Sunday, May 31, 2026

ဆူးပင်များ


❝ ဆူးပင်များ ❞
( ခွန်းဆင့်သူသူ )

ဘဝမှာ ကံကြမ္မာက အဖေ ၊ အမေ ၊ ညီအစ်ကို မောင်နှမ ဆိုတာကို ရွေးချယ်ခွင့် မရှိဘူးတဲ့ ။ ကျွန်မ ဘဝမှာတော့ သူငယ်ချင်း ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိပါဘူး ။ ကျွန်မ ဘဝမှာ ဆူးပင်နဲ့ တူတဲ့ သူငယ်ချင်းတွေ ရခဲ့ဖူးတယ် ။

•••••   •••••   •••••

ကျွန်မ ပထမတန်း ကျောင်းသူ အရွယ်တုန်းကပေါ့ ။ ဆရာမက အတန်းထဲမှာ နေရာချ ပေးတော့ ကျွန်မ ဘေးမှာ ထိုင်ခွင့်ရတဲ့ သူက ကျွန်မထက် သုံးနှစ်လောက် အသက် ကြီးတယ် ။ လူကောင်ကလည်း ကျွန်မထက် ထွားပြီး စကားပြောရင် အော်ကျယ် အော်ကျယ်နဲ့ စွာလည်း စွာတယ် ။

ကျောင်းဖွင့်စ နှစ်ပတ် အတွင်းမှာ သူက ကျွန်မကို အနိုင်ကျင့်တော့တာပဲ ။ သူက စာရေးခုံကို မြေဖြူနဲ့ မျဉ်းသားပြီး ...

“ နင် ဒီစည်းကနေ ငါ့ ဘက်ကို ကျော်မလာနဲ့ ။ နင့် စာအုပ်တွေ ၊ နင့် ပစ္စည်းတွေ ငါ့ဘက် ကျော် လာရင် နင့် မုန့်ဖိုးထဲက ငါ့ ကို ၁ဝ ပြား ပေးရမယ် ။ မပေးရင် နင့်ကို ငါ မခေါ်တော့ဘူး ။ ဆရာမကိုလည်း ငါ့ဘက်ကို အတင်း တိုးတယ်လို့ သွား တိုင်မယ် ”

ကျွန်မက လူ ကြောက်တတ်တယ် ။ စကား ကျယ်ကျယ် ပြောရမှာလည်း ရှက်တယ် ။ သူ့လိုလည်း မစွာတတ်ဘူး ။ တစ်ခုံတည်း အတူ ထိုင်နေပြီး သူ မခေါ်တော့မှာလည်း စိုးတယ် ။ ကျွန်မရဲ့ ခဲတံတွေ ၊ စာအုပ်တွေ ၊ ပေတံတွေကို သူ့ဘက် မရောက်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ပေမယ့် ကျောင်းဆင်းချိန် မတိုင်ခင်တော့ သူ့ကို ကျွန်မ မုန့်ဖိုးတစ်မတ် ရတဲ့ အထဲက ၁ဝ ပြား ပေးရတာချည်းပဲ ။ သူက ကျွန်မ ပစ္စည်းတွေကို သူ့ ဘက် မရောက် ရောက် အောင် ( ကျွန်မ အလစ်မှာ ) ရွှေ့ပစ်တာကိုး ။ ကျွန်မက သိလို့ ပြောရင်လည်း အတင်း ခံငြင်းတော့တာပဲ ။ နောက်ဆုံး ကျွန်မကပဲ အလျှော့ပေး လိုက်ရတာပေါ့ ။ တစ်ခန်းလုံး ကြားရ လောက်အောင် ကျယ်တဲ့ သူ့ အသံကြီးကို ကျွန်မက ကြောက်တယ်လေ ။

အဲဒီလိုနဲ့ တစ်လလောက် ကြာတော့ ကျွန်မတို့ရဲ့ နောက်ခုံက ကောင်မလေးက ဆရာမကို တိုင်လိုက်တယ် ။ ဆရာမက ကျွန်မတို့ နှစ်ယောက်ကို ခုံ ပေါ်တက် ၊ မတ်တတ် ရပ်ခိုင်းပြီး အကြာကြီး ဆူတယ် ။ ကျွန်မကို ဒီလောက် နုံရလား ၊ အ ရလား ၊ သူ့ကို မတိုင်ရကောင်းလား ဆိုပြီး ဒေါသထွက် ၊ သူ့ကိုလည်း ငယ်တဲ့သူကို အနိုင်ကျင့်ရမလား ၊ ဗိုလ်ကျရလား ဆိုပြီး စိတ်ဆိုး ။ ပြော ပြောပြီး ကျွန်မတို့ရဲ့ ခြေသလုံးတွေကို နီရဲအောင် ရိုက်တာ ။ သူ့ကိုတော့ ပို ရိုက်ပါတယ် ။

ပြီးတော့ ကျွန်မကို တခြား ခုံမှာ ပြောင်း ထိုင် ခိုင်းတယ် ။ အဲဒီလို ဘဝ အစမှာပဲ သူငယ်ချင်း ဆိုတာ နာကျင်စေခဲ့တယ် ။

•••••   •••••   •••••

ကျွန်မ ဒုတိယတန်းမှာ အတန်းပိုင်က ဆရာ ။ အသက်ငယ်လို့ ကျွန်မတို့က ဆရာလေးလို့ ခေါ်တယ် ။ ဆရာလေးက သဘောကောင်းပြီး မျက်နှာက ချိုနေတာပဲ ။ စာသင်ရင်လည်း ပုံတိုပတ်စတွေ ပြောပြလို့ ကျွန်မတို့ ပျော်ရတယ် ။ ကျောင်းသားတွေကိုလည်း ရိုက်ခဲတယ် ။

ဒီတစ်ခါ ကျွန်မဘေးမှာ နေရာကျတဲ့ သူငယ်ချင်းက ကျွန်မနဲ့ ရွယ်တူ တရုတ်မလေး ။ သူက အတန်းထဲမှာ စာ အတော်ဆုံးမို့ ဆရာလေးရဲ့ အချစ်ဆုံးပေါ့ ။ တစ်ရက်တော့ သူက ကျွန်မရဲ့ ပုလဲလက်စွပ်လေးကို ကိုင်ကြည့်ပြီး “ လှလိုက်တာ ၊ ငါ့ လက်နဲ့ တော်လား ဝတ်ကြည့်မယ် ” ဆိုလို့ ကျွန်မက ချွတ် ပေးလိုက်တော့ သူ့လက်မှာ ဝတ်ကြည့်ပြီး “ လှလိုက်တာနော် ငါ ဝတ်ထားမယ် ၊ ကျောင်းဆင်းမှ ပြန်ပေးမယ်နော် ” တဲ့ ။ ကျွန်မလည်း ခေါင်ညိတ် လိုက်ရတာပေါ့ ။ ကျောင်း ဆင်း ခေါင်းလောင်းထိုးလို့ နိုင်ငံတော်သီချင်း ဆိုခါနီးမှာ ကျွန်မကို လက်စွပ် ပြန်ပေးတယ် ။

နောက် တစ်နေ့ မုန့်စားဆင်းချိန်မှာ တရုတ်မလေးက ...

“ နင့် လက်စွပ်ကို မနက်ပိုင်းမှာ နင်က ဝတ်ပေါ့ ။ မုန့်စားဆင်း ပြန်တက်တဲ့ အချိန်မှာ တော့ ငါ့ကို ခဏ ပေးဝတ်ဟယ် ။ ကျောင်းဆင်းရင် ငါ ပြန်ပေးမယ် ၊ ငါ ဝတ်ချင်လို့ပါ ”

ကျွန်မက ...

“ ငါ့ အမေ ဆူလိမ့်မယ် ” ဆိုတော့ ...

“ နင့် အမေ မမြင်ပါဘူး ။ ငါတို့က ဟိုဘက် အဆောင်ကို သွားတာမှ မဟုတ်တာ ” တဲ့ ။

ကျွန်မ အမေက တတိယတန်း သင်တဲ့ ဆရာမလေ ။ ကျွန်မက မပေးဘူးလို့ ပြောမထွက်ဘူး ။ သူ့ကို ကြောက်လို့ တော့ မဟုတ်ဘူး ၊ အားနာတာနဲ့ တူပါတယ် ။

ဒီလိုနဲ့ သူက သူ့အချိန် ရောက်ရင် လက်စွပ်ကို တောင်းတော့တာပဲ ။ ကျောင်းဆင်း ခေါင်းလောင်း ထိုးမှပဲ ကျွန်မကို ပြန်ပေးတယ် ။ ကျွန်မမှာတော့ စိတ်ညစ်ရပြီ ။ စာသင်ရတာ စိတ် မဖြောင့်တော့ဘူး ။ သူ့ လက်ထဲမှာ လက်စွပ် ကျပျောက်သွားရင် ဘယ်လို လုပ်မလဲ ။ သူ့ကို အလျော် တောင်းရင် လျော်နိုင်မှာ မဟုတ်ဘူး ။ သူ့ မိဘတွေက ဆင်းရဲတယ် ။ ကျပျောက် သွားတယ်ဆိုပြီး ပြန်မပေးတော့ရင်ကော ငါ ဘယ်လို လုပ်ရမလဲ ။ အမေနဲ့ အဘွားက ငါ့ကိုပဲ ရိုက်မှာ ။

ကျွန်မမှာ အတွေးတွေ များပြီး နေ့ခင်းပိုင်း တစ်ချိန်လုံး စာသင်ရတာ မပျော်တော့ဘူး ။ သူ့ လက်ထဲက လက်စွပ်ကိုပဲ ကြည့် ကြည့် နေရတယ် ။ ကျောင်းဆင်းလို့ ကျွန်မ လက်ထဲ လက်စွပ် ပြန် ရောက်မှပဲ စိတ်အေးနိုင် တော့တယ် ။ တစ်ခါတလေ ကျောင်းဆင်း ခေါင်းလောင်းထိုးလို့ စာအုပ်တွေ ကောက်သိမ်း ၊ လွယ်အိတ်တွေ ပြင်လို့ လက်စွပ်ကို ပြန်မပေးသေးရင် ကျွန်မမှာ စိတ် ယကို မောလို့ ။ ငါ့ လက်စွပ် ပေးတော့လေလို့လည်း ပြောမထွက်ဘူး ။ အဲဒီလို ကျွန်မ သူ့အတွက် နဲ့ စိတ်ပူပန်ရတာတွေ ၊ အနှောင့်အယှက် ဖြစ်နေတာတွေ သူကတော့ သိဟန် မတူဘူး ။ အပြုံးလည်း မပျက်ဘူး ၊ လွတ်လပ်ပျော်ရွှင် လို့ ။ ကျွန်မမှာတော့ စိတ် ဒုက္ခတွေ ရောက်လိုက်ရတာ ။

နောက်တော့ ကျွန်မတို့ အကြောင်းကို သိသွားတဲ့ နောက်ခုံက ကောင်မလေးက ဆရာလေးကို သွားတိုင်တယ် ။ ကျွန်မ အမေကိုလည်း သွားတိုင်တယ် ။ ( အမေ့ကို မျက်နှာ လုပ်ချင်တာလည်း ပါမှာပေါ့ ။ ) ကျွန်မတို့ နှစ်ယောက်ကို ဆရာလေးက အတန်း အပြင်ကို ခေါ် ထုတ်ပြီး အကြာကြီး ဆူတယ် ။ ရိုက်လည်း ရိုက်တယ် ။ အိမ်ရောက်တော့ အမေက မေးတယ် ။

“ ဆရာလေးက ဘယ်ကို ရိုက်လိုက်လဲ ”

ကျွန်မက နာနေတဲ့ လက်ဝါးလေးကို ဖြန့် ပြတော့ …

“ အေး ... လက်က နာ နေလို့ မရိုက်ဘူး ။ ဟိုဘက်လှည့် ၊ ဆရာမ သမီး ဖြစ်ပြီးတော့ ဒီလောက် နုံရလား ၊ အ ရလား ၊ နုံ ဦးမလား ၊ အ ဦးမလား ”

ဆိုပြီး ခြေသလုံးကို ကြိမ်လုံးနဲ့ ဆော်တော့တာပဲ ။ အဘွား ကလည်း အနုံမ ၊ အအမ ဆိုပြီး ဗိုက်ခေါက်ကို အဆစ်ဆွဲလိမ်လိုက်သေးတယ် ။

အဲဒီလို သူငယ်ချင်း ဆိုတာ အခွင့်အရေး ယူလွန်းခဲ့တယ် ။

•••••   •••••   •••••

ကျွန်မ ၄ တန်းနှစ်မှာတော့ အတူ ထိုင်ခွင့်ရတဲ့ သူငယ်ချင်းတွေက မြန်မာမလေး နှစ်ယောက် ။ မူလတန်းကျောင်းလေး မှာတော့ ၄ တန်းကျောင်းသား ဆိုတာက အတန်းကြီး ကျောင်းသားတွေပေါ့ ။

ကျွန်မတို့ဟာ မုန့်စားဆင်းတိုင်းလည်း အတန်း ငယ်တုန်းကလို ထုပ်ဆီးတိုးတမ်း ၊ ခုံညင်းတိုက်တမ်း ၊ စိန်ပြေးတမ်း ဆိုတာတွေ တစ်ခါတလေပဲ ကစားဖြစ်ကြတော့တယ် ။ မုန့်စားဆင်းချိန်မှာ မုန့်လေးတွေ ကိုယ်စီ ဝယ်ပြီး ကျောင်းထောင့်က ရေစင်ကြီး အောက်မှာ ထိုင် စကားပြောကြတယ် ။ မုန့်စားရင်းနဲ့ ကြည့်ရတဲ့ ရုပ်ရှင်အကြောင်း ၊ မင်းသားမင်းသမီးအကြောင်း ၊ သီချင်းအကြောင်း ၊ သူ့ အိမ် အကြောင်း ၊ ကိုယ့် အိမ် အကြောင်း ခံစားမှုလေးတွေကို လူကြီးလေးတွေလို ပြောဖြစ်ကြတယ် ။ တစ်ခါတလေတော့လည်း ရုပ်ရှင်ဖွက်တမ်း ၊ စကားထာဝှက်တမ်းပေါ့ လေ ။

ကျွန်မက အိမ်က အဘွား အကြောင်း ပြောပြဖြစ်တယ် ။ အဘွားက ချောလှ သလောက် အရိုက် ကြမ်းတယ် ။ ကျွန်မတို့ ညီအစ်မ လေးယောက်မှာ ကျွန်မကို အနှိမ်ဆုံးပဲ ။ တစ်အိမ်လုံးမှာ ကျွန်မ တစ်ယောက်တည်း အသားမည်းပြီး အဖေ့ဘက်က အမျိုးတွေနဲ့ တူတယ် ဆိုပြီး မချစ်ဘူး ။ ကျွန်မမို့ အပြစ် ရှိပြီလား ဆိုရင် အပြစ်နဲ့ အဆမတန် ရိုက်နှက်တတ်တယ် ။ ခိုင်းတဲ့ ကောင်မလေးကိုလည်း မတရား နှိပ်စက်တယ် ။ ကျွန်မ အိမ်မှာ မပျော်ဘူး ၊ မနေချင်ဘူး ၊ ကျောင်းမှာပဲ ပျော်တယ် ။ အဲဒါလေးတွေ ပြောပြတာပေါ့လေ ။

ကျောင်းပိတ်ရက် တစ်ရက် မနက်ခင်းမှာ
ပေါ့ ။ အဘွား တစ်ယောက် ဈေးထဲ ကနေ ဒေါကန်ပြီး ပြန်လာတယ် ။ ကျွန်မ လက်ကို ဆောင့်ဆွဲပြီး ..

“ အသားမည်းမ လာဦး ၊ နင်က ငါ့အကြောင်း မကောင်းလျှောက် ပြောတယ်ပေါ့လေ ။ နင့် သူငယ်ချင်း မြမြသိန်း က ငါ့ကို ပြောလိုက်တယ် ။ ငါ က အရိုက်ကြမ်းတယ် ၊ အပြစ် မရှိ အပြစ်ရှာတယ် လို့ ပြောတယ်ဆို ။ အိမ်မှာ မနေချင်ဘူး ပြောတယ်ဆို ။ ဟို အတန်းကို သွားနေပါလားဟဲ့ ။ သွားမလား ဟဲ့ ... ကောင်မ ။ ငါ့ အကြောင်း အပြင်မှာ ဖောက်သည်ချတဲ့ ကောင်မ ။ ပြောဦးမလား ငါ့အကြောင်း ၊ ပြောဦးမလား ”

ကျွန်မကို အခန်းတံခါး ပိတ်ပြီး ရိုက်တာ သူ မောမှပဲ ရပ်တော့တယ် ။ တံမြက်စည်းလည်း ကျိုးသွားတယ် ။

အဲဒီလို ဘဝမှာ သူငယ်ချင်း ဆိုတာ သစ္စာမဲ့ခဲ့တယ် ။

•••••   •••••   •••••

တက္ကသိုလ် ဆိုတာ ကျွန်မ အတွက် အရာရာ ပျော်စရာကြီးပါပဲ ။ ဘတ်စ်ကား ကျပ်တာလည်း ပျော်စရာ ၊ စပယ်ယာ ငေါက်ငမ်းတာ လည်း ပျော်စရာ ၊ အတန်း လစ်ရတာလည်း ပျော်စရာ ၊ ကျောင်းလခ ကြွေးကျန်တာလည်း ပျော်စရာပဲပေါ့ ။

ကျွန်မက စကားနည်းပြီး ဘာသိဘာသာ နေတတ်တဲ့ သူ ။ အလိုက် မသိတတ်တဲ့ သူ ။ မိသားစုနဲ့လည်း သီးသန့် ဆန်ဆန် နေတတ် တော့ ခင်မင်တွယ်တာမှုတွေ ၊ ကြင်နာမှုတွေ ဆိုတာ ကျွန်မနဲ့ သူစိမ်း ဆန်ဆန် ပါပဲ ။ ဘယ်သူ့ကိုမှ မချစ်တတ် ၊ မကြင်နာ တတ်တဲ့ ကျွန်မက မေဂျာတူ သူငယ်ချင်း ငါးယောက်ကို အရမ်း ခင်တွယ် သွားခဲ့တယ် ။ သူတို့နဲ့ပဲ ကျွန်မရဲ့ တစ်နေ့တာတွေ ကုန်ဆုံးလို့ သူတို့စိတ်နဲ့ ကျွန်မကိုယ် ဖြစ်ခဲ့ရတယ် ။

အမြဲ တတွဲတွဲနဲ့ မခွဲဘဲ နေလာကြတဲ့ ကျွန်မတို့ဟာ တတိယနှစ်မှာ ယောက်ျားလေး တစ်ယောက်ကို အတူတူ စိတ်ဝင်စားခဲ့ကြတယ် ။ ကျွန်မတို့ရဲ့ နေ့စဉ် စကားဝိုင်းဟာ သူ့ရဲ့ အကြောင်းများနဲ့ ရင်ခုန် ၊ ပျော်မြူး ၊ ငြင်းခုံရဖန် များလာတော့ သူ့ရဲ့အကြည့်များက ကျွန်မတို့ အုပ်စုဆီ ရောက်ရောက်တတ်လာတော့ အားလုံး သဘောတူညီချက် ယူရတော့တယ် ။ သူက ကျွန်မတို့ အုပ်စုထဲက တစ်ယောက်ယောက်ကို စိတ်ဝင်စားခဲ့ရင် ကျန်တဲ့သူတွေက မနာလို မဖြစ်ကြေး ဆိုတာကိုပေါ့ ။ ဒီသဘော တူညီချက်ကို ကျွန်မက လွဲလို့ ဘယ်သူမှ မလိုက်နာကြဘူး ဆိုတာ သိရှိလိုက်ရတဲ့ အချိန်မှာတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပြီလေ ။

သူက ကျွန်မကို စိတ်ဝင်စားခဲ့တယ်တဲ့ကွယ် ။ သူတို့ဆီက အကူအညီ တောင်းခဲ့တာ တွေကို ကျွန်မကို ပြောမပြ ၊ ကျွန်မက စိတ်မဝင်စားကြောင်း လုပ်ကြံပြီး သွားပြောကြ ၊ ကျွန်မနဲ့ သူ မဆုံမိအောင် အမျိုးမျိုး ဖန်တီးကြနဲ့ ၊ ကျွန်မတို့ နှစ်ယောက်ရဲ့ ရိုးသားမှုတွေကို စော်ကားခဲ့ကြတယ် ။ ကျွန်မမှာတော့ သူ့ဆီက စကားလေး တစ်ခွန်း ၊ စာလေး တစ်စောင်များ  ရမလားလို့ သူငယ်ချင်းတွေ မသိအောင် တိတ်တိတ်လေး မျှော်လိုက်ရတာ ။ ဘုရား ... ဘုရား ... ကျွန်မ ဒီလို သူငယ်ချင်းမျိုးတွေကို တခုတ်တရ တွယ်တာခဲ့မိပါလား ။ သူငယ်ချင်း ဆိုတဲ့ ဝေါဟာရနဲ့ မတန်တဲ့ သူတို့တွေကို ကျွန်မက ကိုးကွယ်လွန်းခဲ့သတဲ့လေ ။ ကျွန်မ အတော်မိုက်မဲခဲ့တာပဲ ။

သူက ကျောင်းသာ ပြီးဆုံး သွားတယ် ။ ကျွန်မကို စကားလေး တစ်ခွန်း ဒါမှမဟုတ် နှုတ်ဆက်စကားလေးတောင် ပြောဖော် မရတော့ ကျွန်မ သူ့ကို မမျှော်တော့ဘူးလေ ။ ကျွန်မကို စိတ်မဝင်စားဘူးလို့ပဲ ထင်ခဲ့မိတယ် ။ ကျွန်မ ကျောင်းအပြီးမှာ ကျွန်မကို စွဲစွဲမြဲမြဲ လိုက်နေတဲ့ ကောင်လေး တစ်ယောက်ရဲ့အချစ်ကို လက်ခံလိုက်တယ် ။ သူနဲ့ပဲ လက်ထပ်ခဲ့တယ် ။ ကျွန်မကတော့ ကျွန်မ ဘဝကို ကိုယ့်ဘာသာ ဖန်တီးခဲ့သူ ၊ ပိုင်စိုးခဲ့သူ အဖြစ် အမြဲ ကျေနပ် ဂုဏ်ယူနေခဲ့တာ ။ အခုတော့ သွားပါပြီ ။ ကျွန်မဘဝ ၊ ကျွန်မရဲ့ ကံကြမ္မာကို သူတို့က ဖန်တီးခဲ့ကြပြီ ။ အမြဲတမ်း စိတ်သွားရာ ကိုယ်ပါ တတ်တဲ့ ကျွန်မက သူတို့ ရဲ့ အဖန်တီးခံ ဖြစ်ရတယ်တဲ့လေ ။ ကျွန်မ ရှက်လိုက်တာ ၊ ရှက်လွန်းလို့ ရှင်သန်နေတဲ့ ကျွန်မရဲ့ စိတ်တွေ သေဆုံးသွားခဲ့ပြီ ။

အဲဒီလို သူငယ်ချင်းဆိုတာ နှလုံးသားကို သေစေခဲ့တယ် ။

•••••   •••••   •••••

အဲဒီလို ကျွန်မကပဲ နုံချာ လွန်းတာလား ၊ ကံတရားရဲ့ ရက်စက်မှုကြောင့်လားတော့ မသိပါဘူး ။ ဆူးပင်နဲ့ တူတဲ့ သူငယ်ချင်းတွေ ရခဲ့ရတယ် ။ နှစ်တွေ ကြာခဲ့ပြီ ဆိုပေမယ့် ကျွန်မ ရခဲ့တဲ့ ဒဏ်ရာတွေကို တော့ ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး ။ နောက်ထပ်လည်း ကျွန်မ ဘဝမှာ ဆူးပင်တွေ ဘယ်နှစ်ပင်လောက် ပေါက်ဦးမလဲ ဆိုတာ မသိနိုင်ပေဘူးလေ ။ ဘယ်လောက်ပဲ များများ ဂရုစိုက်စရာတော့ မလိုတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ခံစားတတ်တဲ့ ကျွန်မရဲ့ နှလုံးသားလေးက ဆူးဒဏ်ရာ ဗရပွနဲ့ သေဆုံးသွားခဲ့တာ ကြာခဲ့ပြီလေ ။  ။

◾ခွန်းဆင့်သူသူ
📖 မဟော်သဓာ မဂ္ဂဇင်း
      ၂ဝဝ၆ ခုနှစ်

ဆေးရုံကို

❝ ဆေးရုံကို ❞
    ( ပီမိုးနင်း )

ဖေပုသည် ကောလိပ်မှ ထွက်ပြီးနောက် လွတ်လပ်ခြင်း၏ အရသာကို ခံစားကာ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ အရပ်ရပ်ကို လှည့်လည်၍ နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးနီး ရှိခဲ့လေ၏ ။

အရပ်ရပ်ကို လှည့်လည်ခြင်းမှာ နဂိုက လွန်စွာ လွင့်ပါးလိုသော စိတ်ကြောင့် မဟုတ် ။ မိတဆိုးဖတဆိုး ရင်းနှီးသူ ဆွေမျိုးတို့၏ မျက်စိအောက်၌ ကြီးခဲ့သူ ဖြစ်လေရာ ထိုရင်းနှီးသူ ဆွေမျိုးတို့မှာလည်း အများအားဖြင့် အစိုးရအမှုထမ်း ရာထူးဌာနန္တရ ရှိသူများ ဖြစ်ကြသဖြင့် ဦးလေးက တစ်ရွာ ၊ ဦးကြီးက တစ်မြို့ ၊ အရီး အဒေါ်တို့က တစ်ရပ် ၊ သားချင်းပေါက်ဖော် ညီအစ်ကို မောင်နှမတို့က တစ်နယ် တကွဲတပြား နေထိုင်လုပ်ကိုင် လျက် တာဝန်ဝတ္တရားအလျောက် ရန်ကုန်မြို့ စက္ကတေရီ ရတ်ဟု ခေါ်သော အစိုးရသံပတ်ကြီး လှည့်ပတ်ရာကို ရောက်၍ နေကြရကား ၎င်းတို့ရှိရာ ရေး ၊ မြိတ် ၊ ထားဝယ် ၊ တနင်္သာရီ ၊ ရခိုင် ၊ ဒေးဒရဲ ၊ ဖျာပုံ ၊ သူပုန်ရပ်ရွာ ၊ သာယာဝတီ ၊ ပေါင်းတည် မှစ၍ မြေလတ်အညာ မြစ်ညှာ ချင်းတွင်း ၊ ဟုမ်းမလင်းကင်းတပ် ၊ ရှမ်းရပ်ရှမ်းရွာ အညာ အကြေ ၊ မြန်မာပြည် အောက်အထက် ၊ ဆွေမျိုးသားချင်းတွေ ရှိသလောက် တောက်တက် ယောက်ယက်ခတ်ကာ သွားလာလှည့်ပတ်ခဲ့ရာ နောက်ဆုံး၌ အလုပ်ကလေး အကိုင်ကလေးများကို စ၍ လုပ်ရန် အခါလည်း သင့်တော်လေပြီဟု အောက်မေ့ကာ ရန်ကုန်မြို့ ဝင်ဆာလမ်း အငြိမ်းစား ဝန်ထောက်ကြီး ဦးမြင့်သိန်း၏ အိမ်သို့ ရောက်၍ နေခိုက်တွင် ထိုထူးခြားသော အဖြစ်အပျက်နှင့် တွေ့ကြုံရသည်ကား ယခုလို ဆောင်းရာသီ နံနက်ခင်း ကြားရသော မော်တော်ကားသံကလေးလျှင် အကြောင်းရင်း ဖြစ်လေသတည်း ။

တူတူတွတ် ။ တူတူတွတ် ။ ရွှစ် - ရွှစ် ဟူသော အသံသည် ချက်ချင်း လွန်မြောက် အော်စတင် ကားစိမ်း ကလေး ပျောက်လုခမန်း ဖြစ်၍ အသွားတွင် ဖေပုသည် ရိပ်ခနဲ မြင်လိုက်ရလေ၏ ။

သို့မြင်လိုက်ရခြင်း၌ ကားကလေး၏ လတ်ဆတ်သော အစိမ်းရောင်နှင့် အလွန်တရာ လှပသော မျက်နှာ ဝင်းဝင်းကလေးသည် ဖေပု၏ မျက်လုံးထဲတွင် မပျောက်ဘဲ ကျန်ရစ်လေ၏ ။ အကြောင်းမူကား ဆေးတံကို မီးညှိရင်း ဝရန်တာ၌ ရပ်ကာ ဂါဝါနာ အိမ်တော်ကြီးကို ရှုမျှော်နေခိုက်မှာ ထိုလျင်မြန်သော ကားကလေးသည် မိမိ၏ ရှေ့တွင် ဖြတ်သန်း၍ သွားမိလေသတည်း ။

ထိုအခိုက် ဦးမြင့်သိန်းသည် ဒူလာရောဂါကြောင့် ဒူးရောင်လျက် မိမိနှင့် မနီးမဝေး ပက်လက်ကုလားထိုင်မှာ ပက်လက်နေခိုက် ဖြစ်လေ၏ ။

