❝ အခွင့်သာခိုက်မှ လိုက်ပါမည်ဘုရား ❞
▢ မင်းသူရ ၊ တပ်ကုန်း ၊
အခန်း ၊ ၁ ၊
ခံစားမှုနှင့် အသိဥာဏ် ဝိညာဏတို့၌ ကိန်းအောင်းနေခဲ့သည့် အနုသယ သည် အညစ်အထေးသဖွယ် နှောင်တွယ်နေခဲ့သည်ဆိုလျင် ထိုကာလများသည် မိမိ ကိုယ်၌ပင် မှောင်သည်မဟုတ် ဆက်စပ်ကျင်လည်ရာ လောကတစ်ခုလုံး အတွက်ပင် အမှောင်ကျခြင်းအစစ်ဖြစ်ချေတော့မည် ။
••••• ••••• •••••
နယ်မြို့လေး တစ်မြို့၏ ဘူတာရုံကလေးသည် အမြဲတမ်း မစည်ကားသော်လည်း ရထားဝင်ချိန်နှင့် ထွက်ချိန်တိုင်း၌ မြို့ကြီးပြကြီးသဖွယ် ပျားပန်းခပ်မျှ စည်ကားလေ့ ရှိသည် ။ အထူးသဖြင့် လူတိုင်းနီးပါး အဝတ်အစား အသစ်များဖြင့် တောက်ပြောင်နေသည်ကို ရှင်ဝိမလ အဖြစ် မောင်လင်းဟန် ငေးမောနေမိသည် ။ ဘုံကထိန်ပွဲ သင်္ကြန်စသည်တို့၌သာ မြင်တွေ့ရသော လူအုပ်လူအခဲကို စိတ်ဝင်တစား ငေးမောနေရင်း လွန်ခဲ့သည့် သုံးရက် ကမှ စတင် ဝတ်ဖူးသော သင်္ကန်းက ခဏခဏ လျှောကျနေသောကြောင့် ပြန် မ၍ မ၍ တင်နေရသည် ။
ကိုရင်ဝိမလေး၏ ဦးလေးအရင်း ဖြစ်သော ဦးသာသန၏ လမ်းညွှန်မှုဖြင့် အလှူကို အကျဉ်းချုံး၍ မိဘများက စိတ်ချလက်ချ သာသနာ့ဘောင်သို့ သွပ်သွင်းပေးခဲ့သော်လည်း ဆယ့်နှစ်နှစ်သား အရွယ်လေးအား ရပ်ဝေး၌ ထားရမည့်အဖြစ်ကို မိခင်ဖြစ်သူ ဒေါ်သင်းမေ တစ်ယောက် ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည် ။
သား၏ ရှေ့ရေးနှင့် ပညာရေးကြောင့်သာ ခွဲခွာရသော်လည်း ချစ်လို့ပင် မဝ ၊ နို့နံပင် မစင်သေးသော သားငယ်လေးအတွက် အစစရာရာ တတွတ်တွတ် မှာကြားနေပါ၏ ။
“ သားလေး ရန်ကုန်ရောက်ရင် ဦးဇင်းလေးရဲ့ စကားကို နားထောင်နော် ၊ အမေတို့ မကြာမကြာ လာခဲ့ပါ့မယ်နော် ”
“ ကဲပါ သင်းမေရာ နင်ဒီစကားကို ပြောနေတာ ဘယ်နှစ်ခါ ရှိနေပြီလဲ တို့ကိုရင်က ငယ်တော့တာလည်း မဟုတ်ဘူး ၊ ဒီမှာ ကြည့်ပါလား အံမယ် ဝါနှစ်ဆယ်ရ ဆတော်ကြီးဂိုက်ဆိုက်ကို မိလို့ဟေး ”
“ ကဲကဲ အစ်ကိုကော အစ်မကော တော်ကြတော့ ၊ ရထားလာတော့မယ် အထုပ်တွေပလက်ဖောင်းနား ရွှေ့ကြရအောင် ”
ရန်ကုန်မြို့ရှိ စာသင်တိုက်ကြီးတစ်တိုက်၌ စာချဆရာတော် ဖြစ်နေသော ဦးသာသန မှာ ငယ်ပင် ငယ်သော်လည်း ဦးကျော်ထွန်း တို့က ချစ်ကြောက်ရှိသေသည် ။ ထို့အတူ သားငယ် ကိုလည်း ဦးသာသန လို တည်ကြည်သော သာသနာပြုပုဂ္ဂိုလ် အဖြစ် မြင်လိုသောကြောင့် ယုံကြည် စိတ်ချစွာ ထည့်ပေးလိုက်ခြင်းဖြစ်သည် ။
“ ရော့ ကိုရင်လေး ၊ ဒီသကြားကို ညည ဗိုက်ဆာလို့ ရှိရင် ရေနဲ့ ဖျော်သောက်နော် ။ ဆွမ်းခံထွက်လို့ ရှိရင်လည်း ဘေးပတ်ပတ်လည်ကို သတိထား ၊ ကားတွေ ဆိုင်ကယ်တွေက အမြဲ ရှုပ်နေတာ ။ စာကြိုး စားနော် ”
“ ဘူ ... ဘော် ...”
အဝေးမှ လှမ်းမြင်နေရသော ရထားသည် နီးသထက်နီး လာခဲ့သည် ။ ဘူတာသို့ ရောက်သောအခါ သားဖြစ်သူကို ဦကျော်ထွန်းက မ၍ တင်ပေးသည် ။ သုံးမိနစ်ခန့် ကြာသောအခါ ရထားသည် ဥသြဆွဲ၍ ဘူတာရုံကလေးမှ တဖြေးဖြေးနှင့် မှုန်ဝါး ပျောက်ကွယ်သွားတော့သည် ။ ထို့အတူ မြင်ကွင်းမှ ဝေး၍ဝေး၍ ကျန်ခဲ့သော မိဘများ၏ မျက်နှာကိုလည်း ကိုရင်ဝိမလ မျက်ရည်များ ကြားမှ ငေးကြည့်နေလေတော့သည် ။
အခန်း ၊ ၂ ၊
မြို့ကြီးပြကြီးသို့ ရောက်သည်နှင့် တပြိုင်နက် မော်တော်ကားများ ၊ လဖက်ရည်ဆိုင်ကြီးများ ၊ ပန်းခြံများကို တစ်မျိုးပြီး တစ်မျိုး မြင်တွေ့ရသောအခါ ကိုရင်ဝိမလ အဖို့ အထူးအဆန်းများသဖွယ် ငေးမောစရာများ ဖြစ်ခဲ့ရသည် ။
ကိုရင်ဝတ်စမို့ မူလတန်းကိုပင် မတက်ခိုင်းသေးဘဲ မူကြို ဥပစာတန်း၌သာ နေစေ၍ အခြေခံစာများကို ကျက်မှတ်သင်ယူခိုင်းသည် ။ ထိုအတန်း၌ မိမိထက်ပင် ငယ်မည်ဟု ထင်ရသော ကိုရင်လေးများကို မြင်ရသောအခါ ကိုရင်ဝိမလ ကျေနပ်၍ သွားလေသည် အားတက်ခဲ့ရလေသည် ။
အတန်းတူ အဖော်များနှင့် ဆွမ်းခံ အတူသွား ၊ စာအတူပြန် ၊ အတူရေး ဥပုသ်နေ့ အားလပ်ရက်များတွင်ကား ကလေးပီပီ ကစားကွင်းများ သို့ပင် အတူတကွ လျှောက်လည်ရ၍ မိဝေးဖဝေးသော အရပ်ပင် ဖြစ်လင့်ကစား တဖြေးဖြေး နေပျော်လာခဲ့လေပြီ ။
ရောက်စဝယ် ကြောင်စီစီ နိုင်ခဲ့သော်လည်း အချိန်ဇယားဖြင့် ပုံမှန်လည်ပတ်သော စာသင်သားဘဝလေးကို မြတ်နိုးဖွယ် တစ်ခုဟု ထင်မြင်လာခဲ့လေသည် ။ ခါတိုင်း တစ်ပါတ်တစ်ခါ ကျောင်းသုံးဖုန်းဖြင့် မိဘများထံ အဆက်အသွယ်လုပ် ဖြစ်ခဲ့သော်လည်း ယခုအခါ၌ နေသားတကျ ရှိနေသောကြောင့် အဆက်အသွယ် ပါးလာခဲ့လေသည် ။ မိဘများမှာလည်း မိမိတို့၏ သားငယ်မှာ စာသင်သား ကိုရင်ဘဝ၌ အလျင်အမြန် နေသားကျသွားခြင်းကို ရွာ၌ ကြွား၍ မဆုံးပင် ဖြစ်ရချေသေး၏ ။
“ မဆိုးတော့ မဆိုးဘူး ဦးလေးသောင်းရေ ၊ ခင်ဗျားတူက ခုလို စာသင်သား ဘဝကျတော့လည်း အဟုတ်ဗျ ၊ ကျုပ်တို့ကိုတောင် တစ်လနေလို့ ဖုန်းတစ်ခါ မဆက်ဘဲ နေနိုင်တာသာ ကြည့်ပေတော့ ”
“ အရီးလှ လာပါဦးတော် ၊ တော့်မြေး အကြောင်းလဲ လာမေးမြန်း စမ်းပါဦး ၊ ကျုပ်တို့က ဘုန်းကြီးမျိုးရိုး ဆိုတာလည်း သိသမို့လား ”
ကိုရင်ဝိမလလေး၏ မိခင်နှင့် ဖခင်တို့မှာ နေ့ရှိသရွေ့ သားငယ် အကြောင်းကိုသာ မမောနိုင် မပန်းနိုင် ပြောနေရှာပါ၏ ။ ရွာဖုန်းဆိုင်က မိုက်နှင့် လှမ်းခေါ်သော နေ့ဆိုများ မပြေးရုံတစ်မည် ရှိသမျှ အလုပ်ကို ထားခဲ့ပြီး လင်မယားနှစ်ယောက် အူယားဖားယား သွားရချည်သာ ။
ထိုကာလများဆီက အဆက်အသွယ် သိပ်မလွယ်လှသော်လည်း ရန်ကုန်သို့ လူကြုံရှိတိုင်း စာနှင့်အတူ ငါးပိကြော်လေးများ ၊ ထန်းလျက်နှင့် နို့ဆီဘူးများ မကြာမကြာ ထည့်ပေးရလေ့ရှိသည် ။ ကိုရင့် ဆီမှ စာပြန်သောနေ့ ဆိုလျှင်ကား ဒေါ်သင်းမေတို့ အတွက် ရတနာမြေပုံရသည့် ခံစားမှုမျိုးဖြင့် အိမ်လာသူ မှန်သမျှကို ဖတ်ပြခိုင်းလေ့ရှိသည် ။
“ ဘယ့်နှယ်လဲ ငဒို့ ( ငါတို့ ) ကိုရင်က ဟန်ကျတယ် မို့လား ၊ တည်ကြည်နေလိုက်ပုံများ သူ့ဦးလေး ကိုသာ ကြည့်ပေတော့ ငါ့ကောင်ရေ ”
ကိုရင်ဝိမလ၏ မိဘတို့မှာကား သားကိုရင် အပေါ် ထားသည့် ယုံကြည်ချက်များ ၊ အားထားမှုများဖြင့် အသက်စေ့ချိန် ရဟန်းခံ ပဉ္စင်းတက် ပေးရမည့် ဝတ္တရားကို နှလုံးသွင်းရင်း အလုပ်ကိုသာ ဖိလုပ်နေလေတော့သည် ။
“ ဒီနား တစ်ဝိုက်မှာ ရဟန်းခံပွဲ ဆိုတာနဲ့ ငဒို့သား ကို သာ ပြေးမြင်စေရမယ် သင်းမေ ။ မင်းလည်း ကျန်းမာရေး ဂရုစိုက် ငါလည်း အလုပ် ကြိုးစားမယ် ကြားလား ”
“ ဟုတ်ပါပြီတော် ”
အခန်း ၊ ၃ ၊
မိဘများနှင့် ခွဲ၍ စာသင်တိုက်ကြီးသို့ ရောက်လာခဲ့သည်မှာ လေးနှစ်တင်းတင်း ပြည့်၍ ကိုရင်ဝိမလလေးသည်ပင် မူကြို ၊ မူလ နှင့် ပထမငယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြီးလေသည် ။
ယခုနှစ် ပထမလတ်တန်းပင် ဖြေဆိုပြီး၍ မိဘများရှိရာ မွေးရပ်မြေသို့ တစ်ပါတ်ခန့်မျှ အလည်လာခွင့် ရခဲ့ပါ၏ ။ သို့သော် မပျော်ပေ ။ သူငယ်ချင်းများ၏ လိပ်စာများကို ယူခဲ့၍ ဖုန်းအဆက်အသွယ် ရသောကြောင့်သာ အနည်းငယ် ဖြေသာခဲ့ရသည် ။
“ ကျုပ်တို့ ကိုရင်က သိပ်အေးတာပဲ ။ ရွာမှာ မပျော်ဘူးနဲ့ တူတယ် ”
“ ဟ သင်းမေရ ၊ မင့်သားက မြို့ကြီးသား လုံးလုံးဖြစ်နေပြီပဲဟာ ၊ ဘယ် ဒီလို တောရွာမှာ ပျော်မှာတဲ့တုန်း မင့်နှယ် ခက်ပါ့ ၊ ပြီးတော့ ခုလပဲ သူ့အသက်က ဆယ့်ရှစ်နှစ် ပြည့်မယ့်ဟာကို တည်ငြိမ်ပြီပေါ့ဟာ ”
အလည်ပြန်လာချိန်၌ မိဘများနှင့်ပင် ရွှင်ရွှင်ပျပျ မရှိသော သားကို အားမရခြင်း တစ်ဖက် ၊ အနေမကြပ်စေလိုခြင်း တစ်ဖက်တို့ဖြင့် ဦးကျော်ထွန်း တို့ စိတ်အိုက်ရလေသည် ။ သို့သော် သားဖြစ်သူမှာ သူငယ်ချင်းများနှင့် ဖုန်းဆက်ခဲ့ရ၍ ကြည်လင်သော မျက်နာကို မြင်ရသော အချိန် ဆိုသည်နှင့် ထပ်တူ ဝမ်းသာရလေသည် ။
“ စာသင်တိုက်က သူငယ်ချင်းတွေ အဖေရဲ့ အောင်စာရင်း ထွက်ခါနီးပြီမို့လို့ စိုးရိမ်မလွန်ဖို့ ပြောနေတာ အတော်ဂရုစိုက်ကြပါတယ် ”
ကိုရင်ဝိမလ ကျောင်းပိတ်ရက် ပြည့်၍ မြို့ကို ပြန်သောအခါ မိဘများမှာ လွမ်းဆွတ်၍သာ ကျန်ခဲ့ရပါ၏ ။ “ အောင်စာရင်းထွက်ရင် ဖုန်းဆက် လိုက်မယ်နော် ” ဟူ၍ ပြောရင်း ရွှင်ရွှင်ပျပျ ပြန်သွားသော သားဖြစ်သူ၏ ခြေလှမ်းများကို ကြည့်၍ မိခင်ဖြစ်သူ ဒေါ်သင်းမေ တစ်ယောက် အလိုလို စိုးရိမ်စိတ်များ မသိမသာ ဝင်ခဲ့မိလေသည် ။
တကယ့်တကယ် အောင်စာရင်း ထွက်ချိန်ကား ကိုရင်ဝိမလ၏ ဘွဲ့အမည် ပါမလာခဲ့ဘဲ သူငယ်ချင်းများ ဖြစ်သော ကိုရင်သောဘိတ ၊ ကိုရင်ဉာဏိက စသူတို့၏ ဘွဲ့ များသာ ပါလာခဲ့ပါ၏ ။
စာသင်သားဘဝ၏ ပထမဆုံး ကျရှုံးမှုကြောင့် များစွာ နာကျင်ခဲ့ရသော်လည်း သူငယ်ချင်းများ၏ ဖေးမနှစ်သိမ့်မှုကြောင့် ဖြေသာခဲ့ရလေသည် ။
“ စာသင်သားပဲကွာ ၊ တစ်ခါတစ်လေတော့ ဒီလိုပဲ ကြုံရမှာပေါ့ ၊ ငါ့ကိုပဲ ကြည့်ဦးကွာ အငယ်တန်းတုန်းက နှစ်နှစ်တောင် ကျတာ ၊ ဒါမျိုးတော့ ဘယ်လိုလုပ်မလဲ ငါ့ညီက သိတတ်ပါတယ်ကွာ ဘာမှ အားငယ် မနေနဲ့ ၊ အတန်း မတူလည်း ငါတို့က သူငယ်ချင်းတွေပဲလေ နောကွာ ဥာဏိက ”
“ ဟုတ်တယ် ပျော်ပျော် နေစမ်းပါကွာ မင်းကလဲ ”
သူငယ်ချင်းဖြစ်သူများက နှစ်သိမ့်ပေးသောအခါ ကိုရင်ဝိမလ၏ စိတ်ညစ်မှုများ ပြေပျောက်ရုံပင် မဟုတ်ဘဲ ရင်ထဲ၌ တသိမ့်သိမ့်ပင် ကျေနပ်ခဲ့ရလေသည် ။
အတန်း မတူတော့သောကြောင့် သူငယ်ချင်းများနှင့် စာအတူ မကျက်ရသည့် အဖြစ်ကို ကိုရင်ဝိမလ နာကျင်သလို ခံစားရလေသည် ။ ထို့ထက် ပို၍ တစ်နေကုန် သွားသော်မှ စကား လာမပြောသည့် အဖြစ်ကို စိတ်ထဲမှ အောင့်သက်နာကျင်ရလေ၏ ။
“ ဟ ဝိမလ နေမကောင်းဘူးလား မျက်နှာကြီး သုန်မှုံနေတာပဲ ”
ကိုရင်သောဘိတ မှ စကား လာပြောသော်လည်း အဝေးကိုသာ ဆက်လက် ငေးနေတော့သည် ။
“ ဟ ဝိမလ ဒီကို လှည့်ကြည့်ပါဦကွာ မင်းကလဲ ၊ ငါတို့လည်း အတန်းချိန်ပြည့် စာသင်နေလို့ မင့်ဆီ မလာတာပါကွာ အခင်မင်တော့ မပျက်ပါဘူးကွာနော် ၊ ရှစ်ခေါက်ချိုး မျက်နှာကြီး ပြုံးပစ်စမ်းပါဟ ”
ရယ်ကျဲကျဲ မျက်နှာဖြင့် ပခုံးကိုဖက်၍ လှုပ်ရမ်းနေသော ကိုရင် သောဘိတကို ရွှန်းရွှန်းစားစား ကြည့်မိနေသည် ။ ထို့နောက် ကိုရင် သောဘိတ ကို မဝံ့မရဲ ကြည့်ရင်း ပြုံးယောင်ပြသည် ။ သို့သော် ကိုရင် ဝိမလ၏ စိတ်ထဲမှာကား မကျေနပ်မှုလေးများက ကိန်းအောင်းနေသယောင် ရှိနေသည် ကို သူ ကိုယ်တိုင်ပင် သတိမထားမိချေ ။ တစ်ခါတစ်ခါ ကိုရင်သောဘိတ မှာ သူ၏ အတန်းအဖော်အသစ်များဖြင့် တဝါးဝါး ပွဲကျနေသည်ကို မြင်လျှင်ကား အားငယ်ရလေ့ ရှိသည်ကို ကိုရင်ဝိမလ အနည်းငယ် ခံစားသိရှိခဲ့ရသည် ။
အခန်း ၊ ၄ ၊
အချိန်ကာလများသည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးခဲ့လေပြီ ၊ ကိုရင် ဝိမလ သည်ပင် ပထမကြီးတန်းဖြင့် အသက်နှစ်ဆယ် ပြည့်၍ ရဟန်းခံရန် ရွာသို့ ပြန်ရန် ကြံကြိုက်ခဲ့လေသည် ။
ထိုတစ်နေ့က အတန်းအသီးသီး စာမေးပွဲများ ဖြေဆိုပြီးသောကြောင့် ဆိုင်ရာဆိုင်ရာ မွေးရပ်မြေသို့ ပြန်နိုင်ရန် ကျောင်းစတင်ပိတ်သောနေ့ ဖြစ်သည် ။
“ မင်းဆီကို ငါ အဆက်သွယ် မပြတ်စေရဘူး ကတိပေးတယ်ကွာ ၊ ပြီးတော့ မင်းရဟန်းခံပွဲကို မလာနိုင်တာ တကယ် စိတ်မကောင်းဘူးကွာနော် ”
ရဟန်းတစ်ပါး ဖြစ်သွားပြီ ဖြစ်သော သူငယ်ချင်း ဦးသောဘိတက ပခုံးကို ဖက်ထားရင်းက နှစ်သိမ့်စကား ဆိုသောအခါ ကိုရင်ဝိမလ နွေးထွေးသလို ခံစားရလေသည် ။
တစ်ချိန်တည်းမှာပင် လက်ပြ၍ နှုတ်ဆက်သော အခါ ရင်ထဲမှ ကလီစာများ နှုတ်ယူသွားသလို ဟာလာဟင်းလင်း ဖြစ်၍ ကျန်ခဲ့ရလေ၏ ။ ထိုအခါ မသိမသာ ဝဲတက်လာသော မျက်ရည်စတို့ကို သင်္ကန်းဖြင့် ကွယ်၍ သုတ်ဖယ်ခဲ့လိုက်သည် ။
ရွာသို့ ပြန်ရောက်သောအခါ ကိုရင်ဝိမလ၏ မိဘများမှာ ရဟန်းခံ ကိစ္စရပ်များဖြင့် မအားမလပ်နိုင်အောင်ရှိလေတော့သည် ။ အကြိုကျွေးမွေးခြင်း ၊ ရပ်ဝေးဧည့်သည်များ နေရာချပေးခြင် ၊ ရွာလူငယ်အဖွဲ့အား စီမံတာဝန် ခွဲပေးခြင်းတို့ဖြင့် လူးလာခေါက်တုံ့ ဖြစ်နေရရှာသည် ။
ကိုရင်ဝိမလ၏ စိတ်ထဲမှာကား ရွာကို ရောက်ပြီး သုံးရက်ရှိ၍ ရဟန်းခံပွဲအကြိုနေ့ ရောက်သည့်တိုင် အဆက်သွယ် မလုပ်သော ဦးဇင်း သောဘိတကို စိတ်ထဲ၌ မကျေမနပ် ဖြစ်နေသည် ။ သို့အတွက်ကြောင့် ထိုညနေ၌ပင် ကြိုးဖုန်းရှိရာ အိမ်သို့ တကူးတက သွားရောက်၍ အဆက်သွယ်လုပ်လေသည် ။
“ ဟယ်လို ဒါ ဦးဇင်းသောဘိတတို့ ကျောင်းပါလား ဘုရား ”
“ အေး ဟုတ်တယ် ။ ငါက သူ့ဆရာပဲကွ ။ ဘာကိစ္စ ရှိလို့လဲ ”
ဖုန်းထဲမှ ဩဇာသံနှင့် ဖြေဆိုသော အသံကို ဦးစွာကြားခဲ့ရလေသည် ။
“ မှန်ပါ့ဘုရား ၊ တပည့်တော် ဦးဇင်းသောဘိတ သူငယ်ချင်းပါ ဘုရား သူနဲ့ ပြောချင်လို့ပါဘုရား ”
“ ဟ သောဘိတရဲ့ သူငယ်ချင်း ဟုတ်လား ၊ သူ့အကြောင်း ငါ့ရှင် တကယ် မသိလေရော့ သလားကွာ ”
“ ဘုရာ့ ၊ ဘာ ဘာဖြစ်လို့ပါလဲ ဘုရား ”
“ သူ ရန်ကုန်က ပြန်လာတဲ့ နေ့က အကြို လွှတ်လိုက်တဲ့ ဆိုင်ကယ်နဲ့ ချောက်ထဲ ကျပြီး ပွဲချင်းပြီး ဆုံးပြီလေ ၊ ဒီနေ့ပဲ သုံးရက်ပြည့်လို့ ဆွမ်းသွပ်မယ့်ဟာ ၊ ဒါပဲနော် ငါ့ရှင် ပြီးမှ ပြန်ဆက် ”
“ ............ ”
နှစ်ရှည်လများ ကိန်းအောင်း နေခဲ့သော သံယောဇဉ်ကြိုးများသည် ကံတရား၏ တုံးတိဖြတ်ချခြင်းကို ခံခဲ့ရပေတော့သည် ။ တစ်ကိုယ်လုံး နွမ်းချိစွာ ယိုင်လဲမတတ် ဖြစ်သွားသော ကိုယ်ကို ဟန်ချက် မပျက်အောင် ထိမ်းထားလိုက်ရသည် ။ မြင်မြင်သမျှ ပတ်ဝန်းကျင်အရာ မှန်သမျှသည် ကိုရင်ဝိမလ အတွက် သောကနိမိတ်များသာ ဖြစ်ခဲ့ရလေတော့သည် ။
အခန်း ၊ ၅ ၊
ရဟန်းခံ အလှူနေ့ ။
အလှူမဏ္ဍပ်ဆီမှ သီချင်းသံများ ၊ လူသူသံများ ၊ ဟင်းနံ့ ထမင်းနံ့ များသည် ကိုရင်ဝိမလ အား ကြီးစွာသော အနှောင့်အယှက် ဖြစ်သလို ခံစားရလေသည် ။ ပျော်စရာ ဟူသည်ကို စိတ်ထဲမှာ ကြံကြည့်သော်လည်း အချည်းနှီး ဖြစ်သာ ဖြစ်ခဲ့ရလေ၏ ။
သိမ်ဝင်ရန် ထေရ်ကြီးဝါကြီး ဆရာတော်များက သိမ်ထဲ၌ အသင့် စောင့်နေခဲ့သည် ။ မနေ့ညက တစ်ညလုံး မအိပ်ဖြစ်ခဲ့သောကြောင့်ဖြစ်မည် ရှင်ဝိမလ၏ မျက်လုံးများက ရဲစက်ဖူးယောင်နေပါ၏ ။
“ သားလေး နေမကောင်းဘူးလားဟင် ၊ သိမ်ဝင်တော့မယ်လေ ဆရာတော်ကြီးတွေနဲ့ တွေ့ရမှာ ၊ ရေချိုးရင်လည်း ချိုးလိုက်ပါလား ”
“ ဟဲ့ သင်းမေ ၊ ကိုရင့်ကို ဘာတွေ သွားပြောနေတာလဲ ၊ သွားတော့ သိမ်ဆင်းလောင်းမယ့်ပစ္စည်းတွေ သွားယူချေ ”
ရွာဦးကျောင်းဆရာတော် မိန့်မှပင် ဒေါ်သင်းမေ တစ်ယောက် သား အနားက ခွါလေသည် ။ သို့သော် စိတ်ထဲ၌ အားမလိုအားမရ ဖြစ်ခဲ့ရလေ၏ ။
သိမ်ဝင်သော အခါဦးစွာ ဥပဇ္ဈယ် ယူရ၏ ။ ထို့နောက် သိမ်ထဲရှိ ဆရာတော်များထံ ရဟန်းပြုခွင့် ပေးပါရန် ခွင့်ပန်ရလေသည် ။ ထိုကိစ္စရပ်များကို မိမိ တစ်ဦးတည်း လုပ်ရသည် မဟုတ်ဘဲ “ အနုသာသက ” ခေါ် ရဟန်းလောင်း ဆုံးမပေးသူ ဆရာတော် တစ်ပါးပါးက ဦးဆောင် လုပ်ပေးခြင်းသာ ဖြစ်၏ ။
အရေးကြီးဆုံး အချက်ကား ရဟန်း ဖြစ်ရန် အင်္ဂါများနှင့် ကိုက်ညီ မညီကို ဆရာတော်များ ရှေ့မှောက်၌ ဖြေရခြင်း ဖြစ်၏ ။ ထိုသို့ မမေးမီ ရဟန်းလောင်းနှင့် အနုသာသက ဆရာတော်က ဆရာတော်ကြီးများ၏ သိမ်တွင်း မလှမ်းမကမ်း ဖြစ်သော နှစ်တောင့်ထွာ အကွာသို့ ခေါ်ဆောင်၍ နှစ်ပါးတည်း အရင် အမေးအဖြေ လုပ်ရလေသည် ။
“ ငါ့ရှင် ပဉ္စင်းလောင်း ယခုအခါ သင်သည် မှန်ကန်သော စကားကိုသာ ဆိုရမည့်ကာလ ဖြစ်၏ ။ သင့်ကိုယ်၌ ရှိသော အပြစ်နှင့် ဂုဏ်ကို သံဃာ့ အလယ်၌ မမေးမီ ဦးစွာ မေးရအံ့ ။ ထိုသို့ မေးခဲ့သည် ရှိသော် မကွယ်မဝှက်ဘဲ အရှိကို အရှိအတိုင်း ဖြေရမည် ဖြစ်၏ ။ သံဃာ့အလယ်၌ မေးလာသမျှသော မေးခွန်းတို့ကို မကြောက်မရွံ့ ရဲ့ဝံ့စွာ ဖြေဆိုပြီး ၊ ငါ့ကို လူပုံအလယ် မတင့်တယ်သော မေးခွန်းများ မေးသည်ဟု မမှတ်လေနှင့် ”
“ ငါ့ရှင် ပဉ္စင်းလောင်း ယခုအခါ သင်သည် အသက် နှစ်ဆယ် ပြည့်ရဲ့လား ”
“ အာမဘန္တေ ၊ ပြည့်ပါတယ်ဘုရား ”
“ ရဟန်းပြုရန် မိဘများက သဘောတူ ကြည်ဖြူရဲ့လား ”
“ အာမဘန္တု ၊ ကြည်ဖြူပါတယ်ဘုရား ”
“ သင်သည် မင်းခစားယောက်ျားနှင့် ကျေးကျွန် အဖြစ်မှ ကင်းလွတ်ရဲ့လား ”
“ အာမဘန္တေ ၊ ကင်းလွတ်ပါတယ်ဘုရား ”
“ သင်သည် ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား ”
“ ................. ”
“ ဟဲ့ ဝိမလ အာရုံစိုက်စမ်း ”
“ သင်သည် ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား ”
“ အာမဘန္တေ ၊ စစ်ပါတယ်ဘုရား ”
“ ကြွေးမီ ကင်းရှင်းရဲ့လား ”
“ အာမဘန္တေ ၊ ရှင်းပါတယ်ဘုရား ”
“ ................. ”
“ ................. ”
“ ................. ”
“ ................. ”
သိမ်ဝင် ပြီးမြောက်သောအခါ ကိုရင်ဝိမလ မှ ဦးဝိမလ အဖြစ်သို့ ရောက်ရှိ သွားသည် မှန်သော်လည်း အနုသာသက ဆရာတော် မေးလိုက်သည့် မေးခွန်း တစ်ခုက သိမ်ဆင်း ထွက်သည့်အထိ နားထဲ၌ ပဲ့တင်ထပ်နေသည် ။
“ သင်သည် ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား ”
“ သင်သည် ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား ”
အကြိမ်ပေါင်းများစွာ တွေးမိသော အကြောင်းအရာသည် ရှင်ဝိမလ မှ ဦးဝိမလသို့ ရောက်ခဲ့ရသော ပထမဆုံး ညမှာပင် လေးပင်စွာ ကုန်ခဲသော ညကို ဖြစ်စေခဲ့လေပြီ ။
တွေမိတိုင်း၌လည်း သူငယ်ချင်း ဖြစ်သူ ဦးသောဘိတ ၏ ပြုံးစစ မျက်နှာကိုသာ မြင်နေရတော့သည် ။ ဦးသောဘိတ အပေါ်၌ ထင်ကျန်သော သံယောဇဉ်များမှာ အရောင်တချို့ ပါနေခဲ့ပြီဟု ဆိုလျင် ..... ။
ခံစားမှုနှင့် အသိဉာဏ် ဝိညာဏ တို့၌ ကိန်းအောင်းနေခဲ့သည့် အနုသယသည် အညစ်အထေးသဖွယ် နှောင်တွယ်နေခဲ့သည်ဆိုလျင် ထိုကာလများသည် မိမိကိုယ်၌ပင် မှောင်သည် မဟုတ် ဆက်စပ်ကျင်လည်ရာ လောက တစ်ခုလုံး အတွက်ပင် အမှောင်ကျခြင်း အစစ် ဖြစ်ချေတော့မည် ။
ကြီးစွာသော ဝိစိကိစ္စ ည၏ အလွန်၌ ပေါ်ထွက်၍ လာသော နံနက်ခင်းရောင်ခြည်ကို ဘဝ၏ အဦးဆုံး အလင်းတန်း အဖြစ် ဦးဝိမလ ခံစားသိရှိ ခဲ့ရပါတော့သည် ။ ထိုအခိုက် ခိုင်မာစွာ ချမှတ်လိုက်သော ဆုံးဖြတ်ချက်နှင့် အတူ ခြေလှမ်းများက မိဘများ ဆီသို့ ဦးတည်လျက် ။
အခန်း ၊ ၆ ၊
“ ဦးဇင်း လူထွက်တော့မယ် အမေ ”
အလှူနေ့ အတွက် ငှားယူထားသော ရွာဘုံတော်ပန်းကန်များကို ပြန်ပေးရန် ရွေးထုတ်နေသော မိခင် ဖြစ်သူက ဦးဇင်းဝိမလကို ကြည့်သည် ။ သို့သော် သူ့နားသူ မယုံနိုင်လောက်အောင်ပင် ဖြစ်ရသောကြောင့် တစ်ခါ ထပ်မေးသည် ။
“ ဦးဇင်း ဘာပြောလိုက်တာလဲ ”
“ ဦးဇင်း လူထွက်ပါရစေ အမေ ”
မိခင်ဖြစ်သူ၏ မျက်ဝန်းများကို ဦးဝိမလ နက်နက်နဲနဲ ခံစားမိသည် ။ ထို့အတူ အိမ်ပြူတင်းမှ ခေါင်းပြု၍ ထွက်လာသော ဖခင်ဖြစ်သူက မျက်မှောင် ကြုတ် ကြည့်သည် ။ ထို့နောက် အိမ်ပေါ်က ဆင်း၍ စူးစိုက်ကြည့်ကာ ပြောသည် ။
“ ဦးဇင်း ဘယ်လို ဖြစ်ရတာလဲ ၊ အလှူလဖက်တောင် မခြောက်သေးဘူးနော် ၊ ဘယ်လိုကိစ္စကြောင့် ခုလို ပြောထွက်ရတာလဲ ”
“ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အဖေ နဲ့ အမေရယ် ၊ ဦးဇင်း တောင်းပန်ပါတယ် ။ ဒါပေမယ့် ထွက်မှဖြစ်မှာမို့ပါ ”
မိခင် ဖြစ်သူက မျက်ရည်စိုသော မျက်ဝန်းတို့ဖြင့် သားဦးဇင်းကို မေးခွန်းများစွာတို့ဖြင့် ကြည့်သည် ။ နှစ်ရှည်များစွာ မက်ခဲ့သည့် အိပ်မက် နှင့် ပင်ပန်းမှုကို ပြောပြချင်သည် ။ သို့သော် မျက်ရည်မှ လွဲ၍ ရှိုက်သံပင် မထွက်နိုင်ခဲ့ ။
“ ဦးဇင်း ကျောင်းကို ပြန်ပြီး ဆရာတော့်ကို သွားလျှောက်တော့မယ် အဖေ နဲ့ အမေ ”
ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားသော ဦးဝိမလ၏ ကျောပြင်ကို ဦးကျော်ထွန်း ငေးကြည့် နေခဲ့လေသည် ။ အိပ်မက်တို့၏ အစပျိုးခဲ့ရာ ထိုကျောပြင်သည် ယခုအခါ အိပ်မက်၏ နိဂုံးဖြစ်ခဲ့ပြီ ဆိုသည်ကို လက်ခံခဲ့ရလေပြီ ။ ထို့နောက် တဖြေးဖြေး မြင်ကွင်းမှ ပျောက်ကွယ်သွားသော သားဖြစ်သူ၏ ပုံရိပ်ကို ဦးကျော်ထွန်း တစ်ယောက် ငေး၍သာ ကြည့်နေခဲ့လေသည် ။ ရင်ဝသို့ စိုက်ဝင်နေသော မြားကို မနှုတ်သရွေ့ နာကျင်နေရမည် ဖြစ်သလို ဆွဲနှုတ်သော အခိုက်တွင်လည်း နာကျင်ရမည်ဖြစ်၏ ။ သို့သော် ဆွဲနှုတ်၍ နာကျင်ရသော ခံစားမှုသည် စိုက်ဝင်နေသော ခံစားမှုထက် ပိုနိုင်သော်လည်း အခိုက်အတန့် မျှသာ ဖြစ်၏ ။ ကုစားနိုင်၏ ။ ထိုသဘောတရားကို ဦးဝိမလ ကောင်းကောင်း နားလည်ခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။
“ တစ်နေ့ပေါ့ တစ်နေ့ပေါ့ အဖေနဲ့ အမေရယ် ၊ ရင်ထဲက အစိုင်အခဲတွေ ကြေတဲ့ တစ်နေ့ အမေတို့ အမေတို့ အိပ်မက်တွေ အကောင်းတိုင်း မဟုတ်တောင် အကောင်းဆုံး ဖြစ်ဖို့ သား ကြိုးစားပေးမှာပါ ” ဟု ရေရွတ်ရင်း ဆရာတော် ရှိရာ ကျောင်းပေါ်သို့ ဦးဝိမလ ဦးတည်ခဲ့လေတော့သည် ။
( တစ်ယောက် တစ်ဘဝ ဝတ္ထုတို ပြိုင်ပွဲ ပထမဆုရ )
▢ မင်းသူရ ၊ တပ်ကုန်း ၊
📖တစ်ယောက်တစ်ဘဝ ( ၃ )

