စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, April 6, 2020
ထန်း
ထန်း
သေရည်သေရက် သောက်စားမှုအကြောင်းမှာ ထန်းပင်အကြောင်း ၊ ထန်းရည်အကြောင်း၊ ထန်းလျက်အကြောင်းမပါရင် မပြည့်စုံပေဘူး။
ထန်းပေါတဲ့အရပ်မှာ ပင်ကျရည်သောက်သူက အများသားကလား ။
ကျေးရွာတွေမှာ အရင်က ထန်းရည်သောက်တာကို ရှက်စရာလို့ ယူဆ များတယ်။ ဒါကြောင့် ခပ်ဝှက်ဝှက်သောက်ကြတယ်။ အခုတော့ မြို့က အရက်
သောက်ကြသူတွေ တုပြီး ထန်းရည်သောက်သူတွေလည်း များလာတယ်။ ရှက်စရာ လို့ လည်း တယ်မထင်ကြတော့ဘူး။ အတင့်ရဲသထက်ရဲလာပြီ။ ရိုးအောင်လုပ်လာပြီ။
ဒါ့ကြောင့် ထန်းရည်အကြောင်းနဲ့ ထန်းရည်သောက်လို့ ဖြစ်ကြ ပျက်ကြတဲ့ ဇာတ်လမ်းအမှန်တွေပါ ကျွန်တော် စုဆောင်းတင်ပြလိုက်ပါတယ်။
နံနက် (၇) နာရီ၊ (၈) နာရီလောက် အပင်ပေါ်က ချထားတဲ့ မြူအိုးထဲက ထန်းရည်ကို ညနေ (၃) နာရီလောက်မှာ သောက်တယ်။ မြူအိုးဆိုတာက ဆီ ၁ ပိဿာ အစိတ် တစ်ပိဿာခွဲလောက်ဆံ့တဲ့ မြေအိုးပဲ။ ၂ ပိဿာခွဲလောက်ထိ ဝင်တဲ့ မြူအိုးလည်း တချို့ရွာတွေမှာ သုံးကြတယ်။
ရွာတွေမှာ များသောအားဖြင့် (၃) ယောက်၊ (၄) ယောက် ဝိုင်းဖွဲ့ပြီး သောက်လေ့ရှိတယ်။ တစ်ယောက်တစ်ယောက် အနည်းဆုံး တစ်ဝက်ရည်သောက် ကြတယ်။ တစ်ဝက်ရည်ဆိုတာ အိုးနဲ့ တစ်ဝက်ပေါ့။ အဲဒီလောက်သောက်ရင် မူးတာပဲ။
မနက်ပိုင်း အပင်ကချခါစ ထန်းရေကတော့ ချိုမြမြကလေးပါ။ ထန်းရေချို အစစ်ကြီးတော့မဟုတ်ဘူး။ မြူအိုးမှာ အရင်ကရှိနေတော့ အမြှုပ်တစီစီ တက်နေပြီ။ ဒါ့ကြောင့် ချိုမြမြကလေးရှိတယ်။ မသောက်ဖူးတဲ့ အူရိုင်းများ သောက်နိုင်တယ်။ ရဟန်းကြီးကြိုက်လို့လည်း ရှေးက ခေါ်ကြတယ်။
ထန်းရည်က ဥ ြသ တွေ စအော်ကြ မြည်ကြတဲ့ တပို့တွဲကုန် တပေါင်း လဆန်းက စပေါ်တာပဲ။ “တပို့တွဲ ပေါက်လဲငုံကင်း ထန်းရည်နင်း၍” ဆိုတဲ့ စာဆိုအတိုင်း ထန်းရွက်များ နင်းချတယ်။ ထန်းနို့ ကလေးတွေစည်းပြီး ထန်းရည်ယိုဖို့ မျက်နှာဖွင့်ကြ၊ လှီးကြတယ်။ ထန်းဖိုပင်တွေမှာ အဲဒီလို စပြီး အလုပ်ဝင်ကြတာပေါ့။ ထန်းဖိုပင်တွေက ထန်းမပင်တွေလောက်ကြာကြာ ထန်းရည်မထွက်ဘူး။ ထန်းနို့ တံက တိုတဲ့အတွက် ကြာကြာအနှီးမခံလို့ လည်း တစ်ကြောင်းပဲ။ နောက်ပြီး ရာသီဥတုအနေနဲ့ ထန်းဖို ထန်းနို့ ကို လှီးပြီး ထန်းရည်ရအောင် လုပ်ရတဲ့အချိန်က ခြောက်သွေ့တဲ့ နွေရာသီလည်း ဖြစ်တယ်။ လေမမှန်တဲ့ရာသီလည်းဖြစ်တယ်။
တောင်လေကလေးတိုက်နေရင် ထန်းရည် များများရတယ်။ တောင်လေဖြူးဖြူး မလာဘဲ မြောက်လေဖောက်ပြီး နေကလည်း ပူနေမယ်ဆိုရင် ယိုတဲ့ထန်းစက
ခြောက်သွားတယ်။ အဲဒီတော့ ၁၀ ချက်လှီးရမှာ ၁၅ ချက် ပိုလှီးရတယ်။ ထန်းဖို ပင်တွေ ထန်းရည်ယိုသက် တိုတာဟာ ဒါအကြောင်းတစ်ကြောင်းပဲ။
ပြောခဲ့တဲ့အတိုင်း တပို့တွဲလကုန်လောက်ကစပြီး ထန်းစတာပဲ။ ထန်းနို့ ကိုစည်းပြီး မျက်နှာဖွင့်တာ၊ ထန်းပင်ကိုထွင်ပြီး လှီးဖို့ အသင့်ဖြစ်အောင် လုပ်တာ ကို နှေးတာလို့ ခေါ်တာပါ။
“မျက်နှာဖွင့်ပြီးရင် အိုးဘယ်တော့တင်မှာလဲဟေ့” လို့ တစ်ယောက်ကမေးရင်
“ဖိုနတ်တော့ တင်ပြီးပြီ၊ မနက်ဖြန်သဘက် အိုးတင်တော့မယ်” လို့ ပြန် ပြောတယ်။
အန္တရာယ်ကင်းအောင်၊ ထန်းလျက်များများရအောင် ထန်းသမားများ ထန်းဖို နတ်တင်ကြတာ ထုံးစံပဲ။
ထန်းတက်သမား တစ်ယောက်ဟာ တစ်နေ့ ထန်းဖိုအပင် ၁၅ ပင်က ၂၀ အထိ ထုံးစံအတိုင်း အတက်များပါတယ်။ ထန်းလျက်ချက်တာကတော့ များသော အားဖြင့် မိန်းမတွေပဲ။ ထင်းကတော့ ကုန်းထင်း ခပ်တုတ်တုတ် အသုံးများတယ်။ ထန်းရွက်တ်၂ ဆောင်တွဲလောက် ဆောက်ထားပြီး အဲဒီထဲမှာ ညအိပ်ညနေ ချက်ကြ တာလည်း ရှိတယ်။ ခွေးတွေ ကြက်တွေ မတက်နိုင်အောင် ရေအိုးစင်ကို လူ တစ်ရပ်လောက်မြင့်မြင့် လုပ်ထားလေ့ရှိတယ်။ ရာသီဥတုက ကောင်းမယ်၊ လေက မှန်မယ်ဆိုရင် ဒီထန်းဖိုပင်တွေက တစ်နေ့ တစ်နေ့ ၁၂ ပိဿာက ၁၅ ပိဿာ လောက်အထိ ရတယ်။ မိုးအေးပြီး တောင်လေတဖြူးဖြူးဆိုရင် ၁၇ ပိဿာထိတက်တယ် ။
ထန်းလျက် ကောင်းမကောင်းကတော့ ထန်းသမား ထန်းလှီးတဲ့ဓားချက် နဲ့ ထန်းချက်တဲ့မိန်းမ သန့်သန့်ရှင်းရှင်း လုပ်တတ်ကိုင်တတ်ရှိတဲ့ပေါ်မှာ တည်တယ်။ ဓားချက်က မှန်ဖို့ လိုတယ်။ ထန်းနဲ့ ဓားချက် မကိုက်ရင် ထန်းရည်အထွက် နည်း တတ်တယ်။ ဒီအပင်က ဓားချက်၂ဝကြိုက်တယ်။ တခြားအပင်က ဒီလောက်များများ၊ လှီးဖို့ မလိုဘူး။ အဲဒီလိုရှိတယ်။ လူကြီးမိဘတွေက သူတို့ အတွေ့အကြုံအရ ပြော ထားတာတွေကို မှတ်သားပြီး လိုက်နာရတယ်။ မမှတ်တဲ့ထန်းသမား၊ မလိုက်နာတဲ့ ထန်းသမားဆိုရင် ထန်းရည်အရနည်းတာပဲ။ ချက်သူက ဒီဟာ မီးတော်လောက်ပြီ။ ချချိန်တော်ပြီဆိုတာတွေ သိဖို့ လိုတယ်။ သူမကျွမ်းကျင်ရင် ထန်းလျက်ကောင်း မရနိုင်ဘူး။ သူတို့ ၂ ဦးကောင်းလို့ ရတဲ့ထန်းလျက်ကတော့ ရာဝင်အိုး ၅ဝ ဝင်အိုး နဲ့ လှောင်ထားရာမှာ အခါလည် တစ်နှစ်ရှိသွားဦး တစ်လုံးပျော့မသွားဘူး။
ဆရာတော်များကို ဖျော်ရည်ကပ်ချင်ရင်၊ ဆေးသမားများ ဆေးဖော်စပ် ချင်ရင် ဒီထန်းဖိုထန်းလျက်က ပိုကောင်းတယ်၊ ပိုပြီး ဆေးဘက်ဝင်တယ်လို့ အဆိုရှိပါတယ်။ ထန်းမ ထန်းလျက်ကတော့ ကြာကြာထားရင် ပျော့သွားရော။ စဉ့်အိုးထဲ ထည့်ထားပေမယ့် မရဘူး။ ဒါပေမဲ့ “ထန်းဖိုလက်ငုတ် ဖုန်စုတ်စုတ်” ဆိုတဲ့ စကားရှိတယ်။ နောက်ပိုင်း လက်ငုတ်ရောက်သွားတော့ ထန်းလျက်က မာမလာ ကြွပ်မလာတော့ဘူး။ မိုးရွာရင် ငိုချင်လာပြီ။ ပျော့လာတတ်တယ်။ ထန်းဖိုဦး ထန်းလျက်လောက် မကောင်းဘူး။ ထန်းဖိုဦးဆိုတာက မြူအိုးတင်ပြီး ၂၅ ရက်လောက်အတွင်းရတဲ့ ထန်းရည်ကိုချက်တဲ့ ထန်းလျက်ကို ဆိုတာပါ။
ထန်းမ
ထန်းဖိုက ထန်းသီး မသီးဘူး၊ ထန်းမကမှ သီးတယ်။ ကဆုန်လကစပြီး တော်သလင်းလအထိ ထန်းမပင်တွေက ထန်းရည်ရနေတာပဲ။
“တော်သလင်း တစ်ပုလင်း” ဆိုတဲ့ အချိန်မှ ထန်းတက် ရပ်ကြတော့တယ်။ တော်သလင်းလနောက် တက်ချင်သေးရင်သီးရင့်များကို ခတ်ပြီး ရိုက်ပြီး) ထန်းသွား အရင်းထိအောင် လှီးတတ်ရင် တန်ဆောင်မုန်းလအထိ ထန်းရည် ရနိုင်သေးတယ်။ ဒီနေရာမှာလည်း ပညာလိုပြန်တယ်။ ထန်းပင်ထန်းစ အခြေအနေကြည့်ပြီး ဘယ်နှချက် ခတ်ရမယ်ဆိုတာ သိဖို့ ပိုတယ်။ ထန်းတက်သမားလက်ထဲမှာ ဝါး လက်ကိုင်ကလေးနဲ့ သံတုံးကို ခွေထားတာကလေး ပါတယ်။ အဲဒါကလေးန. လိုမှာလောက် ထုတာကို ခတ်တာလို့ ခေါ်တာပဲ။
ထန်းရည်မှာ ထနောင်းခေါက်၊ တည်ခေါက် ခတ်ပေးရတယ်။ မြူအိုးကို အပင်ပေါ်မှာ ဆွဲတော့မယ်ဆိုကတည်းက ထနောင်းခေါက်မှုန့် ဘယ်လောက် ထည့်ရမယ်၊ တည်ခေါက် ဘယ်လောက် ခတ်ရမယ်ဆိုတာ သူသိထားတဲ့အတိုင်း ၊ ထည့်တယ်။ ထန်းရည်က အဲဒီအခေါက်တွေ ထည့်ထားတဲ့ အိုးထဲ တစ်စက်စက် ကျတာ။ ဒီလိုမထည့်ရင် ချဉ်သွားရော။ ထန်းရည်မချဉ်အောင် ထိန်းတာပါပဲ။ ဒီလိုအခေါက်တွေ မထည့်ခင် အိုးတွေကို မျက်နှာချင်းအပ် စီသွားပြီး အလယ်မှာ ထန်းရွက်တွေကို ထန်းစစ်ဖတ်နဲ့ ရောအပ်ပြီး ထည့်သွားတယ်။ တောင်လေ မြောက်လေရှိတာမို့ အိုးတွေစီတဲ့အခါ အရှေ့ အနောက်မစီရဘူး၊ တောင်မြောက်ပဲ စီရတယ်။ တောင်ဘက်က မီးရှို့လိုက်တော့ မြောက်ဘက်ထိ လောင်သွားပြီး အိုးတွေ မီးဖုတ်ပြီးသား ဖြစ်သွားရော။ အဲဒီလိုလုပ်ပြီးတော့မှ ထနောင်းခေါက်နဲ့ တည်ခေါက် ခတ်တာပဲ။ ဆီးဖြူသီးလောက်၊ ခုံညင်းလောက် မှန်းဆခတ်ကြတာပဲ။
ထန်းဖိုရည်ခံတဲ့ မြူအိုးတွေကိုလည်း ဒီလိုပဲ ဖုတ်တာပဲ။ ထန်းမရည် ခံတဲ့ မြူအိုးမှာတော့ တချို့အရပ်က ထုံးမှုန့်ထည့်လေ့ရှိတယ်။ အလယ်ပိုင်း နယုန်လပြည့် က ဝါဆိုလဆန်း ၁၀ ရက်လောက်အတွင်းမှာ ထန်းမပင်တွေက ထန်းရည်အထွက် သိပ်များလာတယ်။ ထန်းဖိုပင်တွေနဲ့ ပင်ရေအတူတူဖြစ်ပေမယ့် ထန်းလျက်ပိဿာ ၂ဝ က ၂၅ ပိဿာအထိထွက်တယ်။ ထန်းလျက်လုံးတဲ့မိန်းမကလည်း အလုံးသေးသေး တွေ မလုံးနိုင်တော့ဘူး။ တစ်ပိဿာ တစ်ပိဿာအစိတ်လောက်ရှိတဲ့ အလုံးကြီး တွေသာ လုံးနိုင်တော့တယ်။
ထန်းဖိုလက်ငုတ်က ထန်းလျက်ဖျင်းတွေနဲ့ အဲဒီထန်းမပင်ကရတဲ့ ထန်း လျက်လုံးကြီးတွေကို ရောပြီးလှောင်ဖို့ စီစဉ်ကြရတယ်။ ဒီတော့ မြင်ဝါးကို ဂွေကြီး တွေရက်ပြီး မြေနီတွေ သရွတ်ကျဲတယ်။ အဲဒီဂွေ
ကြီးတွေထဲမှာ ဖွဲနုတစ်မိုက်လောက် ခံလိုက်တယ်။ သဘောကတော့ ထန်းလျက်အရည် ယိုမထွက်အောင် လုပ်တာပဲ။ မိုးရွာတော့ ထန်းလျက်လုံးကြီးတွေ အရည်ဖြစ်လာတဲ့အခါ ယိုမကျအောင် တား ထားတာပဲ။ ယက်တဲ့ငွေကလည်း ကောင်းမယ်၊ မြေနီသရွတ်ကလည်း ကောင်းမယ်။ ဖွဲနုကလည်း ထူမယ်ဆိုရင် အလျော့သက်သာတယ်လေ။
ယေဘုယျအားဖြင့် ၁၅ နှစ်က နှစ် ၂၀ တွင်း ထန်းပင်သက်ရှိတဲ့ အပင်တွေ ဟာ ထန်းရည် အထွက်ဆုံးပဲ။ အရွယ်အကောင်းဆုံးပဲ။ တက်ရတာလည်း ၁၅
တောင်၊ အတောင် ၂၀ လောက်ရှိတယ်။ သူ့အသက်နဲ့ သူ့အရပ်၊ သူ့ အတောင် သဘောမျိုးပဲ။ နှစ် ၃၀၊ ၃၅ နှစ်ရွယ်တွေကတော့ အတောင် ၃၀၊ ၃၅ ထိ ကုန်ပြီ။ အဲဒီအပင်ကြီးတွေက ပင်ပျိုတွေလောက် ထန်းရည်မထွက်တော့ဘူး။ ထန်းရည်ဟာ ရေခံမြေခံ အင်မတန်လိုက်တယ်။ မြေနုကျွန်းပေါ်မှာ ထန်းပင်တွေ၊ မူးကမ်း၊ မြစ်ကမ်း၊ အင်းနား၊ အိုင်နားမှာပေါက်တဲ့ ထန်းပင်တွေက ထန်းရည်အရများပါရဲ့၊ သဲတော ကျောက်ကုန်းမှာ ပေါက်တဲ့ထန်းပင်တွေက ထန်းရည်လောက် ထန်းလျက်မထွက်ဘူး။ တစ်မြူတစ်မြူချင်းတူပေမယ့် ထန်းလျက် ထွက်ရာမှာ သဲတော ကျောက်ကုန်းက ထန်းရည်က ထန်းလျက် ပိုထွက်တယ်။ ပိုလည်း ကောင်းတယ်။ အခါးဖောက်ပြီး သောက်တော့လည်း မတူဘူး။ သဲတော ထန်းရည်က ပထမ၊ ကျောက်ကုန်းက ဒုတိယ၊ အင်းနားအိုင်နားမှာပေါက်တဲ့ ထန်းပင်က ထန်းရည်က တတိယလိုက်တယ်။ သဲတောလည်း ဖြစ်မယ်၊ ဆပ်ပြာ မြေလည်းဆန်မယ်ဆိုရင်တော့ အဲဒီထန်းပင်က ထန်းရည်ဟာ အင်မတန်ပြင်းတယ်။ “လဲဆိုကွာ သဲတောထန်းရည် သောက်လာတာကိုး” ဆိုတဲ့ ထန်းရည်သမား စကားရှိတယ်။ သဲက ထန်းရည် ပြင်းတဲ့အကြောင်း ပေါ်လွင်စေတဲ့စကားပဲ။ သဲတောက ထန်းရည်ကို ပမာမခန့် အရမ်းသောက်လို့ လှည်းနဲ့ တင်ရ၊ လူထမ်း ယူခဲ့ရတာတွေ မနည်းဘူး။
စစ်ကိုင်းမြို့နယ် ဆားတောင်နဲ့ မကျည်းဖြူကြား၊ ဆားတောင်နဲ့ ၂ မိုင် လောက် ဝေးတဲ့နေရာမှာ ဆပ်ပြာမြေ၊ ကျောက်ကုန်း၊ သဲ ၃ လွန်းတင် မြေပေါ် မှာ ပေါက်တဲ့ ထန်းတောတစ်တောရှိတယ်။ သူကြီး ဦးဖေခန့် ရဲ့ ထန်းတောပေါ့။ အဲဒီက ထန်းရည်ကတော့ ၂ ခွက်လောက် သောက်လိုက်ရင် ထိပြီ၊ မူးပြီ အင်မတန် ပြင်းတယ်။
စောစောက တင်ပြခဲ့တဲ့ ဂွေကြီးတွေနဲ့ လှောင်တဲ့ ထန်းလျက်ခဲကြီးတွေရဲ့ ငါးပုံတစ်ပုံလောက်ကတော့ မြန်မာမုန့် အမျိုးမျိုး လုပ်တဲ့နေရာကို ရောက်တယ်။ ၄ ပုံကတော့ ချွေးထုတ်တဲ့နေရာမှာ သုံးတယ်။ အရက်ချက်တဲ့ နေရာမှာပေါ့။
အင်းနား အိုင်နား ချောင်းနားက နုန်းတွေမှာ ပေါက်တဲ့အပင်တွေဟာ ထန်းရည် ထန်းလျက် ဖျင်းပေမယ့် ထန်းရွက် ထန်းလျှော်များကတော့ အဲဒီအပင် တွေကမှ ကောင်းကောင်းထွက်တာ။ ခြကိုက်၊ ပိုးကိုက် နည်းတယ်။ သဲတောတို့၊
ကျောက်ကုန်းတို့က ထန်းရွက် ထန်းလျှော်တွေက ပိုးကိုက် ခြကိုက် များတယ်။ လှလည်းမလှဘူး။
ထန်းခေါက်တောင်း ထန်းခေါက်ဖာတွေ လျှော်ဖျာတွေ ရက်ရာမှာ ထန်းရွက် ထန်းလျှော်ဟာ အင်မတန် စကားပြောတယ်။ နုန်းမြေတွေမှာပေါက်တဲ့ ထန်းပင် ပျိုတွေက အရွက်တွေဟာ ရှည်လည်းရှည်တယ်၊ ကြမ်းလည်းမကြမ်းဘူး၊ ကိုင်လို့ တွယ်လို့ ကောင်းတယ်။ ဒါ့ကြောင့် လျှော်ဖျာ ရက်ကြတာပဲ။ သင်ဖြူး မဝယ်နိုင်တဲ့ လူများက ထန်းလျှာဖျာပဲ ဝယ်ကြတယ်။ နွေရာသီရောက်ရင် ထန်းရွက်တဲ (ထန်းခလက်တဲ) ထဲမှာ ထန်းဘလပ်ကပ်တင်ပြီး လျှော်ခွာပစ်ပြီး ရက်ထားတဲ့ကပ်)၊ အဲဒီပေါ်မှာ ထန်းလျှော်ဖျာ ခင်းအိပ်ရင် အားကြီးအိပ်လို့ကောင်းတယ်။ အိပ်ရင် အေးတယ်။ ရှေးလူကြီးတွေ အင်မတန်ကြိုက်ကြတဲ့ နွေရာသီအိပ်ရာပေါ့။ မြင်းမူ မြို့နယ် နဘဲကျေးရွာဟာ ထန်းလျော်ဖျာ ကောင်းကောင်းထွက်တဲ့ရွာပဲ။ ဗန်းမော် ဆရာတော်ကိုယ်တိုင် ထန်းဘလက်တဲနဲ့ ကပ်ကို အင်မတန်နှစ်သက်တယ်လို့
ဆိုပါတယ်။
မြေနုတဲ့နေရာမှာ ပေါက်တဲ့ ထန်းပင်က ထန်းသီးဟာ အလုံးချောတယ်။ အသားလည်းပိုပြည့် ပိုအရေရွမ်းတယ်။ ထန်းရည်လည်း ပိုထွက်တယ်။ ထန်းမြစ်မှာ လည်း ပိုချောတယ်။ ဒါပေမဲ့ ဟိုဟာတွေလို မစေးဘူး။ တစ်နယ်မြေက ထန်းမြစ် ဟာ အစေးဆုံးပဲ။
လူထု ဦးလှ
အရက်သမား အမှားတစ်ထောင်
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment