Saturday, April 3, 2021

အညာပြန် ( သိန်းဖေမြင့် )


 ❝ အညာပြန် ❞ ( သိန်းဖေမြင့် )

ကိုယ့်ရပ်ကိုယ့်ရွာ အညာသို့ ပြန်မရောက်သည်မှာ ဆယ့်လေး ငါးနှစ် ရှိလေပြီ ။

အောက်ပြည် အောက်ရွာ ဖျာပုံသူနှင့် ညားမိသောကြောင့် အညာပြန်မရောက်သည်ကား မဟုတ်ပါပေ ။

ငပိရေကြိုက်တတ်ပြီး ပဲပြုတ်ကို မေ့နေသောကြောင့် အညာပြန်မရောက်ခြင်းလည်း မဟုတ်ပါချေ ။

အကြောင်းမဆို အခွင့်မသင့်ခြင်းနှင့် မရောက်ရခြင်းဖြစ်ပေသည် ။

အညာသို့ ပြန်ရမည်ရှိသောအခါ သခင် ကိုယ်တော်မှိုင်း ရေးခဲ့သော “ ဖာတတန် အထုပ်တဖက်ထမ်းပါလို့ ၊ အညာပြန် ရုတ်တရက် မလှမ်းနိုင်ဘူး ၊ အော် - နှုတ်ဆက် စမ်းချင်လို့ လာခဲ့တယ် ” ဟူသော ကဗျာအပိုင်းအစလေးကို သတိရမိပေသည် ။ ရန်ကုန်မှ မထွက်ခွာမီ သုံးကြိမ်သုံးခါ ပြန်ပြီး နှုတ်ဆက်ရလေသည် ။ အကြောင်းသော်ကား လေယာဉ်ပျံ နှစ်ကြိမ်နှစ်ခါ မထွက်ဖြစ်သောကြောင့်တည်း ။

ဟိမဝန္တာ၏ ပေ တသောင်း ရှစ်ထောင်ကျော် မြင့်သော တောင်ထိပ်များကို ကျော်ဖြတ်၍ လေယာဉ်ပျံ စီးဘူး၏ ။ အင်ဒိယ သမုဒ္ဒရာကိုလည်း လေယာဉ်ပျံဖြင့် ဖြတ်သန်းဘူး၏ ။ သို့သော် မန္တလေးနှင့် မုံရွာ ကြား နှစ်ဆယ့် ငါးမိနစ် ပျံသန်းရသော လေယာဉ်ခရီးလို ပင်ပန်း နွမ်းနယ်ခြင်း တခါမှ မဖြစ်ဖူးချေ ။ လေယာဉ်ပျံသည် ခရောင်းတောမှာ ခွါစုံပေါက်နေသော မြင်းနှင့် တူလေသည် ။

ခဝဲခြံမှာ လေယာဉ်ပျံဆိုက်၏ ။ စစ်အတွင်း ယာယီဆောက်ထားသော လေယာဉ်ပျံကွင်းနှင့် ပိုတူသည် ။ လေယာပျံကွင်း ဘူတာမှာလည်း လမ်းဘေး ရေအိုးစင်လောက် မှ ခန့်ညားသပ်ရပ်ခြင်း မရှိပေ ။ ခဝဲခြံဟု ခေါ်သော်လည်း ဘေးပတ်လည်တွင် ထန်းတောများကိုသာ မြင်ရသည် ။

ကျွန်တော့်အား လာကြိုဆိုသူ မရှိ ။ မရေရာသော လေယာဉ်အသွားအလာကြောင့် ကျွန်တော်ကလည်း အကြောင်းကြားမထား ။ အမြင့်မှ သူ့ဆရာ ဘုန်းကြီးပျံကို ချရန် ခွင့်ယူပြန်လာသော ရခိုင်တိုင်းမင်းကြီး ဦးစိုးတင့် ( ကျွန်တော့် ကျောင်းနေဘက် သူငယ်ချင်း ညိုမြ၏ အကို ) အား လာရောက် ကြိုဆိုသော ဦးဘအေး၏ ဂျစ်ကားနှင့် လိုက်ရပေမည် ။

ထိုနေ့မှာ ဧပြီလ ၇ ရက်ဖြစ်သဖြင့် နေ အတော်ပူမည်ဟု ခန့်မှန်းခဲ့လေသည် ။ သို့သော် ရက် များမကြာမီက မိုးရွာထားသဖြင့် မပူလှချေ ။ နေမပူသဖြင့် အနေ မဆိုးသော်လည်း လေကြောင်းခရီးကြောင့် နားအူနေသဖြင့်၎င်း ၊ ကိုယ်လက် နွမ်းနယ်နေသဖြင့်၎င်း အနေဆိုးလှပေသည် ။

ခဝဲခြံ လေယာဉ်ကွင်းမှထွက်၍ ပေတရာ လမ်းကြီးပေါ်သို့ တက်လာသောအခါ တမာပွင့်နံ့ သင်းသင်းကလေးကို ရှူရှိုက်လိုက်ရလေသည် ။ ထိုအချိန်မှစ၍ မုံရွာဘုတလင်မှ ပြန်သည်အထိ တမာပွင့်နံ့ သင်းသင်းကလေးသည် နှာခေါင်းထဲမှ မထွက်တော့ချေ ။ နေရာတကာမှာ တမာပင်တွေ ရှိနေသည် ။ တမာရွက်နုများက စိမ်းဖန့်ဖန့်နှင့် စည်ကားလှသည့် တမာပွင့်နံ့ သင်းသင်းကလေးကို ရှူရှိုက်ရင်းငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ခုလို အချိန်မှာ တမာပင်ပေါ်တက် ၊ တမာကိုင်းတွေကိုချိုး သင်းကြန်အတာအိုးတွင် ထိုးကြသည်ကို သတိရနေလေသည် ။

ခဝဲခြံမှ ထွက်လာပြီးနောက် အလုံမြို့ထဲသို့ ဝင်ခဲ့သည် ။ အလုံမြို့ကား ရှေးတုန်းကလိုပင် ဟောင်းမြင်းသည့် အသွင်ကို ဆောင်နေ၏ ။ တိုက်တာအိမ်ခြေ တိုးတက်လာသည်ကို လုံးဝမတွေ့ရ ။ အသစ်ဆောက်လုပ်ထားသော နတ်စင်ကြီးကိုသာ ရေနံအရွှဲသားနှင့် တွေ့ရသည် ။ နတ်စင်ကြီးကား ရှေးက ပုံအတိုင်းပင် ဖြစ်
သည် ။ ကျွန်တော့်နယ်တဝိုက် မှာ အကြီးအကျယ်ဆုံး အစည်ကား ဆုံး နတ်ပွဲကျင်းပရာ နေရာပေတည်း ။ ထိုနတ်ကြီးကားကျွန်တော်တို့ ငယ်ငယ်တုန်းက နတ်ကတော်များနှင့် တွဲတော့မည်မထင် ။ ထိုနတ်ကတော်များက ဆံဖြူသွားကျိုး ပါးရေတွန့်ကုန်ကြရော့မည် ။ ယခုအခါ ငယ်ငယ်ရွယ်ရွယ် ခေတ်မှီစွာဝတ်စား ဆင်ပြင်ထားသော နတ်ကတော် သစ်ကလေးများနှင့်သာ တွဲနေပေလိမ့်မည် ။

အလုံမှ အထွက်တွင် ဘုန်းကြီးပျံတခုကို တွေရ၏ ။ ယခုအခါ အာဏာပိုင်တို့သည် နယ်များတွင် ဘုန်းကြီးပျံများကို အထူး အားပေးနေကြ၏ ။ သို့မှ တိုင်းပြည် အေးချမ်းမည်ဟု တိုင်းပြည်သားတို့က ယူဆမည်ဟု တွက်ကြလေသည် ။

အာဏာပိုင်ဆိုရာ၌ အစိုးရ အာဏာပိုင် ၊ သူပုန်အာဏာပိုင် နှစ်မျိုးစလုံးကို ဆိုလိုပေသည် ။ အလုံနှင့် မံုရွာလမ်းမှာ ပြုပြင်မှု ရှိသဖြင့် အ ‌ေတာ်ကောင်း၏ ။ လေယာဉ်ပျံကွင်းကို အကြောင်းပြုပြီး ပြုပြင်ထားဟန် တူသည် ။ သို့မှသာ မံုရွာလာသော လေယာဉ်ပျံ စီးနိုင်သည် ။ ဧည့်ကြီး‌ေစာင်ကြီးများ အထင်ကြီးပေလိမ့်မည် ။ အလုံ ခဝဲခြံမြောက်ဘက် ဘုတလင်ရေဦးလမ်းကိုလည်းမပြုပြင် ။ မံုရွာတောင်ဘက် မုံရွာ ၊ မြင်းမူ ၊ စစ်ကိုင်းလမ်းကိုလည်း မပြုပြင် ။

မုံရွာ အဝင်ဝမှာ မှတ်မိနိုင်စရာမရှိလောက်အောင် ပြောင်းလဲနေသည် ။ အထည်စက်ရုံကလေးများ ၊ ရှေးက လက်ယက်ကန်း ၊ ယခု စက်ယက်ကန်း ။ ဒေါက်တာခင်မောင်၏ ပြည်တော်သာဆေးကုခန်း ။

ယခင်က လယ်တီကျောင်းတိုက်နားအနီး ဒေါနခြံဆိုသည်မှာ ပန်းခြံ ၊ဟင်းသီးဟင်းရွက်ခြံများ ရှိသည် ။ စစ်ပုလိပ်နှင့် ပုလိပ်တို့ သေနတ်ပစ် လေ့ကျင့်ရာ ပစ်ကွင်းရှိသည် ။ ပစ်ကွင်း မြေကတုတ်လေးပေါ်တွင် ရာချိုပင်ကလေးများ ရှိသည် ။ ထိုနောက် ဆူးလေကုန်း ရောက်အောင် ကွက်လပ်ကြီးဖြစ်သည် ။ ယခုမူ ခြံများ မရှိတော့ချေ ။ သေနတ်ပစ်ကွင်း မြေကတုက်လည်း ဘယ်နား ရောက်နေသည် မသိ ။ ကွက်လပ်ကြီးမှာလည်း လူနေအိမ်ခြေ စည်ကားသော ရပ်ကွက်သစ် ဖြစ်နေပေပြီ ။ယခင် တောင်ဖျားမှာရှိသော မုံရွာဆေးရုံကြီးမှာ ဤနေရာသို့ ရောက်လေပြီ ။ လျှပ်စစ်ဖြင့်မောင်းမည့် အထည်စက်ရုံ တရုံတည်ဆောက်နေသည်ကို တွေရသည် ။

ဤကွက်သစ်တွင် ခိုမှီနေထိုင်ကြသူတို့ကား ပြည်တွင်းစစ်ပြေး ကျေးရွာသားများ ဖြစ်ကြလေသည် ။ ကျွန်တော့် အဖေသည်လည်း ဤကွက်သစ်မှာ မှီခိုနေထိုင်လျက် ရှိပေသည် ။ လယ်တီကျောင်းတိုက် မှ ရုံးသို့သွားသော လမ်းမကြီးပေါ်မှာ ခဏ ရပ်နားပြီး အဖေ့ အိမ်ရှိရာအရပ်ကို မေးယူရသည် ။ တထောက် မေးရုံနှင့် မခက် မခဲ ရှာ၍ တွေပေသည် ။

ကျွန်တော့်အဖေ အသည်းအသန် မမာမကျန်း ဖြစ်သည်ဟု ကြေးနန်းရ၍ လိုက်လာခဲ့ခြင်းဖြစ်၏ ။ ဘာရောဂါစွဲကပ်သည်ကား မသိ ။ လူကြီးရောဂါ ဖြစ်သလော ၊ ငယ်ရောဂါ ထသလော ။ ကျွန်တော် ကားပေါ်က ဆင်းသည်ဆိုလျှင် ယခင်က တခါမျှ မမြင်ဘူးသော မိန်းမတယောက်က ဆီးကြို၏ ။ အမူအရာ အပြော
အဆို ကြည့်ပြီး ကျွန်တော့် မိထွေးဖြစ်သည်ဟု သိလိုက်ပေသည် ။
မိထွေးမှာ အသက်အားဖြင့် ကျွန်တော့်ထက်ငယ်သည်ဟု သိထားခဲ့သော်လည်း အရိုအသေမဲ့လောက်အောင် ငယ်သော ရုပ်ဟန် အမူရာမျိုး မတွေ့ရသဖြင့် တော်ပေသေး၏ဟု အောက် မေ့လိုက်ပေသည် ။

လူမမာခန်းသို့ ဝင်သွားသည် ။အမိုးကနိမ့် ၊ နေကပူ ၊ ကျဉ်းက ကျဉ်းသည်နှင့် ။

အဖေအား ကျွန်တော် ပြန်လာကြောင်း ပြောကြားပြီး ထူပေးကြသည် ။ အဖေကား ကိုယ်တပိုင်း သွက်ချာပါဒ လိုက်နေ၏ ။ ရုပ်မှာ များစွာချွတ်ယွင်းနေ၏ ။ညှိုးခြောက်သော ခရမ်းညိုသီးကို သတိရမိတော့သည် ။


အဖေသည် ထိုင်မိသောအခါ ကောင်းသော လက်တဖက်ဖြင့် ကျွန်တော့်အား ကိုင်ပြီး မျက်နှာကို စေ့စေ့ကြည့်လျက် ငိုလေတော့သည် ။ ရှိုက်၍ ရှိုက်၍ ငိုသည် ။ မျက်ရေပေါက်ကြီးငယ်ကျ၍ ငိုသည် ။ ငယ်ငယ်တုန်းကတော့ ကျွန်တော်က ငို ၊ အဖေအမေက ချော့ ။ ခုတော့ အဖေကငို ၊ ကျွန်တော်က ချော့ ။ ကျွန်တော်သည် ကျွန်တော့်ကိုယ်ကိုပင် အံ့ဩမိသည် ။ ရင်လည်း မဖို ၊ မျက်ရည်လည်း မစို့ ။ ကလေးဘယ်လောက်ငိုငို ၊ လူကြီးက မငို
သည့် ထုံးစံအတိုင်းပင် ။

ငိုနေသောအဖေ အား ချော့မော့ရင်း အဖေ အကြောင်းကို စဉ်းစားမိသည် ။ အဖေ ငယ်ငယ်တုန်းက မုံရွာမြို့ ခါးပန်းနီကျောင်းမှာ ခုနစ်တန်းကျောင်းသားကြီး ဖြစ်ခဲ့သည် ။ မုံရွာမှာ လူစွာ လုပ်ခဲ့သည် ။ ပွဲများရှိ၍ အရက်ကလေးတမြမြယစ်ပြီး " ငဘကွ ”ဟု ကြုံးဝါးကာ ဝင်သွားလျှင် လူတွေက ရှဲပေးရသည် ။ ထိုစဉ်က “ ငဘ ” နှင့် ယခု ကျွန်တော့်ရှေ့မှာ တွေ့မြင်နေရသော အဖိုးအို ဦးဘကား ကွာခြားလှပေသည်တကား ။

ထိုနောက် မြေတိုင်းစာရေးဖြစ်ပြီး ကျွန်တော့်အမေနှင့်ညား၍ ကျွန်တော့်ကို မွေးဖွားပြီး ကျွန်တော့်အဖေသည် ဟိုတိုက်နယ်မှ သည်တိုက်နယ် ၊ ဟိုကျေးရွာအုပ်စုမှ သည်ကျေးရွာ အုပ်စုရွှေ့ပြောင်းပြီး လယ်ကွင်း ယာကွင်း ကိုင်းကွင်းများကို လှည့်ပတ်ကြည့်ရှုစစ်ဆေးရသည် ။ အခွန် စည်းကြပ်ရသည် ။ ထိုစဉ်က မရပ်မနား မမောမပန်း ကွင်းနင်းဆင်းရသော စာရေးကြီး ဦးဘနှင့် ယခု သွက်ချာပါဒ ဖြစ်နေသော ဂီလာန ဘကြီးဘ တို့ကား ကွာခြားလှပေသည်တကား ။

အတန်ကြာ အဖေသည် အငိုတိတ်၏ ။ ကျွန်တော်က ရန်ကုန်မြို့ ဆန်းကဖေးမှ ဝယ်လာသော မုန့်များကို ကျွေး၏ ။
ရောဂါအခြေအနေကို မေးရ၏ ။ ဆရာဝန်အကြောင်း ဆွေးနွေးရ၏ ။ အနီးတွင် မိထွေးနှင့်မွေးသော အဖေ့ သမီးကလေးကရှိသည် ။ သုံးလေးနှစ်သမီးကလေးဖြစ်၍ ကျွန်တော့်သားသမီးက အဒေါ်ခေါ်ရန် အတော် ခက်ပေလိမ့်မည် ။ အတော်ကြာတော့ ကျွန်တော် တခါမှ မမြင်ဘူးသေးသည့် မိထွေးနှင့် မွေးသော အဖေ့ သား အကြီး ရောက်လာသည် ။ သူခမြာ ရိုသေစွာ ကျွန်တော့်အား အကိုလေးဟု ခေါ်ရှာသည် ။ သို့သော် ကျွန်တော်ကား ယခုအရွယ်တွင် ဤသူငယ်မျိုးက ဦးလေးဟုသာ အခေါ်ခံနေရပြီဖြစ်၍ “ အကိုလေး ” သည် နားထဲသို့ ချောချောမောမောမဝင်ချေ ။ ဖခင်ကြီးသည် သူ့နောက်ပွါး သားသမီးများကို ကျွန်တော်က ညီရင်း နှမရင်းသဖွယ် ချစ်ခင်စေချင်၏ ။ပါးစပ်ကလည်းပြော ၊ စာလည်းရေး၏ ။ဟန်အမူအရာလည်း ပြ၏ ။သို့သော် မအောင်မြင်ရှာ ။

ကျွန်တော်တို့သည် အမေကွဲမှ ဆင်းသက်ကြသည့်အထဲ အနေကလည်း ဝေးကြ ၊ ဘဝကလည်း ခြားနားကြ ။ ကိုယ့် သံယောဇဉ် ၊ ကိုယ့် အနှောင်အဖွဲ့၊ ကိုယ့်ပတ်ဝန်းကျင်နှင့် သီးခြားဖြစ်နေကြပေပြီ ။ ဧရာဝတီမြစ်ကို တံတားကူး၍ ရသော်လည်း ကျွန်တော်တို့ကို တံတားကူး မရနိုင်ပြီ ။ တံတားကူးရန် ကြိုးစားရှာသော အဖေကား သနားစရာ ကောင်းနေသည် ။ ကျွန်တော်က ဤအကြောင်းကို မဖုံး ။ ဟန်မဆောင် ။ပါးစပ်ကလည်း အမှန်အတိုင်း ပြောပြသည် ။ စာဖြင့်လည်း ရေးပြသည် ။ အမူအရာဖြင့်လည်း ပြသည် ။ အဖေကား လက်လျော့ပုံ မပေါ် ။

မုန့်စားပြီး ၊ စကားစမြီပြောပြီး အဖေသည် ငို ပြန်ပါလေသည် ။ကျွန်တော်က ချော့ရပြန်ပြီ ။ “ ဘာဖြစ်လို့ငိုသလဲ ” မေးရပြန်သည် ။အဖေကငိုရင်း “ မယ်မြင့်ကိုအောက် မေ့လိုငိုတာ ” ဟု ဆိုလေသည် ။ ဤလိုအခါမှာ ကျွန်တော့်အမေကို အောက် မေ့ခြင်း မေ့လျှင် ကျွန်တော်ကသာ အောက် မေ့ရမည် ။ လွမ်း၍ ငိုခြင်းငိုလျှင်ကျွန်တော်ကသာ ငိုရပေမည် ။ အဖေကား မယားစား ရနေပြီ မဟုတ်ပါလော ။ ကျွန်တော်ကား အမေအစား မရနိုင်ပါ ။
ကျွန်တော့်အမေကို ဘယ်သူမှ အစားမထိုးနိုင် ။

ဘုရားတရားနှင့်ဝေးနေသော ကျွန်တော်သည် အဖေ့ အနားရောက် မှ ဘုရားတရားကို ကိုးကား နေရလေသည် ။ အဖေ့အား လွန်ခဲ့သော ဆယ်ငါးနှစ်ကျော်က ကွယ်လွန်ခဲ့လေပြီးသော အမေ့ကို သံယောဇဉ်ဖြတ်ဖို့ တရားပြ၍ နားချရလေသည် ။

ဤသို့လျှင် အဖေနှင့် သလ္လာပအာလာပ ကိစ္စဝိစ္စများ ပြီးလေသော် မုံရွာမြို့ပေါ်ကို လည်ပတ်ရန်နှင့် ဆွေမျိုးသားချင်း ၊ မိတ်ဆွေသူငယ်ချင်းများကိုတွေ့ရန် ထွက်ခွာခဲ့လေသည် ။

မုံရွာကား စည်ကားလှပေ၏ ။ ကျွန်တော်တို့ ကျောင်းနေတုန်းကနှင့်စာလျှင် သုံးဆမျှ ပိုစည်ကား ကြီးကျယ်နေသည်ဟု ခန့်မှန်းကြသည် ။ မစည်ဘဲ နေပါမည်လော ။ ဘေးပတ်ဝန်းကျင် မြို့ကလေးများနှင့် ကျေးရွာများမှ မြေပိုင်ရှင်ကြီး ၊ မြေပိုင်ရှင်ကလေး ၊ကုန်သည် ၊ ပွဲစား ၊ စက်ပိုင် ၊ အရင်းရှင်ပေါက်စ ဟူသမျှသည် ပြည်တွင်းစစ် ဘေးအန္တရာယ် မှ ကင်းလွတ်ရန် မုရွာသို့ ခိုလှုံလာကြသည် ။ သူပုန်များ၏ မြေရှင် ၊ ဓနရှင် အပြုတ်တိုက်ရေးလမ်း စဉ်က အချို့ကို မောင်းထုတ်ခဲ့၏ ။ သူပုန်အချင်းချင်း တိုက်ခိုက်ကြခြင်းက မောင်းထုတ်ခဲ့သည်လည်း ရှိ၏ ။ ဒမြများ  ကား ကျောင်းဆရာ ဗေဒင်ဆရာတောင် မနေရဲအောင် မောင်းထုတ်ခဲ့သည် ။

မုံရွာသို့ ပေါင်းဝ ၊ ဆားလင်းကြီး ၊ အမြင့် ၊အနိမ့် ၊ ကနီ ၊ကနဲ ၊ ပုလဲ စသည်တို့မှလည်း လာရောက် နေထိုင်ကြသည် ။ ခိုးသန်း ကန်ပြားမှလည်း လာရောက်နေထိုင်ကြသည် ။ ဘုတလင် ၊မောင်းထောင် ၊ ညောင်ကန်တို့မှလည်း လာရောက်နေထိုင်ကြသည် ။ သူတို့သည် မုံရွာ ရောက်သောအခါ အငြိမ်းစား နေထိုင်ကြသည်မဟုတ် ။ သင့်လျော်ရာ အလုပ် လုပ်ကြသည် ။ သူတို့ထဲမှ ကုန်သည်ပွဲစားကြီးများကို ကျော်တက်သွားကြသည် ။ ကျွန်တော်တို့ ငယ်စဉ်က ပွဲစားကြီး ဦးဘ ၊ ပွဲစားကြီး ဦးမောင်ကြီး စသည်ဖြင့် မုံရွာ ထိပ်တန်းကနေသော ပွဲစားကြီးများ အနည်းငယ်သာ ရှိခဲ့၏ ။ယခုမူ ကျွန်တော်တို့ ဘုတလင်မှ တက်လာပြီး ပွဲစားလုပ်နေကြသော သူတို့ကပင် သူတို့ထက် ဦးရေများပြီး အလုပ်ပို ကြီးမားနေကြသည် ။

ယခင်က ဘုတလင်အထည် ၊ ခိုးသန်းအထည်များ စသည်များကို လက်ဖြင့် ရက်ကြသည် ။ ယက်ကန်းရုံကြီးများ ထောင်ကြသည် ။ အချို့က လက်ဖြင့် ရက်ခတ်သည့်နေရာတွင် စက်ဖြင့်
ရက်ခတ်၍ပင် နေလေသည် ။

ယခင်က ယက်ကန်းရုံ မထောင်ခဲ့သူများကလည်း ယက်ကန်းရုံထောင်၍ ကြီးပွားနေသည်လည်း ရှိ၏ ။ လျှပ်စစ်အားဖြင့် မောင်းသော ဂျစ်ကား အထည်စက်ရုံပိုင်ရှင် ဦးထွေးမှာ စစ်မဖြစ်မီက ညောင်ကန် ၊ ဘုတလင် ၊ မုံရွာ ဘတ်စ်ကားမောင်းခဲ့သူ ဖြစ်၏ ။ ကိုယ်ပိုင်ကားမောင်း‌သလော ၊ သူများကား အခစား မောင်း  သလော ဟူ၍ကား ကျွန်တော် မမှတ်မိချေ ။ ဘုတလင်မှ ဘိလစ် စာရေးကြီး ဦးဖိုးဆင် သည်လည်း ဒေါင်းသူရိန် ယက်ကန်းရုံပိုင် ဖြစ်နေပေသည် ။

ဘုတလင်ထည်ဟု နာမည်ကြီးနေသော ချည်ထည်လုပ်ငန်းမှာ နှစ်ပေါင်း ၄၀ မျှသော သမိုင်း ရှိနေပေသည် ။ ပထမ ကမ္ဘာစစ် မဖြစ်မီကလေးက ဘုတလင်မြို့ ဈေးရပ်၌ လူ့ဇာတိ ဟူသော အမည်ဖြင့် သမဝါယမ ငွေစု ငွေချေး အသင်းတခု ပေါ်လာလေသည် ။ ၁၉၁၅ ခုနှစ်တွင် ထိုအသင်းမှ အမရပူရမြို့ ဆောင်းဒါးယက်ကန်းကျောင်းသို့ ယက်ကန်းပညာသင်ရန်အမျိုးသမီး ၊ အမျိုးသား ၁၀ ယောက် စေလွှတ်ခဲ့လေသည် ။ ၎င်းတို့ ပညာသင်ကြားပြီး ပြန်လာကြသောအခါ ဘုတလင်မြို့မ ယက်ကန်းသမဝါယမ ဟူသော အမည်ဖြင့် မှတ်ပုံတင် တည်ထောင်ကြလေသည်။  ထိုနောက် ဝံသာနုခေတ်ကြီးနှင့်ကြုံလာသဖြင့် ယက်ကန်းလုပ်ငန်းများစွာ တိုးတက်လာလေသည် ။

၁၉၃၀ ပြည့်နှစ်တွင်ကားအကြောင်းကြောင်းကြောင့် အသင်းကို ဖျက်သိမ်းလိုက်ရပြီး အချို အသင်းဝင် များသည် တသီးပုဂ္ဂလပိုင် ယက်ကန်းရုံများအဖြစ်ဖြင့် ဆက်လက်လုပ်ကိုင်နေခဲ့ကြလေသည် ။ စစ်အတွင်းက အားလုံး အလုပ်ရပ်စဲထားခဲ့ရပြီး စစ်ပြီးမှတဖန် ပြန်လည်လုပ်ကိုင်လာကြသည် ။ ဘုတလင်မြို့ တမြို့ထဲတွင် ယက်ကန်းရုံပေါင်း ၁၂ ရုံ၊ စင်ပေါင်း ၃၉၅ စင်ရှိပြီး အလုပ်သမား ၁၁ဂ၅ ယောက် လုပ်ကိုင်လျက် ရှိပေသည် ။

မုံရွာတွင် သစ်စက် ၁၁ စက် ရှိနေသည်မှာလည်း ကျွန်တော်အဖို့ အံ့ဩ စရာ ဖြစ်နေ၏ ။ စစ်မဖြစ်မီက အခွန်လား ၊ အဖောင်  လား မမှတ်မိ ။ တရုတ်တယောက် ပိုင်သော သစ်စက်သာ ရှိဘူးလေသည် ။ ယခုမူ ဘုတလင်မှ ပြေးလာသော ကုန်သည်နှင့် ကျောင်းဆရာဟောင်းတို့ ပေါင်း၍ပင် သစ်စက် တစက် တည်ထားလေသည် ။

ကျွန်တော် သူတို့သစ်စက်သို့ လိုက်ကြည့်၏ ။ တိုးတက်နေသော စက်ရုံပေတည်း ။ ပါဝါလူးမ်ခေါ် လျှပ်စစ်အင်အားဖြင့် မောင်းသော ဦးဘထွေး၏ ယက်ကန်းစက်ကိုလည်း သွားကြည့်လိုက်သေးသည် ။ ပိုင်ရှင်လည်း မတွေ့ရ ။ မန်နေဂျာလည်း မတွေ့ရ ။ စက်ရုံဘက်တွင် ယောက်ကျားအလုပ်သမားများ လုပ်နေကြပြီး ယက်ကန်းစင်များတွင် အမျိုးသမီး အလုပ်သမား များသည် လုံချည် အဆင်လှကလေးများကို ကြည့်ကြပ် ယုယနေကြသည် ။ အလားအလာ ကောင်းသော လုပ်ငန်းပေတည်း ။

ကြာဆန်စက်ရုံ နှစ်ရုံ ရှိသည်။ တရုံကိုပိုင်သူမှာ စစ်အတွင်းက ချုံကင်းတွင် ကျွန်တော်နှင့် ခင်မင်ရင်းနှီးခဲ့သော တရုပ် အမျိုးသား တယောက် ဖြစ်လေသည် ။ သူသည် ဗမာပြည်မှ ချံုကင်းသို့ ရောက်နေသော စစ်ပြေးဖြစ်၏ ။ သူနှင့် ကျွန်တော် ကြာဆန်စက် လိုက်ကြည့်ရင်း ချံုကင်းတုန်းက အဖြစ်အပျက် များကို စမြုံ့ ပြန်နေကြလေသည် ။ ကြာဆန်ကို ဆန်ဖြင့်သာ လုပ်သည်ဟု ကျွန်တော် ထင်နေခဲ့သည် ။
ယခု စက်ရုံမှာ ကုလားပဲဖြင့် ကြာဆန်လုပ်သည် ။ မုံရွာက ကြာဆန်စက်ရုံ နှစ်ရုံကြောင့် မုံရွာနယ်ထွက် ကုလားပဲများ ဈေးကောင်းနေသည်ကို တွေ့ခဲ့ရ၏ ။

မုံရွာဈေးဟောင်းကို လှည့်ကြည့်၏ ။ယခင်ကလိုပင် စည်ကားသည် ။ ယခင်ဆေးရုံကြီးနေရာမှာရှိသော ဈေးသစ်ကြီးကို သွား  ကြည့်၏ ။ ဈေးဟောင်းထက် အဆပေါင်းများစွာ စည်ကားသည် ။

ဈေးရောင်း ဈေးဝယ် ကျိတ်ကျိတ် တိုးနေသည် ။ လှည်း ၊ မော်တော်ကား ၊ စက်ဘီးများ လမ်းပေါ် ပိတ်ဆို့ မတတ် များပြားနေသည် ။ ကျွန်တော်သည် စက်ဘီးစီးပြီး လည်ပတ်သည်ဖြစ်ရာ မဝင်တတ် မတိမ်းတတ် ၊ မရှောင်နိုင် မတိမ်းနိုင် ဖြစ်ရသဖြင့် စက်ဘီးပေါ်မှ ခဏခဏ ဆင်းပေးရလေသည် ။

မုံရွာ အဘယ်ကြောင့် ဤမျှ စည်ကား တိုးတက်ရသနည်း ။ လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်အတွင်း အညာကုန် ကောင်းခြင်းကြောင့် ဖြစ်လေသည် ။ ကုလားပဲ ၊ မြေပဲ စသော ပဲ အမျိုးမျိုး ၊ နှမ်း ၊ ငရုတ်သီး ၊ ၀ါဂွမ်း ၊ဆေး ကောင်းခဲ့ကြသည် ။ ယခုနှစ်တော့ ဝါဂွမ်း ဈေးကျနေသည် ။ ငရုတ်သီး ဈေးမကောင်း ။
ရုံး ၊ ထောင် ၊ စာတိုက် စသော အစိုးရအဆောက်အအုံများကို လှည့်ကြည့်သည် ။ ရှေးတုန်းကအတိုင်းပင် ဖြစ်သည် ။ အသစ် ပြုပြင်ခြင်း ၊ ဆောက်လုပ်ခြင်း မရှိ ။ ကျောင်းများပင်လျှင် အခြားမြို့များလို တိုက်ကြီး ကြီးနှင့် မတွေရ။ ဤသည်လည်း ထူးခြားချက် တရပ်ဖြစ်၏ ။

ဘုတလင်မသွားခင် မုံရွာသို့ ရောက်နေသော ဘုတလင်သူ ၊ ဘုတလင်သား ခင်မင်ရင်းနှီးသူများထံ လိုက်လံ နှုတ်ဆက်နေရသည်မှာ မစေ့နိုင်အောင်ပင် ဖြစ်ရ၏ ။

