Wednesday, May 26, 2021

အိမ်တော်ရာ သပိတ်မှောက်ဈေး နှစ် ( ၈၀ ) ပြည့်


 ❝ အိမ်တော်ရာ သပိတ်မှောက်ဈေး နှစ် ( ၈၀ ) ပြည့် ❞ 


မန္တလေး အိမ်တော်ရာဘုရားပရိဝုဏ်ရဲ့ ရာဟုထောင့်မှာ နာမည်ကျော် ၁၄ ခန်း ဇရပ်ကြီးရှိတယ် ။ ၁၄ ခန်း ဇရပ်ကြီးထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးချစ်မြဲ ရဲ့ နိပါတ်တော် ပန်းချီကားတွေရှိတယ် ။ မူလ ၁၄ ခန်းဇရပ်ကြီးက ကိုတာ မီးကြီးတုန်းက မီးသင့်သွားလို့ မြန်မာသက္ကရာဇ် ၁၃၁ဝ ပြည့်နှစ် ဝါဆိုလပြည့်နေ့မှာ ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်စိုး ၊ သမီး ကြည်ကြည်၊ မြေး တင်တင်ဦး တို့က ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ မှတ်သားရတယ် ။


◾ အိမ်တော်ရာသပိတ်မှောက်ဈေး


၁၄ ခန်းဇရပ်ကြီးဟာ မြန်မာ့နိုင်ငံရေးသမိုင်း မျက်နှာစာမှာ ၁၃ဝဝ ပြည့်အရေးတော်ပုံကစပြီး အောင်မြေအဖြစ် အထင်အရှားတည်ရှိခဲ့တဲ့ ဘူမိနက်သန်ဖြစ်တယ် ။ နိုင်ငံရေးသာမက ဘာသာရေး ၊ သာသနာရေး ကဏ္ဍတွေမှာလည်း ဘူမိနက်သန်ဖြစ်ခဲ့တယ် ။ ဒါကြောင့် ၁၃၁၆ ခု တော်သလင်းလဆုတ် ၁ ရက် ( ၁၂ - ၉ - ၅၄) တွင် စာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာသင်ခန်းစာတွေသင်ဖို့ ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းဖို့ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာပဲ စုဝေးတောင်းဆိုခဲ့ကြတယ် ။


၅ - ၂ - ၅၆ ရက်နေ့မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး ၊ ၂၆ - ၃ - ၅၆ ရက်နေ့မှာ ပါဠိတက္ကသိုလ် စာမေးပွဲနှင့် ပတ်သက်လို့ ရဟန်းသံဃာများ စုဝေးစည်းဝေးခြင်း ၊ ၂၇ - ၃ - ၅၆ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီး ၊ ၃၁ - ၃ - ၅၆ ရက်နေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီး ၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃ ၊ ၁၄ ၊ ၁၅ ရက်တွေမှာ ပြည်ထောင်စု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းထိုင်ဆရာတော်များ အဖွဲ့ချုပ်အစည်းအဝေး ၊ ၇ - ၇ - ၅ရ ရက်နေ့မှာ အဖွဲ့ပေါင်း ၁၂ဝ ၊ လူထုပရိသတ် ၅ဝဝဝ ကျော်နဲ့ ( ၁ဝ ) နှစ်မြောက် အာဇာနည်နေ့ အလေးပြု အခမ်းအနား ၊ ၈ - ၇ - ၅ရ ရက်နေ့က မန္တလေး ရဟန်းသံဃာများ၏ ဘာသာရေးဆိုင်ရာ အစည်းအဝေး ၊  ၂၃ - ၁ - ၅၉ ရက်နေ့က တည်မြဲ ဖ.ဆ.ပ.လ ဌာနချုပ် ခေါင်းဆောင် ဦးဘဆွေ ၊ ဦးကျော်ငြိမ်း ၊ ဦးစံထားဆင် နဲ့ ဗ.လ.မ.စ မှ ဒေါ်စိန်ပုတို့၏ လူထုအစည်းအဝေး ၊ ၁ - ၃ - ၆၁ ရက်နေ့က တရုတ်ဖြူကျူးကျော်မှုတိုက်ထုတ်ရေးနှင့် အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေး ၊ ၂၇ - ၃ - ၆၁ ရက်နေ့က ( ၁၆ ) ကြိမ်မြောက် တော်လှန်ရေးနေ့ စတဲ့ အခမ်းအနားတွေကို အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီးမှာ ကျင်းပခဲ့တယ် ။ ၁၉၆၂ နောက်ပိုင်း နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားကြီးကို အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာပဲ မြို့လုံးကျွတ်ဆင်နွှဲကြတာ ၁၉၈ဝ ကျော် အထိပါပဲ ။