“ ဒေါက်တာ သန်းတင်ကား ထင်ပါရဲ့ ။ ကားစိမ်းကလေး မဟုတ်လား ” ဟု ဦးကြီးဖြစ်သူ ဦးမြင့်သိန်းက ဖေပုအား လှမ်း၍ မေးလေ၏ ။

“ ဟုတ်ကဲ့ ဦးကြီးရဲ့ ။ ကားစိမ်းကလေးပဲ ။ ဪ ... ဆရာဝန်လား ရုပ်ဖြောင့်ပဲ ” ဟု ဖေပုက သွေးအရှိန် နီမြန်းသော မျက်နှာနှင့် ဦးလေးအား လှည့်၍ ပြောလေ၏ ။

“ အင်း ... ကုပုံသပုံကလေးကလည်း တော်ပါရဲ့ ။ နာမည်ကလေးကလည်း ကောင်း ၊ ရုပ်ကလေးကလည်း သားသားနားနားမို့ ။ သမားအိုစေ ၊ ရှေ့နေပျိုစေ ဆိုတဲ့ ရှေးစကားနဲ့ ဖီလာကြီး ဖြစ်နေပေတာပလကွယ် ။ အင်မတန် ကုရသရလိုက်ရပေတာပဲ ” ဟု ဦးကြီး ဖြစ်သူ က ပေါ့ပေါ့ဆဆ ပြောပြီး ပက်လက်ကုလားထိုင်မှ ထ၍ အိမ်တွင်းသို့ ချည့်နဲ့ယိမ်းယိုင်စွာ ဝင်၍ သွားလေ၏ ။

ဖေပုမှာကား ထိုစကားသည် မပေါ့တော့ချေ ။ နာမည်ရ ရုပ်ချောဆေးဆရာဝန်တဲ့ ။ အင်မဒီလား ၊ ဘာလား ၊ ဘိလပ်ပြန် ထင်ပါကလား ။ အပျိုကလေးနဲ့ တူတာပဲ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ရ ဆေးဆရာဝန် ဖြစ်နေတဲ့ အမျိုးသမီး ကညာကလေးများဟာ ဘယ်လိုများ နေပါလိမ့်မလဲ ။ အခြား အမျိုးသမီးများနဲ့ အစစ အရာရာမှာ တူမှ တူပါ့မလား ။ အအိုဖြစ်ရင် သူ့လင်က အခုလို တစ်ယောက်တည်း လွှတ်မှာ မဟုတ်ဘူး ။ မိန်းမ ဆရာဝန် ဆိုတာ ။ ယောက်ျားသနာ တော်တော်နဲ့ ယူကြတာ မဟုတ်ဘူး ။ ပညာအားကိုးမို့ တော်တော့ ယောက်ျား များလည်း တိုးနိုင်ဖို့ အခက်သားပဲ ။ ဒီလို အဖိုးထိုက် အဖိုးတန် အမျိုးမှန် အမျိုးသမီးကလေးများကို ငါ့လိုလူ ကြံရလျှင် ရပါ့မလား ။ သူက ဒေါက်တာ ။ ငါက ဘီအေ မအောင်သူမို့ ။ ရဖို့ရန် အခက်သားပါကလား ။ သို့သော်လည်း မြင်လျှင်မြင်ချင်း ခင်မင်ချင်စိတ် မဆိတ်သောင်းကျန်း ငါတည်း ဟူသော ယောက်ျားကို ဖမ်းစားသည့် နိမိတ်လား ။ ရများ ရချင်လို့ပေလား ။ အင်မတန်မှ အဖိုးတန်ပါကလား ။ အင်မတန်မှ မွန်မြတ်ပါကလား ။ အရပ်ရပ် အနယ်နယ်မှာ အလည်လည် အပတ်ပတ် နှံ့စပ်အောင် ရွှေ့ခဲ့ရာ ဤလို မက်စရာကောင်းတဲ့ ကညာပျိုကို တစ်ခါ ဆိုလို့မှ မတွေ့ခဲ့ရပါကလား ။ ဆရာဝန် ဒေါက်တာ ဆိုလို့ မက်တာလား ။ တကယ်ပင် မက်စရာမို့ မက်ရခြင်းလား ။ အသားကလေးက လတ်လတ် ။ ကိုယ်လုံးကိုယ်ပေါက် ကလေးက ပြတ်ပြတ်ကလေးနေမှာ ထင်ပါရဲ့ ။ မျက်နှာကလေးက ဝိုင်းဝိုင်း ၊ ကသိုဏ်းကွက်ပမာ မြင်ရချက် မသက်သာ ခက်ပါပြီကရို့ ဆိုတာ ကျနေပါပေါ့ကလား ။ ငါ မနေနိုင် ငါ မထိုင်နိုင် ။ ငါ ဘယ်အတွက် ဤမျှလောက် စိတ်မနိုင် ဖြစ်ရပါလိမ့်မတုံး ။ ဪ ... ဒုက္ခ ဒုက္ခ ။ ငါ ဘာဖြစ်လို့ ဒါမျိုးနဲ့ တွေ့ရပါလိမ့်မလဲ ။ သူ့မှာ ယောက်ျား မရှိရင် ရည်းစားများ ရှိလေလား ။ ပတ်ပုံ ထုံးပုံကတော့ ဘိုဆန်ဆန် ။ ဒေါက်တာဆိုတဲ့ ဂိုက်ဟန်ကြောင့် ငါတို့လို မြန်မာကိုမှ စိတ်ထဲမှာ ကြံပါ့မလား ။ မတော်တဆ ဘောင်းဘီဝတ် ဆရာဝန် တစ်ယောက်ယောက်က တကောက်ကောက် ကြံ၍များ နေလေမလား ။ သို့ကြံစည်လျှင် ဒင်းကလေးကလည်း ဘို ဆန်ဆန်မို့ ဧကန်ပင် စိတ်ပါပြီး ကိစ္စပြီးလုခမန်းဖြစ်၍ နေလေမလား ။ မြင်လျှင်မြင်ချင်း ထိုမျှလောက် မက်မောခြင်း ဖြစ်ရသည်မှာ နေရာများ ကျချင်လို့ပေလား စသည်ဖြင့် ထွေထွေရာရာ များစွာကျိုးကြောင်း ဆိုးအကောင်းတို့ကို တွေးပေါင်းများစွာ တွေးတောကာ နေရရှာလေတော့သတည်း ။

သို့ တွေးတော၍ နေခိုက်မှာပင် တူတူတွတ် တွတ်တွတ် တူ ဟု မြည်ကာ နံနက်ခင်း နေရောင်ခြည်တွင် မြတုံး မြခဲလို မိုးသိကြားက ဒိုးကစား၍ လွှတ်လိုက်သလို ထိုအော်စတင်ကား အစိမ်းကလေးသည် ပျံလွှားလို လေထဲတွင် လွင့်ပါးကာ ဖြတ်သန်း တရကြမ်း ပျံ၍ သွားလေရာ ဒေါက်တာ ဆိုသည့် နတ်ကညာကလေး၏ မျက်နှာကို ဖေပုသည် သေသေချာချာ ဘယ်အခါမျှ မမေ့နိုင်အောင် ကြီးစွာသော မှတ်သားခြင်းနှင့် မျက်လုံး ဓာတ်ပုံကူးရိုက်၍ ယူလိုက်မိလေသတည်း ။

ထို့နောက် ဒေါက်တာ သန်းတင် ။ ဒေါက်တာ သန်းတင်ဟု တွေးတောဆင်ခြင် ထင်မြင်ရင်း ဦးကြီး၏ ပက်လက်ကုလားထိုင်၌ ထိုင်ကာ ကမ္မဋ္ဌာန်း ဝင်၍ နေရာတွင် ဒေါက်တာသန်း ၊ ဒေါက်တာသန်း ၊ ဒေါက်တာတင် ၊ ဒေါက်တာတင် ။ တောက်တာတင် တောက်တာတင် စသည်ဖြင့် ။ တောက်ခေါက်ကာ ဆင်ခြင်ရင်း အင်မတန်ကြီး အပြင်းအထန် အတင်းပင် ကြံချင်သလို ဖြစ်ရရှာလေတော့သတည်း ။

သို့နေလေရာ ပက်လက်နေရာမှ ထ ၊ ထရာမှ ထိုင် ၊ ထိုင်ရာမှ ရပ် ၊ ရပ်ရာမှ လမ်းလျှောက်ကာ ဒေါက်တာ ဒေါက်တာ တောက်တာ တောက်တာ ။ ငါ အဘယ်ပုံ ကြံရပါ့မတုံးဟု ။ နုံးခွေမောပန်းကာ ပက်လက်ကုလားထိုင်မှာ ပြန်၍ ထိုင်ရရှာလေသတည်း ။

သို့နေရင်း အကြံတစ်ခု ပေါ်ပေါက်၍ လာသည်ကား အောက်ပါအတိုင်းပေတည်း ။

ဤဒေါက်တာသန်းတင်ထံ ငါ အရောက်သွားမည် ။ အတွင်းရောဂါ တစ်ခုခုနှင့် ရမယ်ရှာပြီး ငါ့ကို အစမ်းသပ်ခိုင်းမည် ။ ခေါင်းကိုက် နှာစေး ရောဂါ ၊ ဝမ်းဗိုက်ထဲမှာ သရိုးသရီ ဖြစ်တဲ့ အနာ ။ “ အပင်ဒီဆိုက် တစ် ” ရောဂါဆိုလျှင် ဆရာဝန်တို့ သဘာဝ ရှိတာကို မသိတတ်ပေမယ့် မရှိတာကို သိအောင် လုပ်လျှင် သိချင်လျှင် သိမှာပဲ ဟူသော အတွေးအကြံ ဖြစ်လေ၏ ။

သို့ဖြစ်သောကြောင့် နောက်တစ်နေ့ မြို့ထဲ ဖေပု ရောက်၍လာပြီး ဒေါက်တာသန်းတင်၏ နေရာကို စုံစမ်းကာ ဆူးလေဘုရားလမ်းသို့ ရောက်၍ လာပြီးလျှင် ဒေါက်တာ သန်းတင်၏ ဆေးတိုက်သို့ ရောက်၍ သွားလေ၏ ။

ကရင်မကလေး တစ်ယောက်က “ ဒေါက်တာ နေမကောင်းလို့ ဖြည်းဖြည်းလျှောက်ပါ ။ ဒီဘက်က ကြွပါ ” ဟု ပြောလေရာ အင်း ... ဒေါက်တာ နေမကောင်းလို့ ဆိုပါကလား ။ အင်မဒီ ဟုတ်မယ့် လက္ခဏာ မရှိဘူး ။ ဆိုင်းဘုတ်ကလည်း နောက်မြီးမပါ ။ ဒေါက်တာ ကိုယ်တိုင် နေမကောင်းရင် တော်တော်ဖြင့် စွမ်းပုံရတာပဲ ။ ငါ့ ရောဂါကို ငါပြောတိုင်း ဖြစ်မည့် လက္ခဏာပဲ ။ နိမိတ်လက္ခဏာ ကတော့ အတော်ပင် ကောင်းပေတာပဲဟု တွေးတောရင်း ကရင်မကလေး၏ နောက်သို့ လိုက်၍ သွားပြီး ဧည့်ခန်း၌ ထိုင်ကာ ခြောက်လကျော် ဟောာင်းနွမ်းသော သတင်းစာများကို တစ်ယောက်တည်း ဖတ်၍ နေရလေ၏ ။

ငါ အဘယ်နည်း အဘယ်ပုံ မူရာဆောင်ရပါ့မလဲ ။ ငါ့ရင်ဘတ်ကို သူ့လက်ချောင်းကလေးများနဲ့ တီးခေါက်ပြီး စမ်းလေမလား ။ ဆီးစပ်မှ နားကြပ်ထောက်ပြီး နားကပ်ကာ ထောင်လေမလား ။ အဘယ်နေရာက နာတယ်လို့ ပြောရပါ့မလဲ ။ ခေါင်းကိုက်ရိုးရိုးဆိုရင် နားကြပ်တွေ ဘာတွေနဲ့ သေသေချာချာ စစ်မှာ မဟုတ်ဘူး ။ သေသေချာချာ ခပ်ကြာကြာကလေး အစစ်ခံရပြီး မေးလိုက် ဖြေလိုက်နဲ့ ပြောရဆိုရမှ လာရကျိုးနပ်မှာပဲ ။ မြန်မြန်ကြီး ပျောက်လွယ်မယ့် ရောဂါ ဖြစ်ရင်လည်း ထပ်ကာထပ်ကာ တွေ့ရဖို့ အခက်သားပဲ ။ ရောဂါတော့ ခပ်ကြီးကြီး ခပ်ခက်ခက်ကလေး ဖြစ်ဟန်ဆောင်မှ နေရာကျမှာပဲ ။ ဘာနာလို့ ပြောရပါ့ ။ ဂေါ် ဟင် ... ဒါလည်း မကိုက်သေးပါဘူး ။ ငါ့ကို လူဆိုးသူခိုး မှတ်ထင်နေရော့မယ် ။ အင်း ... နေရာကျပြီ ။ အတက်အကျ ရောဂါဆိုရင် ဟန်မှာပဲ ။ ဒင်းသိမှာ မဟုတ်ဘူး ။ နေရာမှ ကျပါ့မလား ။ အတက်အကျဆိုတာ မီးယပ်များ ဖြစ်နေမလား ။ ဘာနာလို့ ပြောရပါ့ ။ အင်း ... နေရာကျပြီ ။ ဒူလာမြင်းစရိုက် ဆိုရင် သိမှာ မဟုတ်ဘူး ။ ဒူလာမြင်းစရိုက်ဆိုတာ ခြေသလုံးမှာ ဖြစ်တာနဲ့ တူတာပဲ ။ ဘာ့ကြောင့်လဲ ဆိုတော့ သလုံးမြင်းခေါင်းလို့ ပြောသံ ကြားဖူးတာပဲ ။ ခြေသလုံးကို ပြရင်လည်း အရေးမကြီးဘူး ။ မကြားအပ် ရှေ့နေ ၊ မမြင်အပ် ဆေးသမားတဲ့ ။ ဘာမဆို ငါ ပြချင်ရာကို သင်းဧကန်ကြည့်ရမှာ ဆဲဆဲပဲ ။ သို့သော် ပျိုပျိုရွယ်ရွယ် မိန်းမသားကလေး ဖြစ်လေတော့ ခြေသလုံးလောက်ပဲ ပြဖို့ တော်ထင်ပါရဲ့လေ စသည်ဖြင့် တွေးတောကာ နေလေ၏ ။

ထိုအခိုက်တွင် ဆရာဝန်၏ အခန်းထဲမှ ကု,လားတစ်ယောက် ထွက်၍လာပြီး ခေါင်းညိတ်ကာ ခေါ်လေရာ ဖေပုသည် ရင်ထဲတွင် တထိတ်ထိတ်နှင့် ထ၍ သွားလေ၏ ။ အခန်းအတွင်းသို့ ရောက်လေလျှင် လွန်စွာပင် အံ့အားသင့်၍ နေလေ၏ ။ အကြောင်းမူကား ကျယ်သော စားပွဲ၌ ထိုင်၍ နေသော ဆရာမှာ အသက် လေးဆယ်ခန့် ရှိ သားနားသော ယောက်ျားတစ်ယောက် ဖြစ်၍ နေသည်ကို တွေ့ရှိရလေသတည်း ။

ဖေပုမှာ မြင်လျှင်မြင်ချင်း ဖော့ဖယောင်းပမာ ပျော့ပျောင်း၍ လဲကျတော့မလိုဖြစ်လျက် ကြီးစွာသော စိတ်ပျက်ခြင်းနှင့် မျက်နှာမှာ ညှိုးငယ်၍ သွားလေ၏ ။

ဆရာဝန်သည် ၎င်း၏ မျက်နှာကို မြင်လျှင်မြင်ချင်း အတော်အရေးကြီးသော လူမမာဟု မှတ်ထင်ကာ ကြင်နာသော မျက်နှာနှင့် ကုလားထိုင်ကို ပြပြီး အဖြစ်အပျက်ကို မေးလေ၏ ။

“ ကျွန်တော် ဘာရောဂါဖြစ်သလဲ မသိဘူး ဆရာ ၊ ဟိုဒင်း နေမကောင်းဘူး ဆရာ ” ဟု ပြောလေ၏ ။

“ ဘယ်လို နေမကောင်းသလဲ ”

“ ဟိုဒင်း မြီးညောင်းရိုး ၊ အေးလေ ကျွန်တော် ဘာဖြစ်ပါလိမ့် မဆိုတတ်ဘူး ဆရာ ။ တစ်ဆိတ် စမ်းကြည့်ပါ ”

ဆရာဝန်သည် သားသ,တ်သမား ဓားကို ကိုင်သလို နားကြပ်ကို ကိုင်ကာ ထ၍လာပြီး အပါး၌ ရပ်လာကာ ရှပ်အင်္ကျီ ကြယ်သီးများကို အဖြုတ်ခိုင်းပြီး ဖေပု၏ တောင့်တင်းသော လက်ဝှေ့သမား ရင်ဘတ်ပေါ်သို့ နားကြပ်ကို ကပ်တင်လေ၏ ။

“ အသက်မှန်မှန်ရှူ ၊ ဟုတ်ပြီ ”

ဆရာဝန်သည် နားထောင်၍ ပြီးသောအခါ အလွန် တရာ သနားကြင်နာသော အမူအရာနှင့် ရပ်ကာ ကြည့်ပြီး ဦးခေါင်းကို ခါလျက် မိမိ၏ နေရာသို့ ပြန်၍ ထိုင်ပြီး လေးနက်သော အသံဖြင့် -

“ ဘာပြုလို့ အခုမှ လာသလဲ ။ တယ် ပေါ့တာကိုး ။ အပ်နဲ့ ထွင်းရမှာ ။ တူးရွင်းနဲ့ တူးရခါနီးမှ လာတာကိုး ” ဟု ပြောလေ၏ ။

“ ကျွန်တော် အပင်ဒီဆိုက်တစ် မဖြစ်ပါဘူး ထင်တယ် ဆရာ ”

ဆရာဝန်သည် သနားကြင်နာစွာ ပြုံးလျက် ဦးခေါင်းကို ခါလေ၏ ။

“ သေသွားလိမ့်မယ် ။ ပေါ့ပေါ့ဆဆ မအောက်မေ့နဲ့ ။ အခု ဆေးရုံကြီးကိုသွား ။ ဒီက စာရေး ပေးလိုက်မယ် ”

“ ဆေးပေးပါ ဆရာ ။ ကျွန်တော် မခွဲပါရစေနဲ့ ။ ကျွန်တော် ကြောက်လွန်းလို့ပါ ”

“ ခွဲရလိမ့်မယ် ။ ကျုပ် ဆရာဝန် ၊ ကျုပ် လူမမာ တစ်ယောက် တစ်ခုခု ဖြစ်သွားမှာ အင်မတန် စိုးတယ် ။ အရေးကြီးတဲ့ လူမမာ တစ်ယောက်ကို ကျုပ် သေအောင် လွှတ်မထားနိုင်ဘူး ။ ကျုပ် တာဝန်ဖြစ်မယ် ။ ဆေးရုံကြီးကို သွားပါ ။ မတော်တဆ ခင်ဗျားမှာ တစ်ခုခု ဖြစ်ရင် ဘယ်ဆရာ ကုသလဲလို့ မေးကြလိမ့်မယ် ။ သည်တော့ ကျုပ် နာမည်ပျက်မယ် ။ အခု ဆေးရုံကြီးကို သွားပါ ။ ကျုပ်က ရိုးရိုးပဲ ။ ကျုပ် နိုင်ရင် ကိုယ်တိုင် လုပ်ပါတယ် ။ ကျုပ် မနိုင်ရင် ဆေးရုံကြီးကို ပို့တာပဲ ။ နောက်မှ ခင်ဗျား ကျေးဇူးတင်မှာ ” ဟု ပြောလေ၏ ။

ဖေပုမှာ များစွာ စိတ်အိုက်၍ နေလေ၏ ။ ငါ အိမ်က အလာမှာ လုံချည်ကို နှင်းဆီကိုင်း ငြိပြီး ဆွဲတဲ့ နိမိတ်ဟာ ဒီလို ဖြစ်ချင်တဲ့ နိမိတ် ထင်ပါရဲ့ ။ ထင်တာနဲ့ မြင်တာ ကွာလွန်းတဲ့ အပြင်မှာ အလကားသက်သက် ဝမ်းဗိုက်ကို အဖောက်ခံရဖို့ကိန်း ကြုံ၍ နေပါကလား ကရို့ဟု တွေးတော ဆင်ခြင်၍ နေလေ၏ ။

အတိအလင်း ဖွင့်၍လည်း မပြောဝံ့ ။ ဆရာဝန် ကလည်း အတင်းစွဲ ငြင်းဆန်၍ အတင်းပြန်လျှင် ဖြစ်သော်လည်း အလွန်တရာမှ စိုးရိမ်ကြောင့်ကြဟန် လက္ခဏာ ရှိသော ဆရာကို ငြင်းဆန်ရန် ခက်၍ နေလေသတည်း ။

ဆရာ “ မကြောက်ပါနဲ့ ။ အခုလို စောစောခွဲရင် အလွန်ဆုံး တနင်္ဂနွေ တစ်ပတ်လောက်ပဲ ဆေးရုံမှာ နေရမယ် ။ ငွေမကုန်ရပါဘူး ။ ဆရာလည်း မကြာမကြာ လာပြီး ကြည့်ပါ့မယ် ။ ဆရာ့ဆီ ရောက်လာသူ တစ်ယောက် တစ်ခုခု ဖြစ်မှာကို အင်မတန် စိုးရိမ်လို့ပါ ။ ဒီဆေးအတတ်ကို စပြီး သင်ကတည်းက ကယ်နိုင်သမျှ အသက်ကို ငွေရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ကယ်ပါ့မယ် ဆိုတဲ့ အဓိဋ္ဌာန် ထားရှိခဲ့လို့ပါ ။ ခင်ဗျားကို ဘယ်နည်းနဲ့မှ သေဖို့ အခွင့်မပေးနိုင်ဘူး ။ ခင်ဗျားကိုယ်တိုင် သေချင်လို့တောင် မသေစေရဘူး ။ ခင်ဗျား ဆေးရုံကြီးကို အခုချက်ချင်း သွားရမယ် ။ ကျုပ် ကားနဲ့ ပို့မယ် ” ဟု ပြောပြီး ခေါင်းလောင်းကို နှိပ်လေ၏ ။

ဒရဝမ်ကုလား ဝင်ရောက်၍ လာလေရာ “ မွေးနီ ကိုဘိုးလောင်း ” ဟု ပြောလေ၏ ။

မကြာမီ အလွန်လှပသော မိန်းမပျိုကလေး တစ်ယောက် ဝင်ရောက်၍ လာရာ မိမိ ယမန်နေ့က ကားစိမ်းကလေးနှင့် မြင်လိုက်ရသော မိန်းမပျိုကလေး ဖြစ်၍ နေလေရာ ငေးစိုက်ကာ ကြည့်၍ နေမိလေ၏ ။

ဆရာက ကြောက်ရွံ့၍ ကြည့်သည် မှတ်ထင်ကာ ကျောကို ပုတ်လျက် “ မကြောက်ပါနဲ့ ၊ ဟောဒီက ဆရာမ ကိုယ်တိုင် လိုက်ပို့ပါစေ့မယ် ။ အရင် ဒပ်ဖရင်မှာ မေထရန် ပဲ ။ အခု ဆရာ့ဆီမှာ လူမမာ ပြုစုနေပါတယ် ။ ကိုင်း ... ဆရာမ ၊ ဒီလူမမာကို ဆေးရုံကို တစ်ဆိတ် ပို့ပေးပါ ။ ဒေါက်တာဘရက် ကိုလည်း ဒီစာပေးပါ ။ သေသေချာချာ ဂရုစိုက်ပါစေ ။ အပင်ဒီဆိုက်တစ် ဖြစ်နေတယ် ။ ခု ချက်ချင်း ဗိုက်ကို ခွဲမှ ဖြစ်မယ် ။ ဆရာမ ရောက်အောင် ပို့ပါနော် ” ဟု ပြောလေ၏ ။

ဖေပုမှာ မျှော်လင့်ခြင်း၏ ရောင်ခြည်ကလေးကို မြင်ရသဖြင့် မျက်နှာမှာ လင်း၍ လာပြီး “ နို့ ဆရာ့ဖီးစ် ” ဟု ပြောကာ အင်္ကျီအိတ်ထဲကို နှိုက်လေရာ ဆရာဝန်က “ ကိစ္စ မရှိပါဘူး ။ နောက် ဆေးရုံက ဆင်းတော့မှ ဘီ ပို့လိုက်ပါ့မယ် ။ လူ့အသက်က ငွေထက် အရေးကြီးပါ တယ် ။ ကိုင်း ဆက်ဆက် ရောက်အောင် သွားပါ ” ဟု ပြောပြီး လွှတ်လိုက်လေ၏ ။

မကြာမီ ဆရာမကလေးနှင့် ယှဉ်ကာ ကားစိမ်းလေး အပေါ်တွင် ပါ၍ သွားလေရာ ဖေပုက စ၍ ပြောလေ၏ ။

“ ဆရာမရဲ့ တကယ် ခွဲရတော့မှာလား ။ ကျုပ်မှာ ဘာမှ မဖြစ်ပါဘူး ”

ဆရာမက ၎င်း၏ မျက်နှာကို အံ့အားသင့်သော အမူအရာနှင့် မော်၍ ကြည့်ပြီး “ ရှင် ဘာပြောတယ် ၊ ဆရာ သန်းတင် ဘယ်တော့မှ မမှားဘူး ” ဟု ပြန်၍ ပြောလေ၏ ။

“ တကယ်ပြောတာပါ ဆရာမရဲ့ ။ ဘာမှ မဖြစ်ပါဘူး ။ ဆရာ မှားတာပါ ”

“ ရှင် ဘယ့်နှယ် ပြောတာလဲ ” ဟု ပြောကာ ဆရာမသည် ကားကိုသာ ဆက်၍ မောင်းလေ၏ ။

“ ဒီလိုပါ ဆရာမရဲ့ ။ ကျုပ် ဆရာကို လာပြီး ညာတာပါ ။ ဘာမှ မဖြစ်ပါဘူး ”

“ ရှင် ဘာပြောတာလဲ ”

“ အဟုတ်ပြောတာပါ ဆရာမရဲ့ ။ တစ်နေ့က ဆရာမ ကားကလေးနဲ့ သွားတာကို ဝင်ဆာလမ်းမှာ မြင်မိတာနဲ့ ဘယ်သူ့ကားလဲလို့ မေးကြည့်တော့ ဒေါက်တာ သန်းတင်ကားလို့ ပြောတာနဲ့ ဆရာမကို ဒေါက်တာ သန်းတင် မှတ်ထင်ပြီး တွေ့ ချင်လို့ လူမမာ ဟန်ဆောင်ပြီး လာတာပါ ။ တကယ် ဘာမှ မဖြစ်ပါဘူး ”

ဆရာမသည် ၎င်း၏ မျက်နှာကို အံ့အားသင့်လျက် ကြည့်၍ နေလေ၏ ။

ထိုအခိုက်တွင် ဖေပုသည် မော်တော်ကား လက်ကိုင်ဘီးကို ကိုင်၍ ထားသော ဆရာမ၏ လက်ကို ကိုင်ကာ “ ဆေးရုံကို မသွားပါနဲ့ ။ ကန်တော်ကြီးဘက်ကို လှည့်ရအောင် ဆရာမရယ် ” ဟု ပြောလေ၏ ။

ဆရာမကလေး၏ မျက်နှာမှာ ထူးခြားသော အမူအရာ ဝင်ရောက်၍ လာလေ၏ ။ ဆရာမကလေး၏ မျက်လုံးများသည် ဖေပု၏ မျက်လုံးများနှင့် ခဏကလေး မျက်ကြောခြင်း ငြိသလို ဖြစ်လေ၏ ။

ရမ်းဗြဲဟု မြည်သော ကားကြီး တစ်စင်းသည် လမ်းမတော် ဘက်မှ တက်၍ လာလေရာ ဆရာမ သတိရပြီး ရှောင်လိုက်လေ၏ ။ ကားစိမ်းကလေးသည် လမ်းနံဘေး တာမြောင်းထဲသို့ မယ်ပဋာမြေလူး ဇာတ်ကို ပြရင်း လှိမ့်ဆင်း၍ သွားလေရာ သတိရသောအခါ ဖေပုမှာ ဦးခေါင်း လက်မောင်းများမှာ ပတ်တီးများ စည်းလျက် ဆေးရုံ ခုတင်ပေါ်၌ မိမိကိုယ်ကို တွေ့ ရှိရလေသတည်း ။

အတန်ကြာမှ ဖြစ်ပျက်ပုံကို ရေးရေးမျှ တွေးမိလေ၏ ။ အပါး၌ ရပ်၍ နေသူမှာကား ဒေါက်တာသန်းတင် ကိုယ်တိုင် ဖြစ်သည်ကို တွေ့မြင်ရလေ၏ ။

