Thursday, November 15, 2018

ရှမ်း တို့ရဲ့ မင်္ဂလာပွဲ


⭕       ရှမ်း တို့ရဲ့ မင်္ဂလာပွဲ

မင်္ဂလာနေ့၌ သတို့သားအိမ်တွင် (ပစ္စည်းပြည့်စုံသူများဖြစ်လျှင် သတို့သမီးအိမ်ပါ)မြတ်စွာဘုရားအမှူးထား၍ သမုတိသံဃာတော်အရှင်မြတ်တို့အား မင်္ဂလာလက်ထပ် ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
သတို့သားဘက်က ဖိတ်ကြားထားသော လူများကလည်း သတို့သားအိမ်၊ သတို့သမီးဘက်မှ ဖိတ်ကြားထားသောသူများကလည်း သတို့သမီးအိမ်သို့ စုရုံးရောက်ရှိလာကြပြီး နှစ်ဘက်စလုံးမှ သူ့အိမ်ကိုယ့်အိမ်တွင် ကျွေးမွေးဧည့်ခံကြသည်။
ထို့နေ့၌ နှစ်အိမ်စလုံး အမင်္ဂလာစကား မပြောရ၊ ငိုကြွေးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ကြွေးတောင်းခြင်းများကို လုံးဝမပြုကြရပါ။
သတို့သားအိမ်၌ ကျွေးမွေးဧည့်ခံပြီးနောက် အိုးစည်ဗုံမောင်းများတီးကာ တစုတရုံး တပျော်တပါးကြီးဖြင့် လူကြီးများက ရှေ့ဆောင်၍ သတို့သားကို လူပျိုရံများ ခြံရံပြီး သတို့သမီးအိမ်ဆီသို့ သွားကြပါသည်။
သတို့သမီးအိမ်သို့သွားကြသောအခါ သတို့သားနှင့်ယှဉ်၍ မိစုံဖစုံသူလူပျိုတစ်ယောက်က “ အွပ်ခေါင်ခိုင် ”  ခေါ် ယွန်းအုပ်နီ(မင်္ဂလာအုပ်)ကို ပိုက်၍ လိုက်ရသည်။
အွပ်ခေါင်ခိုင် ခေါ်(မင်္ဂလာအုပ်) ယွန်းအုပ်နီအတွင်း၌ ဖျင်ဖြူဖြစ်စေ၊ ဖျင်နီဖြစ်စေ တစ်အုပ်နှင့်ငွေ ၅ိ-၁၀ိ-၅၀ိ-၁၀၀ိ စသည်ဖြင့် တတ်နိုင်သလောက် သတို့သားဘက်က ထည့်ရသည့်အပြင် ဘဲဥပြုတ် သို့မဟုတ် ကြက်ဥပြုတ်(၃)လုံး ကြံသကာတစ်ထုပ် သို့မဟုတ် သကြားတစ်ထုပ်ပါ ထည့်ရသည်။
၎င်းမင်္ဂလာယွန်းအုပ်နီသည် သတို့သမီးမိဘများကို ကန်တော့ရသောအုပ်ဖြစ်၍ မင်္ဂလာဆောင်ပြီးနောက် ၇ ရက်မြောက်မှ အုပ်ကို ဖွင့်၍ ပါလာသောပစ္စည်းများကို သတို့သမီးမိဘများက သိမ်းယူရသည်။ မိခင်၏ထမင်း ၀ါးဖတ်နှင့်နို့ဖိုးပူဇော်ခြင်း ဖြစ်သည်ဟုဆိုသည်။
မင်္ဂလာဆောင်သို့ ကြွရောက်ချီးမြှောက်ကြသော လူကြီးအားလုံးကိုလည်း ကန်တော့ရန် သုံးချောင်းထောက်ဗန်းနှင့်ပန်းများပါ ထည့်ယူသွားကြရသေးသည်။ အချို့အုန်းပျောကန်တော့ပွဲကိုလည်း ယူ၍သွားကြသေးသည်။
