Monday, July 29, 2019

ခြံစောင့် ခွေးမောင်း ဘဝမှ လွတ်ကင်း၍

🗡   ခြံစောင့် ခွေးမောင်း ဘ၀မှ လွတ်ကင်း၍

         “ အဖေ့ ဧည့်သည် ”
         စာရေးနေရာမှ ဘောပင်ကို အသာချထားပြီး အခန်းအပြင်ဘက် ထွက်ခဲ့ပါ၏ ။
         လူငယ်တစ်ယောက် သားသားနားနား ၀င်းတံခါးရှေ့မှာ ရပ်ထားတဲ့ သူ့ကားက အမြင့်ကား ။
         “ ဆရာ မောင်ချမ်းသာ ဆိုတာ ... ”
         “ ဟုတ်ပါတယ် ငါ့တူ ၊ မောင်ရင် အခုတွေ့နေရတာ မောင်ချမ်းသာပါပဲ ၊ ကဲ ဆို ”
         “ ဆရာ့ဆီက အကြံဥာဏ် တောင်းချင်လို့ပါဆရာ ”
         “ ပြောပါဦး ”
         “ ကျွန်တော ရန်ကုန်မြို့  ........ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ သမက်ပါ ဆရာ ၊ ဆရာနဲ့ တွေ့ချင်နေတာ ဆရာ ၊ ဆရာ့ စာတွေ ဖတ်ပြီး ဆရာနဲ့ တွေ့ချင်နေတာ ဒီလိုပါဆရာ ”
         ( သူဌေးသမက်က အကြံဥာဏ် လိုချင်တယ်ဆိုတော့  ခက်တော့ ခက်သား ၊ သူ့ ယောက္ခမတစ်ယောက်လုံး သူဌေးကြီး ဖြစ်နေပြီးတော့ )
         “ ဆရာ ခဏခဏ ရေးလေ့ရှိတဲ့ သူဌေးသမက်ဟာ သူဌေး မဟုတ်ဘူးဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ် ဆရာရယ် ၊ အခုဟာက ဒီထက် ပိုဆိုးနေလို့ ”
         “ ငါ့တူက သူဌေးကြီးရဲ့ သမီးကို ခိုးပြေး ၊ သူဌေးကြီးက ပစ်ထား ၊ သားသမီးတွေ ရမှ သူဌေးကြီးက မြေးတွေ သံယောဇဉ်နဲ့ ပြန်ခေါ်  ဒီလို ဇာတ်လမ်းမျိုးလားကွာ ”
         “ အမှန်ပါပဲ ဆရာ ၊ ကျွန်တော်တို့ ဆယ်တန်းနှစ်မှာ စာမေးပွဲ မဖြေခင် ခိုးပြေးကြတာပါ ဆရာ ”
         “ ဗီဒီယို ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာတော့ သူဌေးကြီးက အမျက်ပြေလို့ ပြန်ခေါ် ၊ ချစ်ခင်ရင်းနှီး ဖော်ရွှေစွာ လက်ခံ ၊ မိသားစု ပျော်ရွှင်စွာ နေထိုင်ကြလေတော့သတည်း ဒီလို မဟုတ်ဘူးလားကွာ ”
         “ အဲဒါက ဇာတ်လမ်းပါ ဆရာ ၊ အခု ကျွန်တော့် အဖြစ်က ရင်နာလွန်းလို့ပါ ဆရာရယ် ”
         သူကလေး မျက်နှာ ချက်ချင်း ညှိုးသွားပါ၏ ။ ကြာလျှင် ချုံးပွဲချ ငိုပေတော့မည် ။
         “ လာ ငါ့တူ ”
         ကျွန်တော်က ပရိုက်ဗိတ် အခန်းထဲသို့ ခေါ်သွင်းလိုက်ပါ၏ ။
         “ ကဲ ငါ့တူ ဘာဖြစ်လာသလဲ ၊ ရဲရဲတင်းတင်း ရင်ဖွင့်ပေတော့ ၊ ဒီနေရာကတော့ မင်းနဲ့ငါ နှစ်ယောက်ထဲ ရှိတာ ”
         “ မြေးတွေ သံယောဇဉ်ကြောင့် သူ့ဆီ ပြန်ခေါ်ထားပေမယ့် ကျွန်တော့်ကို အမြင် မကြည်ဘူး ဆရာ ၊ အခု ကျွန်တော်တို့ လင်မယား သားသမီး ငါးယောက်သာ ထွန်းကားကရော ၊ အဘိုးကြီးကတော့ စကားတောင် အဖက်လုပ် မပြောပါဘူး ဆရာ ”
