Saturday, April 3, 2021

သပိတ်မှောက်ခြင်း


 ❝  သပိတ်မှောက်ခြင်း ❞

သပိတ်မှောက်ခြင်း ဟူသည်မှာ မဆက်ဆံပဲ နေခြင်း ၊ ပ ထားခြင်း ၊ ကြဉ်ထားခြင်း ၊ ဖယ်ထားခြင်း ဟူ၍ အဓိပ္ပာယ်ရသည် ။ သပိတ်သည် ဘုရားရှင်နှင့်တကွ တပည့်သံဃာတော် အရှင်မြတ်တို့၏ ပရိဘောဂ ပစ္စည်းတရပ်ဖြစ်သည် ။ သပိတ်မှောက်သည် ဟူသော အသုံးအနှုန်းသည်ဘုရားရှင် လက်ထက်တော်ကပင် စတင်ခဲ့  သည် ။ စူဠဝါ ပါဠိတော်တွင် ဘုရားရှင်သည် လိစ္ဆဝီမင်းသားအား ရဟန်း သံဃာအပေါင်းတို့က သပိတ်မှောက်စေရန် ခွင့်ပြုတော်မူခဲ့ကြောင်း ၊ အာဏာဒေသနာတော် ပါရှိသည် ။


ထိုသို့ ဘုရားရှင်ကိုယ်တော်မြတ်က သပိတ်မှောက်စေရန် ခွင့်ပြုတော်မူခဲ့ရင်းအကြောင်း မှာ ဤသို့တည်း ။ 


ဘုရားရှင်သည် ဝေသာလီပြည် ၊ မဟာဝန်‌ေတာ၌ သီတင်း သုံးတော်မူစဉ် ဝဎု မည်သော လိစ္ဆဝီမင်းသည် စဉ်းစားဆင်ခြင်ဥာဏ် ကင်းမဲ့သူ ဖြစ်သည်နှင့် အညီ ဆဗ္ဗဂ္ဂီ ရဟန်းတို့၏ ဂုံးချောစကားကို လိုက်နာ၍ မလ္လာမင်း၏ သား အရှင်ဒဗ္ဗ ရဟန်းအား ဖျက်စီးစိမ့်သောငှာ မိမိ၏ မယားနှင့် အယုတ်တမာ စွပ်စွဲ၍ ဘုရားရှင်အား လျှောက်ထားသည် ။


ထိုအခါ ဘုရားရှင်သည် သံဃာအားလုံးအား စည်းဝေးစေ၍ ကိုယ်တိုင် စစ်ဆေးမေးမြန်းလတ်သော် ရှင်ဒဗ္ဗ တွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ မြူမှုန်တစေ့မျှ ပြစ်မှုမရှိကြောင်း ထင်ရှားလေသည် ။ ထိုကြောင့် ဘုရားရှင်က


( ၁ ) ရဟန်းတော်ကို ပစ္စည်းလေးပါး မရစိမ့်သောငှာ လုံ့လပြုခြင်း ၊


( ၂ ) ရဟန်းတော်တို့အား ဘေးအန္တရာယ် ဖြစ်စေရန် ၊ မတိုးပွါးစေရန် လှုံလပြုခြင်း ၊


( ၃ ) ရဟန်းတော်တို့အား ဤနေရာ ၊ ထိုနေရာတို့၌ မနေရစိမ့်သောငှာ လုံ့လပြုခြင်း ၊


( ၄ ) ရဟန်းတော်တို့ကို ဆဲရေးခြင်း ဆယ်ပါးတို့ဖြင့် ဆဲရေး ရေရွတ်ခြင်း ၊


( ၅ ) ရဟန်းတပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင် လုံ့လ ပြုခြင်း ၊


( ၆ ) ဘုရားရှင်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း ၊


( ၇ ) တရားတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း ၊


( ဂ ) သံဃာ‌ေတာ်၏ ကျေးဇူးမဲ့ကို ကဲ့ရဲပြောဆိုခြင်း ၊


အထက်ဆိုခဲ့သော အချက်တစ်ချက်တွင် တချက်ချက်နှင့် ပြည့်စုံစွာ လံု့လပြုလုပ်သူ ဥပါသကာ ၊ သို့မဟုတ် ဥပါသကီအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံ ပြုခြင်းငှာ ငါခွင့်ပြုတော်မူသည်ဟု စူဠဝါပါဠိတော်၌ လာရှိသည် ။


ထိုအခါက သပိတ်မှောက်သည် ဆိုရာ၌ သပိတ်ကို အောက်သို့ မျက်နှာထားသော အားဖြင့် ပြုမှုသည် မဟုတ် ။သပိတ်မှောက်ခြင်းခံရသော ဒါယကာ ယောက်ျား ၊ ဒါယိက မိန်းမတို့ လှူဒါန်းသောလှူဖွယ်ဝတ္ထု ၊ ပစ္စည်းလေးပါးကို ရဟန်းတိုင်းက မသုံးဆောင်ကြခြင်း ပေတည်း ။ ဇမ္ဗူဒီပါရှိ အခြားသော ရဟန်းတို့အားလည်း မသုံးစွဲ မသုံးဆောင်ကြရန် တိုက်တွန်း နှိုးဆော်ကြသည် ။ ထိုသို့ ပြုရခြင်းကား အကျင့်သိက္ခာနှင့်ပြည့်စုံသော

ရဟန်းကောင်း ရဟန်းမြတ်ကို အပြစ်ပြောဆိုသည့် ဒါယကာ ဒါယိကာမတို့ နောင်အခါ သတိတရား ရ၍ လိမ်မာယဉ်ကျေးလာကြရန် အကျိုးကို မျှော်ကိုးဆောင်ရွက်ခြင်း ဖြစ်ပေသည် ။ ထိုဒါယကာ ဒါယိကာမတို့သည် နောင်တ တရားရကာ လိမ်မာ ယဉ်ကျေး လာပြီးလျှင် သုံးကြိမ်တိုင်တိုင် တောင်းပန်တိုးလျှိုးလာပါက သပိတ်လှန်ခြင်းကို ဆောင်ရွက်ကြရမည် ။

တောင်းပန်တိုးလျှိုးခြင်း မပြုသေးပါက ဆိုခဲ့သော ဒါယကာ ဒါယိကာမတို့၏ လှူဖွယ်ဝတ္ထု ပစ္စည်းလေးပါးတို့ကို

မသုံးဆောင်အပ်ဟူ၍ဘုရားရှင်ကပညတ်တော်မူခဲ့လေသည် ။


ဤသို့ဖြင့် သပိတ်မှောက်ခြင်း ကိစ္စသည် သာသနာရေးကိစ္စတရပ် ဖြစ်ခဲ့သော်လည်း ယခုခေတ်တွင်မူ နိုင်ငံရေး လောက၌ ခေတ်စားနေသော နိုင်ငံရေး လက်နက်တရပ် ဖြစ်နေပေသည် ။ အလုပ်သမားနှင့် အလုပ်ရှင် ၊ ကျောင်းသားနှင့် ကျောင်းအာဏာပိုင်များ ပဋိပက္ခ အရေးများတွင် သပိတ်မှောက်ခြင်းတည်းဟူသော လက်နက်ကို မကြာခဏ စွဲကိုင် အသုံးပြုကြသည် ။ ထို အစဉ်အလာကား အနောက်နိုင်ငံများမှ ကူးစက်လာသော အစဉ် အလာတရပ် ဖြစ်လေသည် ။


အနောက် နိုင်ငံများတွင် သပိတ်မှောက်ခြင်းကို ဗွိုင်းကော့ လုပ်သည်ဟု ခေါ်ဆိုသည် ။ ဗွိုင်းကော့ လုပ်သည်ဟု ဆိုလျှင် အများသဘောသို့ မလိုက်လျော ၊ အများသဘောနှင့် မကိုက်ညီပဲ ဖီလာကန့်လန့်ပြုသူအား လူအများ သဘောသို့ လိုက်လာသည်အထိ အဆက်အဆံ မပြုပဲနေကြခြင်း ဖြစ်သည် ။


အင်္ဂလိပ် ဘာသာဖြင့် ဗွိုင်းကော့ ဟူသော ဝေါဟာရသည် အိုင်ယာလန်ပြည်မှ စတင်ပေါ်ပေါက်ခဲ့၍ ၊ ကပ္ပီတန် ချား ကန်နင်ဂမ် ဗွိုင်းကော့  ၏ အမည်ကို အစွဲပြု ခေါ်တွင်လာခြင်း ဖြစ်သည် ။ ကပ္ပီတန် ဗွိုင်းကော့ သည် လော့အန်း အမည်ရှိ မှူးမတ်နွယ် တဦး၏ နယ်မြေကိုယ်စားလှယ်ဖြစ်သည် ။ ၁၈၈ဝ ပြည့်နှစ်တွင် ဗွိုင်းကော့သည် လယ်မြေသီးစားသမားများအပေါ် အတင်းအကြပ် အခွန်ကောက်ခံခြင်း ၊ မြေယာ အငှားချထားရေး၌ နိုင့်ထက်စီးနင်းဆောင်ရွက်ခြင်းတို့ကြောင့် မြေငှားများသည် မခံ မရပ်နိုင်ပဲ မြေပိုင်ရှင် ၊သို့မဟုတ်ကိုယ်စားလှယ်အား လုံးဝ အဆက်အဆံ မပြုပဲ ဝိုင်းပယ် ထားကြရန် ဆုံးဖြတ်ကြသည် ။ ဗွိုင်း‌ေကာ့က အလျှော့ မပေးမခြင်း မြေငှားတို့သည် သွေးစည်း ညီညွတ်ကာ ဗွိုင်းကော့အား ဝိုင်းပယ် ထားသည်သာမက ဗွိုင်းကော့လုပ်ငန်းများကို အနှောက်အရှက် ပေးခြင်း ၊ ဗွိုင်းကော့ အား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြလေရာ နောက်ဆုံးတွင် ဗွိုင်းကော့သည် လက်လျော့အရှုံးပေး၍ ထိုနယ်မှထွက်ခွာသွားရလေသည် ။


ထိုနောက်တွင် အိုင်ယာလန်ပြည်တွင် အမျိုးသားရေးတိုက်ပွဲအမျိုးမျိုး၌ မဆက်ဆံရေး ၊ ဝိုင်းပယ်ရေး လမ်းစဉ် သည် အလွန်တွင်ကျယ် ခေတ်စားလာသည် ။ ထိုအခါ ထိုလမ်းစဉ်ဖြင့် ပဌမဆုံး လက်တည့်စမ်း ခံရသူ ကပ္ပီတန် ဗွိုင်းကော့ကို အစွဲပြု၍ “ ဗွိုင်းကော့ ” လုပ်သည်ဟု ဆိုစမှတ် ပြုကြသည် ။ ထိုဝေါဟာရသည် အခြားနိုင်ငံများ၌ပါ အသုံးအစွဲများလာသည် ။ မြန်မာနိုင်ငံတွင်မူထိုဝေါဟာရကို သပိတ်မှောက်သည် ဟူ၍ မြန်မာမှုပြုလိုက်ကြသည် ။


နောင်အခါတွင် အထူးသဖြင့် အလုပ်ရှင်နှင့် အလုပ်သမား ၊ ကျောင်းအာဏာပိုင်နှင့် ကျောင်းသားများအရေးတို့တွင် ထိုလမ်းစဉ်ကို ကျင့်သုံးလာကြသည် ။ အလုပ်သမားများသည် အလုပ်ရှင်များထံမှ မိမိတို့ လိုလားချက် များ ရရှိစေရန် အလုပ်မဆင်းပဲ သိတ်မှောက်ကြသည် ။ ကျောင်းသားများသည် ကျောင်းအာဏာပိုင်များထံမှ မိမိတို့ လိုလားချက် များ ရရှိရန် ကျောင်းမတက်ပဲ သပိတ်မှောက်ကြသည် ။ ထို သပိတ်မှောက်လမ်းစဉ်ကို ကျင့်သုံးမှုများ

များပြားလာသဖြင့် သပိတ် မှောက်ခြင်းကို အက်ဥပဒေဖြင့် တားမြစ်ခဲ့သည် ။ ထိုအက်ဥပဒေမျိုးကို မြန်မာနိုင်ငံ၌ ၁၉၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့လေသည် ။


သပိတ်မှောက် လမ်းစဉ်သည် မိမိတို့ အလိုရှိရာတောင်းဆိုမှု၌ တောင်းဆိုချက် များသည် မူမှန်၍ တောင်းဆိုသူများသည် စည်းလုံး ညီညွတ်ပါက အလွန် ထိရောက်သော လက်နက် ဖြစ်ပေသည် ။ အလုပ်သမားများသပိတ်မှောက် ၍ အလုပ်မဆင်းပဲ နေသဖြင့် အလုပ်ရှင်တို့၏ အလုပ်စက်ယန္တရားများ မလည်နိုင်တော့ပဲ ရပ်တန့် နေခဲ့ကြရာ လုပ်ငန်းထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်လေသည် ။


မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်၌ ရန်ကုန်ကောလိပ်ပညာရေး သပိတ်မှောက်ခြင်းမှ အစပြု၍  သပိတ်မှောက်လမ်းစဉ် ‌ေခတ်စားခဲ့သည် ။ ထို သပိတ်အရေးသည် တမျိုးသားလုံး၏ မျိုးချစ်စိတ်ကို နှိုးဆွပေးကာ စည်းလုံး ညီညွတ်မှုကို ရရှိစေခဲ့သည် ။ မြန်မာ နိုင်ငံ၌ ပေါ်ပေါက်ခဲ့သည့် ဖော်ပြသင့် ဖော်ပြထိုက်သော အခြား သပိတ်မှောက်ခြင်းများမှာ ၁၉၃၆ ခုနှစ် ဖောဝါရီလ - ရန်ကုန်တက္ကသိုလ်မှပင် အစပြုခဲ့၍ မြန်မာတနိုင်ငံလုံးရှိ ကျောင်းများသို့ပါ ကူးစက်သွားသော ကျောင်းသားသပိတ် ၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်မှ အစပြုကာ မြန်မာတနိုင်ငံလုံး ကူးစက်သွားသော ကျောင်းသားသပိတ် ။ ထိုသပိတ်နှင့် ရှေ့ဆင့်နောက်ဆင့်ပေါ်ပေါက်ခဲ့သော ရေနံမြေသပိတ် ၊ အလုပ်ရုံ စက်ရုံများသပိတ် ၊ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းနေချိန်တွင် ပုလိပ် ( ရဲ ) အဖွဲ့နှင့် အစိုးအမှုထမ်းပေါင်းစုံ သပိတ်ကြီးတို့ကား မြန်မာနိုင်ငံ သမိုင်းတွင် မှတ်တမ်းတင်လောက်သော သပိတ်မှောက်ခြင်းများ ဖြစ်ပေသည် ။ နိုင်ငံလူထု နိုးကြားရေး ၊ အမျိုးသားစိတ် ပြင်းပြရေးနှင့် မြန်မာ့လွတ်လပ်ရေးအတွက် ကြီးမားသော အထောက်အကူ များကိုပေးခဲ့သည် ။


စီးပွားရေး သပိတ်မှောက်ခြင်း များလည်း ရှိသေးသည် ။ ထိုသို့ သပိတ်မှောက်ခြင်းမျိုးမှာ တနိုင်ငံထွက်ပစ္စည်းအသုံးအဆောင်များကို တနိုင်ငံက အသုံးမပြုပဲနေခြင်းဖြစ်သည် ။ ပုံစံအားဖြင့် မြန်မာနိုင်ငံတွင် ဝံသာနုခေတ်က မျိုးချစ်စိတ်တက်ကြွနေသော တိုင်းရင်းသူ တိုင်းရင်းသားများသည် နိုင်ငံခြားပစ္စည်းများကို မသုံးစွဲကြပဲ တိုင်းရင်းဖြစ် ပင်နီနှင့် ယောထမီ ၊ ယောလုံချီကို ဝတ်ဆင်ကြသည် ။ အိန္ဒိယသည် ကိုယ်ပိုင်အုပ်ချူပ်ရေးရနိုင်ရန် ဆန္ဒပြသောအားဖြင့် ဗြိတိသျှ ကုန်ပစ္စည်းများကို သပိတ်မှောက်ကာ တိုင်းရင်းမြစ်များကိုသာ သုံးစွဲ ဝတ်ဆင် ခဲ့ကြသည် ။ ဒုတိယ ကမ္ဘာစစ်ခေတ် မတိုင်မီက အမေရိကန် အမျိုးသမီးများသည် ဂျပန်ပိုးဖြင့် ပြုလုပ်သော ခြေအိတ်များကို မသုံးစွဲပဲ သပိတ် မှောက်ခဲ့ကြသည် ။ အမေရိကန်လွတ်လပ်ရေးစစ်ပွဲကို အစပျိုးခဲ့သော ဗော့စတွန်မြို့မှ လဖက်ခြောက် သွန်ပစ်မှုကြီးသည်လည်း ဗြိတိသျှ ကုန်ပစ္စည်းများကို သပိတ်မှောက်သည့် သဘောတရားပင် ဖြစ်လေသည် ။


📖  မြန်မာ့ စွယ်စုံကျမ်း

      

      အတွဲ - ၁၃ ၊ ၁၉၇၃ ခုနှစ်


No comments:

Post a Comment