မင်္ဂလာအိမ်အခန်းတွင်း၌ လှပစွာ ဖီးလိမ်းဆင်ပြင် ၀တ်စားထားသော သတို့သမီးအနား အပျိုရံများက ရယ်စရာ ရွှင်စရာ စကားလိမ် စကားထာများကို ပြော၍သော်၎င်း ၊ ကဗျာတေးသံသာကို သီဆို၍သော်၎င်း ၊ အချို့အပျိုရံက အပျိုရည်မနွမ်းခင် “ နန်း ” ကိုလေ အားရပါးရ ဖက်ရဦးမယ်ပြောပြီး သတို့သမီးကို ဖက်ကြ ပွေ့ကြ ပိုက်ကြ မွှေးကြ၍ သတို့သမီးခမျာ ရယ်ကာမောကာ အပြုံးကြွယ်ရာမှ မင်္ဂလာပွဲထုတ်လျှင် သတို့သားနှင့်ယှဉ်တွဲထိုင်ကာ မျက်နှာချင်း ဘယ်လိုဆိုင်ရပါ့မယ်ဟု
တွေးဆစိတ်မော၍သာ နေရှာသည်။
ရှမ်းဘာသာ “ နန်း ” ဟူသော ဝေါဟာရသည် “ ခင် ” သို့မဟုတ် “ မေ ” အပျို-သူငယ်မ-လုံမ-မိန်းခလေးဟူသောအဓိပ္ပါယ်များ ဖြစ်ပါသည်။
“ ပူကျောင်း ”  ဖိုးကျောင်းဒကာ၊ “ ပူကျယ် ”  ဖိုးသူတော်ကြီး၊ “ အောက်ခေါင်း ” ကာလသမီးခေါင်း သို့မဟုတ် အပျိုခေါင်း၊ “ အောက်လွယ် ” ဘုရားဒကာမ အစရှိသောမင်္ဂလာပွဲသို့ ကြွရောက်ချီးမြှောက်ကြသော ပရိသတ်များကို ၀က်သား ကြက်သား ဆီပြန်ဟင်းများနှင့်ကြက်သွန်မြိတ် နံနံပင် ဆလပ်ရွက်များနှင့်တို့စားရန် “ နမ့်ဖစ်ဖူး ” ခေါ် ဟင်းရံများနှင့်ကျွေးမွေးဧည့်ခံရာ ပရိသတ်က မြိန်ရှက်စွာ သုံးဆောင်ကြပြီး “ မင်္ဂလာမောင်မယ်တို့သည် ရာသက်ပန် ရိုးမြေပြာကျ ပေါင်းသင်းနိုင်ကြပါစေ ” ဟု ဆုမွန်ကောင်း တောင်းကြသည်။
“ နမ့်ဖစ်ဖူး ” ဆိုသည်မှာ ပဲပုပ်မီးကင်၍ ဆားနှင့်ထောင်းပြီး ကြက်သွန်ဖြူ ကြက်သွန်နီ မီးအုံး ငရုတ်သီးစိမ်း သင့်တော်ရုံမျှ မီးကင်ကိုပါ ရော၍ ထောင်းပြီး ရေနွေးနှင့်မပျစ်မကျဲ ဖျော်ထားသည်ကို ခေါ်သည်။ အချို့က ခရမ်းချဉ်သီးကိုပါ မီးအုံး၍ထည့်ဖျော်ထားကြသည်။
“ နမ့်ဖစ်ဖူး ”ကို မြေမြင့် “ ပန်ထွေဖျော် ” ခေါ်လျှင် မှားမည် မဟုတ်ပါချေ။ ပန်ထွေဖျော်က ငန်ပြာရည်ထည့် ဖျော်၍ နမ့်ဖစ်ဖူးက ပဲပုပ်ထောင်းထည့်ဖျော်သည်သာ ကွာခြားသည်။
သတို့သမီးအိမ်ရှေ့သို့ သတို့သားနှင့်လူကြီးများ ရောက်လာသောအခါ သတို့သမီးဘက်မှ “ အောက်ခေါင်း ” ခေါ် အပျိုခေါင်းက အမျိုးသမီးများနှင့်ဆီး၍ တားကာ. . .
“ ရှင်တို့ကို ၀င်ခွင့်မပြုနိုင်သေးဘူးရှင့်၊ ကျမတို့ သတို့သမီးက တစ်သိန်းတန်တယ်၊ နှစ်သိန်းတန်တယ်၊တစ်သန်း-နှစ်သန်း-တစ်ကုဋေတန်တယ် ” ဟုပြောကာ ခဲဘိုးကို ဆီး၍ တောင်းကြပါသည်။
ထိုအခါ သတို့သားဘက်မှ ခေါင်းဆောင် “ ပူခေါင်း ” ခေါ် ကာလသားခေါင်းက. . .
“ အေး. . . ခင်ဗျားတို့ဟာ အဘိုးတန်မှန်း သိလို့ ကျုပ်တို့ကလဲ သိန်း-သန်း-ကုဋေငွေထုပ်ကြီးတွေ ထမ်းလာတယ်လေ၊ ဟောဒီမှာ ကြည့် ” ဟုပြောကာ ငွေ ၄-၅ ဆယ်ဘိုးအနှုတ်(အကြွေ)များကို မိုင်းကိုင်စက္ကူနှင့်အထုပ် ငယ်ကလေးများ ထုပ်၍ လွယ်အိတ် ၄-၅ လုံးတွင် ထည့်ယူလာပြီး ပြကြသည်။
တစ်သိန်း-တစ်သောင်း၊ ငါးထောင်-ငါးရာ စသည်ဖြင့် ပြောကြဆိုကြ ဈေးတည်ကြသောအခါ စက္ကူထုပ်ကလေးများကို ငါးရာ တစ်ထောင် တစ်သောင်း တစ်သိန်းစသည်ဖြင့် မင်္ဂလာယူ၍ ပြောကြ ဆိုကြ ပေးကြ ယူကြသည်။
တစ်ဖန် လှေကားဦးအိမ်ပေါက်အ၀င်မှစ၍ တားနိုင်သောနေရာမှန်သမျှ တားပြီး ငွေမက်သောလက္ခဏာ အရိပ်နိမိတ်စကား မပါရှိရဘဲ ပျော်ပွဲရွှင်ပွဲသဘောမျိုးဖြင့် တစ်ဝါးဝါး တဟားဟားနှင့်ရယ်သွမ်းသွေးကာ မင်္ဂလာယူသောစကားများကိုသာ ပြောဆိုသုံးနှုန်းကြပါသည်။
မင်္ဂလာဆောင်တွင် ဒုက္ခအရောက်ဆုံးသူမှာ “ အွပ်ခေါင်ခိုင် ” ခေါ် ယွန်းအုပ်နီ (မင်္ဂလာအုပ်)ကိုကိုင်သူဖြစ်ပါသည်။ သတို့သားအိမ်ကစပြီး ပိုက်ခဲ့ရသောမင်္ဂလာအုပ်ကို သတို့သမီးအိမ်ရောက်၍ သတို့သားနှင့်သတို့သမီးယှဉ်တွဲထိုင်ကာ ကန်တော့မည့်နေရာကို မရောက်မီ မင်္ဂလာအုပ်နီကို လူလွှဲပြောင်းကိုင်ခြင်း၊ ထိုင်ခြင်းမပြုရဘဲ မတ်တပ်-မတ်တပ်နှင့်နေရ၍ အတားအဆီးတို့မှာ စကားကြွယ်လျှင် ကြွယ်သလို ၂-နာရီကျော်ကျော် ၄-နာရီနည်းပါးမျှ ကြာတတ်၍ အုပ်နီကြီးတစ်ပိုက်ပိုက်၊ ပင့်သက်ကြီးရှူရှိုက်ပြီး ချွေးတပြိုက်ပြိုက်နှင့်နေရရှာသည်။
သတို့သားကို သတို့သမီးမိခင် သို့မဟုတ် အဒေါ် အရီးတစ်ဦးဦးက လက်ကိုဆွဲပြီး ကန်တော့ရမည့်နေရာသို့ ခေါ်သွားပါသည်။ ထိုအခါမှ အုပ်နီကိုင်သူကသတို့သားရှေ့တွင် အုပ်နီကို ချထား၍ သူ့ခမျာ ၀ဋ်ကျွတ်ရှာပါတော့သည်။
သတို့သားဘက်မှ ခေါင်းဆောင်လုပ်သူက လူကြီးမိဘများ ခွင့်ပြုပြီးဖြစ်ပါ၍ ခင်ဗျားတို့ သတို့သမီးကိုခေါ်ကြပါတော့(ပွဲထုတ်ကြပါတော့)ပြောလျှင် သတို့သားမိခင် ကြီးဒေါ်-အဒေါ်တို့နှင့်အပျိုခေါင်းတို့က သတို့သမီးအခန်းသို့ သွားကြပါသည်။
ခန်းပေါက်ဝတွင် အထက်နည်းအတိုင်း အပျိုရံများက ဆီး၍တားပြီး ပျော်စရာ ရွှင်စရာများကို ပြောဆိုကာ ငွေတောင်းကြ ၊ ပေးကြ ၊ ရွေးယူကြရပြီးနောက် သတို့သားမိခင်၊ သို့မဟုတ် ကြီးဒေါ်-အဒေါ် အပျိုခေါင်းတို့က သတို့သမီးကို လက်တွဲ၍ ပွဲထုတ်လာပြီး သတို့သားနှင့်ယှဉ်တွဲထိုင်စေကာ လူကြီးများကို ကန်တော့စေပါ
သည်။
လူကြီးများလည်း မေတ္တာဆုပေးကာ ဆုံးမသင့်သောစကားများကို ပြောဆိုဆုံးမ သြ၀ါဒပေးကြပါသည်။
လူကြီးတစ်ဦးလျှင် ငွေတစ်မတ်ထက်မနည်း စက္ကူနှင့်ထုပ်၍ုဖြစ်စေ၊ သို့မဟုတ် လက်ကိုင်ပ၀ါနှင့်ချည်၍ဖြစ်စေ၊သတို့သား သတို့သမီးတို့က လှူဒါန်းကြပါသည်။ ထိုသို့ ငွေတစ်မတ်ထက်မနည်း လှူဒါန်းသောထုံးစံမှာ ၎င်းင်းတို့နှစ်ဦးကို ဤနေ့မှစ၍ တရားဝင်သောဇနီးမောင်နှံအဖြစ်သို့ ရောက်ရှိပြီးဖြစ်သည်ကို အသိအမှတ်ပြုတော်မူကြ
ပါဟူသော အထိမ်းအမှတ် ဖြစ်လေသည်။
ပြီးနောက် အမိ-အဒေါ်-အရီး-အပျိုခေါင်းတို့က ဇနီးမောင်မယ်တို့ကို တွဲ၍ အိပ်ခန်းဆောင်အတွင်းသို့ခေါ်သွားကြပါသည်။
အိပ်ခန်းဆောင်အတွင်းသို့ ရောက်သောအခါ ဂုဏ်သရေရှိ ငယ်ပေါင်းဇနီးမောင်နှံနှစ်ဦးက မောင်မယ်သစ်လွင် အိမ်ထောင်ရှင်တို့ကို ထမင်းလက်ဆုံစားရန် “ ခေါက်ဆွမ်လီ ” ခေါ် မင်္ဂလာထမင်းအုပ်ကို ဖွင့်၍ ယောက်ျားက သတို့သမီးကို၎င်း မိန်းမက သတို့သားကို၎င်း မင်္ဂလာထမင်း ၇-လုပ်စီ ခွံ့ကျွေးပါသည်။
