Saturday, May 30, 2026

အမြင်


❝ အမြင် ❞
( မလေးငယ် )

“ မသိဘူး ။ တစ်ထောင်တန်လား ၊ ငါးရာတန်လား သမီးလည်း မသိတော့ဘူး ဟီး ... ”

ပြောပြောဆိုဆိုနှင့် ငိုချလိုက်သော ကောင်မလေးကို ကြည့်ရင်း သူမ စိတ်တို့ တော်တော်ပင် ရှုပ်ထွေးသွားမိသည် ။ တကယ်ဆို ဒေါ်မြခက် ဆိုတာ သူမတို့ ရပ်ကွက်မှာ နာမည်ကြီး ။ နှုတ်ကြမ်း လျှာကြမ်း ၊ စွာကလည်း စွာသည့် အပြင် သူတို့ အမျိုးတွေကလည်း ကျီးကန်းမျိုးတွေ ။ ရပ်ကွက်ထဲမှာ ဆွေမျိုး များလှသည့်အပြင် ထိုဆွေမျိုးစုကြီးကလည်း သူတို့ အထဲက တစ်ယောက်ယောက် ပြဿနာ တက်ပြီ ဆိုတာနှင့် ကိုယ့်လူ မှားမှားမှန်မှန် သူတို့က နောက်က ဝိုင်းပြီး ရန်ဖြစ်ပြီးသားပင် ။ အခုတောင် မနက် အစောကြီးမို့လို့ အိပ်ရာက မထကြသေးလို့ထင် ။ မဟုတ်လို့ကတော့ရောက်နေလောက်ကြပြီ ။

“ တစ်ထောင်တန်မှ တစ်ထောင်တန် အသေးလေး ။ တစ်အိမ်လုံးမှာမှ အဲဒီပိုက်ဆံ တစ်ရွက်တည်း ရှိတာ ။ ဘာမှ မှားနေစရာ အကြောင်းလည်း မရှိဘူး ။ အမှန်က ဆန်သွားဝယ်မလို့ဟာကို ဒီကောင်မက ဘောပင် ရေးစရာ မရှိတော့ဘူး ဆိုလို့ သူ့ကို အရင် သွားဝယ်ခိုင်းလိုက်တာ ။ မနက်က မျက်နှာသစ်တုန်းကတောင် အေးဆောင်က ဒီနေ့မနက် ဘာချက်မလဲ မေးလို့ ဘာချက်ရမလဲတော့ မသိဘူး ။ ဆန်လည်း ဝယ်ရဦးမယ် ။ ပိုက်ဆံကလည်း ဒီတစ်ထောင်ပဲရှိတယ်အေ ဆိုပြီး အဲဒီ တစ်ထောင်တန်လေး ထုတ်ပြလိုက်ရင်း တစ်ထောင်တန် နံပါတ်လေးက လှတယ် ။ နောက်ဆုံး ဂဏန်းကို နှစ်လုံး ထိုးရင် ကောင်းမယ်လို့တောင် ပြောလိုက်သေးတယ် ။ နောက်ဆုံးဂဏန်း နံပါတ်က ၅၂ တဲ့နော် ၊ မှတ်မှတ်ရရ ။ မယုံရင် အေးဆောင်ကို ခေါ် မေးကြည့် ”

ဪ ... ဒုက္ခ ။ ငါ့ မယုံလျှင် ငါ့ယောက်ျား မေးကြည့်ဆိုသလို ဖြစ်နေပြန်ပါပြီ ။ အမှန်ဆို သူမလည်း အဲဒီလောက် စကားအများကြီး ပြောဆို မနေချင် ။ လူတွေလည်း ဝိုင်းကြည့်လှပြီ ။ တခြားလူ ဆိုလျှင်တောင် ဖောက်သည် အပျက် မခံချင်လို့ ပေးချင် ပေးလိုက်နေပြီ ။ အခု ဟာက ဒေါ်မြခက် ဖြစ်နေလို့ တမင်ပင် အလျှော့မပေးနိုင်တာဖြစ်သည် ။

“ မဟုတ်သေးဘူး အဒေါ် ။ ကျွန်မ ပိုက်ဆံမှား အမ်းမိတယ် ဆိုရင်တောင် အဒေါ့်သမီးက ပြောရမှာလေ ။ ကလေးပေါက်စနလေးမို့ မသိဘူး ဆိုရင်လည်း ထားတော့ ။ အခု အဒေါ်သမီးက ခြောက်တန်းပဲ ရောက်နေပြီ ။ ပိုက်ဆံ မှားအမ်းတယ်ဆိုရင် သူ ချက်ချင်းပြောပေါ့ ။ ဘာလို့ အိမ်ရောက်မှ တစ်ခေါက် လာပြောတာလဲ ။ အခုလည်း ဒီမှာ လာဝယ်တဲ့ လူကိုယ်တိုင်က ငါးရာတန်လား ၊ တစ်ထောင်တန်လား သေချာတောင် ပြောနိုင်တာ မဟုတ်ဘူး ။ ပြီးတော့ ကျွန်မ ပိုက်ဆံ အံဆွဲထဲမှာလည်း မနက်တည်းက တစ်ထောင်တန်နဲ့ တစ်ယောက်မှ လာဝယ်သေးတာ မဟုတ်ဘူး ။ တစ်ထောင်တန်လည်း တစ်ရွက်မှ မရှိဘူး ။ အဒေါ် မယုံရင် လာရှာကြည့် ”

ငိုနေသော ဒေါ်မြခက် သမီးလေးကို သနားမိသော်လည်း ပြောစရာ ရှိတာတော့ ပြောရပေလိမ့်မည် ။ မဟုတ်လို့ကတော့ မလွယ် ။ အခုတစ်ခေါက်ရလျှင် နောက်တစ်ခေါက် ၊ နောက်တစ်ခေါက် အခေါက်ပေါင်း များစွာ လာပေတော့မည် ။

“ လာလည်း ရှာကြည့် မနေနိုင်ဘူး ။ ငါကတော့ အမှန် ပြောတာပဲ ။ ငါ ပေးလိုက်တဲ့ ပိုက်ဆံက တကယ် တစ်ထောင်တန် ။ အဲဒီတော့ လိုတဲ့ ပိုက်ဆံပြန်ပေး ။ ပြန် မပေးမချင်းတော့ ညည်းဆိုင် ရှေ့က တစ်ဖဝါးမှ ခွာမှာ မဟုတ်ဘူး ။ ငါ့ပိုက်ဆံ ငါပြန်တောင်းနေမှာပဲ ”

“ နေပါဦး ။ အဒေါ် စကားကို အဲဒီလို ....”

“ ဟဲ့ သမီး ၊ နွယ်နွယ် ”

သူမ စကားပင် မဆုံးလိုက် ။ နောက်က ခေါ်လိုက်သော အသံနှင့်အတူ သူမ အနားသို့ ရောက်ရှိလာသူက သူမ အမေ ။

“ မနက်စောစောစီးစီး ဘာလို့ စကားတွေ များနေရတာလဲ ။ သူလိုတယ် ဆိုတဲ့ ပိုက်ဆံ ပြန်ပေးလိုက် ”

“ မဟုတ်ဘူး မေကြီး ၊ အခုဟာက ”

“ ပြန်ပေးလိုက်ပါဆို အေ ၊ ပိုက်ဆံက ဘယ်လောက်လဲ ။ ငါးရာမို့လား ”

ပြောပြောဆိုဆိုနှင့် သူမ ပိုက်ဆံအံဆွဲထဲက ငါးရာတန် တစ်ရွက်ကို ယူပြီး ဒေါ်မြခက် ကို လှမ်းပေးလိုက်ရင်း -

“ ကဲ အစ်မကြီး ... ဟောဒီမှာ ပိုက်ဆံငါးရာ ။ ဈေးဝယ်ဈေးရောင်း လူကလည်း များနေတော့ သူ့အမှား ကိုယ့်အမှား ရှိပါလိမ့်မယ် ။ ထားလိုက်ပေါ့တော့နော် ”

“ ရပါတယ် ၊ ကျွန်မက ကျွန်မပိုက်ဆံ ပြန်ရရင် ပြီးတာပဲ ”

ပိုက်ဆံငါးရာကို လက် တစ်ဖက်က ဆုပ် ၊ ကျန်သည့် လက်တစ်ဖက်က သူ့သမီး လက်မောင်းကို ကိုင်ပြီး ထွက်သွားသော ဒေါ်မြခက်ကို ကြည့်ရင်း ကျွန်မအမေ့ကို မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည် ။

“ မလှူတတ်ရင် ဈေးရောင်းတဲ့ သမီးရဲ့ ။ စကားပုံ တောင် ရှိသေးတယ် ။ တော်ရုံတန်ရုံတော့ ထားလိုက်ပါ အေ ”

