Friday, June 12, 2026

ကျား

❝ ကျား ❞
( ပီမိုးနင်း )

“ အဲဒီ သတ္တဝါကြီးပေါ့ကွ ၊ သိပ်လူသားစားတယ် ဆိုတာ .. ”

လူသားစားသော သတ္တဝါသည် ကျားရဲတိရစ္ဆာန် ဟူ၍ပင် သြကာသလောက၏ သားသမီးများဖြစ်သော ပုပုရွရွ ဝေနေယျ အပေါင်းတို့က မှတ်ယူရန် ရှိသော်လည်း တိုင်းပြည်၏နား ၊ မျက်စိနှင့်လည်းတူ ၊ တိုင်းပြည်၏အသံ နှင့်လည်း တူသည့် အချို့အချို့သော သတင်းစာကြီးများ၏ ထည့်သွင်းချက်ကြောင့် … လူသားစားသောသတ္တဝါမှာ ကျားရဲတိရစ္ဆာန်သာ မဟုတ်တုံသေး ။

တဖိတ်ဖိတ် တောက်ပြောက်နေသော သောင်းကျော်ကားကြီးများကို စီးကာ ဥပဓိရုပ်အားဖြင့် ဘုရားတကာကြီး လိုလို ၊ ကျောင်းတကာကြီး လိုလို မွန်ရည်ခန့်ညား ထွားကြိုင်းဖြူနုသည့် ပုရိသနွယ်ဝင် အကြင်သို့သော ဘူတားကြီးများ အနက် အချို့အချို့သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ကြီးများပင် လူသားစားသည့် ဘဝသို့ ရောက်နေတတ်ကြောင်း ၊ ကောင်းမြတ်သော မနဿိကာယဖြင့် နှလုံးသွင်းတတ်ကြပြီ ဖြစ်လေ၏ ။

လူသည် ယခုလည်း လူသားစားသည့် ပါးစပ်သတင်းကို စပ်စပ်စုစု ကမြင်းနေကြသည့် ဒေသကား ၊ ရိုးမတောင်ခြေ တောနက်ကြီးအတွင်းဝယ် မဟုတ်ရဘဲ ကုမ္ပဏီကြီးများ ၊ အစိုးရရုံးကြီးများ ၊ စုဝေးရာ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းထောင့် တစ်ခုသော လက်ဖက်ရည်ဆိုင်တွင်းမှ ဖြစ်သောကြောင့် ၊ တောနေကျားသတ္တဝါတို့ ကား အဘယ်နည်းနှင့်မျှ ရည်ရွယ်သည် မဟုတ်တန်ရာ ။ အနှီ ကျားသတ္တဝါ အလားတူ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မြို့နေလူသားစင်စစ် ၊ မနုဿကျားကြီး ကိုသာ ဆိုလိုကြောင်း ထိုမှတ်ချက်ကလေးက အသံလှိုင်းများအဖြစ် ပျံ့လွင့်အုပ်စိုးမိရာ စက်ကွင်းအတွင်း ကျရောက်နေသော သောတရှင် အပေါင်းက ကြားလိုက်ရ၏ ။ သိလိုက်ရ၏ ။

သူတို့ နားမှ ဝင်လာသော အသံလှိုင်းကို ဦးနှောက် အာရုံကြောမှ တစ်စုံတစ်ရာသော အသိဉာဏ်အဖြစ် လက်ခံပြီးသော အခါတွင်မူကား မျက်လုံးစက္ခုပသာဒက လျင်မြန်စွာ ယူဆောင်ရာသို့ ဦးခေါင်းက ချာခနဲ ပါသွား ကာ ၊ ပန်းဆိုးတန်းမှ ထွက်ခွာလာပြီး ကုန်သည်လမ်း တစ်လျှောက် ညင်ညင်သာသာ မောင်းနှင်သွားသော အစိမ်းရင့်ရောင် ဖလိမာစတာကားကြီးပေါ်သို့ ကြည့်လိုက်သော အခါတွင်မူကား အသက်လေးဆယ် ပြူပြူပင် ရှိဦးမည်ဟု ခန့်မှန်းရသော အသားနီစပ်စပ် ၊ နှာခေါင်းလုံးလုံးနှင့် ခပ်ဝဝ လူတစ်ယောက် အခန့်သား ပါသွားသည်ကို မြင်လိုက်ကြရသည် ။

“ ဘယ်သူမှ မခံနိုင်ပါဘူးကွာ ၊ တကယ့်ကိုပဲ ... ကဲကို ကဲပါတယ် ”

ပထမ စကားစသူက သူ့စကားကို သူပြန်ကောက်၏ ။ ထိုသူမှာ ကားစိမ်းကြီးထဲတွင် ပါသွားသော လူသားစား ပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်၍ တော်တော်ကလေး သုတေသနပြုထားဟန် တူပေသည် ။

“ အိမ်မှာ မယားကြီးချည်း သုံးယောက် ”

“ ဟေ ”

ပတ်ဝန်းကျင်မှ နားသောတ ဆင်နေသူများက အံ့သြထိတ်လန့်သော အမူအရာများဖြင့် အာမေဋိတ်သံ ငါးလုံးလောက်ကို တစ်ချိန်တည်း လွှတ်လိုက်လေ၏ ။

“ အေး ... မယားကြီးချည်း သုံးယောက် ဆိုတော့ မင်းတို့က အံ့သြမှာပဲ ၊ ခုခေတ်က အိမ်ပေါ်မှ တင်ပြီး ပြောင်ပြောင်ပဲ ၊ ကျွန်တော့် မယားပါလို့ သမုတ်ထားတာကို မယားကြီးလို့ ခေါ်တယ်မှုတ်လား ။ အဲသလို ထားတဲ့ သုံးယောက်ကို ငါက မယားကြီးချည့် သုံးယောက်လို့ ပြောတာ ”

“ သူတို့ တည့်ကြရဲ့လား ”

လက်ပံသားဓားနဲ့ချိုင်သလို မဆီမဆိုင် ဝင်ပူတတ်သူများလည်း ဤလောကကြီးတွင် ရှိချေသေး၏ ။ ထို့ကြောင့် တရားနာပုဂ္ဂိုလ်များထဲမှ တစ်စုံတစ်ယောက်က ပူစောင့်ပန်းပင် မေးလိုက်သည် ။

“ တည့်တာ မတည့်တာ အပထားလေ ၊ ညီအစ်မ သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ကောက်ခါ ငင်ခါ သိမ်းပိုက်ထားလေတော့ ဒီလိုပဲ နေရတာပေါ့ ၊ ကိုယ့် စိတ်နဲ့ ကိုယ်တောင် တစ်ခါတလေ အဆင်မသင့်သေးတာ တစ်လင်တည်း မယားသုံးယောက်ဟာ ၊ ဘယ် အမြဲ တည့်နေနိုင်ကြပါ့သလဲဗျ ၊ ဒါပေမဲ့လို့ ငနဲကြီးက သူတို့ချင်း တည့်တာ မတည့်တာကို သိပ်ပြီး ဂရုမစိုက်နိုင်ဘူး ၊ သူမှာ ဂရုစိုက်စရာတွေ ရှိသေးတယ် ၊ ဆက်ပြောရဦးမယ် ၊ မယားငယ်က နှစ်ယောက် ရှိတယ် ၊ တစ်ယောက်က ကျောက်မြောင်းထဲမှာ ... တစ်ယောက်ကတော့ လေးဆယ့်ငါးလမ်းမှာ ၊ တိုက်ခန်း အခန်းငှားပြီး ထားတယ် ”

“ အလိုလေးလေ ”

အခြားသူများကတော့ ဘာမှ အသံ ထွက်မလာတော့ ၊ စကားလုံး ဝါကျတိုင်းကိုသာ ဝေဖန်ပိုင်းခြား၍ တစ်မျှော်တစ်ခေါ်ကြီး အဓိပ္ပာယ်ချဲ့တတ်သူ တစ်ယောက်ကသာ သူ့အတွေးနှင့်သူ နက်နဲသော အကျယ်ဖွင့်ချက်များပါသည့် စကားလုံးကို အော်မြည်လိုက်လေသည် ။

“ မယားဆိုတာက ဒီလိုလား ... ၊ ဦးကွန်းဇော်ရဲ့ ဇနီးပါပဲလို့ ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်နေတဲ့ အခြေအနေမှာ ရှိပြီ ၊ ဦးကွန်းဇော်ရဲ့ အထောက်အပံ့ကို ဦးကွန်းဇော်နဲ့ အတူ မနေဘဲနဲ့ ပြောင်ပြောင်ပဲ ယူနေတဲ့ အစားမျိုးထဲက ဆိုတာကိုး ၊ ဒီလိုမဟုတ်ဘဲနဲ့ ဦးကွန်းဇော်ရဲ့ အထောက်အပံ့ကိုတော့ အလဲအလှယ် နားလည်မှုနဲ့ ယူထားတယ် ။ ဒါပေမဲ့လို့ ကျွန်မ ဦးကွန်းဇော်ရဲ့ ဇနီးပါပဲလို့ နာမည် မတပ်ဝံ့ဘဲ ၊ မိုးကြိုးရှစ်စိတ် ခွဲရစေရဲ့ အပျိုပါပဲရှင့် ဆိုတာတွေ ရှိသေးတယ် ။ အဲဒါကိုတော့ တိတ်တိတ်ပုန်း မယားလို့ ဆိုရမှာပေါ့ ”

“ ဒါတွေကကော ဘယ်နှယောက်လဲဗျာ ”

“ ဒါတွေတော့ ကျွန်တော် သေသေချာချာ မသိရပေဘူးဗျ ၊ အဲဒီလိုဟာတွေလည်း အများအပြား ရှိသေးတယ် ။ ပြီးတော့ ဈေးတဲ့လို့ ဝယ်စားတာမျိုးလည်း ရှိသေးတယ် ။ ဒါတွေကတော့ အနမတဂ္ဂ ပေါ့ဗျာ ”

စကားဝိုင်းတွင် ပါဝင်ကြသူ ပုရိဿနွယ်ဝင် သူတော်စင်တို့မှာ အချို့ကလည်း စက်ဆုတ်ရွံရှာသော မျက်နှာမျိုးကို ပြုကာ နှာခေါင်းကို ရှုံ့လျက် သွားနှစ်ခုကို စေ့ကာ အောက်နှုတ်ခမ်းက အထက်နှုတ်ခမ်းထက် လန်သွားစေ၏ ။ အချို့က အံ့သြဟန်ဖြင့် မျက်လုံး အဝိုင်းသား ၊ ပါးစပ် အဟောင်းသားနှင့် ခေါင်းတဆတ်ဆတ် လုပ်နေလေသည် ။ အချို့ကမူကား ၊ အားကျသည့် အမူအရာမျိုးဖြင့် တက်ခေါက်လိုက်ပြီး သွားဖြဲကာ လက်ဝါး နှင့် ပေါင်နှင့် ပွတ်၍ နေတတ်သည် ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ မုက္ခပါဌ်မှ ကွန့်မြူး ဟောပြောတော်မူသော တရားစကား ကိုပင်လျှင် ပင်ကိုယ်ဓာတ်ခံ အမျိုးမျိုးနှင့် ပုဂ္ဂိုလ် အမျိုးမျိုးတို့က ကြားနာ လက်ခံခဲ့ကာ နိဗ္ဗာန်သို့ အစဉ်လိုက် ဝင်ခဲ့ရသည် မဟုတ်ပါလား ။ ယခုလည်း ဦးကွန်းဇော်၏ ဒေသနာကို ကြားနာသူ ပရိသတ်များမှာလည်း မိမိတို့၏ ဓာတ်ခံပါရမီ အလျောက် အချို့က စက်ဆုတ်ရွံ့ရှာ၏ ။ အချို့ အံ့သြထိတ်လန့်၏ ။ အချို့က ဝမ်းသာအားကျ၏ ။ ဒါပင်လျှင် လူ့ဘောင် အစုအဝေး ဖြစ်တော့သည် ။ အခါခပ်သိမ်း လူတို့သည် တစ်စိတ်တည်း တစ်သဘောတည်း ၊ တညီတည်း တညွတ်တည်း ယူဆကာ ထိုနည်းနှင်နှင် ပြောဆိုပြုမူ လုပ်ကိုင်နေပါက လူ့ဘောင်သည် နိဗ္ဗာန် လိုလို ဆာဟာရ သဲကန္တာရ လိုလိုနှင့် ဧကန်ဧက ပျင်းရိခြောက်သွေ့နေလိမ့်မည်သာတည်း ။

“ သူနဲ့ နီးစပ်တဲ့ဟာ မှန်သမျှတော့ အစေခံမကလေးတွေကစပြီး သူ့စက္ကရီတေရီ လုပ်တဲ့ ကောင်မကလေးတွေအဆုံး ၊ ပြေးနိုင်ရင် မြန်မြန် လွတ်အောင်ပြေး ၊ မပြေးနိုင်ရင်တော့ ( ထားကညာနှမတို့ရဲ့ အပါးလာ မစကြ နဲ့ ကျားစာကျသွားမဟေ့ ) ဆိုတဲ့ မင်းသားကြီး ဓားကြိမ်းကြိမ်း သလိုပေါ့ ခင်ဗျာ ၊ အကုန်လုံး ကျားစာ ကျသွားရှာကြတာချည်းပါပဲ ”

လက်ဖက်ရည် ပန်းကန်ပြားကလေးထဲတွင် တင်နေသော နို့ဖတ်များကို ဆာဒါးခရားမှ ရေနွေးဖြင့် အနည်းငယ်ကျင်းကာ ဆေးပြီးနောက် အကြမ်းတစ်ပန်းကန်ပြား ထည့်သောက်ကာ ဓမ္မကထိကသည် နေရာမှ ထလေ၏ ။ နေရာမှ ထဆို နေ့ခင်း ရုံးအားချိန်လည်း စေ့လောက်ပြီကိုးဗျ ။ သူနေရာမှ ထသည်နှင့် တရားနာ ပရိသတ်ကြီးသည် စဲ၍ စဲ၍ ခွဲခွာသွားကြလေရာ ထိုစားပွဲ ကလေးတွင် ရှင်းလင်းသွေ့ ခြောက်၍ ကျန်ရစ်ခဲ့ပေတော့သတည်း ။

••••• ••••• ••••• 

( ၂ )

သွန်မဆင်ရိပ်သာ လမ်းကလေး တစ်လမ်းထဲသို့ ဖလိမာစတာ ကားစိမ်းကြီးမှာ ညင်သာစွာ ဝင်လာပြီး နောက် ငြိမ့်ခနဲ ရပ်သွားလေသည် ။ ဝင်းကြီးခြံကြီးနှင့် မဟုတ်သော်လည်း အထက်တန်းသို့ တက်လှမ်းပွင့်အာစပြုသည့် လူ့လောက၏ အထင်ရှားဆုံးသော အဆောင်အယောင် တစ်ခုဖြစ်သည့် သားနားတင့်တယ်သော ဗိမာန် နေအိမ်တို့သည် လိမ့်၍ ဝင်လာသော ကားကြီးနှင့် ပနံရစွာ ဆီးကြိုဖိတ်ခေါ်လင့်သည် ။ ဒရိုင်ဘာသည် ခန့်ညားသော နှစ်ထပ်တိုက်ကြီး တစ်ခု ရှေ့၌ ကားကို ရပ်ကာ တံခါးဖွင့် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၊ စာရှုသူတိုင်း ကပင် ဤလူ့အကြောင်းကို စာတစ်ကြောင်းအပြင် နှစ်ကြောင်း မရေးပါစေနှင့်ဟု ဆုမွန်တောင်းလောက်သော လူတစ်ယောက်သည် ကားထဲမှ ဆင်းလာလေ၏ ။ နီစပ်စပ် အသားရောင်သည် ဖြူမလိုလို ညိုမလိုလို အသားလတ်ဟုလည်း မဆိုသာသည့်တိုင် ဖြူဘက်လည်း မရောက် ၊ ညိုဘက်လည်း မယိမ်းဘဲ ၊ တစ်မျိုးအား ဖြင့် ထိတ်လန့်ရွံရှာဖွယ်ကောင်းနေသော အသွင်ကို ဖန်တီးထားသည် ။ လည်ကုပ်သားသည် ကြွက်ဝမ်းဖြူ တစ်ကောင်ကို တင်ထားသကဲ့သို့ ခုံးကြွ၍ နေခြင်းနှင့် ဝမ်းဗိုက်သည် ပတ်၍ထားသော သားရေပြောင် ခါးပတ်ကြိုး အတွင်းမှ အတင်းတိုးထွက်နေခြင်းက ထိုသူ၏ စည်းစိမ်ခံစားမှုကို ဖော်ပြလျက်ရှိသည် ။ ရင်အုပ်သည် ပြားကပ်၍ နေပြီး တင်ပါးမှာလည်း မရှိသလောက် သေးငယ်ခြင်းကြောင့် ဘဲဥတစ်လုံး မီးခြစ်ဆံနှစ်ချောင်းဖြင့် ထောက်ထားဘိသကဲ့သို့ ဝမ်းဗိုက်ဝသည်နှင့် မမျှသော ကြွက်သား ကင်းမဲ့သည့် ခြေထောက်များ ရှိနေကြောင်းကို သားနားသော အဝတ်တန်ဆာများ ဖုံးလွှမ်းလျက်ကပင် သိနိုင်ပေသည် ။ လက်နှစ်ဖက်နှင့် ခြေနှစ်ချောင်းသည် လူဝံတစ်ကောင်၏ ခြေလက်များပမာ ၊ ခန္ဓာကိုယ်နှင့် မလိုက်အောင်ပို၍ နေသည်ဟု ထင်မှတ်ရသည် ။ လူတစ် ကိုယ်လုံးတွင် အဆိုးဆုံးသောအရာကား သူ၏ မျက်နှာပင်ဖြစ်သည် ။ မျက်လုံးနှစ်လုံးသည် ဘယ်သို့ လည်းကောင်း ၊ ညာသို့လည်းကောင်း ၊ စွေစောင်းလျက် ရှိခြင်းကြောင့် မျက်နက်ကို ထင်ရှားစွာ မြင်ရမည့် အစား အမှတ်တမဲ့ ဆိုလျှင် မျက်ဖြူသားကိုသာ ပေါ်လွင်စွာမြင်ရခြင်းကြောင့် ၊ ကျောက်ဖြူရုပ်တု တစ်ခုခုမှ ဆေးပျက်နေသော မျက်လုံးများပမာ ဖြစ်နေသည် ။ မျက်လုံးနှစ်ပေါက် ကြားမှ နှာရိုး နေရာသည် မျက်ပေါက်များနှင့် တစ်ပြေးတည်း နိမ့်လျက်ရှိသည့်ပြင် ပွရောင်းကြီးမား၍ အဆီပြန်နေသော နှာဝလုံးလုံးက ထူထဲသည့် နှုတ်ခမ်းကို အုပ်ဆိုင်းကာ တည်ရှိခြင်းကြောင့် အသူတရာနက်သော ချောက်ကမ်းပါးဝမှ ကျောက်ဂူဝကြီးပမာ ကျက်သရေ မင်္ဂလာ ကင်းမဲ့လှချေသည် ။ နားရွက်များကား ဦးခေါင်းနှင့် မလိုက်အောင် ကြီးမားပြန့်ကျယ်ပါ၏ ။ သို့သော် မျက်နှာ တစ်ခုလုံးကို ခြုံ၍ ကြည့်လျှင် ရက်စက်ကြမ်းကြုတ်ခြင်း ၊ ကိုယ်ကျိုးရှာခြင်း ၊ အကောက်ဉာဏ် ပြင်းထန်ခြင်း ၊ ကာမဂုဏ် လိုက်စားလွန်းခြင်း စသည့် နန်း ဇာတိရုပ်တို့ကို ရုတ်ချည်းပင် အကဲဖမ်းမိနိုင်ပေမည် ။ ထိုသူ၏ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ခပ်မဆိတ် နေခြင်းသည်ပင်လျှင် ၊ အခိုးအငွေ့ အလျှံများ အဖြစ်သို့ ကူးပြောင်းကာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းစေလျက် ၊ အနီးအနီးရှိ လူများအား ရင်တဖိုဖိုနှင့် ကြောက်စိတ်တွေ ပိုလာလောက်အောင် ထိခိုက်စေမည်ဖြစ်လျက် ထိုသူ၏ ရယ်ပြုံးမှုကား နှုတ်ခမ်းနှစ်ခု ဟလာခြင်းမျှသာ ဖြစ်ကာ ၊ ဘာအဓိပ္ပာယ်ကိုမှ မဆောင်ဘဲ အမြဲတစေ စဉ်းလဲကောက်ကျစ်၍ တစ်ကိုယ်ကောင်းကြံနေသော အတွင်းဓာတ်ခံ စိတ်၏ ဖုံးလွှမ်းမှုကြောင့် လူသေတစ်ယောက် သွားဖြဲပြသည်နှင့် မခြားနားသော သဏ္ဌာန်ကို ဆောင်နေတတ်ပေသည် ။ အသက်ကင်းမဲ့၍ လှိုက်လှိုက်လှဲလှဲ မရှိသော ရယ်မောမှုမျိုးကို လူတိုင်း တွေ့ဖူးကြမည် ဖြစ်သော်လည်း ဦးကွန်းဇော်၏ ရယ်မောမှုလောက် အသက်ကင်းမဲ့ကာ ပျော်ရွှင်မှု ခန်းခြောက်သည်ကိုမူ လူတိုင်းတွေ့ဖူးကြမည် မထင် ။ ထိုသူများအတွက် အပေါ်လွင်ဆုံး ထင်မြင်နိုင်ရန်ကား မွဲခြောက်ခြောက် မျက်လုံးများ ပွင့်လျက်ရှိသော လူသေတစ်ယောက်၏ သွားအကျဲသားနှင့် ပါးစပ်ဖြဲ နေပုံကိုသာလျှင် အနီးဆုံး ဥပမာဖြင့် ဟပ်၍ ယူနိုင်မည်ဖြစ်ပေသည် ။

ဦးကွန်းဇော် အိမ်ခန်းထဲသို့ ရောက်သွားသောအခါ တွင်မူကား တစ်အိမ်လုံးမှာ တိတ်ဆိတ်လျက် ရှိချေပြီ ။ စင်စစ်သော်ကား ၊ မော်တော်ကား အိမ်ရှေ့မှာ ရပ်လိုက်ကတည်းက ဧည့်ခန်းတွင် သတင်းစာကို ဖတ်နေသော ဇနီးသည် အကြီးဆုံး သန်းသန်းနုက ဖုတ်ခနဲ သတင်းစာကလေးကို ချလိုက်ပြီး မီးဖိုဆီသို့ ကူးသွား၏ ။ ဇနီးအလတ် စန်းစန်းယုက ဖွင့်လက်စ ရေဒီယို ဂရမ်ကို ပိတ်လိုက်ကာ ဓာတ်ပြားများကို သိမ်းဆည်းပြီး မိမိအခန်းသို့ မြန်းသွားလေသည် ။ ဇနီးအငယ်ဆုံး လီလီက မူကား ကားသံကို နားစွင့်ကာ ရေးလက်စ ကဗျာကလေး တစ်ပုဒ် ကို ဆက်ရေးနေပေသည် ။ သူမ၏ ကဗျာသည် လွမ်းဆွတ် ကြေကွဲဖွယ်ရာကောင်းသည့် သတ္တလောက အကြောင်းကို လမင်း၏ ရောင်ခြည်များ ၊ တောင်ကြီး၏ ညိုမှိုင်းသော အရိပ်များ ပင်လယ်ကမ်းစပ်၏ ခုန်ပေါက်နေသော လှိုင်းလုံးကလေးများမှ အသံကလေးများဖြင့် အရောင်မှုန်းထား၏ ။ သို့သော် ဖလိမာစတာ ကားစိမ်းကြီး ထိုးဆိုက်လာသောအခါ ထိုကဗျာကလေးပင်လျှင် ပို၍ ဝမ်းနည်းကြေကွဲဖွယ် ကောင်းသော စကားလုံး ကလေးများဖြင့် တန်ဆာဆင်ပြီးလျက်သား ဖြစ်နေသည် ။ လီလီ၏ ဦးနှောက်အကြည်ဓာတ်မှ ကွန့်မြူး ထွက်ပေါ်လာသော ကာရန်ကလေးများသည် ကားကြီး မဆိုက်ခင်က ထက်ပို၍ နူးညံ့ပျော့ပြောင်းလာ၏ ။ ပို၍ အသက်ဝင်လာကာ ဆို့နင်နင် ဖြစ်လာ၏ ။ တကယ့် မျက်ရည်ကြားမှ စမ်းတဝါးဝါးနှင့် ရှာရသော ကာရံကလေးများ ဖြစ်လာချေသည် ။

ဦးကွန်းဇော် ပြန်လာတိုင်းပင် ဤအိမ်ကြီးသည် သုဿန်တစပြင်ကြီးကဲ့သို့ သွေ့ခြောက်သွားစမြဲ ဖြစ်၏ ။ ထမင်းချက် ဒေါ်အေးက အိမ်စေ သူငယ်မကလေး မိသန်းအား ပွစိပွစိနှင့် ညွှန်ကြားချက်ပေးနေ၏ ။ သို့ သော် သူ့အသံမှာ မီးဖိုခန်းပြင်ဘက်သို့ ရောက်ဖို့ဝေးစွ ၊ မိသန်း၏ နားထဲသို့သော်မှ ကောင်းစွာ မရောက်ပါပေ ။ စားပွဲထိုး အလီက အိမ်ဖော်သူငယ်ကလေး ဟာမစ်အား ပါးစပ်ကို လက်ညှိုးတင်၍ ထောင်ကာ ၊ ရွှတ်ခနဲ လုပ်ပြလိုက်၏ ။ ဟာမစ်သည် ကြောင်နံ့ရသော ကြွက်ပမာနေ စရာ မရှိအောင် ကုပ်သွားရှာသည် ။ ဦးကွန်းဇော် တစ်စုံတစ်ရာကို အလို မရှိမခြင်း ၊ တစ်မျိုးတစ်မည်သော လှုပ်ရှားသံကိုမှ မကြားရပေရာ ၊ တိတ်ဆိတ် ငြိမ်သက်ခြင်းသည် တကယ့်ကို အသက်ကင်းမဲ့သည့် အသုဘ သဏ္ဌာန်ကို ဆောင်နေပေ၏ ။

ဦးကွန်းဇော်သည် အပေါ်အင်္ကျီကို ချွတ်ကာ ၊ အိမ်ခန်းတွင်းမှ ချိတ်တွင် ချိတ်လိုက်၏ ။ ထို့နောက် ကြွေရောင် တောင်ပြောင်နေသော ရှပ်ကို လည်းကောင်း ၊ အပြာနုနှင့် အဝါနုများကြားတွင် ပန်းရောင်ကွက်ကလေးများ ပြေးနေသည့် မန္တလေးဆန်းပရုလုံချည်ကိုလည်းကောင်း ပလေကပ်လုံချည် ၊ စွပ်အင်္ကျီတို့ဖြင့် လဲလှယ်လိုက်ကာ ထမင်းစားခန်းဘက်သို့ ကူးလာပြီး မိမိ ရောက်လာပြီ ဟူသော အထိမ်းအမှတ်ဖြင့် စားပွဲကို လက်ဝါးကြီးနှင့် ရိုက်လိုက်ရာ အလီက နေ့လယ်စာအတွက် ဆင်းဒွစ်များ ၊ သစ်သီးများနှင့် နို့တစ်ချိုင့်ပါသော လင်ပန်းကို ယူ၍ ဝင်လာလေသည် ။ အများအားဖြင့် ကာမကျူးသူ များမှာ အစားအသောက် သူရဲမရဲ နိုင်တတ်ပေရာ ဦးကွန်းဇော်သည် နေ့လယ်စာ အတွက် နာရီဝက်နီးပါးခန့် ထိုင်ပြီး တစ်မျိုးပြီး တစ်မျိုး မျိုသွတ်လိုက်ခြင်းအတွက် အံ့သြဖွယ်ရာ မရှိပါပေ ။

“ ဟေး လီလီ ”

“ ရှင် ”

ထူးသံနှင့် မရှေးမနှောင်းပင် အငယ်ဆုံးသော ဇနီးသည်သည် ဦးကွန်းဇော် ရှေ့သို့ ရောက်လာလေသည် ။ ဦးကွန်းဇော်က ခြောက်သွေ့သွေ့ ပြုံးလိုက်၏ ။

“ ညကျရင် အစ်ကိုကြီး အိမ်ကို ပြန်လာနိုင်မှာ မဟုတ်ဘူး ၊ ညစာ အစ်ကိုကြီးဖို့ ပြင်မထားနဲ့ ”

ဒီအပြောမျိုးတော့ လီလီတို့ အတွက် ရိုးနေပါပြီ ။ တစ်လလျှင် အနည်းဆုံး ဆယ်ည လောက်ကတော့ အိမ်ကို ပြန်လာလေ့မရှိပါ ။ သို့သော် ဦးကွန်းဇော်မှာ လောဘ သက္ကာယ ကြီးသူတစ်ယောက်ပီပီ ၊ မကုန်သင့်သည်ကို ကုန်ကျရန် အလိုမရှိပေ ။

“ ဟုတ်ကဲ့ ”

လီလီကတော့ ဒါပဲ ပြောနိုင်သည် ။ သူမသည် ဘီလူးသဘက်တစ်ကောင် ရှေ့၌ ရပ်တည်နေရသလို ၊ အလိုလို နေရင်း အော့နှလုံးနာ ဖြစ်နေရသည့် ဦးကွန်းဇော်၏ မျက်မှောက်မှ တစ်ညတာမျှ လွတ်လပ်ခွင့် ရဦးမည်ကို မျှော်တွေးဝမ်းသာနေရှာသည် ။ လင်ယောက်ျား တစ်ယောက်က အခြား မိန်းမတစ်ဦး၏ ရင်ခွင်တွင်း၌ အိပ်စက်တော့မည်ကို သိနေရသည့် အဘယ် မိန်းမမှ ၊ ဆို့နစ်နစ်နှင့် တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ နေနိုင်မည် မဟုတ်သော်လည်း လီလီတို့ အတွက်မူကား ၊ ထိုဝေဒနာမျိုးမှာ ရိုးနေကာ ထုံ၍ ထိုင်း၍ နေပေပြီ ။ ဦးကွန်းဇော် တစ်ယောက် အခြားမိန်းမတစ်ယောက်နှင့် ပျော်မွေ့နေမည်ကို သိသည် မှန်သော်လည်း တုန်လှုပ်ချောက်ချားရဖန် များသော စိတ်ဝေဒနာမှာ ထူးထူးခြားခြား ပို၍ မတုန်လှုပ် မချောက်ချား နိုင်ရှာတော့ဘဲ သက်သာရာ ရမည့် အတွေးအခေါ်များဘက်သို့သာ လှည့်၍ တွေးခေါ်ရရှာသည် ။ မှန်သည် ထိုလူယုတ်မာ၏ ဖိစီးနှိပ်စက်ချက်ကြောင့် စိတ်ထောင်းသမျှသာ ကိုယ်ကြေ၍ နေရပါမူကား လီလီတို့၏ ခန္ဓာကိုယ်မှာ ပဲ့၍ပဲ့၍ ၊ ကြွေ၍ကြွေ၍ ကျရခြင်းမဟုတ်ဘဲ အခိုးအငွေ့များ အဖြစ် လောင်မြိုက် ပျောက်ကွယ်၍ သွားဖို့ ကောင်းလှပေပြီ ။

လီလီသည် အော့နှလုံးနာဖွယ်ကောင်းသော အိမ်ကြီး၏ သခင်ထံမှ အတတ်နိုင်ဆုံးနည်းဖြင့် အလျင်မြန်ဆုံး ဖယ်ခွာကာ မိမိ အခန်းဆီသို့ ပြန်ခဲ့ပြီးနောက် မျက်ရည်ခန်းခြောက်နေပြီ ဖြစ်၍ နွေအခါ ပူပြင်းသော နေမင်း၏ ဒဏ်ချက်ကြောင့် ခန်းခြောက် ရော်သွေ့ကာ ရွှံ့ညွန်ခြောက် ၊ ဗေဒါပင်ခြောက် ၊ ဒိုက်သရောခြောက်များဖြင့် ပြည့်နေ၍ နည်းနည်းကလေးမှ တင့်တင့်တယ်တယ် ရှုချင်စဖွယ် မရှိတော့သည့် ကုန်းလယ် ရေအိုင်ခြောက်ကလေးလို မွဲဟောက်ဟောက်နေသော မျက်လုံးကလေး နှစ်လုံးဖြင့် စက္ခုအာရုံတွင် ဘာကမှ ထင်မြင်လာစွမ်းငှာ မတတ်သာသော လဟာပြင်သို့ ငေး၍ ကြည့်နေမိရှာ သည် ။

