Wednesday, September 5, 2018

ရောင်းတတ်ရင် ဈေးကောင်းရတယ်


🚀 ရောင်းတတ်ရင်ဈေးကောင်းရတယ်

သြဂုတ်လ ၁၇ ရက် စနေနေ့က အောင်လံမြို့တောင်ပိုင်း ရွာထောင်ရပ်ကွပ်ကို ရောက်တယ်ခင်ဗျာ့။
“ကိုချမ်းသာ လာစမ်းပါဦးဗျာ”
ပွဲစားဦးအောင်မြိုင်က ပွဲရုံထဲက လှမ်းခေါ်လို့ စက်ဘီးအသာရပ်ပြီး သူ့ပွဲရုံထဲ ဝင်လိုက်တယ်။ ပဲတီစိမ်းအိတ်တွေက အထပ်လိုက်ပဲ။
“ကျွန်တော်တော့ ၇၁၀၀ နဲ့ထုပ်လိုက်ပြီ”
 “အမယ်… တယ်ဟုတ်ပါလား၊ ထိပ်ဈေးပဲနော်”
“ဟား… ဟား… ရောင်းတတ်ရင် ဈေးကောင်းရတာပေါ့ဗျာ”
“ဗျာ… ဘယ်လို”
“ဘယ်ပစ္စည်းမဆို ရောင်းတက်ဖို့လိုတယ်ဗျာ၊ ရောင်းတတ်ရင် ဈေးကောင်းရတယ်ဗျာ့၊ ကိုယ်က ရောင်းတော့မယ်ဆိုရင် ဝယ်သူကို အကဲခတ်ရတယ်၊ တကယ်ဝယ်ချင်တဲ့သူလား၊ ဈေးသိရုံ လာအကဲခတ်တဲသူလား၊ လက်ငင်းချေမယ့်လူလား၊ ငွေဆိုင်းထားမယ့်သူလား၊ လည်စေ့ညှစ်ပြီးဈေးဆစ်မယ့်လူလား၊ လျှံနေသူလား၊ ဆာနေသူလား ဝယ်သူ့အကဲကိုကြည့်”
“ဟုတ်ပြီဗျာ”
“ပြီးတော့ ကိုယ့်ဘက်ကလည်း အရမ်းရောင်းချင်နေတဲ့ ပုံစံမျိုး မဖမ်းရဘူး၊ ငရံ့ဟြလူး မလုပ်ရဘူး၊ တက်နိုင်သမျှ ဂုဏ်ခံထားရတယ်ခင်ဗျာ့၊ အဲ… တစ်ခုရှိတာက ကို့ပစ္စည်းကလည်း ဂုဏ်ခံနိုင်လောက်တဲ့ အဆင့်အတန်း အရည်အသွေးမျိုး ရှိရမယ်၊ ကိုယ့်ကတ္တား ကိုယ့်အလေးက စံကိုက်ဖြစ်နေရမယ်ဗျာ”
ပွဲစားငှဲ့ပေးတဲ့ ရေနွေးကြမ်းလေး တစ်ငုံသောက်၊ ပွဲကတော် သုပ်လာတဲ့ လက်ဖက်ကလေးတစ်ဇွန်းတို့ပြီး မြောက်ပိုင်းသွားတယ်။ (တောင်မြောက်မြို့တန်းရှည်၊ တောင်ပိုင်းမြောက်ပိုင်းအဝေးသား။) မြောက်ပိုင်းပွဲရုံများရောက်၊ လေးငါးရုံလျောက်မိတော့ ဈေးသိရပြီ။ ပဲတီစိမ်း အစုတ် (အညံ့ဆုံး နောက်ကျပဲသီး မအောင်၊ မမာ၊ စိုပျော့၊ မွဲခြောက်၊ အရောင်မတောက်) က ၆၂၀၀။ ဒုတိယတန်း အသင့်အတင့်က ၆၈၀၀။ အမြင့်ဆုံးအကောင်းဆုံးက ပထမတန်းစားက ၇၀၀၀ (အချိန်ပိဿာ ၂၀ ဝင်တစ်တင်းဈေး)။ ပေါက်တယ်ဗျာ။
" တောင်ပိုင်းမှာ ဘယ်ဈေးကြားခဲ့သလဲ ဆရာသမား”
“အယ်… ကျွန်တော် တောင်ပိုင်း မရောက်ခဲ့သေးဘူးဗျာ”
“ ရောင်းတတ်ရင် ဈေးကောင်းရတယ်” ဦးအောင်မြိုင်စကား ကျွန်တော့်နားထဲက မထွက်ဘူးဗျာ၊ သည်ဥပဒေသကို မလိုက်နာမိလို့ ကျွန်တော် ခံရပေါင်းလဲ များလှပါပြီ။ ၁၉၇၈-၁၉၈၅ ခုနှစ် အောင်လံမှာ ကျွန်တော် တောကုန်သည်ကလေးလုပ်ခဲ့စဉ်က လူကဲလည်း မခတ်တက်၊ မျက်နှာရိပ် မျက်နှာကဲလည်း မသိ၊ ဝယ်နေသူ အနားရောက်နေမှန်းလည်း မသိ၊ တောသား ငအ။ ကားပေါ်က ဖုတ်ကနဲ့ဆင်း၊ ပွဲရုံထဲဝင်၊ ပွဲစားရှေ့ရပ်။
“ဟာ… ပွဲစားရေ၊ ကျွန်တော်ပဲအိတ် ၅၀ ပါတယ်ဗျို့”
“ဘယ်ဈေးရရင်ရောင်းမလဲ” ပွဲစားကမေး၊ (အနားမှာ ဝယ်သူကရှိနေသည်။)
“ပွဲစား ကြည့်သာရောင်းလိုက်၊ ကျွန်တော်နားမလည်ပါဘူး၊ ပေါက်ဈေးရရင် တော်ပြီ”
ဟိုတုန်းက အဖြစ်ကို တွေးမိ၊ ရှက်ပြုံးကလေးပြုံးမိ။ “ ပေါက်ဈေးရရင်တော်ပြီ” ကျွန်တော်ဟြေလိုက်တဲ့စကား။ ပွဲစားနဲ့ အဝယ်တော် အကြိုက်ပေါ့။ ကျွန်တော့် စကားကြားရတော့ ပွဲစားက အားရဝမ်းသာ၊ အဝယ်တော် နှုတ်ခမ်းပါးနားများ လျှာနဲ့လျက်လိုက်လို့။ ဟာ… အချဉ်တော့တွေပြီပေါ့။ သြော်… အလွန်မိုက်မဲခဲ့တဲ့ မောင်ချမ်းသာပါတကား။ အ,ချက်ကယ်နာဘိခြင်း။ ဟင်း… ဟင်း… အဲသည်တုန်းကတော့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီပေါ့။ အဝယ်တော်နဲ့ ပွဲစား လက်ခုပ်လက်ဝါးရိုက်။
“ဒီဈေးပေးတယ် ကိုချမ်းသာရေ၊ ကျွန်တော်တော့ လွှတ်လက်ပြီ၊ စုံစမ်းကြည့်၊ ခင်ဗျားပဲနဲ့ ဒီဈေးနဲ့ အသင့်ဆုံးပဲ”
“အို… ဘာစုံစမ်းစရာလိုလဲဗျာ၊ ပွဲစားပြီး ပြီးတာပဲ”
ပွဲစားရင်ပေးတဲ့ ငွေကလေးကိုယူ၊ ပွဲရုံကကျွေးတဲ့ ကြက်သားငရုတ်သီးချက်နဲ့ ချဉ်ရည်ဟင်းနဲ့ ထမင်းကလေးစား၊ အိတ်ခွံကလေးလိပ်၊ ကားပေါ်တင် ပြန်လာခဲ့၊ တောသို့တစ်ခေါက်။ ပဲကုန်ကူးတာ ခုနစ်နှစ်ဗျာ၊ ဝယ်တယ်၊ ရောင်းတယ်၊ သည်လောက်ပါပဲ။ သည်ထက်ပိုမတက်ခဲ့ဘူး။ သည်ခုနစ်နှစ်မှာ ပွဲစားနဲ့ အဝယ်တော် ကျွန်တော့်အပေါ်ကို ဘယ်လောက်ဆော်လိုက်ကြသလဲ ကျွန်တော်မသိတော့ပါ။ ပဲဝယ်တယ်ဗျာ၊ ပဲ လက်ထဲရောက်နေပြီဆို စိတ်က ရောင်းဖို့ပဲ အားသန်နေတော့တယ်။ ဈေးကောင်းရအောင်ဆိုတာလေးကို အရေးတကြီး ထည့်မတွက်မိဘူး။ ကျွန်တော်မှ မဟုတ်ဘူး။ အရောင်းသမား တော်တော်များများ ဖြစ်တက်ကြတယ်။ ရောင်းမယ်လို့ စိတ်ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရောင်းစိတ်ဆိုတာ ဖြစ်သွားပြီ။
“ နှစ်ရက် သုံးရက်စောင့်ဦး၊ တက်ရိပ်ရှိတယ်” တစ်ယောက် ယောက်ကလာဟြေ လက်မခံဘူးဗျာ၊ ရောင်းစိတ်ကြီးက လွှမ်းမိုးနေတော့ ဘယ်ဈေးရရ ရောင်းမယ်ပဲ ဖြစ်ကရောဗျို့။ ဟော… ဒရောသောပါး ရောင်းချလိုက်ပြီ။ နောက်တစ်ရက် နှစ်ရက်အကြာ ဈေးက တက်သွားပြီ။ အဲသည်အခါကျမှ ကိုယ့်နှဖူး ကိုယ်ပြန်ထုမိ၊ ဟိုနေ့က ဟိုလူဟြေတာ အမှန်သား ငါက လောမိလို့။ ငိုရခက် ရယ်ရခက်၊ ခံရချက်နာလွန်းလို့ဗျာ။ အမှန်က အရောင်းသမားဆိုတာ ဗိုက်နာတဲ့ လက္ခဏာကို လုံးဝ မပြရဘူး။ ဘယ်လောက်ပဲ ဗိုက်နာနေနေ တင်းခံထားရမှာဗျာ့၊ (မျက်နှာကြော တင်းခိုင်းတာ မဟုတ်ဘူး၊ မျက်နှာက ပြုံးထား၊ စိတ်ကိုတင်းခိုင်းတာ။) ဝယ်သူတစ်ကယ်ကြိုက်နေပြီ၊ တကယ်ဗိုက်ဆာနေပြီဆို ပြန်လာပါလိမ့်မယ်ဗျာ။ တစ်ရစ်ဝဲဝဲနဲ့။ (ညိုဟြညက်ညက်ကလေးနား ကာလသားကလေးများ မခွာနိုင် သလို။)မူထားဗျာ၊ ဈေးကောင်းရတော့မယ်၊ ရတော့မယ်။ အဝယ်တော်ကြိုက်နေပြီ။ ကျိန်းသေဝယ်တော့မယ်၊ တောင့်ထား။ တောင်းတဲ့ဈေးပေးတော့မယ်။ အဲသည်အချိန်မှာ မသိချင် ယောင်ဆောင်၊ ဘေးကိုအသားလေးရှောင်ထွက်သွား၊ ပွဲစားနဲ့ အဝယ်တော် စကားဟြေကြပါစေ။ ကြည့်နေ၊ ကြည့်နေ အသာမယောင်မလည် ဘေးနားလေးက မကြည့်တကြည့်နဲ ကြည့်နေ။ ကိုယ်ကြည့်တာ လူမသိစေနဲ့၊ သူတို့မသိစေနဲ့။ ပွဲစားနဲ့ အဝယ်တော် လူချင်းပူးသွားပြီ။ (ခပ်မှိန်မှိန် မီးရောင်အောက်က အတွဲကဲ့သို့) နှုတ်ခမ်းချင်းပွတ်နေပြီ။ ဘေးဘီကိုလည်း တစ်ချက်တစ်ချက် အကဲခတ်လို့၊ သူတို့ဟြေတာလူသိမှာစိုး။ မျက်နှာရိပ် မျက်နှာကဲပြ။ ဘေးခွာလိုက်ကြ၊ (မိဘရှေ့ရောက် အတွဲကဲ့သို့ ) အမယ် ခုမှတွေရတဲ့ လူတွေလိုလို ဘာလိုလို။ ဘေးရှောင်နေရာမှ ရောင်းသူက ဝင်လာ။ သူတို့အကဲကို သိသော်လည်း မသိသကဲ့သို့။
“ဒီဈေးတော့ ပေးတယ်ဗျို့” ဘယ်နှယ့်လဲဆိုတဲ့ အမေးမျက်နှာနဲ့ ပွဲစားက ဟြေမေး။ အရောင်းသမားက စိတ်ထဲကတွက် ဦးနှောက် ကွန်ပျုတာကို သတင်းပို့။ ဦးနှောက်က ရောင်းချင်နေပြီ။ နှလုံးသားကွန်ပျူတာက ဈေးဆွဲချင်သေး။
“နည်းနည်းလောက် ထပ်တိုးခိုင်းကြည့်ပါဦး” ပွဲစားက အဝယ်တော်ကိုခေါ်၊ ဈေးတိုးတောင်း၊ ရောင်းသူရှေ့မှာ ရောင်းသူ လိုချင်သော ဈေးတောင်းပေးတယ်ပေါ့၊ ဟဲ ဟဲ။ အဝယ်တော်က ပေးပြီ။ (အမှန်က အစောကတည်းက သည်ဈေးပေးပြီးသား၊ ရောင်းသူ အမြင်ကောင်းအောင် ဂွင်ရိုက်နေတာ။) ပွဲစား၊ အဝယ်တော်၊ ရောင်းသူ သုံးဦးညီပြီ။ အရောင်းအဝယ်တည့်သွားပြီ။ ရောင်းလိုက်ပြီ။ ဝယ်လိုက်ပြီ။ သည်နေ့ သည်ဈေး အမြင့်ဆုံးပါပဲ။ စံချိန်တင်ဈေး အရောင်းတော်လှ၊ တော်လှ၊ ဟုတ်လှပြီ၊ ငါမှငါ။ ဟဲ… ဟဲ… မထင်လိုက်ပါနဲ့။ နောက်နေ့ ဈေးက ခုန်တက်သွားပါပြီ။ ပွဲစားနဲ့ အရောင်းသမား ခံလိုက်ပါပြီ။ အမှန်က ဈေးတက်တော့မယ်ဆိုတာ အဝယ်တော်က ကြိုတင်သိပြီးသား။
(ရည်းစားလူလု ခံရတာထက်ဆိုး။)

                                  မောင်ချမ်းသာ

No comments:

Post a Comment