တကယ်တော့ နိုင်ငံရေးအောင်မြေအဖြစ် အစဉ်အလာကြီးစေခဲ့တဲ့ ၁၄ ခန်းဇရပ်ကြီးနဲ့ အိမ်တော်ရာဘုရားရဲ့ နိုင်ငံရေးမျက်နှာစာ ပြည်ဖုံးကားဟာ ၁၃ဝဝ  ပြည့် ကာလ ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ၁၃ဝဝ ပြည့်ကာလ အိမ်တော်ရာ သပိတ်မှောက်ဈေးလှုပ်ရှားမှုပါပဲ ။


◾ ဈေးချိုသူ ၊ ဈေးချိုသားတွေလည်းပါဝင်


အချိန်က လွတ်လပ်ရေးအရှိန်အဟုန် ပြင်းထန်နေတဲ့ ၁၉၃၈-၁၉၃၉ ခုနှစ်ကာလ ။ ၁၉၃၈ ခုနှစ်ဆန်းကတည်းက မန္တလေးမှာ ဗဟို အမျိုးသား အထက်တန်းကျောင်း ( ယခု အ.ထ.က - ၂ ) ကစပြီး နယ်ချဲ့ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စတင်နေပြီ ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်ဩဇာရှိတဲ့ ရဟန်းပျိုအဖွဲ့ကလည်း ထောက်ခံနေပြီ ။ နယ်ချဲ့ကလည်း ဖမ်းသူဖမ်း ၊ ထောင်ချသူချနဲ့ ဖိနှိပ်နေပြီပေါ့ ။ ဒီကြားထဲ လူမျိုးရေး အဓိကရုဏ်းကိုလည်း ဖန်တီးလိုက်သေးတယ် ။ ဒါပေမယ့် နယ်ချဲ့ဆန့်ကျင်ရေး အရှိန်အဟုန်က မပျက်ပြယ်ခဲ့ပါဘူး ။ ကျောင်းသားလှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ရဟန်းပျိုအဖွဲ့ရော မြို့လူထုသာမက ဈေးချိုသူ ဈေးချိုသားတွေလည်း ပါဝင်လာကြတယ် ။ ကျောင်းသားတွေနဲ့ မြို့လူထုက စီတန်းဆန္ဒပြမယ် ။ ဈေးချိုတော်ကြီးလည်း ဆန္ဒပြလူထုကြီးကို ကြိုဆိုကြမယ် ။ ဂုဏ်ပြုကြမယ် ။ ခေါင်းဆောင်တွေကို ပန်းကုံးစွပ်ကြမယ်နဲ့ အုတ်အော်သောင်းတင်းဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော် မှာ ပုဒ်မ - ၂၃ ( ၇ ) ကို ထုတ်ပြန်လိုက်ပါတယ် ။


ရဟန်းပျိုအဖွဲ့ကလည်း မန္တလေးဈေးချိုတော်ကြီးကို သပိတ်မှောက်ဖို့ ညွှန်ကြားလိုက်တယ် ။ ဒီတော့ ဈေးချိုသူ ၊ ဈေးချိုသားတွေဟာ ၁၃ဝဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် ( ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ) နေ့မှာ ဈေးချိုရုံကြီး ၁၂ ရုံကို သပိတ်မှောက်ပြီး ဈေးချို အနောက်ဘက် သီရိဟေမာ အရှေ့ရပ်ကွက်မှာရှိတဲ့ အိမ်တော်ရာဘုရားဝင်းထံ ဈေးသွားဖွင့်ကြတယ် ။ မန္တလေးဈေးချိုဆိုတာ လူမျိုးပေါင်းစုံ ၊ လူတန်းစားပေါင်းစုံကိုး ။ နယ်ချဲ့ကို တော်လှန်ဖီဆန်ပြီး သပိတ်မှောက်ကြတော့ လူမျိုးခြား အရင်းရှင်ကုန်သည်ကြီးတွေက ဘယ်ပါရဲမလဲ ။


ဒါ့အပြင် နယ်ချဲ့အလိုတော်ရိတွေ ၊ တောကြောင်တွေကလည်း ဒီတိုက်ပွဲမှာ ဘယ်ပါရဲကြမလဲ ။ ဒီလို လူတွေဟာ ဘုရားဈေးကိုမလိုက်ဘဲ ခြောက်ကပ်ကပ် ဈေးချိုမှာ နေရစ်ခဲ့ကြတယ် ။ တချို့လည်း ပစ္စည်းသိမ်း ၊ အိမ်ပြန်ပြီး မသိလိုက် မသိဘာသာ နေကြတယ် ။ ဒါပေမယ့် ဒီလိုလူတွေက လူနည်းစုပါ ။ မြန်မာလူမျိုးတိုင်း မျိုးချစ်စိတ်ရှိသူတိုင်းဟာ ဘုရားဈေးမှာ ရဲရဲဝံ့ဝံ့ ဈေးထွက်ကြပါတယ် ။ ဒီအချိန်မှာ ဆရာငြိမ်းဟာ ပြည်သူ့ဘက် မှန်ကန်တဲ့ဘက်က ရဲရဲရပ်ပြီး -


'' အိမ်တော်ရာ ဘုရားဈေး '' ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးဖွဲ့လိုက်ပါတော့တယ် ။


◾ စည်းရုံးရေးကြောင့် အောင်ပေသည်


 ဒီသီချင်းရဲ့ ပထမအပိုဒ်မှာ -


 လက်ဆယ်ဖြာ စုံညီ ၊ တင်ထိပ်ဦး ဖူးခဲ့သည်

 မှတ်မိကြသေးရဲ့လား မေးလိုက်ချင်သည်

 လေပြည်ဆော်ပြန်ရင် ညောင်ရွက်သံ တရှဲရှဲ

 ဆည်းလည်းသံ ညံစီစီ ( တွေးမိပြီ )၂

 လောကရံသီ ၊ အိမ်တော်ရာစေတီ ၊

 ဘုရားဈေး ပြေးလို့ မြင်နိုင်သည် ။

 တို့ဂုဏ်ရောင် ပြောင်ပြောင် ၊ စည်းရုံးရေးကြောင့်

 အောင်ပေသည် ... လို့ ရေးဖွဲ့ထားပါတယ် ။


ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ဘုရားရိပ် တရားရိပ်ရဲ့ အေးမြပုံကို လေပြည်ညောင်ရွက်သံ၊ ဆည်းလည်းသံ စတဲ့စကားလုံးတွေနဲ့ ခြယ်မှုန်းပြီး ဘုရားဈေးကို မှတ်မိကြပါရဲ့လားဆိုတဲ့ ချစ်စရာမေးခွန်းလေးနဲ့အတူ ပြည်သူလူထုရဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ စည်းရုံးရေးကြောင့် အောင်မြင်ခဲ့ပုံကို သတိရစေခဲ့ပါတယ်။


◾ ဘာကိုမဆို အလိုပြည့်နိုင်သည်


မြန်မာဖြစ် ဟံဇားအထည် တောင်မြို့ထည်တွေရဲ့ ရောင်စုံလှပုံတွေဟာ မျက်စိတွင်းက မထွက်ကြောင်း ၊ ဟံဇားထည်နှင့် တောင်မြို့ထည်များသာ ဝတ်ဆင်ပါက မြန်မာ့ကျက်သရေ ၊ မြန်မာ့အလှတွေဖြင့် အဆင်ပြေပြေ ယဉ်ပေမည်ဖြစ်ကြောင်း တခမ်းတနား စပ်ဆိုခဲ့ပါတယ် ။ အဲဒီခေတ်က ဈေးချိုတော်ကြီးမှာ အဝတ်အထည်တွေ ရောင်းချကြတာက နိုင်ငံခြားသား အရင်းရှင်ကြီးတွေပဲများပါတယ် ။ ပြီးတော့ နိုင်ငံခြားဖြစ်အဝတ်အထည်တွေကိုပဲ အလုံးအရင်းနဲ့ ရောင်းကြတာမို့ တိုင်းရင်းသား ကုန်သည်လေးတွေရဲ့ တိုင်းရင်းဖြစ်အထည်လေးတွေဟာ မျက်နှာပန်းမလှ ဖြစ်နေတာပေါ့ ။ အခုလို ဈေးချိုကြီးသပိတ်မှောက်လိုက်တော့ ဟံဇားဦးအေး ၊ ဒေါ်သန်း စတဲ့ တိုင်းရင်းသားအထည်ကုန်သည်တွေကပါ ဘုရားဈေးမှာလာပြီး တက်တက်ကြွကြွ ဈေးထွက်ကြပါတယ် ။ ဒီတော့ ဆရာငြိမ်းဟာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသား အထည်ကုန်သည်များနဲ့ တိုင်းရင်းဖြစ်အထည်များကို ဂုဏ်ပြုစပ်ဆိုသလို မန္တလေးဈေးချိုသူတွေရဲ့ ဖော်ရွေမှု ၊ ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ ဈေးဝယ်သူကို ပြုံးမယောင်မျက်နှာလေးနဲ့ မရဲတရဲမေးတတ်ပုံကအစ ယနေ့ထက်တိုင် မန္တလေးရဲ့ နာမည်ကြီးအစားအသောက်ဖြစ်တဲ့ မလိုင် ပေါက်စီပါ ဘုရားဈေးမှာ ရနိုင်ကြောင်းများကိုလည်း ဒုတိယအပိုဒ်မှာ အခုလိုစပ်ဆိုခဲ့ပါတယ် ။


 ' ဟံဇားထည် ( တောင်မြို့ထည် )

 နီပြာဝါရွှေ စိမ်းလဲ့ညို ကြော့ရှင်း

 မျက်စိတွင်းက မထွက်သည် ။

 မြန်မာ့အသရေ အလှတွေ ၊

 အဆင်ပြေ ၊ ယဉ်ပေသည် ။ 


 ပြုံးမယောင် မျက်နှာလေးက ၊

 မရဲတရဲ ဘာဝယ်မလဲရှင် ၊

 ဈေးသည်ပီပီ ၊ မေးတတ်ရှာသည် ၊

 စားဖွယ်သောက်ဖွယ် ၊ ငါးခြောက်ရယ်

 ငါးပိရယ်ရှိတယ် ။

 ဘာကိုမဆို အလိုပြည့်နိုင်သည် ၊

 ယုတ်စွအဆုံးတိုင် မလိုင်ပေါက်စီ

 သုံးဆောင်နိုင်ပါသည် ။

 အပါးနံဘေး ဘုရားဈေး အိမ်တော်ရာစေတီ '  တဲ့ ။


◾ အလော်မာသဘော မတော်တာပြော


အိမ်တော်ရာမှာ ဈေးဖွင့်တော့ မူလက ဈေးချို အမှုဆောင်အဖွဲ့အစား ရဟန်းပျိုအဖွဲ့ရဲ့ ဩဝါဒခံ ဈေးအမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ် ။ ဆင်တံတား ဦးသိန်း ကို ဥက္ကဋ္ဌ တင်လိုက်တယ် ။ မိုးကောင်းတိုက် ဦးပဏ္ဍိ ၊ ဦးမေဏ္ဍက ၊ ဦးကာကြီး ၊ ဦးကာလေး ၊ ဦးဝိမလ ၊ ဦးကုသလ ၊ ဦးကောလာသ ( အာဇာနည် ) နဲ့ ဦးနာရဒ စတဲ့ ဆရာတော်များက ဈေးကို စောင့်ရှောက်ကြတယ် ။ အဲ့ဒီလိုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာပေါ်ပေါက်လာခဲ့တဲ့ အိမ်တော်ရာဘုရားဈေးမှာ ဈေးထွက်သူ မျိုးချစ်ဈေးသည်မလေးတွေ နဲ့ ရွှတ်နောက်နောက် လူပျိုကာလသားများကြားက နောက်ပြောင်ကျီစယ်မှုဟာ ဈေးသည်မလေးတွေရဲ့ ' နုတဲ့ပါးပြင်ဆီ ရှက်သွေးဥလို့နီ ' သည်အထိ အတိုင်းအထက်အလွန် ဖြစ်တတ်ပါတယ် ။ ဒီလိုများ နောက်ပြောင်မှုလွန်ကဲလာရင် ဈေးအုပ်ချုပ်ရေး ဆရာတော်များက တားမြစ်အပြစ်ပေးပါတယ် ။ ဒီတော့ ဆရာငြိမ်းက မျိုးချစ်ဈေးသည်မလေးတွေဘက်က ရပ်တည်ပြီး အစ်ကိုကာလသားတွေကို ဘုန်းဘုရား ရိုက်နှက်အပြစ်ပေးမှု မခံရလေအောင် လှပပြေပြစ်တဲ့ အရေးအသား စကားလုံးတွေနဲ့ အခုလို သတိပေး ရေးစပ်ထားပါသေးတယ် ။


 ဘုရားတန်ခိုးနဲ့ တိုးလို့လှတဲ့ ကုမ္မာရီ

 ကာလသားတွေ လာပြန်ပြီ ၊ 

ပိုက်ဆံမပေးရတိုင်း ပိုးလည်း ပိုးရှာကြတော့သည် ။ 

အလော်မာသဘော မတော်တာပြော ၊ သူတို့ပဲ စကြသည် ။ 

နုတဲ့ပါးပြင်ဆီ  ရှက်သွေးဥလို့နီ ၊ 

မျက်စောင်းလေး သုန်သုန်မှုန်မှုန်

ဘုန်းဘုန်းကို လျှောက်လိုက်ရင်

အခြောက်တိုက်ပင် အရိုက်ခံထိတော့မည် ... တဲ့ ။


ဒီနှစ် ၂ဝ၁၈ခုနှစ် နိုဝင်ဘာလမှာ အတိတ်က ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ၁၃ဝဝ ပြည့်ကာလ အိမ်တော်ရာသပိတ်မှောက်ဈေးနဲ့အတူ ဒီဖြစ်စဉ်ကို မှတ်တမ်းတင် စပ်ဆိုခဲ့တဲ့ မြို့မငြိမ်းရဲ့ '' အိမ်တော်ရာဘုရားဈေး '' သီချင်းဟာလည်း နှစ် ( ၈ဝ ) ပြည့်ပြီမို့ အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ် ။


◾ဆူးငှက်


📖 ကြေးမုံ သတင်းစာ


       ၃၀ အောက်တိုဘာ ၂၀၁၈

       

       koaungnaingoo.blogspot.com

Thursday, May 20, 2021

ဖခင်ကို စစ်ပြုရလို၏


 

❝ ဖခင်ကို စစ်ပြုရလို၏ ❞

" ငါ သည် ဘဝမှ စုတေလျှင် တပြည်ထောင်သောမင်း၏သားဖြစ်၍ အဖကို ငါ စစ်ပြုရလို၏ ”

ရွှေမော်ဓောရင်ပြင်သည် တိတ်ဆိတ်နေသည် ။ ခါတိုင်းကြားနေကျ ငှက်သံတို့ပင် တိတ်ဆိတ်အံ့ ထင်သည် ။ ရင်ပြင်တစ်ခုလံုး အပ်ကျသံမျှကြားနေရသည် ။

ဗောလောကျန်းဒေါသည် ကိုယ်၌ ဝတ်ဆင်အပ်သော လက်ကောက် ၊ လက်စွပ်တို့ကို ချွတ်၍ ရွှေမော်ဓောဘုရားတွင် ပူဇော်လိုက်သည် ။ ဘုရားရှင်ထံ ဆုပန်ရင်း ဦးသုံးကြိမ် ချလိုက်သည် ။ ဗောလောကျန်းဒေါ၏ မျက်နှာထားတို့ တင်းမာနေသည် ။ တစ်စုံတစ်ဦးကို အမျက်သိုနေဟန် တူသည် ။

အံကို တင်းတင်းကြိတ်၍ အထက်ပါ ဆုတောင်းကို မော်ဓောဘုရားရှင်ထံ ဆုပန်ခဲ့ခြင်းဖြစ်သည် ။

လောကသည် ရှုပ်ထွေးသည် ။အကြောင်းမသိလျှင် ဆက်ရက်ကို ချိုးထင်တတ်ကြသည် ။ သမ က် ကို သူခိုး ထင်တတ်ကြသည် ။ ယခုလည်း သည်နှယ်ပင် ။

ဗောလောကျန်းဒေါသည် မင်းပျိုမင်းလွင် ဖြစ်လာသည် ။ မင်းညီမင်းသားတို့ တတ်အပ်သည့် အဌာရသ တစ်ဆယ့်ရှစ်ရပ်ကို ဆည်းပူးလေ့ကျင့်ခဲ့သည် ။ ဆင်ရေး ၊ မြင်းရေးအတတ်များ ကျွမ်းကျင်စွာတတ်မြောက်လာသည် ။

သုရှင်ရာဇာဓိရာဇ်စိုးရိမ်ပူပန်စ ပြုလာသည် ။ မိမိ၏ဘဝနှင့် ယှဉ်လျက် သုံးသပ်သည် ။ မိမိ၏ ငယ်ဘဝလည်း ဤနည်းနှင်နှင် ဖခင် ဗညားဦးကို ပုန်ကန်စဉ် ကာလသည် ဗောလောကျန်းဒေါ အရွယ်မျှပင် ဖြစ်သည် ။ ယခုလည်း ဗောလောကျန်းဒေါ မိမိကိုပုန်ကန်သော် မခက်ပြီလော ။

“ ဝဋ်ဟူသည် နှစ်ဘဝမကူး ”

ဆိုစကားကို ရာဇာဓိရာဇ် သတိတရ ရှိလှသည် ။ မိမိကိုယ်တိုင် ဖခင်ကို ပုန်ကန်ဖူးသည် ။ ယခုလည်း မိမိကို သားဖြစ်သူ ဗောလောကျန်းဒေါ မပုန်ကန်ဟု အတတ်မပြောသာ ။

ရာဇာဓိရာဇ်၏ ရင်ဝယ် ပူလောင်လာသည် ။ မိမိကဲ့သို့ အဖြစ်မခံနိုင် ။ “ ကိုယ့်မချိ အမိသော်လည်း သားတော်ခဲ ” ၊ ဗောလောကျန်းဒေါကို အချိန်မီ တားဆီးရန် ဆုံးဖြတ်လိုက်သည် ။

အဲဂေါင်ပိန်ကို ခေါ်လိုက်သည် ။နှစ်ကိုယ်ကြား အမှာစကား ပါးလိုက်သည် ။

“ ရှေ့ကငါ ဒဂုံတွင် ခြားနားသောအခါ ငါ့အသက် ကိုယ်နှင့် အရှိသာ မဟုတ်လော ၊ ခြားနား ထောင်ထားချေသော် အရေးမဖြစ်ချေလား နင်ကိစ္စပြီးခဲ့စေ ”

အဲဂေါင်ပိန် စိတ်မချမ်းမြေ့ ဖြစ်ရသည် ။ ရာဇာဓိရာဇ်ကား ရွှေနန်းရှင် ။ ဗောလောကျန်းဒေါ ကား သားတော် ၊ မိမိမူကား စေသည့်ကျွန် ၊ ထွန်သည့်နွား ။

အမိန့်တော်မြတ်ကို ဦးထိပ်ပန်ရသည်က ငယ်ကျွန်တို့၏ ဘ၀ ၊ နှလုံးသားက လက် မခံငြားတာဝန် နှင့် ဝတ္တရားကိုကား မျက်ကွယ်ပြုရန် ခက်သည် ။ အဲဂေါင်ပိန်၏ စိတ်တို့ ရှုပ်ထွေးနေခဲ့သည် ။ အမိန့်တစ်ဖက် ၊ စိတ်ဆန္ဒတစ်ဖက် လွန်ဆွဲ၍သာ နေတော့သည် ။

အဲဂေါင်ပိန် မတတ်သာ ။ အမိန့်တော်မြတ်ကို နာခံရင်း ပဲခူးသို့ ထွက်ခဲ့သည် ။ ရွှေမော်ဓောရင်ပြင်ပေါ်၌ ဗောလောကျန်းဒေါကို တွေ့ရသည် ။ အေးမြသည့်ဘုရားရိပ်ဝယ် အဲဂေါင်မိန်၏စိတ်တို့ ပူလောင်စွတကား ။

ဗောလောကျန်းဒေါကား ငယ်ရွယ်သူ တစ်ယောက်ပင် ဖြစ်သည် ။ မင်းပျိုမင်းလွင်ဘဝနှင့် နိုင်ငံ၏ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်သည် ။ နောင်တစ်ချိန် ဟံသာဝတီ နေပြည်တော်ကြီး၏ အားထားရမည့် မင်းသားတစ်ပါးလည်း ဖြစ်သည် ။ ဖခင်၏အရိုက်အရာကို အမွေခံမည့် သူလည်း ဖြစ်သည် ။

ဟံသာဝတီ မင်းနေပြည်တော်၏ အားထားရမည့် မျိုးဆက်သစ်တစ်ဦးအဖြစ် ဗောလောကျန်းဒေါ ကို မြင်နေမိသည် ။ သို့တိုင် ရာဇာဓိရာဇ်အမိန့်ဖြင့် ဤသူငယ်ကို ကွပ်မျက်ရပေတော့မည် ။ သူ့ရှင်၏ အတ္တလွန်ကဲမှုကြောင့် ဟံသာဝတီ၏ သွေးသစ်တို့ မြေ ခ ရပေတော့မည် ။

အဲဂေါင်ပိန်သည် ဗောလောကျန်းဒေါ ကို ကြည့်၍ စိတ်မကောင်းဖြစ်မိသည် ။ ခမျာဘုရားရှင်၏ အရိပ်အာဝါသအောက်ဝယ် အေးချမ်းမှုကို ခံစားနေရှာသည် ။ ရွှေမော်ဓောဘုရား၏ ထီးတော်မှ ခေါင်းလောင်းသံလွင်လွင်တို့သည် သာယာစွာ လှုပ်ခတ်နေကြသည် ။ ငှက် မြက်နားပေါ်ဝယ် နားခိုနေသော ခိုဖြူ ၊ ခိုပြာတို့ပင် ဗောလောကျန်းဒေါ ၏ အနာဂတ်ကို မသိ၍ထင့် တီတီတာတာ ခွန်းချိုဖွဲ့နေကြရှာသည် ။

အဲဂေါင်ပိန်သည် ဗောလောကျန်းဒေါ ၏ နောက်ပါးဝယ် ပျပ်ဝပ်စွာ ဒူးတုပ် ခစားလိုက်သည် ။ မင်းသားငယ်၏ အာရုံကိုအနှောင့်အယှက် မပေးလို ။ ငြိမ်းချမ်းနေသော စိတ်အလျဉ်ကို မထိခိုက်စေချင် ။ သို့ကြောင့် မင်းသားငယ်၏ ကိစ္စကြီးငယ် မပြီးသေးသမျှ ဒူးတုပ်၍သာ ခစားနေမိသည် ။

ဗောလောကျန်းဒေါ သည် မော်ဓောဘုရားရှင်အား မော့ကြည့်နေသည် ။ ကြည်ညိုသပ္ပါယ်လှသော စေတီတော်မြတ်ကား ရှုကြည့်၍ မဝ ။ ဖူးမြော်၍ မဆုံး ပီတိတွေ ဖုံးနေသည် ။ မင်းသားငယ်၏ မျက်နှာဝယ် ကြည်နူးမှု ၊ ငြိမ်းအေးမှု ၊ နှစ်သက် မှု ၊ အားလုံးယှက်နွယ်နေတော့သည် ။

ခဏအကြာဗောလောကျန်းဒေါ ထိုင်ရာမှ ထရပ်လိုက်သည် ။ ပြန်ရန်အလှည့် အဲဂေါင်ပိန် ကို တွေ့လိုက်ရသည် ။ မျက်နှာတော်တင်းမာသွားသည် ။ အကြောင်းထူးပြီဟု သိလိုက်သည် ။ အမေးတော်ရှိသည်တွင်-

အဲဂေါင်ပိန်လျှောက်ထားဝံ့သည် ။ သုရှင် ရာဇာဓိရာဇ်၏ အမိန့်တော်စကားကို လျှောက်ထားလိုက်သည် ။ နှလုံးသားမှ လာသော စကားမဟုတ်သဖြင့်အနည်းငယ် ခက်ထန်နေဟန် တူသည် ။

ဗောလောကျန်းဒေါ နားလည်လိုက်ပြီ ။ အဲဂေါင်ပိန်သိရန် အလို့ငှာ ပြောလိုက်သည် ။  “ ငါသည် မင်းညီမင်းသားတို့ တတ်အပ်သောအဋ္ဌာရသအတတ်ကိုသာ သင်ယူခြင်းဖြစ်သည် ။ ခမည်းတော်အပေါ် မကောင်းစိတ်ဖြင့် မကြံပြီ ။ ခမည်းတော်ကသာ ငါ၏ အမိကို ပစ်ပယ်သည် ။ ခမည်းတော်ကြောင့် မိခင် စိတ်သောက ကြီးစွာဖြင့် နတ်ရွာစံခဲ့ရသည် ။ ငါမူကား ခမည်းတော်အပေါ် မကောင်းသော အကြံ ၊ မမှန်သော သစ္စာကို မပြုခဲ့ ။ သို့တိုင် ခမည်းတော် ငါ့အား အလိုမရှိမှု ခေတ္တခဏမျှသာစောင့် "

ဗောလောကျန်းဒေါသည် ဖခင်ရာဇာဓိရာဇ်၏အမိန့်ကို နာခံရန် အသင့် ဖြစ်နေသည် ။ ကိုယ့်ကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်လိုက်သည် ။ ထိုသည့်နောက် အထက်၌ ဖော်ပြခဲ့သော တောင်းဆုကို ပန်ခဲ့ခြင်း ဖြစ်ပေတော့သည် ။

ရာဇာဓိရာဇ်၏ စိတ်တို့ ယောက်ယက်ခတ်နေသည် ။ အိမ်တော်ထက်သို့ တက်လာနေသည့် အဲဂေါင်ပိန်ကို အမောတကော မေးလိုက်သည် ။ “ ကိစ္စပြီးခဲ့၏လော "

အဲဂေါင်ပိန်လည်း သူ့ရှင် ရာဇာဓိရာဇ်ကို ဦးညွတ်ခစားရင်း “ မှန်လှပါ ။ ကိစ္စပြီးမြောက်ခဲ့ကြောင်းပါ အရှင် ” ဟု လျှောက်တင်လိုက်သည် ။ သို့တိုင် ရာဇာဓိရာဇ်၏ စိတ်ဝယ်ကျေနပ်မှုအရိပ်အယောင်ကို မတွေ့။

“ သင်းက ဘာများ မိန့်သေးသနည်း ” ဟု အမေးတော်ရှိလာသည် ။

အဲဂေါင်ပိန်လည်း မင်းသားငယ် ဗောလောကျန်းဒေါ ပြောသမျှ ပြန်လည် လျှောက်တင်လိုက်သည် ။ အရှင့်သားသည် မင်းသားတို့တတ်အပ်သော ၊ အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ကိုသာ တစ်ဖက်ကမ်းခတ် တတ်မြောက်အောင် လေ့ကျင့်နေခြင်းသာ ဖြစ်ပါကြောင်း ၊ အရှင့်အပေါ်၌ စိတ်အားဖြင့် လည်းကောင်း ၊ ကိုယ်အားဖြင့် လည်းကောင်း ၊ ပြစ်မှားရန် အကြံမရှိ ၊ အရှင်မင်းကြီးကသာ ယင်းတို့ သားအမိအပေါ် အထင်မှားခြင်းဖြစ်ကြောင်း ၊ မိခင်ကို လျစ်လျူရှုခဲ့သဖြင့် သောကဖြင့် နတ်ရွာစံသွားရကြောင်း အမှာစကားပါးလိုက်ပါသည် ။

“ နောက်ထပ် ဘာများ မိန့်သွားသေးသလဲ အဲဂေါင် ”

“ မှန်လှပါ ၊ အရှင်၏ အမိန့်တော်ကို ကြားဘိသကာလ ၎င်း၏ကိုယ်၌ ဝတ်ဆင်အပ်သောလက်ကောက် ၊ လက်စွပ် ၊ လက်ကြပ် တို့ကို ချွတ်၍ ရွှေမော်ဓောဘုရားတွင် လှူဒါန်းခဲ့ပါသည် ။ “ ဤဘဝ စုတေလျှင် တပြည်ထောင်မင်း၏ သားအဖြစ်နှင့် အရှင့်ကို စစ်ပြုရပါလို၏ ” ဟု နောက်ဆုံးစကား မြွတ်ကြားသွားပါသည် အရှင်ဘုရား ”

“ ဒီသူငယ် အတော်ပင် အငြိုးကြီးပေသည် ။ ငါ့စိတ်နှင့် တူစွ ။ ဤသို့ဆိုလျှင်ငါလည်း သင်းနည်းတူ သစ္စာပြုရပေတော့မည် ”

ရာဇာဓိရာဇ်၏ မျက်နှာဝယ် ခက်ထန်ခြင်း၊ လက်စားချေလိုခြင်း၊ မုန်းတီးခြင်း၊ ရွံ့ရှာခြင်းတို့ စီးမျောနေသည် ။ ဘုန်းလက်ရုန်း နှင့် ပြည့်စုံသော မင်းဧကရာဇ်အပေါ်၌ ဤသူငယ်၏ လက်စားချေချင်သည့်ဆုတောင်းသည် “ ငြေှာင့်” တစ်ခုနှင့်သာ တူတော့သည် ။ အဆိုပါ ဆူးငြေှာင့်ကို နုတ်ပစ်မှ ဖြစ်မည် ။ သို့ကြောင့် ရာဇာဓိရာဇ်လည်း ထပ်တူဆုတောင်းလိုက်သည် ။

“ ဗောလောကျန်းဒေါ တစ်ပြည်ထောင်မင်း၏ သားဖြစ်၍ ငါ့ကို စစ်ပြုလတ်သော် ငါက ဆင်နှင့်တိုက်၍ နိုင်စေသော် ”

ရာဇာဓိရာဇ်၏ လက်စားချေ ဆုတောင်းသံသည် ဟံသာဝတီ နေပြည်တော် တစ်ဝန်း၌ ပဲ့တင်ထပ်၍ သွားလေတော့သည် ။

ကျွန်ုပ်သည် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကြီးကို ဖတ်၍ သက်ပြင်း အခါခါချလိုက် မိသည် ။ လူတို့သည် မိမိဘဝ ရပ်တည်ရေး ၊ မိမိအာဏာတည်မြဲရေးတို့အတွက် သားအဖပင် ဖြစ်လင့်ကစား အမျက်ပွားတတ်ကြပေသည် ။ ဤဘဝနှင့် အမျက် မပြေ ၊ နောင်ဘဝသို့တိုင် အမုန်းတရားများကို ယူဆောင်သွားတတ်ကုန်၏ ။

လာဘ ၊ ဒေါသ ၊ မောဟ ၊ မာန်မာနတရားများ ကြီးစိုးခြယ်လှယ်နေသရွေ့ လူ့ဘောင်လောကသည် မည်သည့်အခါမျှ ငြိမ်းချမ်းသာယာရှိလိမ့်မည်မဟုတ်ပါတကား ။ ။

( ဆောင်းပါးရှင် သိန်းမြင့် ညို ( ချောက် ) သည် မျက် မှောက်ရေးရာနှင့် နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဖြစ်သည် )

◾ သိန်းမြင့် ညို ( ချောက် )

📖 7 Day news ဂျာနယ်

September 18 , 2019

koaungnaingoo.blogspot.com

.