Friday, May 15, 2020

မေးကြည့်ပါရစေ ဦးဒေးဗစ်လား

❝ မေးကြည့်ပါရစေ ဦးဒေးဗစ်လား ❞
                 သရ၀ဏ်(ပြည်)

“သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ ၊ သင့်ကိုယ်သင်နှိုးထရမယ့်အချိန်ကိုရောက်ပြီ “

     အော်ကြီးဟစ်ကျယ် စူးရှကျယ်လောင်သော အသံကို ဖေ့စ်ဘွတ်တွင်တွေ့တော့ သခင်သန်းထွန်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခိုးရိုးမတောထဲ၀ယ်ဖြုတ်ထုတ်သတ် လူသတ်ပွဲများတွင် ရဲနီလူငယ်မောင်မယ်များ က သူတို့မကြေနပ်သည်များကိုစွပ်စွဲ ကြိမ်းဝါးပြောဆိုနေကြသည်လား ဟုထင်မှတ်မှားမိသည် ။ ထိုလူသတ်ပွဲများတွင် သားအရင်းကအဖေအရင်းကို မကြေနပ်ချက်များ၊ စွပ်စွဲချက်များကိုကြိမ်းဝါးပြောဆိုကာလည်မျိုးကိုဝါးရင်းတုတ်ဖြင့် ရိုက်သတ်ကြသည် ။လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက် အချင်းချင်းတွေသတ်ကြသည် ။  တပည့်အရင်းကဆရာအရင်းကို အော်ဟစ်ကြိမ်းဝါး စွပ်စွဲကာ ဝါးရင်းတုတ်ဖြင့် စီရင်သည် ။ သူတို့သည် လူအသိုင်းအဝိုင်း၏ အပြင်ဘက်ကိုရောက် ၊ တောထဲတောင်ထဲမှာအနေကြာသဖြင့် အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်သွားကြခြင်းဖြစ်ဟန်တူသည် ။

     ဘာသာတရား တခုခု၏ အဆုံးအမကိုမခံယူခဲ့ရခြင်းကြောင်း ကိုယ်အမူအရာ နှုတ်အမူအရာတွ ကြမ်းတမ်း ရိုင်းစိုင်းသွားကြခြင်းဖြစ်သည် ။

    ယခုလည်း အော်ကြီးဟစ်ကြယ် ရန်တွေ့သလိုပြောနေကြသော မိန်းကလေးတယောက်ကိုတွေ့ရတော့ သခင်သန်းထွန်းတို့အကြောင်း ရုပ်ရှင်ရိုက်ကွင်း မှသရုပ်ဆောင်ချက်ဟုသာထင်မိသည် ။

     သို့သော်အထင်နှင့်အမြင်လွဲရသည် ။ ဗကပတို့လိုဘာသာမဲ့တို့အကြောင်းသရုပ်ဆောင်ပြနေခြင်းမဟုတ် ။ တရားဟော ဆရာမတယောက်က သူတို့ ဘာသာအကြောင်း ဟောပြောနေခြင်းဖြစ်ပါသတဲ့ ။ ထိုသူငယ်မနှင့်အပြိုင် ဒေးဗစ်လားဆိုသော ပုဂိုလ်ကလည်း ခရစ်ယာန်တရားများဟောကြားတာ မြင်ရကြားရပါသည် ။ ထိုသူငယ်မနှင့် တကျောင်းထဲဆင်းလား ၊ ဆရာတပည့်တွေလားတော့မသိ ၊ ဒေးဗစ်လားလည်း သခင်သန်းထွန်းတို့ရဲနီလူငယ် များ ​ဖြုတ် ထုတ်သတ်လမ်းစဉ်ဖြင့် ဟစ်စတီးရီးယား ( စိတ်ကစင့်ကလျားရောဂါ ) ဖြစ်သကဲ့သို့ပင် ဟောပြောတာ မြင်ရကြားရသည် ။ အာဘောင်အာရင်းသန်သန် အော်ကြီးဟစ်ကျယ် မစားရ၀ခမန်းပြောကြဟောကြတာမြင်တော့ ငယ်စဉ်မှစကာ ဘ၀တလျောက်လုံးမြင်ခဲ့သိခဲ့ရဖူးသော ခရစ်ယာန်တရားဟောဆရာများ ၊ ခရစ်ယာန်ဘာသာ၀င်များကို သတိရမိသည် ။

    ကျွန်တော့်ဘ၀တွင် ပထမဦးဆုံး တွေ့ဖူးသော ခရစ်ယာန် တရားဟော ဆရာမှာ ဒေါက်တာမျိုးဆက်ဖြစ်သည် ။ ကျွန်တော်တို့ လေးတန်းကျောင်းသားဘဝလောက်က နေမကောင်းလျှင် ကျောင်းသားလူငယ်ဆေးခန်းဆိုတာမှာသွားပြရသည် ။ ပြည်မြို့သံတချောင်းလမ်း ( ယခု ရွှေတချောင်းလမ်း ) သာဖွား သူနာပြုကျောင်း၏ နဘေးတွင် ကျောင်းသားဆေးခန်းရှိသည် ။ ပြည်တမြို့လုံးမှ မူလတန်း ၊အလယ်တန်း ၊ အထက်တန်းကျောင်းသူကျောင်းသား အားလုံး၏ အားထားရာမှာ ပိုက်ဆံတပြားမှ မပေးရသော ကျောင်းသားဆေးခန်းဖြစ်သည် ။ ၁၉၈၈ အရေးအခင်းအပြီး ဦးနေ၀င်း အစိုးရ ပြုတ်ကျသွားအပြီးတွင် ကျောင်းဆေးခန်းစနစ်လည်း နိဂုံးချုပ်သွားတာ ၀မ်းနည်းဖို့ကောင်းသည် ။ ယခုခေတ်တွင် ထိုစနစ်ကိုပြန်လည်အကောင်အထည် ဖော်သင့်ပါသည် ။ ထိုကျောင်းဆေးခန်းတွင် သွားနှင့်ခံတွင်းဆေးခန်းလည်းရှိပါသည် ။ ထိုသွားဆေးခန်းသည်လည်း နိုင်ငံတော်ကအခမဲ့ ကုသပေးခြင်းဖြစ်ပါသည် ။ ကျွန်တော်တို့သည် သွားနာ သွားကိုက်သောအခါ ထို သွားဆေးခန်းတွင်သွားရောက်ပြသပါသည် ။ သွားဆရာ၀န်မှာ ဒေါက်တာ မျိုးဆက် ဖြစ်ပါသည် ။ ဒေါက်တာမျိုးဆက်သည် သူ့သွား ဆေးခန်းလူနာကုတင်တွင် ပက်လက်ကလေးဖြစ်နေသော ကျောင်းသားလူငယ်များကို ချက်ချင်းဆေးကုမပေးသေးပါ ။ ဘုရားသခင်ကောင်းကြောင်း ၊ ခရစ်ယာန်ဘာသာ အနှစ်သာရ တရားများကို ရတတ်သလောက်ဟောကြားပါသေးသည် ။ သို့သော် ဒေါ က်တာမျိုးဆက် စကားပြောလျှင် တိုးတိုးညင်းညင်း နှင့်အင်မတန် နားစိုက်ထောင်မှကြားရသည့် နူးညံ့သည့် အသံမျိုးဖြစ်ပါသည် ။ ကျွန်တော်တို့ကလည်း သူပြောချင်ရာပြော ကိုယ့်သွား ကောင်းဖို့အရေးကြီးသည်ဟုသဘောထားသူများဖြစ်ရာ ဘာမှ စိတ်အနှောက်အယှက်မဖြစ်ပါ ။ ပြောလိုသည်မှာ ဒေါက်တာမျိုးဆက်လည်း ခရစ်ယာန်တရားများပြန့်ပွားရေးကို တတ်စွမ်းသလောက်အားထုတ်သည်ဖြစ်သော်လည်း ကိုယ်အမူအရာ ၊နှုတ်အမူအရာ နူးညံ့သိမ်မွေ့လှပါသည် ။အခြားဘာသာမကောင်းကြောင်းလည်းမပြောပါ ။ ထိုဒေါက်တာမျိုးဆက်သည် ကျွန်တော်တို့နေထိုင်သောပြည်မြို့ဆံတော်ရပ်ကွက် ၊ ညောင်စင်တန်းလမ်းနှင့်စာတိုက်တန်းလမ်းထောင့် တွင်နေထိုင်သဖြင့် ဆေးခန်းတွင်သာမက အိမ်တွင်လည်းမကြာခနတွေ့ဖူးပါသည်  ။ ဘယ်နေရာမှာတွေ့သည်ဖြစ်စေ ဒေါက်တာမျိုးဆက်သည် အလွန်ကို တည်ငြိမ်အေးဆေးတာတော့သတိထားမိပါသည် ။

     နောက် မှသိရသည်မှာ ဒေါက်တာမျိုးဆက်သည် ခရစ်ယာန်တရားဟောဆရာတဦးဖြစ်ကြောင်း ၊ မကြာမီ နိုင်ငံခြားသို့သွား၍ ခရစ်ယာန်ဘုန်းကြီးပဲလုပ်တော့မည်ဖြစ်ကြောင်း သိရပါသည် ။ ၁၉၈၈ အရေးအခင်းအပြီးတွင် သွားဆရာ၀န်ဒေါက်တာမျိုးဆက်လည်း အမေရိကဆိုလား ၊ ကနေဒါဆိုလား နိုင်ငံတခုသို့အပြီးအပိုင်ထွက်ခွာသွားရာ ယနေ့အချိန်အထိ နောက်ထပ် မမြင်မတွေ့ရတော့ချေ ။

