Thursday, October 29, 2020

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၂ )


 “ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၂ ) ”


    မဆလ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်ကြီးနေဝင်း  လက်ထက်က “ ဒို့လူတွေ  ရှိသေးလား ”  ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ် ။  “ ဒို့လူတွေ ” ဆိုတာက  သူတပ်ရင်းမှူး လုပ်ခဲ့တဲ့  အမှတ် ( ၄ ) ဗမာ့သေနပ်ကိုင်တပ်ရင်းမှာ သူနဲ့ အတူတာဝန်ထမ်း ခဲ့ကြတဲ့  သူ့တပည့်ရင်း အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး နေဝင်း ကာကွယ်ရေး ဦးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၄၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့  ဗမာ့တပ်မတော်ရဲ့  ထိပ်ပိုင်း တပ်မှူးကြီးတွေ  ( ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို  တဦးချင်းဖြစ်စေ ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး “ ဒို့လူတွေ  ” နဲ့   အစားထိုးခဲ့ပါတယ် ။


    အခု နအဖစစ်အာဏာရှင်  ဗိုလ်ချုပ်မှူးကြီးသန်​းရွှေ လက်ထက် မှာလည်း  သူ  ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ၊  ဧပြီလက စပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ “ သူ့လူတွေ ” နဲ့  အစားထိုးနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ တာ  တွေ့ရှိရပါတယ် ။  အခုလက်ရှိ သူ့ဘေးမှာ ဝန်းရံထားသူအများစုဟာ  သူ တပ်ရင်းမှူး ၊  ဗျူဟာမှူး ၊ တပ်မမှူး ၊  တိုင်းမှူးနဲ့

ဒုတိယကာကွယ်ရေးဦးစီးချုပ်  စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူ့တပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ ၊ သူကိုယ်တိုင်  ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ။


     OTS အပတ်စဉ် ( ၉ ) သင်တန်းဆင်း အရာရှိတဦးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ဟာ ခလရ ( ၁ ) ၊  ခမရ ( ၁ဝ၁ ) ၊ တပ်မ

(၈၈) ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ ) စတဲ့  တိုက်ခိုက်ရေးတပ်တွေမှာ  တာဝန်အဆင့်ဆင့်ကို  ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက် မှာ ထူးချွန်အောင်မြင်တဲ့ တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး ။ ၁၉၈ဝ ခုနှစ်လောက်က တပ်မ ( ၈၈ ) တပ်မမှူးဘဝနဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို  ထမ်းဆောင်နေစဉ်  တပ်မ ( ၈၈ )ကို ဗကပ ( ၈၁၅ ) စစ်ဒေသ ( ယခု ဦးစိုင်းလင်း ၏ မိုင်းလား  အပစ်ရပ်အထူးဒေသ ) လက်အောက်ခံ တပ်တွေကပြင်းပြင်းထန်ထန် ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  တပ်မ ( ၈၈ ) လက်အောက်ခံ  အမှတ် ( ၃ ) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်ပါကျဆုံးခဲ့ရပြီး စစ်သည်တွေနဲ့ မိသားစုအများအပြားသေဆုံးခဲ့ရဘူးပါတယ်  ။


     ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့  စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့ အတွက် အရေးယူမခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့  မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော်

မတီဝင်အဖြစ်တောင်  ချီးမြှင့်မြှောက်စားတာကို  ခံခဲ့ရပါတယ် ။ ၁၉၈၃  ခုနှစ်မှာ   နတခ တိုင်းမှူးနဲ့  ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ  ရာထူးတွေကိုပါ ချီးမြှင့်ခံခဲ့ရပြီး  ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်က အသက် ( ၅၂ ) နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ရာထူး   အဆင့် ( ၂ ) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ်   ဖြစ်လာတဲ့အပေါ် မဆလတပ်မတော်  ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ   မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့  အားလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြရတယ်လို့ ဆိုပါတယ် ။


ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ စစ်မတိုက်တတ်ပေမဲ့ “ လက်ဘက်တော့ ကောင်းကောင်း ထုပ်တတ်တယ် ” ဆိုတဲ့  လူစားထဲမှာ ပါပုံရပါတယ် ။  သူက  အရာရှိပေါက်စဘဝနဲ့  ကက /  ပြည် ၊ မပခ နဲ့ တပ်မဟာ ( ၁ ) တို့မှာ နယ်လှည့်  စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း    နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေေကြောင့် လူတွေရဲ့  စိတ်ဓာတ်သဘောသဘာဝနဲ့ နိုင်ငံရေး အလားအလာတချို့ကို ကြိုတင်တွက်ချက်  ခန့်မှန်းနိုင်ပြီး  လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းရှိကြောင်း သိရှိရပါတယ် ။


     ဒါပေမဲ့ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံး အရေးအခင်းကာလမှာတော့  စစ်အာဏာရှင်ကြီး  ဦးနေဝင်းနဲ့ သမီးကြီး  ဗိုလ်မှူး စန္ဒာဝင်းတို့က  ဗိုလ်ချုပ်သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် ကို  ရှေ့တန်းတင် ပွဲ ထုတ်လာတဲ့အတွက် ဗိုလ်ချုပ်သန်းရွှေ ရဲ့ စိတ်ထဲမှာ ဦးနေဝင်းမိသားစုနဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့အပေါ်   အငြိုးအတေးတွေ စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ် ။  ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာလအတွင်း  စစ်အာဏာရှင်ကြီး ဦးနေဝင်းက  ဗိုလ်ချုပ်ကြီး  စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ကို    သူ့ရဲ့အိမ်တော်မှာ  ခေါ်ယူတွေ့ဆုံပြီး  စစ်တပ်နဲ့အာဏာသိမ်းဖို့ ၊  စစ်အာဏာသိမ်းကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က   ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးချုပ်တင်ဦး  တို့ကိုအတွင်းရေးမှူး ( ၁ ) နဲ့ ( ၂ ) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင် တဦးအဖြစ်နဲ့သာ  ထည့်သွင်းခဲ့ပြီး အရေးပါတဲ့  စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို  ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက် ၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ  ကြီးကြပ်စေခဲ့တာကြောင့်  ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့ အပေါ် အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ် ။


     ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ မကျေနပ်မှုတွေကို  ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က   နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး  ဗိုလ်ချုပ်ကြီးသန်းရွှေ ကို နဝတစစ်ကောင်စီရဲ့  ဒုတိယဥက္ကဌအဖြစ်  ခန့်အပ်တာဝန်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုအကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ပြည့်နှစ်  အစောပိုင်းရောက် မှ ဗိုလ်ချုပ်ကြီး သန်း

ရွှေကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ် ။ ဒါပေမယ့် အ ငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ခြေလှမ်းအမှားကို  စောင့်ဆိုင်းရင်း ဆင်ကြံကြံ  နေခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နေရာတကာ သူ့လက် သူ့ခြေ ဖြစ်နေတဲ့  ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း သိပ်ကြည့်မရပေမဲ့   စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံး အရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာသိမ်းဖို့  အခြေအနေတွေပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ  ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ အချိုသတ် ဆက်ဆံထားဖို့  ဆုံးဖြတ်ခဲ့ပုံရပါတယ် ။


     ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ  ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ  တစညပါတီ    အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲပြီးရင် တပ်မတော်က စစ်တပ်လျားကို ပြန်မယ်လို့  အာချောင်မိခဲ့ပါတယ် ။  ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ  NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ   ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့   သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ ကိစ္စနဲ့ NLD ပါတီကို  အာဏာလွှဲပေးဖို့ ကိစ္စတွေအပေါ်အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ် ။ NLD ပါတီက သူတို့ အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ၊  ဗိုလ်မှူးကြီးနဲ့အထက်တပ်မတော် အရာရှိကြီးတွေကို  ဖယ်ရှားသန့်စင်ပစ်ဖို့  စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှုတွေ ကိုလည်းပြုလုပ်ခဲ့ကြပါတယ် ။


     ဘေးကျတ်နံကျတ် အခြေအနေတွေနဲ့  ရင်ဆိုင်လာရတဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ  သောက်လာခဲ့ရာက နောက်ဆုံးမှာ  စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ အကွက်ကောင်းကိုချောင်းနေတဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို  တလုံးမှ  ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ  ထုတ်လွှင့်ခိုင်းခဲ့ပြီး   ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ် ။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ကျော်ဝင်း  (နောင်  အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်

ကြီး ) ဦးဆောင်တဲ့  သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဆေးထောက်ခံစာ   ရေးခိုင်းခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းသန်းရွှေဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့  စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို   အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင်  စစ်တိုင်းမှူးတဦးချင်းစီရဲ့  သဘောထားကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။


    အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့   ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  သူကိုယ်တိုင် လက် မှတ်ရေးထိုးထားတဲ့ နဝတ ကြေ ငြာချက်အမှတ်  ၈ / ၉၂ ကို  ၁၉၉၂ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက်နေ့ ရက်စွဲနဲ့  ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း  ကြေ ငြာခဲ့ပါတယ် ။  “ နိုင်ငံတော်၏  မြားမြောင်ကြီးလေးလှသော  အလုပ်တာဝန်များ၏

ဒဏ်ကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်၏  ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချို့ယွင်းလာ သဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြု ထောက်ခံ တင်ပြလာပါသည် ။ အထက်ပါ ဆရာဝန်ကြီးများ၏ အကြံပြုထောက်ခံချက်ကို

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး  ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေ ငြာအပ်ပါသည် ။ ” ဆို ပြီး  ဗိုလ်ချုပ်ကြီးသန်း‌ရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်  ကို   ပညာသားပါပါ ဖယ်ရှားပစ်ပြီး အာဏာသိမ်းခဲ့ပါတယ် ။  နဝတ အတွင်းရေးမှူး ( ၁ )  ဗိုလ်ချုပ်ခင်ညွန့် ကလည်း  အဲဒီနေ့ ရက်စွဲနဲ့   နဝတ ကြေ ငြာချက် အမှတ် ၉ / ၉၂ ကို  ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌနေရာကို ယခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆက်လက် တာဝန်ယူ သွားမှာဖြစ်ကြောင်း ကြေ ငြာခဲ့ပါတယ် ။ ( တကယ်တော့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ  ဧပြီလ ( ၂၂ ) ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ် ။ )


       ဒီဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။ သူ့ အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေးနေရာယူဖို့ ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ်ထောက်လှမ်း ရေးအကြီးအကဲ  ဗိုလ်ချုပ်ခင်ညွန့် နဲ့   ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဟာ   ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနဲ့ထိုးခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့  ဗိုလ်ချုပ်ခင်ညွန့် တို့ကို  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဇနီး   ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်ဆဲ ခဲ့တာကိုလည်း အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။


     ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့  တပြိုင်နက် သူ့ရဲ့ အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ်ကတော့ စစ်ရုံးချုပ်နဲ့   ဗိုလ်ချုပ်ခင်ညွန့် ရဲ့  စစ်ထောက်လှမ်းရေးဌာန တွေမှာ  “ သူ့လူတွေ ”  ကို နေရာချထားလာခြင်း  ဖြစ်ပါတယ် ။ သူ တပ်မ ( ၈၈ ) တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး ( ဒုတိယတန်း ) အဖြစ်နဲ့ သူ့လက်အောက် မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဒုဗိုလ်မှူးကြီး ကျော်ဝင်း  ( မန္တလေး  အမှတ် ( ၁ ) စစ်ထောက်လှမ်းရေးတပ်မှူး ) ကို   မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ  ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ  ဗိုလ်ချုပ်ခင်ညွန့် ကို  ထိမ်းချုပ်နိုင်ဖို့  စတင်ကြိုးပမ်းခဲ့ပါတယ် ။


ဒါ့အပြင်  မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့်  ဗိုလ်ချုပ်မှူးကြီး စောမောင်က  အပြစ်ပေးတဲ့အနေနဲ့  စစ်ရုံးချုပ်ကနေ  ယာယီ  နှင်ထုတ်ထားတဲ့ သူ့တပည့်ရင်း ဗိုလ်ချုပ်တင်ဦး ( အတွင်းရေးမှူး ၂ ) နဲ့  ဗိုလ်မှူးကြီး ခင်မောင်သန်း ( စစ်ဦးစီးမှူး  ပထမတန်း ) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ် ။  ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ ( ၁၁ ) တပ်မမှူးအနေ နဲ့    ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က  သူ့ အနီးမှာ ခေါ်ယူထားပြီး  စစ်ရုံးချုပ်ကနေ တပ်မ ( ၁၁ )ကို ကွပ်ကဲစေခဲ့ပါတယ် ။ သူ့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ ( ၁၁ ) မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့    လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ် ။


     ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ  နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့ မှာ  တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ်မကြိုင် ရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး ။  ဗိုလ်မှူးဆန်းဆင့်  က စစ်ရာထူးခန့်ချုပ်   ဗိုလ်ချုပ်ဆန်းဆင့် ။ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း  က ခြေလျင်လည်းမဆင်း ။ စစ်လည်းမတိုက်ရဘဲ  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံးချုပ်စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်း ဖြစ်လာကြကြောင်း တင်ပြလိုက်ရပါတယ် ။



ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု                                           

သုတေသန နှင့် မှတ်တမ်းတင်ဌာန

Wednesday, October 28, 2020

ချစ်တိုင်းမညား ညားတိုင်းချစ်


 ချစ်တိုင်းမညား ညားတိုင်းချစ်

ချစ်သူနဲ့ ကွေကွင်းရတဲ့ဒုက္ခထက် မချစ်တဲ့သူနဲ့ အတူနေရတဲ့ ဒုက္ခက ပိုကြီးတယ်လို့ လေးလေးတော့ ထင်တာပဲ ။ ဒါကြောင့် ချစ်တိုင်းမညားထက် ညားတိုင်းမချစ်က ပိုဆိုးတယ်ကွဲ့။ 


တစ်ခါတလေမှာ မညားခင်က ချစ်ပြီး ညားပြီးတော့မှ မချစ်ပေမယ့် ကွဲကြသလား

ဆိုတော့လည်း မကွဲဘူး ၊ မချစ်ကြတော့တဲ့ အချိန်မှာ သံယောဇဉ် ဖြစ်စရာကလေးတွေက ရနေပြီကိုး ။ ငါ့တူမများ ကြားဖူးမှာပေါ့ ။

မိန်းမကြီးတွေ တစ်ခါ တစ်ခါ ပြောတတ်တဲ့စကားလေ ။


“ တော့်ယူမိတာ ခုမှ မှားမှန်းသိတယ် ”

ဆိုတာလေ ။ အဲသလို မှားမှန်းသိတယ်ဆိုတဲ့ အချိန်မှာ ကလေးက ရှစ်ယောက်လောက် ရနေပြီ ။ ကဲ.. ဒီတော့ အဲသလို ပြောလေ့ရှိတဲ့ စကားကို ခြေရာကောက်ပြီး ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ဖို့ မိန်းကလေးတစ်ယောက် ဆုံးဖြတ်လိုက်တဲ့အချိန်ကို ပြန်ပြီး မှန်းဆကြည့်ရအောင် ။ 


တော့် ယူမိတာ ခုမှ မှားမှန်းသိတယ်ဆိုတဲ့

အတွက် လက်ထပ်ဖို့ ဆုံးဖြတ်မိစဉ်က မှားသလား မှန်သလားဆိုတာ မသိသေးဘူးလို့ အဓိပ္ပါယ်ရတာပေါ့ ။ မိန်းကလေးများဟာ အမှားကို အမှန်ထင် ၊ အမှန်ကို အမှားထင်ဖြစ်တဲ့ အချိန်မှာ အိမ်ထောင်ကျတတ်တာပါလားဆိုတာ သတိထားကြပေရေ ာ့။ လက်ထပ်ဖို့ မဆုံးဖြတ်ခင်မှာ အလေးအနက်စဉ်းစား ။


ရပြီးခါမှ တစ်ယောက်ကိုတစ်ယောက် အချစ်ပေါ့ သွားပြီဆိုရင် " မကွဲမပျော်” ဖြစ်တတ်တယ်ကွဲ့ ။ အိမ်ထောင်ကွဲတာလည်း မဟုတ်ဘူး ။ ပေါင်းနေရတာလည်း မပျော်ဘူးဆိုတဲ့ အဖြစ်မျိုးပေါ့ ။


အဲသလိုအခါမျိုးမှာ ယောက်ျားလုပ်သူဟာ အိမ်မကပ်တော့ဘူ း။ အတတ်နိုင်ဆုံး အပြင်ဘဲ ထွက်နေတော့တယ် ။ အဲသလို ဖြစ်တတ်တာနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ခု ပြောချင်တယ် ။


တစ်ခါက အသက်ကိုးဆယ်ကျော် အဘိုးကြီးတစ်ယောက်ဟာ ကျန်းကျန်းမာမာ ပျော်ရွှင်ရွှင်နေတာ တွေ့ရတာနဲ့ ဆရာဝန်တစ်ယောက်က စိတ်ဝင်စားသွားတယ် ။ ဒါလောက်ကျန်းမာရေးကောင်းနေရတာဟာ ဘာဆေးများစားလို့လဲပေါ့ ။ ပျော်ရွှင်နေတဲ့ အဘိုးကြီ းတစ်ယောက်ကို ကြည့်ရတာကိုက စိတ်ချမ်းသာစရာ ကောင်းနေတာကို း။ ဒါနဲ့ ဆရာဝန်က အဘိုးကြီးကို ခေါ်ပြီးမေးသတဲ့ ။


ဘ , အသက်ဘယ်လောက်ရှိပြီလဲ ”


“ ကိုးဆယ် ”


“ ဟား ကိုးဆယ်သာဆိုတယ် ခြောက်ဆယ်လောက်ပဲ ထင်ရတယ် ၊ ဘ ကြည့်ရတာ သိပ်နုပျိုတာပဲ ။ ဘာဆေးတွေစားသလဲဟင် ”


ဘာဆေးမှ မစားပါဘူးကွာ ”


“ စားရင် စားတယ်ပြောပါ ဘရယ် ။ ကျွန်တော်က ဆရာဝန်ပါ ။ အဲဒီဆေးကို တခြားလူတွေပေးရအောင်လို့ ”


ဘာဆေးမှ မစားပါဘူးကွာ တကယ်ပြောတာပါ ”


ဒါဖြင့် ဘာလို့ ခုလိုနုပျို ၊ ကျန်းမာနေရတယ် ဆိုတာ နည်းလေးများရှိရင် ပေးစပ်ပါ ဘရယ် ၊ ကျွန်တော်လဲ ကျင့်သုံးချင်လို့

သူများကိုလဲ ကုသိုလ်ဖြစ် ပေးချင်လို့ ”


“ ဘာလို့ နုပျိုနေရတယ်ဆိုတာသေသေချာချာတော့ မသိပါဘူးကွ ာ၊ မင်းက ဇွတ်မေးနေရတော့ ဘရဲ့ အဖြစ်ကိုတော့

ပြောပြမယ် ။ ဘရဲ့ အသက် နှစ်ဆယ့်ငါးနှစ်မှာ ဘအိမ်ထောင်ပြုခဲ့တယ် ၊ အဲဒီအိမ်ထောင်ပြုတဲ့ နေ့ကစပြီး ဘရဲ့မိန်းမနဲ့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ် ။ နှစ်ယောက်စလုံး စိတ်မဆင်းရဲရအောင်ဆိုပါစို့ ”


ဘယ်လိုများ ဆုံးဖြတ်ခဲ့တာလဲ ”


“ ဘ စိတ်ဆိုးရင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူက ဘာမှ မပြောဘူး ၊ ငြိမ်နေရမယ် ၊ အဲ သူက စိတ်တိုင်းမကျလို့

ဆူဆူပူပူလုပ်ရင်လဲ ဘက ဘာမှပြန်မပြောရဘူ း၊ မရိုက်ရဘူး ၊ အိမ်ပြင်ထွက်နေရမယ် ၊ ရှောင်နေရမယ် ၊ အဲသလို ဆုံးဖြတ်ခဲ့ကြတယ် ။ သဘောတူခဲ့ကြတယ် ။ ရကတည်းက ဒီနေ့အထိ အဲဒီသဘော

တူညီမှုကို လိုက်နာကြတယ် ”


" ဘယ်သူက ဘယ်နှစ်ခါလောက် စိတ်ဆိုးပြီးပြီလဲ ”


“ ဟား ရကတည်းက သူကချည်း စိတ်ဆိုးနေလို့ ဘမှာ အပြင်ချည်း ထွက်နေရတာ ခြောက်ဆယ့်ငါးနှစ်လုံးလုံးပါပဲကွ ာ၊

စားခါနီးမှ တစ်ခါတစ်လေ အိမ်ပြန်လိုက်တာပဲ ၊ ဟီး ဟီး ”


လို့ရှင်းပြလိုက်သတဲ့ ။


ယောက်ျားများ ကိုယ်လိုချင်တဲ့ မိန်းမရပြီးတာနဲ့ မိန်းမနားကပ်ချင်တဲ့လူက တယ်နည်းသကို း။ မိန်းမနဲ့ဝေးလေ ပျော်လေပဲ ။

ခုလိုတွေရေးပြနေတော့ ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတာနဲ့ မိန်းမတွေကို ပစ်ထားကြတာပဲ ။ တာဝန်မဲ့ နေချင်တဲ့ လူတွေပဲလို့ ယောက်ျားအားလုံးကိုတော့ တစ်သမတ်တည်း မထင်လိုက်နဲ့ ။ ယုယ

ကြင်နာတတ်တဲ့ တာဝန်ကျေတဲ့ ယောက်ျားတွေလည်း ရှိပါတယ် ။


ခုဟာက ချစ်တိုင်းမညား ညားတိုင်းမချစ်နိုင်ဘူးဆိုတာ သိအောင်လို့ ရေးပြတာပါ ။ ကဲ မယားကြောက်တဲ့ ယောက်ျားတွေ

အကြောင်းကို တစ်လှည့်ရေးပြဦးမယ် ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ယောကျာ်းတို့အ​ ကြောင်း ( ၁ )

Tuesday, October 20, 2020

ဘယ်သူတွေ ရူးသလဲ


  ❝  ဘယ်သူတွေ ရူးသလဲ  ❞


တေးရေး   ဂီတစာဆိုစိန်မောင်မြင့်


       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ငှက်ကလေးပေလား

       ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မ က် ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘဝထဲ ဝဲချာချာလည်

      (  လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )


•••••   •••••••   •••••••   ••••••


တီးလုံးသီးသန့် 


https://yadi.sk/d/m8_bqQl8dIV24w


မာမာအေး သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ


https://yadi.sk/d/dYllWtIITgLdZA


စိန်မောင်မြင့် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/Dccn-CAZr8iflQ


လွှမ်းမိုး သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/WhSWUMHR8ml48w


ကိုင်ဇာ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/h7QkipaLEbVCjA


နီနီဝင်းရွှေ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/_j3TQoWWN6menA


အောင်သူ သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/uZncKJ7VGuDfSw


ရာဇာဝင်းတင့်သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/llfpVGMW-GcRMw


စိုးစန္ဒာထွန်း သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 

 https://yadi.sk/d/FmpCDtfIUTOaew

           

အိအိချွန် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/mzB4t-eeYO7ATw


Sunday, October 18, 2020

စျေးကွက် မေတ္တာရေး


 

❝  စျေးကွက် မေတ္တာရေး  ❞

အချစ်နဲ့ပတ်သက်ပြီး ခံစားမှုကို ရှေ့တန်းတင်တတ်တဲ့ မိန်းကလေးတွေဟာ အမှားနဲ့တွေ့တတ်တယ်ကွဲ့။ အချစ်ကပေးမယ့် ဆိုးကျိုးတွေကို ကင်းဝေးချင်ရင်တော့  ခံစားမှုကို ဦးစားမပေးလေနဲ့။ အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ် ။ မှတ်ထား ။ ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးမားမား ရှိတဲ့သူဟာ အသိဉာဏ်ကို ဦးစားပေးလေ့ရှိပြီး ဘဝအတွက်ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့သူများကတော့ ခံစားမှုကို ဦးစားပေးလေ့
ရှိကြတယ်ကွဲ့ ။ ခံစားမှုကို ဦးစားပေးသူနဲ့ အသိဉာဏ်ကို ဦးစားပေးသူ ခွဲခြားတတ်ရမယ် ။ ဘဝရှေ့ရေးအတွက် ကြိုတင် တိုင်ပင်ပြင်ဆင်ခြင်း မရှိဘဲ လက်ထပ်ဖို့သာ တွင်တွင် ပူဆာနေပြီဆိုရင်တော့ အဲဒီငတိဟာ ခံစားမှုကို ဦးစားပေးတဲ့သူပဲ ။ သူ့မှာ ဘာရည်ရွယ်ချက် မှ မရှိဘူး ဆိုတာ သိထားပေရော့ ။

အချစ်ဟာ ဘဝအတွက် မရှိမဖြစ်လိုအပ်သလို ဘဝတစ်ခု ထူထောင်မယ့်လူ အတွက်လည်း ရည်ရွယ်ချက်ဟာ မရှိမဖြစ် လိုအပ်တယ် ။

ရည်ရွယ်ချက်ဆိုတာယောက်ျားလေးမှ မဟုတ်ဘူး ။ မိန်းကလေးမှာလည်း ရှိရမယ် ။ ဘာရည်ရွယ်ချက် မျှ မထားဘဲ ဖြစ်ချင်ရာဖြစ် ခပ်ပေါ့ပေါ့နေ ၊ ကြုံသလိုဖြေရှင်းမယ်ဆိုရင် အဲဒီမိန်းကလေးရဲ့သက်တမ်းဟာ တစ်လျှောက်လုံးမှာ ဒုက္ခတွေနဲ့တွေ့ဖို့ ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာသွားပြီ ။

အိမ်ထောင်တစ်ခု သာယာရေးမှာ အချစ်ဟာ လိုအပ်သလို အဲဒီ အချစ်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ စီးပွားရေး ပြေလည်ဖို့ဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်တယ် ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ နေရ ဆိုတာ သမီးရည်းစားကာလ မညားခင်မှာ ခံစားမှုက ရှေ့တန်းရောက်နေလို့ " ထင် ” နေကြတာပါ ။

ဒီနေ့ခေတ်ကာလဝန်းကျင်ဟာ ပြောင်းလဲနေသလို ၊ ဒီနေ့ခေတ်ကာလထဲမှာ ကြီးပြင်းရတဲ့ ယောက်ျားလေးတွေရဲ့ ပြောင်းလဲမှုကိုလည်း ငါ့တူမများ သိထားသင့်တယ် ။ ယောက်ျားလေးတွေဟာ စီးပွားရေး ၊ကြီးပွားရေး ရှေ့တန်းတင်ဦးစားပေး စဉ်းစားနေကြပြီ ။ တူနှစ်ကိုယ် တဲအိုပျက် မှာနေရနေရဆိုတဲ့ ခံယူချက် မျိုး ယောက်ျားလေးတွေဆီမှာ မရှိသလောက် ရှားနေပြီ ။ ယောက်ျားလေးတွေဟာ အိမ်ထောင်ရေးမှာကိုပဲ စီးပွားရေးနဲ့ ယှဉ် စဉ်းစားနေကြပြီ ။ ဒီနေ့သူဌေးဖြစ်နည်းထဲမှာ ချမ်းသာတဲ့ သူဌေးသမီးကို ရအောင်ယူခြင်းဟာလည်း နည်းတစ်နည်းလို့ဆိုထားတာကိုး ။ လိုတိုရှင်း ပြောရရင်တော့ ဒီနေ့ယောက်ျားလေးတွေ ကျင့်သုံးနေတာက “ ဈေးကွက် မေတ္တာရေး ” ကွဲ့ ။

     ◾  ကံချွန်

     📖  အပျိုစင်တို့သိဖို့ယောကျာ်းတို့အကြောင်း ( ၁  )

.

Wednesday, October 14, 2020

တပေါင်းတန်ခူးအကြောင်းထူး


 

  ❝  တပေါင်းတန်ခူးအကြောင်းထူး  ❞


     မတ်လနှင့်ဧပြီလ နှစ်လလုံးလုံးတော်တော် ပူသလို တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည် ။ ကျွန်တော်တို့ အထူးဝင်းတစ်ဝင်းလုံး ဝင်လိုက် ထွက်လိုက်နှင့် ဂနာမငြိမ်လှ ။ တစ်ယောက်ရောက်လာလိုက် ချက်ချင်း ပြန်ထွက်သွားလိုက် ဖြစ်နေသဖြင့် ဘယ်သူဘယ်ဝါမှန်းတောင် မမေးလိုက်ရပါချေ ။


     စစ်ကြောရေးစခန်းမှာလည်း နေရောညပါ စည်ကားနေပါရော ။ ရန်ကုန်မြို့သာ လျှပ်စစ်မီး မလာချင်နေပါ့မယ် ၊ အင်းစိန်ထောင် အထူးဝင်းထဲက စစ်ကြောရေး စခန်းမှာတော့ ထိန်ထိန်ကိုသာလို့ ။မှတ်မှတ်ရရ မတ်လနောက်ဆုံး အပတ် ၂၅ ရက်နေ့ ညနေဘက် မှာ ကျွန်တော်တို့

အခန်းရှေ့က သစ်သားတံခါးတွေ တဂျိမ်းဂျိမ်းနဲ့ လာပိတ်ပါလေရော ။ ကိုင်း တစ်ယောက်ဖြင့် တိုးပါပေါ့ ။ ဘယ်သူများပါလိမ့် ။ ကျွန်တော်တို့ တိုက်တန်းလျားမှာ လွတ်နေသောအခန်း နှစ်ခန်းရှိလေသည် ။ ဦးတင်စိုး နှင့် မိုးဝင်း လွတ်သွားပြီး နောက်အခန်းတွေ အပြောင်းအရွှေ့ လုပ်လိုက်သေးသည် ။ ဗိုလ်ကြီးအောင်ဝင်းက အခန်း ( ၁ ) ၊ အခန်း ( ၂ ) က လွတ်နေသည် ။ အခန်း ( သုံး ) မှာက ဘိုမြ ၊

အခန်း ( လေး ) မှာက ကိုဌေး ၊ ကျွန်တော်က အခန်းငါး ။ ဦးစိုးက အခန်းခြောက် ၊ အခန်း ( ၇ ) မှာ ဦးတင်ညွန့် ၊ အခန်းရှစ်နှင့် အခန်းကိုးမှာက ကိုချိန် နှင့် ကိုတင်အောင် ။ သည်တော့ အခန်းနံပါတ် တစ်ဆယ်နှင့် အခန်းနံပါတ်နှစ် အားနေသည် ။ အခန်းတစ်ဆယ်မှာ လူသစ်ထည့်လျှင် ကျွန်တော်တို့ သစ်သားတံခါးကို လာပိတ်နေဖို့ လိုမည်မထင် ။ ဒါဆို အခန်းနံပါတ်နှစ်မှာ လူသစ်ထည့်မှာ သေချာလေပြီ ။ သို့ဖြင့် စကားပြောသံ ခြေသံ သော့တွဲသံများ စပြီး ကြားလိုက်ရတော့ရာ လာပြီ လာပြီ လာချေပြီဟု ရေရွတ်မိတော့သည် ။


     ထောင်ထဲသို့ လူရောက်လာတာ ဝမ်းသာစရာ မဟုတ်သော်လည်းကျွန်တော်တို့ အဖို့ သတင်းထူးလေးတွေ ပါလာမည့်အတွက်တော့ ဝမ်းမြောက်စရာပေ ။


     ထုံးစံအတိုင်း သစ်သားတံခါးတွေ လာဖွင့်တော့မှ နံရံခေါက်အချက်ပေးစနစ်ဖြင့်

ဆက်သွယ်လိုက်တော့မှလား …. ပေါ်ဦးထွန်း ( ခေါ် ) မင်းကိုနိုင် ပါကလား ။ သူ့ကို

အင်းလျားကန်အနီး အနောက်ရန်ကင်းထိပ်မှာ ဖမ်းလာခဲ့သည်ဟု သိရသည် ။ သို့ဆိုလျှင် လူဖမ်းပွဲကတော့ စလေပြီ ။ အထူးဝင်းတစ်ဝင်းလုံး ပျားပန်းခတ်နေသည်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ဖမ်းလာခြင်းပင် ။ မင်းကိုနိုင် အပြောအရ ကျောင်းသားများရော ၊ တက်ကြွလှုပ်ရှားသူ အရပ်သားများရော အဖမ်းခံရတာ တစ်ရာကျော်ပြီဟု သိရလေသည် ။ ဥက္ကဋ္ဌကြီးရော ကိုဌေး ပါ စိတ်တော်တော်ပျက်သွားသည် ။ ဒီလိုပုံ ဒီလိုအချိုးနှင့် မိုးကြီး ချုပ်တော့မလားရယ်ပေါ့ ။


xxx    xxxx    xxxx


     တကယ်တော့ မိုးမချုပ်ပါ ၊ ရောင်နီပျိုးလာခဲ့လေသည် ။ သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့မှာ ကျွန်တော်နှင့် ကိုဌေးကို ထောက်လှမ်းရေး ၆ မှ ဗိုလ်မှူးစန်းပွင့်က လာတွေ့လေသည် ။ သူအဆိုအရတော့ အထက်လူကြီး

များက တာဝန်ပေးလိုက်ကြောင်း ၊ ကျွန်တော်တို့နှစ်ယောက်၏ ကျန်းမာရေး ( အမှန်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေ အနေ ) ကိုလာရောက် စုံစမ်းခြင်းဖြစ်သည်ဟု ဆိုသည် ။ ထိုသည်၏နောက် ထောင်ဆေးရုံကို ခေါ်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များဖြင့် ဆေးစစ်ပါ​ေလ တော့သည် ။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဆေးစစ်မခံရဖူးဘဲ ခုမှ တော်တော် ဂရုစိုက်ခံနေရသဖြင့် ဘဝင်တောင် မြင့်ချင်ချင် ။ ဆေးစစ်ပြီးသွားသည့်အခါ ကျွန်တော်တို့ ခေတ္တတည်းခိုရာ အထူးဝင်းသို့ ပြန်မပို့ဘဲ တီနှစ်ထောင်ကားကြီးပေါ် တင်ခေါ်သွားလေရာ ကျွန်တော်တို့နှစ်ယောက်လုံး ရင်တွေကို တဒိတ် ဒိတ်ခုန်လို့ ။ လွတ်ပြီလား ၊ လွှတ်ပြီလားရယ်ပေါ့ ။ တကယ်တော့ မဟုတ်ပါချေ ။ ထောင်ဘူးဝကနေ ကားစထွက်သည်နှင့် ထောင်အုတ်ရိုး နံဘေးအတိုင်း ကားကိုကွေ့ပြီး မောင်းသွားရာ ​ေဩာ် ထောင်ပြောင်းတာပေါ့လို့ မှတ်ချက် ပြုလိုက်ရပါတော့သည် ။ အင်းစိန်ထောင်မကြီးနှင့် ကပ်လျက် ပေ ၅၀ ခန့်ခြားပြီး သီးသန့်ထောင် ( ခေါ် ) တွဲဘက်ထောင် တစ်ခုရှိ နေသေး၏ ။ ကျွန်တော် ဆယ်တန်းကျောင်းသားကတည်းက တော်တော် ရင်းနှီးခဲ့သော နေရာဖြစ်သည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး နိုင်ငံရေးကိစ္စဖြင့် ပုဒ်မ ၅ ည တပ်ခံရပြီး ထောင် ၃ နှစ် ချခံခဲ့ရသောကြောင့် သူ့ကို ထောင်

ဝင်စာ လာတွေ့ရင်း မကြာမကြာ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူတို့တုန်းက တော်တော် လွတ်လပ်သည် ။ ထောင်ထဲသို့ ဂစ်တာရော ၊ ကတ်ဆက်ပါ သွင်းလို့ရသည် ။ သူနှင့်အတူ ရုပ်ရှင်မင်းသား ဇော်ဝမ်း တေးရေးဆရာ ကိုဇေယျ ( ခေါ် ) တိုနီတင် ၊ ပန်းချီဆရာ ကိုကျော်မင်းမောင်တို့ ပါရှိကြသည် ။ ကျွန်တော်က ချာတိတ်ဆိုတော့ သူတို့ခိုင်းသမျှ စာအုပ် ၊ ခဲတံ ၊ မင် ၊ ကက်ဆက် ၊ ကက်ဆက်အခွေ ၊ ဂစ်တာကြိုး တို့ကို ခဏခဏ ဝယ်ပြီးပို့ခဲ့ရဖူး၏ ။ သည်တော့လည်း တွဲဖက်ထောင်နှင့်ကျွန်တော် ရင်းနှီးတာ ဘာမှမဆန်း ။ ကိုင်း ခုတော့ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာရသလို တွဲဖက်ထောင်ကြီးထဲသို့ ရောက်ရပြန်ပြီပေါ့ ။


     သို့သော်လည်း ဒီတစ်ခါထပ်လို့သာ လွဲပြန်ပါတော့သည် ။ ကျွန်တော်နှင့် ကိုဇင်ဝိုင်းကိုထောက်လှမ်းရေး အရာရှိ နှစ်ယောက်က အမှုဖြစ်စဉ် အစအဆုံး ပြန်လှန်မေးမြန်းပြီး ထမင်းခေါ်ကျွေးခြင်းသာ ဖြစ်လေသည် ။ ထောင်ထမင်း ထောင်ဟင်းသာ ကောင်းကောင်းကန်းကန်း စားခဲ့ရသော ကျွန်တော်တို့နှစ်ယောက် မှာ ဗိုက်အောင့်မတတ် စားခဲ့ကြရတော့၏ ။ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကို အင်းစိန်ထောင်မကြီးဆီသို့

ပြန်ပို့လိုက်ပြန်ပါတော့သည် ။


     ရောက်ပြီဆိုသည်နှင့် သတင်းစာရှင်းလင်းပွဲက လုပ်ရ၏ ။ အခန်းနီးနားချင်းတွေရော ထောင်ဝန်ထမ်းတွေကပါ သိချင်ကြသည် ။ အကျဉ်းသားအချင်းချင်း သိချင်တာ ဘာမှ မဆန်းသော်လည်း ထောင်ဝန်ထမ်းတွေ သိချင်တာကတော့ ထူးသည် ။ သူတို့တစ်သက် ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မကြုံဖူးဘူးဟုဆိုသည် ။ အားလုံး၏ တူညီ

သော သုံးသပ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မတိုင်မီ လွတ်တော့

မည်ဟု .….။ 


xxxxx   xxxxx   xxxxx


     ထောင်မှာ ကြောင် သုံးကြောင်ရှိသည် ။ ပုန်းကြောင် ၊ ဒိုင်ကြောင် ၊ လွတ်ကြောင် ဟူသော ကြောင် သုံးကြောင် ပင် ။ ပုန်းကြောင်ဆိုသည်က စားစရာ မရှိလို့ အခက်အခဲတွေ ဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ရခြင်းကို ဆိုလိုသည်။ လွတ်ကြောင်ကတော့ နက်ဖြန်သန်ဖက်ခါ လွတ်တော့မည်ဆိုပြီး ကြောင်တောင်တောင် ဖြစ်နေခြင်းပင် ။ ဒိုင်ကြောင်ကတော့ ဆရာကြီးလိုလို ၊ ဖီလိုဆိုဖာလိုလို ၊ အဓိပတိ တော်လှန်ရေး သမားကြီးလိုလို ၊ သူ့လောက် ဘယ်သူမှမတတ်ဟုထင်ပြီး စကားလုံးတွေနှင့် လိုက်လိုက် ပေါက်တတ်သည့် သူမျိုးကို ဆိုလိုပါသည် ။ သေချာတာကတော့ ကျွန်တော်ရော ကိုဌေးပါ လွတ်ကြောင် ကြောင်နေကြလေပြီ ။ သင်္ကြန်မှာ ပျော်ရမည် ။ ချစ်သူနှင့် လည်ပတ်ရတော့မည် ။ သူငယ်ချင်းတွေနှင့် သောက်ရတော့မည် ။ ထောင်ဆိုသော ရွံ့ရှာစရာ အရပ်ကြီးနှင့် ဝေးရတော့မည် ။ သို့တစေ စွတ်မပျော်ရဲ ။ လွတ်မအော်ရဲ ။ ဘဝတူချင်း မစာနာရာကျပေမည် ။ သို့သော်လည်း သူတို့တွေကတော့ မှာချင်တာတွေ တစာစာ ပြောသည် ။ အဆိုးဆုံးက ဦးတင်ညွန့် ။ သူက မိန်းမ အများကြီးရှိသည် ။

ထို့ကြောင့် သူ့မိန်းမတွေဆီကို တစ်ယောက် တစ်မျိုး မှာလေသည် ။ မင်းကိုနိုင်ကလည်း သူ့ သူငယ်ချင်းတွေဆီသို့ မှာသည် ။ အထူးသဖြင့် သူနှင့် ကျွန်တော်က မိဖချင်း ရင်းနှီးသလို လူချင်းလည်း ခင်မင်ရင်းစွဲရှိရကား သူ့သူငယ်ချင်းများသည် ကျွန်တော့် သူငယ်ချင်းတွေပင်

ဖြစ်လေသည် ။ ကိုကိုကြီး ၊ အောင်ဒင် ၊ ဇော်ဇော်အောင် တို့ထံသို့ သူမှာချင်သည်များကို စာစီစာကုံးတစ်ပုဒ်လို သေသေချာချာ မှာသည်။ ဗိုလ်မြကလည်း သူ့မိန်းမကို နောက် ယောက်ျားယူရန် မှာ၏ ။ ဦးစိုးနှင့် ဗိုလ်ကြီးအောင်ဝင်းကတော့ ထွေထွေထူးထူး မမှာ ။ သူတို့ မိသားစုတွေကို သွားတွေ့ပြီး အားပေးဖို့ သူတို့ဒီနေရာမှာ ကျန်းမာစွာရှိနေကြောင်း မစိုးရိမ်ဖို့ မှာကြားသည် ။ ကျွန်တော်ရော ကိုဌေးပါ တစ်ခုမှ မကျန်ရအောင် မှတ်ရသည် ။ ဦးနှောက်ထဲ အလွတ်ကျက် မှတ်ထားရသော ယခုမှတ်တမ်း ၊ ကဗျာ ၊ သီချင်းများကိုလည်း ပြန်လှန် လေ့ကျင့်ခန်းလုပ်ရသည် ။ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်တော့ချေ ။

ေဩာ် .… လွတ်ကြောင်ဘဝ မသက်သာလှပါကလား ။


xxx   xxxx   xxxx


     သို့ဖြင့် ပိတောက်တွေ ခိုင်လုံးကြိုင် လှိုင်လှိုင်ပွင့် သင်္ကြန်သီချင်းတွေ အပြိုင်

ဖွင့်ကြလေပြီ ။ ကျွန်တော်တို့ကား အချုပ်ခန်းတွင်းမှ တစ်လက် မမှ မရွေ့။ ကိုဌေးကား အသံမှပင် မထွက်တော့ ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ တင်းသာ ထားရသည် ။ မခိုင်လှ ။ ဥက္ကဋ္ဌကြီးက သင်္ကြန်သီချင်းလေး လုပ်ပါဦးဆိုပေမယ့် အသံက မရွှင် ။ မင်းကိုနိုင်က ကိုပီကြီး မမကိုယ်တိုင်က ဆိုပါဗျ ဆိုတော့လည်း မမက မကနိုင် ၊ မောင်မောင်လည်း မဆိုနိုင်တော့ ။ ( မင်းကိုနိုင်က ကျွန်တော့်ကို ကိုပီလို့ ခေါ်တာ နောက်ခံဇာတ်လမ်းရှိသည် ။ ပီဆိုတာ ပီတာ ( ပါတီ ) အတိုကောက်ပင် ။ ကျွန်တော့် ပြက်လုံးပီတာ ၊ ကီစောင်ကို အခြေပြုပြီး ကျွန်တော့်အား ကိုပီတာ ( ဝါ ) ကိုပီဟု ခေါ်ဆိုခြင်းဖြစ်၏ ) ခုတော့ဖြင့် ကိုလည်း မပီနိုင်တော့ချေ ။ ထောင်အပြင်မှာ ရေပက်နေကြပါပြီကော ။ ထောင်အပြင်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေသော်လည်း ကျွန်တော်တို့အားလုံး ငိုင်လေပြီ ။ အင်းစိန်ထောင်၏ အထူးဝင်း တစ်ဝင်းလုံး ငြိမ်ဆိတ်ခြင်းသာ လွှမ်းမိုးထားတော့၏ ။ အကြိမ်ကြိမ် ပြန်လှန်စဉ်းစား ကြည့်မိပြန်တော့ ကိုယ့်ရောဂါ ကိုယ်ရှာနေခြင်းပင် ။ လွတ်မည်ဆိုခြင်းက ကိုယ့်သဘောနှင့်ကိုယ် ။ ကိုယ့်ကိုယ်ကိုယ် လွှတ်နေခြင်းသာဖြစ်ပြီး တိကျရေရာသော ဘာအခြေခံ အကြောင်းအရာမှ မရှိချေ ။ ထမင်းလေးခေါ်ကျွေး ၊ ဆေးလေး စစ်ပေးတာနှင့်

လွတ်ပြီလို့ မည်သို့မျှ တစ်ထစ်ချ မပြောနိုင်ကြပါချေ ။


     ထို့အတွက်ကြောင့် ကျွန်တော် ဒုံးခနဲဆုံးဖြတ်ချက် ချလိုက်သည် ။ လွှတ်ချင်တဲ့အချိန် လွှတ် ၊ ထောင်အပြင် ရောက်တဲ့နေ့ အိမ်ပြန်ရောက်တဲ့နေ့မှ လွတ်တယ်လို့ပြောမယ် ။ ခု ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ သက်သက်ပဲဖြစ် တယ်လို့ အားလုံးကို ပြောပြလိုက်တော့ အခန်းနီးနားချင်းတွေက စိတ်မသက် မသာဖြင့် ကောင်းပါတယ်လေဟု ဆိုကြသည် ။ ကိုဌေးကတော့ တဖွဖွပြော၏။ နှင် ပါလာလို့ပေါ့လေ ။ ငါတစ်ယောက်တည်းသာဆို ခုချိန် သတ်သေပြီးလောက်ပြီတဲ့ ။


     သို့ဖြင့် သင်္ကြန်အကြတ်နေ့ညနေမှ စတင်ပြီး ကျွန်တော်တို့၏ အထူးဝင်း

အတွင်းမှာ သင်္ကြန်သီချင်းသံများ မြိုင်လာတော့၏ ။ သံချပ်များလည်း ကြားရသည် ။ ရေဇလုံကို ဗုံလုပ်တီးသံလည်း ကြားရ၏ ။ မင်းကိုနိုင်ကလည်း ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့မှဖြစ်လေရာ သူ့သံချပ်ကလည်း ပျော်စရာကောင်းလေသည် ။ တူးပေပေါင် တူးပေါင် တူပေါင် တူးပေပေါင် တူးပေါင် တူပေါင် သမဝါယမဥက္ကဋ္ဌကတော် နေ့စေ့လစေ့ ကိုယ်ဝန်ရှိသနော် ဆေးရုံပေါ်မှာတက်ကာမွေး ဆပ်ပြာတောင့်လေး မွေး ဟေ့ သူများအကြောင်းမပြောကောင်း သူများအကြောင်း မပြောကောင်း။


   ◾ ဇာဂနာ


   📖 ပထမ

Friday, October 9, 2020

ချစ်တောင်ပြုံး


 ❝  ချစ်တောင်ပြုံး  ❞ 

တေးရေး...  ဂီတစာဆို ကိုခင်မောင်ဝင်း

       ရက်ကန်းသမလေးရဲ့ ချစ်သူ သစ်ဖောင်သမားလေးရဲ့ ချစ်သူ ( အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ )  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ


🌿  🌿  🌿  🌿  🌿  


ဟင်္သာတ ထွန်းရင် ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/WaJrvrZBJGMB1Q


မေရွက်ဝါ ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/qyztPpUlEjB6qg


အောင်သူ ရဲ့ ချစ်တောင်ပြုံး 


https://yadi.sk/d/-NSXF-uJxMfSIQ


ဟင်္သာတထွန်းရင် သီဆိုထားတဲ့  ချစ်တောင်ပြုံး သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/rkm2M2UaX7mTKQ