❝ သန်းမြင့်အောင် ❞
( လောကကမ်းပါးမှာ ကြယ်ငါးကောက်လေသူ တစ်ယောက် )
သည်တုန်းကဖြင့် ဆောင်းညသည် ထိုက်တန်သလောက်တော့လည်း အေးစိမ့်လျက်ရှိပါသည် ။
၂၀၁၀ ပြည့်နှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့ည ။
ရခိုင်ရိုးမ ၊ သို့မဟုတ် အနောက်ရိုးမဘေးက ရွာကြီးတစ်ရွာမှာ ကျွန်တော်တို့ ရောက်ရှိနေကြပါသည် ။ ဘက်ရဲတဲ့ ။ ရွာကကြီးလွန်းသောကြောင့် ရွာလား မြို့လား ခွဲခြား၍မရနိုင်ကြောင်း ကျွန်တော်က ဆိုသောအခါ ဟောပြောပွဲလာပရိသတ်က “ မြို့ မြို့” နှင့် ဝိုင်းအော်ကြပါသည် ။ သည်တော့ ဘက်ရဲမြို့ဟုပဲ ဆိုလိုက်ကြပါစို့ ။
ဘက်ရဲက ကျွန်တော်နှင့် မစိမ်းလှပါ ။ ဘက်ရဲစာပေဟောပြောပွဲသို့ သုံးကြိမ်တိုင်တိုင် ကျွန်တော်ရောက်ဖူးပါသည် ။ အခု ၂၀၁၀ ပြည့်နှစ်ကတော့ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ မနုနုရည် ( အင်းဝ ) ၊ မသန်းမြင့်အောင် နှင့် ကျွန်တော် ။
ကမ္ဘာကြီး ပူနွေးလာသည်ဆိုသည့်တိုင် ဘက်ရဲကတော့ တော်တော့်ကို အေးပါသည် ။ ကိုယ့်အလှည့်မရောက်သေးမီ စင်အောက်မှာ စောင်ကြီးတွေခြုံကာ တဆတ်ဆတ် တုန်နေရသောည ။ ဆောင်းည ။
“ ဟိုတုန်းကပေါ့ ... ရခိုင်ရိုးမကြီးညို နေတုန်းကဆို အိမ်တိုင်း မီးလင်းဖိုနဲ့နေခဲ့ကြရတာ ဆရာချိုရဲ့ .… ခုတော့ အေးပင်အေးသော်လည်း ... မီးမဖိုကြရတာ အနှစ်နှစ်ဆယ် ၊ အစိတ်ရှိပြီလေ ”
ဘက်ရဲဒေသခံတစ်ယောက်က ဟိုးအနောက်ဘက် မလှမ်းမကမ်းဆီမှလရောင်အောက် မှာ ငြိမ်ဝပ်နေသော အနောက်ရိုးမကြီးရှိရာဆီ လှမ်းမျှော်ကြည့်ကာ သည်စကားကို ဆိုလာခြင်းဖြစ်ပါသည် ။ ထိုညက ဟောပြောပွဲပြီးသည့်တိုင် ကျွန်တော်တို့တစ်တွေ တော်တော်နှင့် အိပ်မပျော်နိုင်ကြ ။ စကားတွေက တောင်ရောက် မြောက်ရောက် ။
“ မသန်းမြင့်အောင် ... မဂ္ဂဇင်းတစ်စောင်က ကျွန်တော့်ကို လစဉ် ရေးခိုင်းနေတယ်ဗျ ၊ အဲဒါ အမျိုးသမီးစာရေးဆရာမတွေအကြောင်း ရေးရင် ကောင်းမလားလို့ ”
“ အယ်... ကောင်းသားပဲ... ခေါင်းစဉ်ကော ရွေးပြီးပြီလား ”