ဤလူယုတ်မာ၏ ဇနီးသည် ဘဝသို့ မကျရောက် စေရန် လီလီ အနည်းနည်း အဖုံဖုံ ကြိုးစားခဲ့ပါသည် ။ ယခု ပစ္စက္ခဘဝနှင့် စာသော် အတိုင်းမသိ ငြိမ်းချမ်းသာယာမှုကို ရ၍သွားပြီဖြစ်သော ကွယ်လွန်သူ မိခင်ကြီးကလည်း သမီးကြီး နှစ်ယောက်အား ကျားလှောင်အိမ်တွင်းသို့ သွင်းကာ ကျားစာ ကျွေးခံရဘိသကဲ့သို့ ယူကျုံးမရသော ဆုံးရှုံးမှုမျိုး နောက်တစ်ကြိမ် မဆုံးရှုံးရလေအောင် လီလီ ခမျာအား တတ်နိုင်သမျှ ကာကွယ်ခဲ့ရှာပါသေးသည် ။ သို့သော် … သို့သော်

“ သမီးတော့ မယူပါရစေနဲ့ မေမေရယ်  ၊ မမတို့ကို မြင်ရတာနဲ့ပဲ သမီး ရင်ကျိုးလှပါပီ ”

လီလီက ဆို့နင့်နင့် အသံကလေးဖြင့် ကျားနံ့ရသော သိုးမငယ်ကလေး ညည်းတွားသလို ညည်းတွားခြင်းကို မိခင်ကြီး ဖြစ်သူ ဒေါ်စိန်မြ ကလည်း နားမချမ်းသာစွာ ကြားနေရသည် ။ အဖြေမပေးနိုင်တိုင်း သောက်လက်စ ဆေးပေါ့လိပ်ကြီးကိုသာ မဲ၍မဲ၍ ဖွာနေရပေရာ တထောင်းထောင်းထနေသော မီးခိုးများကသာ အစိုင်အခဲ ဖြစ်သွားနိုင်သော အစွမ်းသတ္တိ ရှိပါမူ လီလီ၏ အသံ ကလေးမှာ ထိုမီးခိုးအစိုင်အခဲများ ကြားထဲတွင် ပျောက်ကွယ်သွားဖွယ်ရာ ရှိနေပေသည် ။

“ မဖြစ်ဘူး သမီး ၊ မဖြစ်ဘူး မေမေလည်း ဒီအကောင်ကြီးနဲ့ ဘယ်ပေးစားချင်မလဲ ၊ ဒါပေမဲ့လို့ သမီး သိတယ် မဟုတ်လား ၊ သမီး ကိုသာ သူ မရရင် သမီးရော ၊ မေမေရော ၊ သူ့ငွေ အလွဲသုံးစားမှုနဲ့ ထောင်ထဲ သွားနေရမယ် ။ ပြီးတော့ သမီး မမနှစ်ယောက်ဟာ ၊ ခုတောင် ဘယ် အခြေဆိုက်နေပြီလဲ ။ နေ့စဉ်လိုလို အနှိပ်စက်ခံနေရတယ် ၊ သမီး ကသာ ဘူးကွယ်ပြီး ငြင်းလိုက်ရင် သမီးမမ နှစ်ယောက်ဟာ သက်ဆိုးရှည်ကြတော့မှာ မဟုတ်ဘူး ၊ ပြီးတော့ မေမေတို့က ပေးစရာ ဆိုလို့ သမီးတစ်ယောက်ပဲ ကျန်တော့တာပဲ ၊ သမီးကို သူ ရပြီးရင် အကုန်လုံး အေးချမ်းသွားမှာပေါ့ကွယ် ”

“ ခက်တယ် မေမေ ၊ သမီး ဘယ်လို ကြံရပါ့မလဲ ၊ ခက်လှချည်ရဲ့နော် ”

ယင်းသို့သာ လီလီက သံမျှဉ်းကလေးဖြင့် ညည်းတွားနိုင်ရှာသည် ။ ဦးကွန်းဇော်ကား ( ပိုင်မှ လုပ်တယ် ) ဟူသော စကားကို လက်ကိုင်ထား၍ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲနှင့် လိုက်နာသူ ဖြစ်၏ ။ လီလီ ကို သူသိမ်းပိုက်နိုင်ရေး အတွက် ဒေါ်စိန်မြ နှင့် လီလီတို့ လက်မှတ်ထိုးစေကာ သူက ချေးငှားထားသော ငွေများ အဖြစ်သို့ သူထောက်ပံ့ခဲ့သမျှ ငွေတို့ကို ပြောင်းလဲလိုက်၏ ။ ထို့နောက် အိမ်ပေါ်သို့ ရောက်ပြီးဖြစ်သော ဇနီးသည် နှစ်ယောက်ကို ညီမငယ် ရရေးအတွက် ခပ်ပြောင်ပြောင် စစ်ကြေညာကာပင် အရေးဆိုရတော့၏ ။ ပညာရှိ နှိပ်စက်နည်းဟု ဆိုရမည့် အသည်းကို အပ်နှင့်ဆွသလို နင့်ခနဲ နင့်ခနဲ နာသွားစေမည့် စကားလုံးများကို သုံးရင်း ကြွင်းကျန်သမျှ မျက်ရည်တို့ကို ထုတ်ယူကာ စိတ်ဝေဒနာကို ဖန်တီးတတ်၏ ။ စိတ်ဝေဒနာများဖြင့် နှိပ်စက်၍ ရိုးပုံပေါက်သောအခါ ရိုက်လိုက် ၊ နှက်လိုက် ၊ ကန်လိုက် ၊ ကြောက်လိုက်နှင့် ကာယခန္ဓာကို နာကျင်စေပြန်သည် ။ သန်းသန်းနု နှင့် စန်းစန်းယု တို့မှာ ညီမအထွေးဆုံး လီလီကို ပေးအပ်ရရေး အတွက် ဦးကွန်းဇော်၏ အနိုင်ကျင့်ခြင်းကို ခံချင်သလို ခံနေရကြရှာသည် ။

တုံ့ပြန်တွန်းလှန်နိုင်သော အင်အားရှိပါမူ သူတစ်ပါး၏ နိုင်လိုမင်းထက် နှိပ်စက်ညှင်းပန်းခြင်းမှ လွတ်မြောက်နိုင်မည်မှာ ဤသံသရာကြီး၏ ဓမ္မတာပင် ဖြစ်ချေသည် ။ သန်းသန်းနုတို့ ညီအစ်မတစ်တွေတွင် ဦးကွန်းဇော်အား တွန်းကန်တော်လှန်ကြရန် အင်အားအဖြစ် စိတ်ဓာတ်အားဖြင့် လည်းကောင်း ၊ ပတ်ဝန်းကျင်အားဖြင့် လည်းကောင်း ၊ အခြေအနေအားဖြင့်လည်းကောင်း ရှိကို မရှိရှာပေ ။

ရာဇဝတ်မှုဆန်ဆန် ဖိနှိပ်လာသူ တစ်ဦးအား ရာဇဝတ်မှုပင် ဖြစ်ချင် ဖြစ်ပါစေ ။ တွန်းလှန်ပစ်မည် ဟူသော စိတ်မျိုး ရှိတတ်မှ တွန်းလှန်နိုင်ပေမည် ။ သူ့အသက်တစ်ချောင်းကို မနှမြောဘဲ အရင်းအနှီးပြုကာ ကျူးကျော်လာ သူတစ်ယောက်အား ကိုယ့်အသက်တစ်ချောင်းကို မတွယ်တာဘဲ ခုခံတိုက်ခိုက်မည်ဟူသော သတ္တိမျိုး မွေးနိုင်မှ တိုက်ခိုက်နိုင်ပေမည် ။ ဤသို့မဟုတ်ဘဲ ပျော့ညံ့သော စိတ်ဓာတ်ဖြင့် ခေါင်းငုံ့ခံကာ ပြုသမျှနုနေရှာရပါမူကား စော်ကားသူ၏ လက်ခုပ်ထဲက ရေပမာ သွန်လို သွန် မှောက်လို မှောက် ၊ သောက်လို သောက် ၊ ဓားအောက် လည်စင်း၍ ခံလိုက်ရုံသာ ရှိချေတော့သည် ။

ကလေးကစားသည့် ရာဘာကွင်းကလေးများ ပမာ ၊ လျှော့ချည် တင်းချည် လုပ်၍ ရသည်မှာ လောက ဥပဒေ ဟု လူတွေက သမုတ်ကြလေသည် ။ စင်စစ်သော်ကား ဥပဒေ၏ ပင်ကိုယ်သဘောမှာ လျော့၍ တင်း၍ ရအောင် လုပ်ထားသည်ကား မဟုတ် ၊ ဥပဒေ၏ ဒဏ်ကို ကျခံရမည့်သူများအတွက် မဟုတ်ဘဲနှင့် မခံရလေအောင် ၊ စစ်နိုင်သမျှ စစ်ပေါက်နိုင်သမျှပေါက်ကာ ဥပဒေ ပါရဂူ အသီးသီးတို့က လိုတိုးပိုလျော့ လုပ်နိုင်ရန်သာ စီမံထားခြင်းဖြစ်သည် ။ လူ့လောကတွင် ဘုရားဟော ဒေသနာများမှ လွဲ၍ ကျန်ပညာရပ် အသီးသီးတို့မှာ တိကျ မှန်ကန်စွာ ညွှန်းဆိုပြခြင်း မပြုမူ၍ လူသားတို့၏ ဦးနှောက်နှင့် မီရုံလောက်သာ ဖော်ပြညွှန်းဆိုထားကြပေမည်ဖြစ်ရာ ဥပဒေအား လျှော့၍ တင်း၍ ရသည် ။ ဂုဏ်ဓနဘက်မှ ကာကွယ်ထားသည်ဟု တထစ်ချ စွဲမှတ်ထားရန် မလိုပေ ။

ဤဥပဒေကို မကြောက်သော သူကောင်းသားသည် သံသရာဥပဒေ ဖြစ်သော ဘုရားတရားတော်ကိုလည်း ကြောက်ရလန့်ရ ကောင်းမှန်း မသိ ၊ သို့ ကြောက်ခြင်းလန့်ခြင်း ကင်းသောအခါ ထင်ရာကို ပြုမူ၏ ။ ကံဇာတာ ဘာကလေး တက်နေချိန်၌ ကြုံနေရသောအခါ ဘယ် အမှုကိုပင် ပြုပြု လောက သံသရာ၌ ကောင်းသည် ဖြစ်စေ ၊ ဆိုးသည် ဖြစ်စေ အောင်မြင်တတ်ကြပေရာ ၊ မကောင်းတာ လုပ်၍လည်း ပျက်စီးချိန်သို့ မတိုင်မခြင်း ၊ မပျက်စီးတတ်ဘဲ ရှိနေတတ်သည် ဖြစ်သောကြောင့် ၊ ဦးကွန်းဇော် ၏ မကောင်းမှုလုပ်ရန် အစီအစဉ်များမှာ တစ်ခုခုကြောင့် သွေကွက်ပျက်စီးသွားခြင်း မရှိဘိမူ၍ အစဉ်တစိုက်သာ သူ အကွက်ချသလို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး အောင်ပန်း ဆွတ်ခဲ့နိုင်သည် ။

ယခုလည်း ငရဲပန်းကို ရွှေပန်း ထင်နေသော ဦးကွန်းဇော်နှင့် ခုခံမှု စိတ်ဓာတ်အင်အား ပျော့ညံ့သေးသိမ်လှသော လီလီတို့ ညီအစ်မတစ်တွေ တွေ့နေ ကြပြန်ပြီ ဖြစ်ရာ တရားကို နတ်စောင့်သည်ဟု ဆိုသော်လည်း ဝိပါက ကံကြွေး မကင်းသေးက ဘယ်သို့သော တရား၏ နတ်ကမှ လာ၍ စောင့်ဖော်မရသေးဘဲ အားကြီးသူက အားနည်းသူကို အမြဲ အနိုင်ယူလေ့ရှိသော လောက ဓမ္မတာအတိုင်း ဤတစ်ချီတွင်လည်း ဦးကွန်းဇော်ကပင် အနိုင်ယူခဲ့နိုင်သည် ။

လီလီသည် မိမိ အဘယ်ပုံ အဘယ်နည်း ဦးကွန်းဇော်၏ ဇနီးဖြစ်ခဲ့ရသည်ကို ပြန်၍ စဉ်းစားနေရှာသည် ။ အမှန်စင်စစ်တော့ မျက်ရည်များကိုသာ သူ သတိရရှာပါ သည် ။ မေမေ့ကို တွယ်တာ ထောက်ထားစရာကလည်း အကြောင်းခံနေသည် ။ မမတို့၏ အဖြစ်ကိုလည်း မကြည့်ရက်နိုင် ။ ဤလူယုတ်မာ၏ စနက်မှ လွတ်ကင်းရန်ကား သူပဲ သေသေ ၊ ကိုယ်ပဲ သေသေ ၊ ခုခံတိုက်ခိုက်ရန် ဖြစ်သည် ။ သို့သော် လီလီကား သိုးမငယ်ကလေးကဲ့သို့ နူးညံ့သူ ဖြစ်ပါသည် ။ ခုခံတိုက်ခိုက်ခြင်းငှာ မစွမ်းသာ ။

သို့နှင့်သို့နှင့် လီလီတို့ ညီအစ်မသုံးဖော်သည် တစ်နည်းမဟုတ်လျှင် အခြားတစ်နည်းဖြင့် ၊ ဒီတစ်မျိုး မဟုတ်လျှင် ဟိုတစ်မျိုးဖြင့် ဦးကွန်းဇော်၏ ကျားလှောင်အိမ်တွင်းသို့ သက်ဆင်းခဲ့ရပြီဖြစ်ရာ မိမိတို့ ကျဆင်းရလု ကျဆင်းရဆဲ၌ ရုပ်ရှင်ထဲ ဇာတ်ပွဲထဲကလို တကယ့် လူ့ဘောင်၌ ကယ်မမည့်သူ မပေါ်လာခြင်းကြောင့်ပင်လျှင် နောက်ဆုံး၌ကား သူ့ကံကြွေးရှိသမျှ ခံရစေတော့ဟု စိတ်နှလုံးကို ဒုန်းဒုန်းချလိုက်ခြင်း ဖြစ်ပေသည် ။

••••• ••••• •••••

( ၃ )

စောမူသည် ဓားသွားကလေးကို ထက်မထက် လက်မကလေးဖြင့် ပွတ်ကာပွတ်ကာ စမ်းသပ်ကြည့်ပြီးနောက် မှုံမွှားမွှားအခန်းကျဉ်းကလေးထဲက အလင်းရောင် အောက်၌ပင် လက်ခနဲ နေအောင် မြှောက်ကိုင် လိုက်ကာ မျက်လုံးကြီး အရွှဲသားဖြင့် မော့၍ ကြည့်နေမိရှာသည် ။ အခါပေါင်းများစွာ ငိုခဲ့ရပြီဖြစ်သောကြောင့် မျက်ခွံများသည် နီမို့မို့ ဖြစ်နေသည် ။ ဆံပင်များမှာ ဖဲနက်ပျော့ တစ်လိပ်ကို ဖြစ်ကတတ်ဆန်း ဖြေထားသလို အပြားလိုက် ကျောပြင်ပေါ်၌ ဝဲကျနေ၏ ။ တစ်တစ်ရစ်ရစ် ချစ်ချင်စဖွယ် ခန္ဓာကိုယ်ကလေး၌ နွမ်းကြေနေသော အဝတ်အစားများဖြင့် ရစ်ပတ်ထားပါသည် ။ စောမူ၏ တစ်သက်တာတွင် အရေးအကြီးဆုံးသော တစ်စုံတစ်ခုသည် ကာလမကြာခင်အတွင်း ဖြစ်ထွန်းပေါက်ပွားရပေတော့မည် ။ ထိုတစ်စုံတစ်ခုသည် ဖြစ်ထွန်းပေါက်ပွားခြင်း၏ အခြေတည်ရာ ကာလရေကြည် စွဲတည်နေမှုကို စတင်ခဲ့ပြီးနောက် တစ်စတစ်စ ရင့်မာလာခဲ့လေပြီဖြစ်ရာ ဖြစ်တတ်ပျက်တတ်သော အကြောင်းအကျိုးတရားများ၏ ဆက်သွယ်မှုအရ ယခု ညနေပင် ထူးထူးခြားခြား တွေ့ရကြုံရမည်မှာ မလွှဲမရှောင်သာသော အခြေအနေသို့ ဆိုက်ခဲ့လေပြီဖြစ်၏ ။

“ သမီး မေမေတို့ အခြေအနေလည်း သမီး နားလည်သားပဲ ၊ ဦးကွန်းဇော်က မေမေတို့ အပေါ်မှာ ဘယ်လောက်ကောင်းရှာသလဲ ၊ သူများ မိန်းကလေးတွေများ မေမေတို့ အဖြစ်မျိုးနဲ့ ရင်ဆိုင်တိုးရရင် လူတကာနဲ့

ဆက်ဆံရတဲ့ ဘဝဆိုးကို ရောက်အောင်တောင် စွန့်စားကြရတယ် ။ ခု ငါ့သမီးမှာ အိမ်တစ်ဆောင် မီးတပြောင်နဲ့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် လူတစ်ယောက်ကို ရတာပဲအေ ၊ စိတ်ကူး မလွဲပါနဲ့ ၊ သမီးအဖေကြီးလည်း သနားပါဦး ”

“ အိမ်တစ်ဆောင် မီးတပြောင်နဲ့ ဆိုပေမယ်လို့ ဦးကွန်းဇော်မှာ မယားတွေ အများကြီးပဲတဲ့ မေမေ ၊ ကျွန်မက နံပါတ် ၁၀ လောက် ချိတ်ရမှာဆိုတော့ ”

“  အို .. ဒါကတော့ သူထားနိုင်လို့ သူ ယူတာပဲအေ့ ၊ ယောက်ျားကောင်း မောင်းမတစ်ထောင်ဆို မဟုတ်လား ။ ဝိဓူရအမတ်ကြီးများ မယားရှစ်သောင်းတောင် ကျော်သေးဆိုလား ”

“ ကျွန်မ မေတ္တာမရှိဘူး မေမေ ၊ ဒီလူကြီးကို ကျွန်မ ဘယ်နည်းနဲ့မှ မေတ္တာမရှိဘူး ”

“ မေမေတို့ လက်ငင်း တွေ့နေရတဲ့ အခြေအနေက ဇာတ်စာအုပ်တွေထဲမှာ ရေးသလို ကိန္နရီမောင်နှံ တစ်ညတည်း ကွဲရုံနဲ့ အနှစ်ခုနှစ်ရာ ငိုလို့ မဆုံးအောင် မေတ္တာကြိုး သွယ်နေရမယ့် အခြေ မဟုတ်ဘူး သမီးရဲ့ ၊ မေမေတို့ သမီးတို့မှာ မေတ္တာရှိတာ မရှိတာထက် အရေးကြီးတဲ့ အန္တရာယ်ကို တွေ့နေရတယ်မဟုတ်လား ။ သမီး သူ့ကို မယူရင် သမီးဖေဖေ ဘာဖြစ်သွားမလဲ ။ ဒါလည်း စဉ်းစားဦးမှပေါ့ ၊ ပြီးတော့ သမီးဖေဖေ ခံရမှာကကော ၊ သူမိုက်လို့ ဆိုးလို့ ၊ ခိုးလို့ ၊ လောင်းလို့ ၊ ကစားလို့ ခံရမှာ မဟုတ်ဘဲ ၊ သမီးမောင်လေး ညီမလေးတွေနဲ့ သမီးတို့မေမေတို့ စားဖို့ သောက်ဖို့ပဲ ၊ ကြံရင်း ဖန်ရင်း ဒီရန်ကုန်မြို့ကြီးမှာ လှော်ရင်းနစ် ဖြစ်ခဲ့ရတယ် မဟုတ်လား ။ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ပြတဲ့ မွေးသဖခင်ကျေးဇူးရှင်ကြီးအတွက်မို့ သမီး ဇွတ်နှစ်ရမယ် ဆိုတာ သမီး နားလည်ထားရင် မေတ္တာဆိုတဲ့စကားကို သမီး ထည့် စဉ်းစားနေမှာ မဟုတ်ပါဘူး ”

“ လောကမှာ အမွန်မြတ်ဆုံးလို့ သတ်မှတ်ထားရမယ့် မေတ္တာတရားကိုတောင် သမီးတို့ လွတ်လွတ်လပ်လပ် သုံးသပ်ခွင့် မရှိတော့ဘူးနော် .. ”

“ ခုခေတ်မှာ ငွေဟာ အဓိက ဖြစ်နေပြီ သမီး ၊ မေတ္တာတရားတို့ မုန်းတာ ၊ ချစ်တာ ၊ သနားတာတို့ဟာ ငွေပေါ်က နေပြီး ဖန်တီးရမယ့် စေတသိက်တွေ ဖြစ်ကုန်ကြပြီ ။ လူတစ်ယောက်ကို ဘယ်လောက်ပဲ မုန်းမုန်း သူ့ငွေနဲ့ မကင်းရင် သူ့ကို ချစ်တဲ့ စကား ဆိုရမယ် ။ မေတ္တာရှိတဲ့ အမူအရာ ပြရမယ် ။ စေတနာ ဗရပွနဲ့ လောကွတ်ပျူငှာ လုပ်ရမယ် ။ ဒါမှ လူ့လောကထဲမှာ နေနိုင်မယ် ။ နို့မို့ရင် လူ့လောက အပြင်ဘက်ကို ထွက်နေဖို့ပဲရှိတယ် ။ ဒီပြင် နည်းလမ်း မရှိဘူး ။ ဒါဟာ လောက ဓမ္မတာဖြစ်ရုံသာ မကဘူး ၊ ကမ္ဘာ့နိယာမတရားလို ဖြစ်နေပြီသမီး ၊ သမီးတို့က ငယ်သေးတော့ လောကရဲ့ ဖိနှိပ်မှုတွေ ၊ ဒဏ်ရာ ဒဏ်ချက်တွေကို မေမေတို့လောက် မခံစားခဲ့ရသေးဘူးလေ ၊ မခံစားရသေးတော့ သိလည်း မသိသေးဘူး ၊ သမီးတို့ စိတ်ဟာ လွတ်လပ်နေသေးတယ် ၊ တက်ကြွနေသေးတယ် ၊ မေမေတို့လို အနယ် မထိုင်သေးဘူး ။ မေမေတို့လို လောက အတွေ့အကြုံတွေနဲ့ အနယ်ထိုင်လာတဲ့အခါကျတော့ လောကနိယာမတရား ဖြစ်တဲ့ ငွေရဲ့ ချယ်လှယ်မှုကို နားလည်လာလိမ့်မယ် ”

“ ခုလည်း သမီး နဖူးတွေ့ ဒူးတွေ့ သင်ခန်းစာ တက်နေရပါပြီကော မေမေ ၊ သမီး မချစ်တဲ့လူကို သမီး ကြည်ဖြူရမယ်ဆိုတာ မေမေ ပြောတဲ့ ကမ္ဘာ့နိယာမ တရားကြောင့်ပဲ မဟုတ်လား ။ သမီးတို့တွေဟာ လူတွေ မဟုတ်တော့ဘူး ၊ လူတွေမှာ ရှိရမယ့် ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ရွံရှာခြင်း စတဲ့ ပဋိသန္ဓေ စိတ်တွေကို တောင်မှ သမီးတို့ စွန့်ပယ်နေရမှပဲ ၊ ဘယ်ကလာ သမီးတို့ လူတွေ ဟုတ်တော့မလဲ ၊ သမီးတို့ဟာ ငွေရဲ့ ကျေးကျွန်တွေ ငွေက လုပ်ထားတဲ့ စက်ရုပ်တွေ ဖြစ်နေပြီ ။ ငွေက ရယ်ဆို ရယ် ၊ မဲ့ဆို မဲ့ ၊ ငွေက ငိုဆို ငို ပြုံးဆို ပြုံးရမယ့် သတ္တဝါတွေ ဖြစ်နေပြီ ။ သမီးတို့ ဗီဇက ပါလာတဲ့ အာရုံခံစားမှုဟာ ဘယ်မှာ ရှိတော့လို့လဲမေမေ ၊ ပြီးတော့ သမီးတို့ဟာ လူမဟုတ်တော့ဘူး ၊ အရုပ်တွေ ဖြစ်ကုန်ပြီ ”

“ အေး သမီး ပြောသလို အရုပ်တွေ ဖြစ်ကုန်သလား ။ လူပဲဖြစ်နေသေးသလား ဆိုတာတော့ မေမေလည်း မဝေခွဲတတ်ဘူး ။ ဒါပေမဲ့လို့ လောကထဲမှာ နေရင်တော့ လောကရဲ့ နိယာမတရားကို ဘယ်သူမှ လွန်ဆန်နိုင်မှာ မဟုတ်ဘူး ။ ဒီလိုပဲ နေကြရမှာပဲသမီး ၊ အဲဒီတော့ မမိုက်ချင်ပါနဲ့ သမီးရယ် … ငါ့သမီးလေး သူများ အငယ်အနှောင်းဘဝ ရောက်ရမှာကို သမီးကို မွေးထုတ်တဲ့ မေမေ့ အနေနဲ့ ဘယ်နည်းနဲ့မှ သဘောမတူ နိုင်ဘူး ၊ မကြည့်ရက်နိုင်ဘူး ၊ ဒါပေမဲ့လို့ မေမေတို့မှာ တခြားနည်းလမ်း ရှိသေးသလားသမီး ၊ သမီးပဲ စဉ်းစား ကြည့်စမ်းပါဦး ၊ ဦးကွန်းဇော်ရဲ့ အလိုကို ဆန့်ကျင်ပြီး သမီးဖေဖေဟာ ထောင်ကျခံလိုက်မယ် ။ သမီးနဲ့ မေမေက ဈေးတောင်း ခေါင်းရွက်ပြီး ကလေးငယ်တွေကို လုပ်ကျွေးရမယ် ဆိုပါတော့ ၊ သိပ်ပြီး အခြေပျက်အနေပျက် ဖြစ်သွားတဲ့ သမီး အတွက် ခုလိုပဲ ငွေကို ငါးစာ လုပ်ပြီး မျှားစားမည့် လူ မပေါ်ဘဲနေပါ့မလား ၊ ပေါ်ဦးမှာပဲ ၊ ပေါ်ရင် ထပ်ပြီး စိတ်ညစ်ရဦးပါပဲ ။ အကောင်းဆုံး ကတော့ ဘာဖြစ်ဖြစ်လေ ခုလည်း တွေ့ကြုံရမယ် ၊ နောင် တစ်နေ့နေ့လည်း ကြုံချင်ရာတွေ့ ကြုံရမယ်လို့ ဧကန်ဧက သိနေရတဲ့ သမီးတို့လို ရုပ်ချောချော ပစ္စည်းမဲ့ မိန်းကလေးတစ်ယောက်အတွက်ကတော့ စောစောစီးစီး နဖူးတွေ့ ဒူးတွေ့ တွေ့ထား လိုက်ရတာကပဲ စိတ်သက်သာ ကိုယ်သက်သာ ရှိဦးမယ်လို့ မေမေတော့ ထင်တာပဲ ”

စောမူသည် မိခင်ကြီး အချီအချ ပြောခဲ့ရသမျှကို မြင်ယောင်ကြားယောင်နေသည် ။ မိခင်ကြီးကား ... ငါ မွေးထားသည့်သမီးကို ငါ ထားရာက နေရမည် ဟူသော ဒေါသမာန်မာနဖြင့် မိမိအား ကျားစာ ကျွေးနေသည် မဟုတ် ၊ အလွန်ကြီးကျယ်သော အန္တရာကြီး တစ်ခုနှင့် ရင်ဆိုင်နေရ၍သာ အားကိုးအားထား တောင်းခံနေသူ ပမာ မျက်နှာငယ်ငယ်ဖြင့် အသနားခံနေခြင်းဖြစ်ပေရာ စောမူ မှာ မချိတင်ကဲ ဖြစ်တိုင်း ဟစ်၍ဟစ်၍သာ ငိုလိုက်ချင်တော့သည် ။

အမဲတစ်ကောင်ကို ပိုင်နိုင်စွာ စားမျိုနိုင်ရန် အတွက် အကွက်ကောင်း ရှာနေခဲ့သည့် ကျားသတ္တဝါလို ဦးကွန်းဇော် မှာလည်း စောမူ တည်း ဟူသော သားကောင်ငယ်အား စားရရေးအတွက် အကွက်ဆင်နေသည်မှာ ကာလ ပရိစ္ဆေဒ ကြာမြင့်ခဲ့ပေပြီ ။ ယခုမှ မပိုင်လျှင် ကိုင်လေ့ မရှိသော ဦးကွန်းဇော် အတွက် နိုင်ကွက်ကို ဆိုက်ခဲ့လေပြီဖြစ်ရာ သူ့စနက်မှ စောမူမှာ ရူးသွတ်ခြင်းငှာ မတတ်သာတော့သော အခြေသို့ ဆိုက်ခဲ့လေပြီဖြစ်လေ၏ ။

သို့သော်လည်း စောမူမှာ လွယ်လွယ်ကူကူနှင့် အညံ့ခံတတ်သော လီလီတို့ ညီအစ်မတစ်တွေလို မဟုတ်ရကား ဤမျှ ဆိုးသွမ်းယုတ်မာသော လူတစ်ယောက်အား လူ့လောကတွင် အရှင်မထားဘဲ သုတ်သင်လိုက်ကာ မိမိကိုယ်ကိုလည်း အဆုံးစီရင်လိုက်ခြင်းအားဖြင့် မိခင်ကြီးနှင့် ဖခင်ကြီးတို့အတွက် တစ်ပူ အပြင် နှစ်ပူ မဖြစ် စေတော့ဘဲ လူနှင့် တူအောင် မနေရသော လူ့လောကကြီးမှ ထွက်ခွာသွားရန် ရည်ရွယ်လေ၏ ။

အစိမ်းရင့်ရောင် ဖလိမာစတာ ကားကြီးသည် ညင်သာစွာ ထိုးဆိုက်လာပြီးနောက် ကြောက်ခမန်းလိလိ ပြုံး၍ ရွှင်နေသော ဦးကွန်းဇော်သည် အိမ်ကလေးပေါ်သို့ ရောက်လာလေသည် ။

“ ဪ … သူဌေးမင်း ကြွလာမှကိုး ၊ မူမူလည်း အခန်းထဲမှာ ရှိပါတယ် ”

အတန်ငယ် မှိန်နေသော သုံးကျပ်ခွဲတန် ဂျပန်မီးအိမ်ကလေးကို မီးကိုမြှင့်တင်ရင်း စောမူတို့ မေမေက လောကဝတ် ပြုရှာ၏ ။ ကလေးများနှင့် ဖေဖေကား ယနေ့ ညအတွက် တော်တော်နှင့် အိမ်ပြန်ရောက်မည် မဟုတ်ပါပေ ၊ ဖေဖေမှာ စိတ်မပါဘဲနှင့် ဘုရားပွဲရှိ ဇာတ်ပွဲသို့ ရောက်နေရရှာသည် ။ သူဌေးမင်းက နှစ်ခြိုက်စွာ ပြုံးလိုက်၏ ။

“ မူမူ နေကောင်းရဲ့လား …. ”

“ ဟုတ်ကဲ့ ကောင်းပါတယ် ၊ ဒါပေမဲ့လို့ ... ဟဲ ဟဲ ဟဲ ”

အဒေါ်ကြီးက ရင်ကွဲပက်လက် ဖြစ်ရာက သူဌေးမင်း အလိုကျ ပြည့်တန်ဆာ ၊ ခေါင်းကြားလို ရယ်သွမ်း သွေးလိုက်ရလေသည် ။

“ ကဲ သူဌေးမင်း နေဦးနော် …. သူဌေးမင်းတို့ စားဖို့သောက်ဖို့ စီမံလိုက်ဦးမယ် ”

မေမေသည် ပြောပြောဆိုဆို ဒန်ချိုင့်ပိန်ခွက်ခွက်ကလေးကို ဆွဲ၍ ဆင်းသွားလေ၏ ။ ဤမျှနှင့်ပင် ကျားစာကျွေးခန်းသည် ဗိန်းဗောင်းစ၍ တီးပါပြီ ။ အရိပ်သုံးပါး သာမက ဆယ်ပါးလောက် နားလည်ပြီးဖြစ်သော သူဌေးမင်းသည် မူမူ၏ အိပ်ခန်းကျဉ်းကလေးထဲသို့ ချွတ်နင်းကာ မြန်းကြွစပြုလေ၏ ။ အပေါက်ဝသို့ ရောက်သည်နှင့် အခန်းထဲတွင် မည်သူ့ကိုမှ မမြင်ရပေ ။ အလင်းရောင်ရှိရာမှ လာခြင်းကြောင့် မျက်စိတွေကျင့်သား မရသေး၍လောဟု ဦးကွန်းဇော်သည် တအား ဖြဲ၍ ကြည့် ၏ ။ သို့သော် ဘာမျှ မမြင်ရချေ ။

အခန်းဝတွင် ဦးကွန်းဇော်သည် တုံ့ဆိုင်းလျက်ရှိ၏ ။ ထိုခဏ၌ တစ်စုံတစ်ယောက်သည် အခန်းတံခါးရွက်ကွယ်မှ ဝုန်းခနဲထွက်လာကာ ဦးကွန်းဇော်၏ ခန္ဓာကိုယ်ပေါ်သို့ ပြောင်လက်သော အရာတစ်ခုကို ထိုးစိုက်လိုက်လေ၏ ။

“ အား ”

ဦးကွန်းဇော်၏ ကြောက်အားလန့်အား အော်သံသည် အိမ်ကလေးထဲတွင် လျှံ၍ သွားလေ၏ ။ လူ့ လောကကို အတတ်နိုင်ဆုံး အနှောင့်အယှက် ပြုခဲ့သူ ၊ မိမိ တစ်ကိုယ်တည်း ကောင်းစားရေးအတွက် လူပေါင်း များစွာ၏ မျက်ရည်ကို ခြေဆေးခဲ့သူ ၊ ဉာဏ်နီဉာဏ်နက် စုံလင်စွာဖြင့် မရုန်းနိုင် မထွက်နိုင်သော ပိုက်ကွန်များ ဖြန့်ခဲ့သူ ဦးကွန်းဇော်သည် ဤတစ်ကြိမ်မိဖြင့် ကိစ္စချော လောက်ပေပြီ ။ သို့သော ဒေဝဒတ်ပင် နောက်ဆုံး မြတ်စွာဘုရား ပွင့်တော်မူသောကာလမှ မဟာအဝီစိငရဲသို့ ဆင်းရချေသည် ။ လူယုတ်မာတို့ကား လွယ်လွယ်ကူကူနှင့် ပျောက်ပျက်သွားရိုး မရှိရကား ဝင့်၍ လက်လာသော ဓားမြှောင်သွားကို ဦးကွန်းဇော်သည် ပါးစပ်မှ အော်မြည်ရင်း ကြောက်အားလန့်အားနှင့် နောက်သို့ ခုန်လိုက်ရာ မူမူလက်မှ ဓားကလေးမှာ ဦးကွန်းဇော်၏ သွေးကို မသောက်ရဘဲ အင်္ကျီဖျားလောက်ကိုသာ မထိတထိ ခ၍ သွားရှာသည် ။ ဦးကွန်းဇော်သည် မူမူနှင့် ခပ်လှမ်းလှမ်း၌ ဆောက်တည်ရာရသောအခါ ဟက်ဟက်ပက်ပက် ရယ်လိုက်လေ၏ ။

“ ဟား ဟား ဟား ကြိုက်သဟေ့ ခုလို အဖိုးတန်တဲ့ ကတိုးအမှန်ကလေးမှ ကြိုက်တယ် ၊ ကဲ မင်းက ငါ့ကို လက်မခံနိုင်ဘူး ဆိုပါတော့ …. ”

“ ဟုတ်တယ် ရှင့်ကို အငယ်ခံအစား ကျွန်မကို ကျွန်မ သ,တ်သေလိုက်မယ် ”

“ သြ .. ဒီအထိပဲကိုး ၊ ဒီအထိလည်း စိတ်မပြင်းစမ်းပါနဲ့ မူမူရယ် မလိုချင်ရင် မယူဘူးပေါ့ ။ လွယ်ပါ တယ် မူမူ ဖေဖေနဲ့ မေမေကို ပြောလိုက်ပါလား မယူချင်ဘူးလို့ ”

“ ရှင်က ဖေဖေ့ကို တုတ်ပြီးနှောင်ပြီး လုပ်ထားတာကိုး ၊ ဖေဖေနဲ့ မေမေကတော့ ရှင့်လက်ခုပ်ထဲက ရေပေါ့ ၊ ဒါပေမဲ့လို့ ကျွန်မ ခန္ဓာကိုယ်ကိုတော့ ရှင်မရဘူး မှတ်ထားလိုက် ”

“ နေပါဦး မင်းသေတော့ကော ၊ မင့်အမေ အဖေ ဟာ ဒီဝဋ်က လွတ်သွားမလား ၊ ငါက မင့်အဖေကို ထောင် မချဘဲနေမလား ။ မင့်အမေက မင့်ညီမလေးတွေ မောင်လေးတွေ တစ်ပြုံကြီးနဲ့ တောက်တဲ့ဖားလျား မဖြစ်ဘဲ နေမလား ။ မင့်တစ်ယောက် သေလိုက်တာနဲ့ မင်းတို့ အိမ်ထောင်ရဲ့ နေရေး ထိုင်ရေး ပြဿနာဟာ ရှင်းသွားမလား ... ”

စောမူသည် ငိုင်နေရှာသည် ။ ဒီအမေးများကတော့ သူဘယ်လိုမှ မဖြေတတ် ၊ သူတစ်ယောက် သေရုံနဲ့ သူ့အိမ်ထောင်၏ စီးပွားရေး ကျပ်တည်းမှုကို ဘယ်လိုမှ ပြောင်းလဲစေမည် မဟုတ်သည်ကို သူမြင်လာ၏ ။

“ ဟေ့ ပြီးတော့ ... မင်းက ငါ့ကို သ,တ်ဖို့ ကြိုးစားသေးတယ် … ဆိုကြပါစို့ ၊ ခုန မင်းထိုးလိုက်တဲ့ ဓားချက် နဲ့ ငါ အသက်ထွက်သွားတယ် ၊ ဆိုကြပါတော့ ... ဟဲ ဟဲ ဟဲ ဘာဖြစ်မလဲ ၊ ဘာမှ မဖြစ်ဘူး ။ ငါသေပြီး မင်း မသေရသေးရင် … ငါ့လိုပဲ မင်းအဆီကို စားပြီး အသား ကိုမျိုချင်တဲ့ သတ္တဝါတွေ အနတက္ကမကျန်ပါသေးလား ဆိုတာ မင်း သိရလိမ့်မယ် ။ ဟေ့ ရန်ကုန်မှာ ပြည့်တန်ဆာ နှစ်သောင်းလောက် ရှိတယ်လို့ တစ်ခါက သတင်းစာတွေထဲမှာ ပါလာတယ် မဟုတ်လား ။ ဒါတွေ အကုန်လုံးဟာ ယောက်ျားတွေ မရှိဘဲနဲ့ တည်နိုင်တာ ဖြစ်ပေါ်လာနိုင်တာ မဟုတ်ဘူးကွ ၊ နားလည်ရဲ့လား ။ ယောက်ျား ဆိုတာ ငါ့လိုသတ္တဝါတွေ အများကြီးပဲ ဆိုတာ မင်း သဘောပေါက်ထားရင် မင်းက လူယုတ်မာ တစ်ယောက် အဖြစ် ငါ့ကို ဘယ်နည်းနဲ့မှ အထင်သေးနိုင်မှာ မဟုတ်ဘူး ။ တချို့ကောင်တွေထက် ငါက သာတာ တစ်ခုတောင် ရှိသေးတယ် ။ ငါ မယား အများကြီး ယူတယ်လေ ၊ ယူပေမယ်လို့ ငါ့မယားတွေကို ဘယ်တော့မှ ဘုံသောက်တဲ့ ရေအိုးစင် မဖြစ်စေရဘူး ။ ငါ့မှာ ပေးကမ်းစွန့်ကြဲနိုင်တဲ့ အင်အား ရှိသမျှတော့ ငါ့မယား အဖြစ် တည်တည်တံ့တံ့ နေကြရမှာပဲ ၊ မိန်းကလေးတွေကို ဖျက်ဆီးပစ်ပြီး အတန်း ထဲကို ပို့ပစ်တဲ့ လူတို့ ၊ ကိုယ့်အိမ်က ခိုင်းတာစေတာ ကလေးတွေကို ခြေတော်တင်ပြီး တစ်နေ့ အရှက်ကွဲဖို့ အကြောင်းပေါ်လာတော့ တကယ့် ကြောင်သူတော်ကြီး လုပ်ပြီး ၊ ဘာမှ မသိသလို မထေမဲ့မြင် လုပ်နေတဲ့ လူတွေနဲ့ စာရင် ငါက မယားအများကြီး ယူပြီး ငါ့မယားတွေကို သူတကာ စေ့စေ့ ကြည့်တာတောင် မခံနိုင်တဲ့ စိတ်မျိုးမွေး သေးတော့ ၊ ငါဟာ သူရဲကောင်းကြီး ဖြစ်မနေဘူးလား ၊ လူမှန်ရင် အာရုံငါးပါးအနက် တစ်ပါးပါးတော့ ကြိုက်နှစ်သက်စမြဲပဲ တချို့က ကိုယ်ကြိုက်တဲ့ အာရုံကို မကြိုက် သလိုလို ဟန်ဆောင်တတ်တယ် ။ ငါကတော့ ဟန် မဆောင်တတ်ဘူး ။ အဲဒါ ငါ့ အပြစ်ပဲ ၊ ကဲ ဟိုသတ္တဝါတွေနဲ့ စာရင် ငါဟာ မင်း သ,တ်ချင်စိတ်ပေါက်လာ လောက်တဲ့ သတ္တဝါကြီးပဲလားလို့ဟင် ... ”

ဦးကွန်းဇော်က သူ့အယူအဆကို ခပ်ရှင်းရှင်းပင် ပြောချလိုက်၏ ။ ဒါပေမဲ့ စောမူမှာ မကျေနပ်ရှာ ကျား တစ်ကောင်က သူ ဘာ့ကြောင့် သားကောင်ငယ်များ၏ အသားကို စားနေရကြောင်းကို ယုန်ငယ်တစ်ကောင်အား ရှင်းလင်းပြောပြခြင်းအားဖြင့် ထိုဆင်ခြေကို ယုန်ငယ်က လက်ခံနိုင်မည် မဟုတ်ပေ ။

“ ဒါပေမဲ့လို့ ရှင့်မှာ သနားမေတ္တာဆို လုံးလုံး မရှိဘူး ။ မိန်းမမှန်ရင် ရှင့်ငွေနဲ့ ရှင့်ကို ဖျော်ဖြေဖို့လို သဘောထားနေတော့ ရှင်ဟာ လူယုတ်မာပဲ ”

“ ဟေ ... သတ္တလောကမှာ ဘယ်သတ္တဝါကကော မိန်းမကို ဖျော်ဖြေစရာ အရာဝတ္ထုတစ်ခုလို့ သဘော မထားသလဲကွ ၊ ခု ခမ်းခမ်းနားနား မင်္ဂလာဆောင်တွေကို ကြည့်စမ်း ၊ မိန်းကလေး တစ်ယောက်ကို ယောက်ျားကလေးတစ်ယောက် စိန်တစ်ဆင်စာရယ် ၊ ကားတစ်စီးရယ် ၊ ကျုပ်ဟာ ဘိလပ်ပြန်ပါ ၊ အမေရိကန်ပြန်ပါ ဆိုတဲ့ ဟိတ်ဟန်တစ်လုံးရယ်နဲ့ တန်ဖိုးဖြတ်ကြတာပဲ မဟုတ်လား ။ သူတို့ကော သနားမေတ္တာနဲ့ ယှဉ်တဲ့ အချစ်ပဲလို့ ဆိုရင် ဘာကြောင့် ၊ သူဌေးသမီးက အောက်တန်းစာရေး အင်္ကျီကုပ်ပြဲနဲ့ လူငယ်ကလေးကို မချစ်ဘဲနဲ့ ၊ အမေရိ ကန်ပြန်မှ သနားမေတ္တာ ရှိရတာလဲ ။ ဒါတွေ အားလုံးဟာ စိတ်ကူးယဉ်ချက်ချည်းပဲ ။ စိတ်ကူးယဉ်ချက်ကို ဟန်ဆောင်မှု မျက်နှာဖုံးတွေ စွပ်ထားပြီး လူ့လောကကို သုတိမင်္ဂလာ ရှိအောင် လုပ်နေကြတာ ။ တို့လို မျက်နှာဖုံး မစွပ်တဲ့ လူနဲ့ကျတော့ တကယ့်ကို လူယုတ်မာ ဖြစ်သွားတော့တာပေါ့ ။ ဟေ့ မူမူ .. လူ့လောကမှာ ဝင်ဆံ့ရေး လူနဲ့ တူရေးအတွက် ၊ တိုက်ကြီးပေါ်က သူဌေးသမီးတောင် သူ့မေတ္တာကို ရောင်းစားနေရသေးရင် မင်းက ဘာကြောင့် ရောင်းမစားနိုင်ရမလဲ ၊ ဒါကို ငါ နားမလည်ဘူး ”

ထိုစကားကို မူမူလည်း နားမလည်ပါ ။ တကယ်ပင် ဦးကွန်းဇော် ပြောသလို မူမူတို့နှင့် စာသော် ဘုံစဉ် ခုနစ်ထပ်တွင် စံစားနေရသည့် နတ်သူဇာကလေးများ မိမိတို့ တစ်သက်တာ တင့်တောင့်တင့်တယ် နေထိုင်ရေးအတွက် ချစ်ခြင်းမေတ္တာ မပါသော အိမ်ထောင်မှုကို ပြုရပါသလော ။

လူ့လောကတွင် အဆင့်အတန်းမီ နေထိုင်ရမှ ဟူသော ကမ္ဘာ့နိယာမ သဘောတရားသည် ဝေနေယျ အပေါင်းတို့အား ထိုမျှ ဖုံးလွှမ်းလေပြီလောဟု စိတ်အတွင်း ဝိတက်ဝိစာရ များနေမိရှာသည် ။ သင်းတို့ အဆင့်အတန်းကပင် ကိုယ့်ကိုယ်ကိုယ် ရောင်းနေရသေးလျှင် ကျေးဇူးရှင် မိခင် ဖခင်ကြီးများ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုအတွက် မိမိကိုယ်ကို ရောင်း၍ ကျေးဇူး ဆပ်ရခြင်းသည် မင်္ဂလာတရား တစ်ပါးပေလော ။

ထို့ထက် ဦးကွန်းဇော်သည် ရွက်အုပ်သီး အခြား ယောက်ျားများနှင့် နှိုင်းစာသော် သူကပင် တော်သလိုလို ဖြစ်နေသေးပါသလော ၊ လောပေါင်း များစွာသည် စောမူ၏ ဦးခေါင်းတွင် ဖြစ်လိုက် ၊ ပေါ်လိုက် ၊ ထင်လိုက် ကွယ်လိုက်နှင့် စစ်ခင်းနေသည် ဤခဏ၌ စောမူ၏ လက်မှ ဓားသည် ကြမ်းပြင်ပေါ်သို့ ထောက်ခနဲ ကျသွားလေ သည် ။

ဇာတ်တကာ့ ဇာတ်စာအုပ်များထဲ၌ ဤမျှ ဇာတ်ရိုက်နာ၍ လာဘိမူကား ရုပ်ရည်အားဖြင့် လည်းကောင်း ၊ စိတ်နေစိတ်ထားအားဖြင့် လည်းကောင်း ၊ ယုတ်မာညစ်ကန်းလှသော ဦးကွန်းဇော်ကို သမ္မာဒေဝနတ်ကောင်း တစ်ပါးပါးက ဒဏ်ခတ်ပြီးနောက် မကောင်းသူကို ပယ်၍ ကောင်းသူကို ကယ်သင့်လှပေပြီ ။ သနားစရာ မင်းသမီးကလေး တစ်ဦးဖြစ်သူ စောမူ ကိုလည်း မမျှော်လင့်သော အရပ်မှ ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီ တစ်ပါးပါးက ဘွားခနဲ လာရောက် ကယ်တင်သွားဖို့ကောင်းလှပေပြီ ။ သို့သော် လောကကား အခါပေါင်းများစွာ စိတ်၏ ညင်သာစွာ ကွန့် မြူးခြင်းနှင့် ခြားနားလှပေသည် ။

တကယ့် တကယ် ဖြစ်ရသည်မှာ တောသုံးတောင် အတွင်းရှိ ဥပစ္ဆဒကကံ ပါလာသမျှ သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ် ၊ ဖွတ် ၊ ပဒတ် အစရှိသော သတ္တဝါများမှာ ကျားတိရစ္ဆာန်၏ အဆီကိုစား အသားကိုမျိုခြင်း ခံရမည်မှာ လောကနိယာမ ဓမ္မတာ ဖြစ်နေဘိသကဲ့သို့ ကမ္မာဝစရကံ အကျိုးပေး မလှသေးရှာသော ငွေ၏ စက်ရုပ် စောမူ ခမျာမှာလည်း ကျားသတ္တဝါ ဦးကွန်းဇော်၏ စားခြင်း ၊ ဝါးခြင်း ၊ မျိုခြင်း ၊ ဆို့ခြင်းကို ခံရရှာမည်မှာ ယနေ့ မဟုတ်သော် နက်ဖြန် ဖြစ်ရမည်ကဲ့သို့ မလွှဲမရှောင်သာသော အကြောင်းသာတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )

အိမ်ပြန်လမ်း


❝ အိမ်ပြန်လမ်း ❞
( သက်ဝေမှူး - မြဝတီ )

“ ဝုန်း ”

“ ဝုန်း ” ဆိုတဲ့ အသံ နားထဲဆောင့်ဝင်လာပြီး နောက်ဆုံး ကြားရတာလို့ မမျှော်လင့်ခဲ့ ။ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းနေသော်လည်း ကားမီးရောင်ကြောင့် မသဲမကွဲ ထန်းပင်ကြီးက မျက်လုံးအိမ်ထဲ ဝင်ရောက်လာတယ် ။ နှလုံးခုန်သံ မြင့်တက်လာပြီး အလကားရတဲ့ လေကို မသက်မသာ ရှူနေရတယ် ။ ခန္ဓာကိုယ် တစ်ခုလုံး ဆောင်းတွင်း အအေးဒဏ် ကြောင့် နာကျင်မှုကို မခံစားရသော်လည်း တစ်ကိုယ်လုံး လှုပ်၍ မရ ။ ပါးစပ်က အားကိုးတကြီး အကူအညီ တောင်းဖို့ ကြိုးစားပေမဲ့ အသံလှိုင်းတွေက လည်ချောင်းဝ အိမ်ပြန်လမ်း မှာ ပျောက်ကွယ်သွားတယ် ။

စိုးရိမ်ထိတ်လန့်မှုနဲ့ ထိုင်ခုံမှ ထ,ရန် ကြိုးစားကြည့်တယ် ။ ကိုယ်အပေါ်ပိုင်းသာ ယိမ်းယိုင်သွားပြီး အောက် ပိုင်းတစ်ခုလုံး ကြွလာခြင်း မရှိ ။ အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း မည်သို့မျှ မထူး ။ စိတ်တိုတိုနဲ့ စီယာတိုင် ကိုင်ထားတဲ့ လက်ကို ခြေထောက်ဆီ လှမ်းလိုက်တယ် ။ တော်တော်နဲ့ ခြေထောက်ကို မစမ်းမိ ။ လက်နဲ့ စမ်းမိတော့ ပျော့စိစိအရာ မဟုတ်ဘဲ မာတောင့်တောင့် အရာဝတ္ထု ။ မသေချာ၍ ထပ်မံစမ်းရင်း ခံစားကြည့်မှ အသားတွေ ဖွာထွက်နေသော ခြေထောက်ရိုးတွေဖြစ်ကြောင်း နားလည်လိုက်တယ် ။ ခြေထောက်ကိုင် ထားတဲ့ လက်ကို ပြန်ကြည့်လိုက်တော့ သွေး အလိမ်းလိမ်း ကပ်ပါလာတယ် ။

သွေးမြင်ရင် မကြောက်တတ်တဲ့ လူတစ်ယောက် ညကြီးမည်းမည်း သွေးရောင်ရဲရဲ မြင်လိုက်ရတော့ နှလုံးခုန်နှုန်း မြန်လာတယ် ။ ရင်ထဲ ဆို့တက်လာတဲ့ သောကအငွေ့ကို ဖယ်ချရင်း သတိမလွတ်အောင် ကိုယ့်ကိုယ်ကို ထိန်းလိုက်တယ် ။ ကားခေါင်းထဲ မရပ်မနား တဟီးဟီး အော်သံကြားမှ စက်ပိတ်ဖို့ သတိရတယ် ။ ဒပ်စတော့ပေါ်က ကားသော့ဆီ လက်လှမ်းပြီး သော့ပိတ်ဖို့ ကြိုးစားတယ် ။ အားအင်လျော့နေတဲ့ လက်တွေက ကားသော့ဆီ တော်တော်နဲ့ မရောက် ။

ရှိသမျှအားကို ညှစ်ထုတ်ပြီး ရှေ့ကို ကုန်းလိုက်မှ ကား သော့ကို မီတော့တယ် ။ ရလာတဲ့ အခွင့်အရေးကို လက်မလွှတ်ဘဲ ကားသော့ကို အားနဲ့ ပိတ်လိုက်တယ် ။ ပတ်ဝန်းကျင် တစ်ခုလုံး ညဉ့်လွှာရုံ ဖုံးလွှမ်းသွားပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ ။ စိတ်ထဲ ကြောက်စိတ် လွှမ်းမိုးလာလို့ ကားသော့ဆီ အားယူပြီး ပြန်ဖွင့်လိုက်တယ် ။ သော့ပွင့်သွားတာနဲ့ ကားမီးလုံးက နဂါးငွေ့ တန်းထွက်လာပြီး မျက်စိရှေ့မှာ ထန်းပင်ကြီး ဝါးခနဲ ပေါ်လာတယ် ။

စိတ်ငြိမ်ငြိမ် ထားပြီး သေသေချာချာ ကြည့်လိုက်မှ ကားခေါင်းက ထန်းပင် ရင်ခွင်ထဲ တိုးဝင်နေတယ် ။ ဘယ်လောက်ထိ အချစ်ပိုပြီး တိုးဝင်နေသလဲဆိုရင် ကား ခေါင်းတစ်ခုလုံး ပိန်ချိုင့်တဲ့ အထိ ။ ထန်းပင်ရဲ့ ကျီစယ်မှုက ကားခေါင်းတစ်ခုလုံး ပိန် ချိုင့်သွားတဲ့အပြင် စီယာတိုင်လည်း ခါးကုန်းသွားတယ် ။ ဂီယာတံလည်း ပေါင်ကျိုး သွားတယ် ။

ကားခေါင်းချိုင့်ဝင် သွားလို့ စီယာတိုင်နဲ့ ထိုင်ခုံ ကပ်သွားပြီး လူက ကြားထဲမှာ ညပ်နေတယ် ။ ဘယ်လိုပဲ ကြိုးစားရုန်းထွက်ပေမဲ့ အပြင် မရောက်နိုင်ကြောင်း ကောင်း ကောင်းသဘောပေါက်သွား တယ် ။ ဘေးက အဖော်ပါ လာသူကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့ မျက် လုံးအပြူးသားနဲ့ ကြောင် ကြည့်နေတယ် ။ သူလည်း မထင်မှတ်တဲ့ အဖြစ်အပျက် ကြောင့် ဘာလုပ်ရမှန်း မသိ ဘဲ ကြောင်ကြည့်နေခြင်းသာ ။ သူ ထိုင်တဲ့ဘက်က ပျက်စီးမှု မရှိသလို လူကိုလည်း ထိခိုက်ခြင်း မရှိ ။

ကြောင်နေတဲ့ သူ့ကို ကြည့်ပြီး စိတ်ထဲက ထောင်းခနဲ ဒေါသထွက်သွားတယ် ။ လူတစ်ယောက်လုံး သေမယ် ဖြစ်နေတာ ကြောင်ကြည့်နေရ ကောင်းလားလို့ မျက်လုံးပြူး ကြည့်လိုက်တယ် ။ မထင်မှတ်ဘဲ လက်တစ်ဖက်က ကားဟွန်းပေါ်ရောက်သွားပြီး ဟွန်းသံအကျယ်ကြီး ပေါ်လာတယ် ။ ဟွန်းသံကြားမှ သတိဝင်လာပြီး လှမ်းမေးတယ် ။

“ အစ်ကိုလေး ဘာလုပ်ပေးရမလဲ ”

သူ့စကားကို ကောင်းကောင်းကြားရပေမဲ့ ပါးစပ်က ချက်ချင်း ပြန်မပြောနိုင်ဘူး ။ စကားသံက လည်ချောင်းဝမှာ တစ်နေပြီး တစ်ပိုင်းတစ်စသာ အပြင်ထွက် သွားတယ် ။

“ ငါ့ ကို ဆွဲ … ရွာထဲ သွား ... ပါ ”

စကား တစ်ဝက်တစ်ပျက်ကြားရပေမဲ့ သူက အကင်းပါးတယ် ။ ပြောချင် တဲ့စကားကို ကောင်းကောင်း သဘောပေါက်ပြီး ကား တံခါးဖွင့် ဆင်းသွားတယ် ။ ကားတံခါးက လှမ်းကြည့် လိုက်တော့ ရွာဘက်ပြေး ထွက်သွားတာ တွေ့လို့ စိတ် သက်သာရာ ရသွားတယ် ။ ရွာကို ရောက်ဖို့ နာရီဝက် လောက် ကြာမှာကို စဉ်းစား ရင်း ပြန်လာတဲ့ အချိန်ထိ မီပါ့ မလား စိုးရိမ်မိတယ် ။ ည အချိန်မို့ ကားလမ်းပေါ် ဖြတ် သွား ဖြတ်လာ ကားတစ်စီးမှ မတွေ့ ။ ကားတစ်စီးစီး လာ လို့ အကူအညီတောင်းရင် အဆင်ပြေနိုင်ကောင်းတယ်လို့ မျှော်လင့်ရင်း ဆုတောင်းနေမိတယ် ။

ရွာထဲ အကူအညီ သွား တောင်းနေတုန်း ကားထဲက ထွက်နိုင်ရန် ထပ်မံကြိုးစား ကြည့်တယ် ။ အားသာကုန် တယ် ၊ ဘယ်လိုမှ ထူးခြား မလာဘူး ။ ကားထဲမှာ တစ် ယောက်တည်း ကျန်ခဲ့တော့ အလိုလို စိတ်အားငယ်လာ တယ် ။ ခန္ဓာကိုယ်ထဲ ဟို နေရာက စစ်ခနဲ နာသလို ၊ ဒီ နေရာက စစ်ခနဲ နာသလို ခံစားရတယ် ။ မျက်လုံးမှိတ် ပြီး ငြိမ်သက်နေစဉ် မျက်နှာ ပေါ် အေးစက်စက် အရာတစ်ခု ရောက်လာတယ် ။ ရင်ထဲ ဖိုသွားပြီး ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ရဘူး ။

သာမန်အချိန်မှာ သရဲတစ္ဆေ မကြောက်တတ်ပေမဲ့ ညဉ့်သန်းခေါင်ယံ တစ်ယောက်တည်း ရှိနေချိန်မှာ နှလုံးခုန်သံတွေက မငြိမ် သက်တော့ဘူး ။ ခေါင်းအေး အေးထား စဉ်းစားကြည့်မှ အပြင်ဘက်က တစ်ရှိန်ထိုး တိုက်ခတ်လာတဲ့ လေနုအေး မျက်နှာပေါ် လာနမ်းခြင်းဆို တာ သဘောပေါက်သွား တယ် ။ အကြောက်တရား တချို့ အရည်ပျော်သွားပြီး နောက်ဆုံး အဖြစ်အပျက်များက ဦးနှောက်ထဲ တန်းစီပေါ် လာတယ် ။

ရန်ကုန်မှ ကားပေါ် ကုန် အပြည့်တင်ပြီး ညဘက် မောင်းထွက်လာတယ် ။ လမ်း တစ်ဖက်က ကားလေးတစ်စီး တက်လာတာ မီးရောင် အောက်မှာ သဲသဲကွဲကွဲ မြင်လိုက်တယ် ။ ကားနှစ်စီး ယှဉ်မောင်းမရတဲ့ လမ်းမို့ စက်ရှိန် လျှော့ပြီး လမ်းဘေး ချပေးလိုက်တယ် ။ ကားလေး ကျော်သွားတာနဲ့ လမ်းမပေါ် ပြန်တက်ဖို့ စက်ရှိန်မြှင့်လိုက်တယ် ။ ကားက လမ်းမပေါ် ရောက်မလာဘဲ တစ်နေရာတည်း နောက်ဘီးတွေ ယက်နေတယ် ။ နွံထဲ ကားနစ်နေပြီဆိုတာ သိလိုက်တယ် ။

နှစ်ကြိမ် ၊ သုံးကြိမ် အရှိန်နဲ့ မောင်းပေမဲ့ ကားက လမ်းမပေါ် ခေါင်းတင် မလာဘူး ။ နောက်ဆုံးအကြိမ် စိတ် ပေါက်ပေါက်နဲ့ ဂီယာကြီး တင်ပြီး အရှိန်ကုန်မောင်း လိုက်တယ် ။ ကားက နွံထဲက တစ်ရှိန်ထိုး ရုန်းတက်သွားပေမဲ့ အသိစိတ်ပျောက်ပြီး ခဏ သတိမေ့သွားတယ် ။ သတိပြန်လည်တော့ မျက်လုံးထဲ ထန်းပင်ကြီး ပေါက်နေတယ် ။

ခြေသံများ နားထဲ ရောက်လာတော့ အတွေးစ ပြတ်သွားတယ် ။ အပြင်ဘက် လှမ်းကြည့်လိုက်ရာ ရွာထဲမှ လူ ၄ ၊ ၅ ၊ ၆ ယောက် ပါလာတာ တွေ့ရတယ် ။ မျှော်လင့်ချက်ရောင်ခြည်သန်းသွားပြီး အတိုင်းမသိ ဝမ်းသာမိတယ် ။ ကိုယ့်ကိုယ်ကိုလည်း ငါမသေ နိုင်သေးဘူးလို့ ယုံကြည်နေမိတယ် ။

“ ဒရိုင်ဘာက ဘယ်မှာ ”

“ ကားခေါင်းထဲမှာ ညပ်နေတယ် ”

“ ဒါဆို အပြင်ရောက်အောင် အမြန်ဆွဲထုတ်မှ ဖြစ်မယ်“

“ ဟာ ... သွေးတွေထွက်နေတာလည်း မနည်းပါလား ။ အသက်တောင် ရှိသေးရဲ့လား မသိဘူး ”

“ ကျွန်တော် လာခေါ်တဲ့ အထိတော့ ရှိသေးတယ် ”

သူတို့ ပြောစကား ကြားပြီး ရှိသမျှ အားကုန်ထုတ်ကာ ပြန်ဖြေလိုက်တယ် ။ ဒါပေမဲ့ ကြားဟန် မတူဘူး ။ ကားတံခါးဖွင့်ပြီး ခန္ဓာကိုယ်ကြီးကို ကားခေါင်းထဲက ဆွဲထုတ်ဖို့ ကြိုးစားတယ် ။ ထိုင်ခုံနဲ့ စီယာတိုင်ကြား ညပ်နေလို့ ဘယ်လို ကြိုးစားကြိုးစား အပြင် ရောက်မလာခဲ့ဘူး ။ ဆောင်းတွင်းအအေးဓာတ်က လွှမ်းမိုးနေပေမဲ့ ရွာသားများ ကိုယ်မှ ချွေးတလုံးလုံးနဲ့ ။

“ သူ့ကို ဒီအတိုင်း ဆွဲထုတ်လို့တော့ ရမှာမဟုတ်ဘူး ”

“ ဟုတ်တယ် ၊ ခုချိန် ကားတစ်စီးစီး လာရင် ကောင်းမှာပဲ ။ ကားကို ထန်းပင်နဲ့ ကွာအောင် ဆွဲထုတ်ပြီးမှ ထုတ်ရင် ပိုလွယ်မယ် ”

“ ဟော ... ဟိုမှာ ကားတစ်စီး မီးရောင် မြင်နေရတယ် ”

“ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဘုရားသိကြား မ , တာပဲ ”

ရွာသားတွေ ပြောစကား နားထောင်ရင်း အား လျော့သလို ခံစားရတယ် ။ တစ်ချိန်လုံး သွေးတွေက အဆက်မပြတ် ထွက်နေတော့ အားလျော့တာ မဆန်း ။ အချိန်မီ ဆေးရုံရောက်အောင် သွားနိုင်ရင် လျော့သွားတဲ့ သွေးတွေ ပြန်သွင်းနိုင်ပြီး ဆေးကုနိုင်တယ်လို့ မျှော်လင့်မိပြန်တယ် ။ တစ်ခါတစ်ခါ အိပ်ချင်သလိုဖြစ်ပြီး သတိလွတ်ချင်လာတယ် ။

••••• ••••• •••••

“ အစ်ကို ဒီတစ်ခေါက် ကားထွက်ရင် ဘယ်လောက် ကြာမှာလဲ ”

“ ညီမကလည်း မမေး ကောင်းဘူးဆိုတာ ပြောထား လျက်သားနဲ့ ။ ထုံးစံအတိုင်း ၂ ရက် ၊ ၃ ရက် ကြာမယ်ဆို တာ သိနေတာပဲ ”