     လူငယ်ဘ၀တွင်နောက်ထပ်တွေ့ရသောခရစ်ယာန်တဦးကတော့ အ.ထ.က ( ၁ ) ပြည်မြို့တွင် ရှစ်တန်းအင်္ဂလိပ်စာ ပြဆရာမ ဒေါ်ပန်ထွာဖြစ်သည် ။ သူသည် အသားဖြူဖြူထောင်ထောင်မောင်းမောင်းနှင့် မျက်နှာချိုကာအလွန်သဘောကောင်းသည် ။ ကချင်တိုင်းရင်းသူဖြစ်သည် ။ အဆိုတော် L.ခွန်းရီနှင့် ညီအစ်မ ၀မ်းကွဲတော်သည်ဟုသိရသည် ။ ကျွန်တော်တို့ကဆရာမဒေါ်ပန် ဟုခေါ်သည် ။ အလွန်သဘောကောင်းပြီးသိမ်မွေ့နူးညံ့သည် ။ အင်္ဂလိပ်စကားပြောအသံထွက် အလွန်ကောင်းသည် ဟုကလေးဘ၀မှတ်ဉာဏ်ဖြင့်ထင်မြင်ယူဆမိသည် ။

     တက္ကသိုလ်ရောက်တော့ ခရစ်ယာန် ဘာသာ၀င် ဆရာ ၊ဆရာမများ ၊ သူငယ်ချင်းများစွာကိုတွေ ့လာရသည် ။ တိုးရစ်ဂိုဒ် ဘ၀တွင်လည်း လုပ်ငန်းတူသူငယ်ချင်းများထဲတွင် ခရစ်ယာန်ဘာသာ၀င်များလည်းရင်းရင်းနှီးနှီးပေါင်းဖော်ရသည် ။ သူတို့အားလုံး ခင်ခင်မင်မင် သဘောကောင်း ကြသည် ။ လူကြီးလူကောင်းဆန်ကြသည် ။ အယူသီးမှုနည်းကြသည် ။ သူတို့ဘာသာ မဟုတ်သူအသိုင်းအဝိုင်းနှင့်လည်း အဆင်ပြေချောမွေ့အောင်နေတတ်ကြသည် ။ ထို့ကြောင့်ပင် တက္ကသိုလ်ကျောင်းသားဘ၀ ၊ တိုးရစ်ဂိုဒ် ဘ၀တွင် သူငယ်ချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် သူဟာ ဘာ ဘာသာ၀င်ဆိုတာ တွေကိုမေ့နေကြသည် ။ သူ့ဘာသာလည်း ကိုယ် လေးစား ၊ ကိုယ့်ဘာသာလည်း သူလေးစားဘဝဖြင့် နေထိုင်ခဲ့ကြသည် ။ ကထိန် သင်္ကန်းကပ်ရာ ၊ အာစရိယပူဇော်ပွဲလုပ်ရာတွင် သူတို့ပါ၀င်သလို ၊ ခရစ်စမတ်နေ့ ကာရို စင်းဂင်း သီချင်းဆိုရာတွင်လည်း ကျွန်တော်တို့ပါသည် ။ အိဒ် နေ့တွင်လည်း စမိ်ုင်တွေသွားစားကြသည်  ။ ဟိန္ဒူသူငယ်ချင်းက ငှက်ပျောဖက်ဖြင့် ထမင်းကျွေးလျှင်လည်းသွားကြိတ်ကြသည် ။ ဘာသာသည် သာမည ။ ခင်မင်မှုသည် အဓိက ။ စာရေးဆရာဖြစ်တော့လည်း စာပေလောကတွင်ခရစ်ယာန်ဘာသာ၀င်တွေ များစွာနှင့် ခင်မင်ရသည် ။ အတူသွား ၊အတူစား ၊ခရီးတွေသွားခဲ့ကြသည် ။ သူတို့သည် အလွန်ကိုနူးညံ့သိမ်မွေ့ကြတာများသည် ။

     ပြောလိုရင်းမှာ ဒေးဗစ်လားတို့လို ၊ နိုးထချိန်တန်ပြီဟုကုန်းအော်နေသော အမျိုး သမီးလို အော်ကြီးဟစ်ကျယ် ငါးစိမ်းသယ်ရန်တွေ့လုပ်နေကြသော ခရစ်ယာန်များကို ကျွန်တော်ယခင်ကမမြင်ဖူးခဲ့ချေ ။

         ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တရားဟောရာတွင် အလွန်ကို နူးညံ့သိမ်မွေ့ကြသည် ။ အလွန်ကို ကိုယ်စိတ်နှလုံးသုံးပါးကို ကြည်ညိုဖွယ်ဆောင်ခဲ့ကြသည် ။ သံဃာတော်တို့၏ ဂုဏ် ကိုးပါးနှင့်အညီ နူးညံ့သိမ်မွေ့ခဲ့ကြသည် ။ သို့သော် ထိုအမြင်သည် ဗုဒ္ဓဘာသာအစွန်းရောက်ဘုန်းကြီးအချို့ကြောင့်ပျက်စီးရသည် ။ ဦးဝီရသူလို စင်ပေါ်တွင် မဲ့ကာရွဲ့ကာ စောင်းကာချိတ်ကာ အော်ကြီးဟစ်ကျယ် သိပ်ဖျင်းသော စကား ပြောသူ အချို့ကြောင့် ပျက်စီးရသည် ။ နတ်သုဒ္ဓါထဲ မစင်တစက်ကျသလို ဖြစ်ရသည် ။တသက်လုံးကောင်းလာသမျှ အမည်းစက် စွန်းရသည် ။

     ကျွန်တော်သည် ဗုဒ္ဒဘာသာ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက သူတပါးဘာသာကို နှိမ့်ချစော်ကားပြီးမှ ကိုယ့်ဘာသာ ကိုယ့်တရားကို မြင့်တင်ပြီးဟောလျှင် မကြိုက် ။

     ပြည်မြို့တွင်နေစဉ်က အိမ်နားတွင် မိုးကုတ်ဝိပသနာဓမ္မရိပ်သာ ရှိရာ ညစဉ်တရားပွဲများကျင်းပပါသည် ။ ထိုအခါ အချို့ဆရာတော်များသည် အခြားဘာသာ၀င်များ၏ ဗြဟ္မာကြီး ၊ ထာ၀ရဘုရား၊ဖန်ဆင်းရှင် ၊ အလ္လာ စသည်တို့ကို သူ့တရားထဲတွင်ထဲ့ကာ ရှုတ်ချဟောပါသည် ။ ထိုအချက်ကို ငယ်စဉ်ကပင် မနှစ်မြို့ခဲ့ပါ ။ ကိုယ်ဖြူတာကိုပြဖို့ မည်းတဲ့သူကို ရှာပြီး အနားမှာ ရပ်နေခိုင်းစရာမလိုဟု ထင်ပါသည် ။ ကိုယ်ကောင်းခေါင်းမရွေ့ဆိုသောစကားလိုပင် ကိုယ့်ဘာသာကောင်းတာကိုပင်ဟောစေပြောစေချင်ပါသည်  ။

     ဆိုလိုသည်မှာ ကျွန်တော်သည်  ဗုဒ္ဓဘာသာ ၀င်တယောက်ဖြစ်သော်လည်း အစွန်းရောက် ဗုဒ္ဓဘာသာ၀င် တယောက် မဟုတ်ပါ ။

    ဤစာကို ရေးရသည်ကိုလည်း ခရစ်ယာန်မိတ်ဆွေများကိုအားနာပါသည် ။ သို့သော် ဆိုရေးရှိကဆိုအပ်လှဆိုသည့်အတိုင်း ပြောစရာရှိ၍ပြောရခြင်းဖြစ်ပါသည် ။

    ကျွန်တော် ၂၀၀၆ က အင်္ဂလန်နိုင်ငံသို့ရောက်ခဲ့သောအခါ အင်္ဂလန်တောပိုင်းသို့ရောက်ခဲ့ပါသည် ။ ကျွန်တော်၏ အင်္ဂလိပ်မိတ်ဆွေများက သူတို့ရွာ ၊ သူတို့ အရပ်မှ လည်စရာပတ်စရာများကိုလိုက်ပြတိုင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း များကိုလည်း တွေ့ရပါသည် ။ အများအားဖြင့်သူတို့နိုင်ငံမှ ခရစ်ယာန်ဘုရားကျောင်းများသည် သော့ခတ်ထားတာများပါသည် ။ ဘာကြောင့်လဲဟုကျွန်တော်က မေးသောအခါ ခရစ်ယာန်ဘုန်းကြီး မလုံလောက် မှုကြောင့်ဟုဆိုပါသည် ။ ခရစ်ယာန်ဘုန်းကြီးလုပ်လိုသူ လူငယ်တွေ တနေ့တခြား နည်းပါးလာပြီဖြစ်ရာ နဂိုရှိနေသော သက်ကြီးရွယ်အို ဘုန်းတော်ကြီးများ ကွယ်လွန်တော်မူလျှင် အသစ်၀င်လာမည့်သူ မရှိသဖြင့် ဘုရားကျောင်းများ ရှေးယခင်က ပေါများသလောက် ဘုန်းကြီးအရေအတွက်က မီအောင်မလိုက်နိုင်ပဲ ဖြစ်နေပါသည် ။

     ထိုအခါ ဘုန်းကြီးတပါးလျှင် ချပ်( ခ်ျ ) ကျောင်း သုံးလေး ငါး ကျောင်းလောက် တာ၀န်ယူကိုင်တွယ်ရကာ ဘုန်းကြီးလာမည့်နေ့ကိုသာ ဘုရားကျောင်းဖွင့်၍ ဘုန်းကြီးမရှိသောအခါ သော့ပိတ်ထားရသည့် ကျောင်းကများလာပါသည် ။ အထူးသဖြင့် တောဘက်တွင် ခရစ်ယာန်ဘုန်းကြီးရှားပါးလာပါသည် ။  အင်္ဂလန်ကိုသာကိုယ်တွေ့မျက် မြင်ပြောခြင်းဖြစ်သော်လည်း ဖွံဖြိုးတိုးတက်သောနိုင်ငံများဖြစ်သည့် ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ အမေရိက ၊ ကနေဒါ ၊ ဩစတေးလျ စသည့် နိုင်ငံများမှာလည်း ထိုနည်းနှင်နှင် ခရစ်ယာန်ဘုန်းကြီး ၊ တရားဟောဆရာ ရှားပါးမှုကိုကြုံတွေ့လာရပါသည် ။

     အလုပ်အကိုင် ပေါသောချမ်းသာသည့်နိုင်ငံများဖြစ်သဖြင့် လူငယ်များသည် ဘုန်းကြီး မလုပ်ချင် ၊ တရားဟောဆရာ မလုပ်ချင် ၊ ဘာသာရေး သမား မလုပ်ချင်ကြတော့ ပါ ။ထိုအခါ ချမ်းသာသော အနောက်တိုင်း နိုင်ငံများသည် ဘုန်းကြီးလုပ်ချင်သော ၊ တရားဟောဆရာလုပ်ချင်သော လူငယ်ခြေတက် များကို ရှာပုံတော်ဖွင့်ရပါသည် ။

    လဤတွင် ဆင်းရဲသော အာရှနိုင်ငံများ ၊ အာဖရိကနိုင်ငံများ ကို တွေ့ပါသည် ။ ထိုနိုင်ငံများတွင် ဥရောပသို့သွားရမည်ဆိုပါက မည်သည့်အလုပ်လုပ်ရသည်ဖြစ်စေ ၊ ရောက်ရလျှင် ပြီးစတမ်းဆိုသူတွေများစွာရှိပါသည် ။ အိမ်သာကျင်း တူးရသည်ဖြစ်စေ ၊ ကူလီထမ်းရသည်ဖြစ်စေ အမေရိကသို့ရောက်ရလျှင် ၊ ကနေဒါသို့ရောက်ရလျှင် ၊ အင်္ဂလန်သို့ရောက်ရလျှင်ပြီးစတမ်းဆိုသော သူ မြန်မာနိုင်ငံအပါ၀င် ဆင်းရဲသော အာဖရိက နှင့် အာရှနိုင်ငံများတွင်များစွာရှိပါသည် ။ နိုင်ငံခြားသွားချင်သောကြောင့် ဗုဒ္ဓဘာသာစစ်စစ်မှ ခါတော်မီ ခရစ်ယာန်ဖြစ်သွားကြသူများစွာကိုလည်းတွေ့ဖူးပါသည် ။အချို့အနောက်တိုင်းနိုင်ငံများဆိုလျှင် နယ်စပ်ဒေသဒုက္ခသည်စခန်းများမှလူများအပြင် ထောင်ကျနေသူများကိုပင် မိမိတို့၏ ဘာသာရေးသင်တန်းကျောင်းသို့တက်မည်ဆိုလျှင် ငွေတပြားမှကုန်စရာမလိုပဲ ပို့ပေးမည်ဟုဆွဲဆောင်ကြသည် ။

     အနောက်တိုင်းသားများသည် လည်၏ ။ နပ်၏ ။ စိတ်ထဲကကြိတ်၍ လူမျိုးရေးခွဲခြား၏ ။ ဘုန်းကြီးလူသစ် စုဆောင်း၍ မရသဖြင့်သာ အာရှတိုက်သား ၊အာဖရိကတိုက်သား လူညို ၊ လူမည်းများကို တရားဟောဆရာဖြစ်သင်တန်းကျောင်းများသို့ခေါ်ယူသင်ကြားပို့ချပေးသော်လည်း အာရှသား လူပုများ ၊ လူညိုများ ၊ အာဖရိက လူမည်း တရားဟောဆရာများ ဟောသော ကဘောက်တိကဘောက်ချာ ( အင်္ဂလိပ်လို ၊ အီတလီလို ၊စပိန်လို ၊ပြင်သစ်လို စသည့်စကားများကိုလည်းကောင်းစွာတတ်ကြသည်မဟုတ် ရကား ) ဘာသာစကားများဖြင့် ထာ၀ရဘုရားအကြောင်းဟောကြားသည်ကိုလည်း လူဖြူတွေက မနာယူချင်ပေ ။

     ထို့ကြောင့် မိမိ ပင်ရင်းနိုင်ငံများတွင်ဥရောပတိုက်သား ၊ အမေရိကန်ု ၊ ကနေဒါ စသော တရားဟောဆရာများ ၊ဘုန်းတော်ကြီးများကို ချန်ထားပြီး ဆင်းရဲသောနိုင်ငံများသို့အနစ်နာခံကာ ယခင်ကသွားရောက်လေ့ရှိသော သာသနာပြု ခရစ်ယာန်ကြီးများနေရာမှာတော့ ဆင်းရဲသော နိုင်ငံမှလာသော သူများ ကို ဆင်းရဲသောနိုင်ငံများသို့ ပြန်လွှတ်ခြင်းဖြင့် သူတို့မှာ မရှိမဲ့ရှိမဲ့ ဘုန်းကြီးအရည်အတွက်ကိုလည်း ထိန်းသိမ်းရာရောက် ၊ ဝေးလံခေါင်ဖျားဒေသများသို့ လည်း သူ့အရိုးဖြင့် သူ့ထိုးကာ သာသနာပြုပြီးသားလည်းဖြစ်ဆိုသော ပုံစံမျိုးဖြင့် ပြန်လည်စေလွှတ်လေ့ရှိသည် ။

     ဆင်းရဲသောနိုင်ငံက လူကို ဆင်းရဲသောနိုင်ငံသို့ပြန်၍ ခရစ်ယာန်တရားဟောခိုင်းလျှင် လူတွေ အထင်မကြီးမှာ ကိုသိသော အင်မတန်ပါးနပ်လှသည့် အနောက်တိုင်းသားများပီပီ အရင်အတိုင်း ပြန်မလွှတ်ခင် လူအထင်ကြီးအောင် အရင်လုပ်ပေးလေသည် ။ အမေရိကန်နိုင်ငံသားခံယူစေခြင်း ၊ ကနေဒါနိုင်ငံသားခံယူစေခြင်း ၊ အင်္ဂလန်နိုင်ငံသားခံယူစေခြင်း ၊ အီတလီနိုင်ငံသားခံယူစေခြင်းစသော အာရှ နှင့် အာဖရိကတိုက်သားများ အထင်ကြီစေမည့် အကွက်တကွက်ကို အရင် လုပ်ပေးလိုက်သည် ။

     ထို့နောက် သာသနာရေးတွင် အရေးပါအရာရောက်သူ ဟုယူဆနိုင်သော ဂုဏ်ပုဒ်တခု ၊ သင်တန်းဆင်းလက် မှတ်တခု ၊ အရေးပါအရာရောက်သောနေရာတခုကို အပြသဘော ချီးမြှင့်လိုက်သည် ။ အီတလီ သာသနာပြုကောင်စီ၏အသိအမှတ်ပြုလက် မှတ်ရ သိက္ခာတော်ရ ဆရာဘယ်သူဆိုတာမျိုး ၊ ကနေဒါ ဘာသာရေးကျမ်းစာကျောင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ရှင်ဆိုတာမျိုး စသည့် အမြီးအမောက်တွေ တပ်ပေးလိုက်သည် ။ တကယ်ဆိုရလျှင် သူ့မူရင်းနိုင်ငံတွင် ထိုသူများ တရားဟောလျှင် လာရောက်နားထောင်မည့် မျက်နှာဖြူ ဆယ်ယောက်ပင်မပြည့် ။ သို့သော် အဆာပလာတွေ ဟိတ်တွေ ဟန်တွေနှင့် မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ အီသီယိုးပီးယား ၊ အီရီထရီးယား ၊ ဆိုမာလီစသည့်နိုင်ငံများသို့ပြန်ရောက်သောအခါ အနောက်တိုင်း သာသနာပြုကျောင်းကြီးမှဆင်းလာသော ခရစ်ယာန် တရားဟောဆရာကြီးများ ဖြစ်လာကြလေသည် ။ မသိလျှင်မနက်ဖြန်သဘက်ပဲ ပုတ်ရဟန်းမင်းကြီးရာထူးကိုရတော့မလို ၊ ဘုရားသခင်နဲ့ပဲ မနက်တိုင်း အဆက်အသွယ်ရှိသလို ပြုမူပြောဆိုတွင်ကျယ်နေလေတော့သည် ။

    ဒေးဗစ်လား တို့သည်လည်း ဤ ပုတ်ထဲက ဤပဲမျိုးပင်ဖြစ်သည် ။ ငယ်ဘ၀ ငယ်ကျိုးငယ်နာ ဇာတ်ကြောင်းများကို သိသော်လည်း Personal attack ဖြစ်မှာစိုး၍မလှန်လိုတော့ ။ကနေဒါမှာ မွေး ၊ ကနေဒါမှာကြီး ၊ကနေဒါရေကိုသောက် ၊ ကနေဒါဂျုံကိုစား၍ လူဖြစ်လာခြင်းမဟုတ်သည်ကတော့ ၁၀၀ ရာခိုင်နှုန်းသေချာသည် ။ မြန်မာပြည်မှနိုင်ငံခြားထွက်ခွင့် ချောင်ရာလိုင်းဖြင့် ထွက်ခဲ့၍ တရားဟော ဆရာအဖြစ် ဖုန်သုတ်ပွဲထုတ်ခံရပြီးပြန်ရောက်လာခြင်းဖြစ်သည် ။ မြန်မာပြည်မှာလို အော်ကြီးဟစ်ကျယ် စိတ်ကစဉ့်ကလျားဖြစ်နေသလို အော်ဟစ် တရားဟော ပြောနေပါက ကနေဒါတွင်လာရောက်နားထောင်မည့်လူကြီးလူကောင်း တယောက် မှပင်ရှိမည်မဟုတ်ပေ ။ အရူးမှန်းအကောင်းမှန်းခွဲနိုင်သော ဉာဏ်သည် ကနေဒါကလူများမှာ ကောင်းကောင်းရှိပုံရသည် ။ ထိုသို့ဖြင့် ဒေးဗစ်လား မြန်မာပြည်ရောက်လာသည် ။

     အထက်က ရေးပြခဲ့သော ကြိုးကိုင်ဆရာကြီးတို့၏ လုပ်နည်းလုပ်ဟန်များ ကြောင့် ဗဟုသုတနည်းပါးသော မြန်မာပြည်တွင် တွင်ကျယ်လာသည် ။ အဟောင်းကိုညီးငွေ့နေသော ခရစ်ယာန်အသိုင်းဝိုင်း ၊ အထူးသဖြင့် လူငယ်အသိုင်းအဝိုင်းက ဒေးဗစ်လားတို့ကို အဟုတ်ကြီးမှတ်၍ကိုးကွယ်ဆည်းကပ်ကြသည် ။ ယခင်ကပေါ်ခဲ့ဖူးသော ဘိုးတော်ကျော်သောင်းတို့ ၊ သာဗိန္ဒတို့ ၊ ရပ်စ်ပြူတင်တို့၊ သခင်သန်းထွန်းတို့ နည်းမျိုးဖြစ်သည် ။

            တခါက ရွှေဘိုနယ်မြေမှ မူဆလင်တရားဟောဆရာ မော်လဝီရွှေဖီက ဗုဒ္ဓဘာသာကျမ်းစာများဖြစ်သော တိပိဋက ဓမ္မက္ခ န္စာ နှင့် ဗမာလူမျိုးများကိုထိခိုက်စေသော ဝိနိစ္ဆကျမ်းစာအုပ်နှင့် မော်လဝီ နဲ့ယောဂီစာတမ်းများအားရိုက်နှိပ်ဘထုတ်ဝေခဲ့သောကြောင့် ၁၉၃၈ တွင် ဗုဒ္ဓဘာသာ - မူဆလင် အဓိကရုဏ်းဖြစ်ကာ တဖက်နှင့်တဖက် သတ်ဖြတ်ကြ၍လူ ၁၆၅ ဦးသေ ၊ ၈၁၈ ဦးဒဏ်ရာရ ၊ စစ်သားနှင့် ပုလိပ်လက်ချက်ဖြင့် သေကြရသူ ၅၅ ဦး ၊ ဒဏ်ရာရသူ ၁၀၈ ဦးရှိခဲ့ဖူး၏် ။ ဘာသာရေးသည်အကဲဆတ်၏ ။

     မြန်မာပြည်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် အကျယ်အကျယ် မငြိမ်းဖွယ် ပဋိပက္ခများ ဖြစ်လာခဲ့လျှင် လက်သယ်တရားခံမှာ ဒေးဗစ်လားနှင့်အဖွဲ့ဖြစ်သည် ။ဘာသာရေးကို မငြင်းလို ။ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် မပြောလို ၊ ဒေးဗစ်လား နှိုင်းယှဉ်ကြည့်လိုလျှင် ၁၉၃၆ မေလ ( ၁ ) ရက်နေ့ကပြည်ခရိုင် ၊ ၀က်ထီးကန်မြို့ အနီး ကျောက်ကွင်းရွာတွင် ဖြစ်ပွားသော ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရှာဖတ်ကြည့်လျှင်သိမည် ။ ဒေးဗစ်လားတို့ဘာသာအရ လူကိုဘုရားသခင်က ဖန်ဆင်းသည်ဆိုရာ တွင် လူ၏ ဦးခေါင်းအတွင်း ဦးနှောက်ကိုထည့် ပေးလိုက်ခြင်းမှာ စဉ်းစားတွေးခေါ်ရန်ဖြစ်သည် ။ အရာရာ ဘုရားသခင်ကို လွှဲချရန်မဟုတ်ပေ ။ မနက်အိပ်ယာထမျက်နှာသစ် တာ ၊ သွားတိုက်တာ ၊ နောက်ဖေးသွားတာမှအစ ကျောင်းသွားတာ စာကျက်တာ ကို မိမိဘာသာကိုယ့်အားကိုယ်ကိုးကာဆောင်ရွက်ရမည်ဖြစ်သည် ။ ထိုသို့ဆောင်ရွက်နိုင်ရန် ၊တွေးတတ်ခေါ်တတ် စဉ်းစားတတ်ရန် ဦးနှောက်ကိုထည့်ပေးထားခြင်းဖြစ်သည် ။ ရောဂါဖြစ်လာပါကလည်း သက်သာပျောက်ကင်းရန် ဘာသာရေးရှုထောင့်ဖြင့် ဘုရားသခင် ၊ ဗုဒ္ဓ ၊ ဗြဟ္မာကြီး ၊ အလ္လာရှင်မြတ်တို့ထံ ဆုတောင်း၀တ်ပြုနိုင်သော်လည်း တဖက်တွင် ဆရာ၀န်များ ၊ သူနာပြုများ ၊ ကျွမ်းကျင်ပညာရှင်များဖြင့်ဆေးကုသမှုခံယူရပေမည် ။ ရောဂါသက်သာလာပါကလည်း ဘုရားတန်ခိုးကြောင့်ပါသကဲ့သို့ အပင်ပန်းခံကုသပေးသော ဆရာ၀န် ၊ သူနာပြု ၊ ဆေးဝါးကျွမ်းကျင် ၊ ဓာတ်ခွဲခန်းပညာရှင် ၊ စေတနာ့၀န်ထမ်း ၊ နိုင်ငံတော် ခေါင်းဆောင်များ  ၊ ခေတ်မီစက်ကရိယာများ ၊ဆေးဝါးများ ကျေးဇူးကြောင့်ဆိုတာလည်း အသိအမှတ်ပြုလက်ခံရမည် ။ ခေါင်းထဲတွင်ပါလာသော ဦးနှောက်ကို အသုံးပြု၍ ကျန်းမာရေး အသိရှိရမည် ။ ရှောင်သင့်တာရှောင် ၊ ဆောင်သင့်တာဆောင်ရမည် ။  ကျေးဇူးသိတတ်ရပေမည် ။ သို့သော် ဒေးဗစ်လားသည် ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကိုလွှဲချသော မူဝါဒအရ

