❝ ကြံတိုင်းအောင် ဦးအောင်မင်း ❞
ကြံတိုင်းအောင် လွယ်အိတ် ဆိုတာ မြန်မာနိုင်ငံမှာ ထိပ်တန်း လွယ်အိတ် လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ် ။ မန္တလေး ဈေးချိုတော်မှာ ကြံတိုင်းအောင် လွယ်အိတ်ဆိုင်ကြီးက ထီးထီးမားမား ရှိသလို ရန်ကုန်မြို့မှာလည်း ဆိုင်ခွဲရှိတယ် ။ သည်လုပ်ငန်းကို ဦးစီးလုပ်ဆောင် နေသူက ဦးအောင်မင်း ဖြစ်ပါတယ် ။
တကယ်ကတော့ သည်လုပ်ငန်းကို ဦးအောင်မင်းက စတင် တည်ထောင်ခဲ့တာ မဟုတ်ဘူး ။ ယောက္ခမရဲ့ လက်ငုတ်လက်ရင်းကို အပင်သန် ၊ အသီးသီးအောင် ထူထောင်ခဲ့ရသူ ဖြစ်ပါတယ် ။ ဦးအောင်မင်းရဲ့ ဘဝအစက ဧရာဝတီ မြစ်ကမ်းဘေးက တောင်သူလယ်သမား တစ်ယောက်ရဲ့ သား ။ သူ့ဖခင်က သူ့ကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လေ့ကျင့် ထူထောင်ပေးခဲ့တယ် ။
ယခုအခါ သူ့အတွက် စိန်ခေါ်ချက်တွေက ကြီးမားလာတယ် ။
ကျောင်းသူ ၊ ကျောင်းသားတွေက လွယ်အိတ်အစား ကျောပိုးအိတ်ကို ပိုပြီး မက်မက်မောမော သုံးစွဲလာနေတယ် ။ သူ့ လုပ်ငန်းကတော့ မကျဆင်းဘူး ။ သူ ဘယ်လို ရင်ဆိုင် ရပ်တည်နေသလဲ ကျွန်တော် စိတ်ဝင်စားတယ် ။ သူနဲ့ ကျွန်တော်က မိတ်ဆွေ ရင်းချာတွေပါ ။ ခင်မင်နေတာ နှစ်အစိတ် ( ၂၅ နှစ် ) ကျော်ပါပြီ ။
မန္တလေး ဈေးချိုတော်က သူ့ကြံတိုင်းအောင် လွယ်အိတ်ဆိုင်ကို ကျွန်တော် သွားပြီး စကားစမြည် ပြောတယ် ။ ပထမဆုံး သူ့ကို ကျွန်တော် မေးမိတာက သူ့ဘဝမှာ အမှတ်ထင်ထင် စွဲလမ်းမှတ်မိနေတာကို မေးပါတယ် ။
“ ကျွန်တော့် အိမ်နီးနားချင်း တစ်ယောက် ရှိတယ် ။ အမျိုးသမီးကြီးက မုန့်ဟင်းခါး ရောင်းပြီး စီးပွားရှာရတယ် ။ ယောက်ျားကြီးက သူ့ဇနီး ရှာသမျှ ပိုက်ဆံကို ဖိုထိုးပစ်တယ် ၊ တစ်နေ့တော့ အမျိုးသမီးကြီးက နေမကောင်းဖြစ်တယ် ၊ ရွာမှာက ပန်ချာပီဆရာကြီးတစ်ယောက်က ဆေးကုတယ် ”
“ အပ်ပုန်း သဘောမျိုးလား ”
“ ကျွန်တော်တို့ ဆီမှာ ကျန်းမာရေး ဆေးပေးခန်း ရှိပေမယ့် ဆရာဝန် ၊ ဆရာမ အမြဲ မရှိတော့ ပန်ချာပီဆရာကြီးပဲ အားကိုးရတာ ။ ပန်ချာပီဆရာကြီး ပေးတဲ့ ဆေးကို သောက်လိုက်တော့ အမျိုးသမီးကြီးက ချက်ချင်း ကျန်းမာသွားတယ် ”
သည်လိုဆိုတော့လည်း မဆိုးပါလားလို့ ကျွန်တော်က တွေးနေမိတယ် ။
“ ချက်ချင်း ကျန်းမာ သွားတော့ အမျိုးသမီးကြီးရဲ့ စိတ်ထဲမှာ ဆေးတစ်လုံး သောက်ထားတောင် ဒါလောက် ကျန်းမာရင် ဆိုပြီး ဆေးတွေ အများကြီး သောက်မယ် ဆိုပြီး သောက်လိုက်တာ သေသွားရော ”
ကျွန်တော် လန့်သွားတယ် ။ ဦးအောင်မင်း ကတော့ ဆက်ပြောတယ် ။
“ လောကကြီးမှာ ဘာမျှ မလုပ်မကိုင်တဲ့ သူက ဘာမျှ မဖြစ်ဘဲနဲ့ မိသားစု အတွက် စီးပွားရှာမယ် ၊ အလုပ် လုပ်ချင်တယ် ဆိုတဲ့သူက သေသွားရတယ် ။ ဒီအဖြစ် အပျက်က ကျွန်တော့် စိတ်ထဲ စွဲမြဲနေတယ် ”
“ အဲဒါ ဘယ်အရွယ်ကလဲ ”
“ ငါးတန်း ၊ ခြောက်တန်း အရွယ်ပေါ့ ”
“ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါကို ဘာကြောင့် စွဲလမ်း နေရတာလဲ ”
“ ရုန်းကန်လှုပ်ရှားနေပြီး ဘဝကံနည်းသူတွေကို သနားလို့ ဖြစ်မယ် ”
သူ ပြောတာကို ကျွန်တော်က စဉ်းစား နားထောင်နေမိတယ် ။ ဦးအောင်မင်း ကတော့ သူ ငယ်စဉ်က အမှတ်ထင်ထင် သတိရ နေတာတွေကို ဆက် ပြောပါတယ် ။
“ နောက်တစ်ခု ကတော့ ကျွန်တော် ခုနစ်တန်းနှစ် မှာပေါ့ ၊ အဖေက နာရေးပို့ပြီး ပြန်လာတာ ၊ ကျွန်တော်တို့ အိမ်က သစ်သားအိမ် ၊ အဖေက အိမ်ခါးပန်းမှာ မြေဖြူနဲ့ ငါသည် တစ်နေ့ မုချ သေရမည်လို့ ရေးလိုက်တာ ၊ အဖေက လက်ရေးလည်း လှတယ် ၊ ကျွန်တော်က အဖေ ရေးထားတာ ဖတ်မိပြီး ကျွန်တော်လည်း သေရမယ်လို့ သိသွားတယ် ”
“ တရား မြင်သွားတာပေါ့နော် ”
“ ကျွန်တော် တက္ကသိုလ် ရောက်မှ ကြုံရတာ ရှိတယ် ၊ ကျွန်တော်က ( ဧရာဝတီမြစ် ) အနောက်ဘက်ကမ်းကို တောင်သူ သွားလုပ်ပြီး ညနေပိုင်းမှာ ပြန်လာတာ ၊ အဲဒီအချိန်မှာ ကျွန်တော်တို့ အိမ်က ပျဉ်ထောင်အိမ် ၊ နှစ်ထပ်အိမ် ၊ အိမ် အပေါ်ထပ် ကနေ ဂျုန်းဂျုန်း ဂျုန်းဂျုန်းနဲ့ အသံတွေ ကြားရတာ ”
ဘာဖြစ်တာပါလိမ့်လို့ ကျွန်တော် စိတ်ဝင်စားလို့ ခေါင်းထောင်လာတယ် ။
“ ငလျင်လှုပ်တာ ၊ နာမည်ကြီး ပုဂံငလျင်ကြီး လှုပ်တာပေါ့ ၊ အမေ့လက် ဆွဲပြီး အိမ်ရှေ့က ကွင်းပြင်မှာ ဝပ်နေတယ် ”
သူ့ဇာတိဖြစ်တဲ့ မြင်းခြံမြို့နယ်က ဆံမြိတ်ခုံရွာက ပုဂံနဲ့ သိပ်မဝေးဘူး ။
“ အဲဒီအချိန်မှာ ကိုယ့်မျက်စိရှေ့က ကမ္ဘာမြေကြီးက တုန်သွားတာ မြင်လိုက်ရတယ် ၊ မြေကြီး ဆိုတာ အမြဲတမ်း မာတယ် ၊ ခိုင်တယ် ထင်ထားတာ ၊ အဲဒီ ကမ္ဘာမြေကြီး တောင်မှ မခိုင်မာတာကို မျက်မြင် မြင်တွေ့လိုက်ရတော့ လန့်သွားတယ် ”
သူ အမှတ်ထင်ထင် ဖြစ်နေတဲ့ အတွေ့အကြုံတွေ အရ သူက ဘုန်းကြီးဖြစ်ဖို့ ကောင်းတယ်လို့ ကျွန်တော် ပြောပါတယ် ။
“ ကျွန်တော့်အဖေက သူနဲ့ သွားနေရင်း လမ်းမှာ ကိုရင် တွေ့ရင် လမ်းဘေး ဆင်းပြီး ရပ်နေရတာ ၊ ဦးပဉ္စင်း ဆိုရင် ထိုင်ဝပ်ချရတာ ၊ တစ်ရွာနဲ့ တစ်ရွာ သွားရင်း လမ်းမှာ ဘုရားတွေ့ရင် ကန်တော့တာ ၊ အဖေက ဘာသာရေးကို နှစ်နှစ်ကာကာ ကိုင်းရှိုင်းလွန်းတယ် ၊ ဘုရားပွဲ မှန်သမျှ လူဟောဟော ဘုန်းကြီးဟောဟော သွားတယ် ၊ ကျွန်တော့် စိတ်ထဲမှာ ဟောနေတဲ့ လူတွေဟာ သူတို့ ဟောတဲ့ တရားအတိုင်း မဟုတ်သေးဘူး ဆိုတာ မြင်နေတယ် ”
သူ ငယ်စဉ်က သူ့မိဘတွေရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း သူ လုပ်ခဲ့ရတာကို ကျွန်တော် ကြားဖူးတယ် ။
အဲသည်အကြောင်းတွေ မေးပါတယ် ။
“ အဖေရော ၊ အမေရော တောင်သူမျိုးရိုး ၊ အမေနဲ့ အိမ်ထောင်ကျတော့ အဖေက တောင်သူ မလုပ်တော့ဘူး ၊ တောင်သူအလုပ် ဆိုတာ တော်တော် အောက်ကျနောက်ကျ နေရတဲ့ ဘဝ ဆိုပြီး ကုန်သည် ပြောင်းလုပ်တယ် ။ ကျောက်မဲ တက်ပြီး ကုန်ကူးတယ် ၊ ဆီစက် ထောင်တယ် ၊ ၁၉၆၄ ခုမှာ အဖေ့ အတွေးအမြင်တွေ ပြောင်းသွားတယ် ”
“ ဘာကြောင့် ဘယ်လို ပြောင်းလဲသွားတာလဲ ”
“ တော်လှန်ရေးအစိုးရက ပြည်သူပိုင်တွေ သိမ်းတော့ အဖေ လေးစားခင်မင်တဲ့ ကျောက်မဲက သူဌေးတွေလည်း ပြည်သူပိုင် အသိမ်းခံရတယ် ၊ စိုက်ပျိုးရေးကသာ ရေရှည်လုပ်ငန်းပဲ ဆိုပြီး အဖေက တောင်သူ ပြန်လုပ်တယ် ”
“ ကိုအောင်မင်း ငယ်စဉ်က တောင်သူ လုပ်ခဲ့ရတယ်နော် ”
“ တက္ကသိုလ် တက်တဲ့ အထိ လုပ်ရတယ် ။ ဒီပညာ တတ်ကို တတ်ရမယ် ဆိုပြီး အကုန် လုပ်ခိုင်းတာ ၊ ထယ်ရ ထွန်ရတယ် ၊ နွားနဲ့ ဖက်ပြီး ပင်ပင်ပန်းပန်း လုပ်ရတယ် ၊ တစ်မိုး နှစ်မိုး မဟုတ်ဘူး ၊ တစ်လျှောက်လုံး လုပ်ရတာ ”
သူ့ပညာရေးအကြောင်းကို ကျွန်တော်က မေးတယ် ။
“ ကျွန်တော့်အဖေက ကျွန်တော့်ကို ပညာထူးချွန်စေချင်တယ် ၊ ရွာမှာ အထက်တန်းကျောင်း ရှိပေမယ့် မန္တလေးပို့ပြီး ကျောင်းနေခိုင်းတယ် ၊ ကျောင်း ကောင်းဖြစ်တဲ့ အမှတ် ၉ အထက်တန်းကျောင်း ( ယခင် စိန့်ပီတာ ) ကို ထားတယ် ၊ ဘော်ဒါထားတယ် ၊ ကျွန်တော်က ဆယ်တန်းကျတယ် ”
“ ကိုအောင်မင်းက ဉာဏ်ကောင်းတယ် ၊ ဆယ်တန်း ဘာကြောင့် ကျတာလဲ ”
“ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့ဗျ ။ ကျွန်တော် ငယ်ငယ်က ရွာမှာ ဘုန်းကြီးကျောင်းက အင်္ဂလိပ်စာ ၊ သင်္ချာကို သင်ပေးတယ် ၊ ကျွန်တော့်ကိုယ် ကျွန်တော် တော်တယ် ၊ တတ်တယ် ထင်ပြီး ကျောင်းက သင်တာကို သိပ်ဂရုမစိုက် ဘူး ။ ကျွန်တော်ကလည်း စာမေးပွဲ မကျဖူးတော့ ပေါ့တီးပေါ့ဆ လုပ်မိတာ ”
“ နောက်နှစ်ကျတော့ အမှတ် ၁၇ ( ယခင် နေပြည်တော် ) ကို ပြောင်း တယ် ။ နယူးစီဗွီလိုင်း မေမန်းရိပ်မွန် ဆိုတဲ့ အိမ်မှာ နေရတယ် ။ ကျွန်တော် နဲ့ ကိုဆောင်းတင် နှစ်ယောက်ပဲ နေကြတယ် ၊ တကယ် ဖိဖိစီးစီး လုပ်တယ် ။ ဒါပေမဲ့ စာမေးပွဲ ဖြေရမယ် ဆိုတော့ ကျဖူးလို့ ကျွန်တော် ကြောက်နေတယ် ။ စိတ်ဖိစီးမှု သိပ်များတယ် ၊ ဆယ်တန်းကို ဘီ ( အဆင့် ) ကပဲ အောင်တယ် ၊ အဲဒီအချိန်မှာ ရွာက သူငယ်ချင်းတွေက ဆေးတက္ကသိုလ် ၊ စက်မှုတက္ကသိုလ် တက်ကြရတယ် ”
“ အရှုံးကို ရင်ဆိုင် လိုက်ရတော့ ရှော့ ( shock ) ရသွားသလား ”
“ တစ်ခါ ကျဖူးလိုက်တော့ စာမေးပွဲက ကျွန်တော့်ကို ခြိမ်းခြောက်နေတယ် ၊ စာမေးပွဲမှန်ရင် ကြောက်နေတယ် ၊ အခုအချိန်မှာတော့ ဘဝစာမေးပွဲမှာ အဆုံးအဖြတ်ပေးမှာ ကိုယ်ကိုယ်တိုင်လို့ မြင်သွားတယ် ၊ မင်း မကြိုးစားရင် မင်း ကျမယ် ၊ မင်း ကြိုးစားရင် မင်း အောင်မြင်မယ်လို့ မြင်လာတယ် ၊ ဆယ်တန်းကို တတိယအကြိမ် ဖြေမှ အောင်တယ် ”
“ အဖေက စိတ်မပျက်ဘူးလား ”
“ စိတ်မပျက်ဘဲ အားပေးတယ်ဗျ ၊ ကျွန်တော့်ကို တော်တော် အားထားပြီး အားပေးခဲ့တယ် ၊ အလုပ် ခိုင်းရာမှာတော့ အဖေက မညှာဘူး ၊ အလုပ်မျိုးစုံ လုပ်တတ်အောင် ခိုင်းတယ် ၊ ထင်းပေါက်တတ်အောင် ဆိုပြီး သစ်မြစ်ဆုံတွေ ဝယ်ပြီး ပေါက်ခိုင်းတယ် ”
သူက သူ့ဆံစကို ပင့်ပြီး နဖူးက အမာရွတ်ကို ပြတယ် ၊ ငယ်ငယ်က ထင်းစ မှန်တာတဲ့ ၊ အမာရွတ်က လက်မဝက်လောက် ရှိပါတယ် ။
“ အမေကကော ကိုယ့်သား ပင်ပန်းတဲ့ အလုပ်တွေ လုပ်ရတာကို ဘာမျှ မပြောဘူးလား ”
“ အမေကလည်း ညှာသလား ဆိုတော့ အလုပ်တော့ လုပ်ခိုင်းတယ်ဗျ ၊ ( သူက ပြောရင်း ရယ်တယ် ။ ) ဒါပေမဲ့ အမေက ကျွန်တော့်ကို အောင်မင်း လို့ တစ်ခါမျှ မခေါ်ဖူးဘူး ။ အောင်အောင် လို့ပဲ ခေါ်တာ ၊ ရွာမှာ ဗေဒင်နက္ခတ် ကျွမ်းကျင်တဲ့ ဦးစိန်မြူး ရှိတယ် ။ သူက ရွာမှာ ဘယ်နေရာ ရွှေအိုး မြှုပ်ထားတယ် ဆိုတာအထိ ဟောနိုင်တယ်ဗျ ၊ ကျွန်တော့်ကို မွေးပြီးတော့ အမေက ကျွန်တော့် ဇာတာ ပြကြည့်တယ် ”
“ ဘယ်လို ဟောသလဲ ”
“ ဦးစိန်မြူးက ဆံမြိတ်ခုံ မှာ ထူးချွန်မယ့်သူ နှစ်ယောက် ရှိတယ် ၊ ကျွန်တော်နဲ့ ကိုမြင့်ကျော် တဲ့ ၊ ဒါကြောင့် အမေက ကျွန်တော့်ကို သိပ်မျှော်လင့်တယ် ”
ကြံတိုင်းအောင် ဦးအောင်မင်းက ယနေ့အချိန်မှာ အောင်မြင်ထင်ရှားတဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာတယ် ၊ ကိုမြင့်ကျော် အကြောင်း မေးတော့ ကိုမြင့်ကျော် ကလည်း သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း ရဲ့ သမက် ၊ မြစ်ကြောင်း ပညာရှင်တစ်ယောက် ဖြစ်လာကြောင်း သိရပါတယ် ။
ဦးအောင်မင်း ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကို မေးပါတယ် ။
“ ၁၉၇၁ ခုနှစ်မှာ ရန်ကုန် စီးပွားရေးတက္ကသိုလ် သွားတက်ရတယ် ၊ ကိုမြင့်ကျော်က RIT ရောက်နေ ၊ ကျွန်တော်က စီးပွားရေးတက္ကသိုလ်မှာ အဆောင် မရသေးတော့ ကိုမြင့်ကျော် ရဲ့ အဆောင်ကို လိုက်သွားတယ် ။ အဲဒီမှာ မြင်ရတဲ့ အဆောက်အအုံကြီးတွေ မီးတွေ ထိန်နေတာ တွေ့ရတော့ စိတ်ထဲမှာ ( မြို့ပြကို ) အထင်ကြီးစိတ် ဖြစ်လာတယ် ၊ ငါ ပေါ့ပေါ့တန်တန် လုပ်လို့ မဖြစ်တော့ဘူး ဆိုပြီး ကြိုးစားတယ် ”
“ ဘွဲ့ရတော့ ဘာအလုပ် စလုပ်သလဲ ”
“ ကြည်ကြည်လင်းနဲ့က ဆယ်တန်း ဒုတိယနှစ်မှာ တွေ့ပြီး ရည်းစား ဖြစ်တယ် ။ သူလည်း ဘွဲ့ရပြီ ၊ သူ့အဖေကလည်း အသက်ကြီးပြီမို့ သူ့အဖေရဲ့လုပ်ငန်း ဖြစ်တဲ့ ကြံတိုင်းအောင် လွယ်အိတ်ကို ဝင်လုပ်ရတော့မယ် ၊ ဒါနဲ့ ကျွန်တော်တို့ အိမ်ထောင်ပြုလိုက်ကြတယ် ”
“ ယောက္ခမ လက်အောက်မှာ အလုပ် ဝင်လုပ်ရတော့ ပထမဆုံး ရတဲ့ Lesson ( သင်ခန်းစာ ) က ဘာလဲ ”
“ အဖေက စည်းစနစ် သိပ်ကောင်းတာ ၊ ကျွန်တော်တို့ကို ဘာပြောသလဲ ဆိုတော့ ဈေးမဖွင့်ခင် ရောက်အောင် လာရမယ် ။ ဈေးပိတ်မှ ပြန်ရမယ်တဲ့ ၊ ဈေး ဖွင့်ဖွင့်ချင်း ဝယ်ချင်တဲ့ သူလည်း ရှိတယ် ။ ဈေးပိတ်ခါနီးမှ အေးအေးဆေးဆေး ဝယ်ချင်တဲ့ သူလည်း ရှိတယ်တဲ့ ။ ဒီစည်းကမ်းကို ကျွန်တော် အခုအထိ လိုက်နာဆဲပဲ ”
“ ကြံတိုင်းအောင် က အစဉ်အဆက် fixed price တစ်ခွန်းဈေး ရောင်းခဲ့တာက လုပ်ငန်းကို အထောက်အကူ ဖြစ်သလား ”
“ ကိုယ့်ဟာကိုယ် ထုတ်လုပ်မှု ရှိတော့ အရင်း ဘယ်လောက်ကျတယ် ၊ ဘယ်လောက်နဲ့ ရောင်းနိုင်တယ်ဆိုတာ ပုံသေ ဆုံးဖြတ်လို့ရတယ် ။ တစ်ခွန်းဈေးက နှစ်ဦးနှစ်ဖက် စိတ်အေးရတယ် ၊ အကျိုးများတယ် ”
မကြည်ကြည်လင်း ရဲ့ အဖေ ဦးဘစိန် က သူ့ လက်ထက်မှာ ကြံတိုင်းအောင် ဆိုတဲ့ တံဆိပ် တစ်ခုကို ထူထောင်ခဲ့တယ် ၊ ကိုအောင်မင်း က ထုတ်လုပ်မှုပိုင်းကို ပိုမြှင့်တင်နိုင်တယ် ။
“ အဖေတို့ ခေတ်က နာမည်တစ်လုံး ရနေပြီ ၊ မန်းရာပြည့်မှာ ကြံတိုင်းအောင် က နာမည်တစ်လုံးနဲ့ ဖြစ်နေပြီ ။ နမ့်ခမ်း ၊ အင်းလေး ၊ အင်းစိန်ပေါက်တော ၊ ဟင်္သာတ ၊ ကမာဝက်က လွယ်အိတ်တွေ အဖေက ဝယ်ရောင်းနေတာ ၊ ဆိုရှယ်လစ် စီးပွားရေးစနစ်က အဲဒီ လုပ်ငန်းတွေကို ဖျက်ပစ်လိုက်တာ ”
“ ကိုအောင်မင်းက ဘယ်လို ဆက် ထူထောင်ခဲ့သလဲ ”
“ ကျွန်တော်က ထုတ်လုပ်မှုကို ကိုယ်တိုင် လုပ်ရမယ်လို့ မြင်လာတယ် ၊ စိတ်သာ ရှိတာ လုပ်ဖို့က မဖြစ်နိုင်သေးဘူး ၊ ပင်းတလဲ လေးမျက်နှာ တဲစုကို အိမ်ထောင် ကျပြီးနောက် ၁၉၈၀ ခုနှစ်မှာ သွားတယ် ၊ အဲဒီမှာ ဘာသွား တွေ့ရသလဲ ဆိုတော့ ရက်ကန်းလုပ်တဲ့ သူတွေ အများကြီးပဲ ၊ ကျွန်တော်တို့က ရာသီနီးမှ ကပ်ဝယ်တယ် ၊ ငွေသာရှိလို့ ကြိုတင် ဝယ်ထားရင် လိုချင်သလောက် ရနိုင်တယ်လို့ မြင်လာတယ် ”
ခေတ်ပညာတတ် လူငယ် တစ်ယောက်ရဲ့ အတွေးအမြင်လို့ ကျွန်တော်က မှတ်ချက်ချမိတယ် ။
“ ကြည်ကြည်လင်း ကို ငါတို့ ငွေရှိဖို့ လိုတယ်လို့ ပြောတယ် ။ အင်္ကျီ အဝတ်အစားတောင် အသစ် မဝယ်တော့ဘဲ ငွေကို စုတယ် ။ ရသမျှ ဝယ်တယ် ၊ ဈေးပါးလည်း ဝယ်တယ် ၊ သူတို့က ယုံကြည်မှု ရှိလာတယ် ၊ အဆက်အသွယ် ရပြီး ကျွန်တော် လိုချင်တဲ့ ပုံစံလေးတွေ အော်ဒါပေးပြီး ထုတ်လုပ်တယ် ၊ လွယ်အိတ်မှာ ကြံတိုင်းအောင် နာမည်ထိုးတယ် ၊ အရည်အသွေးကို ကျွန်တော် လုံးဝ မခိုဘူး ၊ ထုတ်လုပ်မှုကို ကျွန်တော် စလုပ်တယ် ၊ အဲဒီအချိန်က ကမ္ဘောဇ တို့ ၊ ရာမည တို့ တိုးဖို့ရာက မလွယ်ဘူး ”
“ ကိုအောင်မင်းတို့ ကြံတိုင်းအောင်ရဲ့ ထူးခြားချက်က အရည်အသွေးကို အမြဲ ထိန်းထားတယ် ၊ ဒါက အောင်မြင်မှု အတွက် လိုအပ်ချက်ကို ပြောလို့ ရသလား ”
“ ဒါက သော့ချက်ပဲ ၊ ကုန်ကြမ်းဈေး ၊ လုပ်ခတွေ အပြောင်းအလဲ ရှိတယ် ၊ ဒါပေမဲ့ အရည်အသွေးကို သွားမခိုနဲ့ ၊ ဥပမာ လက်ဖက်ရည်ဆိုင်မှာ နို့ဆီ ဈေး တက်ချင်တက်မယ် ၊ အလုပ်သမားခ တက်ချင် တက်မယ် ၊ လက်ဖက်ရည် သောက်တဲ့သူက အရင် သောက်နေကျ taste ( အရသာ ) ပဲ ကြိုက်တာ ၊ ဈေးတက် ယူ ၊ လက်ခံတယ် ၊ အရည်အသွေး လျှော့ချရင် လက်မခံဘူး ၊ ဒါကို ရင်ဆိုင်ဖို့ကလည်း စိတ်ခိုင်မာဖို့ ၊ တည်ကြည်ဖို့ လိုတယ် ”
“ ဈေးတင်လိုက်လို့ အရောင်းကျတဲ့ဒဏ် ကိုယ်က ခံနိုင်ရမယ် ဟုတ်လား ”
“ နာမည်လည်း ရသွားပြီ ၊ အရည်အသွေးမီမီ ဆက်ရှိနေရင် စားသုံးသူက လက်ခံတယ်ဗျ ၊ ခိုရင်သာ မကြိုက်တာ ၊ အရည်အသွေးကို ထိန်းမှ လုပ်ငန်းကို ဆက်ထိန်းနိုင်တာ ”
“ ခေတ်က ပြောင်းလာတော့ ကျောပိုးအိတ်က ထိုးဖောက်လာတယ် ၊ ဒီအပြောင်းအလဲက လုပ်ငန်းကို ထိခိုက်သလား ၊ လွယ်အိတ် အရောင်းကျသလား ”
“ မကျဘူးဗျ ၊ ပုံမှန်အတိုင်း သွားနေတယ် ၊ ရက်ကန်းထည်တွေကို လူတွေက လက်ခံတယ် ”
“ ကိုအောင်မင်း ဘဝမှာ ကျေနပ်မှု ရတာ တစ်ခုပြောပါဦး ”
“ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရထားနဲ့ ရန်ကုန် ဆင်းတော့ မျက်နှာချင်းဆိုင်က ထိုင်တဲ့ ဆရာဝန်ကြီးနဲ့ ခင်သွားတယ် ၊ သူက ဆရာဝန်နဲ့ မတူဘဲ စီးပွားရေးစီမံခန့်ခွဲတဲ့ ပညာရှင်နဲ့ တူတယ် ၊ ရထားပေါ်က ဆင်းခါနီးကျတော့ သူက ခင်ဗျားကို ကျွန်တော် မှာခဲ့မယ်တဲ့ ၊ ကြံတိုင်းအောင် လွယ်အိတ်လုပ်ငန်း ဒီအခြေအနေ ရောက်နေတာကို အောင်မြင်တယ်လို့ မဆိုနိုင်ဘူး ၊ ခင်ဗျားက ထိန်းသိမ်းတဲ့ အဆင့်ပဲ ရှိသေးတယ်တဲ့ ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ သတ်မှတ်ချင်ရင် ကြံတိုင်းအောင် ချည်ထည်လုပ်ငန်း ဖြစ်အောင် ကြိုးစားပါတဲ့ ”
“ ကိုယ်က ယောက္ခမ လက်ကျပဲ ရှိသေးတာကိုး ”
“ ကျွန်တော့်ကို ပြောထည့်သွားတော့ ကျွန်တော် ပြာသွားတယ် ၊ ချည်ထည် လုပ်ငန်းကို ကျွန်တော် စစဉ်းစားတယ် ၊ ချည်ထည်လုပ်ငန်းက လုပ်မယ်ဆို တအား ကျယ်ပြန့်တာပဲ ၊ ခြေအိတ်က အစ ဦးထုပ်အထိ လုပ်နိုင်တယ် ၊ မမျှော်လင့်ဘဲ သမီးက ချည်ထည်လုပ်ငန်းကို လက်တွဲပြီး လုပ်တယ် ”
သူ့သမီး ဒေါက်တာ မေရီအောင်မင်း က ကြံတိုင်းအောင် ချည်ထည်လုပ်ငန်း အရောင်းဆိုင်ကို ဖွင့်လှစ်ထားတာ တွေ့ရပါတယ် ။
သူ့ဆိုင်မှာ တိုင်းရင်းသားပေါင်းစုံရဲ့ အဝတ်အစားတွေ ၊ ချည်ထည် အဝတ်အစားတွေ မျိုးစုံ ခင်းကျင်း ရောင်းချနေတာကို တွေ့ရပါတယ် ။
“ အရင် အင်းလေးက လွယ်အိတ်ရက်တဲ့ အစ်မကြီးတွေနဲ့ ပြန်တွေ့တယ် ၊ သူတို့က အင်္ကျီချုပ်ပေးရမလား ၊ ရတယ် ၊ ကရင်ပြည်နယ်က အဆက်အသွယ် တွေလည်း ပြန်ရတယ် ၊ သူတို့က လုပ်ပေးမယ် ၊ ကြံတိုင်းအောင် ချည်ထည်လုပ်ငန်း လုပ်နိုင်လို့ ကျွန်တော် ကျေနပ်တယ် ”
သူ့မျက်နှာပေါ်မှာ သူ့ကိုယ်သူ ကျေနပ်မှု ၊ ယုံကြည်မှုနဲ့ တည်ကြည်နေတာကို သတိထားမိပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈
No comments:
Post a Comment