( ဆရာ ) “ ကိစ္စမရှိပါဘူး ၊ ဒဏ်ရာ မကြီးပါဘူး ။ ဗိုက်ခွဲဖို့ကိစ္စ နည်းနည်းကလေး ချိန်းရွှေ့ဖို့ ရှိတာပဲ ။ သည့် အတွက်လည်း ဆရာဝန်ကြီးက အင်မတန်ကြီး မစိုးရိမ် ရဘူးလို့ ပြောပါတယ် ” ဟု ဒေါက်တာသန်းတင်က ပြောလေ၏ ။

“ ဆရာမကလေးကော အင်မတန် နာသွားသလား ဆရာ ” ဟု ဖေပုက မေးလေ၏ ။

“ မနာပါဘူး ၊ နည်းနည်းကလေး တင်ပါးဆုံ ပွန်းသွားရုံပါပဲ ။ ဟော .. လာပြီ ” ဟု ပြောခိုက်တွင် ဆရာမကလေး ရောက်၍ လာလေ၏ ။

ဖေပု “ အများကြီး ဝမ်းနည်းတယ် ဆရာမရယ် ။ ကျွန်တော့်ကြောင့် ဖြစ်တာပါပဲ ”

“ မဟုတ်ပါဘူး ၊ ကျွန်မကြောင့်ပါ ။ ကျွန်မ လမ်းကို သေသေချာချာ မကြည့်မိလို့ ဖြစ်တာပါ ။ တော်တော် နေကောင်းပြီလား ”

“ နေကောင်းပါတယ် ၊ ဆရာမတော့ ကိစ္စမရှိဘူး မဟုတ်လား ”

“ ကျွန်မ ဘာမှမဖြစ်ဘူး ။ ရှင့်အတွက် ကျွန်မ စိတ်ပူနေတာပဲ ”

ဆရာဝန်သည် အလင်းရသော မျက်နှာထားနှင့် ၎င်းတို့ကို ကြည့်ကာ ပြုံးပြီး “ ခင်ဗျားတို့ အာဂနှစ်ယောက်ပဲ ။ တယ်တော်ကြတာပဲ ။ ကျုပ်ကား မတ်ကတ် လိမ်သွားတာသာ ကျုပ် ဘီထဲမှာ ထည့်ရလိမ့်မယ် ”

ဖေပု “ ဆရာ ဘီထဲမှာ ရေးချင်တဲ့ ဂဏန်းကိုသာ ရေးပါ ။ ကျွန်တော့် ဝမ်းဗိုက်ကိုတော့ ချမ်းသာပေးပါဆရာ ။ ဟောသည်မှာ ဆရာမ သိပါတယ် ” ဟု ပြောလေ၏ ။

မကြာမီ ဆရာ ထွက်၍ သွားလေရာ ဆရာမသည် ဖေပု၏ ခုတင်ပေါ်၌ တင်ပါးလွှဲထိုင်ကာ ပြုံးရွှင်ရယ်မော ပြောဆိုကြရာတွင် ဆရာသန်းတင်၏ ကားကလေး၌ မတ်ကတ်ကို ပြင်ပြီး ပြန်၍ မပေးဘဲ အပိုင် ဝယ်ယူပြီး နှစ်ယောက်အတူ သဘောရှိ စီးဖို့ရန် သဘောတူ ဆုံးဖြတ်ချက် ချကြလေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
      မတ် ၁၂ ၊ ၁၉၃၃ 

အထင်


❝ အထင် ❞
( နန်းဧကရီရှင် )

ညနေ ၆ နာရီခွဲနှင့် ၇ နာရီကြား ဆိုရင်ဖြင့် ကျွန်တော် ဒီမှန်ပြတင်း တံခါးအနီး ရောက်လာပြီ ။ မှန်ပြတင်းက မီးဖိုချောင်နဲ့ အိပ်ခန်းကြား ရှိပါတယ် ။ သိတဲ့အတိုင်း ရန်ကုန်မြို့က ကန်ထရိုက်တိုက်ခန်းဆိုတာ အခန်းရယ်လို့ သီးသန့် ဖွဲ့ထားတာမဟုတ် ၊ ဟောခန်းကို ကိုယ့်ဘာသာ ကာရံရတာမျိုး ဆိုတော့ ဧည့်ခန်း ၊ အိပ်ခန်း ၊ ထမင်းစားတာနဲ့ ချက်တာပြုတ်တာက တစ်ခန်းဆက်တိုက်ပဲ ။ ဒီအခန်းလေး ကျွန်တော် စ,ရောက်တော့ ငှားပေးတဲ့ သူငယ်ချင်းက ( ဒီရပ်ကွက်လေးရဲ့ လူကြီးပေါ့လေ ) ရယ်စရာ ပြောပါတယ် ။ ဒီမှန်တံခါးတွေက ညဆို အပြင်က အတွင်းကို မြင်ရတယ် ။ မင်းအင်္ကျီတွေ ဘာတွေ လဲရင် သတိထားတဲ့ ။ ကျွန်တော် ရယ်မောလိုက်ပါတယ် ။ ကျွန်တော်က လူပြိုကြီး တစ်ယောက်ပါ ( စာလုံးပေါင်း မှားတာ မဟုတ်ဘူးနော် ) ။ အိမ်ထောင်ရေး ပြိုကွဲသွားတဲ့ လူတစ်ယောက် ။ ဒါကို ဆိုလိုတာပါ ။ မိန်းမ ထပ်ယူဖို့လား ။ အင်း ... ကောင်း ကောင်းမွန်မွန် အမျိုးသမီးလေးတစ်ယောက် ရရင်တော့ လိုချင်သားဗျ ။ သိတယ် မဟုတ်လား ၊ ယောက်ျားစစ်စစ်တွေအကြောင်း ။ မိန်းမကို စိတ်မဝင်စားတဲ့ ယောက်ျား စစ်စစ်ရှိရင် ပြောဗျာ ။ ခု ကျွန်တော် ပြောမှာကလည်း ယောက်ျားစစ်စစ်ဖြစ်တဲ့ ကျွန်တော့် အကြောင်းဗျ ။

အဲ ... ခုန စကားတောင် ဘယ်ရောက်သွားပါလိမ့် ။

ညနေ ခြောက်နာရီခွဲနဲ့ ခုနစ်နာရီကြားဆို ကျွန်တော် အဲဒီ ပြတင်းနားက မခွာတော့ဘူး ။ ဆိုခဲ့သလို ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုက ကန်ထရိုက်တိုက်လေး တစ်ခုရဲ့ လေးထပ်မြောက်မှာ ကျွန်တော် နေပါတယ် ။ ကျွန်တော့်တိုက်ခန်းနဲ့ ကပ်လျက် အခန်းမှာ အမျိုးသမီးတစ်ယောက် နေပုံရတယ် ။ နေပုံရတယ် ဆိုတာ ခန့်မှန်း ပြောရတာပါ ။ အသေအချာတော့ ကျွန်တော် ဘယ်သိပါ့မလဲ ။ မြို့ကြီးတွေရဲ့ ထုံးစံ ကိုယ့် မျက်နှာချင်းဆိုင် အခန်း တောင် ကူးလူးဆက်ဆံမှု မရှိကြတာ ၊ ဟိုဘက် ဒီဘက် တိုက်ဆို သာဆိုးရောပေါ့  ၊ ခု ခေတ်ဆို ပိုဆိုးရော ။ အိမ်ငှားတွေက ခြောက်လ တစ်ခါ စာချုပ်နေတာ ၊ တချို့ သုံးလ တစ်ခါတောင် ချုပ်ကြသတဲ့ ။ ကိုယ့်တိုက်ခန်းကလို့ မျက်မှန်းတန်းမိရုံရှိသေး ၊ သိပ်မကြာဘူး ပျောက်သွားပြန်ရော ။ ကြာတော့ မှတ်မနေတော့ဘဲ ဘာသိဘာသာ နေလိုက်ရတော့တာပဲ ။

တစ်ရက်ပေါ့ဗျာ ၊ ရုံးက စောပြန်လာတဲ့ တစ်ရက် ကျွန်တော် ထမင်းစားမယ် ဆိုပြီး အဲဒီ့ မှန်ပြတင်းနား ရပ်လိုက်တယ် ။ ပြတင်းပေါက် ကပ်လျက်မှာ ရေအိုးစင်လေး ထားတာကိုး ။ ထမင်း မစားခင် ရေသောက်မလို့လေ ။ ကျွန်တော်က ရေခဲသေတ္တာက ရေကို မသောက်တတ်ဘူး ။ ရေအိုးထဲက ရေကို ခပ်လိုက်ရင်း မျက်လုံးက မျက်နှာချင်းဆိုင်ကို ကြည့်မိလျက်သား ဖြစ်သွားတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ၊ အဲဒီ့မှန်ပြတင်းမှာ အမျိုးသမီးတစ်ယောက် ရပ်နေတာ တွေ့လိုက်တယ် ။ ကျွန်တော် ရုတ်တရက် ကြောင်သွား တာပေါ့ ။ ဘယ့်နှယ် တစ်ခါမှလည်း မတွေ့ဖူးဘူးပေါ့ ။ အသက်က သုံးဆယ်လောက် ။ ဆံပင်လေးကို ကပိုကရိုလေး စည်းလို့ ။ ထူးဆန်းတာက သူ့မျက်လုံးတွေက ကျွန်တော့် အခန်းပြတင်းကို စူးစိုက် ကြည့်နေတာဗျ ။ မှန်ပြတင်း ခြားထားပေမဲ့ ကျွန်တော့် ရင်ထဲ ဘာလိုလိုကြီး ဖြစ်သွားတယ် ။ မရယ်နဲ့လေဗျာ ၊ ခင်ဗျားတို့ကော မိန်းကလေး တစ်ယောက်က ကိုယ့်အခန်းကို စူးစိုက်ကြည့်နေရင် ဘာခံစားမှုမှ မဖြစ်ဘဲ နေမလား ။ ကျွန်တော်ကတော့ ပြောရဲတယ်ဗျို့ ။ မိန်းမနဲ့ ပတ်သက် လို့ ဘာမှ မခံစားရပါဘူးဆို ယောက်ျားမစစ်လို့ပဲဗျ ။

ဒါနဲ့ ရေသောက်ပြီး မယောင်မလည်နဲ့ သေချာ အောင် နောက်တစ်ခေါက် အဲဒီနားကို ထပ်သွားလိုက် တယ် ။ ဟုတ်တယ်ဗျ ။ လက် က တစ်ခုခု လုပ်နေရင်း ကျွန်တော့်ပြတင်းကို မခွာတမ်း ကြည့်နေတာ ။ လက်က တစ်ခုခု လုပ်တယ်ဆိုတာ သူတို့ ပြတင်းပေါက်နားမှာ စားပွဲ တစ်လုံး ရှိပုံရပါတယ် ။ စားပွဲပေါ်က အလုပ် တစ်ခုခုပေါ့ဗျာ ။ ဟင်းရွက် သင်နေတာလား ၊ ဒီအချိန်က ညနေစာ စားချိန်ဆိုတော့ ထမင်း ထည့်နေတာလား ။ စားပွဲက ထမင်းစားပွဲ ဖြစ်မှာပေါ့ ။ ကျွန်တော်လည်း စဉ်းစားတယ် ၊ ဘာကြောင့် ငါ့အခန်းကို ဒီလောက် စူးစိုက်ကြည့်နေရတာလဲပေါ့ ။ သူငယ်ချင်းက ပြောတာတော့ အပြင်က အတွင်းကို မြင်ရတယ်ဆို ။ သူ ကျွန်တော့်ကို မြင်မှာတော့ သေချာတယ်ပေါ့ ။ ဒါနဲ့တောင် ယောက်ျား တစ်ယောက်နေတဲ့ အခန်းကို ဒီလောက် ရဲရဲတင်းတင်းကြည့်ရတယ်လို့ ကျွန်တော့်ရင်ထဲ မတင်မကျနဲ့ အဲဒီ ညက ညစာတောင် မစားနိုင်ဘူး ။ ခေတ်မိန်းကလေးတွေများ တယ်လည်း ရဲတင်းသကိုးလို့ ။ ဘာ .. သဘောမကျဘူးလား ။ ဟုတ်လား ။ ဘယ့်နှယ် ပြောပါလိမ့်ဗျာ ၊ မိန်းမတွေ ရဲတင်းလေ ကျုပ်တို့ ယောက်ျားတွေ ပွလေပဲဗျ ။ သူတို့တွေ ယောက်ျားတွေနဲ့ တန်းညှိချင်လေ ကျုပ်တို့ အနေချောင်လေပဲဗျို့ ။

အဲဒီ့က စ,တာပဲ ၊ ကျွန်တော် ရောဂါရတာ ။

ညနေဆို အလုပ်က စောစောရောက်အောင် ပြန်တတ်လာတယ် ။ ခါတိုင်းဆို သူငယ်ချင်းတွေနဲ့ ဘီယာ သောက် ၊ ဆိုင်ထိုင် ၊ ဆိုင် မထိုင်လည်း အလုပ်ဆင်းတာ နောက်ကျချင်ကျ ။ ခုတော့ မဟုတ် ။ အလုပ်ကို လက်စ သတ်ပြီး အတတ်နိုင်ဆုံး အိမ်ကို ရောက်အောင် ပြန်တယ် ။ ညနေ ခြောက်နာရီနဲ့ ခုနစ် နာရီကြား အိမ်ရောက်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ ။ ကားအင်မတန် ပိတ်တဲ့ အချိန် ။ ဒါတောင် ကျွန်တော်က ရုံးနဲ့ အနီးဆုံးမှာ နေလို့ နောက်ဆုံး လမ်းလျှောက်ပြန်လိုက်ဦး ။ ဟုတ်တယ် ။ တစ်ခါ ကျွန်တော် လမ်းလျှောက်ပြန်ဖူးတယ် ။ အလုပ်နဲ့ အိမ်က လေး ၊ ငါးမှတ်တိုင်လောက် ဝေးတာဆိုတော့ မမီနိုင်တော့ဘူးဆို လမ်းလျှောက်ပြန်တယ် ။

အချုပ်ကတော့ ညနေ ဆို ကျွန်တော် အဲဒီ့ မှန်ပြတင်းနားကို ရောက်ပြီ ။ သူကလည်း ကျွန်တော် ကြည့်နေတာကို သိတယ် ထင်တယ်ဗျ ။ ဒါကြောင့် ဒီအချိန်ဆို အမြဲ ကြည့်နေတာပေါ့ ။ ထူး ဆန်းတာက ညနေ ခြောက် နာရီခွဲကနေ ခုနစ်နာရီကျော်လောက် အထိပဲ ။ ကျန်တဲ့ အချိန်ဆို မတွေ့ရဘူး ။

ကြာတော့ ကျွန်တော် အဲဒီ့ အမျိုးသမီး ရုပ်သွင်ကို မှတ်မိလာတယ် ။

ဖြစ်ချင်တော့ တစ်မနက် ရုံးအသွား ၊ အဲဒီ့ အမျိုးသမီးနဲ့ တိုးပါလေရော ။

••••• ••••• •••••

ကဗျာဆန်ဆန် ပြောရရင် အဲဒီနေ့က နှင်းတွေ ကျနေတဲ့ မနက်ခင်းပေါ့ ။ ရန်ကုန် မြို့မှာ နှင်းမကျတာ ဘယ် လောက်ကြာပြီလဲ ။ ခရစ္စမတ်ကို ချွေးတလုံးလုံးနဲ့ ဖြတ် ကျော်ခဲ့ရတာ ကြာလှပေါ့ ။ တကယ်တော့ ကျွန်တော့် ပုံမှန်ရုံးချိန်က နေမြင့်ပါတယ် ။ ရုံးနားလည်း နီးတော့ အချိန်လည်း သိပ်မပေးရပါဘူး ။ အဲဒီနေ့ကတော့ မနက် ခုနစ်နာရီ ၊ ဆယ့်ငါးပဲ ရှိသေးတာဗျ ။ ခါတိုင်း ဒီအချိန် ကျွန်တော် အိပ်ကောင်းတုန်း ။ မနေ့က မပြတ်တဲ့ လုပ်ငန်းလေး ရှိလို့ ။ အဲဒါလည်း ဟို အမျိုးသမီးကြောင့်ပဲ ။ သူနဲ့ တွေ့ရမယ့်အချိန် နောက်ကျသွားမှာစိုးလို့ လက်စမသတ် ဘဲ ရုံးဆင်းလာရတာ ။ မနက် အမီ လုပ်ပေးမယ်ပေါ့ ။ မနက်ကျ အစောကြီး နိုးနေပါလေရော ။ စိတ်က မဖြောင့်ဘူး ၊ ကျွန်တော်က တာဝန်ကျေတဲ့သူ ဆိုတော့ ။ ဒါနဲ့ ရုံးကို စောထွက်လာတာ ။ ရုံးရောက်မှ လက်ဖက်ရည်လေး ဘာလေး သောက် ၊ မနက်ခင်းစာလေး စားတော့မယ်ပေါ့ ။

လမ်းပေါ်ရောက်တော့ ဒီအချိန် အလုပ် သွားနေကြတဲ့ လူတွေ အများသားပါ့လား ၊ ကျွန်တော့်မှာ တအံ့တသြ ။ အားလုံးက ခပ်သွက်သွက်လေး လှမ်းကြလို့ ။ ကျွန်တော် ကတော့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသူလို ဟိုကြည့် ၊ ဒီကြည့် အေးဆေးပေါ့ ။ ခပ်ဖြည်းဖြည်း လျှောက်ရင်း လမ်းထိပ် ကားမှတ်တိုင်ကို သွားနေတာ ။ လူအတော် များများက ကျွန်တော့်ကို ကျော်တက်သွားကြပါတယ် ။ ရုတ်တရက် ကျွန်တော့် နှာခေါင်းထဲ သင်းပျံ့တဲ့ ရနံ့တစ်ခု ရလိုက်ပါတယ် ။ သိပ်မကြာ ၊ အမျိုးသမီးတစ်ယောက် ကျွန်တော့်ကို ဖြတ်ကျော် တက်သွားပါတယ် ။ ဆံပင် အခွေလေးတွေကို ခပ်လျော့လျော့လေး စည်းထားတဲ့ အမျိုးသမီး တစ်ယောက် ။ ကျွန်တော့်ကို ကျော်အတက်မှာ ခေါင်းလေး တစ်ချက် ငဲ့ စောင်းလို့ ကြည့်သွားပါ တယ် ။ မနက်ခင်းကြီး ကြယ် ကြွေတာ မြင်လိုက်ရသလို ဖျိုးဖျတ်သွားစေတဲ့ ရောင်စဉ်တန်းလေး တစ်ခု ။ ကျွန်တော် သိလိုက်ပါပြီ ။ ဒါ ဟို အမျိုးသမီး ။ ဒါပေမဲ့ တစ်ချက် ငဲ့စောင်း အကြည့်မှာ ခံစားသိမြင် လိုက်ရတာက တည်တင်းတဲ့ မျက်နှာထား ၊ နောက် ဖြတ်သွားတဲ့ လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုး ။ သူ ကျွန်တော့်ကို သိတာ သေချာပါတယ် ။ ကျွန်တော် လုံးဝ မကျေနပ်ဘူး ။ ဒါနဲ့ သူ့နောက်က မလိုက်ဘဲ လမ်းတစ်ဖက်ကို ကူးလိုက်ပါတယ် ။ ပြီး ခြေလှမ်းကို မြန်လိုက်တယ် ။ မိန်းမခြေလှမ်းနဲ့ ယောက်ျားခြေလှမ်းပဲဗျာ ။ သူ့ကို ကျော်သွားပြီး နောက်ကို တစ်ချက် ငဲ့စောင်းကြည့်လိုက်ပါတယ် ။ သူက ကျွန်တော့်ကို ကြည့်မနေပါဘူး ။ ကျွန်တော် ပြုံးလိုက်မိပါတယ် ။ ဒါ မိန်းမတွေရဲ့ မာယာပဲ ။ အသက်သုံးဆယ်ကျော်ရင် မိန်းမတွေဟာ ပိုမာယာများသေး ။ ဒါပေမဲ့ သူက ဖုန်း အပြော မပျက်ပါဘူး ။ ဖယ်ရီကို သူလိုက်မယ့်အကြောင်း ဖုန်းဆက်နေတာ ။ ကျွန်တော်လည်း လမ်းထိပ်ရောက်ရော လမ်းမ တစ်ဖက်ခြမ်းမှာ ဖယ်ရီတစ်စီး ရပ်နေတာ တွေ့ပါတယ် ။ ကျွန်တော် ကြည့်နေတုန်း ဟိုအမျိုးသမီးကတော့ ကားလမ်းကို ခပ်မြန်မြန်ကူးလို့ အဲဒီ ဖယ်ရီပေါ်ကို အပြေးအလွှား တက်သွားပါတယ် ။

ကျွန်တော့် ဘက်ကို ငဲ့စောင်းလို့တောင် ကြည့်မသွား ။

••••• ••••• •••••

အဲဒီနေ့ ညနေကိုတော့ ကျွန်တော် အသေအချာ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။ ညနေ ခြောက်နာရီခွဲကျော်အထိ အရိပ်အယောင် မမြင်ရ ၊ ကျွန်တော့် စိတ်ထဲ ဪ ... မနက်က မသိချင်ယောင် ဆောင်လိုက်တဲ့အတွက် အနေရများ ခက်နေသလားပေါ့ ။ ကျွန်တော့်အတွေး မဆုံး ၊ သူ ကျွန်တော့်မြင်ကွင်းထဲ အလောတကြီး ဝင်လာပါတယ် ။ သေချာ ကြည့်လိုက်တော့ မနက်က ဝတ်စုံနဲ့ ၊ ရုံးသွားတဲ့ အဝတ်အစားတောင် မလဲအားသေး ။ ဪ သူ ရုံးနောက်ကျတာပါ့လားပေါ့ ။ အလောတကြီး ဆိုတာ သူ့ကို ကြည့်ရတာ ပျာယာခတ် နေသလို ထင်ရလို့ပါ ။ ကျွန်တော့် နေရာက ကြည့်ရင် သူနဲ့ တစောင်း အနေလောက်မှာ ရှိတဲ့ လက်ဆေး ဘေစင်ကိုပါ မြင်ရပါတယ် ။ သူက ပန်းကန်ဆေးနေတုန်းကိုတောင် ကျွန်တော့် ပြတင်း ဆီ ခပ်စောင်းစောင်း ကြည့်နေပါတယ် ။ မီးရောင်အောက်မှာ သူ့မျက်ဝန်းတို့ တဖျပ်ဖျပ် လက်လို့ ။ သူ့အပြုံးတို့ ရွှင်မြူးတက်ကြွလို့ ။ တစ်ချက်တစ်ချက် မျက်ဝန်းလေးတွေက ချစ်စရာကောင်းစွာ ငေးရီ လို့ ။ မနက်တုန်းကနဲ့ တခြားစီ ။ တစ်ခါတစ်ခါ ပြတင်းပေါက်က မျက်လုံးမလွှဲဘဲ သူ့ရဲ့ အရှေ့ခန်းကို စကား လှမ်းပြောသေးတယ် ။ ခက်တော့ ခက်ပြီ ။

ဒါနဲ့ ခုနစ်နာရီ ၊ ဆယ့်ငါး လောက်ရှိတော့ အဲဒီ အခန်း မီးမှိတ်သွားပါတယ် ။

••••• ••••• •••••

ဒီအကြောင်း သူငယ်ချင်းကို ပြောပြဖို့ စိတ်ကူးသေးတယ် ။ သူက ဒီရပ်ကွက်သား ရပ်ကွက်လူကြီး မဟုတ်လား ။ အဲဒီ့အခန်းက ဘယ်သူတွေ နေတာလဲ ၊ ဘာလုပ်လဲ စသဖြင့် စပ်စုဦးမလို့ ။ ဒါပေမဲ့ တစ်ရက် သူငယ်ချင်းက ပြောတယ် ။ မင်းလည်း ဒီရပ်ကွက် ရောက်တာ သုံးလေးလ ရှိပြီ ၊ မိတ်ဆွေလေး ရအောင် ငါနဲ့ ဆွမ်းကျွေးတစ်ခု လိုက်ခဲ့ပါ့လားတဲ့ ။ မေးလိုက်တော့ ဟိုအမျိုးသမီးအခန်း ဖြစ်နေတယ် ။

ဒါနဲ့ ကျွန်တော်လည်း အသာလေး လိုက်လာခဲ့တယ် ။ သေချာအောင် စူးစမ်းမယ် ပေါ့လေ ။ သူငယ်ချင်းက ပြောပြတယ် ။ သားအမိနှစ် ယောက်တည်း နေတာ ၊ ရုံး ဌာနတစ်ခုက အရာရှိတစ် ယောက်လို့ ပြောပါတယ် ။ ဒီ ရပ်ကွက်မှာ နေတာ ကြာပြီတဲ့ ။ သူငယ်ချင်းနဲ့တော့ ရင်းနှီးပုံရတယ် ။ ဟိုရောက်တော့ သူငယ်ချင်းက မိတ်ဆက်ပေးပါတယ် ။ ကျွန်တော် သူ့မျက်ဝန်းတွေကို စူးစိုက်ကြည့်လိုက်ပါတယ် ။ သူ့မျက်ဝန်းတွေက ပကတိ တည်ငြိမ်ရင့်ကျက်လို့ ။ ကျွန်တော့်ကိုလည်း လေးလေးစားစားနဲ့ ။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်နေတဲ့ ၊ အဲ ... ကျွန်တော် တွေ့ဖူးနေတဲ့ မျက်ဝန်းမျိုးတော့ မတွေ့ဘူး ။ ကျွန်တော့်ကိုလည်း သိတဲ့ အရိပ်အယောင် ၊ နောက် ရှိုးတိုးရှန့်တန့်လည်း မရှိဘူး ။ ဒါပေမဲ့ မျက်လုံးလေးကတော့ အတော်စားတယ်လို့ တွေးနေမိပါတယ် ။ အဲဒီ့အချိန် သူ့သူငယ်ချင်း အုပ်စုတွေ ထင်ပါရဲ့ ရောက်လာကြတယ် ။ သူ့အမေကြီးကလည်း ခင်ခင်မင်မင်နဲ့ လူကြီးဆိုတော့ စကားတွေ ပြောပေါ့ ။ ကျွန်တော်တို့ကို ဧည့်ခံနေပါတယ် ။

“ ဟဲ့ နင် ညက မီလား”

“ အမယ်လေး ဘယ်မီပါ့မလဲ တာမွေ ရောက်တော့ကို ငါးနာရီ ခွဲနေပြီ ။ ဘယ်ရမလဲ Pyone Play ကို ဖယ်ရီပေါ်မှာ ဒေါင်းပြီး ကြည့်ပစ်လိုက်တယ် ”

ကျွန်တော်တို့ ဝိုင်းနဲ့ ကပ် လျက်မှာ သူ့သူငယ်ချင်းတွေ နဲ့ ပြောနေတာ ကျွန်တော် တစ်ချက် ကြည့်လိုက်တော့ အံ့ဩလှစွာ သူ့မျက်ဝန်းလေးတွေ ရွှန်းစိုလာပါတယ် ။

“ မပြောပါနဲ့တော့ကွယ် ၊ ညနေ ကိုရီးယားကားကို ပြောနေကြတာ ။ အဒေါ့်မလဲ အဲဒီအချိန်ဆို ထမင်းကို ဒရောသောပါး စားရတယ် ။ မကောင်းပါဘူး ။ အငြိုး အတေးတွေကို ဇာတ်လမ်း လုပ်ထားတာ ။ ဒါပေမဲ့ အဆုံးသတ်တော့ ကောင်းသား ၊ မတရားတဲ့ သူက အပြစ်ဒဏ် ခံရတယ် ”

ကျွန်တော် ရယ်ချင်သွားပါတယ် ။ မကြီးမငယ်နဲ့ ကိုရီးယားကား စွဲရတယ်လို့ပေါ့ ။ ဒါပေမဲ့ သူ့အမေ ဆက်ပြောလိုက်တဲ့ စကားက ဟင်းချိုကို လှမ်းလိုက်တဲ့ ကျွန်တော့် လက်ကို တန့်သွားစေပါ တယ် ။

“ ဘယ်လောက် အခြေအနေ ဆိုးသလဲဆို ရုံးဆင်းချိန် ကိုရီးယားကား လာချိန်ဆို ထမင်းခူးရင်း ကိုရီးယားကားကို မှန်ပြတင်းကနေ ကြည့်နေတာ အမေကိုလည်း ထမင်းစား နောက်မကျစေချင်ဘူးလေ ”

ကျွန်တော် ဗျာခနဲ ဖြစ်ပြီး ဟင်းချိုတွေ ပုဆိုးပေါ် ဖိတ်ကုန်တော့ သူ့အမေကြီးက အားနာသွားပြီး လူလေး လာ .. လာ ရေလေးနဲ့ ဆေးလိုက် ၊ ငံပြာရည်နံ့ စွဲသွားမယ်လို့ ပြောပြီး နောက်ဖေးက ဘေစင်ဆီ ခေါ်သွားပါတယ် ။ သူငယ်ချင်းကတော့ ဟုတ်တယ် ၊ အဲ့ဒီ ကားတွေက ကြည့်မိရင် ဆက်ကြည့်ရမှလို့ ဝင်ပြောပါတယ် ။