ဘုတလင်တုန်းက အိမ်နီးနားချင်း ကျွန်တော့်အမေ၏ သူငယ်ချင်း ဒေါ်စောရင်ကို တွေ့ရ၏ ။ ရှေးကလည်း လဖက် ၊ငရုတ်သီး ၊ ကြက်သွန် ကုန်စုံရောင်းသူ ။ အခုလည်း ကုန်စုံရောင်းသူ ဒေါ်စောရင် ။ ရှေးကလည်း မျက်ခမ်းစပ်နှင့် ။ ယခုလည်း မျက်ခမ်းစပ်နှင့်။

“ ဟာ ၊ ခင်ဗျား မျက်ခမ်းစပ်ကလဲ အရင်က အတိုင်းပါဘဲကလား ” ဟု ကျွန်တော်ကပြောတော့ ဒေါ်စောရင်က

“ မင်းမှာ ဝလို့ စိုလို့ ပါကလားကွယ် ။ သို့ပေမယ့် မင့်အသားကတော့ မဲနေပါလား ။ မင်းငယ်ငယ်တုန်းက ဖြူဖြူ ပိန်ပိန်ပါကွယ် ”

အိမ်နားနီးချင်း ဘုတ်ဆုံခေါ် မအုန်းမေကို တွေ့ရသည် ။ ကျွန်တော်နှင့် မီးဝင်မီးထွက် မွေးဖွားသူ ဖြစ်သည် ။ ယခုတော့ သူ့သမီးက ယောက်ကျားရပြီး မြေးတွေဘာတွေနှင့် ဖြစ်နေသည် ။

မစောရင်၏ သမီး ချစ်စိန်အား ကျွန်တော်ငယ်ငယ်က ထိန်းခဲ့ရ၏ ။ စကားမပီကလာ ပီကလာနှင့် အလွန်စွာသော ချစ်စိန်အား ကျွန်တော် သတိရနေသည် ။ ခုတော့ ချစ်စိန်ကား ဖွံ့ဖြိုးဝင်းဝါသော မိန်းမလှတယောက် ဖြစ်နေသည် ။ အိမ်ထောင်တဆက်ပျက်ပြီး ဘုတလင် သူကြီးကတော် ဖြစ်နေလေသည် ။ နှုတ်သီးကောင်းသော သူကြီးကတော် ချစ်စိန်ပါဘဲ ။

ဘုတ်ဆံု ခေါ် မအုန်းမေ၏ ခင်ပွန်း ကျောင်းဆရာ ကိုဘညွန့် သည် ပြည်တွင်းစစ်မှ ပြေးရှောင်ရင်း ကျောင်းဆရာဘဝကို စွန့်လွှတ်ပြီး သစ်စက် မန်နေဂျာ လုပ်နေသည် ။ ကျောင်းသားများအား သူကိုယ်တိုင် သင်ပေးလေ့ရှိသော ဂဏန်း သင်္ချာပုစ္ဆာများကို သစ်စက်ထဲမှာ သူကိုယ်တိုင် တွက်နေရလေပြီ ။

အခြား ကိုဘညွန့်တယောက်လည်း ပြည်တွင်းစစ်မှ ပြေးရှောင်ရင်း ကျောင်းဆရာဘဝကို စွန့်လွှတ်ကာ ဈေးသည် ကလေး လုပ်နေသည် ။သူ့ဇနီးကား မတိုင်းမော်ဖြစ်၏ ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မတိုင်းမော်အား အပျို ကြီးဟု သတ်မှတ်ထားကြ၏ ။ ထိုစဉ်က အသက်အစိတ်လောက်ဆိုလျှင် အပျိုကြီးတမ်း ဝင်နေပေပြီ ။ မတိုင်းမော်တော့ သူအမ မတိုင်းကျော်နှင့် အတူပင် အပျိုကြီးတသက်လုံး လုပ်နေလိမ့်မည်ဟု ထင်နေခဲ့၏ ။

“ နို့ ၊ မကြီး‌ေကျာ် ကော ၊ အပျိုကြီးဘဲလား ”

မတိုင်းမော်က ပြုံး စေ့ စေ့ လုပ်လျက်

“ အပျိုကြီးပါဘဲ မောင် ။ မကြီးကျော်တို့တော့ ရွာမှာဘဲ နေရစ်ကြတယ် ”

ကိုဘညွန့်က ဝင်စွက်လျက်

“ ဒို့လဲ ရွာမှာ နေချင်တာဘဲ ။ မနေနိုင်လိုသာ မုံရွာ ရွှေ့လာခဲ့ကြရတာ  ”

သို့ဖြင့် ဘုတလင်မှာ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသော အကြောင်းများသို့ ရောက်သွားလေသည် ။ အစိုးရနှင့် သူပုန်နှင့် တိုက်။ ကွန်မြူနစ် ရဲဘော်နှင့် တိုက် ။ ဒမြတိုက် ။

ကိုဘညွန့်၏ညီ ကိုဘတုတ် ရောက်လာသည် ။ ကိုဘတုတ်မှာ ပုသည် ။ မဲသည် ။ ရုပ်အတော် ကျနေသည် ။ ငယ်ငယ်က ခပ်ကြွားကြွား နေတတ်သော ကိုဘတုတ်၏ နေရာတွင် ခပ်ကုပ်ကုပ် ကိုဘတုတ်ကို တွေ့ရ၏ ။ သူသည် အကူမြေတိုင်းစာရေးကလေးဖြစ်ပြီးနောက် ကျွန်တော်နှင့် တခါမှ မတွေရတော့ချေ ။ ခုတော့ သူကား မုံရွာမြို့နယ် မြေစာရင်း အင်စပက်တော် ဖြစ်နေ၏ ။

“ ကွင်းစစ် မဆင်းဘူးလားဗျ ”

“ ခုအခါမှာ ကွင်းဆင်းဘို့ခက်တယ် ။ စာရေးတွေလဲ ကွင်းမနင်းနိုင်ဘူး ။ နယ်မှာ မအေးဘဲဟာ ။ အဝေးကမှန်းပြီး အခွန်တော် စီးကြပ်နေကြရတာဘဲ ”

နောက်ပြီးတော့ ဦးအောင်စည်ကို တွေ့ရ၏ ။ ဦးအောင်စည်မှာ ရှေးတုန်းကအတိုင်းပင် နံငယ် အပိုင်းကိုသာ ဝတ်ထား၏ ။ ကျောကုန်း မွဲခြောက် မှာလည်း ရှေးတုန်းကအတိုင်းပင် အင်းကျီမပါ ။ ဗလာဟင်းလင်းဖြစ်၏ ။ ဆွတ်ဆွတ်ဖြူသော ဆံပင်များသည် ကျောပေါ် လက်ပေါ် ၊ ပခုံးပေါ် ၊ ရင်ပတ်ပေါ်တွင် ဝဲဖြန့် ကျဆင်းနေ၏ ။

ဦးအောင်စည်သည် ကွပ်ပျစ်ပေါ်မှာဆောင့်ကြောင့်ထိုင်ရင်း သတင်းစာ ဖတ်နေသည် ။ မျက် မှန်မပါ ။ သူမျက်လုံးများသည် မမှုန်သေး ။

ဦးအောင်စည်ကား ကျောမွဲဆင်းရဲသား လယ်သမား သက်ကြီးအို မဟုတ်ပါ။  တခါတုန်းက ဘုတလင်တွင် အချမ်းသာဆုံး
ကုန်သည် မြေပိုင်ရှင်တဦး ဖြစ်၏ ။ သို့သော် ဒုတိယ ကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကြောင့် မွဲပြာကျသွားသော သူကြွယ်ဟောင်းလည်း မဟုတ်ပါ ။ ယခုထက်တိုင် ကြွယ်ဝ နေသည် ။ သမ က် မောင်ဘဝင်းနှင့် သမီး မတင်တို့သည် သစ်စက် ပိုင်ကြသည် ။ ပွဲစားကြီးများဖြစ်သည် ။ အထည်စက် ယက်ကန်းရုံလည်း ပိုင်သည် ။ ဦးအောင်စည်သည် ပိုက်ဆံကိုရှာပြီး မသုံးဘဲ စုထားခြင်းကို ယုံကြည်သူ ဖြစ်သည် ။ သူတို့ စက်ယက်ကန်းရုံမှ မြန်မာပြည် အရပ်ရပ်သို့ ဘုတလင် အထည်များ ပို့နေသော်လည်း သူကိုယ်တိုင် နံငယ်ပိုင်းကိုသာ ဝတ်သူ ဖြစ်သည် ။


ဦးအောင်စည်သည် ကျွန်တော်နှင့် တွေသည် ဆိုလျှင်ပင် ကျွန်တော့်အား ဆုံးမလေတော့သည် ။ ရှေးကလည်း ဤဆုံးမသံမျိုးကို ကြားဘူးခဲ့ပြီ ။ ကျွန်တော်သည် ပညာတွေ သင်ထားပြီး လခရသော အလုပ်ကို မလုပ် ။ အမြတ်အစွန်းရသည့် စီးပွားရေးလုပ်ငန်းကိုလည်း မလုပ် ။ ရသလောက်ကိုလည်း စားသုံးပစ်နေသည် ။ သည်မျှ မကသေး ၊ မင်းပြစ် မင်းဒဏ် သင့်စေသည့်အလုပ်မျိုးကို လုပ်နေသည် ။ ဤသို့ ဝေဖန်ပြီး ဦးအောင်စည်က

“ မောင်သိန်းဖေ အခု အသက်ဘယ်လောက် ရှိသွားပြီလဲ ”

“ လေးဆယ် ကျော်သွားပါပြီ ”

“ အင်း ၊ လိမ်မာဘို့ ကောင်းပြီကွယ့် ”

ဦးအောင်စည်အား အဖြေပေးရန် ခက်နေစဉ် သမ က် ကိုဘဝင်းနှင့် အခြားမိတ်ဆွေများက သည့်ပြင် ကိစ္စများနှင့် ပတ်သက်ပြီး ကျွန်‌ေတာ့်အား မေးမြန်းလိုက်ကြသဖြင့် တော်ပေသေး၏ ။ ဦးအောင်စည်သည် သူ့ဒူးနှစ်လုံးကြားထဲမှာ ခေါင်းကို မြှုပ်ပြီး သတင်းစာကို ကြည့်နေလေတော့သည် ။

မုံရွာတွင် ကျွန်တော် ညအိပ်သောအိမ်မှာ ပေါင်းဝမှ ဦးအေးမောင် ၊ ဒေါ်အုန်းမေတို့၏ အိမ်ဖြစ်သည် ။ ကိုယ့်အဖေလည်း မုံရွာမှာ ၊ ကိုယ့်အကိုလည်း မုံရွာမှာ ၊ ဘုတလင်က မိတ်ဆွေ အများအပြားကလည်း မုံရွာမှာ ရှိနေကြပါလျက် ပေါင်းဝသားတို့ အိမ်မှာ အဘယ့်ကြောင့် တည်းရသနည်းဟု မေးလိုကြပေလိမ့်မည် ။ ပေါင်းဝ ဦးအေးမောင်၏ဇနီး မအုန်းမေကား ကျွန်တော့်အမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သည် ။ ရွယ်တူလည်း ဖြစ်ကြသည် ။ သူတို့ငယ်ငယ်က ဘုတလင်မှာ အတူနေကြရာ  ညီအမချင်း ရန်ဖြစ်သေးသည် ။ သူတို့နှစ်ဦးကား ရန်တခါမှမဖြစ်ဖူးကြဟု ဆိုပေသည် ။ ကျွန်တော်မမွေးခင် မအုန်းမေ ပေါင်းဝသို့ ပြောင်းသွားလေသည် ။ ကျွန်တော် စကားပီ ၊ နားလည်တတ်သော အရွယ်ရောက်ကတည်းက အမေက သူ့သူငယ်ချင်းအကြောင်း ကျွန်တော့် သညာမှာ သံမှို နှက်ပေးထားလေသည် ။ ပေါင်းဝမှာ “ မမအုန်း " ရှိတယ်ဟု မမြင်ဘူးသော ဒေါ်အုန်းမေအား မှန်းပြီး ကျွန်တော်လွမ်းတတ်အောင် လုပ်ထားသည် ။

တော်တော် ကြီး၍ မမအုန်းနှင့် တွေရပြန်တော့လည်း တကယ်ပင် ဆွေမျိုးသားချင်း အရင်းခေါက်ခေါက် ရင်ခွင်ထဲ ရောက်ရသလိုပင် ဖြစ်လေသည် ။ ခုတခေါက် တွေ့ရသော မမအုန်း ။ ကျွန်တော့်အမေသာ ရှိသေးလျှင် သူလိုပင် နေပေမည် ။ မျက်တွင်းက ဟောက်နေပြီ ။ နဖူးရေ တွန့်နေပြီ ။ ဆံပင်တွေက နက်ရာမှ ကြောင် ၊ ကြောင်ရာမှ ဖြူနေပေပြီ ။ သိုသော် ကျွန်တော့်အပေါ်သို့ ထွန်းပပေးလိုက်သော အပြုံး ကား လန်းဆန်းတုန်းပါတကား ။ အားကောင်းတုန်းပါတကား ။ အမေ့အပြုံး လိုပါဘဲကလား ။

မမအုန်းသည် ကျွန်တော့်အမေကဲ့သိုပင် ကျွန်တော် ဘာ စားတတ်သည် ။ကျွန်တော် ဘာဝတ်တတ်သည်ကို သိပြီး ဖြစ်၏ ။
အညာမပြန်သဖြင့် ဝေးနေရာ အညာစာများမှ ကျွန်တော်အား ဘာကျွေးရမည်ကို စဉ်းစားပြီး ဖြစ်၏ ။

ဆူးပုပ်ရွက်နှင့် ဟင်းချိုရွက်ကို ကြော်ချက် ၊ မန်ကျည်းရွက်ချဉ်ရေ ၊ လွန်ဆံတွင်းပိုးနှင့် လဖက်စသည်တို့ကို စီစဉ်ထားလေသည် ။

ည ကျွန်တော်အိပ်ရာဝင်သောအခါ တဖက်ခန်းတွင် မမအုန်းသည် မြေးများကို သိပ်လျက် နေ၏ ။ ဦးအေးမောင်ကား အိမ်ရှေ့မှာ ဘုရားရှိခိုး ရွတ်နေ၏ ။ ကလေးတွေက ချေးများနေသည် ။ မမအုန်းက ချော့ နေသည် ။ ကျွန်တော့် အမေသာ ရှိသေးလျှင်လဲ မမအုန်းကဲ့သို့ပင် သူမြေးများကို ချော့၍ သိပ်ပေလိမ့်မည် ။ အတန်ကြာ မမအုန်း ကျွန်တော့်အခန်းထဲ ဝင်လာပြီးတော့ ကျွန်တော့်အနီးမှာ ထိုင်သည် ။

“ မင်းမှာ သွားလိုက်ရတာ ညောင်းနေမှာဘဲနော် ”

“ ကျွန်တော်က အကျင့်ရနေပါပြီ ။ ရန်ကုန်လဲ ဒီလိုပါဘဲ ။ လမ်း အများသား ”

မမအုန်းက ကျွန်တော့်အား အမြဲ သတိရပုံ ပြောသည် ။ သည်ကနေပြီး သူ့သူငယ်ချင်း ကျွန်တော့်အမေကို သတိရပုံပြောသည် ။ ငယ်ငယ်တုန်းက သူနှင့် သူသူငယ်ချင်း အတူ ကစား အတူသွား အတူစားကြပုံများ မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့သလိုလို လေသံမျိုးဖြင့် နောက်ကြောင်း ပြန်နေသည် ။

“ ဒို့နှစ်ယောက်က ငယ်ငယ်တုန်းကတဲက ဆင်တူ ဝတ်လေ့ရှိတယ်ကွယ့် ။ ဒို့နှစ်ယောက် ရန်ကုန် မင်းဆီ လာလည်ကြတော့လေ ၊ မင်းမိတ်ဆွေတယောက်က မင်းအမေကို ပိုးလုံချည်တထည် လက်ဆောင် ပေးတယ် မဟုတ်လား ။ မင်းအမေက “ မအုန်းရယ် ငယ်ငယ်တုန်းကလို ဆင်တူ ဝတ်ချင်တယ်ဆိုတာနဲ့ စ‌ေကာ့ဈေး
ထဲမှာ သူ လက်ဆောင် ရထားတဲ့ လုံချည်နဲ့ တဆင်တဲ လိုက်ဝယ်ရသေးတယ် ။ အညာကို ပြန်ရောက်ရင် ဆင်တူ ဝတ်ကြမယ်လိုပေါ့လေ ။ ကွယ် ၊ ပြန်လဲရောက်ရော ၊ မမြင့်လဲ ဆုံးရှာရော ။ လုံချည်  ဆင်တူ ဝတ်မသွားရဘူး ။ ငါလဲ စိတ်မကောင်းတာနဲ့ အဲဒီ လုံချည်ကို နေရထိုင် လုပ်လှူလိုက်တယ် ”

ကျွန်တော်ကား သူတို့နှစ်ယောက်၏ သူငယ်ချင်းအချစ်တွင် ကြည်နူးရင်း ကျွန်တော်၏ မိခင်အချစ်ကို လွမ်းနေသည် ။ သို့သော် ကျွန်တော် ရင်မဆို့ မျက်ရည်မစို့ ။ မမအုန်းလည်း ရင်ဆို့ဟန် မရှိ ။ မျက်ရည်စို့ မစို့ ကိုကား ကောင်းစွာ မမြင်နိုင်ပါ ။ မီးရောင် မှုန်တိမှုန်မွှား တွင် ကြည်လင်ပြတ်သားသော မမအုန်း၏
အသံကို ကြားနေရသည် ။

“ ငါ့တူ အိပ်ချင်ပြီလား ”

“ အိပ်ချင်သေးပါဘူး ”

“ ကွာ ၊ တခါတလေမှ ငါ့သူငယ်ချင်းအကြောင်း ပြောရတာ ”

မမအုန်းမို့လို့ သည်လောက် မှတ်မိသည် ။ ကျွန်တော်တောင် ဒီလောက် မမှတ်မိ ။ ကျွန်တော်တို့အမေ၏ နားထွင်းမင်္ဂလာ မှသည် လက်ထပ်မင်္ဂလာသို့ ရောက်သွားလေသည် ။

“ အပျိုတောင် ကောင်းကောင်း မလုပ်လိုက်ရပါဘူးကွာ ။ မင်းအမေ ၁၄ နှစ်ကျော်ကျော် ၁၅ နှစ်အဝင်မှာ ကိုဘက ကြိုက်လှချည်ရဲ့ဆိုတော့ မင်းအဖိုး ဦးပေါက်ကြိုင်းက ပေးစား ပစ်လိုက်တာဘဲ ။ ဦးပေါက်ကြိုင်းက ငယ်ငတ်ရွယ်ရွယ်နဲ့ ပေးစား လိုက်တာကလဲ မင်းအမေရဲ့ အမ မဆင့်ကိစ္စကြောင့်ဘဲ ကွယ့် ”

ဦးပေါက်ကြိုင်းတွင် သမီးသုံးယောက်နှင့် သား တယောက်ရှိရာ သားမှာ အငယ်ဆုံး ဖြစ်သည် ။ သမီး အကြီးဆုံး မတင့် ၊ သမီးအလတ် မဆင့် နှင့် သမီး အငယ် မမြင့် ။ မဆင့်မှာ ညီအမထဲတွင် အချောဆုံး ဖြစ်ရုံမက ဘုတလင်မှာလည်း အချောဆုံး ဖြစ်လေသည် ။ ဘုတလင် ၏ ကွမ်းတောင်ကိုင် မဆင့် ဖြစ်သည် ။ လူချော လူလှ တယောက်ဖြစ်သူ ကိုထွန်းဦး ဆိုတာနဲ့ ချစ်ကြိုက်ကြသည် ။ နှစ်ဦးနှစ်ဖက် မိဘများက သဘောမတူဘူးဆိုသော စကားအရိပ်အငွေ့ကို ကြားသဖြင့် ချစ်သူ နှစ်ဦးသည် အဆိပ်
သောက်လိုက်ကြလေသည် ။

ကိုထွန်းဦးက အရင် သေသည် ။ မဆင့်မှာ သုံးရက်လုံးလုံး ဒုက္ခ ခံနေရပြီး ကိုထွန်းဦး၏ မသာချသွားသံ ကြားရင်း သေသွားလေသည် ။ မဆင့်၏မိခင် ကျွန်တော်တို့အဖွားမှာ သွေးပျက်သွားပြီး သေသည်အထိ စိတ်မကောင်းတော့ချေ ။

ဤအဖြစ်အပျက်ကို ငယ်ငယ်က မကြာခဏ ကြားဘူး၏ ။ မမအုန်း ပြောပြတော့ ရုပ်ရှင်ကား ကြည့်နေရသလို ထင်မြင်လာသည် ။ ပိုလွမ်းစရာ ကောင်းလေသည် ။

“ ဒါကြောင့် မမြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျရှာတာကွယ့် ။ မမြင့် ယောက်ကျားယူရတော့မယ်ဆိုတော့ နှစ်ယောက် ဖက်ငိုလိုက်ကြတာ ။ မမြင့်က ငါ့ကို သူ့ ယောက်ကျားထက် ပိုချစ်ပါမယ်လို့ ကတိပေးတော့ ငါက ကျေနပ်တော့တယ်ကွ ။ ငယ်တုန်းကတော့ မိုက်ကြတာပေါ့လေ ။ လင်လုပ်သူထက် ငယ်သူငယ်ချင်းကို ပိုချစ်ရမယ်ဆိုတာ သဘာဝမှ မဟုတ်ဘဲလားကွ ”

မမအုန်းသည် အတန်ကြာ စကားမပြောဘဲ ငေးနေသည် ။ နောက် ကျွန်တော့်အမေအား အဖေက ပထမဆုံးအကြိမ် ရိုက်ပုံကို ပြောပြလေသည် ။ အမေနှင့် မမအုန်း ကစားနေကြသည် ။ ကိုဘ ( ကျွန်တော့်အဖေ ) က မြင်းစီးကြိမ်ကလေးကိုင်ပြီး လမ်းရှောက်လာသည် ။ ကစားနေသော အမေအား ကိုဘက ခေါ်သွားသည် ။ အိမ်ရောက်တော့ မြင်းစီးကြိမ်နှင့် အမေ့အား ရိုက်လေ၏ ။

“ အေးပေါ့လေ ၊ ယောက်ကျားရပြီဆိုတော့ ကစားနေလို့ ဘယ် တင့်တယ်တော့မှာလဲ ။ အဲဒီတုန်းကစပြီး ဒို့နှစ်ယောက်လဲ မကစားရတော့ပါဘူး ။ မင်းအမေကို ကိုဘက ရိုက်ပုံကို မင်းအမေက ငိုပြီးပြောပြတယ် ”

“ကျွန်တော်တို့ တော်တော်ကြီး‌ေတာ့လဲ အဖေက အမေ့ကို ရိုက်တုန်းဘဲ ။တခါတုန်းက သတိရသေးတယ် ။အဖေက ခပ်မူးမူးနဲ့ အမေ့ကိုရိုက်ပြီး ထွက်သွားတော့ အမေဟာ အထုပ်အပိုးကလေးတွေ ပြင်နေတယ် ။ မမအုန်းရှိတဲ့ ပေါင်းဝကို လိုက်သွားမလို့တဲ့ ။ ကျွန်တော်လဲ လိုက်ဖို့ပြင်ရတယ် ။ အဖေက အမူးပြေလို့ ချော့
တော့လဲ မလိုက်ဖြစ်ကြပါဘူး ”

မမအုန်းသည် ကျွန်တော့်အား ခြင် ထောင် ချပေးပြီး ထွက်သွားလေသည် ။

နောက်တညတော့ အမေ့အမ မတင့်၏ သား အကိုဝမ်းကွဲ ကိုဘထွန်းအိမ်မှာ ညအိပ်ရသည် ။ကိုဘထွန်းကား အပ်ချုပ်ဆရာ ဖြစ်သည် ။ ကွန်မြူနစ်နှင့် ရဲဘော် တိုက်ကြတုန်းက ရွာမှ မြို့သို့ ပြောင်းပြေးခဲ့ရသည် ။ သူအား ကွန်မြူနစ်က ရဲဘော်ထင်သည် ။ ရဲဘော်က ကွန်မြူနစ်ထင်သည်။ မုံရွာရောက်တော့ မုန့်ဟင်းခါး ရောင်းရာ စီးပွားဖြစ်နေသည် ။ အပ်ချုပ်လုပ်ငန်းကိုလည်း မစွန့် ။ တဦးတည်းသော သမီးအား ရန်ကုန်တက္ကသိုလ်သို့ တလ တရာ အကုန်ခံ၍ ပို့ရန် အားခဲနေသည် ။ ကျွန်တော်က မုံရွာက ကျောင်းသားသည် မန္တလေးမှာသာ နေသင့်ကြောင်း ပြောသော်လည်း သဘောမပေါက် ။ ကိုဘထွန်းနှင့်တကွသော  မုံရွာ ၊ ဘုတလင် မိဘများသည် သားသမီးကို ရန်ကုန်ပို့ရမှ အားရကျေနပ်ဟန် ရှိသည် ။

ကိုဘထွန်း၏ဇနီး မငွေရီက ကျွန်တော့်အား အညာ ဟင်းထမင်းချက်၍ ကျွေးသည် ။ ခရမ်းသီးခြောက် ၊ ငရုတ်သီးချက် ၊ ပဲပြုတ်ကြော် ၊ မန်ကျည်းရွက်သုပ် ။ မြိန်လိုက်သည့်ဖြစ်ခြင်း ။ ကြက်သားဟင်းကိုပင် မတို့မိ ။ မြူစွမ်ဟင်းချိုကို ရင်ချောင် ကျသွားရုံသာ သောက်ချလေသည် ။

“ ခရမ်းသီးခြောက်ကို ရန်ကုန်မှာလဲ ချက်စမ်းကြည့်တာဘဲ ။ ဒီလိုကို အရသာမတွေ့ဘူး ။ မငွေရီက အချက်ကောင်းလို့နဲ့ တူပါရဲ့”

မငွေရီက ပြုံးလျက်

“ အချက်ကတော့ သူလို ငါလိုပါဘဲ မောင် ။ ဆီက ကောင်းလို့ပါ ”

မငွေရီ၏ မျက်ခမ်းစပ်ကို အထူးသတိပြုလိုက် မိသည် ။ ကိုဘထွန်းနှင့် မညားမီက မငွေရီသည် မျက်ခမ်းမစပ် ။

“ ကိုဘထွန်းနှင့်ညားပြီးကတဲက မျက်ခမ်းစပ်ဟာ ခုထိတောင် မပျောက်သေးဘူးနော် ”

မငွေရီက တဟဲဟဲရယ်နေစဉ် ကိုဘထွန်းက ဝင်လျက်

“ ဟေ့ကောင် ၊ ငါ့မိန်းမက မျက်ခမ်းစပ်ပေမယ့် မင်းမိန်းမ ဖျာပုံသူ ပိန်ခြောက်ကလေးထက် ချောတယ်ကွ ”

တဟားဟား တဝါးဝါး ရယ်ကြရသည် ။

ကိုဘထွန်းအိမ်မှာ အိပ်သောညတွင် မုံရွာရောက်နေသော ဘုတလင်သားများ မောင်းမခတ်ရဘဲ ရောက်လာကြသည် ။ ကိုဖိုးရံု ။အသံပြာပြာနှင့် စွာလှသော မစိုးမယ်၏သား ။ ယခု ပွဲစားကြီး ဦးဖိုးရုံ ။ ကိုချစ်မောင် ၊ “ ဘုတလင် ချစ်လေး” ကလောင် အမည်ခံသည့် ကျောင်းဆရာ ကိုချစ်မောင် ။ အရပ်ရှည်ရှည် ၊ အသားညိုညို ၊ မျက် မှန်ဝင်းဝင်း ၊ မျက်ခုန်းထူထူ ၊ မျက်နှာပေး ခပ်ပြုံးပြုံး ။ အခြား ကိုချစ်မောင် တယောက်ကတော့ အသားဖြူဖြူ ၊ အရပ်မနိမ့်မမြင့် ၊ နှုတ်ခမ်းနီနီ ၊ နဖူးရှင်းရှင်း ၊ မျက် မှန်ဝင်းဝင်းနှင့် လူချောလူသန့်တယောက် ဖြစ်သည် ။ သူရုပ်သွင်တွင် အညာသားလက္ခဏာ တကွက် မှ မတွေ့ရ ။ ဘယ်သူသားပါ ။ ကျွန်တော့်အိမ်နီးနားချင်းပါဟု အတိတ်ကိုဆောင်ကာ ပြောသဖြင့် ငယ်ရုပ်ကိုဖမ်းကြည့်သည် ။ ဖမ်း၍ မရ ။ ယခု ထို ကိုချစ်မောင်ကား ပညာအုပ်မင်း ဖြစ်နေသည် ။ သူ ရောက် ရောက်ချင်း
ကိုဘထွန်းက

“ ဟေ့ ၊ ပညာအုပ်မင်း ၊ မင်းမျက် မှန်က အသစ်လား ” ဟု မေးလေသည် ။ မကြာသေးမီက မြင်းမူ နှင့် မုံရွာကြား တွင် ဘတ်စ်ကားကို ဒမြတိုက်ရာ ကိုချစ်မောင်မှာ မျက် မှန်ပါ ပါသွားလေသည် ။

နောက်တယောက် မှာ အလုံမြို့ နိုင်ငံတော်အစိုးရ ကျောင်းအုပ်ကြီး ကိုသန်းဖေ ဖြစ်သည် ။ အရပ် ခပ်ပျပ်ပျပ်နှင့် ခါးချည့်သည် ။ သူ လာသောအခါ ကိုဘထွန်းက သွားခေါကြီး ဖြီး ပြလျက်

“ ဟေ့ ၊ ရဲသန်းဖေ ၊ မျက် မှန် ပြန်ရပြီလား ”

ကျွန်တော်မှ တပါး အားလုံးက ဝါးကနဲ ရယ်ကြသည် ။ သူ့ မျက် မှန် ရာဇဝင်ကို ကျွန်တော် မသိသေး ။ ကိုဘထွန်းက ရှင်းပြသည် ။ ကိုသန်းဖေတွင် မိန်းမ နှစ်ယောက်ရှိသည် ။ မိန်းမငယ်က သူမထံ မလာသဖြင့် သူအား ကွန်ဘိုင်းဆွဲခေါ်သွားပြီး  နောက်ထပ်မလာဘဲ မနေနိုင်အောင် မျက် မှန်ကို ဖြုတ်ယူထားလိုက်လေသည် ။

“ ကွန်ဘိုင်းဆွဲတယ်ဆိုတာက ဘာလဲဗျ ”

“ အစိုးရက သူပုန်နယ်မြေ သွားတဲ့အခါမှာ ပုလိပ်ရော ၊ စပ်တပ်ရော ၊ အရာရှိရော ကွန်ဘိုင်းဆွဲခေါ်သွားတယ်မဟုတ်လား ။ ဆွဲခေါ်သွားတာမှန်သမျှ ဒို့ဆီမှာ ကွန်ဘိုင်း ဆွဲတယ်လို့ဘဲ ဝေါဟာရသစ်နဲ့ ခေါ်တယ် ”

နောက်တယောက်ကတော့ မုံရွာမြို့တွင် “ မင်္ဂလာ ” ဟု ခေါ်သော အကြီးဆုံးဓာတ်ပုံ စတူဒီယိုပိုင်ရှင် ဓာတ်ပုံဆရာ ကိုထွန်းလူ ဖြစ်လေသည် ။

နောက်တယောက် မှာ ဈေးတန်းက ဦးဘသစ်သား မောင်ချင်းစိန် ဖြစ်သည် ။ အဖေလုပ်သူက မောင်ချင်းစိန်နှင့် ညီကို ရန်ကုန်တက္ကသိုလ်သို့ ပို့၏ ။ နှစ်ယောက်လုံး ရုပ်ရှင်လုပ်ငန်းတွင် ဝါသနာပါပြီး ရွှေညာမောင့်ထံတွင် တပည့်ခံနေကြ၏ ။ မောင်ချင်းစိန်ကို သူ့အဖေက ကျောင်းထုတ် ထားလိုက်ရ၏ ။ သူ့ညီကား ကျောင်းလည်းတက် ၊ ရွှေညာမောင်၏ အကူအညီလည်း လုပ်လျက် ရှိသည်ဆို၏ ။ ဦးဘသစ်ပါ သူသမီး အငယ်မကလေးနှင့် ရောက်လာပြန်သည် ။ မောင်ချင်းစိန်တို့ စာမှာ စိတ်မဝင်စားကြောင်းညည်းညူသည် ။

ကျွန်တော်က

“ အေးဗျာ ၊ သူတို့ ဝါသနာပါတာ လုပ်ပေစေပေါ့ ”

လူအတော်များသောအခါ မငွေရီက ပဲလှော်‌ေကြာ်သုပ်နှင့် ဇီးယိုများ ချကျွေးသည် ။ လဖက်ရည်ကြမ်းဝိုင်းကြီး ဖွဲ့ကြကြသည် ။ ပဲလှော်ကြော်က ရွလှ ဆိမ့်လှသည် ။ ဇီးယိုက ချိုချိုချဉ်ချဉ်နှင့် မြိန်လှသည် ။ စကားဝိုင်းကလည်း ကောင်းလှ၏ ။ နယ်အခြေအနေ ၊
သူပုန်အခြေအနေ ၊ အစိုးရအခြေအနေ ။ ဘုတလင် ရှေးဟောင်း နှောင်းဖြစ် စုံနေတော့သည် ။

