Friday, July 31, 2020

ဦးသန်းရွှေ ၏ ယတြာ ( ၃ )



❝  ဦးသန်းရွှေ ၏ ယတြာ ( ၃ ) ❞
    ကောလာဟလကိုမြန်မာနိုင်ငံတွင် နိုင်ငံရေးအရလည်း အသုံးချလေ့ရှိကြောင်း တွေ့ရသည် ။ စစ်အစိုးရအုပ်ချုပ်သည့် ကာလတွင် မီဒီယာကိုလက်ဝါးကြီးအုပ်ထားသောကြောင့် ကောလာဟလသည် အရပ်ထဲတွင် ပျံ့နှံနေနိုင်သော်လည်း မီဒီယာထဲတွင် တွေ့ရခဲ ၊ ကြားရခဲလှသည် ။
    ၁၉၉၂ ခုနှစ် ၊ ဇန်နဝါရီလတွင်ကောလာဟလတစ်ခုသည် အထက် မြန်မာပြည်တွင် ပျံ့နှံ့သွားခဲ့သည် ။ ယင်းကောလာဟလမှာ ဖားက မြွေကိုခဲ့သည်ဆိုသော သတင်းဖြစ်သည် ။ ထိုသတင်းသည် မြန်မာ့အယူအဆဖြင့်ကြည့်လျှင် နိမိတ်မကောင်းသည့် သတင်းတစ်ခု ဖြစ်သည် ။ လူတွေက ထိုသတင်းကိုအတိတ်နိမိတ် ကောက်ပြီး တော်လှန်ရေးတစ်ရပ်သို့မဟုတ် လူထုအုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း ပြောဆိုနေကြသည် ။ လူတွေ ပြောနိုင်သည့်အထောက်အထားတွေကလည်း ရှေးခေတ်ကတည်းက မြန်မာ့ဇာတ်နိပါတ်တော်များတွင် ရှိနေခဲ့ပြီး ဖြစ်သည် ။ ဗုဒ္ဓလက်ထက်ကတည်းက ဟောကြားတော်မူခဲ့သည့် ကောသလအိပ်မ က်  ၁၆ ချက်ထဲတွင် ယင်းသို့ ဖားက မြွေကိုမျိုပြီး တိုင်းပြည်ပျက်ကိန်းရှိကြောင်း ဗုဒ္ဓကဟောကြားတော်မူခဲ့သည်ကို ပြည်သူအများက ယုံကြည်နေကြသည် ။
    ဖားက မြွေကိုမျိုးသည်ဆိုသော နိမိတ်ကို ဗုဒ္ဓက လူအပေါင်းတို့ မတရားပြုလုပ်ခြင်း များလာသဖြင့် ၊ တရားမျှတမှု ဆုတ်ယုတ်လာသည့် အခါတွင် အားလုံ ကပြောင်းကပြန် ဖြစ်ကာ အစိုးမရ ၊ စီမံအုပ်ချုပ်ခြင်းများလည်း မထိရောက်တော့ဟူသည့် အနက်ကို ဆောင်သောကြောင့် လူပြော များလာသည့်အတွက် ထိုသတင်းကို စစ်အစိုးရက ကြောက်ရွံ့ခြင်း ဖြစ်လာခဲ့သည် ။
    ယင်းသတင်းသည်တဖြည်းဖြည်း အောက်မြန်မာပြည်ဘက်သို့
လည်း ပျံ့နှံ့လာခဲ့သည် ။ နောက်ဆုံးတွင် ထိုစဉ်က ထုတ်ဝေနေသည့် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ၌ ထိုသတင်းကို ဖော်ပြရသည်အထိဖြစ်လာခဲ့သည် ။ ထိုသတင်းတွင် ဓာတ်ပုံတစ်ပုံ ဖော်ပြထားပြီး ၊ ဓာတ်ပုံအောက်တွင် ပုံစာကို ထိုးထားရာ၌ ၁၉၉၁ ခုနှစ် ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် မန္တလေးအနောက်တောင် ၊ စိန်ပန်းရပ်နေ ဦးကျော်အိမ်၌ လက် မခန့် အရွယ်ရှိသော မြွေလေးတစ်ကောင်ကို ဖားကြီးက မျိုးနေပုံဟူ၍ ဖြစ်သည် ။ တစ်လက် မအရွယ်ကြောင့် ဖားက မျိုးနိုင်ခြင်းဖြစ်ပြီး အရေးမကြီးသယောင် ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည် ။
    နောက်တစ်နေ့ထုတ်သည့် သတင်းစာတွင်လည်း ဖားတစ်ကောင်ကို ပုံကြီးချဲ့ထားပြီး ၊ မော်ကွန်းကဗျာတစ်ပုဒ်နှင့် တွဲထည့်ပေးထားပြန်သည် ။ ထို မော်ကွန်းကဗျာကို ရေးသားသူမှာ အောင်ဇေယျဆိုသူဖြစ်သည် ။ သူက ဖားဆိုသည်မှာ မြန်မာပြည်ကို ဆိုလိုကြောင်း ၊ မြန်မာပြည်ကြီးနှင့် နိုင်ငံသူ နိုင်ငံသားတို့သည်ကောင်းကျိုးချမ်းသာ သုခများ ရရှိတော့မည်ဖြစ်ကြောင်းစသည်ဖြင့် ကဗျာတွင် ရေးဖွဲ့ထားသည် ။
    နိုင်ငံပိုင်သတင်းစာများတွင် အယ်ဒီတာ့ထံ ပေးစာကဲ့သို့သော ကဏ္ဍ ပါဝင်ပြီး ထိုကဏ္ဍမှနေ၍ နိုင်ငံတော်ဘက် မှ ဖေးမကာ ရေးသားမှုများ တွေ့ရသည် ။ ထိုပေးစာရေးသည့် အောင်ဇေယျဆိုသူမှာ အမှန်တကယ် ပြည်သူတစ်ယောက် ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည် ။ မည်သို့ဆိုစေ အစိုးရ မီဒီယာတွင် အစိုးရဝါဒဖြန့်သူများနှင့် ပြည့်နေသည်ကို ပြည်သူတွေအားလုံးကသဘောပေါက်ပြီးသား ဖြစ်သည် ။ သို့သော် ပြည်သူများကြားတွင် ပျံ့နှံ့နေသော ကောလာဟလတစ်ခုကို နိုင်ငံပိုင်မီဒီယာက တန်ပြန်ရှင်းချက် ထုတ်ရသည်အထိ စစ်ဗိုလ်ချုပ်များ ကြောက်ရွံ့ ထိတ်လန့်သွားသည် ဆိုခြင်းကတော့ အမှန်ပင်ဖြစ်သည် ။ စစ်ဗိုလ်ချုပ်တို့သည် အာဏာကိုဆက်လက်ထိန်းသိမ်းလိုသောကြောင့်သွေးရူးသွေးတန်း ဖြစ်နေကြသည်ဆိုခြင်းထက် ယင်းစစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများက မိမိတို့ခင်ပွန်းဗိုလ်ချုပ်ကြီးများ အာဏာဆက်လက် တည်မြဲစေရန် ပိုပြီးစိုးရိမ်သောက ရောက်ကြကြောင်း တွေ့ရသည် ။ သာဓက တစ်ခုကို ဖော်ပြလိုပါသည် ။
    အချိန်ကား ညဉ့်သန်းခေါင်အချိန် ဖြစ်သည် ။ ညဉ့်သန်းခေါင် လူခြေတိတ်ချိန်တွင် ရွှေတိဂုံဘုရား ကုန်းတော်တစ်ဝိုက် လူလည်း ရှင်းစပြုနေချိန်၌ စစ်ကားတွေ ရောက်လာကာ စစ်သားများ ကုန်းတော်အောက်ခြေတစ်ဝိုက်တွင် တပ်ဖြန့် နေရာယူလိုက်ကြသည် ။ နေရာကား အရှေ့ဘက်မုတ်ဖြစ်ပြီး စစ်ယာဉ်တန်းကြီးတစ်ခု မမျှော်လင့်ပဲ ရောက်ရှိလာခြင်း ဖြစ်သည် ။ ယာဉ်တန်းကြီး၏ အလည်တွင် အနက်ရောင် မှန်လုံကားကြီးတစ်စင်း ပါလာသည် ။ ကားတံခါးများကို အနက်ရောင်မှန်များ တပ်ဆင်ထားသောကြောင့် အတွင်း၌ မည်သူပါလာကြောင်း မသိနိုင်ပေ ။ အနက်ရောင်ကားကြီးသည် ခြင်္သေ့ရုပ်ကြီးများရှေ့တွင် ရပ်လိုက်သည် ။ ဘုရားစောင်းတန်း အတက်နေရာတွင် စစ်သားများက သတိအနေအထားဖြင့် စောင့်ကြပ်နေကြသည် ။ ထိုအချိန်တွင် စစ်ဗိုလ်တစ်ဦးက ကားတံခါးကို အပြေးလေး သွားဖွင့်ပေးလိုက်သည် ။ အရပ်ပုပု ၊ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး ယာဉ်ထဲက ထွက်လာသည် ။ စစ်သားများအားလုံး သတိအနေအထားဖြင့် ကိုယ်ကိုဆောင့်မတ်လိုက်ပြီး အလေးပြုလိုက်ကြသည် ။
    အမျိုးသမီးကြီးသည်တောက်တောက်ပပ ပြောင်ပြောင်လက်လက်ဝတ်စားလားသည် ။ မြန်မာ့ရှေးခေတ် မင်းသမီးများကဲ့သို့ အင်္ကျီ ၊ ထမီများကို ဝတ်ဆင်ထားရုံမက ပခုံးပေါ်တွင်လည်း ကျောက်စိမ်းရောင်ပုဝါကို လွှမ်းထားရာ လေထဲတွင် လွင့်ဝဲနေသည် ။ နားတွင်လည်း မြကျောက်နားကပ်ကိုပန်ထားပြီး ထိုကျောက်ကြီးမှာ ကြီးမားလှပြီး တစ်လက်လက် တောက်ပနေသည် ။
    ဘုရားပေါ်တက်သည့်လှေကားခြေရင်းတွင် ထိုအမျိုးသမီးကြီးကတစ်စုံတစ်ခုကို စောင့်သည့်အလား ရပ်နေလိုက်သည် ။ ထိုအချိန်တွင် စစ်သားများသည် ကတ္တီပါအုပ်ထားသော သေတ္တာကြီးနှစ်လုံးကိုသယ်ဆောင်လာကြသည် ။ အမျိုးသမီးကြီးသည် လှေကားကို စတင်တက်နေစဉ် စစ်သားများက စကားတစ်လုံးမျှပြောဆိုခြင်းမပြုဘဲ သေတ္တာများကိုသယ်ဆောင်ပြီးသူ့နောက်က လိုက်ခဲ့ကြရသည် ။
    ဘုရားစောင်းတန်းလှေကားတွင် လူသူများ ရှင်းနေပြီး ရှည်လျားလှသည့် လှေကားကို အမျိုးသမီးကြီးသည် မကြာခဏနားကာ တစ်လှမ်းချင်း တက်နေသည် ။ သူမောသဖြင့် နားသည့် နေရာတိုင်းတွင် ကုလားထိုင် တစ်လုံးကို ကိုင်လာသော စစ်သားက ချပေးလိုက်ပြီး ထိုင်နားတတ်သည် ။ ကုလားထိုင်ပေါ်တွင် ထိုင်နားလိုက်တိုင်းလည်း အမျိုးသမီးငယ်တစ်ဦးသည် ယပ်တောင်လေးနှင့် မျက်နှာကို ခပ်ပေးရုံမက နဖူးထက်တွင် ထွက်လာသော ချွေးများကိုပင်လက်ကိုင်ပုဝါ အဖြူရောင်လေးနှင့် သုတ်ပေးနေသည် ။
    ပတ်ဝန်းကျင်တွင် လူသူတိတ်ဆိတ်ပြီး တစ်ခါတစ်ရံ သေတ္တာထဲမှ အသံများ ထွက်လာတတ်သည် ။ ကတ္တီပါဖုံးထားသည့် သေတ္တာတစ်လုံးထဲမှ ဝက်အော်သံလိုလို စူးစူးဝါးဝါး အော်လိုက်သံများကို ကြားလိုက်ရသည် ။ ဘုရားကုန်းတော်ပေါ် အရောက်တွင် မလှုပ်မယှက် ကျောက်ရုပ်လိုရပ်ကာ စောင့်နေကြသည့် စစ်သားများကို ရင်ပြင်တော်ပေါ်တွင် တွေ့လိုက်ရသည် ။ ရင်ပြင်တော်ပေါ်တွင် တရားထိုင်သည့် ဇရပ်များ ၊ ဆင်းတုများ ၊ ရုပ်တုပေါင်းများစွာ ရှိသည် ။
    စစ်သားများသည် ဘုရားကုန်းတော်ပေါ် အရောက်တွင် သယ်ဆောင်လာသည့် သေတ္တာနှစ်လုံးကို ဖွင့်လိုက်သည် ။ သေတ္တာတစ်လုံးထဲမှ အဖြူရောင် ခွေးလေးတစ်ကောင် ခုန်ထွက်လာသဖြင့် စစ်သားများကချက်ချင်း ဖမ်းထားလိုက်ရသည် ။ အခြားသေတ္တာတစ်လုံးထဲတွင် အော်သံသာကြားရပြီး ထွက် မလာသောကြောင့် စစ်သားများက သွားပြီးဆွဲထုတ်လိုက်ရာ ကြောက်ရွံ့နေသည့် ဝက်တစ်ကောင်ကို တွေ့လိုက်ရသည် ။ ခွေး နှင့် ဝက် လည်ပင်းတို့တွင် ပတ်ထားသော လည်ပတ်များ၌ ရွှေကြိုးများ ချည်နှောင်ထားပြီး စစ်သားများက ရွှေကြိုးများကို အမျိုးသမီးကြီး လက်ထဲသို့ လွှဲပြောင်းထည့်ပေးလိုက်သည် ။
    လက်တစ်ဖက်က ဝက်ကိုဆွဲ ၊ လက်တစ်ဖက်က ခွေးကိုဆွဲပြီး အမျိုးသမီးကြီးသည် နာရီလက်တံအတိုင်း ရွှေတိဂုံဘုရားကို ပတ်​ေလ တော့သည် ။ နေ့လယ်ခင်းက မိုးရွာထားသောကြောင့် ဘုရားရင်ပြင်ပေါ်တွင် မိုးရေများဖြင့် ချောနေသည် ။ အမျိုးသမီးကြီးသည် မီးရောင်ဖြင့်ပြောင်လက်နေသည့် ကျောက်ပြားများပေါ်တွင် ယိုင်တိုင်တိုင် လျှောက်နေပြီး သူ့မျက်နှာတွင် လူးထားသော ပေါင်ဒါများကြောင့် မျက်နှာတစ်ခုလုံး ဖြူဖွေးနေတော့သည် ။ အမျိုးသမီးကြီးသည် ခွေးနှင့်ဝက်ကို ဆွဲလာရင်းက ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဖတ်လာသည် ။ ညဉ့်သည် တိတ်ဆိတ်​ေနသောကြောင့် ရင်ပြင်ပေါ်တွင် ဝက်လျှောက်နေသည့် ခြေသံကတတောက်တောက် မြည်နေတော့သည် ။
    ဝက်နှင့်ခွေးကို ဆွဲပြီးယတြာ ချေနေသည့်နေ့ကား ၂၀၀၇ ခုနှစ် ၊ စက်တင်ဘာလ ဖြစ်သည် ။ ခွေးသည် တနင်္လာနံ ဖြစ်သည် ။ တနင်္လာနံ အရ ( က ၊ ခ ၊ ဂ ၊ ဃ ၊င ) နေ့နံအားလုံးနှင့် သက်ဆိုင်သည် ။ ဝက်သည် ဗုဒ္ဓဟူးနံ ဖြစ်သည် ။ ဗုဒ္ဓဟူးနံဆိုသောကြောင့် ( ယ ၊ ရ ၊ လ ၊ ၀ ) နေ့နံများနှင့် သက်ဆိုင်နေသည် ။ တနင်္လာနံနှင့် ဗုဒ္ဓဟူးနံကို ထိန်းချုပ်ပြီး ဆွဲလာသည်ဆိုသည့် သဘောကို နားလည်ရခက်လှသည် ။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါသမီးဖြစ်သောကြောင့် တနင်္လာ နှင့်  ဗုဒ္ဓဟူးကြားတွင် သူကြိုးဆွဲတိုင်း ပါရမည်ဆိုသည့်သဘောသက်ရောက်ကြောင်း ပြောသူတွေက ပြောနေကြသည် ။
    အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် နံပါသည့် တနင်္လာနံ ခွေးနှင့် လူထုအဓိပ္ပာယ်သက်ရောက်သည့် နံပါသော ဝက်တို့ကို မိမိတို့ကြိုးဆွဲရာနောက်သို့ လိုက်ရမည်ဆိုသည့် သဘောဖြင့် ယတြာလာခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည် ။ မည်သို့ဆိုစေ စစ်အစိုးရခေတ်က ဗိုလ်ချုပ်များ အပါအဝင် သူတို့ အသိုင်းအဝိုင်းများသည် ဘုရားကု ၊ နတ်ကုများမကြာခဏ လုပ်လေ့ရှိကြသည် ။
    စစ်အစိုးရခေတ်တွင် ဗေဒင်ဆရာ ၊ နတ်ဆရာဘ၊ ဘိုးတော်များ သာမကအကြားအမြင်ရသည်ဆိုသော သူများပင် သူဌေးဖြစ်ကာ အခွင့်ထူးခံ လူတန်းစားများဘဝ ရောက်ကြရသည် ။ ထိုသူများကို စစ်ဗိုလ်များက မြှောက်စားတတ်သောကြောင့် ဗိုလ်ပေါက် ကတော်ပေါက် ဖြစ်သွားလျှင်နေ့ချင်းညချင်း သူဌေးဖြစ်သွားတတ်သည် ။ ထို့ကြောင့် မည်သည့်နည်းဖြင့်ယတြာချေရသည်ဆိုစေ ဗိုလ်အလိုလိုက် ဗိုလ်အကြိုက်ဆောင်ကာ လုပ်ပေးလေ့ရှိကြသည် ။ ဦးနေဝင်းခေတ်ကလည်း နံနက် ၂ နာရီအချိန်နှင့် ၄ နာရီ ကြားတွင် ရွှေတိဂုံဘုရားသို့ မကြာခဏ လာရောက်တတ်သည် ။ ထိုအချိန်များတွင်မှ စစ်ကားယာဉ်တန်းများအစောင့်အရှောက်များနှင့် ရောက်လာတတ်သော ဦးနေဝင်းသည် မည်သည့်အစီအမံ ၊ အစီအရင်များကို လုပ်ဆောင်သွားသည်ကို မည်သူမျှ မသိရှိ ကြ
သော်လည်း အာဏာရှင် ခေတ်အဆက်ဆက် ရွှေတိဂုံဘုရားပေါ်တွင် အစီအရင်များလာပြီး လုပ်ဆောင်လေ့ရှိကြသည်မှာ လူတိုင်းအသိဖြစ်သည် ။ သို့သော်အာဏာရှင်တို့သည် တည်မြဲနိုင်ခြင်းမရှိ ၊ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကျဆုံးကြရသည်သာဖြစ်သည် ။ ယတြာ မည်မျှကောင်းကောင်း ပြည်သူ၏ ဆန္ဒအပေါင်းကို မည်သည့်အာဏာရှင် ခေါင်းဆောင်မျှ လွန်ဆန်နိုင်အံ့ မထင်ပေ ။
Ref: The Chicken and the Scorpion, Keiko Tosa
Ref: No BadNews for the King, Emma Larkin
◾  တင်ညွန့်
📖   ဦးသန်းရွှေ၏ ယတြာများ
.

Sunday, July 26, 2020

ယောကျြား မာယာ


  ❝  ​ယောကျြား မာယာ  ❞
လူရယ်လို့ဖြစ်လာပြီးကလေးအရွယ်လွန်တာနဲ့ ဒီအချစ်ဆိုတဲ့ အရာကို ရင်မဆိုင်ချင်လို့မရဘူး ။ လူသားတိုင်းရင်ဆိုင်ရတယ် ။
ကိုယ်က မချစ်လဲ သူကလာချစ်မှာပဲ ။ အရွယ်ရောက်လာတာနဲ့ ယောကျ် ားလေးဆိုရင် ချစ်ရေးဆိုချင်ဆိုလာမယ် ။ မိန်းကလေးဆိုရင် ချစ်ရေးဆိုတာခံရမယ် ။ ဒီတော့ တူမများ ရင်ဆိုင်ရ ၊ ကြုံဆုံရတဲ့ အခါ ရည်းစားစကား အပြောခံရပြီဆိုရင် ရည်းစားစာ အပေးခံရပြီဆိုရင် လက်ခံသင့် မခံသင့် ၊အိမ်ထောင်ဖက်အဖြစ် ရွေးသင့် မရွေးသင့် စဉ်းစားနိုင်ဖို့ အရွေး မမှားဖို့ လေးလေးတို့ ငယ်ငယ်က အကြောင်းကို ပြောပြချင်တယ် ။
ငါ့တူမများပထမဆုံး သတိထားရမှာကတော့ ယောက်ျားလေးတွေ ပြောတိုင်းမယုံဖို့ပဲ ။ ယောကျာ်းလေးတွေကိုများ မိန်းကလေးတွေကို လိမ်ရင်ဖမ်းမယ်ဆိုလို့ကတော့ တစ်ယောက် မကျန်အဖမ်းခံရမှာ သေချာတယ် ။ ဘယ်လောက်လိမ်သလဲဆိုရင် မရခင်မှာ လိမ်သလို ရည်းစားဖြစ်လည်း လိမ်တယ် ။ ရသွားလည်း လိမ်တယ် ။ ပေါင်းသင်းနေလို့ အဘိုးကြီးအဘွားကြီးဖြစ်ထိ လိမ်ကြတယ် ။ 
မိန်းကလေးတွေကလည်း ဘာလို့မှန်းမသိဘူး ။ ယောက်ျားလေးတွေလိမ်ရင် ယုံတာပဲ ။
အမယ် ပြောလိုက်သေးတယ် ။ သူ့ခမျာ ကိုယ့်ကြောက်လို့လိမ်ပြော နေရရှာတာတဲ့ ။
နောက်ပြီး မိန်းကလေးတွေကယုံလွယ်သလို သနားလွယ်တယ်ဆိုတာလည်းယောက်ျားလေးတွေက သိထားကြတယ်ကွဲ့ ။
ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုပြီဆိုရင် " မင်းမှမရရင် သေပါလိမ့်မယ် ၊ မင်းမရှိရင် ကိုယ့်ဘဝမှာ ဘာမှ အဓိပ္ပါယ်မရှိဘူး ” ဆိုတဲ့ စကားမျိုးတွေနဲ့ စတော့တာပါပဲ ။ ငါ့တူမများကလည်း သနားလောက်အောင်ပြောရင် သနားလိုက်တော့တာပဲ ။ နည်းနည်းလေးမှ မစဉ်းစားကြဘူး ။ “ မင်းမရရင် သေပါလိမ့်မယ် ” လို့ ပြောခဲ့တဲ့ ယောက်ျားလေးတွေဟာ တကယ်တမ်းကျတော့လည်း သေဖို့မပြောနဲ့ နှာစေးချောင်းဆိုးတောင်မဖြစ်ပါဘူး ။
ယောက်ျားလေး အတော်များများဟာ မိန်းကလေးတွေအကြောင်း သိကြပေမယ့် မိန်းကလေးအတော်များများကတော့ ယောက်ျားလေးတွေအကြောင်း မသိကြပါဘူး ။ အဲဒါကခုမှ မဟုတ်ဘူး ။ ဟိုးအလျင် ရှေးလူကြီးတွေရဲ့ လက်ထက်ကတည်းက ။
မိန်းကလေးတွေက ညံ့တယ် ။ ဒီလိုပြောတော့ ငါ့တူမများက စိတ်ဆိုးချင်ကြလိမ့်မယ် ။ လေးလေးပြောတာ ဟုတ်မဟုတ် စဉ်းစားကြည့်စမ်း ။
ယောက်ျားတွေက “ မိန်းမတို့၏မာယာလေးဆယ် ” ဆိုပြီး မိန်းကလေးများ ရည်းစားလိုချင်တဲ့အခါ ပြုမူတတ်တဲ့ အမူအကျင့်တွေကို အကဲခတ်ပြီး မာယာလေးဆယ်ကို ပြုစုနိုင်ခဲ့တယ် ။ အဲမိန်းမတွေကတော့ ယောက်ျားမာယာ ဘယ်လောက်ရှိလို့ ရှိမှန်းမသိကြသေးဘူး မဟုတ်လား ။ မိန်းမမာယာနဲ့ ပတ်သက်လို့နောက်တစ်မျိုး စာရင်းလွတ် ပြောတာရှိသေးတယ် ။ “ မိန်းမမာယာသဲကိုးဖြာ ” တဲ့ ။
မိန်းမတွေရဲ့ မာယာတွေနဲ့ပတ်သက်လို့ ယောက်ျားတွေကအဲသလိုပြောကြသလို ယောက်ျားမာယာနဲ့ ပတ်သက်လို့ မိန်းမတွေဟာ တိတိကျကျ ပြန်မပြောနိုင်ပေမယ့် သူတို့ထက် များတယ်ဆိုတာတော့ မှန်းဆမိပုံရပါတယ် ။ ဒါကြောင့်လည်း ယောက်ျားမာယာက သဲကိုးဖြာ မလောက်လို့ မန်ကျည်းကိုပင်နှောက်ရသေးတယ်ဆိုပြီး ချေပကြတာပေါ့ ။ အဲသလို ချေပတဲ့ဆီမှာမန်ကျည်းပင်အရွယ်သေသေချာချာ ညွှန်းမထားတော့ အပင်ပေါက်ခါစ မန်ကျည်းပင်ဆိုရင် အရွက်အရေအတွက် အတော်ကို နည်းသွားမှာပဲ ။
မိန်းကလေးတွေအနေနဲ့ယောက်ျားတွေရဲ့ မာယာဘယ်လောက်ရှိတယ်ဆိုတာကို မသိတာ အပြစ်တော့မပြောချင်ပါဘူး ။ လေးလေးတို့ယောက်ျားချင်းတောင်မှ ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး ။
နောက်ပြီးယောက်ျားတွေမှာရှိတဲ့မာယာ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူကြဘူး ။ ယုံ ။ လေးလေးက လက်တွေ့ ။ လေးလေးထက် မာယာသာတဲ့ငတိတွေ နောက် လေးလေးရဲ့ရည်းစား ခုနစ်ယောက်တိတိ ပါသွားဖူးတယ်လေ ။ ဒါကြောင့်ယောက်ျားတွေရဲ့ မာယာအတိအကျ မသိရတဲ့ ငါ့တူမများအတွက် အကောင်းဆုံးကတော့ ယောက်ျားတွေပြောလာတဲ့စကားကိုသေသေချာချာ စဉ်းစားပြီးမှ ယုံဖို့ပဲ ။
အစကတော့ ဒီအကြောင်းတွေ သိပ်အသက်ကြီးသွားတဲ့အခါမှ ပြန်ပြောပြမလို့ပါ ။ “ ဘဘချွန် ” အရွယ်ရောက်ခါမှ ပြန်ပြောရင် ဘဘချွန် သူငယ်ပြန်နေပြီလို့ ပြောကြမှာဖြစ်ပေမယ့် ခုလို မကြီးမငယ်အရွယ်မှ ပြန်ပြောရတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတော့ ဖြစ်တာပေါလေ ။
အင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့သူများ ဝင်ထောင်းတာနဲ့စာရင် နည်းနည်းတော့ သက်သာတာပေါ့ ။
ဟုတ်ဘူးလား ။
    ◾ ကံချွန် 
📖 အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )

Tuesday, July 21, 2020

ပန်းတွေနဲ့ဝေ


🌹 ပန်းတွေနဲ့ဝေ 🌷

     တေးရေး •••  စန္ဒရားလှထွဋ်

      [ ပန်းတွေနဲ့ဝေ ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းလေးတွေဝေ ပန်းတွေနဲ့ဝေ က်ိုယ့်ချစ်ပန်းကလေးတွေ တယုတယပန်နေ တွေ့မြင်ရလို့ အမောပြေ ချစ်လို့လား မေရေ နှင်းဆီကလေးတွေ  အဆင်းနီထွေး သင်းကြည်မွှေး ပျံ့ကာနေ ချစ်သူလည်းလေ ပန်းလိုလည်း လန်းလို့အမြဲ ရှိပါစေ တစ်နေ့မမြင်ရလို့ အမောမပြေ ချစ်သဝဏ် တေးတွေစေ

      သူရယ် ကိုယ်ရယ်လေ မပြောဘဲနဲ့ အသည်းချင်းသိလို့နေ ပန်းချစ်တဲ့သူရေ လှမ်းလင့်လို့ကြိုနေ ဘယ်အခါ ဘယ်ကမ္ဘာမှာများ အသည်းအသက်နှင်းလို့ ချစ်ရမလေ အို ပြောပါ ချစ်သူရေ  ပန်းတွေနဲ့ဝေ ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းလေးတွေဝေ ပန်းတွေနဲ့ဝေ က်ိုယ့်ချစ်ပန်းကလေးတွေ တယုတယပန်နေ တွေ့မြင်ရလို့ အမောပြေ ချစ်လို့လား မေရေ  ]

°°°°°   °°°°°°°  °°°°°°°

🌷  ညွန့်ဝင်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/ZQT0yDewUykd6A

🌷  စန္ဒရားလှထွတ် ရဲ့ ပန်းတွေနဲ့   ဝေ ( ၁ )

https://yadi.sk/d/pX99eCCsqBdF3Q

🌷 စန္ဒရားလှထွတ် ရဲ့ ပန်းတွေနဲ့  ဝေ ( ၂ )

https://yadi.sk/d/DX2LMRudQwwLCA

🌷  သုမောင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/WLq50xsszpuZIg

🌷  ဇော်မင်းလေး ရဲ့ ပန်းတွေနဲ့ ဝေ

https://yadi.sk/d/Iyw1NjPCGLZc5A

🌷 ဇော်ဝမ်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/XkgwweSZUY61xw

🌷  အောင်ချင်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/IGdvMNNot4kX_w

🌷  အောင်ရင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/FINDI-p-yp3Usg

🌷  ရာဇာဝင်းတင့် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/C0kHT-kexnlVJw

🌷 ထူးအိမ်သင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/huQ9G8iDuywn1A

🌷  ဖိုးသောကြာ ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/NyBZ16xJwgiCrw

🌹  ပန်းတွေနဲ့ဝေ  တီးလုံး သီးသန့်

https://yadi.sk/d/9WW5xdl4N3_Lwg

🌹   ရာဇာဝင်းတင့် ဆိုထားတဲ့  ပန်းတွေနဲ့ဝေ သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/C7RSSCjX9uc1ow

.

ဦးသန်းရွှေ ၏ ယတြာ ( ၂ )



❝  ဦးသန်းရွှေ ၏ ယတြာ ( ၂ )  ❞
ဘုရားပြိုသည့် ကိစ္စသည် မြန်မာလူမျိုးတို့ အတွက် အလွန်အတိတ်နိမိတ်ကောက်စရာ ဖြစ်သည် ။ ထိုအဖြစ်အပျက်ကို အနက်အမျိုးမျိုး ဖွင့်နိုင်သည် ။ နိုင်ငံတော်ပိုင် သတင်းစာတစ်စောင်ဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ဓနုတ်စေတီတော်ကြီး ပြိုပျက်ခဲ့ရသည့် သတင်းပါလာသည် ။ ရှေးဟောင်းစေတီကြီးက ရှေးကျလွန်းသောကြောင့် ပြိုကျသွားသည် မဟုတ် ။ အသစ်ပြန်လည် တည်ထားရာမှ ပြိုကျသွားသည့်အတွက်အတိတ်ကောက်တတ်သူတွေက နိမိတ်မကောင်းဟု ယူဆကြသည် ။
ထိုအချိန်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထားချိန်ဖြစ်ပြီး နိုင်ငံတကာကလည်း မြန်မာနိုင်ငံအပေါ် ဖိအားတွေပေးနေချိန် ဖြစ်သည် ။ အထူးသဖြင့် စစ်အစိုးရသည် ဒီမိုကရေစီကိုရော ၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထိတ်လန့်နေချိန်ဟုလည်း ဆိုရမည်ဖြစ်သည် ။ ပိုဆိုးသည်က ဓနုတ်စေတီတော်ကို မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်
ပြန်လည်မွမ်းမံတည်ဆောက်ပြီး မကြာမီမှာပင် ပြိုကျခဲ့ရသည့်အတွက် စစ်အုပ်စုအဖို့ စိုးရိမ်ထိတ်လန့်စိတ်လွန်ကဲ သွားခဲ့ကြရသည် ။
ဓနုတ်စေတီတော်ကြီးသည် ရန်ကုန်မြို့နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး ၊ ထိုနေရာမှာ ယခင်က မြို့တော်ဟောင်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည် ။
ထိုစေတီကြီးသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး မကြာသေးမီကမှ ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်ကအသစ်တစ်ဖန် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်သည် ။ ထိုရှေးဟောင်းဘုရားသည် ယခင်က သုံးကြိမ်တိုင် ပျက်စီးခဲ့ဖူးသည် ။ သို့သော် ယခုနောက်ဆုံးအကြိမ် ပြိုကျခဲ့ခြင်းမှာ ပြောစမှတ် ဖြစ်ခဲ့ရသည် ။ စစ်အာဏာရှင်တို့၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့မိသားစုကိုယ်တိုင် ကြီးမှူးပြုပြင်ခဲ့သော ဘုရားဖြစ်နေခြင်းကြောင့်ပင် ။
မြန်မာနိုင်ငံသားတို့ ကလည်း ထိုအတိတ်နိမိတ်ကိုကောက်ပြီး ရာစုနှစ်ဝက်နီးပါးခန့် စိုးမိုးအုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်ခေတ် ကုန်ပြီဟု
ပြောဆိုကြသည် ။ ၂၀၀၉ ခုနှစ် ၊ မေလ ၃၀ ရက်နေ့တွင် စေတီတော် ထီးတော်အောက် ခေါင်းလောင်းပုံ အဆင့်ကစပြီး ပြတ်ကျကာ မြောက်ဘက် အာရုံခံ တန်ဆောင်းပေါ် ပြိုကျသွားခဲ့သည် ။
လွန်ခဲ့သည့် သုံးပတ်ခန့်ကမှ ဒေါ်ကြိုင်ကြိုင်သည် မိသားစုဝင်များ ၊ နောက်တော်ပါ တပ်မတော် အရာရှိကြီးများနှင့်အတူ ဤစေတီတော်သို့ ရောက်ရှိခဲ့ကြပြီး ထီးတော် ၊ စိန်ဖူးတော် ၊ ငှက် မြတ်နားတော်တို့ကို ခမ်းနားကြီးကျယ်စွာ အောင်စည်အောင် မောင်းတီးပြီး အသစ်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်သည် ။
ဤကဲ့သို့ စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ရခြင်းနှင့် ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ မနုဿဗေဒပညာရှင် တစ်ကောဆင်တက္ကသိုလ်မှ ပါမောက္ခ အင်းဂရစ်ဂျော့က ဤထီးတော်ကြီးကို မသူတော်တို့ လာတင်သည်ကို ဒေသခံတို့က မကြည်ဖြူသောကြောင့် ယခုကဲ့သို့ ပြိုကျရခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုသည် ။ မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ဒေလီသို့ ရောက်လာသူတစ်ဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အလှူဒါနကို ဓနုတ်စေတီကလက် မခံလိုသောကြောင့်ဟု ပြောပြသည် ။
အင်းဂရစ်က ထိုထူးဆန်းသည့်အဖြစ်အပျက်နှင့် ပတ်သက်ပြီး “ ဒါဟာ နိမိတ်မကောင်းတာပဲ ။ မကောင်းတာတွေ ဖြစ်လာတော့မယ်ဆိုတဲ့သဘောပေါ့ ။ နတ်ဒေဝါ သူတော်စင်တွေက အပြစ်သား စစ်အစိုးရ ဓနုတ်စေတီကိုလာပြီး အပြစ်​ေတွဆေးကြောတဲ့သဘောနဲ့ ကုသိုလ်လာယူတာကို လက် မခံဘူးဆိုတဲ့ သဘောပေါ့ ။ ပိုပြီးဆိုးတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာစက် ကုန်ခမ်းလာတဲ့သဘောကို ပြတာပဲ ။ ဒါကြောင့် သူဘယ်လောက် ကောင်းတာတွေလုပ်လုပ် ၊ မကောင်းမှုကို ပြန်ပြီးအဖတ်ဆယ်လို့ မရနိုင်တော့ဘူးဆိုတဲ့ သဘောပဲ ။ စစ်အစိုးရအတွက်ဆိုရင်လည်း အလွန်မကောင်းတဲ့ နိမိတ်လက္ခဏာပေါ့ ” ဟု ဝေဖန်ရေးသားခဲ့သည် ။
စေတီတော် ပြိုကျသည့် ကိစ္စနှင့် ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည့် အစိုးရသည် ချက်ချင်းပင် ဖြစ်ပေါ်နေသောကောလာဟလများနှင့်ပတ်သက်ပြီး တုံ့ပြန်ခဲ့သည် ။ သူတို့ နုတ်စေတီတော်နှင့် ပတ်သက်သည့် သတင်းများကို မီဒီယာများတွင် ရေးသားဖော်ပြခြင်းမပြုရန် လှမ်းပြီး ပိတ်ပင်လိုက်သည် ။ နောက်တစ်ပတ်ခန့်အကြာတွင်ဖုံးထား၍လည်း မရသည့်အဆုံး ပြန်လည်ပြုပြင်ရာ၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်မှုများညံ့ဖျင်းခြင်းကြောင့် ပြိုကျခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည် ။ လမ်းပေါ်ရှိ သတင်းများနှင့် အင်တာနက်ပေါ်ရှိ ဘလော့ဂ်ဂါများ၏ အရေးအသားများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သည့်အဆုံးတွင် ထိုသို့ သတင်းထုတ်ပြန်လိုက်ရခြင်း ဖြစ်သည် ။
ဓနုတ်စေတီတော် ပြိုကျပြီး တစ်ပတ်ခန့်အကြာတွင် မန္တလေးမြို့မှမြောက်ဘက် ၈၆ မိုင်ခန့်ကွာဝေးသည့် မုံရွာမြို့ရှိ ဗောဓိတစ်ထောင်ဘုရားတွင်လည်း အဖြစ်တစ်ခု ဖြစ်ပွားခဲ့ပြန်သည် ။ မြန်မာနိုင်ငံ၏ ထင်ရှား ကျော်ကြားသော သံဃာတော်နှစ်ပါးသည် အမြင့်ပေ ၁၃၀ မီတာခန့်
မြင့်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်သို့ တတ်လှေကားဖြင့်တက်စဉ် ဓာတ်လှေကား ပြုတ်ကျပြီးဒဏ်ရာများ ရခဲ့ကြသည် ။
ဒီလို တစ်ပတ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့နေရာတွေမှာ ဆိုးရွားတဲ့ အဖြစ်အပျက်နှစ်ခု ဖြစ်ပျက်ခဲ့ခြင်းဟာ နိမိတ် မကောင်းဘူးလို့ပဲ ယူဆရလိမ့်မယ် ။
အဓိပ္ပာယ်ကတော့ အုပ်ချုပ်တဲ့ စစ်အစိုးရ တစ်ခုခုဖြစ်ရင်ဖြစ် ၊ ဒါမှမဟုတ် ပြည်သူတွေမှာ ဘေးဆိုးရန်ဆိုး ကပ်ဆိုးတစ်ခုခုနဲ့ ကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်ပဲဟု အိန္ဒိယသို့ ရောက်လာသည့် ပြည်ပြေးတစ်ဦးက ပြောကြားသည် ။
မြန်မာနိုင်ငံတွင်ဗေဒင် ၊ နက္ခတ် ၊ ယတြာ ၊ ဓာတ်သဘောတွေကို ယုံကြည်မှု လွန်ကဲလှသည် ။အထူးသဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့သော စစ်ဗိုလ်ချုပ်ကြီးများကို ဗေဒင်ဆရာ ၊ နတ်ဆရာတွေက လွှမ်းမိုးမှု လွန်ကဲ လှကြောင်း တွေ့ရသည် ။
၁၉၆၂ ခုနှစ်တွင်အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက်က သူ့အဆောင်ဂဏန်းမှာ ၉ ဖြစ်ပြီး ဘာလုပ်လုပ် ၉ ဂဏန်းနှင့်ကိုက်ညှိပြီး လုပ်ဆောင်လေ့ရှိကြောင်း တွေ့ရသည် ။ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလတွင် သူသည် ၄၅ ကျပ်တန် ၊ ၉၀ ကျပ်တန် ငွေစက္ကူများကိုအတိတ်နိမိတ်များနှင့် ထုတ်ဝေခဲ့သည် ။ ထိုကိန်းဂဏန်းများသည် ၉ နှင့် စားလျှင် ပြတ်သောကြောင့်ဖြစ်သည် ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ကို အသက် ၉၀ တိုင် နေရမည်ဟု ဗေဒင်ဆရာများက နိမိတ်ဟောခဲ့ကြသည် ။ ဆိုခဲ့သည့်အတိုင်း သူသည်အသက် ၉၂ နှစ်မှ ကွယ်လွန်သွားခဲ့သည် ။ ဦးနေဝင်းသည် တံတားတစ်စင်းပေါ်တွင် မကောင်းဆိုးဝါးများ ထွက်သွားစေ လိုသည့် သဘောဖြင့် နောက်ပြန်လျှောက်ခဲ့သေးကြောင်းလည်း ပြောကြသည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း ဗေဒင် ၊ ယတြာနှင့် အကြားအမြင်ဆရာများကို အလွန်ယုံကြည်သူဖြစ်သည် ။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အခါပေး ဟူးရားများ၏ အကြံဉာဏ်ကြောင့်ပင် ဖြစ်သည် ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဆရာတော်တစ်ပါးက ဗိုလ်ချုပ်များသည် ဗေဒင်နိုင်ငံရေး လုပ်နေကြခြင်း
ဖြစ်သည်ဟု ဆိုသည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗေဒင်နှင့် နတ်ဆရာများ၏ အခါတော်ပေးချက်အရ ယတြာများကိုလည်း မကြာခဏ စီရင်ဆောင်ရွက်လေ့ရှိသည် ။ အထူးသဖြင့် အာဏာတည်မြဲရေးအတွက် ထိုသို့ ခိုင်းစေသမျှလိုက်လံလုပ်ဆောင်နေခြင်းလည်း ဖြစ်သည် ။ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကြီးပေါ်တွင် သူနှင့်မျက်နှာချင်းတူသော ကျောက်စိမ်း ရုပ်ပွားတော်ကြီးကို ထုလုပ် ကိုးကွယ်ခြင်းမှာ အထင်ရှားဆုံးယတြာ ဖြစ်သည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုလှူဒါန်းသည့် သူ့မျက်နှာပုံတူ ဘုရားအဖြစ် ပြည်သူများအားလုံး သိကြပြီးဖြစ်သည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အယူသီး ၊ အစွဲအလမ်းကြီးမှုသည် သူငယ်စဉ်ကတည်းက ဖြစ်သည် ။ ဒေါ်ကြိုင်ကြိုင်၏ ဆွေမျိုးတစ်ဦး ပြောပြချက်အရ ဗိုလ်ချုပ်မှူးကြီးတွင် မွေးရာပါ အမှတ်တစ်ခုရှိကြောင်း ၊ ထိုအမှတ်ကိုကြည့်ပြီး ဗေဒင်ဆရာက နောင်မြန်မာနိုင်ငံ၏ မင်းဖြစ်မည်ဟု ဟောခဲ့ကြောင်းသိရသည် ။ ထို့ပြင် ရန်ကုန်မြောက်ပိုင်း၌ နေထိုင်သည့် ဒေါ်ဓမ္မသီ ဆိုသည့် သီလရှင်တစ်ပါးသည်လည်း ဗိုလ်ချုပ်မှူးကြီးဇနီးမောင်နှံ၏ အခါတော်ပေးအဖြစ် ဆောင်ရွက်နေကြောင်း သံတမန်တစ်ဦး၏ ဇနီးဖြစ်သူက ပြောကြားသည် ။ ဗိုလ်ချုပ်မှူးကြီးမိသားစု အပါအဝင် ယခင်က တန်ခိုးဩဇာထက်လှသည့် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့် နှင့် ဇနီးမောင်နှံတို့ကလည်း ဒေါ်ဓမ္မသီထံမကြာခဏသွားကာအကြံဉာဏ်နှင့် ယတြာများယူတတ်ကြောင်း သံတမန်၏ ဇနီးက ဆိုသည် ။ဗိုလ်ချုပ်ခင်ညွန့်သည်ထောက်လှမ်းရေး အကြီးအကဲတစ်ဦးဖြစ်ပြီး အလွန်ဩဇာ ထက်လှသော်လည်း ၂၀၀၄ ခုနှစ်တွင် ဖြုတ်ချခံရပြီး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံလိုက်ရသည် ။
ရာထူးတက်လိုသူများနှင့် ရာထူးတွင် မြဲလိုသူများသည် ဗေဒင်နှင့် နတ်ဆရာများ ၊ အခါတော် ယတြာပေးသူများထံ ချဉ်းကပ်လေ့ ရှိကြသည် ။ အထူးသဖြင့် ထိုခေတ်က စစ်ခေါင်းဆောင် အသိုင်းအဝိုင်း ကြီးကြီးပိုင်းကပါ ကိုးကွယ်ကြသည့် ဆရာလေးဒေါ်ဓမ္မသီထံ ချဉ်းကပ်ကြသည် ။ ယင်းသီလရှင်ဆရာလေး မည်မျှဘုန်းကြီးသနည်းဆိုသော် သံဃာအတုအယောင်များကပင် နာမည်တက်ချင်သဖြင့် ချဉ်းကပ်ခြင်းခံရသည်အထိ ဖြစ်ခဲ့ရသည် ။ ဆရာလေးသည် တစ်နေ့တွင် အိပ်မက် အရ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အရှာထွက်စဉ် စီးလာသည့်ကား ဗွက်နစ်ပြီး ဆက် မမောင်းနိုင် ဖြစ်သွားသည် ။ ဆရာလေးက လက်ကိုင်ဖုန်းထုတ်ပြီး ဖုန်းတစ်ချက် ဆက်လိုက်သည် ။ မြန်မာပြည်သူလူထုလက်ထဲတွင် လက်ကိုင်ဖုန်း ကိုင်နိုင်ခွင့် အခွင့်အရေး အလွန်နည်းပါးချိန်တွင် ယင်းဆရာလေးထံ၌ ဖုန်းသုံးလေးလုံး ကိုင်သုံးနိုင်သည် ။ ဆရာလေး ဖုန်းဆက်လိုက်သောကြောင့် မကြာမီ စစ်သားများရောက်လာပြီး ဗွက်နစ်နေသောကားကို ထရပ်ကားများဖြင့် လာဆွဲပေးကြရသည် ။
မြန်မာနိုင်ငံသူနိုင်ငံသားအများစုသည် ဗေဒင် ၊ ယတြာ စသည်တို့ကို ယုံကြည်မှု ပြင်းထန်ခဲ့ကြသည်မှာ နှစ်ကာလပေါင်းကြာခဲ့ပြီ ။ နိုင်ငံခြားပညာတော်သင်ခွင့်ရရေး ၊ ရာထူးတိုး ၊ လင်ငယ် မယားငယ်ကိစ္စကအစ စာမေးပွဲအောင်ရန်အဆုံး ဗေဒင်မေး ၊ ယတြာချေခြင်းများကို တွင်ကျယ်စွာပြုလုပ်လျက် ရှိကြသည် ။ယတြာချေလိုက်လျှင် အဆိုးတွေပျောက်ပြီး ၊ အကောင်းတွေ ရောက်လာလိမ့်မည်ဆိုသော ယုံကြည်မှုများဖြင့် ဗေဒင်ဆရာ ၊ နတ်ဆရာတို့ အပြောအတိုင်း လိုက်လုပ်လေ့ရှိကြသည် ။
၂၀၀၇ ခုနှစ် ရွှေဝါရောင်လှန်ရေးအပြီးတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေများ တင်းမာလာခဲ့သည်ဟု ဆိုနိုင်သည် ။ ထိုအချိန်တွင် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ဦးအောင်ကြည်ကို စေလွှတ်ခဲ့သည် ။ ယင်းသည်လည်း ယတြာဖြစ်သည်ဟု ဆိုကြသည် ။
“ အောင် ” ဆိုသည်မှာ အောင်မြင်ရမည်ဆိုသည့်သဘောဖြစ်ပြီး ၊ “ ကြည် ” ဆိုသည့် သဘောက ဒေါ်အောင်ဆန်းစုကြည်ကို အောင်မြင်ရမည်ဆိုသည့်သဘောဖြစ်ကြောင်း ရန်ကုန်အသိုင်းအဝိုင်းမှ အတွင်းသိ ဗေဒင်ဆရာတစ်ဦး၏ ထောက်ပြချက်ကိုကြည့်လျှင် စစ်အစိုးရသည် ဗေဒင်ယတြာအပေါ် မည်မျှအစွဲအလမ်းကြီးကြောင်း ခန့်မှန်း၍ ရနိုင်မည်ထင်ပါသည် ။
Ref:
Instant Karma in Myanmar, By Sudha Ramachandran and
Swe Win
    ◾  တင်ညွန့်
   📖   ဦးသန်းရွှေ၏ ယတြာများ

