❝ ကြည်ကြည်ဌေး ❞
ကြည်ကြည်ဌေးအကြောင်း ပြောရမယ်ဆိုလျှင် " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံမှ စရလိမ့်မယ် ။ ငယ်နာမည် - မကျင် ၊ ဇာတ်နာမည် - အောက်ချင်းမ ။ ပြဇာတ်မင်းသမီးနာမည် - မာလာရီ ဆိုတဲ့အမည်တွေက ရုပ်ရှင်ပြဇာတ် ဧကရီ ကြည်ကြည်ဌေးဘဝကို “ ကဌေး ” က မွေးပေးလိုက်တာဖြစ်လို့ပါပဲ။
ဒုတိယကမ္ဘာစစ်ဖြစ်လို့ ရုပ်ရှင်ကုမ္ပဏီတိုင်း ရပ်ဆိုင်းလိုက်တာနှင့်တစ်ပြိုင်တည်း ရုပ်ရှင်သမားတွေ အလုပ်လက် မဲ့ဖြစ်ခဲ့ကြရတယ် ။ ဂျပန်ဝင်လာပြီးနေသားတကျ ရှိသလို ဖြစ်တဲ့အခါမှာတော့ ရုပ်ရှင်ကုမ္ပဏီတွေက အသံတိတ် ကားဟောင်းတွေပြလို့ ဝင်ငွေ သိပ်ကောင်းလာကြတယ် ။ကောင်းသမှ ကားသစ်အနေနဲ့ စပြခဲ့ ရတဲ့ဝင်ငွေထက် ပိုတယ် ။
စစ်ဘေးစစ်ဒုက္ခ သောကအထွေထွေကို စိတ်ပြေလက်ပျောက် ကြည့်စရာကအဲသည် ကားဟောင်းတွေပဲရှိတယ် ။ ဇာတ်သဘင် အငြိမ့်ဆိုတဲ့ အဖွဲ့အစည်းတွေက ဇာတ်ခေါင်းကွဲနေကြတဲ့အချိန်မှာ ပြစက် နှင့် ကားထုပ်ရှိလျှင် ရုံဝင်ခရတဲ့ အလုပ်က စားသာနေကြတယ် ။ ဘယ်လောက် ညံ့တဲ့ကား ဖြစ်ဖြစ် ရုံပြည့်အောင်ကြည့်ကြတာပဲ ။
အပျက်အစီးတွေ စုပုံနေတဲ့ မြိုထဲမှာထက် ရွှေတိဂုံခြေရင်းက ဗဟန်းရပ်ကွက် တစ်ခုလုံးဟာ မဟာရန်ကုန်ဖြစ်နေတယ် ။ အဲသည်က ကန်တော်မိတ်ရုံ နှင့် ကန်တော်မင်္ဂလာရုံ နှစ်ရုံဟာ အဲသည်အချိန်ကတော့
သမ္မတ နှင့် ပပဝင်းပေါ့ ။
ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မင်းသားတွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက သောက်သောက်လဲအောင် ငွေတွေရနေပေမယ့် သူတို့မှာတော့ ဘာမလုပ်တတ် ညာမလုပ်တတ်နဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြရတယ် ။ ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အရေးစိုက်တယ် မကြားဖူးပါဘူး ။
လူတိုင်းအရောင်းအဝယ် ပွဲစားကုန်သည်လုပ်လို့ ဂျပန် ငွေစက္ကူတွေ ပလူပျံနေတဲ့ လက်ကျဲကြီးထဲမှာရုပ်ရှင်မင်းသမီး မင်းသားတွေမှာတော့ အရောင်းအဝယ်လည်း မလုပ်တတ်ကြဘူး ။ မလုပ်ဝံ့ကြဘူး ။
လုပ်လည်း မလုပ်ချင်ကြဘူး ။ ဇာတ်ကားတွေထဲမှာ မိမိတို့မျက်နှာနဲ့ အက်တင်လုပ်နိုင်ကြပေမယ့် လူထုကြားထဲဝင်ပြီးအရှင်လတ်လတ် လှုပ်ရှား ဆက်ဆံရမှာတော့ ရှက်တယ် ။ ကြောက်တယ် ။ ဂုဏ်ငယ်တယ်လို့ ထင်နေကြတယ် ။
လူဆိုတာ အကျဉ်းအကျပ် အခက်အခဲက ထွက်ပေါက် လွတ်ပေါက်ရှာကြရတာ ဓမ္မတာပဲ ။ ကြံကြဖန်ကြတာ ထုံးစံပဲ ။ ကြံတော့လည်းဖြစ်တာပဲ ။ ဒီတော့ ဘာလုပ်ကြသလဲ ။ ဇာတ်စင်ပေါ်တက် လူလုံးပြပြီး မိမိတို့ဆိုတတ်ပြောတတ် အမူအရာလုပ်တတ်သလို သရုပ်ဆောင်ပြပြီး " လူဘိုင်စကုတ် ” ဆန်ဆန်ပြဇာတ်တွေလုပ်လာကြတာပေါ့ ။အဲသည်လို လုပ်လိုက်တော့ ရုပ်ရှင်ကားဟောင်း ကားဆွေးတွေပြနေကြတာထက် အောင်မြင်ပြီး ရုပ်ရှင်ရုံတွေက ပြဇာတ်ရုံဖြစ်လာကြတာပါပဲ ။
အတိုချုံးပြောရရင် ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်က " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ် ။ လူကြိုက်လို့ ဝင်ငွေကောင်းလာတော့ ပြဇာတ်အဖွဲ့တွေ ပြဇာတ်ရုံ တွေ အလျှိုလျှို ပေါ်လာတာပေါ့ ။ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ ၊ ရေကျော်မှာ ဇော်ရုံ ။
ပြဇာတ်အဖွဲ့ တွေများလာတော့ မင်းသမီးမင်းသားတွေ ရှားလာတယ် ။အကြောင်းက ရုပ်ရှင်မင်းသမီးမင်းသားတိုင်း ပရိသတ်ကြိုက်တဲ့ ပြဇာတ်သရုပ်ဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ ရုပ်ရှင်မှာ မှားလျှင် ပြန်ရိုက်လို့ရတယ် ။ ပိုလျှင် ဖြတ်လို့ရတယ် ။ သီချင်းကိုလည်း သူများက ဆိုပေးလို့ရတယ် ။ ဖလင်ကို စိတ်ကြိုက် ဖြတ်တောက် ပြုပြင်လို့ သဲလဲစင်ကောင်းလာမှ ပိတ်ကားပေါ်မှာ ပြရတာကြောင့် ပရိသတ်က ကြိုက်နေကြတာ ဖြစ်တယ် ။
ပြဇာတ်ခုံပေါ်ကျတော့ ထွက်တယ်ဆိုကတည်းက ပရိသတ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီ ။ စကားအပြောအဆို သီချင်းရဲ့ စည်းဝါး အသံတည်အသံထား အမူအရာမှားလို့ မဖြစ်တော့ပါဘူး ။ မိမိနဲ့ တွဲဖက် သရုပ်ဆောင်သူနဲ့ အပေးအယူမျှအောင် မျက်နှာပေး မျက်နှာယူတွေကိုလည်း တတ်မှဖြစ်တယ် ။ အဲသည် သဘင်ပညာမျိုးက အလေ့အကျင့် မရှိလျှင် တော်တော် ခဲယဉ်းတာကြောင့် ရုပ်ရှင်မှာ နာမည်ကျော်ပေမယ့်လည်း ပြဇာတ်ပေါ်မှာ နာမည်မရနိုင်ကြပါဘူး ။ ဒါကြောင့် ပြဇာတ် မင်းသမီးကောင်းမင်းသားကောင်း လိုလာကြတာပေါ့ ။
အခုနပြောတဲ့ ကဌေးရုံမှာ ကျွန်တော်က " ချစ်တော့ချစ်တယ် ” ပြဇာတ်ကို တင်ပြီးတဲ့အခါမှာ ပြဇာတ်မင်းသမီး မင်းသားအသစ်တွေ ပေါ်လာအောင် အနုပညာရှင်ရွေးပွဲလုပ်ကြဖို့ အဖွဲ့ ပိုင်ရှင် ရုံပိုင်ရှင်တို့ နှင့် တိုင်ပင်ပြီးသတင်းစာတွေထဲက ကြော်ငြာ ခေါ်ယူလိုက်တယ် ။ လာလိုက်ကြတဲ့ ဝါသနာရှင်ကလေးတွေ အမျိုးသမီးရော အသားရော အရွယ်အစားစား အများကြီးပေါ့ ။ လက်စလက်နရှိတဲ့ ခေတ်ပညာတတ် ကလေးတွေလည်းပါကြတယ် ။ အကဲဖြတ်အဖွဲ့ကသတင်းစာ ဆရာ ၊သတင်းထောက် ၊ စာရေးဆရာ ၊ ဂီတသဘင် ပညာရှင်များပေါ့ ။
သတ်မှတ်ကြော်ငြာထားတဲ့ ပြိုင်ပွဲမလုပ်မီ တစ်ရက်နှစ်ရက် အလိုမှာ ကျွန်တော့်အိမ်ကို ကြည်ကြည်ဌေး ဖြစ်လာမယ့် မကျင် နှင့် သူ့ ခင်ပွန်း ကိုအောင်သိန်းတို့ ရောက်လာကြပါတယ် ။ ကဌေး ပြိုင်ပွဲနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းရအောင်လာကြတာပါ ။ အဲသည်မှာ သူ့ကို စတွေ့ရခြင်းပါ ။ အသားအရေညိုစိမ့်စိမ့် ၊ ပုြပတ်ြပတ် ပါးပါး လျားလျားမျက်လုံးမျက်ဖန် နှာတန်နှုတ်ခမ်းက မြန်မာဆံဆံ ၊ ရိုးရိုးသားသား သာမညရုပ်မျိုး ၊ အသက်ကတော့ နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ။
သူ ကျင်လည်ခဲ့ရသောအတွေ့အကြုံ အရည်အချင်းတွေကို ပြောပြပါတယ် ။ ဇာတ်ထဲမှာ အောက်ချင်းမ အမည်နှင့် ဇာတ်မင်းသမီး လုပ်ခဲ့ဖူးကြောင်း ၊ ကျော်အုံးလှိုင်အဖွဲ့ ရာဇဝင်ပြဇာတ်မှာ မာလာရီ ဆိုတဲ့ အမည်နှင့် အတော်ထင်ရှား လူကြိုက် များခဲ့ကြောင်း ၊ ယခု ဇာတ်ခေါင်းကွဲ၍ နားနေရကြောင်း ၊ ကဌေးရုံမှာလုပ်မယ့် ပြဇာတ် မင်းသမီး ပြိုင်ပွဲကိုဝင်လျှင် လက်ခံနိုင်စရာရှိမရှိ သိလို၍ လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောပါတယ် ။
သူပြောနေတဲ့အမူအရာ လေသံဟန်ပန်တို့ဟာ သူဝတ်ဆင်လာတဲ့ အဝတ်အစားနှင့် လိုက်ဖက်အောင် ရိုးရိုးသားသားပါပဲ ။ ရဲတင်းပွင့်လင်းပေမယ့် ရိုသေလေးစားခြင်းအပြည့်ဖော်ပြနေတယ် ။ ကြွားဝါဟန်ဆောင်မှုကင်းတယ် ။ သူ့ရဲ့ ထုံးဖွဲ့ဆင်ယင်မှု ၊ခြယ်လှယ်လိမ်းသမှုမှာလည်း မျက်ခုံးမဆွဲ သနပ်ခါးရည်ကျဲကလေးလောက်ပါပဲ ။ တကယ်တော့ ခေတ်အမျိုးသမီး ပညာတတ်ကလေးတွေကြားမှာ သူလို ဇာတ်မင်းသမီးက ဝင်လျှောက် ယှဉ်ပြိုင်ရမှာ မဝံ့မရဲဖြစ်နေကြောင်း အတိအလင်း ဖွင့်ပြောပါတယ် ။
ကျွန်တော်ကတော့ သူ့အရည်အချင်းကို စတွေ့တွေ့ချင်းပဲ အကဲခတ်နိုင်ပြီး ပြဇာတ်ရဲ့ ဂုဏ်အင်္ဂါ ပြဇာတ်ရဲ့ ပညာဟာ သဘင်ပညာက ပေါက်ဖွားလာတာလို့ ပြောရပါလိမ့်မယ် ။ သို့ပေမဲ့ သဘင်ပညာကို ပြဇာတ်စင်ပေါ်မှာ ဇာတ်မူအတိုင်းသုံးလျှင်တော့ ဇာတ်ဆန်နေတတ်ကြပြန်ပါတယ် ။ ဒီလိုကျပြန်တော့ ပရိသတ်က လက် မခံကြဘူး ။ ဒါကြောင့် ကျွန်တော်က သူ့ကို အမှတ်တရ မှာလိုက်ရတယ် ။
“ ကဲ - မကျင် ၊ ပြိုင်ပွဲသာ လာဝင်လှည့် ၊ ကိုယ်ရတဲ့ ခေတ်သီချင်း တစ်ပုဒ်ကို ဆိုပြရမယ် ။ သီချင်းဆိုရင်း အမူအရာလုပ်ပြရမယ် ။ နောက် တွဲဖက် တစ်ယောက်နဲ့ သတ်မှတ်ထားတဲ့ အချစ်စကား ၊ အလွမ်းစကား ၊ အပေးအယူစကားတွေကို အပြောခိုင်းလိမ့်မယ် ။ ဒါတွေဟာ ဇာတ်သမား တစ်ယောက်အနေနဲ့ အလွယ်ကလေးပဲဆိုပြီး စိတ်လိုက် မာန်ပါ မလုပ်လိုက်နဲ့ ။ အရပ်သူ ကျောင်းသူလို့ ပရိသတ်က ထင်ရအောင် ခပ်လျှော့လျှော့ လုပ်ပေး ။ နားလည်အောင် ထပ်ပြောမယ် ။ ခုနှစ်တန်းစာမေးပွဲကို ဘီအေလိုမဖြေနဲ့ ။ ဘီအေလိုဖြေလျှင် စာမေးပွဲကျလိမ့်မယ် ။ ဒါပဲ ”
ပြိုင်ပွဲလုပ်မည့်နေ့မှာ သူ့ကိုတွေ့လိုက်ရတော့ ကျွန်တော် ဒေါသဖြစ်မိတာကို သတိရနေပါသေးတယ် ။ အဝတ်အစားအဆင်အပြင် အလိမ်း အခြယ်တွေက သာမန်ရိုးရိုး ရှိပေမယ့် ဆံပင်ကို ခေတ်ဆန်အောင်ရယ်လို့ ခပ်တိုတို ဖြတ်ပြီးအကောက်အတွန့် ကလေးတွေ လုပ်လာလို့လေ ။
ဤပြိုင်ပွဲမှာ ဘီအေလို သူမ ေ ြဖလိုက်ပါဘူး ။ ဖြေများဖြေလိုက်လျှင် ကျမှာက မရှုမလှပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့လျှောက်လွှာထဲမှာ ဓာတ်ပုံနှင့်တကွ အရည်အချင်းကို ဖော်ပြရတာကြောင့် ဇာတ်မင်းသမီးကလေးဆိုတာကို အကဲဖြတ်အဖွဲ့က သိထားကြသကိုး ။
အရပ်သူ ကျောင်းသူ အပျော်တမ်း ဝါသနာရှင်တွေထဲမှာ ဇာတ်မင်းသမီးတစ်ယောက်က ဝင်ပြိုင်လို့ ဘယ်တရားမှာလဲ ။ ခွင့်မပြုထိုက်ဘူးပေါ့ ။ ဒီတော့ ကျွန်တော်က ဝင်ပြောရတယ် ။
“ ကျွန်တော် တစ်ခုပြောပရစေ ။ အခုလုပ်တဲ့ပွဲဟာ ကျောင်းကပွဲအတွက် လူရွေးတာမဟုတ်ပါဘူး ကြေးစားပြဇာတ်အတွက် ကြေးစားပညာသည်ကိုဖြစ်စေ ၊ အရပ်သူ အရပ်သား အပျော်တမ်း ပညာသည်ဖြစ်စေ တော်တဲ့လူ သင့်တဲ့လူကို ကျွန်တော်တို့ အသုံးချနိုင်ဖို့ ရွေးယူကြ
ရမှာဖြစ်ပါတယ် ။ ဒါကြောင့် အကဲဖြတ်အဖွဲ့က လက်ခံကြည့်ကြပါဦးလို့ ။ ဒါကို တစ်ဦးကပြောသေးတယ် ။ " ပြဇာတ် မင်းသမီးရွေးတာ ဇာတ်ဆန်နေလျှင် ဘယ့်နှယ်လုပ်မလဲတဲ့ ” လေ ။ “ ကြည့်ပြီးမှ ဆုံးဖြတ် ပါစို့လား ခင်ဗျာ ။ ဇာတ်ဆန်တာကို ကျွန်တော်တို့လည်း မကြိုက်ပါဘူး ”
အဲသလိုနဲ့ပဲ မင်းသမီးရွေးပွဲမှာ မကျင်က ဒုတိယရခဲ့ပါတယ်။
ပထမရသူက ယခု မြင့်မြင့်ဌေးလို့အမည်ရခဲ့တဲ့ မကြည်ပါ ။ တကယ်ကလည်း မကြည်ကကိုယ်လုံးကိုယ်ထည် ဖွံ့ဖွံ့ ဖြိုးဖြိုး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို ခန့်ပါတယ် ။ လှပါတယ် ။ အပြောအဆို အမူအရာလည်း ရဲဝံ့ပိုင်နိုင်ပါတယ် ။ ညောင်လေးပင်သူ ဝါသနာရှင်တစ်ဦးပေါ့ ။
သူ့ကိုလည်း ကျွန်တော်ပဲ တိုက်တွန်းခဲ့ရတာပါ ။ မြို့တော်ခန်းမမှာ တေး ချိုချို ဆိုတဲ့ ပြဇာတ်ကို မင်းသားကြီးကိုဇေယျ ပထမပြဇာတ်စင်ပေါ် ညကျွန်တော် တင်တဲ့ပွဲမှာ မကြည်က လာကြည့်လို့ စသိတဲ့နေ့မှာပေါ့ ။
နာမည်ကျတော့ အရပ်အမောင်းမြင့်မားတဲ့မကြည်ကို " မြင့်မြင့်ဌေး ” ။ သွယ်သွယ်လျလျ မကျင်ကို “ ကျင်ကျင်ဌေး ” လို့ ခေါ်ရမှာ တရုတ်ဆန် နေတဲ့အတွက် " ကြည်ကြည်ဌေး ” လို့ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့က ကင်ပွန်းတပ်လိုက်ကြပါတယ် ။ သူတို့အပြင် မင်းသမီးကလေးနှစ်ယောက်နဲ့ မင်းသားသုံးယောက်လို့ ထင်ပါတယ် အရွေးခံရတာ ။
ကြည်ကြည်ဌေးကို ကဌေးမှာ စပြီး စင်တင်တာက ကျွန်တော်ရဲ့ " ဪမိန်းမ ” ပြဇာတ်ပါ ။ ကြည်ကြည်ဌေး နှင့် မြင့်မြင့်ဌေး ကဌေး မင်းသမီးနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းတင်ပြနိုင်မယ့် ပြဇာတ်အသစ် တစ်ခုကို ကျွန်တော်က ရေးသားစီစဉ်နေတဲ့အတွင်း မြိုင်ရုံမှာ တင်ခဲ့ဖူးတဲ့ ေဩာ် မိန်းမမှာ ကြည်ကြည်ဌေးကို “ ခွပ်လက်ချ ” ကြည့်ရအောင် တင်ကြည့်တာပါ ။ သူလုပ်ရမယ့်နေရာက မင်းသမီးမဟုတ်ပါဘူး ။ စိန်ကုန်သည်ဟန်ဆောင် ၊ ဆရာဝန်ကတော် ဟန်ဆောင်ပြီး စိန်ကုန်သည် ကြယ်နီကြီးရဲ့ စိန်တွေကို လိမ်ယူထွက်ပြေးရမယ့် မိန်းမလည်ကလေး နေရာကပါ ။ သူကတော့ မင်းသမီး မလုပ်ရလို့ သိပ်ကျေနပ်ပုံ မပေါ်ပါဘူး ။ ဒါကိုကျွန်တော်သိတယ် ။ ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော် ။
သူ့ကိုဇာတ်စင်ပေါ်မှာ အောက်ချင်းမအနေနဲ့လည်း မကြည့်ဖူးဘူး ။ မာလာရီအနေနဲ့လည်း မမြင်ဖူးဘူး ။ ဒီတော့ မြေစမ်းခရမ်းပျိုးရအောင် အကွက်နည်းနည်းမှာ အရည်အချင်း အများဆုံးပြနိုင်မယ့် ဇာတ်ကွက်ကို ပေးကြည့်ခြင်းပါ ။ အဲ - " ဆုတ်သာတက်သာ ” လည်း ဖြစ်သပေါ့ ။
ဒီနေရာမှာ ဇာတ်ကောင်ဇာတ်ကွက်ရဲ့ အရည်အချင်း ဖြစ်ပုံကို ပြောရဦးမယ် ။ တချို့ မင်းသမီး မင်းသားဇာတ်ကောင်ဇာတ်ရံများဟာ ဇာတ်ကွက်ထဲမှာ ဂုဏ်နိမ့်မယ် ၊ အကျင့်စာရိတ္တ ဖောက်ပြားရမယ်ဆိုတဲ့ ဇာတ်ကောင်မျိုး နေရာမျိုးဆိုလျှင် ရှောင်ချင်ကြတယ် ။ မလုပ်လိုကြဘူး ။ ကျွန်တော်ပြောရဲပါတယ် ။ ကြည်ကြည်ဌေးဟာ အဲသည်တုန်းက ကျွန်တော့်ကို မငြင်းဝံ့လို့ လုပ်ရရှာတာပဲ ။
နောက်တော့ သူသိလာပါတယ် ။ ကိုယ့်ရုပ်ရည်အလှနှင့် ယောက်ျားတွေကို " ကျ ” အောင် ပြောရ ဆိုရ ၊ မူရ နွဲ့ ရ ၊ ငိုရမဲ့ရ သဘာဝကျအောင် သရုပ်ဆောင် ရတာဟာဣန္ဒြေ သမ္ပတ္တိနဲ့ လှလှကလေးလုပ်ပြရတာထက် ခက်ခဲပါတယ် ။ ဒါမျိုးက ဟာသ - ပသာဒ - ၀စန စကားကြွယ်မှ လုပ်နိုင်ကြပါတယ် ။
ဇာတ်ကောင် နေရာ အရွေးမှားမှန်း နောက် မှသိလို့ နောင်တရကြတဲ့ အဖြစ် ကြုံခဲ့ဖူးတာ ပြောရဦးမယ် ။ ကျွန်တော်ရဲ့ ဂုဏ်ရည်မတူ ဝတ္ထုကို ဂျပန်ခေတ်က ကန်တော်မိတ်ရုံမှာ " ဂုဏ် ” ဆိုတဲ့နာမည်နဲ့ တင်တဲ့အခါတုန်းကပေါ့ ။ သူတောင်းစားမကလေး မယ်သုံ နေရာမှာ နာမည်ကြီး ရုပ်ရှင် မင်းသမီးကလေးတစ်ယောက်က သူမလုပ်ပါရစေနဲ့လို့ တောင်းပန်တယ် ။ သူဌေးသမီးကလေးနေရာမှာသာ ထားပေးပါတဲ့ ။ နောက်အရူးပေါက်စီ နေရာလည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ကငြင်းပြန်တယ် ။ အဲဒီတော့ ယိမ်းခေါင်းဆောင်အဖြစ်နဲ့ပါလာတဲ့ အေဝမ်းက ဇာတ်ရံ မင်းသမီးကလေး မေကျင် ကို မယ်သုံအလုပ်ခိုင်းပြီး အရွယ်ကြီးတဲ့ မင်းသား ကိုဘချစ်ကို အရူးပေါက်စီအလုပ်ခိုင်းရတယ် ။
နာမည်ကြီး မင်းသမီး မင်းသားနှစ်ယောက်တော့ တစ်ယောက်က ပန်းချီဆရာ ။ တစ်ဦးက သူဌေးသမီးကလေးပေါ့ ။
ဇာတ်လည်း တင်ကလိုက်ရော ။ ပေါက်စီ နဲ့ မယ်သုံ ဆိုတဲ့နာမည်က ဟိန်းထွက်လာပါလေရော ။ မင်းသမီးနာမည်လည်း ဂုဏ်မေကျင် ဖြစ်သွားရော ။ နှစ်ရက် သုံးရက်ကပြီးတော့ သူတို့နှစ်ယောက်က အရေးဆိုလာပြန်တယ် ။ သူတို့က နာမည်ကြီး မင်းသမီးမင်းသားတွေပါတဲ့ ။ သူတို့ကိုလည်း ဒီနေရာတွေမှာ ပေးက,ပါတဲ့ ။ က,လက်စ လူနှစ်ယောက်ကလည်း မပေးနိုင်ဘူးလေ ။ မင်းတို့ မက,ချင်လို့ မင်းတို့က ပယ်လို့ တို့ကဝင်က,ရတာ ။ အခုမှ ငါးပွက်ရာ ငါးစာ လာမချနဲ့ပေါ့ ။ အဲသည်အရေးက တုတ်တပြက် ဓားတပြက် ဖြစ်ကြတဲ့အထိပဲ ။ နောက် စကားနည်း ရန်စဲ ကျွန်တော်ကပဲ သုံးရက်စီ ဝင်ကကြဖို့ စီစဉ် ပေးရတယ် ။ ဒါပေမဲ့ လမိုင်းမကပ်တော့ဘူးလေ ။ အထာမကျတော့ ပရိသတ်က လက် မခံတော့ဘူး ။ ဂုဏ်မေကျင်မှ မေကျင်ပဲ ။ အရူးပေါက်စီလည်း ကိုဘချစ်မှပဲ ။
ကြည်ကြည်ဌေးအကြောင်းကို ဆက်ရမယ်ဆိုလျှင် အဲသည် ေဩာ်မိန်းမ မှာပဲ ပရိသတ်ကလိုလိုလားလား လက်ခံလာတာကို တွေ့ရတယ် ။ သူ့ဟာသ ကလေးတွေက ထိမိတယ် ။ ကြယ်နီကြီးကလည်း လူရွှင်တော်ကောင်း ။ သူကလည်း အပို့အယူတတ်တဲ့မင်းသမီးမို့ အအုပ်အခံနဲ့လုပ်သွားလိုက်ကြတာ ပရိသတ်မှာ တဝါးဝါးပါပဲ ။ တကယ်တမ်း ပြောရလျှင် ဒီနေရာမျိုးမှာ တော်ရုံပညာနဲ့မရတာ လက်တွေ့ပဲ ။
ေဩာ် မိန်းမ ပြီးတော့ သူနဲ့ မြင့်မြင့်ဌေး ပြိုင်တူပါဝင်တဲ့ ချစ်ကုမ္ပဏီ ဆိုတဲ့ပြဇာတ်ကို တင်ရပါတယ် ။ မြင့်မြင့်ဌေး ကို အလှအပနဲ့ ချစ်စရာကောင်းပြီး သူဌေးသမီးနေရာက မောင်မျိုးချစ်နဲ့တွဲစေတယ် ။ ကြည်ကြည်ဌေးကိုတော့ အဖိနှိပ်ခံဆင်းရဲသူကလေးနေရာက မင်းသား အသစ်ကလေးတစ်ယောက်နဲ့ တွဲစေပါတယ်။ မြင့်မြင့်ဌေးနေရာက ပျော်မြူးစရာနှင့် ချစ်စရာ ။ ကြည်ကြည်ဌေးနေရာက အလွမ်းပေါ့ ။
ကျွန်တော် ဇာတ်ခွင်ချ လူရွေးတဲ့နေရာမှာ အမြဲသတိထားတာ ရှိပါတယ် ။ ဥပမာနဲ့ပြောရရင် ရေမြွေကို မြွေဟောက်လို မသုံးနဲ့ ။ မြွေဟောက်ကို ရေမြွေလို မသုံးမိဖို့ပဲ ။ ရုပ်ရှင်တို့ ပြဇာတ်တို့မှာ ဒါရိုက်တာသာ ပဓာန ။ ဒါရိုက်တာရဲ့ အရည်အချင်း ပင်ကိုဗီဇနှင့် ပညာကိုပါ အကဲခတ်ပြီး ကိုင်တွယ်ကြရပါမယ် ။ ရေမြွေကို ပါးပြင်း မထောင်ကောင်းလားလို့ ရိုက်သင်လည်း သေရုံပဲရှိမှာပါ ။ မရပါဘူး။ အဲ - မြွေဟောက်ကို ပါးပျဉ်း မထောင်ရအောင်ထားလျှင်လည်း သူ့အစွမ်းအစကို ဖော်မပြလိုက်နိုင်သလို ရှိပါလိမ့်မယ် ။ ကိုယ့်တပည့် အရင်း အဖျားဆိုပြီး မျက်နှာလိုက်ရင် အနုပညာဘက် မှာ အဆီအငေါ်မတဲ့သည့်အပြင် ဆုံးရှုံးကြရမှာ မလွဲဧကန်ပါ ။
ကြည်ကြည်ဌေး မဖြစ်ခင်ကရုပ်ရှင်မင်းသမီးကလေးများ ဖြစ်လိုဖြစ်ငြား ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုမှာ အလုပ်လျှောက်ဖူးသတဲ့ ။ ထိုကုမ္ပဏီကြီးများက ဇာတ်မင်းသမီးမို့ ဇာတ်ဆန်တယ်လို့ ပယ်လိုက်ကြသတဲ့ ။
ကျွန်တော်ကတော့ သစ်ဆန်းရုပ်ရှင်က " ချစ်အဏုမြူ ” အသံတိတ် ဇာတ်ကားပြီးပြီးချင်း " ဂမုန်းနှင့်သဇင် ” ဆိုတဲ့ ဇာတ်ကို ခေါင်းဆောင်တင်ရိုက်ရအောင် စရံငွေသုံးရာပေးထားလိုက်ပါတယ် ။ အဲသည် အချိန်တုန်းက ခေါင်းဆောင်မင်းသမီးတိုင်းတောင် တစ်ထောင် မရပါဘူး ။ သူ့ကို ကျွန်တော်က တစ်ထောင်နဲ့ ပြောပြီး စရံငွေ သုံးရာပေး လိုက်ခြင်းပါ ။ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ပဲ ဆိုပါစို့ ။ သူ့ကို ကျွန်တော်က ဦးစွာ မရိုက်လိုက်ရပါဘူး ။ ကျေနပ်စွာနဲ့ပဲ စရံငွေ အဆုံးခံခဲ့ပါတယ် ။
ကျွန်တော်လည်း ဂုဏ်ရည်မတူ ဇာတ်ကစပြီး ရုပ်ရှင်အလုပ်ကို ဇောက်ချပြီး လုပ်လာရတော့ ပြဇာတ်လောကနှင့် ပြတ်တောင်း ဖြစ်လာပါပြီ ။ သူ့မှာလည်း ကျွန်တော့်ဆရာ အေဝမ်းဦးတင်မောင်ရဲ့ အသင်အပြနဲ့ ချစ်သက်ဝေ ဇာတ်ကားမှာ အကယ်ဒမီရခဲ့ပါပြီ ။ အဲသည်နောက် ရတနာပုံ ဇာတ်ကား ရိုက်ပြီးတဲ့အခါက စလို့ပေါ့လေ ။ ရုပ်ရှင်အထာ ရုပ်ရှင်ပညာ ရိပ်မိလာတဲ့အချိန်မှာ ဒါရိုက်တာအသစ်တွေတောင် သူကမွေးထုတ်နိုင်ခဲ့တာ ရုပ်ရှင်လောကမှာ သိကြရပါတယ် ။
ကြည်ကြည်ဌေး မာနကြီးသလား - လို့ ကျွန်တော့်ကို မေးလျှင် မကြီးပါဘူး ကြီးပါတယ်လို့ ကျွန်တော်က ဖြေမှာပဲ ။ ကြည်ကြည်ဌေး ဟာ အပြင်ပေါင်း ပေါင်းလျှင် အလွန် နိဝါတ ရှိပါတယ် ။ အင်မတန် နူးညံ့ပါတယ် ။ ကိုယ်ချင်းစာပြီး အကြင်နာတရား ထားတတ်ပါတယ် ။ ဒါပေမဲ့ ရုပ်ရှင်ခွင်ထဲမှာ ဖြစ်ဖြစ် ပြဇာတ်ခွင်ထဲမှာ ဖြစ်ဖြစ် နှာဖြတ်တယ် ဖနောင့်နင်းတယ် အကြေးလှန်တယ်ဆိုရင် နည်းနည်းကလေးမှ သည်းမခံချင်ပါဘူး ။ နိုင်ရာက တုံ့ပြန်တတ်ပါတယ် ။ အဲ - ဇာတ်စကား ဝေါဟာရကို ရှင်းပြရဦးမယ်ထင်တယ် ။ မသိတဲ့သူတွေအတွက်ပါ ။ နှာဖြတ်တယ်ဆိုတာ ကိုယ်မပြောခင် ဝင်ပြောလိုက်တာ ။ ရုပ်ရှင်မှာဆိုရင် ကိုယ့်မျက်နှာ ကင်မရာထဲမှာ ပေါ်အောင် နေရာယူလိုက်တာ ။ သူများရှေ့ကနေပြီး ကိုယ်က ကွယ်ထားတာတွေပေါ့ ။ ဖနောင့်နင်းတယ်ဆိုတာက လမ်းသွားနေတုန်း တစ်ဖက်သား အသွားပျက်အောင်ဖနောင့်ကို နောက်ကနေ နှင်းလိုက်သလို သူများပြောကောင်းတုန်း ဆိုကောင်းတုန်း လွမ်းကောင်းတုန်းမှာ အမူအရာနဲ့ ဖြစ်ဖြစ် အပြောအဆိုနဲ့ ဖြစ်ဖြစ် အရှိန်ပျက်အောင် ဖျက်လိုက်တာ ။ ရုပ်ရှင်မှာ နှစ်ယောက်ပြိုင်တူ ပြောဆို လုပ်ကိုင်သရုပ်ပြနေလို့ တစ်ဖက်သားက ကိုယ့်ထက်သာနေမှန်းသိရင် ဒါရိုက်တာက ပြန်မရိုက်ဘဲ မနေရအောင် ကိုယ်က တမင်မှားပြော မှားလုပ်လုပ်တာမျိုး ။ အကြေးလှန်တယ်ဆိုတာကျတော့ ငါးများ အကြေးကိုလှန်ရင် အခံရခက်အောင်လုပ်သလို ဇာတ်ဝင်စကားမဟုတ်ဘဲကိုယ်ရေးကိုယ်တာတွေကို ထည့်ပြောဝေဖန်တာ ။ ပျက်လုံးထုတ်တာ ။ ဒါ အခုတော့ ရုပ်ရှင်မှာ ဒါရိုက်တာက သတိရှိလျှင် လုပ်ခဲပါတယ် ။
ရုပ်ရှင်ကားထဲ ပြဇာတ်ထဲမှာ ပရိသတ်ကသာ မသိတာ အချင်းချင်း ပညာပြိုင်ကြတာကြောင့် ဇာတ်စင်နောက်ကွယ်မှာ ရန်ဖြစ်တာ အများကြီး ။ ရုပ်ရှင်မှာလည်း နောက်ကားတွေမှာ သူပါလျှင် မရိုက်ဘူးလို့ ရာဇသံပေးကြတဲ့ လူတွေမနည်းဘူး ။ ဒါကြောင့် ဒါရိုက်တာဆိုတာ သူတို့ထက် လျင်ရတယ် ။ ဒါရိုက်တာက လျင်တယ်ဆိုရင် တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ လင်မယားကွဲကာစ ပူပူနွေးနွေးကိုလည်း အင်မတန်ချစ်တဲ့သမီးရည်းစား အနေနဲ့လည်း ရိုက်လို့ဖြစ်တယ် ။ ပညာရော ၊ ဂုဏ်ရောပြိုင်နေတဲ့ မြွေဟောက် မင်းသမီး နှစ်ယောက်ကိုလည်း ညီအမအရင်းလုပ်ရိုက်လို့ ဖြစ်တယ် ။
နောက်တစ်ခု ၊ ကြည်ကြည်ဌေး သတ္တိက မြင်းကောင်းဇက်သိ ဆိုသလို ကိုယ့်ကိုရိုက်နေတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကို ပထမအကြိမ် တွေ့လိုက်တာနဲ့ အကဲခတ်လိုက်ပြီးပြီ ။ ဒါရိုက်တာရဲ့ သင်ပြမှု ပေးတဲ့ စကား ၊ ဒါတွေကို သူ့အတွက်အံဝင်ခွင်ကျ မဟုတ်ရင် ပထမ ချိုချိုသာသာ အကြံပေးမယ် ။ ဒါမှ ပြောလို့မရရင် တကယ်ရိုက်တော့ သူလုပ်ချင်တာ သူပြောချင်တာ ဖြတ်လို့မရအောင် လုပ်ပြလိုက်တယ် ။ အဲ - နောက်တစ်ခုပြောရဦးမယ် ။ ကြည်ကြည်ဌေးဟာ သူ့ကိုယုံတဲ့ မင်းသမီး မင်းသား ဇာတ်ပို့ ဇာတ်ဆောင်ကလေးတွေကို တွဲခေါ်တတ်ပါတယ် ။ သူကိုယ်တိုင်အောက်ကျနောက်ကျ အထင်သေးခံရတဲ့ ဘဝက တက်လာရတာမို့ အင်မတန် ကိုယ်ချင်းစာတတ်ပါတယ် ။ သက်ညှာပံ့ပိုး တတ်ပါတယ် ။
နောက်ပြီးတော့ ငွေကြေးကိစ္စ ။ သူတောင်းတဲ့စျေးက သူ့စျေးပဲ ။ မတန်ဘူးဆိုလျှင် မငှားနဲ့ ၊ ဒါပဲ ။ ဘယ်သူ့ကို ဘယ်လောက်ပဲ ပေးရပါတယ်ဆိုတာ လာမပြောနဲ့ ၊ နားမထောင်ပရေစနဲ့လို့ တောင်းပန်လိမ့်မယ် ။ ဘဝတူဆိုလျှင် အလကား လုပ် ပေးချင် ပေး လိုက် မယ် ။
ကဲ ကြည်ကြည်ဌေး မာန မကြီးတာကို ပြောဦးမယ် ။ အကြောင်းကြောင်းတို့ရဲ့ အကြောင်းကြောင်းတို့ကြောင့် ကြည်ကြည်ဌေးကို နာမည်ပေးပြီး မွေးထုတ်လိုက်ရတဲ့ ကျွန်တော်က သူနဲ့ကို ရုပ်ရှင်တစ်ကားမှ မရိုက်ရသေးဘူး ။ ရိုက် မယ့်ရိုက်ရတော့ မင်းသားကြီး ကိုဇေယျရဲ့ ကိုယ်ပိုင် " လှည်းကျိုးနဲ့ နသိုး ” ဇာတ်ကား ။ ကျွန်တော်က စေတနာ့ဝန်ထမ်း ဒါရိုက်တာ ။ သူက စေတနာ့ဝန်ထမ်း မင်းသမီး ။
ဒီအချိန်မှာ ကြည်ကြည်ဌေး ဆိုတာလျှမ်းလျှမ်းတောက် ။ ကုမ္ပဏီ ပိုင်ရှင်တွေ ၊ ဒါရိုက်တာတချို့တွေက သပျစ်သီးတို့ ပန်းသီးတို့ ကြည်ကြည်ဌေး ကြိုက်တတ်တယ်ဆိုတဲ့ ငါးပိငါးခြောက်တို့ ဇာဘော်ဒီ အင်္ကျီ တို့လက်ဆောင်ပေးပြီး ခစားနေကြရတဲ့အချိန် ။
ရုပ်ရှင်ရိုက်ရာကို လာဖို့ မော်တော်ကား ဓာတ်ဆီဖိုးပေးရတာ သူက စလိမ့်မယ်ထင်တယ် ။ အဲသည်အချိန်မှာ ကျွန်တော်က ရိုက်ကွင်းကို မနက်ဆယ်နာရီဆို ရောက်ပြီ သူလာတာက ၁၂ နာရီခွဲမှ ။ ဒါကိုကျွန်တော်က စောစောလာဖို့ ပြောတယ် ။ သူက ဘာကိစ္စ ညာကိစ္စ အကြောင်းပြပြီး အရောက်နောက်ကျပေမယ့် ညနေပိုင်းမှာ “ အဖေကြီး ( ကျွန်တော့်ကို ခေါ်တော့ အဖေကြီးပါပဲ ) မိုးချုပ်အောင် ရိုက်ချင်သလောက် ရိုက်ပါ ။ ပြန်မလွှတ်မချင်း မပြန်ပါဘူး ” လို့ ရင်းရင်းနှီးနှီး ရယ်ကာမောကာ ပြောနေတယ် ဒါကို ကျွန်တော်က အကြောင်းပြတယ် ။ သူက မိုးချုပ်တဲ့အထိ ရိုက်ပေးမယ်ထား ။ သူနဲ့တွဲလုပ်ရတဲ့ ဇာတ်ဆောင်တွေပါ အပြန် နောက်ကျရတယ် ။ အလုပ်သမားတွေကို အချိန်ပိုလုပ်ခပေးရတယ် ။ ညစာထမင်းပါ ကြွေးရဦးမယ် ။ ဒါဆိုလျှင် ထုတ်လုပ်မှု စရိတ်ကြီးမယ် ။ တစ်နေ့တလေ နောက်ကျရင် ကိစ္စမရှိဘူး ။ နေ့တိုင်းဆိုရင် မကောင်းဘူးပေါ့ ။
ခက်တာက ကြည်ကြည်ဌေးရဲ့ ခင်ပွန်း ကိုအောင်သိန်း ဩဇာကြီးပုံကလည်း သူ့မယားအပေါ်မှာသာ မကဘူး ။ ထုတ်လုပ်သူတိုင်းကလည်း အလိုလိုက် နေကြရတယ် ။
နောက်တစ်နေ့ ကျပြန်တော့လည်း ကျွန်တော်က ကိုးနာရီဆိုရောက်ပြီ ။ သူကမလာသေးဘူး ။ ကျွန်တော် စောင့်ရင်း ခံပြင်းလာတယ် ။ အောက်ကျတယ်လို့ ရှက်လာတယ် ။ ကျေးဇူးမသိဘူးလို့လည်း စိတ်နာလာတယ် ။ ဒီတစ်ခါတော့ ခုတ်စပြီး လှီးစပြတ် ခတ်ပြတ်ပြတ်ပဲ ။ ဆယ်နာရီ - မလာသေးဘူး ။ ဆယ်တစ်နာရီ မရောက်သေးဘူး ။ ဆယ့်နှစ်နာရီ - ဒီတော့မှ မယ်မင်းကြီးမ ကားကြီးနဲ့ ကြွတော်မူလာတယ် ။
ကျွန်တော် ဒီတော့ ဘာလုပ်သလဲ ။
“ ဟေ့- ဖိုးပါလေး ၊ ကားပေါ်တက် ၊ ပြန်မယ် ၊ ဒီမှာ ရွှေကြည် ။ နင့်ကိုင ါပြောချင်လို့ တမင်စောင့်နေတာ ၊ ငါ ကိုးနာရီရောက်တယ် ။ နင်က ၁၂ နာရီမှ လာတယ် ။ နက်ဖြန် ငါလည်း ကိုးနာရီရောက်မယ် ။ နင်လည်း ကိုးနာရီ အရောက်လာခဲ့ ။ ဒါမှမဟုတ်ရင် နင်နဲ့ ငါ ဒီကားကို မရိုက်ကြစို့နဲ့ ။ ဒါပဲ ”
တကယ်ပါပဲ ။ ကျွန်တော် ရှက်စိတ်နာပြီး ပြန်ခဲ့တယ် ။ သူလည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ် ။ သည့်ပြင် လူတွေမှာလည်း ပွစိ ပွစိပေါ့ ။ မျက်နှာလိုအားရ တွန်းကြမယ့် လူတွေကလည်း အများကြီး ။ ကိုဇေယျ ခမျာမှာတော့ မျက်နှာကလေး အငယ်သားနဲ့ ။
ကျွန်တော်ကလည်း ကျွန်တော့်အတ္တနဲ့ကျွန်တော် ။ ကိုယ် မွေးထုတ်ခဲ့တဲ့ ကိုယ်ပိုင်မင်းသမီးလို့ ယုံထားတယ်လေ ။ သူနာမည်ကြီးလာလို့ ကျွန်တော်ကို ကာပြန်တယ်ပေါ့ ။
" လှည်းကျိုးနဲ့ နသိုး ” ဇာတ်လမ်းဟာ သူ နဲ့ ကိုဇေယျကြီး အတွက် သက်သက် ရေးရတာ ။ ကိုဇေယျ နေရာမှာ ကိုဇေယျနဲ့ အလိုက်ဆုံး ဖြစ်သလို သူ့နေရာမှာ သူနဲ့သာအလိုက်ဆုံး ။ သူ့ကို ထင်ပေါ်သည်ထက် ထင်ပေါ်အောင် လုပ်ပေးချင်တဲ့စေတနာက အပြည့် ။ ကြေးစားဒါရိုက်တာ ဆိုရင် မင်းသမီးမင်းသားလာရင်ရိုက် မယ် ။ မလာသေးရင် စောင့်နေရုံပေါ့ ။ ခုတော့ ကိုဇေယျကိုလည်း အကုန်အကျ သက်သာပြီး ကားမြန်မြန် လက်စသတ်နိုင်အောင် ၊ သူလည်း အကွက်ကောင်းကောင်းနဲ့ စိတ်တိုင်းကျ ကျဲနိုင်အောင် ခုတော့ ကျွန်တော့်စေတနာဟာ ဝေဒနာဖြစ်ရပြီ ။ သူ့မာနနဲ့သူ မလာဘဲ နေရင်လည်းပြီးတာပေါ့ဆိုပေမယ့် ရုပ်ရှင် လောကတစ်ခုလုံး သတင်းဆိုး အပုပ်နံ့ ဟောင်သွားမှာသေချာတယ် ။
နောက်တစ်နေ့မနက် မှာ ကျွန်တော်သွားနေကျအတိုင်း ကိုးနာရီ အရောက်သွားတယ် ။ လမ်းမှာတော့ တထိတ်ထိတ်ပါပဲ ။ မဖြစ်သင့်တာ မဖြစ်ကြရင်ကောင်းတာပေါ့ ။ ကိုယ့်စေတနာကိုတော့ ကိုယ်သစ္စာဆို ရဲတယ်လေ ။
ရုပ်ရှင်ခြံထဲ အဝင်မှာ သူ့ကားနဲ့ထိပ်တိုက်တိုးတော့တာပဲ ။ သူက ကားပေါ်က လှမ်းအော်တယ် ။ “ အဖေကြီး - သမီးရောက်ပြီနော် ” တဲ့ ။ မနေ့က ဘာမှမဖြစ်တဲ့အတိုင်း ။ မှန်တာပြောလျှင် သစ္စာပါ ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်လိုက် မိတယ် ။ ရတနာသုံးပါး ဆရာသမား မိဘဂုဏ်ကိုလည်း ဆတက်ထမ်းပိုး တိုးလို့ ယုံလိုက်ရတယ် ။ ကိုအောင်သိန်းကြီး ကလည်း စကားရော ပါးရော သောလို့ ရွှင်လို့ ။ အဲသည့်နေ့က တစ်နေ့လုံး ပျော်ပျော်ပါးပါး အားတိုက်ခွန်စိုက် ရိုက်လိုက်ရတယ် ။
နောက်နေ့မှာကော - ကိုးနာရီဆိုလျှင် သူ နဲ့ ကျွန်တော် ရှေ့ဆင့် နောက်ဆင့် ရောက်ကြတာချည်းပဲ ။ ဒီကားတွင်လားတဲ့ ။ မဟုတ်ပါဘူး ။ သူနဲ့ကျွန်တော် ယနေ့အထိ ရိုက်လာသမျှကားတိုင်းမှာ ကျွန်တော်က မစောင့်ရတော့ဘူး ။ အေး - အကြောင်းကိစ္စရှိရင် သူကကြိုပြောထားနှင့်ပါတယ် ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ့ကို ကျေးဇူးတင်ကြောင်း မပြောခဲ့ဖူးပါဘူး ။ လိမ္မာတယ်လို့ မချီးမွမ်းခဲ့ပါဘူး ။ အခု သူ့အကြောင်း ရေးရလို့ ထုတ်ပြောရတာပါ ။ ဒါပေမဲ့ ကျွန်တော့်ကို သူ လေးစားရိုသေတယ်ဆိုတာကိုတော့ သူသေကိုယ်သေ သေတဲ့အထိ ယုံမှတ်သွားရမှာပါ ။
ဆရာသမားတို့ကို ရိုသေနှိမ့်ချ၍ ဂါရဝထားတဲ့ ပစာယနကုသလ အကျိုးပေးဟာ ပညာသည်တိုင်း လူသာသေမယ် နာမည်မသေနိုင်သော အကျိုးကို ရစမြဲဖြစ်ပါတယ် ။ ဒါဟာ ကြည်ကြည်ဌေး မာနမကြီးတဲ့အကြောင်း ။
ကြည်ကြည်ဌေး တစ်ယောက်တည်း ပြဇာတ်စင်ပေါ်မှာ တစ်နာရီလောက်သရုပ်ဆောင်ပြသွားတယ်လို့ဆိုလျှင် ယုံချင်မှ ယုံကြပါလိမ့်မယ် ။တစ်ယောက်တည်းမှ တစ်ယောက်တည်းပါ ။ လူရွှင်တော်တောင်မပါဘူး ။ မှတ်မှတ်ရရ မန္တလေး ရာပြည့်ပွဲတုန်းကပေါ့ ။ လူထုဦးလှနဲ့ တပ်မင်း ၊ တပ်ရင်းမှူးတို့ရဲ့ ဆော်ဩချက်အရ ကျွန်တော်ခေါင်းဆောင်ပြီး ရုပ်ရှင် ပြဇာတ် ရာမ ဂီတပညာရှင် လူရှစ်ဆယ်လောက် ရာပြည့်ပွဲကို တင်ဆက်ကြရပါတယ် ။ လူထုတောင့်တလို့ ကန့်သတ်ထားတဲ့ ပွဲရက်ထက် ပို၍ကကြရမယ့်အခြေအနေ ဖြစ်လာပါတယ် ။ နောက်ဆုံးသုံးချီပေါ့ ။
အဲသည်မှာ ပြဿနာပေါ့ ။ ကြည်ကြည်ဌေးနဲ့ တွဲကကြတဲ့လူ အတော်များများမှာ ရုပ်ရှင်ရက်ချိန်း ကြိုတင်ပေးခဲ့ကြတာမို့ မနေနိုင်ကြတော့ဘူး ။ ပြန်သွားကြရပြီ ။ ပရိသတ်ကလည်း သူ့ကိုမှ ပွဲတောင်းနေကြတယ် ။ တစ်ညတည်းဖြစ်ဖြစ် ပို ကပေးပါလို့ အော်ကြတယ် ။ ဒါကြောင့် ကျွန်တော် သူ့ကို ဇွတ် တားလိုက်ရတယ် ။ တားမယ့်သာ တားလိုက်ရတယ် ။ သူနဲ့ အံဝင်ခွင်ကျဇာတ်ကိုလည်း မကနိုင်တော့ဘူး ။ ကြည်ကြည်ဌေး ပါပါတယ်ဆိုရရုံ သီချင်းကလေးတစ်ပုဒ် နှစ်ပုဒ် ထွက်ဆိုပြီး ပြန်လည်း ဝင်မသွားချင်ဘူး ။ သူ့ဝါသနာက မလုပ်ရလျှင် အရှင်း ။ လုပ်ရရင် က,နေရင်းက ဆေးထိုးယူရပါစေ ။ ကျွန်တော်က မေးတော့ “ သမီး ဘာလုပ်ရမှာလဲ ၊ အရှက်တော့ ကွဲတော့မှာပဲ ” တဲ့ ။ သူ စိတ်ညစ်ပြီးတော့ ငိုတယ် ။
“ ေဟ့ ရွှေကြည် ၊ နင့်အကြောင်း ငါမသိတာမှတ်လို့ ။ တစ်ယောက်တည်းထွက် - ကွက်စိတ်ဟောကွာ ” လို့ ကျွန်တော်က ပြောလိုက်ရတယ် ။
“ အို - တောက်တီး တောက်တဲ့ ၊ မင်းသမီးက ကွက်စိတ် ဟော ရမယ်လို့ ”
“ အေး - ငါက အတိုချုံးပြီးပြောတာ ၊ ဇာတ်သဘင်ရယ် ရုပ်ရှင်ရယ် ပြဇာတ်ရယ် အဲသည့်ပညာတွေကို သမအောင် ရောမွှေနိုင်တဲ့အရည်အချင်း ညည်းမှာရှိပြီးသား ၊ ဒီတော့ ကျွန်မငယ်ငယ်က ဇာတ်သဘင်ပညာ ဆည်းပူးခဲ့ရတာတွေက ဟောသလို ဟောသလိုပါ ။ ပြဇာတ်မှာတော့ ဟောသလို ဟောသလို သရုပ်ဆောင်ရပါတယ် ။ ရုပ်ရှင် ကျတော့စရိုက်တဲ့နေ့မှာ ဟောသလို ဟောသလို အမှားအယွင်းတွေကြောင့် လူရယ်စရာ ဖြစ်ခဲ့ ရပါတယ် ။ ကိုဇေယျကြီး အက်တင်က ဒီလိုပါ ။ အေဝမ်းကိုတင်မောင်ကျတော့ ေဟာသည့်အမူအရာနဲ့ ဟောသည့် မျက်နှာထားကြီးပါ - ဆိုတာတွေကို အလွမ်းအေသာစုံအောင် လုပ်ပြလိုက် ။ စကားတောက်လျှောက်ပြောလို့ မောလာရင် အသံတိက်အက်တင်လုပ်ပြီး လမ်းလျှောက်ပြ ။ ဒါလောက်ဆို နင်လုပ်နိုင်ပြီ ၊ မထွက်လို့တော့ မဖြစ်ဘူး ” လို့ ဇွတ်ခိုင်းရတယ် ။
မထွက်ရသေးခင် ချေးများ တွန့်ဆုတ်နေပေမယ့် ကားလည်းဖွင့်လိုက်ရော - ကရားရေသွန် ပြောဆို လုပ်ကိုင်သွားတော့တာပါပဲ ။ ဇာတ်သဘင်မှာ လွမ်းခန်းကို ဘယ်လိုပျိုးရသလဲဆိုတော့ ဇာတ်အိမ် ကလေးကို ကျင်းယက်ပြီး ၊ ကျင်းယက်တယ်ဆိုတာ ငိုချင်းဆိုရအောင် ပရိသတ်စွဲလာအောင် အဖြစ်သနစ်ဇာတ်ကြောင်းကလေး ခံလိုက်တာဖြစ်ပါတယ် ။ အဲသလိုပြောရင်း ပြောရင်း မဲ့ မဲ့ပြီး ပြောလာရာက အောက်က ဆိုင်းဝိုင်းကြီးရဲ့ အဆို့ အပိတ်ကို အားယူပြီး ဇာတ်ထဲက အသံ အတိုင်း ဟစ်ပြီး ငိုချင်း တစ်ပုဒ်ဆိုလိုက်တာဟာ ပရိသတ်မှာ မျက်ရည်လည်ရွဲ ဖြစ်ကုန်ပြီး
ငိုချင်းဆုံးကာနီး ဆိုင်းက ငိုချင်းဆိုင်းတီးရခါနီးမှ အဲသလို - ငိုရပါတယ်ရှင် ဆိုပြီးဖြတ်ချလိုက်တာဟာ ဝေါခနဲ ပွဲကျသွားပါတော့တယ် ။ အဲသည်ပွဲကို မှတ်မိသေးတဲ့ပုဂ္ဂိုလ် အများကြီးရှိပါလိမ့်ဦးမယ် ။ တစ်ယောက်တည်း တစ်နာရီနီးပါးကြာပါတယ် ။
ကြည်ကြည်ဌေးဟာ အနုအလှ လုပ်ရမယ့်နေရာမှာ ကနွဲ့ကရ လုပ်တတ်သလို ရုပ်ကြမ်းကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ဝံ့ပါတယ် ။ " စကားပြောသောအသည်းနှလုံး ” ဇာတ်ကားမှာ ပထမ တောသူ ရိုးအအ ။ နောက်တော့ ခေတ်ဆန်လွန်းအားကြီးပြီး လင်ငယ်နဲ့ လိုက်တယ် ။ လင်ငယ်ထောင်ကျသွားတော့ ကိုယ့်ရင်သွေးကို သတိရပြီး ငွေရအောင် ပြည့်တန်ဆာဆန်ဆန် မြူဆွယ်ရတယ် ။ ဘိန်းချလို့ထောင်ကျရတယ် ။ ဒါတွေဟာ ကျွန်တော့်ဇာတ်ကားအကြောင်း ပြောနေတာမဟုတ်ပါဘူး ။ ကြည်ကြည်ဌေးက ဘဝအမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပုံတွေကို ပြောပြချင်လို့ပါ ။ ထောင်ထဲမှာ ထောင်ကျ မိန်းမချင်းချင်း ရန်ဖြစ်တာ ပြောတာဆိုတာ ဝတ်တာစားတာ သွားကျိုးပါးကျိုးကြီးနဲ့ ပိုးစိုးပက်စက် မျက်နှာနေ မျက်နှာထား လုပ်ဝံ့တာ ၊ လုပ်နိုင်တာ ၊ လုပ်လိုတာဟာ သူ့ပညာတွေပါ ။
ဇာတ်မတိုက်ဘဲ ပြဇာတ်တစ်ခုကို တက်က,တာပြောရဦးမယ် ။
ရုပ်ရှင်ကောင်စီက မေဒေးနေ့ အတွက် ကကြရတဲ့ ပွဲပေါ့ ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်က ကျွန်တော်ရေးခဲ့တဲ့ " နှလုံးသွေးပျက်သော တေးတစ်ပုဒ် ” ဝတ္ထုကို အရေးပေါ် ပြဇာတ်တင်ဖို့ဖြစ်လာတယ် ။ က,ရမှာက ယနေ့ည ။ ထွက်ရမယ့်အချိန်က အစီအစဉ်အရ ရှစ်နာရီခွဲ ။
“ ကဲ - ရွှေကြည်ကို သွားခေါ် ။ ကိုချင်းစိန် နဲ့ အေဝမ်းကိုတင်မောင် ကို ငါပြောမယ် ” ဆိုပြီး ညနေ လေးနာရီလောက် မှာ ဇာတ်ကြောင်းကို ထိုင်ပြောကြတာပဲ ။
“ ဒီနေရာမှာ ဒီသဘော နင်ကပြော ။ ငါက နားခံ လုပ်ပေးမယ် ။ ဒီနေရာကျတော့ ငါက ဒီသဘောပြောမယ် ။ နင်က နားစောင့် လုပ်ပြီးငို ငိုလွမ်း ၊ ဒါပဲ ။ ကိုတင်မောင် နဲ့ ကိုချင်းစိန်ကို မောင်တင့်အောင်က ဇာတ်ဝင်စကား သဘောတွေပြောပြလိမ့်မယ် ” ဆိုပြီး အရေးပေါ် ဇာတ်တိုက် ကြတာပါပဲ ။ အဲသည့် ပြဇာတ်ဟာလည်း သူပို့ပေးလို့ အောင်မြင်ခဲ့ရတယ် ။
ပြောစရာတွေတော့ အများကြီးပေါ့ ။ နောက်ဆုံး ဇာတ်ပြဇာတ်နှင့် အရပ်ပြဇာတ် ရောမွှေထားတဲ့ " မုဒုလက္ခဏ ” ပြဇာတ်ကိုလည်း သူ့အတွက် ရေးပေးတာဟာ ရေးရကျိုးနပ်အောင် ပီပြင်ခဲ့တာ ကြည့်ရသူတိုင်း အမှတ်ရကြမှာပါပဲ ။
မန္တလေး ရာပြည့်ပွဲတုန်းက အရည်အချင်းမျိုး လုပ်ကြရအောင် ပုဂံဘုရား ရန်ပုံငွေအလှူပွဲမှာ ကျွန်တော်ကြိုးစားပါသေးတယ် ။ ဒါပေမဲ့ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် သူ့နေရာမှာ “ ရွှေခြည်ငွေခြည်တန်းပါလို့ ” မှာ အကယ်ဒမီရခဲ့တဲ့ ဒေါ်မေနွဲ့ က ဝင်လုပ်ရပါတယ် ။
အချုပ်ကို ပြောရမယ်ဆိုရင် ကျွန်တော်တွေ့ခဲ့သမျှ သုံးခဲ့ရသမျှ အနုပညာသည်များမှာ " တစ်ဦးခေါင်း - တစ်ပညာ ” ဆိုသလိုအရည်အသွေး အဆိပ်အတောက် ကိုယ်ပိုင် ရှိကြတာများပါတယ် ။ ချီးမွမ်းစရာ ကလေးတွေ ။ အနုပညာနှင့် ချစ်စရာကလေးတွေ ရှိပါသေးတယ် ။ အကြောင်း ဆိုက်လာတဲ့အခါ ရေးစရာတွေအများကြီးပါ ။ ခုတော့ သူ့ အတ္ထုပ္ပတ္တိကို ရေးနေတဲ့ ဒေါ်မမလေးက သူ့စာအုပ်မှာ ကြည်ကြည်ဌေးနှင့် ပတ်သက်ခဲ့ဖူးတဲ့ ပညာရှင်တွေထံမှ ကိုယ့်ထင်မြင်ယူဆချက်ကို တောင်းခံလာလို့ ရေးလိုက်ရခြင်းပါ ။
သဘင်ဆိုတာ လူစုလူဝေးတက်ရောက်ကြတာ လူတွေအာရုံထားကြတာကို ဆိုပါတယ် ။ လူထုကို ဖြေဖျော်မှုသဘင်ထဲမှာ သံနေ သံထားနဲ့ ရွတ်ဖတ်ရတဲ့နန်းတွင်းဇာတ်စာ အလင်္ကာမှအစ ရုပ်သေးသဘင် ၊ မြေဝိုင်းသဘင် ၊ ကွက်စိပ်စာပြော ၊ ဇာတ် အငြိမ့်ပြဇာတ် ရုပ်ရှင် ၊ ဟောပြောပွဲ ၊ ရေဒီယို အသံလွှင့်တာကအစ အကျုံးဝင်ပါလိမ့်မယ် ။တစ်နည်းအားဖြင့် ဟာသအတတ်လို့လည်း ခေါ်ပါတယ် ။
အဲသည် ဟာသအရာမှာ ဝါသနာပါရုံနှင့် မလုံလောက်ပါဘူး ။ လူမွန်လူချွန် မဖြစ်နိုင်ပါဘူး ။ ကြိုးစားပါ့မယ် စာကျက်ပါ့မယ် ခိုင်းသမျှ လုပ်ပါ့မယ်ဆိုတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာနိုင်ပါဘူး ။
ဟာသသဘင်အလုပ်က ကြိုးစားတိုင်းမရပါဘူး ။ ကြိုးစားလို့ ပိုပြီးအံချော်သွားတာ တွေ့ရတတ်ပါတယ် ။ သဘောက ဘဝကို ဟပ်မိပြီး သဘောပေါက်တဲ့စိတ်နဲ့ သူ့သဘာဝအတိုင်း လုပ်ကိုင်သွားဖို့ ဖြစ်ပါတယ် ။
ဆရာတစ်ဦးက ပြောဖူးတယ် ။ " တရားကိုအားထုတ်မယ် ” ဆိုတဲ့စကားဟာ သဘာဝမကျပါဘူး ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ တရားကိုသာ စောင့်ကြည့်စောင့်မှတ်ရမယ်လို့ ထင်ပါတယ်တဲ့ ။ အဲ မှတ်ဖို့ အခြေခံတွေတော့ လိုသပေါ့လေ ။
ဇာတ်သဘင် ၊ ရုပ်ရှင် ၊ ပြဇာတ်တို့မှာလည်း ထိုနည်းအတိုင်းပဲ ။ သတိကပ်ပြီး ကျရာဇာတ်သဘာဝကို ရေလိုက်ငါးလိုက် လုပ်သွားကြရမှာပါ ။ စာတွေကျက်ထားတိုင်းလည်း အနုပညာဖြစ်မလာပါဘူး ။ ဒါကို လူရွှင်တော် စာရေးဆရာကြီး ဦးချစ်ဖွယ် တို့ခေတ်က လေပြေထိုး တစ်ပုဒ် ရှိဖူးတယ် ။
" ဟာသပညာဆိုတာ ကြာလေခက်လေပဲ ။ စာတွေ ကျက် ကျက်ပြီး ပါးစပ်က ပြောပေမယ့် ၊ တတ်လှပကောရယ်လို့ မထင်ကြနဲ့ ။ သမားစဉ်ကတော့ တိုတိုနဲ့ ထိမှ လူကောင်း ။ ကောင်းဆိုတာ ပွဲပရိသတ်က - ဟေ့ - ရှည်တယ်လို့ အဆိုမခံဘူး ။ ဘာ အဆိုခံလိမ့်မတုံး ။ ဟိုယမံထုံးလို အနုတ်မှ မကြံဘဲ ။ အဟုတ်အမှန် နဂရံတကယ်သိတဲ့ ၊ နာမည်ရှိ ဇာတ်တော်သားတွေဟာ ၊ မပြတ်ကျော်ကြားစရာ အထက်အောက် စာရင်း တစ်ခါမရှုပ်ပါဘူး ။ ( ရွာ စား ) ကက်တလောက် သတင်းစာထုတ် ”
◾ သုခ
.