“ ကျွန်တော် အရက်တိုက်ခဲ့သော မိန်းမများဆိုရင် ကောင်းမလားလို့ "
“ အယ်... စိတ်ဝင်စားစရာ ကောင်းတယ်တော့ ၊ ဘယ်သူက စမလဲ ”
“ အင်း တစ် ကတော့ မသန်းမြင့်အောင်ပေါ့ ”
မသန်းမြင့်အောင်၏ ပြူးတူးပြာတာ အမူအရာကိုကြည့်ကာ ပြုံးစိစိ ဖြစ်သွားသူကတော့ မနုနုရည် ( အင်းဝ ) ပဲ ဖြစ်ပါသည် ။ ကျွန်တော်ကလည်း ရိုးလွန်းသည့် စာရေးဆရာမကိုကြည့်ကာ ရယ်ချင်နေမိသည် ။
တကယ်လည်း မသန်းမြင့်အောင် ယမကာမှီဝဲသည်ကို ကျွန်တော် တစ်ကြိမ်ပဲ ကြုံဖူးပါသည် ။
ယမကာဆိုသော်လည်း အရက်ပြင်းတော့ မဟုတ် ။ ဝိုင် ၊ ကမ္ဘောဇ တောင်တန်းကြီးများပေါ်သို့ စာပေဟောပြောပွဲသွားရောက်စဉ်က အောင်ပန်း ၊ ကလောတစ်ဝိုက်တွင် သောက်ခဲ့ရသောဝိုင် ။
သည်တုန်းက မှတ်မှတ်ရရ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလကြီးဖြစ်ရာ အေးခဲသောကမ္ဘောဇ၌ စာပေဟောပြောပွဲကို နေ့ပွဲများအဖြစ် ကျင်းပခဲ့ရခြင်း ဖြစ်ပါသည် ။ ဟောပြောသူရော နားထောင်သူပါ အနွေးထည်အထူကြီးတွေ ဝတ်လျက် ။ ဒေါ်ခင်ဆွေဦး ၊ ကိုတာ ၊ မသန်းမြင့်အောင်နှင့် ကျွန်တော် ။
၂၃-၁၂-၂၀၀၃ နေ့ခင်း ၁၂ နာရီ အောင်ပန်းခန်းမ ။ ၂၄-၁၂-၂၀၀၃ နေ့ခင်း တစ်နာရီ ကလော အထကခန်းမ ။ အောင်ပန်းမှာက ဆရာဒဂုန်တာရာ ၊ မသင်းမြစန္ဒီတို့နှင့်အတူ စာချစ်သူ လူငယ်အဝန်းအဝိုင်း တောင့်တင်းပါသည် ။ ကလောမှာကလည်း ကဗျာဆရာနိုင်မွန်အောင်သွင်နှင့်အတူ သူ့လူတွေ ရှိပါသည် ။ ပြီးတော့ စပျစ်ဝိုင်တွေ ၊ မ က် မန်းဝိုင်တွေက နေရာတိုင်းကနေ ကျွန်တော်တို့ကို စောင့်ကြိုလျက် ။
နှင်းတွေပိတ်ခဲနေသည့် မနက်ခင်းကြီးထဲ လိမ္မော်သီးပွပွကြီးတွေကို စားလိုက် ၊ ယစ်လည်းယစ် ရှလည်းရှသည့် ဝိုင်ခွက်ကလေးကို မော့လိုက်နှင့် ကမ္ဘောဇ၏ရသကို ကျွန်တော်စွဲသွားမိရာ အတူပါလာသည့် စာရေးဆရာ အစ်မကြီးနှစ်ယောက်ကို လက်တို့မိသည် ။
“ ဟယ် ... ကောင်းလိုက်တာ ... ကြိုက်တယ်တော့ ... ရန်ကုန်အပြန် ဝယ်သွားချင်တယ် ၊ ကိုသာချိုရယ် ၊ လုပ်ပေးဦး "
သံပြိုင် ၊ ဒါကတော့ သံပြိုင် ။
ဆရာမကြီး ဒေါ်ခင်ဆွေဦးနှင့် မသန်းမြင့်အောင်တို့၏ သံပြိုင် ။ မျက်နှာပေါ်မှာကလည်း ပန်းရောင်အရိပ်အငွေ့တွေ လွှမ်းလို့ ။ တကယ်လည်း ကျွန်တော်တို့စာပေမောင်နှမတစ်သိုက်တို့ သည်တုန်းက ကမ္ဘောဇကအပြန်မှာ ဝိုင်ပုလင်းတွေကိုယ်စီနှင့် ဖြစ်ပါသည် ။ စပျစ်နံ့က မွှေးမွှေး ။ မ က် မန်းနံ့က သင်းသင်း ။
ဒါကို ပြန်လည် အမှတ်ရကာ ကျွန်တော်က ဘက်ရဲညမှာ ကျီစယ်လိုက်ခြင်း ဖြစ်ရာ မသန်းမြင့်အောင် ပြူးတူးပျာတာ ဖြစ်သွားခြင်း ဖြစ်ပါသည် ။ တကယ်လည်း တစ်ခါလေးသောက် မိသော မသန်းမြင့်အောင် ဖြစ်ပုံရပါ၏ ။ ဘာမျှ ဟိတ်ကြီးဟန်ကြီးတွေ မရှိကြဘဲ စာပေခရီးလမ်းပေါ်၌ တွေ့ဆုံ ကြုံကြိုက်ပုံများမှာ အမှတ်ရစရာ ကောင်းလှပါဘိ ။
°°°° °°°°°° °°°° °°°°
အမျိုးသမီး စာရေးဆရာများထဲတွင် အမျိုးသမီးဟူသည့် အမြင်ကို ပျောက်ကာ စိတ်ထဲရှိသမျှ လွတ်လွတ်လပ်လပ် လွှတ်ပြော၍ဖြစ်သော ၊ သူကလည်း ပြောသော မိတ်ဆွေစာရေးဆရာမ တချို့ ကျွန်တော့်မှာ ရှိပါသည် ။ သည်အထဲမှာ မသန်းမြင့်အောင်က ထိပ်တန်းက ဖြစ်ပါ၏ ။ သူ့မှာ ဘာ ဟန်ဆောင်မှုမျှ မရှိ ။ ကွယ်ဝှက်ထားတာတွေ မရှိ ။ သူက ဖတ်ရှုရန်အသင့်ဖွင့်ထားသော စာမျက်နှာပဲ ဖြစ်ပါသည် ။
တစ်ခါ ကြံခင်းစာပေဟောပြောပွဲအပြီး ပြည်ဘက်ကနေဖြတ်အပြန် စာရေးဆရာမတစ်ဦး၏ ခါးတကယ်မတို့ခင်က ယားတယ်လို့ တွန့်သော ကိစ္စများအကြောင်း စကားစပ်မိသွားကြပါသည် ။
“ ကိုသာချိုရယ် ... ကျွန်မကလေ အမှားမဖြစ်ဖို့ သူ့ကိုသတိပေးတာ သိလား ၊ သူ ကျွန်မကို ပြန်ကြည့်နေတဲ့ မျက်လုံးကလေ ၊ ရှင့်ပုံစံကကော မှားချင်စရာကောင်းတဲ့ပုံစံလားဆိုတဲ့ မျက်လုံးမျိုးနဲ့သိလား ကျွန်မကို ကြည့်နေလိုက်တာ ”
သည်တော့ မသန်းမြင့်အောင်ကိုကြည့်ပြီး ကျွန်တော် ပြုံးမိပါသည် ။ မနုနုရည် ( အင်းဝ ) ကလည်း ပြုံးပါသည် ။ တကယ်လည်း သူ့ကိုယ်သူ ပြန်ရှုမြင်ထားသည့်အတိုင်း မသန်းမြင့်အောင်က လှသောမိန်းမတစ်ယောက် မဟုတ်ပါ ။ မိန်းမတို့၏ တန်ဖိုးကား အဆင်းတည်းဟူသည့်လောကနီတိဆရာ၏ အဆိုအရမူ သည်စာမေးပွဲ၌ မသန်းမြင့်အောင် စာမေးပွဲကျမှာ သေချာပါသည် ။ သို့သော် ကျွန်တော်တို့အသိုက်အဝန်းက သူ့ကို စိတ်လှသူတစ်ယောက်အဖြစ် အချစ်ပိုကြခြင်းပင် ဖြစ်ပါသည် ။
သူ့၌ စွတ်စိုသော မေတ္တာဓာတ်ရှိပါသည် ။ သူ့ပရဟိတလိပ်ပြာက နိုးကြားပါသည် ။ ဆရာပါရဂူက လူတစ်ယောက်ကို တန်ဖိုးဖြတ်ရာတွင် အတ္တဟိတထက် ပရဟိတကို ဘယ်လောက်လုပ်သလဲဟူသည့် စံနှုန်းဖြင့်တိုင်းတာကြောင်း ဆိုမိန့်ဖူးရာ ၊ သည်လိုဆိုလျှင်ဖြင့် ကျွန်တော်တို့၏ စာရေးဆရာမက အဖိုးတန်သော မိန်းမတစ်ယောက် ဖြစ်ပါလိမ့်မည် ။ သူ့နယ်ပယ်က ပရဟိတနယ်ပယ် ၊ သူ့နိစ္စဓူဝက ပရဟိတနိစ္စဓူဝ ။
တစ်ခါက စာပေဟောပြောပွဲစင်မြင့်တစ်ခုပေါ်ကနေ ကျွန်တော်က မသန်းမြင့်အောင်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို သင်္ချိုင်းကုန်း၌ ချိန်းတွေ့ကြရကြောင်းပြောလိုက်ရာ ပရိသတ်က ဝေါခနဲ လန်းရွှင်၍ သွားပုံကို ကျွန်တော် အမှတ်ရမိပါသည် ။ တကယ်လည်း သူနှင့်ကျွန်တော် သွားသွားဆုံတတ်သည်က သင်္ချိုင်းကုန်း ။ ပြီးတော့ ပရဟိတ သီလရှင်ကလေးတွေ ။ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ ။ HIV ကလေးသူငယ် စောင့်ရှောက်ရေး စခန်းရိပ်မြုံ ကလေးတွေ ။
သူတော်စင်ကြီး မာသာထရီဇာ (Mother Treaser) က ကမ္ဘာပေါ်မှာ ဘုမသိ ဘမသိ မျက်ရည်ကျနေတဲ့လူတွေ အများကြီးဟု ဆိုခဲ့ဖူးရာ သည်လို ဘုမသိ ဘမသိ မျက်ရည်ကျနေသူတချို့၏ သောကကို ကုစားဖို့ သူတတ်စွမ်းသမျှ ပေးဆပ်နေခြင်းဟုပဲ ကျွန်တော်က နားလည်ရပါသည် ။
°°°°° °°°°°°° °°°°° °°°°
ကျွန်တော်နှင့် မသန်းမြင့်အောင်တို့ စာပေဟောပြောပွဲတော်တော်များများ တွဲဟောဖူးရာ သူ ဟောလေ့ရှိသော ခေါင်းစဉ်က “ လူမှုဘဝ ပရဟိတနယ်ပယ် ” ပဲဖြစ်ပါသည် ။ ငဝန်မြစ်ကမ်းပါးပေါ်က အိုင်သပြုမှာ ၊ လက်ခုပ်ကုန်းကမ်းခြေ ဒေသက ဝါးဘလောက်သောက် မှာ ၊ အောင်ပန်းမှာ ၊ ကလောမှာ ၊ မြန်အောင်မှာ ၊ ကြံခင်းမှာ ၊ ဘက်ရဲမှာ ၊ မင်္ဂလာဒုံမှာ .. ။ သူ့စာပေဟောပြောမှုတွေက သူ့ပရဟိတ လုပ်ငန်း၏ အရိပ် ။ သူ့စာပေလက်ရာတွေက သူ့ပရဟိတနှလုံးသား၏ အရောင် ။
ဆိုကြပါစို့ ၊ “ ရေဝေး ထိန်ပင် ထားဝယ်ချောင် ” ၊ “ ကျွန်မနှင့် ဘဝများစွာ ” ၊ “ အထူအပါး ” ၊ “ သဏ္ဌာန်မဲ့ထုထည် ” စသည် စသည် ။ သေခြင်းတရားတွေ ၊ ခြေကုန်လက်ပန်းကျနေသူတွေ ၊ HIV ကလေးငယ်တွေ ၊ တွယ်ရာမဲ့ သက်ကြီးရွယ်အိုတွေ ။ သူ့ဝတ္ထု အများစုက သူ့လိုပဲ မလှပါ ။ ထို့ပြင် မပြေပြစ်ပါ ။ သို့သော် ကြမ်းရှသော ဝါကျနှင့် ကြွပ်ဆတ်သော စကားလုံးတွေပေါ်မှာ မေတ္တာနှင့် ကရုဏာ လွှမ်းခြုံထားသည် ။
ဒဂုံမြို့သစ်တစ်နေရာက ဆရာတော် အရှင်ခေမိန္ဒ၏ ခင်မကန်ကျောင်းတိုက်ထဲသို့ ကျွန်တော့်ကို ဟောပြောဖို့ ခေါ်ဆောင်သွားသူမှာ မသန်းမြင့်အောင်ပဲဖြစ်ပါသည် ။ ဆရာတော် သာသနာပြုထားသည့် ကိုရင်ကလေးတွေ ၊ သီလရှင်ကလေးတွေက အများအပြား ။
“ တချို့တွေက ရိုင်းပြီး ကြမ်းတမ်းနေကြတာ ဆရာရဲ့၊ မိဘတွေကလည်း မိုးလင်းကမိုးချုပ် ထွက်ရှာနေရလို့ ပြန်မကြည့်နိုင်ကြဘူး ၊ ဆရာ့ကို ဒါ့ကြောင့် ဟောပြောပေးစေချင်တာ ”
မသန်းမြင့်အောင်က ကျွန်တော့်ကို ဆရာခေါ်လိုက် ၊ ကိုသာချိုခေါ်လိုက် ။ ကျွန်တော်ကတော့ ဝင်းထိန်နေသည့် သင်္ကန်းရောင်တွေကြားက ကိုရင်ကလေးတွေ ၊ သီလရှင်ကလေးတွေ ၊ ဦးပဉ္စင်းလေးတွေကို ကြည့်ကာ ရင်ထဲမှာ ဆို့နင့်နေမိသည် ။
ကြေးရတတ်တို့၏ အမျိုးမျိုးအထွေထွေသော သင်တန်းမျိုးတွေနှင့်အလွန် အလှမ်းဝေးကွာလှသော သည်လိုကလေးလူငယ်တွေကို ပြုစုပျိုးထောင် ပေးနေသည့် ဆရာတော် အရှင်ခေမိန္ဒ၏ စိတ်ကူးကို ကျွန်တော် လေးစားမိ
ပါသည် ။
တစ်ခါကလည်း ရွှေပြည်သာဘက်က ရွှေရတနာသီလရှင်စာသင်တိုက်ကလေးသို့ ကျွန်တော် ဟောပြောပွဲ ရောက်သွားသည် ။ ဒါလည်း မသန်းမြင့်အောင် ၏ အားထုတ်မှု ။ သီလရှင်တွေသာမက ရပ်ကွက်ထဲက ကလေးတွေပါ လာရောက် နားထောင်ကြသည့်ပွဲ ။
“ အနည်းဆုံးတော့ မြန်မာမိန်းကလေးတွေ လမ်းဘေး ရောက် မသွားဘူးပေါ့ ”
စာလည်းသင် ၊ ဆွမ်းကွမ်းကိစ္စလည်း ဆောင်ရွက်နှင့်မို့ သီလရှင်ကျောင်း၏ အရိပ်မှာ သည်မိန်းကလေးတွေ လုံခြုံပါသည် ။ ဒါကို ကျွန်တော်တို့ကတစ်တပ်တစ်အား ပါဝင်အားဖြည့်ခြင်းမျှသာ ။ မသန်းမြင့်အောင်၏ ကြိုးပမ်းမှု ။
ကျွန်တော့်စိတ်ထဲ ညှိုးချုံးသွားရသည့် တစ်နေ့ကတော့ Happy Haven Humanitarian Project ခေါ် သုခရိပ်မြုံသို့ ရောက်သည့်နေ့ကဖြစ်ပါသည် ။ ကလေးတွေက သူ့ကိုမြင်လိုက်သည်နှင့် မေကြီး ၊ မေကြီးနှင့် ဝိုင်းအုံလာကြပါတော့သည် ။
သူက ကလေးတစ်ယောက်ကို ဆတ်ခနဲ ကောက်ချီထားလိုက်ပါသည် ။ ကျန်ကလေးတွေက သူ့ထဘီစကို ဆွဲသူကဆွဲ ၊ ချီပါ ချီပါနှင့် တစာစာ တောင်းဆိုသူက တောင်းဆို ။
သည်စခန်းကလေးမှာ ကလေးငယ် ၅၀လောက် ရှိပါသည် ။ အကုန်လုံး HIV ပိုးရှိထားသူတွေ ။ အားလုံးလိုလိုက အဖေ အမေ မရှိကြတော့ ။ ရောဂါဆိုးကြီး၏ အောက် မှာ အသက်ပျောက်ခဲ့ကြပြီးပါပြီ ။
“ အဓိက ကတော့ စိတ်ဓာတ်ကျမသွားဖို့ ၊ အိပ်ရေးဝဖို့ ၊ များများစားဖို့ ”
မသန်းမြင့်အောင်က ကျွန်တော့်ကို ပြောပြနေစဉ်မှာပင် ကလေးတွေက မီးရထားတန်းကြီးအဖြစ် တစ်ယောက်အင်္ကျီစ တစ်ယောက် ဆွဲကာ ရှေ့ဆုံးကလေးက သူ့ထဘီစကို ဆွဲထားသည် ။ သည်တော့လည်း ကျွန်တော်တို့၏ စာရေးဆရာမ ခမျာ မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်လုပ်ကာ ခြံဝန်းထဲမှာ လှည့်ပတ်ကစား
နေပြန်ပါသည် ။ သပ်ရပ်သားနားကာ လုံခြုံသည့်ခြံဝင်း ၊ ခေတ်မီလှပသည့် တိုက်တာ အဆောက်အအုံကလေးတွေနှင့် သုခရိပ်မြုံ က ကျွန်တော့်ကိုပါ လုံခြုံသည့် အရသာပေးပါသည် ။ သည်သုခရိပ်မြုံမှာ မဂျူးတို့ ၊ ဆရာမစုထားတို့ ၊ ရွှေဇီးကွက်တို့ ၊ ဒေါ်ကလျာထွန်းတို့နှင့်အတူ မသန်းမြင့်အောင် ပါဝင်လှုပ်ရှားနေခြင်းဖြစ်ပါသည် ။
“ တစ်ခါကျတော့ ... မီးရထားစီးချင်သတဲ့ ကိုသာချိုရယ် ... အဲဒါ တစ်ပြုံလုံးကို ခေါ်ပြီးမြို့ပတ်ရထားစီးခိုင်းရတာပေါ့ ၊ အဲဒါ နောက်တစ်ခါကျတော့ လေယာဉ်ပျံစီးချင်တယ် လုပ်ပြန်ပါရော ၊ လေယာဉ်ပျံက အသက်ကြီးမှ စီးရတာလို့ ညာထားရတယ် "
မသန်းမြင့်အောင်က သူ့အခက်အခဲတွေကို သက်ပြင်းနှင့်အတူ ရင်ဖွင့်လျက် ။ ညအမှောင်ထုကလည်း ဒဂုံမြို့သစ်ကလေးပေါ်သို့ ဖိစီးကျရောက်လာနေလျက် ။ ကလေးတွေကလည်း မေကြီး မပြန်နဲ့ ၊ သမီးတို့နဲ့ အိပ် ၊ သားတို့နဲ့ အိပ် စသည်ဖြင့် ပူဆာနေလျက် ။
“ ကိုယ်ကလည်း မိသားစုနဲ့ဆိုတော့ ညရောက်ရင် အိမ်ပြန်ရတယ်လေ ၊ အဲဒါ ... မေကြီးက ညဘက်ကျမှ အလုပ်လုပ်ရတာလို့ပြောတော့ ဘာပြောတယ် မှတ်လဲသိလား ၊ မေကြီး ညဘက်ထွက်လုပ်တဲ့အလုပ်တွေ မလုပ်နဲ့ မေကြီးရာတဲ့ "
သူက တဟားဟားရယ်မောနေပြန်ပါသည် ။ ကားက ငမိုးရိပ်ချောင်းနှင့်ယှဉ်ကာ တရိပ်ရိပ် ပြေးလွှားနေပါသည် ။
“ ဟာ အတော်ပဲ နာရေးရုံး ခဏဝင်ရအောင် ၊ ဟိုမှာ မင်းသားရှိတယ် ”
ကုသိုလ်ဖြစ်ဆေးခန်းတွေ ၊ အခမဲ့စာကြည့်တိုက်တွေ ၊ နိဗ္ဗာန်ယာဉ်တွေ ၊ ခေါင်းတလားတွေ၏ ကြားထဲသို့ ကျွန်တော် ရောက်သွားပြန်ပါသည် ။
တစ်ခေါက် မြစ်ဝကျွန်းပေါ်ဘက်သို့ စာပေဟောပြောပွဲခရီးသွားစဉ် လမ်းဘေးထမင်းဆိုင်တစ်ဆိုင်သို့ ဝင်မိကြရာ ကျွန်တော်က မသိုးမသန့်ဖြစ်တတ် သူပီပီ ဆိုင်က ထမင်းဟင်းကို စားရန်တွန့်ဆုတ်နေမိသည် ။ သူကတော့ တစ်ဇွန်းပြီး တစ်ဇွန်း ထိုးဆွကော်ခပ်စားနေပါလေပြီ ။
“ ကျွန်မတို့ကတော့ သင်္ချိုင်းမှာလည်း စားတန်စားရတာပဲ ၊ ခေါင်းဘေးလည်း ထိုင်စားရင် စားရတာပဲ ”
သည်စကားမှာတော့ သူ့လိပ်ပြာကို ကျွန်တော်ရှက်သွားမိတာ အမှန်ဖြစ်ကြောင်း ဝန်ခံလိုပါသည် ။ သူ့ကို နာရေးကူညီမှုအသင်းကားနှင့်အတူ တွေ့မြင် နေကျ မဟုတ်လား ။ ပြီးတော့ ဆည်းဆာရိပ် သက်ကြီးရွယ်အိုဂေဟာ ၊ နံ့သာမြိုင်အနာကြီးရောဂါသည်စခန်း စသည်တို့ကလည်း သူ့ဘဝနှင့် ဆက်ကာစပ်ကာ ပူးကာကပ်ကာ ။
°°°°° °°°°°° °°°°°°° °°°
ဇွန်လ၏ မိုးတဖွဲဖွဲကျနေသော ရက်တစ်ရက် မှာတော့ ကျွန်တော့်အိမ်သို့ ဆရာမ စုထား နှင့်အတူရောက်နေသော သူက အပြင်မှာရောက်နေသည့် ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်သည် ။ ကျွန်တော်ထားခဲ့သည့် ငွေတစ်သိန်းကို ယူသွားပြီဖြစ်ကြောင်း ။ ဟုတ်ပါသည် ။ ကျွန်တော်နှင့် ပညာရေးတက္ကသိုလ် စာပေးစာယူသင်တန်းသား ဆရာဆရာမများ၏ စုပေါင်းအလှူ ။ သုခရိပ်မြုံ က HIV ကလေးတွေ အတွက် ။
မနက်တိုင်သောအခါ နေမင်းကထွက် မြဲ ။ ညနေတိုင်ပြန်တော့ ရှင်နေမင်း ဝင်မြဲ ။ မိုးလင်းနှင့် မိုးချုပ်ကြားမှာ လူတော်တော်များများက ငါနှင့် ငါ့မိသားစု၏ အရေးအရာများ အတွက်သာ အသက်ရှင်သန်ကြစမြဲ ဖြစ်ပါသည် ။ ငါ့ကလေးရဲ့ ပညာရေး ၊ ငါ့မိသားစုရဲ့ စားဝတ်နေရေး ၊ ငါ့ဆွေမျိုးဉာတိရဲ့ သာရေးနာရေး ၊ ငါ့ဘိုးဘွားရဲ့ ကျန်းမာရေး စသည် စသည် ။
မသန်းမြင့်အောင်ကတော့ အချိန်တော်တော်များများကို အများအတွက် ပေးဆပ်ထားပါသည် ။ ပရဟိတ နေ့တွေညတွေ ။ ဆရာဖေမြင့် ဘာသာပြန်ဆိုသည့် နှလုံးသားအာဟာရများ ( Chicken Soup for the Soul ) ထဲကကြယ်ငါးကောက်သူ တစ်ယောက်လိုပဲပေါ့ ။
ပင်လယ်ကမ်းခြေမှာလမ်းလျှောက်သွားရင်း လှိုင်းရိုက်လို့ ကမ်းစပ်ပေါ်တင်လာသည့် ကြယ်ငါးကလေးများကို ကောက်ကာ ကောက်ကာ ရေထဲပစ်ချပေးနေသည့် လူတစ်ယောက်ကို နောက်က ပါလာသည့်လူက ပြောလေသတဲ့ ။ ကြယ်ငါးတွေအများအပြား လှိုင်းရိုက်တိုင်း ကမ်းပေါ်တင်နေသည့် လောကမှာတစ်ကောင်တလေ ကောက်ပစ်နေလို့ ဘာထူးမှာလဲဆိုသည့်စကား ။ ဤတွင် ကြယ်ငါးကောက်သူက နောက်တစ်ကောင်ထပ်ကောက်ကာ သူ့အတွက်တော့ ထူးပါတယ်ဗျာဟု ဆိုပြီး ပင်လယ်ထဲ လှမ်းပစ်ချလိုက်ပြန်သတဲ့ ။
မှန်ပါသည် ။ စာရေးဆရာမ မသန်းမြင့်အောင်၏ မေတ္တာနှင့် ကရုဏာတရားက ဤကမ္ဘာလောကပေါ်ရှိ လူသားတိုင်း၏ ထံသို့ကား မကျရောက်နိုင်ပါ ။
သို့သော် သူ လက်လှမ်းမီသမျှ ကြယ်ငါးကလေးတွေကိုတော့ သူ တတ်စွမ်းနိုင်သမျှ ကောက်ကာကောက်ကာ ပင်လယ်ထဲ ပစ်ချပေးနေခဲ့ပြီး ဖြစ်ပါသည် ။ လောကကမ်းပါးစပ်ပေါ်မှာ ဖျပ်ဖျပ်လူးနေသည့် နောက်ထပ်ကြယ်ငါးများစွာကို သူ ကယ်တင်နိုင်ပါစေကြောင်းဖြင့် ပရဟိတစာရေးဆရာမသန်းမြင့်အောင်သို့ ရည်ညွှန်းလိုက်ရပေသည် ။
◾ မောင်သာချို
📖 စတိုင်သစ်မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၀