Thursday, September 6, 2018

သနားမိတယ်ရှင်


🎭       သနားမိတယ်ရှင်

        ကျွန်မက ပျော်ပျော်နေတတ်တော့ မေးရင်လည်းဖြေ ၊ နောက်ပြောင်ရင်လည်းရယ် ၊ ပြောစရာရှိရင်လည်း ရဲရဲပဲ။
        ကူညီ စရာရှိလည်း သွက်သွက်ဆိုတော့ ပတ်ဝန်းကျင် မှာ ယောက်ျား  ၊ မိန်းမ အားလုံး နဲ့ ရင်းနှီး ချစ်ခင်  တာပေါ့။
        တစ်နေ့တော့ ကျွန်မတို့နဲ့ တစ်လမ်းကျော်မှာနေတဲ့ အဒေါ်ကြီးတစ်ယောက်က သူ့အထည်ဆိုင်မှာ အကူရောင်းဖို့ စကား ကမ်းလှမ်းလာပါတယ်။ကျွန်မရဲ့ သွက်လက်တာကို သဘောကျလို့ဆိုပြီး အောင်လက်မှတ် ပေးပါတယ်။
        ကျွန်မက ကျောင်း နေတာက ရှစ်တန်းတောင် မအောင်ဘူး။အဖေက စာရေးကြီးဘဝနဲ့ မိသားစုကို ထောက်ပံ့ နေရတာ။အမေကတော့ သမီးသဘော ၊ အဖေက ဗဟုသုတ ဖြစ်လုပ်ချင်လုပ်လို့ ပြောပါတယ်။ရှေ့ရေးတွေးတော့ ကျွန်မ ဘာလုပ်မရလဲ ၊ ရရစားစားဘဝနဲ့ သူလိုကိုယ်လို ဘာလိုလိုနဲ့ ဘဝသွားနေရမလား။
        ကျွန်မ အထည်ဆိုင်မှာ အရောင်းစာရေးမ လုပ်လိုက်ပါတယ်။ အရောင်းစာရေးမ လို့ ခေါ်တာက ရောင်းတဲ့ မိန်းကလေးဆိုတာ နဲ့စာရင် စာရေးမ တပ်လိုက်တော့ ဟိုလိုဒီလိုပေါ့ရှင်။
        အထည်ဆိုင်ပိုင်ရှင် အဒေါ် ကြီးနဲ့ မနက် ဈေးကို အတူသွားကြရပါတယ်။ ဆိုင်သိမ်းပြီးမှ အတူတူပြန်ရပါတယ်။ မနက်စာ အဒေါ်ကြီးနဲ့ အတူတူ စားရပါတယ်။
        ရောင်းတဲ့ ဈေးနှုန်းကို ဘယ်ဟာက ဘယ်လောက်ဆိုတာ သင်ပေးပါတယ်။ပြီးတော့ ငါးဆယ်တန်ရင် တစ်ရာလောက်ပြော ၊ တစ်ရာ တန်ရင် တစ်ရာ့ ငါးဆယ်ကျော်ပြော ဈေးဆစ်ရင် တဖြည်းဖြည်းနဲ့လျှော့ ၊ မူလဈေးထက်ပိုပြီး မ လျှော့နဲ့ မူလဈေးဆိုရင် ငါးကျပ် ၊ တစ်ဆယ် မြတ်သေးတယ်။
        အဲဒါနဲ့... ကျွန်မ လည်း အရောင်းသင်ရင်း ၊ ဈေးနှုန်းမှတ်ရင်း ၊ အဒေါ် ကြီး ပြောပုံ ၊ ဆိုင်နီးနားချင်း ပြောပုံ တွေ ကြည့်ပြီး ရောင်းလာလိုက်တာ တစ်ပတ်အကျော်မှာ ကျွန်မ ဟာ ကောင်းကောင်း ရောင်းတတ်နေပါတယ် ။ နဂိုက သွက်သွက်ဆိုတော့ ဝယ်သူလာရင် လက်မလွတ်အောင် ဆောင်ရွက်နိုင်တာပေါ့။
        များသောအားဖြင့် မိန်းမ တွေလာဝယ်ရင် ဈေးဆစ်တယ်။ အမျိုးမျိုး ယူပြီးပြရတယ်။ ကလေးမ ၊ အပျိုဖြန်းတွေဆိုရင် ဒါလောက်မဆစ်ဘူး ။ မိန်းမကြီးဆိုလေ စကားအပိုတွေ ပြောရလေပဲ ။
        ယောက်ျားတွေ လာရင်တော့ ကျွန်မ ဆိုင်မှာ ဘယ်တော့မှ မဝယ်ဘဲ မသွားဘူး။ သူတို့်ကို အစ်ကိုတန်ရင် အစ်ကို ၊ အစ်ကို ကြီးတန်ရင် အစ်ကို ကြီး ၊ ဦးလေး တန်ရင် ဦးလေး လို့ ခေါ်တယ်။ ဘယ်လောက် ကြီးကြီး ကျွန်မက ဦးလေး ထက် ပိုတက်ပြီး မခေါ်ဘူး။ ဒါမှ ယောက်ျားတွေ ဟာ စစချင်း ကြွေကျလာတာ။
        ယောက်ျားတွေ လာဝယ်ရင် အချိုဆုံး ၊ ပြီးတော့ အသာဆုံး ၊ အသာဆုံး ဆိုတာ သိပ်ပြီး အရေးကြီးပါတယ် ။ မိန်းကလေးက သာသာယာယာ ပြောရင် သုတို့ ဖိုဓာတ်က အလိုလို ပြတ်ကျချင်တာ။ အဲဒါကြောင့် ချိုချို  သာသာနဲ့ `` အစ်ကို  ၊ အစ်ကို ကြီး ၊ ဦးလေး ဘယ်အဆင်များ အလိုရှိပါသလဲ ကြိုက်ရာအဆင် ရပါတယ်ရှင် " လို့ စဆိုလိုက်တာပဲ။
        သူတို့ကြိုက်တဲ့ အဆင်အရောင်တွေ့ရင် သူနဲ့ကပ်ကြည့် ဟာ...အစ်ကို ၊ ဦးလေး ကံကောင်း တာပဲလို့ပြောပြီး ဈေးမေးတဲ့အခါ တစ်ခွန်းတည်းပဲ ပြောလိုက်ပါရစေ ဆိုပြီး ငါးဆယ်တန် တစ်ရာ ပြော ၊ တစ်ရာ တန် နှစ်ရာပြော ၊ နောက်ဆုံး ဈေးပါလို့ပြောရင် ယောက်ျားခမျာတွေဟာ သနားစရာပါပဲ။ ပေးဝယ်သွားတာပဲ ၊ ရွယ်တူဆိုရင် ပြုံးပြီး မျက်စပစ်သွားလိုက်သေးတယ်။
        အဲဒါကြောင့် ဆိုင်ရှင် အဒေါ် ကြီးက ကျွန်မကို သိပ်ပြီး သဘောကျတာပဲ ၊ ကြည့်လေ တစ်ထည်ကို ငါးဆယ် တစ်ရာမြတ်ရင် တစ်နေ့မှာ ကျွန်မ ဈေးခေါ် ဈေးဆိုကောင်းလို့ အနည်းဆုံး အထည် ငါးဆယ်လောက် ရောင်းရတော့ ဘယ်လောက်မြတ်လဲ။ တစ်လကုန်တော့ ကျွန်မကို လခ တစ်ရာ ပေးပါတယ်။
        ဖေဖေ ၊ မေမေ တို့ကို ကန်တော့ လိုက်တော့ မိဘနှစ်ပါးဟာ သိပ်ပြီး ဝမ်းသာသွားတာပဲ။ ကျွန်မ လည်း နေ့တိုင်း ဆိုင်ရှေ့မှာ ယောက်ျား တစ်ယောက်လာရင် ငါတော့ ချူလိုက်ဦးမဟဲ့ဆိုပြီး ပျော်သွားတာပဲ။
        ကြာလာတော့ ကျွန်မ ယောက်ျားတွေ ကို သိပ်ပြီး သနားလာတယ်။ သြော် သူ့ခမျာတွေ ယောက်ျားရင့်မကြီးဆိုပြီး အထင်ကြီးလိုက်ရတာ အချိန်တန်တော့ မိန်းမဆွယ်ရင် တကယ် လိုက်နာပါကလား ၊ ယောက်ျားတွေ ရှိလေသရွေ့ ငါ သူဌေးဖြစ်နိုင်တယ်။ ဈေးရောင်းမယ်။ အခု တစ်လမှ တစ်ရာ တည်းရတယ်။ သူတို့ကို ရောင်းပေးလို့ ရတဲ့အမြတ်က တစ်နေ့မှာ အနည်းဆုံး ငါ့ကြောင့် ငါးရာ၊ တစ်ထောင် ရမယ် ။ ငါကိုယ်တိုင် ကိုယ်ပိုင်အရောင်းအဝယ် လုပ်မယ် ဆိုပြီး ကျွန်မ အဲဒီဆိုင်က ထွက်လိုက်ပါတယ်။
        ကျွန်မ ရင်းနှီး ခင်မင်ခဲ့  တဲ့ ဆိုင်တွေက ပစ္စည်း တွေယူပြီး နေ့ချင်းရှင်းစနစ်နဲ့ လမ်းဘေးမှာ ချပြီးရောင်းတယ်။ အဖေ ၊ အမေတို့ကို အသိမပေးဘဲ ၊ ကျွန်မ သုံးလလောက် ရောင်းလိုက်တာ ဆိုင်ခန်းငှါးပြီး ရောင်းနိုင်တဲ့ဘဝ ရောက်ခဲ့ပါတယ်။
        အခုတော့ ကျွန်မ ဆိုင်ပိုင်ဖြစ်ခဲ့ပါပြီ။ကျွန်မအပြော ၊ ကျွန်မ အမူအရာ ၊ ကျွန်မ အသံ ၊ ကျွန်မ ရဲ့ ပေါင်းသင်း ဆက်ဆံရေးကို အရင်းအနှီး ပြုခဲ့ပါတယ်။
        ယောက်ျား တွေ ရှိလေသ၍ ကျွန်မ ဈေးရောင်းပြီး သူဌေးဖြစ်ရမယ် ဆိုတာ ဆုံးဖြတ်ချက် မြဲလျက်ပါပဲ။
        တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပြောပြ ၊ ပြုံးပြ နဲ့ ရောင်းတိုင်း နှစ်ဆကျော် အမြတ် ရနေတော့ ယောက်ျားတွေ ကိုလေ ကျွန်မ သနားမိတယ်ရှင် ။

                             ဗိုလ်သခင်ဆရာ
                ၂၀၀၃ ခုနှစ် ၊ မေလ ထုတ်
          ယောက်ျား နှင့် မိန်းမ စာအုပ် မှ

No comments:

Post a Comment