တစ်ခါလျှင် ပိုးဥမ တစ်ခု ၊ ပိုးဥ တစ်ခု သည် စပန်းတစ်ကောင် နှင့် သာ “ ဂဟေ ” ဆက်သဖြင့် သန္ဓေတစ်ခုသာ ရသည် ။ အမြွှာ မွေးသည့် လက်တွေ့ သာဓကတွေက ရှိလေသဖြင့် ဆရာတိုး မေးခွန်းမှာ အဖိုးတန်၏ ။ ကျွန်တော် က “ ဒီလိုလေ ” အစချီ လိုက်ရပြန်လေသည် ။
အိုဗရီ သည် တစ်လ လျှင် ပိုးဥမ တစ်ခု မိတ်လွှတ် ပြသည်မှာ မှန်၏ ။ သို့သော် တစ်ခါတစ်ရံ၌ ခြေချော်လက်ချော်သဘောမျိုး အိုဗရီ နှစ်ဖက် က တစ်ကြိမ်တည်း နှစ်ခု တစ်ပြိုင်တည်း ထွက်သွားသည့် အခါလည်း ရှိသည် ။ ထိုအခါမျိုး၍ “ ဥ ” နှစ်ခုသည် စပန်း နှစ်ကောင် ကို ရွေးပေလိမ့်မည် ။ စပန်း နှစ်ကောင် အဖို့၌လည်း မင်း တစ်ကောင် ငါ တစ်ကောင် ဆိုးတူ ကောင်းဖက် တိုင်တိုင်ပင်ပင် ဖြစ်သွားနိုင်၏ ။ ထိုသို့အားဖြင့် သန္ဓေ နှစ်ခု တည်လေသည် ။ ဤသို့သော ပိုးဥမ နှစ်လုံး ၊ စပန်း နှစ်ကောင်ဖြင့် သန္ဓေနှစ်ခု ဖြစ်လာသော အမြွှာသန္ဓေ ကို ဆေးစကားညဖြင့် ( Binovular Twins ) ဟု ခေါ်သည် ။
တစ်ဖန် အဖိုပိုး စပန်း တစ်ကောင် နှင့် အမပိုးဥ တို့ သံဝါသ ပြုပြီး သြဇာဓာတ်ပြည့်စုံ ( Fertilize ) ဖြစ်ခါမှ ထိုသန္ဓေလုံးသည် ထက်ခြမ်း ကွဲသွားသော အခါတွင်လည်း သန္ဓေ တစ်ခု မှ နှစ်ခု ဖြစ်သွားတတ်လေသည် ။ ၄င်း အမျိုးအစား ကို ဆေးစကား ဖြင့် ( Uniovular Twins ) ဟု ခေါ်၏ ။ ပထမ ဖော်ပြသည့် ဘိုင်နိုဗျူလာ အမြွှာ က အဖြစ်များလေသည် ။ ၄င်း အမျိုးအစား တွင် အမြွှာနှစ်ယောက် သည် တစ်ယောက် နှင့် တစ်ယောက် “ လိင်တူ ” ဖြစ်ချင် မှ ဖြစ်သည် ။ ကျား တစ်ယောက် မ တစ်ယောက် ဖြစ်နေတတ်၏ ။ ကျား ဖြင့် ကျား ၊ မ ဖြင့် မ ဟုလည်း ဖြစ်ချင် ဖြစ်နိုင်သည် ။ သို့သော် ထို အမြွာတို့သည် တစ်ဦး နှင့် တစ်ဦး ရုပ်ချင်း ခွဲမရအောင် တူလှသည် ဟု မရှိ ။ ရိုးရိုး အထက်အောက် မွေးဖွားသူ ညီအစ်ကို မောင်နှမ တို့ ၏ ရုပ်မျိုးသာ “ ခပ်ဆင်ဆင် ” ရှိကြသည် ။ စိတ်သဘောထားလည်း တစ်ဦး နှင့် တစ်ဦး မတူကြ ။ သူတို့ သန္ဓေ မှီးလာကြရာတွင်လည်း အချင်း ( Placenta ) တစ်ခုစီ နှင့် ဖြစ်ကြ၏ ။
ယူနီအိုဗျူလာ အမြွှာများ ကား ကျား ဆိုလျှင် ကျား ၊ မ ဆိုလျှင် မ ၊ လိင်ချင်း တူသည် ။ ရုပ်ချင်း တူသည် ။ ကိုယ်အင်္ဂါအချိုးအစား ညီသည် ။ စိတ် သဘောထားလည်း တူသည် ။ ရောဂါတစ်ခု ဖြစ်လျှင်ပင်မူ တစ်ဦး နှင့် တစ်ဦး ခံစားရပုံချင်း တူသည် ။
မိတ်ပြသည့် အိုဗျူလေးရှင်း ရက် ၌သာ သန္ဓေ ရသည့် ဖြစ်ကြောင်းတွင် လူ နှင့် တိရစ္ဆာန် တို့မှာ တူညီကြသည် ။ သို့သော် အဟိတ် တိရစ္ဆာန်များ ၌ မီးယပ် ဟူ၍ မရှိပေ ။ ဟိ ( Heat ) ဟု ခေါ်သော မိတ်လိုက်ခြင်း သာ ရှိ၏ ။ ထို မိတ်လိုက်ခြင်း ကလည်း လစဉ် ဟု မဆိုနိုင် ။ သန္ဓေရ၍ နွားသားလေး ၊ ခွေးသားလေးများ မွေးဖွား နို့တိုက်ချိန်များ၌ ၄င်း မိတ်လိုက်ခြင်းမျိုး မရှိကြ ။ လူ မိန်းမ ၏ ( Sex Cycle ) ခေါ် ရာသီပေါ်ခြင်း ၊ မိတ်ပြခြင်းစသည်တို့ကား တစ်နှစ်လုံးလုံး လစဉ် ပင် ဖြစ်ပေါ်သည် ။ ကိုယ်ဝန်ရှိသောအခါ နှင့် ကလေး နို့တိုက်နေသော အချိန် အတွင်းသာ ခေတ္တ ရပ်နား၏ ။ တိရစ္ဆာန် မီးယပ် မပေါ် ဆိုသော်ငြားလည်း လူဝံ အစရှိသည့် မျောက် အကြီးစားကြီးများ၌မူ ပေါ်သည် ဟု ဆိုလေသည် ။
တိရစ္ဆာန်များ ၌ အခြား ထူးဆန်းသည့် အကြောင်းကလေးများ ရှိသေးသည် ။ အဖို နှင့် စပ်ယှက်ခြင်း မရှိဘဲ သန္ဓေရခြင်းပင်ဖြစ်၏ ။ “ တောင်လေ လာရုံ နှင့် ဗျိုင်း က ဥသည် ” ဆိုသော ကိစ္စပင် ဖြစ်လေသည် ။
ဖားမ သည် ၄င်း ကျောပြင် ကို ပင်အပ်ကလေး နှင့် ထိုးဆွပေးနေခြင်း အားဖြင့် သန္ဓေ ရကာ ဖားဥများ ဥ နိုင်သည် ။ တစ်ဖန် ပင်အပ် နှင့် မဟုတ်ဘဲ ဆုပ်ကိုင် လှုပ်ရမ်းပေးခြင်း ဖြင့်လည်း ဖားကောင်များ ပေါက်ဖွားနိုင်သော ဥ ကို ဥ သည် ဟု ဆိုလေသည် ။ ထိုအကြောင်း ကို အနောက်တိုင်း ကောလိပ် တစ်ခု ၌ ဆရာ က “ တိရစ္ဆာန်ဗေဒ ” သင်ခန်းစာတွင် ကျောင်းသူကျောင်းသားများ ကို ပြောဟောရာ ကျောင်းသူကလေးတစ်ယောက် က ဆရာ အား ကျောင်းဆင်းလျှင် လုပ်ရမြဲ ဖြစ်သည့် ကျန်းမာရေး ဒရိမ်းပြ ပြုလုပ်ခြင်းမှ သူ့ အား ခွင့်လွှတ်ပါရန် တောင်းပန်ရှာသည် ဟု ဆိုလေသည် ။ ဆရာ က “ ဟဲ့ ဘောက်မဲ့ကြောင့်တုန်း ” ဟုမေးသောအခါ ကျောင်းသူကလေး က ကိုယ်အင်္ဂါ လှုပ်ယမ်းခြင်း ဖြင့် သန္ဓေ မှီး သွားသော ဖားမကလေး ကဲ့သို့ ဒရိမ်းပြခြင်း ဖြင့် သူ့ မှာ သန္ဓေ ရသွားသော် အရှက်ရမည်ကို စိုးရိမ်ပါသည် ဟု အဖြေပေးကြောင်း ဖတ်ရှုရ ဖူးသည် ။ ယုံ ချင် ယုံ မယုံ ချင် နေဟု ကျွန်တော် က မှတ်တမ်း ထိုးပါ၏ ။
မိန်းမများ တွင် ပါရှိသည့် အမပိုးဥများ နှင့် ပတ်သက်၍ ဆွီဒင်သုတေသနမောင် တစ်ဦး ၏ အဆိုမှာ အသက် နှစ်ဆယ့်နှစ်နှစ် ရှိသော အမျိုးသမီးကလေးတစ်ဦး ၏ အိုဗရီ ကို သူ စမ်းသပ် ရှာဖွေကြည့်ရှုရာ ၌ ပိုးဥမပေါင်း သုံးသိန်းနှစ်သောင်း တွေ့ရသည် ဟု ဆိုထားလေသည် ။ ကျွန်တော်တို့ က တွက်ကြည့်၏ ။ တစ်လ လျှင် တစ်ဥ ကျ မိတ်လွှတ် ပြသည့် မိန်းမ တစ်ဦး အဖို့ ထို မိန်းမ အသက် ဆယ့်သုံးနှစ် တွင် အပျို ဖြစ်သည်ထား ။ လေးဆယ့်ငါးနှစ် တွင်မူ အကြမ်းအားဖြင့် သွေးဆုံးသည် ဟု ယူရပေမည် ။ ထိုအခါ မိတ်ပြ လွှတ် အကြိမ်ပေါင်း မှာ အကြိမ် ၄ဝဝ လောက် သာ ရှိမည်ဖြစ်၍ ပိုးဥမ ၄ဝဝ သာ ထုတ်နိုင်မည်ဟု ခန့်မှန်း မိလေသည် ။ ကျန် ပိုးဥများ ၏ ကြမ္မာကား အသို့ ရှိမည်နည်း ။ ကိုယ်တိုင်လည်း မသုတေသန ဖူး၍ မှန်သည် မှားသည် ကို ဝေဖန်ပိုင်းခြားရန် ခက်ဘိ၏ ။ ဖလိုပီယံ ပြွန် ထဲ၌ သံဝါသ ငြိစွန်းကြ၍ အဖိုပိုး နှင့်အမဥ တို့ သန္ဓေ မှီးကြသည် ၌ ထို ပြွန်ထဲ တွင် မနေကြတော့ပေ ။ ၄င်းတို့ မောင်နှံစုံလည်း သားအိမ် ( Uterus ) ထဲသို့ မပြောင်းရွှေ့ဘဲ မဖြစ် ။ ပြွန် ထဲ ၌သာ ခိုကပ်နေသည် ဆိုပါက သားအိမ် အပြင်တွင် သန္ဓေ တည်ခြင်း ( Ectopic or tubal pregnancy ) ဖြစ်ရပေမည် ။
ထို အဖြစ်မျိုးမှာ ဖြစ်ခဲ၏ ။ ဖြစ်ခဲ၏ ဆိုသည်မှာ မဖြစ်ဖူး မဟုတ်ပေ ။ ဖြစ်၍ သေ သူ ပင် မနည်းလှသည်ကို တွေ့ရ၏ ။ ဖလိုပီယံပြွန် သာ ပိတ်ဆို့နေခြင်း မရှိက ( ကျန်းမာရေး ကောင်းသူများ ) ပိုးဥမောင်နှံသည် သားအိမ်တွင်း သို့ ပြောင်းသွားသည်သာ ဖြစ်လေသည် ။ သားအိမ် ထဲတွင်သာလျှင် အချုပ်အချယ် မရှိ လွတ်လပ်စွာ ကြီးပြင်းလာနိုင်သည် ဖြစ်၏ ။ လူ ဖြစ်တော့မည့် ထိုသန္ဓေပိုး မောင်နှံစုံ အလုံးကလေးတွင် အလွှာ သုံးထပ် ရှိလေသည် ။ အပေါ်ဆုံးလွှာ ( Ectoderm ) သည် လူ ၏ အရေပြား ( Skin ) ၊ ဆံပင် ၊ ခြေသည်း ၊လက်သည်း အစရှိသည်တို့ ဖြစ်လာ၍ အလယ်လွှာ ( Mesoderm ) သည် အရိုး ၊ အရွတ် ၊ အသား ၊ သွေးကြော တို့ ဖြစ်လာပြီး လျှင် အတွင်းလွှာ ( Endoderm ) သည် လူ ၏ အစာအိမ်ပိုင်း နှင့် ဆိုင်သော အစိတ်အပိုင်းများ ဖြစ်လာလေသည် ။
ဤသို့ ကျွန်တော် ကျွန်မ တို့ ဖြစ်လာပုံ ကို ကျွန်တော် က စကားနိဂုံး ချုပ်လိုက်၏ ။ အာစရိတွေ ကား ပြန်ရမည်ကို သတိ မရကြသေးပေ ။ သားမွေးကိစ္စ အထိ ပြောစေလိုကြသည် ။ ကျွန်တော် က “ နောက် ကြုံမှပေါ့ ဗျာ ” ဟု လက်မြှောက်လိုက်ရ၏ ။ ထိုအခါမှ ကိုယ်တော်မြတ်တို့ က ထိုင်ရာက ထတော် မူကြသည် ။
ညဉ့်နက်သွားပြီ ဖြစ်၍ ပြန်ကုန်ကြပြီဖြစ်၏ ။ သို့တိုင် ကျောင်းဆရာ ကိုအုန်းမောင် သည် စကားကြော ရှည်သေးသည် ။
အိုဗျူလေးရှင်း ခေါ် မိတ်ပြခြင်း သည် တစ်လ လျှင် တစ်ကြိမ် ဟု ဆိုထားသည် ၌ မည်သည့် ရက် လောက်တွင် ဖြစ်တတ်သည် ကို မေးမြန်းခြင်း ဖြစ်သည် ။ ကျွန်တော် ပြောရန် မေ့ သွားခဲ့သည် ။
ထို မိတ်ပြနေ့ သည် မိန်းမ တစ်ဦး မီးယပ်လာရာ၌ ပထမ လာသည့် အချိန် နှင့် ဒုတိယ လာသော အကြိမ် ၏ ရက်ပိုင်း ထက်ဝက် တွင် ဖြစ်လေသည် ။ မိန်းမ တို့ မီးယပ်စက်ကြီး လည်နေသည်မှာ အကြိမ်အားဖြင့် ၂၈ ရက် တစ်ကြိမ် ဟု ဆို၏ ။ တစ်ခါ မီးယပ် ပေါ်လျှင် သုံးရက် လေးရက် ခန့် ကြာတတ်လေသည် ။ မိတ်ပြ ရက် ကို တွက်ဆရန် မှာ မီးယပ် လာသည့် ပထမရက် ကို တစ်ရက် ဟု သတ်မှတ်ပြီးနောက် နှစ်ရက် ၊ သုံးရက် မှ မီးယပ် ပျောက်သွားသည့် တိုင်အောင်လည်း ရက် ကို ဆက်လက် မှတ်သားလာပြီးလျှင် ဆယ့်လေးရက် မြောက် လောက် ၌ မိတ်ပြခြင်း ဖြစ်လာသည် ။ ထို ရက်တွင် သံဝါသ ပြု က သန္ဓေ ရမည်သာ ဖြစ်၏ ။
ကျွန်တော် က သားသမီး အလွန် များ၍ အကြော ဖြတ်ရမည်ကိုမူ လန့်ပါသည် ဆိုသော ဆရာကိုအုန်းမောင် အား “ ကဲ .. ကဲ အဲဒီ ရက် ကိုသာ ရှောင် ၊ အိုတောင် မဆင်းရဲဘူး ” ဟု ပြောလိုက်ရလေသည် ။
တစ်ဖန် စကား မရှည်စေရန် မစ္စတာစောမောင် က ကျွန်တော့် တရား နာရသည် မှာ အဆီ တစ်ထပ် ၊ အသား တစ်ထပ် ၊ အနှစ်အရသာ နှင့် ပြည့်ဝလှပါပေသည် ဟု ထောမနာပြီး မနက်ဖြန် ညစာ သူ့ အိမ် မှာ ဆရာ အားလုံး နှင့် အတူ ထမင်းမြိန်စား ကြွရောက်ပါ ဟု ဖိတ်ကြားနေသေး၏ ။ သူတို့ဆရာတွေ ပါ ပါသည် ဆိုသဖြင့် ဆရာကြီးတိုး က
“ ကောင်းသားပဲ ၊ ဒေါက်တာ ကြွနိုင်မယ် မဟုတ်လား ” ဟု ကျွန်တော့် ကို ညှိလိုက်သည် ။ “ မိုက်လှသည့် ငတိုး ” ဟု ကျွန်တော့် စိတ်ထဲ က ကျိန်ဆဲ မိ၏ ။ ကျောင်းအုပ်ကြီး ဖြစ်၍ ကျောင်းသားသူငယ်များ နှင့်သာ ဆက်ဆံနေရသူ ဖြစ်သောကြောင့် လောကကြီး အကြောင်း စိုးစဉ်းမျှ မသိ နားမလည်သော ငတိုး ၊ အရိပ် သုံးပါး နား မလည်သော “ ချေသူငယ် ကျားစာ ငတိုး ” သူ့ ကျောင်း ၌ ဓားထိုးမှု ဖြစ်ခဲ့သည် ။ သူ့ မှာ တာဝန် ရှိသည် ။ သို့ပါလျက်နှင့် ဓားထိုးမှု ပူပူနွေးနွေး ၏ ဓားထိုးသူတရားခံအိ မ်သွားရောက်၍ အပင်း ဆို့ ရန် စိတ်ကူးဝံ့သည်မှာ မိုက်တွင်း နက်လှချေသည် ။ ကျွန်တော့် ကိုပင် မိုက်ဖော် ညှိလိုက်သေး၏ ။ ထမင်းစား ဖိတ်ကြားသူကလည်း မိုက်မိုက်ကန်းကန်း ဖိတ်ကြားသည် ။
ထို့ကြောင့် “ အင်း ဗိုလ်တိုး ၊ ဗိုလ်တိုး ၊ ကျောင်း မှာ ဓားထိုးမှု ဖြစ်တဲ့ ကျောင်းအုပ်ရင့်မကြီး က ဓားထိုးသူ ရဲ့ အိမ် ထမင်းမြိန် စားသွားမယ် တဲ့ ၊ ကိုယ့် ဆရာရေ ၊ ကိုရင့် ကျောင်းမှာ နောက်ထပ် ဓားထိုးမှု ဘယ်နှမှု ရချင်သေးလို့လဲ ” ဟု ပြောင်ပြောင် ပြောလိုက်ရသည် ။
ထို့အခါမှ သကောင့်သား က “ အေး ၊ ဟုတ်တယ် ဟုတ်တယ် ” ဟု ဆိုလေသည် ။ ကိုစောမောင် ငမိုက်သား ကလည်း “ အစစ်ပဲဗျို့ ၊ အစစ်ပဲ ” “ ဟုတ်တယ် ဟုတ်တယ် ” ဟုပြောတော့၏ ။ လူမိုက် နှစ်ယောက် အသံမှာ တစ်သံတည်း ထွက်နေသည် ။ ဘာများ ဟုတ်နေကြသည် ကိုမူ ကျွန်တော် မသိ ။
သူတို့ အားလုံး ဂွတ်ဒ်နိုက် လုပ်ပြီး အမှောင်အတွင်း ပျောက်ကွယ်သွားကာမှ ကျွန်တော်လည်း “ ဟင်း ” ခနဲ သက်ပြင်းချနိုင်တော့၏ ။ သူငယ်ချင်း “ ဗိုလ်ဆရာဝန် ” ၏ စစ်တပ်ဆီမှ ညကင်းစောင့် တို့၏ နာရီသံချောင်း ရိုက်ဆော်သံသည် ကျွန်တော့် သက်ပြင်းချသံ နောက်က ဆက်လက် ထွက်ပေါ်လာလေသည် ။
( ၁၁ ) ချက် တိတိ ဖြစ်သတည်း ဟူလို ။
◾ မောင်သင်
📖 ဆရာ့ ဇာတ်လမ်းစုံ
www.facebook.com/aung.naingoo.3726613
.