❝ လူစမတုံး ❞
( ပီမိုးနင်း )
မန်နေဂျာသည် မိမိ၏ အခန်းတံခါးဝ၌ ရပ်ကာ လက်၌ ရှိသော အိတ်နှစ်ခုကို ကြည့်လျက် ဆိတ်ငြိမ်သော အလုပ်ခန်းကို မော့ကာ မျက်နှာနှင့် ကြည့်လေ၏ ။
အလုပ်သား စာရေးများသည် နေ့လယ်စာ စားရန် ဆင်း၍ သွားနေလျက် ဖြစ်လေ၏ ။ သို့အတန်ကြာ ကြည့်ပြီး နောက် စာလုံးနှိပ်စက်ရှိသော စားပွဲအကြီးစား တစ်ခုရှိရာ ထောင့်ခန်း တစ်ခုသို့ သွားပြီးလျှင် အတွင်းကို ကြည့်ပြီးနောက် ဘယ်သူကိုမျှ မမြင်ရသောအခါ စိတ်လက် မသာမယာသော အမူအရာနှင့် စာအိတ်နှစ်ခုကို တစ်ဖန် ကြည့်ပြန်၏ ။ ဟီးချကာ ဦးခေါင်းကို ညင်သာစွာချလျက် ထိုစားပွဲရှိ စာနှိပ်စက်ခန်းမှာ တစ်စောင် ၊ အခြား မင်နှိပ် စက္ကူခံ စာရေးပက် တစ်ခုပေါ်မှာ တစ်စောင် သေချာစွာ ချတင်ပြီး မိမိ၏ အခန်းသို့ ပြန်၍ သွားလေ၏ ။ စာတစ်စောင်၌ မတင်လှ ၊ တစ်စောင်မှာ မောင်ဝင်းလှိုင် ဟူသော လိပ်စာများ ပါလေ၏ ။
ထိုစားပွဲကြီး၌ အလုပ်လုပ်သူ နှစ်ယောက်တို့သည် မကြာမီ ရောက်၍ လာကြပြီးနောက် ကုလားထိုင်မှာ ထိုင်မိကြသောအခါ စာများကို မြင်ကြသဖြင့် နှစ်ယောက်စလုံး ကောက်ယူကာ ကြောင့်ကြသော အမူအရာနှင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်၍ နေကြလေ၏ ။ ထို့နောက် နှစ်ယောက် တစ်ပြိုင်တည်း စာများကို ဖောက်၍ ကြည့်ကြလေ၏ ။
တင်လှသည် စာရွက်ကို ကိုင်ကာ မိမိ၏ ရှေ့ရှိ စာလုံးစက်ကို စိုက်ကာ ကြည့်၍ နေလေ၏ ။ မောင်ဝင်းလှိုင် သည်လည်း မိမိစာကို ဖတ်ပြီး စဉ်းစားသော ဣန္ဒြေနှင့် တင်လှ၏ မျက်နှာကို စိုက်ကာ ကြည့်၍ နေလေ၏ ။ ၎င်းနောက် မျက်နှာချင်း ဆိုင်မိကြလေရာ ဝင်းလှိုင်က “ ဒါပဲ မဟုတ်လား ” ဟု မေးလေ၏ ။
တင်လှ ။ ။ “ ဒါပေါ့ ၊ ကျွန်မလည်း သိနှင့်ပါပြီ ” ဟု ပြောကာ မိမိ၏ စာကို ဝင်းလှိုင်၏ ရှေ့သို့ ပစ်ပေးလိုက်၏ ။
ဝင်းလှိုင်သည် ဖတ်ကြည့်ပြီး သက်မကြီး ချလိုက်လေ၏ ။
“ မင်းက ငါ့ထက် ခက်တယ် ။ အဒေါ်ကို သနားတာပဲ ”
“ မတတ်နိုင်ဘူး ကိုဝင်းလှိုင် ။ သူတို့လည်း သိပ်ပြီး ကျပ်နေလို့ လုပ်ရတာပဲ ။ အရောင်းအော်ဒါက ရှိမှ မရှိ ပဲလား ”
“ အင်း .. နောက်ကိုလည်း အများကြီး လျှော့ရလိမ့်ဦးမယ် ။ မင်းတို့ ငါတို့ထက် ကျပ်တဲ့ လူတွေလည်း ရှိကြသေးတာပဲ ။ မတင်လှ ဘယ့်နှယ်လုပ်မလဲ ”
“ ကိုဝင်းလှိုင်ကော ၊ ဘယ့်နှယ်လုပ်မလဲ ”
“ သည်မှာတော့ ယောက်ျား ၊ မတင်လှက မိန်းမသား အမေအို လူမမာကို လုပ်ကျွေးနေရတယ် မဟုတ်လား ”
“ ကံပေါ့ ကိုဝင်းလှိုင် ၊ အခုချက်ချင်း အလုပ်စပြီး ရှာရမှာပေါ့ ။ ( ၁၅ ) ရက် လုပ်ရက် ရှိသေးတယ် ။ သည်က ထွက်တဲ့နေ့မှာ တခြားမှာ နေရာကျအောင် ကြံရမှာပဲ ”
“ ကြံမှာပဲ ၊ ငါလည်း ကြံရမှာပဲ ”
