Friday, May 24, 2019

ချစ်စရာ စာအုပ်



📚   ချစ်စရာ စာအုပ်  
                              ◼ လူထု ဒေါ်အမာ

         အငြိမ့်လူရွှင်တော် ချစ်စရာက “ ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်ခေတ်ပြိုင် လူရွှင်တော်များ ” ဆိုပြီး စာအုပ် တစ်အုပ် ရေးထားပါတယ် ။ ချစ်စရာဟာ ကျွန်မတို့ ကြည့်ခဲ့တဲ့ အငြိမ့် လူပြက် တစ်ယောက်ပါ ။ ပြီးတော့ ရှားရှားပါးပါး လူပြက်ထဲမှာ သူက ခေတ်ပညာတတ် စာရေးနိုင်တဲ့ လူပြက်ပါ ။ လူပြက် ကို လူရွှင်တော်လို့  “ ပြက် ” ဆိုတဲ့ စကားလုံးထက် ကောင်းအောင် ၊ လှအောင် ပြင်သုံးကြတယ်လေ ။ နို့ပေမယ့် လူတွေထဲမှာ နှုတ်ကျိုးနေတာကတော့ လူပြက် ပါပဲ ။

        ပွဲကြည့်တဲ့ ပရိသတ် ရယ်ရအောင် လုပ်တဲ့ လူရွှင်တော်တွေ လူမျိုးအသီးသီးမှာ ရှိကြပါတယ် ။ ဒါပေမယ့် ကျွန်မ သိသလောက်တော့ အဲဒီ လူရွှင်တော်တွေက အမူအရာ နဲ့ လူတွေ ရယ်ရအောင်  လုပ်ပြကြတာပါ ။ ကျွန်မတို့ လူရွှင်တော်တွေက စကားနဲ့ ပရိသတ် ရယ်ရအောင် လုပ်တာပါ ။ ဒါကြောင့် ကျွန်မက ကျွန်မတို့ လူရွှင်တော်တွေက ပညာပိုမြင့်တယ် ထင်တာပါပဲ ။ သူတို့က စကားနဲ့ ဆိုတော့ ဟန်ပန်အမူအရာနဲ့ လုပ်ပြရတဲ့ လူရွှင်တော်များထက် ပိုပြီး ကျယ်ပြန့်တယ် ။ သူတို့က လူမှုရေး သာမက နိုင်ငံရေးကိုပါ ပြောနိုင် ပြက်နိုင်ကြသူတွေ မဟုတ်လား ။

        ကျွန်မက မြန်မာသဘင်တွေနဲ့ ပတ်သက်ပြီး ( ၁ ) ပြည်သူချစ်သော အနုပညာသည်များ ( ၂ ) အောင်ဗလ  ဖိုးစိန် စိန်ကတုံး ( ၃ ) ရွှေမန်းတင်မောင် ( ၄ ) အငြိမ့် ပ - ဒု ( ၅ ) မြန်မာ့မဟာဂီတ ဆိုပြီး စာအုပ် ငါးအုပ် ရေးခဲ့တယ် ။ နောက် စာရေးဆရာ နေ၀င်းမြင့် က ပလ္လင်အငြိမ့် ၊ ခုတင်အငြိမ့် ၊ စင်အငြိမ့် ဆိုပြီး အငြိမ့်အကြောင်း စာအုပ်တစ်အုပ်ရေးပါတယ် ။ ခု ချစ်စရာ စာအုပ်ကတော့  ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်နှင့် ခေတ်ပြိုင် လူရွှင်တော်များ တဲ့ ။ ဒါဆိုရင် မြန်မာ့သဘင်နဲ့ ပတ်သက်ပြီး တော်တော်စုံသွားပါပြီ ။

        ဒါပေမယ့် ချစ်စရာ မှာ ရေးစရာတွေ ရှိဦးမှာပါ ။ ရေးစရာ ကျန်နေသေးတာတွေကို ရေးပါဦးလို့ပဲ တိုက်တွန်းချင်ပါသေးတယ် ။

        သူ့စာအုပ်ကို ဖတ်ရင်း ဆရာတော် ရွှေကိုင်းသား ကိုလည်း သတိရလိုက်တာ ။ ကျွန်မရေးခဲ့တဲ့ သဘင်စာအုပ်တွေမှာ  တချို့စာအုပ်တွေရဲ့ နောက်ပိုင်းမှာ အက္ခရာစဉ် မာတိကာနဲ့ စာအုပ်ထဲပါတဲ့ ထူးခြားတဲ့ သဘင် ဝေါဟာရတွေ ၊ ပညာသည်တွေရဲ့ အမည်တွေ ၊ သီချင်းအမည်တွေကို ထည့်ထားတာ တွေ့ပါလိမ့်မယ် ။ အဲဒါ ကျွန်မလုပ်တာ မဟုတ်ပါဘူး ။ ဆရာတော် ရွှေကိုင်းသားက ကျွန်မ စာအုပ် ရိုက်နေပြီဆိုရင် ရိုက်ပြီးသမျှကို တစ်ဖောင်စီ စောင့်ယူပြီး အဲဒီထဲက ပါသမျှ အများသုံး မဟုတ်တဲ့ ဝေါဟာရတွေ ၊ နာမည်တွေ ၊ သီချင်းတွေကို စောင့်ကောက်ပြီး အက္ခရာစဉ် မာတိကာ လုပ်ပေးပါတယ် ။

        ခု ချစ်စရာ စာအုပ်မှာလည်း “ ဗလပ် “ လို့ ခေါ်တဲ့ သူတို့ သဘင်သား အချင်းချင်း ပြောကြတဲ့ စကားလုံးတွေ ၊ ဝေါဟာရတွေကို အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရင် ကောင်းမှာလို့ အောက်မေ့မိလို့ပါ ။ မိန်းကလေးကို “ ဂွဲ ” တဲ့ ။ အရက်ကို “ ဇိုက် ” တဲ့ ။ လူရွှင်တော်ကို “ ယား ” တဲ့ ။ နာရီကို “ တိုင်း ” တဲ့ ဆိုတဲ့ စကားမျိုးတွေပေါ့ ။

        ပြီးတော့ သူတို့နဲ့ ဆိုင်တဲ့ စကားတွေ ရှိသေးတယ် ။ ပွဲကူးကြမ်းတယ် ။ ပွဲချီစိတ်တယ် ။ ပွဲဆက်များတယ် ။ ခြေကောက်လိုက်တယ် စတာမျိုးတွေပေါ့ ။

        ဒါတွေ အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရရင် သိပ်ကောင်းမှာ ။ နောက်ထပ် နှိပ်ရရင် လုပ်နိုင်တဲ့သူက လုပ်စေချင်တယ် ။

        ချစ်စရာက ကျွန်မ စောစောက ပြောခဲ့သလို လူရွှင်တော်ထဲမှာ စာတတ်ဆုံးလူ ၊ ပြီးတော့ စာရေးတတ်တဲ့လူ ၊ သူရေးတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် လူပြက်ကောင်းတဲ့ ပွဲတစ်ပွဲမက ကြည့်ရသလိုပဲ ။ ပြီးတော့ သူ့စာမျိုးကို သူရေးမှပဲ ဖြစ်မှာပါ ။ ကျွန်မတို့က ၀င်ရေးလို့ သူ့လို ကောင်းမှာ မဟုတ်ပါဘူး ။

        ကျွန်မတို့ မြန်မာလူရွှင်တော်တွေရဲ့ ပညာက တစ်မျိုးပါ ။ ဘယ် အတတ်ပညာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး ။ လူက အကင်းပါးရတယ် ။ မျက်နှာရိပ် မျက်နှာကဲ ခတ်တတ်ရတယ် ။ ကိုယ့်မျက်နှာကလည်း တစ်ဖက်သားရဲ့ စကားကို လိုသလို ခံပေးရတယ် ။ စကားတတ်ရတယ် ။ အကြားအမြင် ဗဟုသုတ ဆိုတာကလည်း ခပ်လို့ ဘယ်တော့မှ မကုန်နိုင်တဲ့ အိုးလိုပဲ တစ်သက်လုံး စုဆောင်း ရှာမှီးနေရတာပါ ။ ပြီးတော့ အဆို ၊ အက ၊ အတီး စတဲ့ သဘင်ပညာကိုလည်း အားလုံး တီးမိခေါက်မိရတယ် ။ လူရွှင်တော် လုပ်မယ်ဆိုရင် နှုတ်ဆိတ်ပြန်ဖို့လည်း လိုသေးတယ် ။ တင်္ခနုပ္ပတ္တိကလည်း အလွန်ကောင်းမှ ၊ နှုတ်အာကလည်း ရဲမှ ၊ လာဘ်ကလည်း မြင်မှ ၊ လူရွှင်တော် လိုအပ်တာတွေ ရေးလို့ ကုန်နိုင်စရာ မရှိပါဘူး ။ လူရွှင်တော်ဆိုရင် စကားပီပီသသ ပြောနိုင်ရမယ် ။ အာစ လျှာစ ကောင်းရမယ် ။ လူရွှင်တော် ဆိုပြီး စကားကို ဗလုံးဗထွေး ၊ ၀ါးလုံးချေးသုတ် ပြောတတ်လို့ကတော့ မဖြစ်ဘူး ။ အငြိမ့်သဘင်မှာ လူရွှင်တော်ကောင်းရင် မင်းသမီး မကောင်းတာကိုတောင်မှ ပရိတ်သတ်က သည်းခံပြီး ကြည့်ပါတယ် ။

       မန္တလေးမှာ အငြိမ့် ၃၀ ၊ ၄၀  လောက် ရှိခဲ့တယ် ။ ထိပ်ဆိုတဲ့ မင်းသမီးတွေက လေဘာတီ မမြရင် ၊ ဥက္ကလာ အေးကြည် တို့ ၊ သြဘာသောင်း တို့ နာမည်ကြီးတဲ့ အချိန်ကတော့ လူရွှင်တော်တွေကလည်း လူကောင်းတွေ ၊ ည ၁၂ - နာရီ မှ အငြိမ့် သိမ်းတယ် ။ ပြီးတော့ အငြိမ့်တစ်ပွဲမှ တစ်ညကို ငွေ လေးငါးဆယ် ပေးရတာ ။ ခုခေတ်များ အငြိမ့်ကလည်း မိုးအလင်း ကသတဲ့ ။

        အငြိမ့်မှာ ပါတာက စတိတ်ရှိုး ၊ ပြီးတော့ အော်ပရာ ၊ ပြီးတော့ ပြဇာတ် ၊ ကားလိပ်တွေ ၊ မီးတွေ ၊ အပြင်အဆင်တွေကလည်း များမှများ ၊ ဟိုတုန်းက ကြုံရတဲ့ အငြိမ့်နဲ့ ဘာမှ အဆိုင်တော့ဘူး ။ ပြီးတော့ မန္တလေးမှာတောင် ခုခေတ် အငြိမ့်ဟာ လက် တစ်ဖက်စာလောက် ရှိတော့သတဲ့ ။

        ဒါကြောင့် ချစ်စရာရေ အငြိမ့် ခွန်းထောက် ဆိုတာကို နမူနာလေး တစ်ပုဒ် ၊ နှစ်ပုဒ် နောက်စာအုပ်မှာ ရေးထည့်လိုက်ပါဦး ။ ပွဲရဲ့ ပရိကံ က ဘယ်လိုပြောကြတယ် ဆိုတာမျိုးလေးလည်း ဒီခေတ် ကလေးတွေ ဆ၀ါးကြည့်ရအောင် ရေးပြလိုက်ပါဦးလို့ မှာချင်နေမိတယ် ။ မင်းသမီး ခေါ်တော့ ဘယ်လို ခေါ်ကြတယ် ဆိုတာမျိုးတွေလည်း ပါစေချင်ပါရဲ့ ။

        တစ်လောက အိမ်နားနီးနီးက အရပ်က ဘုရားပွဲမှာ ဇာတ်ပွဲ ပါသတဲ့ ။ သွားမကြည့်ဖြစ်ပါဘူး ။ အိပ်တာပါပဲ ။ ဒါပေမယ့် ဇာတ်နဲ့ ကိုယ်နဲ့က တစ်ပြလောက်ဝေးတာမို့ အိပ်ပေမယ့် အသံတွေက ကြားနေရတာ ။ ကိုယ်ကလည်း လူကြီးဆိုတော့ သူတို့ တစ်ညလုံးက ထွက်တဲ့အသံကို မှေးမှေးနဲ့ တစ်ညလုံး ကြားနေတာပဲ ။ နို့ပေမယ့် အဲဒီကြားထဲ အသံတွေက အရင်က ကြားနေကျ ဇာတ်သံမျိုး တစ်ခုမှ မဟုတ်တော့ဘူး ။ ဇာတ်ဆိုပြီး နှစ်ပါးသွားနဲ့ ငိုချင်း ချတာမှ ရှိသေးရဲ့လားလို့ အောက်မေ့မိတယ် ။ မိုးလင်းခါနီးအထိ အမြန် စည်းတွေနဲ့ ခေတ်ဂီတအသံတွေချည်း ကြားနေရတယ် ။

        ဟိုတုန်းကတော့ နတ်ကတော် ထွက်နေပြီဆိုရင် ဘယ်နှနာရီဆိုတာ အဝေးက ကြားတဲ့လူတိုင်း သိတယ် ။ ယိမ်းထွက်နေပြီ ၊ ပြည်တည်နေပြီ ၊ နှစ်ပါးသွားနေပြီ ၊ စခန်းချပြီ ၊ အပူတိုက်ရောက်ပြီဆိုတာဟာ ဘယ်နှနာရီလောက်လို့ နာရီကို မမေးဘဲနဲ့ အချင်းချင်းပြောကြတဲ့ နာရီပြောစကားမျိုးပါ ။ အငြိမ့်မှာလည်း ထိုနည်းလည်းကောင်းပါပဲ ။

        ဘာဖြစ်ဖြစ် မှတ်တမ်းမှတ်ရာပဲ ကျန်ကျန် ချစ်စရာရေ ရေးစရာရှိတာလေးတွေတော့ ရေးထားပါဦးကွယ်လို့ ပြောလိုက်ပါတယ် ။


       လူထု ဒေါ်အမာ

      အတွေးအမြင် စာစောင် ၊ စာစဉ် ( ၁၆၅ )

      ၂၀၀၄ ၊ ဇန်န၀ါရီလ

No comments:

Post a Comment