“ စိတ်မဆိုးပါနဲ့ အစ်ကိုရယ် ၊ ညီမ မေ့သွားလို့ပါ ။ ညီမက အစ်ကို့ကို အားကိုးပြီး ၊ အစ်ကို့နောက် လိုက်ခဲ့တာ မဟုတ်လား ။ အစ်ကို မရှိတော့ အားငယ်တာပေါ့ ”

“ ဘာအားငယ်စရာလိုလဲ ညီမရယ် ၊ အစ်ကို ကားထွက်တယ် ဆိုတာလည်း ပုံမှန်သွားနေကျ အလုပ်ပဲ ”

“ ဟုတ်ပါတယ် အစ်ကိုရယ် ။ ဒါပေမဲ့ ညီမမှာ အစ်ကို့ရင်သွေးလေး လွယ်ထားတော့ ”

“ အဲဒါကြောင့် အစ်ကို မနားဘဲ မွေးစရိတ်ရအောင် ကားထွက်ရတာပေါ့ ။ ထုံးစံဆို နှစ်ခေါက်သွား ၊ တစ်ခေါက်နား ဆိုပေမဲ့ နားမယ့်အခေါက်တောင် မနားဘဲ ကားထွက် နေတာ ညီမ သိမှာပေါ့ ”

“ သိပါတယ် အစ်ကိုရယ် ၊ အစ်ကိုလည်း ပင်ပန်းလှပါပြီ ။ ညီမလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာချင်ပေမဲ့ ကိုယ်ဝန်ကြီးနဲ့မို့ ”

“ ဘယ်က ညီမ အလုပ် ထွက်လုပ်ရမှာလဲ ၊ အစ်ကို တစ်ယောက်တည်း ရှာကျွေး နိုင်ပါတယ် ”

“ အစ်ကို ရှာကျွေးနိုင်မှန်း သိပါတယ် ၊ ဒါပေမဲ့ ”

“ ဒါပေမဲ့ ဘာဖြစ်လဲ ပြောလေ ”

“ ဘာမှ မဟုတ်ပါဘူး ၊ အစ်ကို ကားရောက်တာနဲ့ ညီမဆီ အမြန်ပြန်လာခဲ့လို့ ပြောမလို့ ”

“ စိတ်ချပါ ညီမရယ် ၊ အစ်ကို ဒီတစ်ခေါက် ကား ထွက်ပြီးရင် အလုပ်နားပြီး ညီမနားမှာ နေပေးမယ် ”

ဇနီးသည်အား နှစ်သိမ့်ရင်း ဖြူဖွေးအိစက်သော ပါးပြင်နုနုပေါ် အနမ်းတစ်စက် ကြဲပက်လိုက်သည် ။ ဇနီး သည်က ပခုံးကို ဆုပ်ကိုင် ရင်း အတန်ကြာ နှစ်ယောက် သား စကားမပြောဘဲ ငြိမ်နေမိတယ် ။

••••• ••••• •••••

“ ဟေးကားနဲ့ ထန်းပင်တော့ ကွာသွားပြီ ။ ကားခေါင်းထဲ ညပ်နေတဲ့ ဒရိုင်ဘာကို အပြင်ထုတ်ဖို့ပဲ ကျန်တော့တယ် ”

“ ဒရိုင်ဘာကို မြန်မြန် အပြင်ဆွဲထုတ်နိုင်မှ ဆေးရုံပို့ နိုင်မယ် ။ အချိန်ကြာသွားရင် သွေးထွက်လွန်ပြီး စိုးရိမ်ရ တယ် ”

“ ကဲ ... ဟိုဘက်က နှစ်ယောက် , မ ၊ ဒီဘက်က ငါတို့နှစ်ယောက် မ , မယ် ”

“ ဒီအတိုင်း မ,လို့မဖြစ်သေးဘူး ။ စီယာတိုင်က ကောက်ပြီး ဗိုက်ကို ထောက်ထားသလို ဖြစ်နေတယ် ။ စီယာတိုင်ကို အရင် ဖြောင့်မှ ဖြစ်မယ် ”

“ ဒါဆိုလည်း ပစ္စည်းပုံးထဲက တူ ယူလာပေး ”

လမ်းကြုံကားတစ်စီး လာ၍ ကားကို ကြိုးနဲ့ ဆွဲပြီး ထန်းပင်မှ ကွာအောင်လုပ်နိုင်ခဲ့သော်လည်း စီယာတိုင် ထောက်နေ၍ အပြင်ဆွဲထုတ်ရန် မလွယ် ။ ရွာသားတစ်ဦးက တူတစ်လက် တောင်းပြီး စီယာတိုင်ကို ရိုက်ဖြောင့်တယ် ။ ကျန်လူများက ဝိုင်းဝန်းကူညီပေးတယ် ။ မကြာမီ စီယာတိုင်နဲ့ ဝမ်းဗိုက် လွတ်သွားသောအခါ ရွာသားများက ခန္ဓာကိုယ်ကို ဝိုင်းမ,ကြ တယ် ။ အပေါ်ခန္ဓာကိုယ်က ပုံစံမပျက် ပါလာသော်လည်း အောက်ပိုင်းခြေထောက်များက အသားများ မရှိတော့ ။ အရိုးများ ကြေမွပြီး တန်းလန်း ပါလာတယ် ။ ရွာသားတွေ စုတ်တသပ်သပ်နဲ့ ဝမ်းနည်းစကား ဆိုသံကို သဲ့သဲ့လေး ကြားလိုက်ရတယ် ။

မျက်စိထဲမှာ ဝမ်းမြောက်ဝမ်းသာ စောင့်ကြိုနေသော ဇနီးသည်မျက်နှာကို မြင်ယောင်ရင်း အားရပါးရ လှမ်းအော်လိုက်တယ် ။ ရွာ သားတွေက အော်သံကို ကြားနိုင်ခြင်းမရှိ ။ ခရီးကြုံကားနဲ့ ဆေးရုံ အချိန်မီ ပို့နိုင်အောင် အတ္တဘောကြီးကို ဝိုင်းမ , ကာ ကားပေါ် တင်နေတော့တယ် ။

“ ညီမရေ အစ်ကို ပြန်လာပြီဟေ့ ”

⎕ သက်ဝေမှူး ၊ မြဝတီ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၇

Thursday, June 11, 2026

အတ္ထုပ္ပတ္တိ တစ်ခု၏ အိမ်


❝ အတ္ထုပ္ပတ္တိ တစ်ခု၏ အိမ် ❞
            ( မောင်သူ )

ညဘက်တွင် သူ့အတွက် အိပ်စက်နားနေရာဖြစ်သောထိုစာသင်ခန်းငယ်လေးကို လှည့်ပတ် ကြည့်နေမိသည် ။ ရှေ့တည့်တည့်တွင် အစိမ်းနုရောင် အထပ်သား သင်ပုန်း ။ ဝဲဘက်ဘေးမှာ သောက်ရေအိုးစင် ၊ ယာဘက် ဘေးမှာ ဆရာ့စားပွဲ ။ ထိုစားပွဲပေါ်၌ ရေညှိရောင် ဖန်သား ပန်းအိုးငယ် တစ်လုံး ရှိနေသည် ။ ပန်းအိုးထဲတွင် ပန်းခုနစ်ပွင့် ရှစ်ပွင့်ခန့် ကိုလည်း ထိုးစိုက်ထားပါသည် ။ ထိုအခန်းသို့ သူရောက်စ လေးငါးရက်လောက်မှာ ညညဆိုလျှင် ပျင်းပျင်းရှိသည်နှင့် မနီးမဝေး ကျောင်းသား ထိုင်ခုံ တစ်နေရာမှ ထိုင်ကာ ထိုပန်းပွင့်ကလေးများကို ငေးကြည့်နေရင်းမှာပင် အခန်းထဲ၌ သူ တစ်ယောက်တည်း မဟုတ်တော့သလို ခံစားမှု တစ်ခု ဖြစ်ထွန်းလာပါသည် ။ အနီးအနားတွင် အတူ ရှိနေသော သက်မဲ့ အရာဝတ္ထုတစ်ခုသည်လည်း အဖော် တစ်ဦးလို ဖြစ်နေပါပေါ့လားဟု တအံ့တသြလည်း ဖြစ်ရပြန်သည် ။ တစ်ရက်မှာ တော့ ပန်းပွင့်လေး တစ်ပွင့်ကို လက်ဖြင့် ထိကိုင်ကြည့် လိုက်မိသည် ။ သည်တော့မှ စက္ကူပန်းတွေ ဖြစ်နေတာကို တွေ့ ရသည် ။ သူသည် ရုတ်တရက် အိပ်မက်မှ လန့်နိုးလာသူ တစ်ယောက်လို ဖြစ်သွားပြီးသည်၏ နောက်၌ ...

ထိုညမှ စ၍ ပန်းပွင့်များကို သူ ထိုင်မကြည့်ဖြစ်တော့ပါပေ ။

သည် စာသင်ခန်းလေးသို့ စတင် ရောက်လာသည့် နေ့က သူ့တွင် ပါလာသော ထင်းရှူးသေတ္တာကို ကြည့်ပြီး အခန်းပိုင်ရှင် ကိုအောင်မင်းက “ လာပြီ .. လာပြီ ။ သူရဲအောင်စိန်ရဲ့ ပုလဲအရောင်မမှိန် ဇာတ်အဖွဲ့ကြီး လာပြီ ” ဟု ရယ်မော ပြောဆိုခဲ့သည်ကိုလည်း တွေးမိသွားသည် ။ တစ်ဆက်တည်းမှာပင် သုံးဘီးကား တစ်စီး ၊ ဖျာလိပ် တစ်လိပ် ၊ သေတ္တာ တစ်လုံး ၊ လူ တစ်ယောက် ကိုလည်း မြင်ယောင်လာသည် ။ ထိုမြင်ကွင်း ကိုတော့ ပြင်ပတွင် သူ မြင်ခဲ့ခြင်း မဟုတ်ပါ ။ ဝတ္ထုတို တစ်ပုဒ်ထဲမှာပဲ ဖြစ်သည် ။

‘ ဘဝတစ်ခုကို သုံးဘီးတစ်စီး ပေါ်တင်၍ ... ’ ဟု ဝတ္ထုဆရာက ဖွဲ့ပါသည် ။ ထိုဝတ္ထု၏ အမည်မှာ ‘ ချစ်လှစွာသောအိမ် ’ ဖြစ်သည် ။ ၁၉၈ဝ ပြည့်နှစ် မတိုင်မီ ‘ မိုးဝေ စာပေမဂ္ဂဇင်း ’ မှ ဖြစ်သည် ။ ထိုတစ်လတည်း၌ပင် ကြူးနှစ်၏ ‘ အိမ် ’ ဝတ္ထုတို တစ်ပုဒ်လည်း အတူ ပါလာခဲ့သည်ကို မှတ်မိနေပါသည် ။ အိမ် ဆိုသည်ကို ဖွဲ့နွဲ့ ကြခြင်းပင် ။ ‘ မောင်ရန်ပိုင် ’ ၏ ‘ ချစ်လှစွာသောအိမ် ’ တွင် ယနေ့တိုင် သူ့ရင်ထဲ ‘ ကျန် ’ နေခဲ့သော ‘ ကတ် ’ တစ်ခု ရှိသည် ။

ညက သူငယ်ချင်း အိမ်တွင် အိပ်ဖြစ်သည် ။ မနက် မိုးလင်း၍ အသိဝင်ချိန်တွင် ခြေသံ တရှပ်ရှပ်ကို စကြားရသည် ။ မျက်စိ ဖွင့်ကြည့်တော့ သူငယ်ချင်းမိန်းမ တံမြက်စည်း လှည်းနေသည် ။ တစ်ခန်းလုံး လှည်းကျင်းပြီးပြီ ။ တံမြက်စည်းလှည်းခတ်ရာ လမ်းကြောင်းက သူ့အိပ်ရာ အနီးအနား အရောက်မှာ ရပ်တန့် ရပ်တန့် သွားကြသည် ။ သူ အိပ်နေသော အနီးအနားကိုပဲ ကွေ့ပတ် လှည်းခတ်နေသည် ။ ထိုဝတ္ထုထဲတွင် နေအိမ်နှင့် အတည်တကျ မနေထိုင် ၊ ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာကြသော ဂျစ်ပစီများကို အားကျသည်ဟု မောင်ရန်ပိုင် က ဆိုထားပါသည် ။ ( မနေ့တစ်နေ့က လက်ဖက်ရည်ဆိုင်မှာ ဆုံမိ၍ မေးကြည့်တော့ ယခု အားမကျတော့ပါဟု ဆိုသည် ။ )

သူ့အနေဖြင့် ပြောရလျှင် ဂျစ်ပစီတို့၏ နေထိုင်မှု ဘဝမှာ ကြိုက်တာ တစ်ခု ရှိသည် ။ ဂျစ်ပစီတို့တွင် နေအိမ်နှင့် ပတ်သက်သော ၊ နေရပ်ဒေသနှင့် ပတ်သက်သော သံယောဇဉ် မရှိခြင်းကိုပင် ။ သို့သော် ဂျစ်ပစီတို့သည် တစ်နေရာမှ တစ်နေရာ သွားလာရာ၌ ခေတ္တနားသော ‘ ယာယီအိမ် ’ ကလေးများတော့ ရှိနိုင်ကောင်းသည် ထင်ပါသည် ။

လေမှာပျံဝဲနေနိုင်ဖို့ အတောင်ပါသော ငှက်ကလေးများပင် အစဉ်အမြဲ ဝဲပျံနေနိုင်ကြသည်မှ မဟုတ်ဘဲ ။ ဆက်၍ ကျောက်ခေတ် ကမ္ဘာဦး လူသားတို့ နေထိုင်ကြသော သဘာဝကျောက်ဂူများအကြောင်း ။ ဆက်၍ လှေတစ်စီး ၊ လူတစ်ယောက် ၊ ခွေးတစ်ကောင် ။ ဆောင်းဝင်းလတ်၏ ရှုမဝမဂ္ဂဇင်းဝတ္ထုရှည် ‘ လှေကလေး ’ ။ ထို ‘ ရွေ့လျားအိမ် ’ လေးမှ ဆလုံလူငယ်လေး၏ လွမ်းမောဖွယ် ဘဝ တစ်ခုကိုလည်း အောက်မေ့မိပြန်သည် ။ သည့် နောက် အိမ်အိုအိမ်ဟောင်း တစ်လုံး ။ ထိုအိမ်ကတော့ ဝတ္ထုထဲက အိမ်မဟုတ် ။ ပန်းချီကားထဲက အိမ် ။ အနည်းငယ် ယိမ်းယိုင်နေသယောင် ရှိသည် ။ အိမ်အမိုး ဓနိပျစ် အဆန်များကို အနုစိတ် ခြယ်မှုန်းထားသည် ။ ရဲရဲရေးခြစ်ထားသော ဝါးထရံကွက်များက ကြွနေသည် ။ မင်ခြစ် ၊ အဖြူအမည်း ။ ၁၉၇ဝ အလွန် ‘ မိုးဝေ စာပေမဂ္ဂဇင်း ’ မှ ထိုစဉ်က စာတည်းအဖွဲ့သည် တစ်လလျှင် ပန်းချီကား နှစ်ကား သုံးကားလောက်ကို မဂ္ဂဇင်းစာမျက်နှာများပေါ် မှာ ပုံနှိပ်ဖော်ပြခဲ့သည် ။ ( စာတည်းအဖွဲ့မှာ ကိုအောင်မော် ၊ ကိုသန်းအုန်း ၊ ကိုညိုသစ် တို့ ဖြစ်ကြသည် ။ ) ပန်းချီ ခင်မင်း ( မူးသာ ) က သူ၏ ထိုရေးချက်ကို ‘ အမေ့အိမ် ’ ဟု အမည်ပေးထားသည် ။

သူသည် ဗိုလ်တထောင် သန်လျက်စွန်းမှ အမေ့အိမ်လေးကို သတိရလာပါသည် ။ “ ဖျက် ... ဖျက် ။ ဒီအိမ်တွေကိုပါ ဖျက် ။ လေးအိမ်စုကို ရှင်းပစ် ” လူကြီးတစ်ယောက် ခါးထောက်လျက် လက်ညှိုး တထိုးထိုးဖြင့် ပြောနေသည် ။ သူ့အမေ ထားရစ်ခဲ့သော အောက်မေ့ဖွယ်အိမ် လေးကို သူ့ရှေ့မှာ ဖျက်နေကြသည် ။ သူ ငယ်ငယ်က အိမ်ရှေ့မှာ ဝါးခြမ်းစိတ်လေးများဖြင့် အိမ်ဆောက်တမ်း ကစားနေစဉ် သူငယ်ချင်း တစ်ယောက် ခြေထောက်ဖြင့် ကန်၍ ထွက်ပြေးသွားသည့် အခါက ၊ ကမ်းနားသဲပုံမှာ သူ လုပ်ထားသော သဲအိမ်ကို သူငယ်ချင်း တစ်ယောက် ခြေဖြင့် တက်နင်း ထွက်ပြေးသွားသည့်အခါက သူ ဒေါသတကြီး နောက်မှ ပြေးလိုက်သွားခဲ့ဖူးသည် ။ တစ်နေ့ညက အနောက်အိမ် တစ်ခြမ်း မီးလောင်သည် ။ သူ့အိမ်သို့ ဓနိတစ်စပင် မီးကူးမခံခဲ့ရသော်လည်း အိမ်အဖျက်ခံနေရသည် ။ သူသည် ဘာမျှ မပြောဆိုဘဲ ရပ်ကြည့်နေရသည် ။ ကျွန်တော့် နှလုံးအိမ်ကို မီးမြှိုက်လိုက်ကြပြီ ။ သူ ဝမ်းနည်းနေသလား ၊ ဒေါသဖြစ်နေလား မသိ ။ သူ့စိတ်ကို ထုံဆေးပေးပြီး ခွဲစိတ်နေကြသည် ။ ထို အမေ့အိမ်လေးသည် ဓနိမိုး ၊ ဝါးထရံကာ ၊ ပျဉ်ခင်းအိမ်ငယ်လေးပါ ။ သူတို့ ဤနေရာ ရောက်စက ဓနိမိုး ၊ ဓနိကာ ၊ ဝါးကြမ်းခင်း တစ်ဖက်ယပ် တဲထိုး၍ နေခဲ့ကြသည် ။ အဖေလည်း ရှိသေးသည် ။ ထိုစဉ်က သူသည် မူလတန်းပြ ကျောင်းဆရာလေး ။ တစ်နေ့မှာ ကျောင်းသားမိဘ တစ်ယောက်က မေးဖူးသည် ။ “ ဆရာတို့ သားအမိ သားအဖ သုံးယောက်စလုံး အလုပ် သွားကြတာ ဆိုတော့ အိမ်ကို တံခါးပိတ် သော့ခတ်ခဲ့ရမှာပေါ့နော် ” ။ တစ်ချက်မျှ သူ တွေသွားပြီး “ ကျွန် တော်တို့ အိမ်မှာ တံခါးမရှိဘူး ” ဟု ပြောလိုက်သည် ။ ကျောင်းသားမိဘသည် တဟားဟား ရယ်မောရင်း “ ဆရာက အေးအေးလေးနဲ့ တော်တော် နောက်တတ်သားပဲ ” ဟု ဆိုသည် ။ သူတို့ အိမ်မှာ တကယ်ပဲ တံခါးမရှိပေ ။ သူတို့ အိမ်မှ လူကုန် အပြင်ထွက်လျှင် အိမ်ပေါက်ဝမှာ အရံအတား အဖြစ် ကျူထရံသေးသေးလေးတစ်ချပ် အသာ ထောင်ခဲ့သည်ပဲ ဖြစ်သည် ။

“ သွားကြသွားကြ ။ တစ်ယောက်မှ မနေကြနဲ့ ။ အားလုံး အလကားပဲ ။ ငါ လူတွေနဲ့ မနေချင်တော့ဘူး ။ ခွေးတွေပဲ မွေးထားမယ် ”

တစ်ဖက်ခန်းက ကိုအောင်မင်း၏ ဆူပူအော်ဟစ်သံ အပိုင်းအစများ စာသင်ခန်းလေး ထဲသို့ လွင့်စဉ်လာသည် ။ ကိုအောင်မင်း မူးနေပြီ ။ တူနှင့် တူမတို့ကို အော်နေခြင်း ဖြစ်သည် ။ ကြားရတတ်သော အသံများ ။

“ နင်တို့ အဒေါ် ငါ့ကို ပစ်သွားတယ် ။ ငါ နောက် အိမ်ထောင် မပြုဘူး ။ သားသမီးတွေကြောင့် ။ အဲဒါ မိဘမေတ္တာ ။ နားလည်ကြလား ။ ငါ အရက်သောက်ချင်လို့ သောက်နေတာ မဟုတ်ဘူး ”

နံရံကို လက်သီးနှင့် ထိုးလိုက်သံလိုလို ဝုန်းခနဲ ကြားလိုက်ရသည် ။ သည့်နောက် ပန်းကန်များ ၊ ဖန်ခွက်များ ပစ်ပေါက်ခွဲလိုက်သံများ ဆက်ကြားရသည် ။

သူသည် ထိုင်ခုံတွင် တောင့်တောင့်ကြီး သေနေသူလို ထိုင်နေမိရာမှ သတိဝင်လာသည် ။ ခုမှ တောင့်တင်းနေသော အကြောအခြင်များ ပြေသွားသလို ၊ ရပ်ဆိုင်းနေသော သွေးများ လှည့်ပတ် ပူနွေးလာသလို ၊ ဆာလောင်မွတ်သိပ်မှုတစ်ခုခု ပြေပျောက် သွားသလိုလို ပေါ့ပါးသွားသည် ။ သည်တော့မှ သူလည်း မတ်တတ်ထပြီး ရပ်ဖြစ်သည် ။ အခန်းထဲမှာ နှစ်ခေါက် သုံးခေါက် လျှောက်မိသည် ။ ပြီးတော့ ပြတင်းပေါက်ဘက်လျှောက်ခဲ့သည် ။ ပြတင်းပေါင်ပေါ် လက်ထောက်ကာ အပြင်သို့ ငေးလိုက်သည် ။ မြင်ကွင်းတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ။ ဆိုင်မှ သီချင်းသံသဲ့သဲ့က ပျံ့လွင့်လာသည် ။ ကဗျာဆရာ ရွှေညာခိုင်စိုး လက်ဖက်ရည်ဆိုင်ဖွင့်စဉ်က ‘ ဒုတိယအိမ် ’ ဟု အမည်ပေးခဲ့သည် ။ ကျွန်တော်တို့ အနေများဆုံးဟာ မိမိအိမ် ပြီးလျှင် လက်ဖက်ရည်ဆိုင်ပဲ မဟုတ်လားဟုလည်း ပြောပြသည် ။ သူ့အနေနှင့်ကတော့ လက်ဖက်ရည်ဆိုင်သည်သာ ‘ ပထမအိမ် ’ ဖြစ်သည် ။ မျက်စိနှစ်လုံး ပွင့်သည်နှင့် ပထမဆုံး အာသီသသည် လက်ဖက်ရည်ဆိုင် ထိုင်ချင်ခြင်းပဲ ဖြစ်သည် ။ နံနက်ခင်းမှာတော့ အဖော်မပါ တစ်ယောက်တည်း ထိုင်ချင်တာ ဖြစ်သည် ။ မျက်နှာသစ်ပြီးသည်နှင့် ကိုယ်လက်သန့် ရေမိုးချိုး လက်ဖက်ရည်ဆိုင်ထွက် ။ နေ့တစ်နေ့ကို ကျက်သရေမင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တာပဲ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း တစ်နေ့တာကို စဉ်းစား ။ လက်ဖက်ရည် တစ်ခွက်မှ တစ်နေ့တာ လှုပ်ရှားဖို့ အင်အားတို့ ရရှိခဲ့ ။

တစ်ချိန်က ဒေါပုံသင်္ဘောကျင်း လမ်းထိပ်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိခဲ့ဖူးသည် ။ အဆောက်အအုံငယ် တစ်ခု ဆောက်နေသည်ကို တွေ့ရ၍ မေးကြည့် တော့ လက်ဖက်ရည်ဆိုင်ဟု သိရသည် ။ တဖြည်းဖြည်း ပုံပေါ်လာသော ထိုလက်ဖက်ရည်ဆိုင်ကို ဖြတ်သွားဖြတ်လာကြည့်ကာ ပီတိဖြစ်ရသည် ။ သွပ်မိုး ၊ ဝါးကာ ၊ ပျဉ်ခင်း ။ ကြသောင်းဝါးကြီးများကို ထက်ဝက်ခြမ်းကာ အခုံးကို အပြင်ဘက်ထား ။ အရောင်တင်ဆီ သုတ်ထားသဖြင့် အဝေးမှ လှမ်းကြည့်လျှင် ဝါဝင်းပြောင်တင်း ကြွရွ လှပနေသည် ။ ဝါးများ တစ်လုံးနှင့် တစ်လုံး ထိကပ်၍ အလုံးလိုက် ထောင်ထားဟန် ။ တစ်နေ့တွင် လက်သမားများ အလုပ်လုပ်နေတာ သူ ရပ်ကြည့်နေစဉ် ဆိုင်ရှင်က အထဲဝင်ဖို့ ဖိတ်ခေါ်ကာ မုန့်နှင့်ရေနွေးကြမ်းဖြင့် ဧည့်ခံ၍ စကားစမြည် ပြောသည် ။ ဆိုင်ကို “ ဝါးအရိပ် ” ဟု အမည်ပေးထားကြောင်း ၊ ဒီနေရာမှာ ကောင်တာ စားပွဲ ၊ ဒီနေရာမှာ ဆောင်းဘောက်စ် ၊ မီးကို ဒီလိုဆင်၍ ထိုင်ခုံများကို ဒီလိုနေရာချမည် ၊ မုန့် ဘယ်နှစ်မျိုးလုပ်မည် ၊ အလုပ်သမား ဘယ်နှစ်ယောက် ထားမည် ၊ သုံးမည့် လက်ဖက်ခြောက်က ဘာ စသည်ဖြင့် စိတ်ကူးကို ပြောပြ သည် ။ လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် မွေးဖွားလာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည် ။ ကမ္ဘာမြေပေါ်မှာ လက်ဖက်ရည်ဆိုင်တို့ဖြင့် စည်ကားနေပါစေ ။ ပြီးတော့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ဆိုတာရှိသည် ။ အလုပ်သမားလေး ထမင်းစား နေသောကြောင့် ဆိုင်ရှင် ကိုယ်တိုင် စားပွဲထ ထိုးသည် ။ ငွေရှင်းလိုက်တော့ သောက်လက်စ ပန်းကန်လုံးကို ထားကာ ပန်းကန်ပြား သိမ်းသည် ။ မုန့်ဖြည့်သည် ။ ရိုကျိုးမှုဖြင့် ဆေးလိပ်မီး တောင်းသူက တောင်း၍ ရိုကျိုးမှုဖြင့် မီးပေးသူက ပေးသည် ။ ရေနွေးတစ်အိုးဖြင့် တစ်နေကုန် ထိုင်သူများကို ရေနွေးနှစ်အိုး ထပ်ဖြည့်ပေးသည် ။ “ မင်း ညက အိပ်ရေး ပျက်တယ် ။ ငါ ဝင်လိုက်မယ် သွားအိပ် ” ဟု အလုပ်သမားလေး တစ်ယောက်က အလုပ်သမားလေး တစ်ယောက်ကို ပြောသည် ။ “ ကျွန်တော့်ကို ပေးမယ့် စာမူ လက်ဖက်ရည်ဆိုင်မှာ ပေးခဲ့ရတယ် ” ဟု ကိုဝင်းမောင် က ပြောသည် ။

“ ဆရာပိုင်ကို ……….. က မှာသွားတယ် ။ ဒီလို ….. ” ဟု ဆိုင်ရှင်က ပြန်ပြောပြသည် ။ အရောင်းအဝယ် ဟူသော ကျဉ်းမြောင်းသည့် ဘောင်ကို ချိုးဖျက်လိုက်ကြသည် ။ ထိုအခါ လှပသော လက်ဖက်ရည်ဆိုင် ဆက်ဆံရေးက ပုံပေါ်လာသည် ။

သူ့အဖို့တော့ လက်ဖက်ရည်ဆိုင်သည် ဘဝအလွမ်း ၊ ဘဝအမောတို့ ဖြေရာ နေရာဖြစ်သည် ။ စာဖတ်ခန်း တစ်ခု ဖြစ်သည် ။ စာပေအနုပညာ ဖန်တီးထုတ်လုပ်ရာ စတူဒီယိုလေး တစ်ခုလည်း ဖြစ်နေပြန်သည် ။ ပူပြင်းသော နွေနေ့ခင်းများမှာ ပျင်းရိငြီးငွေ့ဖွယ် ခြောက်သွေ့သော မြင်ကွင်းများကို ငေးကြည့်ရင်း လက်ဖက်ရည်ဆိုင်၏ အေးချမ်းသော အရိပ်ကို ခိုခွင့်ရသည် ။ ကြွေရွက်ခြောက် လေးတွေကို ဝှေ့ယမ်း ဆွဲခေါ်သွားသော လေပွေ တစ်ခုကို မြင်နိုင်သည် ။ လေမိုးကျ၍ အပြင်မှာ သစ်ပင်များ ယိမ်းလှုပ်နေတာကို ငေးကြည့်ရင်း လက်ဖက်ရည်ဆိုင်၏ နွေးထွေးလုံခြုံမှုကို ခံစားရသည် ။ ထူထပ်သိပ်သည်းသော မိုးစက်ပေါက်များအောက်မှာ လေကိုဆန်လျက် ထီးတစ်လက်ဖြင့် ဖြတ်သန်းနေသော အမျိုးသမီးတစ်ယောက်ကို မြင်နိုင်သည် ။ အကြောင်းမသိခင်တော့ သူ့ကို အထူးတဆန်းလို ဖြစ်နေတတ်သည် ။ ဆိုင်ဝင်ပေါက်ဝ စားပွဲမှ လမ်းဘက်သို့ စားပွဲပေါ် မေးဖျားလက်ထောက် ငေး၍ ကြည့်နေတတ်သော သူ့ကို အလုပ်သမား တစ်ယောက်က “ အစ်ကို ဘယ်သူ့ကို စောင့်နေတာလဲ ဟင် ” ဟု မေးဖူးသည် ။ သူ ခေါင်းခါပြလိုက်သည် ။ တစ်စုံတစ်ယောက်ကို ဆိုတာထက် တစ်စုံတစ်ခုကို သူ စောင့်နေတာတော့ ဖြစ်နိုင်ပါသည် ။

သည်နောက်ပိုင်း သူ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ကတော့ မီးရထားသံလမ်း ဘေးက မြေစိုက် လက်ဖက်ရည်ဆိုင်လေးပင် ။ လက်ဖက်ရည် အထူးမကောင်း သော်လည်း နေရာထိုင်ခင်း အထူးကောင်းသည် ။ ကျယ်ဝန်းပြန့်ပြောသည် ။ မီးရထားသံလမ်း တစ်ဖက်တစ်ချက် ခွ၍ မြေပြင်တွင် စားပွဲခုံများ နေရာချထားသည် ။ အမိုးတစ်ခုရှိသည် ။ ဆိုင်းဘုတ် မရှိ ။ ရပ်ကွက်ထဲမှာတော့ ‘ ဒေါ်ညီအစ်မ ’ ဆိုင် ဆိုလျှင် အားလုံး သိကြသည် ။ ထိုဆိုင်၌ စထိုင်သော ရက်က အကြောင်းကိုလည်း မှတ်မိနေသည် ။ ဘယ်လို သောက်မလဲ မေးတော့ ပုံမှန်ဟု သူပြောလိုက်သည် ။ တစ်ခါမျှ မသောက်ဖူးသေးသော ဆိုင်ထိုင်လျှင် ဖျော်လက် မသိသေးသဖြင့် ပုံမှန်ပဲ မှာသည် ။ အာရုံကျ၍ နောက်ရက်များမှာ ဆက်ထိုင်ဖြစ်လျှင်တော့ လိုသလို ပြင်မှာသည် ။ လက်ဖက်ရည်ဆိုင်များကလည်း တစ်ဆိုင်နှင့် တစ်ဆိုင် မတူကြ ။ တစ်ဆိုင်က ကျစိမ့်သည် သောက်မရအောင် ခါးနေတတ်၍ တစ်ဆိုင်က ကျစိမ့်သည် ချိုရဲနေပြန်သည် ။ သူ ဟိုယခင်ကတော့ လက်ဖက်ရည် ဆိုလျှင် အချိုပေါ့ပေါ့ကျကျ သောက်သည် ။ အခု နောက်ပိုင်း ကျန်းမာရေး အခြေအနေအရ ကျကျ သောက်မရတော့ ။ ထိုအခါ လက်ဖက်ရည် မှာရသည်မှာ အဆင် မပြေ ။ ချိုပေါ့ မှာတော့  ကျ လာသည် ။ ကျပေါ့ မှာတော့ ချို လာသည် ။ ချိုပေါ့ ကျပေါ့မှာတော့ နှစ်ခွက်လား အမေး ခံရသည် ။ တစ်ခါတုန်းက သန်လျက်စွန်းမှာ ချိုပေါ့ ကျပေါ့ သောက်သော ငယ်သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည် ။ ထိုစဉ်က သူသည် “ သိန်းဝင်းရာ ၊ ရေပဲ သောက်ပါတော့ကွာ ” ဟု ပြောခဲ့ဖူးသည် ။ မြေစိုက် လက်ဖက်ရည်ဆိုင်လေး၏ ပထမဆုံး လက်ဖက်ရည်ခွက်က အကျတော်ပြီး နည်းနည်း ချိုနေသည် ။ ရေနွေးရောမည် ဟု ကြည့်လိုက်တော့ ရေနွေးတွေက ခါးနေသည် ။ ထို့ကြောင့် သောက်ရေအိုးစင်က ရေတစ်ခွက် သွားခပ်ပြီး ရေနည်းနည်း ရောလိုက်သည် ။ သူက လက်ဖက်ရည်ကို အအေးခံပြီး သောက်သူ ဖြစ်သည် ။ သူငယ်ချင်း တစ်ယောက် တိုက်သော ရေခဲစိမ်လက်ဖက်ရည် သောက်ပြီး ကတည်းက လက်ဖက်ရည်ခွက်ထဲ ရေခဲစိမ်လိုက်တော့ အချို လုံးဝ ပျောက်သွားပြီး လုံးဝ စိမ့်သွားသည် ။ သူ့ အကြိုက်မှာ လက်ဖက်ရည် စိမ့်စိမ့်လေး ။ သူ့ လုပ်ပုံ ကိုင်ပုံကို အစအဆုံး လိုက်ကြည့်နေသော ဆိုင်ရှင်အမျိုးသမီးကြီးနှင့် အဖော် အမျိုးသမီးကြီးတို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည် ။ သည်အချိန်မှာပဲ စားပွဲ တစ်ခုမှ မိန်းမကြီးတစ်ယောက် ထထွက်သွားသည် ။ လမ်းပေါ် ရောက်သွားပြီ ဖြစ်သော ထိုမိန်းမကြီးကို လှမ်းကြည့်လိုက် ပြီး ဆိုင်ရှင်က “ အဲဒီ အရူးမပေါ့ ။ ဆိုင်ရှေ့ ရောက်ရင် ရေနွေး သုံးလေးခွက်လောက်တော့ ဝင်ဝင် သောက်သွား တတ်တယ် ” ဟု အဖော်အမျိုးသမီးကို ပြောသည် ။ ဆက်၍ “ အင်း ... ကျွန်မတို့ ဆိုင်က အရူးတွေ ပျော်တယ် ” ဟု ပြောလိုက်တော့ သူ့မှာ မလုံမလဲ ဖြစ်ရသေးသည် ။

တစ်နေ့တွင် သူတစ်ယောက်တည်း အေးအေးလူလူ ထိုင်နေစဉ် လူတစ်ယောက် သူ့စားပွဲ အနီးသို့ ရောက်လာသည် ။ ထိုင်ခွင့်ပြုပါပြောတော့ သူ ခေါင်းညိတ်ပြလိုက်သည် ။ ခွေးခြေပုပေါ် ထိုင်ပြီးသည်နောက် “ အစ်ကိုက စာရေးဆရာလား ” ဟု မေးသည် ။ “ ဆိုပါတော့ဗျာ ” ဟု လွယ်လွယ်ပဲ သူ ဖြေလိုက်သည် ။ “ ထင်တယ် ။ ဒီမှာ အစ်ကို စာတွေ ထိုင် ရေးရေးနေတာ တွေ့ နေတာကြာပြီ ။ အစ်ကိုနဲ့ စကားပြောချင်တာလည်း ကြာပြီ ။ ဒါပေမဲ့ အစ်ကိုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ” ဟု ဆိုသည် ။ “ ကျွန်တော့် နာမည် ဆက်အောင်ပါ ” ဟု လည်း ဆိုသည် ။ ပြီးတော့ “ မိတ်ဖြစ်ဆွေဖြစ်ပေါ့  ” ဟု ဆိုကာ သူ့အတွက် လက်ဖက်ရည်ဖိုး ရှင်းသွားသည် ။ လူက မွန်မွန်ရည်ရည် ။ သူ့အောက် နည်းနည်း ငယ်မည် ။ ပြောတာတွေ ကောင်းသည် ။ အင်္ဂလိပ်စကားလုံးအချို့ညှပ်ပြောရာ၌ အသံထွက်ကောင်းသည် ။ ပညာတတ် တစ်ယောက် ဖြစ်ပုံရတယ်ဟု သူမှတ်ချက် ပြုမိသည် ။ နောင်များ၌လည်း တစ်ပတ်လျှင် နှစ်ရက်သုံးရက် ဆိုသလို ဆိုင်မှာ ဆုံဖြစ်ကာ စကားပြောဖြစ်သည် ။ သုံး လေး ငါးခါလောက် ဆုံမိပြီးမှ ကိုဆက်အောင်၏ အခြေအနေကို ရိပ်စားမိသည် ။ တစ်ခါက “ မီးပွိုင့်ကလည်း ကြာလိုက်တာဗျာ ။ ဒါနဲ့ ကျွန်တော်လည်း အဓိဋ္ဌာန်ပြု လိုက်တယ် ။ စိမ်းပါစေ ။ တစ် ၊ နှစ် ၊ သုံးလည်း ဆိုရော စိမ်းသွားပါလေရောဗျာ ” ဟုပြောတော့ သူ ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည် ။ “ အေးဗျာ ... လှည်းတန်းပွိုင့်က ဒီလိုပါပဲ ” ဟု အလိုက်သင့် ပြောလိုက်တော့ “ အစ်ကို ကလည်း ကျွန်တော် ပြောတာ သေသေချာချာ နားမထောင်ဘူး ။ ဘယ်ကလာ လှည်းတန်း ဟုတ်ရမှာလဲ ။ မြေနီကုန်း ကို ပြောတာ ” ဆိုမှ သူလည်း ရော၍ ရယ်ချလိုက် ရတော့သည် ။ နောက်ပိုင်းမှာတော့ ကိုဆက်အောင်၏ ဘဝမှတ်တမ်းမှ မေ့မရသော စာမျက်နှာကို ဖတ်ရှုခွင့် ရခဲ့သည် ။ သူ မမေးဘဲနှင့် ပြောလာခြင်းဖြစ်သည် ။ ကိုဆက်အောင်သည် သက်မွေးတက္ကသိုလ် တစ်ခုတွင် ပညာသင်ဖူးသည် ။ နောက်ဆုံးနှစ် အရောက်တွင် အိမ်ထောင်ကျသည် ။ စိတ်ရောဂါ အထူးကုဆေးရုံ ပြရသည် ။ အိမ်ထောင်ပြိုကွဲသည် ။ ကျောင်းမပြီးခဲ့ ။ သမီးငယ် တစ်ယောက် ရှိသည် ။ အမေနှင့် ပါသွားသည် ။ ယခု စတုတ္ထတန်းသို့ ရောက်ပြီ ။ ကိုဆက်အောင် မကြာမကြာ သွားတွေ့ သည် ။ ယနေ့တိုင် ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်နေရသည် ။ ကိုဆက်အောင် တစ်ခါတစ်ရံ စကားလွတ် သွားတတ်သည်မှ လွဲ၍ သူလိုကိုယ်လိုပင် ။ အိမ်ထောင်ရေး အကြောင်း ပြောရာ၌ စိတ်များ လှုပ်ရှားလာကာ နှုတ်ခမ်း တဆတ်ဆတ်နှင့် အသံတွေ တုန်ယင်လာသည် ။ မျက်လုံးအိမ် ကျယ်လာပြီး မျက်နှာကြီး မာလာသည် ။ ‘ စိတ်ဝေဒနာ ’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မြင်နေရသည် ။ ထိုအခါမျိုးမှာ ကိုဆက် အောင်သည် ကရုဏာသက်ဖွယ် ကောင်းနေပြန်သည် ။ တစ်ခါကလည်း မိန်းကလေးငယ် တစ်ယောက် သူတို့ စားပွဲနား လာရပ်သည် ။ ကိုဆက်အောင်သည် မိန်းကလေးငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး “ သမီးလေး အရွယ်ပဲ ” ဟု ဆိုသည် ။ “ သမီးလေးနဲ့ တူလိုက်တာ ။ ဘုရား .. ဘုရား ၊ သမီးလေး ဒီဘဝမျိုး မရောက်ပါစေနဲ့ ” ဟု ရေရွတ်သည် ။ နှစ်ဆယ်တန်တစ်ရွက် ထုတ်ပေးလိုက်သည် ။ ကိုဆက်အောင်က ကဗျာလည်း ရေးသည်ဟု ဆိုသည် ။ “ ကျွန်တော် ကဗျာတွေ ရေးထားတယ် ” ဟုဆိုကာ ပြတတ်သေးသည် ။ ကိုဆက်အောင်၏ ကဗျာ များစွာမှ ‘ တစ်ရက်အလွမ်း ’ ဟူသော ခေါင်းစဉ် လေးကိုတော့ သူ မှတ်မိနေသည် ။ သမီးလေး အတွက်ဟု ဆိုကာ ကဗျာတွေ ရွတ်ပြသေးသည် ။ ‘ အရုပ်ကလေး ၊ လွယ်အိတ်ကလေး ’ စသည်တို့ ဖြစ်သည် ။

လွယ်အိတ်လေး

လွယ်အိတ်လေး
လွယ်အိတ်လေး
ပခုံးပေါ်တင်
စာသင်ခန်းကိုဝင်
လွယ်အိတ်လေး
ပခုံးပေါ်ချ
သမီးတို့ စာသင်ကြ ။

ဤသို့ စကားကောင်း ပြောနေရာမှ “ အစ်ကို့ကို ပြောရဦးမယ် ။ ညက ကျွန်တော် နတ်သမီးလေးတွေကို အိပ်မက်မက်တယ် ။ မရိုသေ့စကား အစ်ကိုရယ် ” ဟု လည်း ပြောဖူးသေးသည် ။ ကိုဆက်အောင်သည် ဇနီး ၊ သမီးတို့နှင့် အတူ နေရလျှင် လူကောင်း ပကတိ ဖြစ်သွားနိုင်သည်ဟု သူ ထင်မိသည် ။ ယခုတော့ စိတ်တွေ အလေအလွင့် များနေသည် ။

တစ်နေ့၌ အတူ ထိုင်နေစဉ် ကိုဆက်အောင်က ခပ်ဝေးဝေးမှ လျှောက်လာနေသူ လူတစ်ယောက်ကို ပြသည် ။ “ သူ့ကို အစ်ကိုသိလား ” ။ ရပ်ကွက်အတွင်းရှိ စေတီလေး အနီးနားတစ်ဝိုက်တွင် တွေ့ ရတတ်သူ ။ မြွေအရေခွံ ခရီးဆောင်အိတ်ကြီးကို လွယ်လျက် လျှောက်သွား နေတတ်သူ ။ စိတ်မူမှန် မဟုတ်ကြောင်း မြင်သည်နှင့် သိနိုင်သူ ။ ကိုသက်အောင်သည် ထိုလူကို ထာဝရ ခရီးသည်ကြီးဟု အမည် ပေးထားပြီး ထိုလူ၏ ကိုယ်ရေး ရာဇဝင်ကို ပြောပြနေရာမှ အနီးနား အရောက်တွင် နာမည်ကို လှမ်းခေါ်လိုက်သည် ။ ရုတ်တရက်မို့ သူတားချိန် မရလိုက် ။ သူတို့ ဝိုင်းထဲ ထိုလူ ဝင်ထိုင်သည် ။ သူလည်း ရှက်သလို ဖြစ်သွားပြီး အနီးအနားက စားပွဲဝိုင်းများကို ဝေ့ဝဲကြည့်မိသည် ။ ကိုဆက်အောင်က စမူဆာ ကျွေးသည် ။ ထိုလူသည် စမူဆာ တစ်ခုကို ကောက်ယူ လိုက်ပြီး မှောက်လိုက် လှန်လိုက် အပြန်ပြန် အလှန်လှန် ကြည့်သည် ။ သည့်နောက် စမူဆာ ထောင့်စွန်းများကို နှစ်ပတ် သုံးပတ် လှည့်ပတ် ကြည့်နေသည် ။ ထိုလူ ဘာလုပ်မလဲဟု သူကြည့်နေသည် ။ အချဉ်ခွက်ကို ကိုင်တော့မှ သူ သဘောပေါက် သွားသည် ။ “ ထောင့်စွန်း တစ်ခုကို ကိုက်လိုက်လေဗျာ ။ အပေါက် ဖြစ်သွားမှာပေါ့ ” ဟု ပြောလိုက်မှ အဆင်ပြေ သွားသည် ။ ထိုလူ စားနေပုံမှာ မြိန်ရေ ရှက်ရေရှိသည် ။ ဆာနေပုံလည်း ရသည် ။ စားနေရင်းမှ မနက်တုန်းက အကြော်တစ်ခု ဝယ်စားရာ ငါးဆယ်တန် ပြန်မအမ်းကြောင်း ပြောပြနေသည် ။ “ ပိုက်ဆံ သုံးဆယ် လောက်တော့ ယူပါစေဗျာ ။ ခင်ဗျားထက် အခြေအနေ ဆိုးလို့ ဖြစ်မှာပေါ့ ” ဟု ကိုဆက်အောင်က ရယ်သလို မောသလို ဝင်ပြောသည် ။

လက်ဖက်ရည်ဆိုင်မှာ အထိုင်ကြာ၍ ပျင်းရိငြီးငွေ့ လာပါက အကြောင်းတိုက်ဆိုင်လျှင်ဟာသပြကွက်လေးများကိုလည်း ကြည့်ရတတ် သေးသည် ။ ငွေရှင်းဖို့ စားပွဲ ဝိုင်းတစ်ခုမှ လှမ်းခေါ်လိုက်သည် ။ အလုပ်သမားလေး ပြေးလာသည် ။ ဝိုင်းထဲမှ လူတစ်ယောက်က ထုတ်ပေးသော ပိုက်ဆံကို လှမ်းယူမည် အလုပ် ၊ နောက် တစ်ယောက်က “ မယူနဲ့ မယူနဲ့ ။ ဒီက .. ယူ ” ဟု ငွေစက္ကူ တစ်ရွက် ထိုးပေးတော့ ဘယ်ဟာ ယူရမည် မသိဘဲ အလုပ်သမားလေး ကြောင်အအ ဖြစ်သွားသည် ။ တစ်ယောက်က အလုပ်သမားလေး လက်ကို ဆွဲ၍ လက်ထဲ ထိုးထည့်လိုက်သည် ။ အလုပ်သမားလေး ထိုဝိုင်းမှ လှည့်အထွက် နောက်တစ်ယောက်က “ ဒီက ယူစမ်းပါကွာ ” ဟုဆိုကာ ကျန် လက်တစ်ဖက်ထဲ ပိုက်ဆံ အတင်း ထိုးထည့် လိုက်ပြန်သည် ။ အလုပ်သမားလေးသည် စားပွဲဝိုင်းကို ကျောပေး မိပြီးမှ လက်တစ်ဖက်စီတွင်  ငွေစက္ကူရွက်များ ကိုင်လျက် အူကြောင်ကြောင် ဖြစ်သွား ပြန်သည် ။ ထိုစဉ် တစ်ယောက်က သူ့ပိုက်ဆံကို အလုပ်သမားလေး လက်ထဲမှ ပြန်ဆွဲယူကာ ကောင်တာသို့ ပြေးသွားသည် ။ ဒါလောက်တောင် ပေးချင်နေကြရင်လည်း ပေးစမ်းဗျာဟု သူ့စိတ်ကူး ထဲမှာ ပြောနေလိုက်သည် ။

စားပွဲဝိုင်း တစ်ခုတွင် လေးဆယ်ကျော် လူပျိုကြီး တစ်ယောက်တည်း ထိုင်နေသည် ။ ခါတိုင်းတော့ သူ့ အဖော် ပွဲစားများနှင့်အတူ ထိုင်လေ့ရှိသည် ။ ယနေ့ ညနေ အဖော်ကွဲနေသည် ။ အလုပ်ပိတ်ရက်လည်း ဖြစ်နေသည် ။ လူပျိုကြီး ထိုင်နေသည်မှာ အတော်ကြာပြီ ။ လည်တဆန့်ဆန့်ဖြင့် ဟိုမျှော်သည်မျှော် လုပ်နေသည် ။ ခဏနေတော့ စားပွဲပေါ်က အထုပ်လေး ဆွဲကာ ထသည် ။ ပြီးတော့ ပြန်ထိုင်သည် ။ ပြန်ထသည် ။ ခြေလှမ်း လေး ငါးခြောက်လှမ်းမျှ လှမ်းကာ အပြင်ထွက်တော့မည်ကဲ့သို့ လုပ်ပြီးမှ လူလွတ်နေသော စားပွဲတစ်ခု၌ ဝင်ထိုင်ပြန်သည် ။ ရေနွေး တစ်ခွက် နှစ်ခွက် သောက်သည် ။ ထိုရာမှ ထသည် ။ ဖြည်းဖြည်းလှုပ်လှုပ်သွားကာ စားပွဲ တစ်ခုနား အရောက် လူနှစ်ယောက်နှင့် ရပ်စကားပြောသည် ။ ဆိုင်က အမိုးအကာမဲ့ မီးရထားသံလမ်းဘေး မြေပြင်တွင် ခုံများ ချခင်းထားသောကြောင့် သူ့အဖို့ ကြည့်ရသည်မှာ မြင်ကွင်းကျယ် ဖြစ်နေသည် ။ လူပျိုကြီး ရထားလမ်းပေါ် ရောက်သွားပြန်သည် ။ သံလမ်းဇလီ ဖားတုံးများပေါ် တစ်လှမ်းချင်း လှမ်းရင်း တောင်ဘက် လျှောက်လိုက် ၊ မြောက်ဘက်လျှောက်လိုက် ခေါက်တုံ့ ခေါက်ပြန် လုပ်နေသည် ။ ဆိုင်အစွန်သို့ ရောက်လျှင် ရပ်သွားကာ တစ်ခုခု စဉ်းစားဟန် ကောင်းကင်ကို မော့ကြည့်လိုက် ၊ မြေကြီးကို ငုံ့ကြည့်လိုက်လည်း လုပ်နေလိုက်သေးသည် ။ ဟော ... ဆိုင်အစွန် ကနေ အပြင်ကို ဝါးတစ်ရိုက်လောက် လွန်သွားပြီ ။ လမ်းပေါ် ရောက်သွားပြီ ။ ဒီတစ်ခါ တကယ် ပြန်တော့မယ် ထင်ပါရဲ့ ။ မပြန် ။ ပြန်လှည့်လာသည် ။ ပြန်ပါတော့ဗျာ ... ပြန်ပါတော့ ။ သူ စိတ်ထဲကနေ လှမ်းပြောလိုက်သည် ။

ဗိုလ်တထောင်မှ သူ ပြောင်းလာပြီးသည့်နောက်၌ ထိုလက်ဖက်ရည်ဆိုင်လေးနှင့် သူ ဝေးခဲ့ရပါသည် ။ လွန်ခဲ့သော နှစ်များက ပုဇွန်တောင်ပန်းခြံထောင့်တွင် မိုးလင်းပေါက် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးသည် ။ ဆိုင်အမည်မှာ လွတ်လပ်ရေးကဖီး ဖြစ်သည် ။ အမည် ဆိုင်းဘုတ်တွင် တိမ်ဖြူများ ကြားမှ ပျံသန်းနေသော လေယာဉ်ပျံတစ်စင်း၏ ပုံကိုလည်း ရေးဆွဲထားသည် ။ လွတ်လပ်ရေးနှင့် လေယာဉ်ပျံ ဘယ်လို သက်ဆိုင်သလဲ ဆိုတာကိုတော့ သူလည်း မစဉ်းစားတတ်ခဲ့ ။ လွတ်လပ်ရေးကဖီးဟု ဆိုလိုက်လျှင် ယောင်ဝါးဝါး ဖြစ်သွားကြသည် ။ လေယာဉ်ပျံဆိုင် ဆိုမှ သိကြသည် ။ တစ်နေ့မှာ တော့ ထိုဆိုင်တွင် ညဦးမှ စ၍ ရပ်ကွက် အနီးအနားမှ လူများ ၊ လမ်းသွားလမ်းလာများ ထိုင်ကြသည် ။ ညဉ့်နက် လာ၍ ထိုလူများ တဖြည်းဖြည်း ပါးသွားပြီးနောက် ဆိုက်ကားသမားများ ၊ သုံးဘီးကားသမားများ ရောက် လာကြသည် ။ အတွင်းထောင့် စားပွဲတစ်ခုတွင် လူငယ် လေးနှစ်ယောက် နံရံကပ်ပြီး ငြိမ်သက် နေကြသည်မှာ ကြာပြီ ။ သူတို့၏ လှုပ်ရှားမှုများက နှေးကွေးလေးလံ လွန်းနေသည် ။ မနက် သုံးနာရီလောက်မှာ လူဆယ်ယောက် အုပ်စုတစ်စု ဝင်လာသည် ။ ကစားဝိုင်း တစ်ခု သိမ်းလာပုံရသည် ။ ဖဲအကြောင်းများ ပြောနေကြသည် ။ လေးနာရီကျော်အချိန်လောက် အမျိုးသမီးငယ် တစ်ယောက်နှင့် လူငယ်သုံးယောက်တို့ ဆိုင်ထဲ ဝင်လာကြပြန်သည် ။ ခုမှ အိပ်တန်းတက်မှာလား ငှက်ကလေးရေ ။ ထိုခဏ၌ ဆိုင်၏ အလယ်တွင် ဘိလိယက်ခုံ ။ တုတ်တံ နှင့် ဘောလုံးလေး သုံးလုံးက ခုံပေါ်မှာ ။ စောစောပိုင်းက ကစားသွားခဲ့ကြပုံ ။ ထိုခုံအနီးမှာ ဆိုင်ရှင်က ရပ်လျက် ။ ခန်းဆီးစ တပ်ထားသော ဝင်ပေါက်ဝ ဘေးတွင် ကောင်တာစားပွဲ ။ အထက်မှာ နံရံကပ်နာရီ ။ ပြတ်ပြတ်သားသား မမြင်ရသော်လည်း နာရီလက်တံများကို မှန်းဆကြည့်ရသည်မှာ သန်းခေါင်ကျော် ။ နံရံကပ် မီးအိမ်သုံးလုံး ။ အခန်းအလယ် မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးအိမ်ကြီး တစ်လုံး ။ ဝင်ပေါက်ဝစားပွဲတွင် ဦးထုပ် ဆောင်းထားသော ယောက်ျား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်စုံတွဲ ။ သူတို့နှင့် ကပ်လျက် စားပွဲတွင် တစ်ယောက်ထီးတည်း ထိုင်နေသူတစ်ဦး ။ စုံတွဲကို ကျောပေးသော အနေအထားဖြင့် စားပွဲပေါ် မျက်နှာမှောက်ချထားသည် ။ သူတို့နှင့် ထောင့်ဖြတ် သည်ဘက် အစွန်တောင့် စားပွဲတွင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ။ စားပွဲပေါ် မေးတင်ကာ တစ်ခုခု ကစားနေဟန် ။ ကျန်စားပွဲများတွင် လူမရှိ ။ စားပွဲပေါ်တွင် ပုလင်းနှင့် ဖန်ခွက်များ ။ စားပွဲ များသည် လေးထောင့် ။ စားပွဲနှင့် ပရိဘောဂတို့ အစိမ်း ၊ မျက်နှာကြက်မှာ အစိမ်းပုပ် ။ ကြမ်းပြင်သည် အလယ် ဗဟိုက လင်းအားကောင်းသော မီးအိမ်ကြီးကြောင့် လိမ္မော်နီ ၊ လိမ္မော်ဝါ ။ နံရံက ကြက်သွေးနီညစ်ညစ် ၊ ဒီမြင်ကွင်းတွေကို ငါ ဘယ်နေရာက ကြည့်နေတာလဲ ။ သူ့ ကိုယ်သူ ရှာဖွေမိသည် ။ အခန်းထဲမှာ သူမရှိ ။ ငါ ဘယ်မှာလဲ ၊ ငါဘယ်မှာလဲ ။ သူ အသိ ဝင်လာချိန်တွင် အရှေ့မိုးကောင်းကင်၏ အလင်းနုကိုပင် လက်ဖက်ရည်ဆိုင်၏ ပြတင်းမှတစ်ဆင့် မြင်တွေ့ နေရပြီ ဖြစ်သည် ။ သည်တော့မှ သူမြင်မက်ခဲ့သည်မှာ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး၏ ညကဖေး ( The Night Cafe ) ဖြစ်ကြောင်း သူမှတ်မိလာသည် ။ သီအို ထံ ဗန်ဂိုးရေးသော စာတွင် “ ငါ့ရဲ့ ညကဖေး ဆိုတဲ့ ကားမှာ ကဖေး ဆိုတာဟာ မင်း ကိုယ်မင်း ဖျက်ဆီးနိုင်တဲ့ နေရာမျိုး ၊ ရူးသွပ်သွားစေနိုင်တယ် ။ ပြီးတော့ ပြစ်မှုကျူးလွန်စေတဲ့ နေရာမျိုး ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ငါကြိုးစားထားတာပဲ ” ဟု ရေးသားထားသည်ကိုလည်း ဗန်ဂိုးအတ္ထုပ္ပတ္တိ စာအုပ် တစ်နေရာ၌ ဖတ်ခဲ့ဖူးသည်ကိုပါ သတိရလာသည် ။

ညကဖေး ။ လွတ်လပ်ရေးကဖီး ။ စိတ်အာရုံရိပ်မှာ တစ်ခုပြီး တစ်ခု ပျောက်သွားသည် ။ သူ ရပ်နေသော စာသင်ခန်း ပြတင်းရှေ့မှ လက်ဖက်ရည်ဆိုင်လေးပင် ဘယ်အချိန်က သိမ်းသွားသည် မသိလိုက် ။ ကိုအောင်မင်း အခန်းဘက် မှလည်း ဘာသံမျှ မကြားရတော့ ။ အိပ်သွား ပြီထင်သည် ။ ဤ စာသင်ခန်းလေးသည် ရပ်ကွက်နှင့်လည်း ဝေးသဖြင့် ဆိတ်ငြိမ်သည် ။ အနီးအနားဝန်းကျင်တွင် ဂိုဒေါင်များ ၊ ရုံးဌာန အဆောက်အအုံများသာ ရှိသည် ။ သည်ကနေ့ ညနေ ကိုသီလလတ် ၊ မမွှေးတို့ စံပယ်ဖြူမဂ္ဂဇင်း လုပ်စဉ်က တာဝန်ခံအယ်ဒီတာ ကိုစိုးမြင့်အောင် နှင့် ရေကျော်လမ်းမကြီး မှာ တွေ့သည်။ ပျာပျာပျာပျာနှင့် လမ်းကူးလာသော ကိုစိုးမြင့်အောင် ကို သူ လက်လှမ်းဆွဲလိုက်သည် ။ ရေကျော်မှ သူငယ်ချင်းများ၏ အဆက်အသွယ်ဖြင့် အခန်းလိုက်ရှာနေတာဟု ပြောသည် ။ “ ခင်ဗျားက ကျွန်တော်တို့ မဂ္ဂဇင်းမှာ နေစရာအိမ် ရေးခဲ့တော့ ကျွန်တော်ကလည်း နေစရာအခန်း ဆိုပြီး တစ်ပုဒ်လောက် ရေးဦးမှာ ” ဟု နောက်သွားသေးသည် ။

သူသည် ပြတင်းတံခါးချပ်ကို ပိတ်လိုက်သည် ။ စာသင်ခန်း နောက်နားရှိ ဝါးပက်လက်ကုလားထိုင်လေး ရှိရာသို့ လျှောက်လာခဲ့သည် ။ အနားရောက်တော့ ချက်ချင်း မထိုင်လိုက်သေးဘဲ ရပ်ကြည့် နေမိသည် ။ ကုလားထိုင်အခင်းသည် အသေမဟုတ် ။ ဝါးခြမ်းကို ဘေးနှစ်ဖက်က ကြိုးဖြင့် ဖောက်သီချည်နှောင်ထားသည် ။ ရုတ်တရက် ကြည့်လိုက်လျှင် ပတ္တလားရွက်ကို ခင်းထားသည်လား ထင်မှတ်ရသည် ။ တစ်ခါမှာတော့ သူသည် ပျင်းပျင်းရှိသည်နှင့် ဝါးခြမ်းများကို လက်ဖြင့် ခေါက်၍ ဂီတသံစဉ် တေးသွားတစ်ခု ဖော်ကျူးဖို့ ကြိုးစား ကြည့်ဖူးသည် ။ ( နားထောင်လို့ ဖြစ်ပါသည် ။ ) ပက်လက်ကုလားထိုင်ပေါ် အသာ ထိုင်လိုက်သည် ။ ဘယ်ညာ အနည်းငယ် လှုပ်သွားသည် ။ ဝါးကုလားထိုင်လေးက အိုဟောင်း၍ နေပြီပဲ ။ ဤကုလားထိုင်လေးသည် မူလက သည်အခန်းတွင် ရှိမနေ ။ သူရောက်သည့် နေ့ ကမှ ကိုအောင်မင်း လာပေးသွားခြင်း ဖြစ်သည် ။ ကောင်းပါသည် ။ သူ့အတွက် သက်သောင့်သက်သာဖြင့် တွေးနေနိုင်သည် မဟုတ်လား ။ “ ဝယ်တုန်းက ကျောအခင်းက အသေပေါ့ဗျာ ။ ကျွန်တော့် လက်ထဲ ရောက်တော့မှ ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် ကိုယ့်စိတ်ကြိုက် ကိုယ် လုပ်ယူတာ ” ဟု ကိုအောင်မင်း ပြောဖူးသည် ။ သူ သည်အခန်း ရောက်စရက်များ၌ ကိုအောင်မင်းသည် မကြာမကြာ ရောက်လာတတ်ကာ စကားစမြည် ပြောလေ့ရှိသည် ။ “ ခင်ဗျား တစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ ” ဟု ဆိုသည် ။ “ တစ်ယောက်တည်းက မပျင်း ဘူးဗျ ။ စကားတွေ အများကြီး နားထောင်ရမှာနဲ့ စကားတွေ အများကြီး ပြောရမှာကိုပဲ ပျင်းတာ ” ဟု သူ ပြန်ပြောတော့ ကိုအောင်မင်း မျက်လုံး ဝိုင်းသွားသည် ။ ထိုနေ့မှ စ၍ ကိုအောင်မင်း စကားကြာကြာ လာမပြောတော့ ။ ညညဆိုလျှင် လှေကားမှ တက်လာမည် ။ ခြေသံ ကြားရမည် ။ သူ့အခန်းရှေ့ အရောက်မှာ ခြေသံ ရပ်သွားမည် ။ တံခါးကို အသာ တွန်းဖွင့်ကာ ကျွီခနဲ မြည်သံနှင့် အတူ တံခါးနှစ်ရွက်ကြားမှ ကိုအောင်မင်း မျက်နှာကြီး ပေါ်လာမည် ။ “ ဩ ... ရောက်နေပြီလား ” ဟု ဆိုမည် ။ ပြီးတော့ တံခါးပြန်စေ့ကာ သူ့အခန်းဘက် သူ ဆက် လျှောက်သွားမည် ။

လေပြင်းပြင်းလေး တစ်ချက် အတိုးမှာ တံခါဟ သွားသည် ။ သူသည် ဝါးပက်လက်ကုလားထိုင်လေးပေါ်တွင် ထိုင်လျက် တံခါးပေါက်သို့ အကြည့်ရောက် သွားသည် ။ တံခါးပေါက် အပေါ်တန်းတွင် အအေးစုပ်သော ပလတ်စတစ် ပိုက်ပြွန်ငယ်များဖြင့် ပြုလုပ်ထားသည့် အရုပ်အိမ်ငယ်လေးတစ်လုံး ချိတ်ဆွဲထားသည် ။ စီစဉ်သူကတော့ သူ ကိုယ်တိုင်ပါပဲ ။ သည်အခန်း ရောက်ပြီး နောက်တစ်နေ့၌ လမ်းတွင် တွေ့၍ ဝယ်လာခဲ့ခြင်း ဖြစ်သည် ။ ဤအခန်းသို့ သူ ရောက်သည်မှာ နှစ်ပတ်ပင် မပြည့်တတ်သေး ။ ယခင်က ကြုံသလို အိပ်ခဲ့ရသည် ။ ဤအခန်းသို့ မရောက်မီ ရက်ပိုင်းက ဖြစ်ရပ် တစ်ခုကိုလည်း သူ ကောင်းကောင်း မှတ်မိနေသည် ။ ထိုညက အိပ်စရာ အဆင်မပြေခဲ့ ။ အစပထမတော့ သူ့ စိတ်မှာ ပျာယာခတ် သွားခဲ့သေးသည် ။ နောက်တော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အချိန်ရသရွေ့ ထိုင်ဖို့ စိတ်ကူးရသည် ။ နီးရာ လက်ဖက်ရည်ဆိုင်မှာပဲ ဝင်ထိုင် လိုက်သည် ။ ဆိုင်ထဲသို့ မဝင်တော့ဘဲ ဆိုင်ရှေ့မျက်နှာစာ ခုံတစ်ခုံမှာ ထိုင်သည် ။ အင်း ... ကျောမှီစရာတော့ရပြီ ။ ယခုအချိန်တွင် သူ့အဖို့ လိုအပ်သည်မှာ ကျောခင်းစရာ တစ်နေရာပဲ ဖြစ်သည် ။ တကယ်တော့ ဘဝ ဆိုသည်မှာ လူတစ်ယောက် အတွက် စားမှု ၊ နေမှုသည် နှစ်ခုပဲ ဖြစ်ပါသည် ။ နေမှု ဆိုသည်တွင်လည်း သွပ်မိုး ဖြစ်ချင် ဖြစ်မည် ၊ ဓနိမိုး ဖြစ်ချင် ဖြစ်မည် ၊ အုတ်နံရံ ဖြစ်ချင် ဖြစ်မည် ၊ ပျဉ်ကာ ဖြစ်ချင် ဖြစ်မည် ၊ သလွန်ညောင်စောင်း ပေါ်က ပန်းမွေ့ရာ ဖြစ်ချင် ဖြစ်မည် ၊ ဖျာပင် မခင်းနိုင်သော ကြမ်းခုနစ်ချောင်း ဖြစ်ချင် ဖြစ်မည် ၊ လျှပ်စစ်မီး ဖြစ်ချင် ဖြစ်မည် ၊ ဖယောင်းတိုင် ဖြစ်ချင် ဖြစ်မည် ။ မည်သို့ပင် ဖြစ်စေ အဓိကမှာ တစ်နေ့တာ ကိုယ်စိတ်ပင်ပန်းခဲ့သမျှ အေးအေးလူလူ အိပ်စက် အနားယူဖို့ပင် ။ အမေ့အိမ်တုန်းက ညဉ့်နက် သန်းခေါင် ပြန်ချင်သည့် အချိန်မှပြန် ။ အမေကတော့ အိပ်ရာပြင် ခြင်ထောင် ထောင်ပေးထားပြီးသား ။ တစ်ခါတစ်ရံ မအိပ်ချင် သေးလည်း ၊ အိပ်မပျော် သေးလည်း အိပ်ရာပေါ်မှ ခြင်ထောင်အမိုးဖြူဖြူကိုငေးရင်း အတွေး တွေ လွင့်ဝေနိုင်သေးသည် ။ အိပ်ရာမှ နိုးသည့် အခါမှာလည်း မထချင်သေးလျှင် သည်ခြင်ထောင် အမိုးဖြူဖြူ ကိုပဲ ငေးနေ တွေးနေဦးမည်လား ။ ရသည် ။ ပျင်းလောက်အောင် နေပေတော့ ။ ယခုတော့ သူ့မှာ နံနက် အိပ်ရာမှ နိုးသည်နှင့် ဒီည ဘယ်မှာ အိပ်ရမလဲ ဆိုသည့် အတွေးက ခေါင်းထဲ အရင်ရောက်လာသည် ။ ယခုည အတွက်တော့ အိပ်ဖို့ဆိုတာ စိတ်လျှော့လိုက်ပါပြီ ။ “ အစ်မ …. မနက် စောစော ထရမှာမို့ ကျွန်တော် အိပ်တော့မယ် ” ။ ဆိုင်အလုပ်သမားလေး အထပ်ခိုးပေါ်တက်သွားသည် ။ ဗာဒံရွက်ကြွေ တစ်ရွက် သူ့အနား ကြွေကျလာသည် ။ သူ့ရှေ့ အစွန်မှာ ဗာဒံပင်ပင် တစ်ပင် ရှိနေသည် ။ ဗာဒံပင်ခြေရင်း တွင် ဂမုန်း ၊ ရွက်လှ ပန်းအိုးငယ်များ ရှိနေသည် ။ ဗာဒံပင်စည်တွင် ဖယောင်းပန်းတစ်ပင် ရစ်နွယ်နေသည် ။ ပန်းအိုးများနှင့် ကပ်လျက် ဟိုဘက်မှာ လူသွားပလက်ဖောင်း ။ ပလက်ဖောင်း ပြီးတော့ ကားလမ်းမကျယ်ကြီး ။ တစ်ဖက် လူသွားစင်္ကြံ ဘေးမှာတော့ အလုပ်ရုံတစ်ရုံ၏ အုတ်တံတိုင်းရှည်ကြီး ရှိနေသည် ။ သူ ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်လိုက်မိသည် ။ ကြယ်စုံသော ည ။ နက်ပြာရောင် နောက်ခံကား ။ ကြည်ပြာရောင် နောက်ခံကား ။ ပြာ၍ လင်းနေသော ကောင်းကင်တွင် ကြယ်များ ပြိုးပြက် လင်းလက်နေတာ တွေ့ရသည် ။ ကြယ်တို့ တောက်ပနေပုံမှာ သဘာဝလွန် ။ နေဝင်ပြီးစ ညဦးကောင်းကင်အလင်း ။ ထိုကောင်းကင် အောက်မှာ ကဖေးဆိုင် တစ်ဆိုင် ။ အပြင်သို့ အမိုးတစ်ခု ထုတ်ထားသည် ။ အမိုးတွင် မီးအိမ်တစ်လုံး ချိတ်ဆွဲ ။ ဆိုင်ရှေ့ပိုင်း တစ်ခုလုံး လိမ္မော်ဝါအလင်း ။ စားပွဲခုံဝိုင်း ( စက်ဝိုင်းပုံ ) စားပွဲများ ။ ထိုင်နေသူ အချို့ ။ ဆိုင်ရှေ့ ကျောက်ကြမ်းခင်းလမ်းပေါ်မှာ လမ်းလျှောက်နေသူ အချို့ ။ ထိုင်နေသူများရော ၊ လမ်းလျှောက်နေသူများပါ အေးအေးချမ်းချမ်း ရှိသည် ။ လမ်း၏ တစ်ဖက်ရှိ အိမ်မြင့်များ မှောင်ရိပ်ကျ ။ အိမ်ခန်းတို့မှ မီးရောင်အလင်း ပြတင်းများမှ မမြင်ရ ။ အမည်းတွင် အဖြူ လေးထောင့်ကွက်များ ။ ဗန်ဂိုး၏ ‘ ကဖေးဆိုင်ည စာမျက်နှာ ’ ( Cafe Tarrace at Night ) ပန်းချီကားကို သူ သတိရလာသည် ။ ဗန်ဂိုး၏ ကဖေးဆိုင် ပန်းချီနှစ်ခုကို သူနှိုင်းယှဉ် ကြည့်နေမိသည် ။ ဆန့်ကျင်ဘက် သဘောများကို တွေ့ ရသည် ။ အတွင်းနှင့် အပြင် ။ လေးထောင့်နှင့် အဝိုင်း ။ မငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းခြင်း ။ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်ရှိခြင်း ။ သည်ညကို လွန်မြောက်နိုင်သည်ဟု သူ ထင်လာသည် ။ ထိုစဉ် လက်ဖက်ရည်ဆိုင်မှ ဖွင့်နေသော ခေတ်ပေါ် သီချင်း ရပ်သွားသည် ။ အခွေပြောင်းဖွင့်သည် ။ ရှေ့မှ လူငယ်ပိုင်း ထပြန်သွားသည် ။ ဟိုတစ်လောက ပေါက်သွားသည် ဆိုသော ၊ မြန်မာသံ ဆိုသော သီချင်းများ ။ သူ့ နားထဲမှာတော့ ဒေါင် ဒေါင် ဒေါင်ဒေါင် ဒေါင် ဒေါင် .. ဆိုတာတွေကိုပဲ ကြားနေရသည် ။ တောခြောက်သံ ဆိုတာ ဒါမျိုးထင်ရဲ့ ။ “ ဘယ်လိုလဲကွ ” ဆိုင်အလုပ် သမားလေးကို သူ လှမ်းမေးလိုက်သည် ။ “ ဒါ ဧည့်နှင် … သီချင်းလေ ။ ဆိုင်သိမ်း သီချင်းပေါ့ ” ဟု ပြန်ဖြေသည် ။ ကောင်တာမှ ဆိုင်ရှင်က “ ထိုင်ပါ ... ညီရာ ၊ ချက်ချင်း မသိမ်းသေးပါဘူး ။ ဖြည်းဖြည်းချင်း သိမ်းသွားမှာပါ ” ဟု လှမ်းပြောသည် ။ ဆိုင်အလုပ်သမားလေး စားပွဲများပေါ်က တစ်သျှူးဘူးနှင့် အချဉ်ခွက်များ လိုက်သိမ်းနေသည် ။ ကတ္တရာလမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာ တစ်စတစ်စ ကျဲပါးလာသည် ။ အလင်းရောင် မပျောက်မီ အိပ်တန်းအရောက် ပြန်တတ်ကြသော ငှက်ငယ်တို့လည်း ယခုအချိန် ဆိုလျှင် နွေးထွေးလုံခြုံရာ နေရာအသီးသီးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြရော့မည် ။ သူကတော့ မအိပ်ချင်အောင် လက်ဖက်ရည်ကျကျ တစ်ခွက် သောက်ထားသည် ။

သည်အချိန်မှာပင် သူသည် အမေရိကန် ပန်းချီဆရာကြီး ‘ အင်ဒရူးဝိုင်းယက် ’ ၏ ကမ္ဘာကျော် ‘ ခရစ္စတီနာ၏ ကမ္ဘာ ’ ပန်းချီကားကို အောက်မေ့မိလိုက်ပါသည် ။ ခန္ဓာကိုယ် အောက်ပိုင်း မစွမ်းမသန်ရှာသော မိန်းကလေး တစ်ယောက်သည် မြက်ရိုင်းပင်ရှည်တွေကြားမှာ တရွတ်တိုက် သွားနေသည် ။ ရောဂါသည်မလေး သွားလိုသော ‘ အိမ် ’ မှာ အလှမ်းကွာဝေးလွန်းနေသည် ။ ထိုမိန်းကလေးသည် ခေတ္တ အမောဖြေ နေရာမှ အိမ်ဆီသို့ လှမ်းမျှော် ကြည့်နေသည် ။ ကျောပေးထားသော အနေအထားပင် ဖြစ်သော်လည်း ထိုမိန်းကလေး၏ သန်စွမ်းသော မျက်လုံးများကို သူ မြင်နေရပါသည် ။ သူသည် သူခင်းသော လမ်းမှာ သူလျှောက်ရင်း ခလုတ်ကန်သင်းတို့ကို တိုက်မိခိုက်မိ၍ လဲပြိုကျသွးသည့် အခါများ မကြခဏ ရှိတတ်သည် ။ ထိုအခါမျိုး၌ လမ်းဆက်လျှောက်ချင်စိတ် မရှိတော့ ။ သည်အခါမျိုးတွင် သူသည် ခရစ္စတီနာ ၏ ကမ္ဘာပန်းချီကား ကို သတိရလာတတ်သည် ။ သူသည် ပန်းချီဆရာကြီး အင်ဒရူးဝိုင်ယက် ၏ အနုပညာကို လေးစားသော အားဖြင့် မိန်းကလေးငယ် မျှသာဖြစ်သော ၊ ရောဂါသည် မျှသာဖြစ်သော ခရစ္စတီနာလေး ကို ရှက်အားနာသောအားဖြင့် လဲရာမှ ထ၍ လမ်းဆက်လျှောက်ဖြစ်ခဲ့ပါသည် ။ သူသည် ဘဝတွင် မောပန်းစရာ ကြုံလည့် အခါတိုင်း သူ့စိတ်အာရုံ အနက်ရှိုင်းဆုံး တစ်နေရာတွင် သိမ်းဆည်းထားသော ခရစ္စတီနာ၏ ကမ္ဘာ ပန်းချီကားကို အတွေးထဲမှာ ပြန်လည် ပုံဖော်ကာ ခံစားကြည့်မြဲ ဖြစ်ပါသည် ။ သည်အခါ ခရစ္စတီနာလေးသည် သူ့အနားမှာ အကောင်းဆုံး အဖော် တစ်ယောက်လည်း ဖြစ်နေပြန်ပါသေးသည် ။

သူ မတ်တတ် ရပ်လိုက်သည် ။ လွယ်အိတ်ကို ကောက်လွယ်လိုက်သည် ။ ကဲ .. ဒီတစ်ညတော့ လမ်းပေါ်မှာပေါ့ ။ အထက်ပုဇွန်တောင် လမ်းမကြီး အတိုင်း လျှောက်ခဲ့သည် ။ သာကေတတံတားကို ဖြတ်ပြီး သည်တွင် ဟိုဘက် ပလက်ဖောင်း၌ ဓာတ်ဆီဆိုင် တစ်ဆိုင် တွေ့ ရသည် ။ အိမ်တန်းများအဆုံး လက်ဝဲဘက်ကွင်းပြင်ထဲ သစ်လုံးရှည်ပုံများ တွေ့ ရသည် ။ လမ်းမီးများ မရှိ ။ ပလက်ဖောင်း ဘေးမှာ မတ်တတ် အိပ်နေကြသော သစ်ပင်တန်းများ အောက်မှ သူ ဖြတ်လျှောက်လာခဲ့သည် ။ စက်ဆန်း ကိုးလမ်းထိပ် အရောက်တွင် လမ်းမီးတိုင်များ ခပ်ကျဲကျဲ တွေ့လာရသည် ။

“ အစ်ကိုကြီး .. အစ်ကို ”

အသံက အနောက်မှ လာသည် ။ သူ လှည့်ကြည့် လိုက်သည် ။ အံ့သြသလိုလည်း ဖြစ်သွားသည် ။ မိန်းမငယ် တစ်ယောက် ။ သူ့ဆီသို့ လျှောက်လာသည် ။ သူ့အနီး အရောက် သူလည်း ယောင်ယမ်း၍ နောက်တစ်လှမ်း ဆုတ်လိုက်မိသည် ။ ထိုမိန်းမငယ် ကိုလည်း စူးစမ်းကြည့် နေမိသည် ။ ဆံပင်တိုတို ၊ မျက်နှာဝိုင်းဝိုင်း ၊ အရပ်နိမ့်နိမ့် ၊ အိတ်တစ်လုံး လွယ်ထား ။ အပြင်အဆင်က အသက်အရွယ်ကို ခန့်မှန်းရ ခက်စေသည် ။ မိန်းမငယ်ကလည်း သူ့ကို ငေးမောကြည့်နေသည် ။

မျက်လွှာချလိုက်ကာ ..

“ ကျွန်မ ဘာလဲဆိုတာ ဦး သိမှာပါ ”

အသံက ခပ်တိုးတိုး ထွက်လာသည် ။

“ ကျွန်မ အရိုင်းအစိုင်းတွေနဲ့ တွေ့ လို့ ထွက်ပြေး လာခဲ့တာ ။ ပြီးတော့ ကျွန်မ ရက်ဆက်လည်း ပင်ပန်းထားတယ် ”

စကားကို ခဏနားသည် ။

“ ကျွန်မ ရိုးရိုးသားသားပါ ”

“ ငါကရော မရိုးမသား မဖြစ်နိုင်ဘူးလား ”

သူ မေးသည် ။

“ ဦးကို ကျွန်မ အဝေးကြီး ကတည်းက မြင်ပြီးသားပါ ။ ကျွန်မရဲ့ အတွေ့ အကြုံအရ မမှားနိုင်ပါဘူး ”

“ ဒီတော့ နင် ဘာဖြစ်ချင်သလဲ ၊ ပြော ”

“ ဖြစ်နိုင်မယ် ဆိုရင် ဦးအိမ်မှာ ဒီည ခဏနားချင် ... ”

သူ စဉ်းစားနေသည် ။

“ အိမ် .. ဟုတ်လား ”

တစ်ယောက်တည်း ပြောသလိုမျိုး သူ့နှုတ်မှ ထွက် သွားသည် ။

“ ဟုတ်တယ်လေ .. ဦးရဲ့အိမ် ။ အင်း .. ဦး နေတဲ့ အိမ်ပေါ့ ”

မိန်းမငယ်၏ မျက်လုံးထဲမှာ ရေနစ်နေသည် ။

“ ကဲ ... လာ .. ချာတိတ်မ ”

သူတို့ ခြေလှမ်း စလိုက်ကြသည် ။ အရုဏ်ဦးသို့ လမ်းလျှောက်ရင်း လမ်း၌ ခရစ္စတီနာ၏ ကမ္ဘာ ပန်းချီကား အကြောင်း သူမကို ပြောပြရပါဦးမည် ။

☐ မောင်သူ
📖ရနံ့သစ် မဂ္ဂဇင်း
     ၂၀၀၄ ၊ ဇွန်လ

မယားရိုက်သူ

❝ မယားရိုက်သူ ❞
     ( ပီမိုးနင်း )

ဘိုင်စကယ်သမားကလေးတစ်ယောက် အိမ်ရှေ့ ခြံဝင်းတံခါးမှ ဝင်၍ လာပြီး လမ်းနံဘေး မြက်ခင်းပေါ်၌ ဘိုင်စကယ်ကို လက်လွှတ်စံပယ် တုံးလုံးလှဲခဲ့ပြီး အိမ်ဘက်သို့ ပြေးခဲ့လေ၏ ။

အချိန်မှာ ခြောက်နာရီသာသာကလေး ဖြစ်သဖြင့် ဝတ်လုံတော်ရကတော် ဒေါ်မိကြီးသည် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်နေရာမှ ရှေ့ကို ယိမ်းကာ အားယူ၍ ကြည့်လေ၏ ။ ဝတ်လုံတော်ရမင်း ဦးဖေဆင်၏ အစ်ကို ဆေးဆရာဝန်ဦးအောင်သန်းသည် မတ်တတ်ရပ်ကာ ဝရန်တာကို ဘေးတိုက်မှီလျက် ဆေးပြင်းလိပ်ကြီးကို ဖွာ၍နေလေ၏ ။

“ ဟိုဟာအောင်ဖိုးမဟုတ်လား ” ဟု ဝတ်လုံတော်ရကတော်ကြီးက မိမိ၏ ခဲအို ဒေါက်တာအောင်သန်း ကို ပြောလေ၏ ။ ထို့နောက် စကားဆက်ကာ “ အင်း ... ဟုတ်ပါတယ် ၊ ဒီသူငယ် ဘာကိစ္စ ဝင်လာပါလိမ့်မလဲ ၊ သူ လာလေ့ မရှိပါဘူး ” ဟု ပြောလေ၏ ။

“ ဘိုင်စကယ် တစ်ခုခု ဖြစ်လို့လား ၊ တာယာပေါက်လို့ ထင်ပါရဲ့”

“ မဟုတ်ဘူး ၊ ဘိုင်စကယ်ပေါက်တာနဲ့ ဒီကို ဘာလုပ်လာရမလဲ ”

“ အင်ဖလေတာများ ငှားချင်လို့လားမှ မသိဘဲ ။ အောင်ဖိုးတဲ့လား ၊ ဝန်ထောက် ဦးငြိမ်းသားလား တူလား ။ ဦးငြိမ်းအိမ်မှာ မြင်ဖူးသလိုလိုပဲ ”

“ တူပါ … တူအရင်းပါပဲ ။ ဒီသူငယ် မငယ်ဘူး ၊ အသက်နှစ်ဆယ် ကျော်ပြီ ။ ကလေးလိုပဲ ။ ဘာဖြစ်ဖြစ် စကားပြောလည်းပဲ ဟုတ်တယ်ထင် တာပဲ ၊ ဦးငြိမ်းက သူ့ကို ရူးပေါပေါမို့ သားသမီးလည်း မရှိတာနဲ့ အင်မတန် ချစ်တဲ့ပုံပါပဲ ။ အင်မတန် အလိုလိုက်ထားတာပဲ ။ တစ်ခုခု ဖြစ်လာပြီ ထင်တယ် ။ ခဏ ခဏ ဒုက္ခတွေ့တဲ့သူငယ် ။ မီးရထားခိုးစီးလို့ အဖမ်းခံရလား ခံရရဲ့ ၊ အိမ်နားက ကပြားတွေ မွေးထားတဲ့ ကြက်ကို ဖမ်းပြီး အဖော်တွေနဲ့ ကန်တော်ကြီးသွားချက်စားလို့ ကြက်ပိုင်ရှင်ကို တောင်းပန်ပြီး လျော်လား လျော်ရရဲ့ ။ ဂျူဗလီဟောပွဲတစ်ခုမှာ လည်း တိတ်တိတ်ခိုးဝင်လို့ အဖမ်းခံရပြီ ။ တစ်ခုခု ဖြစ်ရင် ဘာမှ မပြောတတ် မဆိုတတ် ။ ဒါနဲ့ ကြမ်းပိုး လုပ်ချင် လိုက်တာလွန်လို့ ။ ဘာမဆို သူမသိတာ မရှိဘူး ။ သိတာ မှန်သမျှလည်း တစ်ခုမှ မဟုတ်ဘူး ။ သူ့ဦးကြီး ကိုသာ အံ့သြစရာကောင်းတာပဲ ။ တော်တော်လည်း သည်းညည်းခံနိုင်တဲ့ ဦးကြီးပါ ကိုကြီးရယ် ။ ( တစ်ယောက်တည်းပေကိုး ဟု ပြောကာ ) ဒေါက်တာသည် ဆေးလိပ်တိုကို လွှင့်၍ပစ်လိုက်လေ၏ ။ ဒေါက်တာ၏ မျက်လုံးများမှာ ဓာတ်မီးရောင်ကြောင့်ပေလားမသိ ။ တိုး၍ တောက်ပလာသည်ဟု မှတ်ထင်ရလေ၏ ။ ဒေါက်တာသည် ရယ်စရာ အလုပ်များ၌ လွန်စွာဝါသနာကြီးသူ တစ်ယောက် ဖြစ်လေ၏ ။

“ ဆိုးတာတော့လည်း မဟုတ်ပါဘူး ၊ သနားစရာ ကောင်းတာပါပဲ ။ အစစအရာရာမှာ ခွကျတဲ့ သူငယ်ပဲ ။ ကျောင်းမှာလည်း ကောင်းကောင်း မနေဘူး ၊ လည်နေတာပဲ ၊ ကြီးလို့ လူကြီးများ မရှိရင် အတော်ဒုက္ခများမယ့် သူငယ်ပဲ ။ ပညာကလေးကလည်းအတော်သား ။ ဘိလပ် ကျောင်းသား ရှစ်တန်း ၊ လိမ္မာရင် သုံးနိုင်တာပေါ့ ”

“ အင်း … တချို့လည်း အသိအလိမ္မာ နှေးတတ်တယ် ။ သိတဲ့အခါကျတော့ ပိုသိတတ်တာမျိုးပဲ ”

“ အခုလိုပုံတော့ အသိဉာဏ်တိုးပုံ မရပါဘူး ။ လူ ပြောရင် ယုံတတ်တာက အင်မတန် ခက်တာပဲ ”

“ အင်း .. ဟော အောက်မှာ ဘာလုပ်နေပါလိမ့် ၊ တက်လာပြီ သူပါပဲ ” ဟု ဆရာဝန်က ပြောလေ၏ ။ ဆွယ်တာအင်္ကျီကို ဝတ်လျက် ကက်ဦးထုပ်ကို ကိုင်ကာ ဆံပင်ဖိုးရိုးဖားရားနှင့် အိမ်ပေါ်ထပ်သို့ ရောက်၍ လာလေ၏ ။

“ ကျွန်တော် ဒေါက်တာကို မြင်လို့ ဝင်လာတာပဲ ၊ ဒေါက်တာ မာရဲ့လား … ဟဲ ... ဟဲ ” ဟု ပြောကာ ဦးထုပ်ကို လက်နှစ်ဖက်နှင့် လိမ်ဖျစ်ရင်း နှုတ်ဆက်လေ၏ ။ ဝတ်လုံတော်ရကတော်ကြီးသည် ပက်လက်ကုလားထိုင်၌ ပက်လက်နေရာမှာ ထိုင်ပြန်လေ၏ ။

“ မာပါ့မောင် ဘာကိစ္စများလဲကွယ် ၊ မောင်ကော မာရဲ့မဟုတ်လား ၊ ထိုင်လေကွယ် ” ဟု ပြောကာ ဝတ်လုံကတော်က ကုလားထိုင် တစ်ခုကို ပြလေ၏ ။

“ မာပါတယ် ဒေါက်တာ ၊ လူတော့ မာပါတယ် ၊ ဒီကိုယ်ကတော့ ကျွန်တော့်ထက် မာတဲ့လူ မရှိပါဘူး ၊ ဒေါက်တာ စမ်းကြည့်စမ်း ” ဟု ဆွယ်တာအင်္ကျီလက်ကို ပင့်၍ ပြလေ၏ ။

“ အင်း … ကိုယ်ကတော့ မာဟန်ပါပဲ ၊ နို့ဘာက မမာတာလဲ ”

“ ဆရာမြင်ရင် မရိပ်မိဘူးလား ”

“ ဘယ့်နှယ် ရိပ်မိနိုင်မလဲကွဲ့ ၊ စိတ်နောက်ရင်တော့ အတော်ကြာမှ အကဲခတ်နိုင်တော့မပေါ့ ”

အောင်ဖိုးသည် ဝတ်လုံတော်ရကတော်ကြီးကို ကြည့်ကာ ရှက်သလိုလို ပြုံး၍ နေလေ၏ ။

“ အင့်ဟင် ဘာဖြစ်လာတာတုန်းကွဲ  ၊ ငါ့လူကိစ္စ အရေးကြီးတာတော့ ရှိပြီထင်တယ် ”

အောင်ဖိုးသည် ဝတ်လုံကတော်ဘက်သို့သာ မကြာမကြာ လှမ်း၍ ပြုံးပြီး “ ဒေါ်ဒေါ်ကလည်း ဝတ်လုံတော်ရကတော်ကြီးလုပ်ပြီး တယ် အတာကိုး ၊ ဒေါ်ဒေါ် သွားပါ ၊ ဒီမှာ မနေပါနဲ့ ” ဟု ပြောပြီး ရယ်လေ၏ ။

“ အလို .. အင်း ... အင်း … အေးကွယ် ၊ သွားပါ့မယ် ၊ မေးချင်တာ မေးပါ ၊ တိရစ္ဆာန်ကလေး နင် ဘာဖြစ် လာတာလဲ ၊ လူဖြင့် လူမွေးပေါက်မယ်မကြံသေးဘူး ၊ ဒီဟာ ဆေးရုံမှတ်လို့လား ” ဟု ရပ်ကာ နေလေ၏ ။ ဆရာဝန်က “ အေးဟယ် သွားလိုက်ပါဦး ၊ ကိုင်း .. ဘာမေးချင်လဲ ”

“ မေးဆို အရှည်ကြီး ဒေါက်တာရဲ့ ”

“ အင်း … တယ်ရှည်သလား ၊ မင်းဦးလေးက မင်း ဒီလိုရောဂါရတာတွေအတွက် မချဘူးလား ”

“ ဘာရောဂါလဲ ဒေါက်တာရဲ့ ၊ အောင်မယ် ကျွန်တော်လား ရောဂါရမယ့်အကောင် ၊ ကျွန်တော့်ကိုလည်း မချဝံ့ပါဘူး ”

“ ကိုင်း … ကိုင်း … ဒါဖြင့်ပြော ”

“ အခုကာလ ဒေါက်တာများဟာ ကိုယ်ရောဂါဟာသာ မဟုတ် ၊ စိတ်ရောဂါပါ ကုကြတယ်လို့ သတင်းစာများထဲမှာ ဖတ်ရလို့ ကျွန်တော် စိတ်အကြောင်းမေးချင်လို့ပါ ”

“ အင်း …. ဆိုစမ်းပါဦး ၊ မင်းစိတ် ဘယ်လိုဖြစ်နေသလဲ ”

“ သူ စိတ်နောက်နေတာပေါ့ ၊ ဆရာမကလေး စိန်းမေက သူ့ကို မကြိုက်လို့ ” ဟု ဝတ်လုံတော်ရကတော် အခန်းတွင်းမှ လှမ်း၍ပြောလိုက်လေ၏ ။

“ ဒေါ်ဒေါ်ကလည်း ဟုတ်တာတွေ ပြောနေပါပြီ ” ဟု အိမ်အတွင်းဘက်သို့ ကြည့်ကာ ပြန်၍ ပြောလိုက်လေ၏ ။ ထို့နောက် ဆရာဝန်ကို ကြည့်ကာ စကားဆက်၍ ပြောသည်မှာ “ ကျွန်တော် လူတော့ မာပါတယ် ၊ စိတ်က ဘယ်လိုဖြစ်နေမှန်း မသိဘူး ”

“ ဟုတ်တယ် မြင်ရုံနဲ့ သိပါတယ် ၊ မင်း ကိုယ် ကျန်းမာသလောက် စိတ်ကျန်းမာရင် အင်မတန် စွမ်းတဲ့ ယောက်ျားဖြစ်မှာပဲ ” ဟု ဆရာဝန်က တည်တည်ကြီး ပြောလေ၏ ။ ဆရာဝန်သည်ကား ငယ်စဉ်က ပါခဲ့သော နောက်တတ်သော ဝါသနာ မကုန်သေးသူဖြစ်ရာ အောင်ဖိုးနှင့် အတွေ့မှာ ထိုဝါသနာကို ပြန်၍ နှိုးလိုသော စိတ်များ ပေါ်ပေါက်လာလေ၏ ။

အောင်ဖိုးသည် ဒေါက်တာဘက်သို့ တိမ်းကာ နားစိုက်၍ထောင်လေ၏ ။ ဒေါက်တာသည် ဝတ်လုံတော်ရကတော် ထိုင်သွားသော ကုလားထိုင်မှာ ထိုင်လျက်ရှိနေလေ၏ ။

“ ဆိုင်ကို အနာလစ်ဇစ် ခေါ်တဲ့ စိတ်ပညာ အတတ်မျိုးနဲ့ ဒေါက်တာ ကုသလား ”

“ အေး … ဆိုပါတော့ ၊ ဆိုင်ကို အနာလစ် ခေါ်ပြီး ညာစားနေတဲ့ လူညာတွေလည်း အမေရိက ၊ ဥရောပမှာ အများကြီး ရှိတာပဲ ။ အန်ကယ်တော့ ညာတာ မဟုတ်ပါ ဘူး ၊ သည်နည်းအတိုင်းပါပဲ ”

အောင်ဖိုးသည် ရင်ဘတ်ဆွယ်တာ အကြား၌ ထိုးထားသော ပဝါဖြူကိုထုတ်ကာ နဖူးလည်ပင်းက ချွေးများကို သုတ်လေ၏ ။

“ ဒေါက်တာ ဒီနည်းမျိုးနဲ့ ကုရင် ဘယ်လောက် အခယူမလဲ ”

“ လူလိုက်လို့ပါပဲ ၊ တစ်ရာကိုးဆယ်ပေါ့ ။ မင်းကို တော့ လျှော့ပြီး ယူတာပေါ့ ။ တခြားလူမှ မဟုတ်ဘဲ ။ အခု မင်းမှာ ဘယ်လောက်ပါသလဲ ”

“ အခုတော့ ငါးကျပ်ပါတယ် ဒေါက်တာရဲ့ ၊ ဒါလည်း ဘိုင်စကယ် ပြင်ခ ပေးမလို့ပါ ”

“ အေး … အေး မင်းဖြစ်ပုံကိုသာ ပြော ၊ အခုတော့ အရေးမကြီးပါ ဘူး ။ မင်းမှာ ဘယ်လို စိတ်ရောဂါလဲ ။ ဘယ်လိုစိတ်မှာ ဖြစ်နေသလဲ ။ ‘ ဆိုင်ကိုလိုဂျီအရ ’ ‘ ကွန်ပလိုက် ’ လို့ခေါ်တယ် ။ ‘ ကွန်ပလိုက် ’ ဆိုတာ စိတ်ရော ဂါရဲ့ အမြစ်ပဲ ။ ကြာရင် ကိုယ်မှာ ရောဂါကူးတတ်တာမျိုး ၊ ဒီအမြစ်ကို ဖြုတ်မှ ချမ်းသာတယ် ၊ ဒီအမြစ်ကို မဖြုတ်သမျှ အဘယ် ဆေးနဲ့မှ ကုလို့မရဘူး ။ သွေးသား ရောဂါ ၊ ကိုယ်၌ ရောက်တဲ့အခါကျတောင် သွေးသားနဲ့ ဆိုင်တဲ့ ဆေးနဲ့ ကုလို့ မရဘူး ။ ဒီအမြစ်ကို ထုတ်ပယ်မှ ပျောက်တာပဲ ”

“ အဲဒါ ကျွန်တော် နားမလည်ဘူးဆရာ ၊ တစ်ဆိတ် အမိန့်ရှိပါဦး ”

“ အေးလကွယ် ။ မင်းအကြောင်း မင်းမသိဘူး ၊ ဆရာသိပါပြီ ၊ သူ့နာမည်ပြောစမ်း ”

“ ဘယ်သူ့နာမည်လဲ ဆရာရဲ့ ”

“ မိန်းကလေး နာမည်ပေါ့ကွဲ့  ၊ ဘယ်သူ့နာမည်လို့ မင်းကထင်သလဲ ”

“ ဒီအမြစ်ဟာ မိန်းမနဲ့ပတ်သက်မှ ဖြစ်သလား ”

“ အများအားဖြင့် ဒီက စတာပဲ ။ ‘ မိန်းမဖျက် ပြည်ပျက် ’  တယ်လို့ ပြောကြတယ် မဟုတ်လား ။ ပြည်မပျက်မီ လူတွေကစပြီး ပျက်ရတာပဲ ”

“ မစိန်မေတဲ့ ဆရာရဲ့  ။ ကိုင်း ... မကြားဝံ့ ဆေးဆရာ ၊ မမြင်ဝံ့ ရှေ့နေ ဆိုတာကိုး ဆရာရဲ့ ။ ပြောရတော့မှာပေါ့ ” ဟု ပြောပြီး ဝတ်လုံတော်ရကတော်ကြီး ရှိနေသော အတွင်းဘက်သို့စောင်းငဲ့ကာ လှမ်း၍ ကြည့်လေ၏ ။

“ ဘာအလုပ် လုပ်သလဲ ”

“ အင်္ဂလိပ်ကျောင်းဆရာမကလေး ဒေါက်တာရဲ့ ”

“ တော်တော်ချောသလား ”

“ ချောဆို ရန်ကုန်မြို့မှာ မရှိပါဘူး ”

“ နို့ အခုဘယ်မှာလဲ ”

“ ရန်ကုန်မှာ ”

“ အသက်ဘယ်လောက် ”

“ ဆယ့်ရှစ်နှစ်သာသာ ”

“ အင်း … ဒီလိုဖြင့်ဟုတ်ပြီ ၊ ကိုင်း ... ဟိုအကောင့် နာမည်က ဘယ်သူတဲ့တုန်း ”

“ ဆရာ သူ့ပြန်မပြောနဲ့နော် ”

“ ပြောရင် ဆရာ့စည်းကမ်းပျက်ရာ ကျမှာပေါ့ကွဲ့ ၊ ဆရာဆိုတာ မိမိ လူမမာများအကြောင်းကို မပြောကောင်း ဘူး ”

“ ဟိုအကောင်က ရုပ်ရှင်မင်းသား ၊ ပြောမယ်လေ ၊ အကုန်ပဲပြောမယ် မောင်မောင်ထွေး ဆိုတဲ့အကောင်ပေါ့ ”

“ အင်း .. ဒီလိုဖြင့် ရောဂါ မငယ်ဘူး ၊ ကြီးတယ် ၊ ခပ်ကျပ်ကျပ်ပဲ ”

ဓာတ်မီးတိုင်များမှာ ပိုးကောင်တွေ မီးနင်းပွဲကျင်းပ၍ နေလေ၏ ။ မော်တော်ကားများသည် ရိပ်ခနဲ ဝီခနဲ ဝဲခနဲ မြည်ကာ ဖြတ်သန်း၍သွား ကြလေ၏ ။ အဝေးမှ ပီယာနိုတစ်ခုသည် နှုတ်သီးကိုအနှက်ခံရသော သုနက္ခော ပမာ ဂိန် ... ဂိန်မြည်၍ နေလေ၏ ။

နောက် ဆယ်မိနစ်လောက်ကြာသောအခါ ဒေါက်တာက “ ဒီမင်းသားကို ဆရာမကလေးက ကြိုက်ပလား ” ဟု မေးလေ၏ ။

“ ဒါတော့ မသိဘူး ဒေါက်တာရဲ့ ၊ ဒီအကောင့် ဓာတ်ပုံတွေကိုတော့ ဆရာမက ကျွန်တော့်ကို ခဏ ခဏ ပြတာပဲ ။ ပြီးတော့လည်း ဒီအကောင့် အကြောင်းကို ကျွန်တော်နဲ့ တွေ့တိုင်း ပြောတယ် ၊ စာတွေလည်း ပြတယ် ၊ ကြိုက်လို့ပဲလား ၊ အားနာလို့ပဲ လက်ခံသလား ။ သေသေချာချာ မပြောတတ်ဘူး ။ ဆရာမက တစ်ဖက်သားကို အင်မတန် အားနာတတ်တယ် ”

“ မင်းကိုတော့ အားမနာဘူးလား ”

“ ကျောင်းနေဖက် ဖြစ်နေတယ် ဒေါက်တာရဲ့ ဒီတော့ အားမနာဘူး ။ လူနိုင်လို ကျနေတာပေါ့ ”

“ မင်းက နိုင်တာလား ”

“ သူက နိုင်တာပါ ၊ ဟိုအကောင်ကတော့ သူစိမ်းပဲ ၊ အခုမှ သိတာပါ ”

“ အေးကွယ် ၊နောက်ပေါ်တဲ့ရွှေကြာင် မျိုးပေါ့ ။ ဒီလိုဖြင့် မင်းက သာပြီး ရင်းနှီးတာပေါ့ ”

“ ကျွန်တော်က ဆန်ရင်းသားပါ ။ သူက ဆန်ကွဲ ပါ ။ ကြံအဖျားသား နွားစားတဲ့အစာ ”

“ မင်းက ကြံအရင်း စားပေါ့ ၊ ကိုက်ရင် ရွှေသွား ထပ်စိုက်ရမှာစိုးလို့ ထင်ပါရဲ့ ၊ ဓာတ်ပုံတွေ များသလား ”

“ အမျိုးမျိုးပါပဲ ”

“ ဒါတွေ ဘာလုပ်သလဲ ”

“ ဘောင်သွင်းပြီး သူ့အိပ်ရာခန်းထဲမှာ ချိတ်ထားတယ် ”

“ အားလုံးပဲလား ”

“ နှစ်ခုတော့ ဆုတ်ပစ်လိုက်တယ် ၊ ကျွန်တော့် ရှေ့မှာပဲ ဆုတ်ပြီး လွှင့်ပစ်လိုက်တယ် ။ ဒီတစ်ချက်ကြောင့် ကျွန်တော့်အပေါ်မှာ စိတ်မကုန်ဘူး ဆိုတာ သိရတာပေါ့ ဆရာရဲ့ ” ဟု ပက်လက်ကုလားထိုင် လက်တင်ကို လက်သီးနှင့်ထုကာ ပြောလေ၏ ။

“ အင်း … အရင်က မင်းနဲ့ ဘယ်လိုဖြစ်ဖူးသလဲ ”

“ ကျွန်တော်နဲ့တော့ ဘာမှမဖြစ်ဖူးပါဘူး ၊ ချစ်ကြတာပါပဲ ။ ကျွန်တော်ကလည်း အများကြီး သစ္စာစောင့်ပါတယ် ။ လက်ဖျားနဲ့တောင် မထိမိပါဘူး ။ အရင်တစ်ခါတော့ လက်ကို ဆွဲကစားလိုက်မိပါရဲ့ ။ သူက ကျွန်တော့်ပါးကို ရိုက်လိုက်တယ် ။ သူတို့အိမ်က ခံတမာကတော် မစုက နင့်ကို ချစ်လို့ ကစားတာတဲ့ ။ မိန်းမများ တော်ရုံတန်ရုံ ချစ်လို့ ပါးမရိုက်ဘူးတဲ့ ၊ ဟုတ်သလား ဒေါက်တာရဲ့ ”

“ အင်း ဒါလည်း ဟုတ်ပါရဲ့ ၊ ဟိုအကောင့်ဓာတ်ပုံကို ဆုတ်ပစ်တာကလည်း သက်သေတစ်ခုပဲ ”

“ ဟုတ်တယ်ဆရာ ၊ အောင်မယ် အဲဒီ ဆုတ်ပစ်တဲ့ ဓာတ်ပုံတွေထဲမှာ ဟိုအကောင်က အငြိမ့်မင်းသမီးကို ဖက်လို့ ၊ တစ်ခုက ပွေ့လို့ ဆရာရဲ့ ။ ဒီတင် ကျွန်တော်က အသာရသွားတာပေါ့ ။ ဟိုအကောင်က သစ္စာဖောက်တာလို ဖြစ်နေတာပဲ ”

“ အင်း .. အင်း ဒီတစ်ချက် မင်းက သာတယ် ၊ ဒါမျိုးမှာ မင်းကပိုပြီး တည်တာပေါ့ ၊ ဒီလိုအချက်မှာ မင်းက ပိုင်အောင် စလိုက်ရမှာ ။ ဒါထက် ဆရာမမှာ မိဘရှိသလား ၊ သူ့အဖေက ဘာလုပ်သလဲ ”

“ တစ်ပေးတဲ့အလုပ်ကို လုပ်တယ် ”

“ ဘာတစ်ပေးသလဲ ”

“ မြင်းပွဲတစ် ဒေါက်တာရဲ့ ”

“ တစ်ပေးတဲ့လူ သမီးကို ရုပ်ရှင်မင်းသားနဲ့ မင်းနဲ့ ပြိုင်လုနေရတာပေါ့ ။ ဒါနဲ့ စိတ်ရောဂါ ဖြစ်တာပဲ ။ ကောင်းပြီး မပြောပါနဲ့ ”

“ ကျွန်တော် နဂိုက စိတ်ရင်းကောင်းပါတယ် ။ သို့သော်လည်း ဒီလို အကောင်တစ်ကောင်နဲ့ ပြိုင်ပြီး မိန်းမ တစ်ယောက်ကိုလုရတာ မခံချင်သလို ဖြစ်နေပါတယ် ဒေါက်တာ ။ ဒီလိုအခါကျတော့ မခံချစ်တဲ့စိတ် ဖြစ်ပြီး တစ်ခါတည်း ဘာဖြစ်ဖြစ် ဆိုပြီး ဖိုးသူတော်သာ လုပ်ပစ် လိုက်ချင်တာပဲ ။ ကျွန်တော်က မခံချင်ရင် ဘယ်လိုဖြစ်ဖြစ်ဆိုပြီး စွန့်တယ်လို့ ပြောတာပါ ။ ဘုရားမျက်နှာ ထောက်လို့ အခုလို ခံနေရတာပါ ”

ဒေါက်တာသည် နောက်သို့ လှည့်ကာ ပါးစပ်ကို ပိတ်လျက် ထူးခြားသော အသံတစ်ခုကို ချုပ်၍ ထားရလေ၏ ။

“ ဒီဆရာမကလေးဟာ မင်းနဲ့ ပထမတွေ့တဲ့ ရည်းစားလား ”

“ ပထမ မဟုတ်ပါဘူး ။ ကျွန်တော့်မှာ ငယ်ရည်းစားများလည်း ရှိပါသေးတယ် ။ သို့သော်လည်း ကြီးလာမှ တွေ့တဲ့ အထဲမှာတော့ သူ ပထမပဲ ”

“ မင်းမှာ အခု အပုံကြီး အရေးကြီးနေတယ် ။ မင်းလို လူတစ်ယောက်ကို တွေ့ဖူးဖူးတယ် ။ မင်း ငါ့ဆီကို လာတာ ကံကောင်းတာပဲ ။ မင်း တော်တော် သတိရှိတဲ့ ယောက်ျားပဲ ။ အချစ်နဲ့တရား ရောစပ်ပြီး ဖိုးသူတော်လုပ်ချင်တဲ့ စိတ်တောင်ပေါက်ရင် ဝေဒနာအပြင်ကို ရောက်တဲ့ လက္ခဏာပဲ ။ ဟိုလူမှာတော့ ဝေဒနာအပြင်ကို ရောက်ပြီးနောက် တဖြည်းဖြည်း မေ့မေ့လျော့လျော့နဲ့ ပျောက်သွားသလို ဖြစ်သွားတယ် ။ စင်စစ်တော့ မပျောက်ဘူး ။ တကယ်ဖြစ်တာက ငုတ်သွားတာ ။ ‘ ကွန်ပလိုက် ’ ဆိုတာ ဒီလိုအငုတ်မှာ ဖမ်းတာမျိုးပဲ ။ အဲဟိုလူ ဒီလို အငုတ်မှာ စိတ်ငယ်ပြီး ‘ နိုက်ထရစ် အက်စစ် ’ ငရဲမီးသောက်ပြီး သေတော့မလို လုပ်နေတုန်း နောက်ဖေးသွားတော့ မည်း နေတာ မြင်ရမှ ပုလင်းကို မသင်္ကာလို့ သေသေချာချာ ပြန်ကြည့်တော့ ငရဲမီး မဟုတ် ။ မင်ရေတွေ ဖြစ်တာတွေ့ရ လို့ ချမ်းသာသွားတယ် ။ ပုလင်းကို ပြန်မကြည့်မိရင် ကိစ္စတုံး ပွဲချင်းပြီးသေဖို့ ။ ပူလှချည့်ရဲ့ လောင်လှချည်ရဲ့ ။ လူးတောင်နေမှာကလားကွဲ့ ။ မင်း စိတ်ပညာစာတွေ ဖတ်ဖူးတယ်ထင်တယ် ”

“ ကျွန်တော် ဦးကြီးစာအုပ်ကို ဖတ်ကြည့်မိပါတယ် ။ ‘ ကွန်ပလိုက် ’ ဆိုတဲ့စကားအကြောင်း အရင်က ကြားဖူးတာနဲ့ စာအုပ်ထဲတွေ့ တော့ သေသေချာချာဖတ် ပြီး အချစ်က စရင် ၉၆ ပါးက စုန်းတစ္ဆေ ဘီလူးပူးတဲ့ ရောဂါမျိုးတွေပါ ဖြစ်တတ်တယ်ဆိုလို့ ။ ကျွန်တော် ဆရာ့ဆီ လာတာပါပဲ ။ စိတ်ထဲမှာလည်း လေးလေးပြီး အရင်ကနဲ့ မတူတာ တနင်္ဂနွေတစ်ပတ်လောက် ရှိနေပြီ ဆရာရဲ့ ၊ ကယ်ပါဦး ၊ ကျွန်တော်ဖြင့် သိပ်ကြောက်တာပဲ ”

“ ဟိုအကောင်တုန်းက ဝမ်းဗိုက်ကို ပြွန်နဲ့ စုပ်ယူရသေးတယ် ။ ဖင်ချူပြွန်သုံးခုနဲ့ ဖြန်းခနဲ ဖြန်းခနဲ ကွဲတာပဲ ”

“ ပြောစမ်းပါဆရာ ဘယ့်နှယ်လုပ်ရမလဲ ”

“ ဒီသူငယ်မ ဘယ်လို သူငယ်မမျိုးလဲ ”

“ ပုံပန်းကတော့ သိပ်အမူပါတယ် ဒေါက်တာရဲ့ ၊ ကျွန်တော့်ဟာမို့ ကျွန်တော် ပြောတာ မဟုတ်ဘူး ၊ မြန်မာပြည်မှာ ရှားပါတယ် ။ အစစအရာရာ ရုပ်ရော ၊ အလိမ္မာရော ၊ ပညာရော စိတ်နေသဘောထားပုံရော ယောက်ျားမှန်ရင် ထန်းပင်နဲ့ ထန်းသမားလို ဖြစ်လောက်ပါတယ် ”

“ ထန်းပင်နဲ့ ထန်းသမားလို ဆိုတာက ဘာလဲကွဲ့ ” 

“ အို ... ဆရာကလည်း မသိဟန်ဆောင်နေပြန်ပါ ပြီ ။ ဒီလောက် ပြောရိပ်မိရောပေါ့ ဒေါက်တာရဲ့ ။ ထန်းသမားနဲ့ ထန်းပင်ဆိုတာ ‘ မြင် - ယှဉ် - ဖက် - တက် ’ ပေါ့ ဆရာရဲ့ ”

“ ဟဲ့ ... အလို .. ပြောစမ်းပါဦးလကွဲ့ ၊ နားမလည်သေးလို့ပါ ”

“ အို ... ဆရာ့နှယ် ထန်းသမား ထန်းပင်ကိုမြင်တော့ ယှဉ်ပြီး ဖက်တက် ၊ အပေါ်ရောက် ထန်းရည် သောက်တာပေါ့ ”

" “ ဪ … ဒီလိုလား ၊ မင်းဆရာမက ထန်းရည် ထွက်သလား ”

“ ထန်းရည်တော့ မထွက်ပါဘူး ။ ဥပမာ ပြောတာပါ ။ ကျွန်တော် ဖြစ်ရပုံကို ပြောတာပါပဲ ။ ကျွန်တော် သူ့ကို မြင်ရင် အနားကပ်ပြီး ဟင်း .. ဟင်း ”

“ အင်း … အနားကပ်ပြီး ဘာဖြစ်သလဲ ”

“ အနားကပ်ပြီး ဖက်ထားချင်တာပေါ့ ဆရာရဲ့ ၊ ဒေါက်တာကလည်း ပျိုရာက အိုလာမှ သိရောပေါ့ ”

“ အေးဟေ ၊ ဟုတ်လိုက်တာ ၊ နို့ .. တက်ဆိုတာ ဘယ်လိုလဲ ”

“ ကြီးမှီ ၊ ငယ်ချီ ဆိုတာလိုပေါ့ ဆရာရဲ့ ၊ ကျွန်တော်က ငယ်တယ် ၊ သူက ကြီးတယ် ၊ ဒီတော့ အချီခံရအောင် ဖက်တက်လိုက်ချင်တာ ပြောတာပါ ”

“ တော်သေးရဲ့ တော်သေးရဲ့ ၊ ဆရာက အသည်းနှလုံးတုန်သွားလို့ ။ ကြီးမှီ ငယ်ချီ ဆိုတာ မင်းက ငယ်ရင် သူက ကြီးလို့ မှီရမှာကို ပြောတာကွဲ့  ။ မင်းပြောတာက တစ်မျိုးဖြစ်နေတယ် ”

“ နို့ ကျွန်တော်က ငယ်တော့ သူချီမှာ မဟုတ်လား ဆရာရဲ့  ၊ ဘယ်က တစ်မျိုးဖြစ်မှာလဲ ”

“ ဟင် … အေး ဒါလည်း ဟုတ်တယ် ၊ ကိုင်း .. ပြောပါဦးကွယ် ”

“ ပြီးတော့ ကောင်းသော သွားခြင်း ၊ ကောင်းသော လာခြင်းနဲ့ ပြည့်စုံပါတယ် ။ ကျွန်တော် ပြောလိုတာက ဆင်လိုပါပဲ ”

“ ဪ … ထိုးတတ်သလား ”

“ မဟုတ်ပါဘူး ဒေါက်တာရဲ့ ၊ ဆင်များ သွားသလို ပြောတာပါ ”

“ ဘယ်လို ဆင်များ သွားသလဲ ”

“ မုန်ယိုပြီး သွားတာပေါ့ ။ ဆရာက ဆေးသာ တတ်တာကိုး ။ ဒါမျိုးကျတော့ သိပ်ရိုးတာပဲ ”

“ ဪ … မင်းဆရာမက မုန်ယိုသလား နေပါဦးကွဲ့ ၊ မုန်ယိုတော့ ဘယ်လိုနေသလဲ ”

အောင်ဖိုးသည် လက်ခုပ်တီးကာ အံ့သြသော လက္ခဏာကို ပြပြီး

“ မုန်ယို ဆိုတာ ဣန္ဒြေကြီးတာ မဟုတ်လား ဆရာရဲ့ ။ မျက်နှာထားမှန်ပြီး ရှေ့ကို ဆင်များလို စိုက်ကြည့်ပြီးသွားတာပေါ့ ။ နံဘေးတွေ နောက်တွေကို မကြည့်ဘူး ။ ဘုန်းကြီးဘဝကလာတာနဲ့ တူတာပဲ ။ ဆံပင်ကလည်း အင်မတန်ကောင်းတယ် ။ ပိတုန်းရောင် ဆိုတာ သူမှ အစစ် ။ ဆီမလိမ်းဘဲ နေပူထဲလျှောက်သွားရင် အမျှင်ကလေးတွေက ဝင်းလက် ၊ ပြာဝါ ၊ ရွှေစဝါ ပွင့်အရောင်လို မိန်းမမြတ်ဟတ္ထနီအစစ် ။ သျှတ္တရကျမ်းနဲ့ ညီတယ် မညီတယ် ဆိုတာ ကျွန်တော် ကြည့်ပြီးမှ လေးရွက်စင်ကို ကောက်လိုက်တာပါ ”

“ ဆံထုံးကြီးရဲ့လား ”

“ ဟင့်အင် ၊ ဖဲစီးကြိုးလိပ်ပြာတောင် ဖွတ်မြီး ”

“ အင်း တော်သေးရဲ့ ဆိုဦး ၊ သူ ဘာလုပ်တတ်သလဲ ”

“ မိန်းမအတတ် မှန်သမျှ အကုန် လုပ်တတ်တာပဲ ၊ အချုပ်အလုပ် အထိုးအပေါက် အကုန်ပါပဲ ”

“ အရက်ကော ”

“ ဟာ … ဒေါက်တာကလည်း မဟုတ်တာ ၊ မိန်းမကလေး အရက်သောက်ပါ့မလား ”

“ မဟုတ်ဘူးလဘွဲ့  ၊ ရက်ကန်းရက်တတ်သလား မေးတာပါ ”

“ ဒါတော့ ရှေးဆန်လို့ မသင်ထားဘူး ”

“ ကျွန်တော် ကိုယ်တိုင်ကလည်း ရက်ကန်းဆိုတာ အညောင်းမိတတ်လို့ တယ်ပြီး သဘောမကျတာနဲ့ သင်ဖို့လည်း မပြောပါဘူး ”

“ တခြား အတတ်တွေက မင်း သင်ခိုင်းတာလား ”

“ မခိုင်းရပါဘူး ၊ သူ့ပါရမီနဲ့ အလိုလို တတ်ချင်စိတ် ဖြစ်ပြီး မြင်ရုံနဲ့ တတ်တာတွေပါ ”

“ မြင်ရုံနဲ့ တတ်တတ်သလား ”

“ ဟုတ်ကဲ့ ၊ တတ်တတ်လို့ပေါ့ ”

“ ဟိုရုပ်ရှင်မင်းသားကိုလည်း မြင်ရုံနဲ့ တတ်တာလား ”

အောင်ဖိုးသည် စဉ်းစား၍နေပြီးမှ “ ဆရာ ဘာပြောတာလဲ ”

“ ဟိုအကောင်ကို ကြိုက်တာပြောတာပါ ။ မင်း မခံချင်အောင် ဟိုအကောင်အကြောင်းတွေ ခဏခဏ မပြောဘူးလား ”

“ ဟုတ်လိုက်တာ ဆရာရယ် ၊ ဒါကြောင့် ကျွန်တော် အခု ဆရာ့ဆီ လာတာပါပဲ ”

“ မင်း ရိုက်စမ်းကြည့်ပြီးပလား ”

“ ဘာကို ရိုက်တာလဲဆရာ ၊ မစိန်မေကလေးကိုလား ”

“ အေးလေ ရိုက်ရတာမျိုးပဲ ” ဟု ဆရာက ရိုးရိုးအံ့သြဟန်နှင့် ပြောလေ၏ ။

“ စိန်မေကို ရိုက်ရမယ်လား ”

“ မင်း ဖိုးသူတော် ဖြစ်ချင်စိတ်ပေါ်လောက်အောင် စွဲလို့မှ သူ့ကို ရိုက်မစမ်းဘူး ဆိုရင် ဟုတ်နိုင်ရဲ့လား ၊ မင်း တကယ် မရိုက်ဘူးလား ”

“ ဆရာက လှောင်နေတာလား ” ဟု ပြောကာ ခုခံသော အမူအရာနှင့် မိမိကိုယ်ကိုမတ်စေလျက် ဆရာကို ကြည့်နေလေ၏ ။

“ ငါက မင်းကို လှောင်နေရမျာလားကွဲ့  ၊ အောင်မယ်မင်း လူလေး ”

“ မတော်တာ ဆရာနှယ် ၊ ချစ်တဲ့ရည်းစားကို ရိုက်ရမယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး ။ မြင်လည်း မမြင်ဖူးဘူး ”

“ အဲဒါတွေကြောင့် ဖြစ်လွယ်ပျက်လွယ် ဖြစ်ကြတာပေါ့ကွဲ့ ။ ‘ နွားနဲ့ မယား မသနားကောင်း ’ ဆိုတဲ့ စကားဟာ အလကားစကား မှတ်သလား ။ ဒါမှ မယားစွဲ ဆေး ‘ မယားနေစ ကြောင်သေမှ ’ တဲ့ ။ ဒါမှ မက်ဆေး ။ ရိုက်ရင် ငိုရော ။ မိန်းမ ဆိုတာ မျက်ရည်ကလေးနဲ့ ငိုရ နွဲ့ရတာမှာ အသားယူတာ ။ နောက်ဆုံးပေါ်တဲ့ ‘ ဆိုင်ကော် လော်ဂျီ ’  စိတ်ပညာကျမ်း အဆို ။ ဒါတွေကို မသိကြလို့ ၊ ညားကြ ၊ ကွာကြ ၊ ကွဲကြ ဖြစ်ကုန်ကြတာပေါ့ ။ ဥရောပတိုင်းသားများဟာ အင်မတန် မိန်းမကို အလိုလိုက်တယ် မဟုတ်လား ။ အလိုလိုက်လို့ မကြာမကြာ နောက်ယောက်ျားနဲ့ တွေ့ပြီး ကွာကြရတယ် မဟုတ်လား ။ မင်း သတင်းစာများ ဖတ်ရဲ့လား ၊ အခု ဥရောပရဲ့ အမေရိက ။ လင်ကွာ မယားကွာ ရုံးတွေမှာ အလုပ်များအားကြီးလို့ အလုပ်နည်းအောင် ၊ အကွာအရှင်းနည်းတဲ့နည်းကို ကြံကြပါ ။ မကြံရင် ခက်ကုန်ကြပါတော့မယ် ။ လူတွေဟာ အိမ်ထောင်နဲ့နေကြတော့မှာ မဟုတ် ။ တိရစ္ဆာန်များလို ဖြစ်ကုန်ကြတော့မယ် ။ နိုင်ငံပေါင်းချုပ်အသင်းက တောင်းပန်သည့်အတွက် အမေရိကန် စိတ်ပညာအသင်း ကြီးများက စုံစမ်းရှာကြံကြသတဲ့ ။ ရှာကြံကြတာနဲ့ အဲ … အခု ဆရာ ပြောတဲ့နည်းကို တွေ့၍ အမေရိကန်မှာ ရိုက်ကုန်ကြပတဲ့ ။ အကွာအရှင်း များလည်း လျော့သွားပြီလို့ ကြား ရတယ် ။ နားလည်ပလား ၊ မင်းရောဂါဟာ မင်းကြိုက်တဲ့ မိန်းမ၏ ဖက်လဲ နမ်းရှုံ့ခြင်းကို ခံရမှ အမြစ်ပြတ်မှာ ။ စိတ်ရောဂါမှာ စိတ်နှလုံးကို မြန်မြန်ထိပြီး ဒိန်းဒိန်းမြည်အောင် ဆောင့်လိုက်မှ စင်စင်ကြီးပျောက်တာ ၊ ဆရာမကို မင်း အခုလို မရိုက်ဘဲ လွှတ်ထားရင် မျက်ရည်နဲ့ မနွဲ့ရ မမူရလို့ မင်းကို ဖက်ချင် ရက်ချင်စိတ် မပေါ်ဘဲနေတာ ။ ဟိုအကောင် ရုပ်ရှင်သမားက ဒီပွိုင့်ကို နားလည်လို့ လက်ချက်ဦးရင် မင်း ဒီဘဝမှာ ‘ စိတ္တသွက်ချာပါဒ ’ ဆိုတဲ့ ရောဂါနဲ့ ဆုံးရှုံးဖို့ရှိ တော့တာပဲ ”

“ ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့သေးဘူး ။ ဘယ်သူရိုက်တာမှလည်း မမြင်ဖူးသေးဘူး ”

“ အို … မင်း တယ်ညံ့တဲ့လူကိုး ။ လူမြင်အောင် ရိုက်ကြတာ မဟုတ်ဘူးကွဲ့ ။ ပြီးတော့လည်း ဒီဆေးနည်း မြန်မာပြည်ကိုနှံ့အောင် မရောက်သေးဘူး ။ မင်းမှ ကံထူးလို့ ဆရာနဲ့ တွေ့ရလို့ လူတိုင်းကိုလည်း သွားမပြောနဲ့ဦး ၊ သွားပြောရင် ဆရာ စားလမ်းတစ်ခု ပိတ်သွားမှာစိုးလို့ ပြောတာ ”

“ နို့ အကြင် လင်နှင့် မယား ဖြစ်မှာပေါ့ဆရာရဲ့ ၊ ရည်းစားကို ရိုက်လို့ ဖြစ်ပါ့မလား ”

“ ရည်းစားဘဝက စပြီး စွဲရမှ နောင်အစဉ် ထင်းပုံ ခေါင်းချ မြဲတာ ။ မြန်မြန်လည်း ကြိုက်မှာ ။ အခု မကြိုက် တကြိုက် ဖြစ်နေတယ် ။ ဟိုအကောင်က တစ်ဖက် ၊ မင်းက တစ်ဖက် ဖြစ်နေတယ် ။ ဒီလို နေခိုက်မှာ လက်ချက်ဦးသူ ရမှာပဲ ။ ရိုက်ရင် ငို မျက်ရည်ကျရော ။ အဲသည်တော့ အသာ ပွေ့ယူပြီး ကျောကလေးသပ် မျက်ရည်ကလေး သုတ်ပေးပြီး ချော့ ၊ သည်တော့ အဟင့် .. အဟဲ့နဲ့ မူရော နွဲ့ရောကွဲ့ ။ အဲဒီလို မူရ ချွဲရတာမှ မိန်းမဆိုတာ အရသာခံတာ ၊ ယောက်ျား ယူတာဟာ ဒါအတွက် ယူတာ ၊ ဆိုးမယ် နွဲ့မယ် ဆိုတဲ့ စိတ်နဲ့ ယူကြတာ ၊ သမီး ရည်းစား ဖြစ်ခိုက်မှာမှ သာပြီး ရိုက်ပေးရတာ ။ စပါးမွှေ ၊ မယားတေ ၊ စီးလားမြင်း ၊ ရည်းစားပုလင်း ၊ တချို့များ ပုလင်းနဲ့ ဦးခေါင်း နှက်ပေးရတယ် ။ သေအောင် ပေါက်ပြဲသွားအောင်လည်း မလုပ်နဲ့နော် ။ ပုလင်းနဲ့ နှက်တဲ့ ယောက်ျား တကယ်ရက်ရောမှ သတ္တိ ၊ ဗျတ္တိနဲ့ ယောက်ျား ၊ ယောက်ျားပီသတဲ့ ယောက်ျား ၊ ငါ့ယောက်ျား တကယ် ရက်ရောပါလား ၊ ဘာမှ ကြောက်ခြင်း ၊ လန့်ခြင်း မရှိ ၊ ထင်သလိုလုပ်မယ့်ယောက်ျားပါကလားလို့ တွေးပြီး သာပြီး ချစ်တာ ၊ ရွတ်တိရွတ်ထိုးမှ သဘောကျတာ ၊ အခု မင်း အသက် ဘယ်လောက်လဲ ”

“ ရှေ့လကျရင် ၁၇ နှစ်ထဲမှာ ”

“ ဒါတောင် ဒီအကြောင်း မင်း မသိသေးဘဲကိုးကွဲ့ ၊ ပါတာနီကုံး ၊ တာတွေ ၊ ကျောက်မြောင်း အဲဒီလို ဆင်းရဲတဲ့ မြန်မာရပ်ကွက်တွေ မင်း သွားကြည့် ၊ လင်မယားတွေ ခဏခဏ ရန်ဖြစ်တာ မယားဆံပင်ကို ဆွဲပြီး နရင်းအုပ်တာ ၊ အဲဒီလိုဟာတွေကို မင်း ခဏခဏ မြင်ရလိမ့်မယ် ။ အဲဒီလို အရိုက်ခံရတဲ့ မိန်းမတွေဟာ သူတို့ ယောက်ျားတွေကို ဘယ်လောက် ချစ်သလဲ ၊ ပဲပြုတ်တောင် ရောင်းကျွေးကြရသေးတယ် ။ နေ့ခင်းမှာ ရိုက် ၊ ညကျ မိန်းမက လင်ကျောခိုင်းပြီး တစောင်းကလေး ခွေနေရောကွဲ့ ။ အဲ ... သည်တော့ လင်က အသာ ခြေကိုလိမ်ချိတ်ဆွဲလိုက်တော့ မိန်းမက ဖယ်ပါ ဆိုပြီး ငိုသံပါလေးနဲ့ တံတောင်ဆစ်နဲ့ တွက်လိုက်ရောကွဲ့ ၊ သည်တော့ ထပ်ပြီး တစ်ခါ ခြေက လိမ်ချိတ်ပြီး ဆွဲလိုက်ပြန်ရောကွဲ့ ။ အဲဒါနဲ့ ပြီးတာပါပဲ ။ သည်တော့မှ အချစ်နာလန်ထပြီး တစ်ညလုံး မအိပ်တော့ပါဘူးကွယ် ။ ရိုက်တဲ့ လင်ရဲ့လည်ပင်းကို တစ်ခါတည်း ဖက်ထားတော့တာပဲ ။ မိုးလင်းအားကြီးကျတော့မှ ထပြီး မီးဖိုထဲဝင် ပဲပြုတ်ကလေး ဘာကလေးလုပ် အသံတွေ ဘာတွေ ကျယ်လို့ ၊ ပြီးတော့ ညက အိပ်ပျက်လို့ အိပ်ရာထဲမှာ ဇိမ်ဆွဲ နေတဲ့ ငနဲ ထံ လာပြီး ကျုပ် သွားဦးမယ်နော် ၊ မောင် အိပ်ပျက်မှာ စိုးလို့ ထမင်းပါ ချက်ထားခဲ့ပြီ ။ စိတ်ချ ဝအောင်အိပ်လိုက် ၊ ခေါင်းတွေ ဘာတွေ ကိုက်မယ် ဆိုတဲ့ စကားမျိုးကလေးများ ပြောပြီး ပဲပြုတ်တောင်း ခေါင်းပေါ်တင် ပဲပြုတ် ... ပဲပြုတ် ဆိုပြီး ကိုယ်ဝန်ရှိတဲ့ မိန်းမများလည်း ကော့လန် ကော့လန်နဲ့ လက်ကလေး ပစ်ကာ ပစ်ကာ သွားရှာရတာကလားကွဲ့ ။ အဲဒီ လူစုတွေက အမေရိကန်စိတ်ပညာဆရာတွေ မကြံမီက နားလည်နေကြတာ သိလား ”

“ အရင်တစ်ခါ သမ္မန်ပြတာ ကိုရွှေကြီးတော့ သူ့ မယားကိုရိုက်စမ်း ထင်ပါရဲ့ ၊ ဂါတ်ထဲ ရောက်သွားတယ် ”

“ ဒါက မူးလို့ရမ်းတာ ၊ ဒါမျိုးက တစ်မျိုးပဲ ၊ မရိုက်ရင် မချစ်လို့ဆိုတာ ပုံသေမှတ် ၊ မရိုက်ရင် မိန်းမကလည်း မချစ်ဖူးဘဲ ၊ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့ စကားဟာ ဒါကို ဆိုလိုတာ ”

“ တစ်ခါ တစ်ခါတော့လည်း ရိုက်စရာ အကောင်းသား ။ ကျွန်တော် တစ်ခါမှ စမ်းမကြည့်သေးဘူး ။ ဒီလိုဖြင့် စမ်းဦးမယ် ၊ ဆရာ တကယ် ပြောတာနော် ၊ ကျွန်တော်က တကယ် စမ်းမှာ ”

“ ဘာမှ စမ်းဖို့မလိုဘူး ၊ လက်တွေ့ စိတ်သာချ ။ သိပ်လည်း မချနဲ့နော် ။ ဟန်ကိုယ့်ဖို့ ဆိုတာ ဒါကို ပြောတာ သိပလား ။ အရင် ရန်ကုန်မှာ ပန်းချီဆရာ တစ်ယောက် သူ့မယားကို အိမ်မှာမတွေ့လို့ မယားခေါင်းအုံးပေါ် စာရေးသွားသတဲ့ ။ အဲဒီ စာက “ မင်း တင်ပါးကလေး နာရအောင်သာ ပြင်ထားပေတော့ ” ဆိုတဲ့ စာတဲ့ ။ မိန်းမက ဒီစာကို တွေ့တော့ အားရလွန်းလို့ ဟိုပြော ဒီပြော သူ့ ယောက်ျားက ဒီလို စာရေးသွားတယ်ဆိုတာ ပြောလို့ မဆုံးဘူးတဲ့ ”

အောင်ဖိုးသည် အတန်ကြာ စဉ်းစားပြီး “ ဟုတ်လိမ့်မယ်ဆရာ ။ သူ ကျွန်တော့်ကို ငယ်သူငယ်ချင်းမို့ ချစ်တာတော့ အမှန်ပဲ ။ နို့ပေမယ့် ဟို အကောင်ကလည်း မရမက ပိုးနေတော့ သနားတာနဲ့ အားနာပြီး ဘယ်ဘက် လိုက်ရမှန်းမသိ ‘ အမယ့်မြင် ငိုချင်ချင် ၊ ပဲလဝါမြင် ရယ်ချင်ချင် ’ ဆိုတာလို ဖြစ်နေတာပဲ ။ အစဉ်းစားကြီးနေတယ် ဆရာရဲ့ ” ဟု ပြောလေ၏ ။

“ အဲဒီလို နေခိုက်မှာ ဟိုအကောင်က အရိုက်ဦးသွားရင် မင်းရူးပြီး ကျန်ရစ်မှာပဲ ။ ငါ ပြောတာကို ဆက်ဆက် လုပ် ။ ဒါထက်ကောင်းတဲ့ ဆေး မရှိဘူး သိလား ”

“ ချမယ် ဆရာ ။ သူ့ တင်ပါးဖောင်းဖောင်းကလေးကို အညိုအမည်းစွဲအောင် ချလိုက်မယ် ၊ ဒီအချက် တစ်ချက် ကျွန်တော် လစ်ဟင်းနေလို့ ဒီလောက် ကြာနေတာပဲ ။ သိပြီ သိပြီ ။ ဒါပဲ ဒါပဲ ”

“ အဲဒါပဲ မိန်းမဆိုတာ စိတ်ဘယ်တော့မှ မကုန်ဘူး ။ ရှေးရှေးလူတွေ အရိုင်းအစိုင်း ဖြစ်တုန်းက စိတ်မျိုး ။ သည်တော့ မယားကို တကယ် ချစ်သူ မှန်ရင် ရိုက်ရမယ် ။ မရိုက်ရင် မချစ် ။ သည်တော့ မိန်းမကလည်း ပြန်ပြီး အချစ်ပြယ်တော့တာပဲ ။ သြစတြေးလျ ၊ ဟန်ဂေရီပြည်များမှာ ခဏခဏ အရိုက်ခံရတဲ့မိန်းမဟာ မိန်းမထဲမှာ အမော်ပဲ ။ ညည်းယောက်ျား ညည်းကို တစ်လ ဘယ်နှခါ ရိုက်သလဲ ၊ ငါ့ယောက်ျားဖြင့် တနင်္ဂနွေ တစ်ပတ် တစ်ခါ နှစ်ခါတော့ ရိုက်တာပဲဟု ပြောသည့်အခါ တစ်ခါမှ အရိုက် မခံရတဲ့ မိန်းမမှာ မျက်နှာကလေး ငယ်ပြီး အောက်ကျနောက်ကျ ဖြစ်နေရတာပဲ ။ သည်တော့ တမင် အရိုက်ခံရအောင် တခြားယောက်ျား တစ်ယောက်ယောက်နဲ့ မြောက်မထားသလို လင်ငယ်နေသလိုလို အထင်ခံရအောင် ဉာဏ်ဆင်ကြရသတဲ့ ”

အောင်ဖိုးလည်း ဒေါက်တာကို ကျေးဇူးတင်လှသဖြင့် လက်အုပ်ချီကာ ဦးချပြီး ထွက်သွားလေ၏ ။

ဒေါက်တာနှင့် ဝတ်လုံတော်ရကတော်လည်း ရယ်မောလျက် ကျန်ရစ်ကြလေ၏ ။ ဝတ်လုံကတော်က အရူးကို သွားလှောင်လို့ နောင် တကယ် လုပ်နေမှဖြင့် ရှင် ကိစ္စများနေဦးမယ် ဟု ပြောလေ၏ ။

••••• ••••• •••••

တစ်နေ့သ၌ ဆရာမ ကျောင်းမှ အပြန်တွင် လမ်းမှာ တွေ့ကြရာ ဒေါက်တာ ပြောလိုက်သော စကားများကို တွေးမိလေ၏ ။ အခုအနေ တစ်နေရာရာကို ခေါ်သွားပြီး ချရရင် ကောင်းမှာပဲဟု တွေးမိလေ၏ ။ ထိုအခါမှာ အောင်ဖိုးသည် အော်စတင်ကားကလေးကို မောင်းနှင်လာသော အခါ ဖြစ်၏ ။

“ ဆရာမ အိမ်ကိုလား တက် ၊ ကျွန်တော် လိုက်ပို့မယ် ”

ဆရာမမှာ ကြို့ကုန်း၌ နေသူဖြစ်လေရာ ရထားကို တိုးဝှေ့စီးရမည်ထက် အော်စတင်ကားကလေးနှင့် သွားရလျှင် ကောင်းမှာပဲဟု အောက်မေ့ကာ တက်စီးလေ၏ ။

အောင်ဖိုးသည်ကား တော်လှပြီ ။ ငါ့အကြံ ပိုင်ပြီ ၊ ကြခတ်ဝါးကိုင်ပြီး ငနဲမတင်ပါးကလေးကို ချမယ် ၊ ဒါမှ မပိုင်ရင် ဖူးစာဘက် မဆိုင်လို့ပဲ ၊ သင်း ဟိုအကောင်ကို တကယ်ကြိုက်တာလား ၊ ငါ မခံချင်အောင် တမင်လုပ်တာလားမသိဘူး ။ ယနေ့တော့ အပိုင်ကို သိမ်းမယ် ဟု တွေးလေ၏ ။

ကားသည် ရန်ကုန်အနောက်ပိုင်းသို့ ရောက်သော အခါ ကန်တော်မင်ဘက်သို့ ကွေ့လေ၏ ။

“ ဟဲ့ ... အောင်ဖိုး ဘယ်ကိုလဲ ၊ ကြို့ကုန်းကိုလေ ။ ဘယ်အရူးထသွားမလို့လဲ ”

အောင်ဖိုးသည် စကားပြန်၍ မပြော ၊ မကြားသလို သွားလေ၏ ။

“ ရပ်ရင် ဘယ်ကို မောင်းတာလဲ ၊ ငါ အရမ်း အော်လိမ့်မယ်နော် ”

“ အော်ရုံမကလို့ ဟစ်ဟစ် ၊ ဘယ်သူတားလို့မှ ရမယ် မထင်နဲ့ ”

“ ဘာပြောတယ် ၊ ဘယ်ကိုလဲ ၊ ကြို့ကုန်း ပြောတာ ၊ အခု ကန်တော်မင်ကို ဘာလုပ်မလို့လဲ ”

အောင်ဖိုးသည် စကားမဖက်လုပ် မပြောဘဲ တွင်တွင်ကြီးသာ တစ်ဟုန်တည်း မောင်းလေ၏ ။

“ ကောင်းပြီ .. မောင်းသွားချင်ရာသွား ၊ နင် ဘယ်သွားမယ်ဆိုတာ နင်သိရဲ့လား ”

“ သိသိ မသိသိ ၊ ဘာမှမဆိုင်ဘူး ”

“ နင် ဘာဖြစ်လာသလဲ ၊ ငါ့ကို ဘယ့်နှယ်လုပ်မလို့လဲ ”

“ ဆေးဆရာဝန်နဲ့ တွေ့ပြီးလို့ ငါသိရပြီ အစ်မ ၊ အေးအေးသာလိုက်ခဲ့ ၊ သိရမယ် ”

“ ဆေးဆရာဝန်နဲ့ တွေ့တာ ဘာဆိုင်သလဲ ”

“ ဟေ့ ဆရာမ ၊ ခံလာခဲ့တာ ကြာပြီ ၊ ရိသဲ့သဲ့လုပ်ခဲ့တာတွေ ၊ ယနေ့ညနေ တွေ့ရောပေါ့ ။ ဘယ်လို လူစားဆိုတာ ပြမလို့ခေါ်တာ ”

“ အလို … ဘယ်လိုလူစားပါလိမ့် ” ဟု ပြောကာ ဆရာမ၏မျက်နှာသည် ဖြူရော်ရော် ဖြစ်၍ သွားလေ၏ ။

“ ဘာတွေဆိုတာ တာမွေဘက် ရောက်ရင် သိရောပေါ့ ”

“ တာမွေမှာ နင်က ငါ့ကို ဘယ့်နှယ်လုပ်မှာလဲ ”

“ တာမွေကျတော့ ဘယ်လောက်ချစ်တယ်ဆိုတာ ပြမလို့ ၊ သိပြီလား ဆရာမရဲ့ ”

“ အလိုလေးတော် … ချစ်ပြမှာက နောက် ၊ ကားမှောက်လို့ ဇက်ကြိုးမှာက အခု ၊ ဟဲ့ အောင်ဖိုးရဲ့ နင် အရူးထသလား ”

“ ချစ်တာဟာ ရူးတာ တစ်မျိုးပဲ ၊ တေတေနိတ် ”

တာမွေအနီး ထူထပ်သော တောချုံတွေ ၊ ခြံတွေ ၊ ဝါးရုံတွေ ၊ ပိတ်ဆို့နေသော လမ်းကြောင်းတစ်ခု၌ ကား ရပ်လေ၏ ။

အောင်ဖိုးသည် ကားပေါ်မှ ဆင်းပြီး ဆရာမကို ကြည့်ကာ မြန်မြန်ဆင်းဟု အာဏာသံနှင့် ပြောလေ၏ ။

“ ဘာလို့ဆင်းရမလဲ ၊ အခု ကြို့ကုန်းကို အရောက် ပို့ ”

“ ဆင်းဆို ဆင်း ၊ ဆွဲထုတ်ရမလား ၊ မဆင်း သိရောပေါ့ ၊ ဟား ဟား ”

“ နင်ငါ့ကို လက်ဖျားနဲ့ ထိဝံ့ရင် ထိစမ်း ၊ ဘယ်လို ကောင်မမှတ်သလဲ ”

အောင်ဖိုးသည် ဆရာမ၏ ခက်တရော်သော မျက်နှာထားကိုမြင်လျှင် လန့်သလို ဖြစ်သော်လည်း စိတ်ကို ပြန်တင်းလေ၏ ။

“ မြို့ထဲရပ်ထဲ လူသူထဲမှာ ဒီလိုမျက်နှာထားနဲ့ရပေမယ့် ဒီချုံတောထဲမှာ မရဘူး မှတ်လိုက်ပါ ။ ဆင်းမလား ၊ ဆွဲချရမလား ”

“ နင် ရူးနေသလား ၊ ဘာဖြစ်သလဲ ”

“ ရူးရင် ဘယ်သူ့ကြောင့် ဆိုတာ မသိဘူးလား ၊ ဆရာဝန်က သေသေချာချာ ပြောလိုက်တယ် ။ ခင်ဗျား အထဲမှာ ရှိတဲ့ တောစိတ် အရိုင်းစိတ်ကို ပျောက်အောင် လုပ်ပေးမလို့ သိလား ၊ ဆရာဝန်က ပြောလိုက်တယ် ”

“ ဘာတောစိတ်လဲ ၊ နင်က ငါ့ကို မျောက်လို့ ဆိုချင်သလား ၊ ဆရာဝန်နဲ့ ဘာဆိုင်သလဲ ”

ဆရာမသည် ခက်ထန်သော မျက်နှာထားနှင့် နေရာမှာ မထဘဲနေလေရာ အောင်ဖိုးမှာ အခက်တွေ့၍ နေလေ၏ ။ ဆွဲချရမှာ ခက်၍ နေ၏ ။ အင်္ကျီကို ကိုင်ဆွဲလျှင် ဝိုင်သားမို့ ပါးသောကြောင့် စုတ်ပြတ်သွားမှာ စိုး၏ ။ ဖဲထဘီ ကြက်သွေးရောင်ကို ဆွဲချရလျှင် မတော်တဆ ပြုတ်ကျမှာစိုး၏ ။ ဆံပင်ကို ဆွဲလျှင်လည်း ဆံထုံး ပျက်သွားမှာ ကြောက်၏ ။ တစ်အောင့်မျှ ချီတုံချတုံဖြစ်ပြီး “ ဆင်းလေ ဆွဲချရမလား ” ဟု ပြောပြီး လက်မောင်းကို ကိုင်လေရာ အလွန်နူးညံ့သည်ကို တွေ့ရသောကြောင့် ပခုံးမှ ပြုတ်ပြက်ကျွတ်ထွက်၍ လာလေမလားဟု တွေးကြောက်ကာ ပြန်၍လွှတ်ပြီး“ ထွက်ပါဗျာ ၊ မြန်မြန် ” ဟု ပြောလေ၏ ။

“ ဘာလုပ်ထွက်ရမှာလဲ ၊ ပြောလေ ”

“ ချ ... ချ ... ချမလို့ ”

“ ဘာပြောတယ် ”

“ အထဲမှာ နေရာကျဉ်းတယ် ၊ မရိုက်သာဘူးဗျာ့ ”

ဆရာမသည် ဒေါထလျက် ကားပေါ်မှ လျင်မြန်စွာ ခုန်ဆင်းပြီး

“  ကိုင်း ... အောင်ဖိုး ၊ ကိုင်း ... ချဦးလေ ရိုက်မယ်ဆို ၊ ရိုက်လေ ... ရိုက်လေ နင်က ငါ့ကို ရိုက်မလို့ဆို အားရပလား ၊ မရိုက်တတ်ဘူးလား ။ ဟောဒီလို ရိုက်ဟဲ့ .. ရိုက်ဟဲ့ ”

“ နင် ဘာလုပ်ချင်သလဲ လာခဲ့ ၊ ထိစမ်း ဘာပြုလို့ ငါ့ကိုနင်ရိုက်မှာလဲ ”

“ မရိုက်ရင် မဖြစ်လို့ပေါ့ ၊ ဆရာဝန်အမိန့် ၊ ရိုက်မှ ဖြစ်မတဲ့ ”

“ ဘာဖြစ်လို့လဲ ၊ လာလေ ရိုက်လေ ” ဟုပြောကာ ဆရာမသည် မတ်မတ်ကြီး ဒရိန်ပြသလို ရပ်လျက် အောင်ဖိုးကို စိန်းစိန်းကြည့်နေလေ၏ ။

အောင်ဖိုးသည် ကြောက်၍ လာ၏ ။ သို့သော်လည်း စိတ်တင်းပြီး ကြခတ်ကိုင်းတစ်ကိုင်းကို ပြေး၍ တအားဆွဲရာ အကိုင်းပြုတ်၍ ထွက်ပြီး နောက်ကျွမ်း ထိုးကာ မြေပေါ်၌ သုံးလေးပတ် လိမ့်၍ သွားလေ၏ ။ မိုးက အောက် မြေက အထက် ဖြစ်၍သွား၏ ။

ဆရာမသည် ကျားသစ်ပမာ ၊ အောင်ဖိုး မျက်နှာရော ၊ လည်ပင်းရော ၊ ရင်ဘတ် ၊ ခြေလက်တွေရော ကျားသစ်ခဲသလို လက်သည်းရော သွားရော ပေါင်းစပ်ကာ ကုတ်ခြစ် ၊ ကိုက်ခဲ ၊ လိမ်ဖဲ့ ထုရိုက်ခြင်းများကို ပြုလေ၏ ။ အောင်ဖိုးမှာ ပါးစပ်ထဲ၌ သဲမြေတွေ အပြည့်နှင့် စကားပြန်၍ မပြောနိုင်အောင် သဲမြေပျော့ထဲတွင် ဖင်ဘူးတောင်း ထောင်လျက် တော်တော့ ဒီလောက် လုပ်ရရင် တော်နော် ၊ တော်ဆိုတာ မတော်ဘူးလား ၊ သိပ်လုပ်လိုက်ရင် ဒုက္ခဖြစ် သွားချင်သလားဟု အောက်မှာ မှောက်ခုန်ပြားလျက် နေရာမှ ခွ၍ စီးကာ ၊ ထုရိုက် ၊ ကုတ်ခြစ် ၊ ဖြဲဆုပ် ၊ ကိုက်ခဲ နေသော ဆရာမကို ပြောလေ၏ ။ ဆရာမလည်း ဝါးကိုင်းကို ရလေ၏ ။

“ ကိုင်း … ချဦးလေ ၊ ရိုက်မယ်ဆို ရိုက်လေ ။ နင်က ငါ့ကို ရိုက်မလို့ဆို အားရပလား ၊ မရိုက်တတ်ဘူးလား ၊ ဟောဒီလို ရိုက် ၊ ရိုက်ဟဲ့ ရိုက်ဦး ၊ ဟင် ... အောင်ဖိုး ရိုက်လို့ ကောင်းရဲ့လား ” ဟု မေးကာ မေးကာ ဝါးကိုင်း နှင့် အထပ်ထပ် တရွှစ်ရွှစ် မည်အောင် ရိုက်လေလျှင် အောင်ဖိုးသည် မှောက်ခုံနေရာမှ လူးထကာ မြေပေါ်၌ တံတောင်ဆစ်နှင့် ထောက်ကာ ခပ်လန်လန်ထိုင်၍ လက်တစ်ဖက်နှင့် ကာလေ၏ ။ ဆရာမသည်ကား ဦးခေါင်း ၊ မျက်နှာ ၊ ပခုံး ၊ လက် စသည်များကို အထပ်ထပ်ချလေ၍ တော်လေ တော်လေ ဟူ၍သာ အော်ရင်း လက်နှင့်သာ ကာရလေ၏ ။ ဆရာမက မရပ်ဘဲ ကြောက်ပလား ငါ့ကို ကြောက်ပလားဟဲ့ အောင်ဖိုးရဲ့ ။ နောက်တစ်ခါ ဒီလို လုပ်ဦးမလားဟု မေး၍ ရိုက်လေ၏ ။ အောင်ဖိုး၏ နှုတ်ခမ်းများမှာ သွေးစို့၍ လာလေ၏ ။ ပိုးရှပ်အင်္ကျီမှာ အမြွာအမြွာ ဖြစ်လေ၏ ။

ထို့နောက် ရပ်ကာ ထလေ ရိုက်ဦးလေ ၊ ရိုက်မလို့ ဆို ဟု ပြောလေ၏ ။

အောင်ဖိုးသည် ကြိုးစား၍ ထရာ ဆူးချုံတစ်ခုက အတင်းဆွဲ၍ ထားလေ၏ ။ တစ်ကိုယ်လုံးမှာ သဲတွေ ၊ ရွံ့တွေ ၊ သစ်ရွက်တွေ ပေရေ ကပ်တွယ်လျက် နေကြလေ၏ ။

ထသောအခါ ဆရာမမှာ ကားကို စက်နှိုးလျက်နေလေ၏ ။

“ ဆရာမ ... ဆရာမ ၊ လာပါဦး ... လာပါဦး ၊ သွားတော့မှာလား ၊ အမယ်လေးဗျာ့ ခါးကျိုးသွားပါပြီဗျာ ” ဟု ပြောကာ ခါးကို လက်တစ်ဖက်နှင့် နှိပ်လေ၏ ။

ကားကလေးသည် ခုန်ဆွ ခုန်ဆွနှင့် သွားလေ၏ ။

အောင်ဖိုးသည် ခါးကို နှိပ်လျက် ထပြီး ဆရာမ ... ဆရာမ မသွားပါနဲ့ဦး ၊ ပစ်မသွားပါနဲ့ ၊ ဘယ့်နဲ့ ပြန်ရမလဲ ၊ ခါးကျိုးနေလို့ပါဟု ခါးကို လက်တစ်ဖက်နှင့် နှိပ်ရင်း အော်လေ၏ ။ ကားကလေးသည်ကား ဝေးလျက် လမ်းကွေ့တွင် ပျောက်ကွယ်၍ သွားလေတော့သတည်း ။

အောင်ဖိုးသည် လမ်းနံဘေးမှာ ထိုင်ချပြန်လေ၏ ။ အတန်ကြာလျှင် ကြိုးစား၍ ထပြီး နံဘေးလယ်ကွင်းကို ဆင်ပြီး မိမိကိုယ်ကို ဆေးကြော သုတ်သင်လေ၏ ။ နှုတ်ခမ်းက သွေးများသည် လတ်ဆတ်စွာ ထွက်ကြလေ၏ ။ ဖိနပ်တစ်ဖက် မရှိတော့ချေ ။ ဖောင်တိန်ပင်လည်း ပျောက် ၊ လက်ပတ်နာရီလည်းကွဲ ၊ ဆံပင်ထဲမှာတော့ သဲ ၊ တစ်ကိုယ်လုံး လူရုပ်မပေါ်အောင် ဖြစ်၍ နေလေ၏ ။ ဒဏ်ရာများမှာ ဟိုကနာ ၊ ဒီကနာ တစ်နေရာတည်း မဟုတ် အနှံ့အပြား ဖြစ်၍ နေလေ၏ ။

ဆေးကြောသုတ်သင်ပြီး၍ တာပေါ်ကို ပြန်တက်ပြီး အရိုက်ခံရသောနေရာကို သွား၍ ဖောင်တိန်ပင်ကို ရှာလေ၏ ။ မတွေ့ ရမီ ကားသံကို ကြားရလေ၏ ။ ကားရပ်ပြီး ကားပေါ်မှ ဆင်းကာ အောင်ဖိုး ... အောင်ဖိုး ဘယ်မှာလဲ ၊ နာသွားသလားဟု ပြောသော အသံကို ကြားရသဖြင့် ကြည့်လေရာ ဖောင်း၍နေသော မျက်ခွံက ဖုံးသဖြင့် မျက်လုံးတစ်ဖက်မှာ ကောင်းစွာမမြင်ဘဲ ဝေလျက်နေလေ၏ ။

“ အောင်ဖိုး ဪ … ဟိုမှာလား ၊ ဘယ့်နှယ်နေသလဲ ၊ အများကြီး နာသလား ၊ ငါ့ကို စိတ်ဆိုးအောင် နင်က လုပ်တာကိုးဟဲ့ ၊ ကောင်းတယ် ဒီလိုဖြစ်တာ ၊ ငါက သနားလို့ ပြန်လာတယ် ၊ ဘယ့်နှယ်နေသလဲ ခေါင်းမှာ ဘုတွေ ဒစ်တွေ ဖြစ်ကုန်ပြီ ။ ဖြစ်တာပဲ ကောင်းတယ် ၊ ကြပ်ကြပ်ရူး လူများ မြှောက်ပေးတိုင်း ”

“ တစ်ကိုယ်လုံး ကြေကုန်ပြီ ”

“ အကုန်ကြေသွားပလား ။ ဘာမှ မကျန်တော့ဘူးလား ”

“ ဆူးတွေလည်း ပြည့်လို့ ။ နှုတ်ခမ်းလည်း ပဲ့သွားပြီး လျှာလည်း ပြတ်မလို့ဘဲ ။ လည်ချောင်းထဲမှာလည်း သဲချည်းပဲ ။ အိမ်တောင် မပြန်ဝံ့တော့ဘူး ” ဟု ပြောကာ ထိုင်လျက် ဆရာမကို မကြည့်ဘဲ မျက်ရည်သုတ်ကာ တစ်မျက်နှာလုံး လေးလံသော ဘောလုံးလို ရှုံ့နေလေ၏ ။

ဆရာမမှာ တကယ် သနား၍ လာသဖြင့် အပါး၌ ယှဉ်၍ ထိုင်ပြီး လက်ကိုင်ပဝါကလေးနှင့် သွေးထွက်သော နှုတ်ခမ်းကို တို့၍ပေးလေ၏ ။ ဆရာမမှာကား တစ်စုံတစ်ရာ မဖြစ်သလို အဝတ်အစားများနှင့် ဆံထုံးမှာ ရုံးရင်းဆန်ခတ်ဖြစ်ခြင်း၏ အမှတ်လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ ။

“ အိမ်ကျရင် ဘယ့်နှယ် ပြောရမလဲ မသိဘူး ”

“ ကားမှောက်တယ်လို့ ပြောတာပေါ့ ။ အေးဟယ် ... ငါက ဒီလောက် နာအောင် မလုပ်ချင်ပါဘူး ၊ ငါလည်း ဘာလုပ်မိမှန်း မသိဘူး ၊ နင်က ဒေါသထွက်အောင် လုပ်တာကိုး ”

“ ကားကလည်း အကောင်းကြီး ၊ ပြီးတော့လည်း ဒဏ်ရာတွေက များအားကြီးလို့ ကားမှောက်ရုံနဲ့ ဒီလောက်ဖြစ်ရသလားလို့ မေးကြမှာပဲ ”

“ ဒီလိုဖြင့် ငါရိုက်တယ်လို့ပဲ ပြောလိုက် ”

“ ဘယ်လူက ယုံမှာလဲ ”

“ ဟင် ဖိနပ်တစ်ဖက်ကော ” ဟု ပြောကာ ဆရာမသည် သဲထဲမှာ ဦးခေါင်းကို မြှုပ်ပုံးသလို တစ်ပိုင်း မြှုပ်နေသော ဖိနပ်ကို တွေ့ရလေ၏ ။

ဆရာမသည် အပါးကို တိုးကပ်လျက် အောင်ဖိုး ၏ လည်ပင်းကို ညင်သာစွာ လက်မောင်းတစ်ဖက်နှင့် ဖက်လေ၏ ။ အောင်ဖိုး၏ ဦးခေါင်းကို လက်တစ်ဖက် နှင့် ကိုင်ကာ မိမိ၏ ရင်ဘတ်ပေါ်သို တင်လေ၏ ။

“ မုန်းလို့ လုပ်တာ မဟုတ်ပါဘူးဟယ် ”

“ မမုန်းရင် ချစ်သလား ”

“ ချစ်တာပေါ့ ”

“ တကယ်လား ”

“ တကယ်ပါဟဲ့ ”

“ ဟိုအကောင်ကော ”

“ ဟိုအကောင် အလကား ”

“ ဒီလိုဖြင့် အခုဖြစ်တာ ဘယ်သူ့မှ မပြောနဲ့နော် ”

“ မပြောပါဘူး စိတ်သာချပါ ”

“ နို့ အရင်က ချစ်တာလား ၊ ခုမှလား ”

“ အရင်က နည်းနည်း ၊ အခု များတယ် ”

“ ဘာဖြစ်လို့လဲ ”

“ အို … ချစ်ပါတယ်ဆို ပြီးရော့ပေါ့ ၊ သနားလို့ ၊ ပြီးတော့လည်း နင်က ငါ့ကို တကယ်ချစ်တယ် မဟုတ်လား ၊ ဒါကြောင့်လည်းပဲ …. ”

“ တကယ် မချစ်ရင် ရိုက်ပါ့မလား ”

“ လာလာချည်သေး ၊ မကြောက်သေးဘူးလား ”

“ ကြောက်ပါပြီ ဆရာမရယ် ၊ ကြောက်လှပါပြီ ”

နောက်တစ်နေ့ အောင်ဖိုးနှင့် ဆရာမ ကားကလေးတစ်စင်းနဲ့ ပြည်ဘက်ကို ထွက်ပြေးကြပြီ ဟူသော သတင်းကို ကြားကြရလေ၏ ။

နောက်တစ်လလောက် ကြာသောအခါ ဒေါက်တာ ဦးအောင်သန်း၏ အိမ်သို့ အောင်ဖိုး ရောက်၍သွားလေ၏ ။

“ ဘယ်နဲ့ တူမောင် ၊ အန်ကယ် ပြောတဲ့အတိုင်း လုပ်လိုက်တာ နေရာမကျဘူးလား ”

“ ကျလို့ လာပြီး ကျေးဇူးတင်တာပါ ဒေါက်တာရဲ့ ၊ ဆရာနဲ့ တွေ့ လို့ စွန့်မိတာနဲ့ ဖြစ်သွားတာပါပဲ ”

“ တော်တော် ချလိုက်သလား ”

“ ချဆို ဘာပြောစရာရှိမလဲ ဒေါက်တာရဲ့ ”

“ သတိထား သတိထား ၊ နောင် လက်လွန်မနော် ၊ တော်ရုံလုပ်မှပေါ့ကွယ် ၊ ကြောက်ရုံ ရိုသေရုံပေါ့ ၊ အရမ်း လုပ်ရတာမျိုးမှ မဟုတ်ဘဲ ”

အောင်ဖိုးသည် ဆိတ်ငြိမ်စွာ နေလေ၏ ။ ဒေါက်တာမှာကား အများကြီး စဉ်းစား၍ နေရလေသတည်း ။

အောင်ဖိုးသည် ဆရာ၏ နည်းကြောင့် ဆရာမကို ရခြင်းမဟုတ် ။ ကျောင်းပြေးမည့် အကြံနှင့် လာရင်းဖြစ်လေ၏ ။ သို့သော်လည်း ဆရာ့စကားကို ယုံ၍ စွန့်မိသောကြောင့် ဆရာမ၏ စိတ်မှာ သနားချစ် ချစ်ဖို့ အကြောင်း ဖြစ်ပေါ်ရကြောင်း သတိရသဖြင့် ဆရာ့အား ငွေအစိတ် ကန်တော့ပြီး ပြန်ခဲ့လေ၏ ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၃၃