၎င်းတို့ နှစ်ယောက်မှာ ငယ်သူငယ်ချင်း ဖြစ်ကြသဖြင့် ရိုးရိုးချစ်ခင်ကြလျက် မောင်နှမလို ပြောကြဆိုကြ၏ ။ ဝင်းလှိုင် စိတ်၌ကား နှမအငယ်ကလေးလို သဘောထားကာ ပြောစရာရှိ ပြော ၊ ဆိုစရာရှိ ဆို ၊ နင်တစ်လှည့် ငါတစ်လှည့် မင်းတစ်လှည့် ပြောလေ့ ရှိ၏ ။ နှစ်ယောက် စလုံးမှာ ရှော့ဘဟင်း တိုက်ပစ်ကျောင်းမှာ အတူတူ နေခဲ့ကြရာ ဝင်းလှိုင်မှာ ဥရောပတိုက်သား ကျောင်းထွက် ဖြစ်သဖြင့် အင်္ဂလိပ်လို ရှစ်တန်းမျှ အောင်သော်လည်း စာပေးစာယူမှာ ပိုမို၍ နိုင်နင်းလေရာ တင်လှမှာ ဆယ်တန်း အောင်သော်လည်း ဝင်းလှိုင်၏ တပည့်မကလေးလို ဖြစ်၍ နေလေ၏ ။ အကြောင်းမူကား “ ဝင်းလှိုင်က စာပေးစာယူ အလုပ်ကို လုပ်ရလေရာ တင်လှမှာ အများအားဖြင့် စာလုံးစက်နှိပ်ခြင်း ၊ တစ်ခါတစ်ခါ လက်ရေးတိုရေးခြင်း အလုပ်ကို လုပ်ရသဖြင့် အခက်အခဲများမှာ ဝင်းလှိုင်က သင်ပြရလေ၏ ။ လခမှာလည်း ဝင်းလှိုင်က တစ်ဆ သာသာ ပို၍ကြီး၏ ။ အသက်မှာလည်း ကိုးနှစ်ခန့် ပို၍ ကြီးလေ၏ ။
၎င်းတို့မှာ ဤသာလင်း ဘရားသား ဆန်ကုန်သည်ကြီး၏ တိုက်၌ လုပ်၍ နေရာတွင် အတူတကွ လုပ်ကိုင်ခဲ့ရသည်မှာ သုံးနှစ်နီးနီး ကြာသဖြင့် ထိုသုံးနှစ်သည် ကုန်သည်ကျောင်းမှာ နေခဲ့ရစဉ်က သိကျွမ်းခဲ့ခြင်းကို ပိုမိုမြဲမြံ ရင်းနှီးအောင် ခေါင်ချုပ်၍ ပေးသလို ဖြစ်စေလေ၏ ။
ဝင်းလှိုင်သည် ရှေးအထက်ကျော်အခါက မိဘ ချမ်းသာဖူးသည့် အတွက် ပညာကို ကြီးကြီးကျယ်ကျယ် ပေါက်ရောက်အောင် မသင်ခဲ့ဘဲ ဘိုကပြားကလေးများ တတ်သလို သုံးစွဲနိုင်အောင် ဖတ်တတ်ပြီးနောက် အရောင်းအဝယ် အလုပ်ကို လုပ်ဖို့ရန် စိတ်ကူးခဲ့ရာ ဖခင် ကွယ်လွန်ပြီးနောက် “ လူကား ကြံ၏ ကံကား ဖန်၏ ” ဟူသော စကားကဲ့သို့ မှန်းခြေ မပေါက် ဖြစ်သဖြင့် စာရေး အလုပ်နှင့် နေရကြောင်းကို တင်လှအား ပြော၍ မပြ ။
ဤယခု အခြေအနေထက် အဘယ်အခါကမျှ မမြင်ခဲ့ဖူး သကဲ့သို့သာ ရိုးရိုးနေခဲ့လေ၏ ။ မိမိ၏ လခထဲမှ တစ်ဝက်ကို ဒိစကြိတ်မြို့ငယ် တစ်ခု၌ နေသော မိခင်နှင့် ညီငယ်ကလေးများအတွက် ပို့ရကြောင်းကိုလည်း ပြော၍ မပြချေ ။
ထိုညနေ အလုပ်မှ ဆင်းကြသောအခါ အထက်ကကဲ့သို့ မိမိလမ်းကို မိမိ မသွားဘဲ ကံတူအကျိုးပေး ဖြစ်ခြင်းသည် နှစ်ယောက်စလုံးကို ပိုမိုရင်းနှီးခြင်း ဖြစ်သဖြင့် ကြံရေးစည်ရေး စကားများကို ပြောဆို တိုင်ပင်ရင်း အတူတကွ သွားကြလေ၏ ။
ထိုကဲ့သို့ သွားကြရာ တစ်နေ့ထက် တစ်နေ့ နီးကပ်ခြင်း ဖြစ်ကြလေရာ ထိုနီးကပ်ခြင်း၌ ပွန်းတီးခြင်းတို့၏ သဘာဝအတိုင်း ထွက်ပေါ်မြဲဖြစ်သော ပူနွေးခြင်းသည် နှစ်ယောက်စလုံး၏ နှလုံးကို ပတ်ရစ်စ ပြုလေရာ တစ်ယောက် နှင့် တစ်ယောက် နီးကပ်သည့် အခါတိုင်း ရင်ဝအတွင်းရှိ နှလုံးမှာ အချစ်၏ ပေါင်းအိုးတွင် နူးမှန်းမသိ နူးစပြုလေ၏ ။ သို့ဖြစ်သောကြောင့် နောက်ဆုံး လခများ ရှင်း၍ သူဌေးနှင့် မန်နေဂျာတို့ နှစ်ယောက်သား နောက်ဆုံး တွေ့ကြုံ စကားပြောကြပြီးနောက် အလုပ်တိုက် အပြင်သို့ ရောက်ကြသောအခါ တစ်ယောက်၏ ရင်ခွင်သို့ တစ်ယောက် ပြေး၍ ခိုဝင်ချင်သကဲ့သို့ ဖြစ်သည်ကို တွေ့ရှိခံစားကြရလေသတည်း ။
သူဌေးနှင့် မန်နေဂျာတို့မှာလည်း များစွာ ဝမ်းနည်းခြင်း ဖြစ်ကြလျက် နောက်အလုပ်အကိုင် ပြန်၍ ကောင်းရင် ပြန်ပြီး တွေ့ကြရဖို့ အကြောင်းများကို ပြောရုံမက အလုပ်ပင် မလုပ်သော်လည်း မတော်တဆ အခက်အခဲ အကျပ်အတည်း တွေ့ကြလျှင် ရံဖန်ရံခါ ဆိုသလို ကူညီနိုင်ဖို့ ရှိကြောင်းနှင့် လွန်စွာ အားမငယ်ရအောင် ပြောလိုက်ကြလေ၏ ။ သို့သော်လည်း နှစ်ယောက်စလုံးမှာ မာန်မာန ရှိကြလေရာ ထိုစကားများကို နား၌သာ ခံယူ၍ စိတ်နှလုံး အတွင်းသို့ မရောက်စေဘဲ ဖျောက်ဖျက်၍ ပစ်ကြလေ၏ ။ ထိုအခါသည် ဆောင်းလရာသီ၏ အစဖြစ်လေရာ ၎င်းတို့၏ လက်မှာလည်း ငွေကလေး အနည်းငယ်မျှ ရှိကြသဖြင့် သာယာသောဥတု ၊ ခွာညိုသဇင်ပန်းတို့နှင့် လန်းတင့်သော လရာသီ ဖြစ်လေရာ အလုပ်လက်လွတ် သဖြင့် ရုတ်တရက် တွေ့ကြုံရသော လေးလံခြင်းမှာ လျင်မြန်စွာ ပပျောက်ပြီး မျှော်လင့်ခြင်း မီးရောင် မဆိတ်သော ပျိုရွယ်သည့် စိတ်နှလုံးများမှာ သာယာသော ရာသီ၏ ဘက်သို့ ရောက်ကာ တစ်ဖန် လန်းရွှင်စ ပြုပြန်လေ၏ ။ အလုပ်ပြုတ်ခြင်းကိုပင် လွတ်လပ်ခြင်းဟု မှတ်ထင်ကြလေ၏ ။ အကြောင်းမူကား “ မြန်မာပြည်မှာ တစ်ဝမ်းတစ်ခါးအတွက် အဘယ်အခါကမျှ ဝန်လေးခြင်း မဖြစ်ခဲ့ကြရသော စိတ်၏ အလေ့အကျင့်သည် ယခုကဲ့သို့ ကျပ်တည်းခက်ခဲသော အခါသမယမှာပင် မပျောက်မပျက် အဘယ်နည်းမဆို နေရာတော့ ကျကြမှာပဲ ” ဟူသော မျှော်လင့်ခြင်းကလေးနှင့် ခပ်အေးအေးပင် နေကြလေ၏ ။
သို့ဖြစ်လေရာ တင်လှသည် မိခင် လူမမာကို အစေခံမကလေးနှင့် ထားခဲ့ပြီး အလုပ်အကိုင် စုံစမ်းရန် ထွက်သည့်အတိုင်း အလုပ်စုံစမ်းရေးဘက်သို့ စိတ်ရောက်ခြင်းက နည်းလျက် ဝင်းလှိုင်နှင့် တွေ့ကာ တိုင်ပင်ခြင်း အလုပ်က များ၍ နေလေ၏ ။ သို့သော်လည်း တစ်ယောက်ကို တစ်ယောက် မတွေ့ဘဲ မနေနိုင်သော အကျင့် ပေါ်ပေါက်၍ လာသည်ကို နှုတ်ဖြင့် ဝန်ခံခြင်း မပြုကြသေးဘဲ အပြင်အပ အမူအရာ၌ ရှေ့ကနည်းတူ ရိုးရိုးသားသား သူငယ်ချင်း သဘောထားမျိုးထက် မပိုမထူးသည့် လက္ခဏာနှင့် နေကြလေ၏ ။
အချို့သော ခေတ်ကာလ အသိပညာ မရှိသော မိန်းမကလေးများလို ဖြစ်ခြေက တင်လှသည် ထိုကဲ့သို့ ကျစ်လျစ်စွာ “ ဣန္ဒြေရရ နေနိုင်ပါမည်လား ” ဟု တွေးတောဖွယ် ရှိလေ၏ ။
ဝင်းလှိုင် ကိုယ်တိုင်က ရိုးသားသောစိတ် ရှိသည့်ပြင် ဥရောပတိုက်သားတို့၏ မမြတ်သော အလေ့အကျင့်တို့နှင့် နီးစပ်ခြင်း မရှိခဲ့ဘဲ ဆရာကောင်း၏ အဆုံးအမကိုသာ ခံခဲ့ရသူ ဖြစ်လေ၏ ။ တင်လှမှာလည်း ခေတ်ကာလ ပညာကို သင်ကြားခဲ့ရသဖြင့် အသိပညာ ပိုမိုလျက် မိမိကိုယ်၏ အဖိုးတန်ခြင်းကို နှမြောသူ ဖြစ်ရကား မိမိ ကိုယ်ကို ထိန်းစောင့်ရန် သာလွန် လွယ်ကူလေ၏ ။ အင်္ဂလိပ်ကျောင်းသား ယောက်ျားကလေးများကလည်း မိမိတို့နှင့် အလားတူ ခေတ်ကာလ ပညာတတ်သော အမျိုးသမီး ကလေးများ၏ ရှေ့တွင် ယောက်ျားကောင်း အရည်အချင်း ရှိသူ ဟူသော ဂုဏ်ကို လိုချင်ကြသဖြင့် သိမ်ဖျင်းကလက်ခြင်း အမှုတို့ကို ရှောင်ကြဉ်ကာ မိမိတို့၏ ကိုယ့်စိတ်ကို ချုပ်တည်းတတ်ကြလေရာ ဝင်းလှိုင်၏ စိတ်၌ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်၍ နေဟန် ရှိလေ၏ ။ အကြောင်းမူကား တင်လှနှင့် တွေ့သည့်အခါ တင်လှကို အထူး ဂရုစိုက်ကာကွယ်ကာ စောင့်ရှောက်သော အမူအရာမှ တစ်ပါး အခြား အဘယ်လက္ခဏာကိုမျှ မပြဘဲ နေလေ၏ ။ သို့ဖြစ်လေရာ နှစ်ဦးနှစ်ဖက်စလုံး၏ သဏ္ဌာန်၌ ဇက်ကြိုးတပ်ကာ ချုပ်တည်း၍ ထားသော လှပသော အချစ်မှာ သာလွန် သိမ်မွေ့လျက် နှစ်လိုဖွယ်ရာ ဖြစ်၍ နေလေ၏ ။ သို့ဖြစ်လေရာ တစ်ယောက်ကို တစ်ယောက် တွေ့ရခြင်း သက်သက်၌ပင် အချစ်၏ ကိစ္စဆုံးခန်းသို့ ရောက်သည့်အလား နှစ်ယောက်စလုံးမှာ ကျေနပ် ပျော်မွေ့၍ နေကြလေ၏ ။ အလိုမလိုက်သော အချစ်သည် သာလွန် စစ်မှန်ဖြူစင်လျက် ထိုအချစ် သက်သက်မှာပင် ချစ်ဖွယ်ရာဖြစ်၍ နေလေ၏ ။
ထိုကဲ့သို့ နေကြရာ အဘယ်မှာမျှ အလုပ် မရ ၊ စုမိလျက် ရှိသော ငွေကလေးများလည်း လျော့စပြုလေ၏ ။ ဆောင်းရာသီ လွန်မြောက် ပူအိုက်သော နွေဥတု ကျော်ပြန်လေရာ မိုးလရာသီ နီးကပ်၍ လာလေ၏ ။ မှိုင်းချည် တစ်ခါ ၊ ပြာချည် တစ်လှည့် ၊ တစ်မိုးလုံး အိတော့မလို ညိုမည်းအုံ့ဆိုင်း ပတ်လည်ဝိုင်းလျက် မိုးကြိုးလျှပ်စစ်တို့ ပြိုးပြက်ချုန်းထစ်စ ပြုလေ၏ ။
ထိုအခါ တင်လှမှာ လတ်ဆတ်သော အဆင်းအရောင်သည် မှေးစပြုလေ၏ ။ ဝင်းလှိုင်သည်မှာမူ မျှော်လင့်ခြင်း၏ စိတ်အားကလေး မကုန်သေးချေ ။ လက်ထဲ၌လည်း ငွေစကြေးစကလေး ရှိသေးလေ၏ ။ တင်လှမှာကား အိမ်လခက စူး ၊ မိခင်အတွက် ဆေးဖိုးဝါးခက ပူစ ပြုလေ၏ ။ သို့သော်လည်း ဝင်းလှိုင်အား ပြော၍ မပြဘဲ နေလေ၏ ။ တစ်နေ့သ၌ ညနေအချိန် လမ်း၌ နှစ်ယောက်သား တွေ့ကြရာ ဝင်းလှိုင်မှာ ရန်ကုန်သို့ ဆယ်နှစ်ကြာမှ တစ်ခေါက်လောက် လာရောက်သော ဦးကြီး တစ်ယောက် ထံမှ ငွေသုံးဆယ် ရလိုက်သဖြင့် တင်လှအား “ ထမင်း စားပြီးပလား ၊ လာ ... လိုက်ခဲ့ ” ဟု အတင်းခေါ်ကာ ဘုံဘေ ရက်စ်တောရင့် သို့ ခေါ်သွားလေ၏ ။ ညစာ စား၍ ပြီးသော အခါ တင်လှက “ ကိုဝင်းလှိုင် ကျွန်မ အိမ်အတွက် စိတ်မချရဘူး ။ မြန်မြန်သွားချင်တယ် ။ လန်ချားခ ယူမလာခဲ့မိလို့ ပိုက်ဆံ တစ်မတ်ပေးပါ ” ဟု ပြောလေရာ ဝင်းလှိုင်က ငွေငါးကျပ် ထုတ်၍ ပေးလေ၏ ။
“ ဟင့်အင်း ၊ ကျွန်မ တစ်မတ်ပဲ ယူမယ် ။ ကျွန်မ မပြတ်မလပ်သေးပါဘူး ။ အိမ်မှာတော့ ... ” ဟု ပြော၍ ငွေငါးကျပ်ကို အတင်း ပြန်၍ ပေးလေ၏ ။ ဝင်းလှိုင်သည်ကား တင်လှ၏ လက်ကို ဆွဲကိုင်ကာ လက်ဝါးထဲသို့ ထည့်ပြီး တင်လှ၏ နူးညံ့သော လက်ချောင်းကလေးတွေကို မိမိ၏ လက်ဖြင့် ဖိနှိပ်ကာ ချိုး၍ ဆုပ်စေလေ၏ ။
ထိုညဉ့်၌ ဝင်းလှိုင်သည် အသိမိတ်ဆွေ တစ်ယောက် နှင့် တွေ့လေ၏ ။ ထိုအသိမှာ ဝင်းလှိုင်ကို တွေ့တိုင်း အလွန်ချစ်ကျွမ်းဝင်သူ တစ်ယောက် ကဲ့သို့ စိတ်အား ထက်သန်စွာ နှုတ်ဆက်ပြောဆိုလေ့ ရှိသဖြင့် ဝင်းလှိုင်၏ စိတ်၌ ၎င်းအပေါ်၌ အလိုလို မနှစ်လိုဖြစ်ကာ မသင်္ကာ စိတ်ပေါ်လျက် ၎င်းနှင့် တွေ့ကြုံနှုတ်ဆက် ၊ စကား တစ်လုံး နှစ်လုံး ပြောပြီးနောက် အရေးကြီးသော အကြောင်း တစ်ခုခုနှင့် ခွဲခွာ၍သာ လာလေ့ ရှိလေ၏ ။ ထိုညဉ့်၌ကား ခွဲခွာ၍မရ ။
“ လာပါ မိတ်ဆွေရဲ့ ၊ လက်ဖက်ရည်ကလေးများ သောက်စမ်းပါဦး ၊ ခင်ဗျား တွေ့ပြီ ဆိုမှဖြင့် သည် အလျင်စလိုချည်းပဲ ” ဟု ပြောကာ အတင်းဆွဲ၍ ခေါ် သဖြင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ရောက်၍ သွားပြီး “ ခင်ဗျားကို ကျုပ် တိုင်ပင်စရာ ရှိတယ် ” ဟု ပြောလေ၏ ။
“ ဆိုလေ ၊ ဘယ်လို ကိစ္စလဲ ။ ကျုပ် နိုင်တဲ့ဘက်က ဆိုရင် ကူညီနိုင်ပါတယ် ” ဟု ဝင်းလှိုင်က ပြန်၍ ပြောလေ၏ ။
“ သည်လိုပါ မိတ်ဆွေ ၊ ခင်ဗျား သာလင်း ကုမ္ပဏီ မှာပဲ မဟုတ်လား ”
“ ဟုတ်ပါတယ် ”
ဝင်းလှိုင်သည် မိမိ အလုပ်ပြုတ်၍ နေကြောင်း မပြောဝံ့ဘဲ နေလေ၏ ။
“ သည်လိုပါ မိတ်ဆွေ ၊ ကျွန်တော် ဂျင်နရယ် အက်ဆစ်စ်တန့် တစ်ယောက် အရေးတကြီး လိုနေတယ် ။ ကျုပ်အလုပ် တော်တော်ကြီးကြီး တစ်ခု ဖြစ်နေပြီ ။ ခင်ဗျား တော်တဲ့ အကြောင်းကို ကြားရတယ် ။ သည်တော့ ခင်ဗျားလို အခြား တော်သူ တစ်ယောက်တော့ သိမှာပဲ ။ အရေးအချွတ် စာရင်းအင်း ဘစ်ဇနက်ရုတင်း လဲနိုင်တဲ့ အိစ်ပီးရီးယင်း ရှိသူ တစ်ယောက် အရေးတကြီး လိုနေတယ် ။ လျှောက်လာသူတွေတော့ အများကြီးပဲ ။ တစ်ယောက်မှ အားမရဘူး ”
“ ဘာအလုပ်လဲ ”
“ အေဂျင်စီသုံးလေးခု ဂျာမနီက ရတယ် ။ ကျုပ် ညီသည် တစ်ယောက်က အမွေ သုံးသိန်းကျော် ရလို့ ဘာလုပ်ရမှန်း မသိဘူး ။ ဒါနှင့် အေဂျင်စီ အလုပ်ကို ကျုပ်က အကြံပေးတော့ အစ်ကိုကြီး နိုင်တဲ့ အလုပ် ၊ အကျိုးဖြစ်မယ့် အလုပ် ဆိုရင် သဘောအတိုင်း လုပ်ပါလို့ ပုံပြီးလွှဲတယ် ။ သူကတော့ ဘာမှ နားမလည်ဘူး ။ သည်တော့ ကျုပ်မှာ လူကောင်း လက်ဖတင်နင်ကောင်း လိုနေတာပဲ ။ ကျုပ် စိတ်ကူးတော့ အေဂျင်စီ တစ်မျိုးပြီး တစ်မျိုး အပြည်ပြည်က ယူပြီး ကြော်ငြာရောင်းဖို့ ၊ ပြီးတော့ ကျုပ်တို့ မြန်မာတိုင်းဖြစ် လက်မှုပညာ ပန်းပု စသည် ပစ္စည်းတွေ ၊ ဆေးပြင်းလိပ်တွေကို တင်ပို့ဖို့ အလုပ်ပဲ ။ စာပေးစာယူတွေကလည်း ပုံနေတာပဲ ။ ကျုပ် တစ်ယောက်တည်း မနိုင်ဘူး ”
“ ဘယ်တော့လောက် လိုချင်သလဲ ။ လခ ဘယ်လောက် ပေးနိုင်မလဲ ”
“ လခတော့ အစမှာ မများသေးဘူး ။ တစ်ရာလောက် ကျုပ် မှန်းတယ် ။ သို့သော်လည်း အလုပ်တော့ မသက်သာဘူး ။ နေထွက်က နေဝင်အထိ အစမှာ ကြဲရလိမ့်မယ် ။ နောက်တော့ အကျိုးခံစားရမှာပဲ ။ ကျုပ်တို့ ခင်ဗျားတို့လို ငွေအားကောင်းကောင်းနှင့် လုပ်ရရင် ပျက်ဖို့ မရှိပါဘူး ။ ကျုပ်အလုပ်က ကျိန်းသေ အလုပ်ပါ ။ ငွေကို ဘဏ်မှာ လုံလုံခြုံခြုံ ထားပြီး ကုန်ပစ္စည်းတွေကို အလကားလိုလို မှာယူပြီး အေးအေးဆေးဆေး ရောင်းချ အမြတ်ယူ နေဖို့ ရှိတာပဲ ။ ကျုပ် အလုပ် အမှန် ကြီးပွားရမယ် ။ ကျုပ်တို့မှာ သည်လိုဘက်က အိပ်စပီးရီးယင်း နှစ်ပေါင်း အစိတ်ကျော် နေတာပဲ ။ သည်တော့ အစမှာ သည်းညည်းခံနိုင်သလောက် နောင်ကို စံရမှာပဲ ။ ကျုပ်ဟာ လီမိတက် ဖြစ်မှာ ရှယ်ယာတောင် ရနိုင်ပါတယ် ”
“ ပျက်ပျက်ဖြစ်ဖြစ်ဗျာ ၊ အခု ရှစ်ဆယ်သာ ရပါစေ အမှန်နော် ”
“ အမှန်ပေါ့ဗျာ ၊ အမြန်သာ လူရပါစေ ”
“ ယောက်ျားလား ၊ မိန်းမလား ”
“ ဘာဖြစ်ဖြစ်ဗျာ ၊ အလုပ်လုပ်နိုင်ရင် တော်ပြီ ”
“ ကျုပ်တပည့်မကလေး တစ်ယောက် ရှိတယ် ။ ကျုပ်လောက်ပဲ တော်ပါတယ် ။ စာပေးစာယူ တိုက်ရိုက်တင်း ၊ ရှော့တင်း ၊ ဘာမှ ဆိုစရာ မရှိဘူး ။ စိတ်သဘော အင်မတန် ကောင်းတယ် ။ အလုပ်လည်း တည်တယ် ။ အဲ ... တစ်ခုပဲ ဆိုစရာရှိတယ် ”
“ ဘာလဲ ”
“ ရုပ်က အတော်ကြီး ချောနေလို့ ကျုပ်က ”
“ အို ... စိတ်ချ ၊ မိတ်ဆွေ ။ မှည့်တစ်ပေါက် မစွန်းစေရဘူး ”
“ ကောင်းပြီ ရစေ့မယ် ။ ခင်ဗျား လိပ်စာပေးပါ ။ လခတစ်ရာနော် ”
“ ကျေနပ်ရင် ဒုတိယလမှာ ( ၁၅ိ ) တိုးပေးလိုက်ဦးမယ် ”
“ ကောင်းပြီ ရစေ့မယ် ။ တခြားလူကို လက်မခံလိုက်နဲ့နော် ” ဟု ပြောပြီး စားပွဲကို ထု၍ ထလာခဲ့၏ ။ ဝင်းလှိုင်သည် တင်လှထံ ချက်ချင်း ရောက်သွားလေ၏ ။
“ ကိုင်း ... တင်လှ ၊ ငါ့သူငယ်ချင်း တစ်ယောက်ကို မင်းအတွက် ပြောပြီးပြီ ။ လခတစ်ရာ ကျေနပ်ရင် ( ၁၁၅ိ ) အလုပ်တော့ များမယ် ။ အစမှာ တစ်နေ့လုံးပဲ ”
“ တကယ်လား ကိုဝင်းလှိုင် ၊ အခုအခါမှာ ( ၁၁၅ိ ) အလုပ်ဟာ အခုလို အိမ်ပေါ်တက်လာဖို့ အင်မတန် ခက်တာပဲ ”
“ မခက်ဘူး ၊ နက်ဖြန် ဦးဘော်မြ အလုပ်ကိုသာ သွားပေရော့ ၊ ဟောဒီမှာ လိပ်စာ ” ဟု ပြောပြီး လိပ်စာကို ပေးလေ၏ ။
တင်လှမှာ အားရအားကြီးသဖြင့် မျက်ရည်များ စို၍ လာလေ၏ ။
“ နို့ .. ကိုဝင်းလှိုင် ၊ ဘာပြုလို့ သည်အလုပ်ကို မလုပ်သလဲ ။ ကိုဝင်းလှိုင် ရရင် ကျွန်မ ရသလို ဝမ်းသာမှာပဲ ”
“ ယောက်ျားကို မလိုချင်ဘူးတဲ့ ။ သည့်အတွက် ပြေးလာတာ ၊ နက်ဖြန်ခါ ဆက်ဆက် သွားနော် ။ အကုန် သေချာပြီးသား ။ အဒေါ် နေကောင်းရဲ့လား ”
“ ကျွန်မ ကိုဝင်းလှိုင် ပေးလိုက်တာနှင့် အိုဘယ်လတင်ကလေး ၊ ဘီစကွတ်ကလေး ဝယ်ရလို့ နည်းနည်းတော့ အစာဝင်သွားပါတယ် ။ အခု အိပ်နေတယ် ”
“ စိတ်ချ တင်လှ ၊ မင်း ကံကောင်းလာပြီ ။ မင်း အမေလည်း မာတော့မှာပဲ ။ ကိုင်း ... သွားမယ်နော် ” ဟု ပြောပြီး ထွက်ခဲ့လေ၏ ။
••••• ••••• •••••
တင်လှသည် ထိုနေ့မှစ၍ ဝင်းလှိုင်ကို မတွေ့သည်မှာ တစ်လနီးနီး ကြာ၍ သွားလေ၏ ။ တင်လှသည် ကျေးဇူးဆပ်လိုသဖြင့် အနှံ့အပြား စုံစမ်းလေ၏ ။ အဘယ်မှာမျှ သတင်းမရချေ ။ တစ်နေ့သ၌ ၎င်း၏ လက်ရေးနှင့် စာတစ်စောင် ရောက်၍ လာရာ လိပ်စာ မြင်လျှင် မြင်ချင်း တင်လှ၏ ရင်ထဲမှာ နွေး၍ သွားလေ၏ ။ ဖွင့်ကြည့်လေရာ အောက်ပါစာပင်တည်း ။
လှ
အစ်ကိုကြီး အလုပ်နေရာ မကျသဖြင့် အကြောင်း မကြားဘဲ နေခဲ့ပါသည် ။ ယခုမှ အလုပ်သေချာပါသည် ။ အင်းစိန်ဒိစတြိတ် ကောင်စီရုံးမှာ ဖြစ်ပါသည် ။ အလုပ်များ၍ မလာအားပါ ။ ကျန်းမာပါ၏ ။ စိတ်လက်ချမ်းမြေ့ ပျော်ရွှင်စွာ အလုပ်လုပ်လျက် ကျန်းမာစေရန် ဆုတောင်း ပါသည် ။
လှိုင်
တင်လှသည် စာကို ရင်ဘတ်၌ လည်းကောင်း ၊ ပါး၌ လည်းကောင်း ကပ်လေ၏ ။ “ ကောင်စီ စက္ကရီတေရီ အလုပ်နဲ့ တူတာပဲ ။ နေရာကျပါစေ ” စသည်ဖြင့် တွေးတောကာ အတိုင်းမသိ ဝမ်းမြောက်ခြင်း ဖြစ်လေ၏ ။
ထိုအခိုက်တွင် ဦးဘော်မြ ရောက်လာပြီး “ မတင်လှ မိတ်ဆွေ ကိုဝင်းလှိုင် တစ်ယောက် ဘယ်မှာ နေသလဲ ” ဟု မေးလေ၏ ။
“ သူ အလုပ် မရှိဘူးလို့ ကြားပါကလား ”
“ ဪ ... အလုပ်မရှိတာ ကြာလှမှပဲ ။ ကျွန်မနဲ့ အတူတူ သာလင်းကုမ္ပဏီက ထွက်တာပဲ ။ ဦး အခုမှ သိသလား ”
“ အခုမှ သိတယ် ။ မတင်လှ အကြောင်းကို ပြောတော့ သူ့မှာ အလုပ်ရှိတယ်လို့ ပြောတာနဲ့ မတင်လှကို ခေါ်ရတာ ”
“ ဪ ... သည်လိုလား ၊ သူက ပြောတော့ ယောက်ျား အလုပ်သမား အလိုမရှိဘူးတဲ့ ။ မိန်းမက အလုပ်မြဲတယ် ။ မိန်းမမှ လိုချင်တယ်လို့ ဦးက ပြောတယ် ဆိုပြီး ကျွန်မကို သွင်းပေးတာ ။ ကျွန်မ သိရင် သည်အလုပ်ကို လက်တောင် ခံမှာ မဟုတ်ဘူး ။ သူ့သာ လုပ်စေမှာပဲ ” ဟု ပြောပြီး တွေဝေ၍ နေလေ၏ ။
ထို့နောက် စာကို ပြလေရာ ဦးဘော်မြ ဖတ်ပြီး အင်းစိန် ဒိစတြိတ် ကောင်စီမှာ ဦး ချယ်ယာ မင်ပဲ ၊ ဦးက သမိုင်းမှာ နေတယ် ။ ဦး မသိရပါကလား ”
“ နို့ ... ဘယ့်နှယ်လဲ ၊ သည်စာမှာ သေသေချာချာ ပါတာပဲ ဦးရဲ့ ”
“ ဟုတ်တယ် ၊ ဒါ့ကြောင့် အစဉ်းစားရ ခက်တာပေါ့ ။ ဦး စုံစမ်းလိုက်ဦးမယ် ” ဟု ပြောပြီး မိမိ၏ အခန်းကို ပြန်သွားလေ၏ ။
နောက်တစ်နေ့ တင်လှ အလုပ်တိုက်သို့ ရောက်ပြီး နောက်မကြာမီ ဦးဘော်မြ ရောက်၍ လာလေ၏ ။
“ ဦး မနေ့က အင်းစိန် ဒိစတြိတ်ကောင်စီကို သွားတယ် ။ ဘယ်က ဒီစတြိတ် ကောင်စီမှာ အလုပ်ရရမလဲ ။ အလကား ပြောတာ ။ ဟိုမှာ မရှိပါဘူး ”
“ ဦးလေး သူ့အကြောင်းကို ကြားရလို့ လိုချင်နေတာ အတော်ကြာပြီ ။ ဟိုနေ့ကတည်းက သူ့မှာ အလုပ် မရှိဘူးလို့ ပြောရင် ဦး သုံးမလို့ပဲ ။ အခုတော့ ဦးလေ မြင်မြင်ချင်း ဒေါသဖြစ်လိုက်တာ ။ ဦး တစ်ခါတည်း ဆွဲထိုး မလို့တောင် အောက်မေ့မိတယ် ။ စိတ်ကို မနည်းကြီး ချုပ်ထားရတာပဲ ”
“ ဘာဖြစ်လို့လဲ ဦး ၊ ဦး တွေ့သလား "
“ မနေ့က တွေ့ခဲ့တာပေါ့ ။ ဦးမှာ သူ ရှိမှ ဖြစ်မယ့် အရေးတွေ အတော်များများ ပေါ်နေပြန်လို့ မရမက လိုက်နေတာပါ ။ ဒိစတြိတ်ကောင်စီမှာ ဆိုတာတော့ ဟုတ်ပါတယ် ၊ သို့သော်လည်း နို့ … တူမ ယနေ့ အလုပ် များသလား ။ လာလေ ၊ သူ့ဆီ သွားရအောင် ။ ဦး ကားနဲ့လေ ”
တင်လှသည် နဂိုက အင်မတန် တွေ့ချင်၍ နေလေရာ ချက်ချင်း လိုက်ပါ၍ သွားလေ၏ ။
သမိုင်း အလွန်သို့ ရောက်သောအခါ တံတားတစ်ခု၌ လမ်းချိုးကလေး တစ်ခုမှာ ကတ္တရာစီးတွေ လောင်းလျက် လမ်းပြင်၍ နေသော အလုပ်သမား မြန်မာကု,လား တစ်စုကို တွေ့ရလေ၏ ။
တင်လှ ။ ။ ။ “ မြန်မာတွေလည်း လမ်းကူလီအလုပ်ကို လုပ်ကုန်ကြပါသလား ဦးလေးရဲ့ ”
“ အလုပ်ရှားတာကိုး တူမရဲ့ ၊ ကမ္ဘာပေါ်မှာ ဘယ် လူမျိုးမဆို အောက်တန်းကျတဲ့ အလုပ်ကို လုပ်ကြရတာပဲ ။ သည်တော့မှလည်း အထက်တန်းကို ရောက်နိုင်တာပဲ ။ မြန်မာလူမျိုးမှာသာ အောက်တန်းကျတဲ့ အလုပ်ကို မလုပ်ကြလို့ အထက်တန်းကိုလည်း မရောက်ဘဲ နေကြတာပဲ ။ အရင်ကတည်းက အခုလို လုပ်ကြမယ် ဆိုရင် မြန်မာလူမျိုး အခုလိုတောင် အောက်တန်းကျဖို့ မရှိဘူး ”
ကားကို ရပ်လိုက်လေ၏ ။ ဦးဘော်မြသည် ကားပေါ်မှ ဆင်းပြီး လမ်းမှားသဖြင့် လမ်းစရှာသလို လုပ်၍ နေလေ၏ ။
“ ဦး လမ်းမှားသလား ”
“ မမှားပါဘူး ၊ အဲဒီလူစုပဲ ။ အမှတ်တမဲ့ ကြည့်စမ်း ”
တင်လှသည် ပေရေစုတ်ပြတ်သော ကု,လားမြန်မာတွေကို ကြည့်ပြီး “ ဘာဖြစ်လို့လဲ ဦးလေးရဲ့ ” ဟု မေးလေ၏ ။
ဟိုနောက်ဆုံးက “ ကတ္တရာစေး တံမြက်စည်းကြီးကို ထမ်းလာတဲ့ အကောင်ကို သေသေချာချာ ကြည့်စမ်း ” ဟု ဦးဘော်မြက ပြောလေ၏ ။
တင်လှသည် မျက်နှာမှာ ကျောက်မှုန့်တွေ ချွေးကြောင်း တွေနှင့် စွပ်ကျယ်လက်စုတ်ကို ဝတ်လျက် ကတ္တရာစေးတွေနှင့် မည်းနေသော တံမြက်စည်းကို ထမ်းသွားသည့် ကူလီကို သေချာစွာ ကြည့်လေ၏ ။ သို့ကြည့်ပြီး ဦးဘော်မြ ဘက်သို့ လှည့်ကာ ရယ်ချင်အားကြီးသဖြင့် မျက်နှာ နီမြန်းလျက် မျက်ရည်များလည်း ဝေ့၍ လာလေ၏ ။
“ မြင်ပြီ မဟုတ်လား ၊ ဒီစတြိတ်ကောင်စီ စာရေးကြီး ၊ ဦး ဒေါသ မဖြစ်ဘဲ နေနိုင်ပါ့မလား တူမရဲ့ ၊ မာနကြီးလွန်းလို့ ဒီလိုဖြစ်တာ ။ ဦး စုံစမ်းကြည့်တော့ သူ့မှာ အကြံ တစ်ခု ရှိသတဲ့ ။ သည်အကြံက ငွေသုံးလေးဆယ် လိုတယ် ပြောတာပဲ ။ တကယ်ဆိုရင် ဦးတို့လည်း ခင်မင်နေတဲ့ လူချင်းပဲ ။ အကျိုးအကြောင်း ပြောရင် ဘာ ဝန်လေးသလဲ ”
“ ဟုတ်တယ် ဦး ၊ မာန အင်မတန် ကြီးတယ် ။ ဘယ်သူ့ဆီမှာမှ ငွေငါးကျပ် ၊ တစ်ဆယ် လက်ဖြန့်ပြီး မတောင်းဘူး ။ သည်အလုပ်က လေးငါးဆယ် ရသလား ဦးရဲ့ ”
“ စုမှာပေါ့ ၊ ပြီးတော့ ဘယ်ဆိုလား သွားမလို့တဲ့ ။ အလုပ်သမား တစ်ယောက်က ပြောတယ် ”
တင်လှသည် ဝင်းလှိုင်၏ နောက်နား ကပ်သွားပြီး “ ကိုဝင်း ” ဟု ခေါ်လေရာ လှည့်၍ ကြည့်ပြီး အံ့အားသင့်လျက် အတန်ငယ်ကြာစွာ စကားမပြောဘဲ တံမြက်စည်းကြီးကို ထမ်းရင်း ပါးစပ်ဟ၍ နေလေ၏ ။ ထို့နောက် ရှက်ကိုးရှက်ကန်းနဲ့ ချာခနဲ လှည့်လိုက်ရာ ရှည်သော အုန်းတံမြက်စည်းကြီးမှ ကတ္တရာများ စဉ်လွင့်ရုံမက တင်လှ၏ ဝိုင်သားအင်္ကျီ ပခုံးက ကတ္တရာစေးနှင့် တံမြက်စည်း တံဆိပ်ကို ခတ်နှိပ်လိုက်လေ၏ ။ ထို့နောက် “ ဟင် ... ဖယ် ... ဖယ် ၊ အနားမကပ်နဲ့ ” ဟု ပြောကာ တံမြက်စည်းကြီးကို လွှင့်၍ ပစ်လိုက်လေ၏ ။
ထိုအခါ ကုတ်အင်္ကျီအနက်အပေါ်မှာ ကြေးခါးပတ်ကြီးကို ပတ်ထားသော ခံ့ညားသော မယ်ဇလီခေါင်းနှင့် တူသော ကု,လားတစ်ယောက်က ကြိမ်လုံးကို ကိုင်လျက် ကေသရာဇာ ခြင်္သေ့မင်းသည် သားကောင်ကို မြင်၍ လာသည့်အလား မာန်ပါပါ ခြေလှမ်းကြဲကြဲ မြန်မြန်နှင့် ကြိမ်းမောင်းဟန် မာန်မည့်ဟန်နှင့် လာသည်ကို ဦးဘော်မြ မြင်ရလေရာ ၎င်းမယ်ဇလီခေါင်း ထံသို့ ရှေးရှု သွားပြီးလျှင် အသပြာ ငွေတစ်မတ်ကို မယ်ဇလီခေါင်း လက်ထဲသို့ ပြုံးရယ်ကာ ထည့်ပြီး တင်လှနှင့် ဝင်းလှိုင်၏ ဘက်သို့ မျက်စပစ်၍ ပြလိုက်လေရာ မယ်ဇလီကု,လားသည် ၎င်းတို့ကို ကြည့်၍ ပြုံးပြီး သဘောကောင်းသော အမူအရာနှင့် အနှောင့်အယှက် အာဏာမပြဘဲ ရှောင်ရှား၍ သွားလေ၏ ။
“ ဖယ်လေ ၊ နောက်ကို ဆုတ် ။ ဘာလို့ လိုက်လာသလဲ ။ တယ်နောက်တာကို ” ဟု ဝင်းလှိုင်က ပြောလေ၏ ။
တင်လှသည် အပါးသို့ တိုး၍ ကပ်ကာ ပေရေသော ဝင်းလှိုင်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်ပြီး “ ကျွန်မတို့ လိုက်ရှာနေတာ ကြာလှပြီ ၊ လာ ... လိုက်ခဲ့ရမယ် ” ဟု ပြောလေ၏ ။
လမ်းကြားကလေးမှ ကူလီများ အကုန်ရှောင်ရှားကာ ချုံများ၏ အကွယ်မှ စီးစောင်း ကြည့်ကြလေ၏ ။ တင်လှသည် ဝင်းလှိုင်၏ ပေရေသော ရင်ခွင်မှ ထွက်သော အခါ မျက်နှာတစ်ခြမ်းမှာ ပေါင်ဒါတွေ ဖို့သလို ဖြစ်၍ နေလေ၏ ။
ထိုအခိုက် ဦးဘော်မြ ကပ်ရောက်၍ လာပြီး “ မော်တော်ကား စောင့်နေပါတယ် ။ သူဌေးမင်း ကြွတော်မူပါ ” ဟု ပြောလေရာ တင်လှနှင့် ဘော်မြ၏ စပ်ကြားမှာ ကျုံးသွင်းမည့် ဆင်ပမာလို ဝင်းလှိုင်သည် လိုက်ပါ၍ သွားလေသတည်း ။
တင် ။ ။ “ ကိုဝင်းလှိုင် ဘာပြုလို့ သည်အလုပ်ကို လုပ်တာလဲ ”
“ အလကား နေမယ့်အစား ပိုက်ဆံ ပြတ်ခိုက်မှာ တစ်လ နှစ်ဆယ်ဟာ မနည်းဘူး ထင်ရဲ့ ။ မြန်မာလူမျိုးများကို နည်းလမ်းပြချင်တာက တစ်ကြောင်း ၊ ကူလီ အောက်တန်းစား အလုပ်ဟာ ဘယ်လိုဆိုတာ သိချင်လို့ အပျင်းပြေ လုပ်တာပါ ။ လူစတုံးလို့ မဟုတ်ပါဘူး ” ဟု ပြန်၍ ပြောလေ၏ ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
ဇွန် ၁၇ ၊ ၁၉၃၃
No comments:
Post a Comment