“ ဒီမှာလေ အဲ့ဒီ မှန်ပြတင်း က ကြည့်တာ ညဆို ထင်းနေတာပဲ ။ ထမင်းခူးတဲ့ အချိန်လေး လွတ်သွားမှာ စိုးလို့ ။ ထမင်းက အိမ်ရှေ့မှာ စားကြတာ ။ သူက လီမင်ဟို ဆို အသည်းစွဲ ၊ ပန်းကန်ဆေးရင်းလည်း မြင်ရတယ်လေ ”

ဟုတ်ပါရဲ့ ။ လက်ဆေးရင်း သူ့အမေကြီး ပြတဲ့ ပြတင်းကို လှမ်းကြည့်လိုက်တော့ ခပ်စောင်းစောင်းလှည့်လိုက်ရင် ပြတင်းပေါက်နဲ့ ကွက်တိပါပဲလား ။ အဲဒီ့ ပြတင်းနဲ့ ကပ်လျက်မှာ ကျွန်တော့်ရဲ့ ... ။

ခုမှ ကျွန်တော် သဘော ပေါက်သွားပါတယ် ။ နောက်ပြီး ညမီးရောင်နဲ့ဆို တီဗွီက အလင်းက မှန်အရိပ်ကို ဖုံးသွားတာ ဆိုတော့ ကျွန်တော့်ကို လုံးဝမြင်စရာ အကြောင်း မရှိဘူးဆိုတာ ။

လက်စသတ်တော့ အိမ်ရှေ့ခန်းက တီဗွီက သူ့မှန် ပြတင်းမှာ ထင်နေတာကိုး ။

••••• ••••• •••••

အဲဒီနေ့ ညနေမှာပဲ ကျွန်တော့်အိမ်ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလိုက်ပါတယ် ။ အဝတ်ဗီရိုနဲ့ အဲဒီ့ ပြတင်းကို ပိတ်ကာပစ်လိုက်တာပေါ့ ။

ဘာတဲ့ .. သူက လီမင်ဟိုကို အသည်းစွဲ ဆိုပဲ ။

⎕ နန်းဧကရီရှင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဩဂုတ် ၊ ၂၀၁၈

Saturday, May 30, 2026

နာတာလူး

❝ နာတာလူး ❞
    ( ပီမိုးနင်း )

အငြိမ်းစားအရေးပိုင် ဦးကြွယ်သည် အလွန်တရာ ခေတ်ကာလဆန်သော အဘိုးကြီး ဖြစ်လေ၏ ။ အင်္ဂလန်ပြည်၌ ရှစ်နှစ်ကျော် နေခဲ့ပြီးနောက် မြန်မာပြည်သို့ ပြန်၍ ရောက်သောအခါ စိတ်နေသဘောထားပုံ ၊ နေပုံထိုင်ပုံမှ စ၍ ဘိလပ်သား ပထမတန်းစား၏ အနေအစား အသုံးအနှုန်းမျိုးနှင့်သာ နေခဲ့လေရာ မြန်မာပြည်၌ မြန်မာကလေးများကို အင်္ဂလိပ်လူမျိုးများနှင့် တွဲ၍ ကခုန်သော အဆင့်အတန်းသို့ ရောက်အောင် ပထမ စတင် တိုးမြှင့်၍ ပေးသူဖြစ်လေ၏ ။ အကြောင်းမူကား မိမိ၏ သမီးနှင့် တူမကလေး နှစ်ယောက်မှာ ဒိုင်အိုကျောင်းထွက်များ ဖြစ်ကြလေရာ ၎င်းတို့ကို ဘိုဆန်ဆန် မွေးမြူသုတ်သင် ခဲ့ရုံမက ၎င်းတို့အား အင်္ဂလိပ်အရာရှိများနှင့် တွဲ၍ ကရန် စတင် အားပေးခဲ့လေ၏ ။ မိမိ၏ မိန်းမ မင်းကတော် ဒေါ်မြမေ မှာကား ရုပ်ရည်မလှ အကလည်း မတတ်သောကြောင့်ပေလား မသိရ ။ အခြား ဘိုများနှင့် တွဲ၍ မကခဲ့ရချေ ။ မိမိ ကိုယ်တိုင်လည်း များစွာ မကခဲ့ဖူးချေ ။ ၎င်း၏ အိမ်၌ ပီယာနိုလည်း ရှိခဲ့၏ ။ တူမကလေးနှင့် သမီးကလေးမှာ အင်္ဂလိပ်သီချင်းများကို တီးကြရ၏ ။ ဓာတ်စက်မှာလည်း အင်္ဂလိပ်ဓာတ်ပြားများသာ သွင်းရ၏ ။ မြန်မာ့ အတီးအဆိုများကို ဂီတအရာ မမြောက် ။ very elementry art အလွန် သေးသိမ်သော အတတ် ဟု ပြောလေ့ရှိ၏ ။

သို့ဖြစ်လေရာ ဇနီးသည် မင်းကတော်ကြီး အနိစ္စ ရောက်ပြီး သမီးကလေးနှင့် တူမကလေးများမှာ ကရင်းခုန်ရင်း ဘိုကတော်မကလေးတွေ ဖြစ်၍ သွားကြသောအခါ တစ်ကိုယ်တည်း နေထိုင်၍ မဖြစ်သဖြင့် သမီး အရွယ်သာသာမျှသော မိန်းမချောကလေး မစောမြကို ရှာ၍ ယူရာ၌လည်း စောမြ၏ ဘိုဆန်ခြင်းတည်း ဟူသော ဂုဏ်အရည်အချင်းကြောင့်ပင် ဖြစ်လေ၏ ။ စောမြမှာ မော်လမြိုင် မယ်သီလကျောင်းထွက် ဖြစ်လေရာ အင်္ဂလိပ်စကားမှာလည်း ထွတ်မွှတ်၍ အကမှာလည်း လွန်စွာ တော်သည်ဟု မော်လမြိုင်မြို့ပေါက် ကပြားများ အထဲ တွင် ထင်ရှားခဲ့လေ၏ ။ သို့ဖြစ်လေရာ မယ်သီလရှင် ကျောင်း ကပွဲ တစ်ခုကို သွား၍ ကြည့်ရာမှ အသိဖြစ်ပြီးလျှင် ခြောက်ဆယ်ကျော်မှ ကံပေါ်သည်ဟု အစွဲပြုကာ စောမြကို ကတော်အဖြစ်သို့ တင်မြှောက်ခဲ့ခြင်း ဖြစ်လေ၏ ။

သို့တင်မြှောက်စ အခါ၌ လွန်ခဲ့သော နှစ်တွေကို ပြန်၍ နှမြောလေ၏ ။ ကွယ်လွန်သူ မင်းကတော်ကြီးမှာ လူကြီးမိဘ ဆွေမျိုးဉာတိတို့ကြောင့် ယူရခြင်း ဖြစ်လေရာ အနည်းငယ်မျှ ဘိုမဆန်ခဲ့လေရာ ၎င်းမယ်ကတော်ကြီးနှင့် ပေါင်းခဲ့ရသော အချိန်ကာလ နှစ်ပရိစ္ဆေဒတို့မှာ ဆုံးရှုံးနစ်နာသော အချိန်ကဲ့သို့ အရေးပိုင်မင်း၏ စိတ်၌ ပြန်လှန်တွေးတော များစွာပင် နှမြောခြင်း ဖြစ်ခဲ့လေ၏ ။

“ ဟိုအခါ ဘိလပ်က ပြန်စမှာ သင်းကလေးလိုဟာကလေးမျိုးနှင့် မတွေ့ရတာ နာတာပဲ ” ဟု အောက်မေ့လေ၏ ။ သို့သော်လည်း မိမိကိုယ်တိုင် မယားချောကလေး အကတတ်ခြင်းကြောင့် အခြား ယောက်ျားများနှင့် တွဲ၍ ကမည့် အကြောင်းကိုကား သေချာစွာ စဉ်းစားမိဟန် မတူချေ ။ တူမကလေးနှင့် သမီးကလေး အခြား ယောက်ျားများနှင့် တွဲ၍ ကသည်ကို မြင်ရစဉ်အခါက “ ငါ့တူမ တယ်တော်ပါကလား ” ဟူသော စိတ်နှင့် တက်ကြွ၍သာ နေခဲ့လေရာ အခြားမည်သည့် အကြောင်းအရာကိုမျှ တွေးတောခြင်း မပြုခဲ့မိချေ ။ စောမြ အကကောင်းသည်မှာလည်း အရေးပိုင်မင်းကြောင့်ပင် ဖြစ်လေ၏ ။ ဖြစ်ပုံမှာ အခြား မဟုတ် ။ ၎င်းအရေးပိုင်မင်း၏ သမီး နှင့်အတူ အင်္ဂလိပ်များနှင့် တွဲ၍ မကမီ အခါက မြန်မာမကလေးများ ကရမှန်း မသိခဲ့ချေ ။ ၎င်းက အကြောင်းပြု သဖြင့် ၎င်း၏ တူမကလေးနှင့် သမီး အင်္ဂလိပ်များနှင့် တွဲ၍ ကတတ်ကြောင်း သတင်းပျံ့နှံ့၍ သွားသောအခါ အစိုးရ အရာရှိလူကြီး လူကုံထံသမီး မြန်မာမကလေးများသည် ကခုန်ခြင်းကို ခေတ်ကာလအလျောက် တိုးတက်ခြင်းဟု သဘောထားကာ သူ့ထက်ငါ တုပကြရာ စောမြသည်လည်း တုပသူများ အထဲတွင် တစ်ယောက် အပါ အဝင် ဖြစ်ခဲ့လေ၏ ။ သို့ဖြစ်သောကြောင့် စောမြ အကကောင်းခြင်းသည် ၎င်းအရေးပိုင်မင်း၏ ကျေးဇူးပင် ဖြစ်ကြောင်းကို စောမြ ကိုယ်တိုင်ကလည်း ဝန်ခံလေ၏ ။
စောမြနှင့် တွေ့သောအခါ အရူးအမူး မရလျှင် အရေးပိုင်မင်း အနိစ္စ ရောက်ရမလို ဖြစ်ခဲ့သောကြောင့် အခြား ယောက်ျားတစ်ယောက်နှင့် တွဲ၍ ကချေက မိမိမှာ အဘယ်ပုံဖြစ်မည်ကို တွေးတောခြင်း မရှိခဲ့ချေ ။ ယခု ညားပြီး၍ ခြောက်လခန့် အကြာ ပေါင်းရသည်မှာ ကောင်းလှသည့်အခါမို့ မျက်စိအောက်မှ မပျောက်စေချင်သည့် အခါအတွင်းမှာ စောမြ၏ အသိမိတ်ဆွေများက အကြောင်း ပြုသဖြင့် ကပွဲသို့ စောမြ သွားရောက် အခြား ဘောင်းဘီဝတ် ကပြားများနှင့် တွဲ၍ ကရသော အခါကျမှ မိမိ၏ သမီး နှင့် တူမ ကသည်ကို ကြည့်ရခြင်းနှင့် မတူပါကလား ။ ရင်ထဲမှာ ကလိသလို မချိလှပါတကား ။ ငါက အဘိုးကြီး ၊ သင်း တွဲကတာတွေက လူပျိုလူရွယ် ရွယ်တူချင်းတွေ ပါကလား ။ ဟိုးရှေးအခါများမှာတော့ ရိုးရိုးသားသား ကကြပါကလား ။ အခု ကပွဲများမှာတော့ ဘောင်းဘီဝတ် ၊ ငါလို ဘိလပ်ပြန် မြန်မာဝတ်လုံ ကလေးတွေနဲ့ အရောရော အနှောနှောမို့ အကြောသမားတွေ ဖြစ်သဖြင့် “ ဪ ... စောမြ ၊ စောမြ ၊ ငါ ဒေါသ ထစရာ ဖြစ်၍ နေရချေပေါ့ တကား ” စသည်ဖြင့် တွေးမိ တောမိ စိုးရိမ်ကြောင့်ကြ မကင်းစ ဖြစ်မိပေတော့သတည်း ။

စောမြမှာ အကကောင်းသူမို့ ကပွဲကြုံတိုင်းလိုလို စောမြ၏ သူငယ်ချင်းများသည် လာ၍ ခေါ်ကြလေ၏ ။ အရေးပိုင်မင်းမှာ “ အက်တီကစ် ” ခေါ် အင်္ဂလိပ်ထုံးစံ အလေ့တို့ကို ကောင်းစွာ နားလည်သူ ဖြစ်လေရာ သဘောသေးရာရောက်မှာ စိုးသဖြင့် လာ၍ ခေါ်သူများအား ငြင်းပယ်ခြင်း မပြုဝံ့ ၊ အလွန်တရာ သဘောကြီးသော ယောက်ျား၏ အမူအရာနှင့် ရယ်မောပြုံးရွှင်ကာ အခွင့်ပေးရသော်လည်း “ နွားပြာကြီး အောက်သွားမရှိ ” ဟူသော စကားလိုဖြစ်၍သာ နေရရှာလေ၏ ။

သာယာမကျကြောင်း စောမြ ကိုလည်း ပြော၍ မပြဝံ့ချေ ။ စောမြ မှာကား နဂိုက ဝါသနာ လွန်စွာ ကြီးသောကြောင့် အကကောင်းသူ ဖြစ်လေရာ ကပွဲသို့ သွားရသည့်အခါတိုင်း စူဠကို ရေထဲလွှတ်သလို မြူးရွှင်၍သာ သွားလေ၏ ။ သို့ဖြစ်လေရာ “ သူ အင်မတန် ဝါသနာပါတာကို ငါ တားမြစ်ရင် မုန်းထားငြိုငြင် မချစ်မခင်ဘဲ စိတ်ဝမ်းကွဲပြီး ကတဲ့ ငနဲတစ်ယောက်ယောက် နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါ၍များ သွားလေမည်လား ” စသည်ဖြင့် တွေးတောကာ စိုးရိမ်သဖြင့် မပြောမဆို သဘောချိုသလိုလို လုပ်၍သာ နေရလေ၏ ။ ကိုယ်တိုင်ကား လိုက်၍ မကြည့်ချေ ။ အကြောင်းမူကား ဆင်ခြင် စဉ်းစားဉာဏ်ကြီးသော တရားသူကြီး ဖြစ်ခဲ့လေရာ “ ငါ မမြင်ရဘဲလျက်ပင် ဤမျှလောက် မခံမရပ်နိုင် ဖြစ်၍နေမှဖြင့် မတော်တဆ မြင်မိချေက ဧကန်ပင် မချိတင်ကဲ ဖြစ်တော့မှာပဲ ။ ငါ အခုလို အေးအေးနေလျှင် သင်း ငါ့အပေါ်မှာ ထောက်ထားညှာတာပြီး ရက်စက်စွာ သစ်စိမ်းချိုး ချိုး၍သွားမှာ မဟုတ်ပါကလား ” ဟူ၍ တွေးမိလေ၏ ။

အရေးပိုင်မင်းမှာ မိန်းမငယ်ငယ်ကို ယူသော လူကြီး အချို့ကို စက်ဆုပ်ဖွယ်ရာဖြစ်သော ငယ်ရွယ်သူတို့၏ အမူအရာကို မသုံး ၊ လူကြီးပီစွာ မယားဖြစ်သူ၏ အပေါ်၌

ဦးကြီးဝရီးများ၏ အသုံးအလေ့ အမူအရာနှင့် နေလေ့ ရှိလေရာ ကလေးကလား စကားများကိုလည်း မသုံးရဲ ၊ စောမြ ကပွဲမှ ညဉ့်နက်၍ ပြန်လာသည့်အခါ အဘယ်ပုံ အမူအရာရှိသည်များကို မသိမသာ တစေ့တစောင်း ကြည့်ရှုလေ့ ရှိလေ၏ ။ စောမြကား “ မိန်းမ အဖော်များနှင့် အိမ်ကို ပြန်၍ လာလေ့ ရှိလေ၏ ။ စောမြ အပေါ်၌ တလွဲထင်စရာ အမှတ် ဟူ၍ တစ်စုံတစ်ရာ မတွေ့ရချေ ။ မတွေ့ရသော်လည်း စိတ်မချနိုင် ။ ငါကား လူအို ဖြစ်၏ ။ သင်းက ပျို၏ ။ ဧကန်ဒိဋ္ဌ သင်းစိတ်မှာတော့ ဧကန် အတော်အတန် ဖောက်ပြန်မှာပဲ ” ဟူ၍သာ စဉ်းစားရလေ၏ ။ စဉ်းစားသော်လည်း ဖွင့်၍ မမေးဝံ့ချေ ။

မိမိကိုယ်တိုင် လွန်စွာ ဘိုဆန်မိခဲ့သူ ဖြစ်လေရာ စိတ်သဘော သေးငယ်သော အဘိုးကြီး ဟု အထင်ခံရမှာကို လည်းကောင်း ၊ အင်္ဂလိပ်လူမျိုးတို့၏ စိတ်နေသဘောထားပုံကို နားမလည်ရာ ရောက်မှာကို လည်း ကောင်း ၊ အော်နော်ရေဘယ် ခေါ် မြင့်မြတ်သော စိတ်သဘောထားခြင်းကို နားမလည်ရာကျမှာကို လည်းကောင်း လွန်စွာ စိုးလေ၏ ။

ထိုကဲ့သို့ စိတ်ကို ချုပ်တည်း၍သာ နေရလေရာ အရေးပိုင်မင်းမှာ နေ့ရောညပါ ထိုအကြောင်းများကိုသာ တွေးတောရလေ၏ ။ အားလပ်သော အငြိမ်းစား ဖြစ်လေရာ တွေးချင်တိုင်း တွေးဖို့ရန်လည်း အချိန်ရလေ၏ ။ သတင်းစာများကို ဖတ်ဟန်ရှိသော်လည်း ၎င်း၏ စိတ်မှာ ကပွဲနှင့် စောမြ ကိုသာ ထင်မြင်လေ၏ ။ တစ်နေ့က “ ထွန်းရင် ဆိုတဲ့ ဝတ်လုံနှင့် တွဲသတဲ့ ။ ဘယ်လိုများ တွဲပါလိမ့်မလဲ ။ ဒီအကောင်ဟာ အင်မတန်သည်းတဲ့ အကောင်လို့ ငါ ကြားရတယ် ။ တွဲကရင်း ငါ့မယား အကောင် ပုံပန်းကို ကြည့်ရတာက ပျာနောက်နောက် ၊ ကျောက်ပေါက်မ သဲ့သဲ့နှင့် လက်ခြေ အင်မတန် ဆော့မယ့် အကောင်ပဲ ။ သူတို့ အောက်ပ်တီမစ် ကလာပ်မှာ သူ အသည်းဆုံးလို့ ကြားတာပဲ ။ အရင် တစ်လောက မင်္ဂလာဆောင်ပွဲမှာတော့ စကြူးဝပ် ဆိုတဲ့ ယစ်မျိုး အင်စပိတ်တော်နှင့် တွဲကရ သတဲ့ ။ ယစ်မျိုး ဆိုတာ နာမည်နှင့် ကြောက်စရာကောင်း တဲ့ အကောင်မျိုးတွေပဲ ။ ငါ့မိန်းမ ကောင်းမှ ကောင်းပါတော့မလား ။ ပြောရမှာလည်း အင်မတန်ခက် ၊ ငါ မေးရင် ပက်ခနဲ ပြန်ပြောလိမ့်မယ် ထင်ပါရဲ့ ။ ရှင့်သမီး ကတာ ရှင် မြင်ရတုန်းက ဒါမျိုးတွေ တွေ့ရလို့ မှတ်ထားသလားလို့ မေးရင် ငါ ဖြေဖို့ အခက်သားပါကလား ။ မြန်မာမလေးများ ကပွဲ ဝင်တာဟာ အင်မတန်မှ စိတ်မချရတဲ့ အလုပ်ပါကလား ။ မြန်မာပြည်မှာ ငါက စတင်ပြီး အားပေးမိလို့ အခု ငါ့ရှူး ငါ့ကို ပြန်ပြီး ပတ်တာပါပဲ ။ ငါ ဒီလို အကဝါသနာပါတဲ့ စောမြနှင့် သွားရမှာကို တင်ကြို၍ သိရရင် ငါ့သမီးနှင့် ငါ့တူမကို အားပေးခဲ့မှာ မဟုတ်ဘူး ။ အခုမှ ခက်တာပဲ ။ ငါ သည်လိုချည်း လွှတ် ထားရင် စောမြတော့ ဧကန် ဒိဋ္ဌ တစ်ယောက်ယောက်နှင့် ပါသွားတော့မှာပဲ ။ သင်းကလည်း ငါနှင့် တွေ့မှ ကိုယ်ရည် စစ်ပြီး လှချင်တိုင်း လှနေပြန် ။ သူများ မျက်စိထဲမှာလည်း စောမြဟာ ငါ့မျက်စိထဲမှာလို နေမှာပါပဲ စောမြရယ် ။ နင့်နှယ် အဘိုးကြီးကို ယူမှ ယူပလေဟယ် ။ ငါ နင့်ကို သနားလိုက်ပါဘိဟယ် ။ နင် အဘိုးကြီးနှင့် နေရတာ ပျော်နိုင်ရဲ့လား ။ လူအိုစော် မနံဘူးလားလို့ ထွန်းရင်လို အကောင် တစ်ယောက်ယောက်က ကရင်းခုန်ရင်း မေးရင် သင်း ဘယ်လိုများ ဖြေပါလိမ့်မတုံး ။ ဖြစ်မိလို့ ရှိမှ ရှင် နေရတာပေါ့လို့ပဲ ပြန်ပြောမလား ။ ကျွန်မ စိတ်ညစ်တာနှင့် ကပွဲကိုချည်း လာနေတယ်လို့ပဲ ပြန်ပြောမလား ။ ငါ မြန်မြန် သေပါစေလို့များ သင်း ဆုတောင်းနေလေမလား ။ ငါတော့ သေမှာပဲ ။ သေရင် ပစ္စည်းတွေကို သင်း အကုန်ရမှာပဲ ။ ရရင် သင်း ကြာကြာနေမယ် မဟုတ်ဘူး ။ ငါ သေလို့ သင်း ပျော်ပျော်နေရစ်ရရင် ငါ ဝမ်းသာသာပဲ ။ ငါ မသေမီ သင်း ထွေနေမှာကိုသာ စိုးတာပဲ ” စသည်ဖြင့် တွေး၍သာ နေရလေ၏ ။

တစ်နေ့သ၌ ညနေအချိန် လင်မယား နှစ်ယောက် ထိုင်၍ နေကြလေ၏ ။ စောမြက မဂ္ဂဇင်းတစ်စောင်ကို ဖတ်၍ နေလေ၏ ။ အဘိုးကြီးက သတင်းစာ ဖတ်၍ နေ၏ ။ ထိုအခိုက်တွင် မော်တော်ကား တစ်စီး အိမ်ဝင်းထဲကို ဝင်၍ လာလေ၏ ။ စောမြသည် ပြတင်းပေါက်မှ လှမ်း၍ ကြည့်၏ ။

“ ကိုထွန်းရင်နှင့် မေမေတင်တို့ တူဝရီး ၊ အော် ... ခရစ္စမတ်နာတာလူး ကပွဲအတွက် ထင်ပါရဲ့ ” ဟု ပြောပြီး လှေကားတံခါးဘက်ကို လျင်မြန်စွာ သွားလေ၏ ။ အရေးပိုင်မင်း၏ မျက်နှာ ညို၍ သွားသည် ကိုမျှ သတိမထားမိဘဲ နေလေ၏ ။ ဧည့်သည်များ ဆူညံ ပြောဆိုရင်း အိမ်ပေါ်ကို ရောက်၍ လာကြလေ၏ ။

မေမေတင် ။  ။ “ အန်ကယ် ကျန်းမာရဲ့ မဟုတ်လား ၊ မင်းကတော်ကို ထည့်လိုက်ပါလို့ အခွင့်တောင်းဖို့ လာတယ် ။ မင်းကတော် လိုက်ခဲ့ပေတော့ ။ ပေါ်လင်ပိုက်ကြီးနှင့် မက်ဂီသာဒွန်းဦးတို့က အပါ ခေါ်ခဲ့ပါလို့ မရမက မှာတယ် ။ မင်းကတော်ရဲ့ ”

အရေးပိုင် ။  ။ “ ပေါ်လင်ပိုက်ကြီး ဆိုတာက ဘယ်သူလဲဟဲ့ ”

တင် ။  ။ “ အန်ကယ်ကြီး မသိဘူးလား ။ သူကြီး ဦးပိုက်ကြီး တူမလေ ။ ဝီလီချက်ကြီးကဖြင့် မင်းကတော်နှင့်မှ ကချင်သတဲ့ ”

စောမြ ။  ။ ဪ … နို့ … ဂျော်ဂျီအောင်ဘိုး နှင့် နီနီလူဝ တို့က ဝီလီချက်ကြီးကို လုနေကြတယ်လို့ ကြားပါကလား ”

“ နိုးနိုး မင်းကတော် ၊ ဒယ်နီရွှေလုပ်ကို အာသာ ရှိနေကြပြန်ပြီ ။ အခုတော့ ဒယ်နီရွှေလုပ်က သာယာဝတီ ပြန်နေလို့ သူတို့မှာ ‘ ဘေကင်စီ ’ ဖြစ်နေတယ် ”

မြ ။  ။ “ ဝီလီချက်ကြီးနှင့်တော့ မကချင်ဘူး မေမေ ။ ဒါထက် ကိုထွန်းရင်က ဘယ်သူနှင့် တွဲမယ် စိတ်ကူးထားသလဲ ”

“ ဒါတော့ မသိသေးဘူး ။ ကျွန်တော်ကတော့ ဘိလပ်သူ အစစ်မှ မင်းကတော်ရဲ့ ။ အန်ကယ်က မင်းကတော် အတွက် စိတ်မချဘူး ထင်ပါရဲ့ အန်တီမေ ” ဟု လိုက်ပါလာသူ မစ္စပေါက်ကျိုင်းအား လှည့်၍ ပြောလေ၏ ။

အရေးပိုင်မင်း ။  ။ “ ဒါတွေဟာ အန်ကယ်က စတဲ့ အလုပ်တွေပါ မောင်ရယ် ။ အန်ကယ် ဘိလပ်က ပြန်မှ အစလုပ်ပေးလို့ သည်အဆင့်အတန်းကို မောင်တို့ လူစု ရောက်ကြတာပါ ။ အန်ကယ် သဘောကြီးပါ တယ် ” ဟု ပြန်၍ ပြောပြီး မင်းကတော်ဘက်သို့ လှည့် ကာ “ ကိုင်း ... မြရေ ၊ မင်း လိုက်မှ ဖြစ်မယ် ထင်တယ် ” ဟု ပြောလေ၏ ။ မင်းကတော်သည်ကား ၎င်း၏ အခွင့်ပေးခြင်းကို မစောင့် ၊ အဝတ်အစားလဲရန် သွားဖို့ ဟန်ပြင် ပြီး ဖြစ်လေ၏ ။

ထွန်းရင် ။ “ အန်ကယ် ငယ်ငယ်ကတည်း က မကခဲ့ဘူးလား ၊ ဘိလပ်မှာ နေစဉ်က ကဖူးမှာပေါ့ ”

“ အန်ကယ်လား ၊ အင်း ... ဟိုတုန်းကတော့ အတော်ကလေး ပျော်ခဲ့ပါရဲ့ ။ အခုတော့ မတတ်နိုင်ပါဘူး မောင်ရယ် ”

“ စမ်းကြည့်ပါဦးလား အန်ကယ် ၊ ဘာဖြစ်သလဲ ။ ဒေါက်တာ တုတ်ကြီးတို့တောင် ကကြသေးတာပဲ ”

အရေးပိုင်မင်းသည် ပြုံးလျက် နေလေ၏ ။ ၎င်း၏ စိတ်၌ “ ငါ့မိန်းမ သူများနှင့် တွဲတာ ခံနေမယ့်အစား ငါလည်း သူများမိန်းမနှင့် တွဲရင် အကောင်းလေသလား ” ဟု တွေးကာ ပြောသည်မှာ “ မကတာ ကြာတော့ မောမှာပဲ ။ အလျင်တုန်းက ခြေကလေးများ ပြန်ကျင့်ရလျှင် ဖြစ်တော့ ဖြစ်မှာပေါ့လေ ။ သို့သော်လည်း အန်ကယ်တို့တော့ တွဲဘက်ရမှာလည်း မဟုတ်ပါဘူး ”

“ အို ... အန်တီမေနှင့် တွဲတာပေါ့ ။ အန်တီ ဟုတ်လား ” ဟု မစ္စပေါက်ကျိုင်းဘက်သို့ လှည့်၍ ပြောလိုက်လေရာ မစ္စပေါက်ကျိုင်းက “ ထွတ် ... နန်းဆင်းစ် ” ဟု ပြန်၍ ပြုံးရယ်ကာ ပြောလိုက်လေ၏ ။

မကြာမီ ၎င်းတို့ သွားကြလေ၏ ။ အရေးပိုင်မင်းသည် ပြတင်းပေါက်မှ ခါးထောက်ကာ ဆေးပြင်းလိပ် ကြီးကို ကိုင်လျက် ကျေနပ်သော အမူအရာနှင့် ကြည့်ကာ မကျေမနပ်ဖြစ်၍ နေလေ၏ ။ မင်းကတော်သည် နောက်သို့ လှည့်ကြည့်ကာ ကားပေါ်မှ လက်ပြ၍ သွားလေ၏ ။

အရေးပိုင်မင်းသည် သက်မကြီးချကာ ပက်လက်ကုလားထိုင်၌ ပြန်၍ လန်ချပြီး စဉ်းစား၍ နေလေ၏ ။ “ ခက်ပြီ ၊ ခက်ပြီ ။ ငါ့အတတ်နှင့် ငါ့ကို စူးတာပဲ ။ အခုပုံတော့ တယ်ကြောက်စရာ ကောင်းပါကလား ။ သည်လို ဖြစ်ကုန်မှာ ငါ သိရလျှင် ငါ စပြီး ထွင်ခဲ့မိမှာ မဟုတ်ပါကလား ကရို့  ။ ငါ သည်လိုချည်း လွှတ်ထားလို့ ဖြစ်မယ် မထင်ဘူး ။ ငါလည်း တစ်ခါတလေ လိုက်ကြည့်ဦးမှ တော်မယ်ထင်ပါရဲ့ ။ အင်္ဂလိပ်ထုံးစံတော့ လူကြီး များလည်း ကကြတာပဲ ။ ငါလည်း မြင်ဖူးတာကလေးများ ပြန်ပြီး လေ့ကျင့်ရရင် ကောင်းမလား ။ ဝေါ့လ်စ် ဆိုတဲ့ အကတော့ တော်တော် လွယ်တာပဲ ။ ဣန္ဒြေလည်း ရရဲ့ ။ အဲလေ .. စမ်းကြည့်ဦးမှ ထင်ပါရဲ့ ” ဟု တွေးပြီး ဗီရိုသို့ သွားပြီး စာတစ်အုပ်ကို ယူ၍ ကြည့်လေ၏ ။ အကသင်နည်းစာအုပ် ဖြစ်လေရာ သေချာစွာ စိုက်၍ ဖတ်လေ၏ ။ ဖတ်ရင်း ဗီရိုမှ နောက်သို့ဆုတ်ကာ ခြေသိမ်း ခြေယူကို ချောသော ကြမ်းပေါ်၌ ရှပ်တိုက်၍ ကြည့်လေ၏ ။ စာအုပ်ကိုလည်း ကြည့်၏ ။ “ အင်း.. ဖြစ်မှာပဲ ” ဟု ပြောကာ ကိုယ်လုံးပေါ် မှန်ကြီးရှေ့သို့ သွားပြီး စာကို သေချာစွာ ဖတ်ပြန်လေ၏ ။ ထို့နောက် စာအုပ်ကို ကြမ်းပေါ်သို့ ပစ်ချပြီး တစ်လှမ်း ၊ နှစ်လှမ်း အံကြိတ်ကာ လှမ်းလေ၏ ။

“ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ အလဲ့ ... အဟန်သား ပဲ ” ဟု ပြောရင်း မှန်ထဲရှိ မိမိ၏ ပုံကို ပြုံးလျက် ကြည့်၏ ။ ထို့နောက် သာ၍ သဘောကျလျက် ခြေလှမ်း သွက်၍ လာလေ၏ ။ တိုး၍ ပြုံးရင်း မိမိကိုယ်ဟန်ကို မှန်ထဲ၌ ကြည့်ကာ ကိုယ်ခန္ဓာကို လှည့်ကာ ယိမ်းကာ ညွှတ်ကာ ကော့ကာ ကြည့်လေ၏ ။ ထို့နောက် လက်ကို ဆန့်ကာ ဖက်ဟန် လုပ်ပြီး မှန်၌ မိမိ၏ ကိုယ်ကို သဘောကျ ပုံနှင့် ပြုံးလျက် မျက်စပစ် လေ၏ ။ “ အလဲ့ … အလာကြီးပဲ ” ဟု ပြောကာ တွန့်ခနဲ လုပ်လိုက်လေ၏ ။ ထို့နောက် အတွဲကို ဖက်ကာ ဝဲလှည့်၍ ဆောင်ယူဟန်နှင့် ခပ်သွက် သွက် ရှပ်တိုက်ကာ လှည့်လေ၏ ။ ထို့နောက် မိမိကိုယ်ကို မိမိ သဘောကျလျက် အဟုတ်တကယ် တွဲဖက်နှင့် ဝဲလျက် ကသလို မိနစ်အတန်ငယ် ဆက်ကာ ရှပ်တိုက်၍ နေလေ၏ ။ ထို့နောက် ရပ်ကာ “ အမယ်လေး မောလိုက်လေဟီး ” ဟု ပြောကာ အတွဲကို လွှတ်ဟန်နှင့် လက်များကို ဆန့်၍ချပြီး မှန်ရှေ့မှ လှည့်၍ အလာမှာ ခစ်ခနဲ မြည်သော ရယ်သံကို ကြားရသဖြင့် လှေကားဘက်သို့ ကြည့်မိလေ၏ ။ ထိုအခါ နိမ့်ခနဲ ပျောက်၍သွားသော ဦးခေါင်းမည်းမည်းကို ရိပ်ခနဲ မြင်လိုက်ရသဖြင့် ဒေါသ ထွက်လျက် “ ဟေ့ ... ဘယ်သူလဲ ” ဟု ပြောကာ လှေကားထိပ်သို့ ရောက်သွားပြီး အားလွန်ကာ ကျွမ်းစိုက်၍ ကျလေ၏ ။ အရေးပိုင်မင်း၏ ဝသော ကိုယ်ခန္ဓာပွပွသည် ဘောလုံးပမာ လှေကားထစ်များပေါ်၌ ဗြောတီးလျက် လှိမ့်ဆင်းလေရာ ထွက်၍ ပြေးသော အစေခံ ကြွက်နီသည် ပြေးရာ မှ ရပ်ပြီး လျင်မြန်စွာ လာ၍ ထူမလေ၏ ။ အရေးပိုင်မင်းသည် ဦးခေါင်းကို လက်နှင့်ပွတ်ရာမှာ တစ်ဖန် ဒေါထလျက် “ ခွေးမသား နင်ပဲ ” ဟု ကြိမ်းပြီး လက်သီးနှင့် ရွယ်လေရာ ကြွက်နီသည် ကြောက်အားနှင့် မီးဖိုဘက်သို့ ပြေးလေလျှင် အရေးပိုင်မင်းလည်း ပြေး၍ လိုက်လေ၏ ။ ထိုအခါ တင်ပါးတစ်ပိုင်းလုံး စုတ်ပြတ်၍ ဖတ်လပ်ကျသော ပိုးဘောင်းဘီနှင့် အပြင်သို့ထွက်သော ရှပ်အင်္ကျီ အောက်ပိုင်းသည် လေထဲ၌ ဆူဝသော ယုန်၏ အမြီးပမာ မြောက်ချည်ကျချည် လိုက်ပါ၍ သွားလေ၏ ။ နောက်ဖေးလှေကားသို့ ရောက်သောအခါ မောမောနှင့် ထိုင်၍ချပြီး အမောဆိုက်၍ နေလေ၏ ။ အတန်ငယ် ကြာသောအခါ “ ဟေ့ကောင် လာခဲ့ ” ဟု ပြင်းထန်သော အာဏာနှင့် ခေါ်လေရာ ကြွက်နီ အပါးသို့ မရဲတရဲ ရောက်၍ လာလေ၏ ။ အရေးပိုင်သည် ကြွက်နီကို မာန်ဖီသော ဝက်သိုးကြီးလို စောင်လျက် ကြည့်ကာ စကားမပြောဘဲ အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေပြီးမှ “ မင်း ဘာမြင်လို့ ရယ်တာလဲ ” ဟု မေးလေ၏ ။

“ ကျွန် ကျွန် ကျွန်တော်မျိုး ဘာမှ မမြင်ပါဘူး ဘုရား ” ဟု ပြောရင်း ဒူးတုန်၍ နေလေ၏ ။

“ မှန်မှန်ပြော ၊ ဘာမှ မမြင်ရင် ဘယ့်အတွက် မင်း ရယ်နိုင်သလဲ ”

“ ကျွန် ကျွန်တော်မျိုး မရယ်ပါဘူး ဘုရား ”

“ မင်း ဘာလိမ်ပြောသလဲ ၊ မှန်မှန်ပြော ။ မင်း ရယ်တာ ငါ ကြားရတယ် ။ ဘာကို ရယ်သလဲ ”

ကြွက်နီလည်း မငြင်းသာသဖြင့် “ အရှင်ဘုရား ဟိုသင်းလုပ်နေတာ မြင်မိလို့ပါ ဘုရား ”

“ သေသေချာချာ ပြောလေ ၊ ဘာသင်းလုပ်တာလဲ ”

“ ဟိုသင်း ... ဟို .. အဟင်း ၊ ကြမ်းက ချောလို့ လဲမယ်လို ဖြစ်တော့ အရှင်ဘုရား ကိုယ်ကို ဟန့်လိုက်တာ မြင်လို့ ရယ်မိပါတယ် ဘုရား "

“ မဟုတ်ဘူး ၊ နင် လိမ်တာ လာခဲ့ ။ အိမ်ပေါ်ကို တက် ။ မြန်မြန် ” ဟု ပြောပြီး လမ်းဖယ်၍ ပေးရာ ကြွက်နီ သည် ကြာပွတ်ကို မြင်ယောင်လျက် ညိုမည်းသော မျက်နှာနှင့် တက်၍ သွားလေ၏ ။ အရေးပိုင်က နောက်မှ လိုက်၏ ။ အိမ်ပေါ်သို့ ရောက်သောအခါ စားပွဲကြီးပေါ်၌ တင်ထားသော သားရေအိတ်ကို ယူ၍ ဖွင့်ပြီး တစ်စုံ တစ်ရာကို ထုတ်ယူ လှမ်းပေးရင်း “ ရော့ ... ဘယ်သူမှ မသိစေနဲ့ သွား ” ဟု ပြောပြီး အခန်းထဲသို့ ဝင်သွားလေ၏ ။ ကြွက်နီသည် ငွေစက္ကူတစ်ဆယ်တန်ကို ရသဖြင့် လျင်မြန်စွာ ပြေးဆင်း၍ သွားလေသတည်း ။

ထို့နောက် ရေမိုးချိုးပြီး အရေးပိုင်မင်းသည် အဝတ်အစား လဲ၍ ထွက်လေရာ “ ယနေ့ နာတာလူး ကပွဲပဲ ။ လူးအောင် မူးကြမှာပဲ ။ စောမြ သောက်များ နေမလား ။ သောက်လို့ မူးရင် ဖြစ်ချင်သလို ဖြစ်နေတော့မှာပဲ ။ ထွန်းရင် ဆိုတဲ့ အကောင်လည်း ယုံစရာ မရှိဘူး ။ ဝီလီချက်ကြီး ဆိုတဲ့ အကောင်လည်း လူသည်းထဲကပဲ ။ မူးမူးနှင့် တွဲကကြရင် ထင်သလို ဖြစ်ကုန်မှာ ထင်ပါကလား လေ ။ မဖြစ်ဘူး ၊ ငါ လိုက်ပြီး တစေ့တစောင်း ကြည့်ဦး မှပဲ ” ဟု တွေးကာ ပိုးဘောင်းဘီအနက်နှင့် ကုတ်အင်္ကျီ အနက်ကို ဝတ်၍ အိမ်ပေါ်မှ ဆင်းပြီး ကြွက်နီကို ပြော၍ ထွက်သွားလေ၏ ။

အိမ်ဝင်း အပြင်ဘက်သို့ ရောက်သောအခါ မိမိ ဖြစ်ပျက်ပုံကို ပြန်၍ တွေးပြီး “ အင့်ဟင် ၊ ငါ့ဖြစ်ပုံဟာ အခြေမလှဘူး ။ စောမြ တစ်ခုခု မတော်တာ လုပ်လို့ ငါ့မှာ ခိုက်ပြီး လှေကားပေါ်က ကျွမ်းထိုးပြီး ကျတာနှင့် တူတာပဲ ” ဟု တွေးကာ ရပ်၍ စဉ်းစားလေ၏ ။

စဉ်းစားလေလေ စောမြ အပေါ်၌ စွဲချက်ပေါ်လေလေ ဖြစ်လေ၏ ။ စောမြ ဖောက်ပြန်ပြီ ။ ဧကန် ဖောက်ပြန် လို့ ငါ့မှာ ဒဏ်ထိတာပဲ ငါ သွားမှ တော်မည်ဟု ပြောပြီး မြင်းရထားနှင့် သွားလေ၏ ။

နာတာလူး ကပွဲဖြစ်သော အရာရှိကလာပ်မှာ နှစ်ထပ် ဖြစ်လေ၏ ။ လမ်းမမှ ရပ်၍ ကြည့်သူများသည် လွန်စွာ များကြလေ၏ ။ သို့သော်လည်း ကသော သူများ ကို မမြင်ကြရ ။ တီးမှုတ်သံများကိုသာ ကြားရလေရာ အရေးပိုင်မင်းမှာ မကျေမချမ်းဖြစ်လျက် အဘယ်ပုံ မြင်ရမည်ကို ကြံစပြုလေ၏ ။ ကလာပ်ပေါ်ကို တက်လျှင် မိမိကို မည်သူမျှ ကန့်ကွက်မည် မဟုတ်ဟု သိသော်လည်း မယားကို မသင်္ကာ၍ လိုက်ချောင်းသည်ဟု အထင်ခံရမှာ စိုးသည့်ပြင် မိမိကို မြင်ကြ၍ ဝိုင်းပြီး ဂရုစိုက်ကြမှာကိုလည်း စိုးလေ၏ ။ မကြည့်ဘဲလည်း မနေနိုင်ချေ ။ သို့ဖြစ်၍ ရှုခင်းကို ရှာလေရာ ကလာပ် နံဘေး မှောင်သော လမ်းကြားကို တွေ့ရလေ၏ ။ သေချာစွာ ကြည့်သောအခါ ထိုလမ်းကြား တိုက်နံရံကို မှီထောင်၍ထားသော လှေကားတစ်ခုကို မြင်ရလေ၏ ။ ထိုလှေကားသည် ဆေးသုတ်သော လှေကား ဖြစ်သည်ကို သိရလေရာ ထိုလှေကားမှာ ကလာပ်နှင့် ယှဉ်လျက် မှောင်သော လမ်းကြားတစ်ဖက် တိုက်နံရံမှာ ထောင်၍ထားသော လှေကား ဖြစ်လေရာ ထိုလှေကားကို တက်၍ကြည့်ရလျှင် ကလာပ် ပြတင်းပေါက်နှင့် တေ့၍ နေသောကြောင့် မြင်နိုင်လောက်သောနေရာ ဖြစ်သည်ကို သိရလေ၏ ။

နေရာမှာလည်း မှောင်သဖြင့် တက်မည် ဆိုလျှင် လူသူ မြင်ရန် ခဲယဉ်းလေ၏ ။ သို့သော်လည်း မိမိ၏ ဂုဏ်သိက္ခာ အရွယ်ကို ထောက်သော် ထိုနည်းလမ်းသည် မဖြစ်နိုင်သော နည်းလမ်းဖြစ်သဖြင့် ထိုမလျော်သော အကြံကို ပယ်လိုက်လေ၏ ။

ထိုအခိုက်တွင် ကလာပ်ပေါ်မှ ဆင်း၍လာသူ တစ်ယောက်ကို မြင်သဖြင့် သေချာစွာ ကြည့်လိုက်သောအခါ စောမြပင် ဖြစ်သည်ကို သိရသဖြင့် မိမိကို မြင်မှာ စိုးသောကြောင့် မှောင်သောနေရာကို ခိုဝင်ရာ ထိုလမ်းကြား ဘက်သို့ နီးကပ်၍ သွားလေ၏ ။ “ ဘာဖြစ်လို့ပါလိမ့်မလဲ ။ အိမ်ကို ပြန်မလို့လား ။ ကပွဲလည်း မပြီးသေးပါကလား ” ဟု စဉ်းစားလျက် ကြည့်နေခိုက်တွင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက် ဆင်း၍ လာပြီး “ ဘယ့်နှယ်လုပ်တာလဲ မင်းကတော်ရဲ့ ၊ မပြန်ပါနှင့်ဦး ” ဟု ယောက်ျားက ပြော၏ ။ မိန်းမနှစ်ယောက်က ပြန်၍ ဆွဲကြလေ၏ ။ ယောက်ျားမှာ အခြားမဟုတ် ။ ဝတ်လုံမောင် ထွန်းရင်ပင် ဖြစ်သည်ကို သိရလေရာ အရေးပိုင် ရင်ထဲမှာ လှိုင်းကြက်ခွပ်တွေ ထကြွသလို ရုန်းရင်းဆန်ခတ် ဖြစ်၍ လာလေ၏ ။ ပြေး၍ သွားပြီး အကြောင်းကို မေးကာ စောမြကို ပြန်၍ ခေါ်ချင်၏ ။ သွားလည်း မသွားဝံ့ချေ ။ “ ဘာဖြစ်တာပါလိမ့်မလဲ ” ဟူ၍သာ တွေးရလေ၏ ။ ထိုအခိုက်တွင် စောမြ တိုက်ပေါ်သို့ တစ်ဖန် လိုက်ပါ၍ သွားလေရာ စိတ်ထဲမှာ သာ၍ မသင်္ကာ ဖြစ်လေ၏ ။ “ ဟယ် ... ဘာပဲဖြစ်ဖြစ် လှေကားကို ငါ တက်ပါတော့ မယ် ” ဟု အကြံပြုမိလေ၏ ။ တောင်မြောက် လေးပါးကို ကြည့်လေ၏ ။ မည်သူမျှ မိမိကို မြင်မည့် လက္ခဏာ မရှိ သည်ကို သိရလေ၏ ။ ခဏတစ်အောင့်လောက် “ အဘယ်ပုံနေသည်ကို မြင်ရရုံမျှ ချက်ချင်းတက်ပြီး ချက်ချင်း ဆင်းရလျှင် ကိစ္စမရှိတန်ရာ ” ဟု တွေးလေ၏ ။ သို့အတန်ငယ် ကြာစွာ ချီတုံချတုံ ဖြစ်နေခိုက်တွင် တီးသံသည် သာ၍ သည်းလျက် ကသူများ တိုး၍ လှုပ်ရှားကြသည့်အသံကို ကြားရသလိုလို စိတ်၌ မှတ်ထင်ရလေ၏ ။ ထိုအခါ သိချင်ဇောက အားကြီးဆောင်သဖြင့် မိမိပြုမူပုံကို သေချာစွာ မသိရဘဲ လှေကားရှိရာသို့ ရောက်၍ သွားပြီး တစ်ခါတည်း လှေကားထိပ်နားသို့ ရောက်၍ သွားလေရာ စောမြနှင့် ထွန်းရင် မူးယစ်သော အမူအရာနှင့် ဝီခေါ်အောင် မွှေ၍ ကနေကြသည်ကို လည်းကောင်း ၊ စောမြမှာ လဲတော့မလို ယိမ်းယိုင်သဖြင့် ထွန်းရင်က ရိုးရိုးတွဲ၍ ကသည်ထက် ပိုင်နိုင်စွာ ပွေ့ဆောင်၍ ကရသည်ကို လည်းကောင်း မြင်ရသောအခါ အရေးပိုင်မင်းမှာ မူးခနဲ မိုက်ခနဲဖြစ်၍သွားပြီး ကျွီ ကျွီ ၊ ဂျရစ်ရစ် ဂျိုင်းခနဲ လှေကားရော လူရော ၊ အောက်သို့ ရောက်လေရာ လှေကားအောက်တွင် တင်ဘူးတောင်း ထောင်၍ နေသည်ကိုလည်းကောင်း ၊ လူ အမြောက်အမြား ဝိုင်း၍ လာကြသည်ကို လည်းကောင်း တွေ့ရလေ၏ ။

“ သူခိုး … သူခိုး ၊ ဖမ်း ဖမ်း ၊ ဆော်ဆော် ၊ ချချ ၊ ဘယ်က ဘိန်းစားလဲ ။ တက်လာကတည်းက ကျုပ် မြင်တယ် ။ သည့်အတွက် ထိပ်ရောက်မှ လှေကားကို ကျုပ် တွန်းပြီး လှဲချလိုက်တာ ။ မအေပေးသူခိုး မသေသေးဘူးလား ။ ဘယ်မလဲ ပုလိပ် ၊ ပတ်တရောင်တွေ တစ်ကောင်မှ မရှိဘူးလား ” စသည့် စကားများနှင့် ပြေးသံ ၊ လွှားသံ ၊ ပလိပ်ဝီစီ မှုတ်သံတွေကို ကြားရလေ၏ ။ အရေးပိုင်မင်းမှာ ကံကောင်းသဖြင့် နံရံနှင့်ပွတ်ကာ ထူးဆန်းသောနည်းဖြင့် အကျသက်သာသောကြောင့် သတိလုံးလုံး မမေ့ ။ ဘေးနံ လက်ခြေများမှာ အတော် နာကျင်သည်ကိုသာ သိရ၏ ။

“ ကျုပ် သူခိုး မဟုတ်ဘူး ။ မရိုက်ကြနဲ့လေ ။ ကပွဲကို တက်ကြည့်တာပါ ” ဟု ပြောရင်း ရိုက်ဖို့ရန် နားရင်းအုပ်ဖို့ရန် လက်ရွယ်သူများကို လက်နှင့်ဆီး၍ ကာလေ၏ ။ အချို့ကလည်း “ ဟေ့ .. မရိုက်ကြပါနှင့် မောင်ရို့ ၊ သူ့ ခမြာ ကျလို့ နာနေရှာပါပြီ ” ဟု လူတစ်ယောက်က အော်သဖြင့် မရိုက်ဘဲ နေကြရာတွင် လူတစ်ယောက်က ခါးကို တစ်ချက်နှစ်ချက် ခြေကလိန် ရိုက်မိအောင် ရိုက်လေရာ အောင့်နေသော တင်ပါးမှာ ကျိန်း၍ သွားလေ၏ ။

“ ကျုပ် ပြောပါရစေဦး ၊ မရိုက်ကြနဲ့လေ နာသလေ ၊ သူခိုး မဟုတ်ပါဘူးလေ ။ အလို .. ဟိုသင်းဖူးဂေါ ”

“ သယ် ... နင် သူခိုးမဟုတ်ရင် ဘာလဲ ။ ဒင်ဖူးလေး ။ ဘာလေးနှင့် ။ ငါ သေသေချာချာ စောင့်ကြည့်ပြီးမှ လှေကားကို တွန်းလိုက်တာ သိရဲ့လား ” ဟု လူတစ်ယောက်က ပြောလေ၏ ။

ကလာပ်အသံများလည်း ရပ်စဲ၍ သွားလေ၏ ။ အပြင် လမ်းမသို့ ရောက်သောအခါ ကြီးသော လူထုကြီး အလယ်တွင် အရေးပိုင်မင်းမှာ မြေပေါ်တွင် ဒူးတုပ်လျက် ခါးထဲက နာတာတာ ၊ ရင်ထဲမှာ အောင့်တောင့်တောင့် ဆိုသလို ဖြစ်လျက် ဘေးနံကို နှိပ်ရင်း မျက်နှာငယ်ငယ် နှင့် လူတွေကို မော့၍ကြည့်ရာ ထွန်းရင်နှင့် စောမြ၏ မျက်နှာနှစ်ခုကို ကပ်ကာ မြင်ရလေ၏ ။

“ ငါပါဟဲ့ ၊ ငါပါ ။ လုပ်ကြပါဦး ” ဟု တုန်လှုပ်သော အသံနှင့် ပြောလေ၏ ။

ထွန်းရင် ။  ။ “ ဟင် ... အန်ကယ်ကြီးပါကလား ၊ ဘယ့်နှယ်ဖြစ်တာတုံး ။ မင်းကတော် ကြည့်ပါဦး ။ ဖြစ်ရပုံ မင်းကတော်ရယ် ။ ဘယ့်နှယ်ဟာလဲ ” ဟု ပျာယီးပျာယာ ပြောလေရာ စောမြသည် ထိုင်၍ ပွေ့ထူလေ၏ ။

အရေးပိုင် ။  ။ “ ဖယ်ဖယ် ၊ နင် ငါ့ကို မကိုင်နဲ့ ။ နင့် ပါးစပ်က မစင်စော် ၊ ကြင်စော် နံတယ် ။ နင် မူးပြီး အရမ်းဖြစ်နေတယ် ကြားလို့ ငါ လာကြည့်တာ ။ နင် ဖယ် ၊ ငါ့ဘာသာ ပြန်မယ် ” ဟု ပြောကာ ဖယ်၍ ပစ်လေ၏ ။ မစ္စပေါက်ကျိုင်းက “ အစ်ကိုကြီး ၊ မတော်တာ ဖြစ်မှ ဖြစ်ရလေ အစ်ကိုကြီးရယ် ။ ကမ်း ... မင်းကတော် ၊ အိုင်က ... မ ၊ ယူက ... တွဲ ၊ ယူယာကား ဘယ်မှာလဲ ထွန်းရင် ” ဟု ပျာယီးပျာယာ ပြောလေ၏ ။

မကြာမီ အိမ်ကို ရောက်ကြလေ၏ ။ မစ္စပေါက်ကျိုင်းက “ မင်းကတော် အူရိုင်းမို့ မူးကြောင်း ၊ ‘ ကောက်တေး ’  ကလေး တစ်ခွက်စီမျှ သောက်ကြရကြောင်း ၊ ဒေါက်တာ နှင့် မစ္စထွန်းအောင် ၊ စံလှမြတ် ၊ သာဒွန်းကျော်တို့ လင်မယားက မနည်းကြီး တိုက်တွန်းကြလို့ နည်းနည်းစီ ယူကြရကြောင်း ” ပြောလေ၏ ။

မေမေတင် ။  ။ “ ဦးလေးကြီးက အမှားထဲမှာ အားလုံး အင်မတန် ‘ အော်နာရေတယ် ’  ဖြစ်ကြပါတယ် ” ဟု ပြောရာ မစ္စပေါက်ကျိုင်းက “ တင်တင်မေ ( ရှပ်တပ် ) လာ ... သွားကြမယ် ” ဟု ပြောပြီး နှုတ်ဆက်ထွက်သွားကြသောအခါ မင်းကတော်သည် အရေးပိုင်မင်း၏ ပက်လက်ကုလားထိုင်ကို ဒူးထောက်လျက် မှီကာ “ ကျွန်မ အကသွားတဲ့အခါတိုင်း သည်လို စိတ်ပူနေတာ ချည်းပဲလား ” ဟု မေးလေ၏ ။

“ လူကြီးဆိုတာ ဘယ်စိတ်ချနိုင်ပါ့မလဲ မြရယ် ။ မင်းတို့ က ရွယ်တူချင်းတွေကွယ့် ။ မှန်မှန် ပြောစမ်း ၊ ဘာဖြစ်လို့ ကလာပ်ပေါ်က ဆင်းလာတာလဲ ”

“ ချက်ကြီးက မူးပြီး ကျွန်မကို ယီးတီးယားတား လုပ်ချင်လို့ ၊ သည်အကောင်က စည်းမစောင့်ချင်ဘူး ”

“ အေး .. ငါ အစလုပ်ပေးမိတာ မှားတာပဲ ။ အင်္ဂလိပ် လူမျိုးမှာတော့ ထုံးစံမို့ ရိုးနေတယ် ။ အများအားဖြင့် စည်းစောင့်ကြတယ် ။ မိန်းမနှင့် ယောက်ျား တွဲကပေမယ့် ဘာမှ မဖြစ်ဘူး ။ ဖြစ်တော့ ဖြစ်တတ်ပါရဲ့ ။ အင်မတန် ဖြစ်ခဲတာပဲ ။ မြန်မာမှာတော့ ယောက်ျားနှင့် မိန်းမ လက်ဖျားချင်း ထိရုံနှင့် စိတ်မှာ တစ်မျိုး ဖြစ်ချင်တာမို့ အခက်သားပဲ ။ သူတို့ လူမျိုးမှာတော့ ထုံးစံမို့ ရိုးနေသည့်အတွက် မထူးလှဘူး ။ မြန်မာမှာ ထူးတယ် ။ ထူးရာ မှာ မူးကြပြီ ဆိုမှဖြင့် သာပြီး ခက်မှာပဲ ။ ငါလည်း အသက် ကြီးပါပြီကွယ် ။ သေမှာပါပဲ ။ မသေမီကလေး သည်းညည်း ခံစေချင်တာပဲ ။ သေပြီးရင် သဘောရှိ မင်းအတွက်ချည်း တစ်သိန်း အသက်အာမခံ ရှိတယ် ။ လက်ရှိ ပစ္စည်းတွေကိုလည်း သမီးနှင့် တူမမှာ ချမ်းသာပြီမို့ နှောင့်ယှက်လာကြမှာ မဟုတ်ပါဘူး ။ သည်က မသေမီကလေး အတွင်းမှာ စိတ်နှလုံးအေးအောင် မင်း သဘောထားရင် ကုသိုလ်တောင် ရမှာပါပဲ ” ဟု အလွန်ချစ်သော မျက်လုံးများနှင့် မယားထံ အသနားခံလေရာ မင်းကတော်မှာ မျက်လုံးများ ဝေ၍ လာပြီးလျှင် “ ဘယ်အခါမှ ကပွဲကို မသွားတော့ပါဘူး ” ဟူသော ကတိကို ထားလိုက်လေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
      ဇန်နဝါရီ ၈ ၊ ၁၉၃၃ 

အမြင်


❝ အမြင် ❞
( မလေးငယ် )

“ မသိဘူး ။ တစ်ထောင်တန်လား ၊ ငါးရာတန်လား သမီးလည်း မသိတော့ဘူး ဟီး ... ”

ပြောပြောဆိုဆိုနှင့် ငိုချလိုက်သော ကောင်မလေးကို ကြည့်ရင်း သူမ စိတ်တို့ တော်တော်ပင် ရှုပ်ထွေးသွားမိသည် ။ တကယ်ဆို ဒေါ်မြခက် ဆိုတာ သူမတို့ ရပ်ကွက်မှာ နာမည်ကြီး ။ နှုတ်ကြမ်း လျှာကြမ်း ၊ စွာကလည်း စွာသည့် အပြင် သူတို့ အမျိုးတွေကလည်း ကျီးကန်းမျိုးတွေ ။ ရပ်ကွက်ထဲမှာ ဆွေမျိုး များလှသည့်အပြင် ထိုဆွေမျိုးစုကြီးကလည်း သူတို့ အထဲက တစ်ယောက်ယောက် ပြဿနာ တက်ပြီ ဆိုတာနှင့် ကိုယ့်လူ မှားမှားမှန်မှန် သူတို့က နောက်က ဝိုင်းပြီး ရန်ဖြစ်ပြီးသားပင် ။ အခုတောင် မနက် အစောကြီးမို့လို့ အိပ်ရာက မထကြသေးလို့ထင် ။ မဟုတ်လို့ကတော့ရောက်နေလောက်ကြပြီ ။

“ တစ်ထောင်တန်မှ တစ်ထောင်တန် အသေးလေး ။ တစ်အိမ်လုံးမှာမှ အဲဒီပိုက်ဆံ တစ်ရွက်တည်း ရှိတာ ။ ဘာမှ မှားနေစရာ အကြောင်းလည်း မရှိဘူး ။ အမှန်က ဆန်သွားဝယ်မလို့ဟာကို ဒီကောင်မက ဘောပင် ရေးစရာ မရှိတော့ဘူး ဆိုလို့ သူ့ကို အရင် သွားဝယ်ခိုင်းလိုက်တာ ။ မနက်က မျက်နှာသစ်တုန်းကတောင် အေးဆောင်က ဒီနေ့မနက် ဘာချက်မလဲ မေးလို့ ဘာချက်ရမလဲတော့ မသိဘူး ။ ဆန်လည်း ဝယ်ရဦးမယ် ။ ပိုက်ဆံကလည်း ဒီတစ်ထောင်ပဲရှိတယ်အေ ဆိုပြီး အဲဒီ တစ်ထောင်တန်လေး ထုတ်ပြလိုက်ရင်း တစ်ထောင်တန် နံပါတ်လေးက လှတယ် ။ နောက်ဆုံး ဂဏန်းကို နှစ်လုံး ထိုးရင် ကောင်းမယ်လို့တောင် ပြောလိုက်သေးတယ် ။ နောက်ဆုံးဂဏန်း နံပါတ်က ၅၂ တဲ့နော် ၊ မှတ်မှတ်ရရ ။ မယုံရင် အေးဆောင်ကို ခေါ် မေးကြည့် ”

ဪ ... ဒုက္ခ ။ ငါ့ မယုံလျှင် ငါ့ယောက်ျား မေးကြည့်ဆိုသလို ဖြစ်နေပြန်ပါပြီ ။ အမှန်ဆို သူမလည်း အဲဒီလောက် စကားအများကြီး ပြောဆို မနေချင် ။ လူတွေလည်း ဝိုင်းကြည့်လှပြီ ။ တခြားလူ ဆိုလျှင်တောင် ဖောက်သည် အပျက် မခံချင်လို့ ပေးချင် ပေးလိုက်နေပြီ ။ အခု ဟာက ဒေါ်မြခက် ဖြစ်နေလို့ တမင်ပင် အလျှော့မပေးနိုင်တာဖြစ်သည် ။

“ မဟုတ်သေးဘူး အဒေါ် ။ ကျွန်မ ပိုက်ဆံမှား အမ်းမိတယ် ဆိုရင်တောင် အဒေါ့်သမီးက ပြောရမှာလေ ။ ကလေးပေါက်စနလေးမို့ မသိဘူး ဆိုရင်လည်း ထားတော့ ။ အခု အဒေါ်သမီးက ခြောက်တန်းပဲ ရောက်နေပြီ ။ ပိုက်ဆံ မှားအမ်းတယ်ဆိုရင် သူ ချက်ချင်းပြောပေါ့ ။ ဘာလို့ အိမ်ရောက်မှ တစ်ခေါက် လာပြောတာလဲ ။ အခုလည်း ဒီမှာ လာဝယ်တဲ့ လူကိုယ်တိုင်က ငါးရာတန်လား ၊ တစ်ထောင်တန်လား သေချာတောင် ပြောနိုင်တာ မဟုတ်ဘူး ။ ပြီးတော့ ကျွန်မ ပိုက်ဆံ အံဆွဲထဲမှာလည်း မနက်တည်းက တစ်ထောင်တန်နဲ့ တစ်ယောက်မှ လာဝယ်သေးတာ မဟုတ်ဘူး ။ တစ်ထောင်တန်လည်း တစ်ရွက်မှ မရှိဘူး ။ အဒေါ် မယုံရင် လာရှာကြည့် ”

ငိုနေသော ဒေါ်မြခက် သမီးလေးကို သနားမိသော်လည်း ပြောစရာ ရှိတာတော့ ပြောရပေလိမ့်မည် ။ မဟုတ်လို့ကတော့ မလွယ် ။ အခုတစ်ခေါက်ရလျှင် နောက်တစ်ခေါက် ၊ နောက်တစ်ခေါက် အခေါက်ပေါင်း များစွာ လာပေတော့မည် ။

“ လာလည်း ရှာကြည့် မနေနိုင်ဘူး ။ ငါကတော့ အမှန် ပြောတာပဲ ။ ငါ ပေးလိုက်တဲ့ ပိုက်ဆံက တကယ် တစ်ထောင်တန် ။ အဲဒီတော့ လိုတဲ့ ပိုက်ဆံပြန်ပေး ။ ပြန် မပေးမချင်းတော့ ညည်းဆိုင် ရှေ့က တစ်ဖဝါးမှ ခွာမှာ မဟုတ်ဘူး ။ ငါ့ပိုက်ဆံ ငါပြန်တောင်းနေမှာပဲ ”

“ နေပါဦး ။ အဒေါ် စကားကို အဲဒီလို ....”

“ ဟဲ့ သမီး ၊ နွယ်နွယ် ”

သူမ စကားပင် မဆုံးလိုက် ။ နောက်က ခေါ်လိုက်သော အသံနှင့်အတူ သူမ အနားသို့ ရောက်ရှိလာသူက သူမ အမေ ။

“ မနက်စောစောစီးစီး ဘာလို့ စကားတွေ များနေရတာလဲ ။ သူလိုတယ် ဆိုတဲ့ ပိုက်ဆံ ပြန်ပေးလိုက် ”

“ မဟုတ်ဘူး မေကြီး ၊ အခုဟာက ”

“ ပြန်ပေးလိုက်ပါဆို အေ ၊ ပိုက်ဆံက ဘယ်လောက်လဲ ။ ငါးရာမို့လား ”

ပြောပြောဆိုဆိုနှင့် သူမ ပိုက်ဆံအံဆွဲထဲက ငါးရာတန် တစ်ရွက်ကို ယူပြီး ဒေါ်မြခက် ကို လှမ်းပေးလိုက်ရင်း -

“ ကဲ အစ်မကြီး ... ဟောဒီမှာ ပိုက်ဆံငါးရာ ။ ဈေးဝယ်ဈေးရောင်း လူကလည်း များနေတော့ သူ့အမှား ကိုယ့်အမှား ရှိပါလိမ့်မယ် ။ ထားလိုက်ပေါ့တော့နော် ”

“ ရပါတယ် ၊ ကျွန်မက ကျွန်မပိုက်ဆံ ပြန်ရရင် ပြီးတာပဲ ”

ပိုက်ဆံငါးရာကို လက် တစ်ဖက်က ဆုပ် ၊ ကျန်သည့် လက်တစ်ဖက်က သူ့သမီး လက်မောင်းကို ကိုင်ပြီး ထွက်သွားသော ဒေါ်မြခက်ကို ကြည့်ရင်း ကျွန်မအမေ့ကို မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည် ။

“ မလှူတတ်ရင် ဈေးရောင်းတဲ့ သမီးရဲ့ ။ စကားပုံ တောင် ရှိသေးတယ် ။ တော်ရုံတန်ရုံတော့ ထားလိုက်ပါ အေ ”

သူမအကြည့်ကို နားလည်ဟန်ဖြင့် ပြောလိုက်သော အမေ့စကားကို ပြန်လည် ချေပလိုက်ချင်သော်လည်း အခုမှ ဈေးဝယ်ဖို့ သတိရကြဟန်ဖြင့် အနားရောက်လာကြသော လူများကြောင့် သူမ မျက်နှာကို ရှေ့သို့ ပြန်လှည့် လိုက်ရင်း နှုတ်ခမ်းကို သာ အတတ်နိုင်ဆုံး ပြုံးထားလိုက် မိတော့သည် ။ သီတင်းကျွတ် ကျောင်းပိတ်ရက် အပြီး ဒီနေ့ ကျောင်းပြန်ဖွင့်သည့် ရက်မို့ ကျောင်းသုံးပစ္စည်းနှင့် မုန့် တွေကို အဝယ်များတာ ကြောင့် ဒီနေ့မနက် ဆိုင်ဖွင့် ကတည်းက လူတွေ အုံနေသည် ။

ဈေးကိုသာ အာရုံစိုက်ပြီး ရောင်းနေရပေမဲ့ ခုနက အဖြစ်အပျက်ကြောင့် သူမ စိတ်ထဲမှာတော့ ခံရခက်နေဆဲ ။ တကယ်ဆို အိမ်မှာ ကုန်စုံဆိုင်ကလေး စဖွင့်က တည်းက ရပ်ကွက်ထဲက ဈေးဝယ်လာသူတွေက တစ်ဆင့် ဒေါ်မြခက် သတင်းက မွှေးပြီးသား ။

“ ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ ဆိုင်မှန်သမျှ ဒေါ်မြခက်နဲ့ ရန်မဖြစ်ဖူးတဲ့ ဆိုင် တစ်ဆိုင်မှ မရှိ ။ ရန်ဖြစ်ရတဲ့ အကြောင်းကလည်း ဒီပိုက်ဆံ ပြန်အမ်းတဲ့ ကိစ္စပဲ ။ နှစ်ရာတန် ပေးပြီး ငါးရာတန် ပေးပါတယ် ပြောလို့ပြော ၊ ငါးရာတန် ပေးပြီး တစ်ထောင်တန် ပေးပါတယ် ပြောလို့ပြော ၊ တစ်ခါ တလေ ပိုက်ဆံတစ်ပြားမှ မပေးရသေးဘဲနဲ့တောင် ပေးပြီးပြီ ခံငြင်းတတ်သေးတယ် ”

ဒီလိုသတင်းတွေ မွှေးနေလွန်းလို့လည်း ဒေါ်မြခက် မို့ ဈေးဝယ်လာပြီဆို သူမ အမြဲ အလွတ်မပေးရဲ ။ ဆိုင်က ကောင်မလေးတွေ ကိုလည်း မရောင်းခိုင်းရဲ ။ သူမ ကိုယ် တိုင်ပင် ရောင်းပြီး ပိုက်ဆံ ပေးပြီ ဆိုရင်လည်း သူပေးသည့် ပိုက်ဆံကို ဘယ်တော့မှ အံဆွဲထဲ တန်းမထည့် ။ အ မြဲ လက်မှာ ကိုင်ထားပြီး အမ်းစရာ ရှိသည့် ပိုက်ဆံကို ပြန် အမ်းရသည် ။ ဒါတောင် ခံငြင်းတာ နှစ်ကြိမ်တိတိ ၊ နှစ်ကြိမ်လုံးမှာ သူမ သတိ မလွတ်ခဲ့သူမို့ “ မဟုတ်သေးဘူးလေ အဒေါ်ရဲ့ ။ အဒေါ် ပေးတဲ့ ပိုက်ဆံက ဒီမှာလေ ။ ကျွန်မ အံဆွဲထဲတောင် မထည့်ရသေးဘူး ” ဆိုပြီး အပြုံးမပျက် ရှင်းနိုင်ခဲ့စမြဲ ။ ဒီနေ့ သူ့သမီးကလေး လာဝယ်တော့ လူကလည်း ရှုပ်နေတာမို့ ပေါ့သွားမိတာ ၊ အခုတော့ ... ။

••••• ••••• •••••

“ ဟဲ့ တော်တော့ ၊ ငိုမနေနဲ့တော့ ။ ပြောလိုက်ရင် ငိုဖို့ပဲ ။ ဘောပင်လေးတစ်ချောင်း သွားဝယ်ပါတယ် ။ နောက်က အမေက လိုက်ရှင်းနေရတယ် ။ တစ်စက်ကလေးမှ အသုံးမကျဘူး ”

ပြောပြောဆိုဆို နှင့် ခေါင်းကို လာခေါက်လိုက်သော အမေ့ကြောင့် မြချို မျက်ရည်တို့ကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်ရင်း အမေ့ နောက်ကျောကို မကျေမနပ် နှင့် ကြည့်နေမိသည် ။ နောက်ဆို အဲဒီ အစ်မဆိုင်မှာ ဘယ်လိုများ ဈေးသွားဝယ်ရပါတော့မလဲ ။ အဲဒါ အမေ့ကြောင့်.. ။ အမေ့ကြောင့်ပင် ရပ်ကွက်ထဲက တခြား ဈေးဆိုင်တွေမှာ ဈေးပင် သွားမဝယ်ရဲ ။ မဝယ် မဖြစ်လို့ သွားဝယ်ရပြန်လျှင်လည်း ဆိုင်က လူတွေက ရောင်းချင်သလို မရောင်းချင်သလို မယုံသင်္ကာ မျက်လုံးတွေနှင့် ကြည့်စမြဲ ။

အဲဒီဆိုင်က အစ်မကတော့ ဆိုင်ဖွင့်တာလည်း မကြာသေး ၊ တခြားဆိုင်က လူတွေလိုလည်း မဟုတ် ။ အစ်မမျက်နှာ ချောချောလေးက အမြဲတမ်း ပြုံးရွှင်နေတတ်သည် ။ မြချိုတို့ ဈေးသွား ဝယ်ရင်လည်း ညီမလေး ညီမလေးနှင့် အရေးတယူ ရောင်းတတ်သော ထိုအစ်မကို မြချိုက ချစ်လည်း ချစ်ခင်သလို အထင်တကြီးလည်း ရှိလှသည် ။ အစ်မတို့ အိမ်အောက်ထပ်မှာ ချိတ်ဆွဲထားသော အစ်မ ဘွဲ့ယူတုန်းက ပုံကို ဈေးသွားဝယ်တိုင်း ငေးငေးကြည့်ပြီး အားကျရတာလည်း အမော ။

ထိုအစ်မလို ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လွန်းလှပေမဲ့ ဒီနေ့ မြချို ၊ ကျောင်းပြန် တက်ရမှာ ကြောက်နေမိသည် ။ ကျောင်းမှာ သီတင်းကျွတ် ဆရာကန်တော့ပွဲအတွက် တစ်ယောက်ကို ပိုက်ဆံ တစ်ထောင်စီ ထည့်ခိုင်းထားတာ ဆရာကန်တော့ပွဲတောင် ပြီးနေပြီ ဖြစ်ပေမဲ့ မြချို အခုထိ တိုင် မထည့်ရသေး ။ ဆရာ ကန်တော့ပွဲနေ့က ကန်တော့ရတာတောင် မြချိုမှာ မလုံမလဲနှင့် ။ ဆရာမကို ကျောင်းပြန်ဖွင့်ရင် ပေးပါ့မယ်ဟု ပြောထားပြီး ကျောင်းပိတ်ရက်တွေမှာ မြချို မုန့်ဖိုးကို စုထားပေမဲ့ အခုမှ ပိုက်ဆံက ငါးရာပဲ ရှိသေးတယ် ။ ဆရာမကို ငါးရာပဲ သွားပေးလို့လည်း ဖြစ်မှာ မဟုတ် ။ အမေ့ဆီက တောင်းရင်လည်း ရမှာ မဟုတ် .. အဲဒီ တော့ ... အတွေးနှင့်အတူ မြချို နှုတ်ခမ်းကို ထော်ရင်း အမေ့ကိုသာ မကျေမနပ် လှမ်းကြည့်လိုက်မိသည် ။ အဲဒါ အမေ့ကြောင့် ... ။

••••• ••••• •••••

“ အစ်မ ဟောဒီမှာ မနက်က ပိုက်ဆံ ငါးရာ ”

ဆိုင်မှာ လူပါးသွားပြီ ဖြစ်သောကြောင့် အံဆွဲထဲရှိ ပွနေသော ပိုက်ဆံများကို တစ် ရွက်ချင်း သေသေချာချာ ဖြန့်ပြီး ထိုင်စီနေရင်း ကြားလိုက်ရသော စကားသံကြောင့် မော့ကြည့်လိုက်တော့ ကျောင်းစိမ်းဝတ်စုံလေးနှင့် ဒေါ်မြခက် သမီးလေး ။ မှန်ပုံးပေါ် လာတင်သော ပိုက်ဆံ ငါးရာကို လှမ်းကြည့်ရင်း -

“ ဘာလဲ ၊ ညီမလေး အမေက ပြန်ပေးခိုင်းလိုက်တာလား ”

“ ဟင့်အင်း ... မဟုတ်ဘူး ။ သမီး ပြန်ပေးတာပါ ။ အမေ့ကို သွားမပြောပါနဲ့နော် အစ်မ ။ သမီး တောင်းပန်ပါတယ် ”

တုန်တုန်ယင်ယင်နှင့် ခပ်တိုးတိုးလေး ပြောပြီး ထွက် သွားသော ကောင်မလေးကို ကြည့်ရင်း သူမ မယုံကြည် နိုင်စွာဖြင့် သက်ပြင်းတစ် ချက်ကိုသာ လေးလေးပင်ပင် ချလိုက်မိသည် ။

“ ကြည့်စမ်းပါဦး ။ သူမ က ဒေါ်မြခက် လက်ချက် ထင်တာ ။ အခုတော့ သူ့သမီး လေးက လုပ်တာပါလား ။ ဒီကလေးမ ငယ်ငယ်ရွယ်ရွယ်နဲ့နော် ။ အတုမြင် အတတ်သင် ဆိုတာ ဒါမျိုးပဲနေမှာပဲ ။ ဒေါ်မြခက်ကို ပြန်ပြောရင် ကောင်းမလား ။ အိုလေ ... ပြောမနေတော့ပါဘူး ။ ကောင်မလေးလည်း နောင်တရလို့ ပြန်လာပေး တာပဲ နေမယ် ။ နောက် တွေ့ တော့မှ ချော့မော့ပြီး ဆုံးမတော့မယ် ”

အတွေးနှင့် အတူ အနည်းငယ်သာ ရှိတော့သော အံဆွဲထဲရှိ ပိုက်ဆံများကို ဆက်စီနေမိသည် ။ ဘာပဲပြောပြော မနက်က ပြဿနာကို တရားခံ သေချာ သိလိုက်ရပြီ ဆိုတော့ တင်းကျပ်နေသော စိတ်အစုံလည်း အနည်းငယ် ပြေလျော့ သွားသယောင်ပင် ။ အေးပေါ့လေ ဒီအရွယ် ဆိုတော့လည်း မှားမိပေမပေါ့ ။

အခုလို လာ တောင်းပန်ဖော် ရတာပဲ .... ။

တွေးနေသော အတွေးတို့က နေရာမှာတင် ကသောင်းကနင်းနှင့် ရပ်တန့်ကုန်ကြသည် ။ သူမ အမြင်များ မှားနေတာလား မသိ ။ မဟုတ်ပါ ... မမှားပါ ။ တကယ်ပဲ အံဆွဲထောင့်လေးမှာ တစ်ထောင်တန်အသေးလေး တစ်ရွက် ။

“ ဘယ်လို ဖြစ်ရတာလဲ ။ ဒီနေ့မနက် တစ်ထောင်တန်နဲ့ ဈေးလာဝယ်တဲ့လူ တစ်ယောက်မှ မရှိသေးပါဘူး ”

မမြင်သင့်သော အရာ တစ်ခုကို မြင်လိုက်ရ သကဲ့သို့ သူမ အတန်ကြာ ကြောင်ကြည့် နေရာမှ ဒေါ်မြခက် စကားတို့ကို ပြန်ကြားယောင်လာရင်း တစ်ထောင်တန်လေးကို ကတုန်ကယင် လှမ်းယူလိုက်ပြီး နောက်ဆုံး နံပါတ်ကို ကြည့်လိုက်မိသည့် အခိုက်မှာတော့ ... ။

ဆိုင်ရှေ့မှာ လာအော်နေ သော ဒေါ်မြခက် ရုပ်သွင် ၊ ဘေးနားမှာ ငိုရှိုက်နေသော ကလေးမလေး ၊ တောင်းပန်သလို မျက်နှာထားလေးနှင့် ပိုက်ဆံ လာပေးသွားသော ကလေးမလေး၏ ဟန်ပန် ... ၊ အရာရာအားလုံးတို့ဟာ သူမ မျက်လုံးထဲတွင် ရုပ်ရှင် အနှေးပြကွက် တစ်ခုကဲ့သို့ ... ။ မနက်က အဖြစ်အပျက် ကြောင့် ရှက်ရွံ့ရခြင်းထက် ပိုသော ရှက်ရွံ့ခြင်းများစွာနှင့် ဆောင်းတွင်း မနက်ခင်းမှာ သူမ တစ်ကိုယ်လုံး ချက်ချင်းပင် ချွေးဒီးဒီး ကျလာလေတော့သတည်း ... ။

⎕ မလေးငယ်
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ၂၀၁၄ ၊ ဩဂုတ်

သည်နှင့်အမျှ


❝ သည်နှင့်အမျှ ❞
( သန်းမြင့်အောင် )

“ ယနေ့ပြုရသော ဒါနကုသိုလ် ၊ သီလကုသိုလ် ၊ ဘာဝနာ ကုသိုလ် အစုစုတို့ကြောင့် တပည့်တော်မ၏ သားကြီး အသက်ရှည် အနာကင်းပြီး ဘေးမသီ ရန်မခ ၊ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်ပြီး စီးပွား လာဘ်လာဘများ တစ်နေ့တခြား တိုးတက်ပါစေ ဘုရား ”

“ ဒူ ... ”

သိပ်များ လောဘကြီးသွားသလားတော့ မသိဘူး ။ ဒါပေမဲ့ အဲဒါ သားကြီးအတွက် တစ်နေ့မှ မပြတ်တဲ့ အမေ့ဆုတောင်းလေ ။ လွမ်းလိုက်တာ ၊ သည်နှစ်ထဲမှာ သားကြီးကို ဘယ်လိုလွမ်းမှန်း မသိဘူး ။ အရင်တုန်းက သားကြီးဆီက ငွေပို့ရင် စာလေးတစ်စောင်တလေ ပါလာသေးသည် ။ ခုနောက်ပိုင်း သားကြီး စာမရေးတော့ဘူး ။ တစ်လတစ်ခါ ငွေမှန်မှန် လာပို့တဲ့ သူ့တပည့်စံခင်ကတော့ ဆရာ အလုပ်တွေ တအားများ နေတယ် ။ အမေ နေကောင်းရဲ့လား ကြည့်ခဲ့ ၊ အမေ ဘာလိုသေးလဲ မေးခဲ့ဖို့ တဖွဖွ မှာတယ်လို့ ပြန်ပြောပါတယ် ။

ဘာမှ မလိုပါဘူး သားရယ် ၊ သားကြီးက အမေ့ကို လိုလေသေး မရှိအောင် ပို့နေမှ အမေ ဘာလိုတော့မှာလဲ ၊ အမေ လိုတာတစ်ခုက ငါ့သားကြီးရဲ့ မေတ္တာအငွေ့အသက်လေ ။ ခုဆိုရင် ဆယ်နှစ် ကျော်ပြီလေ ။ သားကြီး အမေ့ကို ချစ်တာ ၊ ဂရုစိုက်တာ အမေ ကျေနပ်ပါတယ် ။ အမေ့ဆီ လာမတွေ့ နိုင်တာကတော့ သားကြီးက အလုပ်တာဝန်တွေ သိပ်များတဲ့ သူကိုး ။ ငါ့သားလို ဆရာဝန်ကြီး တစ်ယောက်ကို မွေးထားရတာ အမေ ဘယ်လောက် ဂုဏ်ရှိတယ် မှတ်သလဲ ။

သည် ရွာကလေးမှာ ဆရာဝန် ဖြစ်အောင် မွေးနိုင်တဲ့ မိန်းမဆိုလို့ တစ်ယောက်ပဲ ရှိတာ သားရဲ့ ၊ အခု ငါ့သားကြီး အသက်လေးဆယ်ကျော်တဲ့ အထိ ငါ့သားလို သားမျိုး ဘယ်မိန်းမကမှ မမွေးနိုင်သေးဘူးလေ ။ သည်တော့ သားကြီး အရှိန်နဲ့ အမေ့မှာ မျက်နှာကို ပွင့်လို့ပေါ့ ။

ဒါပေမဲ့ အမေ မွေးလိုက်တဲ့ သားက သိပ်အတော် လွန်သွားတော့ တဖြည်းဖြည်း အမေနဲ့ ဝေးကွာနေပြီပေါ့ ။ အမေ မသေခင် ခဏတစ်ဖြုတ်လောက်ပဲဖြစ်ဖြစ် ငါ့သားနဲ့ နီးနီးကပ်ကပ် နေချင်သေးတယ် သားရယ် ။

တစ်နေ့တခြား အလုပ်တွေ ပိနေတဲ့ သားကြီးက အမေ့ဆီ ဘယ်လာနိုင်ပါတော့မလဲ ။ မနေနိုင်တော့တဲ့ အမေကပဲ သားကြီးဆီ လိုက်ရတော့မှာပေါ့ ။ ဒါကြောင့် သည် တစ်ခေါက် စံခင် အလာကို အမေ မျှော်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေရတယ် ။

ဟိုးအရင်နှစ်တွေက သားကြီး ရန်ကုန်က ပြန်လာတိုင်း အမေကိုယ်တိုင် ထည့်ကျွေးတဲ့ လှော်စာကို မြိန်ရေရှက်ရေ စားနေကျ ။ အမေ မေ့နေရင်တောင် အမေ လှော်စာထည့်ဦးလေလို့ သတိပေးတတ်တဲ့ သားကြီးအတွက် ရန်ကုန်ကျရင် ထည့်ကျွေးဖို့ လှော်စာဆေးနဲ့ ကောက်ညှင်းဆန် ကောင်းကောင်းကို အရင်ဆုံး စုဆောင်းထားလိုက်ရတယ် ။

မျှော်တုန်းမျှော်ဆဲမှာပဲ စံခင် တစ်ယောက် ပေါက်ချလာပါရောလား ။ လက်ထဲက အထုပ်အပိုးမှ ချလို့ မပြီးခင် အမေက -

“ မင်းပြန်ရင် ငါ လိုက်မလို့ စံခင်ရေ ၊ ငါ့သားကို အောက်မေ့လွန်းလို့ ”

ဆိုတော့ သူက ပါးစပ်အဟောင်းသားနဲ့ အမေ့ကို မော့ကြည့်နေတယ် ။ အမေ သည်လို တစ်နေ့မှာ လိုက်လာလိမ့်မယ်လို့ သူ မျှော်လင့်ထားပုံ မရဘူး ။

“ ဆရာက မမှာလိုက်ဘူး အမေရဲ့ ”

“ ဘာရယ် .. သူ မှာမှ ငါက လိုက်ရမှာ လားဟဲ့ ”

“ မဟုတ်ဘူးလေ ၊ အမေ လိုက်လည်ချင်ရင် ကျွန်တော် အခု ပြန်သွားရင် ဆရာ့ကို ပြောလိုက်မှာပေါ့ ၊ ဆရာက နောက်တစ်ခေါက် ခေါ်ခဲ့ဆို ကျွန်တော် လာခေါ်မှာပေါ့ ။ ဒါမှ ဆရာလည်း အမေ့အတွက် ကြိုတင်ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်ထားမှာပေါ့ ”

“ အမယ် အမယ် ... ကိုယ့်သားဆီ ... ကိုယ်သွားတာများ ခွင့်တောင်းနေရဦးမှာလား စံခင်ရဲ့ ၊ ငါက ဘယ်လိုဖြစ်ဖြစ် နေတတ် ၊ စားတတ်တဲ့ တောသူပါဟဲ့ ငါ့အတွက် သူက ဘာမှ ပြင်ဆင်နေစရာ မလိုဘူး ၊ ငါကသာ သူ့အတွက် ပြင်ဆင်လာမှာ  ၊ မင်း ဘာမှ ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ ၊ ငါ လိုက်ကို လိုက်မယ် ဒါပဲ ”

ကျိန်းသေလက်သေ စီမံထားတဲ့ အမေ့ကြောင့် စံခင် အတော်အကျပ်ရိုက်သွားပုံပဲ ။

••••• ••••• •••••
  
အို ... ကြီးကျယ် ခမ်းနားပါပေ့တော် ၊ ကျယ်လိုက်တဲ့ တိုက်ကြီး ။ ကော်ဇောကြီးနဲ့ အဖိုးတန် ပစ္စည်းတွေကလည်း ခန်းလုံးပြည့် လက်လက်ကို ထလို့ ။

အမေ့အကြိုက်ဆုံးက ဆိုဖာလို့ ခေါ်တဲ့ ကုလားထိုင် အိအိကြီးတွေ ၊ ထိုင်လိုက်ရတာ အရသာကို ရှိလို့ ။

ငါ့သားကြီး တယ်ဟုတ်နေပါလား ၊ ချွေးမနဲ့ မြေးတွေကလည်း အမေ့ အနားမှာ ဝိုင်းလို့ ၊ သူတို့လေးတွေ ငယ်ငယ်နဲ့ အမေ့ဆီ တစ်ခေါက် ရောက်လာကြပြီးကတည်းက ခုမှပဲ တွေ့ကြရတော့တာ ။ မြေးတွေက အပျိုကြီးဖားဖား ၊ လူပျိုကြီးဖားဖားတွေ ဖြစ်လို့ ။ လမ်းတွေ့ရင် ဘယ်မှတ်မိနိုင်ပါ့မတုံး ။ ချွေးမကလည်း စိန်နားကပ်ကြီး တဖျပ်ဖျပ်နဲ့ ဝလို့ ဖီးလို့ ။ အဲ အမေ့ သားကြီးကတော့ မရှိဘူးလေ ။ ဆေးခန်းမှာ တဲ့ ။ အမေ ရောက်နေမှန်း သိရင် ကဆုန်ပေါက်ချလာမှာ မြင်ယောင်သေး ။

အဲဒီနေ့ ညနေမှာ သားအပြန်ကို မျှော်ရင်းနဲ့ပဲ မိုးသာ စုံးစုံးချုပ်သွားတော့တယ် ။ သားကြီးက ပြန်ရောက်မလာဘူး ။ အလုပ်တွေ သိပ်များနေလို့တဲ့ ။

အေးလေ ... မနက်ဖြန်တော့ တွေ့ရမှာပေါ့ ၊ အလုပ်များ တယ်ဆိုတာ ကျေနပ်စရာပဲ မဟုတ်လား ။ ကိုယ်ပိုင်ဆေးခန်းဆိုတော့ ရသလောက် ကိုယ့်အတွက်ချည်းပဲ မဟုတ်လား ။ ဒါကြောင့်လည်း သားကြီးတို့ ဒီလို နေနိုင်ကြတာပေါ့ ။

မနက်ကျတော့ သားကြီး ပြန်လာရင် ထမင်းလက်ဆုံ မြိန်မြိန်လေး စားစေချင်လို့ သူ ကြိုက်တာကလေးတွေ ရွေးချက်ချင်တာနဲ့ အိမ်ဖော်ကောင်မလေးကို အဖော်ခေါ်ပြီး ဈေးထဲ လိုက်ပို့ ခိုင်းရတယ် ။

ရန်ကုန်မြို့ကြီးက ဈေးဝယ်ရတာကစ တယ်ခေတ်မီနေပါလား ။ ကြက်သွန်ဖြူဆို ခွာပြီးသား ၊ အစိမ်းကြော်အတွက် အသီးအရွက်ဆို လှီးပြီးသား ၊ မဆလာ အစုံဆို ထောင်းပြီးသား ။

ဒါပေမဲ့ အမေကတော့ ကိုယ်တိုင်ထောင်းရ ၊ ထုရမှ အရသာ ပိုရှိတယ် ထင်တာ ။ ဈေးရောင်းကြတာလည်း စိတ်မရှည်သလိုပဲ ။ ဘူးသီးနဲ့ ကြက်သားကို ကာလသားဟင်းလေး ချက်ချင်တာနဲ့ ဘူးသီးသည် ရှေ့ရပ်ပြီး -

“ ဘူးသီးက နုရဲ့လား ”

လို့ မေးလိုက်မိလို့ ဘူးသီးသည်က မျက်နှာထားတင်းတင်းနဲ့ -

“ အပျို့ ပါးထက်တောင် နုသေး ” ဆိုပဲ ။

အမေကတော့ စွန့်စွန့်စားစား ကိုယ်တိုင် ထွက်ဝယ် ချက်ပြုတ်ပြီး စောင့်နေလိုက်ရတာ ၊ ကိုယ်တော်မြတ်က ဒီမနက်လည်း ပြန်ရောက်မလာပြန်ပါလား ။ လွန်လွန်းပြီ ထင်တယ်နော် ။

ချွေးမနဲ့ စံခင် ကလည်း ဘာဖြစ်နေရတာလဲ ။ တော်ကြာ တိုးတိုးတိုးတိုး ပြောလိုက် ၊ အပြင်ထွက် သွားလိုက် ၊ တယ်လီဖုန်းနား သွားပြီး ဟိုလှည့် သည်လှည့် လုပ်လိုက် ၊ ပွစိပွစိ ပြောလိုက် ၊ စံခင်ကလည်း ဝင်လိုက် ထွက်လိုက် ။ အမေ ရှိရင် မပြောကြပြန်ဘူး ။ သူတို့ နှစ်ယောက် ဘာတွေ ကိစ္စများ နေကြပါလိမ့် ၊ လိုက်ကာကြားကနေ နားစွန်နားဖျား ကြားလိုက်ရတာတွေက -

ဟိုတစ်ယောက် ဆိုတာရယ် ၊ မနေ့က ပိတ်ရက် အဆက်အသွယ်ပြတ် ၊ ဒီနေ့တော့ ဆေးခန်းမှာ သေချာ ဆိုတာတွေ ကြားလိုက်မိတာပဲ ။ အဲဒါတွေ တွတ်တွတ်တွတ်တွတ် ပြောပြီး စံခင် ပြန်ထွက် သွားပြန်ရော ။

ဘာတွေ ဖြစ်နေမှန်း မသိတော့ အမေလည်း စောင့်မနေချင်တော့ဘူး ။

“ သမီး ၊ အမေ ဆေးခန်းလိုက်သွားချင်တယ် ”

ဆိုတော့ ချွေးမက တွေသွားတယ် ။

မြေးအလတ်မက -

“ ကောင်းသားပဲ ၊ မေမေ အပြင် သွားမလို့ဆို ဘွားဘွားကို ဆေးခန်း ဝင်ပို့ပေးလိုက်ပါလား ၊ ဒါမှ ဖေဖေလည်း ဆေးခန်းပိတ်ရက် အိမ်ပြန်ပါလာမှာ ”

လို့ ပြောတော့ သူ့အမေက -

“ ဟဲ့ ... ” လို့ တစ်ခွန်း ဝင်ဟန့်တယ် ။

အင်း ... ရေးရေးတော့ သဘောပေါက်မိသလိုပဲ ။

••••• ••••• •••••

အလုပ်ခန်းဆိုတဲ့ နေရာကလည်း တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်က သီးသန့်ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခုအတွင်းမှာပဲ ။ အမေက ချွေးမကို ကားပေါ်က မဆင်းခိုင်းတော့ဘဲ စိတ်ချလက်ချ ထားခဲ့ဖို့ မှာပြီး ပြန်လွှတ်လိုက်တယ် ။

သားကြီးကို အရင် သွားမတွေ့သေးဘဲ သိပ်ပြီး များပြား ပြည့်သိပ်နေတဲ့ သူ့အလုပ်တွေကို စောင့်ကြည့် အကဲခတ်ချင်လို့ ကိုယ့်ကိုယ် မသိတဲ့ အပြင်ခန်းက လူနာတွေ ကြားမှာ ဝင်ပြီး အသာလေး ထိုင်စောင့်နေလိုက်တယ် ။

ဝေဒနာသည် လို့ ထင်ရတဲ့ အမျိုးသမီးတွေ အကုန်လုံးဟာ သာမန်လူကောင်းနဲ့ သိပ်ပြီး ခြားနားမနေတာကိုတော့ အရင်ဆုံး သတိပြုမိတယ် ။

ကိုယ့်အလှည့်ကို စောင့်ဆိုင်းရင်း မိန်းမသဘာဝ ရောက်တတ်ရာရာတွေ ပြောကြတဲ့ အထဲက ဒီဆရာဝန်ကြီးက ငွေယူ ဘယ်လို ရက်စက်တဲ့ အကြောင်း ၊ မိန်းမက ဘယ်နှယောက် ၊ သားသမီးတွေက ဘယ်လို ၊ တိုက်က ဘယ်နှလုံး ၊ ကားက ဘယ်နှစီးတဲ့ ၊ တိုးတိုးကြိတ်ကြိတ်  စကားသံတွေဟာ အမေ့နှလုံးသားကို တုန်ခါလှုပ်ယမ်းစေတယ် ။

အမေ့သားကြီး တစ်ယောက် ပျော်မလားလို့ ပြက်ကြည့်ရင်းနဲ့ အပျက်ထဲမှာ ပျော်နေပြီ ထင်ပါရဲ့ ။ ငွေမက်တယ် ဆိုတာ အတိုင်းအတာတော့ ရှိရမှာ ပေါ့ကွယ် ။

“ ဆရာ စကိုင်ပြီ ဆိုရင် ဒီမှာ တစ်ရက်တော့ ထားရလိမ့်မယ် ၊ အားလုံးပြီးစီးမှ ပြန်လွှတ်မှာ ၊ အစောင့်တစ်ယောက်က လွဲရင်တော့ ဘယ်သူမှ အဝင်အထွက် မလုပ်ပါစေနဲ့ ”

စားပွဲတစ်လုံးနဲ့ လူနာစာရင်း ယူနေတဲ့ စာရေးက လူနာရှင်တစ်ယောက်ကို ပြောနေတဲ့ အသံ ။

စမ်းသပ်ခန်းလို့ ရေးထားတဲ့ အခန်းထဲက သားကြီးကို လူဝင်လူထွက် ခန်းဆီးစကို လှပ်လိုက်တဲ့ အချိန်တိုင်းမှာ တစ်စွန်းတစ်စ လှမ်းမြင်လိုက်ရလို့ အခန်းနံရံကို ကျောကပ်ပြီး ကုပ်ကုပ် ကလေး ထိုင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဘေးမှာ ဝင်ထိုင်ပြီး အခန်းထဲက သားကြီးရဲ့ စကားပြောသံကို နားထောင်နေမိပြန်တယ် ။

“ ခင်ဗျား ညာပြောလို့ မရဘူး ၊ ကျွန်တော်က စမ်းကြည့်တာနဲ့ သိတယ် ၊ အဲသလောက် ရင့်နေရင် မလွယ်ဘူး ၊ သက်စွန့်ဆံဖျား လုပ်ရမှာ ၊ ငွေကို ကြည့်မနေနဲ့ ၊ ကျန်းမာရေးအတွက် လုံးဝ တာဝန်ယူတယ် ၊ စိတ်ချ ”

အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင် အခန်းထဲက လက်အိတ်စွပ်ပြီး ပြောင်လက်နေတဲ့ စတီးခွက် ကောက်ကောက်ကြီး တစ်ခုကို ကိုင်ပြီး ထွက်လာတဲ့ လူတစ်ယောက်က အမေ့ဘေးက လူနာရှင် မိန်းမဘေး ကပ်လာပြီး -

“ ပြီးသွားပြီ ဒီမှာ ”

ဆိုတော့ မိန်းမကြီးမျက်နှာ ဝင်းလက်သွားတာပဲ ။ အဲဒီခွက်ထဲကို လှမ်းကြည့်လိုက်တော့ ...

အလို ... ဘုရား ... ဘုရား ။

••••• ••••• •••••

မိုက်လိုက်တဲ့ သားကြီးရယ် ၊ အမေ့သားဟာ အင်မတန်မှ သီလ ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ရွာဦးကျောင်းဆရာတော်ဘုရားရဲ့ တပည့်ရင်း ဖြစ်ခဲ့ဖူးသူပါ ။

မင်းအသက် ၊ မင်းအရွယ် ၊ မင်းပညာ ၊ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ အနည်းဆုံး ငါးပါးသီလတော့ မြဲသင့်တာပေါ့ ။

“ ဒီဘဝမှာ ဒီခန္ဓာနဲ့ စံပြီး နောက်ဘဝမှာ နောက်ခန္ဓာနဲ့ ခံကြတော့မယ် ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ များ ငရဲကြီး ရှစ်ထပ်ကို အုံနဲ့ကျင်းနဲ့ ကြိုးစားနေကြတာလားကွယ် ။

အမေ  ရင်နာလိုက်ပါဘိတော့ ။ မင်းကတော့ ကာမဂုဏ် စည်းစိမ်တွေ ခံစားပြီး သားသမီးတွေကို ဟိုတစ်ယောက် သည်တစ်ယောက် စိတ်ရှိတိုင်း မွေးပြီး သူတစ်ပါး မျိုးဆက်တွေကိုတော့ -

မင်း သိပ်ရက်စက်ပါလား ။

လောကမှာ အမေ အကြောက်ဆုံးသူဟာ မင်း ဖြစ်သွားပြီ ။

အမေ မင်းကို မတွေ့ရဲတော့ဘူး ။

အလင်း ရှိရင် အမှောင်ရှိတယ် ။

အဖြစ် ရှိရင် အပျက်ရှိတယ် ။

မင်း တစ်နေ့နေ့တော့ လောကကျိန်စာ သင့်လိမ့်မယ် ။

မကောင်းတာကို မကောင်းမှန်း သိပါလျက်နဲ့ ရည်ရွယ်ချက်နဲ့ မိုက်နေကြတဲ့ သတ္တဝါတွေဟာ အဖြစ်မှာ သာယာသလောက် အပျက်ကျရင် သူမတူအောင် တုန်လှုပ်တတ်ကြတဲ့ သဘာဝ ရှိတယ် ။

ဒါကြောင့် မင်းကို အမေ သနားတယ် ။

အကယ်၍များ အမေ နေ့စဉ် ပို့သတဲ့ မေတ္တာတွေကြောင့် မင်းဘဝမှာ ပြီးပြည့်စုံတဲ့ ရှင်သန် ရပ်တည်ခွင့် ရနေတယ် ဆိုရင် -

ဒီကနေ့က စပြီး မင်းကို အမေ မေတ္တာ မပို့တော့ဘူး ။

မင်း ဘေးမသီ ရန်မခ သမျှ ... ။

▢  သန်းမြင့်အောင်
📖 ပန်းဝေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၁၉၉၃ ခုနှစ်

Friday, May 29, 2026

မွေးနေ့


❝ မွေးနေ့ ❞ 
▢  မောင်သင်းထုံ ( ကျောက်မဲ )

( ယခုစာမူသည် ၂၀၁၂ ခုနှစ်က ရေးခဲ့သော စာမူ ဖြစ်ပါသည် ။ ဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ ၊ ဆရာကြီးဒဂုန်တာရာ မွေ့နေ့တို့နှင့် ပတ်သက်သော အကြောင်းအရာ ၊ အချက်အလက်အချို့မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ရယ်စရာပရိသတ်အတွက် ဗဟုသုတရစေရန် ၊ အမှတ်တရဖြစ်စေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည် ။ - အယ်ဒီတာ )

တကယ်တော့ ကျွန်တော်နဲ့ ‘ မွေးနေ့ ’ ဆိုတာ အတော်ကို အလှမ်းဝေးလှပါတယ် ။ ကျွန်တော့်အထင် မွေးနေ့ဆိုတာ အသက်အရွယ် ငယ်သေးတဲ့ ကလေးပေါက်စနလေးတွေနဲ့ ထူးခြားထင်ရှားတဲ့ သက်ကြီးရွယ်အိုတွေသာ ပြုလုပ်တဲ့ ပွဲလို့ ထင်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ကိုယ်တိုင်က မွေးနေ့တွေကို သာမန်ပဲ ကျော်ဖြတ်လာခဲ့တာပဲ များပါတယ် ။

မြန်မာလို ကျွန်တော့်ရဲ့ မွေးနေ့က နယုန်လပြည့်ကျော် ၁၀ ရက်နေ့ပါ ။ ပြက္ခဒိန်မှာ ကြည့်လိုက်တော့ နယုန်လပြည့်ကျော် ၁ဝ ရက်နေ့က စနေနေ့လည်း မကျပါဘူး ။ အင်္ဂလိပ်လိုက ဇွန်လ ၂၆ ရက်နေ့ပါ ။ အဲဒါကလည်းအင်္ဂါနေ့ကြီး ကျပါတယ် ။ ကျွန်တော် မွေးကာစ ကျွန်တော့်ရဲ့ ထန်းရွက်ဇာတာ ထဲမှာ အဖေက နယုန်လပြည့်ကျော် ၁၀ ရက်ညဉ့် ၁၁ နာရီ ၊ အမည်သညာ ခေါ်စရာကား ‘ မောင်တင်မြင့် ’ ၊အသက် ၁၂၀ ရှည်စေသော် ဘာညာ ရေးထားပေမယ့် ကျွန်တော့် အထင် မြန်မာလတွေက ပြောင်းပြောင်းနေတော့ ဇွန်၂၆ ရက်နေ့ကိုပဲ ဒီနှစ်တော့ ယူလိုက်ပါမယ် စိတ်ကူးတယ် ။

“ ဟဲလို ... ကြည်ကြည်အေးလား ... အမေပြန်ရောက်ပြီလား .. ”

“ ပြန်ရောက်ပြီ ကိုကို သုံးရက်လောက်ရှိပြီ ... ပြန်လာတာ ”

“ အေးကွာ .. အမေ့ကို ပြောလိုက်ပါဦး .. ဒီလ ၂၆ ရက်နေ့က ငါ့မွေးနေ့လို့ အိမ်မှာ ဆွမ်း ၊ ရေချမ်း ကပ်ပေးပါဦးလို့ ... ”

“ ဟုတ် .. ဟုတ်ကဲ့ . . ကိုကို ပြောလိုက်ပါ့မယ် .. ”

ကျွန်တော့်ကို အမေက ရေစကြိုမြို့နယ် ၊ တောင်ဦးအရှေ့ရွာ အမေကြီး ဒေါ်အေးမေရဲ့ အိမ်နောက်ဘက် ထန်းလက်အဖီတဲလေးထဲမှာ မွေးခဲ့ပါတယ် ။ ကျွန်တော်က စနေသား ၊ သားဦးစနေပါ ။ သားဦးစနေ မီးလိုမွှေ .. ဘာညာ အရပ်ထဲမှာ လူတကာက ပြောကြတော့ အဖေအမေတို့က စိုးရိမ်ကြပုံ ရပါရဲ့ ။ ကျွန်တော့်အဖေက ဓါးထမ်းပြီး ကျွန်တော့် အပေါ်က ခုနစ်ခေါက် ကျော်ခဲ့လို့လား မသိပါဘူး ။ စနေသား ကျွန်တော်မ ‘ ထက် ’ ပါဘူး ။ ကျွန်တော် သိသလောက် ပြောရရင် မိဘတွေ အပေါ်လည်း ဒါလောက် ဆိုးဆိုးဝါးဝါးကြီး ဒုက္ခမပေးဖူးခဲ့ပါဘူး ။

ဒါပေမယ့် ကျွန်တော့်အဖေတို့ ဘက်က အိမ်မှာတော့ ကျွန်တော်က မြေးဦး ဖြစ်ခဲ့ ၊ အလိုလိုက်ခံခဲ့ရလို့ ကလေးပီပီ ဆိုးခဲ့ပါတယ် ။ ဆိုးတာမှ ရွာထဲက လူတွေက ..‘ ဟဲ့ .. ရွာထဲက တင်ဝင်း လို မဆိုးကြနဲ့နော် ’ လို့ ပြောယူရတဲ့ အထိပါပဲ ။ ကျွန်တော် ဆိုးဖြစ်တာက ကျွန်တော်ချစ်တဲ့ အဖိုး အဖွား အဖေ အမေ အပေါ်မှာပဲ ဆိုးခဲ့တာပါ ။ ဇာတာထဲက နာမည်က ‘ တင်မြင့် ’ ရယ်လို့ ပေးပေမယ့် တကယ် အရပ်ကြီးက ကလန် ကလားကြီးမို့ နောက်တော့ ‘ တင်ဝင်း ’ လို့ ပြောင်းလိုက်တာပါ ။ တကယ်တော့ အသားမည်းတဲ့ ကျွန်တော်နဲ့ ဒီနာမည်ကြီးက လိုက်ဖက်လှတယ်လို့တော့ မထင်ပါဘူး ။

ရွာကနေ အဖေတို့က ‘ မြို့ ’ ကို ပြောင်းတော့ မြို့မှာ အတန်းကျောင်း တက်ရပါတယ် ။ အဲဒီမှာ အပေါင်းအသင်း မှားပြီး ကျွန်တော် ဆိုးပုံက လွယ်အိတ်က ဟောင်းနေလို့ အသစ် လိုချင်ပြီဆိုရင် လွယ်အိတ်ကြိုးကို ဖြတ်ပြီး အဝယ်ခိုင်းပါတယ် ။ အတူတူပဲ ဖိနပ်အသစ် စီးချင်ရင် ဖိနပ်သဲကြိုးကို ဓါးနဲ့ တမင် ဖြတ် အဝယ်ခိုင်းတာပါ ။ ကျွန်တော် အဲဒီလို ဆိုးခဲ့ဖူးပါတယ် ။ ကျွန်တော် မြို့ရောက်ခါစက ကျွန်တော် လူရည်လည်အောင် ဆိုပြီး အမေက ‘ ရွှေဘ ’ ကား ရုပ်ရှင်ပြပါတယ် ။ နောက်တော့ ကျွန်တော် အလည်လွန်ပြီး ရုပ်ရှင်စွဲသွားခဲ့ရော ကျောင်းပြေး ၊ အိမ်က ပိုက်ဆံခိုး ရုပ်ရှင် ခဏခဏ သွားကြည့်တတ်ပါတယ် ။ ကျွန်တော် အဲဒါလောက် ဆိုးခဲ့သူပါ ။

တစ်ခါမှာတော့ ကျွန်တော်ဟာ ဝါးပိုးဝါး စုဗူးထဲက ပိုက်ဆံကို အဖေ မသိအောင် ဇာဂနာနဲ့ နှိုက် ခိုးယူခဲ့ဖူးပါတယ် ။ ပိုက်ဆံရလာတော့ ကျောင်းလမ်းမုန့် ဝယ်စားပါတယ် ။ ပိုက်ဆံတွေ ပိုနေသေးတော့ ရုပ်ရှင်ခိုးကြည့်ပါတယ် ။ ခိုးကြည့်တယ် ဆိုတာ အိမ်ကနေ မသိအောင် ကြည့်တာကို ပြောတာပါ ။ မှတ်မိတယ် အဲဒီတုန်းက တရုတ်ပြည်ရဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားပါ ။ မဟာအုတ်တံတိုင်း တည်ဆောက်ကြတဲ့ ပြည်သူတွေ သွေးသံရဲရဲ ၊ ပြီးတော့ အသံတွေကလည်း တဒိန်းဒိန်းတ ... ဒေါင်းဒေါင်းသ,တ်ကြဖြတ်ကြနဲ့ ဘယ်လိုမှကို ကျွန်တော် စိတ်ဝင်စားလို့ မရပါဘူး ။ ရုပ်ရှင်ထဲ အာရုံ မရောက်တဲ့အပြင် လူက အိမ်ပြန်ရောက်နေတော့ ဘယ်လိုမှကို မပျော်တာပါ ။ စိတ်ထဲမှာလဲ ငါ ... မှားပြီ ။ ပထမ ပိုက်ဆံ ခိုးမိတာ မှားတယ် ။ ဒုတိယ ကျောင်းပြေးတာ မှားတယ် ။ တကယ်ပဲ ငါက သားဦးစနေမို့ မိဘတွေကို ဒုက္ခပေးတဲ့ကောင် ဖြစ်နေပါရောလားလို့ တွေးမိတော့ ကျွန်တော် အရမ်း ဝမ်းနည်းမိပါတယ် ။

အဲဒီတုန်းက ကျွန်တော်တို့ ကျောင်းမုန့်ဖိုးရတာမှ ငါးပြား ဆယ်ပြား တစ်မတ်ပါ ။ အကြော် တစ်ခုမှ ငါးပြားပဲ ပေးရပါတယ် ။ ဆန်တစ်ပြည် အကောင်းစားမှ ပြားခြောက်ဆယ်ပါ ။ အဲဒီ ပြားခြောက်ဆယ် ဆိုတာ ဘယ်လောက်ရှိမှန်း ခုခေတ်ကလေးတွေ သိ ကြ တွက်တတ်ကြမှာ မဟုတ်ပါဘူး ။ ဒီတော့ ကျွန်တော် အဖေ့ရဲ့ဝါးစုဗူးထဲက ခိုးခဲ့တဲ့ ပိုက်ဆံ ‘ နှစ်ရာ ’ ဟာ ဘယ်လိုမှ သုံးမကုန်တာနဲ့ ကျန်တာတွေကို အိမ်ရောက်တော့ ကျွန်တော် အမေ့ကို ပြန်ပေးလိုက်ပါတယ် ။

‘ နင် .. မိုက်တယ် .. နင်မိုက်တယ်’ နဲ့ပဲ အမေကတော့ ပြောနေလေရဲ့ ။ အဲဒီနေ့က အဖေ့ရဲ့ မျက်ထောင့်နီကြီးနဲ့ အကြည့်ခံရတဲ့ ကျွန်တော်ဟာ ရိုက်တာထက် အဆပေါင်းများစွာ နာခဲ့တာမို့ နောက်ဆို .. အိမ်က ပိုက်ဆံ လုံးဝ မခိုးတော့ပါဘူး ။

နောက်တစ်ခု ကျွန်တော့်မှာ အကျင့်ဆိုး ရှိပါသေးတယ် ။ လိုချင်တာ မရရင် ထရံကို လက်သီးနဲ့ ထိုးတဲ့အကျင့် ၊ တိုင်ကို ခေါင်းနဲ့ ဆောင့်တဲ့ အကျင့်ပါ ။ စကားဝိုင်းမှာ စကားပြောနေရင်း ပြောနေရင်းက ကိုယ် ပြောနေတာ မှန်ပါရဲ့နဲ့ တစ်ဘက်က လက်မခံတဲ့ အခါဆိုရင် စားပွဲကို လက်သီးနဲ့ ထုပြီးမှ ပြောတတ်တာ အဲဒါ .. လုံးဝ မကောင်းပါဘူး ။ နောင် .. ကျွန်တော် အလုပ်ထဲ ရောက်တဲ့အထိ အဲဒီ အကျင့်ကြီးက ပါပါနေတော့ မနည်းကို ဖျောက်ယူရပါတယ် ။ ဒါ ... ကျွန်တော်ရဲ့ အားနည်းချက်ပါ ။ ကျွန်တော်က ငယ်ကတည်းက အစွဲအလန်း ကြီးသူပါ ။ ဥပမာ ... ကလေးဆိုတော့ ရုပ်ရှင်ပြမယ် ။ မုန့်ဝယ်ပေးမယ်ပေါ့ ။ ကလေး ဆိုတော့ ချော့ကြတာ နေမှာပါ ။ လူကြီးတွေက မေ့မေ့ပျောက်ပျောက် ပြီးလွယ်စီးလွယ် ပြောကြပေမယ့် ကျွန်တော်ကတော့ မမေ့ပါဘူး ။ ရုပ်ရှင်ပြမယ် ပြောပြီးမှ မပြရင် ... ကျွန်တော် စိတ်ဆိုးဒေါကန်ပြီ ။ ဒီတော့ ... ထရံတွေ ဘာတွေ လက်သီးနဲ့ထိုး ၊ ခြေထောက်နဲ့ကန် ဒီတော့ ကြားရတဲ့ ပတ်ဝန်းကျင်က ဒီကလေး ဆိုးလိုက်တာ ဖြစ်ရတော့တာပါပဲ ။ ကျွန်တော် နေရာတကာ မပူဆာပါဘူး ။ ပြောပြီး လုပ်မပေးရင်တော့ အဲဒါ .. မရဘူးထဲကပဲ ။ စိတ်မှတ်ကြီးသူပါ ။

ကျွန်တော်တို့ တုန်းကသာ မွေးနေ့ ဘာညာ မလုပ်ခဲ့ကြတာ ။ ခု .. ကျွန်တော့်ညီမ မိုးမိုးအေးရဲ့ သမီး ‘ မိဝါ ’ တဲ့ ။ ‘ ဝင်းဝါ ’ လို့လည်း ခေါ်ကြတယ် ။ အိမ်က လူတွေကတော့ စတဲ့ ပြောင်တဲ့ အနေနဲ့ ‘ ဝက်ဝါ ’ လို့ပဲ ခေါ်ကြတယ် ။ ဖြူဖြူသေးသေး နှာခေါင်းချွန်ချွန်လေးနဲ့ ဘာသွက်သလား မမေးနဲ့ ။ စကားကလည်း တတ်ပါ ။ အဖေ ... ရှိတုန်းကဆို အဲဒါ .. သူ့ ဘကြီးနား ချွဲကပ်စားနေတဲ့ ကောင်မလေးပေါ့ ။ အဲဒီ မိဝါက သူ့မွေးနေ့ပွဲ လုပ်ချင်လို့တဲ့ အိမ်က သူ့အမေ ပေးတဲ့ ကျောင်းမုန့်ဖိုး မသုံးဘဲ စုတယ် ။ ကျောင်းမှာက သူ့သူငယ်ချင်းတွေက မွေးနေ့လုပ်ကြတော့ ကလေး ဘာသိမှာလဲ ။ ကျွန်တော့်ညီမ ခမျာ မုဆိုးမ ဖြစ်နေတဲ့ ကြားက သူ့သမီးကို ချစ်တော့ တစ်နှစ် တစ်ခါ မွေးနေ့ပွဲ လုပ်ပေးရတာတဲ့ ။

အို ... ဘာပြောကောင်းမလဲ ၊ ကျွန်တော့်ညီမ အငယ်ဆုံး ကြည်ကြည်ရေး ရဲ့ သမီးတွေကျတော့ ရုပ်ကလည်း ချောကြ ၊ ကျောင်းမှာ စာကလည်းတော် ၊ ဆုတွေ ဘာတွေ ရတော့ ဒီသမီး သုံးယောက်ရဲ့မွေးနေ့ပွဲလည်း လုပ်ပေးရတာနဲ့ကို သူ့အမေမှာ မသက်သာပါဘူး ။ တော်ပါသေးရဲ့ ၊ သူ့အဖေ ပန်းရံဆရာက ဝင်ငွေကောင်းနေလို့သာပေါ့ ။ တခြား လက်လုပ်လက်စားတွေ အနေနဲ့ဆို မခက်ဘူးလား ။ သူတို့ မွေးနေ့ကလည်း အကျဉ်း လုပ်တာတောင်မှ ကြာဇံတစ်အိုး ဆနွင်းမကင်းတစ်ပွဲ နောက် မွေးနေ့ လုပ်မယ့် ကလေးကို မွေးနေ့မှာ ဝတ်ဖို့ ၊ စားဖို့ ၊ အလှပြင်တာ ဝယ်တာခြင်းတာနဲ့ သုံးလေးသောင်း ကုန်တာရယ် ။ အဲဒါကို မြင်ပြီး ကျွန်တော့်ညီမ ‘ မြင့်မြင့် ’ ရဲ့ သမီးနှစ်ယောက်ကလည်း အတုမြင်အတတ်သင် သူတို့ကလည်း မွေးနေ့ လုပ်ချင်ပါတယ် ပြောလာတော့ မြင့်မြင့် ခမျာ မနည်း ချော့ထားရပါတယ် ။ သူ တစ်ယောက်တည်း ခဲကပ်ခ ဝင်ငွေလေးနဲ့ ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ ။

မွေးနေ့မှာ စပယ်ရှယ် ကျွေး ၊ စပယ်ရှယ် စားရတာကတော့ ကုမ္ပဏီမှာ ကုမ္ပဏီပိုင်ရှင်ရဲ့မွေးနေ့ပွဲ ဒံပေါက် ကျွေးတာ စားရတာပါပဲ ။ ကုမ္ပဏီပိုင်ရှင်က ပညာပြည့်ဝပေမယ့် နှလုံးကတော့ လှတယ်လို့ ပြောမရပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ သူ့ကုမ္ပဏီမှာ စည်းကမ်းသာ သိပ်မတင်းကြပ်တာ ၊ လစာကျတော့ တခြား ကုမ္ပဏီထက် ပေးတာ နည်းပါတယ် ။ သာဓုခေါ်စရာ ကောင်းအောင် အခုလို မွေးနေ့ကျတော့ စပယ်ရှယ် ကျွေးပြပါလိမ့်မဗျာ ။ အများ မြင်သာအောင် တစ်နှစ်ထက် တစ်နှစ် သိန်းနှစ်ရာ သုံးရာ ကထိန်ခင်းပြီးတော့ မြို့ထဲလှည့် ၊ ဒါ .. ကုမ္ပဏီက ရတဲ့ အမြတ်တွေနဲ့ တာပါ ။ ဒုက္ခသည်ဆင်းရဲသားတွေကို စောင် ၊ ခြင်ထောင် လှူတာလည်း ဒီကုမ္ပဏီပိုင်ရှင်ကြီးပါပဲ ။ ဒါပေမယ့် သူ့ကုမ္ပဏီရဲ့ အစောင့်တွေ ၊ အလုပ်သမားတွေကျတော့ စောင် ၊ ခြင်ထောင် မရှိ ၊ မိုးမလုံ လေမလုံ တဲထဲ စောင့်နေကြရတာတော့ ကုမ္ပဏီပိုင်ရှင်ကြီးက မမြင်ပါဘူး ။

တခြား ကုမ္ပဏီတွေက ဒီလို လူ မြင်အောင် အလှူကြီး အတန်းကြီး မလုပ်ပေမယ့် ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကို ကုမ္ပဏီမှာ ရှိတဲ့ ဝန်ထမ်းတွေကို ပြန်ခွဲဝေပေးတာပါ ။ အပြင်ပန်း မလှပေမယ့် အနှစ်သာရ ရှိတဲ့ ဒူးရင်းသီး လိုပါပဲ ။ မွေးနေ့မှာ ဒံပေါက်ကျွေးတယ် ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်ကျတော့ ကျီးအာသီးလို လူ ၊ ကြက်ဟင်းခါးသီးလို တစ်ဘို့တည်း ကြည့်တာပါ ။ ဒီတော့လား ၊ သူ့ကုမ္ပဏီဝန်ထမ်းတွေက ဒံပေါက် စားရတုန်းတော့ ဥက္ကဋ္ဌကြီး ကျန်းမာချမ်းသာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းနေကြလေမယ် ။ ဟော ... နောက်နေ့က စလို့ ၃၆၄ ရက်ကတော့ ကျိန်ဆဲနေကြတော့တာပါပဲ ။ သူ မသိလို့ပါ ။

တစ်နှစ်လုံးမှာမှ ကျွန်တော် သွားဖြစ်ခဲ့တဲ့ မွေးနေ့က တစ်ခု ၊ နှစ်ခု ၊ ဒါလောက်ပါပဲ ။ မိတ်ဆွေထဲက ကဗျာဆရာ ညိုဦးလွင်ရဲ့ မြေးကလေး နှစ်ယောက် မွေးနေ့ပွဲပါ ။ ဒီပွဲကတော့ ကျွန်တော် မသွားမဖြစ် ၊ မတက်မဖြစ် သွားရမယ့် ပွဲပါ ။ ကျွန်တော့်မှာ မိတ်ဆွေ သူငယ်ချင်း ဆိုလို့ နည်းနည်းပဲ ရှိတဲ့ အထဲက ညိုဦးလွင် လည်း တစ်ယောက် အပါအဝင်ပါ ။ သူ့အိမ်ကို နှစ်ရက်ခြား သုံးရက်ခြား ဆိုသလို တစ်ခေါက်လောက် ရောက်ဖြစ်ပါတယ် ။ စာပေစကား ပြောရင်း သူရော ကိုယ်ရော ရေးထားတဲ့ စာမူကြမ်းတွေ အပြန်အလှန် ဖတ်ကြဝေဖန်ကြဖို့ပါ ။ ကိုညိုဦးလွင်မှာက ခု မြေးက နှစ်ယောက်တောင်မှ ရှိနေပါပြီ ။ အရင်ကတော့ မြေးနှစ်ယောက်ကို မွေးနေ့ နှစ်ခါ လုပ်တော့ ကျွန်တော် နှစ်ခါ သွားခဲ့ရပါတယ် ။ ဒီနောက်ပိုင်းတော့ တော်ပါသေးရဲ့ ။ နှစ်ယောက် ပေါင်းပြီး မွေးနေ့ကို တစ်ကြိမ်ပဲ လုပ်တာပါ ။

မှတ်မိသေးတယ် ။ ကိုညိုဦးလွင်ရဲ့ မြေးအကြီးမွေးနေ့က နိုဝင်ဘာလ ထဲ ကျသလား မသိပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ မန္တလေးမြို့က သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့မွေးနေ့ပွဲကို ဒီလူ တစ်နှစ်က မလိုက်ဖြစ်ပါဘူး ။ သူနဲ့ ကျွန်တော် ဒေါ်အမာရဲ့ မွေးနေ့ပွဲကို အတူ တွဲပြီး တစ်နှစ်မပျက် သွားနေကြပါ ။ ဒီနှစ်တော့ ကိုသင်းထုံရေ .. ကျုပ်တော့ မလိုက်နိုင်တော့ဘူးဗျာ .. မြေးမွေးနေ့နဲ့ တိုက်နေလို့ ဆိုပြီး ဒီလူ မလိုက်ပါဘူး ။ အဲဒီတုန်းက ကျွန်တော့်မှာ မြေးရယ်လို့ မရှိသေးပါဘူး ။ ကျွန်တော်သာ ကိုညိုဦးလွင် နေရာမှာဆို မြေးမွေးနေ့နှင့် ဟိုက လူထုဒေါ်အမာရဲ့ မွေးနေ့ ဘယ်ဟာကို ဦးစားပေးမလဲ ။ ကိုညိုဦးလွင် ကတော့ ပြတ်ပါတယ် ။ သူ့မြေးရဲ့မွေးနေ့မှာ ဧည့်ခံရင်း ကျန်ခဲ့လို့ အဲဒီနှစ်က ကျွန်တော် တစ်ယောက်တည်း မန္တလေး မွေးနေ့ပွဲ သွားခဲ့ရဖူးပါတယ် ။

အမေလူထုဒေါ်အမာရဲ့မွေးနေ့က နိုဝင်ဘာလ ၂၉ ရက်နေ့ပါ ။ ကျွန်တော် နယ်စပ်မှာ တာဝန်ကျတုန်းက ဆိုရင် အမေ့မွေးနေ့ပွဲ တက်နိုင်ဖို့ ၂၆ ရက် နေ့လောက်က အိမ်က စထွက်ရပါတယ် ။ ကျွန်တော် ဝင်ငွေကောင်းတုန်း ကတော့ ကိုယ့်စရိတ်နဲ့ ကိုယ် လာပေမယ့် နောက်ပိုင်း စားရိတ်က ငါးသောင်းလောက်ကုန်လာတော့ ကျွန်တော့်သမီးကြီး ‘ သူဇာသင်းထုံ ’ က တာဝန်ယူပေးပါတယ် ။ တစ်နှစ်ကများ ဒီနှစ်တော့ ငါ့အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ တက်နိုင်မှာ မဟုတ်တော့ပါဘူးလေ ... လို့ စိတ်နှလုံး ဒုန်းဒုန်းချနေကာမှ သမီးကြီးက “ ဟာ ... အဖေ လူထုဒေါ်အမာ မွေးနေ့ပွဲသွားလေ .. လုပ် .. စာရိတ် မရှိရင် သမီး ထုတ်ပေးမှာပေါ့ ” ဆိုတာနဲ့ သွားဖြစ်တာပါ ။ အဲဒီအကြောင်း ကျွန်တော် ‘ သမီးကြီးဂုကော ’ ဆိုပြီး စာတစ်ပုဒ်တောင် ရေးခဲ့ပါသေးတယ် ။ မပါလို့ သာပါ ။

သိကြတဲ့ အတိုင်းပါပဲ ။ အမေ လူထုဒေါ်အမာ ဆိုတာက တက္ကသိုလ် သပိတ်ကျောင်းသူ ၊ အမျိုးသမီး သတင်းစာဆရာ စာရေးဆရာမကြီး ၊ နောက်ပြီးတော့ တစ်နိုင်ငံလုံးက မြေးတွေကို သူ့မြေးတွေလို့ သဘောထား ၊ အမေ့ရှေးစကားတွေနဲ့ ဆုံးမနေတဲ့ အဖွား ၊ ပြည်သူ့အဖွား မဟုတ်လား ။ ဒီလို ဆရာမကြီးမျိုးနဲ့ မြင်တွေ့ခွင့် ရတာကိုက တကယ့် ဒုလ္လဘတရားပါ ။ ကျွန်တော် စောစံဖိုးသင်ရဲ့အထ္ထုပ္ပတ္တိဖတ်ဖူးတယ် ။ မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ မြင်ဖူးတွေ့ဖူး သူတို့အိမ်တွေ အလည်အပတ် ရောက်ဖူးခဲ့တာ တကယ်တော့ ဂုဏ်ယူစရာပါ ။ မှတ်မိပါသေးတယ် ။ သီပေါမြို့မှာ အလုပ်တာဝန်ကျတုန်းက စိုင်းသာလှိုင် ( လိမ္မော်မြေ ) နှင့် ပတ်သက်ပြီးမှ အငြိမ်းစားသံအမတ်ကြီး ဦးကျော်ဇော အိမ် ရောက်ခဲ့ဖူးပါတယ် ။ ဦးကျော်ဇော ဆိုတာက လူက ဖြူဖြူ ပုပု ၊ ပိန်ပါးပါးလေးပါ ။ အဲဒီတုန်းက သီပေါမြို့ရဲ့ ရာသီဥတုက ပူပါတယ် ။ ဒါပေမယ့် ဦးကျော်ဇောက နွေမိုးဆောင်း မပျက် မနက်တိုင်း လမ်းထလျှောက်ပါတယ် ။ လမ်းလျှောက်တိုင်းလည်း ဦးကျော်ဇောရဲ့ ခါးမှာက ကြိုးတွေ ၊ မတ်ခွက်တွေ ၊ မှန်ပြောင်းတွေ ၊ တူတွေ ၊ ကျောပိုးအိတ်တွေ တိုးလိုတွဲလောင်း ပါတတ်ပါတယ် ။ မြို့က လူတွေ ကလည်း ဦးကျော်ဇော လမ်းလျှောက်လာတာ တွေ့ရင် အံ့ဩပြီး တမင်ကို ရပ်ကြည့်နေတတ်ကြတာပါ ။ နောက်ပြီးမှ လိုရာ သွားကြပါတယ် ။ ဦးကျော်ဇော ဆိုတာက စော်ဘွားတွေ အုပ်ချုပ်တဲ့ စနစ်ကို မကျေနပ်လို့ လယ်သမားတွေ ကိုယ်စား ၊ ကျွဲခေါင်း ၊ နွားခေါင်းအဖွဲ့တွေနဲ့ တော်လှန်ခဲ့သူပါ ။

ကျွန်တော်နဲ့ စိုင်းသာလှိုင်တို့ ဦးကျော်ဇောအိမ် ရောက်ရင် တစ်ခါတလေ သူ့မိတ်ဆွေ ‘ ဦးစောယစ်ဖ ’ ဆိုတဲ့ပုဂ္ဂိုလ်ကြီးလည်း တွေ့ရတတ်ပါတယ် ။ ဆရာကြီး ပုံစံက ဖြူဖြူဝဝကြီးနဲ့ ခေါင်းက တစ်ဖက်ကို စောင်းနေပါတယ် ။ စကားပြောတော့လည်း ခေါင်းစောင်းရက်ကြီးကာပဲ ပြောပါတယ် ။ ဦးကျော်ဇော နဲ့က သူငယ်ချင်းတွေ ဆိုတော့ မကြာခဏခဏ ပြောဖြစ်ကြတယ်လို့ သိရပါတယ် ။ ဦးစောယစ်ဖ အိမ်ကလည်း တောင်မြို့ရပ်ထဲမှာပဲ ရှိတာ ။ မဝေးပါဘူး ။ သူတို့နှစ်ယောက် တိုင်းရေးပြည်ရေးတွေ ပြောဆိုနေကြတာ ကျွန်တော် မြင်ဖူး ကြားဖူးပါတယ် ။ ဦးစောယစ်ဖ ဆိုတာက တခြားလူ ဟုတ်ပါရိုးလား ။ ပြည်နယ်ပြည်ပ ပူးပေါင်းပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပင်လုံစာချုပ်ကြီးကို တိုင်းရင်းသားပေါင်းစုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ စာချုပ်ချုပ်ကြတဲ့အခါ ရှမ်းပြည်နယ် လူထုကိုယ်စား လက်မှတ်ရေးထိုးခဲ့တဲ့ ပုဂ္ဂိုလ်ပါ ။ အဲဒီတုန်းက နိုင်ငံတော်က ထောက်ပံ့ကြေး ရနေသူပါ ။ ကျွန်တော် ဆိုလိုတာက အဲဒီလို ထူးခြား လေးနက်တဲ့ ပုဂ္ဂိုလ်တွေဟာ မွေးနေ့ပွဲတွေ ကျင်းပသင့်ပါတယ် ။

လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ သွားနိုင်အောင် ကျွန်တော်က ညိုဦးလွင်နဲ့ ချိန်းထားပါတယ် ။ နိုဝင်ဘာ၂ရ ရက်နေ့ သူ့ဆီကို ရောက် ၊ မွေးနေ့က ၂၉ ရက်နေ့မှ ဆိုပေမယ့် ကျွန်တော်တို့က ၂၈ ရက်နေ့ မနက် အရောက်သွားပါတယ် ။ အဲဒီတုန်းက ဒေါ်အမာရဲ့ မွေးနေ့က ဦးပိန်တံတားထိပ် ကိုပညာ ( အမရပူရ ) ရဲ့ ကျောင်းမှာ ကျင်းပတာပါ ။ ကျွန်တော်တို့လိုပဲ မွေးနေ့ပွဲကို အနယ်နယ် အရပ်ရပ်က စာပေသမားတွေ လာကြ ။ ၂၈ ရက်ည တောင်သမန်မှာ ဆုံ စားကြသောက်ကြ ၊ စာပေစကားတွေ ပြောကြတာပါ ။ အဲဒီ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး ။ ရန်ကုန် ၊ မန္တလေး ၊ ပျဉ်းမနား ၊ မုံရွာ ၊ ပြည် ၊ မကွေး ၊ ချောက် စာပေသမား ကဗျာဆရာတွေ အတော့်ကို စုံကြပါတယ် ။ မနက် ၂၉ ရက် ဆရာမကြီးရဲ့ တကယ့် မွေးနေ့ပွဲလည်း ရောက်ရော လူတွေဆိုတာ ယမကာအရှိန် ၊ အိပ်ရေးပျက်တဲ့ အရှိန်နဲ့ လူတွေက မလန်းကြတော့ပါဘူး ။ တချို့များဆို မွေးနေ့ပွဲသာ လာကြတာ အမေ့ရဲ့ ဘယ်နှနှစ်မြောက် မွေးနေ့လဲ အမေက ဘာတွေ ဆုံးမစကား ပြောတာလဲ ၊ ဘာစာရွက်တွေ ဝေသလဲ ၊ အမေ့မွေးနေ့ပွဲ ဘယ်သူတွေ လာကြသလဲ ဆိုတာတောင် ကိုယ်မြို့ ရောက်တော့ ပြန်မပြောနိုင်ကြပါဘူး ။ ဒါက .. ဟိုတုန်းက လွမ်းစရာ့ အမေ့မွေးနေ့ပွဲပါ ။

အခု ... ဒီဘက်ပိုင်း ရောက်တော့ အမေ့မွေးနေ့ပွဲကို စစ်ကိုင်း တောင်မှာ ကျင်းပတယ် ။ မန်းလေး ရောက်တာနဲ့ မရောက်သေးဘူး ။ စစ်ကိုင်းကား စီးရပြန်တယ် ။ စစ်ကိုင်း ရောက်တော့ သုံးဘီး တစ်ခါ စီးမှ ရောက်တာပါ ။ ကျွန်တော်လည်း ညိုဦးလွင်နဲ့ တစ်မြို့တည်း ရောက်နေတာ ကျွန်တော်တို့ နှစ်ယောက် အရင်ကလို မကဲကြတော့ပါဘူး ။ အမေ့ မွေးနေ့က ၂၉ရက် ၉ နာရီမှ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် မနက်စောစောထ ၊ ပထမက ထွက်တဲ့ လိုင်းကားနဲ့ လိုက်ကြတယ် ။ ဟိုရောက်တော့ မွေးနေ့ပွဲက ထက်ဝက်ကျိုးနေပေါ့ ။ မတတ်နိုင်ဘူး ၊ နှစ်ယောက်သား မွေးနေ့ပွဲကို မီသလောက် တက် ၊အမေ ကျွေးတဲ့ ထမင်းစား ၊ အမေ့ မွေးနေ့မှာ ဝေတဲ့ စာတွေ ကဗျာတွေတော့ ရအောင် ယူကြတယ် ။ ကိုယ့်ဖို့တင် မကပါဘူး ။ ငွေရေးကြေးရေးအရ ဖြစ်ဖြစ် ၊ ကျန်းမာရေးအရ ဖြစ်ဖြစ် မလိုက်နိုင်တဲ့ ကိုယ့်မြို့နယ်က စာပေသမားတွေ ပြန်ဝေငှရင်း မုဒိတာပွား ရအောင်လို့ပါ ။

“ ဟောဒီ ကိုသင်းထုံပေါ့ .. ဘယ်အရပ် ဘယ်ဒေသ ရောက်နေပ လေ့စေ ၊ နိုဝင်ဘာ ၂၉ အမေ့မွေးနေ့ ရောက်တာနဲ့ ရောက်တဲ့ အရပ်က မဖြစ်မနေ လာတတ်တဲ့သူ တစ်နှစ်မှကို မပျက်သေးတာရယ် ”

မန်းလေးက ကဗျာဆရာ မောင်သင်းပန် ကတော့ အဲဒီလို ပြောတတ်သူပါ ။ မွေးနေ့ပွဲ ပြီး ညနေ ၃ နာရီလောက် နောက်ဆုံး ထားပြီး ကျွန်တော်တို့ နှစ်ယောက် ပြန်ကြရတယ် ။ ဒါမှ ကိုယ့်မြို့ကို ၅ နာရီခွဲ ၊ ၆ နာရီ မနှောင်းခင် ရောက်မှာကိုး ။ အိမ်က လူတွေက ငြိုငြင်ခံရမှာကလည်း စိုးရသေးတယ် မဟုတ်လား ။

ဆရာကိုလေး ( အင်းဝဂုဏ်ရည် ) ရဲ့ ရ၅ နှစ်မြောက် မွေးနေ့ပွဲ ကျွန်တော်တို့ မသွားလိုက်ကြရဘူး ။ ပလိပ် မှာ နေတဲ့ ဆရာတင်ညွန့်မြိုင် ( သာစည် ) လည်း မွေးနေ့ပွဲ လုပ်တယ်သာ ကြားရတာ ကျွန်တော် မသွားဖြစ်ပါဘူး ။ မုံရွာမှာ နေတဲ့ ကဗျာဆရာကြီး အံ့မောင် မွေးနေ့ပွဲ မုံရွာမှာ လုပ်တာ ဘယ်လောက်များ စည်လိုက်မလဲ ။ ဆရာမောင်သင်းခိုင်ရဲ့ မွေးနေ့ ကျတော့ ကမ္ဘာ့ကဗျာနေ့ မတ်လ ၂၁ ရက်နေ့မှာ နှစ်စဉ်ကျင်းပ ၊ ကဗျာဆုတွေ ပေး ၊ နောက်တော့ တက်ရောက်လာတဲ့ လူတွေက ကဗျာတွေ ရွတ်ကြ ။ သွားချင်လိုက်တာ ။ ‘ တစ် ယောက်တစ်ပေါက် ’ ကဗျာတဲ့ ... ။

“ ငါးကို သံဆန်ကာနဲ့ မွေးထားတယ် ”

“ တိရစ္ဆာန်ရုံနဲ့ ဝေးသလား ”

“ လွမ်းစရာတွေ အသံကျယ်လွန်းတယ် ”

“ ကြက်ဥဟာ ကြက်ဥပါပဲ ”

“ စိတ်ကို ကျင်းထဲလှိမ့်ချလိုက်တယ် ”

“ ထိုက်ထိုက်တန်တန် လိုချင်တဲ့တွင်းထဲ ”

“ အားလုံးကောင်း ”

“ နောက်တစ်ကြောင်းကို အသိမ်းလုပ်လိုက် ” တဲ့ ။

ဗိုလ်ကြီးမွေးနေ့ကို တစ်နှစ်နှစ်တော့ အရောက်ကို သွားရပါဦးမယ် ။

ငြိမ်းချမ်းရေးဖခင် ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့က မေလ ၁၀ ရက်နေ့ ဆိုပေမယ့် နီးစပ်ရာ တနင်္ဂနွေနေ့မှာ ကျင်းပတာတဲ့ ။ ဒီနှစ် ‘ နေဦးဝေ ’ တို့ မောင်နှံ ရောက်အောင်သွားခဲ့ကြတယ် ။ အောင်ပန်း မှာတဲ့ ။ ညိုဦးလွင်က နောက်တစ်နှစ် သွားကြရအောင်တဲ့ ။ ဒီနေ့ ကဗျာဆရာတွေ ဦးညွှတ်ရတဲ့ ဆရာကြီးကို ဆရာကြီး အသက် ၆ဝ အရွယ်လောက်က ကျောက်မဲ အ ထ က ( ၁ ) မှာ တစ်ကြိမ် တွေ့ခဲ့ရဖူးပါတယ် ။ အဲဒီတုန်းက မြန်မာစာဆရာ ဦးမင်းဝေ စီစဉ်ပေးတာ ထင်တာပဲ ။ မောင်စွမ်းရည် ၊ တင်မိုး ၊ မောင်သာနိုး ၊ ဆရာကြီး ဒဂုန်တာရာ ။ အင်ဒိုနီးရှားအင်္ကျီ လက်တို ၊ ဘန်ကောက်လုံချည် ဝတ်လို့ ။ အခုသာ ဆရာကြီးကို ပြန်တွေ့ခွင့် ရခဲ့ရင် ရင်ထဲ ဘယ်လို ရှိမလဲ ။ ဆရာ့မွေးနေ့ပွဲ သွားချင်လိုက်တာ ။

အိမ်မှာက ၁၄/၅ က သမီးငယ် စန္ဒာသင်းထုံ မွေးနေ့ ။ ၂၁/၅ က သမီးကြီး သူဇာသင်းထုံ မွေးနေ့ ။ ၁၉/၉ က သားကျော်စွာမွေးနေ့ ။ ကျွန်တော်က ၂၆/၆ ။ သူတို့ အမေက အင်္ဂါဟူး မွေးတာမို့ မွေးလမွေးရက် မသိသူပါ ။ အဲဒီအထဲ သမီးငယ်က မွေးနေ့ပွဲ လုပ်ဖို့ အကဲဆုံး ။ ကိတ်တွေ ဘာတွေမှာ အပေါ် မှာ စာလုံးတွေ ရေး ၊ သူ့မွေးနေ့ပွဲကို ဘန်ကောက်က သူငယ်ချင်းမိတ်ဆွေ တစ်ယောက်တောင် မဖြစ်မနေ လာရတာ ။ ၂၁ ရက်မွေး သမီးကြီးက တရားသမား ။ သူ့မွေးနေ့ကိတ်ကို သူ့မောင် ကျော်စွာက တိတ်တဆိတ် မသိအောင် မှာပေးရပါတယ် ။ ၁၉/၉ လမွေး ကျော်စွာကတော့ ဘီယာချောင်းစီး မွေးနေ့ပွဲကြီး ဝှဲချီးကျင်းပသူပါ ။ သူ့အမေဘက် အမျိုးတွေက ဘာသာရေးအရ အရက် လုံးဝ မသောက်ကြတော့ကျွန်တော့်ဘက် တူတာ နေမှာလို့ စွပ်စွဲတာ ခံနေရပါတယ် ။

၂၆/၆ ကျွန်တော့်မွေးနေ့ပွဲ မရောက်ခင်ကတော့ လှုပ်လှုပ်ရှားရှားနဲ့ ရင်ခုန်စရာပါ ။ စာမူခ မရတော့ ဘီယာ မပါ ၊ ဟန်းနီးက ခေါက်ဆွဲကြော်နဲ့ စီပီကြက်ကင်တစ်တုံး ငါးရာတန် ဝယ်ဦးမလို့ပါ ။ သမီးကြီးက အပြင် မထွက်ချင်တာနဲ့ နောက်ဆုံး အိမ်လုပ် အာလူးကြော် ၊ အိမ်လုပ်ဝိုင်နဲ့ တိတ်တိတ်ကလေး ကျင်းပတော့ ကိတ်မုန့် မလှီးရ ၊ ဟက်ပီးဘတ်ဒေး မဆိုရ ၊ ပျင်း ခြောက်ခြောက်ကြီးပါ ။ သမီးငယ် စန္ဒာသင်းထုံ ဘန်ကောက် ရောက်နေလို့ပေါ့ ။ နို့ဖြင့် ကျွန်တော့်မွေးနေ့ ဒီထက် စည်မှာပါ ။ ခုတော့ .. ခုတော့ ... ။

▢  မောင်သင်းထုံ ( ကျောက်မဲ )
📖 ရယ်စရာ မဂ္ဂဇင်း
      ဇန်နဝါရီ  ၊ ၂၀၁၅