အချို့ဒေသ၌ လူပျိုရံက သတို့သမီးကို အပျိုရံက သတို့သားကို “ ခေါက်ဆွမ်လီ ” မင်္ဂလာထမင်း ၇-လုပ်စီ ခွံ့ကျွေးပါသည်။ ထမင်းအုပ်တွင် ထမင်းဖြူ ထမင်းဝါ၊ ကောက်ညှင်း ငချိတ်ပေါင်း၊ ကောက်ညှင်းဖြူပေါင်း၊ကြက်ဥပြုတ်၊ ငါးကြော်၊ အသားကြော်များနှင့်သကြား၊ ကြံသကာများလည်း ပါသည်။
မင်္ဂလာထမင်းခွံ့ကျွေးသူ လူပျိုရံ အပျိုရံတို့က တစ်ခါတရံ နောက်ပြောင်တဲ့သဘောဖြင့် ဆားငန်ငန်နှင့် ထမင်းဆုပ်ကြီးကြီး ဆုပ်ပြီး ခွံ့ကျွေးကြ၍ မင်္ဂလာထမင်းကို ထွေးပစ်ရိုး ထုံးစံလည်း မရှိ၊ စိတ်လည်း မဆိုးရသော ကြောင့် မင်္ဂလာမောင်မယ်တို့မှာ ပျို့အန်ထွက်မတတ်နှင့်ပင် ဆားငန်ငန်ထမင်းလုပ်ကြီးကို ကျိတ်မှိတ်မျိုချရရှာ
သည်။
သတို့သမီးက သတို့သားအိမ်သို့ လိုက်နေရလျှင် ခေါက်ဆွမ်လီ မင်္ဂလာထမင်းကို သတို့သားအိမ်အိပ်ခန်းဆောင်ရောက်မှ ၇-လုပ်စီ ခွံ့ကျွေးရသည်။
မင်္ဂလာပွဲ ပြီးစီးအောင်မြင်၍ အိုးစည်ဝိုင်းက နှဲမပါ ပြွေမပါဘဲ မောင်း၊ လင်းကွင်း၊ သံလွင်စည်းပြားကလေးနှင့်သတို့သား မာပါစေ၊ သတို့သမီး မာပါစေလို့၊ ပန်ဆုချွေ ခါခါတောင်း အောင်ပါစေကြောင်း အောင်စေကြောင်း ဆုတောင်းပတ္ထနာ တေးသွားတီးကွက်ကို ဖော်ထုတ်တီးကြပြီး မင်္ဂလာစည်တော်ကြီး ရွှန်းသလို ရွှန်းရွှန်း
ဝေအောင် တီးကြ ကကြ ပျော်ရွှင်ကြပါသည်။
မြေမြင့်နေ မြန်မာ့သွေးသား ရှမ်းညီအစ်ကိုမောင်နှမများ၏မင်္ဂလာအခမ်းအနား ယဉ်ကျေးမှုများကိုမြေပြန့်နေ စာရေးဆရာက သုတေသနပြုမိသမျှ ပြုကာ ချစ်ကြည်မှုရှုထောင့်က တင်ပြရာတွင် ပြည့်စုံလိမ့်မည် မဟုတ်သည်ကို ရိုးသားစွာဖြင့် ၀န်ခံအပ်ပါကြောင်း။

ဒါရိုက်တာဆရာမြင့်

မှတ်ချက်။ ။၁၉၆၇-ခုနှစ်၊ ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်း စာမျက်နှာ(၆၈-၇၁)တွင် ပါသော ဆောင်းပါးကို
 ပြန်လည်၍ စာစီရိုက်ထားပါသည်။

www.shanyoma.org

No comments:

Post a Comment