❝ ပြည်မြန်မာ ❞
မြန်မာ့ ပြက္ခဒိန်လောကကို တစ်ခေတ် ဆန်းစေသူတွေထဲမှာ ဓာတ်ပုံ အောင်ထွန်းနိုင် ( ပြည်မြန်မာ ) က ထိပ်ဆုံး မှာ ပါဝင်ခဲ့ပါတယ် ။
ဦးအောင်ထွန်းနိုင် ကို မြန်မာပြည်အထက်က ကျေးလက်တောရွာမှာ မွေးဖွားခဲ့တယ် ။ သူ့အဖေက နာမည်ကြီး နယ်သတင်းထောက် ဦးသောင်းညွန့် ။ သူ့ဖခင် အမြော်အမြင် ကြီးလို့ ဦးအောင်ထွန်းနိုင် မန္တလေးမြို့ကို ရောက် လာပြီး ပညာသင်ယူရတယ် ။ အမျိုးသမီးငယ် တစ်ယောက်ကို စွဲလမ်း ချစ်ခင်စိတ်ကြောင့် ရန်ကုန်မြေကို သူ ခြေချခဲ့ရတယ် ။ သူ ရည်မှန်းခဲ့တဲ့ သူနဲ့ လွဲခဲ့ရပေမယ့် ရန်ကုန်မြေမှာ ဦးအောင်ထွန်းနိုင် ဆက်လက် နေထိုင်ဖို့ ရုန်းကန်ခဲ့ရတယ် ။ ဗေဒါလမ်းက မဗေဒါ လိုပါပဲ သူ့ဘဝမှာ လှိုင်းလုံးကြီးတွေ ဖုံးလို့ ဘဝလမ်းကြောင်း ပြောင်းရတာလည်း ရှိတယ် ။
ဖြစ်တဲ့ အခြေအနေ ၊ ရောက်ရတဲ့ ဘဝမှာ အောင်မြင်မှု ရအောင် သူ လုပ်ကိုင်နိုင်ခဲ့တယ် ။ အောင်မြင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း သူ တွေ့ရှိခဲ့ပါတယ် ။ ဒါကိုလည်း မချွင်းမချန် ဦးအောင်ထွန်းနိုင် က ပြောပြတယ် ။ ရန်ကုန်မြို့ တာမွေ ကျောက်မြောင်း က ဆရာဦးအောင်ထွန်းနိုင် ရဲ့ နေအိမ်ကို ရောက်ခိုက်မှာ သူ့ဘဝကို စုံစမ်းမေးမြန်းတော့ ယခုလို ပြောပြပါတယ် ။
••••• ••••• •••••
စစ်ကိုင်းမြို့နယ် ဆားတောင်ရွာကျောင်းက သုံးတန်းအောင်တော့ အဖေက ကျွန်တော့်ကို မန္တလေး ပို့ခဲ့တယ် ။ မန္တလေးကို ပို့ရတဲ့ အကြောင်းအရင်းက ကျွန်တော့်အဘိုးက အဖေ အပါအဝင် သူ့သားတွေ သူ့တူတွေကို အင်္ဂလိပ်စာ ဆရာ ခေါ် သင်ခဲ့တာ ၊ ဒုတိယကမ္ဘာစစ် ဖြစ်လို့ သင်ပေးတာ ပျက် သွားတယ် ။ ကျွန်တော့်အဖေ ရင်ထဲမှာ ရှိသွားတာက ငါ့သားသမီးကို အင်္ဂလိပ်စာ သင်ပေးရမယ် ဆိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ရှိတယ် ။ ရွာကျောင်းမှာ တတိယတန်း အောင်တော့ ရှစ်နှစ်သားပဲ ရှိသေးတယ် ။ မန္တလေး သွားနေမလားလို့ အဖေက မေးတော့ နေမယ် ဆိုတာနဲ့ အဖေ့ မိတ်ဆွေအိမ် သွားနေရတာ ။ စစချင်း အေဘီအမ်ကျောင်းကို ပို့တယ် ။ နောက် ဖားသားလဖုံးကျောင်း ပြောင်းနေတယ် ။ ကိုးတန်း အောင်တော့ Science ( သိပ္ပံ ) ယူချင်လို့ ဆရာကြီး ဦးမြ ရဲ့ ရတနာပုံ အထက်တန်းကျောင်းကို ပြောင်းတယ် ။ အဲဒီအချိန်က ကျွန်တော်က အပြင်စာတွေ တော်တော် ဖတ်တယ် ။ ကျောင်းစာ ဟုတ်တိပတ်တိ မလုပ်ဘဲ အပြင် စာတွေပဲ အဖတ်များနေတာ ။
ဆယ်တန်း အောင်တော့ အမှတ် မကောင်းဘူး ။ မန္တလေး တက္ကသိုလ်မှာ သတ္တဗေဒမေဂျာ ရတယ် ။ စိတ်က မပျော်ပိုက်ဘူး ။ အကောင်ပလောင်တွေလည်း ဝါသနာ မပါဘူး ။ စာမေးပွဲ ကျတယ် ။ နောက်တစ်နှစ် ကျတော့ History ( သမိုင်း ) ကို ပြောင်းလိုက်တယ် ။ စာမေးပွဲကို credit ( အထူးအောင် ) နဲ့ အောင်တယ် ။ အဲသည် အချိန်မှာ ကျွန်တော့် နှမက ဆယ်တန်းအောင်လို့ စက်မှုတက္ကသိုလ် တက်မယ် ။ ကျွန်တော်က နေ့ကျောင်း မတက်တော့ဘဲ ညနေသင်တန်းကို ပြောင်းတယ် ။
မန္တလေးတက္ကသိုလ် တက်ရင်း ကျွန်တော် ကြိုက်နေတဲ့ မိန်းကလေးက ရန်ကုန် တက္ကသိုလ်ကို ပြောင်းသွားတယ် ။ ကျွန်တော်လည်း ခဏ ဆိုပြီး ရန်ကုန် လိုက်သွားတယ် ။ ရန်ကုန်မှာ တွေ့ကြတော့ မိန်းကလေးက သူ့မှာ ရည်းစား ရှိတယ်တဲ့ ။ ကျွန်တော်က လည်း စိတ်ချပါ မကြိုးစားတော့ပါဘူးလို့ ကတိပေးလိုက်တယ် ။ ဒါပေမယ့် ကျွန်တော် မန္တလေး မပြန်ဖြစ်ဘူး ။ ရန်ကုန် မှာ သောင်တင် နေတယ် ။
ကမာရွတ် ကျားကျောင်း မှာ လုပ်အားပေးဆရာ ဝင်လုပ်တယ် ၊ နောက်တော့ ကျားကျောင်းမှာ မူလတန်းပြဆရာ လုပ်ရတယ် ။ သံရုံး တစ်ခုမှာ လုံခြုံရေးဝန်ထမ်းလည်း ဝင်လုပ်တယ် ။ ကျားကျောင်းမှာ နံနက် ၇းဝဝ မွန်းတည့် ၁၂ နာရီ အထိ စာပြတယ် ။ ညနေ ၄းဝဝ နာရီ ကနေ ည ၁၂းဝဝ နာရီ အထိ သံရုံးမှာ လုံခြုံရေး လုပ်တယ် ။ ပြီးရင် အခန်းကလေး ငှား နေတဲ့ စံရိပ်ငြိမ် ကို ပြန်တယ် ။ ရတဲ့ လခတွေ အားလုံး စာအုပ်တွေ ဝယ် ဖတ်တယ် ။ ကျားကျောင်း ကနေ နာနတ်တောကျောင်း ၊ နောက် ချော်တွင်းကုန်း ကျောင်းကို ပြောင်းရတယ် ။ အဲဒီမှာ ဆရာမ မတင်ရည် နဲ့ အကြောင်းပါတယ် ။
မန္တလေး ကနေ ဂျုံ ၊ ကုလားပဲအိတ် လေးငါးဆယ် ဝယ် ၊ ရန်ကုန် သံဈေးမှာ ရောင်း လုပ်တယ် ။ အရင်းအနှီးက နည်း ၊ လုပ်ငန်းက သေးတော့ လုံးပါးပါးသွားတာပါပဲ ။
ကျွန်တော့် အဖေ ဦးသောင်းညွန့် က နယ်သတင်းထောက် ဆိုတော့ ရန်ကုန် လာတဲ့ အခါ သတင်းစာတိုက်တွေကို သွားတယ် ။ တိုက်တိုင်းနဲ့ ခင်နေတာ ။ အဲသည်အချိန်က သတင်းစာ ခြောက်စောင် ရှိတယ် ။
၁၉၇၅ ခု ၊ မေ ၈ ရက်နေ့ မှာ လုပ်သားသတင်းစာ ကော်လံစား သတင်းထောက် ဖြစ်သွားတယ် ။ အဲသည်တုန်းက တစ်လက်မ တစ်ကော်လံမှ ပြား ၆ဝ ပဲ ရတာ ။ ဇူလိုင်မှာ ပုဂံ ငလျင်ကြီး လှုပ်ပြီး ရှေးဟောင်းဘုရားတွေ ပြိုပျက်တော့ တိုင်းသူပြည်သားတွေက တော်တော် နှမြောကြတယ် ။ အဲသည် အချိန်မှာ ကျွန်တော့် သူငယ်ချင်း ကိုစန်းမောင် နှင့် တွေ့တော့ ပုဂံဘုရားတွေ ငလျင်ဒဏ် အကြိမ်ကြိမ် ခံရဖူးတယ် ။ ဘုရားတွေရဲ့ measurement ( အတိုင်းအထွာ ) တွေ တို့ ရန်ကုန် စက်မှုတက္ကသိုလ် ဗိသုကာဌာနမှာ ထိန်းသိမ်း ထားတာ ရှိတယ်လို့ ပြောတယ် ။
ဒါနဲ့ သတင်းနဲ့ စာနယ်ဇင်း ဒုတိယညွှန်ကြားရေးမှူး ကို သွားတွေ့တယ် ။ အဖေ့ ကျေးဇူးတွေ အများကြီးပါပဲ ။ အဖေ မိတ်ဆက်ပေးထားလို့ သိကျွမ်းခင်မင်နေတာ ၊ ပုဂံဘုရားတွေရဲ့ measurement တွေ ထိန်းသိမ်းထားတာ ရှိတဲ့အကြောင်း ပြောပြတော့ ဆရာကြီး ဦးလူဖေဝင်း နဲ့ သွားတွေ့ဖို့ ညွှန်ကြားပါတယ် ။ ဆရာကြီးကို တွေ့တော့ သူက ဓမ္မပဒကို အင်္ဂလိပ်လို ဘာသာပြန် နေတာ မအားဘူး ၊ အချိန် မပေးနိုင်ဘူး ၊ နာရီဝက်ပဲ အချိန်ပေးမယ် ပြောတယ် ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခယဝယ နေပုံကြောင့် ခင်မင်သွားပြီး ဆရာကြီး ဆီသွားရင် မပြန်ရတော့ဘူး ။
ပုဂံဘုရားတွေ မပျက်မီက ပုံတွေ ငလျင်လှုပ်လို့ ပျက်စီးတဲ့ ပုံတွေကို ဆောက်လုပ်ရေးက ပြန်ကြားရေးအရာရှိ ဦးမြစိန်ဆီက ယူ ၊ ပုံတွေ စုံစုံလင်လင်နဲ့ သတင်းရေးပြီး တင်လိုက်တော့ လုပ်သားမှာ နောက်ကျောဖုံးကြီး တစ်ခုလုံး ဖော်ပြခံရတယ် ။ သတင်း ကိုထွန်းနိုင် ရေးသည် ဆိုပြီး နာမည်နဲ့ တပ်ပြီး ဖော်ပြပေးတာ ။
နောက်တော့ ကိုစန်းမောင် တို့လည်း ပုဂံ ကို ကွင်းဆင်းမယ် ဆိုလို့ ကျွန်တော်လည်း လိုက်သွားတယ် ။ ဗဟို ရုပ်ရှင်ကလည်း မှတ်တမ်းရိုက်နေတာနဲ့ ဆုံပြီး ဦးကြည်ဝင်း နဲ့ ခင်မင်သွားတယ် ။ သူတို့ အကူအညီတွေ အများကြီး ရခဲ့ပါတယ် ။ ပုဂံ မှာ ၂၁ ရက် ကြာခဲ့တယ် ။
ရန်ကုန် ပြန်ရောက်တော့ သတင်းတွေ ရေးတယ် ။ သတင်းစာတိုက် ပေါင်းစုံက သတင်းရေးပေးပါ ကမ်းလှမ်းကြလို့ တိုက် ခြောက်တိုက်ရဲ့ သတင်းထောက် ဖြစ်သွားတယ် ။ ကြိုးစားရတာပေါ့ ။ အဲသည်တုန်းက အရာရှိ တစ်ယောက်မှ လခက ၄၅ဝ - ၂၅ - ၇ဝဝ စကေးပဲ ရတာ ။ ကျွန်တော်တို့က ဓာတ်ပုံ တစ်ပုံ တစ်ဆယ် ရတယ် ။ သတင်းလည်း ရေးရင် ရေးသလောက် ရတယ် ။ အဲသည်တော့ တစ်လ ၁၅ဝဝ လောက် ရတယ် ။
လှေပြေးတုန်း တက်ကျိုး ဆိုသလိုပါပဲ ၊ ကျွန်တော်က ပြည်ထောင်စုပွဲလို အခမ်းအနားကြီးတွေ လည်း ဓာတ်ပုံရိုက် သတင်းယူတယ် ။ အခွင့်အရေးသမား တစ်ယောက်က သူနဲ့ လူကြီးတွေနဲ့ တွဲပါတဲ့ ဓာတ်ပုံတွေ ကျွန်တော့်ဆီက ဝယ်ပြီး အကြံအဖန် လုပ်တော့ ပြဿနာ ဖြစ်တယ် ။ ကျွန်တော်လည်း တရားလိုပြ သက်သေ ဖြစ်သွားတယ် ။ ပြဿနာ ဖြစ်နေပြီဆိုတော့ အဲသည်အချိန်မှာ ကျွန်တော်က မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံတွေ ၊ ဘာတွေ စရိုက်နေပြီဆိုတော့ ဂုဏ်ထူးစာပေက ပြက္ခဒိန်ရိုက်ဖို့ အလုပ် အပ်တယ် ။ နာမည် ရပြီးသား ဖြစ်နေတဲ့ ယဉ်ယဉ်အေး ၊ မြင့်မြင့်ခိုင် တို့နဲ့ ရိုက်တာ ။ ပုံကလေးတွေကလည်း ကောင်းတော့ အလုပ်တွေ အပ်လာကြတယ် ။
ကျွန်တော်က စာဖတ်ခဲ့တော့ စာပေအခံလေး ရှိတယ် ။ စု - တု - ပြု ဆိုတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ စကားကို အမြဲ ဦးထိပ်မှာ ထားတယ် ။ သူများတွေ ဘာလုပ်သလဲ လေ့လာတယ် ၊ သူများတွေ ဘာမလုပ်သလဲ အဖြေထုတ်တယ် ။ ပြီး ကိုယ်ပိုင် တီထွင် ဖန်တီးတာပဲ ။ စာဖတ်ခဲ့တော့ creative photo taking ( တီထွင် ဖန်တီး ဓာတ်ပုံ ရိုက်ကူးခြင်း ) ဝါသနာပါတယ် ။
သင်္ကြန်ချိန်ခါ ပျော်ရွှင်စရာ ၊ နေဝင်ဆည်းဆာ ပင်လယ်မှာ ၊ ခွဲရမှာ သည်းမြညှာရယ် ဆိုတဲ့ Illustrated photo ( သရုပ်ဖော် ဓာတ်ပုံ ) တွေ ဖန်တီးတယ် ။ သူတို့ အိုက်တင်က alert ဖြစ်တယ် ။ active ဖြစ်နေတယ် ။ ဓာတ်ပုံ အရိုက် ခံနေတာကြီး မဖြစ်အောင် အသက်ဝင်အောင် ရိုက်တယ် ။ ရုပ်သေကို ရုပ်သေကြီး ဖြစ်မနေအောင် ကြိုးစားရိုက်တယ် ။
ရန်အောင် ၊ ရဲအောင် ၊ စိုးသူ ၊ လွင်မိုး ၊ ခိုင်ခင်ဦး ၊ မို့မို့မြင့်အောင် ၊ တင်နီလာဝင်း ၊ စိုးမြတ်သူဇာ ၊ ထက်ထက်မိုးဦး ၊ နန္ဒာလှိုင် ၊ ခိုင်သင်းကြည် ၊ လှအဉ္ဇလီတင့် တို့ကို မင်းသမီး ၊ မင်းသား မဖြစ်ခင် အားယူနေတုန်း ကတည်းက ကျွန်တော် ရိုက်ခဲ့တယ် ။
ကျွန်တော် ပြက္ခဒိန် လုပ်ရာမှာ ကိုယ့်အကြိုက် ကိုယ် လုပ်တယ် ။ မိမိ ကြိုက်မှ သူများ ကြိုက်မယ် ။ ဒါကြောင့် စိတ်ပါလက်ပါ ဖန်တီးတယ် ။
ကြိုးကြီးချိတ် ခေတ်မစားသေးခင်မှာ မင်္ဂလာ သတို့သမီး ၊ သတို့သား ဝတ်စုံနဲ့ ပြည်မြန်မာ ဆိုပြီး ကျွန်တော် ပြက္ခဒိန်တွေ ထုတ်တယ် ။ ခိုင်ခင်ဦး နဲ့ မို့မို့မြင့်အောင် မင်္ဂလာဆောင် သွားဖို့ ကြိုးကြီးချိတ် ဝတ်ပြီး လှေကားက ဆင်းလာတဲ့ ပုံ တစ်မျိုးတည်း စောင်ရေ တစ်သိန်းတစ်သောင်း ရောင်းရတယ် ။ အဲသည် ငွေက ဟိုင်းလတ် လေးချိတ်ကား တစ်စီး ဝယ်လို့ ရတယ် ။ ကျွန်တော် ဝယ်စီးခဲ့တယ် ။
သည်နှစ်မှာ ဒါ အလုပ်ဖြစ်သွားတယ် ။ နောက်နှစ်မှာ ကျွန်တော် ဘာ အသစ် တီထွင် ဖန်တီးရမှာလည်း စဉ်းစားတယ် ။ မို့မို့မြင့်အောင် နှစ်ကိုယ်ခွဲ ပြီး အမေ နဲ့ သမီး ရိုက်တယ် ။ စောင်ရေ ရှစ်သောင်း အထိ ရောင်းရတယ် ။ နောက်နှစ် ကျတော့ သီလရှင် ဂုဏ်ကြီးရှင် ရိုက်တယ် ။ သီလရှင်က အေးချမ်းတဲ့ မျက်နှာလေးနဲ့ ဂုဏ်ကြီးရှင်က မာန်တွေ တက်နေတဲ့ ပုံ ။
ကျွန်တော် ရန်ကုန် ရောက်စက စားစရာ နေစရာ အခက်အခဲ ရှိခဲ့တယ် ။ ကြိုးစား ရုန်းကန်ခဲ့ရတယ် ။ လူငယ်တွေကို ကျွန်တော် ပြောချင်တာ ရှိတယ် ။ ဘယ်လောက် အခက်အခဲ တွေ့တွေ့ ရိုးသားကြိုးစားဖို့ လိုတယ် ။ မိတ်ကောင်း ဆွေကောင်း ဖွဲ့ရမယ် ။ အခွင့်အခါကောင်းကို ရအောင် ယူနိုင်ရမယ် ။ စာပေကို လက်မလွတ်တမ်း ဖတ်နေရမယ် ။ ရှေးစာပေ ၊ ခေတ်စာပေ အားလုံး ဖတ်မှ ခေတ်နောက် ကျန် မနေရစ်မှာ ၊ informative ဖြစ်နေအောင် လုပ်ရမယ် ။ ဒါဆိုရင် ဘဝမှာ အဆင်ပြေပါတယ် ။
ကျွန်တော်က မိန်းကလေးတွေ ပုံသာ ရိုက်နေတာ ၊ ရှုခင်းနဲ့ ပတ်သက်ရင် ဘာမှ မဟုတ်သေးဘူး ။ ဓာတ်ပုံ ရိုက်ချင်သေးတယ် ။ ဓာတ်ပုံဆရာချင်းလည်း အားကျတယ် ။ ကျွန်တော် ကြိုးစားဦးမယ် ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment