Thursday, June 20, 2019

ရှမ်း လူမျိုးတို့၏ ရာသီပွဲများ


🅣🅐🅘   ရှမ်းလူမျိုးတို့၏ ရာသီပွဲများ

        တစ်နှစ်တွင် ဆယ့်နှစ်လ ရှိသည့်အနက် ရှမ်းလူမျိုးများသည် သူ့လနှင့်သူရာသီပွဲများ သတ်မှတ် ထားရှိပေသည် ။ ဗုဒ္ဓဘာသာကို အလွန် ရိုသေ ကိုင်းရှိုင်းကြသော လူမျိုးများ ဖြစ်သည့်အလျောက် ရာသီအလိုက် ကျင်းပသော ပွဲများမှာလည်း ဘာသာရေးနှင့် ယှက်နွှယ်လျက်ရှိ၏ ။
         ယခု ဖော်ပြသည့် ရှမ်းလူမျိုးတို့၏ ရာသီပွဲများ အကြောင်းသည် ပြီးပြည့်စုံသည်ဟု မယုဆစေလိုပါ ။ ရှာဖွေ စုဆောင်း မှတ်သားရသရွေ့သာ ဖြစ်၍ လိုအပ်ဖြည့်စွက်ရန် ရှိသည်များကို တတ်သိနားလည်သော ပညာရှင်များ ဆက်လက်ရေးသားကြရန်ကိုလည်း မေတ္တာရပ်ခံလိုပါသည်။

 ◾ နတ်တော်လ(လိန်စိင်)

         ပွဲလမ်းသဘင် အများဆုံးသော ရှမ်းလူမျိုးတို့၏ နှစ်ဦးကာလ မြတ်သော လပေတည်း။
         ကောက်သစ်များ ရိတ်သိမ်းသူ ရိတ်သိမ်းနေကြပြီ။ ရိတ်သိမ်းရန် ပြင်ဆင်သူများကလည်း ပြင်ဆင်နေကြချိန်ဖြစ်၏ ။ အချို့ကလည်း စပါးကျီသွင်း၍ တလင်းသိမ်းကြလေပြီ ။ နတ်တော်လဆန်း ( ၁ ) ရက်နေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည့်အတိုင်း နှစ်သစ်ကူးပွဲနှင့် ကောက်သစ်စားပွဲကို ကျင်းပကြသည်။ ကောက်သစ်စားပွဲ ကျင်းပရာတွင် ပေါ်ဦးပေါ်ဖျား ကောက်သစ်ဆန်များဖြင့် ထမင်းထုပ်၊ ခေါပုတ်များ ပြုလုပ်ပြီး ရှေးဦးစွာ ဘုရားဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ပြုလုပ်ကြပြီးနောက် စပါးသီးနှံ ဆန်စပါးအဖြစ် ရောက်ရှိအောင် ထွန်ယက်ပေးသော ကျွဲနွားများကို ဂုဏ်ပြုကျေးဇူးဆပ်သော အနေနှင့် လူတို့မစားသောက်မီ စားဦးစားဖျား ထမင်း နှင့် ခေါပုတ်များကို အရင်ကျွေးမွေးကြသည် ။ ပြီးမှ သက်ကြီး ရွယ်အိုများကို ကျွေးမွေးကန်တော့ကြသည် ။ လူငယ်များ စုပေါင်း၍ တပျော်တပါး စားသောက်ခြင်း ပြုကြ၏။
         ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းကမူ တစ်အိမ်လျှင်ဆန်အနည်းငယ်၊ ဟင်းအနည်းငယ်စီ ယူဆောင်လာကြပြီး အားလုံးစုပေါင်း၍ ထမင်းနှင့်ဟင်း ရောပြွမ်းချက်သည့် ( ခေါက်တမွတ်း ) ကို တပျော်တပါး စားသောက်ကြသည်။၎င်းနောက် ၀ိုင်းပတ်ကာ တစ်ဦးခြေလှမ်းကို တစ်ဦးက စီးချက်ဝါးချက်ဖြင့် လိုက်ကရသော ( လာမ်းဝိန်း ) ခေါ် ယမုံးကကို ၀ိုင်းဖွဲ့ကကြသည်။ ဤလ၌ ရှမ်းလူမျိုးတို့ အမြတ်တနိုးပြုကြသော ( မောက်ကော်န် ) ( ၀ါ ) ( မောက်စိင် ) ခေါ် ချယ်ရီပန်းတို့ ပွင့်လန်းရာ အခါသမယလည်း ချယ်ရီပန်းသည် အပွင့်မရှိခင်က အကျည်းတန်သော်လည်း ပန်းများ ပွင့်လာချိန်တွင် မျက်စိပသာဒတွင် ရှုမငြီးလှသည်ဖြစ်ရာ ပေါ်ဦးပေါ်ဖျား ချယ်ရီပန်းများကို ဘုရားလှူရန် နှင့် ညောင်ရေအိုး ထိုးရန်မှအပ ချိုးဖဲ့ဖျက်စီးခြင်း မပြုကြပေ။
         ရှေးအခါကာလက စော်ဘွားဟော်နန်းများ ဆောက်လုပ် ရာတွင် အထွတ်အမြတ် ဖြစ်သော ထုပ်တန်း ( မိုက်ကွမ် ) များကို ချယ်ရီသားများဖြင့် ထည့်သွင်း ဆောက်လုပ်ရကြောင်း မှတ်သားရဖူး၏ ။ ရဟန်း သံဃာတော်များကလည်း တစ်နှစ်ပတ်လုံး ပြစ်မှားမိခဲ့သမျှကို ( ပွိုင်းဝါတ် ) ခေါ် ၀တ်ဖြေပွဲ ( ၀ါ ) အာပတ်ဖြေပွဲများကို တခမ်းတနား ပြုလုပ်ကြလေသည် ။ ကောက်သစ်လည်း စပေါ်၊ လယ်ယာလုပ်ငန်းခွင်မှလည်း အားလပ်ချိန်ဖြစ်သည့် အလျောက် သေဆုံးသွားပြီဖြစ်သော မိမိတို့ ဆွေမျိုးမိဘများ ၊ အဖိုးအဖွားများအား ရည်စူး၍ ရပ်ဝေး ရပ်နီးရှိ ဆွေမျိုးဉာတိများ စုပေါင်းလျက် သေဆုံးသွားသူများ အတွက် ဆွမ်းကျွေး အမျှတမ်းဝေခြင်း ၊ ပိဋကတ် စာပေလှူဒါန်းခြင်းများ ပြုကြ၏။


◾  ပြာသိုလ(လိန်ကမ်)

        ရှောင်ကြဉ်သောလ ( သို့မဟုတ် ) ( လိန်ကမ် ) အထောက်အကူပြုသော လ ဟုဆိုသည် ။ ဤလတွင် မိမိတို့ပိုင် ဥစ္စာပစ္စည်းများကို အပြင်သို့ ထုတ်ခြင်း မပြုကြပေ။စပါးကျီ အတွင်းရှိ စပါးများကိုပင် ထုတ်ရောင်းချခြင်း ၊ မီးဖို မှ ပြာများ သွန်ခြင်းနှင့် အိုးသစ် အိမ်သစ် ထူထောင်ခြင်းများကို ရှောင်ကြဉ်ကြရသည်။ ချမ်းအေးသော ဆောင်းကာလ ဟေမန္တရာသီဖြစ်သည်နှင့်အညီ သိုင်း ၊ ဗန်တို ၊ ဗန်ရှည်သင်ပွဲများ ၊ ဆေးမင်ကြောင် ထိုးပွဲများ ကျင်းပ၏။

◾  တပို့တွဲလ(လိန်ဆမ်)

         သုံးလပိုင်းဟု အဓိပ္ပါယ်ရသည်။ ( ခေါက်ယာဂု ) ခေါ် ကောက်ညှင်းနှင့် ကြံသကာ ရော၍ ပေါင်းပြီး နှမ်း ၊ မြေပဲဆံ ၊ သစ်ကြားသီး ၊ အုန်သီးစသည်များဖြင့် ပြုလုပ်ထားသော ရှမ်း ထမနဲများကို တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် ပေးကမ်းဝေငှခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ၊ အိုးစည် ဗုံမောင်းများ ပျော်ရွှင်စွာ တီးခတ် ကခုန်ကြခြင်း ၊ ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်းများ ပြုကြ၏။

◾  တပေါင်းလ(လိန်ဆီ)

         လေးလပိုင်း ဖြစ်သည် ။ တပေါင်း ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည် ။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စုံလှပေသည် ။ လယ်ယာလုပ်ငန်းခွင် အားလပ်၍ ငွေပေါချိန်ဖြစ်ရာ စုပေါင်းရှင်ပြု ရဟန်းခံပွဲများမှာလည်း နေရာမလပ်ဖြစ်၏။ ရှမ်းပြည် မြောက်ပိုင်းတိုင်း ဘုရားပွဲတော်များအနက် ဘော်ကြိုတပေါင်းပွဲ၊ သိန္နီ တပေါင်းပွဲ နှင့် လားရှိုး မန်ဆူ တပေါင်းပွဲ များမှာ ကြက်ပျံမကျ စည်ကားလှပေသည်။

◾ တန်ခူးလ(လိန်ဟာ့)

         ငါးလပိုင်း သင်္ကြန်သမယဖြစ်၏ ။ သင်္ကြန်မကျမီ တစ်ရက် အကြိုနေ့တွင် လှူဖွယ်တန်းဖွယ် ပစ္စည်းများ ၊ မုန့်ဖက်ထုပ်ပြုလုပ်ရန် ဖက်များ ၀ယ်ခြင်း နှင့် စပါး(သို့မဟုတ်) ပြောင်းဖူးစေ့များ လှော်၍ ပေါက်ပေါက်ပြုလုပ်ခြင်းများ ပြုကြသည်။ ညနေပိုင်းတွင် အိမ်တွင်ဖြစ်စေ ၊ ရေချောင်းကမ်းစပ်များ၌ ဖြစ်စေ မုန့်ထုပ် မုန့်ပေါင်းခြင်း၊ တပျော်တပါး ၀ိုင်းဖွဲ့ စားသောက်ခြင်းများ ပြုကြ၏ ။ မုန့်ထုပ်မုန့်ပေါင်းရာသို့ တစ်အိမ်နှင့် တစ်အိမ် ၀ိုင်းဝန်းကူညီခြင်းများ ပြုကြလေသည် ။ သင်္ကြန် အကျနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ဥပုသ်သီတင်းဆောက်တည်၊ တရား ဓမ္မ နာယူခြင်းများ ပြုကြ၏ ။ (ရှမ်းလူမျိုးတို့သည်သင်္ကြန်အကျနေ့ကို အထွတ်အမြတ်ထားကြပြီး ရေကစားခြင်း မပြုကြပေ။)
         သင်္ကြန် အကြတ်နေ့ ၊ ဤနေ့ကို ( ၀မ်းနောက် ) ရက်ပုပ်ဟုယူဆကာ သစ်ဝါးခုတ်ခြင်း၊ ဆန်ဖွတ် မောင်းထောင်းခြင်း မပြုကြဘဲ သူတော်စင်များက ဥပုသ်သီတင်းဆောက်တည်၍ ကျန်လူများက အေးအေးလူလူ အနားယူကြသည် ။ ရေကစားခြင်းလည်း မပြုကြပေ။
         တံငါ မုဆိုးများကမူ ဤနေ့ ဤရက်တွင် တောစောင့် တောင်စောင့်နတ်၊ ရေစောင့် မြေစောင့်နတ်များ ၊ ဥပုသ်ဆောင် ၀င်နေကြသဖြင့် သားငါး တိရစ္ဆာန်များကို မစောင့်ရှောက်ကြဟု အယူရှိပြီး တောလိုက် ငါးဖမ်းခြင်း ပြုလုပ်ကြ၏။ သို့ရာတွင် ဆေးရုံအမှုထမ်းများ၏ မှတ်သား ပြောကြားချက် အရမူ ဤနေ့တွင် ထိုသူများ အပျော်ကျူးမှုကြောင့် အချင်းချင်း မှားယွင်း ပစ်ခတ်ဒဏ်ရာရခြင်း ၊ ရေနစ်ခြင်းများ အများဆုံးတွေ့ရ၏။ သင်္ကြန် အတက်နေ့ကို နေ့ကောင်းရက်သာ မင်္ဂလာအခါ ဟုဆိုကာ ဘုန်းကြီးကျောင်း
သို့သွား၍ ရဟန်းစုံ သံဃာစုံ ကန်တော့ခြင်း၊ တစ်ရွာနှင့် တစ်ရွာ သွားရောက်လည်ပတ်၍ မုန့်ဖက်ထုပ်များ အပြန်အလှန်ပေးဝေခြင်း၊ ရေကစားခြင်း ပြုကြသည်။ ရေကစားကြရာတွင် သမီးပျိုများရှိရာ အိမ်သို့ လူပျိုကာလသားများ လာရောက်ရေကစားခွင့်ရေပက်ခွင့် တောင်းလျှင် သမီးရှင်မိဘများက ကြည်ကြည်ဖြူဖြူ ရေပက်ခွင့်ပေးရ၏။ မဟုတ်ပါက “ ခင်ဗျားတို့ သမီးတော့ သင်္ကြန်ရေ မထိရရင် တစ်နှစ်တော့ အရွယ်လွန်အုံးမှာဘဲဗျို့ ” ဟု လှောင်ပြောင်ခြင်း ခံကြရသည် ၊ သင်္ကြန်တက်ပြီးနောက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) တွင် ထမင်းထုပ် ဟင်းထုပ်များဖြင့် လူကြီးမိဘများကို သွားရောက် ကျွေးမွေးကန်တော့ခြင်း ၊ တစ်ရွာနှင့် တစ်ရွာ မုန့်ထုပ်များ ပေးပို့ ဂါရ၀ပြုခြင်း၊ ဘုန်းကြီးကျောင်းများသို့ သွားရောက် ကန်တော့ လှူဒါန်း ဒါနပြုခြင်းများ ဆောင်ရွက်ကြ၏။
         ဘုန်းကြီးကျောင်းများမှာ ဘုရားရေသပ္ပယ်၍ ပြန်လာသူများကို အပြန် လမ်းတစ်လျှောက်တွင် လူငယ်လူရွယ်များက ( ကန်တော့နမ့်ခါ )  “  ရေကန်တော့ပါရစေ ခင်ဗျာ ” ဟု ယဉ်ကျေးသိမ်မွေ့စွာ ခွင့်ပန်ကာ ရေပက်ဖျန်းကြလေသည် ။ ရေကစားရာတွင် ဦးခေါင်း ဆံပင်ကို ရေမထိစေရန် အထူးဂရုစိုက်ကြရ၏။ အောက်ပိုင်းကိုသာ ရေလောင်းကြရပြီး ညစ်ညမ်း မသန့်ရှင်းသော ရေများဖြင့်ပက်ခြင်း ၊ နှမချင်း မစာနာ ဆူညံစွာ အော်ဟစ်လှောင်ပြောင်မှုများကို အထူးရှောင်ရှားကြပေသည်။
         ညပိုင်းတွင် ပျော်ရွှင်တတ်သူများက ဖိုးသူတော်ရုပ် ၊ ရသေ့ရုပ် ၊ ရှင်လောင်းရုပ်များ ပြုလုပ်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ တစ်အိမ်တက်ဆင်း ကောင်းချီးပေး ပျော်ရွှင်ပွဲများ ပြုကြ၏ ။ အိမ်ရှင်အား ကျန်းမာချမ်းသာ၍ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ ဆထက်ထမ်းပိုး တိုးတက်စေကြောင်း ဆုမွန်ကောင်းများ တောင်းကာ အိမ်ရှင်၏ ဆန္ဒအတိုင်း ( ကွမ်းမတ် ) ခေါ် အမှာစကား တေးသီချင်းများ ဆိုပြရသည်။
         သင်္ကြန် မုန့်ဖက်ထုပ်သည် ကြာလေ ကောင်းလေ ဟောင်းလေ သစ်လေ ဆိုသည့်ပမာ ရက်ကြာသွား၍ မုန့်များ မာတောင့်သွားသည့်တိုင် စားရသူများအတွက် မငြီးငွေ့နိုင်အောင်ဖြစ်၏ ။ ထို့ကြောင့် အိမ်သို့ လာရောက် ကောင်းချီးပေး ဆုမွန်တောင်းသူတီးခတ် ကခုန်သူများကို မုန့်ဖက်ထုပ်များ ပြန်ပေါင်း၍ တဖုံ ၊ မီးကင်၍ တစ်မျိုး၊ ရေနွေးကြမ်းအိုးများဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးကြလေသည်။

◾ ကဆုန်လ(လိန်ဟုတ်းက်)

         ခြောက်လဟူ၍ဖြစ်၏ ။ ကဆုန် ညောင်ရေသွန်းခြင်း ၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း နှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲများ ၊ ဓမ္မ သဘင်ပွဲများ ပြုကြသည်။

◾ နယုန်လ(လိန်စိတ်း)

         ခုနစ်လပိုင်းဟု အဓိပ္ပါယ်ရ၏ ။ ၀ါဝင်တော့မည် ဖြစ်သဖြင့် ရဟန်းခံရှင်ပြုပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြသည် ။ ရှင်ပြုပွဲများကို သုံးလေးရက်ကြာမျှ စည်ကားခမ်းနားစွာ ကျွေးမွေး ဧည့်ခံလျက် ပြုလုပ်ကြ၏ ။ ရှင်ပြုပွဲ ပထမနေ့တွင် ပွဲဝင် တရားဓမ္မ နာယူကြ၍ ဒုတိယနေ့၌ ရှင်လောင်းပြပွဲ ၊ ဧည့်ပရိသတ်များ ဧည့်ခံ ကျွေးမွေးပွဲနှင့် တတိယနေ့တွင် သင်္ကန်းဆည်းခြင်း ၊ ရေစက်သွန်းချအမျှဝေခြင်း ပြုကြသည် ။ စတုတ္ထနေ့ နံနက်တွင်ကား ရှင်မည်ခံပွဲ ၊ အလှူ့ဒကာ ၊ အလှူ့အမတို့အား ဒါနရှင် ဘွဲ့ အမည်ပေးအပ်ပွဲပြုကြ၏ ။ ရှင်လောင်းပြပွဲ ကျင်းပသောနေ့တွင် ရှင်လောင်းများကို ပခုံးထက်တင်၍ အိုးစည်ဗုံမောင်း တီးခတ်ကာ ရှင်လောင်းအက ပြိုင်ပွဲများလည်း တပျော်တပါး ကျင်းပကြသည်။
        အလှူပွဲသို့ အခြားရပ်ရွာမှ လာရောက်သူများသည် အကူပစ္စည်းများနှင့် အတူရွာပြင်တွင် ခေတ္တ စခန်းချ ရပ်နားနေကြရပြီး နေ၀င်မိုးချုပ်သည့် အချိန်ကျမှ သေနတ် ဗျောက်အိုးများ ပစ်ဖောက်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ ရွာတွင်းသို့ဝင်လာကြလေသည်။
         ရွာခံ အလှူ့ရှင်ဘက်ကလည်း သေနတ်ဗျောက်အိုးများ ပြန်လည်ပစ်ဖောက်ခြင်း ၊ အိုးစည်ဗုံမောင်းများ တီးခတ် ကခုန်လျက် ရွာအ၀င်ဝမှ ကြိုဆို ခေါ်ဆောင်လာပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြ၏ ။

◾  ၀ါဆိုလ(လိန်ပျတ်)

         ရှစ်လပိုင်းတည်း ။ လပြည့်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက် အလှူဒါနပြုကာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။
         ဘုန်းကြီးကျောင်းတွင် လူငယ်အမျိုးသမီးများက ဥပုသ်သီလ ယူသူများအား ထမင်းထုပ် ၊ ဟင်းထုပ်များ ကမ်းလှမ်း ကျွေးမွေးကြ၏ ။ ၎င်းနောက် စားကြွင်းစားကျန်များကို စုပေါင်းသိမ်းဆည်းကာ တပျော်တပါး ၀ိုင်းဖွဲ့စားသောက်ကြသည် ။ စားကြွင်းစားကျန်များ သိမ်းဆည်း စုပေါင်းစားသောက်ကြခြင်းမှာ လူကြီးသူမများအပေါ် လေးစားရိုသေခြင်းကို ပြသကြခြင်းဖြစ်၏ ။ ဥပုသ်သည်များကလည်း လူငယ်များကို အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းပေးကြသည် ။ ငွေကြေးတတ်နိုင်သူများက ကျောင်းသို့ လာရောက်သူများ လူစေ့သက်စေ့ လူတစ်ဦးလျှင် ငွေတစ်မတ်ကျ ပေးကမ်းလှူဒါန်းကြသည်။ (မတ်)ဆိုသော စကားလုံးသည် အသိအမှတ်ပြုခြင်းဟု အဓိပ္ပါယ်ရ၏ ။
        ဘယဆေးဝါး ရောင်းဝယ် လုပ်ကိုင်သူများသည် ဥပုသ်သီလ ဆောက်တည်သူများကို ဆေးဝါးများ ပေးကမ်းလှူဒါန်းဒါနပြုကြသည်။

◾  ၀ါခေါင်လ(လိန်ကောက်)

         ကိုးလပိုင်း ဖြစ်၏ ။ ၀ါခေါင်လကွယ်နေ့ ညသည် တစ်နှစ်အတွင်း အမှောင်မိုက်ဆုံး အချိန်ဟုဆိုသည် ။ ၎င်းနေ့ ညပိုင်းတွင် ထင်းရှူးမီးတိုင် ဆီမီးဖယောင်းတိုင်များကို ရပ်ရွာ၏ အထင်ကရ တောင်များ သစ်ကြီး ၀ါးကြီးများ၌ ထွန်းညှိကြ၏ ။

◾  တော်သလင်းလ(လိန်ဆစ်းမ်)

         ဆယ်လပိုင်းတည်း ။ မိမိတို့ ကိုးကွယ်သော ဘုန်းကြီးကျောင်းများအတွက် တစ်နှစ်တာ လိုအပ်မည့် ပစ္စည်းများကို လပြည့်နေ့တွင် စုပေါင်းလှူဒါန်းပွဲ ပြုလုပ်ကြ၏။
         မြို့စောင့် ရွာစောင့်နတ်စင်များကို မွမ်းမံပြင်ဆင်ခြင်း ၊ ကန်တော့ခြင်း ပြုကြသည် ။

◾  သီတင်းကျွတ်လ(လိန်ဆင်းလိန်ဆင်းအေးတ်)

         ဆယ်တစ်လပိုင်း ဖြစ်၏ ။ အိမ်တိုင်းတွင် ( ချိန်ဆန်ပုတ် ) ခေါ် သင်ပုတ်စင်( ရှင်ဥပဂုတ်စင် ) များထိုး၍ မိမိတို့ လယ်ယာခြံမြေထွက် သစ်သီးဝလံ ၊ စပါးများ ချိတ်ဆွဲခြင်း ၊ သင်ပုတ်စင်ဒေါင့်တွင် ကြံရွက် ငှက်ပျောရွက်များ စိုက်ခြင်းနှင့် လပြည့်နေ့ မနက်စောစောတွင် အိမ်ရှိအိမ်သား အားလုံးတို့က ဆွမ်းကပ်ခြင်း ၊ ကန်တော့ခြင်းပြုကြသည် ။ လပြည့် အဖိတ်နေ့ ညမှ လပြည့်ကျော် တစ်ရက်ထိ မိမိတို့ အိမ်ရှိ ပန်းကန်ခွက်ယောက်မှအစ ပရိဘောဂပစ္စည်းပစ္စယအစုံ၊ ရေတွင်းရေကန် ၊ အိမ်သာ ၊ လှေကားထစ်မှစ၍ ဆီမီးများ ထွန်းညှိပေးကြ၏။
          လပြည့်နေ့တွင်ဘုန်းကြီးကျောင်းသို့ သွားရောက် လှူဒါန်းကန်တော့ကာ သီတင်းသီလ ဆောက်တည်ကြသည် ။ အချို့ဒေသများ၌ နတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရား ကြွလာဟန်ဖြင့် မြင့်မိုရ်တောင်သဖွယ် စင်မြင့်ကြီးဆောက်ပြီး ရဟန်းသံဃာတော်များ တက်ရောက်စေကာ လှေကားထစ်မှ ကြွဆင်းလာစဉ် အောက်မှ ဒကာ ဒကာမများက စောင့်၍ ဆွမ်းလောင်းခြင်း ပြုကြ၏။
         လူငယ်လူရွယ်များက ထမင်းထုပ်၊ ဟင်းထုပ်၊ စားသောက်စရာများဖြင့် ဆရာမိဘများထံ သွားရောက် ကျွေးမွေး ကန်တော့ကြသည် ။ ညအခါ ဘုန်းကြီးကျောင်းသို့ လာရောက်သူများကို ကောက်ညှင်းပေါင်း ၊ ဆီထမင်း ၊ ရေနွေးကြမ်းများ ကျွေးမွေးဒါနပြုခြင်း ၊ တိုးနယား ၊ ကိန္နရာ ၊ သိုင်းအကများ ကပြဖြေဖျော်ခြင်း ပြုကြသည် ။

◾  တန်ဆောင်မုန်းလ(လိန်ဆစ်ပ်ဆောင်)

         ဆယ့်နှစ်လ ။  ရှမ်းလူမျိုးတို့ ၏ တစ်နှစ်တာ နောက်ဆုံးဖြစ်၏ ။ ကောင်းကင် အဇဋာတစ်ခွင် ကြယ်တာရာနက္ခတ် စုံလင်သည့် အပြင် သစ်သီးဝလံ၊ ပန်းမန်တို့ အစုံလင်ဆုံးသော အခါသမယ ဖြစ်သည်။ စပါးသီးနှံ ၊ ရွှေရောင်လျှံကာ လေယူရာတိမ်း ယိမ်းနွဲ့လှုပ်ရှားနေပုံများကို ကြည့်ကာ စိုက်ပျိုးသူ လယ်ယာဦးကြီးများ တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရသည့်အခါလည်း ဖြစ်၏။
         ဤလ၌ စပါးသီးနှံများ ရိတ်သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလျက် ကောက်သစ်ကြိုဆိုပွဲ ပြုကြသည်။
         သင်ဖြူးကော်ဇောခင်း ၊ ရာဇမတ်ကာလျက် စင်ထိုးပြီး စာတော်ဖတ် စာရေးများက ( လိတ်ပူဖန်ခေါက် ) ခေါ် ဆန်ဝဉာဏ်အဖိုးနှင့် နောင်နှစ်များတွင် စပါးသီးနှံ ပိုမိုထွက်ရှိရေး အတွက် ဆုတောင်းခြင်း ပြုကြ၏။
         ရှမ်းစာဆိုတော်ကြီး ( စ၀်ကန်းဆေ ) သည် တန်ဆောင်မုန်း လဆန်း တစ်ရက်နေ့တွင် ဖွားသန့်စင်ပြီး အခြားအခြားသော ရှမ်းစာဆိုတော်ကြီးများမှာလည်း ဤ တန်ဆောင်မုန်းလ အတွင်း မွေးဖွားကြသည်ဖြစ်၍ လဆန်းတစ်ရက်နေ့မှ လကွယ်နေ့အထိ စာဆိုတော်လ အဖြစ်တခမ်းတနား ကျင်းပကြသည်။
        ( ၀မ်းခူးမော် ) စာဆိုတော်နေ့ ကျင်းပခြင်းမှာ ၎င်းတို့ရေးသားထားခဲ့သော ပိဋကတ်စာပေ ၊ သုတ္တန်ဒေသနာ ဆုံးမစာများကို မှတ်သားနာယူရသဖြင့် ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအနေ ဖြစ်သည်။
         စာဆိုတော်ကြီးများ ကွယ်လွန် မရှိတော့သည်ဖြစ်သော်လည်း သူတို့၏စာ ၊ သူတို့၏ ဆုံးမစကားများသည် ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေ၏ ။ နောင်တွင်လည်း ဆက်လက်၍ တည်တံ့နေဦးမည်ဟူ၍ ဖြစ်ပါသတည်း ။

စိုင်းညွန့်မောင်(လားရှိုး)

မှတ်ချက်။ ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ်  သံလွင်ဦး  မဂ္ဂဇင်း စာမျက်နှာ(၂၃ မှ ၂၆ထိ)၌ လာရှိသော ဆောင်းပါးကိုပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment