❝ သူကြီးကတော် ထွက်ရှာသော် ❞
အထက်တွင် ဖော်ပြခဲ့သည့် မယားကံဆိုးရှာ ၊ သနားစရာ သူငယ်အကြောင်းကို စကားစပ်မိတိုင်း ကျွန်ုပ်က ပြောပြတတ်ပေရာ ကျွန်ုပ်၏စကားကို ကြားရသော ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်က အောက်ပါအတိုင်း သူ့ကိုယ်တွေ့ဖြစ်စဉ်တစ်ရပ်ကို ပြောပြပေ၏ ။
“ ပဂိုးနယ်က ဘန္ဒာဆိုတဲ့ ရွာမှာ သမ္ဗန်ခတ်တဲ့ လူတစ်ယောက်ရှိတယ်ဆရာရဲ့၊ အဲဒီလူဟာ သမ္ဗန်သမားဘဝနဲ့ မိန်းမရရော ၊ သမ္ဗန်သမားဘဝက ရတဲ့ မိန်းမဆိုတော့ သမ္ဗန်သမား အဆင့်အတန်းမျိုးထဲကပဲပေါ့လေ ။
အဲ... နောက်တော့ အဲဒီလူက ထထကြွကြွ ၊ လုံ့လဝီရိယကလဲ ရှိတယ် ၊အရည်အချင်းကလေးကလဲ အသင့်အတင့်ရှိတယ် ၊ ကံကလဲလိုက်လာတယ်ဆိုပါတော့ ၊ သူတို့ရွာမှာ သူကြီးဖြစ်ပါလေရော...။
အဲဒီလိုသူကြီးဖြစ်တဲ့အခါကျတော့ သမ္ဗန်သမားဘဝကရခဲ့တဲ့ မိန်းမကအရည်အချင်းမရှိ ၊ သူကြီးကတော် ဂုဏ်ဒြပ်နဲ့ မတန် အင်မတန်အောက်ကျနောက်ကျ ဖြစ်နေတော့ အဲဒီမိန်းမကို စိတ်ညစ် စိတ်ပျက်ပြီး သူကြီးကတော်လောင်း အရှာထွက်ပါလေရောဆရာ ။
အင်း... အခုတော့ သူကြိုက်တဲ့ သူကြီးကတော်လောင်းလျာတော့တွေ့ထားပြီ ၊ သူတို့ချင်းနေရာ ကျ , မကျတော့မသိဘူး ၊ သူကြီးကတော်ရာထူးနဲ့ ထိုက်တန်တဲ့ မိန်းမနဲ့သာ အကြောင်းသင့်မြတ်ရင်တော့ သမ္ဗန်သမားဘဝက မယားဟာ ရာထူးလျှောကျပြီး လင်ပစ်မ, ဖြစ်ရတော့မှာပဲ ”
ထိုကိစ္စမျိုးကား မကြာခဏ ကြုံတွေ့ တွေ့တတ်၏ ။ ဤကဲ့သို့ဖြစ်ရခြင်းကား အရည်အချင်းညံ့ဖျင်းသောမိန်းမ၏ အပြစ်ချည်းမဟုတ် ၊အမြော်အမြင်နည်းပါး ၊ မယားရွေးနည်းနေရာမကျသည့် ယောက်ျားဘက် က ညံ့ဖျင်းမှုလည်း ပါပေသည် ။
တစ်နည်းအားဖြင့်ပြန်ဆိုလျှင် သမ္ဗန်သမားဘဝက မိန်းမယူလျှင် သမ္ဗန်သမားမယား အဆင့်အတန်းရှိသည့် မိန်းမမျိုးကိုသာ ရမည်ဖြစ်၏ ။ သူကြီးဘဝရောက် မှ မိန်းမယူလျှင် သူကြီးကတော်ဖြစ်ထိုက်သည့် မိန်းမမျိုး ရမည်ဖြစ်ပေသည် ။ သို့ဖြစ်ပါလျက် မအောင့်နိုင် ၊ မချုပ်တည်းနိုင် ၊ ကိလေသာညံွ့အိုင်တွင် လှိုင်လှိုင်ကြီး အမြုပ်စောသဖြင့်ဘသားချောခမျာ ဒုက္ခတွေ့ ရခြင်းသာလျှင်ဖြစ်၏ ။
၄င်းပြင်တစ်နည်း ဤသို့လည်းဆိုနိုင်ပါသေး၏ ။ လူ၏အရည်အချင်းဟူသည် ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပစ္စည်းရှိခြင်း ၊ ပစ္စည်းမဲ့ခြင်း တွင်မတည် ။ အသိအလိမ္မာဉာဏ်ပေါ်တွင်သာ တည်ခြင်းဖြစ်ရာ အသိအလိမ္မာရှိလျှင်ကား ဆင်းရဲသားဘဝက ယူသည့်မယားကို မင်းဖျား ရာဇာဘုရင်မင်းမြတ် ဖြစ်လာသော်လည်း စွန့်ပစ်ခြင်းငှါ မသင့်ပါပေ ။
ကျန်စစ်သားသည် ကျောက်ဖြူရွာတွင် ရသေ့တူမ သမ္ဘူလနှင့် မေတ္တာဖွဲ့နှောင် ချစ်ကြိုးဆောင်၍ အိမ်ထောင်ကျခဲ့လေရာ ကျန်စစ်သားမင်း လူ့သနင်းသည် ရာစင်းထီးဖြူ စိုးအုပ်တော်မူသည့်အခါ အနှာ သမ္ဘူလ တောတွင်းက အမျိုးသမီးကိုပင်လျှင် အချစ်ကြီးချစ် ၊ မစွန့်ပစ်ဘဲ ၊ နာမသစ်အမည် ၊ “ ဦးဆောင်ပန်း ” ဟူသော ဘွဲ့ ချည်လျက် ဒေဝီမိဖုရားတင်မြှောက်စား ထင်ရှားထုံးဟောင်းရှိသည် မဟုတ်ပါလော ။
တောင်ငူဘုရင် တပင်ရွှေထီး ၊ စောထီးရာဇ ၊ မင်းမြတ်စွာ့၏ ၊ မွေးဖပီတာ ၊ မင်းကြီးညိုရာဇာသည် ၊ ဆင်းလျောချောမွေ့၊ ဣန္ဒြေ ့ရှင် ၊ လှထွတ်တင်ဟု မြော်မြင်ဉာဏ်ကြီး ၊ ငနွယ်ကုန်း သူကြီးသမီးကို မိဖုရားကြီး မြှောက်စားလျက် မင်းတရားရွှေထီးကိုပင် ဖွားမြင်ခဲ့သည် မဟုတ်တုံလော ။
သာယာဝတီမင်း ၊ လူ့သနင်းသည် ၊ အဆင်းပြင်လျာ ၊ ပညာပြည့်စုံ ၊ စွယ်စုံထင်ရှား ၊ လှိုင်ထိပ်ထားကို မိဖုရားမြှောက်ခဲ့တုံချေသေး၏ ။
ဤအချက်တွေကို ထောက်ထားလျှင် ဆင်းရဲခြင်း ၊ ချမ်းသာခြင်းကား အရင်းမူလ မဟုတ်လှပါ ။ ပညာမြော်မြင် ၊ ဆင်ခြင်တိုင်းထွာ ၊ ဗဟုသုတအဖြာဖြာ ပြည့်ဝသည့် ကလျာဏ မိန်းမမြတ်ဟူလျှင် ငယ်စဉ်ဘဝ ၊ ဆင်းရဲစဉ်ကအကြောင်းမျှသော်လည်း ဘယ်တော့မျှ စွန့်ပစ်ခြင်း မပြုထိုက်ချေ ။
သို့သော် အမိုက်ခေါင်သီး ၊ နှုတ်သီးကစွာ ၊ အသုံးဖွာလျက် ၊ ပညာတုံးတိ ၊ ဝီစိအစာ ဆိုးခေါင်ချာတို့ကိုကား မယားဖြစ်စေ ၊ လင်ဖြစ်စေ သားသမီးတွေ တစ်ကျိပ်ပင်မွေးသော်ငြားလည်း လားလားမျှ မပေါင်းသင်း မဖင့်မနှေး ၊ ပစ်၍ သာပြေးရမည်ဟု ရှေးပဝေဏီ ၊ ပညာမြတ်နှစ်အဆီ ၊ လောကနီတိ ကျမ်းသိင်္ဂီတွင် ဤသို့ပင် ရေးသားခဲ့သည်မဟုတ်ပါလော ။
◾ ရန်အောင်
📖 အိမ်ထောင်ရေး အဘိဓမ္မာ
.