Friday, July 17, 2020

ကားပျက်၍ ခြေကျင်လျောက်ခဲ့သောဗိုလ်ချုပ်



❝  ကားပျက်၍ ခြေကျင်လျောက်ခဲ့သောဗိုလ်ချုပ် ❞
    အတိတ်ကို ဇာတ်ကြောင်း ပြန်ရသော် ၁၉၄၆ ခုနှစ်စက်တင်ဘာလ ၂၅ ရက် ကြာသပတေးနေ့မှ ပြန်လည်စတင်ရမည် ဖြစ်ပါသည် ။
ထိုနေ့သည် မြန်မာ့လွတ်လပ်ရေး သမိုင်းမှ အရေးပါသော မှတ်တိုင်တစ်ခု လည်းဖြစ်ပါသည် ။အကြောင်းမူကား လန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်ခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း ။တစ်နည်းအားဖြင့် ( ၂၆ - ၉ - ၄၆ ) နေ့သည် ဗိုလ်ချုပ်အောင်ဆန်းအုပ်ချုပ်ရေး အာဏာရရှိကာ ဝန်ကြီးများအဖွဲ့ ( ကက်ဘိနက် ) ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင်ဖြစ်ပါသည် ။
ထိုနေ့နံနက် ရန်ကုန်မြို့ အလုံလမ်းရှိ အင်္ဂလိပ်ဘုရင်ခံအိမ်တော် ( ယနေ့ပြည်သူ့လွှတ်တော် တည်ရာ )သို့ သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို လက် မှတ်ရေးထိုးရယူပြီးနောက် ဗဟန်း ၊ တာဝါလိန်းလမ်းရှိ သူ၏နေအိမ် ( ယခု ဗိုလ်ချုပ်ပြတိုက် )သို့ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်အားခေါ်၍ အရေးကြီးစကားပြောခဲ့ပါသည် ။
“ ဟေ့ကောင်... ဒီနေ့ကစပြီး ငါ ဟာအစိုးရအဖွဲ့( ကက်ဘိနက် )အဖြစ် ခေါင်းဆောင်ဖြစ်လာပြီး မင်းကလည်း ငါ့ရဲ ပီအေ ( အပါးတော်မြဲ ) အဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင် ပြန်တမ်းထွက်လာလိမ့်မယ် ။ ဒီတော့ ငါတို့မှာအဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ် ။ အာဏာရလာတယ် ဆိုရင်ပဲ ငါတို့ကိုချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ် ။ ငါ့ရဲ့ ဆွေမျိုးတွေ ၊ မိန်းမ ဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး ။ သူတို့ အကူအညီတောင်းတာကို လုပ်မပေးရဘူး ။ မင်းတို့ ငါတို့ ကလည်း ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး ။ အခွင့်အရေးမယူရဘူး ”
ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာပြောခဲ့ရာတစ်နည်းအားဖြင့် သူ၏ သဘောထားဆန္ဒနှင့်လမ်းညွှန်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုရပါမည် ။
“ ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး ၊အခွင့်အရေးမယူရဘူး ” ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့ထိ မမေ့နိုင်ပါ ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေးညွှန်ကြားသလို ၊ သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည် ။
ယင်းသို့ ကြုံတွေ့ခဲ့ရပုံက ဤသို့ ပါတည်း ။ ထိုအချိန်က “ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ” ဟုခေါ်သော အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီးအဖြစ် စီးခဲ့သောမော်တော်ယဉ်မှာ အင်္ဂလန်ပြည်လုပ် “ ဂူစလီ ” အမျိုးအစား အနက်ရောင် ဆလွန်းကား အမှတ် အာအေ / ၂၈၇၄ ဖြစ်ပါသည် ။
ဗိုလ်ချုပ်အိမ်တွင် ထိုကားတစ်စီးမှလွဲ၍ အခြားမော်တော်ကား မရှိပါ ။ ဗိုလ်ချုပ်မှာ အစိုးရအဖွဲ့ တာဝန်အပြင် နိုင်ငံရေးအဖွဲ့အစည်း ( ဖဆပလအဖွဲ့ချုပ် ) ၏ ဥက္ကဋ္ဌအဖြစ်လည်း အလွန်အလုပ်များလေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါမော်တော်ကားနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နှင့် သားသမီးများအနေဖြင့် မော်တော်ကားစီးခွင့် သိပ်မရကြရှာပါချေ ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများပါ ခေါ်ပြီး ကန်တော်ကြီးတစ်ပတ် ကားလျှောက်သည့်အခါလောက်တွင်သာ စီးခွင့်ရကြပါသည် ။
“ ဗိုလ်ကြီး... ကားဘာဖြစ်တယ်မသိဘူး ။ စက်နှိုးလို့မရဘူး ။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုးကြိုးစားပြင်ကြည့်တာပဲ ။ ဘယ်လိုမှ နှိုးလို့ မရဖြစ်နေတယ် ”
“ ဟေ့••••• ဟုတ်လား ၊ မင်းသေသေချာချာ လုပ်ကြည့်ပြီးပြီလား ”
ကျွန်တော်က ဤသို့ ပြန်မေးလိုက်ခြင်းမှာ ရဲဘော်ကျော်စိန်သည် ကားမောင်း တတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့်တတ်ထားသူဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည် ။
“ ဟုတ်ကဲ့.....ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ ။ လုံးဝ စက်နှိုးလို့ မရဘူး ”
ရဲဘော်ကျော်စိန်က ပြန်ပြောချိန်တွင် ကျွန်တော်သညလက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် ၉ နာရီခွဲကျော်နေပြီဖြစ်ကြောင်းတွေ့ရသဖြင့် မျက်လုံး ပြူးသွားမိပါသည် ။ ထိုနေ့နံနက် ၁၀ နာရီတွင် အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်က ဝန်ကြီးအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ထားသဖြင့် ကျွန်တော်တို့ ရုံးသို့ ၁၀ နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်ခြင်းဖြစ်ပါသည် ။
ထို့ကြောင့် ကျွန်တော်လည်း ချက်ခြင်းပင် ဗိုလ်ချုပ်အားအကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လျက် ဗိုလ်ချုပ်ရှိရာ အိမ်အောက်ထပ်ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည် ။
ဗိုလ်ချုပ်သည် ကျွန်တော့်ကိုမြင်လျင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ ဘာလဲဟေ့... ငါတို့သွားကြတော့မလား ” ဟု မေးရင်း ထိုင်ရာမှ ထလိုက်ပါသည် ။
ဒီတော့မှ ကျွန်တော်လည်း မော်တော်ကားအခြေအ ကို ပြောပြ လိုက်ရပါသည် ။
“ ဗိုလ်ချုပ် .... ရုံးသွားလို့မဖြစ်သေးဘူး ။ ဒီနေ့မော်တော်ကား ပျက်နေတယ် ။ ရဲဘော်ကျော်စိန် အမျိုးမျိုးကြိုးစားပြီး နှိုးကြည့်တာပဲ ။ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့ မရဘူး ။ ကျွန်တော်တို့ ကားတွေပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန ဝပ်ရှော့ကိုပို့ပြီး ပြင်မှဖြစ်မယ် ”
“ ဟုတ်လား•••• ကားက လုံးဝမောင်းလို့ မရဘူးလားကွ ”
“ ဟုတ်ကဲ့ လုံးဝစက်နှိုးလို့ မရဘူးဖြစ်နေတယ် ။ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့အစည်းအဝေးက ၁၀နာရီ စဖို့ ရှိတယ် ။ အခု ၉ နာရီခွဲကျော်နေပြီ ။ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မီသွားနိုင်အောင်တစ်ယောက်ယောက်စီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက် မယ် ” ပြောပြောဆိုဆို ကျွန်တော်
သည် အိမ်ပေါ်ထပ်တက်သည့်လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည် ။
“ ဟေ့ကောင်....မင်းက တယ်လီဖုန်းဆက်ပြီးမော်တော်ကား တောင်းမလို့ မဟုတ်လား ”
ဗိုလ်ချုပ်၏ လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက် မလျှောက်တော့ဘဲ ဗိုလ်ချုပ်ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည် ။
“ ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကိုမြန်မြန်သွားနိုင်မှာမဟုတ်လား ”
ကျွန်တော်က အမှန်အတိုင်းပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင်ပါ​ေလတော့သည် ။
“ မင်းဟာ တော်တော်ညံ့သေးတာပဲ ၊ တယ်လီဖုန်းဆက်ပြီး မော်တော်ကား တောင်းဖို့ တစ်ခုတည်းပဲ မင်းတွေးမိတာကိုး ။ မင်းတို့ငါတို့အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘူး ဆယ်စီးလည်းရနိုင်တယ် ။ အဲဒါ ဆက်စပ်ပြီးစဉ်းစားကြည့်ပေါ့ ။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငါတို့ဆီက မတရားအခွင့်အရေးတွေ တောင်းလာမှာကိုတော့ မင်းမတွေးမိဘူး မဟုတ်လား ။ မင်းကို ငါအစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား ။ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူဘူး ။ အခုမင်း မော်တော်ကား လှမ်းတောင်းတာဟာလည်းအခွင့်အရေး ယူတာပဲ ။ ဒါကြောင့် မင်းစောစောက စိတ်ကူးသလို တယ်လီဖုန်းဆက်ပြီးမော်တော်ကား
မထောင်းရဘူး ”
“ ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲဗိုလ်ချုပ် ”
“ ဘာမှလုပ်မနေနဲ့ ငါတို့ကားပျက်နေတယ်မဟုတ်လား ။ ဒီတော့ မင်းနဲ့ ရုံးကိုလမ်းလျှောက်သွားကြမယ် ။ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေးဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေလာဆွဲယူသွားပြီး ပြင်ပေးဖို့ပြောပေါ့ ။ ကဲ.... ပြောနေတာကြာတယ်ကွာ သွားကြစို့ ”
ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူပီပီ သူကိုင်နေကျ မိုးကာအင်္ကျီကို လက် မောင်းတွင် ခေါက်တင်လျက် အိမ်ရှေ့လှေကားမှ ဆင်းလျှောက်သွားပါတော့သည် ။ ကျွန်တော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ သူ၏ နောက် မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည် ။
သူအစိုးရအဖွဲ့ အာဏာရယူသည့်နေ့ကပြောခဲ့သော " ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး ။ အခွင့်အရေးမယူရဘူး ” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင်လိုက်နာကျင့်သုံးနေပါသည်တကားဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည် ။
သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှ ထွက်၍ နတ်မောက်လမ်း ၊ ဗဟန်းလမ်းအတိုင်းလျှောက်ပြီး ဗဟန်းအဝိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်လာကြပါသည် ။
ဗိုလ်ချုပ်က ရှေ့က ခြေလှမ်းသွက်စွာနှင့်လျှောက်ပြီး ကျွန်တော်က နောက် မှ လိုက်သွားရာ အော်စတင်အမျိုးအစားမော်တော်ကားငယ်တစ်စီး ကျွန်တော့်အနီးတွင် ထိုးဆိုက်လာသဖြင့် ကျွန်တော်လည်း အံအားသင့်စွာ လှမ်းကြည့်မိပါသည် ။
ထိုကားကလေးကို မောင်းလာသူက မြန်မာ့ရုပ်ရှင် စတင်တီထွင်သူ “ ရုပ်ရှင်ဖခင်ကြီး ” လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်နေပါသည် ။ ထိုအချိန်က သူသည် ဗဟန်း ဝင်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေဘုရားလမ်းနဲ့ သူ၏ လန်ဒန်အတ် ဓာတ်ပုံတိုက်နှင့် ရုပ်ရှင်ကုမ္ပဏီရှိရာသို့ ကိုယ်တိုင်ကားမောင်းသွားခြင်း ဖြစ်ဟန်တူပါသည် ။ ကျွန်တော်သည် ကျောင်းသားဘဝက ရုပ်ရှင်ဝါသနာပါသဖြင့် ရုပ်ရှင်စတူဒီယိုများသို့ ရံဖန်ရံခါသွားရောက်လေ့လာရင်း ဦးအုန်းမောင် နှင့် သိကျွမ်းနေပါသည် ။
“ ဟေ့မောင်ရင် ... ခဏလာပါဦးကွဲ့ "
ဦးအုန်းမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် ကျွန်တော်လည်း သူခေါ်ရာသို့ ချဉ်းကပ်သွားပါသည် ။ ဗိုလ်ချုပ်က လုံးဝလှည့်မကြည့် ဆက်လျှောက်သွားနေသည် ။
“ နေစမ်းပါဦး …. မောင်တို့ဆရာတပည့် ဘယ်လိုဖြစ်လာတာလဲ ။ လမ်းမပေါ် ခြေကျင်လျှောက်ရသလား မော်တော်ကားရောကွဲ့ "
ဦးအုန်းမောင်က မေးသဖြင့် ကျွန်တော်လည်း •••
“ ဖြစ်မှဖြစ်ရလေ မောင်ရင်ရယ် ကားပျက်ရင်လည်း တစ်ယောက်ယောက်ဆီက ကာတစ်စီး ခဏ တောင်းပြီး စီးသွားရောပေါ့ ။ မောင်ရင့်ဆရာ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်က လမ်းဘေးပလက်ဖောင်းမှာ ခြေကျင် လျှောက်နေ ရတာ မသင့်ပါဘူး ”
“ ကျွန်တော်လည်း ဦးလေး ပြောသလိုပဲ မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းမလို့ပါ ။ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့ ။ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ် ။ စီးပွားရေး သမားတွေဟာ အဲဒီလို လုပ်တတ် တယ်လို့ဆိုပြီးအတွင်းဝန်ရုံး ရောက်အောင် ခြေကျင် လျှောက်ကြမယ်လို့ ပြောပါတယ် "
ကျွန်တော် ရှင်းပြသည်ကို လန်ဒန်အတ်ဦးအုန်းမောင်သည် နားလည်သဘောပေါက် ဟန်ဖြင့် ပြုံး ပြီးခေါင်းညိတ်လိုက်ပါသည် ။
“ အေးပါ ... ဗိုလ်ချုပ်ပြောတာ ဦးသဘောပေါက်ပါတယ် ။ ကိုင်း မောင်ရင်ဆရာ့ဆီ ခပ်မြန်မြန်ပြေးလိုက်ပြီးပြောစမ်းပါ...လန်ဒန်အတ် ဦးအုန်းမောင်က မြို့ထဲကအလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့ ၊ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေးလုပ်ငန်းရှင်တွေည၊ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး ။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက
လမ်းမပေါ် ခြေကျင်လျှောက်နေတာလည်း ကြည့်မကောင်းပါဘူး ။ ဒါကြောင့် ကျပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက်ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ် ”
ဦးအုန်းမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာဗိုလ်ချုပ်ဆီသို့ ပြေးလိုက်ပြီး သူ၏ လက် မောင်းတစ်ဖက်ကို အသာဆွဲလိုက်ပါသည် ။
“ ဟေ့ကောင်ဘာလုပ်တာလဲကွ "
ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ​ေငါ က်သဖြင့် ကျွန်တော်က ဦးအုန်းမောင်၏ မော်တော်ကားရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည် ။
“ ဗိုလ်ချုပ် ... ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား ။ ဆရာ ဒီးဒုတ်ဦးဘချိုရဲ့ မိတ်ဆွေကြီး လန်ဒန်အတ်ဦးအုန်းမောင်းပါ... သူက ဆူးလေ
ဘုရားလမ်းက သူ့ရဲ့အလုပ်တိုက်ကိုသွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံးရောက်အောင် ပို့ ပေးပါရစေလို့ ပြောပါတယ် ။ ပြီးတော့ သူဟာရုပ်ရှင်သမား ၊စီးပွားရေးသမားကုန်သည်ကြီးတွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူးလို့လည်း ပြောပါတယ် ။ နောက်တစ်ခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့ တို့ဗမာအစည်းအရုံးကို လျှို့ဝှက်ကူညီထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ် ။ သူက ကားရပ်ပြီး ခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ်ဗိုလ်ချုပ် ”
ကျွန်တော်၏ စကားသံအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ် ဦးအုန်းမောင်ဘက်သို့ လှည့်ကြည့်လိုက်ပါသည် ။
ဦးအုန်းမောင်သည် ဆရာဦးဘချိုနှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေဖြစ်သည့်အပြင် ဦးဘချိုကဲ့သို့ပင် ဆံပင်ရှည် လျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီးတစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ်အလွန်ကောင်းသူလည်း ဖြစ်ပါသည် ။
ဗိုလ်ချုပ်သည် ဦးအုန်းမောင်ကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်းမပြုဘဲ အော်စတင်ကားလေးရပ်ထားရာသို့ လျှောက်သွားကာ ဦးအုန်းမောင်းအား ပြုံး၍ နှုတ်ဆက်ပါသည် ။ သို့နှင့်ပင် ကျွန်တော်တို့ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ် ဦးအုန်း မောင်၏ ကားကြုံစီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည် ။
ဗိုလ်ချုပ်သည် ဦးအုန်းမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း ၊ ဝိသမလောဘသား စီးပွားရေးသမားမဟုတ်သဖြင့် အခွင့်အရေးမတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍တစ်ကြောင်း ကားကြုံလိုက်စီး ခဲ့ခြင်းပင်ဖြစ်ပါသတည်း။
         ◾ တက္ကသိုလ်နေဝင်း
   ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ 
.

ဦးသန်းရွှေ၏ ယတြာ (၁)

❝ ဦးသန်းရွှေ၏ယတြာ (၁) ❞

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြည့်လိုက်လျှင်အမြဲတမ်း မျက်နှာထား သုန်မှုန်နေတတ်ပြီး ဘာတစ်ခုမှ အလိုမကျသည့်အသွင် ဖြစ်နေတတ်သည် ။ စစ်အစိုးရများထဲတွင်ဟောင်ဖွာဟောင်ဖွာလုပ်မှု အနည်းဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည် ။ သူ့ရှေ့ကဗိုလ်ချုပ်စောမောင်သည်ပင် ရောက်ရာ အရပ်တွင် စာအုပ်တွေထောင်ပြီး သူ မည်မျှသိကြောင်း ထုတ်ဖော်ကြွားဝါပြောဆိုတတ်သည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီးကား ဘယ်နေရာမှစကားမပြော ၊ တပ်မတော်နေ့လိုမျိုးတွင်ပင် မဖြစ်မနေ စာတက်ဖတ်လိုက်သည်သာ များသည် ။ သူစစ်အစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့အတွက်ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်နေရသလို စိတ်ပျက်စရာ ဖြစ်နေရသည် ။ ဒေါ်အောင်ဆန်းစုကြည်ကား တစ်နိုင်ငံလုံးက လေးစားကြည်ညို ချစ်ခင်ရသည့်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ၊ ထို့ပြင် စစ်အစိုးရနှင့်ဆန့်ကျင်ဘက် ဒီမိုကရေစီ ဘက်တော်သား ။ ပိုဆိုးသည်က အမျိုးသမီး ဖြစ်နေခြင်း ။

    ဗိုလ်ချုပ်ကြီးများကို အာဏာရ ၊ နေရာရလာပြီးနောက် မကြာခဏရုပ်မြင်သံကြားများထဲတွင် တွေ့မြင်လာကြရသည် ။ သတင်းလာလျှင် သူတို့ တိုင်းခန်းလှည့်လည်မှုများ ၊ အခမ်းအနားတက် မှုများ ၊ ဖွင့်ပွဲများကို ဖွင့်ပေးခြင်းများ အားလုံး သူတို့ကို မတွေ့ချင် ၊ မမြင်ချင်မှ အဆုံးဖြစ်သည် ။

    တစ်နေ့တွင် ထူးခြားစွာ ဗိုလ်ချုပ်မှူးကြီးကိုအမျိုးသမီးများသာ ဝတ်ဆင်လေ့ရှိသည့် ချိတ်ထဘီကြီး ဝတ်လျက်သား အခမ်းအနားတစ်ခုတွင် တွေ့လိုက်ကြရသည် ။ ထိုနေ့ကား ၂၀၁၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပသောပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားဖြစ်သည် ။ သူနှင့်အတူ အခြားသော ဗိုလ်ချုပ်များ အားလုံးလိုလိုလည်း ချိတ်ထဘီတွေ ကိုယ်စီနှင့် ဖြစ်နေသည် ။

သူတို့ ဘယ်လိုသဘောနဲ့ ချိတ်ထဘီတွေ ဝတ်လာကြသလဲတော့ မပြောတတ်ဘူး ။ ဒါပေမဲ့ သူတို့ကိုကြည့်ရတာ အတော်လေးထူးဆန်း နေတာတော့ အမှန်ပဲဟု ရန်ကုန်မြို့တွင် နေထိုင်သော စက်ပြင်ဆရာတစ်ဦးဖြစ်သည့် မြင့်ဦးက ပြောသည် ။

မြန်မာနိုင်ငံတွင် အမျိုးသားရော အမျိုးသမီးများပါ ပိုးထည်များ ဝတ်သည်ဆိုသော်လည်းယောက်ျားမိန်းမ ဒီဇိုင်းအဆင် ခွဲခြားဝတ်ဆင်ကြသည်က များသည် ။ ယောက်ျားများဝတ်လျှင် ပုဆိုးဟုခေါ်ပြီး ၊ ပုဆိုးဆင်က သီးခြားဖြစ်သည် ။ အမျိုးသမီးများ ဝတ်လျှင် ချိတ်ထဘီဟု ခေါ်ကြသည် ။ ထိုနေ့က ဗိုလ်ချုပ်များဝတ်ဆင်လာသည့် ပုံစံများမှာ လုံချည်ပုံစံမဟုတ် ချိတ်ထဘီအဆင်များ ဖြစ်နေသည် ။

မြန်မာနိုင်ငံ၏ နောက်ဆုံမင်းဆက် သီပေါမင်းသည် ဗြိတိသျှတို့ ထံတွင် ၁၈၈၆ ခုနှစ်၌ နန်းစွန့်ခဲ့ရသည် ။ ထိုခေတ်က ဘုရင်များသာ ချိတ်ထဘီအဆင်များကို ဝတ်ဆင်လေ့ရှိကြသည် ။ သို့သော် ခေတ်သစ်အာဏာရှင် စစ်ဗိုလ်ချုပ်များအားလုံး ချိတ်ထဘီတွေ ကိုယ်စီဖြစ်နေခြင်းအား တီဗီကြည့်နေသူအားလုံးက သဘောပေါက်လိုက်သည်မှာ ယတြာ ချေနေခြင်းသာ ဖြစ်မည်ဟု ယူဆကြသည် ။ အမည်မဖော်လိုသူ ဗေဒင်ဆရာတစ်ဦးကလည်း ထိုနေ့သည် ကိန်းခန်းဗေဒင် ဓာတ်သဘောအရ ဓာတ်ရိုက် ဓာတ်ဆင်ရန် အကောင်းဆုံး နေ့တစ်နေ့ ဖြစ်နေကြောင်း သိရသည် ။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ရာစုနှစ်ဝက် တစ်ခုအတွင်း အုပ်စိုးသူ မင်းသုံးဆက် ပြောင်းသွားခဲ့ရသည် ။ ထိုမင်းဆက် အာဏာရှင်သုံးဦးစလုံးသည် ဗေဒင်ယတြာများကို ယုံကြည်ကိုးစား အားထားကြသူများ ဖြစ်ခဲ့သည် ။ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးသွားခဲ့သည် ။ သူလည်း ယတြာသဘောအရ သူ့ပုံကို မှန်ထဲတွင်
ကြည့်ပြီးမှန်ကို သေနတ်နှင့် ပစ်ခတ်ကာ ယတြာချေသူ ဖြစ်သည် ။ သူကိုးကွယ်သည့်နတ်ဆရာက သူ့ကို လုပ်ကြံမည့်သူ ရှိသည်ဟု ပြောသဖြင့် ကိုယ့်ကိုယ်ကိုယ် မှန်ထဲတွင် လုပ်ကြံလိုက်ခြင်း ဖြစ်သည် ။ ထို့ပြင် ၉ ဂဏန်းကို အဆောင်သဘောဖြင့် ၁၉၈၇ ခုနှစ်တွင် အသစ်ထုတ်ခဲ့သော ပိုက်ဆံများကို ၉ နှင့်စားလျှင် ပြတ်သည့် ကိန်းဂဏန်းများဖြင့် ခွတီးခွကျ ထုတ်ခဲ့သည် ။ ၄၅ ကျပ်တန် ၊ ၉၀ ကျပ်တန်များ ဖြစ်သည် ။ သို့သော် သူ့ယတြာ မစွမ်းဟုဆိုရမည် ။ နောက်တစ်နှစ်တွင် တိုင်းပြည်ပျက်ပြီး သူလည်း ရာထူးက ဆင်းပေးလိုက်ရသည် ။

    သူ့နေရာကို အာဏာသိမ်းပြီး ဆက်ခံသူမှာ ဗိုလ်ချုပ်စောမောင် ဖြစ်သည် ။ သူလည်း ဘယ်နေရာရောက်ရောက် ၊ ဘာပြောပြော ​ေဗဒင်နှင့် နတ်ဆရာတွေ အကြံအစည်အတိုင်း ခင်းကျင်းပြင်ဆင် ပြောဆိုလုပ်ကိုင်တတ်သည် ။ ဗိုလ်ချုပ်စောမောင်နောက် ဆက်ခံသည့် ဗိုလ်ချုပ်သန်းရွှေကား ဗေဒင်ဆရာ ၊ နတ်ဆရာပေါင်း ၇ ဦးခန့် ရှိသည် ။ သူတို့အားလုံး၏ အဓိကပစ်မှတ်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည် ။

    ဗေဒင်ဆရာ ၊ နတ်ဆရာ ၊အောက်လမ်းဆရာများ အားလုံးသည် အရှေ့တောင်အာရှတွင် အလွန်ရေပန်းစားသူများ ဖြစ်ကြသည် ။ ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းအပါများကို ချိတ်ထဘီများဖြင့် ပြည်သူတွေ တွေ့ရှိလိုက်ကြရသော်လည်း ၊ အင်တာနက် Webpage ပေါ်တွင် ထိုပုံများကို မတင်ကြောင်း တွေ့ရသည် ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဝစ်ကိုဆင်တက္ကသိုလ်မှ မြန်မာ့ရေးရာ အထူးကျွမ်းကျင်သူမနုဿဗေဒပညာရှင် အင်းဂရစ်က ယတြာချေသည်ကို လူသိမခံလိုသောကြောင့် အင်တာနက်ပေါ်သို့ ပုံများ မတင်ခြင်းဖြစ်မည်ဟုသုံးသပ်သည် ။

    ယင်းသို့ ဗိုလ်ချုပ်များ ချိတ်ထဘီဝတ်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာမှ ပုဂ္ဂိုလ်တစ်ဦးကလည်း သူ၏ထင်မြင်ချက်ကိုအချက် နှစ်ချက်ဖြင့် သုံးသပ်ပြသည် ။ ပထမအချက် မှာ မြန်မာနိုင်ငံကို မိန်းမတက်ပြီး အုပ်ချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မိန်းမအသွင် ထဘီဝတ်ထားသော
ဗိုလ်ချုပ်ကြီးများက ထိုနေ့ကို ယတြာချေသည့်အနေဖြင့်တက်ပြီး အုပ်ချုပ်လိုက်ခြင်း ဖြစ်သည် ။ ဒုတိယအချက် မှာ ဗိုလ်ချုပ်အားလုံး ထဘီ ဝတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကိုလွှဲပြောင်း ယူလိုက်သလို ဖြစ်သွားမည်ဟု အခါပေးသည့်အတိုင်း လိုက်လုပ်ကြခြင်း ဖြစ်သည် ။ ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည် ။ ထိုတော်လှန်ရေးသည် လက်ရှိ စိုးမိုးအုပ်ချုပ်နေသည့် စစ်အစိုးရ အပေါ် သံဃာတော်များက ဆန့်ကျင်သည့်လှုပ်ရှားမှုလည်း ဖြစ်သည် ။ ထိုဆန့်ကျင်ပွဲတွင် ပြည်သူတွေကလည်း အစိုးရထံ အမျိုးသမီးအတွင်းခံများ ပို့ရန် ဆော်ဩ ကြသည် ။အဘယ်ကြောင့်ဆိုသော်အမျိုးသမီးအဝတ်ကို နိုင်ငံခေါင်းဆောင်ကြီးများက
မြတ်နိုးတန်ဖိုးထားသောကြောင့်ဖြစ်ကြောင်း အများက သတ်မှတ်ကြသည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ့ရပ်တည်ချက် ခိုင်မြဲနိုင်ရေးအတွက် အောက်လမ်းနည်းများသုံးပြီး လုပ်ရမည်ဆိုလျှင်လည်း ဝန်မလေးကြောင်း အားလုံး သိသွားခဲ့ကြသည် ။

    ယခုတင်ပြခဲ့သည့် အမျိုးသမီး ချိတ်ထဘီဝတ် ဗိုလ်ချုပ်ကြီးများအကြောင်းသည် ယုတ္တိဗေဒနည်းအရ ခိုင်လုံခြင်းမရှိဟုဆိုလျှင် အယူသီးအစွဲအလမ်းကြောင့် ထင်ရာလုပ်ခြင်းဟုသာ ဆိုရပေလိမ့်မည် ။ ဤကဲ့သို့ ထဘီဝတ်ပြီးယတြာချေသော အမှုကိစ္စသည် ယခင်ကလည်း ရှိခဲ့ဖူးသည် ။ ယခင် ထောက်လှမ်းရေးအကြီးအကဲ တစ်ဦးသည်လည်း အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တန်ပြန်တိုက်ခိုက်ခဲ့ဖူးသည် ။
မည်သို့ဆိုစေ ပြည်သူများသည် တစ်ကြိမ်မဟုတ် ၊ နှစ်ကြိမ်မဟုတ် ထဘီ ယတြာများကို မြင်လာရသည့်အခါတွင် အဘယ်ကြောင့် စစ်အုပ်စုသည် ထိုသို့ လုပ်ဆောင်နေကြောင်းကို သဘောပေါက်စ ပြုလာကြသည် ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် လေသံလည်းမဟ ၊ အင်တာဗျူးလည်း မခံ ၊ အားလုံး နှုတ်ပိတ်ရေငုံနေကြသည်မှာ ဆိတ်ဆိတ်နေ ဝန်ခံရာရောက်နေသလောဟုလည်း စဉ်းစားစရာ ဖြစ်သည် ။

နောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်တွင် စစ်ခေါင်းဆောင်များသည် တင်းမာစွာဆက်ဆံနေဆဲ ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆက်လုပ်ရန် အနောက်နိုင်ငံများကို ထပ်မံတိုက်တွန်းသည့်အခါတွင် နိုင်ငံပိုင်သတင်းစာများက သူမနှင့်သူမ နောက်လိုက် များကို ကြေကွဲဖွယ် နိဂုံးချုပ်ရလိမ့်မည်ဟု သတိပေးရေးသားခဲ့ကြသည် ။ သို့ဖြင့် ၂၀၁၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ ပေးကျွေးထားသည့် အုပ်စုများက ဒီပဲယင်းတွင် ဝိုင်းဝန်းတိုက်ခိုက်လိုက်ခြင်းမှာ စစ်အစိုးရသည် ပြောသည့်အတိုင်း လုပ်တတ်ကြောင်း ပေါ်လွင်ထင်ရှားစေခဲ့သည် ။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည် ။ စစ်ဖိနပ်အောက် ရောက်နေသော ပြည်သူများအတွက် ဒီမိုကရေစီကို နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လိုက်ကြရခြင်း ဖြစ်သည် ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်သည့်ခေတ်သည် ဒီမိုကရေစီအသွင်ထက်အာဏာရှင်ပုံစံဖြင့်သာ အုပ်ချုပ်သွားကြောင်း တွေ့ရှိရသည် ။ သူချိတ်ထဘီဝတ်ခြင်းနှင့် ပတ်သက်ပြီး အင်းဂရစ်ဂျော့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမှန်တော့
နန်းကျဘုရင်၏ အသွင်ကို ယူထားခြင်းသာ ဖြစ်သည် ။ အမှန်မှာ သူသည် မြန်မာနိုင်ငံကို ဘုရင်စနစ်ဖြင့် မင်းတရားကြီးအသွင် အုပ်ချုပ်ချင်နေသူ ဖြစ်သည်ဟု ရေးသားခဲ့သည် ။ ဘုရင်အသွင်နှင့် ထီးရိပ်နန်းရိပ်ကို အထင်ကြီး
လေးစားနေသောကြောင့်လည်း သူ့အိမ်တွင် ခေါ်ပြောနေကြသည်များမှာထီးသုံးနန်းသုံးများ ဖြစ်သည်ဟုလည်း ဆိုကြသည် ။

ပြည်ထောင်စုနေ့ ညစာစားပွဲတွင် မင်းတရားကြီး ယတြာအတိုင်းလိုက်ပြီး ချိတ်ထဘီဝတ်ကြသော ဗိုလ်ချုပ်များသည် ထိုနေ့ကိစ္စနှင့်
ပတ်သက်ပြီး နှုတ်ပိတ်ရေငုံနေကြသည် ။ အားလုံး အမိန့်မရဘဲနှင့်လည်း တစ်ညီတညွတ်တည်း ချိတ်ထဘီ ဝတ်ဆင်လာကြပြီးအခမ်းအနားတက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ ။ ထိုထဘီမျိုးသည် မည်သည့် အမျိုးသားများထံတွင်မှ အဆင်သင့် ရှိနိုင်သော အရာမျိုး မဟုတ်ပေ ။ တစ်နည်းကြည့်ရလျှင် ၂၀၀၄ ခုနှစ်က အရာကျသွားခဲ့ရသည့် ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ပင် သူတို့ခေါင်းဆောင်ကြီး၏ နောက်ဆုံးအချိန်ကို နှစ်သိမ့်ပေးသည့်အနေဖြင့်အလိုလိုက် အကြိုက်ဆောင် စစ်ဗိုလ်ချုပ်အားလုံး ထမီလိုက်ဝတ်ခြင်းလည်း ဖြစ်နိုင်သည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်ဘုရင် ဝင်စားသည့် မင်းတစ်ပါး ဖြစ်သည်ဆိုဆို ၊ ဘုရင်မကြီးတစ်ပါး ဝင်စားသည်ဟုပြောပြော နောက်ဆုံးအချိန်တွင် ထဘီဝတ်ပြီး စွန့်လွှတ်ခဲ့ရသည်ကတော့ အမှန်သာ ဖြစ်ခဲ့သည် ။

Ref: Why Did Burma's Leader Appear on TV in Women's Clothes?,

By Robert Horn: Times, The Guardian.

     ◾တင်ညွန့်

    📖 ဦးသန်းရွှေ၏ ယတြာများ

.

Tuesday, July 14, 2020

အောင်ကာရန် ဆောင်နိမိတ်တွေနဲ့

 ❝ အောင်ကာရန် ဆောင်နိမိတ်တွေနဲ့ ❞

လူတွေက ' ကံ ' ကြမ္မာအလှည့်အပြောင်းဆိုပြီး အကောင်းအဆိုးနှစ်မျိုးကိုပဲ ဂရုစိုက်တတ်ကြပါတယ် ။ အထူးသဖြင့် လောကီအကျိုး ၊ ငွေကြေး ၊ ဂုဏ် ၊ နာမည်ကျော်စောမှု စသဖြင့်ပေါ့လေ ။

ကျွန်တော်ကတော့တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတတ်တဲ့ ပီတိ​ဖြစ်  စရာလေးတွေ ၊ ပျော်စရာလေးတွေ ၊ တရားကျစရာ..တွေ ကြုံလာရင်လည်း ' ကံကောင်းလိုက်တာ ' လို့ ထင်မိတတ်ပါတယ်ဗျာ ။ ဆိုပါစို့ ကိုယ်အလွန်လေးစား တဲ့ စာရေ.ဆရာကြီးတစ်ယောက်ကို ဖျတ်ခနဲ မြင်ဖူးရုံလေးရှိတာနဲ့ကို ကံကောင်းတယ်လို့ပဲ ခံစားရတတ်တာမျိုးပေါ့ ။ စကားပြောခွင့် ၊နည်းနာခံခွင့် ၊ စာပေဆွေးနွေး နိုင်ခွင့်လောက် များ ရမယ်ဆိုရင်တော့ မပြောပါနဲ့တော့ပါပဲ ။

ခုလည်း ဂီတနဲ့ပတ်သက်လို့အထူးသဖြင့် သီချင်းအဆိုနဲ့ ပတ်သက်လို့ ကံကောင်းခဲ့ရတာလေး ပြန်တွေးမိနေပါတယ် ။

မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်မန္တလေးမြို့မဂီတအသင်းကြီးရဲ့ စိန်ရတုပွဲ သွားရောက်ကူညီဖျော်ဖြေခဲ့ရတုန်းကပါ ။ အဲဒီတုန်းက ရန်ကုန်က ဂီတပညာရှင် အတော်များများ မန္တလေးကို သွားခဲ့ကြပါတယ် ။ မိတ်ဆွေရင်းချာသဘော ၊ မိသားစုသဘောနှင့်မို့ ချစ်ဖို့အလွန်ကောင်းပါတယ် ။ အောက်ပြည်အောက်ရွာက ဂီတပညာရှင်များကလည်း မြို့မပွဲသို့   မြို့ မသီချင်းတွေ တတ်အားသလောက်ဆိုကြပါတယ် ။

ကျွန်တော်ကတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ “ လှောင် ” သီချင်းကို ဆိုပါတယ် ။ ကျွန်တော်ကံကောင်းတယ်ဆိုရတာက သီချင်းတစ်ပုဒ်လုံးကို ( အောင် ) ကာရန်တွေနဲ့ချည်း ယူထားတာမို့ ဆိုသူရဲ့ အမည်ကို သီချင်းထဲ ထည့်ဆိုတဲ့အခါ " သုမောင် " ဆိုတော့ ကာရန်သင့်သွားတာကြောင့်ပါပဲ ။ အဲဒီ ' လှောင် ' သီချင်းကို မူလက ( မန္တလေး ) ဦးချစ်ဖွယ်ကြီး ဆိုခဲ့တာပါ ။ နောက်တော့ ဦးချစ်ဖွယ်ရဲ့သား ( မန္တလေး ) ဦးသိန်းတန်က ဆိုခဲ့တယ်လို့ သိရပါတယ် ။ မူလသီချင်းကို ဓာက်ပြား ၊ တိပ်ခွေ စသဖြင့် သွင်းထားတာ မရှိလို့ ဘယ်သူနဲ့ အကျော်ကြားဆုံးလဲ ကျွန်တော် မသိရပါဘူး ။ ကျွန်တော့်အနေနဲ့တော့ အဲဒီ “ လှောင် " သီချင်းကို မြို့မအဖွဲ့နဲ့ ရန်ကုန်မှာပဲ တိပ်ခွေစီးရီးထဲမှာ ကျွန်တော် သွင်းဖူး ဆိုဖူးတာပါ ။ သီချင်းစာသားမှာက

“ အလွန်တကယ် သရော်လှောင် ရွံတယ် ကျွန်တော် ရှောင် ခုနစ်ဆယ်ကျော် တောင်ကို မြို့မနဲ့ ဝေးမယ်မထင်ပေါင် သားတွေက လှောင် သမီးတွေက လှောင် ပွဲတီးတဲ့ခါ မိန်းမကလှောင် နေ့တိုင်း မင်းတို့ ကျုပ်ကို လှောင် လှောင်ပေမယ်လို့ကွယ် သုမောင်ကြီးတရားမချို့ ပေါင် သနားဖို့အကောင် " တဲ့ ။

အရင့်အရင် ကျွန်တော့်ထက် ဦးစွာသီဆိုခဲ့တဲ့ ပညာရှင်ကြီးတွေထဲမှာ “ အောင် ” ကာရန်ပါတဲ့ သူမရှိခဲ့ဖူးလို့ သိရပါတယ် ။ ဥပမာ ဦးသိန်းတန်ကြီးဆိုရင်လည်း " သိန်းတန်ကြီး တရားမပေါင် သနားဖို့အကောင် " လို့ပဲ ဆိုရမှာပါ ။ ဦးချစ်ဖွယ်ကြီးဆိုတာ ဖြစ်ရင်လည်း " ချစ်ဖွယ်ကြီးတရားမချို့ပေါင် ” လို့သာ ဆိုခဲ့မှာပါဗျာ ။

ခုတော့ ကျွန်တော်ဘယ်လောက် ကံကောင်းပါသလဲ ။ “ အောင် ” ကာရန်ယူထားတဲ့ သီချင်းကိုမှ ဆိုခွင့်ရခဲ့တာ ။ ဒီသီချင်းဟာ ကျွန်တော့်အထက်ဘိုးစဉ်ဘောင်ဆက်က ပေါ်ခဲ့ပေမယ့် ကျွန်တော့်အလှည့်ကျခါမှ တိပ်ခွေသွင်းဖြစ်ပြီး ကိုယ့်နာမည် ထည့်ဆိုခွင့် ရလိုက်တော့ နောင်တစ်ချိန်မှာ ကျွန်တော့်သီချင်းလိုများ ဖြစ်သွားလေမလားပေါ့ ။

အဲသလိုများ ဖြစ်သွားခဲ့ရင်လည်း ကျွန်တော်ကတော့ တိတ်တိတ်ကလေးကျိတ်ပြီး ဂုဏ်ယူနေမိတော့မှာပါပဲ ။

စောစောကပြောသလို မန္တလေးမှာ စင်တင်ဂီတဖျော်ဖြေရတော့လည်း
ပရိသတ်ကို ဟန်နဲ့ ပန်နဲ့ ရင်ဘတ်ကြီး ပုတ်ပုတ်ဆိုပြရတာ အရသာရှိလိုက်တာဗျာ ။ အဲသလိုကျွန်တော်ကဆိုတော့ အမေလူထုဒေါ်အမာက သူစင်အောက်က နားထောင်ရကြောင်း ၊ ငယ်မူပြန်ပြီး ခြေလက်နဲ့ စည်းဝါးလိုက်နေမိကြောင်း မဟေသီမဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ် တကူးတကန့် ရေးခဲ့ပါသေးတယ် ။ အမေတို့ငယ်ငယ်က သီချင်းဆိုပဲ။ ကဲ... ကျွန်တော် သုမောင်ကို ကံ မကော င်းပေဘူးလား ။

တလောဆီက အစ်ကိုချစ်ဆွေ ( စန္ဒရားချစ်ဆွေ ) က ဘာသဒ္ဓါပေါက်တယ် မသိပါဘူး ။ “ ဟေ့ကောင်... ဗလ မင့်ကို သီချင်းအသစ်တစ်ပုဒ်စပ်ပေးမယ် ” လို့ ပြောပါတယ် ။ ဒီလို ရေးရတာက အစ်ကိုချစ်ဆွေဟာ သီချင်းသစ်မပြောနဲ့ ၊ သူ့သီချင်းဟောင်းတွေ ပြန်ဆိုချင်တယ်လို့ တောင်းရင်တောင် ( ဘယ်လောက်ပုံ ​ေပး ပေး ) စိတ်မထင်ရင် ဘုဆတ်ဆတ်ကြီး ငေါက်လွှတ်တတ်တဲ့သူ
ပါ ။ “ မင်းဆိုလို့ ကရုဏာသက်စရာ တစ်ကွက် မှ မရှိဘူး ” လို့လည်း ငေါ့တော့တော့ လှောင်တောင်တောင် ပြောချင်ပြောတတ်ပါရဲ့။

ခုတော့ ဘာအဆက်အစပ်မှ မရှိဘဲ (လက်ဖက်ရည်ဆိုင်မှာ) သူကစပြီး စေတနာတွေ စီးဆင်းလာတော့ " ဟ..ငါ ထီပေါက်တာပဲ ” လို့လက်ခမောင်းခတ်မိပါတယ် ။ အကြောင်းသိတွေကလည်း “ ​ေဟ့ ... ဘိုသု ထီထိုး ” လို့ ဩဘာပေးကြလေရဲ့။

တကယ်ပါပဲ ။ အဲဒီကိစ္စကို သူ မမေ့မလျော့အကောင်အထည် ဖော်ခဲ့ရာမှာ မနေ့က ( ၁၉ - ၅ - ၂၁၀၃ ) မှာ မြန်မာ့အသံတီးဝိုင်းနဲ့ သူ့သီချင်းကို သီဆိုဖြစ်ခဲ့ပါတော့တယ် ။ “ အစ်ကိုချစ် ” ကိုယ်တိုင် စန္ဒရားမတီးပေမယ့် ကျွန်တော့်အနားကပ်ပြီး တစ်ချိန်လုံး လိုက်ဆိုပြပေးခဲ့ပါတယ် ။ ( သူ့အသံကလေးပါအမှတ်တရရှိအောင် ကျွန်တော်က သီချင်းတိုက်တုန်း အိတ်ဆောင်ကက်ဆက်နဲ့ တိတ်တိတ် သွင်းယူထားလိုက်ပါတယ် ) ကိုင်း... သီချင်းကို ကြည့်ပါဦး ။ ခေါင်းစဉ်က “ မောင်မောင် ပစ်တိုင်းထောင် "

စာသားတချို့ကို ဖော်ပြရရင်...

" ကျရာအရပ်မှာ တထောင်ထောင် အရှုံးမပေးပေါင် အပြုံးကလေးဆောင် အမုန်းတေးစကားကို ရှောင် မောင်ပစ်တိုင်းထောင် ဘဝကို အရှုံးမခံ ရုန်းကန်ခြင်းနဲ့ ပြိုင်ရအောင် အားငယ်စိတ်တွေရှောင် မောင်ပစ်တိုင်းထောင် နှလုံးသားလေးများ ဖြူစင် သမောင် ( ပစ်တိုင်းထောင် ) မောင် မောင် ပစ်တိုင်းထောင် ××× ” စသဖြင့်ပေါ့ဗျာ ။

ကြည့်စမ်းပါဗျာ ။ ဒီသီချင်း ကျွန်တော့်ကိုယ်ပိုင်ဖြစ်မယ့်သီချင်းကလည်း “ အောင် ” ကာရန်ပါပဲလား ။အကြောင်းအရာကလည်း ကျွန်တော့်စရိုက်နဲ့ ကိုက်ပါပေ့။ ' ကျရာအရပ်မှာ တထောင်ထောင် ' တဲ့ ။ ကျွန်တော့်မှာလေ ဆိုနေရင်းက ထလိုက်ရတဲ့ကြက်သီး။

ပြီးတော့ စာဖတ်သူကို ကျွန်တော် တိတ်တိတ်ခိုးသွင်းထားတဲ့ အစ်ကို
ချစ်ဆွေရဲ့ အသံတွေ ဖွင့်ပြချင်စမ်းပါဘိ ။ ဆိုပေါက်လွဲလို့ ဆဲတဲ့အသံတွေ ၊ ပီဘိ အဆိုတော်သစ်ကလေးကို သီချင်းချပေးနေသလို အရစ်အဟဲတွေ ပြပေးနေတာတွေ ၊ အဝင်အထွက်တွေ စိတ်တိုင်းမကျလို့ စာရွက်ကို တဗြန်းဗြန်း ရိုက်တဲ့အသံတွေ ။

ဪ.. ငါးဆယ်ကျော် အဘိုးအိုလေးကို ခုနှစ်ဆယ်ကျော်အဘိုးကြီးက သီချင်းတက်ပေးနေပုံများ နံဘေးကနေလာကြည့်ကြစေချင်စမ်းပါဘိ ။

ကိုင်း... ကျွန်တော် ကံမကောင်းပေဘူးလားဗျာတို့ ။

သုမောင်

ပေါ်ပြူလာဂျာနယ်

ဇူလိုင်လ ၁ ရက် ၊ ၂၀၀၃ ခုနှစ်

Sunday, July 12, 2020

ငယ်က အချစ်


❝  ငယ်ကအချစ်  ❞
    ​ေဩာ်  ငယ်ကအချစ်အနှစ်တရာမမေ့သာတဲ့ ။ လေးလေးကတော့ချစ်ခဲ့ဖူးတာ နှစ်နှစ်ဆယ်အစိတ်ရှိသေးတယ် ။ အကုန်မေ့ကုန်ပြီ ။ ဘယ်သူတွေ ချစ်ခဲ့မိလို့ ဘယ်သူတွေ ကြိုက်ခဲ့မိမှန်း မသိပါဘူး ။
    တွေးကြည့်တယ် ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့်လို့ ။ တွေးမရဘူး ဖြစ်နေတယ်ကွဲ့ ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့် ဘယ်သူပါလိမ့် ဘယ်သူပါလိမ့်လို့ လက်ပေါ် နဖူးတင်ပြီးလည်း တွေးကြည့်တယ် ။
နဖူးပေါ် လက်တင်ပြီးလည်း တွေးကြည့်တယ် ။ တွေးလို့မရဘူး ။ ချစ်ဦးသူ စာရင်းပျောက်နေတယ် ။ ပြီးတော့ နောက်ဆုံးချစ်တဲ့ အချစ်
နိဂုံးစာရင်းလည်း ပျောက်နေတယ် ။ ဘယ်သူ့ကိုနောက်ဆုံး ချစ်မိလို့ချစ်မိမှန်းလည်း မသိဘူး ။ ချစ်ရမယ်ထင်တာတော့ ခုထိလည်းချစ်နေတုန်းကိုး ။ ဒီတစ်ယောက်နဲ့ချစ်နေတုန်း ဟိုတစ်ယောက်က အခြေအနေပေးတာနဲ့ အချစ်ကို ထရန်စဖာပေးပြီး အပြောင်းအရွှေ့လုပ်တာတွေကလည်း အများသား ။ တစ်ခါတစ်ခါ မိန်းမတစ်ယောက်ယောက်နဲ့များ လမ်းမှာကြုံလို့
“ ကိုကံချွန် ရှင် ကျွန်မကို မှတ်မိရဲ့လား ”
ဆို မေးလိုက်ရင် ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတာပဲ ။ အမှုတွဲဟောင်းများ ပြန်ပေါ်တော့လေမလား ဆိုပြီး ။ အဲသလိုမေးတဲ့ မိန်းမက ပီပါလောက်ဝပြီး ပုံဆိုးပန်းဆိုးဆိုလို့ကတော့အမေးခံရတဲ့နေရာကနေ ဝေးရာကို ဖနောင့်နဲ့တင်ပါးတစ်သားတည်းနေအောင်ပြေးချင်တော့တာပဲ ။ သူ့မျက်နှာသာ ရယ်ကျဲကျဲနဲ့ ကြည့်နေရတယ် ။ ဘယ်သူမှန်း တကယ်သိတာ ။
" ရှင်ပဲ မောင့်အသည်း နွဲ့လေးလို့ ခေါ်ခဲ့တာလေ ”
ဆိုပြီး အစဖေါ်ပေးမှ " ေဩာ် ငယ်ငယ်က ငါ့ အချစ်ဆုံး
လေးပါလား ” လို့ဖြူဖြူသွယ်သွယ် ချစ်စဖွယ်ရုပ်ကလေးကို မြင်ယောင်မိတော့တယ် ။ အဲဒီတော့လည်း ချစ်ရေးဆိုစဉ်က သူငြင်းခဲ့တာဟာ ငါ့ကုသိုလ်ကံ ကောင်းလွန်းလို့ပဲဆိုပြီး သက်ပြင်းချမိပါရဲ့။ အဲဒီတုန်းကသာ လက်ခံလိုက်လို့ ကိုယ်နဲ့ရပြီးမှ ဒီလိုပုံကြီးပေါက်နေရင် ဒုက္ခအသစ်
တစ်မျိုးတိုးသွားမှာ သေချာတယ် ။
    ချစ်သောသူနဲ့ ကွေကင်းရခြင်းဒုက္ခ ၊ မချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခ
ပြီးတော့ ချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခလို့ ။
    အဲသလိုတွေ့ရကြုံရပြီဆိုရင် မြန်မြန်နှုတ်ဆက်ပြီး မြန်မြန်လစ်ရတော့တာပဲ ။ ရှက်လို့မဟုတ်ပါဘူး ။ သူ့အရွယ်နဲ့သူ ပြောခဲ့ ၊ ရေးခဲ့ ၊ ပေးခဲ့တဲ့ ကိစ္စတွေပဲ ။ လစ်ပြေးချင်တာက သူ့ ဘော်ဒီပုံမလာလို့ပါ ။
    သူသာအပျံစားဆိုလို့ကတော့ ဘာပြောကောင်းမလဲ အလွမ်းသယ်လိုက် မယ့်ဖြစ်ခြင်း ။ အင်း ယောက်ျားများရဲ့ စိတ် ။
    ဒီ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ ကိစ္စကြီးကို လေးလေး
သေသေချာချာ စဉ်းစားကြည့်တယ် ။ လူသားသမိုင်းမစခင်ကတည်းက အချစ်ဆိုတာ ရှိခဲ့တာပဲ ။ကျောက်ခေတ် လူသားတွေကနေ ဒီနေ့ သိပ္ပံလူသားတွေထိ မရိုးနိုင်ဘဲလက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာကတော့ အချစ်ဆိုတဲ့အရာပါပဲ ။ လူသားဘဝရဲ့အစ ကျောက်ခေတ်ဦး လူသားဘဝကတည်းက တွေ့ရှိခဲ့တဲ့အချစ်ဟာ လူသားတစ်ယောက် ကလေးအရွယ် လွန်မြောက်တာနဲ့ နှလုံးသားထဲကို ခိုဝင်ပြီး အငြိမ်မနေ
တော့ဘဲ ကမြင်းတော့တာကိုး ။ အချစ်ကြောင့်ရင်ခုန်တယ်ဆိုတာ ဒီက စတာပေါ့ ။
    ကလေးဘဝမှာ အတူတူကစားခဲ့ကြတဲ့ မိခွေးနဲ့ ဖိုးထောင် ၊ တက်တူနဲ့ ဂွက်ထော် ၊ ဂျော်နီနဲ့ မာဂရက် စတဲ့ကလေးတွေ အတူတူ မုန့်စားလိုက် ၊ လိုက်ထုလိုက် ၊ တူတူပုန်းလိုက် မလုပ်တော့ဘဲ
မကစားတော့ဘဲ ခပ်တည်တည်လေးတွေ ဖြစ်လာပြီဆိုရင် သူတို့ အချစ်စိတ် စဝင်လာလို့ပဲ ။ မရိုးသားကြတော့လို့ပဲ ။ အဲ အချစ်စိတ်ဝင်လာလို့ ချစ်သွားကြပြီဆိုရင်တော့ တစ်ခါပြန်ပြီး အတူတူ
မုန့်စားလိုက် ၊ တူတူပုန်းလိုက် ၊ လိုက်ထုလိုက် လုပ်ကြပြန်ရော ။
    အဲသလို ငယ်စဉ်မှာ ပထမဆုံး စချစ်ခဲ့တဲ့အချစ်ကို ငယ်ချစ်လို့ ခေါ်တာထင်ပါရဲ့။
     ◾   ကံချွန်
      📖  အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )
.

Saturday, July 11, 2020

နာမကရဏ မင်္ဂလာ



  ❝  နာမကရဏ မင်္ဂလာ ❞
     မနေ့ညက မိုးကြီး စုံစုံချုပ်မှ ရောက်လာသဖြင့်ပတ်ဝန်းကျင်ကို အသေအချာ မလေ့လာနိုင်အားခဲ့ ။ သည်နေ့ မနက် မှပင် စေ့စေ့စပ်စပ် ကြည့်ရတော့သည် ။ ကျွန်တော် နေထိုင်ရာအခန်းသည် ၁၆ ပေ x ၁၂ ပေ ကျယ်ဝန်းသော အခန်းဖြစ်၏ ။ အခန်းကို ၂ ပိုင်း ပိုင်းထားသည် ။ ၁၂ ပေ ၄ ပေခန့် ကျယ်ဝန်းသော နောက်ဘက်ခြမ်းနှင့် ၁၂
ပေ ပတ်လည်ရှိ ရှေ့ဘက်ခြမ်းတို့ပင် ။ နောက်ဘက်ခြမ်းမှာ ပခုံးအမြင့်လောက်ရှိသည့် အုတ်ထရံ ကာရံထားသော ရေလောင်းအိမ်သာ တစ်ခုနှင့် ရေဘုံဘိုင်တစ်ခုပြီးတော့ စဉ့်အိုးတစ်လုံး ရေခွက်တစ်ခွက် အထွေထွေသုံးရန် ပလတ်စတစ် ဇလုံတစ်လုံးတို့ ရှိလေသည် ။ ရှေ့ဘက်ခြမ်းမှာတော့ သောက်ရေအိုး ၁ လုံး ၊ ဖျာကြမ်း သုံးချပ် ၊ ဂွမ်းစောင်တစ်ထည် ၊ ပုံ စံ စောင် ( ချည် စောင် ) တစ်ထည်နှင့် မျက်နှာကြက်ပေါ်မှ ဝပ်လေးဆယ်အား မီးလုံးတစ်လုံးတို့သည်ကား ကျွန်တော်ပိုင်ဆိုင်သမျှ အကုန်ပင်ဖြစ်လေသည်။
     သည် ၁၆ ပေ ၁၂ ပေခန်းကို သံတိုင်ကာရံထားသည့် တံခါးမကြီးတစ်ချပ် ၊ပြတင်းပေါက် တစ်ခုအားဖြင့် အရှေ့ဘက်ရှိ မျက်နှာစာခန်းနှင့် ပိုင်းခြားထား၏ ။မျက်နှာစာခန်းသည် ၁၂ ပေ ၆ ပေ ကျယ်ဝန်းပြီး သစ်သားတံခါး တစ်ချပ် တပ်ဆင်ထားသည် ။ အပေါ်မှာတော့ သံဆန်ခါ အုပ်ထား၏ ။ သည်သစ်သားတံခါးမှ တစ်ဆင့်သာလျှင် ပြင်ပသို့ မြင်နိုင်ခွင့်ရှိသည် ။ကျောဘက်နံရံမှာ တပ်ဆင်ထားသော သံတိုင်တပ် ပြတင်းပေါက်ကတော့ အပြင်မှာဖြစ်သဖြင့် ရံခါသာခပ်လှမ်းလှမ်းသို့ ကြည့်လိုလျှင်ဖြစ်စေ ၊ နေထွက်လထွက်ကို ကြည့်လိုလျှင်ဖြစ်စေ အသုံးပြုနိုင်ပေလိမ့်မည် ။
     ရှေ့ဘက်တံခါးမှမျှော်ကြည့်လိုက်လျှင် မုန်လာစိုက်ခင်းတစ်ခု ၊ မြေနီလမ်းကလေး ၊ ပြီးတော့ သရက်ပင်ကြီးနှစ်ပင် သင်္ဘော ၊ မယ်ဇလီပင်အုပ် ၊ နောက်တော့ ( နောင်အခါ စစ်ကြောရေးရုံးဟု သိလာရသည့် ) တစ်ထပ်အဆောက်အဦ တစ်ခု အုတ်စည်းရိုးနီနီ ဟိုမှာဘက် မှာတော့ မီးလောင်ပျက်စီးနေပြီဖြစ်သည့် ထောင်အဆောင်ကြီးတစ်ခု ။ ဒါသည်ပင်ကျွန်တော် မြင်ပိုင်ခွင့်ရှိသည့် နယ်နိမိတ်အစအဆုံးဖြစ်၏ ။
     ကျောဘက် ပြတင်းမှတစ်ဆင့် ကြည့်လိုလျှင် ဦးဆုံးပထမ အိမ်သာအုတ်ပေါင် ပေါ်သို့တက်ရ၏ ။ ထိုမှမျှော်လိုက်လျှင်ဖြင့်မီးလောင်ပြီးစ အဆောင်ကြီးတစ်ခု နောက် ခပ်လှမ်းလှမ်းမှာ ကုက္ကိုပင်ကြီးနှင့် တွဲဖက်ထောင်ဟု အမည်ရသည့် သီးသန့်ထောင်ကြီးတို့ကို မြင်ရလေသည် ။
     ညတုန်းက ပိန်ပိန်သေးသေး ထောင်မှူးလေးက ကျွန်တော့်အား စကား
ပြောခွင့်မရှိကြောင်း ၊ တစ်ခန်းနှင့်တစ်ခန်း လှမ်းပြီးအော်ပြော၍ မဖြစ်နိုင်ကြောင်း ၊ ဝန်ထမ်းများကိုလည်း စကားမပြောရန် တင်းကျပ်စွာ တားမြစ်ကြောင်း မိန့်မှာကြားသွားလေရာ ကျွန်တော့်မှာ အတော်ပင် အကျပ်ရိုက်သွားတော့၏ ။ သောကြာသားဖြစ်သော မိမိအဖို့မှာ ထမင်းမစားလျှင်သာ နေနိုင်မည် ။စကားမပြောရလျှင် မနေနိုင်ဖြစ်ရကာ အကြောင်းတစ်ခုခုရမယ်ရှာပြီး ပြောနေရမှ ကျေနပ်သူဖြစ်လေရာ ဤစည်းကမ်းချက်သည် လိုက်နာရန် အလွန်ခက်ခဲလှပေသည် ။ လူသူမနီးသည့်နေရာမှာ တစ်ယောက်တည်းနေပြီး စကားလည်း မပြောရပြန်ဆိုတော့ ဘယ်လိုဟာကြီးပါလိမ့်ဟု တွေးမိနေပြန်၏။
     သို့သော်လ ည်း မကြာမီမှာပင် ကျွန်တော့်အခန်းရှေ့ရှိ မုန်လာစိုက်ခင်းသို့ ထောင်ကျများ အလုပ်ဆင်းလာကြလေသည် ။ သည်ပုဂ္ဂိုလ်များကို စကားပြောရပေအံ့ဟု ဆုံးဖြတ်ကာ “ ရွှတ်ရွှတ်ရွှတ် ” ဟူ၍တစ်နည်း “ ကစ်ကစ်ကစ် ” ဟူ၍ တဖုံ “ ရွှီ ရွှီ ရွှီ ” ဟူ၍ လေချွန်ကာတစ်မျိုး အမျိုးမျိုးခေါ်သော်လည်း ထိုသူတို့ကပင် နားလေး၍လား ( သို့တည်းမဟုတ် ) ကျွန်တော့် အသံကပင် တိုး၍လားမသိ ၊ ဆက်သွယ်မရနိုင်ဖြစ်နေတော့၏ ။ သို့ဖြင့် သူတို့နှင့် မျက်လုံးချင်းဆုံခွင့်ရရန် ကြိုးစားရပြန်လေရာ ထိုပုဂ္ဂိုလ်များသည် ကျွန်တော့်ကို ကြည့်မိလျှင်ပင် သေဒဏ်ပေးခံရမည့်အလား မျ က်မွေးထော် လော်လို့မှ မကြည့်လေတော့ရာ ကျွန်တော့်မှာ မိမိ၏ အစီအစဉ်ကို လက် မြှောက်အရှုံးပေး လိုက်ရတော့သည်။
     သည်တော့ စကားပြောဖော်ရှာရပြန်တော့၏ ။ ဟော... တွေ့ပါပြီကော ။
အခြားတစ်ပါးတော့ ဟုတ်ပါရိုးလား ။ အခန်းရှေ့မှာ အစာလာစားကြသော စာကလေးများနှင့် စီတန်းချီတက်နေကြသော ပုရွက်ဆိတ်များပင်တည်း ။ ကိုယ့်ကိုပြန်ပြောသည် ဖြစ်စေ ၊ ပြန်မပြောသည်ဖြစ်စေ... အဖက်လုပ်လုပ် မလုပ်လုပ် ကိုယ့်တာဝန်အရ ပြောရမည်သာပင် ။
     သို့သော်လည်း ကျွန်တော့်အား မြန်မာစကားပြော မေ့မသွားစေရန် လေ့ကျင့်ပေးသူများက အလိုအလျောက် ပေါ်လာကြပေသည် ။ ပထမဆုံး ရောက်လာသူများကတော့ ထောင်မှတ်ပုံတင်စာရင်း လာရောက်ရေးသွင်းသူများပင် ။ လမ်းခင်းကျောက်ပြား အရွယ်ခန့်ရှိသော စာအုပ်ထူကြီးကိုကိုင်ပြီး ဝန်ထမ်းသုံးဦးသည် မျက်နှာစာအခန်းတွင်းသို့ ဝင် ရောက် လာကြလေသည် ။ သည့်နောက် မှာတော့ စာအုပ်ကြီးကို ကြမ်းပြင်ပေါ်မှာ ချခင်းရင်း အမည် ၊ အဘအမည် ၊ အသက်စသည်ဖြင့် တစ်ခုပြီးတစ်ခု မေးမြန်းကာ
ရေးသွင်းနေကြပါတော့သည် ။ ကျွန်တော်ကတော့စကားပြောဖော်ရပြီဟု ဝမ်းသာလုံးဆို့ပြီး လိုအပ်သည်ထက်ပင် ပို၍ဝေဝေဆာဆာကြီး အဖြေပေးနေမိတော့၏ ။ ပြဿနာ စတက်သည်ကတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ” ဆိုသောအချက် ၌ပင် ဖြစ်လေသည် ။
     “ ကိုဇာဂနာ ကိုယ်မှာထင်ရှားသည့် အမှတ်အသား ဘာရှိသလဲ ”
     “ မှတ်ပုံတင်ထဲမှာတော့ မေးစေ့အောက် မှာ အမာရွတ်ရှိတယ်လို့ ပါတာပဲ ။ ခုတော့ မုတ်ဆိတ်မွေးတွေ ဖုံးနေလို့ မမြင်သာဘူးပေါ့လေ ”
     “ ဒီပြင်ဟာကော ဘာရှိသေးသလဲ ”
     အပြေးအလွှား စဉ်းစားလိုက် မိ၏ ။ ကိုယ်လုံးပေါ်မှန်ရှိလျှင်လည်း ကောင်းသား ။ ကိုယ့်ခန္ဓာကိုယ်မှာ ဘာအမှတ်အသား ရှိလို့ ရှိမှန်းမသိ ပြန်လျင်လည်း ရှက်စရာ ။ ထိုစဉ် မတ်တတ်ရပ်နေသော ဝန်ထမ်းတစ်ဦးက .....
     “ ဒီရင်ဘတ်က မဲှ့ကို ရေးလိုက်ရင် ရတာပဲ ”ဟု ဆိုလာသောအခါ.....
     နောက်တစ်ဦးက  " ဟာ... ဒါဆို လက် မောင်းက မဲှ့က ပိုထင်ရှားတာပဲ ဒီဟာရေးမှာပေါ့ ” ဟု ဝင်၍ အကြံပေးပြန် လေသည်။

    သို့ဖြင့် အနှီ ပုဂ္ဂိုလ်နှစ်ဦးသည် ဒီဟာက ပိုသိသာတယ် ၊ ဟိုမှဲ့ က ပိုထင်ရှားတယ် ။
ဘာပြုတယ် ညာပြုတယ်နှင့် ငြင်းကြခုံကြပါလေတော့၏ ။ ကျွန်တော်လည်း မနေသာတော့ဘဲ စကားစ ဝင်ဖြတ်ရတော့သည် ။
     “ ခဏဗျာ… ကျွန်တော်တစ်ခုတော့ ပြောချင်လို့ ………ထင်ရှားသည့်အမှတ်
အသားဆိုတာက ကြည့်လိုက်တာနဲ့ ထင်းခနဲ မြင်နေမှမဟုတ်လား ။ အခု ကျွန်တော်က အင်္ကျီ ချွတ်ထားတာဆိုတော့ ရင်ဘတ်တို့ လက် မောင်းတို့က မဲှ့က မြင်နေရတာ ပေါ့။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အင်္ကျီချွတ်ပြီး နေမှာမှမဟုတ်တာ ။ မဲှ့ကို ရေးချင်တယ် ဆိုရင်တော့ ဒီပါးပေါ်က မှဲ့က ပိုထင်းမှာပေါ့ ဟုတ်ဖူးလား ”
     သို့မှပင် ကိစ္စက ပြတ်သွားတော့သည် ။ ကျွန်တော်၏ ထောင်ဝင်မှတ်တမ်းစာအုပ်တစ်ခုမှာတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ၊ လက်ယာပါးပေါ်တွင် မှဲ့နက် မွှေးပါတစ် ” ဟူ၍ ဖြစ်သွားလေတော့သည်။
     ဒုတိယတစ်ခါ စကားပြောလာရောက်လေ့ကျင့်ပေးသူကား နံနက်စာ စားအပြီး
တွင် ကျွန်တော့်အခန်းရှေ့သို့ ရောက်လာပါသည် ။ထမင်းစားပြီး အတော်အတန်
ဗိုက်ပြည့်သွားသဖြင့် အခန်းထဲတွင် အစာ​ေကြလမ်းလျှောက်နေစဉ် အခန်းဝ၌ လူရိပ်တွေ့သဖြင့် မော့ကြည့်လိုက် မိရာ အပွင့်အခက် များနှင့် အလှဆင်ထားသော ယူနီဖောင်းကို ဆင်မြန်းထားသည့် လူပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရတော့၏ ။
     ထိုပုဂ္ဂိုလ်ကြီးသည် ခင်မင်နှစ်လိုဖွယ်ရာ ပြုံးပြပြီးနောက် မျက်နှာစာခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ သူ၏နောက် မှ အခြားယူနီဖောင်းဝတ် ပုဂ္ဂိုလ်အများအပြားလည်း
လိုက်ပါလာလေရာ ဤပုဂ္ဂိုလ်ကြီးသည်ကား ခေသူ တစ်ဦးမဟုတ်ပါလားဟု တွေးမိနေပါသည် ။
     “ ဘယ်လိုလဲ ကိုဇာဂနာ..…. နေထိုင်ကောင်းရဲ့လား ”
     “ ဟုတ်ကဲ့ ”
     “ သိနေတယ်လေ…. ခင်ဗျားနေကောင်းမယ်ဆိုတာ သိနေတယ်လေ ”
ကျွန်တော်၏ ရုပ်မြင်သံကြားမှ ပြက်လုံးကိုပြောပြီး ထိုပုဂ္ဂိုလ်ကြီးသည် တဝါးဝါး တဟားဟားဖြင့် ရယ်ပါလေတော့သည် ။ အနီးအနားမှ ပုဂ္ဂိုလ်များကလည်း ဟီးဟီးဟီး ဟားဟားနှင့် ရယ်ကြလေသည် ။ ကျွန်တော့်မှာတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ အူကြောင်ကြောင် ဖြစ်နေတော့၏ ။သို့သော်လည်း မျက်နှာစာခန်းရှိ သစ်သားတံခါးကို မှီရပ်နေသော တပ်ကြပ်ကြီးကို မြင်လိုက်ရသည့်အခါမှာတော့ မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားရတော့သည် ။
     ထို တပ်ကြပ်ကြီးသည် တောင်ငေး မြောက်ငေး လုပ်နေရာမှ သူ့အထက်အရာရှိများ တဝါးဝါးတဟားဟားဖြင့် ရယ်နေသံကို ကြားရသည့်အခါ အိပ်မ က် မှ လန့်နိုးလာသည့် လူတစ်ဦးနှယ် ကျီးကြည့်ကြောင်ကြည့်လုပ်နေပြီးမှ ရောကောသောကောဖြင့် ဟီးဟီး ဟားဟား ထလုပ်တော့ရာ ကျွန်တော့်မှာ ထိုတပ်ကြပ်ကြီးအားကြည့်ပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်မိပါတော့သည် ။ သည့်နောက် ကျွန်တော့်ရှေ့မှ ပုဂ္ဂိုလ်ကြီးက စကားစပါတော့သည် ။
     “ ကျွန်တော်က အင်းစိန်ထောင် ထောင်ပိုင်ကြီး ဦးစိန်ဌေးပါ ”
     ဪ ... ဦးစိန်ဌေး...  ဦးစိန်ဌေး ။ ဘီဘီစီကပင် ထုတ်လွှင့် ရသော ေထာင်ပိုင်ကြီးပါကလား ။ ကျွန်တော့် စိတ်ကူးထဲမှာ မှန်းပြီးပုံဆွဲထားသော ဦးစိန်ဌေးနှင့် ကျွန်တော့်မျက်စိရှေ့မှ ဦးစိန်ဌေးသည် လားလားကြီး ခြားနားနေပေသည် ။ ကျွန်တော့်ရှေ့မှ ဦးစိန်ဌေးသည် အသားဖြူဖြူ ခပ်သွယ်သွယ် ငယ်စဉ်တုန်းက ကြည့်လို့ကောင်းခဲ့မည့် သဏ္ဌာန်ရှိ၏ ။ ရယ်လိုက်လျှင် ပေါ်လာသော သွားကျိုးလေးမှတစ်ပါး သူ၏ မျက်နှာသည် ရှိရင်းစွဲ အသက်ထက်ပင် နုပျိုလွန်းနေလေသည် ။
     “ ဒီ ရောက်တုန်းရောက်ခိုက် ဘာမှစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဗျာ... ကိုဇာဂနာတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာပဲရှိနေစေချင်တယ် ”
     မြတ်စွာဘုရား ။ ထောင်ဆိုတာ ကိုယ်ပိုင်အိမ်မှ မဟုတ်တာ ။ အလှူအိမ်မှ
မဟုတ်တာ ။ တစ်အိမ့်တစ်အိမ် ကူးလူးဆက်ဆံလည်ပတ်သလိုမျိုး ရောက်လာတာမှ မဟုတ်တာ ။ ကျွန်တော်၏ အတွင်းစိတ် အပြောင်းအလဲကို ထောင်ပိုင်ကြီးသည် ရိပ်မိသွားသည်ထင် ။
     “ ကျွန်တော်ဆိုလိုတာက ဒီလိုပါ... ခင်ဗျားတို့ကို ဖမ်းတာရော ၊ လွှတ်တာရော ၊ ကျွန်တော်တို့အကျဉ်းထောင်နဲ့ ဘာမှမဆိုင်ပါဘူး ။ ကျွန်တော်တို့ တာဝန်က ဒီမှာ ခင်ဗျားတို့ ရှိနေသခိုက် တတ်နိုင်သမျှကူညီစောင့်ရှောက်ပြုစုပေးဖို့ပါပဲ ။ ခင်ဗျားတို့ကို ထောင်ထဲမှာ လက်ဖျားနဲ့မှ မတို့စေရပါဘူး ။ ထောင်ထဲမှာ နှိပ်စက်တယ် ၊ ရိုက်နှက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဗျာ ။ ကျွန်တော့်ဆီမှာလည်း သားတွေသမီးတွေနဲ့ပါဗျာ ။ ဒီအထဲ မုဒိမ်းကျင့်တယ်ဆိုတာက လာသေးတယ် ။ လုံးဝ မဟုတ်ရပါဘူးဗျာ ”
     ထောင်ပိုင်ကြီးသည် ကျွန်တော့်အား ပုဏ္ဏားတိုင်လို များသဘောထားပြီးများ
ရင်ဖွင့်နေသည်လား မသိ ။ ကျွန်တော်ကတော့ သူပြောသမျှကိုသာ ခေါင်းညိတ် ၊
ခေါင်းခါလိုက် ၊ အင်းလုပ်လိုက် ၊ အဲလုပ်လိုက်ဖြင့် ရေလိုက်ငါးလိုက်လုပ်နေရတော့သည် ။ ထောင်ပိုင်ကြီးမှာလည်း စကားအများကြီး ပြောလိုက်ရသောကြောင့်ထင်ပါ့ ၊ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ………
     “ ကိုဇာဂနာ လိုတာပြောပါ ” ဟူ၍ မေးပါ​ေလတော့သည်။
     “ အထွေအထူးတော့ မရှိပါဘူး ။ စာအုပ်ကလေး ဘာလေးဖတ်ချင်လို့ ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     “ နောက်ပြီးတော့ ကျွန်တော်တို့ဆီပါလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဆေးလိပ်လေး မုန့်လေး ဝယ်လို့ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     သည့်နောက် မှာတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထောင်ပိုင်ကြီးနှင့်အဖွဲ့သည်
ပြန်လည် ထွက်ခွာသွားလေတော့သည် ။
     “ ဒေါက်...ဒေါက်...ဒေါက် ”
     အနည်းငယ် လန့်သွား၏ ။ အုတ်နံရံခေါက်သံ ။အလိုက်သင့်ပင် ကျွန်တော်လည်း ပြန်ခေါက်လိုက် မိသည် ။
     “ မောင်သူရ ... ဟေ့ကောင်”
     “ ဗျို့...  ကိုဌေး...”
     “ ထောင်ပိုင်ကြီး ဘာတွေပြောသွားသလဲ ”
     “ ဒီလိုပါပဲ ဘာညာ သာရကာပေါ့ ”
     “ ဟေ့ကောင်..…ထောင်မှူးတွေ အလစ်မှာဆိုရင် စကားပြောလို့ ရတယ်ကွ သိလား ”
     “ ဟုတ်လား ...ဒါဆို ထောင်မှူးတွေ လစ်တာနဲ့ နံရံခေါက် အချက်ပေးလိုက်ပေါ့
ဟုတ်ပလား ”
     ထိုစဉ်မှာပင် ထောင်ပိုင်ကြီးကို ပြန်လိုက်ပို့ပေးသော ထောင်မှူးသည် ပြန်ဝင်
လာသဖြင့် ကျွန်တော်တို့နှစ်ဦးသား စကားစ ဖြတ်လိုက်ရတော့၏ ။ ပသို့ဆိုစေ စကားပြောဖော် ရပြီဖြစ်သဖြင့် ကျွန်တော့်မှာ များစွာ ဝမ်းသာမိတော့သည် ။
     ပို၍ပို၍ အဆင်ပြေစေသည့် အကြောင်းများက ဖန်တီးလာပါသည် ။ ညနေစာ စားအပြီး ထောင်မှူး ခပ်ဝဝပုဂ္ဂိုလ်သည် စက်ဘီးကြီးနှင့် ထွက်ခွာသွားပါတော့သည် ။ မရှေးမနှောင်းမှာပင် အသားဖြူဖြူ ဆံပင်တိုတိုနှင့် လူတစ်ဦးက ခေါင်းဆောင်ပြီး ဝန်ထမ်းလေးငါးယောက်ခန့် ကျွန်တော့်အခန်းရှေ့သို့ ရောက်ရှိလာကြပါသည် ။ ထို အသားဖြူဖြူ ပုဂ္ဂိုလ်ကပင် ကျွန်တော့်အား ဆေးလိပ်တိုက်ပြီး မိတ်ဆက်စကားပြောလေရာ ထောင်မှူးများ ညနေထမင်းစားချိန် အိမ်ပြန်လျှင် သူတို့ လွတ်လွတ်လပ်လပ်လာ၍ စကားပြောနိုင်ကြောင်း သိရှိလိုက်ရတော့သည် ။
     ပသို့ဆိုစေကာမူ ကျွန်တော့်အဖို့မှာတော့ ငါမြန်မာစကားမမေ့တော့ဘူးဘဲဟူ၍သာ ဝမ်းသာမိနေပါတော့သည် ။
xxx xxxxxx  xxxxx
     ကျွန်တော်၏ မွေးရာပါ ဗီဇအရ စကားပြောခြင်းအမှုကို အောင်မြင်စွာပြုနိုင်ခဲ့သလို အခြား စွန့်နိုင်ခဲ့သည့် ဝါသနာတစ်ခုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည် ။ အခြားတော့မဟုတ် ။ သူတစ်ပါးအား နာမည်ပြောင်ပေးခြင်းပင် ။ ငယ်စဉ်ကတည်းကပင် ကျွန်တော်နှင့် နီးစပ်သော သူငယ်ချင်းများအား နာမည်အမျိုးမျိုး ပေးခဲ့ဖူးရာ ယနေ့ထက်တိုင် ယင်းအမည်တို့သည် တွင်ကျယ်လျက်ရှိနေဆဲပင် ဖြစ်လေသည် ။ ယခုလည်း ကျွန်တော့်မျက်စိရှေ့ရောက်လာသော ထောင်ဝန်ထမ်း မှန်သမျှကို နာမည်ထိုင်ပေးမိနေပါ
တော့၏။
     ဘာပြောလိုက်ပြောလိုက် တင်ပြပေးပါ့မယ်ဟူ၍သာ ဖြေလေ့ရှိသော ထောင်ပိုင်
ကြီး ဦးစိန်ဌေးအား မစ္စတာတင်ပြ ။
     သန်းကြွယ် ကာတွန်းနှင့် တူသော ထောင်ပိုင်ဦးလှဖေအား ပရော်ဖက်ဆာတာတီး ။
     ထောင်ပိုင်အနောက် မှ လိုက်လေ့ရှိသော ဝဝထောင်မှူးကြီး နှင့် ပိန်ပိန်အသားညိုညို ထောင်မှူးအတွဲကို ဦးစိတ်တို နှင့် မျောက်ညို ။
     ပိန်ပိန်သေးသေး မျက်နှာ မှုန်ကုပ်ကုပ်နှင့် စကားမပြောရဟူသော စည်းကမ်း
ထုတ်သွားသည့် ထောင်မှူး ဦးမြင့်စိန် ကို “ အသေးလေး ” ။
     ဝဝတုတ်တုတ် ထောင်မှူး ဦးတင်မောင်ကို “ အေဝမ်း ” ။ အားအားရှိတိုင်း တရားဟောနေတတ်သော ကရင် အမျိုးသား ထောင်ကြပ်ကြီးဦးငွေစိုးအား “ ဓမ္မကထိက ” ။ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ညနေဆိုလျှင်ရေချိန်ကိုက်လာလေ့ရှိသော တပ်ကြပ်ကြီး ဦးခင်မောင်လတ်အား “ အချိန်မှန်ဆရာဖြူ ” ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နှင့် သူ၏ အတ္ထုပ္ပတ္တိကို ဖွဲ့ ဖွဲ့နွဲ့နွဲ့ လာလာ ပြောပြတတ်သော တပ်ကြပ်အောင်စိုးကို “ ကျွန်တော့်ဘဝဇာတ်ကြောင်း ” ။  ရင်ဘတ်ဖွင့်၍ လျှောက်တတ်သော ဒုတပ်ကြပ် ရခိုင်ကြီးအား  " ဝိတ်ပေါ ” ။ အမြဲတမ်း သုတ်သုတ်သုတ်သုတ်နဲ့ သွားလာ လှုပ်ရှားတတ်သော ရဲဘော်မျက် မှန်အား “ အီးတီ ” ။
     ကိုမြကြီး သီချင်း အမြဲဆိုလေ့ရှိသော ရဲဘော်ယဉ်ထွေးအား “ ကိုမြကလေး ” ။
ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သော်လည်း ဝယ်ဝယ်လာပြီး ကျွန်တော်တို့အား လာတိုက်လေ့ရှိသည့် ဒုတပ်ကြပ်ကိုမောင်တာအား “ အလှူရှင် ” ။ အမြဲတမ်း အော်ကျယ်အော်ကျယ်နဲ့ ဘယ်သူဘာပြောပြော ဟုတ်တယ်ကောင်းတယ် မိုက်တယ်မိတယ် လုပ်တတ်သော ရဲဘော်စိုးမောင်အား “ ဖော်လိုမီ ” ။  မည်သူနဲ့မှ စကားမပြော ဗိုက်ကလေး ရှပ်ရှပ်ပြီး လမ်းလျှောက်လေ့ရှိသည့် ရဲဘော်ခင်ဇော်အား “ ဂျပန်ဝမ်း လျှော ” ။ ထမင်းဟင်းချက် ကောင်းသော ရဲဘော်နိုင်ဝင်းအား “ စားဖိုမှူး ” ။ ဆေးလိပ်မီးညှိပေး မုန့်ဝယ်ပေးဖြင့် လာရောက် ကူညီလေ့ရှိသော အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထားသည့် ရဲဘော်ဇော်မင်းအောင်အား “ ဘောတံတားလေး ” ။ ကျွန်တော်တို့ ကို ပထမဆုံး ဆေးလိပ်လာတိုက်သော ၊ ပထမဆုံးစကားလာပြောသော ၊ ဟင်းဖတ်ကလေးများ ခိုးလာကျွေးသော ရဲဘော်မြင့်ဝင်းအောင်အား “ ဘော်ဒါကြီး ” စသည်ဖြင့် အသီးသီး နာမည် ပေးလိုက်လေသည် ။
     ကင်ပွန်းတပ်ပွဲ အခမ်းအနားအပြီးမှာတော့ အင်းစိန်ထောင်၏ အထူးစပယ်ရှယ် အရွယ်စုံ ၊ အရွက်စုံ ၊ အရိုးစုံ ဟင်းချိုဖြင့် ဧည့်ခံကျွေးမွေးပါလေတော့သတည်း ။
              ◾  ဇာဂနာ
               📖  ပထမ