“ ရွာရောက်တော့ ဒိထက် ပို သိရမှာပေါ့ကွာ ”

နောက်နေ့တွင် အစောကြီး ဘတ်စ်ကားနှင့် ဘုတလင်သို့ ထွက်ခဲ့လေသည် ။

ဧပြီ ၉ ရက် ။

သင်္ကြန်အခါတော် နီးလေပြီ ။

မုံရွာ ၊ ဘုတလင်သွား ဘတ်စ်ကားမှာ ကျွန်တော်တို့ငယ်ငယ်က စီးနေကျ ဘတ်စ်ကားများထက်ပင် အမြင်စုတ်နေလေသည် ။ အကာမပါ ။ စက်ခေါင်းတွင် အဖုံးမရှိ ။ မည်မျှပင် စုတ်ပြတ်စုတ်ပြတ် ၊ စက်ခေါင်းမှာတော့ အဖုံးရှိထိုက်သည်မဟုတ်ပါလား ။ စုံစမ်းကြည့်သောအခါ တမင်စုတ်ပြတ်အောင် ထားခြင်းဖြစ်သည် ။ တမင်စက်ခေါင်းအဖုံး ဖြုတ်ထားခြင်းဖြစ်သည်ဟု သိရပေသည် ။ စက်ခေါင်းအဖုံးနှင့် ဘာနှင့် သပ်သပ်ရပ်ရပ်ဆိုလျင် အာဏာပိုင်တို့က စစ်မြေပြင်သို့ ချောဆွဲသွားမည်ကို စိုးရသည်ဟု ဆိုလေသည် ။ ဟုတ်လောက်ပါ၏ ။ နယ်ကား ရန်ကုန်မဟုတ် ။ စစ်မြေပြင်၏ အရေးကို လူတိုင်းက ဦးစားပေးကြရသည် ။

ဘတ်စ်ကား စပယ်ရာမှာ ကျွန်တော့်ဝမ်းကွဲအကို ကိုချစ်ပို၏ သား ၊ ကျွန်တော့် တူတော်မောင်တယောက် ဖြစ်နေကြောင်း ပြောပြမှ သိရလေသည် ။

မုံရွာမှ အလုံအထိ တော်တော်ပင် သာယာစိုပြေလေသည် ။ အလုံကို ကျော်လွန်သည်ဆိုလျှင်ပင် များစွာပျက်ပြားဆုတ်ယုတ်နေခြင်းကို သရုပ်ဖော်နေသည့် ကျေးရွာများကို တွေ့ရတော့သည် ။ အိမ်ရာကွက် များ ၊ တဲပုတ်အိမ်ငယ်များ ၊ ထမ်းရွက် မိုး ၊ သက်ကယ်မိုး ၊ နွားတင်းကုပ်ပျက် ၊ ဆီဆုံပျက် ။ အားလုံးအပေါ်တွင်မွဲခြောက်ခြောက် အရောင်အဆင်းက လွှမ်းခြုံနေပေ၏ ။တနေရာ၌ တရွာလုံး အိမ်နေရာလွတ်များသာ တွေရတော့၏။ ဘယ်ရွာဖြစ်ခဲ့၍ ဘယ်တုန်းက ပျက်ခဲ့သည်ကို ကျွန်တော်မသိ ။ အဖော်များသည်လည်း မမှတ်မိကြ ။

ဤနည်းနှင်နှင် ဤရှုမြင်ကွင်းမျိုးသာ မြင်တွေလျက် ။ ပြီး ဖန်ခါးကျင်း ၊ ထနောင်းကုန်း ၊ ရုံလှေးကုန်း ၊ ဆုံကုန်း ၊ သားရိုးကုန်း ၊ ကျီးပင်ချောင် စသည်ဖြင့် တရွာပြီးတရွာ ဘတ်စ်ကားကြီးက ရုန်းကန် ကျော်ဖြတ်လာလေသည် ။ ရွာတိုင်းရွာတိုင်းတွင် ဘတ်စ်ကားစောင့်နေသော လူအုပ်များကို တွေ့ရသည် ။စစ်မဖြစ်မီက မီးရထားဘူတာမှာ တွေ့ရတတ်သော လူအုပ်များနှင့် တူပေသည် ။ ယခုတော့ မီးရထားလမ်း မရှိတော့၍ ဘတ်စ်ကားဆိပ်မှာ မော့နေကြသည် ။

ကျီးပင်ချောင်ရွာကား ပေတရာလမ်းနှင့် ဝေးသည် ။ပေတရာလမ်း‌ေပါ်မှာဘုန်းကြီးကျောင်းနှင့် ပြောင်းရိုးစဉ်းစက် များ ရှိလေသည် ။ရှေးကလည်း သည်အတိုင်းပင် ဘုန်းကြီးကျောင်းမှာ ပြင်ဆင်ထားသည် ။ မာရဘင်ပြာသာဒ် အဆောင် နှင့် ထီးများကို ဆေးရောင်ခြယ်ထားရာခြောက်သွေ့သော ပတ်ဝန်းကျင်တွင် ထူးထူးခြားခြား ပေါ်လွင်နေပေသည် ။ ငယ်ငယ်က ကျီးပင်ချောင် ဘုန်းကြီးကျောင်းမှာ တွေလေ့ရှိသော ပန်းချီဆရာ ကိုဘမိုးအား ပြေး၍ သတိရမိ၏ ။

ခရီးသွားဖော်ဖြစ်သော ကိုဘထွန်း ၊ ကိုသန်းဖေနှင့် ကိုချစ်မောင် ( ဘုတလင် ချစ်လေး ) တို့က လမ်းမှာ ရာဇဝင်တွင်မည့် နေရာများကို ပြသွားကြသည် ။ ဟောဒီနေရာမှာ အစိုးရနဲ့ သူပုန်တွေ တိုက်ကြသည် ။ ဟောဒီနေရာမှာ ရဲဘော်နဲ့ ကော်မြူနစ်တိုက်ကြသည် ။ ဟောဒီ တင့်ကားပျက်ကြီးထဲမှာ ဒမြတွေအောင်းပြီး လမ်းမှ ဆီးတိုက်လေ့ရှိသည် ။

ဘုတလင် အဝင်လမ်းကား အနည်းငယ် စိုပြည်သည် ။ လမ်းဘေး တာကျင်းများမှာ ရေတင်နေသည် ။ ချုံပုတ်ကလေးတွေက ရွက်သစ်ဝေလျက် ။တမာပင်တွေက စိမ်းဖန့်ဖန့် ရွက်နုများ ၊ ဖြူဝါဝါ အပွင့်များဖြင့် ဝေဆာနေသည် ။ တမာပွင့်က သင်းလှသည် ။ ဘော့လုံးကွင်း ။ ပြီးတော့ နိုင်ငံတော်အစိုးရ အထက်တန်းကျောင်း ။ ရှေးတုန်းက ဗိုလ်တဲနေရာဖြစ်သည် ။ကျောင်းသား ဂ၀၀ ကျော် ရှိသည်ဟု သိရ၏ ။ ကျွန်တော်တို့ ငယ်ငယ်က အင်းဂလိပ်မြန်မာ အတန်းပညာသင်ကြားလိုလျှင် မုံရွာသွားသင်ကြရ၏ ။

မျက်နှာချင်းဆိုင်တွင် မြို့အုပ်မင်း၏ရုံး ။ မြို့အုပ်ရုံးလွန်တော့ ဘတ်စ်ကားသည် ဘယ်ဘက်ကွေ့သည် ။ ထိုကွေ့အနီးတွင်
ဆေးရုံကြီး ဆောက်ထားခဲ့သည် ။ယခု ထိုဆေးရုံကြီး မရှိတော့ပြီ ။ ကွန်မြူနစ်များက မီးရှို့ သွားသည် ။ ရပ်ကွက်လူကြီးတွေက ဝိုင်းတောင်းပန်တာတောင် မရဟု ပြောကြလေသည် ။ အစိုးရ လုပ်ထားတာမှန်သမျှ ဖျက်ဆီးပစ်မှ ပြတ်သားသော တော်လှန်ရေးလမ်းစဉ်ဖြစ်သည်ဟူသော သဘော၏ ယုတ္တိအဆုံးပေလော ။

ဈေးတန်းရပ်ကွက်သို့ ဝင်ခဲ့ကြလေပြီ ။ ငယ်ငယ်တုန်းက မျက်စိနှင့်ကြည့်သော် အတော်ကျယ်သော လမ်းကြီး ဖြစ်ခဲ့၏ ။ ယခုမူ ကျဉ်းနေသည်ဟု ထင်သည် ။ဘတ်စ်ကားသည် ဟွန်းကိုနာနာ နှိပ်၏ ။ လှည်းနှင့် အခြားယာဉ်များ ရှောင်ကွင်းနိုင်ရန် အသံပေးခြင်းလည်း ဖြစ်မည် ။ အကြိုအဆိုများ စုဝေးလာရန်ခေါ်ခြင်းလည်း ဖြစ်မည် ။ ရှေးက ဤလမ်းမှာအိမ်ကြီးအိမ်ကောင်း ပေါ၏ ။ တိုက် များလည်း ရှိ၏ ။ ယခု အိမ်ကြီးအိမ်ကောင်းများ နေရာတွင် အိမ်ငယ်များ ဆောက်ထားကြသည် ။ မီးလောင်ထားသော တိုက်ပျက် များကိုကား မပြင်နိုင်ကြ ။ ဂျပန် ရှို့ သွားသောမီး ဖြစ်သည်ဟု သိရသည် ။

ဘတ်စ်ကားသည် ဈေးတန်းရပ် လဖက်ရည်ဆိုင် တဆိုင်မှာ ဆိုက်လေသည် ။ ခရီးသည်အားလုံးသည် နေရာမှ ဆင်းကြရ၏ ။

ဘတ်စ်ကားမှ ဆင်းပြီးလျှင်ပြီးချင်း လဖက်ရည်ဆိုင်ထဲသို့ ဝင်သွားရာ ကက်ဝိုင်းတဝိုင်းကို တေွ့ရသည် ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘတ်စ်ကားမောင်းသော ကိုချစ်ပိုအား ကက်ဝိုင်းမှာ တွေ့ရလေသည် ။ ရှေးကလိုပင် ရောင်ကြီးဗွေနှင့် ဖြစ်သည် ။ ရှေးကလို မဝသူသည် ကက် မှာ များစွာ စိတ်ဝင်စားနေသည် ။

ကျွန်တော်က နှုတ်ဆက်သောအခါ “ ဘယ်တုန်းက မုံရွာရောက်သလဲ ” မေးပြီး ကက်ဆွဲမြဲ ဆွဲနေလေသည် ။

သူငယ်ချင်း ကိုလူခင်က လဖက်ရည်သောက်ဖို့ ခေါ်သည် ။ သူ့ ဒုတိယဇနီး မသိန်းတင်ကား ငယ်ငယ်ကလို နွဲ့နောင်းမှုနှင့် ချိုပြုံး မှုများ မရှိတော့ချေ ။ဇရာ၏လက္ခဏာများ ဝင်ရောက်နေလေပြီ ။

ကျွန်တော်က ကိုလူခင်အား

“ မသိန်းတင်‌ေကာ ဆရာမ လုပ်တုန်းဘဲလား ”

“ အေး ၊ လုပ်တုန်းဘဲကွ ”

မသိန်းတင် ဆရာမ လုပ်သောနေရာမှာ ဘုတလင်မှ တတိုင်ခန့် ဝေးသည့် ရွာတရွာမှာ ဖြစ်သည် ။ သီးပင်အိုင်လော ၊ ကျောက်အိုးလော ။ မမှတ်မိ ။

သူငယ်ချင်း အပ်ချုပ်ဆရာ ကိုသူတော်ကိုလည်း ဝင်၍ နှုတ်ဆက်လိုက်ရသေးသည် ။ သူသည် ပဲဖိုလည်း ထောင်ထားသည် ။ ကိုသူတော်မှာ ငယ်ငယ်က သွားချေးထူသဖြင့် သွားများမှာကျောက်စိမ်းရောင် ထနေသည် ။ ယခုတော့ ဖြူဖွေးသော သွားကလေးများပေါ်အောင် ပြုံး၍ ဆီးကြိုလေသည် ။

သူငယ်ချင်းများ လဖက်ရည်တိုက်သည်ကိုလည်း မသောက်နိုင် ။ ပဲလှော်ကျွေးသည်ကိုလည်း မစားနိုင် ။ အရှေ့ပိုင်း ကုန်းသာအရပ်သို့ အရောက်သွားရဦးမည် ။

ရန်အောင်မြင် ဘုရားကြီး ။ ငယ်ငယ်က ဘုရားကြီးကို မော်ဖူးရစဉ် ကမ္ဘာမှာ အကြီးဆုံးစေတီကြီးဟု ထင်ခဲ့သည် ။ထီးတော်မှာ မိုးထိနေသည်ဟု အောက် မေ့ခဲ့သည် ။ သင်းကြန် ကျသောအခါ သိကြားမင်းကြီးသည် ရန်အောင်မြင်ဘုရားသို့ အဖူးရောက်သည်ဟု ယုံကြည်ခဲ့လေသည် ။ ခုတော့ လူကလည်း ကြီးပြီ ။ မျက်စိကလည်း ကြီးပြီ ။ နေ့စဉ်လိုလို ရွှေတိဂုံစေတီကိုလည်း မြင်နေရသည် ။ ကျွန်တော့်စိတ်ထဲမှာ ရန်အောင်မြင် စေတီသည် သေးငယ်နေပေပြီ ။သိကြားမင်းကြီး ရန်အောင်မြင်ဘုရားသို့ အဖူးရောက်လာသည်ဟု ယုံကြည်ခဲ့သော ကိုယ့်ကလေးဘဝကို ပြုံးနေမိသည် ။

ရန်အောင်မြင်စေတီ ကန်မကြီးနှင့် ကျွန်တော်တို့ အိမ်ဝင်းကြားတွင် ဇရပ်တဆောင်ရှိသည် ။ လက်တစ်‌ေပွ့မျှ တုတ်သော ကျွန်းတိုင်ကြီးများမှာ ဟောင်းမြင်းသောအသွင် ရှိသော်လည်း ဘယ်တော့မှ ပျက်နိုင်စရာမရှိ ။ယခု ထိုဇရပ်ကို မတွေ့ရတော့ချေ ။ ထိုဇရပ်ပေါ်မှာ အရပ်ဇာတ်ပွဲကသည်ကို ကြည့်ခဲ့ရဘူးသည် ။ ကျွန်တော်သည် ဒို့ဗမာအစည်းအရုံးထဲ ဝင်ပြီးနောက် ထိုဇရပ်မှာ တရားဟောဘူးသည် ။

ကျွန်တော်တို့ အိမ်ဝင်းသို့ဝင်ကြသည် ။ စစ်အတွင်း မီးလောင်ငုတ်မှ ပြန်ထွက်လာကြသော သစ်ပင်များပင် အတော်ကြီးနေပြီ ။ အုန်းပင် ၊ မာလကာပင် ၊ ငှက်ပျောပင် ၊ ဇောင်းလျားပင် ။ အိမ်ငယ်ကလေးတလုံးလည်း ဆောက်ထား၏ ။ ထိုအိမ်ငယ်မှာ ဗိန္ဓောဆေးဆရာတယောက် အငှားနေလေသည် ။ အပျိုတွေ ရေခပ်လာလေ့ရှိသည့် ရေတွင်းကလေးကား မရှိတော့ပြီ ။ကျွန်တော် နွေရာသီ ကျောင်းပိတ်၍ အိမ်ပြန်လာလျင် ရွာက လူငယ်အချို့အား အင်းဂလိပ်စာသင်ပေးရာ အရိပ်အာဝါသတွေလည်း မရှိတော့ပြီ ။ အသက် ၂၀ ကျော်ခါစက တိုက်ဖွိုက်ဖြစ်လေရာ မိခင်က ရင်ခွင်ထဲမှာ ယုယထား၍ ရင်ငွေဖြင့် အဖျားဝေဒနာမှာ သက်သာစေခဲ့ရာနေရာ အိမ်ငယ်ကလေးလည်း မရှိတော့ပြီ ။တခါက ကျွန်တော်သည် ထိုဝင်းခြံကလေးကို “ စိမ်းရောင်စို ” ဟု နာမည်ပေးခဲ့ဘူး၏ ။

ကျွန်တော်တို့ ခြံဝင်းမှ ထွက်ခဲ့ရာ လူတိုင်းက ထွက်နှုတ်ဆက်ကြလေသည် ။ကျွန်တော် ဘုတလင်သို့ ပြန်ရောက်လာသတဲ့ ဟူသော သတင်းသည် ကျွန်တော့်‌ေရှ့က ပြေးနေပေသည် ။အိမ်နားနီးချင်းများ ၊ ဆွေမျိုးသားချင်းများ ၊ သူငယ်ချင်းများ ။ နာမည်မှတ်မိသူလည်း ရှိ၏ ။ နာမည် မမှတ်မိသူတွေလည်း ရှိ၏ ။ သို့သော် နာမည်မှတ်မိသည် ၊ မမှတ်မိသည်မှာ ပဓာနမဟုတ်ပါ ။ အားလုံးကို ကျွန်တော်ချစ်သည် ။ အားလုံးက ကျွန်တော့်အား ပြုံးချိုစွာ ဆီးကြိုကြသည် ။ကိုယ့်ရပ်ရွာ ကိုယ့်ချက် မြှုပ်ဒေသမှ ထိုမျှ ကြာရှည် ကင်းကွာနေရပြီး အပြစ်ဟူသမျှ ခွင့်လွှတ်ခြင်းခံရသည့် အရပ်သားအဖြစ်ဖြင့် ပြန်လာရသောအရသာ ထူးမြတ်လှပါပေသည်တကား ။

ဦးဖိုးကျန်ကား မရှိတော့ပြီ။ သူအိမ်ဘေးကအိမ်မှာ နာမည်ကျော် ပန်းပုဆရာကြီးတဦး၏ အိမ်ဖြစ်၏ ။ သူသည် ယွန်းထည်လည်း လုပ်တတ်သည် ။ပန်းချီလည်း တတ်သည် ။ကျွန်တော် ငယ်ငယ်က သူထုလုပ်သော ဂမ္ဘီခေါင်းရုပ်ကလေးကို စွဲလမ်းဘူး၏ ။ ထိုဆရာကြီးသည် ဆန်အစေ့ကိုပင် ဘုရားရှင် ရုပ်ပွားတော်တဆူဖြစ်အောင် ထုနိုင်သည်ဟု ထင်ရှားလေသည် ။ ဆင်စွယ်တွင် ဗုဒ္ဓဝင်တခုလုံး ထွင်းနိုင်ပြီး မှန်ဘီလူးနှင့် ကြည့်ရသည်ဟုလည်းကျော်ကြား၏ ။ ထိုဆရာကြီးကွယ်လွန်သည်မှာ ကြာလှပါပြီ ။

ကိုဖိုးဟန် မဆွဲမိတို့၏ အိမ်ရှေ့မှာ ခဏရပ်ပြီး နှုတ်ဆက်ရသေးသည် ။ ပြီးတော့ မချစ်ညွန့်နှင့် မချစ်မိ ညီအမတို့ အိမ်သို့ ဝင်ရသေးသည် ။ မချစ်ညွန့်ကားကျွန်တော်၏ တတိယတန်း ဆရာမတည်း ။ ချစ်မိကား တတန်းထဲသား သူငယ်ချင်းတည်း ။ချစ်မိမှာ ရုပ်မလှ ။ သွားခေါသည် ။ အသားမဲသည် ။သို့သော် သဘောကောင်းသည် ။

ငယ်ငယ်က သွက်လက်ချက်ချာသည် ။

“ ဟေ့ ချစ်မိ ၊ ခုထိ မစွံသေးဘူးလား ”

“ အေးတော့ ၊ အပျိုကြီးဘဲ ”

ချစ်မိတို့အိမ်က ထွက်ခဲ့ပြီး အရှေ့ဆက်တော့ ဆံပင်ညှပ်ဆိုင်တဆိုင်ကို တွေ့ရသည် ။ ဦးဖိုးဉာဏ်၏ညီ ဦးဖိုးတန်၏ သားတယောက်က ဆံပင်ညှပ်ပေးနေသည် ။

“ ငါအားမှလာပြီး ဆံပင်ညှပ်အုံးမယ် ။ ကိုယ့်ရွာက ဆံပင်ညှပ်ခဲ့ရတယ်မှ ရှိရှိပေါ့ကွာ ”

တနေရာတွင် ကတုံးပြောင်ပြောင် ၊အင်းကျီမပါ ၊ လုံချည်ညစ်ညစ်နှင့် လူတယောက်ကို တွေ့ရသည် ။ သူ့အသားမှာ မဲကျစ်ပြီးပြောင်နေသည် ။ မျက်နှာက စုတ်ချွန်းချွန်းဖြစ်သည် ။ သူ့ကို မြင်မြင်ချင်း မှတ်မိလိုက်သည် ။

“ ဟေ့ နီတာကြီးပါလားကွ ။ မင်းကတော့ အရင်ကလိုပါဘဲကွာ ”

နီတာကြီး ပြုံးနေသည် ။ သူကား ငယ်ငယ်တုန်းကလည်း စကားသွက်သူ မဟုတ် ။မွန်ရည်သူ မဟုတ် ။ ယခုထိ စကားလည်း မပီ ။ စာလည်းမတတ် ။ကိုဘထွန်းက ကျွန်တော့်အား အံ့ဩသော လက္ခဏာနှင့် ကြည့်ပြီး

“ မင်း နီတာကြီးကိုတောင် အမှတ်ရရဲ့ကိုးကွ ”

“ ဒီပတ်ဝန်းကျင်မှာ ဒီရုပ်ကိုမြင်တော့ ချက်ချင်း နာမယ်ပါ အမှတ်ရတာဘဲဗျ ”

ဝမ်းကွဲအဒေါ် မမယ်ရှင်အိမ်သို့ ဝင်ရသေးသည် ။ သူသားက မာလကာပင်ပေါ်တက်ပြီး ကျွန်တော်တို့အား ကြည့်နေသည် ။ မမယ်ရှင်ကား ဘုတလင်ပတ်ဝန်းကျင်ရှိ ရွာများသို့ လှည့်လည်ရောင်းချနေသော ခေါင်းရွက်ကုန်စုံဈေးသည် ဖြစ်၏ ။

ကုန်းသာပိုင်းသို့ ရောက်လေပြီ ။ ကိုချက်ကြီးသည် အိမ်ဝင်းထဲမှ ပြေးထွက်လာပြီး နှုတ်ဆက်လေသည်။ ကိုချက်ကြီးကား တခါတုန်းက ရန်ကုန်မြို့ ဘားလမ်းမှာ နာမည်ကြီးခဲ့သူ ဖြစ်လေသည် ။ ကောင်မကလေးတွေကို နိုင်သည် ။ ပုလိပ်ကို ဆို့ သည် ။ လူမိုက်တွေအပေါ်  ဗိုလ်လုပ်သည် ။ ခုတော့ အစွယ် ကျိုးနေပါပြီ ။ ဆံပင်တွေ ဖြူနေပါပြီ ။ မျက်စိတွေ မှုန်ကုန်ပါပြီ ။ သူသည် ယခုအခါ ပန်းချီဆရာ လုပ်လျက်ရှိ၏ ။ တောမှာ ပန်းချီဆရာဆိုသည်က ဘုန်းကြီးပျံနှင့် အလှူမဏ္ဍပ်ကို အားထားရသူတို့တည်း ။ မျက် မှန်ကြီး တဝင်းဝင်းနှင့်မို့ ပန်းချီဆရာဂိုက် ပေါက်ပါ၏ ။ ကိုချက်ကြီး၏ညီ ကိုထွန်းစိန်ကား ဆံပင်ဖြူပြီး အဖိုးကြီးရုပ်ပေါက်နေသည် ။တက်ခေတ်နတ်ဆိုး ဖမ်းစား၍ထင့် ။ ခြေတဖက် ဆွဲနေသည် ။

ကျွန်တော်တည်းခိုမည့် ကိုဘထွန်း၏ ခယ်မ ကျောင်းဆရာမ မစစ်ငြိမ် ၏ အိမ်သို့ ရောက်ကြသည် ။

ထိုင်ပြီး ခဏကြာသော်ကျောင်းဆရာ ဦးဖိုးဉာဏ်ရောက်လာလေသည် ။ကျွန်တော်တို့က ဆရာကလေးဟု ခေါ်ကြ၏ ။ဆရာကလေးမှာ ကျွန်တော်၏ ငယ်ဆရာပေတည်း ။ ဆရာဉာဏ်သည် သားမြေးများနှင့်အတူ ရေချိုးလာရင်း ကျွန်တော်ရောက်နေ သည်ကြားသဖြင့် ဝင်ခဲ့ခြင်းဖြစ်၏ ။ ဆရာကလေး၏ လက်ထဲမှာ ရေငင်နှီးပုံး ။ ခေါင်းပေါ်မှာမျက်နှာသုတ်ပုဝါ ။အရိပ်ထဲရောက် သောအခါမျက်နှာသုတ်ပုဝါကို ပခုံးမှာ သိုင်းထားလိုက်လေသည် ။ ရောင်ထုံး ပေစေ့ကို တေွ့ရသည် ။ဒန်ကိုင်းမျက် မှန်မှာ ရော့ရဲရဲ နိုင်ရုံမက ရှေးဆန်လှပေသည် ။ဘုတလင်မှာ အစိုးရများ ထွက်ခွာသွားပြီးနောက် ကွန်မြူနစ်နှင့် ရဲဘော်များ အုပ်ချုပ်ခဲ့ကြလေသည် ။ နောက်ကွန်မြူနစ်နှင့် ရဲဘော်ဖြူများ အချင်းချင်း တိုက်ခိုက်ကြလေသည် ။ တခါတရံ ဘုတလင်မှ ရဲဘော်ဖြူရော  ကွန်မြူနစ်ပါ ဆုတ်ခွာသွားတတ်လေသည် ။ ထိုအခါမျိုး၌ ဒမြကြီးစိုးလေသည် ။ ထိုအခါ လူချမ်းသာမပြောနှင့် ၊ ဆရာကလေးလို ကျောင်းဆရာကိုပင် ဒမြတိုက်လေသည် ။ ဆရာဉာဏ်မှာ ဒမြတိုက်ခံရရုံမက ရိုက်နှက်ညှဉ်းပန်းခြင်းလည်း ခံလိုက်ရလေ
သည် ။ ကျွန်တော်သည် ထိုသတင်းကို လွန်ခဲ့သော သုံးနှစ်လောက်ကပင် ကြားပြီး ယူကျုံး မရ ဖြစ်မိ၏ ။ ကျွန်တော်တို့
ဆရာကလေးကား သူတော်ကောင်းအဖြစ်ဖြင့် ထင်ရှားခဲ့သူဖြစ်၏ ။ တပည့်တပန်းတို့၏ ချစ်ခင်လေးစားခြင်းကိုလည်း များစွာခံရ၏ ။ မတော်လောဘ တပ်မ က်ခြင်း လုံးဝကင်းလေ၏ ။ ဤလို သူတော်ကောင်းကိုပင် တိုက်သော ဒမြ ။ ညှဉ်းပန်းဝံ့သော ဒမြ ။ မြို့ရွာတွေပျက်ပြားခြင်းနှင့်အတူ စာရိတ္တတွေလည်း ပျက်ပြားကုန်ပြီတကား ။ 

ဆရာလေး

“ မင်းကွာ ဝသားဘဲ ။ အင်မတန် ကျန်းမာတဲ့ ရုပ်ဘဲ ”

ကျွန်တော်

“ ကျွန်တော်က ကျန်းမာရေးဂရုစိုက်တယ် ဆရာလေးရဲ့ ။ ဆရာလေးတော့ အရင်ကလို ဝလဲမဝ ၊ ပိန်လဲမပိန် ၊ ကျလဲ သိပ်မကျဘူးဆရာ ။ ဆရာလေး ဒမြတွေ ညှဉ်းခံရတယ်ဆိုတော့ ကျွန်တော်ဖြင့်လေ စိတ်သိပ်မကောင်းတာဘဲ ”

ဆရာလေးသည် ဒမြတိုက် ၊ ဒမြရိုက်ခံရပုံကို သတိရလိုဟန် လက္ခဏာမရှိ ။

“ နို့ မင်းအဖေကော ဘယ်လိုနေသလဲ ။ တော်တော် သက်သာသွားပြီလား ”

“ သွက်ချာပါဒ လိုက်တယ်ဆိုတော့ နာတာရှည်ပေ ဆရာလေးရယ် ။ ကျွန်တော် ဆရာဝန်တွေနဲ့ တိုင်ပင်တယ် ။ ဆေးရုံတင်တာ ကောင်းမယ်ဆိုလို့ ဆေးရုံတင်ထားခဲ့တယ် ။ မုံရွာဆေးရုံက ဆရာဝန်တွေက တော်ကြရှာပါတယ် ။ အခန်းတခုကို သတ်သတ် လုပ်ပေးတယ် ။ကျွန်တော်လဲ အဖေ့ကို အတော်နားချပြီး ဆေးရုံတင်ထားခဲ့တယ် ”

“ အေး ၊ လူကြီးဆိုတော့ ဆေးရုံမှာ ပျင်းမှာဘဲမောင့် ”

“ ဆရာမကြီးကော နေကောင်းရဲ့လား ”

“ ကောင်းပါတယ် ။ ကျောင်းကို လာလည်အုံးမယ် မဟုတ်လား ”

“ လာမှာပေါ့ ဆရာလေးရဲ့”

ဆရာလေးသည် ရေချိုးရန် ရေတွင်းသို့ သွားလေသည် ။

ကျွန်တော်တို့ ကျောင်းသားတုန်းက ဆရာလေးနှင့် ဆရာမကြီးတို ညားခဲ့ကြသည် ။ ဆရာမမှာ ကျွန်တော်တို့နှင့် ပြိုင်ဘက်ဖြစ်သော ဦးကျော်ဇော ကျောင်းမှ ဖြစ်သဖြင့် ဆရာလေးက ဆရာမ ယူလိုက်ခြင်းကို ကျွန်တော်တို့ မကျေနပ်ကြ ။ ဆရာမအား ဆရာလေးက ချစ်ခင်ယုယသည့်အတွက် မနာလို ဝန်တို ဖြစ်ကြသည် ။ ဆရာလေးကတော့ ပြိုင်ဘက်ကျောင်းမှ ဆရာမတယောက်အား ပြိုင်ဘက် ကျောင်းဆရာကြီးလက် မှ သိမ်းယူလိုက်သဖြင့် ဂုဏ်ယူပြောပနေလေသည် ။ ယခုတော့ ဆရာလေးနှင့် ဆရာမတို့ကား သားသမီးများသာမက မြေးများပင် ရနေလေပြီ ။

မနက်စာစားပြီး နေပူကြီးကျဲတွင် ရှောက်လည်ကြလေသည် ။ ဦးနန္ဒာမာလာ ဟူသောဘွဲ့ဖြင့် လူသိမများသော ဆရာတော် ဦးဘိုမောင့်ကျောင်း ။ ဘုန်းကြီးကျောင်းသား ဘဝက အရမ်း‌ေဆာ့ခဲ့ကြသည် ။ မန်ကျည်းပင်ကိုင်းများ တွဲလွဲခိုစီးပြီး တယောက်နှင့်တယောက် ခြေနှင့်ကန် ကစားခဲ့ကြသည် ။မန်ကျည်းပင်ခေါင်ဖျား အိမ်ဆောက်၍ နေခဲ့ကြသည် ။ မန်ကျည်းပင်အောက် မှာ လက်ခေါက်ထုတမ်း ပေသီးကျင်းလိုက် ကစားခဲ့ကြသည် ။ လက်ခေါက်ကြီး ဖူးဖူးရောင်အောင် အထုခံခဲ့ရသည်ကိုသတိရသေး၏ ။ထိုမန်ကျည်းပင်မှ ကိုရင်ကြီး ဦးဘရှင် လိမ့်ကျပြီး တထောင်ဆစ် ကျိုးသွားသည်ကို မှတ်မိနေသည် ။

တ-တိုင်းမွှေးပင်ကြီး ။ရှေးတုန်းကလိုပင် စင်ခံထားသည် ။ ရှေးတုန်းက တ-တိုင်းမွှေးပင် စင်အောက် မှ အဖေ ၊ အမေ ၊ အကိုများနှင့် ဥပုသ်စောင့်ရန် နေမွန်းမတိမ်းမီ ထမင်းစားခဲ့ကြပုံကို မြင်ယောင်နေသည် ။ဘုန်းကြီးကျောင်းသား ဘဝတုန်းက ကျွန်တော် အားသည် ။ ကျွန်တော်က သူတို့ ထမင်းခြောက် ဖျာစောင့်လျှင် စောင့်ခြင်း ၊ ငှက်ပျောခိုင်ထမ်းလျှင် ထမ်းခြင်း ၊ ဟင်းလေးအိုးကျိုလျှင် ကျိုခြင်းများ ရောလုပ်တော့မှ ခင်မင်သွားကြလေသည် ။

