Friday, August 3, 2018

“နီရဲတဲ့နှလုံးသား
ဖွေးဆွတ်တဲ့မနောဝိညာဉ်
သူများအကျိုးအတွက်
ကိုယ့်အကျိုးကို အခါခါစတေး. . . ။
ယုံကြည်မှုကတစ်ခု. . .  တစ်ခုတည်း
ရှိခဲ့တယ် ရှိဆဲပဲ
မျှော်လင့်ခြင်း ရွှေဉာဏ်ဆု သဗ္ဗညုတစ်ခုတည်း”

“စိုင်းခမ်းလိတ်”ဟူသည် ရှမ်းဘာသာနာမည်ဖြစ်သည်။ ရှမ်းဘာသာဖြင့် “လိတ်” သည်
မြန်မာလို “သံ” ဟု အဓိပ္ပါယ်ရသည်။ မာကျောသောသဘောရှိသည်။ “ခမ်း” ဟူသည်မှာ နှစ်လိုဖွယ် အဆင်းရှိ “ရွှေရတနာ” ကို ကိုယ်စားပြုသည်။ “စိုင်း” ဟူသည် ငယ်ရွယ်သူ ယောက်ျားကလေးများ၏ အမည်နာမ အဦး အဖျား၌ ရှိသော “မောင်” ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် “စိုင်းခမ်းလိတ်” ကို မြန်မာဘာသာဖြင့် ဆိုလျှင် “ မောင်ရွှေသံ” ဟု ခေါ်ရပေမည်။
မန္တလေး ဆေး တက္ကသိုလ်ကြီး မှ ဆရာဝန်ဘွဲ့ရခဲ့သူ၊ (၂၀) ရာစု တေးလောက၌ ထင်ရှား
ကျော်ကြားလာသူ ဒေါက်တာစိုင်းခမ်းလိတ် သည် အပ္ပမာဒ ရသ မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် ခင်မင်ရင်းနှီးကြသူများ ဖြစ်ကြသည်။ အယ်ဒီတာချုပ်သည် တစ်ချိန်က “တေးပြုသူ-သီချင်းသည်” ဘ၀ကို ခံယူခဲ့ဖူးသူ ဖြစ်၍ သူနှင့် ခေတ်ပြိုင် တေးပြုစာဆို ဒေါက်တာစိုင်းခမ်းလိတ်ကို သံယောဇဉ်ကြီးသည်။ ဒေါက်တာစိုင်း၏ ဒဿနအမြင်များကို ဆရာစိုင်း၏ သီချင်းများမှ တစ်ဆင့် တွေ့ထိခံစားကြည့်ခဲ့ဖူး သဖြင့် ယခုအချိန်၌ အပ္ပမာဒ မဂ္ဂဇင်း တွင် ဆရာစိုင်း၏ တေးများထဲက ဓမ္မပုံရိပ်များကို ထုတ်နုတ်ပြီး တင်ပြချင်နေသည်။ ဆရာစိုင်းထံ သူကိုယ်တိုင် သွားရောက်လိုသော်ငြား အချိန်မအားလပ်သဖြင့် ကျွန်တော့်ကို အားကိုးတကြီး တာဝန်ပေးလေသည်။ သူ၏အားကိုးမှုကို ကျွန်တော် တန်ဖိုးထားသူဖြစ်ရာ အပ္ပမာဒ စာဖတ်ပရိသတ် အပေါ်ထားရှိသည့် သူ့စေတနာကို ကျွန်တော်တတ်စွမ်းနိုင်သမျှ အရောင်တင်ပေးဖို့အတွက် ဒေါက်တာစိုင်းခမ်းလိတ်အား တွေ့ဆုံမေးမြန်း ဓမ္မလမ်းပေါ် ကျွန်တော် ဆွဲခေါ်လာခဲ့ပြီး စာချစ်သူပရိသတ်နှင့် မိတ်ဆက်ပေးလိုက်ပါပြီ။

       ဆရာစိုင်းသည် နမ္မတူတွင် လူပျိုပေါက်အရွယ်ထိ ကျောင်းနေခဲ့ပြီး (၁၀)တန်းကို ပြင်ဦးလွင် စိန့်အဲဘတ်ကျောင်းမှ အောင်မြင်ခဲ့သည်။ (၇၅) ရာခိုင်နှုန်း မပြည့်သော ကျောင်းတက်ရက်များကြောင့် (၃)နှစ်၊ (၃)မိုး အပိုဆောင်းပြီး မန်းဆေးတက္ကသိုလ် ကျောင်းသားဘ၀၌ ပျော်ပိုက်ခဲ့သည်။ ဆရာဝန် ဖြစ်ရခြင်းထက် တေးပြုစာဆို ဖြစ်ရခြင်းကို မက်မော နေခဲ့ရာ ဂီတာအိုလေးတစ်လုံးနှင့် ဟိုရောက်သည်ရောက် ဘုံပျောက်သော နတ်သူငယ်လေးအဖြစ် ဆေးကျောင်းတက်ခဲ့သူဖြစ်သည်။
လူရည်ချွန်စခန်းတွင် စတင်တွေ့ရှိကြပြီး ချစ်ကြိုးသွယ်ခဲ့ရာမှ ဘ၀ရေစက်ဆုံခဲ့ကြသော ဒေါက်တာ နွဲ့နွဲ့တင်နှင့် ယခုအချိန်တွင် သားတစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကား ရရှိနေပြီဖြစ်ပါသည်။ သားသမီးများသည် မန္တလေးတွင် ကျောင်းတက်နေသူများဖြစ်၍ သူ့ဇနီးမှာ ကလေးအထူးကု ဆရာဝန်ကြီးအဖြစ် ပြင်ဦးလွင်တွင် ရောက်ရှိနေရာ ဆရာစိုင်းသည် မန္တလေးနှင့် ပြင်ဦးလွင်ကို အိမ်ဦးနှင့် ကပြင် သဘောထား၍ ဟိုတစ်လှည့် ဒီတစ်လှည့် ကူးချည်သန်းချည် နေထိုင်လျက်ရှိသည်။
             နာမည်ကျော်အဆိုတော်စိုင်းထီးဆိုင်၏နှုတ်၊ အာ၊ လျှာပေါ်တွင် ဆရာစိုင်း၏ တေးသားသံစဉ်လေးများသည် မြူးကြွဝင့်ထယ် ဟန်ရေးကြွယ်လျက်ရှိနေခဲ့ရာ သူ့ဘ၀၊ သူ့အကြောင်း၊ သူ့အမြင်များအကြောင်းကို ဓမ္မရသနှင့် ယှဉ်၍ ရေးသားတင်ပြနိုင်ရန် ကျွန်တော်သည် ဆရာစိုင်းရှိရာ ပြင်ဦးလွင်မြို့သို့ ရောက်ခဲ့ပါသည်။
          နွေရာသီများတွင် တစ်မူထူး၍ လှပသော တောင်စခန်းမြို့လေး ပြင်ဦးလွင်သည် တမ်းမက်ချစ်ခင် နှစ်လိုဖွယ်အသွင် ရှိပြီး ရောက်ရှိလာကြသူတို့အား နှလုံးရွှင်ကြည်အေးမြစေလျက်ရှိသည်။ နံနက်ခင်း နေခြည်နုနုလေးသည် နွေးထွေးလျက်ရှိရာ ပြင်ဦးလွင်မြို့လယ်နာရီစင်ကြီးနှင့် အလှမ်းမဝေးလှသော ပြည်သူ့ဆေးရုံဝင်းထဲက ကလေးအထူးကုဆရာဝန်ကြီး ဒေါ်နွဲ့နွဲ့တင်အိမ်သို့ ကျွန်တော်လမ်းလျှောက်ခဲ့ပါသည်။ ကျွန်တော့်ကို စောင့်မျှော်နေသူ ဆရာစိုင်းခမ်းလိတ်ထံရောက်ရှိသွားချိန်မှာ နံနက်(၉)နာရီပင် မထိုးတတ်သေးချေ။ ဆရာစိုင်းသည် သူ့အချစ်တော် ရွှေဧည့်သည်ဟု အမည်ပေးထားသည့် ခွေးမလေးဂျီဂျီ ( GG-Golden Guest ) နှင့်အတူ ကျွန်တော့်ကိုထွက်ကြိုနေသည်။ ဆရာစိုင်းနှင့်အတူ ဒေါက်တာနွဲ့နွဲ့တင် သည်လည်း ကျွန်တော့်အား ပြုံးရွှင်ဖော်ရွေစွာဖြင့် ဆီးကြိုဆိုနေပါသည်။ သူ့အစ်မ ဆရာမကြီး ဒေါ်ခင်မေသန်းကား ကျွန်တော် တောင်ကြီးကောလိပ် ကျောင်းသားရေးရာဌာနတွင် အမှုထမ်းခဲ့စဉ်က ကျောင်းသူများ အဆောင်-ပင်လုံ အဆောင်မှူး၊ ပါဠိဌာန နည်းပြ ဆရာမဖြစ်၍ ထိုစဉ်ကပင် ခင်မင် ရင်းနှီးခဲ့ကြသည်။ ဒေါ်ခင်မေသန်းကို အကြောင်းပြုပြီး ဒေါ်နွဲ့နွဲ့တင်သည် ကျွန်တော့်အား ရင်းနှီးခင်မင်နေသူဖြစ်သည်။
             ဒေါက်တာနွဲ့နွဲ့တင်က ကျွန်တော် ဆေးရုံတက်ရသည်ကို ကြားကြောင်း၊ မန္တလေးမရောက် ဖြစ်၍ ကျွန်တော့်ကို လာရောက်အားမပေးနိုင်ခဲ့ကြောင်း၊ ယခုတွေ့ရသည်မှာ ဆေးရုံဆင်းခါစ လူမမာရုပ်ပင် မပေါက်ကြောင်း အားပေးပါလေသည်။
မနှစ်က ကျွန်တော် ဒုလ္လဘ ရဟန်း ၀တ်ခဲ့သည်။ မ၀တ်မီတစ်ရက်အလိုတွင် ဆီးနှင့်သွေးစစ်ကြည့်ရာ ကြောက်စရာကောင်းအောင် စိုးရိမ်မှတ်ကျော်ပြီး “ချို” နေသည်။ တစ်လနှင့်(၂)ရက်ကြာ ရဟန်းဝတ်နှင့် တရားထိုင်ခြင်း၊ အချိန်မှန် ပဋ္ဌာန်းရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့အမျှဝေခြင်းများ ပြုခဲ့ရာ ဆီးချိုရော၊ သွေးချိုပါ အံ့သြဖွယ်ကျသွားသည်ကို ဒိဋ္ဌကိုယ်တွေ့ ကြုံတွေ့ခဲ့ရပါသည်။
သင်္ကန်းချွတ်၍ လူဝတ်လဲပြီး လူထဲပြန်ရောက်ကာ စည်းမဲ့ကမ်းမဲ့ နေထိုင်စားသောက် မိလိုက်ပြန်သောအခါ ဆေးရုံပေါ်ရောက်ရသည်အထိ သေမင်းနှင့်လက်တစ်ကမ်းအလို နီးကပ်သွားပါသည်။
ယခုတော့လည်း ကျွန်တော့်မှာ ရောဂါသက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့် ဒေါက်တာနွဲ့နွဲ့တင်၊ဆရာစိုင်းတို့နှင့် ဆီးချိုအကြောင်း ဟိုအကြောင်း သည်အကြောင်း ပြောကြရင်း သူတို့တည်ခင်းသည့် ပြင်ဦးလွင် ကော်ဖီ ပူပူမွှေးမွှေးလေးနှင့်နံနက်စာကို တ၀ကြီး စားနိုင်ခဲ့ပေပြီ။ စားရင်းသောက်ရင်း မေးရင်းမြန်းရင်း ဆရာစိုင်း၏ဘ၀၊ ဒဿန၊ ဓမ္မနှင့် ရသများကို သူ့တေးသီချင်းများထဲကကျွန်တော် ထိတွေ့မိသမျှ တင်ပြရပါသော်. . . .

