Friday, May 31, 2019

သူဌေးကြီး ဖြစ်ချင်တယ်လား


 🚗🚐🚘   သူဌေးကြီး ဖြစ်ချင်တယ်လား

       “ ဟုတ် ဖြစ်တယ် ၊ ရတယ် တစ်စီးစာ ၊ ဟုတ်ပြီ ၊ သုံးရက်အတွင်း ကောင်းပါတယ် ”

       “ ဒီလိုလုပ်လေ ကျွန်တော်ပြောမယ် ၊ အခုတစ်ခေါက် တစ်စီး အစမ်းပို့လိုက်မယ် ၊ မယူဘူး ၊ ဘာတစ်ပြားမှ မယူဘူး ၊ အလုပ်သမားခ ၊ ကားခတော့ အဲဒီကပေးပေါ့ ဟုတ်ပြီလား ”

       “ အခု ပို့လိုက်တဲ့ပစ္စည်းကို မကြိုက်ဘူးဆို ကားပေါ်က မချနဲ့ဦး ၊ ချက်ချင်းပြန်ပို့ ၊ အပြန်ကားခ ကျွန်တော် ချေမယ် ၊ ဟုတ်ပြီလား ”

       “ ဟာ ပွဲစား သဘောကောင်းလှချည်လား ”

       တစ်ဖက်က တယ်လီဖုန်းချသွားသောအခါ ပွဲစားက ရေနွေးကြမ်းငှဲ့ ၊ ကျွန်တော်က လက်ဖက်သုတ်ပန်းကန်ထဲမှ ပုဇွန်ခြောက်ကို ကောက်ယူ ။

        “ ဆက်ကြည့်မယ်လေ ဦးလေးချမ်း ၊ ကျွန်တော်က မျက်စိနဲ့ ပါးစပ်ပဲ စိုက်ရတာ ၊ အကြောင်းအပေါင်းသင့် ၊ အစပ်အဟပ်တည့်သွားရင်လဲ ရေရှည်မှာ ... ”

        “ ကရင် ကရင် အရင်ရင် ”

        တယ်လီဖုန်း ၀င်လာ ၊ ပွဲစားက ကောက်ကိုင် ။

        “ အင်း ဟုတ်ကဲ့ပြော ကိုဌေး ၊ ပဲဆန် ၊ ဟိုတစ်ပတ်က ပို့လိုက်တဲ့ အရည်အသွေးမျိုး ၊ ရမယ်လေ ၊ မခဲယဉ်းပါဘူး ၊ အောက်တန်း ( အထွက်နှုန်း ) ကိုက်တယ်မဟုတ်လား ၊ ခဲ သဲ အပုတ် အစုပ် မပါ ၊ စိတ်ချ ၊ ကျွန်တော်က အသန့်လိုင်းလေ ၊ ကိုဌေးလဲ သိသားနဲ့ ၊ ဟုတ်ကဲ့ လောလောဆယ် ကြိတ်ဖို့ ရှိသေးတယ် မဟုတ်လား ၊ ကောင်းပြီ ရှိတယ် ၊ ဦးလေးချမ်းတောင် အနားမှာ ရောက်နေတယ် ၊ သူနဲ့ ပြောဦးမလား ၊ အင်း  အင်း ”

        ပထမဖုန်းမှာ မန္တလေးနှင့် ဆက်နေခြင်းဖြစ်ပါ၏ ။

        ယခု ဒုတိယ ၀င်လာသော ဖုန်းမှာ မကွေးမြို့ အမေထွား ဆီစက်မှ အမေထွား သား ကိုဌေးအောင် ထံမှ ဖြစ်ပါ၏ ။

        ကိုဌေးအောင် နှင့် ပွဲစားတို့ကား တစ်ဦးနှင့်တစ်ဦး ခံတွင်းတွေ့သူများ ဖြစ်ကြ၏ ။

        ကိုဌေးအောင် က အမေထွား ပဲဆီသန့် စပါယ်ရှယ်ကို ထုတ်လုပ်ပြီး ရန်ကုန်မှာ ဖြန့်နေသူ ။

        ကျွန်တော့် ပွဲစားကား မြေပဲဆန် သန့်သန့်ကို ရအောင်ရှာပြီး မကွေး အမေထွား ဆီစက်သို့ ပို့ပေးနေရသူ ။

        မန္တလေးဖုန်းက  မိတ်ဆွေ လက်သစ် ၊ အခုမှ အစမ်းပို့ရမှာ ၊ တစ်ယောက်စိတ်ကို တစ်ယောက်က စမ်းရဦးမှာ ၊ မန္တလေးက ပစ္စည်းကို စမ်းသုံးကြည့်မယ် ၊ အောင်လံက စိတ်ကို စမ်းသုံးကြည့်မယ် ။ ငွေရေးကြေးရေးကို စမ်းကြည့်မယ် ။

        စမ်းကြရာက တစ်ယောက်နဲ့ တစ်ယောက် ၊ တစ်ယောက်ကို တစ်ယောက် ( အလုပ်သဘောအရ ) သဘောကျသွားရင် အရှည်မှာ မိတ်ဖြစ်သွားမယ် ။ အရှည်မှာ အလုပ်ဖြစ်သွားမယ် ။ နှစ်ဦး နှစ်ဖက် အကျိုးရှိသွားမယ့်သဘော ။

        ဒါကြောင့် ပွဲစားက “ အရှည် ” လို့ ပြောတာ ။

        မကွေးနဲ့ ဆက်စဉ်ကလည်း သည်လိုပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် စမ်းကြည့်ရာက ဓာတ်ကျပြီး အလုပ်ဖြစ်သွားကြတာ ခင်ဗျာ့ ။

        “ ကျွန်တော် သူ့ကို  လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ် ဘဘ ”

        ၂၀၀၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျွန်တော် မကွေးမြို့ ရောက်စဉ်က အမေထွား ဆီစက်မှာ ကျွန်တော်နဲ့ ကိုဌေးအောင် ပြောဖြစ်ကြတဲ့ စကား ။

        ဟိုတစ်ဖက်က လုပ်ပိုင်ခွင့် အပြည့်ပေးတယ် ။ သည်တစ်ဖက်က ပစ္စည်းကောင်းကို မရရအောင် ရှာပေးတယ် ။ ဤသို့ဖြင့်  အလုပ်ဖြစ်ကြ ။

        ယခုပြောပုံအရဆိုလျှင် မန္တလေးနှင့်လည်း ဆက်လက် အလုပ်ဖြစ်ပေလိမ့်ဦးမည် ။

        ကျွန်တော်တို့ အလုပ်တွေက အပြောနည်းနည်း အလုပ်များများဗျာ့ ၊ အပြောထက် အလုပ်ကို ဦးစားပေးကြရတာဗျာ့ ။

        အခုကြည့် သည်က အစမ်းပို့ပေးမယ် ။

        ပစ္စည်း စိတ်တိုင်းကျစေရမယ် ။ ကော်မရှင် တစ်ပြားမှ မယူသေးဘူး ။ ဒုတိယ တစ်စီးလည်း ဖရီး ။ တတိယ တစ်စီးလည်း ဖရီးပဲ ။

        နောက်ကျမှ အရှည်ဆက်ဆံမိပြီဆိုမှ တစ်ဦးသဘော တစ်ဦးသိပြီဆိုမှ ကော်မရှင်အတွက် စဉ်းစားကြမှာ ။

        ကျွန်တော် ဥာဏ်မီသလောက် စဉ်းစားကြည့်ရတာကတော့ အရှည်အတွက် ရည်မှန်းချက်ထားပြီး ထိုးကျွေးတဲ့ သဘောပဲဗျာ့ ။

        အဲသလိုနည်းနဲ့ မိတ်ဖွဲ့ကြ ၊ မိတ်ရှာကြ ၊ မိတ်မြဲကြရတာဗျာ့ ။

        သာသည် နာသည် ခေါင်းထဲ  သိပ် ထည့်ကြပုံ မပေါ်ဘူးဗျာ့ ။

        ကျွန်တော်တို့ အရောင်းအ၀ယ်လောက ၊ ကျွန်တော်တို့ စီးပွါးရေးလောကမှာ ဆယ်ပြား ငါးပြား သိပ်ပြီး ကပ်ခွါလွန်းရင် အလုပ်မဖြစ်ဖူးဗျာ့ ။

        မျက်စိက ငွေကိုပဲ မြင်နေမယ် ။ အခြားဘာမှ သိပ်မမြင်ဘူးဆိုရင် အလုပ်မဖြစ်နိုင်ဘူးခင်ဗျာ့ ။

        ကျွန်တော် တွေ့တွေ့နေရတာကတော့ ရဖို့ချည်း ခေါင်းထဲ ထည့်နေမိသူတွေဟာ မရတဲ့အပြင် တဖြည်းဖြည်း လုံးပါးပါးသွားကြတာချည်းပဲဗျာ့ ။

        ငွေအတွက် ရှာတာ ။

        မှန်ပါတယ်ဗျာ ၊ ငွေအတွက် ရှာတာပါပဲ ။ ဒါပေမယ့် သည်ငွေရဖို့အတွက် ပထမ အရင်းခံက ငွေနဲ့မျှောရတာပါပဲ ။