ဘုန်းကြီး ဦးဘိုမောင်ကား ပျံလွန်တော်မူလေပြီ ။ ဦးဘိုမောင် နောက် ကျောင်းထိုင်သော ဦးပဉ္စင်း ဦးအာသဖ ( ကိုရင်ဘဝ ကိုဘရှင် ) သည်ကား လူထွက်သွားလေပြီ ။ ယခုကျောင်းထိုင်နေသော ဦးပဉ္စင်းကို ကျွန်တော်မသိ ။ ဦးပဉ္စင်းကတော့ ကျွန်တော့်အား သိကြောင်း ၊ မြင်ဘူးကြောင်း ပြောပြလေသည် ။ ဦးပဉ္စင်းလည်း ဆရာတော် ဦးဘိုမောင်၏ တပည့်ပေကိုး ။

ဦးပဉ္စင်း ဦးထီ၏ ကျောင်းသို့ သွားသည် ။ ဦးထီကား မန္တလေးမှာ ကျောင်းထိုင်  ဆရာတော် ဖြစ်နေလေပြီ ။ ဆဋ္ဌသင်္ဂါယနာဝန်ဆောင် ဆရာတော်တပါး ဖြစ်နေပြီ ။ကျောင်းအနီးတွင် ရှေးစေတီကြီးတဆူ ရှိ၏ ။ အပေါ်ယံ အင်းဂတေများ ကွာကျ ကုန်ပြီး အုတ်နီစေတီကြီးသာ ကျန်တော့သည် ။ ထီးလည်းမရှိ ။ ကျွန်တော်တို့ ငယ်ငယ်ကလည်း သည်အတိုင်းပင် ။ သစ်ပင်မဖျက်သဖြင့် ပုံသဏ္ဌာန် မပျက်ပေ ။

ကိုသန်းဖေ ( ကျောင်းဆရာ ) က ထိုစေတီကြီး၏ သမိုင်းကို ပြောပြနေလေသည် ။ ကျွန်တော့်စိတ်ကား သမိုင်းသို့မဝင် ။ ငယ်
ငယ်တုန်းက တပိုတွဲလပြည့်နေ့တနေ့ နံနက်စောစောတွင် ထိုစေတီအနီးမှာ ကိုရင်ကြီးဦးထီ တို့ နှင့် သနပ်ခါးမီး ပူဇော်ကြပုံသို့သာ ရောက်နေပေသည် ။ သနပ်ခါးတုံးများကို စေတီငယ်သဖွယ် လူတရပ်စာမျှ မြင့်အောင် ပုံထားကြသည် ။ပြီးတော့မှ မီးရှို့ကြသည် ။ သနပ်ခါး မီးသင်းနံ့ ကလေးကို ရှူရှိုက်ရင်း လဖက်ရည်ကြမ်းနှင့် ပဲကျားလှော် နှမ်းဆီရွှဲရွှဲတို့ကို သောက်စားကြရသည် ။သနပ်ခါးမီးတောက်ကုန်ဆုံးပြီး မီးရဲရဲဖြစ်ကျန်ချိန်တွင် အရုဏ်ရောင်ခြည် နီနီရဲရဲများ ပေါ်လာလေသည် ။

ခြံစည်းရိုးတွင် ထန်းပင်ကြီးတွေ စီတန်းပေါက်နေသော ယာခင်းကြီးများသို့ ရောက်လာကြလေသည် ။ ထွန်ယက် စိုက်ပျိုးခြင်းမရှိဘဲ ပစ်ထားသည်မှာ ကြာဟန်ရှိလေပြီ ။

ကျွန်တော်က ကိုဘထွန်းအား

“ ဒီ ယာတွေဟာ တခါတုန်းက ကျွန်တော်တို့ ဘိုးဘွားများပိုင်ကြတယ် ။ ခု ကျွန်တော်တို့ လက်ထဲမှာလား ။သူများလက် မှာလား ”

ကိုဘထွန်းသည် အသေအချာ မပြောတတ်အောင် ရှိနေလေသည် ။

ထိုယာများ၏ မြောက်ဘက်တွင် လက်ခုပ်ပင်ကြီး တပင်ရှိသည် ။ထိုလက်ခုပ်ပင်အနီး လက်ခုပ်ပင်ရိပ်ဝယ် စေတီတဆူရှိ၏ ။ ထိုစေတီတော်၏ ဖနပ်တော်နှင့် ဘုံအဆင့်များသည် အရှေ့ အနောက် တောင် မြောက်တို့သို့ တည့်တည့်မျက်နှာ မမူ ။ ဒေါင့်အရပ် လေးဘက်သို့ မျက်နှာမူနေကြလေသည် ။ ထိုစေတီနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒဏ္ဍာရီပုံပြင်တခုကြားဘူးသည် ။ ယင်းအဆိုအရ စောမွန်လှသည် ရှမ်းပြည်သို့ အပြန်တွင် ဘုရားမှာ အဓိဋ္ဌာန်ပြုပြီး စေတီကို ပုဝါဖြင့် ရစ်ပတ်ကာ လှည့်သောကြောင့် ရွှေလျားသွားပြီး သို့ကလို ဒေါင့်အရပ်များသို့ မျက်နှာမူနေလေသည်။

မန်ကျည်းပင်ရိပ်ကြီးများအောက်မှာ အတန်ကြာ ရှောက်ကြပြီးလျှင် ကန်တော်ကြီးသို့ ရောက်ကြလေသည် ။ ကန်တော်ကြီးမှာ လုံးဝ ခန်းခြောက်လျက်ရှိ၏ ။ ခြောက်လုံမျှရှိသော ကန်ဘောင်ကြီးမှာ တောင်မှ မြောက်သို့ တန်းနေသည် ။ မြောက်ဘက်ရှိ ထန်းပင်အုပ်များနောက်ကွယ်တွင် မြောက်ကျီရွာ ရှိပေ၏ ။ တခါတုန်းက သာယာစိုပြည်သော ရွာကလေးဖြစ်၏ ။

ဘုန်းကြီး ကျောင်းသား ဘဝ ဆွမ်းခံသွားလျင် ဆွမ်းဟင်းအများဆုံးရသော ရွာကလေးပေတည်း ။

ကန်တော်ကြီး၏အနောက်ဘက်တွင် ဧကများစွာကျယ်သော လယ်ကွင်းများရှိ၏ ။ ဘုတလင် တည်စက ကိုယ့်စပါးကို ကိုယ် လုံလောက်စွာ စိုက်စားနိုင်သည်ဟု အဆိုရှိလေသည် ။ ယခုတော့ ထိုလယ်ကွင်းများမှာ ကောနေကြလေပြီ ။ ရှေးက ကန်တော်ကြီးမှ ရေဖောက်ယူနိုင်ကြသော်လည်း ယခုမူ ကန်တော်ကြီးသည်ပင်လျှင် ကောနေပေပြီ ။ ကန်ဘောင်ရိုးမှာ မတ်တတ်ရပ်ပြီး အနောက်ဘက်သို့ ကြည့်ကာ တစုံတယောက်ကို သတိရသဖြင့် ကျွန်တော်က အဖော်များအား ညာဘကလက်ကောက်ဝတ်မှာရှိသော အနာရွတ်ကို ပြလျက်

“ ဟိုနားမှာ တခါတုန်းက ကြက်ရှာရုံကြီးတရုံရှိတယ် ။ ကန်တော်ကြီးက ခေါင်းရိတ်ရေချိုးပြီးအပြန်မှာ ကျွန်တော့်လက်ထဲ သင်ဓုန်းဓား ပါလာတယ် ။ ကြက်ရှာပင်ကို သင်ဓုန်းဓားနဲ့ ခုတ်ရင်း ကိုယ်လက် ကိုယ်ခုတ်မိတာလေဗျာ ”

အားလုံး ငယ်ငယ်က ကန်တော်ကြီးမှာ ရေကစားပုံကို ပြန်ပြောင်း ပြောဆိုနေကြလေသည် ။

ကန်တော်ကြီးမှပြန်ပြီး ရွာထဲဝင်ကြလေသည် ။ မြန်မာဘုရင်များ လက်ထက်က မင်းစိုးရာဇာများ နေထိုင်ဟန်တူသော မင်းဝင်းရပ်ကွက်တွင် ရှောက်လည်ကြသည် ။ နာမည်ကြီးလှသော ဦးချက်ကြီး၏ ဇီးချိုပင်ကြီးလည်း မရှိတော့ပြီ ။ မစိုးမယ်၏ သီးသီးပင်ကြီးလည်း မရှိတော့ပြီ ။ဦးချက်ကြီး မစိုးမယ်တို့ပင်လျှင် လူ့ပြည်မှာ မရှိတော့ပြီ ။

အဘိုး ဦးပေါက်ကျိုင်းအိမ်သို့ သွားကြ၏ ။ ဦးပေါက်ကျိုင်း ကွယ်လွန်သည်မှာ ကြာလေပြီ ။အဘိုး၏ နောက်ဇနီး ကျွန်တော်တို့၏ မိထွေး အဖွား မအေးဘွင့်ကား ရှိသေး၏ ။အသက်ခုနစ်ဆယ်ကျော် အမေအိုကြီးတည်း ။ ခုံမင်းကြီး ဦးပစ်ကျော် ၊ ဗေဒင်ဆရာကြီး ဦးအံ့ကြီးနှင့် ကျွန်တော့်အဘိုး ဦးပေါက်ကျိုင်းတို့ လဖက်ရည်ကြမ်းဝိုင်းဖွဲ့၍ စာစကား ပေစကား ၊ရှေးဟောင်းနှောင်းဖြစ် စကား ပြောဆို ဆွေးနွေးနေခဲ့သည်ကို ကြားယောင်နေမိ၏ ။ အမယ်အို ဒေါ်အေးဘွင့်အား အဘိုး၏နှမငယ် မမှိုပွင့်၏ သမီး မမြသီးက ပြုစုလုပ်ကျွေးနေပေသည် ။ မမြသီးကား ရှေးကလိုပင် ခွန်အားဗလ ကောင်းသည် ။ ငယ်ငယ်တုန်းကလိုပင် သံပုံးကြီး များနှင့် ရေထမ်းသည် ။ ကျွန်တော်ရောက်နေသည် ကြားသဖြင့် တဘက်အိမ်မှ မဆွဲမိ ပြေးလာ၏ ။ ငယ်ငယ်တုန်းက ကျွန်တော်တို့အား ထိန်းကျောင်းသော မဆွဲမိ ။ နဖူးရေ တွန့်နေပြီဖြစ်သော်လည်း ဟိုအရင်ကလို မာတောက်တောက် ရုပ်ပင် ။

ရွာလယ်ရှိ ကျွန်တော် မွေးဖွားရာ ၊ ချက် မြှုပ်ရာ အိမ်ဝင်းထဲသို့ ဝင်ကြည့်ကြသည် ။ အိမ်ဝင်းကား ဘိုးဘွားဘီဘင်တို့ နေထိုင်သွားကြသော ဝင်းတည်း ။ အမေ့အဖွား ၊ မန္တလေး ရွှေမြို့တော် နန်းတွင်း နေခဲ့ဘူးသူ ဒေါ် အိမ နေခဲ့သော ဝင်းတည်း ။ ဘုရင် မင်းမြတ် ကိုယ်တော်တိုင်အား ဆက်သရသည်အထိ ချိုလှသောမန်ကျည်းချိုပင် ရှိခဲ့ဘူးသည့် ဝင်းပင်တည်း ။ကျွန်တော်တို့ အဖေ အမေ လက်ထက်တွင် ထိုဝင်းထဲရှိ အိမ်ဟောင်းကို ဖျက်၍ တိုက်ခံ အိမ်သစ်ကြီး ဆောက်ခဲ့သည် ။ ကျွန်တော်တို့တတွေ ဟိတ်ဟန်ကြီးစွာနှင့် နေခဲ့ကြလေသည် ။

အိမ်ဆောက်ပြီး မကြာခင် ဘုတလင်သို့ ရောက်လာသည့် ချစ်တီးများအား နောက်ဆောင်မှာ အိမ်ငှား ထားခဲ့လေသည် ။ မကြာခင် ထိုအိမ်မှာ ချစ်တီးလက်ထဲသို့ ရောက်လေသည် ။ ထို တိုက်ခံအိမ်ကြီးမှ ထွက်ခွာပေးရသောနေ့က ကျွန်တော်သည် လှေကားမှာ မှိုင်တွေ့ချ၍ ထိုင်နေခဲ့ပုံ ၊ အိမ်ကြီးနှင့်ဝင်းခြံကြီးကို စွန့်ခွာရမှာ နှမြောနေပုံ ၊ သဌေးဖြစ်ဖို့ လောဘတကြီးငွေချေး၍ ကုန်ကူးသော အဖေ့အား စိတ်နာနေပုံ ၊ အိမ်ကြီးကို ကြေွးဖြင့် သိမ်းသော ချစ်တီးတွေ အပေါ်တွင် စိတ်နာပုံ အလုံးစုံကို သတိရနေလေသည် ။


ဘိုးဘေးဘီဘင်ပိုင်သော ထိုဝင်းခြံနှင့် မိဘပိုင် တိုက်ခံအိမ်တို့မှာ ယခုအခါ ဗမာတဦးလက်သို့ ရောက်နေသည်။ လက်ရှိပိုင်ရှင်တိုအား ခွင့်တောင်းပြီး ငယ်ငယ်က နေခဲ့သော အခန်းတွေ ၊ ကစားခဲ့သော နေရာတွေကို လိုက်လံကြည့်ရှုရသည်မှာ လွမ်းစရာ ကောင်းလှသည် ။ ပြန်မရအောင် ဆုံးပါးသွားပြီဖြစ်သော ပျော်ရွှင်ခဲ့သည့် ကလေးဘဝကို အောက် မေ့ တသပြီး ရင်ခုန်နေမိလေသည် ။

ကျွန်တော့်ဘေးတွင် ကျွန်တော့်လိုပင် ငေးကြည့်နေသော ကိုဘထွန်းအား

“ မှတ်မိသေးလား ။ ဟိုနေရာမှာ လုံချည် ကားလိပ်လုပ်ပြီး ဇာတ်ကကြတာလေ ။ ကျွန်တော်က ဇာတ်စကား မပီကလာပြော
တယ်လေ ။ “ ကျော်ပွဲသဘင် ချပွဲသဘင် ” လို့ ပြောတော့ ခင်ဗျားက ကျွန်တော့်ကို ချလိုက်တာလေ ”

စိတ်ထဲ နှလုံးထဲ ရင်ထဲမှာတော့ ဆွေးတမြေမြေ ဖြစ်နေကြသည် ။ ပါးစပ်မှာမူ ပြုံးစေ့စေ့ ဖြစ်နေကြ၏ ။

ဘုရင်မင်းမြတ်အား ဆက်သရသည်ဆိုသော မန်ကျည်းပင်ချို ကား မရှိတော့ပြီ ။

ထိုဝင်းမှထွက်ပြီး အနောက်ဘက်ကအိမ်သို့ ဝင်ကြသည် ။ ရုံးပြာတာ ၊ ရုံးစာပို့ ဦးဖိုးစီနှင့် မစိုးရတို့၏ အိမ်ဝင်းဖြစ်သည် ။

တောရွာများမှ စာပို့ပြီး အပြန် ထန်းရေ မူးလာတတ်သော ဦးဖိုးစီ ။ကျွန်တော့်အမေအား ယှဉ်ပြိုင်ဖက်ပြီး အမေနှင့် ရန်ဖြစ်
တတ်သည့် မစိုးရနှင့် သူတို့သားသမီးများကို သတိရမိသည် ။ လူကြီးတွေက ရန်ဖြစ်ကြ ။မခေါ်ကြ ။ကလေးတွေက ကစားဘက်ဖြစ်၍ မခေါ်ဘဲ မနေနိုင်ကြ ။ ကလေးတွေချင်း ကစားရာက ရန်ဖြစ်ပြီး မခေါ်ကြ ။ မပြောကြ ။လူကြီးချင်းက ပြန်တည့်နေ၍  မခေါ်ဘဲ မနေနိုင်ကြ ။အိမ်နီးနားချင်း မကင်းရာ မကင်းကြောင်း တွေ ပါတကား ။

ဦးဖိုးစီနှင့် မစိုးရတို့ကား ကျွန်တော့်အမေကဲ့သို့ပင် သေမင်းနိုင်ငံသို့ လိုက်ပါသွားကြလေပြီ ။ သား ဘဖေကသာ ဖန်းရွာမှာ အိမ်ထောင်ကျနေသည် ။ ကျွန်တော့် ကစားဘက် သူတို့သမီး သန်းကြည် နှင့် မယ်ညို တို့သာ ထိုဝင်းထဲမှာ ရှေးကထက် ငယ်သော အိမ်ကလေးဖြင့် နေနေကြလေသည် ။

သန်းကြည်ကား အမယ်ကြီးအိုကလေးနှင့် တူနေသည် ။ ပိန်လည်း ပိန် ၊ လှီလည်း လှီပြီး မျက်စိတဖက် ပျက်နေ၏ ။မိညိုက သန်သန်မာမာမို့ တော်သေး၏ ။ မိညိုမှာ ခလေးနှစ်ယောက် တွဲလောင်းနှင့်ဖြစ်၏ ။ ဆင်းရဲကျပ်တည်းမှုကို နေရာတကာမှာ မြင်နေရ၏ ။ ထမင်းအိုး ဟင်းအိုးကို ကြည့်ရသည်မှာပင် ဆင်းရဲနေ၏ ။ အိုးယွဲ့ကို စလောင်းယွဲ့နှင့် ဖုံးနိုင်လျှင် တော်သေးသည်ဟု ဆိုရမည် ။ ယခုကား အိုးယွဲ့နှင့်‌ေတာ်မည့် စလောင်းယွဲ့ကို ရွေးချယ်နိုင်သော အခြေအနေမျိုး မဟုတ် ။

ကျွန်တော် ဝင်သွားသည်ဆိုလျင်ပင် သန်းကြည်က ငို၏ ။

“ မင်းက သူငယ်ချင်းကို သတိရပြီး ဝင်လာပေမယ့် ငါတို့ အကြည့်ခံရဲဘူး ။ ဒို့က သိပ်ဆင်းရဲတယ် ”

သန်းကြည်က တော်တော်နှင့် အငိုမတိတ် ။

“ ငိုမနေပါနဲ့ဟာ ။ ဒီလို ခက်ခဲတဲ့ ခေတ်ကြီးမှာ အသက် မသေဘဲ ကျန်ရစ်တာကဘဲ တော်သေးတာပေါ့ ။ ဂျပန်ခေတ်ကလဲ ဒုက္ခ ရောက်ကြတယ် ။ခု ပြည်တွင်းစစ်မှာလဲ ဒုက္ခရောက်ကြတယ် ”

“ ခု သာပြီး ဒုက္ခရောက်ကြတာပေါ့ ။ ရွာထဲမှာတင်တိုက်ကြတာတော့ ”

“ နင်တို့ ဘာ လုပ်ကိုင် စားသောက်နေကြတုံး ”

“ ငါက ဒုက္ခိတ ဖြစ်နေပြီ ။ မယ်ညိုက ဆေးလိပ် လိပ်တယ် ။ သူခလေးတွေ ငါကထိန်း ၊ အိမ်ကနေ ထမင်းချက်ပေါ့ ”

မယ်ညိုကား ရှင်မီးအင်းကျီဝတ်ပြီး ထမီရင်လျားထား၏ ။

ဆေးလိပ် လိပ်ခ ဘယ်ရွေ့ဘယ်မျှ ရသလဲဟု မေးနေဘို့ မလိုတော့ပါ ။ တနေ့ ငါးမတ် တကျပ်ထက် ပိုမည်မဟုတ် ။

“ မင်းမှာကော ၊ ဝန်ကြီးတွေ ဘာတွေ မဖြစ်သေးဘူးလား ”

“ မဖြစ်ပါဘူးဟာ ။ ခုလောက် လူတွေ ဆင်းရဲဒုက္ခရောက်နေတဲ့ ခေတ်ကြီးထဲမှာ ဝန်ကြီးဖြစ်ရလဲ စိတ်ချမ်းသာစရာ ရှိမှာ မဟုတ်ပါဘူး ။ စားလိုမှ ဖြောင့်နိုင်စရာမရှိဘူး ”

ပါလာကြသော ကိုသန်းဖေ ၊ ကိုဘထွန်း နှင့် ကိုချစ်မောင် စသူတို့က ရယ်ကြသည် ။

သန်းကြည်တို့အိမ်မှ လမ်းထဲသို့ ဆင်းလာကြသည် ။လမ်းကား ချောင်းလို နိမ့်ဆင်းနေသော လမ်းဖြစ်၏ ။ ကျွန်တော်တို့အိမ်နှင့်မျက်နှာချင်းဆိုင်တွင် ဦးကျောက်ကောင်း၏ အိမ်ဝင်း ရှိလေသည် ။ဦးကျောက်ကောင်းကား ပုလိပ်လူထွက် ဆေးဆရာဖြစ်၏ ။

ယခု ဦးကျောက်ကောင်းလည်း မရှိတော့ပြီ ။ သူမိန်းမ မမေကြီးလည်း မရှိတော့ပြီ ။ သူ့အိမ် သူ့မြင်းစောင်းတို့လည်း မရှိတော့ပြီ ။

ဦးကျောက်ကောင်းသည် အရပ်အမောင်း ၊ ကိုယ်လုံး ကိုယ်ထည် ရှည်လျားကြီးမားသူ မဟုတ် ။ သို့သော် လူနေ ကိုယ်ဟန်ကောင်းသည် ။ မာတောင့် ဖျတ်လတ်သည် ။ အသံဩဇာ ပြည့်စုံသည် ။ နှုတ်ခမ်းမွေး ထားသည် ။ သူ၏ ထူးခြားချက်မှာ ရယ်စရာ မောစရာ ပြောတတ်ခြင်းနှင့် အရပ်ထဲက ကလေးများကို ချစ်ခင်  တတ်ခြင်း ဖြစ်လေသည် ။ သူ့အား ကျွန်တော်တို့က “ ကောင်း
ကောင်း ” ဟု ခေါ်ကြသည် ။

“ ကောင်းကောင်း ” ပုလိပ်လုပ်တုန်းက အဖြစ်အပျက် များကို သတိရသေး၏ ။ သူသည် ပုလိပ်အဖြစ်ဖြင့် တရားခံတယောက်ကို ပို့ရင်း မန္တလေးသို့ ရောက်ဖူးလေသည် ။ မန္တလေးတွင် ဓာတ်ရထား စီးရလေရာ ကောင်းစွာ မဆင်းတတ်သဖြင့် အဆင်းမှာ လဲကျလေသည် ။

“ ဓာတ်ရထားပေါ်က လိမ့်ကျတာ သိပ်မနာပါဘူးကွာ ။ သို့ပေမယ့် ဓာတ်ရထားပေါ်က လူတွေက ထိုးကွင်းတွေ မြင်ပြီး ယာတော ပုလိပ်ကြီးဟေ့လိုပြောပြီး ရယ်ကြတာ သိပ်နာတာဘဲ ” ဟု ပြောရင်း သူ့ထိုးကွင်းများကို ကျွန်တော်တို့အားပြလေ၏ ။

ကျွန်တော်တို့က ထိုးကွင်း ဘာ့ကြောင့် ထိုးသလဲ မေးကြသည် ။

“ ယောက်ကျား ပီသအောင် ထိုးတာပေါ့ကွ ။ မန်းသားတွေကို ငါက တောပုလိပ်ဟာ မင်းတို့လို မိန်းမရှာမဟုတ်ဖူး ။ ယောက်ကျား ပီသတယ်လို့ ပြောလိုက် မလို့ဘဲ ။ ဓာတ်ရထားက ထွက်သွားတာနဲ့ မပြောလိုက်ရဘူး ”

ဦးကျောက်ကောင်းက ကျွန်တော်တို့ ကလေးများအားထိုးကွင်းထိုး၍တော့ မပေး ။ မြေွပြီးဆေး ၊ မြွေရှောင်ဆေးဆိုပြီး လက်ခေါက်ပေါ်တွင် ဆေးနီပြောက်ကလေးများ ထိုးပေးလေသည် ။ ထိုဆေးထိုးပေးခြင်းကြောင့် ပြီး မပြီးကား မသိ ။
မြွေကြောက်စိတ် နည်းသွားသည်မှာ အမှန်ဖြစ်၏ ။

ဦးကျောက်ကောင်းသည် တောရွာများသို့ မြင်းစီးပြီး ဆေးကုသွားလေ့ရှိသည် ။ မြင်းက အလွန်လိမ်မာသည် ။ ကောင်းကောင်းနှင့် မမေကြီးတို့ကလည်း မြင်းကလေးကို များစွာ ဂရုစိုက်သည် ။

နွေရာသီ တညနေတွင် ကောင်းကောင်းတို့ အိမ်ရှေ့မှာ ကျွန်တော်တို့ ကစားနေကြသည် ။ကောင်းကောင်းသည် မြင်းစီးလျက် ပြန်လာလေသည် ။ မြင်းမှာ ချွေးတွေသံတွေနှင့် အတော်မောနေ၏ ။ မြင်းပေါ်ကကောင်းကောင်းကား ကျော့ကျော့မော့မော့ရှိလှသည် ။ နှုတ်ခမ်းမွေး သပ်လိုက်ပုံမှာလည်း ဟန်ပါလှသည် ။
မြင်းပေါ်မှ ဆင်းလျင် ဆင်းချင်း ဆီးကြိုနေသော မမေကြီးအား

“ မေကြီးရေ သာဓုခေါ်ပေတော့ဟေ့ ” ဟု ပြောလိုက်လေသည် ။

မမေကြီးကား ဦးကျောက်ကောင်းထက် အသက် မကြီးသော်လည်း ရုပ်လက္ခဏာအားဖြင့် ပို၍ ကြီးပုံရ၏ ။ အိုစနာ၏ ။မမေကြီးက သွားတွေကျိုးနေသော ပါးစပ်အဟောင်းသား ဖြစ်သည့်တိုင် အံ့အားသင့်ကာ

“ ဘာများ သာဓုခေါ်ရမှာလဲ ”

“ အပြန် လမ်းမှာ အိုက်တာနဲ့ သစ်ပြာတောနား ရေအိုးစင်က ရေတွေ ချိုးလာခဲ့တယ် ”

မမေကြီးသည် တွန့်နေသောအရေတွေ ပိုတွန့်အောင် ရယ်နေလေ၏ ။ ကျွန်တော်တို့လည်း ဝိုင်းရယ်ကြ၏ ။

ဦးကျောက်ကောင်းသည် မမေကြီးအား နင်းနှိပ်ပေးလေ့ရှိ၏ ။ သို့သော် သူက အနင်းအနှိပ်ခံနေလေဟန် စုတ်သတ် ညည်းညူလေ့ရှိ၏ ။

ခပ်လှမ်းလှမ်းက ထိုအသံကြားပြီး ကျွန်တော်တို့က

“ ကောင်းကောင်း အနင်းခံနေသလား ” ဟု မေးလျှင်

“ အေး ဟုတ်တယ် ”ဟု ခပ်တည်တည်ပင် ပြောတတ်၏ ။

ကျွန်တော်တို့က အနီးရောက်သွားပြီး အမှန်အတိုင်း မြင်လျှင်လည်း

“ မေကြီးက အကြောအခြင်တွေ ထုန်နေပြီ ။ နာရကောင်း ၊ စုတ်သတ်ရကောင်းမှန်း မသိဘူး ။ ဒါကြောင့် ငါက သူအစား စုတ်သတ်ပေးနေရတာပေါ့ ” ဟု လျှောချတတ်လေသည် ။

ယနေ့တိုင် ဘုတလင်သားများ ပြောမပြီးကြသော ဦးကျောက်ကောင်း၏ ဟာသတခုမှာကား ဤသို့တည်း ။

တခါက လူမမာ အသဲအသန်ဖြစ်၍ ဆေးဆရာ ဦးကျောက်ကောင်းအား ခေါ်လေသည် ။ သူသည် ဆေးဝါးကုသပြီးနောက် ပြန်ရန် လုပ်ရင်း လူမမာရှင်နှင့် လာရောက်ကြည့်ရှုကြသော အရပ်သားများအား

“ ကဲ ၊ ငါတာဝန်တော့ ပြီးပြီ ။ အရပ်ကိစ္စဘဲ ကျန်တော့တယ် ” ဟု ပြောထားခဲ့သည် ဟူ၏ ။

ဦးကျောက်ကောင်းသည် ဒန်ကိုင်း မျက် မှန်ကိုတပ်၍ အသံထွက်လျက် စာဖတ်နေရာမှာ ကျွန်တော်တို့ ရောက်သွားလျင် ဒန်ကိုင်းမျက် မှန်ကို နဖူးပေါ်မတင်လိုက်ပြီး ပထဝီ ၊ တေဇော ၊ ဝါယော ၊ အာပေါ ဓာတ်ကြီးလေးပါး သဘောများကို ရွတ်ပြတတ်သည် ။ ကျွန်တော်တို့ကား ထိုစကားလေးလုံးကို ကောင်းကောင်းထံမှ ပထမဦးဆုံး ကြားဘူးခြင်းဖြစ်လေသည် ။ သို့သော် နာမည်ကို မှတ်မိသည်မှလွဲ၍ သူရွတ်ပြသော သဘောများကို  နားမလည်နိုင်ကြပါ ။ သူသည် ကလေးများအား ရွတ်ဆိုပြခြင်းမှာ သူ့သမားဂုဏ်ဖြင့် ကျွန်တော်တို့အား ညွှတ်တွားစေလို၍
ဟုတ်ဟန်မတူပါ ။ သူစာကျေအောင် လေ့ကျင့်နေခြင်း ၊ သမားဂုဏ် အပြောကျင့်နေခြင်းလောက်သာ ဖြစ်ဟန်တူလေသည် ။

အော် ကောင်းကောင်း ။ လူ့ပြည်မှာ ကောင်းကောင်း မရှိတော့သော်လည်း ကောင်းကောင်း၏ အရိပ် ၊ ကောင်းကောင်း၏ ပဲ့တင်သံကား ကျွန်တော်တို့မှတ်ဉာဏ်မှာ ဖျောက် မရအောင် ထင် ကျန်ရစ်ခဲ့သည် ။မန္တလေးသားတွေက တောပုလိပ်ကြီးကို လှောင်ရယ်ကြသော်လည်း ဘုတလင်သားတွေက ချစ်ကြသည် ။ တနေ့သ၌တော့ ဆေးဆရာတွေ ပျောက်ကောင်း ပျောက်သွားကြမည် ။ သို့သော် ဘုတလင်သားတွေကား ဆေးဆရာ ဦးကျောက်ကောင်း ကို သတိရနေကြမည်သာ ။

ကျွန်တော်သည် တည်းအိမ်မှာ ခဏတဖြုတ်သာ နားသည် ။ တရွာလုံး အနှံ့ ရှောက်လေသည် ။

ရွာအရှေ့ဖျား ရောက်ကြပြန်၏ ။ဦးရွဲကြီးဘုရား ။ ဦးရွဲကြီးဘုရားကို လူသိများသည်မှာ စေတီလှပ၍ ဆင်းတုတော်သပ္ပာယ်၍ မဟုတ်ချေ ။ စေတီပစ္စယံများတွင် အင်းဂတေဖြင့် ရုပ်လုံးဖော်ထားသည့် အလွန်အရုပ်ဆိုးသော အရုပ်များကြောင့် ဖြစ်လေသည် ။ ပြိတ္တာလော ၊သူရဲလော မဆိုနိုင် ။ကျွန်တော်တို့ရွာမှာ အရုပ်ဆိုးသူကို ဦးစွဲကြီးဘုရားမှ အရုပ်များနှင့် နှိုင်းခိုင်း၍ ပြောစမှတ် ပြုကြလေသည် ။

ဦးဖိုးခင်၏အိမ် ဝင်ကြသည် ။ဦးဖိုးခင်ကား ခုနစ်ဆယ်ကျော်လေပြီ ။မာတုန်း ချာတုန်းပင် ။ သူ့သား ကိုဘကျင် ကား ကိုရင်ကြီး ဦးဘရှင်၏ အကိုဖြစ်၍ ဘကျင်မှာ ကျွန်တော်နှင့်အတူ ဆရာဥာဏ် ကျောင်းမှာ နေခဲ့သူဖြစ်သည် ။ ယခု သူကား ကိုယ်ပိုင် ကိုယ်လုပ် တောင်သူဖြစ်၏ ။

“ ရွာနဲ့ ဝေးဝေးသွားမလုပ်နိုင်ဘူးကွာ ။ နောက်ဖေးက ယာတောမှာသာ လုပ်နိုင်တာပါဘဲ ။ နှမ်းကလေး ၊ ဝါ ကလေး စိုက်သပေါ့ကွာ ”

“ အေးကွာ ၊ ခုနေအခါမှာ ကိုယ့်မြေကိုယ်ယာနဲ့ မကွဲမကွာ လုပ်ကိုင်စားသောက်နေနိုင်ရင် တော်သေးတာပေါ့ ”

“ ဒါပေါ့ မောင်ရာ ၊ ဆင်းရဲသားကတော့ နင်းပြားနင်းပြားပါဘဲကွာ ။ အစိုးရက သုံးနှစ်ခွန်တောင်းလဲ ပေး ။ တောနဲ့လဲ သင့်အောင် ကြည့်နေရတာဘဲ ”

နိုင်ငံတော်အစိုးရသည် ဘုတလင်ကို အေးချမ်းသောနယ်မြေဟု သတ်မှတ်ပြီး လွန်ခဲ့သော သုံးနှစ်က အခွန်တော်များကို တပေါင်းတည်း တောင်းဆိုနေလေသည် ။ သူပုန်များကလည်း ဘုတလင် အရှေ့ဖျားအထိ လှုပ်ရှားသွားလာနိုင်လေသည် ။

ရေဦး မုံရွာဆက်သော ပေတရာသို့ ရောက်ကြလေသည် ။ထိုလမ်းပေါ်မှာ မဖက်ချော၏ အိမ်ရှိသည် ။မဖက်‌ေချာတို့ မိသားတစုနှင့် ကျွန်တော်တို့ အဖွားအမေမိသားတစု များစွာ ခင်မင်ကြလေသည် ။ မဖက်‌ေချာ၏ သမီး ထိုက်ထိုက် မှာ ကျွန်တော့်အမေထက် ငယ်သည် ။ ကျွန်တော့်အား တူငယ် မောင်ငယ်လို ချစ်ခင်ခဲ့သူဖြစ်လေသည် ။ ထိုက်ထိုက် ဝဝစိုစို ဖြူဖြူဖွေးဖွေးချောချောလှလှ အဖြစ်ဖြင့် သတိရနေသည် ။ မဖက်‌ေချာအား မာမာတောက်တောက် မိန်းမကြီးအဖြစ်ဖြင့်သတိရနေလေသည် ။ယခု‌ေတွ့ရသောအခါ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲနေကြ၏ ။

ဇရာကသာမက ဆင်းရဲခြင်းကလည်း ထောင်းနေဟန် တူသည် ။ ရှေးက သူတို့သည် အိမ်ဆိုင်မှာ ဈေးရောင်းကြ၏ ။ ယာအနည်းငယ် ပိုင်၏ ။ ယခု ထိုက်ထိုက် မှာ ခေါင်းရွက် ဈေးသည်ကလေး ဖြစ်နေ၏ ။ ထိုက်ထိုက်သည် ဖြူသေး၏ ။ သို့သော် မလှချေ ။ ပိန်ကလည်းပိန် ၊ မျက်ခမ်းလည်း စပ်နေသည် ။ မျက်ကွင်းကြီးတွေ ညိုနေပြီး နထဉ်ကြီးတွေ ဟောက်ပက်ဖြစ်နေသည် ။ မဖက်‌ေချာ ကား အိမ်ဆိုင်အလုပ် ၊ ယာအလုပ်ကို မားမားမတ်မတ် တက်တက်ကြွကြွ ခေါင်းဆောင်သော မဖက်ချော မဟုတ်‌ေတာ့ချေ ။ အသက်ရှစ်ဆယ်ကျော်လာပြီဖြစ်သဖြင့် ဘာမျှ မလုပ်နိုင်ပြီ ။ မျက်နှာမှာလည်း အရေတွေ ရှုံ့တွ ပပ်ကြားအက်နေသည် ။ မျက်စိတွေ မွဲနေပြီ ။ ဆင်းရဲနွမ်းပါးသော အမယ်အို ဖြစ်လာသဖြင့် ခင်မင်ရင်းနှီးသူ ၊ ဆွေမျိုးနီးစပ်တော်သူတို့က ဆန်လှူ ဆားလှူ ဝိုင်းထောက်နေကြရသော အခြေသို့ ရောက်နေလေသည် ။

ရွာမှာ ဆင်းရဲနွမ်းပါးသူ အများအပြား တွေ့ရသည် ။ ကျွန်တော်က ဘာမျှ မပေးနိုင် ။ ငြိမ်းချမ်းရေး ချိုးရုပ်မှတပါး ဘာလက်ဆောင် ပါမသွား ။ ဒါကိုတွေးမိပြီး စိတ်မကောင်းဖြစ်နေစဉ် ထိုက်ထိုက်က

“ မောင်သိန်းဖေ ရန်ကုန်ပြန်ရင် သည့်ပြင်ပေးလိုက်စရာ မရှိဘူး ။ သနပ်ခါးတုံးကလေးတွေ ယူသွားကွယ် ” ဟု ပြောနေလေသည် ။

“ ဟာ ကျွန်တော် သယ်နိုင်မှာ မဟုတ်ပါဘူး ။ ရန်ကုန်လဲ မပြန်သေးဘူး ။ လေယာဉ်ပျံနဲ့ ရှောက်သွားနေအုံးမှာ ”

မဖက်‌ေချာနှင့် ထိုက်ထိုက်တို့ထံမှ ခွဲခွာလာပြီးနောက် ကိုတင်ညွန့်တို့ အိမ်ဘက်သို့ လာခဲ့သည် ။ ကိုတင်ညွှန့်ကား မရှိတော့ပြီ ။ သူ့နှမသာ အ‌ေကြာ်သယ်လုပ်ပြီး ကျန်ရစ်၏ ။ ရှေးက ကိုတင်ညွန့်တို့ဆိုင်မှာ သံဖြူဆိုင် ဖြစ်လေသည် ။ သံဖြူမီးခွက် ၊ သံဖြူရေဖလား ၊ သံဖြူအုပ်‌ေဆာင်း စသည်များကို လုပ်ရောင်းလေ့ရှိသည် ။ယခုလို သင်္ကြန်ချိန်နီးပြီဆိုလျှင် ပြွတ်များ လုပ်လေ့ရှိ၏ ။ ပြွတ်များကို တချောင်းပေါ် တချောင်းထပ်၍ ထိုးထားရာ သံဖြူပင်ကြီးတွေ ပေါက်နေသည်နှင့် တူ၏ ။ ကျွန်တော်တို့ငယ်ငယ်က ပြွတ်ဝယ်ရသော နေရာမှာ ဤနေရာပင်ဖြစ်၏ ။ ယခုကား သံဖြူဆရာ လက် မှုပညာသည်တို့၏ ခေတ် မဟုတ်တော့ပြီ ။ ဒန်အိုး သတ္တု စက် မှုလုပ်ငန်းများ ပေါ်နိုင်ရန် သံဖြူလက် မှုပညာသည်များ ပပျောက်ရသည် ။ သို့သော် ဒန်အိုးခွက် သတ္တု စက် မှုလုပ်ငန်းကား ဖြစ်ဖြစ်မြောက် မြောက် မထွန်းကားသေးပါတကား ။

ကန်ပြားကန်ဟူသော ရေကန်ဟောင်းဘက်သို့ သွားကြပြန်သည် ။ ရေခန်းခြောက်လျက်ရှိ၏ ။ ရှေးက အလွန်ခမ်းနားသော ကန် ဖြစ်ဟန်တူသည် ။ အားလုံး အုတ်ဖြင့် ပြီးသည် ။ ကန်ဘောင်ရိုး ရေဝင်ပေါက်နှင့် ရေလွှဲပေါက်များတွင် စီထားသော အုတ်များ ယခုတိုင် ရှိသေးသည် ။ ကန်ကိုပတ်ထားသော အုတ်တန်တိုင်းကား ပြိုလဲနေလေပြီ ။ အတူလိုက်ပါလာသော ကိုသန်းဖေက အုတ်ပုံတနေရာကို လက်ညှိုးထိုးပြလျက်

“ ဟောဟိုနေရာမှာပေါ့ ။ ရဲဘော်ဖြူတယောက် ကျဆုံးတာ ”

ဟု ဆိုလေသည် ။ နောက်တနေရာတွင်ကား

“ ဒီနေရာမှာတော့ ကွန်မြူနစ် တယောက် ကျဆုံးတယ် ”

ကိုသန်းဖေသည် ရဲဘော်နှင့် ကွန်မြူနစ် အချင်းချင်း တိုက်ကြပုံကို အတိတ်ဆောင်နေလေသည် ။ ကိုဘထွန်းက သူအိမ်သို့
ရဲဘော်များ ကွန်မြူနစ်ယောင်ဆောင်ကာ ဝင်လာပြီး သူအား ကွန်မြုနစ်ဆက်သား ဟုတ်မဟုတ် အစ်ထုတ်ပုံ ပြောပြလေသည် ။ ကွန်မြူနစ်တို့က ရဲဘော်ဘက်သားဟု ထင်သူတဦးကိုလက်ပြန်ကြိုးတုပ်၍ ရွာအနောက်ဘက် သင်းချိုင်းကုန်းသို့ ခေါ်သွားပြီး သေနတ်နှင့် ပစ်သတ်ပြပုံကလည်း ရှိသေးသည် ။ ကြားရချက် များက စိတ်မချမ်းသာစရာချည်းဖြစ်သည် ။

ကျွန်တော် တခါတုန်းက “ စစ်သည်တော် ” ဟူသော မျိုးချစ်စိတ် လှုံ့ဆော်ရေး ၀တ္ထုတိုတခုကို ရေးဘူးလေသည် ။ ထိုဝတ္ထုတို့၏ ပတ်ဝန်းကျင်ကား ဘုတလင်၏ တခါတုန်းက စည်ကားခဲ့ပြီး မဟာဗန္ဓုလ နေသွားဘူးသည်ဆိုသော မင်းဝင်းရပ် ၊ တခါတုန်းက သပ္ပာယ်ကြည်ညိုဘွယ် ကောင်းလှသော မုခ်ကျောင်းကြီး စေတီတို့ ဖြစ်လေသည် ။

ထိုနေရာများသို့ သွားကြည့်သည် ။ ကိုယ့်ဝတ္ထုကို ကိုယ့်ဖာသာ စိတ်ကူးနှင့် ဖန်တီးထားသည်ဖြစ်ပါလျက် စစ်သည်တော်ဝတ္ထု သည် ထိုပတ်ဝန်းကျင်မှာ တကယ်ဖြစ်ခဲ့သလို ထင်ယောင်မြင်ယောင် လာလေသည် ။ လွမ်းသလိုလို ၊ ဆွေးသလိုလို ဖြစ်လာလေသည် ။

ငယ်ငယ်ကနေခဲ့သော ဆရာဉာဏ်၏ ကျောင်းသို့ ဝင်သည် ။ ကျောင်းအဆောက်အအုံကား အပြောင်းအလဲမရှိ ။ ကျောင်းအုပ်ကြီး ဆရာဉာဏ်မှာလည်း အပြောင်း အလဲ မရှိ ။ ကုန်ကုန်ပြောမည် ။ လက်တချောင်းထောင် နှစ်ချောင်းထောင်ပြပြီး သွားကြရသော နေရာကလေးမှာပင် အပြောင်းအလဲမရှိ ။ လက်ထောက်  ဆရာမတွေကား ပြောင်းသည် ။ ကျောင်းသားတွေကား ပြောင်းသည် ။ ခေတ်ကြီးလည်း ပြောင်းသွားပြီ ။

ဆရာလေး ´ ဟု ကျွန်တော်တို့က ချစ်ခင်စွာခေါ်သော ဆရာဉာဏ်သည် ကျွန်တော်အလည်လာမည်ဆို၍ စပွဲတွင် အခင်း ခင်းထားသည် ။ စားစရာတွေ ချထားသည် ။ ငှက်ပျောသီး ၊ ပဲလှော်ဆီဆမ်း ။ ကုလားထိုင်တွေ ဝိုင်းချထားသည် ။

ကျွန်တော်တို့သည် ကုလားထိုင်များတွင်ထိုင်၍ စကားပြောနေကြသည် ။ ကျွန်တော့်စိတ်ကား ကျောင်းသားဘဝသို့ ပြန်သွားလေသည် ။ ယခု ကျွန်တော်ထိုင်နေသောနေရာမှာ ပညာဝန်ထိုင်သွားဘူးသည် ။ ကြမ်းပြင်ဒေါင့်တဒေါင့်မှာ ကျွန်တော်တို့က ယို့ ယို့ ထိုင်နေကြသည် ။ ပညာဝန်ကား မည်မျှ ကြီးမားပါသနည်း ။ ကျွန်တော်ကား မည်မျှသေးငယ်ပါသနည်း ။ ခြားနားမှုကား တိုင်းထွာ၍ မရနိုင်ချေ ။လေးတန်း စကောလားရှစ်ဝင်သောအခါ ကျောင်းမှာအိပ်ပြီး စာကျက်ရသော နေရာကလေးကို
သတိရသည် ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ တပင်ရွှေထီး ၊ဘုရင့်နောင်နှင့် ခင်မြင့်ကြီးဝတ္ထုများကို ဖတ်ရင်း မှီခဲ့သောတိုင်ကို သတိရသေးသည် ။

ဆရာကလေးအား ဘုတလင်၏ လက်ရှိပညာရေးအခြေအနေကို မေးသည် ။ဒမြအတိုက်ခံရတုန်းက အဖြစ်အပျက်တွေမေးသည် ။ သည်ကနေပြီး ပြည်တွင်းစစ်အကြောင်း ရောက်သွားသည် ။ ကွန်မြူနစ်ဝါဒကောင်းလျက်နှင့် လုပ်ပုံ အလွန်အကျွံတွေဖြစ်၍ ရှုံးခဲ့ရပုံဝေဖန်ကြသည် ။ ဆရာကလေးက ဘုတလင်တဝိုက် ကွန်မြူနစ် ဆိုရှယ်လစ်ရဲဘော်အားလုံး တပည့်ချည်းဖြစ်နေပုံ ၊ ပြည်တွင်းစစ် ရပ်စဲစေချင်ပုံကို ပြောလေသည် ။

ညနေစာကို ဆရာမ မ‌ငွေစိန်က ကျွေးလေသည် ။‌ေငွစိန်ကား မြန်မာကျောင်းများမှာ ကျွန်တော်နှင့် တတန်းတည်းနေ ဖြစ်ခဲ့၏ ။ယခုတော့ ကောလိပ်ကျောင်းသားအမေ ဆရာမကြီး ဖြစ်နေလေပြီ ။ ငွေစိန်ကား အညာဟင်းစစ်စစ်ကို ချက်ကျွေးသည် ။ ငရုတ်သီး စပ်စပ် ။ ချွေးတလုံးလုံးဖြင့် မြိန်လိုက်သည့်ဖြစ်ခြင်း ။

ထမင်းစားအပြီးတွင် သပြေပင် ဦးသာဂရ ကြွလာသည် ။ ဦးသာဂရကား ရှေးက ကြောင်ပန်း‌ေတာရနှင့် သပြေပင်တောရ ဆောက်တည်တော်မူလေ့ရှိသည် ။ဝိပဿနာဉာဏ် သန်လေသည် ။ ပရမတ် လိုက်သည် ။ ယခု ဆရာတော်သည် ဘုတလင်ပေါ်သို့ တက်၍ သီတင်းသုံးလျက်ရှိ၏ ။ စောစောက ဆရာတော် သီတင်းသုံးရာ ဇရပ်သို့ ရောက်ခဲ့သေးသည် ။ ဆရာတော် အပြင်ထွက်နေ၍မတွေ့ခဲ့ရ ။ ဆရာတော်က ကျွန်တော့်အား နှစ်ယောက်တည်း စကားပြောချင်သည်ဆို၍ အခြားသူများ အပြင် ထွက်ပေးကြလေသည် ။ ဆရာတော်က ကျွန်တော်၏ စာအရေးအသားများတွင် အရင်က စူးရှမှုမျိုး မတွေ့ရတော့ဟု ဆို၏ ။ ယုံကြည်ချက် ပျော့သွား၍ သို့ကလို ဖြစ်လေသလားဟု စိုးရိမ်ကြောင်းမိန့်သည် ။

“ တင်ပါ ။ ယုံကြည်ချက်တော့ မ‌ ရှော့ပါဘူးဘုရား ။ခု တပည့်တော် ယုံယုံကြည်ကြည်နဲ့ လုပ်နေတာက အစိုးရနဲ့ သူပုန် တဖက်နှင့် တဖက် အပြုတ်တိုက်နေတာကို ရပ်စဲဘို့ ငြိမ်းချမ်းရေး စေ့စပ်ကြဘို့ဆိုတော့ အရင်က စူးရှမှုမျိုး တပည့်တော်ရဲ့ အရေးအသားမှာ မတွေရတာဟာ သဘာဝ ကျပါတယ် ဘုရား ”

ဆရာတော် ဦးသာဂရကား မျက်လုံးပြူးသည် ။ ကျွန်တော့်အား အတန်ကြာ မျက်လုံးပြူးဖြင့် စိုက်ကြည့်နေပြီးနောက် 

“ မင်းယုံကြည်ချက်အတိုင်း ဆက်လုပ် ၊ မုချ အောင်ရမယ် ။ ကိုင်း ၊ ငါသွားမယ် ။ ပြောချင်တာ ဒါပဲ ”

ဆရာတော်ကား စိတ်မြန်ကိုယ်မြန်ဖြစ်သည် ။အသက်ဝါတော်ကြီးပြီဖြစ်သော်လည်း အိုမင်းသည့် လက္ခဏာ မတွေ့ရ ။

ထိုနောက် ကျွန်တော်က အဖော်များအား ဘူတာရုံနေရာသို့ သွားကြည့်ချင်ကြောင်း ပြောပြသည် ။ ဘူတာရုံနေရာကား တော်တော် ဝေး၏ ။ဘုတလင်၏ အနောက် မြောက်ဖက် ခပ်ခေါင်ခေါင်တွင် ရှိလေသည် ။ ကိုဘထွန်း ၊ ကိုချစ်မောင် ( ချစ်လေး ) ၊ ကိုသန်းဖေ စသော ဘုတလင် မုံရွာနေသူများပင် ထိုနေရာသို့ မရောက်ကြသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီဟု ဆိုသည် ။ နေကလည်း ဝင်နေလေပြီ ။ ထိုကြောင့် အချို့က မသွားဘို့ တား သေးသည် ။

ကျွန်တော်၏ သွားလိုသည့် ရည်ရွယ်ချက်ကို သူတို့သိကြဟန်မတူ ။ ကျွန်တော်ကား ဘူတာပျက်ကလေးကို ကြည့်ချင်သည် ။ စစ်ဖျက်ဆီးသွားသော ဘူတာကလေး ။

အနောက်ဘက် ကောင်းကင်တွင် တိမ်တောက်လျက် ရှိသည် ။သို့သော် တိမ်တောက်သော အလင်းရောင်သည် မှောင်ထုထဲမှာ တဖြည်းဖြည်း နစ်နေလေသည် ။

ဘူတာရုံသို့ သွားသော လမ်းကလေးမှာ မိုးကုပ်စက်ဝိုင်း ကျောခံလျက် ကွင်းပြင်အလယ်မှာ ထင်းကနဲ နေပေသည် ။ ထိုလမ်းအတိုင်း ကျွန်တော်တို့တသိုက် ရှောက်ကြသည် ။ ပတ်ဝန်းကျင်တွင် ကျွန်တော်တို့မှတပါး လှုပ်ရှားမှု မရှိတော့ချေ ။ ကျွန်တော်တို့၏ ဖနပ်သံများနှင့် စကားပြောသံများမှတပါး ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်လျက် ရှိလေ၏ ။

ဘူတာရုံနေရာသို့ ရောက်ကြပြီ ။ဘူတာရုံ မရှိတော့ချေ ။တပိုင်းပြိုလဲနေသည့် အုတ်နံရံကိုသာ တွေရတော့၏ ။ ရုံပိုင်အိမ်ကား တိုင်ထူရာ အုတ်ခုံများသာ ကျန်တော့သည် ။ ဘူတာရုံနှင့် ဆက်လျက်သား ရှိခဲ့သည့် လဖက်ရည်ဆိုင် အုတ်သမံတလင်းသာ တွေ့ရတော့သည် ။ ဘူတာရုံဝင်းထရံမှာ အစအနပင် မကျန်တော့ပေ ။

မီးရထားလမ်းကို ရှာကြသည် ။ ဇလီဖားတုံးလည်း မတွေ့ရ ။ သံလမ်းလည်း မတွေရ ။ ကျောက်လမ်းမို့မို့ကိုသာ တွေရပေတော့သည် ။ အောက်ပြည်အောက်ရွာမှာဆိုလျှင် ဘူတာရုံနေရာသည် ချုံနွယ်ပု‌ေပ္ပာင်းဖြင့် ဖုံးလွှမ်းနေပေလိမ့်မည် ။ အညာမှာကား သစ်ပင်ချုံနွယ်ပေါက်ရန်မလွယ် ။ ယခင်က ရှိဘူးသော တမာပင်များပင် မရှိတော့ချေ ။ ယင်းကဲ့သို့ ဟာလာဟင်းဖြစ်နေသော ဘူတာရုံနှင့် မီးရထားလမ်းပေါ်ဝယ် ကျွန်တော်သည် အတိတ်ကို အသက်သွင်းနေလေသည် ။ မုံရွာသို့ ကျောင်းသွားသော ကျွန်တော် ၊ မန္တလေးသို့ ကျောင်းသွားသော ကျွန်တော် ၊ ရန်ကုန်သို့ ကျောင်းသွားသော ကျွန်တော့်အား အမေသည် လိုက်ပို့၏ ။ လက် မှတ်ထုသံ တဂျန်းဂျုန်းနှင့်အတူ အမေ့ရင်ကား တဒုန်းဒုန်း
ခုန်နေရှာပေလိမ့်မည် ။မီးခိုးတွေ တလူလူနှင့် ရထားဝင်လာသည် ဆိုလျှင်ပင် အမေ၏ မျက်လုံးများ ရီဝေလာသည် ။ အမေသည် တမာပင်ရိပ်ကနေပြီး ရထားပေါ်တွင် လိုက်ပါသွားသော ကျွန်တော့်မျက်နှာကို ကြည့်နေရစ်သည် ။

မြေပဲ၊ ပဲဖြူကလေးတို့နှင့်အတူ ကြီးပွား စည်ကားခဲ့သော ဘုတလင်ဘူတာကလေး ။နွားတောင် စားမကုန်သော ဇီးသီးပင်ကို တန်ဖိုးရှိအောင် လုပ်ပေးခဲ့သော ဘူတာကလေး ။ ရန်ကုန်နှင့် ဘုတလင်ကို ခဏချင်း ကြေးနန်းဆက်ပေးနိုင်သော ဘူတာကလေး ။ ထိုဘူတာကလေးကား စစ်ကြီးအတွင်းမှာ ငုံးတိဖြစ်အောင် ပျက်စီးပြိုလဲခဲ့သည် ။ စစ်ပြီးတော့ ပြန်မထူထောင်နိုင် ။ ပြည်တွင်းစစ်ကျပြန်တော့လည်း ပြန်လည် ထူထောင်ရေး ပိုဝေးသွားခဲ့လေသည် ။

ကျွန်တော်က ကိုချစ်မောင် ( ချစ်လေး ) အား

“ မင်းတို့ ကဗျာဆရာတွေ မယ်ဘွဲ့ မောင်ဘွဲ့မှ လွမ်းစရာကောင်းတယ် ထင်ကြတယ် ။ တကယ်တော့ ဒီဘူတာရုံကလေးဟာ ပိုတောင် လွမ်းစရာ ၊ ဆွေးစရာ ၊ ကြေကွဲစရာ ကောင်းသေးတယ် ။ ဒီဘူတာရုံကလေးအကြောင်း ကဗျာတပုဒ် လုပ်လိုက်စမ်းပါ ”

ကိုချစ်မောင်မှာ စိတ်အတော် ထိခိုက်နေဟန်တူသည် ။

“ ဟုတ်တယ် ။ ရေးရမှာဘဲ ”

ထိုအခိုက် ကျွန်တော်တို့အား ခွေးဟောင်လိုက်လေသည်။ ဟောင်သော ခွေးရှိလျှင် ခွေးစောင့်သောအိမ်နှင့် ခွေးရှင် ရှိရပေမည် ။ သို့သော် ခွေးရှင်ကား အသံမျှမပေး ။ မှောင်ထဲမှနေလျက် ကျွန်တော်တို့အား အကဲခတ်ပြီး ကြည့်နေဟန် တူလေသည် ။ မီးရထားလမ်း အနောက်ဘက် ယခင် ဂိုဒေါင်များ ရှိသောနေရာတွင် တဲအိမ်လိုလို အရာများကို မြင်ရလေသည် ။

အကင်းပါးသော ကျောင်းဆရာကြီး ကိုသန်းဖေက

“ ဒီမယ်ဗျို့ ၊ ကျွန်တော်တို့ဟာ ဘေးဥပဒ်ပေးတတ်တဲ့ လူတွေမဟုတ်ပါဘူး ။ ရန်ကုန်ကလာတဲ့ ဧည့်သည်က ဘူတာရုံနေရာဟောင်း ကြည့်ချင်လို့ လိုက်ပို့တာပါ ”

သည်တော့မှ ခွေးရှင်က ချောင်းဟန့်‌လေ‌ေတာ့သည် ။

ကိုသန်းဖေသည် ထိုသူ ပိုစိတ်ချအောင် သူသည် ဘုတလင်နယ်ထဲက ဘယ်သူ့သား ဖြစ်ကြောင်း ပြောပြလိုက်လေသည် ။

ကိုသန်းဖေက ကျွန်တော်တို့အား ရှင်းပြသည် ။

“ ဒီကာလသားကြီး ဒီလိုအချိန်မှာ လူစုလူဝေးနဲ့ ဒီလိုသွားလား လာလား လုပ်တာ ဒမြဂိုဏ်းရင်လဲ ဖြစ်မယ် ။ သူပုန်တွေရင်လဲ ဖြစ်ရမယ် ။ လူထုက ဒီလိုဘဲ တွက်ထားတယ် ။ ဒါကြောင့် သင်္ကာ ရှင်းလိုက်ရတာဗျ ။

ထို့နောက် ရွာထဲပြန်ခဲ့ကြလေသည် ။

တည်းခိုသောအိမ်သို့ ရောက်သောအခါ လူစု လူဝေး ပိုကြီးလာလေသည် ။ ညီတော်မောင် ပန်းဘဲသမား မောင်ရေခဲ ။ ရန်ကုန်ပြန် ဦးချက်ကြီး။ တခါတုန်းက ရန်ကုန်စတော့ဈေးထဲမှ မုန့်ဟင်းခါးသည် ။ ယခုတော့ ဈေးဆရာ ကိုခင်မောင် ။တောင်သူကြီး ကိုဘကျင် ။ ပညာအုပ် ကိုချစ်မောင် ။ ဈေးသည် မောင်ဘလင်း ။ လက်သမား ၊ တခါတရံ ပန်းချီဆရာ ကိုထွန်းစိန် ။ဆရာမ မစစ်ငြိမ်း ။ ဦးချက်ကြီးဇနီး မခင်မယ် စသည်တို့အပြင် ဝင်လိုက် ထွက်လိုက် လုပ်နေသူက အများသားပင် ။

မောင်ရေခဲက ရေနွေးအိုးကို နိုင်အောင် မီးထိုးပြီး လဖက်ရည်ကြမ်း တကရားပြီး တကရား ထည့်ပေးနေလေသည် ။ မစစ်ငြိမ်းက ပဲခြမ်းကြော် တပန်းကန်ပြီး တပန်းကန် လုပ်ပေးသည် ။ မခင်မယ်က ဇီးယိုဖျော်ပေးလေသည် ။

စကားကလည်း အဆက် မပြတ်ကြ ။ ရောက်တတ်ရာ အာဘောင်အာရင်းသန်စွာနှင့် ပြောကြသည် ။ ရှေးဟောင်း နှောင်းဖြစ်တွေလည်း ပါ၏ ။ ရယ်စရာ မောစရာတွေ နှောကြ၏ ။ ခုဖြစ်  နေသော အကြောင်းတွေကိုလည်း ပြောကြ၏ ။ ရှေ့ဖြစ်စေချင်တာကိုလည်း တောင့်တကြလေ၏ ။

ကျွန်တော်တို့ စကားပြောနေကြစဉ် ဘုတလင်ထဲမှ တသံ ၊ ဘုတလင်မြောက်ဘက် မြောက်ကျီရွာ မှတသံ လောက်စပီကာမှ စက်သီချင်းဖွင့်သံ လာနေသည် ။ မြောက်ကျီကအသံမှာ တညလုံးလာနေသော အသံဖြစ်၏ ။ တညလုံး သုံးဆယ့်ငါးကျပ် ပေးရသည် ။ ဘာကိစ္စဖြစ်ဖြစ် လောက်စပီကာနှင့် ဓာတ်စက်ဖွင့်တတ်ကြသည် ။ အလှူ ၊ မင်္ဂလာဆောင် ၊ အသုဘ ၊ ဘုန်းကြီးပျံ ။

“ များလွန်းအားကြီးတော့ တချို့က ရွဲ့ကြရော မောင်ရာ ။ နွားဂွေးသင်းတာကို အကြောင်းပြုပြီး လောက်စပီကာဓာတ်စက်သီချင်း ဖွင့်သူက ဖွင့် ။ခွေးသေတာ အကြောင်းပြုပြီး ဖွင့်သူကဖွင့်
လုပ်ကြတယ် ”

လောက်စပီကာဖြင့် ဓာတ်စက်ဖွင့်ခြင်းမှာ အေးချမ်းသာယာကြောင်း ပြရန် ဖြစ်သည်ဟု တယောက်က ထင်မြင်ချက်ပေးသည် ။ ဆူဆူပူပူလုပ်၍ အေးချမ်းခြင်းကို ပြခြင်းပေတည်း ။

မရှောင်ကွင်းနိုင်သော ပြည်တွင်းစစ် အကြောင်း သို့ ရောက်သွားကြသည် ။မကြာမီက ညောင်ကန်ဘက်တွင် တောခိုနေသော ရဲတယောက်က ဘတ်စ်ကားသမားများထံမှ မုံရွာက နာရီ နှင့် ဖောင်တိန်ဝယ်ခဲ့ရန် မှာလိုက်သည်ဟု ဆိုလေသည် ။ အမျိုးအစားကို စာမှာ ညွှန်ပြပုံမှာ ဤသို့တည်း ။

“ လက်တံ ၃ ချောင်း ၊ တချောင်းက ဒုန်းစိုင်းနေသော နာရီ ။ အိတ်ထဲထိုးထားလျှင် မြှားပြနေသော ဖောင်တိန် ”

ကျွန်တော်သည် ဖော်ပြပုံကို သဘောကျလှသဖြင့် တဟားဟား ရယ်မိ၏ ။

ချင်းတွင်းမြစ်ပေါ်ရှိ ဝန်ဘိုရွာတွင် ဘုန်းကြီးပျံရှိရာ ဦးချက်ကြီးနှင့် ကိုထွန်းစိန်တို့ ပြာသာဒ်လုပ်ဖို့ သွားကြလေသည် ။ ထိုရွာကား ထိုအခါက ကွန်မြူနစ်အုပ်စိုးသော ရွာပေတည်း ။ ကွန်မြူနစ်များသည် ရပ်ရွာမှာ မူးယစ်ခြင်းများကို အလိုမရှိ ။ အရက်သောက်သူများအား လူမြင်ကွင်းမှာ ကြိမ်ဒဏ်ခတ်လေ့ရှိသည် ။ ဘုန်းကြီးပျံအတွင်းတုန်းက ပွဲကရာတွင် အရက် မူးသူကို ဇာတ်ခုံပေါ်တင်ပြီး ပရိသတ်ရှေ့မှာ ကြိမ်‌ေဆာ်ပြသည်ဟု သိရလေသည် ။ စေတနာလွန်သူတွေပါပေ ။ ဇိကုတ်ပြီး နတ်ပြည်တင်ချင်ကြသူတွေပါပေ ။ သခင်သန်းထွန်း၏ ဩဝါဒနှင့်ကား ကိုက်ပေ၏ ။ ပြည်ညီလာခံတွင် ဗိုလ်ချုပ်မှူး သခင်သန်းထွန်းက လူတွေကို ဇိကုတ် နတ်ပြည်တင်ရမည် ။ ကောင်းတာတွေ ဇွတ်လုပ်ရမည် စသည်ဖြင့် ဟောခဲ့သည် မဟုတ်ပါလား ။

တယောက်က

“ စိုးကြီးကတော့ အရက်သောက်တာ ခွင့်လွှတ်တယ်ဆို မဟုတ်လား ။ ကိုယ်တိုင်ချက်ပြီး သောက်တယ်ဆို မဟုတ်လား ” ဟု မေး၏ ။

ကျွန်တော်က

“ မပြောတတ်ဖူးဗျာ ။ ကြားတော့ ကြားဘူးတာဘဲ ”

တင်းတိန်ရံရွာတွင် စိုးကြီး၏ အလံနီအချင်းချင်း နှစ်စုကွဲပြီး တဖက်နှင့်တဖက် ရှုတ်ချ ၀ါဒဖြန့်နေကြောင်း ကြားရသည် ။ (နောက်နေ့ မနက် မှာ တင်းတိန်ရံမှ လူတယောက်နှင့်တွေတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး တင်းတိန်ရံ ဆိုဗီယက်လူကြီးတွေ စိတ်ညစ်နေကြတယ်ဟု ပြောပြလေသည် ။ )

အလံနီအချင်းချင်း ကွဲနေကြသည်ဆိုသော သတင်းကနေပြီး ကွန်မြူနစ်နှင့် ရဲဘော်ဖြူ သူပုန်အချင်းချင်း ချကြပုံတွေ ရောက်
သွားပြန်လေသည် ။ တောမီးလောင် ကြောင်လက်ခမောင်းခတ် ပုံတွေ ပြောကြသည် ။ ကျောင်းဆရာ ကိုဘညွန့်နှင့် မအုန်းမေတို့ ဒမြတိုက်ခံရပုံ ။ ကိုဘညွန့်မှာ ထုတ်ဆွဲပြီး အရိုက်ခံရသည် ။မအုန်းမေကို ရိုက်သောအခါ စိတ်သက်သာစေရန် ကိုဘညွန့်က တရားစာရွတ်သည် ။ ဒမြက ကိုဘညွန့်အား တရားစာရွတ်ရမည်လားဆိုပြီး ခေါင်းကို ဘွတ်ခြေနင်းနှင့် ကန်ကျောက်သည် ။

ဒုက္ခမျိုးစုံ ကြားရသည် ။

ကျွန်တော်က မေးသည် ။

“ သူပုန်တွေက ခုထိ ရွာတွေမှာ ထမင်းထုပ် ကောက်ပြီးစားတုန်းလား ”

“ ထမင်းထုပ်မဟုတ်ဖူး မောင်ရ ။ ထမင်းထုပ်ဆိုတာက ထည့်ချင်တဲ့ဟင်းတွေထည့်ပြီး ထုပ်နိုင်တယ်မဟုတ်လား ။ခု ထမင်းအုပ်ပို့ရတယ် ”

“ ဆက်ကြေးကော ”

“ ကျောင်းဆရာတွေ တလ ၅ ကျပ် ၊ ရတဲ့လခထဲက ပေးရတယ် ။ရွာတွေကတော့ တရွာ တနှစ် ၅ဝဝိ ကနေပြီး ၂ဝဝဝိ ပေးရတယ် ။ မုံရွာသွားနေပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေဆီလဲ လှမ်းကောက်တာဘဲ ။ ကိုယ့်အိမ်ကိုယ့်ကလေးတွေက ကျန်ရစ်နေသေးတော့ မုံရွာရောက်နေပေတဲ့လဲ မပေးဘဲ မနေနိုင်ဘူးပေါ့ကွာ ”

ဒီကနေပြီး လူထုအောင်သံရုပ်ရှင်သို့ ရောက်သွားပြန်သည် ။

ကိုဘထွန်းက

“ လူထုအောင်သံကို ရန်ကုန် ၊မန္တလေးမှာ ပြတော့ အစိုးရကိုနှံတဲ့ ကွန်မြူနစ်ကို လက်ခုပ်တီးပေးကြတယ်လို့ ကြားရတယ် ။ မုံရွာရောက်တော့ လက်ခုပ်သံတိတ်သွားတယ် ။ ဘယ်ဘက် မှ အားမပေးဘူး ။ဘုတလင်မှာတော့ မှန်လိုက်တာ ၊ မှန်ထောင်ပြသလိုဘဲလို့ ပြောတဲ့ လူလဲ ရှိတယ်ကွ ”

ကျွန်တော်က ဖာထေးလိုက်ရသည် ။

“ ဟုတ်မှာပေါ့ ။ လူတွေက ဖဆပလ အစိုးရလက်အောက် မှာရော ၊ သူပုန်အစိုးရလက်အောက် မှာရော ခံဘက်ကချည်း နေခဲ့ရတာကိုး ။ ရဲဘော်နဲ့ ကွန်မြူနစ် စစ်တလင်းဖြစ်လို့လဲ လှိမ့်ခံလိုက်ရသေးတာကိုး ”

ဗေဒင်ဆရာ ကိုအောင်ခင်က အားလုံးခြုံပြီး အောက်ပါအတိုင်း ထင်မြင်ချက်ပေး၏ ။

“ အစိုးရက ၅ဝ ရာနှုန်း ကောင်း ၊ ၅၀ ရာနှုန်း မကောင်းဘူး ။ ကွန်မြူနစ်ဝါဒက ၁၀၀ ရာခိုင်နှုန်း ကောင်းပြီး ကွန်မြူနစ် လုပ်နေသူတွေက ၉၀ ရာခိုင်နှုန်း မကောင်းဘူး ”

ဘုတလင် အနီးတဝိုက်တွင် ကွန်မြူနစ်သည်၎င်း ၊ ရဲဘော်သည်၎င်း လက်တွေအားဖြင့် လူထုဘဝအခြေအနေ တိုးတက်အောင် သို့မဟုတ် သက်သာအောင် ဘာမှ လုပ်မပေးနိုင်ချေ ။ ဝါဒကိုကား တွင်တွင်ဖြန့်နိုင်၏ ။ ၀ါဒမှာ ဆင်းရဲသားဘက် မှ ၀ါဒဖြစ်သဖြင့် လူထုက ၀ါဒအနေနှင့် ကြိုက်ကြသည်ဟု သိရသည် ။

အစိုးရကလည်း တောရွာများတွင် ကျောင်းဖွင့်ပေးသည်ကလွဲ၍ ဘာမျှ လူထုဘဝ တိုးတက်ရေးအတွက် လုပ်မပေးနိုင် ။ ဘုတလင်မြို့နယ်ကို အစိုးရလက်မှာ တည်တံ့ ခိုင်မြဲနေသောနယ်ဟု သတ်မှတ်ထားပြီး အခွန်‌ေတာ်များကို ပြီးခဲ့သော သုံးနှစ်တွက် စည်းကြပ် ကောက်ခံလျက် ရှိ၏ ။ နေ့စဉ် ကွန်ဘိုင်းထွက်ပြီး ထိုအခွန်တော်များကို မရ ရအောင် ကောက်ခံနေသည် ။ မပေးလျှင် ဖမ်းမလိုလို၊ ပစ္စည်းသိမ်းမလိုလို ချောက်လှန့်သောကြောင့် မပေးဘဲ မနေဝံ့ကြ ။

ရွာများမှာ နေ့မှာ အစိုးရ ၊ ညကျတော့ သူပုန်များ ရောက်လာသည် ။ ကွန်မြူနစ်များက အခွန်မပေးရေး တရားဟောကြသည် ။ ရွာသားများက “ အစိုးရက အခွန်တော် မပေးလို့ ကျုပ်တို့ကို နှိပ်စက်ရင် ခင်ဗျားတို့က အကာအကွယ်ပေးမလား ” ဟု မေးကြလေသည် ။သူတို့ကား အကာအကွယ် မပေးနိုင်ကြကုန် ။ ဘုတလင်နှင့် ငါးမိုင် ကွာဝေးသောရွာမှ ကျောင်းဆရာလေး တယောက်က

“ ကျွန်တော်တို့ရွာက နေ့ အစိုးရ ၊ ည သူပုန် နှစ်ဖက်ဆက်ဆံနေရတယ် ။ ဆူးကြားထဲက ဖက်လို အနေခက်တယ် ။ ဟိုဘက်ကလဲ ယုံ ၊ ဒီဘက်ကလဲ ယုံအောင် နေဘို့ခက်တယ် ။ ဒါကြောင့် ကျွန်တော့်ကို အလုပ်ပြောင်းပေးရင် ပေးပါ ။ မပေးရင် ထွက်ပါရစေလို့လျှောက်လွှာတင်လိုက်ပြီ ” ဟု ပြောပြလေသည် ။

လက်ငင်းပြဿနာဖြစ်သော ပြည်တွင်းစစ်မှနေပြီး ဘုတလင်၏ ရှေးဟောင်းနှောင်းဖြစ်များသို့ စကားရောက်ကြပြန်လေသည် ။ ကျွန်တော်တို့ ရှင်ပြုတုန်းက ရှင်လောင်းလှည့်ပုံ အကြောင်း ၊
ကျွန်တော့်အဖွားအေ ဒေါ်စု ကွယ်လွန်သွားပုံ အကြောင်းများ ပါလေသည် ။

ကိုဘထွန်းက

“ မင်းကွာ ၊ စုစု သေပုံဟာ သိပ်ဆန်းတာဘဲမောင် ။သေခါနီး သိပ်ထူးထူးထွေထွေပြင်းပြင်းထန်ထန် ဖျားနာတာမဟုတ်ဖူးကွ ။ မဆင့် စိန်စားသေပြီးကတဲက စိတ်နဲနဲနောက်သွားတာ ။ အခြေအနေလဲ သေခါနီးထိ ပိုဆိုးမသွားဘူး ။မသေခင်ကလေး အိမ်ကထပြီး အနောက်စူးစူး သွားတာဘဲ ။ သင်းချိုင်းကုန်းလဲရောက်ရော ဘုန်းကနဲ လဲသေတော့တာဘဲ ။ ကိုယ့်မသာ ကိုယ်ချသလိုပါဘဲကွာ ”

ထိုသို့ပြောကြရာမှ ဘုတလင်သင်းချိုင်းသည် အခြားမြို့ရွာ သင်းချိုင်းနှင့်မတူ ထူးခြားပုံ ၊ သင်းချိုင်းမှာ သာသာယာယာ ရှိလှသဖြင့် အခြားမြို့ရွာမှ လာသောသူများသည် သေရခြင်း သေရလျှင် ဘုတလင်သင်းချိုင်းမှာ သေချင်သည်ဟု ပြောကြပုံသို့ ရောက်သွားလေသည် ။

ပုလိပ်လူထွက် ဆေးဆရာ ဦးကျောက်ကောင်း အကြောင်းကို စမြုံ့ ပြန်ကြပြန်လေသည် ။

ကိုသန်းဖေ

တခါတုန်းက ဦးကျောက်ကောင်းက သူမြေးတွေကို ရှင်ပြုတယ်ဆိုဘဲ ။ အလှူမဏ္ဍပ်ကို သူတောင်းစားမတယောက် လာပြီး ရှင်လောင်းရဲ့ ဝတ်လဲတော်ကျကို ပေးရမယ်လို့ တောင်းတယ် ။ ပိုက်ဆံပေးလဲ မရဘူး ။ မုန့်ပဲသရေစာပေးလဲ မရဘူး ။ ဝတ်လဲတော်ကျကိုဘဲ တောင်းနေတယ် ။ဒီတော့ ဦးကျောက်ကောင်းက ဝတ်ထားတဲ့ ပုဆိုးကို ချွတ်ပြီး သူတောင်းစားမကို ပေးပြီး သူတောင်းစားမရှေ့မှာ ငုတ်တုတ်ထိုင်နေလိုက်သတဲ့ ။ သူတောင်းစားမလဲ ကြည့်တောင် မကြည့်ရဲဘူး ၊ ပြေးတော့တာဘဲတဲ့ ”  

ကျွန်တော်တို့သည် တဟားဟား ရယ်ကြသည် ။ အခြားတယောက်က သူတို့ ငယ်စဉ်က သီတင်းကျွတ်ပွဲတော်တွင် ဦးကျောက်ကောင်း မင်းသမီး ၊ မင်းသားရုပ် လုပ်ပုံ ၊ သူတို့က ဝိုင်းအုံကြည့်ကြပုံ ၊ ထိုအခါ ဦးကျောက်ကောင်းက အရုပ်ကလေးတွေကို လိုချင်သလားဟု မေးသဖြင့် လိုချင်ကြောင်း ပြောမိပုံ ၊ ဦးကျောက်ကောင်းက မင်းတို့မှာ အမချောချောရှိရင် အရုပ်နဲ့လဲမယ်ဟု ပြောပြီး ရယ်သွမ်းသွေးပုံ ပြောပြလေသည် ။

ကျွန်တော်တို့လူစု ဆုံလျှင် ပြောတတ်ကြသော အခြားကိစ္စတခုမှာ ကျောင်းဆရာ ဆရာဉာဏ်၏ မိန်းမအား အထူး အရေးပေးပုံ ဖြစ်ပေသည် ။ ကျွန်တော်တို့သည် ဆရာကလေးအား ချစ်ကြသည် ။ သူ၏ အရည်အချင်းတွေကို ချီးကျူးကြသည် ။ သို့သော် ထိုသို့ မိန်းမအား အထူးအရေးပေးပုံကို မပြောဘဲ မပြီးကြပေ ။

“ ဆရာဉာဏ် ဒမြအရိုက်ခံရလိုတဲ့ ၊ သွားကြည့်ကြရအောင်ဆိုပြီး သွားကြည့်ကြတယ် ။ ဟိုကျတော့ ဆရာကလေးက သူနာတာ ဂရုမစိုက်ဘူး မောင် ။သူမိန်းမကို နှိပ်ပေးတာနဲ့ သွားတွေ့တာပါဘဲ ”

အမှန်အားဖြင့် ယောက်ကျားက မိန်းမအား နှိပ်နင်းပေးခြင်းကိုပင် အမြင်မတော်ဟု ယူဆနေသူများသည် သူတို့ကြည်ညိုအပ်သော ဆရာကလေးအား ဤလို အထူးအရေးပေးခြင်း မပြုစေချင်ကြပေ ။

ကျွန်တော်တို့ စကား ပြောနေကြစဉ် မြောက်ကျီရွာ မှ လောက်စပီကာ သီချင်းသံသည် လွှင့်၍လွင့်၍ လာနေလေသည် ။

သက်ကြီးခေါင်းချ ကြက်တွန်သည်မှာ ကြာလေပြီ ။

လူစုကွဲသော် အိပ်ရာဝင်ကြ၏ ။ မုံရွာမှ လာသော ကျွန်တော်တို့ကား အိမ်ရှေ့အဖီထဲရှိ ကုတင်ကြီးပေါ်မှာ တန်းစီအိပ်ကြလေသည် ။

သည့်ပြင်လူတွေ အိပ်ပျော်သော်လည်း ကျွန်တော်ကား မပျော် ။ ရပ်ရေးရွာရေး ၊ ပြည်တွင်းစစ်ရေး စဉ်းစားလို့ ကောင်းနေသည် ။အစားအသောက် များလွန်လျှင် အစာမကြေသကဲ့သို့ မြင်ခဲ့ကြားခဲ့တာတွေ များသဖြင့် ဦးနှောက် မှာ ဘလောင်ဆူနေဟန်တူလေသည် ။ စဉ်းစားခန်းကို ပိတ်မရ ။ မျက်စိကိုမှိတ်၍ ရသော်လည်း အိပ်၍ကား မပျော် ။

သန်ကောင်ကျော်တွင် သေနတ်သံနှင့်အတူ လိုက်ဟ ဖမ်းဟ ဟူသော အသံဝါကြီးများကို ကြားရ၏ ။ သည်နောက် ကျွန်တော်တို့ လမ်းပေါ်တွင် ဖနပ်မပါသော လူတစုသည် ရွာထဲဆီသို့ ပြေးသွားသံ ကြားရလေ၏ ။

သူပုန်ဝင်သဖြင့် ကာကွယ်ရေးနဲ့ တွေ့သလော ။ ဒမြဝင်၍ ပုလိပ်နှင့် ပစ်ခတ်ကြသ လော ။

သို့စဉ်းစားနေစဉ် အချို့လူများ နိုးလာကြလေသည် ။ ကန်ဘောင်ရိုးက စကားသံတွေ ဆူညံဆူညံ ကြားရလေသည် ။ ကုတင်ပေါ်မှာ ကျွန်တော်နှင့်အတူ စီတန်းအိပ်ရာမှ နိုးနေသော သူတယောက်က

“ ကန်မထဲ ငါးခိုးဖမ်းမိလို့ ကန်ကာကွယ်ရေး ကင်းသမားတွေက သေနတ်နဲ့ လှန့်ပစ်တာပါကွာ ” ဟု ပြောပြီး အိပ်သွားလေသည် ။ ကျွန်တော်လည်း သေနတ်သံက အတွေးတွေ ရပ်လိုက်သကဲ့သို့ ခုမှပင် ဟိုးတွေး သည်တွေး မတွေးတော့ဘဲ အေးအေးဆေးဆေး အိပ်ပျော်သွားလေတော့သည် ။

မနက် မိုးလင်းသည်ဆိုလျှင် လဖက်ရည် သောက်ပြီးနောက် ဘုတလင် နီးနားတဝိုက် ရွာများသို့ သွားကြလေသည် ။ ရှမ်းတဲ ၊ သပြေပင် ၊ မြောက်ကျီ ။

ဤရွာကလေးများကား ယခင်ကအတိုင်းပင်ဖြစ်သည် ။ အိမ်ကြီးအိမ်ကောင်း မရှိ ။ သို့သော် သိပ်ဆင်းရဲသော တဲလည်း မရှိ ။
ရွာခြံစည်းရိုးများမှာ ထူထဲလှသည် ။ ခွေးတောင် တိုးမပေါက်နိုင်ဟု ထင်သည် ။ ရွာတံခါးလည်း ရှိကြသည် ။ အိမ်ဝင်းများကို သစ်တုံးများနှင့် ခတ်ထားကြသည် ။ ရှေးက မရှိဘူးသော အရာကား ဘောလုံးကွင်း ဖြစ်လေသည် ။ လူထုပညာရေးသမားတို့၏ ကောင်းမှုပေတည်း ။

ရွာများတွင် စက်ယက်ကန်း ” ဟူသော ခေတ်မှီ လက်ယက်ကန်းများကို တွေရသည် ။ စက်ဖြင့် လက်ခတ်ကို မောင်းနှင်သည်မဟုတ် ။လက်နှင့်ပင် မောင်းနှင်ပေသည်။ သို့သော် လွန်းကား သူ့
ဖာသာသူ သွားသော ယက်ကန်းများဖြစ်သည် ။ သူတို့က ရက်ထုတ်သော အထည်များကို ဘုတလင် ယက်ကန်းရုံများသို့သွင်းရ၏ ။

ယာခင်းများတွင် ဝါပင်များကို တွေ့ရတုန်းဖြစ်၏ ။ပြောင်း ၊ နှမ်း ၊ မြေပဲ စသော အပင်များအား ရိုးပြတ်ပင် မကျန်တော့ချေ ။ သင်္ကြန်ပြီးလျှင် ယာထွန်ကြရတော့မည် မဟုတ်ပါလား ။

သပြေပင်ရွာ၏ ကန်ကြီးကိုသွားကြည့်ကြသည် ။‌ေခြာက်သွေ့လျက်ရှိ၏ ။ ကန်အောက်ရှိ ရေတွင်းမှာ ရွာသူအချို့နှီးပုံးများဖြင့် ရေခပ်နေကြလေသည် ။ သို့ရာတွင် နှီးပုံးကိုဆွဲယူလိုက်တိုင်း ပံုးဝက်မျှသာ ရေပါ လာသည် ။သင်္ကြန်ပြီး၌ မိုးမရွာလျှင် ရေအတွက် ခက်တော့မည့် လက္ခဏာများပေတည်း ။

“ မောင်းထောင်မှာ ခုဘဲ ရေရှားလွန်းလို့ လူတွေနေဘို့ ခက်နေပြီတဲ့ ”

သည်နေရာများမှာ အဝီစိတွင်း လှိုင်လှိုင်တူးဘို့လို၏ ။ သို့သော် နိုင်ငံတော်အစိုးရကား ရေပေးရေးထက် လျှပ်စစ်ဓာတ်မီးပေးရေးကိုသာ အာရုံစိုက်လျက်ရှိ၏ ။ ဘုတလင်တွင် ရပ်ရွာက လုပ်ထားသော လျှပ်စစ်မီးရှိသော်လည်း နိုင်ငံတော်အစိုးရက နေ့ချင်းပေါက် မီးလင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်မီး ပေးရန် ကြိုးစားနေသည်ဟု ဆိုလေသည် ။

သပြေပင် ရွာသားတယောက်က ကျွန်တော်တို့အား လိုက်ပြ၏ ။ သူ့အား သူပုန် ဆက်ကြေးနှင့် အစိုးရအခွန်တော်များ အကြောင်းကို မေးကြည့်သည် ။ သူပုန်များအား ဆက်ကြေးမပေးရသည်မှာ နှစ်နှစ်ရှိပြီဟု ဆိုသည် ။ အစိုးရ အခွန်တော်ကား နှစ်နှစ်မတိုင်မီတုန်းကလည်း ပေးရ၏ ။ ယခုလည်း ပေးနေရ၏ ။ထိုသူက ကွန်မြူနစ်တွေမှာ ရဲဘော်နှင့်မတူဘဲ ဇွဲကောင်းပုံ ချီးကျူး၏ ။ ရဲဘော်တွေက လွယ်လွယ်နှင့် လက်နက်ချကြသည် ။ အစိုးရထံ ဝင်ရောက်ကြသည် ။ ကွန်မြူနစ်ကား မတတ်သာ၍ အလျော့ပေးရအုံး ၊ အသာ ဘေးထွက်ထိုင်ပြီး အေးအေး အလုပ် လုပ်နေသည် ။ လက်နက်ချ အရှုံးမပေး ။ အရေးကြုံတော့ သူတို့ဘက် ထွက်လိုက်သွားပြန်တာဘဲဟု ဆိုလေသည် ။

“ သူတို့က ယုံကြည်ချက်ရှိတာကိုး ”

ဤရွာများမှာ ကျွန်တော် ဘုန်းတော်ကြီး ကျောင်းသားဘဝက ဆွမ်းခံ လိုက်ဖူးသော ရွာများဖြစ်သဖြင့် ငယ်ငယ်က ဆွမ်းဟင်း လင်ပန်းနှင့် သပိတ်ထမ်းခဲ့ရသည်များ သတိရနေလေသည် ။

ရှမ်းတဲမှာ ကျောင်းနေဘက် မကျောက်နီတို့၏အိမ်သို့ ဝင်သွားရာ ကျောက်နီကို မတွေ့ ။ ကျောက်နီ အမေနှင့်သာ တွေ့သည် ။ ကျောက်နီနှင့် သူ၏ အမေကား ကျွန်တော် ဘယ်သူပါ ဘယ်ဝါ၏ သားဟု ပြောပြရာ မိန်းမကြီးသည် ဝမ်းသာ၍ မဆုံး တပြုံးပြုံး နေသည် ။ ပြီးတော့ သူပဲဖိုမှ ပဲကျားတွေကို အိတ်ထဲ လိုက်ထည့်ပေးနေလေသည် ။ ပဲလှော်ဝါးရင်း ရှေ့ဆက်သွားကြလေသည် ။

ရွာသားများမှ ကင်းများဖွဲ့စည်းထားကြသည် ။ ရွာသူရွာသားများမှာ များစွာ စည်းလုံးသည်ဟုလည်း သိရပေသည် ။

ကွန်မြုနစ်လာလျှင်လည်း တရွာလုံး ၊ အစိုးရလာလျှင်လည်း တရွာလုံး သင့်မြတ်စွာ ဆက်ဆံကြသည် ။ တိုမီး ရှို့မီး မရှိ ။ ဒမြလာလျှင်လည်း တရွာလုံး ခံချကြသည် ။ ထိုကြောင့် အေးချမ်းနေပေသည် ။

ထိုရွာများမှ ဘုတလင်သို့ ပြန်သောအခါ မုံပင်ကန်တော နှင့် ချမ်းသာကြီးဘုရားကို ဖြတ်သန်းရသည် ။ စစ်မဖြစ်မီက မုံပင်ကန်‌ေတာမှာ မန်ကျည်း ၊ ထနောင်း ၊ ဒဟတ် ၊ မုံပင်စသော အပင်ကြီးများနှင့် ချုံ နွယ်ပုပ္ပာင်း ထူထပ်လေသည် ။ တခါတခါ တောပုန်း ဒမြများပင် ခိုးအောင်းသည်ဟု ဆိုကြသည် ။ ဘုတလင် ၊ ဒီပဲရင်းတဝိုက်တွင် မင်းလောင်းအဖြစ် စခန်း ထခဲ့သော ဗန္ဓက ရသေ့ကြီးပင် ခိုအောင်းဘူးသလိုလို ပြောကြလေသည် ။ ကျွန်တော်ကား ထိုတောစပ်ကလေးတွင် ဝ စာဖူးနှင့် တဇောင်း ချဉ် အရှာလှည့်ဘူးလေသည် ။ ယခုမူ မုံပင်ကန် တောကြီးမှာ မရှိတော့ပြီ ။ တောခိုသူတွေ မခိုအောင်းနိုင်အောင် အစိုးရက မီးနှင့်ရှို့ ပစ်ထားသည်ဟု ဆို၏ ။ ရှေးက ညောင်ပင်ဖျက်သဖြင့်  ပျက်တော့မည့်အခြေ ဆိုက်ရောက်ခဲ့သော အုတ်ခဲနီနှင့် ချမ်းသာကြီးဘုရားကား ယခုအခါ စေတီသစ်ကြီး ဖြူဖြူဖွေးဖွေး ဖြစ်နေလေပြီ ။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ဤနေရာကို အခြေခံ၍ ကျွန်တော်သည် ဒီးဒုတ်ဂျာနယ်တွင် နွားကျောင်းသားဘဝ ဝတ္ထုတိုလေးတပုဒ် ရေးဘူး၏ ။ယခုထပ်ရေးစမ်းပါဆိုလျှင် ရေးနိုင်မည်မဟုတ် ။ ထိုဝတ္ထုတိုလေးများကိုလည်း ရှာ၍ မတွေ့တော့ပြီ ။

နံနက်ထမင်းကို သူကြီးကတော် ချစ်စိန်က ကျွေးလေသည် ။ သူကြီး ကိုထွန်းစိန်က ငါးဆယ်တဝိုက်ရှိ မုတ်ဆိုးဖို ။ ချစ်စိန် ကား သုံးဆယ်တဝိုက် တခုလပ် ၊ တွေ့ဆုံကာ ညားခြင်းဖြစ်သည် ။ ကိုထွန်းစိန်ကား ရုပ်ချောတုန်းပင် ။ သို့သော် ဆံဖြူ အရေတွန့်နေပြီ ။ ချစ်စိန်ကား ဝလို လှလို့ ကောင်းတုန်း ၊ ပျိုမျစ်တုန်း ။ ကိုထွန်းစိန်ကို ဖ-ဆ-ပလ သူကြီးဟု ခေါ်ကြသည် ။ သို့သော် ရွာသားချင်းတွေ့ကြပြီဆိုတော့ ဖ-ဆ-ပ-လ အတိုက်အခံစသော ကွဲပြားမှုတို့ မရှိတော့ချေ ။

ချစ်စိန်သည် ထမင်းကျွေးပြီးနောက် ဘုတလင် လုံချည်တထည် ကျွန်တော့်အားပေးပြီး ဝတ်ချလေသည် ။

သူကြီးအိမ်မှာ ထမင်းစားပြီး သူကြီးကတော်၏ အကန်တော့ ခံပြီးနောက် ဦးဖိုးဆိုင်၏ အိမ်သို့ သွားကြလေသည် ။ ဦးဖိုးဆိုင်ကား ကွန်မြူနစ်တောမခိုမီက တောင်သူလယ်သမားသမဂ္ဂမြို့နယ် ဥက္ကဋ္ဌဖြစ်လေသည် ။ ကွန်မြူနစ်တောခိုသောအခါ အစိုးရက သူ့ အား ထောင်ချခဲ့သေးသည် ။ ယခုတော့ အေးအေးပင် နေလေသည် ။

“ ငါတို့က မင်းလုပ်နေတယ်ဆိုတာ အသံဖမ်းပြီး ကွန်မြူနစ် ဖြစ်တာပါကွာ ။ မင်းတောမခိုတော့ ဒို့လဲ မလိုက်ဖူးပေါ့ကွာ ”

စသည်ဖြင့် ဦးဖိုးဆိုင်က ပြောနေစဉ် ကိုဘထွန်းက

“ ခု တောခိုနေတဲ့ ကျော်ဝင်းတို့ ၊ ဘယ်သူတို့လဲ မင်းကိုအကြောင်းပြုပြီး ကွန်မြူနစ်ဖြစ်ကြတာတွေပါဘဲ ”

သည်ကနေပြီး ပြည်တွင်းစစ် ရပ်စဲရေးတရား ဟောနေမိပြန်လေသည် ။ သို့သော် ကြာကြာမဟောနိုင်ပါ ။ မုံရွာပြန်ရဦးမည် ။ ရေဦးက ဘတ်စ်ကားရောက်ချိန် တန်လေပြီ ။

ကျွန်တော်သည် ဘုတလင်မှာ တနေ့ တည တမနက်သာ နေနိုင်သည် ။ သွားရ လာရ ၊ လည်ရ ပတ်ရသည်မှာ အားမရပါ ။

မူလက မောင်းထောင်သို့ သွားမည် စိတ်ကူးထားလေသည် ။ မောင်းထောင်မှာ ကျွန်တော့်အဖေ၏ ရွာပေတည်း ။

ထိုပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် သူအဖေအမေများမှာ မောင်းထောင်ညောင်ကန်မှ ဖြစ်သဖြင့် မောင်းထောင် သံယောဇဉ်တွယ်ပြီး ကျွန်တော့်အား မောင်းထောင်အကြောင်း ခဏခဏ မေးတတ်သည် ။ ဒီတခေါက် ရောက်သွားခဲ့ရလျင် ဆရာကြီးအား အကျိုးအကြောင်း ပြောပြနိုင်ပေလိမ့်မည် ။

ဘုတလင်မှ လူတွေက ကျွန်‌ေတာ့်အား မောင်းထောင်မသွားဘို့ ဖျက်ကြသည် ။ လမ်းမှာ ဒမြ‌ေတွ ရှိသည် ။ မောင်းထောင်မှာ အစိုးရ တခါတခါသာရောက်သည် ။ သူပုန်များက မကြာခဏရောက်သည် ။ ကျွန်တော်ကား မည်သို့ဖျက်ဖျက် သွားလိုသည့် စိတ်ဆန္ဒအားကြီးနေလေသည် ။ ဖ-ဆ-ပ-လ က ကျွန်တော့်အား မယုံသင်္ကာ ဖြစ်စရာမရှိ ။ မုံရွာစီရင်စု ဖ-ဆ-ပ-လ ခေါင်းဆောင် ကိုကျော်ဇေယျမှာ ကျွန်တော်နှင့် ညီအကိုတော်သည်  သာမက မောင်းထောင်က ကျွန်တော့် နှမတယောက်ကို ယူထားသူ ဖြစ်လေသည် ။ သူက သွားချင်လျှင် ဘုတလင်က ပုလိပ်တဖွဲ့လုံးခေါ်သွားဟု ပြောခဲ့လေသည် ။ ဘုတလင် ဌာနာအုပ် ကိုဘညွန့်မှာလည်း ကျွန်တော်နှင့် ညီအကိုတော်သော မောင်းထောင်သားပင် ဖြစ်လေသည် ။

သို့သော် ပုလိပ်အဖွဲ့နှင့်သွားမည်ဆိုလျှင် တဖက်က မသင်္ကာဖြစ်ကြဦးမည် ။ လူထုကလည်း ပွင့်ပွင့်လင်းလင်းပြောချင်မှ ပြောမည် ။ ထို့ ကြောင့် ကိုယ့်ဖာသာ သွားဘို့ ဆုံးဖြတ်လေသည် ။

ထိုအခါ ကိုဘထွန်းက

“ ဟေ့ကောင် ၊ အတင့်မရဲနဲ့နော် ။ဒမြကလဲ ဆင်ခြင်မှာမဟုတ်ဖူး ။ ပြီးတော့ သူပုန်တွေက ဦးသိန်းဖေ ခင်ဆွေးနွေးဘို့ လိုက်ခဲ့ပါလို ခေါ်သွားရင် ဂျောက်ကျနေလိမ့်မယ် ။ ဖ-ဆ-ပ-လ က နားလည်မှု ရှိတောင် သတင်းစာတွေက ရေးချင်ရာတွေရေးကြမှာ ” ဟုဆိုကာ ဖျက်လေသည် ။ကျွန်တော်သည် ကိုဘထွန်း ၏ သတိပေးချက်ကို ဦးညွှတ်လိုက်လေသည် ။

ရေဦး မုံရွာကားဆိပ်မှ ဘုတလင်သို့ လာသော ပေတရာလမ်းမှာ ကျွန်တော်တို့ တသက်တွင် တခါမှ ကောင်းဘူးသည်ဟု မမှတ်မိပါ ။ ပေတရာမက ကျယ်ကောင်းကျယ်မည် ဖြစ်သော်လည်း ကျောက် မခင်းနိုင် ။ကတ္တရာစေး မနယ်နိုင် ။ ရွံ့လမ်း သို့မဟုတ် ဖုတ်လမ်း သက်သက် ဖြစ်လေသည် ။

ကားဆိပ်ဆိုသည်မှာ ကားရပ်သော နေရာကို ဆိုလိုသည် ။ တမာပင် ၊ ထနောင်းပင် ရိပ်များတွင် ဘတ်စ်ကားကြီးများ ထိုးရပ်ကြသည် ။ လမ်းဘေးရှိ အုပ်နေအောင် ထန်းရွက် မိုးထားသော တဲကြီးများတွင် လဖက်ရည်ဆိုင် ၊ အကြော်ဆိုင် ၊ ထမင်းဆိုင် များ ရှိလေသည် ။ ရေဦးမှလာသော ဘတ်စ်ကားတို့သည် ဘုတလင်မှာရပ်ပြီး နံနက်စာ စားကြလေသည် ။

ဘတ်စ်ကားတွေကား များပါ၏ ။လူတွေကလည်း များပါ၏ ။ မီးရထားလည်း မရှိတော့ပြီဖြစ်သောကြောင့် လူတို့မှာ ဘတ်စ်ကားများကိုသာ အားကိုးရသည် ။

လူချောင်သော ဘတ်စ်ကား စောင့်နေစဉ် တဲတတဲမှာ ဝင်ထိုင်ရလေသည် ။ထန်းရွက် မိုး ၊ ထန်းရွက်ကာ ။ထိုင်ခုံများမှာ ထန်းလက်ခင်း ။ အေးမြလှသည် ။ ထန်းရေသောက်ရလျင် မည်မျှ ဌာန်ကရိုဏ်းကျမည်နည်း ။ တဲရှင်က လဖက်ရည်ကြမ်း လာတယ်သည် ။

ကားဆိပ်သို့ ဦးဘချစ် လိုက်လာသည် ။ ဦးဘချစ်ကား တခါတုန်းက သူကြီးရွေးကောက်ပွဲမှာ သူကြီး၏သား ဦးစိန်ညွန့်ကို မဲများစွာနှင့် အနိုင်ရဘူး၏ ။ သို့သော် မုံရွာ အရေးပိုင်မင်းက ဦးဘချစ်အား သူကြီးမခန့် ။ ရန်ကုန်ဘုရင်ခံမင်းကြီးထံ အယူခံသော်လည်း မရချေ ။ ဦးစိန်ညွန့်သာ သူကြီးအဖြစ်သို့ ရောက်လေသည် ။

ဦးဘချစ်မှာ ကျွန်တော့် အဖေနှင့် တနှစ်တည်း မွေးသူ ဖြစ်သော်လည်း မာချာသည် ။ ဖျတ်လတ်သည် ။ အရပ်ရှည်၍ ဖြောင့်တန်းသည် ။ 

“ မင်းကို မတွေ့လိုက်ရတာနဲ့ လိုက်လာရတာဘဲ ”

“ ဦးဘချစ်ရေ ၊ကျွန်တော်လဲ ခင်ဗျားကို သိပ်တွေ့ ချင်တာဘဲ ။ အမှတ်လဲ ရပါတယ် ။ အိမ်တွေဝင်လို မစေ့နိုင်ဘူးဗျ ”

“ အေးကွာ ။ ငါလဲ သိပါတယ် ။ ဒါ့ကြောင့် ကားဆိပ်လိုက်ပြီး တွေ့တာပေါ့ ။ နို့ မင်းအဖေကော ဘယ်လို နေသေးသလဲ ”

“ သည်လိုပါဘဲဗျာ ။ ဒါမျိုးဆိုတာ နာတာရှည် ဖြစ်မှာပေါ့ ။ ဒီမလာခင် ဆေးရုံတင်ထားခဲ့တယ် ”

ချောင်‌ေသာဘတ်စ်ကားတစီး တွေ့ပါပြီ ။ အမိုးမပါသောကား ဖြစ်၏ ။ မအုပ်ရသေးသော ငှက်ပျောခိုင်တွေ အပြည့်တင်
ထားသည် ။ထိုငှက်ပျောခိုင်များပေါ်တွင် ထိုင်လျက် လိုက်ကြရလိမ့်မည် ။

ကိုဘထွန်း ၊ ကိုသန်းဖေ ၊ ကိုချစ်မောင် ( ဘုတလင် ချစ်လေး ) နှင့် ကျွန်တော်တို့သည် ကားပေါ်သို့ တက်ကြ၏ ။

ကျွန်တော့်ရင်မှာ ဟာနေ၏ ။ ကျွန်တော့် အသည်းနှလုံးတို့သည် ဘုတလင်မှာ နေရစ်ခဲ့ဟန်တူပေ၏ ။ကိုယ့်ချက် မြှုပ်ဒေသကိုခွဲခွါရသည်မှာ ကိုယ့်အမေနှင့် ခွဲခွာရသည်နှင့် အတူပင် ။

ဘုတလင်သို့ ခဏ ပြန်ရောက်ရစဉ် ကျွန်တော် သောက်သုံးလောင်းချိုးရသော မေတ္တာရေမှာ မည်မျှ အေးမြ ကြည်လင်ပါသနည်း ။ အရပ်တကာ လေလွင့်နေရာမှ ပြန်လာသော သားကို မိခင်က ကြိုဆိုသကဲ့သို့ ဘုတလင်က ကျွန်တော့်အား ကြိုဆိုပါသည် ။ ဘုတလင်တွင် သွင်ပြင် ပြောင်းလဲမှုများ ရှိ၏ ။စစ်ကြောင့်ဖြစ်ရသော အမာရွတ်များ ခုထိ မကျက်သေး ။ အချို့နေရာမှာ ပြုပြင်မှုများ ရှိ၏ ။ သို့သော် ဘုဘလင်၏ အတွင်းသဘော မပြောင်းလဲဟု ကျွန်တော် ခံစား တွေ့ထိပေသည် ။

“ သွားပြီ ' 'ဟု နောက်ဆုံးနှုတ်ဆက်ခဲ့ရသူမှာဦးဘချစ် ပင်ဖြစ်၏ ။ဦးဘချစ်ကို ကြည့်ပြီး ဦးစိုးရအား သတိရသည် ။ဦးစိုးရမှာ ကျွန်တော့် ဦးရီးတော် ဖြစ်၏ ။အသက် ၇၈ နှစ်ရှိပြီ ။ ကျွန်တော်လာသည်ဆို၍ ကုက္ကို စုရွာမှ မုံရွာသို့ သွားပြီး လိုက်ရှာခဲ့သည် ။ မတွေ့သဖြင့် ဘုတလင်သို့ လိုက်လာခဲ့သည် ။ ဦးစိုးရသည် အရပ် ရှည်သည် ။ တောင်ဝှေးကိုင်ထားသော်လည်း နဲနဲမှ ခါးမကုန်း ။ ခုထိ ခရီးမိုင်များစွာ ရှောက်တုန်းဖြစ်သည်ဟု သိရသည် ။ ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ပြီးနောက်

“ အေး ၊ တွေ့ရတယ်ဆိုရင် တော်ပါပြီကွာ ။ငါတို့က မကြာခင် သေတော့မှာမို့ မသေခင် မင့်း မြင်သွားချင်တာနဲ့ အပူတပြင်း လိုက်လာတာဘဲဟေ့ ” ဟု ပြောလိုက်သော ဦးစိုးရ၏ စကားများကို ကြားယောင်နေသည် ။ ကားဟွန်းသံ တဂွီဂွီ ၊ စက်သံတဂျုံးဂျုံး တို့ကို ဖုံးလွှမ်းနိုင်သော စကားများပေတည်း ။

မုံရွာသို့ ပြန်ရောက်သည်ဆိုလျှင်ကျေးဇူးရှင် ဘခင်ကြီးသည် ဆေးရုံမှ ဇွတ်အတင်း ဆင်းသွားသည်ဟု ကြားရလေတော့သည် ။ ဆရာဝန်များက အထူးဂရုစိုက်ကာ အခန်းသီးသန့် လုပ်ပေး
ထားသည် ။ ဆရာမများလည်း ပြုစု စောင့်ရှောက်ကြသည် ။ သို့ပါလျက် ကျွန်တော့် ဘခင်ကြီးကား မပျော်ပိုက် ။ “ ဆေးရုံမှာ ဆက်နေလျင် သေချေရဲ့ ”ဟု သူ့ဇနီးအား ချွဲလိုက် ချောက်လိုက်လုပ်ပြီး ဆရာဝန်နှင့် သူနာပြုဆရာမများအလစ်တွင် ဆိုက်ကားပေါ်တင်၍ အိမ်သို့ ခေါ်သွားစေလေသည် ။ လူနာ ပျောက်သောကြောင့် ဆရာဝန်နှင့် ဆရာမတို့မှာ ပျာပျာသလဲ ဖြစ်ကြရ၏ ။ သူတို့အပြုအစု မကောင်းသောကြောင့် တက်ဘုန်းကြီး၏ ဘခင် ဆေးရုံမှ ဆင်းပြေးရသည် ဟူသော စွဲချက်ပေါ်လာမှာစိုးရိမ်နေကြ၏ ။ ကျွန်တော် ကလောင်နှင့် တို့မှာ ၊ ထိမှာ ၊ မင်းပေါက်စိုးကြား ပြောမှာ ဆိုမှာကို လန့်နေကြ၏ ။ ထိုကြောင့် ကျွန်တော်သည် ဆေးရုံမှ ဆင်းပြေးသော လူနာထံ မသွားသေးဘဲ ဆရာဝန်မများထံ သွားပြီး သူတို့အပြစ်မဟုတ်ကြောင်း ၊ လူနာ၏ အပြစ်သာဖြစ်ကြောင်း တောင်းပန် ရှင်းပြရ၏ ။

မုံရွာပြန်ရောက်တော့ ကျောင်းနေဘက် သူငယ်ချင်းများထံ သွားရလေသည် ။ စုံလင်စွာ မသွားနိုင်ချေ ။ ကျောင်းနေဘက် လှလှက ထမင်းခေါ်  ဖိတ်ကျွေးသည် ။ ကျွန်တော့်မျက်စိထဲတွင် မှတ်မိနေသော လှလှ ကား ဆံတောက်ဖားဖား ၊ အသားဖြူဝင်း ၊ လှခြင်း ၊ လန်းဆတ်ခြင်းတွင် ပွင့်ခါစ ပန်းနှင့် တူသော လှလှ ကလေး ဖြစ်သည် ။ ယခုတော့ ကလေး ခြောက်ယောက်အမေ ဖြစ်နေပြီ ။ အကြီးဆုံးသမီးပင်လျှင် ကျောင်းတုန်းက လှလှ၏
အရွယ်မကတော့ပြီ ။ သို့သော် လှလှကား အလှမပျက်သော မိန်းမမျိုး ဖြစ်သည် ။ သူယောက်ကျား ကိုဘသောင်းကား ငယ်ငယ်ကလည်း ခါးကိုင်းကိုင်း ၊ ဝက်ခြံထူထူ ၊ ခပ်အေးအေး ၊ ခပ်ချိုချို ၊ လူကြီးဆန်ဆန် ။ ယခုလည်း ထို့အတူပင် ။ သူတို့ လင်မယားနှင့် ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြသည် ။ သူတို့လင်မယားက ကျွန်တော်နှင့် ကင်းကွာနေသော်လည်း
ကျွန်တော့်စာပေနှင့် ကင်းကွာသည်ဟု မရှိကြောင်း ၊ ကျွန်တော် ရေးသမျှ မလွတ်တမ်းဖတ်ကြောင်း ပြောပြကြလေသည် ။ နောက်တနေ့ ညနေ ၄ နာရီ အညာပြန် ကျွန်တော့်အား ချီးကျူးပွဲတရပ် လုပ်ကြလေသည် ။ ကမ္မကထပြုသူများမှာ စာဆိုတော်နေ့ ကျင်းပရေးကော်မတီ ဖြစ်လေသည် ။ ကျင်းပသောနေရာမှာ ယခု နိုင်ငံတော်အစိုးရကျောင်း ဖြစ်နေသော ကျွန်တော်တို့ ငယ်ငယ်ကနေခဲ့သည့် ဗုဒ္ဓဘာသာ ဟိုက်စကူးဖြစ်သည် ။ ယခင်က ကျောင်းအဆောက်အအုံမှာကား တခုမျှ မရှိတော့ပြီ ။ ဒုတိယ ကမ္ဘာစစ်ကြီး၏ လောင်စာများ ဖြစ်ခဲ့သည် ။အုတ်ခင်း ၊ ကတ်မိုး ၊ ကတ်ကာ အဆောက်အအုံများစွာကား ယခု နိုင်ငံတော်အစိုးရကျောင်း ဖြစ်၏ ။

တမာပင်တွေက စည်ကားအေးမြလှ၏ ။ လူအများက အခမ်းအနား ကျင်းပရာ အဆောက်အအုံတွင် စုဝေးနေကြစဉ် ကျွန်
တော်သည် တယောက်တဲ ထွက်လာပြီး ကျောင်းဝင်းထဲ ရှောက် ကြည့်သည် ။ တမာပွင့်နံ့ ကလေးတွေ ရှူရှိုက်သည် ။ ထန်းပင်မြင့်သို့ ေငး‌ေမျှာ်သည် ။ ကျယ်ပြန့်သော ဘောလုံးကွင်းကြီးပေါ်တွင် ငယ်ငယ်က မြင်ကွင်း ရှုကွင်း ၊ ငယ်ငယ်က အပေါင်းအသင်းနှင့် ငယ်ငယ်က အတွေ့အကြုံများကို မြင်ယောင် ထင်ယောင် နေလေသည် ။ ဟောင်ချင်ပေါ ၊ ဟောင်ယာချင်ပေါ ၊ အောင်ဖြိုး ၊ လှမိုး စသော ဘောသမားများ ကျွန်တော်တို့ ကျောင်း၏ ဂုဏ်ထူးဆောင် မုံရွာ ချန်ပီယံများ ဖြစ်ခဲ့သည်ကိုလည်း သတိရသည် ။ ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ ဇာတ်
ဆရာ ဆရာစိန်ကတုံး ပွဲကရင်း သေဆုံးသွားသည်ကိုလည်း သတိရသည် ။ ဒေလီညွန့် ငိုချင်းသံကြောင့် မျက်ရည်စို့ခဲ့ကြရသည် ။ မသာပို့ရာမှာ နှဲဆရာ ဦးထီအောင်ကြောင့် ရင်ဆို့ခဲ့ကြရသည် ။ သိန်းတင် ( ညိုမြ ) က မင်းသားရူးလုပ် ၊ ကျွန်တော်က နန်းရင်းဝန်လုပ်ပြီး ကျွန်တော်ရေးသော ဇာတ်ထုပ်ကို ကျောင်းပွဲကခဲ့ကြပုံ ၊ ဦးဂုဏ်ဘန်က ဇာတ်တိုက်ရာမှာ ကူညီခဲ့ပုံများကို သတိရမိလေသည် ။

ချီးကျူးပွဲ ကျင်းပရာသို့ပြန်လာခဲ့၏ ။လူတွေ အတော်စုံလေပြီ ။ လဖက်ရည်နှင့် မုန့်များကို ပထမဆုံး တိုက်ကျွေး၏ ။ ရန်ကုန်နှင့် ကွာခြားနေသည် ။ ကျွေးမွေးစားသောက်ပြီး အပြော အဟော နားမထောင်ဘဲ ထပြန်သွားကြမှာ စိုးရိမ်ရသောကြောင့် ဖြစ်ပေလိမ့်မည် ။

ပြီးနောက် ချီးကျူးစကား ပြောသူက ပြောကြလေသည် ။ ဘာတွေပြောကြသည်ဟူ၍ လုံးစေ့ပါဌ်စေ့ မမှတ်မိချေ ။ ကျွန်တော့်စာကို ချီးကျူးသည့်ကြားတွင် နိုင်ငံရေး ဆောင်ရွက်ချက်များ ချီးကျူးခြင်းလည်းပါ၏ ။

ကျွန်တော်က ပြန်ဖြေသည် ။

ကျွန်တော်သည် စာရေးဆရာတယောက်အနေနှင့် အောင်မြင်မှုရသလောက် ရသည် ။ ထိုအောင်မြင်မှု၏ ရေသောက် မြစ်ကား အဘယ်နည်း ။

ပထမဦးဆုံး ဘုတလင် မုံရွာ ပတ်ဝန်းကျင်ကို ကျေးဇူးတင်ရသည် ။ ဘယ်ရပ် ဘယ်ရွာ ရောက်နေနေ၊ ဘုတလင် မုံရွာ ပတ်ဝန်း
ကျင်ကို ကျွန်တော်မမေ့ ။ ကလောင်ဖျားမှ ထွက်ထွက်လာသည် ။ သင်းမြသာယာသော တမာပွင့်နံ့ကား နှာခေါင်းထဲမှ မထွက် ။ ခံပွင့်ဖြူဖြူက မျက်စိထဲမှ မပျောက် ။ ထနောင်းပင်ရိပ်က အမြဲအုပ်မိုးနေ၏ ။ ၎င်းနောက် ကျွန်တော်ရသမျှသော အောင်မြင်မှုအတွက် ဘုတလင် မုံရွာ တဝိုက်က လူထုအား ကျေးဇူးတင်ရပေမည် ။ သားရိုးကုန်း ၊ ကျီးပင်ချောင် ၊ ကုက္ကိုစု ၊ ဆားလင်းကြီး ၊ ဆားထုံးစသော ရွာများမှ တောင်သူကြီးများအား ကျွန်တော်မမေ့ ။ ဖခင် မြေတိုင်းစာရေးထံ သူတို့လာလေ့ရှိ၏ ။ ဖခင် မြေတိုင်းစာရေးနှင့် အတူ ကွင်းနင်းလိုက်ရင်း သူတို့နှင့် တွေဆုံရင်းနှီးရသည် ။ ကုလားပဲမီးဖုတ်ကို အတူ ကောက်စားခဲ့ကြရသည် ။ သူတို့မောင်းနေသည့် ဆီဆုံမှာ ခိုစီးခဲ့ရသည် ။

ပြီးလျှင် ဘုတလင် မုံရွာတဝိုက်၏ စာပေအမွေအနှစ်များကို ကျေးဇူးတင်ရမည် ။ ကျွန်တော်တို့ဒေသတဝိုက် မှ မြန်မာပညာရှိ စာရေးဆရာများ ထွက်ခဲ့သည် ။ မောင်းထောင် ဆရာတော် ၊  ညောင်ကန် ဆရာတော်နှင့် လယ်တီဆရာတော်တို့ ပေါ်ထွန်းခဲ့သည် ။ တွင်းသင်းတိုက်ဝန် ၊ ဦးမြနှင့် သံချို ဦးကျော်လှတို့မှာ မောင်းထောင်သားများဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘိုးအေများဖြစ်သည် ။ သခင်ကိုယ်တော်မှိုင်းနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့
ကလည်း ဤဒေသ ဘိုးဘွားတို့မှ ပေါက်ဖွားခဲ့ကြသည် ။ ကျွန်တော်တို့မှာ ထိုပညာရှိကြီးများ၏ အရိပ်အာဝါသမှာ ကြီးပြင်းကြရသည် ။သူတို့အား အားကျကြရသည် ။နမူနာ တင်ကြရသည် ။

နောက်ဆုံးတွင် ကျွန်တော်တို့အား စာသင်ကြားပေးလိုက်သော ဘုတလင် မုံရွာ ကျောင်းများမှ ဆရာ - ဆရာမများအား ကျေးဇူးတင်ရပေလိမ့်မည် ။ သူတို့အနက် ကျွန်တော်က ဘုတလင် ကျောင်းဆရာ ဆရာဉာဏ်နှင့် မုံရွာ ဗုဒ္ဓဘာသာ ကျောင်းဆရာ ဟာရွန်းကို အထူးဖော်ပြလိုသည် ။ ဆရာဥဏ်က စာတတ်အောင် သင်ပေးလိုက်သည် ။ ဆရာဟာရွန်းက စာရေးဆရာလို တွေးခေါ်တတ်အောင် ၊ ရေးတတ်အောင် ၊ စီကုံးဖွဲ့နွဲ့တတ်အောင် သင်ပေးသည် ။ ချီးကျူးပွဲကျင်းပရာ ဗုဒ္ဓဘာသာကျောင်းထဲ ရောက်ကတည်းက ဆရာဟာရွန်းကို အထူးသတိရသည် ။ ကျောင်းသားအား မဆူမပူ ၊ မကြိမ်းမမောင်း ၊ မရိုက်နှက်ဘဲ ယဉ်ကျေးစေသော ဆရာဖြစ်သည် ။ သူအတန်းဆိုလျှင် ကျောင်းသားတိုင်း ငြိမ်ပြီး အထူးအာရုံစိုက်ကြသည် ။ စိတ်ဝင်စားကြသည် ။သူသည် ဘာသာရပ်တိုင်းကို အင်းဂလိပ်ဘာသာဖြင့် သင်သော်လည်း လူတိုင်း နားလည်အောင် သင်နိုင်သည် ။ နက်နဲ ခက်ခဲသော အဓိပ္ပာယ်များကို အလွယ်ကူဆုံး အရှင်းဆုံးစကားဖြင့် သင်ကြား
နိုင်သည် ။ စာမေးပွဲအောင်ရုံ ၊ စာရေးတတ် ဖတ်တတ်ရုံသာ သင်ကြားပေးသည်မဟုတ် ။ ဘဝခရီးတလျှောက်လုံးတွင် အကူ အညီမပါဘဲ ခရီးသွားတတ်အောင် ညွှန်ကြားပေးလိုက်သော သင်ခြင်းမျိုး ဖြစ်သည် ။ ကျောင်းသားတို့၏ ပင်ကိုဥာဏ်ကို ဖွံ့ဖြိုးစေသည် ။ အတွေးအခေါ် ထက် မြက်စေသည် ။ ဆရာဟာရွန်းနှင့် တကွသော ငယ်ဆရာများကို ကျေးဇူးတင်၍ မဆုံးနိုင်ပေ ။

ထို့နောက် ကျွန်တော်သည် စာရေးဆရာဆိုသည်မှာ ၀ါဒစွဲ ရှိရမည်ဟူသော အချက်ကို ရှင်းလင်းပြသည် ။

ကလောင်ကိုင်ရသော ဦးနှောက်အလုပ်သမားဖြစ်သည့် စာရေးဆရာသည် အလုပ်သမား လယ်သမားများနှင့်အတူ ပြည်သူလူထု တရပ်လုံး၏ လွတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်ရ၏ ။ ပြည်သူ့လွတ်မြောက်ရေးကို အာမခံပေးနိုင်သော အတိုးတက်ဆုံး ဝါဒသဘောတရားများကို လက်ကိုင်ထားရမည် ဖြစ်ကြောင်း ဟောပြောလေသည် ။ ယခုအခါ ပြည်သူလူထုသည်
ကမ္ဘာ့ငြိမ်းချမ်းရေးသာမက ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အပူတပြင်း လိုလားနေသည် ။ မုံရွာ ဘုတလင် တဝိုက်တွင် ကျွန်တော် မြင်ခဲ့ ၊ ကြားခဲ့ ၊ သိခဲ့သမျှ သည် ထိုအချက်ကို ထောက်ခံနေ၏ ။ ယနေ့ စာရေးဆရာတိုင်း၏ တာဝန်သည် ပြည်သူလူထု လိုလားသော ငြိမ်းချမ်းရေးအတွက် ရှေ့ဆောင် ရှေ့ရွက်ပြု၍ ရေးသားရန်ဖြစ်သည် ။

ကျွန်တော်သည် စာရေးဆရာ တယောက်အနေနှင့် အထက်ပါ ယုံကြည်ချက် ရှိ‌ေန  သောကြောင့် ထိုယုံကြည်ချက်များပါသော စာပေများကိုသာ ရေးသားခဲ့ပုံကို ပြောပြသည် ။ ပိုက်ဆံ ကြေးငွေ သက်သက်အတွက် မရေး ။ ယုံကြည်ချက်အတွက် ရေးသည် ။ ရေးသလောက်အတွက် ရေးခ အပြည့်အဝယူသည် ။ ထိုကြောင့် တိုက်ကြီးနှင့် မနေနိုင် ။ကိုယ်ပိုင်ကား မစီးနိုင် ။

ထိုကြောင့် အချို့ ရပ်ဆွေရပ်မျိုးတွေ ၊ သူငယ်ချင်း မိတ်ဆွေဟောင်းတွေ ၊ ဆွေမျိုးသားချင်းတွေက သနားကြသည် ။ အခြားနာမည်ကြီးသူတွေလို မချမ်းသာကောင်းလားဟု အားမလို အားမရ ပြောကြသည် ။ သူတို့အား ကျွန်တော့်ကို မသနားရန် ၊ အားမလို အားမရ မဖြစ်ရန် တောင်းပန်ခဲ့ရ၏ ။ ကျွန်တော်သည် မချမ်းသာသော်လည်း မဆင်းရဲပါ ။ အထူးသဖြင့် ကိုယ်ယုံကြည်ချက်အတိုင်း လုပ်နေ၍ စိတ်ချမ်းသာပါသည် ။ ချီးကျူးပွဲသို့ လာရောက်ကြသော ပရိသတ်မှတဆင့် မုံရွာ ၊ ဘုတလင် ရပ်သူ ရွာသားတို့အား တောင်းပန်ခဲ့ရသော အခြားကိစ္စတခုမှာ သူတို့ထံ စာမရေးခြင်း ၊ စာမပြန်ခြင်း ဖြစ်သည် ။ ကျွန်တော်သည် ဘုတလင် မုံရွာနှင့် ကင်းကွာနေစေကာမူ ၊ စာပေးစာယူ အဆက်ပြတ်နေစေကာမူ ဘုတလင် မုံရွာကို မမေ့ကြောင်း ကျွန်တော့် စာပေများတွင် ထင်ရှားပေါ်လွင်ပါ သည် ။ သို့ကလို နိဂုံးချုပ်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်လေသည် ။

ညစာကို မုံရွာခရိုင် ဖ-ဆ-ပ-လ ခေါင်းဆောင် နှင့် ပါလီမန်အမတ် ကိုကျော်ဇေယျက တည်ခင်းကျွေးမွေးသည် ။ကိုကျော်ဇေယျကား ကျွန်တော်နှင့် ညီအကိုလည်း တော်သည် ။မောင်းထောင် က ကျွန်တော့် အဒေါ် လေးတဦးကို ယူထားသူလည်း ဖြစ်သည် ။ နိုင်ငံရေး သဘောကွဲမှုကား တဌာန ။ ဆွေမျိုးသားချင်း ရင်းနှီးမှုကား တဌာန ။ ကိုကျော်ဇေယျသည် ဖ-ဆ-ပ-လ ခေါင်းဆောင်အချို့ကို ဖိတ်ထားသည် ။သူတို့မှာ ကျွန်တော်၏ ကျောင်းနေဘက် သူငယ်ချင်းများ ၊ရပ်ဆွေရပ်မျိုးများသာဖြစ်လေသည် ။မုံရွာခရိုင်နှင့်ပတ်သက်၍ သမဝါယမလုပ်ငန်းများ ၊မြေယာပြုပြင်ရေး လုပ်ငန်းများ ၊ ဆိုက်ကားယာဉ် စည်းရုံးရေးကိစ္စများ စသည်တို့ကို  ရောက်ရောက်ရာရာ ပြောဆိုကြလေသည် ။ ရှေးဟောင်းနှောင်းဖြစ်များလည်းညှပ် ပါလာ၏ ။

ညစာစားပြီး တည်းခိုအိမ်သို့ ပြန်ရောက်သောအခါ ဆွေးနွေးပွဲ ကျင်းပကြသည် ။ ဘီအေဘီအယ်လ် ကိုချစ် ၊ ( ဇောက်ထိုး )
ကိုသောင်းတန် နှင့် အခြား လူငယ်များနှင့် ကျောင်းသားများလာကြသည် ။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာများကို ဆွေးနွေးကြ၏ ။ ( ဇောက်ထိုး ) ကိုသောင်းတန်ကို ယခင်က တကြိမ်မျှ ကျွန်တော် မတွေ့ဘူးခဲ့ ။ ယခုမှ တွေ့ရခြင်း ဖြစ်သည် ။

နောက်တနေ့တွင်ကား မုံရွာမြို့ကို ပိုနှံ့အောင် လှည့်ပတ်သည် ။ မကြည့်ရသေးသော စက်ရုံအလုပ်ရုံများကို ဝင်ကြည့်သည် ။ သူပုန်နယ်မြေ၏ လူထုကြားမှ လူအချို့ကို တွေ့ရပြန်လေသည် ။

အရာတော်နယ် ကျေးရွာတရွာမှ အုပ်ချုပ်ရေး ကော်မတီ လူကြီးတဦးနှင့်တွေ့ရသဖြင့် ကွန်မြူနစ်ပါတီ၏ မြေယာပြုပြင်ရေး လုပ်ငန်းအကြောင်းများ သိရပြန်၏ ။ ၁၉၄ဂ - ၄၉ များတွင် ဂမူးရှူးထိုးလုပ်ခဲ့သော သခင်သန်းထွန်း၏ မြေယာ ပြုပြင်ရေးစနစ်မှာ မှားယွင်းသဖြင့် ပြန်ရုပ်သိမ်းခဲ့ရသည် ။ ထိုစဉ်က သခင်သန်းထွန်း၏ လက်သုံးစကားများမှာ “ ကိုရန်တဖက် ၊ ဒါးတဖက် ” ဆိုသကဲ့သို့ မာ့က်စ်ဝါဒတဖက် ၊ ရိုင်ဖယ်တဖက် ကိုင်ဆွဲပြီး လူတွေကို ဇိကုတ် နတ်ပြည်ပို့ရမယ် ။ ကောင်းတာကို ဇွတ်လုပ်ရမယ် ” ဟူ၍ ဖြစ်ခဲ့လေသည် ။ ( ပြည် ညီလာခံမိန့်ခွန်း ) ထိုမြေယာပြုပြင်ရေး လမ်းစဉ်မှားပြီးနောက် မြေယာ ပြုပြင်ရေးနှင့် ပတ်သက်ပြီး နှစ်အတော်ကြာ ဘာမျှမလုပ်ဘဲ နေခဲ့ရ၏ ။ ယခုအခါ မြေပြုပြင်ရေးစနစ်သစ်ကို ချမှတ် ပေးလိုက်လေပြီ။ 

လူတန်းစားအလွှာ သတ်မှတ်ပုံ ၊ မြေယာချထားပုံ စသည်တို့မှာ ဖ-ဆ-ပ-လ မြေယာပြုပြင်ရေးနှင့် မူအားဖြင့် ခြားနားသည်ကို မတွေ့ရပေ ။ သို့ရာတွင် တကယ် လက်တွေ့ လုပ်ရာ၌ကား အရာတော် ကွန်မြူနစ်ကိုက ကျေးရွာလူထုဆန္ဒကို ပိုအလေးပေးထားသည် ။ လူထုသဘောမပေါက်ဘဲ ဘာမျှ ပြုပြင်ပြောင်းလဲခြင်း လုပ်မပေးရ ဟူသော အချက် မှာ ထူးခြားသည် ။ ၎င်းပြင် ထိုတဝိုက်ရှိ ကျေးရွာကော်မတီများမှာ တကယ်လူထုဆန္ဒအရ တင်မြှောက်ထားသော ကော်မတီများ ဖြစ်ဟန်ရှိသည် ။ ကျေးရွာ
ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့မှာလည်း ကျေးရွာလူထု အုပ်ထိန်းမှုအောက် မှာ ရှိနေသည် ။ ကွန်မြူနစ် ကေဒါများသည် အခြားနေရာများမှာလို မဟုတ် ။ လက်နက် မကိုင်ဘဲ သွားလာ လှုပ်ရှား စည်းရုံးနေနိုင်သည်ဟု ဆိုသည် ။ ကွန်မြူနစ် လက်နက်ကိုင် တပ်သားများ လာလျင်လည်း ကျေးရွာက ဆီးကြိုလက်ခံသည် ။ တခါတရံများ၌ ဖိတ်ပင် ဖိတ်ခေါ်ရသည် စသည်ဖြင့် ပြောပြလေသည် ။

“သည်အတိုင်းသာ မှန်ရင်တော့ ကောင်းတဲ့အချက်တွေပေါ့ဗျာ ။ လူထုအကြိုက် လူထုဆန္ဒအရ အောင်မြင်တယ်ဆိုရင် ဘယ်သူ လုပ်လုပ် ၊ ကျွန်တော်ကတော့ ချီးကျူးမှာဘဲ ။ နို့ နေပါအုံး ၊ လူထုက ငြိမ်းချမ်းရေးကော မလိုချင်ဘူးလား ” ဟု ကျွန်တော်က မေးလိုက်သည် ။

“ ဟာ ၊ လိုချင်တာပေါ့ ။ ဗုဒ္ဓဘာသာကျောင်းတုန်းက ခင်ဗျား ဟောတာတွေထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ကျွန်တော် သဘောအကျဆုံးဘဲ ”
“ ကျွန်တော်က လူထုဟာ သူပုန်အုပ်ချုပ်ပုံ ၊ လုပ်ကိုင်ပုံကို ကြိုက်နေတော့ သူပုန်က အစိုးရကို အပြုတ်တိုက်ချနိုင်သည်အထိများ ထောက်ခံနေသလားလို့ ”

“ ဟာ ၊ ဘယ်ဟုတ်မလဲ ။ ငြိမ်းချမ်းရေးတော့ လိုချင်တာဘဲဗျ ။ မနှစ်က ကျွန်တော်တို့ရွာကို တခြားကျေးရွာက လူထုကိုပါ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး အစည်းအဝေးလုပ်တယ် ။ ကျွေးရ မွေးရတာ ငွေခြောက်ရာကျော် ကုန်တယ် ။ အဲဒီအစည်းအဝေးမှာ ကွန်မြူနစ် ရဲဘော်တွေက ငြိမ်းချမ်းရေးကို သူတို့လဲ လိုချင်ပါတယ် ။ ငြိမ်းချမ်းရေးဖြစ်မယ်ဆိုရင် သူတိုကိုင်ထားတဲ့ လက်နက်တွေကို မြစ်ထဲမှာ မျောပစ်ပါမယ်လို့ ပြောတယ် ”

ထိုနောက် ထိုလူကြီးက သူ့အခက်အခဲတခုကိုတင်ပြပြီး ဆွေးနွေးသည် ။ သူတို့ရွာတွင်စာသင်ကျောင်း တကျောင်း ရှိသည် ။ ရပ်ရွာက ထောက်ပံ့ထားသည် ။ ယခု အစိုးရက ပြည်တော်သာ ကျောင်းဆရာများ ခန့်နေရာ ၊ ထိုကျောင်းက ဆရာက ပြည်တော်သာကျောင်း လုပ်လိုသည် ။ ကျေးရွာကော်မတီ လူကြီးတွေကလည်း သဘောတူသည် ။ သိုသော် ကွန်မြူနစ်များက “ ခင်ဗျားတို့ လက်ခံချင်ရင်တော့ လက်ခံပေါ့ဗျာ ။ သို့ပေမယ့် ပြည်‌ေတာ်သာကျောင်းလုပ်ရင် ကျွန်တော်တို့တော့ နိုင်ငံရေး အရရှုံးတာဘဲ ” ဟု ပြောလေသည် ။ ကျေးရွာလူကြီးမှာ ထိုစကားကြောင့် ပြည်တော်သာ ထောက်ပံ့ကြေး ယူရခက် ၊မယူရအခက် ဖြစ်နေလေသည် ။ ပညာသင်ကြားရေးကိုလည်း ရွာက များစွာလိုလားလျက် ရှိသည် ။ ဘယ်လို ဖြေရှင်းရမည်လဲဟု ကျွန်တော့်အား မေးသည် ။

“ ခင်ဗျားတို့ရွာက ကွန်မြူနစ် ခေါင်းဆောင်နှင့် ပြီးပြတ်အောင် ဆွေးနွေးပြီး သူတို့သဘောတူမှ ပြည်တော်သာကျောင်းလုပ်လို့ ဖြစ်မှာဗျ ။ ဒီတော့ သဘောအရတော့ ပြည်တော်သာကျောင်းလုပ်တာနဲ့ နိုင်ငံရေး ရှုံး တယ်လို့ မထင်ပါဘူး ။ လူထုအကျိုးရှိတဲ့ အလုပ်မှာ ဘယ်သူနှင့်မဆို ပူးပေါင်းလုပ်ရင် နိုင်ငံရေးအမြတ် ရှိတာပါဘဲ ”

ကျွန်တော်သည် သည့်ထက်ပို၍ အဖြေ မပေးတတ်ပါ ။ ထိုလူကြီးကား ငြိမ်းချမ်းရေးကိုလည်း လိုချင်သည် ။ သူလိုချင်တာ ရအောင် ဝိုင်းဝန်းကူညီမည့်သူ ဘယ်သူမဆိုအား ထောက်ခံလိမ့်မည်ဟု ထင်ရပေသည် ။

နောက်တနေ့တွင် မုံရွာမှ မန္တလေးသို့ ထွက်ခဲ့လေ၏ ။

ကျွန်တော်စီးလာသော ဘတ်စ်ကားဘေးတွင် လူ ၃ဝ တင်ရန်ဟု ရေးထားသည် ။ သို့သော် လူ ၇ဝ မျ တင်ဆောင်လာခဲ့၏ ။ ငါးပိ ၊ ငါးချဉ် သိပ်ထားသကဲ့သို့ ပေတည်း ။ ကျွန်တော့်မှာ ခြေဆင်းထိုင်ရန် ထားဦးတော့ ၊ ခြေချ၍ပင် မထိုင်ရ ။ ဆောင့်ကြောင့်ထိုင်၍ လိုက်ပါလာခဲ့ရသည် ။ ဆောင့်ကြောင့်ထိုင်စရာ တနေရာရသည့်အတွက် ညကတည်းကလာပြီး ကျွန်တော့်ကိုယ်စား နေရာယူထားသောသူငယ်ကို ကျေးဇူးတင်ရသေး၏ ။

ခရီးသည်တဦးသည် လက်ထောက်စပယ်ရာအဖြစ်ဖြင့်လိုက်ပါလာသည် ။ သူသည် ဟန်နှင့်ပန်နှင့် ဝတ်ဆင်ထားသည် ။ သို့သော် ဒရိုင်ဘာနှင့် စပယ်ရာအား အမြဲ မျက်နှာချိုသွေးသည် ။ စပယ်ရာ ခိုင်းသမျှလုပ်သည် ။ ခရီးသည်၏ ဝေယျာဝစ္စများကို ဆောင်ရွက်သည် ။ ရေအိုးစင်မှ ရေခပ်ပေးရန်ပင် ဝန်မလေး ။ ခရီးလမ်း  တလျောက်လုံး တတွတ်တွတ်နှင့် နတ်လမ်းညွှန် လုပ်ပေးသည် ။ သည် လူဟာ အခမဲ့ ဘတ်စ်ကားစီးရအောင် လုပ်လေသလောဟု တွေးထင်မိသည် ။ မဟုတ်ပါ ။အဖိုးအခ ပေးပြီး စီးခြင်းဖြစ်ကြောင်း တွေ့ရသည် ။ ဝါသနာအားဖြင့် စပယ်ယာ လုပ်ချင်သူပေတည်း ။

မိန်းမကြီးအချို့သည် နောက်ဆုံးမှ အတင်း တိုးတက်သည် ။ တက်နှင့်ပြီး ခရီးသည်တို့က ဖယ်စရာ နေရာမရှိ၍ ဖယ်မပေးသောအခါ မြန်မာအချင်းချင်း ယိုင်းပင်းခြင်းမရှိ ၊ ခရီးသည်အချင်းချင်း သက်ညှာမှုမရှိ စသည်ဖြင့် သာသာနှင့် စကားနာ ထိုးသည် ။ အတင်းလည်းတိုးသည် ။ အာဂ မိန်းမကြီးများပေတည်း ။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ဆက်ဆံရသော မုံရွာဈေးထဲမှ ငါးစိမ်းသည်များ ဖြစ်လေသလော ။

မုံရွာတောင်ဘက် ထွက်ခဲ့၍ မကြာသေးပါ ။ အကြော်သည်မတယောက် ဘတ်စ်ကားကို  လက်ပြပြီးရပ်စေသည်။ ယမန်နေ့ညက ရှေ့မှာရှိသော တံတားကို သူပုန်များက ဒိုင်းနမိုင်းခွဲထားကြောင်း သတိပေးလေသည် ။ ကားဆက်ထွက်ပြီး အတန်ကြာတော့ တောင်သူတယောက်က ဆီးတားပြီး သည်အကြောင်းကိုပင် သတိပေးပြန်သည် ။ ကျောက်တံတားကား အက်ရုံသာ အက်သည် ။ မကျိုးပါ ။ ကားကို တအိအိဖြတ်မောင်းသည် ။ ခလုတ်ရော ဆူးရောရှိသော်လည်း ခလုတ်မထိ ဆူးမငြိဖြစ်သဖြင့် ဝမ်းသာရသေးသည် ။ ခရီးသည်များကား မြင်းမူနှင့် စစ်ကိုင်းကြားရှိ ပြင်ပြီးခါစ တံတားကြီးကို သူပုန်များ ဖောက်ခွဲသဖြင့် ကျိုးပျက်ပုံနှင့် လူဆယ်ယောက်သေပုံ ပြောဆို နေကြသည် ။ သို့ရာတွင် သူတို့စကားများ၌ သူပုန်အား ပစ်တင်သံ လည်းမပါ ။ အစိုးရအား တာဝန်ဖို့သံလည်း မပါ ။ ဖြစ်သမျှ ကုန်းခံရုံပေါ့ ဟူသော ဥပေက္ခာ လွှမ်းမိုးနေလေသည် ။

ပေတရာ လမ်းမကြီးမှာ လုံးဝပျက်နေပြီ ။ ကျောက်ခဲ ကတ်တရာ မျက်နှာပြင် မပြောနှင့် ၊ မြေပြင်အခံပင် မရှိတော့ချေ ။ ဖုတ်တထောင်းထောင်း ထနေ၏။

ညောင်ပင်ဝင်းသို့ ရောက်သောအခါ နံနက်စာ စားကြလေ၏ ။ အများသော ခရီးသည်တို့က ဈေးကြီးသည်ဟု ညည်းညူကြသည် ။ ကျွန်တော်တို့ ရန်ကုန်စံချိန်နှင့်ဆိုသော် ဈေးအလွန်ပေါနေသည် ။

စစ်ကြီးမဖြစ်မီ ရှေးယခင်က ညောင်ပင်ဝန်း လဖက်ရည်သည် နာမည်ကျော်ကြား၏ ။ ကျွန်တော်သည် ထိုလဖက်ရည်ကို ရှာသေးသည် ။ မတွေ့ခဲ့ရ ။

သည်လိုနှင့် မုံရွေး ၊ ကြေးမုံ ၊ ချောင်းဦး ၊ မြင်းမူများကို ကျော်ဖြတ်ခဲ့သည် ။ သတ်မှတ်သည်ထက် နှစ်ဆကျော် ခရီးသည်နှင့် ကုန်တင်ထားသော ဘတ်စ်ကားကြီးမှာ ဖုံထူ ချိုင့်ပေါ
သော လမ်းပေါ်မှာ ရုန်းကန်လာခဲ့လေသည် ။ ဘတ်စ်ကားကြီးတော့ တနေရာရာမှာ အားပြတ် လဲတော့မှာဘဲဟု စိတ်ထဲမှာ တထိတ်ထိတ် နေခဲ့သည် ။ သို့သော် စစ်ကိုင်းသို့သာ ရောက်ခဲ့သည် ။ ဘာမှ မဖြစ် ။

လမ်းပေါ်မှာ ဖြတ်သန်းသွားလာသူတို့အဖို့ စစ်ကိုင်းတွင် “ ဇေယျာမန်း ” ဟူသော ဗောက်စ်ဝက်ဂွန်းများမှတပါး ဘာမျှ ထူးခြားသည်ကို မတွေ့ခဲ့ရ ။ ဗောက်စ်ဝက်ဂွန်း ကားများကို ခရီးသည်တင်ကားများ လုပ်ထားသည်၌ အမြင်မှာ အတော် တိုးတက်လေသည် ။ ကားအတွင်းအိမ်မှာ တိုးတက်ခြင်း ရှိ မရှိကား မသိပေ ။

အင်းဝတံတားကြီးကား ပြင်ဆင်၍ပြီးသည်မှာ မကြာသေး ။ အင်းဝတံတားကြီးပေါ် ကားဖြတ်စဉ် ၁၉ ၄၂ - ခုနှစ်က အဖြစ်အပျက် များကို သတိရနေသည် ။ မဟာမိတ်တို့သည် အင်းဝတံ
ကြီး၏ ပေါင်းကူးသုံးခုကို ဒိုင်းနမိုက်နှင့် ဖျက်ဆီးပစ်ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာသွားကြလေသည် ။ ဒိုင်းနမိုက်ဖောက်ခွဲသံကို အဝေးကြီးက ကြားရ၏ ။ မီးပွင့်သွားသည်မှာလည်း လျှပ်စီးလက်သလို လက်သွားလေသည် ။

ကျွန်တော်စီးခဲ့သော ဘတ်စ်ကားမှာ အမရပူရ အလွန်တွင် ခြေကုန်လက်ပန်းကျလေတော့သည် ။ စက်ရပ်သွားရာ ဘယ်လိုပြင်လို့မှ မရတော့ချေ ။ အဘယ်မှာ ခံနိုင်ပါမည်နည်း ။ တင်နိုင်သည်ထက် ခရီးသည်နှစ်ဆ - ကုန်နှစ်ဆ တင်ခဲ့သည် ။ ရုန်းကန်ခဲ့ရသည့် လမ်းမှာလည်း မြန်မာပြည်တွင် အဆိုးဆုံးလမ်း ဖြစ်လေသည် ။

ကျွန်တော်သည် ကားပြင်၍ ပြီးသည့်တိုင်အောင် မစောင့်နိုင်သဖြင့် သေတ္တာနှင့်အိပ်ရာလိပ်ကို ထားခဲ့ပြီး ဂျစ်ကားကြုံနှင့် မန္တလေးသို့ လိုက်ခဲ့လေသည် ။ သင်္ကြန်ကြိုနေသော ရွှေမန်းကိုပက်ပင်းပါတွေ့ရလေသည် ။ အလှပြကားတွေနှင့် လှည့်သူတွေ အတီးအမှုတ် ၊ အကအခုန်နှင့် ရှင်လောင်း လှည့်သလို လှည့်သူတွေ ၊ လမ်းဘေးမှာ စီတန်းပြီး ကြည့်သူတွေ ၊ တိုက်တာ အိမ်ခြေများမှ ကြည့်သူတွေ ။ စည်ကားလှပါပေ၏ ။

၁၉၄၂ - ခုနှစ် ကျွန်တော် ထွက်ခွာခဲ့သော မန္တလေးကား တလနီးပါး ဆက်လျက်သား မီးလောင်နေသော မန္တလေး ၊ ဗုံးထိ၍ အတုံးအရုံး သေနေသော လူသေကောင်နှင့် နွားသေကောင် ၊ ခွေးသေကောင်များဖြင့် ပြန့်နေသော မန္တလေး ။ ဟိုတုန်းက ကျွန်တော်သည် ဗံုးထိ၍ သေဆုံးနေသော လူသေကောင်များကြည့်ပြီး မန္တလေး တောင်ချေရင်း ဇရပ်များမှာတွေ့ရသော နိမိတ်ကြီးလေးပါး အရုပ်များအနက် လူသေရုပ်များနှင့် တထပ်တည်းတူသည်ကို တွေးနေမိလေသည် ။

ယခု ကျွန်တော့်အား ကြိုဆိုနေသော မန္တလေးကား မြူးတူးခုန်ပေါက် ကခုန်သီဆိုနေသော မန္တလေး ၊ ရေကစားနေသော မန္တလေးပေတည်း ။

ကျွန်တော်တည်းခို‌ေသာအိမ်မှာ ဒေသဆိုင်ရာ ဖ-ဆ-ပ-လ အဖွဲ့ခွဲ၏ ငွေထိန်းလူကြီး ဈေးချိုသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးချစ်၏အိမ်ဖြစ်လေသည် ။ ဦးချစ်မှာ ဘုတလင်သား ဖြစ်ပြီး ထင်းရူး
သေတ္တာအလုပ်ဖြင့် သဌေးဖြစ်နေသူဖြစ်၏ ။ ဦးချစ်မှာ ဘုတလင်စိတ် အလွန်ရှိသည် ။ ထင်းရှူးသေတ္တာဝင်း ဟူသော ကျယ်ပြန့်သည့် ဝင်းကြီးအတွင်းတွင် တိုက်နှင့် နေလေသည် ။ အလုပ်သမားဟူသမျှ ဘုတလင်သားတွေချည်း ထားသည် ။ ထိုအလုပ်သမားများမှာ သူ့ဝင်းထဲတွင်စုဝေးနေကြသည် ။ ဦးချစ်သည် သမီးကိုပင် ဘုတလင်သားနှင့် ပေးစားသည် ။ သမ က် မှာ ကျွန်တော်နှင့် ဘုန်းကြီးကျောင်းတွင် အတူနေဘက် ဦးပဉ္စင်း လူထွက် ဦးဘရှင်ဖြစ်သည် ။ ထို့ ကြောင့် ဦးချစ်ထံ တည်းခိုရသည်မှာ ဘုတလင် ရပ်ကွက်တခုမှာ တည်းခိုရသည်နှင့် တူနေပေ၏ ။

ဦးချစ်မှာ ရောင်ကြီး‌ေဘွနှင့်ဖြစ်ပြီး ပြောဟန်ဆိုဟန်မှာ ဘုန်းကြီးကျောင်းထွက် လေသံမပျောက်သဖြင့် လူရိုးလူအ တောသားကြီးဟု ထင်ရသည် ။သို့သော် ပါးရည်နပ်ရည်ရှိသောသူပေတည်း ။ ပါဠိပါဌ်သားစကားများပြောပြီး ခေတ်ဆန်ဆန်တွေးတတ်သောသူလည်း ဖြစ်သည် ။

ကျွန်တော့် စိတ်ထဲမှာ ၁၉၄၂ ခုနှစ်က မီးလောင်နေသောမန္တလေးသည် စွဲနေသည် ။ ခု ဘယ်လိုနေသနည်းဟု ကြည့်ချင်သည် ။ ဦးချစ်ဂျစ်ကားနှင့် လှည့်ကြည့်သည် ။ ထိုတကြိမ်နှင့်မလုံ
လောက်သေးသဖြင့် သူငယ်ချင်း ကိုရှိန်၏ ဂျစ်ကားနှင့် လှည့်ကြည့်ပြန်သည် ။

ယခုမန္တလေးမှာ တိုက်တာတွေ ပိုများလာလည် ။ ယခင်က သစ်သားအိမ်များနေရာတွင် တိုက်တာများ ပေါ်လာခြင်းမှာ တိုးတက် မှုပင် ဖြစ်သည် ။ အချို့ မီးလောင်ရပ်ကွက် များတွင်ကား
ယနေ့တိုင် ကွက်လပ် ဖြစ်နေသေးသည် ။ ဆေးရုံကြီးများမှာ ယခင်ကထက် ကြီးကျယ်ခမ်းနားလာသည် ။

အထူးသဖြင့် မန္တလေးတက္ကသိုလ်မှာ ခမ်းနားကြီးကျယ်လှပေသည် ။ ကျွန်တော်တို့ငယ်ငယ်က နေခဲ့ရသော မန္တလေးကောလိပ်နှင့် အကွာကြီး ကွာလှ၏ ။ အင်းဂတေချပ်များ ကွာနေသော တထပ်တိုက်တန်း ရှည်ကလေးမှာ ယခုတော့ အစေခံတန်းလျားသဖွယ် ကျန်ရစ်ခဲ့လေသည် ။

စာသင်ကျောင်းဆောင်ကြီးများ ၊ ကျောင်းသားများနေရာ အဆောင်များ ၊ အမျိုးသမီးကျောင်းသူများ၏ အဆောင်များနှင့် ရာဇတ်ခန်းမဆောင်ကြီးများမှာ ရန်ကုန်တက္ကသိုလ် အဆောင်အယောင်များနှင့် နင်လားငါလားပင် ဖြစ်ပေသည် ။

အစိုးရ ဆောက်နေသော လူနေ တိုက်တန်းလျားများနှင့် ကွက်သစ်များကိုလည်း သွားကြည့်သည်။ အချို့မှာဆောက်လုပ် ဆဲသာဖြစ်သည် ။ ပြီးနေပြီဖြစ်သော တိုက် များမှာ လူနေချထားခြင်း မရှိသေးချေ ။

စစ်မဖြစ်မီ မန္တလေးမှာ ကျယ်ဝန်းပျံပျူးသော “ ပြ ” ကြီးများ ၊ လမ်းကြီးများရှိသော်လည်း ကျောက်လမ်း ၊ကတ်တရာစေးခင်းသောလမ်း နည်းသည် ။ မိုးတွင်းမှာ ရွှံ့ဗွက်ထူ၍ နွေနှင့်ဆောင်းမှာ ဖုံတထောင်းထောင်း ထနေသော လမ်းများဖြစ်ပေသည် ။ ယခုမူ ကျောက်လမ်း ၊ ကတ်တရာစေး ခင်းထားသောလမ်းများ အတော်ပင် များပြားလာသည် ။

၁၉၄၂ ခုနှစ်က ကျွန်တော့်ရှေ့တွင်ပင် မီးလောင်ပျက်စီးသွားသော ဘုန်းကြီးကျောင်း စာသင်တိုက်ကြီးများကို သွားကြည့်သည် ။ ဧရာမ ကျောင်းတိုက်ကြီးများကို ပြန်တေွ့ရလေသည် ။ ဘုန်းကြီးကျောင်းဆောက်၍ လှူဒါန်းရာမှာမန္တလေးသူ မန္တလေးသားကို မည်သူမျှ လိုက် မှီမည်မထင်ပေ ။ ကျောင်းတိုက်တတိုက်လုံး ဒါနရှင် တဦးတည်းက ဆောက်သည်လည်းရှိသည် ။
စစ်အတွင်းက ပျက်စီးခဲ့သော မဟာမြတ်မုနိစေတီတော်၏ အရှေ့ဘက် စောင်းတန်းကြီး တခုလုံးကို ဒကာမကြီး တဦးတည်းက ဆောက်လုပ်ထားသည်ဟု သိခဲ့ရလေသည် ။

မန္တလေး မြို့သူမြို့သားများ၏ အလှူအတန်း ရက်ရောပုံကို ပြောကြရင်း ချမ်းသာသူတဦးက လမ်းမကြီးတလမ်းကို သူဖာသာ တဦးတည်း ဒါနပြုသည့်အနေဖြင့် ပြင်ဆင်မည့်အကြောင်း ၊ သို့ရာတွင် ဖ-ဆ-ပ-လ မြူနီစပယ်လူကြီးများက ရွေးကောက်ပွဲတွင် ထိုသူ ဝင်ရောက် ယှဉ်ပြိုင်မည်စိုး၍ မပြင်ရဟု ကန့်ကွက်ထားကြောင်းများကိုလည်း ကြားခဲ့ရလေသည်။

မန္တလေးမြို့၏ တိုးတက် မှုတရပ်မှာ ရေပေါခြင်းဖြစ်သည် ။ အရှေ့ဘက်တောင်ရိုးမှ စမ်းရေကို မန္တလေး ကျုံး ကြီးသို့အရောက်ေဖာက် သွယ်ထားသည် ။ ထိုစမ်းရေပြင်ကို တမြို့လုံး အပြန့်အနှံ့ရေပိုက်သွယ်ပေးထားသည်သာမက တူးမြောင်းငယ်ကလေးများဖြင့် သွယ်ပေးထားပေသည် ။ ကျုံးကြီးသည် သန့်ရှင်းသာယာနေသည် ။ ရေများလည်း ကြည်လင်လှသည် ။စစ်အပြီး မန္တလေး၌ လုပ်သမျှတွင် ဤအလုပ်သည် အကောင်းဆုံးဟု ဆိုအပ်သည် ။

မန္တလေးသည် ပူအိုက်ခြင်းနှင့် ခြင်ကိုက်ခြင်းတွင် နာမည်ဆိုး ရှိခဲ့၏ ။ ထိုနာမည်ဆိုးကို မန္တလေးသည် မစွန့်လွှတ်နိုင်သေးချေ ။ ကျွန်တော်ရောက်သွားသော အချိန်မှာ သင်္ကြန်ချိန် ဖြစ်သဖြင့် အပူဆုံးအချိန်မဟုတ်သေးဟု ဆိုရပေမည် ။သို့ရာတွင် ကျွန်တော်ကား ဘယ်အရပ်မှာမှ ဤမျှလောက်ပူအိုက်ခြင်းကို မခံစားဘူးဟု ထင်မိလေသည် ။ မှတ်မိသေးသည် ။ တညတွင် အိမ်ထဲမှာ ပူအိုက်သောကြောင့် မနေလိုသဖြင့် ရေဝအောင်ချိုးပြီး ထွက်ခဲ့သည် ။ နှစ်နာရီလောက်အတွင်း ရေခဲရေ ၊ ကြံရေ ၊ ဘိလပ်ရေ အဆက် မပြတ် ဆိုရလောက်ပင် သောက်သည် ။ ရေငတ် မပြေ ။ကျင်ငယ်ရေလည်း မထွက် ။

ခြင်တွေကလည်း သဲနှင့်ဆုပ်ပက်သကဲ့သို့ အုပ်လိုက် ၊ တပ်စုလိုက် ၊ တဝီဝီ မြည်ဟည်းပြီး တိုက်ခိုက်နေသည် ။ ခြေလည်းအငြိမ် မနေနိုင် ။ လက်လည်း အနားမရ ။ ယပ်တောင်နှင့် တဖျတ်ဖျတ် ရိုက်ခတ်နေရသည် ။ ရွှေ့လျားပြေးလွှားနေလျင်တော်သေးသည် ။ ရပ်နားလိုက်သည်ဆိုလျှင် ဝိုင်းအုံခဲလေကြသည် ။ ခြင်ထောင်ထဲမှာ အမြဲတမ်းနေရန်လည်း လောကမှာ မဖြစ်နိုင်ဆုံးအရာ ဖြစ်သည် ။ ထိုကြောင့် ခြင်ကို မရှောင်ကွင်းနိုင်ဘဲ အမြဲတမ်းတိုက် ရ၏ ။ စိတ်ညစ်ရ၏ ။ ညည်းညူရ၏ ။ ညဉ့်နက်၍ လူခြည်တိတ်လျှင် ခြင်အုပ်တွေမြည်ဟည်းသံ တဝီဝီသည် လေယာဉ်ပျံသံ ထင်မှတ်ရလေသည် ။

ကျွန်တော့် မန္တလေးသား မိတ်ဆွေအချို့အား ပြောမိသေးသည် ။

“ ဗမာ့တော်လှန်ပြောင်းလဲရေး အောင်မြင်တယ် ၊ ပြီးဆုံးတယ် ၊ မအောင်မြင်ဘူး ၊ မပြီးဆုံးသေးဘူးဆိုတာကို မန္တလေးသားတွေ မှတ်ကျောက်တင်ပြီး ယတိပြတ်ပြောနိုင်မယ့် ကိစ္စတခုရှိတယ်ဗျ ”

“ ဆိုစမ်းပါအုံး ၊ ဘာကိစ္စလဲ ”

“မန္တလေးမြို့မှာ ဒီလောက် မပူအိုက်တော့ဘူးဆိုယင် ဗမာ့တော်လှန်ပြောင်းလဲရေး အောင်မြင်ပြီးဆုံးပြီလို့ မှတ်ပေတော့ ”

သူတို့က ရယ်နေကြသည် ။ ကျွန်တော်က တွေးနေသည် ။

မန္တလေးမြို့ပတ်ဝန်းကျင်တွင် သစ်ပင်တွေ ၊ တောပန်းတွေ ၊ တောတန်းတွေ စိုက်နေသည် ။ ရေပုပ်အိုင်တွေကို ရှင်းပစ်နေသည် ။ လေယာဉ်ပျံနှင့် ဒီတီတီ ကြဲဖျန်းနေသည် ။

မင်းကြီး ၊ အရေးပိုင် စသူတို့ နေထိုင်သော အိမ်များကို ရှောက်ကြည့်သည် ။ ရှေးကနှင့် ထူးခြားချက် မှာ အိမ်ဝင်းခြံများတွင် ပြုပြင်မွမ်းမံမှု မရှိခြင်းဖြစ်သည် ။ပန်းမန်ဥယျာဉ် မထားချေ ။ မြန်မာမင်းစိုးရာဇာတို့သည် ဥရောပတိုက်သား မင်းစိုးရာဇာတွေလို လှလှပပ မနေတတ်ဟု ရုတ်တရက် ကောက်ချက်ချမိသည် ။ နောက် မှတွေးမိသည်မှာ ယခု ဖ-ဆ-ပ-လ အစိုးရခေတ်တွင် အစိုးရ အရာရှိတို့သည် ခဏ ခဏ နယ်ပြောင်းကြပေရာ အဘယ်မှာ အတည်တကျသဘောထား၍ ဝင်းခြံလှပအောင် ပြုပြင်နေချင် ပါလိမ့်မည်နည်းဟူ၍ ဖြစ်သည်။

မန္တလေးမြို့ရိုးအတွင်းသို့ဝင်ရန်ကား မလွယ်ကူလှ ။စစ်တပ်က သိမ်းထားသဖြင့် ပါ့စ် တောင်းယူပြီးမှ ဝင်ရသည် ။

ကြည့်စရာဆို၍ စစ်ဗိုလ်များနေသော အိမ်များနှင့် လွတ်လပ်ရေး ကျောက်တိုင်များသာ ရှိလေသည် ။ မြို့ရိုးတွင်းတွင် စိုက်ထားသော လွတ်လပ်ရေးကျောက်တိုင်မှာ မလွတ်မလပ် ဖြစ်နေရှာသည်ဟု မန္တလေးသားများကြားတွင် ပြောစမှတ် ပြုကြသည်ဟု သိရလေသည် ။ မြို့ရိုးတွင်းတွင် ဖောက်လုပ်ထားသော လမ်းများနှင့် မန်ကျည်းပင်အုပ်ကြီးများမှာ ကောင်းလှ၏ ။

နန်းတော်အဆောင်ဆောင် အခန်းခန်းကား အောက်ခြေခံ ဖနပ်အုတ်ခုံသာ ကျန်တော့သည် ။ မီးလောင်ထားသော တိုင်အပိုင်းအစမျှ မရှိတော့ပြီ ။ အုတ်ခုံများပေါ်တွင် ချုံနွယ်ပုတ်ပေါင်းများ ပေါက်လျက်ရှိသည် ။ ပဒိုင်းပင်တွေ အများအပြားတေွ့ရသည် ။အုတ်လှေကားများမှာ အင်းဂတေ ကွာ သည်ကွာ ၊ ပဲ့သည်က ပဲ့ ၊ လဲသည်ကလဲ ဖြစ်လေသည် ။

နန်းတော်ရာကိုကြည့်ပြီး ရင်ထဲမှာ ဖိုလှိုက်လာသည် ။ပဒေသရာဇ်စနစ်ကို မကြိုက်တာက တဌာန ။ ကိုယ့်အမွေအနှစ် ကိုယ့်အတိတ်ကို လွမ်းဆွတ်တမ်းတမိသည်က သဘာဝပင် ဖြစ်တော့သည် ။ ဘယ်နားမှာ သီဟာသနပလ္လင် ၊ ဘယ်ဘက် မှာ အတွင်းဆောင် ၊ ဘယ်လောက် မှာ အပျိုတော်ဆောင် ၊ ဘယ်ဆီမှာရွှေနန်း မျှော်မှန်းတွေးထင်၍ပင် မရတော့သော အပျက်ပါတကား ။

နန်းတော်ရာမှ ရင်လေးစွာဖြင့် ပြန်ခဲ့သည် ။ ရင်က လေးသော်လည်း ခြေသွက်သွက် ထွက်ခွာခဲ့၏ ။

မန္တလေးတောင် သွားကြသည် ။ တောင်ပေါ်သို့ ကား မတက်တော့ပြီ ။ အောက်ကသာ မျှော်ကြည့်လိုက်၏ ။ ရှစါနှစ် ကိုးနှစ်အရွယ် ငယ်ငယ်တုန်းက “ မြို့” ဟု ကျွန်တော်တို့ကျေးလက်အညာမှာ ခေါ်ကြသော မန္တလေးကို ပထမဆုံးရောက်စဉ် တောင်ပေါ်သို့ ရောက်အောင် တက်သည် ။ နဂါးရုပ်ကြီးကို အမှတ်တရ လက်နှင့် ထိစမ်းခဲ့သည် ။ ခုတော့ အောက်က မျှော်ကြည့်ရုံဖြင့် ကျေနပ်နေလေပြီ ။ အသေးစိတ် ကြည့်စရာ ၊ ထိတွေ့ဝမ်းသာစရာ အခြား အရာတွေ လောကမှာ ဒုနှင့်ဒေး မဟုတ်ပါလား ။

တောင်ခြေရင်းက ဇရပ်တန်ဆောင်းများကိုလည်း အပြေးအလွှား ကြည့်သည် ။

နောက်တော့ မြတ်ရတနာပုံနှိပ်တိုက်သို့ ဝင်ကြလေသည် ။ အယ်ဒီတာချုပ် ဦးသန်းထွန်းလည်း မတွေ့ရ ။ ရဟန်းပျို မန်နေဂျာကိုလည်း မတွေ့ရ ။ မြတ်ရတနာပုံနှိပ်တိုက် မှာ အမေရိကန် ဖို့ဒ်ဖောင်ဒေးရှင်း၏ အလှူတော် ဖြစ်သည် ။ အလှူခံသူတို့မှာကား တခါတုန်းက နယ်ချဲ့ဆန့်ကျင်ရေး အတိတ်ရှိခဲ့ဘူးရဟန်းပျို
အဖွဲ့ ဖြစ်၏ ။ လှူသူက ဗုဒ္ဓသာသနာအတွက် သဒ္ဓါထက်၍လော ၊ အလှူခံသူက သာသနာပြုလို၍လော မပြောတတ် ။ အလွန် လှပသော မိန်းကလေးပုံ မျက်နှာဖုံးနှင့် မြတ်ရတနာ ဂျာနယ်ကိုကား ရဟန်းပျိုအဖွဲ့သည် ခပ်မှန်မှန် ရိုက်နှိပ်ထုတ်ဝေလျက် ရှိလေသည် ။
သာဓု ၊ သာဓု ။
( ၁၉၅၅ ခုနှစ် ၊ ဇူလိုင်လမှ ၁၉၅၆ ဖေဖော်ဝါရီလ ထိ ၈ လတိုင် သွေးသောက် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည် ။ )

သိန်းဖေမြင့်

No comments:

Post a Comment