သူမအကြည့်ကို နားလည်ဟန်ဖြင့် ပြောလိုက်သော အမေ့စကားကို ပြန်လည် ချေပလိုက်ချင်သော်လည်း အခုမှ ဈေးဝယ်ဖို့ သတိရကြဟန်ဖြင့် အနားရောက်လာကြသော လူများကြောင့် သူမ မျက်နှာကို ရှေ့သို့ ပြန်လှည့် လိုက်ရင်း နှုတ်ခမ်းကို သာ အတတ်နိုင်ဆုံး ပြုံးထားလိုက် မိတော့သည် ။ သီတင်းကျွတ် ကျောင်းပိတ်ရက် အပြီး ဒီနေ့ ကျောင်းပြန်ဖွင့်သည့် ရက်မို့ ကျောင်းသုံးပစ္စည်းနှင့် မုန့် တွေကို အဝယ်များတာ ကြောင့် ဒီနေ့မနက် ဆိုင်ဖွင့် ကတည်းက လူတွေ အုံနေသည် ။

ဈေးကိုသာ အာရုံစိုက်ပြီး ရောင်းနေရပေမဲ့ ခုနက အဖြစ်အပျက်ကြောင့် သူမ စိတ်ထဲမှာတော့ ခံရခက်နေဆဲ ။ တကယ်ဆို အိမ်မှာ ကုန်စုံဆိုင်ကလေး စဖွင့်က တည်းက ရပ်ကွက်ထဲက ဈေးဝယ်လာသူတွေက တစ်ဆင့် ဒေါ်မြခက် သတင်းက မွှေးပြီးသား ။

“ ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ ဆိုင်မှန်သမျှ ဒေါ်မြခက်နဲ့ ရန်မဖြစ်ဖူးတဲ့ ဆိုင် တစ်ဆိုင်မှ မရှိ ။ ရန်ဖြစ်ရတဲ့ အကြောင်းကလည်း ဒီပိုက်ဆံ ပြန်အမ်းတဲ့ ကိစ္စပဲ ။ နှစ်ရာတန် ပေးပြီး ငါးရာတန် ပေးပါတယ် ပြောလို့ပြော ၊ ငါးရာတန် ပေးပြီး တစ်ထောင်တန် ပေးပါတယ် ပြောလို့ပြော ၊ တစ်ခါ တလေ ပိုက်ဆံတစ်ပြားမှ မပေးရသေးဘဲနဲ့တောင် ပေးပြီးပြီ ခံငြင်းတတ်သေးတယ် ”

ဒီလိုသတင်းတွေ မွှေးနေလွန်းလို့လည်း ဒေါ်မြခက် မို့ ဈေးဝယ်လာပြီဆို သူမ အမြဲ အလွတ်မပေးရဲ ။ ဆိုင်က ကောင်မလေးတွေ ကိုလည်း မရောင်းခိုင်းရဲ ။ သူမ ကိုယ် တိုင်ပင် ရောင်းပြီး ပိုက်ဆံ ပေးပြီ ဆိုရင်လည်း သူပေးသည့် ပိုက်ဆံကို ဘယ်တော့မှ အံဆွဲထဲ တန်းမထည့် ။ အ မြဲ လက်မှာ ကိုင်ထားပြီး အမ်းစရာ ရှိသည့် ပိုက်ဆံကို ပြန် အမ်းရသည် ။ ဒါတောင် ခံငြင်းတာ နှစ်ကြိမ်တိတိ ၊ နှစ်ကြိမ်လုံးမှာ သူမ သတိ မလွတ်ခဲ့သူမို့ “ မဟုတ်သေးဘူးလေ အဒေါ်ရဲ့ ။ အဒေါ် ပေးတဲ့ ပိုက်ဆံက ဒီမှာလေ ။ ကျွန်မ အံဆွဲထဲတောင် မထည့်ရသေးဘူး ” ဆိုပြီး အပြုံးမပျက် ရှင်းနိုင်ခဲ့စမြဲ ။ ဒီနေ့ သူ့သမီးကလေး လာဝယ်တော့ လူကလည်း ရှုပ်နေတာမို့ ပေါ့သွားမိတာ ၊ အခုတော့ ... ။

••••• ••••• •••••

“ ဟဲ့ တော်တော့ ၊ ငိုမနေနဲ့တော့ ။ ပြောလိုက်ရင် ငိုဖို့ပဲ ။ ဘောပင်လေးတစ်ချောင်း သွားဝယ်ပါတယ် ။ နောက်က အမေက လိုက်ရှင်းနေရတယ် ။ တစ်စက်ကလေးမှ အသုံးမကျဘူး ”

ပြောပြောဆိုဆို နှင့် ခေါင်းကို လာခေါက်လိုက်သော အမေ့ကြောင့် မြချို မျက်ရည်တို့ကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်ရင်း အမေ့ နောက်ကျောကို မကျေမနပ် နှင့် ကြည့်နေမိသည် ။ နောက်ဆို အဲဒီ အစ်မဆိုင်မှာ ဘယ်လိုများ ဈေးသွားဝယ်ရပါတော့မလဲ ။ အဲဒါ အမေ့ကြောင့်.. ။ အမေ့ကြောင့်ပင် ရပ်ကွက်ထဲက တခြား ဈေးဆိုင်တွေမှာ ဈေးပင် သွားမဝယ်ရဲ ။ မဝယ် မဖြစ်လို့ သွားဝယ်ရပြန်လျှင်လည်း ဆိုင်က လူတွေက ရောင်းချင်သလို မရောင်းချင်သလို မယုံသင်္ကာ မျက်လုံးတွေနှင့် ကြည့်စမြဲ ။

အဲဒီဆိုင်က အစ်မကတော့ ဆိုင်ဖွင့်တာလည်း မကြာသေး ၊ တခြားဆိုင်က လူတွေလိုလည်း မဟုတ် ။ အစ်မမျက်နှာ ချောချောလေးက အမြဲတမ်း ပြုံးရွှင်နေတတ်သည် ။ မြချိုတို့ ဈေးသွား ဝယ်ရင်လည်း ညီမလေး ညီမလေးနှင့် အရေးတယူ ရောင်းတတ်သော ထိုအစ်မကို မြချိုက ချစ်လည်း ချစ်ခင်သလို အထင်တကြီးလည်း ရှိလှသည် ။ အစ်မတို့ အိမ်အောက်ထပ်မှာ ချိတ်ဆွဲထားသော အစ်မ ဘွဲ့ယူတုန်းက ပုံကို ဈေးသွားဝယ်တိုင်း ငေးငေးကြည့်ပြီး အားကျရတာလည်း အမော ။

ထိုအစ်မလို ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လွန်းလှပေမဲ့ ဒီနေ့ မြချို ၊ ကျောင်းပြန် တက်ရမှာ ကြောက်နေမိသည် ။ ကျောင်းမှာ သီတင်းကျွတ် ဆရာကန်တော့ပွဲအတွက် တစ်ယောက်ကို ပိုက်ဆံ တစ်ထောင်စီ ထည့်ခိုင်းထားတာ ဆရာကန်တော့ပွဲတောင် ပြီးနေပြီ ဖြစ်ပေမဲ့ မြချို အခုထိ တိုင် မထည့်ရသေး ။ ဆရာ ကန်တော့ပွဲနေ့က ကန်တော့ရတာတောင် မြချိုမှာ မလုံမလဲနှင့် ။ ဆရာမကို ကျောင်းပြန်ဖွင့်ရင် ပေးပါ့မယ်ဟု ပြောထားပြီး ကျောင်းပိတ်ရက်တွေမှာ မြချို မုန့်ဖိုးကို စုထားပေမဲ့ အခုမှ ပိုက်ဆံက ငါးရာပဲ ရှိသေးတယ် ။ ဆရာမကို ငါးရာပဲ သွားပေးလို့လည်း ဖြစ်မှာ မဟုတ် ။ အမေ့ဆီက တောင်းရင်လည်း ရမှာ မဟုတ် .. အဲဒီ တော့ ... အတွေးနှင့်အတူ မြချို နှုတ်ခမ်းကို ထော်ရင်း အမေ့ကိုသာ မကျေမနပ် လှမ်းကြည့်လိုက်မိသည် ။ အဲဒါ အမေ့ကြောင့် ... ။

••••• ••••• •••••

“ အစ်မ ဟောဒီမှာ မနက်က ပိုက်ဆံ ငါးရာ ”

ဆိုင်မှာ လူပါးသွားပြီ ဖြစ်သောကြောင့် အံဆွဲထဲရှိ ပွနေသော ပိုက်ဆံများကို တစ် ရွက်ချင်း သေသေချာချာ ဖြန့်ပြီး ထိုင်စီနေရင်း ကြားလိုက်ရသော စကားသံကြောင့် မော့ကြည့်လိုက်တော့ ကျောင်းစိမ်းဝတ်စုံလေးနှင့် ဒေါ်မြခက် သမီးလေး ။ မှန်ပုံးပေါ် လာတင်သော ပိုက်ဆံ ငါးရာကို လှမ်းကြည့်ရင်း -

“ ဘာလဲ ၊ ညီမလေး အမေက ပြန်ပေးခိုင်းလိုက်တာလား ”

“ ဟင့်အင်း ... မဟုတ်ဘူး ။ သမီး ပြန်ပေးတာပါ ။ အမေ့ကို သွားမပြောပါနဲ့နော် အစ်မ ။ သမီး တောင်းပန်ပါတယ် ”

တုန်တုန်ယင်ယင်နှင့် ခပ်တိုးတိုးလေး ပြောပြီး ထွက် သွားသော ကောင်မလေးကို ကြည့်ရင်း သူမ မယုံကြည် နိုင်စွာဖြင့် သက်ပြင်းတစ် ချက်ကိုသာ လေးလေးပင်ပင် ချလိုက်မိသည် ။

“ ကြည့်စမ်းပါဦး ။ သူမ က ဒေါ်မြခက် လက်ချက် ထင်တာ ။ အခုတော့ သူ့သမီး လေးက လုပ်တာပါလား ။ ဒီကလေးမ ငယ်ငယ်ရွယ်ရွယ်နဲ့နော် ။ အတုမြင် အတတ်သင် ဆိုတာ ဒါမျိုးပဲနေမှာပဲ ။ ဒေါ်မြခက်ကို ပြန်ပြောရင် ကောင်းမလား ။ အိုလေ ... ပြောမနေတော့ပါဘူး ။ ကောင်မလေးလည်း နောင်တရလို့ ပြန်လာပေး တာပဲ နေမယ် ။ နောက် တွေ့ တော့မှ ချော့မော့ပြီး ဆုံးမတော့မယ် ”

အတွေးနှင့် အတူ အနည်းငယ်သာ ရှိတော့သော အံဆွဲထဲရှိ ပိုက်ဆံများကို ဆက်စီနေမိသည် ။ ဘာပဲပြောပြော မနက်က ပြဿနာကို တရားခံ သေချာ သိလိုက်ရပြီ ဆိုတော့ တင်းကျပ်နေသော စိတ်အစုံလည်း အနည်းငယ် ပြေလျော့ သွားသယောင်ပင် ။ အေးပေါ့လေ ဒီအရွယ် ဆိုတော့လည်း မှားမိပေမပေါ့ ။

အခုလို လာ တောင်းပန်ဖော် ရတာပဲ .... ။

တွေးနေသော အတွေးတို့က နေရာမှာတင် ကသောင်းကနင်းနှင့် ရပ်တန့်ကုန်ကြသည် ။ သူမ အမြင်များ မှားနေတာလား မသိ ။ မဟုတ်ပါ ... မမှားပါ ။ တကယ်ပဲ အံဆွဲထောင့်လေးမှာ တစ်ထောင်တန်အသေးလေး တစ်ရွက် ။

“ ဘယ်လို ဖြစ်ရတာလဲ ။ ဒီနေ့မနက် တစ်ထောင်တန်နဲ့ ဈေးလာဝယ်တဲ့လူ တစ်ယောက်မှ မရှိသေးပါဘူး ”

မမြင်သင့်သော အရာ တစ်ခုကို မြင်လိုက်ရ သကဲ့သို့ သူမ အတန်ကြာ ကြောင်ကြည့် နေရာမှ ဒေါ်မြခက် စကားတို့ကို ပြန်ကြားယောင်လာရင်း တစ်ထောင်တန်လေးကို ကတုန်ကယင် လှမ်းယူလိုက်ပြီး နောက်ဆုံး နံပါတ်ကို ကြည့်လိုက်မိသည့် အခိုက်မှာတော့ ... ။

ဆိုင်ရှေ့မှာ လာအော်နေ သော ဒေါ်မြခက် ရုပ်သွင် ၊ ဘေးနားမှာ ငိုရှိုက်နေသော ကလေးမလေး ၊ တောင်းပန်သလို မျက်နှာထားလေးနှင့် ပိုက်ဆံ လာပေးသွားသော ကလေးမလေး၏ ဟန်ပန် ... ၊ အရာရာအားလုံးတို့ဟာ သူမ မျက်လုံးထဲတွင် ရုပ်ရှင် အနှေးပြကွက် တစ်ခုကဲ့သို့ ... ။ မနက်က အဖြစ်အပျက် ကြောင့် ရှက်ရွံ့ရခြင်းထက် ပိုသော ရှက်ရွံ့ခြင်းများစွာနှင့် ဆောင်းတွင်း မနက်ခင်းမှာ သူမ တစ်ကိုယ်လုံး ချက်ချင်းပင် ချွေးဒီးဒီး ကျလာလေတော့သတည်း ... ။

⎕ မလေးငယ်
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ၂၀၁၄ ၊ ဩဂုတ်

No comments:

Post a Comment