“ ကျွန်တော် လုံး၀ အာမခံရဲတယ် ၊ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံး၀ ၀င်မလာရစေဘူး “ ဟုလည်းကောင်း

“ ဆရာ၀န်တွေ ဆေးတွေက resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး ၊ လှည့်စားခံထားရလို့မယုံတာပေါ့ “ ဟု ပြောကြားခဲ့သည် ။

     ဒါဆိုရင် ကျွန်တော်တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လားခင်ဗျား ။ ဒေးဗစ်လားလောက် ဘုရားနှုတ် ကပတ်တော်ဆိုတာကြီးကိုယုံသူလည်း မရှိတော့ပါ ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်းလက်က ကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော်နီးစပ်သူဟုလည်းသဘောကျမိပါသည် ။ ထို့ကြောင့် ဒေးဗစ်လား ၏နောက်လိုက်အဖြစ် ကျွန်တော်လဲ ပါ၀င်ချင်ပါသည် ။ ကျွန်အဖြစ်လည်းကောင်း ၊ တပည့်အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်ကအလုပ်အကျွေးအဖြစ် လိုက်လိုပါသည် ။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း၀င်ပါမည် ။ မ၀င်ခင် ခရစ်ယာန်အများနှင့်မဆိုင်ပဲ ဒေးဗစ်လား တဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတစ်ခု မေးလိုပါသည် ။ တစ်ခုတည်းဖြစ်ပါသည် ။

     ထာ၀ရဘုရားကို ယုံလျှင်ရောဂါ မကူးသယောင် ၊ ယေရှုကို ယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာ ကို သဘောကျ၍ဖြစ်ပါသည် ။ ဒေးဗစ်လားသည် ထာ၀ရဘုရားကိုယုံသူ ၊ မစိုးရိမ်ရဘူး ဘုရားကအချိန်တန်ရင် တာ၀န်ယူသွားလိမ့်မယ် ဟူသောစကားကိုပြောခဲ့သူဖြစ်ပါသည် ။ ထို့ကြောင့်ကျွန်တော်အလွန်အထင်ကြီးပါသည် ။ ခေါင်းဆောင်မတင်မီ တစ်ခုစမ်းသပ်လိုပါသည် ။ အခြားမဟုတ်ပါ ။

     HIV ပိုး ရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏ သွေးကြောထဲသို့ဆေးထိုးအပ်ဖြင့် ထည့်ကြည့်လိုပါသည် ။

     သုံးလကြာလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲအဖြေရှာကြည့်ပါမည် ။ ဆရာဒေးဗစ်လားဟောပြောချက် များအတိုင်းဆိုလျှင် ဒေးဗစ်လားသည် ဘုရားကို အလွန်ယုံကြည်သက်၀င်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဒာကိုယ်ထဲတွင်မရှိတော့ပဲ ပျောက်ကွယ်သွားမည် ။ HIV positive မဖြစ်ပဲ negative ဖြစ်မည်ဖြစ်သည် ။ ထိုသို့အဆန်းတကျယ် ဖြစ်ခဲ့လျှင် ဆရာဒေးဗစ်လား ပြောသည့် စကားများ ၊ဟောပြောချက် များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သောကျွန်တော်တို့မိုက် မှားမိကြောင်း ၀န်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည် ။ Negative မဟုတ်ပဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အားဘာမှ ပြန်ပေးစရာမလိုပါ ။မျှတသောကမ်းလှမ်းချက်ဖြစ်သဖြင့် ကျွန်တော့်ထံသို့အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။

သရ၀ဏ်(ပြည်)
စောင့်ကြည့် News Watch ဂျာနယ်
၁၅.၄.၂၀၂၀

No comments:

Post a Comment