         “ ကျွန်တော့်ကို သူ့ လုပ်ငန်းထဲက လက်တိုလက်တောင်း ခွေးမောင်းခြံစောင့် လောက်သာ ထားတာပါ ဆရာ ”
         “ သူ့ ကားမောင်းပေးရတဲ့ သူ့ ဒရိုင်ဘာ ၊ ဧည့်ခံပွဲမှာ စားပွဲထိုး ”
         “ သဘောပေါက်ပါပြီ ငါ့တူ ၊ မင်းကို လူရာ မသွင်းဘူး ၊ ထမင်းအိုး ဟင်းအိုးထမ်း ၊ အိုးတိုက် ပန်းကန်ဆေး အဆင့်လောက်ပဲ ဆိုပါတော့ ”
         “ အမှန်ပါပဲ ဆရာ ၊ ကျွန်တော် သူဌေးသမက်ဖြစ်ရတာ ဒဏ်နာလွန်းလို့ပါ ဆရာ ၊ သူက လူရာ မသွင်းတော့ ဘေးပတ်ဝန်းကျင်ကလည်း ကျွန်တော့်ကို မတူသလို မတန်သလို သူဌေးပေးထားတဲ့ ဟန်းဖုန်းကလေး ခါးမှာ ချိတ်ပြီး သူဌေးရဲ့ ကားကို မောင်းပြီး ဟန်လုပ်နေတဲ့ ငနဲ  အလကား ကလေကချေကောင်လို့ သဘောထားနေကြတာပါ ဆရာ ”
         “ ဆရာရယ် ဖြစ်နိုင်ရင် ဘ၀ကို တစ်ကတောင် ပြန်စလိုက်ချင်ပါရဲ့ ”
         “ ငါ့တူက လူစွမ်းလူစ မပြဘူးလားကွာ ၊ သူဌေးရဲ့ အလုပ်တွေကို ကူလုပ်မပေးဘူးလားကွာ ”
         “ ကူလုပ်ပေးတာကို သူက လက်မခံဘူး ဆရာ ၊ မြင်းရဲ့ အလုပ်ကို ခွေးက ၀င်ရှုပ်နေတယ်လို့ မြင်နေတာ ဆရာ ”  
         “ လုပ်ငန်းတစ်ခု ထူထောင်ပြီး လူလူသူသူ လုပ်ကြည့်ဖို့ အစွမ်းအစပြဖို့ စိတ်ကူးမကြည့်ဘူးလား ”
         “ ဆရာရယ် ယောက္ခမကြီး ( သူဌေးကြီးကတော် ) ကို ဘုရားလိုက်ပို့ ၊ ခယ်မတွေ ရှော့ပင်း ထွက်တာ လိုက်ပို့ ၊ယောက်ဖတွေ မူးတာ ရမ်းတာ လိုက်ထိန်း ၊ ကျွန်တော့် ကလေးတွေ ကျောင်းပို့ ကျောင်းကြို ”
         “ အင်း ဒီလိုဆိုတော့လဲ ”
         ကျွန်တော် အမျိုးမျိုး စဉ်းစားကြည့်ပါ၏ ။ သည်လူငယ်လေး လမ်းပျောက်နေလေပြီ ။ အိမ်မှုကိစ္စတွေ လုပ်ကိုင်ပေးနေရတာနဲ့ပဲ အချိန်ကုန်ပြီ ။ သူဌေးရဲ့ အိမ်ကျွန်ဘ၀ထဲ နစ်နေလေပြီ ။
         တော်သေးတာပေါ့ ။ သူ့ကောင်မလေးက သူ့ကို ချစ်နေပေသေးလို့ ၊ ပြောစရာဆိုလို့ သည်တစ်ချက် ကလေးသာ ရှိပါ၏ ။
         သူဌေးကြီး၏ အရှိန်အ၀ါ သြဇာအောက် ရှိသူကလေး ပြားပြားဝပ်နေရလေပြီ ။ လမင်းကြီး အရှိန်အ၀ါကြောင့် ပိုးစုန်းကြူး အရောင်မထွက်နိုင်သကဲ့သို့ ။
         “ ဆရာရယ် သူဌေးကြီး ကွယ်လွန်သွားတဲ့ အခါကျရင်တော့ ကျွန်တော် လူရာဝင်လာမလားပဲ ”
         “ မထင်ပါနဲ့ ငါ့တူ ၊ ငါ့တူက သူဌေးကြီးရဲ့ ခြေရာကို နင်းနိုင်မှ လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာ ”
         “ ဆရာ  ဒါဖြင့် ကျွန်တော် ဒီတစ်သက် လူဖြစ်ပါဦးတော့မလား ဆရာရယ် ”
         သူ ငိုမဲ့ငိုမဲ့ ဖြစ်လာပြန်ပါ၏ ။
         သူဌေးလက်ထဲ သူ့သမီးကို ပြန်အပ်ပြီး ထွက်ပြေးဖို့ ဆိုတာကလည်း မဖြစ်နိုင် ။ ပြီးတော့ သားသမီးကလည်း ငါးယောက်တောင် မွေးထားပြီးနေပြီ ။