မေး။   ။  “ဆရာစိုင်း တေးပြုစာဆို ဖြစ်လာပုံလေး ကို အစက စပြီး ပြောပြဗျာ” ဟု ကျွန်တော်သည် သူ့ရှေ့ရှိ ပက်လက်ကုလားထိုင်လေးပေါ်တွင် ကျောခင်း၍ ကိုယ်လျှော့ထိုင်လိုက်ပြီး မေးမြန်းခန်းကို စတင် ဖွင့်လှစ်လိုက်ပါသည်။ ဒေါ်နွဲ့နွဲ့တင်သည် ဆရာစိုင်းဘေးတွင် ကပ်ထိုင်ရင်း သူ့မျက်မှန်ကို ချွတ်၍ ဖုံသုတ်နေသည်။

ဖြေ။   ။မျိုးရိုးဗီဇ ( GENE ) နဲ့ပတ်ဝန်းကျင်ဟာ လူတစ်ယောက်ရဲ့ဘ၀ နိမိတ်ပုံကို စတင်ဖော်ဆောင်ရာမှာ အဓိကကျတယ်ဆိုရင် လက်ခံပါတယ်နော်။ ကျွန်တော့်ကို တေးလောကထဲ ပုံသွင်း ထည့်လိုက်တဲ့ ပထမအချက်က မျိုးရိုးဗီဇပဲ။ ကြက်မှာအရိုး၊ လူမှာအမျိုးဆိုရိုးရှိတယ် မဟုတ်လား။
ဘမျိုးဘိုးတူ၊ ရှမ်းစာဆိုတစ်ဦးဖြစ်တဲ့ဖခင်နှင့် ရှမ်းအဆိုတော် စာတော်ဖတ်မိခင်တို့ ထံက ဗီဇမျိုးစေ့ဟာ ကျွန်တော့်ကို တေးလောကထဲ အရောက်ပို့ခဲ့ပါတယ်။ ပတ်ဝန်းကျင်အနေနှင့်က ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် သူငယ်ချင်းတွေရဲ့ အားပေးကူညီ တိုက်တွန်းမှုတွေဟာ ကျွန်တော့်ကို တေးပြုစာဆို ဖြစ်လာစေခဲ့တာပါ။

မေး။    ။ဒီအကြောင်း “မြို့မ-စိန်ရတုမဂ္ဂဇင်း” ထဲမှာ ဆရာရေးတာ ဖတ်လိုက်ရပါတယ်။ အဲဒီမှာ မပါတာလေး တစ်ခု သိချင်ပါတယ်။ ဆရာ့ရဲ့ ပထမဆုံးရေးတဲ့ တေးအကြောင်းပါ။
ဖြေ။    ။အမှန်ပြောရရင် ပထမဆုံး ကျွန်တော် ရေးတဲ့တေးဟာ ရှမ်းလိုဘာသာပြန်ရေးတဲ့ တေးပါ။ ကျွန်တော် ဆိုကြည့်လို့ အာတွေ့တဲ့အမေရိကန် Marching Through Georgia ကို  “ နှိုင်းဟွေထွိန်လွယ်”  မြန်မာလို “ သစ်တောတောင်ကြားထဲမှာ” လို့အဓိပ္ပါယ်ရှိတဲ့ တေးပါ။

မေး။    ။နှစ်ပေါင်း (၃၀) ကျော်လောက်မှာ တေးပုဒ်ရေ တော်တော်များများ ရေးခဲ့တယ်လို့ သိရပါတယ်။ ခုအချိန်ထိလည်း ရေးဆဲပေါ့နော်။ ရေးပြီးသမျှတေးတွေထဲက ခုနောက်ဆုံး Latest
တေးကို ပြောပြပါလးဆရာ။

ဖြေ။    ။နောက်ဆုံးတေး ဟုတ်လား။ ကျွန်တော့် ဘ၀မှာ အသက်ရှင်နေသမျှ တေးတွေ ရေးနေမှာ၊ ရေးနေသမျှလည်း အသက်ရှင်နေဦးမှာ ဆိုတော့ ဘယ်လို ပြောရမလဲဗျာ။  အဲ. . .  အဲ ခုရေးပြီးထားတဲ့ Latest တေး ကတော့၊ ဟဲ. . . ဟဲ. . . “ တောက်တိုမည်ရ” ပါ။ ဘာမျှ မည်မည်ရရ ဆုပ်ကိုင်ပြ စရာမရှိဘဲ၊ ဟိုမှာ နည်းနည်း သည်မှာ နည်းနည်း၊ နည်းနည်းတွေ စုဖြစ်နေတဲ့ ကျွန်တော့် ဘ၀ဟာ တောက်တိုမည်ရ ဘ၀ပါဗျာ။ ကျွန်တော့် သီချင်းတွေကို တောက်တိုမည်ရ သီချင်းတွေလို့ ပြောလို့ရပါတယ်။

မေး။    ။ဟဲ. . . ဟဲ. . .  ဆရာက စကားလုံးရွေး သိပ်တော်တာပဲ။ ဒါကြောင့်လည်း ကျော်ကြားတာပဲ။ “ တောက်တိုမည်ရ” တဲ့ ဟုတ်လား။ သိပ်လှတဲ့ ဝေါဟာရလေးပဲဗျာ။ ကျွန်တော်တို့လည်း တောက်တိုမည်ရ တွေပါ။ ဘ၀မှာ မည်မည်ရရ ထိထိမိမိ တိတိပပ ပြောရမယ်ဆိုရင် ပြောပြစရာ ကျန်ရစ်အောင် ဘာမျှမလုပ်ဖြစ်သေးပါဘူး။ သြော်. . . ဒါနဲ့ သိချင်တာလေး တစ်ခုက အဆိုတော် စိုင်းထီးဆိုင်နဲ့ ဆရာ ရေစက် ဆုံခဲ့ကြပုံလေး အကြောင်းပါ။ ကျွန်တော့်လိုပဲ ဆရာ့ပရိသတ်လည်း သိချင်ကြမယ်ထင်ပါတယ်။

ဖြေ။    ။ကိုထီးနဲ့ ကျွန်တော် ဆုံဆည်း မိခဲ့ကြပုံက ဒီလိုပါ။ မြန်မာပြည်ရဲ့ အကျယ်ဆုံး ပြည်နယ်ဟာ ရှမ်းပြည်နယ် မဟုတ်လား။ ဒီ ရှမ်းပြည်နယ်ကြီးထဲမှာ ကိုထီးက တောင်ပိုင်းမှာ နေတယ်။ ကျွန်တော်က မြောက်ပိုင်းမှာနေတယ်။ဘယ်လိုဝေးဝေး.  . .  ဘယ်လောက်ဝေးဝေး၊ နိယာမတစ်ခု ဖြစ်တဲ့  “ဆုံရပ်” ( Focus )ဆိုတာ ရှိမြဲ မဟုတ်လား။ ရှည်လျား ကျယ်ပြောလှတဲ့ သံသရာမှာ နောက်ထပ် မဖြစ်တော့တဲ့ ဘ၀ကို မရကြသေးသမျှ ကျွန်တော်တို့ဟာ မဆုံချင်လို့ မရဘဲ တစ်ဦးနဲ့ တစ်ဦး တစ်ချိန်မှာ ဆုံဆည်းနေကြမယ်။ ဒီလိုမဟုတ်လား။ မြတ်ဗုဒ္ဓရဲ့ ဒဿနတစ်ခုမှာ သံသရာ ဘယ်လောက် ကျယ်ပြောသလဲဆိုရင် ဆွေမျိုး မတော်ဖူးသူရယ်လို့ မရှိဘူးလို့တောင် ဆိုတယ်။ သေခဲ့ရပေါင်း များလို့ ဒီကမ္ဘာမှာ မိမိ သင်္ချိုင်းနဲ့လွတ်တဲ့ မြေရယ်လို့လည်း မရှိဘူးတဲ့။ ကမ္ဘာဟာ ရွာတစ်ရွာလောက်သာ ရှိလာတဲ့ Globalization ခေတ်မှာ ကိုထီး နဲ့ ကျွန်တော် ဆုံရပ်တစ်ခုမှာ ဆုံဆည်းမိကြတယ်။ အဲဒီ နှစ်ဟာ ၁၉၆၆- ခုနှစ်ပါ။ ရှမ်းစာ ရေးထုံးကော်မီတီ အစည်းအဝေး တောင်ကြီးမှာလုပ်တော့ ကျွန်တော်က တက္ကသိုလ် ရှမ်းကျောင်းသားများ ကိုယ်စားလှယ် အဖြစ် တက်ခဲ့တယ်။ အဲဒီမှာ ရှမ်းသီချင်း တစ်ပုဒ်တက်ဆိုပြတဲ့ ကျွန်တော့်ကို ကိုထီးက သိပ် သဘောကျသွား သတဲ့။ ဆန်ဖရန်စစ္စကို တေးသွား နာမည်ကြီး ချိန်ပေါ့ဗျာ။ အိမ်ဖြူလေး
( White House )မှာ ကျွန်တော်နဲ့ ကိုထီး ပထမဆုံး တွေ့ကြပြီး သိကျွမ်း ခင်မင်ကြရာက ကျွန်တော့် တေးသွားတွေနဲ့ သူကံစပ်သွားခဲ့ကြတာပါ။ နောက် သူ မန္တလေးတက္ကသိုလ် ရောက်လာတော့ ကျွန်တော်တို့ အတွဲများသွားကြတယ်။ သီချင်းတွေလည်း အရေးများလာ
တယ်ပေါ့ဗျာ။

မေး။    ။ကိုထီး ဆိုခဲ့တဲ့ ဆရာ့တေးတွေက အများကြီးပဲ။ ဒီထဲက ပရိသတ်နှုတ်မှာ စွဲနေတဲ့တေးအချို့ အကြောင်း ပြောကြ ရအောင်ဗျာ။ ဆရာပြောပြချင်တဲ့ တေးအကြောင်းက စပြောပါ။ သီချင်းထဲက ဒဿနနဲ့ ဓမ္မရသများကို ရွေးထုတ်ခံစားကြည့်ကြရအောင်။ သဘာဝ နွေရာသီ စီးရီးထဲက “ကွဲနေသော မှန်စများ” က စကြရင် ကောင်းမလားပဲ။

ဖြေ။    ။လူဟာ အမှန်တရားနှင့်မကင်းကွာ စကောင်းပါဘူး။ ဒါပေမယ့် အမှန်တရားဟာ တစ်ခါတစ်ရံ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတတ်ပါတယ်။ ပြန်ဆက်ကြည့်တတ်ရင် ပကတိ သရုပ်မှန်ကိုပြန်မြင်ရတဲ့အကြောင်းပါ။ ဗုဒ္ဓရဲ့ တရားရေစင် မေတ္တာ စမ်းရေကြည် မခန်းခြောက်လေသရွေ့ အမှန်တရားမှာ အင်အားတွေ ရှိနေပါတယ် ဆိုတဲ့အမြင်ကို ကျွန်တော် ခံစားထားမိသလို တင်ပြကြည့်တဲ့သီချင်းလေး တစ်ပုဒ်ပါ။