Monday, July 6, 2020

ပြဿနာ မောင်သိန်းတန်




❝  ပြဿနာ မောင်သိန်းတန်  ❞
ကျွန်တော့်ဘဝတွင် လူထူးလူဆန်းအချို့ကို တွေ့ခဲ့ဖူးပါသည် ။ ထို့ကြောင့်တော်ရုံတန်ရုံ အထူးအဆန်းများကို ထူးဆန်းသည်ဟု မထင်တတ်ပါ။ တစ်ပြိုင်
နက်တည်းမှာပင် လူတချို့က ကျွန်တော့်ကိုလည်း လူထူးလူဆန်းတစ်ယောက်ဟုသတ်မှတ်ချင်ကြသေးသည် ။ အမှန်မှာ “ အထူးအဆန်း ” မဟုတ်သော “ အရူး
အနှမ်းပေါက်တတ်ကရများ ” ကိုသာ ကျွန်တော်လုပ်တတ်လေ့ရှိခြင်းဖြစ်ပါသည် ။
မူးကြောင် ရူးကြောင်ဖြင့် ရန်ကုန်မှ မန္တလေးသို့ နေ့ချင်းပြန်လေယာဉ်ဖြင့် မြီးရှည်သွားစားခြင်း ၊ အင်းလျားလိတ်ဟိုတယ်တွင် ဝီစကီနှင့် ​ေကာ့ညက်သောက်ပြီး
အပြန် ၊ အိမ်အနီးကျူးကျော် ရပ်ကွက်ထဲမှ အရက်ပုန်းဆိုင်ကိုနှိုးပြီး တောအရက် ထပ်သောက်လိုက်ရမှ ကျေနပ်ခြင်း စသော ငယ်စဉ်ဘဝက စတန့်များ ၊ရူးကြောင်ကြောင် လုပ်ရပ်များကြောင့် ကျွန်တော့်ကို လူထူးလူဆန်းတစ်ဦးအဖြစ် သတ်မှတ်ကြဟန် တူပေသည် ။ သူတို့ ရေးခဲ့ကြသည်လည်း များလှပါပြီ ။
တကယ်တော့ “ အထူးအဆန်း ”မဟုတ် ၊ " အရူးအနှမ်း ” များကိုသာ
ကျွန်တော် စတန့်ထွင်၍ လုပ်ခဲ့ခြင်းဖြစ်ပေသည် ။
ယနေ့ ပြန်စဉ်းစားကြည့်တော့ ရှက်စရာ ။
•••••   •••••••    •••••
တကယ့် လူထူးလူဆန်းအစစ်တစ်ယောက်အကြောင်းကို ကျွန်တော် ပြန်ပြောပြချင်ပါသည် ။ ရယ်စရာ မောစရာ ၊ ရင်ခုန်ထိတ်လန့်ဖွယ်ရာ ၊ ပင့်သက် မ, အံ့ဩဖွယ်ရာလွမ်းလောက်သည့်သူငယ်ချင်းတစ်ယောက်အကြောင်းကို ကျွန်တော် မကြာခဏလွမ်း, တ နေမိတတ်ပါသည် ။ သို့သော် လူတစ်ယောက်၏ ဘဝကို အချိန်ကာလအားဖြင့် ပိုင်း၍
ကြည့်လျှင် လူငယ်ဘဝနှင့် လူကြီးဘဝဟူ၍ နှစ်ပိုင်းတွေ့ရပေမည် ။ ကျွန်တော်လည်း သူနှင့် ကြီးမှပေါင်းရသော ကြီးပေါင်းသူငယ်ချင်း တစ်ဦးမျှသာ ဖြစ်ပါသည် ။ သူ၏ ငယ်ဘဝကိုကား သူ့မိဘအုပ်ထိန်းသူများထက်ပင် ရင်းနှီးနားလည်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးမှာ ဆရာမြသန်းတင့် ဖြစ်သည် ။
ထို့ကြောင့် သူ ( သို့မဟုတ် ) ၁၉၆၀ ပြည့်နှစ်များတွင် မြန်မာစာနယ်ဇင်းလောကနှင့် စာရေးဆရာများ ၊ စာဖတ်သူများအကြား အပြန်အလှန် ဝေဖန်သံများ ပွက်ဟိန်းညံခဲ့သော ပြဿနာ မောင်သိန်းတန်ခေါ် ဂျာနယ်ကျော်ဦးချစ်မောင် နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားကြီး ဩရသအကြောင်းကို ကျွန်တော်တစ်ယောက်တည်း ရေးပြနိုင်စွမ်းရှိမည် မဟုတ်ပါ ။ ဆရာမြထံမှ ခွင့်ပြုချက်သာရနိုင်မည်ဆိုလျှင် ဤစာစု၏ ရေးသူနေရာ၌ “ ဆရာမြသန်းတင့် နှင့် မင်းသစ် " ဟု ရေးလိုက်ချင်လှပါသည် ။
ခုတော့ • • • •
•••••   •••••••    •••••
ကိုသိန်းတန် ၏ငယ်ဘဝကို ဆရာမြသန်းတင့် ဤသို့ ထုဆစ်ပုံဖော်သွားခဲ့၏ ။
“ သူသည် ရေခဲသေတ္တာ ၊ဆိုဖာထိုင်ခုံ စသည်တို့ဖြင့် ဆင်ယင်အပ်သော အိမ်မှ ထွက်ပြေး ကာ ရွှံ့၊ ကြက်ချေးနံ့ ၊ ဘဲချေးနံ့တို့ဖြင့် စူးစူးဝါးဝါးနံစော်လှသော အလုပ်သမားရပ်ကွက်ထဲတွင် လှည့်လည်ကျက်စား၏ ။ သူသည် ရှယ်လီ၏ ကဗျာများနှင့် ရှိတ်စပီးယား၏ လင်္ကာတိုကလေးများ ကို သင်အံလေ့ကျက်ရသော ကျောင်းစာသင်သားများဖြင့် ရှုပ်ပွေနေသော သင်္ဘောဆိပ်၌ သွား၍ အိပ်၏ ။ သူသည်အထက်တန်းလွှာမှ သားသမီးများသာ နေနိုင်၍ ခရစ်ယာန်ဓမ္မသီချင်းသံတို့လည်း တညံညံရှိသော ဒါဂျီလင်သာသနာပြုကျောင်းတွင် နေခဲ့ပြီးနောက်ကြေးစည်သံနှင့်
ဗုဒ္ဓ၏ တရားဓမ္မကို ရွတ်ဖတ်သရဇ္ဈာယ်သံကို တစ်ရံမလပ် ကြားရတတ်သည့်ဘုန်းကြီးကျောင်းတွင်လည်း ကပ္ပိယလုပ်ခဲ့ ဖူး၏ ။ သူသည် သူ၏အစ်ကိုစစ်ဗိုလ်၏ အိမ်ကြမ်းပြင်ထက် မှဆင်း၍ အချုပ်ခန်းထဲသို့လည်း သွားရောက်အိပ်စက်နား နေခဲ့ဖူး၏ ။ သူသည် လှပချောမွေ့၍ ချစ်စရာကောင်းသော မိန်းမပျိုလေး တစ်ယောက်နှင့်လည်းတွေ့ခဲ့ဖူး၏ ။ သူသည် အင်္ဂလိပ်စကားများကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုတတ်သော်လည်း မျက်နှာဖြူသင်္ဘောသားများက နိုင်ငံခေါင်းဆောင်ကြီးများ နှင့်တကွ မြန်မာလူမျိုး တစ်ရပ်လုံးကို စော်ကားသောအခါတွင် မခံမရပ်နိုင်ဖြစ်ကာ ရန်ဖြစ်မိသဖြင့် လမ်းပေါ်တွင်တစ်ညလုံး ဒဏ်ရာများနှင့် လဲကျနေခဲ့ဖူး၏ ” ။
( မောင်သိန်းတန် ၏ “ သည်အရွယ်ဝတ္ထုတိုများ ” မြသန်းတင့် ၏ အမှာ )
•••••   •••••••    •••••
ထိုသို့ စာတွေ့နှင့်သာ သိခဲ့ရသော ကိုသိန်းတန်ကိုကိုယ်တွေ့ဖြစ်အောင်
သယ်ဆောင် လာသူကား “ မဟူရာခင်စိုး ၊ မျက်လုံးဖြင့် သရုပ်ဆောင်နိုင်သောအဆင့်သို့ရောက်နေသည့် နာမည်ကျော် ကျူရှင်ဆရာကြီး မဟူရာခင်စိုး၏ စကားများကို ကျွန်တော်တို့ အမြဲတမ်း
မယုံကြည်ကြပါ ။ သို့သော် မိမိတို့ စိတ်ဝင်စားခဲ့ကြသော ဒဏ္ဍာရီထဲက သူရဲကောင်း
တစ်ယောက်အကြောင်းမို့ မျက်တောင်မခတ်ဘဲ နားစွင့်ကြရ သည် ။
“ အဲဒီနေ့က ဗိုလ်ချုပ်လမ်းအတိုင်း ကားကို မောင်းလာကြတာဗျ ။ ဒရိုင်ဘာကလည်း သူ့စိတ်ကြိုက် ဇိမ်ခံစားနိုင်အောင်လို့ဖြည်းဖြည်းလေးပဲ မောင်းလာတာ ။ ဆူးလေမီးပွိုင့်ရောက်တော့ သူ့လက်က စိန်လက်စွပ်ကိုချွတ်ပြီး တစိမ့်စိမ့် ကြည့်နေတာဗျ ။ အဲ ဆုထူးပန် နဲ့ သွင်ရုံရှေ့လည်းရောက်ရော ဘာမပြော ညာမပြောနဲ့ လက်စွပ်ကြီးကို လူအုပ်ထဲ လွှင့်ပစ်လိုက်ရော..... ”
“ ဟာ... "
ကျွန်တော်တို့အားလုံး၏ အာမေဋိတ်သံကြီး ဖြစ်ပါသည် ။
“ ကျွန်တော်လည်းကတုန်ကယင်ကြီးကို ဖြစ်လို့ ဘယ်လိုလုပ်လိုက်တာလဲ
ကိုသိန်းတန် ” လို့ မေးလိုက်တော့..…….
သူ ရှေ့ဆက် မည့်စကားကို အသက်အောင့်ပြီး နားထောင်နေမိကြသည် ။
“ သူက ဘာပြန်ပြောလဲ သိလား... ”
ကိုခင်စိုး က စကားကိုနားလိုက်ပြီး သက်ပြင်းကြီးတစ်ချက်ချသည် ။
“ သူက ပြောတယ်ဗျ ။ ဒီမှာ ကိုခင်စိုးရဲ့၊ ဒီလက်စွပ်ဟာ ပစ္စည်းမဲ့လူတန်းစားတစ်ရပ်လုံးကို မကယ်တင်နိုင်ပေမယ့် မိသားစုတစ်စုလောက်ကိုတော့ အခိုက်အတန့်အားဖြင့် ပျော်သွားစေနိုင်လောက်ပါတယ်ဗျာ... တဲ့ ။ ကျွန်တော်ဖြင့် အံ့ကိုဩရော ”
ထိုစကားများကို ကြားရသည့်နေ့မှစ၍ ကိုသိန်းတန်ကို ကျွန်တော် အမှတ် ၂၀၀ အပြည့် ပေးလိုက်သည် ။ အရမ်းလည်းကြည်ညိုသွားမိသည် ။ သို့ဖြင့် -
“ ကိုသိန်းတန် နဲ့ ကျွန်တော့ကို အမြန်ဆုံးပေးစမ်းပါ ကိုခင်စိုးရာ ”
ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ကလည်း သူရဲကောင်းဝါဒ ( Heroism ) ကို ယုံကြည်ကိုးကွယ်နေသူတစ်ယောက် ။ ထို့ကြောင့် သူ့ကို တွေ့ချင်သည် ။ သိချင်သည် ။ ခင်မင် ရင်းနှီးချင်သည် ။ သူကတော့သူရဲကောင်းအစစ် ဖြစ်နိုင်ပါသည် ။ ကျွန်တော်ကတော့ ယနေ့အထိ စိန်လက်စွပ်တစ်ကွင်းကို လွှင့်မပစ်ရဲသေးပါ ။
•••••   •••••••    •••••
သူက ဒါဂျီလင်ကျောင်းထွက် သူဌေးသားမို့ ကိုခင်စိုးနှင့် သူ့ကို အင်းလျားလိတ်ဟိုတယ်တွင် ကျွန်တော်ဧည့်ခံပါသည် ။ သူ၏ အမူအရာအပြောအဆိုနှင့်
table manners ( စားသောက်ဝိုင်း ယဉ်ကျေးမှု ) ကိုလည်း အကဲခတ်နေမိပါသည် ။ ပထမ ဝိုင်အနီတစ်ခွက်နှင့်အတူ Mixed-grilled without beef ( အမဲသားမပါ အသားစုံကင် ) တစ်ပွဲမှာ၍ စားပါသည် ။ ( ၁ မှတ် ) ဒုတိယ ဝိုင်အဖြူတစ်ခွက်နှင့်အတူ Lobster-mayonnaise ( ပုစွန်တုတ်ပြုတ်နှင့် မလိုင်ချဉ်ဆမ်း ) တစ်ပွဲကို မှာ၍စားရင်း Jack Daniel ( American Whisky )ကို တစ်ကြိမ်သောက်လျှင် One Single ( ပဂ်ဝက် ) ချင်း မှာသောက်ပါသည် ။ (နောက် ၁ မှတ် ) စုစုပေါင်း ဝီစကီ ၃ ပဂ်မျှသောက်ပြီးနောက် စားပွဲထိုးကိုခေါ်ကာ.....
" Coffee and Cognac, please "
ဤတွင် ကျွန်တော်က ဝင်လျှာရှည်သည် ။
“ ကော့ညက်ဆိုရင် ဘာသောက် မလဲ ။ Hennessy လား ”
“ ကျွန်တော်က ကော့ညက်ဆိုရင် Remy Martin တစ်မျိုးတည်းပဲ သောက်လေ့ရှိတယ်ဗျ ”
ကျွန်တော့်ပါးစပ်ပိတ်သွားသည် ။ အမှတ်ပေးဇယားကို ကျွန်တော် သတိမရတော့ပါ ။
•••••   •••••••    •••••
နောက်တစ်ပတ်အကြာတွင် ဆူးလေဘုရားလမ်းရှိ ကျွန်တော့်စာသင်ခန်းသို့ ညသင်တန်းပြီးချိန်ခန့်တွင် သူရောက်လာသည် ။
“ ဒီနေ့တော့ ဘဝတွေထဲ ဆင်းကြရအောင်ဗျာ ၊ ဂွတ္တလစ်ကို မောင်းခိုင်းဗျာ ”
ဂွတ္တလစ်ဈေးရှေ့ရောက်သောအခါ ကျွန်တော့်ကားကို ပြန်လွှတ်ခိုင်းသည် ။ လမ်းဘေးအရက်ဆိုင်တန်းထဲသို့ ကျွန်တော်တို့နှစ်ယောက် ဝင်သွားကြသောအခါ လူတိုင်းလိုလိုက သူ့ကို ခင်မင်ရင်းနှီးစွာ ဝိုင်းဝန်းနှုတ်ဆက်ကြသဖြင့် ကျွန်တော် အံ့ဩသွားရသည် ။ မကြာခဏ သူ လာဖူးနေကျဖြစ်ကြောင်းကိုလည်းသိလိုက်ရသည် ။
မကြာမီ ဘေးဝိုင်းမှ လူသုံးယောက် ကျွန်တော်တို့ဝိုင်းသို့ လာရောက် ပူးပေါင်းသည် ။ သူက အားလုံးနှင့် မိတ်ဆက်ပေးသည် ။
“ သူက ရန်ကင်းက ဆိုက်ကားဆရာ ကို...
• • • • • ။ သူကတော့ တာမွေက ဝပ်ရှော့ဆရာဦး.…... တဲ့ ။ သူကတော့ ဒီနားက ဆံပင်ညှပ်ဆရာ ကို... ကဲ ခင်ဗျားတို့လည်း မှတ်ထားကြဦး ။ ကျွန်တော့်ဧည့်သည်နာမည်က ကိုမင်းသစ်တဲ့ ။ မြို့ထဲက ကျောင်းဆရာ ။ ဟား... ဒီနေ့ည ကိုယ့်ဘေးမှာ ဆရာတွေချည်းပါလား ၊ ဟဲ ဟဲ ဟဲ "
ပြောပြောဆိုဆို သူရယ်သည် ။ ကျွန်တော့်မှာတော့ ကြောင်စီစီကလေးသာ ပြုံး​နေနိုင်ပါသည် ။ ဟိုလူတွေကလည်း ပြုံးစေ့စေ့ ။ ဝိုင်းအရှိန်ရသည်နှင့်အမျှ ကိုသိန်းတန် နှင့် သူ၏ရဲဘော်များ ပို၍
တက်ကြွလာကြသည် ။ သက်ကြီးတက္ကသိုလ်ထွက်ဟု သိရသော ဆိုက်ကားဆရာက မာ့ခ်စ်ဝါဒ၏ ရေသောက် မြစ်သုံးသွယ်ကို အလေးထား ဆွေးနွေးသည် ။ အလင်းဝင်
ဗကပဟောင်းတစ်ဦးဖြစ်သော ဝပ်ရှော့ဆရာကြီးက လျူရှောက်ချီ၏ low to be
a good communist ကျမ်းကို ဆဲရေးသည် ။ “ ကျုပ်ကတော့ ခင်ဗျား တို့လို
အင်္ဂလိပ်စာ အားမကောင်းဘူးဗျ ” ဟုဆိုသော ဆံပင်ညှပ်ဆရာကမူ " International " သီချင်း၏ အစပိုဒ်ကို ထပ်တလဲလဲ ဆိုနေတတ်သည် ။
မောင်သိန်းတန် နဲ့အပေါင်းအသင်းတွေပဲလေ ။ ဒီလောက်တော့ ရှိမှာပေါ့.....။
ထိုညက အရက်ဖြူ ၄ ပုလင်းကုန်သည်ကို မှတ်မိသည် ။ အမြည်းတွေကိုတော့ လက်ဖက်သုပ် ၊ တညင်းသီးပြုတ် နှင့် အာပြဲခြောက်ကြော်တို့ကိုသာမှတ်မိတော့ သည် ။ သူမှာစားသော အခြားထွေလီကာလီ အမြည်းပွဲလေးများကိုကား
မှတ်မထားနိုင်တော့ ။ သေချာသည်ကတော့ နှစ်ယောက်စလုံးမှာ ပိုက်ဆံအလုံအလောက် ပါကြပါလျက်နှင့် အစာပိတ်အဖြစ် ​ေကာ့ညက် ( Cognac ) တစ်ခွက်စီမသောက်ဖြစ်ခဲ့ကြခြင်းပင်....။ သို့သော် အင်းလျားလိတ်ဟိုတယ်မှာ သောက်ရသည်ထက် နှစ်ယောက်စလုံး လိပ်ပြာပိုသန့်ပြီး ပျော်ရွှင်တက်ကြနေသည်ဟု ကျွန်တော် ထင်သည် ။ ဝိုင်းသိမ်းသောအခါ သူတစ်ခါမျှ မရောက်ဖူးသောကျွန်တော်၏
ကမာရွတ်ခြံထဲသို့ သူလိုက်အိပ်သည် ။
So, this is Thein Tan!
•••••   •••••••    •••••
နံနက် မိုးလင် အိပ်ရာထသောအခါ အိမ်ရှေ့ဝရန်တာတွင် သိုးဆောင်း ဘာသာစကားဖြင့် စကာလက်ဆုံကျနေကြသော ကျွန်တော့်ဇနီးနှင့် သူ့ကို တွေ့လိုက်ရသည် ။
နောင်အခါတွင် ကျွန်တော့်ဇနီးက ပြန်ပြောပြသည် ။ မြန်မာ့အသံအင်္ဂလိပ်ပိုင်းအစီအစဉ် ၌ Radio Plays များ ၊ Scenic Burma စသော အသံလွှင့်ဇာတ်လမ်းပမာများတွင် သူနှင့်တွဲဖက်ပြီး အသံသရုပ်ဆောင်ခဲ့ဖူးသော အင်္ဂလိပ်စကားတတ် နိုင်ငံကျော်ရုပ်ရှင်မင်းသားများထက် ကိုသိန်းတန်၏ လေယူလေသိမ်းနှင့် အသံထွက်က ပိုကောင်းသည် ဆို၏ ။ ကျွန်တော် အကဲဖြတ်နိုင်သောအကြောင်းအရာ မဟုတ်ပါ ။
မည်သို့ပင်ဖြစ်စေ ကိုယ့်မိတ်ဆွေကို ကိုယ့်ဇနီးက ကြည်ညိုလေးစားနေသည်ကို တွေ့လိုက် ရသဖြင့် ကျွန်တော်စိတ်ချမ်းသာသွားသည် ။ကိုသိန်းတန်ကား ကျွန်တော်၏ အိမ်နှင့်ခြံကို သဘောကျ၍မဆုံး..….. ။
“ မရှယ်လီတို့ခြံက သီးသန့် ရွာလေးတစ်ရွာလိုပဲနော် ။ ဒါကြောင့်လည်း စာရေးဆရာ ၊ ကဗျာဆရာတွေ လာ, လာနားကြတာနဲ့တူပါတယ် ။ ကျွန်တော်လည်း မွန်းကျပ်တဲ့အခါ ခင်ဗျားတို့ဆီ လာနားမယ်နော် ”
ကျွန်တော် မဖြေနိုင်မီ ကျွန်တော့်ဇနီးက ဘိုလိုဖြေချေ၏ ။
" Anytime, my dear ..... "
•••••   •••••••    •••••
တစ်စုံတစ်ခုကို လုပ်ချင်ပြီဆိုလျှင် အကြွေးမထားတတ်သော ကိုသိန်းတန်သည် နောက်တစ်နေ့ နံနက် မှာပင် လေးဘီးကားတစ်စီးဖြင့် ကျွန်တော့်ခြံထဲသို့ ပြောင်းလာခဲ့တော့၏ ။
“ ခင်ဗျားကားရော ကိုသိန်းတန် ”
“ ရောင်းပစ်ခဲ့တယ် ၊ ကားရှိနေရင် လမ်းထွက် မိမှာစိုးလို့ ”
ဤသည်ပင် ကိုသိန်းတန် အစစ် ဖြစ်တော့၏ ။
မှတ်မှတ်ရရ ၊ ၁၉၈၄ ။
•••••   •••••••    •••••
ရောက် ရောက်ချင်းနေ့မှာပင် ခြံထဲတွင် ဒန်းတစ်ခုဆင်၏ ။ ကျွန်တော့်ကလေးများကို မုန့်ဖိုးပေးပြီး ဒန်းလွှဲခိုင်း၏ ။ ကြံရည်ဝယ်ခိုင်း၏ ။ “ နေလဓာတ်သဘော ” ဟုဆိုကာ ဒန်းစီးရင်း ကြံရည်သောက်၏ ။ သူ့မိခင်ကြီး၏ ဆေးပညာကို သူ လုံးဝလက်ခံယုံ ကြည် သည်ဆို၏ ။ ကျွန်တော့်ဉာဏ်နှင့် လိုက်မမီပါ ။ မည်သို့ပင်ဖြစ်စေ မုန့်ဖိုးလည်းရ ၊ ကြံရည်လည်းသောက်ရ ၊ သူ နားချိန်တွင် ဒန်းလည်းစီးရသော ကျွန်တော့်သားသမီးများအတွက် မူ ဦးသိန်းတန် မှ
ဦးသိန်းတန် ။ ညပိုင်းရောက်လျှင် ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်မှမထွက်ဖြစ်ကြ ၊ အိမ်မှာပင် ဝိုင်းဖွဲ့ကြသဖြင့် ကျွန်တော့်ဇနီးကလည်း သဘောကျ ။ နည်းနည်း ရီဝေလာ သူ၏ စွန့်စားခန်းများကို နားထောင်ရင်း ၊ ရင်မောကြရ ၊
ရယ်မောကြရ ၊ • • •
လွမ်းတယ် ကိုသိန်းတန်ရေ...…..
•••••   •••••••    •••••
လသာသာ ညတစ်ည၌ သူပြောခဲ့သော ကိုယ်တွေ့ဝတ္ထုလေးတစ်ပုဒ်ကို နားဆင်ကြည့်ပါဦး ။
“ ၁၉၈ဝ ခုလောက်လို့ ထင်တာပဲဗျာ ။ ဒရိုင်ဘာတစ်ယောက် ၊ ကားတစ်စီးနဲ့
ကျွန်တော်ခြေ ဦးတည့်ရာ လျှောက်သွားနေတုန်းကပေါ့ ။ ပုဂံ - ညောင်ဦးကို ည ၁၁
နာရီလောက် ရောက်သွားတယ်ဗျ ။ ဘုရားမှာ တံခါးပိတ်တော့မယ်လုပ်နေတဲ့
ညစောင့်ကို တောင်းပန်ပြီး ကျွန်တော် ဘုရားဝတ်ပြုရတယ် ”
“ အမယ် ကျားသားမိုးကြိုးပါလား "
“ တစ်ခါတလေ Peace of mind အတွက် လိုအပ်ပါတယ်ဗျ ။ အဲ ဘုရားလည်းဝတ်ပြုပြီးရော ၊ ကျွန်တော်လှူချင်စိတ်တွေ အရမ်းပေါက်လာတယ် ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ "
“ ဘာဖြစ်လို့လဲဗျ ”
“ ကျွန်တော်လှူတဲ့ငွေကများလို့ ညစောင့်က လက် မခံရဲဘူးတဲ့ဗျာ ။ တော်တော်ရိုးသားတဲ့ လူပါပဲ ။ ဒါပေမဲ့ ကျွန်တော်တော့ စိတ်ညစ်ရော ။ သူ့အဖော် ဝန်ထမ်းတစ်ယောက်ကို လွှတ်ပြီး ဂေါပကလူကြီးတွေကို လိုက် နှိုး ခိုင်းတယ်ဗျ ”
“ ခင်ဗျားက ဘယ်လောက်လှူလို့တုန်း ”
“ တစ်သောင်းပါဗျာ ”
ကျွန်တော်သည် ၁၉၈၀ ဝန်းကျင်က ငွေတစ်သောင်း၏ တန်ဖိုးကိုစိတ်ထဲမှ တွက်ကြည့် နေမိသည် ။
“ ဂေါပကတွေရောက်လာတော့ရော ”
“ ပိုရှုပ်ကုန်တယ် ။ သူတို့က ဖြတ်ပိုင်းကြီးတွေထုတ်ပြီး ကျွန်တော့်နာမည်ကို မေးတယ် ။ ကျွန်တော်ကလည်း ကိုယ့်နာမည်တို့ ၊ မိဘနာမည်တို့ပြောဖို့ အင်မတန် ဝန်လေးတဲ့ကောင် ၊ အလှူငွေ ရပြီးပြီပဲဗျာ ၊ နာမည်လိုသေးလို့လားလို့မေးတော့ ဘုရားကြီး တန်ခိုးကြောင့် လူကြီးမင်းလိုပုဂ္ဂိုလ်ထူး ရောက်လာတာပါတဲ့ ”
ရယ်ရလွန်း၍ ကျွန်တော်အရက်တွေ သီးကုန်သည် ။
“ ခင်ဗျားက ရယ်နေ ။ကျွန်တော်ဖြင့် စိတ်တွေကိုညစ်လို့ ပြောမရတဲ့အဆုံး
စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတဲ့နာမည်တစ်ခုကို ပြောပစ်လိုက်တယ် ။ သူတို့က
လိုက် မရေးကြဘူးဗျ ။ ကျွန်တော်က စိတ်တိုတိုနဲ့ မြန်မြန်ရေးကြလေဗျာလို့
ပြောလိုက် မှ ကြောင်စီစီနဲ့ လိုက်ရေးကြတယ် ”
“ခင်ဗျားက ဘယ်လိုရေးခိုင်းလို့တုန်း ၊ ရဲဘော်ကြီးရဲ့”
“ ရာဇကုမာရ ကောင်းမှု "
ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ​အမူး တော်တော်ပြေသွားသည် ။
ထို့ကြောင့် သိန်းတန်ဟု ခေါ်သည်လေ ။
•••••   •••••••    •••••
သူ၏ ကိုယ်တွေ့ဝတ္ထုနောက်တစ်ပုဒ်ကတော့ လှပခမ်းနားလှပါပေသည် ။
၁၉၈၀ မတ်လ ၂ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဖိတ်ခေါ်ချက်အရ နီပေါဘုရင်မင်းမြတ် ဘီရင်ဒရာဂီရ်ကရမ်ရှားဒေ့ဗ် နှင့် မိဖုရားကြီး အစ်ရှဝါးရ်လက်ရှမီး ဒေဝီရှား တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိတော်မူခဲ့ကြပါသည် ။
ထိုဘုရင်မင်းမြတ်မှာ ကျွန်ုပ်တို့ ကိုသိန်းတန်၏ ဒါဂျီလင်တွင် ကျောင်းနေဖက် သူငယ်ချင်း အရင်းကြီးတစ်ဦးဖြစ်လေရကား. . . ။
ဤတွင် ကျွန်တော်က ဝင်၍ စပ်စုမိသည် ။
“ ဒါဖြင့်ရင် ရုပ်ရှင်မင်းသား ကိုညွန့်ဝင်းတို့နဲ့လည်းသူငယ်ချင်းတွေပေါ့နော် "
“ မဟုတ်ဘူးဗျ ။ ဒါဂျီလင်မှာ ကိုညွန့်ဝင်းက ဘီရင်ဒရာနဲ့ ကျွန်တော်တို့ထက် အတန်းကြီး တယ် ။ အဲဒီတုန်းက ကျောင်းရက်ရှည်ပိတ်ရင် ကျွန်တော်တို့ မြန်မာပြည်ကို ပြန်တယ် ။ ရက်တိုပိတ်တဲ့အခါမျိုးကျတော့ ဘီရင်ဒရာနဲ့အတူ ခတ္တမန်ဒူးကို လိုက်သွားပြီး နီပေါနန်းတော်ထဲမှာ ကျွန်တော်တို့ကလေးတစ်စု ဆော့ကြ သောင်းကျန်းကြတာပေါ့ဗျာ "
“ ဆက်စမ်းပါဦး ၊ ခင်ဗျားသူငယ်ချင်း ဘုရင်ရောက်လာတော့ ”
•••••   •••••••    •••••
နီပေါဘုရင်က သူ၏ သူငယ်ချင်း ကိုသိန်းတန်ကို တွေ့လိုသည်ဆို၍ သက်ဆိုင်ရာတို့ အလုပ်များကြရတော့၏ ။ ရန်ကုန်အိမ်တွင် ရှာမတွေ့သောအခါ
တစ်ပြည်လုံးအနှံ့ထောက်လှမ်းရှာဖွေကြရတော့သည် ။ နောက်ဆုံးတွင် ပြည်မြို့ တစ်ဖက်ကမ်း သောင်ပြင်ပေါ်က တံငါတဲ​တစ်လုံးတွင် အိပ်နေသောသူ့ကို တွေ့လိုက်ကြရသည် ။ သက်ဆိုင်ရာတို့က ရေမိုးချိုးပေး ၊ လက်သည်းခြေသည်းကအစ လှီးဖြတ်ပေးပြီး ဝတ်ကောင်းစားလှများဆင်ယင်ပေးလျက် ရန်ကုန်သို့ ပြန်ခေါ်ခဲ့ကြရသည် ။
သူငယ်ချင်းနှစ်ယောက် အချိန်မီရုံလေး တွေ့ဆုံနိုင်ခဲ့ကြသည် ။ မင်္ဂလာဒုံ
လေဆိပ်တွင် ဘုရင်မင်းမြတ်ပိုင် တော်ဝင်လေယာဉ်ကြီး၏ လှေကားရင်း၌
နှစ်ယောက်သားအပြေးအလွှား နှုတ်ဆက်ကြရသည် ။ ဘုရင်မင်းမြတ်ကတော့ လေယာဉ်ပေါ်မတက် မီ သူ့သူငယ်ချင်းအတွက် အမှန်ဆုံး မှတ်ချက်ကို ပေးသွားတော်မူခဲ့သည် ။
“ သိန်းတန် မင်းဘာမှ မပြောင်းလဲဘူး ”
ယခုတော့ သူတို့ သူငယ်ချင်းနှစ်ယောက်စလုံးမရှိကြတော့ ။ ကိုသိန်းတန်က အရင်စော၍ ကွယ်လွန်ခဲ့သဖြင့် သူ့ သူငယ်ချင်းဘုရင်မင်းမြတ်၏ နတ်ရွာစံတော်
မူပုံကို မသိနိုင်တော့ ။ သိလျှင် သူကြေကွဲဝမ်းနည်းရပေဦးမည် ။ ဒါလည်း မသေချာပါ ။ ကျွန်တော် မပြောရဲပါ ။ ကိုသိန်းတန်သည် အိတ်ဇစ်စတင်ရှယ်လစ် အစစ်တစ်ယောက်ဖြစ်၏ ။ သေခြင်းတရားအပေါ် သူမည်သို့သဘောထားမည်ကိုကျွန်တော် မခန့်မှန်းတတ်ပါ ။
•••••   •••••••    •••••
သူ့ဘဝအတွေ့အကြုံများထဲတွင် ရယ်လည်းရယ်ရ ၊ စိတ်လည်းညစ်ရသည်မှာ သူရုပ်ရှင်မင်းသားလုပ်ခြင်းပင် ဖြစ်တော့သည် ။ ဇာတ်ကားအမည်မှာ “ နှမလက်လျှော့နေလေတော့ ” ဖြစ်၍ ရှင်မဟာရဋ္ဌသာရထက် နောက်ကျပြီး တွံတေးသိန်းတန်ထက်တော့ စောသည်ဟု ဆိုနိုင်သည် ။ ဝတ္ထု ၊ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ဗိသုကာ ၊ ပန်းချီဆရာ ခင်မောင်ရင် ဖြစ်ပြီး လူထူးလူ ဆန်း နှစ်ယောက်၏ ပူးပေါင်းစွန့်စားခန်းဟု ဩဘာပေးကြသည် ။
အပြောထက် အပြကို ဦးစားပေးသည် ။ “ အဲဒီက ပဲပြုတ် ” ဟု ဆွဲဆွဲငင်ငင် အော်ရင်း လမ်းလျှောက်နေသည့် ပဲပြုတ်သည်ကို ၅ မိနစ်ကျော်အောင် ရိုက်ပြသည် ။ သရုပ်ဆောင်တစ်ယောက် ငရုတ်သီးထောင်းနေသည်ကိုလည်း အကြာကြီးရိုက်ပြသည်ဆို၏ ။ “ သရုပ်ဆောင်အားလုံးကို စကားမပြောရလို့ ဒါရိုက်တာက အမိန့်ထုတ်ထားလေ သလား ” ဟု ဝေဖန်ရေးဆရာများက ​ေငါ့ကြ၏ ။
စာရင်းချုပ်လိုက်သော် ရုံပေါ်တွင် တစ်ပတ်ပင်မခံ ဆင်းပြေးရသည် ။ ရုံဖိုးကျေရန်ပင် ဝေးစွ ၊ ပရိသတ်များ ရိုက်ချိုးသွားသော ခုံဖိုးများကို လျော်လိုက်ကြ ရသေးသည် ။ ကိုသိန်းတန်တို့ကတော့ တစ်ပြားသားမှ မလျော့ ။ သူက ဤသို့ဆိုသည် ။
“ ပရိသတ်က စိတ်မရှည်ဘူး ။ ဒီ ပဲပြုတ်သည်ဟာ ဘဝရုန်းကန်မှုကြောင့်တို့ ၊ ဘာတို့ကို မတွေးဘူး ။ ရိုက်ချက်လေး ပန်းချီဆန်တာကို မတွေးဘူး ။ မကြည့်ဘူး ။
ဘာမှမဖြစ်ဘဲ ကြာနေတာကို စိတ်မရှည်ဘူး ”
ထိုခေတ် ရုပ်ရှင်ဝေဖန်ရေးဆရာတို့က ခေတ်ရှေ့ကပြေးနေသော ဇာတ်ကားတစ်ကားဟု မှတ်ချက်ပြုကြရှာပါသေးသည် ။
“ ခင်ဗျား နဲ့ ဆရာခင်မောင်ရင်က ခေတ်ရှေ့ကပြေးတာ နှစ်ပေါင်း ၅၀ လောက်စောနေ တယ်ဗျ ”
ကျွန်တော့်မှတ်ချက်စကားကို ကြားသောအခါ သူပြုံးသည်။
•••••   •••••••    •••••
ရင်တုန်ဖွယ် ၊ ရင်မောဖွယ် ကောင်းလှရုံမက ကြက်သီးမွေးညင်း ထသွားနိုင်လောက်သည့် ကိုသိန်းတန် ၏ စွန့်စားခန်းပေါင်းများစွာ ကျန်ပါသေးသည် ။ သို့သော် လူတစ်ယောက်၏အတ္ထုပ္ပတ္တိကို ကာယကံရှင်မဟုတ်သူ
တစ်ဦးက ဘယ်အတိုင်း အတာထိ ရေးခွင့်ရှိပါသလဲ ။ အထူးသဖြင့် ကွယ်လွန်သူတို့
အကြောင်းခြင်းရာများကို ရေးသားရာ၌ လိုက်နာရမည့် စည်းနှင့်ကျင့်ဝတ်များကို
လည်း သတိထားရပေဦးမည် ။
ဤနေရာတွင် လူထုဒေါ်အမာကို စံနမူနာ ယူကြရပေမည် ။ ဒေါ် ဒေါ်သည် မြို့မငြိမ်း၏ မူးယစ်ရီဝေခြင်းများကိုစာမဖွဲ့။ လေဘာတီမမြရင်၏ အိမ်ထောင်ဘက် များခြင်းကို ဇာမချဲ့။ ရင်သပ်ရှုမောအံ့ဩဖွယ်ရာ ဇာတ်လမ်းတွေမို့စာဖတ်သူတို့ နှစ်သက်လှမည်မှာ သေချာလှသော်လည်း ကျွန်တော်ရေးမပြ
ချင်တော့ပါ ။ အသိဉာဏ်နုနယ်သေးသောလူငယ်များအတွက် အတုယူမှားသွား
နိုင်ပါသည် ။ ပြဿနာမောင်သိန်းတန်သည် ဖြူစင်၏ ။ ရိုးသား၏ ။ ပွင့်လင်း၏ ။
အကူအညီလိုနေသူများအတွက် ကိုယ်ကျိုးစွန့်ကူညီရန် အမြဲအဆင်သင့်ရှိနေသူ
တစ်ဦးဖြစ်၏ ။ တစ်ပြိုင်နက်တည်းမှာပင် သူသည် လေ၏ ။ လွင့်၏ ။ ထင်ရာစိုင်း၏ ။
သို့သော် သူ့ကြောင့် ကမ္ဘာလောကကြီးတွင် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိခဲ့ပါ ။ မိမိကိုယ် မိမိသာ ပြုန်းတီးအောင် ဖြုန်းတီးသွားခဲ့သော လူတစ်ယောက်သာ ဖြစ်သည်ဟု ကျွန်တော်ထင်သည် ။
ဘဝတူတွေပါပဲလေ... ။
သဘောတူရဲ့လား ရဲဘော်ကြီး ။
•••••   •••••••    •••••
                          မင်းသစ်
( ကျေးဇူးစကား - မိမိ၏ လက်ဒဏ်ရာရနေခိုက်တွင် လက်ရေးဖြင့်ကူညီအားပေး ကြသော ကိုသော်တာထွေး( လ.၀.က ) ၊ ကိုမျိုးမျိုး( စစ်ကိုင်း ) နှင့်
သမီးရွှေစင်တို့အား ကျေးဇူး တင်မဆုံးပါ )
  📖  လွမ်းရတဲ့ သူတွေ

Sunday, July 5, 2020

ရွှေပြည်တန်


❝   ရွှေပြည်တန်  ❞

      တေးရေး ••• ရွှေညာမောင်

      ( နေခြည်လျှံ မြအသွေးလို ရွှေပြည်တန် အလှကလေးကို မြင်တဲ့နေ့ကစ၍ စွဲနေပြီခင် )
( ညအိပ်ရာဝင်ရင် ခင် နဲ့ မောင်/ကိုကို နဲ့ ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ် )
စွဲလန်းတဲ့ သံယောဇဉ် သနားပါ အပျိုစင် မောင့်ကိုချစ်ရင် ရွှေပြည်တန် အလှကလေးကို မောင်တောင်းပန်ချင်

      ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

      ( ဒေဝတိန် နတ်မှူးက ဓါတ်ကူးသလိုပင် အလှဧကရီဆိုလောက်တဲ့ ခင် )
( ကြယ်ဥက္ကာ ညဉ့်ရောင်မီးလို ခင့်မောင်ကြီးထင် )
​ ​မြင့်ဆောင်ထီးညောင်အလယ်တွင် ရှုစဖွယ် ပဝင်းလို့ လမင်းလိုပင် ထင် မျက်နှာတော် ကြည်ပြုံးလို့ရွှင်

    ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

◾  အေဝမ်း တင်မောင် သီဆိုထားတဲ့  ရွှေပြည်တန်

https://yadi.sk/d/SygMkgaKR_OidQ

◾ ဝင်းဦး သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/hdb-LToUjwbrUQ

◾ မြန်မာပြည်သိန်းတန် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/Cdy57KLrEC2_SQ

◾ စိုင်းထီးဆိုင် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/5YvhPD6ojgs0uA

◾  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/TWx-qTzccj6qrw

🚩  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်  သီချင်းရဲ့  တီးလုံးသီးသန့်

https://yadi.sk/d/v4gQRRV499-RwA

https://koaungnaingoo.blogspot.com

.

Saturday, July 4, 2020

အသေးလေးကို အဝေးကြီးမှကြည့်ခြင်း ( သုမောင် )


 ❝   အသေးလေးကို အဝေးကြီးမှကြည့်ခြင်း  ❞

ဤစာစုကို ကျွန်တော် ယခုရေးနေချိန်တွင် ဆရာသုခ၏ “ ရွှေတိဂုံဘုရားသမိုင်း ” ပြဇာတ်ကြီးကို “ အနုကြယ်ပွင့် ” ပေါင်းများစွာဖြင့်အမျိုးသားဇာတ်ရုံတော်ကြီးတွင် ကပြအသုံးတော်ခံလျက် ရှိနေပါသည် ။ ( ယခင် ၁၉၇၅ ကလည်း ယင်းပြဇာတ်ကိုပင် ဆရာကိုယ်တိုင် တိုက်ရိုက်ညွှန်ကြား၍ ရုံသွင်းတင်ဆက်ခဲ့ဖူးပါသေးသည် ။ ဘုရားကြီး ရွှေသင်္ကန်းကပ်လှူရန်ဖြစ်၏ ။ )

ကျွန်တော်က ဤစာစုကို ယင်းကိစ္စနှင့် ချိန်ကိုက်ရေးသားခြင်း မဟုတ်ပါ ။မတော်တဆ အချိန်ကိုက်ဖြစ်သွားသည်ဟုသာ မှတ်ယူကြပါ ။

အမှန်က ဤစာစုကို ရေးဖို့ကြံသည်မှာ ကြာပါပြီ ။ တစ်နှစ်ခန့်ရှိလိမ့်မည် ။အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ ။ ပြီးတော့ မေ့လျော့သွားခဲ့သည်လည်း ပါ၏ ။ ယခု ရေးဖြစ်ရန်အကြောင်းဖန်လာပုံကတော့ ဆရာ၏ ရွှေတိဂုံသမိုင်း ပြဇာတ်နှင့် တိုက်ရိုက်ကြီး မပတ်သက်သော်လည်းကျွန်တော်ရေးမည့်အကြောင်းအရာကို ယင်းပြဇာတ်သတင်းက တပ်လှန့်လိုက်သလို ဖြစ်သောကြောင့်ပင် ။

မြတ်စွာဘုရား၏ ဖြစ်တော်စဉ်များ ၊ သုတ္တန်ဝိနည်းတော်များ ၊ နိပါတ်​ေတာ်များကိုအခြေခံ၍ ခေတ်ပေါ် ခေတ်မီနည်းပညာများဖြင့် ပြန်လည် ဖော်ကျူး တတ်သောဆရာကြီး၏ သဘာဝကို အများက သိပါသည် ။သို့သော် လူသိနည်းသော ရှုထောင့်တစ်ခုကို ကွက်၍ ကျွန်တော်က ​ေတွ့ထား၏ ။  " တွေ့ထား၏ ” ဟု သုံးရခြင်းမှာ ဆရာက ​ြပသောကြောင့် ဖြစ်၏ ။ ဆရာက လှစ်ခနဲ အမှတ်မထင် ပြောဖူးသော အကြောင်းတစ်ခုသည် ကျွန်တော့်အဖို့ တွေးတောဖွယ်ဖြစ်ခဲ့၏ ။ ပရိသတ်အဖို့လည်း စဉ်းစားဖွယ် ဖြစ်ပါလိမ့်မည် ။ ရုပ်ရှင်ဒါရိုက်တာ ပညာရှင်များ အဖို့ကားအတုယူဖွယ်ဟု ဆိုချင်ပါသည် ။

“ ကိုသုမောင်​ေရ မြတ်စွာဘုရား လက်ထက်တော်အခါက ခေမာမိဖုရားအကြောင်း အင်းလေ...သူ့ကို မြတ်စွာဘုရားက တရားပြတဲ့ ဇာတ်ကွက်ကလေးအကြောင်း ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဗျ ” ဟု ဆရာက တစ်ခါသော် ပြောဖူး၏ ။ ( ဆရာသည်စာရေးဆရာချင်း စကားပြောလျှင် ကြီးငယ်မဟူ ' ခင်ဗျား ' ၊ ' ကျွန်တော် ' နာမ်စားကို သုံးတတ်၏ ။ )

အထက်ပါ စကားကို ကျွန်တော့်အား တကူးတကန့် ပြောသော်လည်း ယင်းနှင့် ပတ်သက်၍ မဂ္ဂဇင်းတစ်စောင်တွင် ဆရာ့ဆောင်းပါးရေးပြီး ဖြစ်ပါသည် ။ ပြီးတော့ စာပေဟောပြောပွဲများတွင်လည်း ဆရာ ပြောပြတတ်လေသည် ။ ကျွန်တော် မှတ်မိပါ၏ ။အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင် အများစုသိပြီး ဖြစ်ပါသည် ။

ခေမာမိဖုရားသည် အလှမာနကြီးသည် ။ လှလည်း အလွန်လှသည် ။ ပြီးတော့ မြတ်စွာဘုရားအား မဖူးလို ၊ ရုပ်နာမ်ခန္ဓာတို့၏ မတည်မြဲခြင်းကို အမြဲလို ဟောကြားတတ်သောကြောင့် ဖြစ်၏ ။ သို့သော် ကျွတ်ချိန်တန်သောကာလ၌ အကြောင်းဆိုက်သဖြင့် မိဖုရားခေမာ ရှင်တော်မြတ်ရှေ့မှောက် တစ်ကြိမ်သော် ရောက်၏ ။

ထိုအခါ မြတ်စွာဘုရားက မိဖုရားထက် အပြန်များစွာလှသော နတ်မိမယ် တစ်ပါးကို တန်ခိုးတော်ဖြင့်ဖန်ဆင်း၏ ။ အနီးတွင် ဖူးမြော်ခစားစေ၏ ။ တစ်ဖန် ယင်းနတ်မိမယ်ကို ခဏချင်း ၊ ခဏချင်းမှာပင်တဖြည်းဖြည်း အိုမင်းလာစေ၏ ။ တရိပ်ရိပ်အရွယ်ကျစေ၏ ။ နောက်ဆုံး လုံးဝ သုံးမရတော့လောက်အောင် အိုမင်းမစွမ်း ရွတ်တွပျင်းတွဲ အဘွားအိုကြီးအဖြစ် ဖန်ဆင်းလိုက်လေသည် ။ ထိုအဖြစ်ကိုမြင်သော် ခေမာမိဖုရား လွန်စွာ ထိတ်လန့်ခြင်း ဖြစ်ရ၏ ။ မိမိ၏ လက်ရှိ ရုပ်ဆင်းအလှအပေါ် သံသယကြီးစွာ ဖြစ်မိ၏ ။ ထိုအချိန်ကိုက် မှာပင် ဘုရားရှင်က မမြဲသောခန္ဓာသဘောကို တရားဟော၏ ။ ခေမာမိဖုရား ကျွတ်တမ်းဝင်လေသည် ။

ဆရာက ယင်းအကွက်ကလေးကိုပင် ကွက်၍ ပြလိုခြင်းဖြစ်ပါသည် ။ သည်ကိစ္စနှင့် ပတ်သက်၍လည်း ဆရာက “ ကျွန်တော်တို့က ခုမှ ရုပ်ရှင်အထူးပြုလုပ်ချက်တွေသုံးပြီး ရိုက်ပြနေကြတာ ။ ဘုရားရှင်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ ကျောိကတည်းက ရုပ်ရှင်ရိုက်ပြခဲ့ပြီးပြီလေ ” ဟု စကားတန်ဆာဆင်၍ ပိုပိုသာသာ အလင်္ကာဖြင့် ပြောလေသည် ။ သည်စကားရပ်နှင့်ပတ်သက်၍လည်း
ဆရာဆောင်းပါး ဖတ်ဖူးသူ ၊ ဆရာဟောပြောပွဲ နားထောင်ဖူးသူတို့အဖို့ ထူးချင်မှ ထူးပါလိမ့်မည် ။ မကြားမသိဖူးသူများအတွက်သာ ကျွန်တော်က ပြန်လည်ဖော်ပြ ပေးနေခြင်းပါ ။ သူ့စကားယူပုံက လှသောကြောင့် ။ သို့သော် ကျွန်တော့်အား ကွက်၍ ပြောဖူးသောစကားတစ်ခွန်းက ။

“ အင်း... ဒီဇာတ်ကွက်ကို ရုပ်ရှင်ရိုက်ပြဖို့ရာ အခက်အခဲက တစ်ခုပဲ ရှိတယ်ဗျ ”

ဆရာသုခလို ပုဂ္ဂိုလ်က သည်လို စကားဆက်တာတော့ နည်းနည်း ထူးခြားလာပါပြီ ။ ဆရာ့ ရှေ့ဆက်စကားက ပို၍ပင် အံ့ဩဖွယ်ဖြစ်ရပါ၏ ။

“ အဲဒီ အခက်အခဲက ဇာတ်ရံမင်းသမီးလုပ်မယ့် နတ်မိမယ်နေရာပဲ ”

ဤနေရာတွင် စာဖတ်သူများရော ၊ ရုပ်ရှင်ဝါသနာရှင်များရော ၊ ရုပ်ရှင်အနုပညာရှင်များပါ စဉ်းစားစေချင်သည် ။ ရုတ်တရက် တွေးသော် ဇာတ်ရံမင်းသမီး အခက်အခဲ ဘာရှိသနည်း ။ လှလှပပ မင်းသမီးတစ်ယောက် နတ်သမီးလို ဝတ်ပေးလိုက် ၊ ရုပ်ရှင်အတတ်ပညာ ၊ အထူးပြုချက် ၊ မိတ်ကပ် စသည်ဖြင့် ဖန်တီးလိုက် ပြီးရောပေါ့ ။ အရေးကြီးတာက ခေမာမိဖုရားအဖြစ် သရုပ်ဆောင်မည့် မင်းသမီးထက် ဇာက်ရံမင်းသမီးက ပို၍ လှနေဖို့သာ ဖြစ်သည် ။ သည်လိုမဟုတ်ပါလား ။

“ ကိုသုမောင် စဉ်းစားစမ်း ။ ဒီနေ့ နာမည်ကျော် အချောအလှမင်းသမီးလေး တစ်လက်ကို ခေမာမိဖုရားနေရာမှာ ကျွန်တော်က သုံးပါပြီတဲ့ ။ ဇာတ်ရံ နတ်သမီးနေရာမှာ ဘယ်မင်းသမီး သုံးမလဲ "

စဉ်းစားရန် အလွန်ခက်ခဲသောကိစ္စ ဖြစ်ပေတည့် ကျွန်တော်ကတော့ စဉ်းစားကြည့်လိုက်ပါသေးသည် ။ မင်းသမီးနှစ်လက်နေရာတွင် မို့မို့ ၊ မေသန်းနု မှသည် နန္ဒာလှိုင် ၊ ထက်ထက် ၊ နောက်ဆုံး လှအဉ္ဇလီတင့် ၊ ခိုင်သင်းကြည် စသဖြင့် ကျွန်တော်က ကပေါက်ကချာ တွဲဖက်အစားထိုးကြည့်သည် ။ တစ်ခုမှ ခွင်မကျ ။ ခေမာမိဖုရားမင်းသမီးနေရာအတွက် ဇွတ်ကြိတ်မှိတ်ထားလို့ ရသော်လည်း နတ်သမီးနေရာကား တော်တော် ခက်သည့်ကိစ္စပေပဲ ။ အဓိက ဇာတ်လိုက် မင်းသမီးထက် များစွာလှရမည့် ဇာတ်ရံ ၊ အရှိန်အဝါကြီးရမည့် ဇာတ်ပို့ ။

နောဖြင့် မော်ဒယ်လ်ကလေးမများ ( သို့မဟုတ် ) သာမန်အရပ်သူကလေးများထဲက ရွေးထုတ်လျှင်ကော ။ သည်လောက်တော့ ဆရာ စဉ်းစားပြီးဖြစ်ပါလိမ့်မည် ။ သည့်ထက် ကောင်းသည့်စိတ်ကူး ဆရာ့မှာ ဘာရှိသနည်း။ သည်တော့မှ ' ဇာက်ရံမင်းသမီး အခက်အခဲ ' ဆိုသည့် ဆရာ့စကားကို နားလည်လာတော့လည်း ကြည့်စမ်း " လွယ်လွယ်လေးနှင့်ခက် ” ဆိုတာ ဒါမျိုးပေပဲ ။ အထူးသဖြင့် အနုပညာဖန်တီးသူတို့ တွေ့ရတတ်သော ( သေချာတွေးတော စဉ်းစားလျှင်​ပြော တာ ) အခက်အခဲပါတကား ။

“ သေချာစဉ်းစား ကိုသုမောင် ၊ ဇာက်ရံမင်းသမီးက အဓိက မင်းသမီးထက် ပိုလှရမယ် ။ ပြီးတော့ နာမည်ကြီးလည်း ဖြစ်ရမယ် ။ တော်ရုံနာမည်ကြီးလို့ မရဘူး ဖြစ်နိုင်ရင် သူက ပိုလို့ နာမည်ကြီးသင့်တယ် ။ ဒါမှ ပရိသတ် ကြည့်ချင်စိတ် ရှိမယ် ။ အဲ... အခက်ခဲဆုံးကတော့ သူ့ကို ပရိသတ် အများစု မမြင်ဖူးတဲ့ မျက်နှာသစ်လည်း ဖြစ်ပြန်ရဦးမယ်ဗျ ။ သူက ဘုရားရှင် ဖန်ဆင်းတဲ့ မင်းသမီးကိုး”

ဤနေရာတွင် မိတ်ဆွေလည်း ဝင်ရောက်စဉ်းစားစေချင်ပါသည် ။ မူလဇာတ်တော်မှာ အများသိပြီး ဇာတ်လမ်းရိုးရိုးကလေး။ ဒါကို ပရိသတ် ကြည့်ချင်အောင် ပြဖို့ရာ ' ဇာတ်ကောင် ´ ကို အဓိက ထားရမည် ။ ဇာတ်ကောင်၏ စရိုက်ကလည်း အလှအပ ဦးစားပေးဖြစ်ရမည် ။ ပြီးတော့ ဘာသာရေးပညာ​ပေး ။ စောစောကပြောသော ရုပ်ရှင်အထူးပြုလုပ်ချက်ဆိုတာတွေကလည်း အပယိက ။ သည်တော့ ...။

" အလှ ''  ` အလှတရား၏ မတည်မြဲခြင်း ' " ကျော်ကြားထင်ပေါ်မှု" “ ဒုက္ခ ” ပြီးတော့ သစ္စာတရား ...။

••••••   ••••••••••    •••••••••

" လွယ်ပါတယ် ကိုသုမောင် ၊ ကျွန်တော် စဉ်းစားထားပြီးသားပါ ။ အဲဒီဇာတ်ရံမင်းသမီးနေရာမှာ မြန်မာမင်းသမီး မသုံးဘူး ။ နာမည်ကျော်တဲ့ နိုင်ငံခြား မင်းသမီး သုံးမယ် ။ အဲ... ဒါပေမဲ့ ကမ္ဘာကျော် မြန်မာကြိုက် မင်းသမီးလည်း ဖြစ်လို့မရဘူးဗျ ။ ကျွန်တော်တို့ မြန်မာနဲ့ ဆင်ဆင်တူတဲ့ မြန်မာပရိသတ် မျက်စိ မစွဲသေးတဲ့ အရှေ့တောင်အာရှက နာမည်ကြီး အလှမယ်တစ်ယောက် ဖြစ်ရမယ် ”

ဆရာက ဤတွင် စကားရပ်၏။ ကျွန်တော်က ဆက်ပြီး တွေး ​ သိ၏။

မြန်မာပရိသတ်၏ စွဲလမ်းနှစ်သက်ပြီးသား မင်းသမီးကို ကျော်လွှားဖို့ရာ ၊ အထင်တကြီးလည်းရှိဖို့ရာ ၊မျက်နှာသိလည်း ဖြစ်မနေဖို့ရာ တကယ်လည်းနာမည်ကျော် အနုပညာသည်တစ်ယောက်ဖြစ်ဖို့ရာ ဆရာ၏ အစီအစဉ်သည် ကွက်တိ ။

သို့သော် ဆရာပြောခဲ့သော ထိုမင်းသမီးရရှိဖို့ အခက်အခဲဆိုတာကတော့ သက်ဆိုင်ရာက ပံ့ပိုးကူညီမှသာ ဖြစ်နိုင်ပေတော့မည် ။ ပြီးတော့ ထိုမင်းသမီးသည် ဆရာ၏ ဇာတ်ကောင်စရိုက်ကို နားလည်ပါမည်လား ။ သူက ဗုဒ္ဓဘာသာ အကြောင်းကိုရော သိရှိပါရဲ့လား ။

••••••   ••••••••••   ••••••••

ဟိုးအစ၌ ကျွန်တော် ဆိုခဲ့၏ ။ “ ရွှေတိဂုံဘုရားသမိုင်းပြဇာတ် ” ကပြနေချိန်နှင့် ဤစာစုရေးနေချိန်သည်မတော်တဆ တိုက်ဆိုင်သွားခြင်းပါဟု ။ ဘာကြောင့် ကျွန်တော်က ဤသို့လျှင် ကြိုတင်ကာကွယ်မှုစကား ဆိုရသနည်း ။ ကျွန်တော်တို့ အနုပညာရှင်များသည် ကိုယ့်ရှေ့က ပညာရှင်ကြီးများ၏ ကျော်ကြားသော အနုပညာအပေါ် သာယာပြီး ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြသည်ထက် ထိုပညာရှင်ကြီးများ၏ လက်တန်ရှည်သော အတွေးအခေါ် အနုရသတို့ကို ရှာဖွေကြည့်တတ်ဖို့ လိုအပ်သည်ဟု ကျွန်တော်က ထင်သောကြောင့်ပင် ။

ယနေ့စာစောင် ၊ မဂ္ဂဇင်း ၊ ဂျာနယ်တို့တွင် ဒါရိုက်တာ ပညာရပ်နှင့် ပတ်သက်၍ ပညာရှင်တို့က မိမိရှုထောင့်မှ မိမိရေးသား ဝေဖန်အကြံပြုနေကြပါသည် ။ ကြိုကြားဆိုသလို ဖတ်ရပါသည် ။ အထူးသဖြင့် မိုးဦးကျမှိုများကဲ့သို့ ဟိုတစ်စ ၊ သည်တစ်စ ပေါ်ပေါက်လာသောဒါရိုက်တာများကို ဝေဖန်ခြင်း ၊ အကြံပေးခြင်းများ ဖြစ်သောကြောင့် အဖိုးတန်ပါသည် ။ ကင်မရာရှုထောင့် ၊ ဇာတ်ညွှန်းသဘာဝ ၊ ကားဖြတ်ကားဆက် ၊သရုပ်ဆောင်ရွေးချယ်မှု ၊ ဇာတ်လမ်းရှာဖွေခြင်း ၊ နောက်ခံတေးဂီတ စသည်ဖြင့် ထောက်ပြပေးကြသည်မှာလည်း ပညာရစေပါ၏ ။

ကျွန်တော့်အနေနှင့်မူ ဒါရိုက်တာကြီးများ အမှတ်မထင် တွေးတတ်သောရှုထောင့် သေးသေးကလေးတွေကိုလည်း ဂရုစိုက် ရှာဖွေကြည့်ကြစေချင်သည် ။
အသေးလေးကို အဝေးကြီးမှပင် ကြည့်တတ်စေချင်သည် ။ အနုမှန်ပြောင်းတော့ လိုလိမ့်မည် ။

            သုမောင်
            အလင်းတန်းဂျာနယ်
            အမှတ် (၂၄)၊   
            ၁၇-၁၁-၉၈

.