        အရကိုချည်း ခေါင်းထဲ ထည့်မထားဘဲ လုပ်တဲ့သူတွေဟာ အခွင့်အရေးတွေ အများကြီး ရရသွားတယ် ဆိုတာကို ကျွန်တော် နေရာတိုင်းမှာ တွေ့နေရတယ်ဗျာ ။

        “ ဦးလေးချမ်း ကျွန်တော်သိသလောက် ဒီလူက သတ္တိပြောင်တယ်ဗျာ ။ ပစ္စည်းမရခင်ကတည်းက ငွေ ကို ကြိုချပေးတာ ၊ အဲဒါကြောင့် သူက အပေါင်းအသင်းလဲ ဆံ့တယ် ၊ ပစ္စည်းလဲ ဈေးချိုချိုနဲ့ ရတယ် ”

        အိမ်ဆောက်ပစ္စည်း  ရောင်းတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ပြီး ကားဆရာ ကိုဇော်လွင်က ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်က အောင်လံ အပြန်မှာ ကျွန်တော့်ကို ပြောတဲ့ စကားပါ ခင်ဗျာ ။

        ကျွန်တော် မောင်ချမ်းသာ ဆိုသူကား ကြီးပွါး သူဌေးဖြစ်လာသူများ အကြောင်းကို အမြဲ နားစွင့်နေရတာဗျာ့ ။

        ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချမ်းသာပြီး သူဌေးကြီး ဖြစ်ချင်တာကိုးဗျာ့ ။
                                                                       
                                      မောင်ချမ်းသာ

   ကုမုဒြာ ဂျာနယ် ၊ ၁၆ စက်တင်ဘာ ၂၀၀၅

Tuesday, May 28, 2019

ဘ၀ရည်မှန်းချက် မရှိလေ ဖေ့စ်ဘွတ်ခ် Like များများရခြင်းကို ပိုသာယာတတ်ကြလေ


 ဘ၀ရည်မှန်းချက် မရှိလေ ဖေ့စ်ဘွတ်ခ် Like များများရခြင်းကို ပိုသာယာတတ်ကြလေ
 🅻    🅸    🅺    🅴     🅻    🅸    🅺    🅴

      ဖေ့စ်ဘွတ်စ်မှာ ကိုယ်တင်ထားတာကို လူများများက Like များများလုပ်လေ ဘ၀ကြီးက ကျေနပ်စရာ ဖြစ်လေဟု ခံစားမိပါသလား ။

        နောက်ဆုံး လေ့လာမှုစစ်တမ်း တစ်ရပ်ကတော့ ထိုသို့ Like များများရမှ စိတ်ကျေနပ်မှု ရတတ်ပြီး Like နည်းနည်းသာရလျှင် စိတ်အားငယ် စိတ်ဓာတ်ကျခြင်းသည် ဘ၀မှာ ရည်မှန်းချက် မယ်မယ်ရရ မရှိသူတို့၏ လက္ခဏာရပ်ဟု ဆိုလိုက်သည် ။ အခြားတစ်ဖက်တွင်ကား Like များခြင်း Like နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နှုန်း မထိခိုက်သူတို့လည်း ရှိနေသည် ။ ထိုသူတို့ကား ဘ၀ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိသူများ ဖြစ်ကြောင်း လေ့လာသုတေသနက ဆိုသည် ။

        သုတေသီတို့သည် အမေရိကန်နိုင်ငံမှ ဖေ့စ်ဘွတ်ခ် သုံးသူ ( ၂၅၀ ) ခန့်ကို လေ့လာထားခြင်း ဖြစ်သည် ။ လေ့လာခံသူ တစ်ဦးချင်း၏ ဘ၀ရည်မှန်းချက် ၊ ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နှုန်း ၊ ဖေ့စ်ဘွတ်ခ်မှာ Like ရသည့် ပျမ်းမျှပမာဏန တို့ကို မှတ်တမ်းတင်သည် ။ Like များများရသူ တို့သည် ပျမ်းမျှအားဖြင့် ကိုယ့်ဘ၀ကိုယ် ပိုကျေနပ်တတ်ကြကြောင်း တွေ့ရသည် ။ သို့သော် ဘ၀မှာ ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိသူတို့မူကား Like များခြင်း နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်နှစ်သက်နှုန်း မထိခိုက်ဘဲ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ  ကိုယ့်ဘ၀ကိုယ် ကျေနပ်အားရစိတ် အရှိဆုံးသူများ ဖြစ်ကြောင်း တွေ့ရသည် ။

        လေ့လာသုတေသနကို ကော်နဲတက္ကသိုလ် လူသားဖွံ့ဖြိုးမှုဌာန တွဲဖက်ပါမောက္ခ အန်ထော်နီ ဘာရိုး နှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည် ။

        လေ့လာတွေ့ရှိချက် ရလဒ်များကို ပိုမို ခိုင်မာစေရန်အတွက် ဒုတိယလေ့လာမှု ထပ်လုပ်သည် ။ ဒုတိယအကြိမ်တွင် ကော်နဲတက္ကသိုလ် ကျောင်းသားတစ်ရာကို အသုံးပြုကာ လေ့လာသည် ။ ကျောင်းသားများကို ဆယ်လ်ဖီ ရိုက်ခိုင်းပြီး သုတေသီတို့ ဖန်တီးထားသော ဆိုရှယ်မီဒီယာပေါ်သို့ တင်စေသည် ။ သုတေသီတို့က အချို့ပုံများကို Like များများ ၊ အချို့ကို အလယ်အလတ် ၊ အချို့ကို နည်းနည်းသာ ပေးလိုက်သည် ။ ထိုအခါ Like များများရသော ကျောင်းသားများသည် ယေဘူယျအားဖြင့် ကိုယ့်ဘ၀ကိုယ် ကျေနပ် ပျော်ရွှင်စိတ် ပိုဖြစ်လာကြကြောင်း တွေ့ရသည် ။ သို့သော် ဘ၀မှာ ရည်မှန်းချက် တိတိကျကျ ရှိသည့် ကျောင်းသားများကား Like များခြင်း ၊ နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်မှု အပေါ် အထိအခိုက်မရှိကြောင်း တွေ့ရပြန်သည် ။

        “ လက်တွေ့ ဘ၀မှ ရည်မှန်းချက် တိတိကျကျ ရှိသူတွေဟာ အွန်လိုင်းပေါ်က ချီးကျူးမှုတွေ ၊ ကဲ့ရဲ့မှုတွေကြောင့် လက်တွေ့ဘ၀ ကျေနပ်ပျော်ရွှင်မှုအပေါ် မထိခိုက်တာ တွေ့ရပါတယ် ” ဟု ပါမောက္ခ ဘာရိုးက ပြောသည် ။

        “ ရည်မှန်းချက် ခိုင်မာသူတွေဟာ Like များများရခြင်းကို အသိအမှတ်ပြုပေမယ့် Like ရမှ ပျော်ရွှင်ရမယ် ဆိုတဲ့ လူစားတွေတော့ မဟုတ်ပါဘူး ။ ကိုယ့်ဘ၀ကိုယ် ပြဋ္ဌာန်းနိုင်သူတွေပါ ” ဟု ၄င်းက ဆက်လက်ပြောသည် ။ ရည်မှန်းချက် ခိုင်မာခြင်းကိုက ထိုသူများအတွက် ကိုယ်တွင်း တွန်းအားကဲ့သို့ ဖြစ်နေပြီး အခြားတွန်းအားများ မလိုအပ်တော့လောက်အောင် ပြည့်စုံစေကြောင်း ပါမောက္ခ ဘာရိုးက ပြောသည် ။

◼  မြတ်ဆုကို                                  
                   Source : Daily Mail


Monday, May 27, 2019

ချစ်နှင်းမှုန်မှုန်


 🌈   ချစ်နှင်းမှုန်မှုန်

        ဂီတနက်သန် ဦးအုန်းလွင်သည် အသက် ( ၉၀ ) ကျော်လေပြီ ။
        ငယ်စဉ်အခါက ကိုစောညိန်း နှင့် အတူ ဂီတနက်သံ အဖွဲ့ကို တည်ထောင်ခဲ့သည် ။ ကိုစောညိန်းမှာ နုပျိုစဉ်အခါကပင် ကွယ်လွန်ခဲ့သဖြင့် ဦးအုန်းလွင်က ဂီတနက်သန်ကို ဆက်လက်ဦးဆောင်ခဲ့သည် ။

        ဂီတနက်သန်မှ ထွက်ပေါ်လာသော သီချင်းများမှာ မြန်မာသံ စစ်စစ်များ ဖြစ်ကြသည် ။

        စည်း ၀ါး နိုင်နင်းမှသာ ကောင်းစွာ သီဆိုနိုင်မည် ဖြစ်ပေသည် ။

        စာသား ၊ သံစဉ် ( အသံ အနိမ့် အမြင့် ) များအပေါ် ခံစား နားလည် နိုင်ရန်လိုအပ်ပေသည် ။

        အထူးသဖြင့် မြန်မာဂီတာ ဖြင့် တီးကာ ဆိုရသဖြင့် သီဆိုသူ၏ အသံ နှင့် ဂီတာ ၏ ကီး တို့ ထပ်တူကျမှ သာ ထိုသီချင်းသည် နားထောင်ကောင်းပေမည် ။

        ချစ်နှင်းမှုန်မှုန်သည် ဆရာကြီး ဦးအုန်းလွင် ရေးစပ်သီကုံးထားပါသည် ။ ထိုသီချင်းကို ဆရာကြီး ကိုယ်တိုင် မြန်မာဂီတာဖြင့် တီးခတ်ထားပါသည် ။

        ကျွန်တော် ချစ်နှင်းမှုန်မှုန် ကို မြတ်နိုးယုယစွာ သီဆိုဖြစ်ပါသည် ။

ဂီတနက်သန် ဆရာကြီး ဦးအုန်းလွင် သက်ရှည် ကျန်းမာ ဘေးဘယာ ဝေကွာပါစေကြောင်း ဆုမွန် တောင်းအပ်ပါသည် ခင်ဗျား  ။

              လေးစားစွာဖြင့်...
                                    ကိုအောင်နိုင်ဦး

ချစ်နှင်းမှုန်မှုန်  သီချင်း ကို.....

         မောင်မောင်ညွန့် ၊  ခင်ညွန့်ရီ ၊  ကျောက်ပန်းတောင်း ကျော်လွင်  ၊ လွမ်းမိုး ၊  ပန်းအိဖြူ တို့ သီဆိုထားတာကို တင်ပေးလိုက်ပါသည် ။
         ထို့ပြင်  စောင်းကောက် ဦးမင်းကြည် တီးထားပြီး သီဆိုသူ အမည်မသိသော သီချင်းကိုလည်း တင်ပေးလိုက်ပါသည် ။

         ဂီတနက်သန် ဦးအုန်းလွင် ၏ မြန်မာဂီတာ လက်သံ သီးသန့် ကိုလည်း တင်ပေးလိုက်ပါသည် ။

  ◼  မောင်မောင်ညွန့်

https://yadi.sk/d/bWJridTO31c5pQ

  ◼   ခင်ညွန့်ရီ

https://yadi.sk/d/bIq7mqQ3I1DdTQ

  ◼  ကျောက်ပန်းတောင်း ကျော်လွင်

https://yadi.sk/d/BXfEJK-Sx8RQJg

  ◼  လွှမ်းမိုး

https://yadi.sk/d/fBUVGXwyTU9A9w

  ◼  ပန်းအိဖြူ

https://yadi.sk/d/xuCECwgWM5O4iQ

 ◼  စောင်း ဦးမင်းကြည်

https://yadi.sk/d/QMardilUIvWqZw

  ◼  ဂီတနက်သန် ဦးအုန်းလွင် ၏ ဂီတာ လက်သံ

https://yadi.sk/d/1PQtpgxuwBl1Pg


  🌈    ချစ်နှင်းမှုန်မှုန်

တေးရေး     ဂီတနက်သံ ကိုအုန်းလွင်

             [ (နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲနဲ့ ကြဲကာမစဲတော့တယ် တစ်ကိုယ်ရေ နွမ်းလျဖွယ် ရင်ထဲ ရွှင်သည်းဖိုမိတယ် ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှင်းရက်တော့တယ် )

            မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ် တစ်ရံရောအခါကရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ် ညဥ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ် မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ်  နန်းဝေဟင် ပင်ယံမြင့်အလယ် လေသင့်ရာလွင့်ရှာလေတယ် ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ၀ဲကာ ကြဲတော့တယ် ]


.

Friday, May 24, 2019

ချစ်စရာ စာအုပ်



📚   ချစ်စရာ စာအုပ်  
                              ◼ လူထု ဒေါ်အမာ

         အငြိမ့်လူရွှင်တော် ချစ်စရာက “ ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်ခေတ်ပြိုင် လူရွှင်တော်များ ” ဆိုပြီး စာအုပ် တစ်အုပ် ရေးထားပါတယ် ။ ချစ်စရာဟာ ကျွန်မတို့ ကြည့်ခဲ့တဲ့ အငြိမ့် လူပြက် တစ်ယောက်ပါ ။ ပြီးတော့ ရှားရှားပါးပါး လူပြက်ထဲမှာ သူက ခေတ်ပညာတတ် စာရေးနိုင်တဲ့ လူပြက်ပါ ။ လူပြက် ကို လူရွှင်တော်လို့  “ ပြက် ” ဆိုတဲ့ စကားလုံးထက် ကောင်းအောင် ၊ လှအောင် ပြင်သုံးကြတယ်လေ ။ နို့ပေမယ့် လူတွေထဲမှာ နှုတ်ကျိုးနေတာကတော့ လူပြက် ပါပဲ ။

        ပွဲကြည့်တဲ့ ပရိသတ် ရယ်ရအောင် လုပ်တဲ့ လူရွှင်တော်တွေ လူမျိုးအသီးသီးမှာ ရှိကြပါတယ် ။ ဒါပေမယ့် ကျွန်မ သိသလောက်တော့ အဲဒီ လူရွှင်တော်တွေက အမူအရာ နဲ့ လူတွေ ရယ်ရအောင်  လုပ်ပြကြတာပါ ။ ကျွန်မတို့ လူရွှင်တော်တွေက စကားနဲ့ ပရိသတ် ရယ်ရအောင် လုပ်တာပါ ။ ဒါကြောင့် ကျွန်မက ကျွန်မတို့ လူရွှင်တော်တွေက ပညာပိုမြင့်တယ် ထင်တာပါပဲ ။ သူတို့က စကားနဲ့ ဆိုတော့ ဟန်ပန်အမူအရာနဲ့ လုပ်ပြရတဲ့ လူရွှင်တော်များထက် ပိုပြီး ကျယ်ပြန့်တယ် ။ သူတို့က လူမှုရေး သာမက နိုင်ငံရေးကိုပါ ပြောနိုင် ပြက်နိုင်ကြသူတွေ မဟုတ်လား ။

        ကျွန်မက မြန်မာသဘင်တွေနဲ့ ပတ်သက်ပြီး ( ၁ ) ပြည်သူချစ်သော အနုပညာသည်များ ( ၂ ) အောင်ဗလ  ဖိုးစိန် စိန်ကတုံး ( ၃ ) ရွှေမန်းတင်မောင် ( ၄ ) အငြိမ့် ပ - ဒု ( ၅ ) မြန်မာ့မဟာဂီတ ဆိုပြီး စာအုပ် ငါးအုပ် ရေးခဲ့တယ် ။ နောက် စာရေးဆရာ နေ၀င်းမြင့် က ပလ္လင်အငြိမ့် ၊ ခုတင်အငြိမ့် ၊ စင်အငြိမ့် ဆိုပြီး အငြိမ့်အကြောင်း စာအုပ်တစ်အုပ်ရေးပါတယ် ။ ခု ချစ်စရာ စာအုပ်ကတော့  ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်နှင့် ခေတ်ပြိုင် လူရွှင်တော်များ တဲ့ ။ ဒါဆိုရင် မြန်မာ့သဘင်နဲ့ ပတ်သက်ပြီး တော်တော်စုံသွားပါပြီ ။

        ဒါပေမယ့် ချစ်စရာ မှာ ရေးစရာတွေ ရှိဦးမှာပါ ။ ရေးစရာ ကျန်နေသေးတာတွေကို ရေးပါဦးလို့ပဲ တိုက်တွန်းချင်ပါသေးတယ် ။

        သူ့စာအုပ်ကို ဖတ်ရင်း ဆရာတော် ရွှေကိုင်းသား ကိုလည်း သတိရလိုက်တာ ။ ကျွန်မရေးခဲ့တဲ့ သဘင်စာအုပ်တွေမှာ  တချို့စာအုပ်တွေရဲ့ နောက်ပိုင်းမှာ အက္ခရာစဉ် မာတိကာနဲ့ စာအုပ်ထဲပါတဲ့ ထူးခြားတဲ့ သဘင် ဝေါဟာရတွေ ၊ ပညာသည်တွေရဲ့ အမည်တွေ ၊ သီချင်းအမည်တွေကို ထည့်ထားတာ တွေ့ပါလိမ့်မယ် ။ အဲဒါ ကျွန်မလုပ်တာ မဟုတ်ပါဘူး ။ ဆရာတော် ရွှေကိုင်းသားက ကျွန်မ စာအုပ် ရိုက်နေပြီဆိုရင် ရိုက်ပြီးသမျှကို တစ်ဖောင်စီ စောင့်ယူပြီး အဲဒီထဲက ပါသမျှ အများသုံး မဟုတ်တဲ့ ဝေါဟာရတွေ ၊ နာမည်တွေ ၊ သီချင်းတွေကို စောင့်ကောက်ပြီး အက္ခရာစဉ် မာတိကာ လုပ်ပေးပါတယ် ။

        ခု ချစ်စရာ စာအုပ်မှာလည်း “ ဗလပ် “ လို့ ခေါ်တဲ့ သူတို့ သဘင်သား အချင်းချင်း ပြောကြတဲ့ စကားလုံးတွေ ၊ ဝေါဟာရတွေကို အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရင် ကောင်းမှာလို့ အောက်မေ့မိလို့ပါ ။ မိန်းကလေးကို “ ဂွဲ ” တဲ့ ။ အရက်ကို “ ဇိုက် ” တဲ့ ။ လူရွှင်တော်ကို “ ယား ” တဲ့ ။ နာရီကို “ တိုင်း ” တဲ့ ဆိုတဲ့ စကားမျိုးတွေပေါ့ ။

        ပြီးတော့ သူတို့နဲ့ ဆိုင်တဲ့ စကားတွေ ရှိသေးတယ် ။ ပွဲကူးကြမ်းတယ် ။ ပွဲချီစိတ်တယ် ။ ပွဲဆက်များတယ် ။ ခြေကောက်လိုက်တယ် စတာမျိုးတွေပေါ့ ။

        ဒါတွေ အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရရင် သိပ်ကောင်းမှာ ။ နောက်ထပ် နှိပ်ရရင် လုပ်နိုင်တဲ့သူက လုပ်စေချင်တယ် ။

        ချစ်စရာက ကျွန်မ စောစောက ပြောခဲ့သလို လူရွှင်တော်ထဲမှာ စာတတ်ဆုံးလူ ၊ ပြီးတော့ စာရေးတတ်တဲ့လူ ၊ သူရေးတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် လူပြက်ကောင်းတဲ့ ပွဲတစ်ပွဲမက ကြည့်ရသလိုပဲ ။ ပြီးတော့ သူ့စာမျိုးကို သူရေးမှပဲ ဖြစ်မှာပါ ။ ကျွန်မတို့က ၀င်ရေးလို့ သူ့လို ကောင်းမှာ မဟုတ်ပါဘူး ။

        ကျွန်မတို့ မြန်မာလူရွှင်တော်တွေရဲ့ ပညာက တစ်မျိုးပါ ။ ဘယ် အတတ်ပညာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး ။ လူက အကင်းပါးရတယ် ။ မျက်နှာရိပ် မျက်နှာကဲ ခတ်တတ်ရတယ် ။ ကိုယ့်မျက်နှာကလည်း တစ်ဖက်သားရဲ့ စကားကို လိုသလို ခံပေးရတယ် ။ စကားတတ်ရတယ် ။ အကြားအမြင် ဗဟုသုတ ဆိုတာကလည်း ခပ်လို့ ဘယ်တော့မှ မကုန်နိုင်တဲ့ အိုးလိုပဲ တစ်သက်လုံး စုဆောင်း ရှာမှီးနေရတာပါ ။ ပြီးတော့ အဆို ၊ အက ၊ အတီး စတဲ့ သဘင်ပညာကိုလည်း အားလုံး တီးမိခေါက်မိရတယ် ။ လူရွှင်တော် လုပ်မယ်ဆိုရင် နှုတ်ဆိတ်ပြန်ဖို့လည်း လိုသေးတယ် ။ တင်္ခနုပ္ပတ္တိကလည်း အလွန်ကောင်းမှ ၊ နှုတ်အာကလည်း ရဲမှ ၊ လာဘ်ကလည်း မြင်မှ ၊ လူရွှင်တော် လိုအပ်တာတွေ ရေးလို့ ကုန်နိုင်စရာ မရှိပါဘူး ။ လူရွှင်တော်ဆိုရင် စကားပီပီသသ ပြောနိုင်ရမယ် ။ အာစ လျှာစ ကောင်းရမယ် ။ လူရွှင်တော် ဆိုပြီး စကားကို ဗလုံးဗထွေး ၊ ၀ါးလုံးချေးသုတ် ပြောတတ်လို့ကတော့ မဖြစ်ဘူး ။ အငြိမ့်သဘင်မှာ လူရွှင်တော်ကောင်းရင် မင်းသမီး မကောင်းတာကိုတောင်မှ ပရိတ်သတ်က သည်းခံပြီး ကြည့်ပါတယ် ။

       မန္တလေးမှာ အငြိမ့် ၃၀ ၊ ၄၀  လောက် ရှိခဲ့တယ် ။ ထိပ်ဆိုတဲ့ မင်းသမီးတွေက လေဘာတီ မမြရင် ၊ ဥက္ကလာ အေးကြည် တို့ ၊ သြဘာသောင်း တို့ နာမည်ကြီးတဲ့ အချိန်ကတော့ လူရွှင်တော်တွေကလည်း လူကောင်းတွေ ၊ ည ၁၂ - နာရီ မှ အငြိမ့် သိမ်းတယ် ။ ပြီးတော့ အငြိမ့်တစ်ပွဲမှ တစ်ညကို ငွေ လေးငါးဆယ် ပေးရတာ ။ ခုခေတ်များ အငြိမ့်ကလည်း မိုးအလင်း ကသတဲ့ ။

        အငြိမ့်မှာ ပါတာက စတိတ်ရှိုး ၊ ပြီးတော့ အော်ပရာ ၊ ပြီးတော့ ပြဇာတ် ၊ ကားလိပ်တွေ ၊ မီးတွေ ၊ အပြင်အဆင်တွေကလည်း များမှများ ၊ ဟိုတုန်းက ကြုံရတဲ့ အငြိမ့်နဲ့ ဘာမှ အဆိုင်တော့ဘူး ။ ပြီးတော့ မန္တလေးမှာတောင် ခုခေတ် အငြိမ့်ဟာ လက် တစ်ဖက်စာလောက် ရှိတော့သတဲ့ ။

        ဒါကြောင့် ချစ်စရာရေ အငြိမ့် ခွန်းထောက် ဆိုတာကို နမူနာလေး တစ်ပုဒ် ၊ နှစ်ပုဒ် နောက်စာအုပ်မှာ ရေးထည့်လိုက်ပါဦး ။ ပွဲရဲ့ ပရိကံ က ဘယ်လိုပြောကြတယ် ဆိုတာမျိုးလေးလည်း ဒီခေတ် ကလေးတွေ ဆ၀ါးကြည့်ရအောင် ရေးပြလိုက်ပါဦးလို့ မှာချင်နေမိတယ် ။ မင်းသမီး ခေါ်တော့ ဘယ်လို ခေါ်ကြတယ် ဆိုတာမျိုးတွေလည်း ပါစေချင်ပါရဲ့ ။

        တစ်လောက အိမ်နားနီးနီးက အရပ်က ဘုရားပွဲမှာ ဇာတ်ပွဲ ပါသတဲ့ ။ သွားမကြည့်ဖြစ်ပါဘူး ။ အိပ်တာပါပဲ ။ ဒါပေမယ့် ဇာတ်နဲ့ ကိုယ်နဲ့က တစ်ပြလောက်ဝေးတာမို့ အိပ်ပေမယ့် အသံတွေက ကြားနေရတာ ။ ကိုယ်ကလည်း လူကြီးဆိုတော့ သူတို့ တစ်ညလုံးက ထွက်တဲ့အသံကို မှေးမှေးနဲ့ တစ်ညလုံး ကြားနေတာပဲ ။ နို့ပေမယ့် အဲဒီကြားထဲ အသံတွေက အရင်က ကြားနေကျ ဇာတ်သံမျိုး တစ်ခုမှ မဟုတ်တော့ဘူး ။ ဇာတ်ဆိုပြီး နှစ်ပါးသွားနဲ့ ငိုချင်း ချတာမှ ရှိသေးရဲ့လားလို့ အောက်မေ့မိတယ် ။ မိုးလင်းခါနီးအထိ အမြန် စည်းတွေနဲ့ ခေတ်ဂီတအသံတွေချည်း ကြားနေရတယ် ။

        ဟိုတုန်းကတော့ နတ်ကတော် ထွက်နေပြီဆိုရင် ဘယ်နှနာရီဆိုတာ အဝေးက ကြားတဲ့လူတိုင်း သိတယ် ။ ယိမ်းထွက်နေပြီ ၊ ပြည်တည်နေပြီ ၊ နှစ်ပါးသွားနေပြီ ၊ စခန်းချပြီ ၊ အပူတိုက်ရောက်ပြီဆိုတာဟာ ဘယ်နှနာရီလောက်လို့ နာရီကို မမေးဘဲနဲ့ အချင်းချင်းပြောကြတဲ့ နာရီပြောစကားမျိုးပါ ။ အငြိမ့်မှာလည်း ထိုနည်းလည်းကောင်းပါပဲ ။

        ဘာဖြစ်ဖြစ် မှတ်တမ်းမှတ်ရာပဲ ကျန်ကျန် ချစ်စရာရေ ရေးစရာရှိတာလေးတွေတော့ ရေးထားပါဦးကွယ်လို့ ပြောလိုက်ပါတယ် ။


       လူထု ဒေါ်အမာ

      အတွေးအမြင် စာစောင် ၊ စာစဉ် ( ၁၆၅ )

      ၂၀၀၄ ၊ ဇန်န၀ါရီလ

Tuesday, May 21, 2019

ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီး ကို စား


 🍐   ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီးကိုစား

        ကျွဲကောသီးသည် အတွင်းသားဖြူသည်။ အတွင်းသား ပန်းရောင်သည် ရှောက်ပန်းသီးဖြစ်သည်။ ကျွဲကောသီးသည် တစ်နှစ်မှာ တစ်ခါသာ သီးသည်။ ကျွဲကောသီးမှာ ပါစက တေဇောဓာတ်ရှိသည်။

         ထို့ကြောင့် အစာကြေလွယ်သည်။ ဆီးချို အမြစ်ပြတ် ပျောက်နိုင်သည်။

         ခံတွင်းကို ကောင်းစေရန် လှုံ့ဆော်ပေးနိုင်သော သတ်္တိရှိသည်။ ကျွဲကောသီး၏ အာဟာရ အာနိသင်မှာ ခွန်အားကို ဖြစ်စေသည်။ အစာအိမ်ရောဂါကြောင့် အစာမကြေခြင်းမှာ ပျောက်ကင်းနိုင်ကြောင်း မြန်မာပညာရှင်များက မြန်မာ့အလင်းသတင်းစာမှာ တစ်နိုင်ငံလုံးသိအောင်ရေးသားထားလေသည်။

        ကျွဲကောသီးသည် အသားအရေကို ကြည်လင်စေ၏။ ကိုယ်ခံစွမ်းအား အပြည့်အ၀ရှိသည်။ ခံတွင်းပျက်နေသော လူမမမာများကိုတိုင်းရင်းဆရာများ၊ ဓာတ်စာအဖြစ်ကျွေးကြသည်။ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး၊ အဆစ်၊ ဒူးနာ၊ ခါးနာများကို ကာကွယ်စေသည်။ အချဉ်အရသာသည် သွားကျိန်းသည်၊ သွားရည်ကျသည်။

         ချွေးထွက်သည်၊ လေကိုအောက်သို့ သက်စေ၏။ စိုစွတ်ဝါယောကြောင့်ကျင်ကြီးလမ်းကြောင်း၊ အူလမ်းကြောင်း စိုစွတ်စေ၏။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် လိုအပ်သောဓာတ်ဖြစ်ပါသည်။

        ကျွဲကောသီးသည် ဣနြေ္ဒတို့ကို ကြည်လင်စေတတ်၏။ တစ်ကိုယ်လုံးမှာရှိသည့် အာရုံကြောများမှ ဦးနှောက်သို့ ပို့ဆောင်ရန် ၀ါယောဓာတ်ကပို့သည်။ နှလုံးမှ ရင်ချိုင့်ဘ၀င်သို့သာမက သည်းခြေလှုပ်ရှား ၀ါယော ဒိတ်...ဒိတ်...ဒိတ် နေ၏။ ခလုတ်တိုက်ခြင်း စသော တစ်ခုခုကိုသိသည်။ တွေဝေသောသူ၊ မောဟအားကြီးသောသူများကို သတိရစေ၏။

        ကျွဲကောသီးသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်ချမ်းသာခြင်း၊ ခွန်အားဗလရှိခြင်းတို့ကြောင့် ကမ္ဘာကျော်သော ကျွဲကောသီးသည် ကမ္ဘာ့ဈေးကွက်မှာ အလုအယက်ဝယ်ယူနေကြသည်။

        ကျွဲကောသီးကို အုန်းဆံပတ်၊ အထပ်ထပ်ပတ်ပါ မီးမလောင်နိုင်သော သွပ်ကြိုးနဲ့ပတ်ပြီး မီးအားကောင်းသော ဖွဲကြမ်းမီးဖို၊ မီးသွေးမီးဖို၊ မန်ကျည်းသား ထင်းမီးဖိုတို့တွင်ထည့်၍ ဖုတ်ပါ။ (၃) နာရီခန့် ကြာအောင်ဖုတ်ပါ။ ကျွဲကောသီးအခွံလုံးဝကျွမ်းပြီး အထဲကအသားကျန်အောင်ဖုတ်ပါ။ အထဲက အသားကျန်တော့မှ အအေးခံထားပါ။ အေးလျှင် ဖန်ဘူးထဲထည့်ထားပါ။ တစ်ခါစား လက်ဖက်စားဇွန်း တစ်ဇွန်းစားပါ။

        ဆီးချိုသွေးချို ကြာမြင့်နေပါက နံနက်တစ်ကြိမ်၊ ည တစ်ကြိမ်စားပါ၊

ဆီးချိုရောဂါပျောက်ပါသည်။ သိပ္ပံကိရိယာ၊ သိပ္ပံဆေး လုံးဝမပါဘဲ  ဉာဏ၀ိပ္ဖရိဒ်္ဓိ မြန်မာဉာဏ်ကြီးရှင်တို့၏အရာတည်း။

         ဆီးချို အမြစ်ပြတ်ပျောက်ချင်လား ကမ္ဘာကျော် ကျွဲကောသီးကိုစားဟု ပြည်သူပြည်သားများ ခြေထောက်မဖြတ်ရ၊ အသက်မသေရအောင် ရေးသားတင်ပြလိုပါသည်။

[သမားတော်ကြီးဦးသောင်းရွှေ ရေးသားသည့်  ကမ္ဘာမှာအဆန်းဆုံးသည်အပင် အပင်ဟူသမျှဆေးပင် စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ]

Saturday, May 18, 2019

နံနက် ဦးခေါင်း ည ဒူးခေါင်း


     🚰    နံနက်ဦးခေါင်း  ညဒူးခေါင်း

        စာရေးသူငယ်စဉ်က ကိုးတန်းစာမေးပွဲဖြေပြီး မတ်လ နွေကျောင်းပိတ်ရက်တွင် ကိုရင်ဝတ်ခဲ့သည်။ သုံးဆယ်မြို့ထူပါရုံကျောင်းတွင်ဖြစ်သည်။ စာရေးသူ၏ဇာတိမြို့မှာ ဥက္ကံမြို့ဖြစ်သော်လည်း အဖေ၏ အဘွားလေးတော်စပ်သူ၏ စုပေါင်းရှင်ပြုပွဲတွင်ပါဝင်ကာ ဒုတိယအကြိမ် သင်္ကန်းဝတ်ရှင်ပြုခဲ့ခြင်း ဖြစ်သည်။

        ထူပါရုံကျောင်းတိုက်သည် အလွန်ကျယ်ဝန်းသောကျောင်းတိုက်ကြီးဖြစ်ပြီး ဆရာတော်ကြီးများ အဆက်ဆက်မှာလည်း သက်တော်ရှည်ဆရာတော်ကြီးများဖြစ်ကြသည်။
သက်တော် ၉၀ ကျော် ၁၀၀ နီးမှ ပျံလွန်တော်မူကြသည်ကများသည်ကို တွေ့ရသည်။

         ထိုကျောင်းတိုက်ရှိ စာချဆရာတော် ဘဒ္ဒန္တသုဇာတ၏ကျောင်းတွင် စာရေးသူ ကိုရင်ဝတ်ဖြင့် နေရသည်။ ထိုဆရာတော်သည် ယနေ့ထက်တိုင် သက်တော်ထင်ရှားရှိသဖြင့် သက်တော် ၈၀ ကျော် ၉၀ ခန့် ရှိနေပြီဖြစ်သည်။ ဆရာတော်များ၏ သက်ရှည်ကျန်းမာခြင်းအကြောင်း တင်ပြလိုသည်။

        ဆရာတော် ဘဒ္ဒန္တသုဇာတသည် စာပေပို့ချသည်သာမက ၀ိနည်းနှင့်အညီ ကျန်းမာအောင် သွားလာနေထိုင်နည်းများကိုပါ အချိန်အားလပ်သည့်အခါတိုင်း ဆုံးမသြ၀ါဒ ပေးလေ့ရှိသည်။ စာရေးသူတို့ သိမီသည့်ကာလအတွင်းဆရာတော်သည် နေထိုင်မကောင်းဖြစ်သည်ဟု မတွေ့ရ။ စာဝါအမြဲပို့ချနေသော်လည်း မျက်မှန်တပ်ရသည်ကိုမတွေ့ရပေ။

        စာရေးသူမှတ်မိနေသည့်အရာတစ်ခုမှာ ဆရာတော်စာချသည့်အနီး နံရံပေါ်တွင် မြေဖြူဖြင့် ရေးသားထားသည့် “ နံနက်(မနက်) ဦးခေါင်း၊ ည ဒူးခေါင်း ”  ဟူသည့် စာတန်းဖြစ်သည်။

        နံနက် (မနက်) ဦးခေါင်းဟူသည် အဘယ်နည်း။

        ည ဒူးခေါင်းဟူသည် အဘယ်နည်း။

        အချိန်အတော်ကြာအောင် မသိခဲ့ပါ။

နေပူပြင်းသောတစ်နေ့တွင် ဦးပဉ္စင်းများ၊ ကိုရင်များကို  ယခုလိုပူပြင်းသည့်ရာသီ၌ ရေချိုးရာတွင် သတိရှိကြရန် မြွက်ကြားထားသည်။ ကျောင်းတိုက်အနီးရှိ ရေကန်၌ ညနေစောင်းတွင် ရေမကူးကြရန် တားမြစ်သည်။ ရေချိုးခြင်းကိစ္စကို ကျောင်းအတွင်းရှိ ရေပိုက်နှင့်သွယ်ထားသော အမိုးအကာရှိသည့် အုတ်ကန်တွင်သာ ချိုးရမည်ဟု မြွက်ကြားထားသည်။

        ဆရာတော်မြွက်ကြားထားသည်မှာ ပူပြင်းသောနွေရာသီတွင် ရေကို နံနက်စောစော ချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ အရုဏ်ဆွမ်းခံထွက်သော ကိုယ်တော်များသည် ကျောင်းပြန်ရောက်သည်နှင့် ဆွမ်းတန်းဘုဉ်းမပေးရ။ ရေကို အလျင်ချိုးရမည်။ ပြီးမှ ဆွမ်းစားကျောင်းသို့ သွားရမည်ဟုဆိုသည်။

        ရေချိုးသည့်နေရာတွင်လည်း ဒူးအောက်ပိုင်းကို အရင်ရေစလောင်းပြီး တဖြည်းဖြည်း အထက်သို့ တက်လောင်းချိုးရမည်။ ဦးခေါင်းကို ရေလောင်းမချိုးသော ကိုရင်ငယ်များကို ဆောင့်ကြောင့်ထိုင်စေပြီး ဆရာတော်ကိုယ်တိုင်ဦးခေါင်းမှ ရေကို အားရပါးရ လောင်းချိုးပေးသည်။

         နံနက်စောစော ရေချိုးလျှင် ဦးခေါင်းကိုချန်ထားခဲ့ပါကအခိုးအငွေ့အပူများ ခေါင်းတွင်အောင်းကျန်ခဲ့ပြီး တစ်နေ့လုံး ခေါင်းမကြည်၊ ဉာဏ်မပွင့်၊ စာကျက်၊ စာကြည့်အား မကောင်းဟု ဆိုသည်။ ဦးခေါင်းအခိုးငုပ်ခြင်းကြောင့် မျက်စိအမြင်အာရုံကို ထိခိုက်လာမည်ဟု ဆိုသည်။

        မျက်စိအဆုံး၊ နားအရှုံးဟူသော စာဆိုနှင့်အညီ မျက်စိတွင် အခိုးမငုပ်စေရန်၊ တိမ်သလ္လာမကပ်စေရန် အရေးကြီးသည်။ ငယ်စဉ်ကတည်းက ဂရုစိုက်လျှင် အသက်ကြီးလာသည်ထိ မျက်စိမမှုန်ဟု ဆိုသည်။

        ညဒူးခေါင်းဆိုသည်မှာ ညအိပ်ရာဝင်ခါနီးလျှင် ဒူးအပေါ်မှ ရေလောင်းပြီး ခြေဆေးရမည်။ ထိုသို့ ရေဆေးရာတွင်လည်း နှစ်ခွက်၊ သုံးခွက်လောင်းရုံမျိုးမဟုတ်။ အားပါးတရ ခုနစ်ခွက်၊ ဆယ်ခွက်အထိ လောင်းပြီး ခါးလယ်မှအခိုးများ အောက်သို့ဆင်းသွားသည် ထင်ရသည်အထိ လောင်းဆေးသင့်သည်။

        ထိုသို့ နေ့စဉ်မှန်မှန်ပြုလုပ်သူသည်အညောင်းအကိုက်ရောဂါ၊ ဒူလာပါဒရက်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိနှင့်ဦးခေါင်း မကြည်လင်သောရောဂါများပါသက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။

        စာရေးသူတို့မျိုးရိုးသည် မျက်စိမှုန်သောမျိုးရိုးဖြစ်သည်။ စာရေးသူ၏ဖခင်သည် အသက် ၁၃ နှစ်သားအရွယ်က မျက်မှန်တပ်ရသည်။ စာရေးသူ၏ ဖခင်သည် မျက်စိအဆုံး၊ နားအရှုံး မဖြစ်စေချင်ဟုဆိုကာ မျက်စိအာရုံကောင်းစေမည့် နည်းလမ်းများစွာဖြင့် စာရေးသူကို ဂရုတစိုက်ဆောင်ရွက်ပေးခဲ့သည်။

        ရေအပြည့်ထည့်ထားသောဇလုံတွင် မျက်နှာကိုငုပ်၍ မျက်စိကို ဖွင့်ချည်၊ ပိတ်ချည် လုပ်ခိုင်းသည်။

        အစပထမတွင် ရေမွန်း၍ မလုပ်နိုင်သော်လည်း နောင်တွင်အကျင့်ရလာသောအခါ လုပ်နိုင်လာသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် ရေဇလုံတွင် ရေငုပ်ခြင်းကို နေ့စဉ်ပြုလုပ်ခဲ့ရသည်။ ရေဇလုံအတွင်းမှ အေးစက်နေသောရေတွင် မျက်နှာကိုငုပ်၍ မျက်စိဖွင့်ပိတ် ၁၀ မိနစ်ခန့် ပြုလုပ်ပြီးသောအခါ ပူနွေးကျန်ခဲ့သည်ကို တွေ့ရသည်။

မျက်စိမှအပူများ ရေအတွင်းသို့ရောက်သွားခြင်းဖြစ်သည်။

        စာရေးသူ ကိုးတန်းကျောင်းသားအရွယ်တွင် ဒုတိယအကြိမ် ရှင်သာမဏေ၀တ်သောအခါ ထူပါရုံကျောင်းမှ စာချဆရာတော်၏နည်းလမ်းအတိုင်း နံနက်စောစော ရေချိုး၊ ရေချိုးသည့်အခါတွင် ခါးအောက်ပိုင်းမှစ၍ တဖြည်းဖြည်းအထက်သို့တက်ပြီး ခေါင်းမှရေလောင်းချိုးသည့်
အကျင့်ရလာသည်။

        ညအိပ်ရာဝင်သည့်အခါတွင်လည်း နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ဒူးအထက် ပေါင်လယ်မှစကာ ရေအေးဖြင့် လောင်း၍ ခြေဆေးသည်။ ရေလောင်းရာတွင် ဖလားအပြည့် ခုနစ်ခွက်မှ  ၁၀ ခွက်အထိ အားပါးတရလောင်း ဆေးသည်။ တစ်ခါတစ်ရံ ပူအိုက်၍ ရေမသုတ်ဘဲထားသော်လည်း လျင်မြန်စွာ ရေခြောက်သွားသည်ကို သတိထားမိသည်။

        ငယ်စဉ်က နံနက်အိပ်ရာထလျှင် မျက်ဝတ်များပိတ်ပြီး မျက်ချေးဖတ် များကပ်နေလေ့ရှိခြင်းသည် ညအိပ်ရာဝင် ခြေဆေးအိပ်ခြင်းအကျိုးကြောင့် လုံးဝပျောက်ကင်း သွားသည်ကို သတိပြုမိသည်။

        ငယ်စဉ်ကပင် ဖခင်၏နည်းလမ်းဖြင့် မျက်စိကို ရေငုပ်ခြင်း၊ ထို့နောက် ဆရာတော်၏ နည်းလမ်းအတိုင်း နံနက်စောစောရေချိုးလျှင် ဦးခေါင်းကို ရေလောင်းချိုးခြင်း၊ ညအိပ်ရာဝင်ချိန် ဒူးအထက်မှ ရေလောင်းခြေဆေးခြင်း အကျိုးကျေးဇူးတို့ကြောင့် စာရေးသူမှာ မျိုးရိုးအတိုင်း ငယ်စဉ်ကပင်မျက်စိမှုန်၊ မျက်မှန်တပ်ရခြင်းဘေးမှ ကင်းဝေးခဲ့သည်။

        အသက် ၄၆ နှစ်ခန့်မှ စာကြည့်မျက်မှန် (+၁၅၀ ဒီဂရီ) တပ်ခဲ့ရသည်။ ဤသည်မှာလည်း အသက်အရွယ်အားဖြင့်ပုံမှန်သာဖြစ်သည်ဟု မျက်စိဆရာဝန်က ပြောသည်။

        နံနက်ခင်းစောစောအချိန် ရေချိုးသောအခါ ဦးခေါင်းကို ရေလောင်းခြင်းသည် သင့်တော်သော်လည်း နေ့လယ်၊မွန်းတည့်ချိန်နှင့် ညနေစောင်း နေအပူရှိန်ပြင်းနေဆဲအချိန်များတွင်  ဦးခေါင်းကို ရေလောင်းခြင်းမှာ မသင့်ပေ။ အပူရှပ်ခြင်း၊ အပူငုပ်ခြင်း၊ မျက်စိရုတ်တရက်ကွယ်ခြင်းများဖြစ်နိုင်သည်။ အလွန်ပူသောအချိန်တွင် အအေးလောင်းခြင်းသည် ရေနွေးထည့်ထားသောဖန်ခွက်ကို သွန်ပစ်ပြီး ရုတ်တရက် ရေခဲရေ လောင်းထည့်လိုက်သောအခါ ဖန်ခွက်ကွဲသွားသည့်ဥပမာနှင့် တူသည်။

        နံနက်အိပ်ရာထလျှင်ထချင်း မျက်နှာမသစ်မီ ဒူးမှစ၍ရေလောင်းပြီး ခြေဆေးလျှင် မျက်စိကြည်သည်။ ဒူးနာရောဂါဘေးမှလည်း ကင်းဝေးသည်ဟု နည်းလမ်းတစ်မျိုးရှိသည်။

        ဆွမ်းခံကြွသည့်သံဃာတော်များ ၀ိနည်းအရ ဖိနပ်စီးခွင့်မရှိပေ။ မြေကြီးမှအပူများ ခြေဖ၀ါးမှတစ်ဆင့် မျက်စိထိတတ်သဖြင့် ဆွမ်းခံကြွပြီး ပြန်အလာတွင် ခြေနှစ်ဖက်ရေဆေးရသည်မှာ ဘုရားရှင်လက်ထက်တော်ကပင်ရှိသည်။ နံနက်နှင့် ညအိပ်ရာဝင်ချိန်တို့တွင် ခြေထောက်ရေ
ဆေးခြင်းမှာ အပြစ်မရှိပေ။ နေ့လယ်နေပူပြင်းချိန်တွင် အပြင်မှပြန်လာပြီး ခြေဆေးခြင်းသည် အလွန်ပင် အန္တရာယ်ရှိသဖြင့် မပြုလုပ်သင့်ပေ။

        ဒူးသည် ဘ၀တစ်သက်တာ သွားလာလှုပ်ရှားမှုဒဏ်၊ အဆင်းအတက် ပြုလုပ်ခဲ့ရခြင်းများကြောင့် အရွတ်ပြားများ ပွန်းစားခြင်း၊ ဒူးဆစ်နှင့်ခုံညင်းရိုးများ ကျီးပေါင်းတက်ခြင်းတို့ကြောင့် အသက်ကြီးလာလျှင် ဒူးနာရောဂါရလာတတ်သည်။ ဒူးနာရောဂါရှိသူများ၏ ဒူးကိုကြည့်လျှင် ပုံသဏ္ဌာန်မမှန်ခြင်း၊ အဆစ်များရောင်ခြင်း၊ ကြီးခြင်း၊ တောင့်တင်းနေခြင်းများကို တွေ့ရတတ်သည်။

        ထိုရောဂါများမှ ကင်းဝေးစေရန် ညအိပ်ရာဝင်ချိန်တိုင်း ဒူးအထက်မှ ရေများများ
လောင်းပြီး ခြေဆေးခြင်းသည် မှန်ကန်သော ဒူးနာရောဂါကာကွယ်နည်းဖြစ်သည်။

         မျက်စိအမြင်ကြည်လင်စေခြင်း၊ ဒူးနာရောဂါဘေးမှကင်းဝေးစေခြင်းအတွက် နည်းလမ်းကောင်းဖြစ်သည့်  “ နံနက် ဦးခေါင်း၊ ည ဒူးခေါင်း ” နည်းလမ်းကို တိုင်းရင်း

ဆေးပညာရှုထောင့်မှ တင်ပြလိုက်ရခြင်းဖြစ်ပေသည်။

                     ကြည်လွင်မြင့် ( မုဒြာ )

                     ကြေးမုံ  ဧပြီ ၄ ၊ ၂၀၁၆

Tuesday, May 14, 2019

အဖြုသက်သက် မေတ္တာ



 🌼     အဖြူသက်သက် မေတ္တာ
                      ▪ တေးရေး  မောင်ဆွေနွယ်

  ◼    ကိုယ်တိုင်ပျိုး၍ မြတ်နိုးတွယ်တာ စေတနာ အနန္တနဲ့ သံယောဇဉ် နှောင်ဖွဲ့လာ အချစ်ပန်းကလေးမို့ မွှေးလို့လည်း မနမ်းသာ နွမ်းမှာစိုးလို့သာ ချွေလည်း မချွေရက်ပါ  ကြွေပျက်မှာ ပူပန်တာ မူမှန်စွာ ဘ၀အသိနဲ့ပဲ အလှကြည့်၍ ချစ်နေချင်သူပါ

◼    ချစ်ပန်းပွင့်လေး အမြင့်စခန်းဗွေမှာ တင့်ဆန်းဝေဆာ ပွင့်လန်းလေရာ သခင့်နန်းကေသာ ပန်ဆင်ချိန် ရောက်ပြန်တော့လည်း ပန်းချွေလာအဖူးမှာ အလွမ်းပြေပါဘူး တစ်ခါ ဥယျာဉ်မှူးဆိုတာ ပန်းမပန်ရပါ သိပင် သိလျှက်နှင့်သာ အသိအမြင်လွဲ သတိရင်ထဲ မချိတင်ကဲနှင့် ရင်မှ သောကဝေဒနာ ဖြေသာဖြေလည်း မပြေဘဲနှင့် ကြေကွဲရလေတာ

 ◼      မောင့်သက်ထား သိစေချင်တာ မောင့်ဘ၀က ဥယျာဉ်မှူး ဘ၀လိုပါ သည်းငုံပန်းကို မပိုင်ဆိုင်ရပေမယ်လည်း ပစ်ခွါမသွားရက်ပါ ချစ်သဒ္ဓါပွါးလျက်သာ သစ္စာတရားမပျက်ပါ မေတ္တာသမား သက်သက်ပါ ချစ်သည်းညှာ


အောက်က အဆိုတော်တွေ ဟာ အဖြူသက်သက် မေတ္တာ သီချင်း ကို ဆိုထားကြပါတယ် ။
သူတို့သီချင်းကို  ရယူလိုရင် သူ့အောက်က လင့်ခ်ကို နှိပ်ပြီး ဒေါင်းလုပ် ယူနိုင်ပါတယ် ။

▶  လှမြင့်ဝင်း    

https://yadi.sk/d/b4MI-EjUXHzOtQ

▶  ခင်ညွန့်ရီ

https://yadi.sk/d/-s3NI_N0IIAIjQ

▶  ကိုမင်းနောင်

https://yadi.sk/d/enwSdlgrqDQd-Q

▶  မေဆွိ

https://yadi.sk/d/Q8HSkVo2SoGgag

▶  ရာမ

https://yadi.sk/d/wuRTPrvbAbGptg

▶  မောင်စန်းထွေး  ရဲ့ မယ်ဒလင်  လက်သံ

https://yadi.sk/d/WAtKK5P-AbgopQ

▶  ကိုမင်းနောင် သီဆိုတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/Rc7OB8HkZRKExg



Tuesday, May 7, 2019

မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်


💘    မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်

         စန္ဒရား ခွန်တင်ကြွယ်  နဲ့ တယော ဦးဝေအောင် တို့ တီးခတ်ထားတဲ့  " မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် " သီချင်း ကို ဖြည့်စွက် ဆိုထားတာပါ ။

         ဒီသီချင်း ရေးတဲ့သူက ကိုသန်းလှိုင်  ပါ ။ မူရင်း သီဆိုသူကလည်း သူ ပါပဲ ။
         မာမာအေး  
         ချိုပြုံး
         ခင်ညွန့်ရီ
         အောင်ချင်း
         ဟေမာနေဝင်း
         ကျောက်ပန်းတောင်း ခင်စိုးဦး
         ပိုးအိစံ  
         သဲနုဝါ  ( စုံတွဲ )
         အထွန်း နဲ့   တီးလုံးသီးသန့် ပဲပါတဲ့  သီချင်းတွေကို အောက်က folder ထဲမှာ တင်ပေးထားပါတယ် ။

         စန္ဒရား ခွန်တင်ကြွယ်  နဲ့ တယော ဦးဝေအောင် တို့ တီးခတ်ထားတဲ့ တီးလုံးသီးသန့် လဲ ပါပါတယ် ။

https://yadi.sk/d/bTkJw94ImHIJQQ

   
💘    မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်

တေးရေး     ကိုသန်းလှိုင်

              [ ( နှစ်ဦးစလုံးရဲ့ အသည်းများမှကွယ် အသိတရားများကိုဖလှယ် တွယ်တာနှောင်တည်းကြသူချင်းမို့ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် ချစ်စရာ အပြုံးစကားလေးများသာကွယ် ရင်ဝယ်သိမ်းဆည်းကာ ထားမယ် မေရယ် )

              ဘ၀အတွေ့အကြုံ မပြည့်စုံလို့ရယ် ယုယကာ အစစမှာကွယ် သွန်သင်ဆုံးမ ဆုံးမတာတွေရယ် အပြစ်လို့မြင်တတ်လေတယ်ကွယ် သြော် ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ ကိုယ်က ချစ်မိသူပါကွယ်

              ( ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ် ဘ၀ဆိုတာရယ် စိတ်တိုင်းကျ တည်ဆောက်မှတကယ် သာယာလိမ့်မယ် ယုံကြည်တယ် )

              အိပ်မက်ဆန်သော အတွေ့များကြားဝယ် မမွေ့လိုသူပါကွယ် တစ်ခုတည်းသော မေတ္တာကမ္ဘာတည်ဆောက်ကာရယ် အနာဂတ် ပြဿနာတိုင်းဝယ် တိုင်ပင်ဆွေးနွေးကာရယ် မေတ္တာအေးရိပ်ဝယ် မှေးမှိတ်စို့လား ချစ်သူရယ် ]

Saturday, May 4, 2019

သုံးခွက် တစ်ခွက်တင်


🥃   သုံးခွက်တစ်ခွက်တင်

“မောင်ချမ်းသာ ပုဏ္ဍရိပ်ပင်ကိုသိလား”

“သိပါတယ် ဆရာကြီး”

“ဟို ၁၂ လပတ်လုံး အရွက်စိမ်းနေပြီး  နီနီအဆုပ်လိုက် အဆုပ်လိုက်ပွင့်တက်တဲ့ အလှစိုက်ပန်းပင်လေ”

“ဟုတ်ကဲ့ဆရာကြီး၊ ကျွန်တော်တို့ အိမ်ရှေ့ခြံစည်းရိုးမှာ ရှိပါတယ် ဆရာကြီး”

“အေး… အဲဒီ ပုဏ္ဍရိပ်ရွက်  အကိုင်းအခက် အဖူးအပွင့် လက်တစ်ဆုပ်စာလောက် ခူးပြီး သုံးခွက်တစ်ခွက် တင်အောင်ကျို (ရေသုံးပုံတစ်ပုံ ကျန်အောင်ကျို) ပြီး ဖန်ရည်ငုံပေး၊ ဝမ်းခေါင်းထဲမကျစေနဲ့၊ ဘာမှတော့မဖြစ်ဘူး၊ နည်းနည်း တောက်တက်တယ်၊ ငုံပြီးထွေးပစ်၊ တော်တော်လေးငုံမိတော့  လက်ဖက်ရည်ကြမ်းနဲ့ ပလုပ်ကျင်းပစ်၊ နှစ်ရက်လောက်ငုံမိရင် မောင်ရင့်သွားနာ ယူပစ်သလို ပျောက်သွားလိမ့်မယ်”

         ကျွန်တော့် ညာဘက်ခြမ်း အောက်အံသွားတစ်ချောင်း ကိုက်ပြီးနာနေရာ ညာဘက်မေးရိုးကြီး  တစ်ခုလုံး ရောင်ကိုင်းနေလေ၏။ မြန်မာသမားတော်ကြီး ဦးဉာဏ်မြင့်က ဟြေသည့်အတိုင်း  ပုဏ္ဍရိပ်ရွက်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ငုံလေရာ နှစ်ရက်မြောက်နေ့တွင်  သက်သာ ၍ ငါးရက်မြောက်နေ့တွင်  သွားကိုက် လုံးလုံးပျောက်လေ၏။

☕   သုံးခွက်တစ်ခွက်တင်။  

         မြန်မာတိုင်းရင်းဆေးလောကတွင် အလွန်အသုံးများသော ဝေါဟာရ ဖြစ်မည် ထင်ပါ၏။ ခဏခဏ ကြားရ၏။ သုံးခွက်တစ်ခွကတင် ဆိုသောစကားသည် ဆေးလောကတွင်   အသုံးများသကဲ့သို့ လူလောက စီးပွားရေးလောကတွင်လည်း  သုံးကြ ကုန်သေး၏။ အဓိပ္ပာယ် ဖွင့်ဆိုပုံခြင်းကား မတူညီပါလေ။

“မမ  ဘယ်လို သဘောရလဲ၊  ပြည့်စုံက ငါ့နွားဝါကြီးကို ငှားချင်တယ် ဟြေနေတယ်”

“အင်း    အဲဒီကောင်လေးက  ပေးပြတ်ပြတ်၊ ယူပြတ်ပြတ် နာမည်ပျက်မရှိဘူး၊ ငှားလိုက်ပါလားဟယ်၊ ဒါပေမယ့် ကိုလေးသဘောလေ”

         ကျွန်တော်က နွားငှားမည်ကြံတိုင်း ကျွန်တော့်အမ မမနှင်းဝေကို တိုင်ပင်လေရ၏။ သူ့သဘောထားကို တောင်းခံလေ့ရှိလေ၏။ မမက ဆက်ဆူဝရွာ၊ ရွာခံ။ ဘယ်သူ ဘယ်လိုစိတ်ထားမျိုးရှိ၊  သူအကုန်သိ။ မမက ဘယ်သူ့ကငှားလိုက်ပါ၊ အမိန့်ချလိုက်၊ ထိုသူကိုငှားလိုက်၏။ အချိန်တန် နွားငှားခ နှမ်းသုံးတင်း ရစမြဲပါခင်ဗျာ့။ အစက ပြန်ကောက်ရသည်ရှိသော်။

        ၁၉၇၈  ခုနှစ်   ကျွန်တော့်   ယောက္ခမကြီးဒေါ်မြရင်  ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင်  အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သောအခါ အသက်  ၇၅ နှစ်အရွယ် ကျွန်တော့်ယောက္ခထီးကြီး ဦးဖိုးချီအား ပြုစုစောင့်ရှောက်ရန် ကျွန်တော်တို့လင်မယားသည် သားနှစ်ယောက်၊  သမီးတစ်ယောက် လက်ဆွဲ၍ ရန်ကုန်မြို့တော်ကြီးမှတဆင့် အောင်လံမြို့နယ်၊ ရေပြည့်ရွာသို့ဟြေင်းခဲ့ကြလေ၏။  ရန်ကုန်ကြည့်မြင်တိုင် ရေတွင်းကုန်း ရပ်ကွပ်မှ နေအိမ်ကလေးနှင့် ကြည့်မြင်တိုင်ညဈေးတန်းမှ အထည်ဆိုင်ကလေးကို အပြတ်ရောင်းခဲ့ကြလေ၏။  လျှပ်စစ်မီး ထိန်ထိန်ညီးသော မြို့တော်ကြီးသားဘဝမှ
ရေနံဆီမီးခွက်ကလေး  မှိတ်တုတ်မှိတ်တုတ် ရွာဇနပုဒ်  တောသားကလေးဘဝသို့ရောက်ကြလေ၏။ ဘဝဟြေင်းသော် အလုပ်လည်း ဟြေင်းကြရလေ၏။ မြို့ပေါ် အထည်ရောင်းသော ဈေးသည်ဘဝမှ တောရွာ လယ်ထွန်ယာထွန်ရသော လယ်သမား ယာသမားဘဝသို့   ရောက်လေ၏။ အို… ဖြစ်သမျှဘဝ အကောင်းချည်းပေါ့ဟယ်။

         တောရွာမှာ အခြေချသောအခါ  တောလုပ်တောကိုင်  လုပ်ရ၏။ အိမ်နှင့်  ဆိုင်ရောင်း၍ ရခဲ့သော ပိုက်ဆံကလေးကို တောရွာထုံးစံ နွားငှားရ၏။ နှမ်းပေးပေးရ၏။ (နှမ်းကြိုတင်ဝယ်သည်ကို နှမ်းပေးပေးသည်ဟုခေါ်သည်။)

         ၁၉၇၈ ခုနှစ်။ ထိုစဉ်က နွားတစ်ကောင် ၇၀၀-၈၀၀ ကျပ်ဆို ခိုင်းဖြစ်နေပြီ။ ၁၀၀၀-
၁၅၀၀ ကျပ်ဆို  ငါးမိုးလောက် ကောင်းစွာ  ခိုင်းနိုင်သေး၏။ သုံးလေးထောင်  လောက်ဆို ခိုင်းနွားကောင်းကြီးများကို ရနိုင်၏။ ကျွန်တော်တို့ နွားငှားစားသူများကား ဘေကြီးများကို မဝယ်၊ တောရုံသင့်ရုံ သုံးလေးမိုး ခိုင်းနိုင်လောက်သော ခပ်သင့်သင့် နွားများကိုသာ ဝယ်ရ၏။ ဒါမှ တွက်ချေကိုက်မှာကိုး။ ကျွန်တော့်မှာ ငှားနွား ၁၄-၅ ကောင်ရှိလေ၏။ ငှားနွား ပိုနေသည့်နှစ်ရယ်လို့ မရှိ။ မိုးဦးကျ မိုးသံလေသံကြား ထွန်ယက်ချိန်နီးပြီဆို ခိုင်းနွားမပြည့်စုံသူများက နွားငှားမည့်သူများထံ ချဉ်းကပ်ကြရကုန်၏။ အိမ်သို့ တကူးတက ဖိတ်၊ ကြက်ရိုက် အရက်တိုက်ကြရကုန်၏။ ရှိလို့မဟုတ်ဘူး၊ ချေးငှားဝယ်ရတာ။

“ငှားဖို့ နွားမကျန်တော့ ဘူးကွာ”

“ဒါဆို ဒီဈေးပတ်လိုက်ဝယ်ပေးပါ”

         ကျွန်တော်တို့  အောင်လံမြို့က ကြာသပတေးနေ့တိုင်း  နွားဈေးရှိတယ်ခင်ဗျာ့။

         နွားပွဲလို့လဲ  ခေါ်တယ်။ အင်မတန် ယုံကြည်စိတ်ချရမည့်သူ၊  အလွန်မျက်နှာ နာရမည့်သူ၊ ကိုယ့်ထဲ ကိုယ့်လူများကျတော့  သည်လိုပဲ နွားဈေးလိုက်သွားပြီး သူတို့ကြိုက်ရာ နွားဝယ်ပေးလိုက်ရသူလည်း ရှိတယ်ခင်ဗျာ့။

“မမ ဘယ်လိုလဲ ဖိုးထွန်းစိန်”

“ဟယ်… ကိုလေး သူက သုံးခွက်တစ်ခွက်တင်ဟဲ့”

         ဤနေရာတွင်  သုံးခွက်တစ်ခွက်တင်ဆိုသော စကားသည် သုံးပုံတစ်ပုံသာ ယုံရ၏။ နှစ်ပုံက မယုံရဟု ဆိုလိုရင်း ဖြစ်လေ၏။

“ကြည့်ဟြေလိုက်ပေါ့ဟယ်”

         ထိုအခါတွင်  ကျွန်တော်သည်  လှပသော နားဝင်ချိုသော  စကားလုံးများဖြင့်ငြင်းရပြန်လေ၏။ သည်လိုနှင့် တောသားဘဝ ငါးနှစ်မျှ ကြာလေသတည်း။

                                          မောင်ချမ်းသာ