မေး။    ။ဆရာ ခံစားသလို ကျွန်တော်တို့ ခံစားနိုင်ဖို့  ကိုထီးက ခံစားချက် အပြည့်နဲ့ ဆိုကြည့်ထားတဲ့တေး။ ဒီတေးထဲက ဆရာ့ဒဿနတွေကို ခုလို စာဖတ်ပရိသတ်ဆီ ပို့ပေးလိုက်နိုင်တာ ကျွန်တော်ဝမ်းသာတယ် ဆရာ။ နောက် သီချင်းတစ်ပုဒ်ကို ဆက်ကြရအောင်၊ ဓမ္မရသ ကို အဓိကဖော်ပြတဲ့ တေးဆိုပါတော့။

ဖြေ။    ။ကျွန်တော့် သီချင်းတွေဟာ သမုဒယ ရသကိုသာ အများကြီး ဖော်ထုတ် ပေးနေတာမို့
ဆရာတို့ရဲ့ ဓမ္မရသ ကို ဆွဲထုတ်ကြည့်ဖို့ အားနည်း နေမလားပဲ။ ကြိုးစားကြည့်တာပေါ့လေ။ သံယောဇဉ်ဘွဲ့တွေထဲက ဘီးနံပါတ် OK 0122L သီချင်း အကြောင်း ပြောကြည့်ကြရအောင်။ ကျွန်တော် အလုပ်သင် ဆရာဝန်ဘ၀မှာ ပျောက်ဆုံးသွားတဲ့ စက်ဘီးလေးနဲ့ ပတ်သက်တဲ့ သီချင်းပါ။ မန္တလေး ဆေးရုံကြီး  ခွဲစိတ်ဆောင်(၂) အတက် လှေကားရင်းမှာ သော့ခတ် ထောင်ထားခဲ့ရာက ပျောက်ဆုံးသွားတဲ့ စက်ဘီးလေးရဲ့ နံပါတ်ကို သီချင်းအမည် တပ်ရေးခဲ့တာပါ။ ဒီမန္တလေးမှာ စက်ဘီးဟာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပါ။ အဲဒီအချိန်က သူငယ်ချင်း ဆရာဝန် လင်မယားအိမ်မှာ ကပ်နေရချိန်ပေါ့။ စက်ဘီလေး တစ်စီးပိုင်ဖို့ ကျွန်တော်တို့ တစ်နှစ်လောက် အဆင်းရဲခံ ငွေစုခဲ့ရပါတယ်။ ရလာတဲ့စက်ဘီးကို ဘယ်လောက်သံယောဇဉ် တွယ်မိခဲ့တယ်ဆိုတာ စဉ်းစားသာကြည့်တော့။ လင်မယား
နှစ်ယောက်ပေါင်းပါမှ ဘီးတစ်စီးသာ ရှိကြတာမို့ ပျောက်ဆုံးသွားတဲ့ ဘီးနဲ့ပတ်သက်ပြီး ခံစားမိတာကို  ရေးဖြစ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သံယောဇဉ် ဆိုတဲ့ ဆင်းရဲခြင်း သဘောကို ၀ိုးတ၀ါးမြင်လိုက်မိတယ် ဆိုမလား။ ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း တစ်ခုကို ပိုင်ဆိုင်ရအောင် ကြိုးစားချိန်ကစပြီး ဆင်းရဲ ရတာဟာ အဲဒီပစ္စည်း ရရှိပြီး ထိန်းသိမ်း စောင့်ရှောက် ရစဉ် ဆင်းရဲတာတွေ၊ ပျက်စီးမှာကို စိုးရိမ်ကြောင့်ကြရပြီး ပျက်စီးတာကို ပြုပြင်လို၍ ဆင်းရဲ ရတာတွေ၊ ပျောက်ဆုံးရတဲ့အချိန်မှာ နှမြောပူပန်ရခြင်း ဆင်းရဲရတာတွေ၊ ဒီလိုနဲ့ ဆင်းရဲရခြင်း မီးတွေ အလောင်ခံရတာတွေဟာဖြင့် ကြောက်ခမန်းလိလိ ကျယ်ဝန်းတဲ့ ဒုက္ခ ပင်လယ်ထဲက ဘ၀လေး တစ်ဘ၀ရဲ့အပိုင်းအစလေးတစ်စ လောက်သာ ရှိပါလိမ့်မယ်။ ဖိတ်စဉ်သွားတဲ့နွားနို့အပေါ် အာလယ မပြတ်နိုင်တဲ့ လူ့စိတ် သဘာဝလို့ ဆိုမလား။

မေး။    ။ကောင်းပါပြီဆရာ။ အချိန်ရတုန်း နောက်သီချင်းတွေအကြောင်း ဆက်ကြရအောင်။
ရွှေဟင်္သာ သီချင်းတွေဆိုရင် ဆရာ့ တေးပရိသတ်နဲ့ ရင်းနှီးပြီးသားမို့ အဲဒီသီချင်းတွေထဲက ဆရာခံယူထားမိတဲ့ ဓမ္မရသ အကြောင်း ပြောပြပါလား။

ဖြေ။    ။ရွှေဟင်္သာ သီချင်း(၄)ပုဒ်။ မွန်သွေးပါတဲ့ ချစ်သူနှင့် ပတ်သက်တဲ့ သီချင်းလေးတွေပါ။ နွဲ့တင်ရဲ့ အဖေက မွန်၊ အမေက ရွှေမန်းသူ။ ဟင်္သာဟာ မွန်တွေရဲ့ အထိမ်းအမှတ် မဟုတ်လား။ အင်း. . .  ချစ်ရသူ ဟင်္သာမလေးနဲ့ပတ်သက်ရင် ရိုးတရိပ်နဲ့ စိုးထိတ်မိပုံ။ မယုံရဲ ယုံရဲ စိုးရိမ်စိတ်တွေ ကဲခဲ့ရပုံ၊ ဒါတွေ စုပုံပြီး  သမုဒယ မီးပုံကြီး ဖိုလိုက်မိရာက ဗုဒ္ဓရဲ့ တရားတော်ထဲက လို၍ မရသော ဆင်းရဲ၊ ချစ်သူနှင့် မပေါင်းသင်းရမှာကို ကြို၍ စိုးရိမ်ပြီး ပူပန်ရသော ဆင်းရဲ၊ အဲဒီဆင်းရဲတွေဟာ အမှန်တော့ ချစ်တတ်သူတိုင်း၊ ချစ်ခြင်းကို ခံယူလိုကြသူတိုင်း မလွဲမသွေ ခံစားကြရတာပါ။ မိမိတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ သဘာဝပေါ့ဗျာ။ ဓမ္မ  ဆိုတာ သဘာဝတရားပဲ မဟုတ်လား။ ဗုဒ္ဓ ရဲ့တရားတော် များဟာလည်း သဘာဝရဲ့အနှစ်သာရများပဲ မဟုတ်လား။ ဒီတော့ ဓမ္မရသ အကြောင်း
ပြောရင် သဘာဝဓမ္မ အကြောင်းလည်း ပါသွားပြီမို့ ချစ်ခြင်းသဘောရဲ့သဘာဝကို ဓမ္မရသထဲကထုတ်ယူပြီး ခံစားကြည့်ရင်လည်း ရနိုင်ပါတယ်။ ရွှေဟင်္သာ သီချင်းတွေကို သာမန်အမြင်နဲ့ကြည့်ရင် သမုဒယ မာယာကဲတဲ့ အနုသယတဏှာဝဲ ပေပဲလို့ မြင်မိကြမလားပဲ။ ခပ်နက်နက်ကလေး စိုက်ကြည့်ကြမယ်ဆိုရင် ဗုဒ္ဓရဲ့သဘာဝ တရားဓမ္မ ရသများကို ခံစား မြင်မိလာကြမယ် ထင်ပါတယ်။ ဆရာဝင်း ဘယ်လို သဘောရသလဲ။

မေး။    ။အမှန်တော့ ဆရာစိုင်းဟာ အနုပညာရှင်မို့ ဆရာဝန်တစ်ယောက် အမြင်နဲ့မဟုတ်ဘဲ၊
အနုပညာရှင်ရဲ့အမြင်နဲ့ တင်ပြတာပဲလို့ ကျွန်တော်သဘောရပါတယ်။

ဖြေ။    ။သိပ္ပံ ပညာရှင်နဲ့ အနုပညာရှင်တွေ အမြင်ချင်း မတူကြတာတော့အမှန်ပဲ။ သိပ္ပံ ပညာရှင်က သူထိတွေ့ ခံစားတဲ့ ရုပ်နဲ့ ဝေဒနာကို အမှန်အတိုင်း တင်ပြတတ်ပေမယ့် အနုပညာရှင် ကတော့ ဒီလို မဟုတ်ဘူး။ သူနဲ့ ထိတွေ့တဲ့ ရုပ်မှာ ဖြစ်ဖြစ်၊ သူခံစားတဲ့ ဝေဒနာမှာ ဖြစ်ဖြစ် မေတ္တာ စေတနာ ကရုဏာ စတဲ့ စေတသိက်တွေ ကဲပြီး တင်ပြတတ်ပါတယ်။ သူတင်ပြမှုဟာ သူ မြင်ထင်ခံစားသလို လက်ခံသူရဲ့ရင်ထဲ ရှောရှောရှူရှူ ရောက်ရှိသွားပြီ ဆိုရင် သူ့ရဲ့ ကြိုးစားမှု၊ ရင်ချင်း ကူးပြောင်းမှုအောင်မြင်ပြီလေ. . . ။ ဆရာတို့ ရေးတဲ့ စာလုံးလေးတွေ ဖတ်သူရဲ့ မျက်လုံးထဲမှ တစ်ဆင့် နှလုံးသားနဲ့ ဦးနှောက်ဆီ ရောက်ရှိပြီး မှတ်သား ခံစားသလို ကျွန်တော်တို့ ရေးတဲ့ တေးသီချင်းတွေလည်း နားနှစ်
ဖက်က ဖြတ်သန်း ၀င်ရောက်သွားကြပြီး သောတရှင်တွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ဆီမှာ တေးရေးသူရဲ့ခံစားမှုကို သီဆိုသူ အကူအညီနဲ့ ထပ်တူထပ်မျှ ခံစားရပြီဆိုရင် အဲဒီတေးဆရာဟာ အောင်မြင်ပြီပဲ။ ဒီလိုမဟုတ်လား ဆရာဝင်း။ အဲဒီ အမြင်နဲ့ကြည့်ပြီး ကျွန်တော့် တေးတွေထဲက “ ချစ်တာတစ်ခုတည်း သိတယ်” ကို ပြောကြရအောင်လား။  ဒီသီချင်းဟာ ကျွန်တော့်ဘ၀ စောစောပိုင်းက ရေးခဲ့တဲ့ သီချင်း။ ပထမစီးရီးထဲမှာ ပါသွားခဲ့ပြီ။ အိုင်စတိုင်းရဲ့သီအိုရီကို မြှုပ်ပြီး ရေးစမ်းကြည့်ထားတယ်။ သဘာဝတရားကို  ဖွဲ့တာမို့  ဓမ္မရသ ကိုလည်း တွေ့ရမယ် ထင်ပါတယ်။ ဒီလိုပါ။ အသွားလမ်းရဲ့ ဘယ်ဘက်မှာရှိတဲ့  အမှတ်အသားဟာ အပြန်လမ်းမှာ ညာဘက်မှာ ရှိတာဟာ မဆန်းသလို၊ ပန်မည့်သူမရှိလည်း အချိန်တန်ရင် ပွင့်တဲ့ပန်းတွေအကြောင်း၊ ပင်လယ်ကြီးထဲက ရေနှင့် အိုင်ငယ်လေးထဲကရေ၊ ရေချင်းတူကို အပိုလုပ် မဆိုတတ်တဲ့ သာမန်လူတစ်ယောက်အကြောင်း ချစ်တာဟာ ဘာကြောင့်လဲ၊ ဘာအတွက်လဲ၊ အဲဒီအချစ်ဟာ ဘယ်ကစသလဲ၊ ဘယ်မှာ ဆုံးမလဲ စတဲ့အဖြေခက်တဲ့ အမေးတွေ အကြောင်း၊ မတည်ငြိမ်တဲ့ နေရာနဲ့ မတည်မြဲတဲ့ အချိန်အကြောင်း စတာတွေ မပြောတတ်ပေမယ့် “ ချစ်တာတစ်ခုတည်း သိတယ်” ဆိုတဲ့ ကိုယ့်အကြောင်း ရေးဖွဲ့ကြည့်ခဲ့တာပါ။ ဒီမှာ ကျွန်တော် ဆိုချင်တာက ဘာကိုမျှ အစိုးမရတဲ့အနတ္တ သဘောဟာ နေရာတကာ လွှမ်းမိုး အုပ်စိုးနေပါကလားဆိုတာ သီချင်းထဲက ဓမ္မကို ထုတ်ကြည့် ခဲ့မိဖူးတဲ့ အကြောင်းပါ။ ဒီသီချင်း ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ တေးချစ်သူ ပရိသတ်ဆုံးဖြတ်ဖို့ပါပဲ။

မေး။    ။မှန်လိုက်လေ ဆရာစိုင်းရယ်။ မိမိသီချင်းရဲ့ အရည်အသွေးကို တေးပရိသတ်က ဆုံးဖြတ်ပါစေပေါ့။ ဒါနဲ့ “၇၆-ဆေးရုံလမ်းကြား” ဆိုတဲ့တေးမှာ ပဋိပက္ခစိတ်နဲ့ အစဉ်လှုပ်ရှားနေတဲ့ လူ့စရိုက်ကို ၀ိုးတ၀ါး မြင်တွေ့လိုက်ရတယ် ထင်မိလို့ အဲဒီ သီချင်းအကြောင်း ကိုလည်း ပြောပြပါဦး။

ဖြေ။    ။လူ့ရဲ့စိတ်ဟာ အများအားဖြင့် အစိုးမရ ရှိတတ်ကြပါတယ်။ တရားရှုမှတ်ကြသူတွေ အပြောများတဲ့ သမာဓိ စိတ်တည်ငြိမ်မှုဟာ တကယ်တော့ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အစိုးမရအောင် မတည်မငြိမ်နှင့် လှုပ်ခတ်နေတဲ့ စိတ်ကို သတိနဲ့ စောင့်ကြည့် နေတတ်ဖို့ မပြတ်ရှုမှတ် ပွားများကြရပါတယ်။ တစ်ချက်ကလေး လွတ်သွားတာနဲ့ ပြန်ဖမ်းရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ တရားစခန်း ၀င်ဖူးသူတွေ နားလည်ကြပါတယ်။  ထားပါလေ. . .  ကျွန်တော်ပြောချင်တာက လူ့စိတ်အာရုံ ဘယ်လောက် ထွေပြားသလဲ ဆိုတာပါ။ မိမိ မပိုင်တဲ့ တစ်ချိန်ထဲမှာ ကဗျာဆရာ ဖြစ်ချင်ဖြစ်မယ်၊ လူညာဖြစ်ချင်ဖြစ်မယ်၊ လူသတ်သမားဖြစ်ချင်ဖြစ်မယ်၊ အနုပညာရှင်ဖြစ်ချင်ဖြစ်မယ်၊ ဘယ်လို လူဖြစ်နေနေ အဲဒီသူကို ကြည်ဖြူနိုင်မယ်ဆိုရင် ဂီတာအိုလေးတစ်လုံးရယ်၊ သီချင်း လေးတစ်ပုဒ်ရယ်၊ ဆေးလိပ်တိုလေးတွေရယ်၊ ပြီးတော့ ရယ်စရာငိုစရာတွေရယ် သူပိုင်ပစ္စည်းအဖြစ်ရှိတဲ့ အိမ်ခန်းလေးကို လာလည်နိုင်ကြောင်း၊ အိမ်ရှေ့မှာက မက်မန်း၊ အိမ်နောက်က ယူကလစ်ပင်ကြီး၊ အိမ်ထောင့်မှာ ချယ်ရီနှင့်ထင်းရှူးပင်တွေ အစီအရီ ရှိတဲ့ စိမ်းလန်းစိုပြည်တဲ့ နယ်မြေလေး ထဲက အိမ်နံပါတ် ၇၆ ပါ။ လမ်းကြုံရင် ရောက်တယ်ဆိုရုံ လာလည်ပေါ့မိန်းကလေးရယ်” လို့ ဖိတ်ခေါ်တဲ့တေးလေးပါ။ ရာဂ စတဲ့မီးတောက်တွေနဲ့ ပူလောင်နေတဲ့ ပတ်ဝန်းကျင်ထဲက ရုန်းထွက်လာချင်သူတွေအတွက် ပဋိပက္ခစိတ်တွေကို ထွက်ပေါက် ပေးတဲ့ တံခါးတစ်ပေါက် ဖောက်ကြည့်မိတာပါ။
သံဝေဂတွေ တစ်ပွေ့တစ်ပိုက်ကြီး ရပါမှ တရားဓမ္မ ဖြစ်ပါတယ်လို့ယူတဲ့ ရှေးရိုးစွဲ ၀ါဒီတွေ အတွက် တစ်ခေတ်ဆန်း ကြည့်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

မေး။    ။စကားပြောကြရတာ မ၀သေးပေမယ့် မန္တလေး ပြန်ဆင်းမှာမို့ အချိန်နည်းသွားပြီ။ ဆရာ့ သီချင်းတွေက များတော့ မေးချင်တာ သိချင်တာတွေ အများကြီးကျန်သေးပေမယ့် ချန်ခဲ့တော့မယ်။ တစ်ခွန်းပဲ မေးခွင့်ပြုတော့ဗျာ။ အဲဒါက.. .“ဘုရားရှိခိုးနှင့် ဗုဒ္ဓ၀င်အကျဉ်း” သီချင်းစု အကြောင်းပါ။ တေးဆိုသူ နန်းခမ်းနွဲ့လိတ်၊ ဆရာ့သမီးကြီး။ ဒီတေးစုကို ပြုစုတဲ့ ရည်ရွယ်ချက်နဲ့ တေးသွား သံစဉ်လေးတွေအကြောင်း သိပါရစေ။

ဖြေ။    ။အဲဒီ တေးစု အဖွင့်အမှာစကားမှာပဲ ကျွန်တော့်ရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။
“ဗုဒ္ဓဘာသာဆိုတာ ကျင့်ကြံရတဲ့ဘာသာ။ ကြည်ညိုမှုမရှိရင် ဘယ်လိုကျင့်ကြံမလဲ။ ကြည်ညိုမှုက စတဲ့ ယုံကြည်သက်ဝင်မှုကို ပြတဲ့အနေနဲ့  နှုတ်က ရွတ်ဆိုပူဇော်ခြင်းဆိုတာဟာ စိတ်ဆန္ဒကို ထုတ်ဖော်ပြသနည်း တစ်နည်းပဲ မဟုတ်လား။ ဗုဒ္ဓဘာသာဝင်ကလေးငယ်တွေ အတွက် ရည်စူးရေးဖွဲ့တာဖြစ်လို့ တေးသွားသံစဉ်တွေကို ပျောင်းနွဲ့ချိုလွင် ပေးထားပါတယ်။ တွေးကြည့်စရာတွေ ထည့်မထားပါဘူး။ ရိုးစင်းတဲ့ ဝေါဟာရလေးတွေကို သုံးထားပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ထဲက သန္ဓေယူ နေ့၊ ဖွားမြင်တော်မူတဲ့ နေ့၊ တောထွက်၊ ဘုရားဖြစ်၊ တရားဦးဟော၊ ပရိနိဗ္ဗာန်တဲ့ နေ့တွေ အကြောင်းနဲ့ ဘုရားရှင်ရဲ့ ဓာတ်တော် ဝေခန်းအပြင် ရတနာသုံးပါး ဘုရားရှိခိုး ပူဇော်ခြင်း အမျိုးမျိုးကို သီချင်းအဖြစ် ရေးဖွဲ့ထားတာပါ။

“နီရဲတဲ့နှလုံးသား
ဖွေးဆွတ်တဲ့မနောဝိညာဉ်
သူများအကျိုးအတွက်
ကိုယ့်အကျိုးကို အခါခါစတေး. . . ။
ယုံကြည်မှုက တစ်ခု . . .  တစ်ခုတည်း
ရှိခဲ့တယ် ရှိဆဲပဲ
မျှော်လင့်ခြင်း၊ ရွှေဉာဏ်ဆု သဗ္ဗညုတစ်ခုတည်း”  ရယ်လို့  ပူဇော် ရေးဖွဲ့ အဆုံးသတ်ထား
တဲ့ဗုဒ္ဓ၀င် အကျဉ်းတေးစုလေးပါ။

ကျွန်ုပ်။    ။ဟုတ်ကဲ့ပါ။ အခုလို အချိန်ပေး မေးသမျှ ဖြေတဲ့ ဆရာ့ကို ဒေါ်နွဲ့နွဲ့တင်နှင့် အတူ အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ့ အနေနဲ့  အပ္ပမာဒမဂ္ဂဇင်း အယ်ဒီတာချုပ်ကို ဘာများ မှာကြားလိုက်ဦးမလဲ။ ဆရာ့ တေးပရိသတ်နဲ့ တေးလောကကိုရော ဘာများ ပြောကြား ချင်ပါသလဲ ခင်ဗျား။
ဆရာစိုင်း။    ။အယ်ဒီတာချုပ်ကြီးကို သတိရ အားကျကြောင်း အပ္ပမာဒမဂ္ဂဇင်းကို လစဉ်မပြတ်ဖတ်လျက်ရှိပါကြောင်းနဲ့ ၀ိပဿနာ တရားများကို ယခုထက်မက ဆတက်ထမ်းပိုး တိုး၍ ပွားများ အားထုတ်နိုင်ပါစေလို့  ဆုမွန်တောင်းပါကြောင်း ပေါ့ဗျာ။ ဒါ့အပြင် ကျွန်တော့် တေးချစ်ပရိသတ်အတွက် တေးသစ်တွေ ရေးသီနေတဲ့အကြောင်း. . .  ခု ထွက်ပေါ်လာတဲ့ဆို၊ က၊ ရေး၊ တီးများကို လှိုက်လှိုက်လှဲလှဲကြိုဆိုရင်း. . . ။ နောင် ထွက်ပေါ်လာမယ့် ဂီတ မျိုးဆက်သစ်များကိုလည်း  မျှော်လင့်စောင့်စားရင်း ယခင်က လမ်းစပျိုးခဲ့သူ ဂီတဆရာ့ဆရာကြီးများကိုလည်း ဘယ်တော့မှ မမေ့ပါဘူးလို့ ဂုဏ်ပြုလျက်ရှိပါကြောင်း စကားများ ဆရာနှင့်ပါးလိုက်ပါရစေဗျား။ ကျေးဇူးတင်ပါတယ်။

                                               တင်ဝင်း - ကသာ(မန်းတက္ကသိုလ်)

                        အပ္ပမာဒ မဂ္ဂဇင်း ၊      ၂၀၀၂ ခုနှစ် ၊ အောက်တိုဘာလ

No comments:

Post a Comment