         “ ဆရာ ကျွန်တော် ဘာဆက်လုပ်ရမလဲ ဟင် ”
         “ ဆရာ အကြံဥာဏ်ပေးချင်တာကတော့ ”
         “ ပြောပါဆရာ ”
         သူ့မျက်နှာ အရောင်လက်လာပါ၏ ။
         “ သူဌေးကြီးရဲ့ လောင်းရိပ်အောက်က အမြန်ဆုံး ရုန်းထွက်ပါ ။ ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကြည့်ပါ ။ သူဌေးကြီး အဖြစ်နိုင်တောင်မှ သူဌေးပေါက်စကလေး ဖြစ်အောင် လုပ်ပြပါ ၊ ကိုယ့်အစွမ်းအစ ကိုယ်ပိုင် အရည်အချင်းတွေကို ဖော်ထုတ်ပြီး သုံးကြည့်ပါ ”
         “ ပထမတော့ မင်းတို့ ဘ၀ ခက်ခဲ ပင်ပန်း ကြမ်းတမ်းမယ် ၊ နောက်တော့ လုပ်ရည်ကိုင်ရည် တက်လာလိမ့်မယ် ၊ လုပ်ရင်းကိုင်ရင်း စီးပွါးရှာရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရလာလိမ့်မယ် ၊ ထွက်ပေါက်ကတော့ ဒီနည်းပဲ ရှိပါတယ် ။ ငါ့တူ သတ္တိရှိရှိနဲ့ စွန့်စွန့်စားစား လုပ်ပြလိုက်ပါ ငါ့တူ ”
         “ ဒီလိုမှ မဟုတ်ရင်တော့ သူဌေးရဲ့ အိမ်ကျွန်ဘ၀က တက်မှာ မဟုတ်ဘူး ။ ဘယ်တော့မှာလဲ သူဌေး ဖြစ်လာမှာ မဟုတ်ဘူး ၊ သူဌေးသမက်ဆိုတဲ့ ရာထူးကနေ အမြန်ဆုံး နှုတ်ထွက်လိုက်ပါ ”
         “ သူဌေးရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ချင်တဲ့နေ့ ၊ လူတစ်လုံး သူတစ်လုံး  ( ကိုယ်စွမ်းကိုယ်စနဲ့ ) ဖြစ်လာတဲ့ နေ့မှာ ငါ့တူ လူရာဝင်လာပါလိမ့်မယ် ”
         “ ဒါထက် ငါ့တူ လက်ဝါးကလေးကို ခဏလောက် ကြည့်ပါရစေ ”
         သူ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြပါ၏ ။
         ကျွန်တော်က သူ့ လက်ဝါးများကို သေချာစွာ ကြည့် ၊ ဘောပင်နဲ့ ထောက်ကြည့် ။
         “ အို ငါ့တူက သူဌေးဖြစ်ဖို့ ဇာတာက အရှင်းကြီး ပါနေတာပဲကွာ ၊ မကြောက်ပါနဲ့ ရဲရဲကြီး ရင်ဆိုင်လိုက်စမ်းပါ ”
         “ တကယ်လား ဆရာ ”
         “ တကယ်ပါ ငါ့တူ ၊ ဆရာက မင်းလက္ခဏာကို မြင်တဲ့အတိုင်း ဟောလိုက်တာပါ ”
         “ ဆရာ ဒါဆို ကျွန်တော် ... ”
         “ ငါ့တူမှာ လူစွမ်းလူစ လုပ်ရည်ကိုင်ရည်တွေ အပြည့်ရှိပါတယ်ကွာ ၊ လက္ခဏာမှာ အထင်းသား ပေါ်နေတာပဲဟာ ”
         “ နောက် မင်းသူဌေး ဖြစ်သွားတဲ့အခါ ပြန်ဆုံကြသေးတာပေါ့ ”
         သူကလေး ခေါင်းကိုမော့ ရင်ကိုကော့၍ ရွှင်လန်းတက်ကြွစွာ ပြန်ထွက်သွားပါ၏ ။
         အားလုံးသော သူဌေးသမက် ပေါက်စကလေးများ ခြံစောင့် ခွေးမောင်း နင်းပြားဘ၀မှ လွတ်ကင်း၍ ချမ်းသာကြွယ်ဝသော သူဌေးမင်းများ ဖြစ်ကြပါစေသော် ။
         ( ဘ၀ဆိုတာ လုပ်ယူရင် ရတယ် )

မောင်ချမ်းသာ
မော်ဒန် သတင်းဂျာနယ် ၊ ၁၀ စက်တင်ဘာလ ၂၀၁၀
     

No comments:

Post a Comment